← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 13 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 13 Ch. 197-198

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-197

အခန်း ၁၉၇ ။ လိုရင်းကို ထိခြင်း

ဒုတိယမင်းသမီးလေး၏ မွေးနေ့ပွဲတွင် နင်ချန်သည် ဝမ်ရှိုးရီကို အလွန်မျက်နှာသာပေးခဲ့သည်။

စားပွဲပြီးဆုံးသွားသောအခါ သူသည် ဆက်လက်နေထိုင်ခဲ့ပြီး ယနေ့ညကို ယိမေဆောင်တွင် ကုန်ဆုံးမည့်ပုံရသည်။

"မင်းသမီးလေးက အိပ်ချင်နေပါပြီ၊ နို့်ထိန်းကို ခေါ်ပြီး နေ့လည်စာအိပ်ခိုင်းလိုက်ရမလား၊ အရှင်မင်းကြီးအရင် အနားယူချင်ပါသလား"

ဝမ်ရှိုးရီက ဂရုတစိုက် မေးမြန်းလိုက်သည်။

"ဒီချန်းချဲ့က ဒီနေ့ရတဲ့ လက်ဆောင်တွေကို စာရင်းလုပ်စရာလေးရှိသေးလို့ အရှင်မင်းကြီးကို ခဏလောက်တော့အဖော်မပြုပေးနိုင်လောက်ဘူးရယ်။အိပ်ဆောင်ထဲမှာ အိပ်ရာအသစ်တွေ ပြင်ထားပါတယ်၊ အရှင်မင်းကြီး အချိန်မရွေး အနားယူလို့ရပါတယ်"

နင်ချန်သည် မနေ့ညက ကောင်းကောင်း အိပ်မပျော်ခဲ့သဖြင့် ဟန်ဆောင်ငြင်းဆန်မနေဘဲ တစ်ယောက်တည်း အခန်းထဲဝင်ကာ လှဲအိပ်လိုက်သည်။

.....

ဝမ်ရှိုးရီသည် သူမ၏ အနီးကပ်အစေခံနှစ်ဦးကို ခေါ်လိုက်ပြီး လက်ဆောင်ပစ္စည်းများကို စာရင်းပြုစုကြသည်။

မယ်တော်ကြီး၊ အရှင်မင်းကြီး၊ မိဖုရားခေါင်ကြီးနှင့် အခြားကိုယ်လုပ်တော်များထံမှ လက်ဆောင်များ ရောက်ရှိလာသဖြင့် ပစ္စည်းမျိုးစုံကို ရှင်းလင်းရန် အချိန်အတော်ကြာမြင့်မည်ဖြစ်သည်။

"မယ်တော်ကြီးကတော့ တကယ်ကို မျှတတာပဲ၊ ပထမမင်းသမီးလေး တစ်နှစ်ပြည့်တုန်းက ပေးတဲ့လက်ဆောင်နဲ့ အတူတူပဲ ပေးတယ်"

ရှန်းစစ်က စကားစမြည် ပြောလိုက်သည်။

ဝမ်ရှိုးရီက ဂရုမစိုက်သလို ပြုံးလိုက်သည်။

"မြေးမလေးတွေပဲလေ၊ အတူတူပဲ ဖြစ်မှာပေါ့"

ထုံးစံအတိုင်း ပေးရမည့်အရာကို ပေးခြင်းသာဖြစ်၍ အမှားမပါသော်လည်း အထူးတလည် စေတနာထားခြင်း မရှိသည်မှာ ထင်ရှားသည်။

ဟုန်သုက အသံကို နှိမ့်ကာ ရုတ်တရက် ပြောလိုက်သည်။

"ဒါပေမဲ့ မိဖုရားခေါင်ကြီး ပေးတဲ့ လက်ဆောင်ကတော့ တကယ်ကို တန်ဖိုးကြီးပါတယ်၊ ဖီးနစ်ဆံထိုးကို အရည်ကြိုပြီး မင်းသမီးလေးအတွက် သော့ခလောက်ဆွဲပြား လုပ်ပေးတယ်ဆိုတော့လေ"

"သေချာပေါက် စေတနာပါတယ်လို့ ထင်ရတာပေါ့၊ ကျောက်ကျယ်ယွီနဲ့ ယန်ဝမ်ရုန်တို့ မရှိတော့တဲ့နောက် မိဖုရားခေါင်ကြီးရဲ့ လက်အောက်မှာ လူမရှိတော့ဘူးလေ"

ဝမ်ရှိုးရီက မျက်လွှာချကာ ပြောလိုက်သည်။

သူမ ပြောလိုက်သော စကားသံမှာ အလွန်တိုးညင်းသဖြင့် သူမတို့ သခင်နှင့်ကျွန် သုံးဦးသာ ကြားနိုင်သည်။

အစေခံမိန်းကလေးနှစ်ဦးသည် စာရင်းမှတ်နေသော လက်များ ရပ်တန့်သွားပြီး သူမကို ပြိုင်တူကြည့်လိုက်ကြသည်။ သူမ ဆိုလိုရင်းကို သဘောပေါက်သွားကြသည်။

"ဒါဆို သခင်မက..."

ရှန်းစစ်က တွန့်ဆုတ်စွာ မေးလိုက်သည်။

ဝမ်ရှိုးရီက ခေါင်းခါပြလိုက်သည်။

"ငါ့မှာ အဲ့ဒီလောက် ကြီးကျယ်တဲ့ ကံတရားမျိုး မရှိပါဘူး၊ အေးအေးဆေးဆေးနေရရင် တော်ပါပြီ"

မိဖုရားခေါင်ကြီး၏ သင်္ဘောပေါ် တက်

လိုက်လျှင် အကျိုးအမြတ်ရမည်ကို ခဏထားဦး၊ ကျောက်ကျယ်ယွီတစ်ယောက် မိဖုရားခေါင်ကြီးအတွက် ဘယ်လောက် အလုပ်အကျွေးပြုခဲ့ရသလဲ၊ လက်ထဲမှာ ညစ်ပတ်တဲ့အရာတွေ ဘယ်လောက် ကိုင်တွယ်ခဲ့ရသလဲ၊ နောက်ဆုံး ဘယ်လိုဇာတ်သိမ်းသွားရသလဲ ဆိုတာကို ကြည့်လိုက်။

