အခန်း (၁၉၃-၁၉၄)
Vol. 13 Ch. 193-194
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-193
အခန်း ၁၉၃ ။ သိရဲ့လား
"အရှင်မင်းကြီး ခွင့်လွှတ်တော်မူပါ။ ညန်ကောင်းက အရှင်မင်းကြီးနဲ့ မတွေ့ရတာ ကြာလို့ ဝမ်းသာပြီး ခုလို ဖြစ်သွားတာပါ။ ပုံမှန်ဆိုရင်လည်း ကျွန်မတို့ ကျယ်ယွီကို ဒီလိုပဲ ခုန်အုပ်နေကျပါ"
ဟွေယွဲ့သည် အခန်းထဲမှ ထွက်လာပြီး ဒူးထောက်ကာ ခွင့်လွှတ်ရန် တောင်းပန်လိုက်သည်။ သူမ တော်တော်လေး လန့်သွားခဲ့၏။
ညန်ကောင်း၏ ယခုခန္ဓာကိုယ်အရွယ်အစားဖြင့် အရှိန်ပြင်းပြင်း ပြေးလာပြီး တိုက်မိ၍ အရှင်မင်းကြီး လဲကျသွားလျှင် မည်သို့လုပ်မည်နည်း။ လဲမကျလျှင်ပင် နဂါးဝတ်ရုံတော် ပျက်စီးသွားပါက အပြစ်ကြီးပေသည်။
"ရပါတယ်။ ဒီခွေးက တော်တော်လေး ထွားတာပဲ"
နင်ချန်သည် ဂရုမစိုက်သလို လက်ကာပြလိုက်ပြီး ခါးကိုင်းကာ ညန်ကောင်းကို ပွေ့ချီလိုက်လေသည်။
"ကျွတ်... ဘာတွေကျွေးထားလို့ ဒီလောက်လေးရတာလဲ"
ယွမ်ကျိုသည် ထိုအချိန်ကျမှ သတိပြန်
ဝင်လာပြီးအင်္ကျီလက်ဖြင့် နဖူးမှချွေးကို သုတ်ကာ ပြုံးဖြဲဖြဲလုပ်လိုက်သည်။
"မင်ကျယ်ယွီက ဂရုတစိုက် မွေးထားတာလေ။ ဒီအမွှေးအမျှင်တွေကို ကြည့်ပါဦး၊ ပြောင်လက်နေတာပဲ။ ကျွန်တော်မျိုး ကြည့်ရတာ ဒီခြံထဲက ပန်းတွေလည်း ဖြစ်ထွန်းတယ်။ မင်ကျယ်ယွီက ဘုန်းကံကြီးမားပြီး စောင့်ရှောက်နိုင်လို့ နေမှာပါ"
နင်ချန်သည် ညန်ကောင်းကို အောက်ချပေးလိုက်ပြီး ယွမ်ကျို၏ ခေါင်းကို လှမ်းခေါက်လိုက်သည်။
"မင်းကတော့လေ လေကိုမွှေးနေတာပဲ"
ယွမ်ကျိုက ဟီးခနဲ ရယ်လိုက်ပြီး စကားထပ်မပြောတော့ပေ။
ယဲ့ယွင် မရှိသေးသဖြင့် နင်ချန် အရင်ဝင်ထိုင်နေလိုက်သည်။
နန်ကျစ်က လက်ဖက်ရည်နှင့် မုန့်များ လာချပေးပြီး အပြင်ဘက်သို့ ပြန်ထွက်သွား၏။
နင်ချန် ဟိုဟိုဒီဒီ ကြည့်ရှုလိုက်ရာ အခန်းတွင်း အပြင်အဆင်များ အသစ်လဲထားသည်ကို တွေ့ရသည်။ နန်းတွင်းလက်ရာ မဟုတ်သော ပစ္စည်းအချို့ရှိပြီး ယဲ့ယွင် အိမ်က သယ်လာခြင်း ဖြစ်ဟန်တူသည်။ တော်တော်လေးတော့ ထူးခြားလှပပေသည်။
လက်ဖက်ရည် နှစ်ငုံလောက် သောက်ပြီးနောက် သူသည် မတ်တတ်ရပ်ကာ လမ်းလျှောက်ကြည့်ရာ ယဲ့ယွင်၏ စာရေးစားပွဲပေါ်တွင် ရွှံ့ရုပ်အချို့ကို တွေ့လိုက်ရသဖြင့် စပ်စုချင်စိတ်ဖြင့် လျှောက်သွားလိုက်သည်။
ထိုစားပွဲပေါ်တွင် သစ်သားပြားအသေးလေးတစ်ခု ရှိပြီး ၎င်းအပေါ်တွင် နေလှန်းထားသော ပစ္စည်းအချို့ တင်ထားသည်။ ဓားအတိုတစ်လက်၊ ဓားအရှည်တစ်လက်၊ ဒိုင်းအဝိုင်းလေးတစ်ခုနှင့် လေးမြှားတစ်စုံတို့ ဖြစ်သည်။
နင်ချန်သည် ဒိုင်းအဝိုင်းလေးကို ယူကြည့်လိုက်ရာ ပန်းကနုတ်များ ပါဝင်ပြီး အနည်းငယ် ကြမ်းတမ်းသော်လည်း ကြည့်ကောင်းနေသည်ကို တွေ့ရသည်။
၎င်းကို ပြန်ချပြီး ဓားရှည်ကို ကောက်ကိုင်လိုက်ပြန်သည်။
ထိုအချိန်မှာပင် အပြင်ဘက်မှ ခြေသံကြားလိုက်ရသဖြင့် စိတ်အာရုံလွင့်ပါးသွားကာ လက်ထဲမှ ဓားကို ချိုးမိသွားလေတော့သည်။
ထို့ကြောင့် ယဲ့ယွင် ဝင်လာချိန်တွင် တစ်စုံတစ်ယောက်က စားပွဲပေါ်မှ ပစ္စည်းများကို ဘေးသို့ ကမန်းကတန်း ထိုးရွှေ့နေသည်ကို မြင်လိုက်ရလေသည်။
