အခန်း (၁၉၉-၂၀၀)
Vol. 13 Ch. 199-200
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -199
အခန်း ၁၉၉ ။ သူစိမ်းဆန်ခြင်း
ချွေ့ပေါင်လင်သည် နှုတ်ဆက်ဂါရဝပြုရာမှ ပြန်ရောက်ရောက်ချင်းတွင် နန်းဆောင်မကြီးမှ အစေခံတစ်ယောက်က သူမကို ခေါ်ဆောင်သွားသည်။
ဝမ်သယ့်ဖေးသည် အဖိုးတန်ဝတ်ရုံကြီးကို ဝတ်ဆင်ထားပြီး မျက်နှာတွင် ဒေါသအပြည့်ရှိနေသည်။ ချွေ့ပေါင်လင် ဝင်လာသည်နှင့် သူမ၏ လက်ဘေးရှိ လက်ဖက်ရည်ခွက်ဖြင့် ပစ်ပေါက်လိုက်သည်။
ချွေ့ပေါင်လင်သည် ရှောင်တိမ်းချိန်မရလိုက်ဘဲ လက်ဖက်ရည်ခွက်သည် သူမ၏ ပခုံးကို ထိမှန်သွားကာ ပူလောင်သော လက်ဖက်ရည်ရည်များကြောင့် အော်ဟစ်လိုက်မိသည်။
"ချွေ့ပေါင်လင်... နင် အပြစ်ကို သိလား"
ဝမ်သယ့်ဖေးက အသံနိမ့်ဖြင့် ဟိန်းဟောက်လိုက်သည်။
"မယ်မယ်... စိတ်လျော့ပါဦး။ ဒီချန်းချဲ့ ဘာအမှားလုပ်မိလို့ မယ်မယ် ဒီလောက် ဒေါသထွက်နေရတာလဲဆိုတာ ရှင်းပြပေးပါဦး"
ချွေ့ပေါင်လင်သည် ကြောင်တောင်တောင် ဖြစ်နေသော်လည်း ချက်ချင်း ဒူးထောက်ကာ တောင်းပန်လိုက်သည်။
ကွဲသွားသော ကြွေခွက်အပိုင်းအစများက သူမ၏ ခြေထောက်နားတွင် ရှိနေသဖြင့် ဒူးထောက်လိုက်သောအခါ ဒူးနှင့် လက်ဖဝါးများ ရှသွားပြီး နာကျင်လွန်း၍ မျက်နှာပျက်သွားကာ ကမန်းကတန်း ဘေးသို့ ရွှေ့လိုက်ရသည်။
ဝမ်သယ့်ဖေးက နှာမှုတ်လိုက်ပြီး လက်ပြကာ "ပိုင်လု... နင် သူ့ကို ပြောပြလိုက်စမ်း" ဟု အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ မယ်မယ်"
ပိုင်လုသည် အရိုအသေပြုလိုက်ပြီး မျက်လုံးအကြည့် မှေးမှိန်လျက် ရှေ့သို့ တိုးလာသည်။
"ပေါင်လင်ရဲ့ အနီးကပ်အစေခံက ကျွန်မတို့ မယ်မယ်ရဲ့ ဆံထိုးပန်းကို ခိုးသွားပါတယ်။ အဲ့ဒီပစ္စည်းက တောင်ပိုင်းပုလဲတွေ၊ ငွေချည်တွေနဲ့ လုပ်ထားတာပါ။ ဝတ်ဆံတွေဆိုရင်လည်း အကောင်းစား သိုးအဆီကျောက်စိမ်းနဲ့ ထွင်းထားတာပါ။ အဲ့ဒါ အရှင်မင်းကြီးကိုယ်တိုင် ချီးမြှင့်ထားတဲ့ပစ္စည်း ဖြစ်ပါတယ်။ အရှင်မင်းကြီး ပေးသနားထားတဲ့ ပစ္စည်းကို ခိုးယူတာကသေဒဏ်ထိုက်ပါတယ်"
ယင်းကျူကြားလိုက်ရသောအခါ ကမန်းကတန်း ငြင်းဆိုလေသည်။