ကျောက်ကျယ်ယွီကို စစ်ဆေးမေးမြန်းသောနေ့က မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျထား၍ ကိုယ်တိုင် မလာရောက်နိုင်သည့်တိုင် ယုံကြည်စိတ်ချရသော အစေခံတစ်ယောက်ယောက်ကို စေလွှတ်၍ ရပေသည်။

သို့သော် သူမ ဘာမျှ မလုပ်ခဲ့ပေ။ ကျောက်ကျယ်ယွီ အပြစ်ပေးခံရသည်ကို ဒီအတိုင်း ကြည့်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူမပါ ရောပါသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ထိုအချိန်က မိဖုရားခေါင်ကြီးသည် ယန်ဝမ်ရုန် သေဆုံးမှုနှင့် ပတ်သက်ပြီး သံသယဝင်ခံရမည်ကို စိုးရိမ်ခဲ့သည်။ ကျောက်ကျယ်ယွီက အပြစ်အားလုံး ခံယူလိုက်သဖြင့် သူမအတွက် အခွင့်ကောင်း ဖြစ်သွားခဲ့သည်။

အလုပ်သာ ခိုင်းပြီး အကာအကွယ်မပေးသော လူမျိုးကို အဘယ်ကြောင့် အားကိုးရမည်နည်း။

ထို့အပြင် သူမသည် ယဲ့ယွင်အပေါ်တွင် လောင်းကြေးထပ်ထားပြီးဖြစ်ရာ လွယ်လွယ်ကူကူ ပြောင်းလဲမည် မဟုတ်ပေ။

နင်ချန်သည် နှစ်နာရီခန့် အိပ်စက်ပြီးနောက် နိုးထလာချိန်တွင် ဝမ်ရှိုးရီသည် ပစ္စည်းများကို သိမ်းဆည်း၍ ပြီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။

ပစ္စည်းများကို စာရင်းသွင်းပြီး ဘဏ္ဍာတိုက်သို့ ပို့ဆောင်ရန် မိန်းမစိုးအချို့က သယ်ယူနေကြသည်။

"ဒီလောက်တောင် များတာလား"

နင်ချန် အံ့ဩသွားသည်။

"ညီအစ်မတွေက မင်းသမီးလေးကို ချစ်ကြတော့ လက်ဆောင်တွေ အများကြီး ပေးကြတယ်၊ မိဖုရားခေါင်ကြီး ပေးတဲ့ လက်ဆောင်က ပိုတန်ဖိုးကြီးတော့ ဒီချန်းချဲ့တောင် အားနာမိပါတယ်၊ ဒါပေမဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ မင်ကျယ်ယွီ ပေးတဲ့ လက်ဆောင်ပါပဲ"

ဝမ်ရှိုးရီက ပြုံးရွှင်စွာ ပြောလိုက်သည်။

နင်ချန်သည် ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။

"မင်ကျယ်ယွီက ဘာပေးလိုက်တာလဲ"

"သစ်သားတုံးလေးတွေ ဆေးသုတ်ထားတဲ့ သေတ္တာတစ်လုံးပါ၊ 'ကျစ်မု' လို့ ခေါ်တယ်တဲ့။ အိမ်ပုံစံလေးတွေ ဆောက်လို့ရတယ်၊ အရမ်းလက်ရာမြောက်တာပဲ။ ပြီးတော့ အရုပ်တွေပါတဲ့ သေတ္တာတစ်လုံးလည်း ပါသေးတယ်။ ယုန်ရုပ်တို့ ကြောင်ရုပ်တို့၊ အရမ်းချစ်စရာကောင်းတယ်။ နောက်ထပ် ကစားစရာ သေတ္တာတစ်လုံးလည်း ထပ်ပေးသေးတယ်။ အများစုက ဒီချန်းချဲ့ မမြင်ဖူးတဲ့ ဟာတွေချည်းပဲ။ ဒုတိယမင်းသမီးလေးကတော့ နွားသားရေနဲ့ လုပ်ထားတဲ့ ဗုံကလေးကို အရမ်းသဘောကျနေတာ။”

ထိုပစ္စည်းများသည် တစ်ရက်တည်းဖြင့် ပြင်ဆင်၍ ရနိုင်သည်များ မဟုတ်ပေ။ အထူးသဖြင့် သစ်သားတုံးကစားစရာများသည် လက်သမားကို ကြိုတင်မှာကြားထားမှ ရနိုင်မည်ဖြစ်ရာ ယဲ့ယွင် တကယ် စေတနာထားကြောင်း သိသာလှသည်။

ဝမ်ရှိုးရီ၏ ရှင်းပြချက်ကို နားထောင်ရင်း နင်ချန် ပြုံးလိုက်မိသည်။

"သူက ကလေးဆန်ပြီး ဆော့ကစားရတာဝါသနာပါတယ်၊ ကလေးတစ်ယောက်လိုပဲ၊ ဒီလိုမျိုး မင်းသမီးလေးအတွက်

အသေးစိတ် ဂရုစိုက်ပေးတာတကယ်ကိုချီးကျူးစရာပဲ။”

ယဲ့ယွင်သည် ခေါင်းအုံးအရွယ်အစားရှိသော ဝါဂွမ်းစောင်ရုပ် ယုန်ကလေးကို ဖက်အိပ်တတ်ကြောင်း သူ မှတ်မိနေသည်။

ဝမ်ရှိုးရီသည် နင်ချန်အား လက်ဖက်ရည် ကမ်းပေးရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်ကျယ်ယွီက ကြည့်ရင်တော့ ကလေးဆန်သလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ တည်ငြိမ်ပါတယ်၊ ဘာပဲဖြစ်ဖြစ် အထက်တန်းလွှာအိမ်က သမီးပျိုလေးပဲလေ၊ စည်းကမ်းဘောင်ကို ဘယ်တော့မှ မကျော်ပါဘူး"

ထိုစကားက နင်ချန်ကို တစ်စုံတစ်ခု သတိရသွားစေသည်။

မှန်ပေသည်။ ယဲ့ယွင်သည် မကြာခဏ ဆိုးသွမ်းတတ်ပြီး စည်းကမ်းမလိုက်နာသလို ထင်ရသော်လည်း တကယ်တမ်းတွင် ဘယ်တော့မှ စည်းမကျော်ခဲ့ပေ။ အခြေအနေကို ကောင်းစွာ နားလည်ပြီး အလွန် ဉာဏ်ကောင်းသူဖြစ်သည်။

ယိမေဆောင်တွင် အခြားကိုယ်လုပ်တော်အကြောင်း အကြာကြီးပြောနေခြင်းသည် သိပ်မကောင်းလှသဖြင့် ဝမ်ရှိုးရီသည် အရှင်မင်းကြီး တွေးတောနေသည်ကို မြင်သောအခါ စကားလမ်းကြောင်း ဖြတ်လိုက်တော့သည်။

.....