"ဒီချန်းချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
ယဲ့ယွင်သည် ဒူးညွှတ်အရိုအသေပေးလိုက်ရင်း သူ့ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။
နင်ချန်သည် နေရထိုင်ရခက်စွာဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်ပြီး "အဟမ်း... ထပါ။ ဘာလို့ အခုမှ ပြန်လာတာလဲ" ဟု မေးလိုက်သည်။
"ဒီနေ့က နဂါးလှေပွဲတော်ဆိုတော့ မိဖုရားခေါင်ကြီးက စကားပြောတာ နည်းနည်းကြာသွားတယ်။ ပြီးတော့နန်းဆောင်အသီးသီးအတွက် အဝတ်အစားသစ်တွေနဲ့ လက်ဝတ်ရတနာတွေ ဝေပေးနေလို့ပါ"
ယဲ့ယွင်က ပြုံးပြရင်း သူ့ထံ လျှောက်လာခဲ့သည်။
နင်ချန်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားပြီး သူမလက်ကို ဆွဲယူကာ စားပွဲတွင် အတူထိုင်လိုက်သည်။
"ဒီနေ့ ပွဲတော်ရက်ဆိုတာ ကျန်းတောင် မေ့နေတာ။ မြို့ပြင်မှာတော့ စည်ကားနေလောက်ပြီ။ နှစ်တိုင်း နဂါးလှေပြိုင်ပွဲ ရှိတာကိုး"
"ဟုတ်တယ်၊ ဒီချန်းချဲ့ နန်းတော်ထဲ မရောက်ခင်တုန်းကဆို နှစ်တိုင်း သွားကြည့်နေကျ"
ထိုအချိန်က အကြောင်းများကို တွေးမိရင်း ယဲ့ယွင်၏ မျက်လုံးများ အရောင်တောက်လာသည်။
ကြည့်ရသည်မှာ နန်းတော်ပြင်ပသို့ ထွက်ချင်နေပုံရသည်။
နင်ချန်သည် လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ပြုံးလိုက်သည်။
"အခုတော့ ထွက်လို့မရတော့ဘူးလေ။ ဒါပေမဲ့ နန်းတော်ထဲမှာ နေရတာ ငြီးငွေ့နေရင် လင်ရှီးဥယျာဉ်တော်ဘက်ကို သွားနေလို့ရတယ်။ မနှစ်က မသွားဖြစ်ဘူး၊ ဒီနှစ်တော့ သွားကြတာပေါ့"
ဥယျာဉ်တော်သည် နန်းတော်ထက် ပိုလွတ်လပ်ပြီး ရှုခင်းကလည်း ပိုလှပေသည်။
နန်းတော်ထဲတွင်ကဲ့သို့ နေရာတိုင်းတွင် လေးထောင့်စပ်စပ် နီရဲနေသော နံရံများနှင့် စိမ်းနေသော အမိုးကြွပ်များကို မြင်ရမည် မဟုတ်ပေ။
"မင်းအစ်ကို ပြန်လာမယ့်ကိစ္စ လွှာကြားချက်ကို ကျန်း ခွင့်ပြုလိုက်ပြီ။ ဒီလကုန်လောက်ဆို အမိန့်စာ ရောက်သွားလောက်မယ်။ ဇွန်လလောက် မင်္ဂလာဆောင်ဖြစ်မလား"
ထိုအကြောင်းကို သတိရ၍ နင်ချန် မေးလိုက်ခြင်းဖြစ်သည်။
ယဲ့ယွင်က ခေါင်းညိတ်လိုက်သည်။
"အစ်ကိုက နယ်စပ်မှာ လူလွတ်လို့မရဘူးတဲ့။ ဒါကြောင့် မြန်မြန်ကိစ္စဖြတ်ပြီး ပြန်ချင်နေတာ။ အမေက လင်ကျိုးကို သွားကတည်းက အဒေါ်ကို အကုန်စီစဉ်ခိုင်းထားခဲ့ပြီးပြီ။ အစ်ကိုပြန်ရောက်တာနဲ့ တန်းမင်္ဂလာဆောင်လို့ ရတယ်"
ဤစကားများသည် ဧကရာဇ်ကြားစေရန် ရည်ရွယ်ပြောဆိုခြင်းဖြစ်သည်။ ယဲ့ကျယ်၏ စိတ်ထဲတွင် တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာစောင့်သိမှုသာ ရှိကြောင်း သိစေလို၍ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မြို့တော်သို့ ပြန်လာပြီး မင်္ဂလာဆောင်သည့် ခရီးစဉ်သည် အသွားအပြန် နှစ်လကျော် ကြာမြင့်မည်ဖြစ်ရာ ခေတ်သစ်စကားနှင့် ပြောရလျှင် မင်္ဂလာခွင့် နှစ်လယူခြင်းနှင့် တူနေသောကြောင့် ဖြစ်သည်။