"မဟုတ်ပါဘူး၊ မလုပ်ပါဘူး။ ဒီချန်းချဲ့ ပစ္စည်းမခိုးပါဘူး။ မယ်မယ် သေချာ စစ်ဆေးပေးပါ။ ဒီချန်းချဲ့ တကယ် မလုပ်ခဲ့ပါဘူး"
"ပန်းကုန်းက အကြောင်းမဲ့သက်သက် နင့်လို အောက်တန်းစား အစေခံတစ်ယောက်ကို စွပ်စွဲစရာလား။ ဒီပစ္စည်းကို နင့်ကုတင်အောက်က သေတ္တာထဲကနေ ရှာတွေ့ထားတာ"
ဝမ်သယ့်ဖေးက စားပွဲကို ရိုက်ကာ ပြောလိုက်သည်။
ပိုင်ရွှမ်းက ချက်ချင်း ရှေ့တိုးလာပြီး ထောက်ခံပြောဆိုသည်။
"မနေ့က ယင်းကျူက ချွေ့ပေါင်လင်ကိုယ်စား နန်းဆောင်မကြီးကို လာပြီး ကျေးဇူးတင်စကား လာပြောခဲ့တယ်။ အဲ့ဒီအချိန်မှာ မယ်မယ်က ပထမမင်းသားလေးကို သိပ်နေလို့ မတွေ့ဖြစ်ခဲ့ဘူး။ သူတစ်ယောက်တည်း အပြင်ခန်းမှာ နံ့သာတိုင်တစ်တိုင်စာလောက် ကြာအောင် စောင့်နေခဲ့တယ်။ မယ်မယ်ရဲ့ ဆံထိုးပန်းက အပြင်ခန်းက မှန်တင်ခုံပေါ်မှာ တင်ထားတာ၊ အဲ့ဒီအချိန်မှာ သူ ခိုးသွားတာ သေချာတယ်"
ယခုအခါ ချွေ့ပေါင်လင် သဘောပေါက်သွားပြီဖြစ်သည်။ ဤသည်မှာ သေချာပေါက် ထောင်ချောက်ဆင်ခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ငြင်းချက်ထုတ်ရန် သက်သေအထောက်အထား မရှိပေ။ မနေ့က ယင်းကျူသည် နန်းဆောင်မကြီး၏ အပြင်ခန်းတွင် တစ်ယောက်တည်း အချိန်အကြာကြီး ရှိနေခဲ့သည်မှာ အမှန်ပင်။
ထိုအချိန်တွင် ပိုင်လုက ဆက်ပြောသည်။
"အနောက်ဘက်ဆောင်က သန့်ရှင်းရေးအစေခံ ကျူရှန်းက သက်သေခံနိုင်ပါတယ်။ ညဘက်တုန်းက ယင်းကျူက ကုတင်အောက်က သေတ္တာကို ဖွင့်ပြီး ပစ္စည်းတချို့ ထည့်လိုက်တာကို သူ မြင်လိုက်တယ်တဲ့"
ယင်းကျူသည် ငိုကြွေးရင်း ခေါင်းခါငြင်းဆိုသည်။
"အဲ့ဒါက ချွေ့ပေါင်လင် ဆုချထားတဲ့ ငွေလက်ကောက်တစ်စုံကို သေတ္တာထဲ ထည့်သိမ်းတာပါ၊ မယ်မယ်ရဲ့ ဆံထိုးပန်း မဟုတ်ပါဘူး"
သို့သော် ယခုအခါ သက်သေလူနှင့် သက်သေပစ္စည်း အစုံအလင် ရှိနေပြီဖြစ်သည်။ ယင်းကျူ၏ သေတ္တာထဲမှ ပစ္စည်းကို ရှာတွေ့စဉ်က အစေခံဆယ်ယောက်ကျော် ရှိနေပြီး အားလုံး မြင်တွေ့ခဲ့ကြသဖြင့် ငြင်း၍ မရတော့ပေ။
“ပန်းကုန်းကြည့်ရတာ နင့်ဘေးမှာ အစေခံ သိပ်မရှိဘူးဆိုပြီး အိမ်ပြောင်းဖို့ ကူညီပေးမလို့ လူလွှတ်လိုက်တာ။ မတော်တဆ သေတ္တာပြုတ်ကျပြီး ကွဲသွားလို့သာ နင့်အစေခံ ခိုးထားတာကို သိလိုက်ရတာ။ တကယ့်ကို ကျေးဇူးကန်းလိုက်တဲ့ဟာတွေ"