ဒုတိယမင်းသမီးလေး၏ မွေးနေ့ပွဲ ပြီးဆုံးပြီးနောက် နင်ချန်သည် ခြောက်ရက်၊ ခုနစ်ရက်ခန့် နောက်ဆောင်သို့ မဝင်တော့ပေ။

မြို့တော်သို့ ပြန်ရောက်ရောက်ချင်း အလုပ်များနေသည့်အပြင် ဖိန်ဝမ်နှင့် ခန်းဝမ်တို့ကိုပါ နန်းတော်သို့ ခေါ်ပြီး လွှာကြားချက်များကို ကူညီစစ်ဆေးခိုင်းနေရသည်။

ခန်းဝမ်သည် ကျန်းမာရေး မကောင်းသဖြင့် နင်ချန်သည် ဖိန်ဝမ်ကိုသာ အဓိကထား ခိုင်းစေတော့သည်။

အတိုချုံးပြောရလျှင် ညီအစ်ကိုများ ချစ်ခင်ကြပြီး ပျော်ရွှင်နေကြသည်ဟု ဆိုရမည်။

သေချာသည်မှာ နင်ချန်၏ ကိုယ်ပိုင်အမြင်သာ ဖြစ်သည်။ ဖိန်ဝမ်နှင့် ခန်းဝမ်တို့မှာမူ လွတ်လပ်သော ဘဝကို လိုလားသူများဖြစ်ကြပြီး နေမကောင်းဟု အကြောင်းပြကာ မလာချင်ကြပေ။

လွှာကြားချက်များ စစ်ဆေးခြင်းအပြင် လန်ကျိုးဒေသရှိ ကျန်ရှိသော ခရိုင်လေးခုအတွက် လူရွေးချယ်ရန် ကိစ္စလည်း ရှိနေသေးသည်။

နင်ချန်၏ လက်ထဲတွင် အသုံးပြုနိုင်သူ နည်းပါးလှသည်။ ချူယွင်ဟွိုက်အပြင် လီချောင်ဟု ခေါ်သော လူတစ်ဦးသာ ရှိသည်။

လီချောင်သည် ငယ်ရွယ်ပြီး အသက် ၃၀ သာ ရှိသေးသည်။ ကျန်းကျိုးအုပ်ချုပ်ရေးမှူး ချွေ့ကွမ်း ထောက်ခံပေးလိုက်သော သာမန်အရပ်သား နောက်ခံရှိသူဖြစ်သည်။

သူသည် ပါရမီရှိသော်လည်း နေရာမရခဲ့သူဟု ဆိုနိုင်သည်။ ယခင်ဧကရာဇ် လက်ထက်ကတည်းက စာမေးပွဲအောင်မြင်ပြီး အရာရှိ ဖြစ်ခဲ့သော်လည်း အရေးပါသော နေရာ မရခဲ့ပေ။ ထို့ကြောင့် ရာထူးမှ နုတ်ထွက်ပြီး ဇာတိမြေ ကျန်းကျိုးသို့ ပြန်ကာ ချွေ့ကွမ်း၏ အကြံပေးအဖြစ် လုပ်ကိုင်နေခဲ့ရာမှ ယခုမှသာ ထင်ရှားလာခြင်း ဖြစ်သည်။

ချွေ့ကွမ်းသည် ချွေ့ချိုက်နွီ၏ ဖခင်ဖြစ်သည်။ ချွေ့ချိုက်နွီသည် ရာထူးရပြီး ကြာမြင့်နေပြီ ဖြစ်သော်လည်း အိပ်ဆောင်ဝင်ခွင့် မရသေးပေ။ ထို့ကြောင့် အဆင်သင့် ဖြစ်သွားခဲ့သည်။

ထိုအချိန်ကျမှသာ ချွေ့ချိုက်နွီသည် ချူရှို့နန်းဆောင်တွင် နေထိုင်ကြောင်း နင်ချန် သတိထားမိလိုက်သည်။

သူ ရောက်သွားသောအခါ ဝမ်သယ့်ဖေးသည် ရှောင်နေ၍ မရတော့သဖြင့် ထွက်တွေ့ရသည်။ သို့သော် ဂါရဝပြုပြီးသည်နှင့် အရှင်မင်းကြီးသည် ချွေ့ချိုက်နွီ၏ ဘေးဆောင်သို့ ဝင်သွားခဲ့လေသည်။

ထိုလုပ်ရပ်ကြောင့် ဝမ်သယ့်ဖေးသည် တစ်ညလုံး အိပ်မပျော်နိုင်ဘဲ နှလုံးသား ကွဲကြေမတတ် ခံစားခဲ့ရသည်။

မနေ့ညက သူမ ဝမ်းနည်းနေသည်ကို နင်ချန် သတိပြုမိသည်။ နှစ်ပေါင်းများစွာ ချစ်မြတ်နိုးခဲ့ရသော အမျိုးသမီးဖြစ်သဖြင့် သူမ ဤသို့ဖြစ်နေသည်ကို မကြည့်ရက်ပေ။

ထို့ကြောင့် နောက်တစ်နေ့ မနက်စာကို ဝမ်သယ့်ဖေး၏ နန်းဆောင်မကြီးတွင် သုံးဆောင်ပြီးမှ ပြန်သွားခဲ့သည်။