"အင်း... မင်းအစ်ကိုက ဒီနှစ်ပိုင်း လင်ကျိုးမှာ တာဝန်ကျေပါတယ်။ ပို့လာတဲ့ လွှာကြားချက်တွေထဲမှာ မှုးမတ်အိုကြီးတွေတောင် သူ့ကို စစ်သူကြီးယဲ့ရဲ့ အရည်အချင်းမျိုး ရှိနေပြီလို့တောင် ချီးကျူးထားကြတယ်"
နင်ချန် ပြောလိုက်သည်။ ထို့နောက် မျက်လွှာချလိုက်ပြီး အဓိပ္ပာယ်ပါသော အပြုံးဖြင့် ယဲ့ယွင်ကို ကြည့်လိုက်သည်။
"ကျန်း တွေးမိတာက မင်းရဲ့ မရီးလောင်း မိသားစုက ရာထူးနိမ့်လွန်းနေသလားလို့။ ယင်းမိသားစုက လင်ကျိုးမှာ နေတာကြာပြီ။ အဆင့်လေး အရာရှိဆိုတော့ ကြည့်မကောင်းဘူး။ အဆင့်သုံး တိုးပေးလိုက်ရင် ကောင်းမလား"
အဆင့်လေးဆိုသည်မှာ သာမန်အဆင့်ဟု သတ်မှတ်၍ ရသော်လည်း အဆင့်သုံးဆိုသည်မှာ ထိပ်တန်းအရာရှိ စာရင်းဝင်သွားပြီဖြစ်သည်။
သို့သော် အဆင့်သုံးသည်ပင်လျှင် ယဲ့မိသားစု၏ အဆင့်တစ် ရာထူးနှင့် ယှဉ်လျှင် နိမ့်နေဆဲပင်။
ယဲ့ယွင်ကမူ ရာထူးကိစ္စကို စိတ်မဝင်စားပေ။ ဤခွေးဧကရာဇ် သူမကို ဉာဏ်ဆင်နေမှန်း သိလေသည်။
သူမ နှာမှုတ်လိုက်ပြီး မျက်လုံးလှန်ကြည့်လိုက်သည်။
"အဆင့်သုံးပဲဖြစ်ဖြစ် အဆင့်လေးပဲဖြစ်ဖြစ် အားလုံးက အရှင်မင်းကြီး သဘောပါပဲ။ ယင်းမိသားစုက အရှင်မင်းကြီးရဲ့ မှုးမတ်တွေလေ၊ ယဲ့မိသားစုအတွက် အလုပ်လုပ်နေတာမှ မဟုတ်တာ။ သမီးမိန်းကလေးရဲ့ မင်္ဂလာကိစ္စကြောင့် ရာထူးတိုးပေးတယ်ဆိုရင် ယင်းဦးလေးကြီးက စော်ကားခံရတယ်လို့ ထင်သွားပါဦးမယ်"
"မင်းကလည်း... ကျန်းက စေတနာနဲ့ ရာထူးတိုးပေးတာကို ဘာလို့ စော်ကားတာ ဖြစ်ရမှာလဲ။”
နင်ချန်သည် ဟန်ဆောင်ပြီး ပြောနေဆဲပင်။
ယဲ့ယွင် မျက်လုံးများကို ကျဉ်းလိုက်ပြီး ရုတ်တရက် သူ့ခါးမှ အသားဆိုင်ကို လှမ်းဆွဲလိမ်လိုက်လေသည်။
"အရှင်မင်းကြီးက တကယ့်လူဆိုးပဲ။ အကယ်၍သာ ဒီမင်္ဂလာကိစ္စကြောင့် ယင်းမိသားစု ရာထူးတက်သွားရင် တခြားလူတွေက ယဲ့မိသားစု အာဏာပြတယ်ဆိုပြီး ထင်ကုန်ကြလိမ့်မယ်။ ကျွန်မအစ်ကိုက စစ်တပ်ကို ကိုင်ထားတဲ့ ဗိုလ်ချုပ်လေ၊ လူတွေက ဝိုင်းမုန်းပြီး အရှင်လတ်လတ် အရေခွံနွှာပစ်ကြလိမ့်မယ်"
"အဖေနဲ့အစ်ကိုက နယ်စပ်ကို ကာကွယ်ပေးနေတာ၊ ကျွန်မကလည်း အရှင်မင်းကြီးလူ ဖြစ်နေပြီဟာကို၊ အရှင်မင်းကြီးက ရက်စက်ရက်လေခြင်း ဟွန့်”
နင်ချန်သည် သူမ၏ တိုက်ခိုက်မှုကို ကြိုမမြင်လိုက်သဖြင့် အဆွဲခံလိုက်ရပြီး ယားသွားကာ တွန့်လိမ်ရှောင်တိမ်းလိုက်သည်။
သို့သော် ထိုမိန်းမငယ်လေးသည် တောကြောင်လေးတစ်ကောင်အလား လက်သည်းဖြင့် ကုတ်ဖဲ့တိုက်ခိုက်နေသဖြင့် တစ်ကိုယ်လုံး ယားယံကာ မနေနိုင်ဖြစ်လာပြီး ခဏကြာမှ သူမကို ဖမ်းချုပ်နိုင်တော့သည်။
ထိုခဏလေးအတွင်းမှာပင် နင်ချန်မှာ ရယ်ချင်စိတ်ကို အောင့်ထားရသဖြင့် မျက်နှာတစ်ခုလုံး နီရဲနေလေပြီ။
"စတာလေးတောင် မခံနိုင်ဘူးလား။ ကျန်းက စလိုက်တာကို အတည်မှတ်နေတယ်"
"ဒါဆိုလည်း လျှော့စပါ၊ အရှင်မင်းကြီး ပြောသမျှကို ဒီချန်းချဲ့က အတည်ယူမှာမို့လို့"
ယဲ့ယွင်က သွားဖြီးပြကာ ရန်တွေ့လိုက်သည်။
သူမ၏ ပုံစံလေးမှာ ဆိုးသွမ်းသလိုလိုနှင့် ချစ်စရာကောင်းနေသည်။
နင်ချန် ပြုံးလိုက်မိပြီး သူမကို ဖြည်းညှင်းစွာ လွှတ်ပေးလိုက်သည်။