"ချွေ့ချိုက်နွီရဲ့ နေစရာကို မိဖုရားခေါင်ကြီး စီစဉ်ပေးတာလား"

နင်ချန် မေးလိုက်သည်။

"ဟုတ်ပါတယ်၊ မိဖုရားခေါင်ကြီးက နန်းတော်ထဲမှာ သင့်တော်တဲ့ နန်းဆောင်တွေ မရှိသေးဘူး၊ မပြင်ဆင်ရသေးဘူးဆိုပြီး ချူရှို့နန်းဆောင်မှာ နေရာချပေးလိုက်တာပါ"

ယွမ်ကျိုက အမှန်အတိုင်း ပြန်လျှောက်တင်လိုက်သည်။

"ချွေ့ချိုက်နွီကို ချွေ့ပေါင်လင်ရာထူး တိုးပေးလိုက်၊ ပြီးတော့ သူ့အတွက် နေစရာ နောက်တစ်နေရာ စီစဉ်ပေးဖို့ မိဖုရားခေါင်ကြီးကို ပြောလိုက်။ ဝမ်သယ့်ဖေးဆီမှာ ကလေးရှိနေတော့ လူရှုပ်ရင် မကောင်းဘူး"

နင်ချန် ပြောလိုက်သည်။

မိဖုရားခေါင်ကြီး၏ လုပ်ရပ်ကို သူ မကျေမနပ်ဖြစ်မိသည်။ ချွေ့ချိုက်နွီကို ချူရှို့နန်းဆောင်တွင် ထားခြင်းသည် ရည်ရွယ်ချက် ရှိလွန်းနေသည်။

သို့သော် နင်ချန် မထင်မှတ်ထားသည်မှာ သူ၏ ဤလုပ်ရပ်ကြောင့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာခြင်းပင်။

နင်ချန်သည် ကျိုချန်နန်းဆောင်သို့ ပြန်ရောက်သည်နှင့် ကျားစခ်ထံမှ လွှာကြားချက်တစ်ခု လက်ခံရရှိလေသည်။

မဟာမင်းသား အောက်ချီ ရေးသားလိုက်ခြင်းဖြစ်ပြီး သူ၏ ညီမတော် မင်းသမီး ယွင်ရုန် တော်လန်နှင့် စတုတ္ထမင်းသား ချင်းကော်အာထိုက်တို့ လက်ထပ်ကြတော့မည့်အကြောင်းနှင့် ဧကရာဇ်အနေဖြင့် လက်ထပ်ခွင့် အမိန့်ပြန်တမ်း ထုတ်ပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။

လက်ထပ်ခွင့် အမိန့်ပြန်တမ်း ဆိုသည်မှာ အပြောသက်သက်သာဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ နင်ချန် သိရှိစေရန် အသိပေးခြင်းသာဖြစ်သည်။

မြက်ခင်းပြင်ဒေသမှ မင်းသားနှစ်ပါး၏ မိသားစုများ လက်ထပ်ထိမ်းမြားခြင်းသည် ကိစ္စသေး မဟုတ်ပေ။ နင်ချန်ကို အသိပေးခြင်းသည် အကြံဉာဏ်တောင်းခံခြင်းဖြစ်သလို သစ္စာစောင့်သိကြောင်း ပြသခြင်းလည်း ဖြစ်သည်။

တော်လန် မြင်းပေါ်မှပြုတ်ကျပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သည့် ကိစ္စတွင် မသမာမှုများ ရှိနေကြောင်း သေချာသော်လည်း နင်ချန်သည် ဆက်လက်စုံစမ်းခြင်း မပြုတော့ပေ။ ကိစ္စကြီးသွားပြီး ဆက်ဆံရေး ပျက်ပြားသွားမည်ကို မလိုလားသောကြောင့် ဖြစ်သည်။

ယခု တော်လန် နောက်အိမ်ထောင်ပြုတော့မည်ဖြစ်ရာ မျက်နှာသာမပေးလျှင် သဘောထားသေးသိမ်ရာ ကျပေလိမ့်မည်။

ထို့ကြောင့် သူသည် လက်ထပ်ခွင့်ကို သဘောတူလိုက်သည်။

တော်လန်နှင့် ချင်းကော်အာထိုက်တို့သည် စောစီးစွာကတည်းက ချစ်ခင်စုံမက်ခဲ့ကြသော်လည်း မိသားစု အကျိုးစီးပွားကြောင့် လက်မထပ်နိုင်ခဲ့ကြပေ။ ယခုအခါ ကံတရား၏ စီမံမှုကြောင့် ပြန်လည်ပေါင်းစည်းခွင့် ရရှိသွားကြပြီဖြစ်သည်။

သို့သော် ဤမင်းသားနှစ်ပါး၏ မိသားစုများ ပေါင်းစည်းသွားသဖြင့် ကျန်ရစ်သော ဒုတိယမင်းသားမှာ အသက်ကြီးပြီး ဩဇာကြီးမားလာသည်။ စူးဒီယာ၏အဖေ အစ်ကိုဖြစ်သော တရားဝင်သား တတိယမင်းသားမှာမူ အားနည်းသွားလေပြီ။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -198

အခန်း ၁၉၈ ။ အပြောခံလိုက်ရခြင်း

ထိုအကြောင်းကို အသေးစိတ် စဉ်းစားရန် အချိန်မရှိတော့သဖြင့် နင်ချန်သည် ဝတ်ရုံလဲပြီး ညီလာခံတက်ရန် ထွက်ခွာသွားခဲ့သည်။

ထိုအချိန်တွင် နောက်ဆောင်၌ နန်းဆောင်အသီးသီးမှ ကိုယ်လုပ်တော်များသည်လည်း ဖုန်းရှီးနန်းဆောင်တွင် နှုတ်ဆက်ဂါရဝပြုရန် စုဝေးရောက်ရှိနေကြပြီဖြစ်သည်။

ရက်အတော်ကြာ နေမကောင်းဟု အကြောင်းပြခဲ့သော ဝမ်သယ့်ဖေးသည်လည်း နောက်ဆုံးတွင် ပေါ်လာခဲ့သည်။