"ကဲပါ၊ မစတော့ပါဘူး။ ဒါနဲ့ မင်းပေးတဲ့ ပန်းချီကားလေ၊ အပေါ်က ကဗျာက တစ်ဝက်လိုနေသလားလို့။ ဘာလို့ ဆုံးအောင် မရေးတာလဲ"
"ဩော်... အဲ့ဒါလား"
ယဲ့ယွင်သည် ရုတ်တရက် သတိရသွားသကဲ့သို့ ပုံဖမ်းလိုက်ပြီး အသံကို ဆွဲကာ ပြောလိုက်သည်။ နင်ချန်၏ မျှော်လင့်တကြီး ဖြစ်နေသော မျက်ဝန်းများကို ကြည့်ကာ ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ပခုံးတွန့်ပြလိုက်၏။
"ဒီချန်းချဲ့ မေ့သွားလို့"
နင်ချန်မှာ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေခိုက် သူမက ဘူးခံငြင်းလိုက်သဖြင့် ဒေါသထွက်ပြီး အံကြိတ်လိုက်မိသည်။
သူ မျက်လုံးထောင့်ကပ်ကြည့်လိုက်ပြီး မိန်းမပျို၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ ရင်ခွင်ထဲသို့ အတင်းဆွဲသွင်းလိုက်သည်။
ထို့နောက် အသံနှိမ့်ကာ ခြိမ်းခြောက်လိုက်လေသည်။
"ကောင်းကောင်း မပြောရင် ကျန်း မင်းကို ပွေ့ပြီး အပြင်လွှင့်ပစ်လိုက်မှာနော်"
"ခြိမ်းခြောက်တာကလည်း ကြောက်ဖို့ကောင်းလိုက်တာရှင်"
ယဲ့ယွင် မျက်တောင်ခတ်လိုက်ပြီးသိပ်ကြောက်ပုံမရချေ။
သို့သော် ထိုစကားပြောပြီးသည်နှင့် နင်ချန်သည် သူမကို ပွေ့ချီကာ တံခါးပေါက်ဆီသို့ ဦးတည်လျှောက်သွားလေတော့သည်။ သူ၏ ခြေလှမ်းများမှာ ပြတ်သားလွန်းပြီး စနောက်နေပုံ မရပေ။
ယဲ့ယွင် လန့်သွားပြီး သူ့လည်ပင်းကို အမြန်လှမ်းဖက်ထားလိုက်ရသည်။
"မှတ်မိပြီ... မှတ်မိပြီလို့!"
နင်ချန်သည် ရင်ခွင်ထဲကလူဆိုးမလေးအားငုံ့ကြည့်ကာ မျက်နှာထားက တည်ငြိမ်အေးစက်နေသော်လည်း မျက်ဝန်းထဲတွင်မူ အပြုံးရိပ်သန်းနေခဲ့သည်။
"ပြော"
ယဲ့ယွင် နှုတ်ခမ်းကိုကိုက်ကာ ခေါင်းငုံ့ပြီး သူ့အကြည့်ကို ရှောင်လိုက်သည်။ ခဏမျှ တိတ်ဆိတ်နေပြီးမှ ရှက်သွေးဖြာနေသည့်ဟန်ဖြင့် တိုးတိုးလေး ဖွင့်ဟလိုက်သည်။
"လင်လုံအန်စာတုံးလေးထဲမှာ တမ်းတခြင်း မျိုးစေ့နီလေးတွေ ထည့်သွင်းထားပါတယ်... အရိုးထဲစွဲနေအောင် လွမ်းဆွတ်နေရတာကို သူများ သိရဲ့လားလို့"
မိန်းမပျို၏ အသံလေးမှာ တိုးညင်းပြီး သာယာနာပျော်ဖွယ်ကောင်းလှသည်။ သူမ၏ မျက်နှာကို မမြင်ရသော်လည်း ဖြူဝင်းသော နားရွက်ဖျားလေးများမှာ ပွင့်ခါစ ပန်းပွင့်ဖတ်လေးများအလား နီရဲလာသည်ကို မြင်နေရသည်။
နင်ချန်မှာ လည်ချောင်းများပင် ခြောက်သွေ့သွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်ဝန်းများ နက်ရှိုင်းသွားခဲ့သည်။
"ချင်းချင်းက ကျန်းကို ဒီလောက်တောင် လွမ်းနေမှန်း မသိခဲ့ရပါလား"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -194
အခန်း ၁၉၄ ။ အားကိုးရာမဲ့ခြင်း
"အရှင်မင်းကြီး မသိတာတွေ အများကြီး ကျန်ပါသေးတယ်နော်။”
ယဲ့ယွင်သည် ကိုယ်ကို တွန့်လိမ်လိုက်ပြီး သူ့ကို မော့ကြည့်ကာ ပြောလိုက်သည်။
"အရှင်မင်းကြီး ဒီချန်းချဲ့ကို အောက်မချပေးတော့ဘူးလား"
နင်ချန်သည် အနည်းငယ် ပြုံးလိုက်ပြီး ခေါင်းညိတ်ပြသည်။
"ချပေးမှာပေါ့"
စကားပြောနေရင်းပင် လက်ကို ရုတ်တရက် လွှတ်ချလိုက်ရာ ရုတ်ခြည်း ပြုတ်ကျသွားသည့် ခံစားမှုကြောင့် ယဲ့ယွင်သည် အလိုအလျောက်ပင် သူ့လည်ပင်းကို တင်းကျပ်စွာ လှမ်းဖက်တွယ်လိုက်မိသည်။
မျှော်လင့်ထားသလို မြေပြင်နှင့် ရိုက်မိသည့် နာကျင်မှုမျိုး ခံစားလိုက်ရခြင်း မရှိဘဲ ကြောက်လန့်တကြား မျက်လုံးမှိတ်ထားမိချိန်တွင် နဖူးပြင်ပေါ်သို့ အနမ်းတစ်ပွင့် ညင်သာစွာ ကျရောက်လာခဲ့လေသည်။
"ကြည့်ရတာ ချင်းချင်းက ကျန်းကို တကယ်ပဲ အရိုးထဲစွဲအောင် လွမ်းနေတာပဲ၊ လွှတ်တောင် မလွှတ်ပေးချင်ဘူးထင်တယ်။”
နားနားကပ်၍ ပြောလိုက်သော စကားသံကြောင့် ယဲ့ယွင်တစ်ယောက် ဒေါသထွက်လွန်း၍ နင်ချန်၏ နှာခေါင်းကို ကိုက်ဖြတ်ပစ်ချင်စိတ် ပေါက်သွားရသည်။
လူကို ဒီလိုမျိုး စနောက်ကျီစယ်ရတာမျိုးက သူမတစ်ယောက်တည်းပဲ လုပ်ခွင့်ရှိတာ မဟုတ်ဘူးလား။
သူတို့နှစ်ဦး အခန်းထဲတွင် အတော်ကြာအောင် ကျီစယ်ဆော့ကစားနေပြီးနောက် အပြင်ဘက်မှ ယွမ်ကျို ဝင်လာပြီး တွေ့ခွင့်တောင်းနေသော ဝန်ကြီးများ ရှိကြောင်း လျှောက်တင်မှသာ ရပ်တန့်လိုက်ကြသည်။
နင်ချန်သည် စိတ်မကျေနပ်သေးသဖြင့် ပြန်မသွားချင်သော်လည်း တိုင်းပြည်အရေးကို ပစ်ထား၍ မရချေ။
ထို့ကြောင့် သူမလက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
"နေ့လည်စာတော့ အတူမစားတော့ဘူး၊ ညကျမှ မင်းဆီ လာခဲ့မယ်"
"ကောင်းပါပြီ၊ ဒါဆို အရှင်မင်းကြီးလာမှ ကောက်ညှင်းထုပ် ထုပ်ကြတာပေါ့"
ယဲ့ယွင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
မထွက်ခွာမီတွင် နင်ချန်သည် သက်သေအထောက်အထား ဖျောက်ဖျက်ရန် မမေ့လျော့ခဲ့ပေ။ စားပွဲပေါ်ရှိ ရွှံ့ရုပ်များကို သဘောကျသည်ဟု အကြောင်းပြကာ ယွမ်ကျိုကို အကုန်သိမ်းခိုင်းပြီး ယူသွားလိုက်လေသည်။
ပစ္စည်းကို သူ ဖျက်ဆီးမိလိုက်သည်ကို အသိခံ၍ မဖြစ်ပေ။
သို့သော် ဧကရာဇ်၏ 'မသမာသောလုပ်ရပ်' သည် လျှို့ဝှက်၍ မရခဲ့ချေ။ ဟွေယွဲ့သည် ရွှံ့ရုပ်များကို ထည့်ရန် သေတ္တာယူလာချိန်တွင် ကျိုးပဲ့နေသော ရွှံ့ဓားလေးကို မြင်တွေ့သွားခဲ့သည်။
အရှင်မင်းကြီးက ဘာကိစ္စကြောင့် ကျိုးနေတဲ့ ဓားကို လိုချင်ရတာလဲ။ ဟွေယွဲ့ အနည်းငယ် စဉ်းစားလိုက်သည်နှင့် စိတ်ထဲတွင် အလုံးစုံ နားလည်သွားတော့သည်။
အရှင်မင်းကြီးက မတော်တဆ ချိုးမိသွားပြီး သခင်မလေး သိသွားမှာစိုးလို့ အကြောင်းပြချက်ရှာပြီး အကုန်ယူသွားတာ သေချာသည်။
သစ္စာရှိသော အစေခံတစ်ယောက် ဖြစ်သည့်အတိုင်း အရှင်မင်းကြီးတို့အဖွဲ့ ထွက်သွားသည်နှင့် ဟွေယွဲ့သည် ဖြစ်ကြောင်းကုန်စင်ကို ဖွင့်ပြောပြလိုက်လေသည်။
ယဲ့ယွင်မှာ ပြောစရာစကားပင် မရှိတော့ပေ။
ယောက်ျားတွေက သေသည်အထိ လူပျိုပေါက်စိတ် မကုန်ဘူးဟု ဘယ်သူပြောခဲ့သနည်း။ ဒီယောက်ျားကတော့ သေသည်အထိ ကလေးစိတ်ကုန်မည့်ပုံ မပေါ်ပေ။
လူပျိုပေါက်စိတ်ဟု ပြောလျှင်ပင် သူ့အသက်ကို ကြီးအောင် ပြောရာရောက်နေဦးမည်။ ကလေးဆန်လိုက်သည့်ဖြစ်ခြင်း။
သို့သော် ရယ်ချင်စရာလည်း ကောင်းနေပြန်သည်။ မကောင်းမှုလုပ်ထားပြီး လူကြီးမိဘ သိမှာစိုး၍ ဖုံးကွယ်ထားသော ကလေးတစ်ယောက်လိုမျိုး ဖြစ်နေသည်။
ယဲ့ယွင်လည်း ဗွေမယူတော့ဘဲ ကလေးကို ချော့လိုက်သည်ဟုသာ သဘောထားကာ မျက်ကွယ်ပြုထားလိုက်တော့သည်။
.....