"စိတ်ချမ်းသာစရာ ရှိလာတော့ လူကလည်း လန်းဆန်းလာတာပေါ့။ သယ့်ဖေး ကြည့်ရတာ နေပြန်ကောင်းသွားပုံပဲ။ ချွေ့ပေါင်လင်က မျက်နှာသာပေးခံရတယ်ဆိုတော့ မင်းရဲ့ နန်းဆောင်ကလူပဲ၊ မင်းက ကောင်းကောင်း သွန်သင်ထားတာကိုး"

မိဖုရားခေါင်ကြီးက ပြုံးလျက် ပြောလိုက်သည်။

ဝမ်သယ့်ဖေး မျက်မှောင်ကြုတ်လိုက်သည်။

"အရှင်မင်းကြီးက ချွေ့ပေါင်လင်ကို ရာထူးတိုးပေးလိုက်ပြီလား"

"အို... ညီမလေး မသိသေးဘူးလား။ ဟုတ်သားပဲ၊ ညီမလေးက နောက်ကျမှ ရောက်တာကိုး။ ခုနလေးတင် အရှင်မင်းကြီးက အမိန့်တော်ချလိုက်တာလေ။ ချွေ့ချိုက်နွီက အိပ်ဆောင်ဝင် အမှုတော်ထမ်းတာ ကျေပွန်လို့ ပေါင်လင်ရာထူး တိုးပေးလိုက်တယ်။ ပြီးတော့ ချူရှို့နန်းဆောင်ကနေ ပြောင်းပြီး နေစရာအသစ် စီစဉ်ပေးဖို့ မိဖုရားခေါင်ကြီးကို မှာလိုက်သေးတယ်"

ရှူးဖေးက တမင်သက်သက် ပြောလိုက်သည်။

သူမ၏ စကားများတွင် ချန်လှပ်ထားခဲ့သော အကြောင်းအရာများစွာ ရှိနေသည်။

ဝမ်သယ့်ဖေး၏ ရင်ထဲ အေးစက်သွားပြီး ဒေါသများ ဝုန်းခနဲ ထွက်ပေါ်လာကာ အနောက်ဆုံးတွင် ရပ်နေသော ချွေ့ပေါင်လင်ကို လှမ်းကြည့်လိုက်သည်။ သူမ၏ အကြည့်များတွင် သတ်ချင်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။

မိဖုရားခေါင်ကြီးသည် ကြင်နာတတ်သော ပုံစံဖမ်းကာ နူးညံ့စွာ ဆက်ပြောလိုက်သည်။

"အရှင်မင်းကြီးက ညီမလေး ကလေးမွေးထားတာ မကြာသေးတော့ လူရှုပ်ရင် အနားယူလို့မရမှာစိုးလို့ စေတနာနဲ့ စီစဉ်ပေးတာပါ။ အစ်မတော်လည်း အစက သတိမထားမိလိုက်ဘူး။ ညီမလေးက အရှင်မင်းကြီးရဲ့ အချစ်တော်ဆိုတော့ လူသစ်တွေကို ညီမလေးလက်ထဲ ထည့်ပေးလိုက်ရင် အရှင်မင်းကြီး စိတ်တိုင်းကျအောင် ဘယ်လို ပြုစုရမလဲဆိုတာ သင်ပေးနိုင်မယ်လို့ တွေးမိခဲ့တာ။ ဒါပေမဲ့ အရှင်မင်းကြီးက ပြောတယ်၊ နောက်ဆို ညီမလေးရဲ့ နန်းဆောင်မှာ လူသစ်တွေ ထပ်မထည့်တော့ဘူးတဲ့။ ချူရှို့နန်းဆောင်မှာ ညီမလေးပဲ သီးသန့်နေတော့နော်"

"မိဖုရားခေါင်ကြီးက သတိမထားမိတာ မဟုတ်ပါဘူး။ အရှင်မင်းကြီးက ချွေ့ပေါင်လင်ကို သဘောကျနေတာ မြင်နေရတာပဲ။ ဒါ ဝမ်သယ့်ဖေးက ကောင်းကောင်း သွန်သင်ပေးထားလို့ မဟုတ်ဘူးလား"

ယဲ့ယွင်က ပြုံးဖြီးဖြီးဖြင့် ဝင်ပြောလိုက်သည်။

ပြီးခဲ့သည့် အခေါက်က ဒူးထောက်ခိုင်းခဲ့သည့် ကိစ္စကြောင့် သူတို့နှစ်ဦးကြားတွင် ရန်ငြိုးရှိပြီးသား ဖြစ်သည်။ အခွင့်အရေးရတုန်း နင်းချေလိုက်ခြင်းဖြင့် စိတ်ကျေနပ်မှုကို ရယူလိုက်ခြင်းပင်။

"ငါက မိဖုရားခေါင်ကြီးနဲ့ စကားပြောနေတာ၊ နင်က ဘာအဆင့်မို့လို့ ဝင်ပြောရတာလဲ"

ဝမ်သယ့်ဖေးက သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ဝမ်ရှိုးရီက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"သယ့်ဖေးမယ်မယ်က ကိုယ်လုပ်တော်ပဲ၊ ဒီချန်းချဲ့တို့လည်း ကိုယ်လုပ်တော်တွေပဲလေ။ ဘာလို့ မယ်မယ်က အဆင့်အတန်း ခွဲခြားနေရတာလဲ။ သယ့်ဖေးမယ်မယ်ကပဲ မိဖုရားခေါင်ကြီးနဲ့ ပြောခွင့်ရှိပြီး ကျန်တဲ့လူတွေက ပြောခွင့်မရှိဘူးလို့ ဆိုလိုချင်တာလား"

"အစ်မတော်ဝမ်က သဘောပေါက်လွယ်ပေမဲ့ တချို့လူတွေက နားမလည်ကြဘူး။ ကိုယ်လုပ်တော်ချင်း အတူတူကို ကိုယ့်ကိုယ်ကိုယ် ပိုမြင့်မြတ်တယ်လို့ ထင်နေကြတယ်။ ကိုယ့်ကိုယ်ကိုယ် ကိုယ်လုပ်တော်လို့ မထင်တာများလား"

ယဲ့ယွင်က မျက်ခုံးပင့်ကာ အေးဆေးစွာပင် တုံ့ပြန်လိုက်သည်။

ဝမ်သယ့်ဖေးသည် ဤကဲ့သို့ ဝိုင်းပယ်ခံရခြင်းမျိုး တစ်ခါမျှ မကြုံဖူးသဖြင့် ဒေါသထွက်လာသည်။

ဝမ်ရှိုးရီ၏ နှာခေါင်းကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။

"ဝမ်ရှိုးရီ... နင်က အခု တော်တော် ရဲလာပါလား။ သမီးလေးတစ်ယောက် မွေးပေးပြီး အရှင်မင်းကြီးက နည်းနည်း မြှောက်စားလိုက်တာနဲ့ အမြီးက ကောင်းကင်ပေါ် ရောက်နေပြီပေါ့လေ"

"တော်ကြစမ်း!"

မိဖုရားခေါင်ကြီးက စားပွဲကို ရိုက်ကာ ဟန့်တားလိုက်သည်။

"ဝမ်သယ့်ဖေး... မင်းက တဖြည်းဖြည်းနဲ့ စည်းကမ်းမရှိ ဖြစ်လာတယ်။ ဝမ်ရှိုးရီက ဒုတိယမင်းသမီးလေးကို မွေးပေးလို့ တော်ဝင်သွေးသား တိုးပွားစေတဲ့ ကုသိုလ်ရှိတယ်။ ဒုတိယမင်းသမီးလေးက အရှင်မင်းကြီးရဲ့ သွေးသားရင်း၊ နတ်ပြည်က ဆင်းသက်လာတဲ့ သမီးပျိုလေး။ မင်းပါးစပ်ထဲရောက်တော့ တန်ဖိုးမရှိသလို ဖြစ်သွားရတာလား"

ယဲ့ယွင်က နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ချက်ချင်းပင် မီးလောင်ရာ လေပင့်လိုက်သည်။

"ဝမ်သယ့်ဖေးမယ်မယ်က ပထမမင်းသားကို မွေးထားတာဆိုတော့ တခြားမင်းသား၊ မင်းသမီးတွေကို အထင်မကြီးတာ နေမှာပါ။ အရှင်မင်းကြီးရဲ့ သွေးသားချင်း အတူတူတောင် ပထမမင်းသားကပဲ အမြင့်မြတ်ဆုံးလို့ ထင်နေပုံရတယ်"

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ ငါက ဘယ်တုန်းက တော်ဝင်သွေးသားကို အထင်သေးတယ်လို့ ပြောလို့လဲ။ ယဲ့မျိုးရိုး... မင်း လူပါးဝမနေနဲ့"

ဝမ်သယ့်ဖေးသည် ဒေါသထွက်လွန်း၍ ဘေးနားမှ အနီးကပ်အစေခံ ပိုင်လုကို ရှေ့သို့ တွန်းပို့လိုက်သည်။

"မင်ကျယ်ယွီက အဆင့်မြင့်တဲ့သူကို စော်ကားတယ်။ အထက်အောက် မလေးစားဘူး။ သူ့ပါးကို ရိုက်စမ်း"

သူမ၏ သခင်မ စိတ်လွတ်နေသော်လည်း ပိုင်လုမှာမူ သတိရှိသေးသည်။ မိဖုရားခေါင်ကြီး ရှေ့မှောက်တွင် မည်သို့လုပ်၍ ကျော်ခွပြီး အပြစ်ပေးရဲမည်နည်း။

ထင်သည့်အတိုင်းပင် သူမ မလှုပ်ရှားရသေးခင်မှာပင် မိဖုရားခေါင်ကြီး၏ ဘေးမှ တင်းမားမားက အော်ဟစ်လိုက်သည်။

"သယ့်ဖေးမယ်မယ်က တော်တော် အာဏာပြချင်နေပါလား။ ဖုန်းရှီးနန်းဆောင်မှာတောင် ကိုယ်လုပ်တော်ကို ပါးရိုက်ခိုင်းရဲတယ်။ မိဖုရားခေါင်ကြီးကို မျက်လုံးထဲ မထည့်တော့ဘူးလား"

"ကဲ... တော်ကြတော့။ ပန်းကုန်းကြည့်ရတာ ဝမ်သယ့်ဖေးက နေမကောင်းလို့ စိတ်ကယောင်ကတမ်း ဖြစ်နေပုံပဲ။ ဒီလဝက်လောက် ဖုန်းရှီးနန်းဆောင်ကို ဂါရဝပြုမလာနဲ့တော့။ မင်းရဲ့ ချူရှို့နန်းဆောင်မှာပဲ ကောင်းကောင်း အနားယူလိုက်တော့"

မိဖုရားခေါင်ကြီးက မျက်နှာထားတင်းတင်းဖြင့် အမိန့်ပေးလိုက်သည်။

ဤသည်မှာ အကျယ်ချုပ်ချလိုက်ခြင်းပင် ဖြစ်သည်။

ဝမ်သယ့်ဖေးသည် ယခုတစ်ခေါက် အရှက်ကွဲသွားပြီဖြစ်ပြီး ဆက်လက်ဆူပူနေလျှင်လည်း အကျိုးမရှိနိုင်မှန်း သိသဖြင့် နှာခေါင်းပိတ်ကာ အပြစ်ဒဏ်ကို ခံယူလိုက်ရတော့သည်။

နောက်ဆုံးတွင် မိဖုရားခေါင်ကြီးသည် ချွေ့ပေါင်လင်အတွက် ချွန်းရှီးနန်းဆောင်၏ အရှေ့ဘက်ဆောင်ကို စီစဉ်ပေးလိုက်သည်။ သို့သော် ထိုနေရာကို မရှင်းလင်းရသေးသဖြင့် သန်ဘက်ခါမှ ပြောင်းရွှေ့ရန် သတ်မှတ်လိုက်သည်။

ဖုန်းရှီးနန်းဆောင်မှ ထွက်လာပြီးနောက် ဝမ်သယ့်ဖေးသည် ဝေါယာဉ်ပေါ်သို့ တက်လိုက်ပြီး ယဲ့ယွင်ကို အပေါ်စီးမှ ကြည့်ကာ ဒေါသမျက်ဝန်းများဖြင့် ပြောလိုက်သည်။