ယွီရှို့အဆောင်တွင် လေထုက ကြည်နူးစရာ ကောင်းနေသော်လည်း အခြားတစ်နေရာတွင်မူ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။
အရှင်မင်းကြီးသည် ညီလာခံပြီးသည်နှင့် မင်ကျယ်ယွီထံ သွားရောက်ခဲ့ကြောင်း ကြားသိလိုက်ရသော ဝမ်သယ့်ဖေးသည် ဒေါသထွက်လွန်း၍ စားပွဲပေါ်ရှိ လက်ဖက်ရည်ပန်းကန်ခွက်ယောက်များကို ရိုက်ခွဲပစ်လိုက်သည်။
သူမ ဤမျှ ဒေါသကြီးစွာ ပေါက်ကွဲသည်မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် ပထမမင်းသားလေးပင် လန့်သွားပြီး ငိုကြွေးလေတော့သည်။
"ကလေးကို အမြန်ခေါ်မသွားကြဘူးလား၊ နို့ထိန်းတွေ သေကုန်ကြပြီလား"
"မယ်မယ် စိတ်လျော့ပါ၊ ကျွန်တော်မျိုးမ အခုပဲ ပထမမင်းသားလေးကို ခေါ်သွားပါတော့မယ်"
နို့ထိန်းတစ်ဦးသည် ကမန်းကတန်း ရှေ့တိုးလာပြီး ဆိုဖာပေါ်တွင် အထည်ကျားရုပ်လေးဖြင့် ကစားနေသော ပထမမင်းသားလေးကို ပွေ့ချီကာ ထွက်သွားလေသည်။
ကလေးငယ်၏ အသားအရေမှာ ရောဂါရနေသကဲ့သို့ ဖြူဖျော့နေပြီး ယခုလို လန့်ဖျပ်ငိုကြွေးလိုက်သောအခါ ဝက်အသည်းရောင်ကဲ့သို့ နီရဲအမ်းတမ်း ဖြစ်လာသည်။ ကြည့်ရသည်မှာ ထိတ်လန့်စရာကောင်းပြီး ငိုရင်း တစ်ခုခု ဖြစ်သွားမည်ကိုပင် စိုးရိမ်ရသည်။
နန်းဆောင်ထဲတွင် ကလေးငိုသံ တိတ်သွားသော်လည်း အစေခံများသည် အသက်ပြင်းပြင်းပင် မရှူရဲကြပေ။ နန်းဆောင်မကြီးတစ်ခုလုံး တိတ်ဆိတ်နေခြင်းက စိတ်ထဲတွင် ပို၍ ဂနာမငြိမ် ဖြစ်စေသည်။
"မယ်မယ် စိတ်လျော့ပါဦး၊ ကျန်းမာရေး ထိခိုက်မှာ စိုးရိမ်ရပါတယ်။ ဒီကိစ္စက ဒေါသထွက်ရကျိုး မနပ်ပါဘူး"
ပိုင်ရွှမ်းက သတ္တိမွေးကာ ဝင်ရောက်ဖျောင်းဖျလိုက်သည်။
"စိတ်လျော့ စိတ်လျော့... နင်တို့က တစ်နေ့ကုန် ငါ့ကို စိတ်လျော့ဖို့ပဲ ပြောတတ်ကြတာလား။ တခြား အသုံးဝင်တဲ့စကား မပြောတတ်ကြဘူးလား။ အရှင်မင်းကြီးက ငါ့ကို ဒီလောက်ထိ ပစ်ပယ်ထားတာ၊ နောက်ဆိုရင် ဒီချူရှို့နန်းဆောင်က စွန့်ပစ်နန်းဆောင် ဖြစ်တော့မယ်"
ဝမ်သယ့်ဖေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူမ၏ စကားများမှာ ဒေါသစကားများသာ ဖြစ်သည်။ ချူရှို့နန်းဆောင်တွင် ပထမမင်းသား ရှိနေပြီး သူမကိုယ်တိုင်ကလည်း ဖေးအဆင့်ဖြစ်သဖြင့် ရှူးဖေး၏ နန်းဆောင်ထက် အနည်းငယ်သာ နိမ့်ကျသည်။
သို့သော် ယခုအချိန်တွင် ဝမ်သယ့်ဖေး၏ စိတ်ထဲ၌ ဝမ်းနည်းပက်လက် ဖြစ်နေရသည်။
မိသားစုစားပွဲဝိုင်းတွင် အရှင်မင်းကြီးက သူမကို မျက်နှာသာမပေးခဲ့သည့်အပြင် နန်းတော်သို့ ပြန်ရောက်သည့်အခါတွင်လည်း မိဖုရားခေါင်ကြီးပြီးလျှင် ယိရှိုးယွမ်ထံ ဦးစွာ သွားရောက်ခဲ့သည်။ ထိုကိစ္စကို ထားလိုက်ပါတော့၊ သူမက နေမကောင်းဟု အကြောင်းပြထားသည်ကိုး။ သို့သော် ဒုတိယနေ့တွင် အရှင်မင်းကြီးသည် ယွီရှို့အဆောင်သို့ သွားခဲ့ပြီး သူမထံ လာရောက်ကြည့်ရှုခြင်း မရှိခဲ့ပေ။
ယိရှိုးယွမ်က သားတစ်ယောက် မွေးထားပြီး ကျိုဖင်အဆင့် ရှိသေးသည်။ သို့သော် ယဲ့မျိုးရိုးက ဘာမို့လို့ သူမထက် ဦးသွားရသနည်း။