"မင်ကျယ်ယွီက စကားပြော တော်တော်ကျွမ်းကျင်တာပဲ။ တစ်နေ့ကျရင် စကားမှားပြီး လျှာအဖြတ်မခံရအောင် သတိထားဦး"

ယဲ့ယွင် မော့ကြည့်လိုက်ပြီး အေးစက်စွာ ပြုံးပြလိုက်သည်။ ထို့နောက် အရိုအသေပြုလိုက်၏။

"မယ်မယ့်ကြောင့် ဥယျာဉ်တော်မှာ ဒူးထောက်ခဲ့ရပြီးကတည်းက ဒီချန်းချဲ့ ပိုပြီး သတိထားတတ်လာပါပြီ။ အဲ့ဒီလိုနေ့မျိုး ရောက်မလာလောက်ပါဘူး"

ခဏရပ်ပြီးနောက် သူမ ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ မယ်မယ်ကတော့... ဟိုတုန်းက မီးဖွားရခက်တုန်းက ဒီချန်းချဲ့ ပို့ပေးလိုက်တဲ့ နှစ်တစ်ရာ သက်တမ်းရှိ ဂျင်ဆင်းက အစွမ်းထက်လွန်းပြီး အားရှိလွန်သွားလို့ အခုလို ဒေါသကြီးနေတာလား မသိဘူး။ တစ်နေ့ကျရင် ဒီဒေါသတွေကို ဒီချန်းချဲ့ခေါင်းပေါ် လာပုံချမယ်မှန်း သိခဲ့ရင် အဲ့ဒီတုန်းက မပို့ပေးဘဲ နေလိုက်တာ ပိုကောင်းမလားလို့ တွေးမိတယ်။”

"ညီမလေးက စိတ်ထားကောင်းတော့ ဘယ်လိုလုပ်ပြီး မပို့ဘဲ နေမှာလဲ။ မြွေကို ကယ်လိုက်တဲ့ လယ်သမားက မြွေပြန်ကိုက်တာ ခံလိုက်ရသလိုပေါ့။ မြွေက စိတ်ထားယုတ်မာတာလေ၊ လယ်သမားရဲ့ စေတနာကို ဘယ်လိုလုပ် အပြစ်တင်လို့ ရမှာလဲ။”

ဝမ်ရှိုးရီသည် လျှောက်လာပြီး သူမဘေးတွင် ယှဉ်ရပ်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ဝင်ထောက်လိုက်သည်။

ဝမ်သယ့်ဖေး၏ မျက်နှာသည် ချက်ချင်း နီရဲသွားသည်။ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဝေါယာဉ်ထမ်းများကို ထွက်ခွာရန် အမိန့်ပေးလိုက်သည်။

သူမတို့နှစ်ဦးက သူမကို ကျေးဇူးကန်းပြီး ယုတ်မာသူဟု သွယ်ဝိုက်ပြောဆိုနေခြင်းကို သူမ ရှက်ရွံ့မိပြီး ပြန်လည်ချေပရန်လည်း စကားမရှိ ဖြစ်သွားခဲ့သည်။

ပြန်သွားသောလမ်းတစ်လျှောက်လုံး ဝမ်သယ့်ဖေးသည် သူမကိုယ်သူမ စိတ်ဖြေသိမ့်နေရသည်။ ယဲ့ယွင် ဂျင်ဆင်း လာပို့ခြင်းသည် အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို လိုချင်၍သာ ဖြစ်သည်။ စေတနာစစ်မဟုတ်ဟု ကိုယ့်ကိုယ်ကိုယ် တွင်တွင် ပြောဆိုကာ စိတ်ဖြေနေရသည်။

.....

လူရှင်းသွားသောအခါ ယဲ့ယွင်သည် ဝမ်ရှိုးရီကို လေးလေးနက်နက် ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ဝင်ကူပြောပေးတဲ့အတွက် အစ်မတော်ကို ကျေးဇူးတင်ပါတယ်"

ဝမ်ရှိုးရီက ပြုံးလျက် လက်ကာပြလိုက်သည်။

"ဘာလို့ ဒီလောက် အားနာနေရတာလဲ။ ညီမလေးက ဉာဏ်ကောင်းပြီးသားပါ။ အစ်မတော် ဝင်မပြောရင်လည်း ဖြေရှင်းနိုင်မှာပါ"

သူမတို့နှစ်ဦး နှုတ်ဆက်စကားဆိုကာ လမ်းခွဲလိုက်ကြသည်။

......

အခြားတစ်ဖက်တွင် ဝမ်သယ့်ဖေးသည် ဝေါယာဉ်ဖြင့် ပြန်သွားသဖြင့် ချူရှို့နန်းဆောင်သို့ အရင်ရောက်ရှိသွားသည်။ ချွေ့ပေါင်လင်မှာမူ လမ်းလျှောက်ပြန်လာရပြီး မိဖုရားခေါင်ကြီး ပို့လိုက်သော ဆုလက်ဆောင်များနှင့် အချိန်ကိုက် ပြန်ရောက်လာသည်။

ကိုယ်လုပ်တော်များ ပထမဆုံးအကြိမ် အိပ်ဆောင်ဝင်ပြီးလျှင် ဆုလက်ဆောင် ချီးမြှင့်ခံရသည်မှာ ထုံးစံပင်။

သို့သော် မိဖုရားခေါင်ကြီးသည် တမင်သက်သက် ပိုထည့်ပေးလိုက်ပြီး ပစ္စည်းလာပို့သော မိန်းမစိုးကိုလည်း စကားပါးခိုင်းလိုက်သေးသည်။

"အရှင်မင်းကြီးက ပေါင်လင်ကို သဘောကျတော်မူတယ်။ ကျွန်တော်မျိုးတို့ မယ်

မယ်ကလည်း အရှင်မင်းကြီးနဲ့ စိတ်ချင်းတစ်သားတည်းမို့ ပေါင်လင်အနေနဲ့ တော်ဝင်မျိုးဆက်တွေ မြန်မြန် မွေးပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"

"မယ်မယ်ရဲ့ စေတနာကို ကျေးဇူးတင်ကြောင်း ကျွန်မကိုယ်စား ပြောပေးပါ။ မယ်မယ် မျှော်လင့်ထားသလို ဖြစ်အောင် ကြိုးစားပါ့မယ်လို့လည်း ပြောပေးပါဦး"

ချွေ့ပေါင်လင်က ပြောလိုက်သည်။

နန်းတွင်းသို့ မဝင်ခင်က သတိထားရန် မည်မျှပင် သတိပေးခံခဲ့ရပါစေ၊ သူမသည် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးသာ ဖြစ်သေးသည်။

ရုတ်တရက် အထက်လူကြီးများ၏ မြှောက်စားခြင်းကို ခံရသောအခါ အနည်းငယ် ဘဝင်မြင့်မိသည်မှာ သဘာဝပင်။

ထိုသို့ ဘဝင်မြင့်နေသည့်ပုံစံကို ဝမ်သယ့်ဖေး မြင်တွေ့လိုက်ရသောအခါ မျက်စိစူးသွားလေသည်။

အရှင်မင်းကြီးက ချွေ့ပေါင်လင်ကို ရာထူးတိုးပေးပြီး ချူရှို့နန်းဆောင်မှ ပြောင်းခိုင်းခြင်းသည် သူမကို မမြင်ချင်တော့၍ ချွေ့ပေါင်လင်ကို သီးသန့် ခေါ်ယူပျော်ပါးလိုသောကြောင့် ဖြစ်မလား။

ဝမ်သယ့်ဖေး တွေးမိလေ ဝမ်းနည်းလေ ဖြစ်ပြီး နန်းဆောင်တံခါးကို ပိတ်ခိုင်းလိုက်တော့သည်။ မျက်စိကန်း တစ္ဆေမကြောက် ဆိုသလို မမြင်ရလျှင် ပြီးပြီဟု သဘောထားလိုက်သည်။

သို့သော် အခြားနန်းဆောင်များမှ မိဖုရားခေါင်ကြီးနှင့်အပြိုင် လာရောက်ပေးပို့ကြသော လက်ဆောင်များသည် များပြားလှသဖြင့် လူဝင်လူထွက် များနေသည်။ မမြင်ရသော်လည်း အသံများကို ကြားနေရသည်။

ပို၍ ဆိုးသည်မှာ စည်းမျဉ်းအရ သူမကိုယ်တိုင်လည်း ချွေ့ပေါင်လင်ကို လက်ဆောင်ပေးရဦးမည် ဖြစ်သည်။

ပိုင်လုသည် သခင်မ စိတ်ဆင်းရဲမည်စိုး၍ ပိုင်ရွှမ်းနှင့် တိုင်ပင်ကာ စည်းမျဉ်းအတိုင်း စီစဉ်လိုက်ပြီး သခင်မကို အသိမပေးဘဲ နေလိုက်ကြသည်။

ချွေ့ပေါင်လင်သည် ကျေးဇူးတင်စကား ဆိုရန် သူမ၏ အနီးကပ်အစေခံ ယင်းကျူကို နန်းဆောင်မကြီးသို့ စေလွှတ်လိုက်သည်။

ဝမ်သယ့်ဖေးသည် လက်မခံဘဲ နန်းဆောင်ထဲတွင် တစ်နာရီခန့် စောင့်ခိုင်းပြီးမှ ပြန်လွှတ်လိုက်လေသည်။

ထိုညတွင် ကောင်းကင်ကြီးက ဝမ်သယ့်ဖေး၏ စိတ်ကို သိနေသည့်အလား ညဉ့်နက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းလေတော့သည်။

တစ်ညလုံး မိုးသံ တဖွဲဖွဲ ကြားနေရပြီး ဝမ်သယ့်ဖေးလည်း တစ်ညလုံး အိပ်မပျော်ခဲ့ပေ။

နောက်တစ်နေ့ မိုးလင်းသောအခါ သူမသည် ပိုင်လုကို အခန်းထဲသို့ ခေါ်ကာ တစ်စုံတစ်ရာ ပြောဆိုလိုက်သည်။

ဘေးဆောင်မှ ချွေ့ပေါင်လင် ဂါရဝပြုရန် ထွက်သွားပြီးနောက် ပိုင်လုသည် ချွေ့ပေါင်လင်၏ အခန်းမှ သန့်ရှင်းရေးလုပ်သော အစေခံမလေးကို ခဏတာ ခေါ်ထုတ်သွားလေသည်။

***

(T/N- ဝမ်သယ့်ဖေးက တကယ်နော် လက်လန်တယ်။ အမှန်ဆို ဒီမင်ဖတ်ဖူးတဲ့အနောက်ဆောင်အပုဒ်တွေထဲမှာ နင်ချန်က တမာတမတ်အကျဆုံးပဲလို့ထင်တယ်။

၂၁ ရာစုရှုထောင့်ကနေပြောတာမဟုတ်ပဲ သူတို့ခေတ်သူတို့ခါရှုထောင့်ကနေပြောတာပေါ့နော်။ ယဲ့ယွင်မလာခင်ကတည်းက ဝမ်ဖေးကို အလိုလိုက်ပေမဲ့လည်း တစ်ဖက်က မိဖုရားခေါင်ကိုလည်းမပြစ်ထားဘူး။ ကြားထဲသူ့သွေးသားမွေးတဲ့ကိုယ်လုပ်တော်ရှိရင်လည်း တခြားဘုရင်တွေလို ပစ်ထားတာမျိုးမလုပ်ပဲ ဂရုစိုက်တယ်ဆိုရမှာပေါ့။ အခုလည်းကြည့်ဝမ်းဖေးမကြိုက်တာသိလို့ ချိုက်နွှီလေးကိုအဆောင်ရွှေ့ပေးတာကို စေတနာကနေ ဝေဒနာဖြစ်သွားပြီ။ အမှန်တော့အမောင်နင်ချန်က အနောက်ဆောင်အေးချမ်းအောင်အကုန်စီစဉ်ပေမဲ့ သူယူထားတဲ့မိန်းမတွေကမအေးချမ်းနိုင်တာခက်တာပဲ🤣)

All Chapters