"မယ်မယ်... အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ မယ်မယ် ရှိပါသေးတယ်။ ယွီရှို့အဆောင်ဘက်ကို သွားတာက ဒီတစ်ခေါက် တောင်ဘက်ဒေသခရီးစဉ်မှာ ယဲ့မျိုးရိုးရဲ့ ဝမ်းကွဲအစ်ကိုက အဲ့ဒီမှာ အရာရှိအဖြစ် ကျန်ရစ်ခဲ့လို့ အရှင်မင်းကြီးက မျက်နှာသာပေးတဲ့အနေနဲ့ မြှောက်စားတာ ဖြစ်မှာပါ။ ရှေ့တော်မှောက်က ကိစ္စတွေက ရှုပ်ထွေးတော့ နောက်ဆောင်ကိစ္စတွေနဲ့ ရောထွေးတတ်ပါတယ်။ အရှင်မင်းကြီးလည်း မတတ်သာလို့ နေမှာပါ"
ပိုင်လုကလည်း ဝင်ရောက်နှစ်သိမ့်ပေးသည်။
ထိုစကားကို မပြောလျှင် တော်သေးသည်။ ပြောလိုက်သောအခါ ဝမ်သယ့်ဖေးမှာ ပို၍ ထိတ်လန့်သွားလေသည်။
အရင်တုန်းက သူမသည် နောက်ဆောင်တစ်ခုလုံးတွင် အချစ်ခံရဆုံးဖြစ်သဖြင့် မိသားစုအသိုင်းအဝိုင်းကို ဂရုမစိုက်ခဲ့ပေ။ မည်သူမျှ သူမကို မယှဉ်နိုင်ခဲ့။ သို့သော် ယခုအခါ သူမသည် ယခင်ကလောက် မျက်နှာသာပေး မခံရတော့သည့်အပြင် မိသားစုအင်အားချင်း ယှဉ်လျှင်လည်း သူများလောက် မတောင့်တင်းပေ။ ထို့ကြောင့် သူမသည် ဤမျှနှစ်များစွာ ကြာမြင့်ခဲ့သော်လည်း ခိုင်မာသော အားကိုးရာ ဟူ၍ ဘာတစ်ခုမျှ မရှိပါလားဟု ရုတ်တရက် ခံစားလိုက်ရသည်။
တွေးမိလေ ကြောက်လေဖြစ်ပြီး တစ်ကိုယ်လုံး အေးစက်လာတော့သည်။
"နင်တို့ အကုန်ထွက်သွားကြ၊ ငါတစ်ယောက်တည်း ငြိမ်ငြိမ်နေချင်တယ်"
ဝမ်သယ့်ဖေးသည် မျက်လုံးများကို မှိတ်လိုက်ပြီး မောပန်းနွမ်းနယ်စွာ ပြောလိုက်သည်။
ပိုင်လုနှင့် ပိုင်ရွှမ်းတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး စိုးရိမ်ပူပန်မှုများကို မြင်တွေ့လိုက်ရသော်လည်း အမိန့်အတိုင်း ဆုတ်ခွာသွားရုံမှတပါး မတတ်နိုင်ကြပေ။
ပန်းဟူသမျှ ကြာရှည်မလန်းဆန်းနိုင်ဟူသော စကားကို လူတိုင်း သိကြသော်လည်း ထိုစကားကို ဝမ်သယ့်ဖေးအား မည်သူမျှ မပြောရဲကြပေ။
အနီးကပ်အစေခံများ ဖြစ်ကြသည့် ပိုင်လုနှင့် ပိုင်ရွှမ်းတို့သည် မယ်မယ်က အရှင်မင်းကြီးအပေါ်ထားရှိသော သံယောဇဉ် ကြီးမားလွန်းသဖြင့် အတိုင်းအဆ မရှိဖြစ်နေသည်ကို ရိပ်မိနေကြသည်။
ဘေးဆောင်တွင် နေထိုင်သော ချွေ့ရှီသည် တံခါးပိတ်ထားသဖြင့် အပြင်မထွက်လာသော်လည်း နန်းဆောင်မကြီးမှ အသံများကို ရှင်းလင်းစွာ ကြားနေရသည်။
နန်းတော်ထဲ မဝင်ခင်က ဝမ်သယ့်ဖေးသည် အချစ်တော်ဖြစ်သည်ဟု ကြားဖူးသဖြင့် ချူရှို့နန်းဆောင်တွင် နေရလျှင် အရှင်မင်းကြီးနှင့် မကြာခဏ တွေ့ရနိုင်သည်ဟု တွေးထားခဲ့မိသည်။ သို့သော် ယခုအခြေအနေကို ကြည့်ရသည်မှာ ဝမ်သယ့်ဖေးသည် မျက်နှာသာပေးမှုကို ဆုံးရှုံးနေပုံရသည်။
အရှင်မင်းကြီးက ချူရှို့နန်းဆောင်ကို မလာလျှင် သူမအနေဖြင့် မည်သို့ မျက်နှာသာပေးမှု ရယူနိုင်မည်နည်း။
ချွေ့ရှီသည် စိတ်ထဲတွင် တိတ်တဆိတ် ကြံစည်နေမိသည်။ တရားဝင် အိပ်ဆောင်ဝင်ခွင့် ရပြီးသည်နှင့် ဤနေရာမှ ပြောင်းရွှေ့ရန် နည်းလမ်းရှာရပေမည်။
......
ချူရှို့နန်းဆောင်တွင် မည်သို့ပင် ဖြစ်နေပါစေ၊ နင်ချန်သည် ယွီရှို့အဆောင်သို့ ညပိုင်းလာမည်ဟူသော ကတိအတိုင်း ရောက်လာခဲ့သည်။
သို့သော် မနက်ပိုင်းကလောက် စိတ်ကြည်လင်ပုံမရပေ။
မနက်ပိုင်းက ဝန်ကြီးများနှင့် တွေ့ဆုံရာတွင် စိတ်ပျက်စရာ ကိစ္စအချို့ ရှိခဲ့ပုံရသည်။
မည်သို့ပင်ဖြစ်စေ ယဲ့ယွင်က မမေးမြန်းပေ။ ကောက်ညှင်းထုပ် ထုပ်ကြမည်ဟု ပြောထားသဖြင့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ဆင်ထားပြီး လူလာမည့်အချိန်ကိုသာ စောင့်နေလိုက်သည်။
ညန်ကောင်းသည် ညဘက်ရောက်သဖြင့် အိပ်ချင်မူးတူး ဖြစ်နေကာ တံခါးပေါက် လေဝင်ပေါက်နားတွင် ဝပ်ရင်း အခန်းထဲတွင် လူတစ်စု ကောက်ညှင်းထုပ် ထုပ်နေကြသည်ကို မျက်လုံးကလည်ကလည်ဖြင့် ကြည့်နေလေသည်။
ဟုတ်ပါသည်၊ လူတစ်စု ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ယွင်နှင့် နင်ချန်တို့ နှစ်ယောက်လုံး မလုပ်တတ်ကြသဖြင့် ဟွေယွဲ့နှင့် နန်ကျစ်ကို သင်ပြပေးရန် ခေါ်ထားရပြီး ယွမ်ကျိုနှင့် ပိုင်ရှုတို့ကလည်း ဘေးမှ ဝိုင်းကြည့်နေကြသဖြင့် စားပွဲတစ်လုံး ပြည့်နေလေသည်။
"အရှင်မင်းကြီး၊ ကျယ်ယွီ... ဒီဘက်ကို ကြည့်ပါ၊ ဝါးရွက်နှစ်ရွက်ကို ထပ်ပြီး လက်ဖဝါးပေါ် တင်လိုက်ပါ၊ ပြီးရင် ရွက်ဖျားပိုင်းကို ရွက်ရင်းပိုင်းဘက် ခေါက်ပါ၊ ရွက်ရင်းပိုင်းကို ရွက်ဖျားပိုင်းဘက် ပြန်ခေါက်ပြီး ကတော့ပုံစံ ဖြစ်အောင် လုပ်ပါ၊ ဒါဆိုရင် ဆန်ထည့်လို့ ရပါပြီ"
ဟွေယွဲ့သည် သေချာ ရှင်းပြရင်း လက်တွေ့ လုပ်ပြနေသည်။
သို့သော် လက်တွေ့ဘဝတွင်မူ မျက်လုံးက တတ်သော်လည်း လက်က မလိုက်နိုင်ပေ။
ယဲ့ယွင်မှာ အတော်ကြာအောင် ကြိုးစားသော်လည်း လုံအောင် မပိတ်နိုင်ပေ။ ဒီနားက ယိုလိုက်၊ ဟိုနားက ယိုလိုက်နှင့် ဖြစ်နေသည်။ ဆန့်ကျင်ဘက်အနေဖြင့် နင်ချန်ကမူ တစ်ချက်ကြည့်ရုံဖြင့် တတ်မြောက်သွားပြီး အတော်များများပင် ထုပ်ပြီးနေလေပြီ။
"မကစားတော့ဘူး၊ မကစားတော့ဘူး၊ ကျွန်မတစ်ယောက်တည်း မလုပ်တတ်ဘူး ဖြစ်နေတယ်၊ ကျွန်မကပဲ အတုံးဆုံး ဖြစ်နေသလိုပဲ"
ယဲ့ယွင်သည် လက်ကို ခါလိုက်ပြီး နှုတ်ခမ်းစူကာ မကျေမနပ်ဖြင့် မတ်တတ်ရပ်လိုက်သည်။
နင်ချန်သည် သူမ စိတ်ကောက်နေသည်ကို ကြည့်ပြီး ရယ်ချင်စိတ်ကို ထိန်းရင်း လက်သုတ်ကာ မတ်တတ်ရပ်လိုက်သည်။
"မင်းပဲ ထုပ်ချင်တယ်ဆို၊ အခုကျတော့ မလုပ်ချင်ဘူးတဲ့လား"
"ဟွန့်... ဒီချန်းချဲ့ မထုပ်ချင်တော့ဘူး၊ စားပဲ စားချင်တော့တယ်။ အရှင်မင်းကြီးထုပ်တာကို စားမှာ။ ဟွေယွဲ့... အရှင်မင်းကြီး ထုပ်ထားတဲ့ အထုပ်တွေကို သီးသန့် အိုးအသေးလေးနဲ့ ပြုတ်ပြီး ငါ့ကို လာကျွေးနော်"
ယဲ့ယွင်သည် နင်ချန်၏ ဝတ်ရုံလက်မှ ပန်းကနုတ်များကို ကုတ်ဖဲ့ကစားရင်း ဟွေယွဲ့ဘက်လှည့်ကာ အမိန့်ပေးလိုက်သည်။
ဟွေယွဲ့မှာ အခက်တွေ့သွားပြီး သခင်နှစ်ပါးကို မော့ကြည့်လိုက်သည်။
နင်ချန်ကမူ ကိစ္စမရှိကြောင်း ပြုံး၍ လက်ကာပြလိုက်သည်။
"သွားပြုတ်လိုက်ပါ၊ အကုန်လုံး မင်းတို့ ကျယ်ယွီအတွက်ပဲ"
***