ဝမ်သယ့်ဖေးက အေးစက်စွာ ပြောလိုက်သည်။
ချွေ့ပေါင်လင် အသည်းအသန် တောင်းပန်လေသည်။
"မယ်မယ်... ယင်းကျူက ငယ်ငယ်ကတည်းက ဒီချန်းချဲ့ကို ပြုစုလာတာပါ။ သူ့စိတ်နေစိတ်ထားကို ဒီချန်းချဲ့ အသိဆုံးပါ။ သူ ခိုးမှာ မဟုတ်ပါဘူး။ ဒါ... ဒါ တစ်ယောက်ယောက်က တမင်သက်သက် လုပ်ကြံတာ ဖြစ်နိုင်ပါတယ်"
"ပေါင်လင်... လူတွေရဲ့ စိတ်နှလုံးဆိုတာ မြင်ရခက်ပါတယ်။ ဘယ်လိုလုပ်ပြီး အာမခံနိုင်မှာလဲ။ ယင်းကျူက သာမန် နန်းတွင်းအစေခံတစ်ယောက်ပဲလေ၊ ဘယ်သူက သူ့ကို အားအားယားယား လုပ်ကြံနေမှာလဲ။ ကျွန်မတို့ မယ်မယ်က သဘောထားကြီးပါတယ်။ ဥပဒေအရဆိုရင် အရှင်မင်းကြီး ပေးသနားတဲ့ပစ္စည်းကို ခိုးယူခြင်းက သေဒဏ်ထိုက်ပါတယ်။ ဒါပေမဲ့ ပေါင်လင်ရဲ့ မျက်နှာကို ထောက်ပြီး တုတ်ချက် ၅၀ ရိုက်၊ ပြီးရင် အလုပ်ကြမ်းလုပ်ဖို့ ပို့လိုက်ပါမယ်။ ဒီလို လက်မသန့်တဲ့လူကို ဘေးမှာ ဆက်ထားလို့ မဖြစ်ပါဘူး"
ပိုင်လု စကားဆုံးသည်နှင့် လက်ဝှေ့ယမ်းလိုက်ရာ အရပ်ရှည်ရှည် မိန်းမစိုးနှစ်ယောက် ရောက်လာပြီး ငိုယိုအော်ဟစ်နေသော ယင်းကျူကို ခြံဝင်းထဲသို့ ဆွဲထုတ်သွားကြသည်။
ချွေ့ပေါင်လင်သည်လည်း အလိုလိုက်ခံရကာ ကြီးပြင်းလာသူဖြစ်၍ ဤကဲ့သို့သော မြင်ကွင်းမျိုး တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ဝင်ရောက်တောင်းပန်ရန်လည်း မရဲ၊ ငိုရန်လည်း မရဲဘဲ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် မျက်ရည်များ စီးကျကာ ပါးစပ်ကိုအုပ်ပြီး တုန်ရီနေတော့သည်။
တုတ်ချက် ၃၀ ခန့် ရိုက်ပြီးချိန်တွင် ယင်းကျူသည် အော်ဟစ်ငိုကြွေးရန် အားအင်မရှိတော့ပေ။
အပြစ်ပေးသူများသည် အားကုန်သုံး၍ ရိုက်နှက်ကြသဖြင့် သူမ၏ အသားအရေများ စုတ်ပြတ်ကွဲအက်နေလေပြီ။ ဤအတိုင်းသာ ဆက်ရိုက်ပါက တုတ်ချက် ၅၀ ပြည့်လျှင် အသက်ရှင်ရန် မဖြစ်နိုင်တော့ပေ။
ထိုအချိန်တွင်ပင် အပြင်ဘက်မှ "အရှင်မင်းကြီး ကြွလာပြီ" ဟူသော အသံကို ကြားလိုက်ရသည်။
မိဖုရားခေါင်ကြီးသည် ကျိုချန်နန်းဆောင်သို့ သွားရောက်ပြီး ဝမ်သယ့်ဖေး နေမကောင်း၍ စိတ်ကယောင်ကတမ်း ဖြစ်နေသဖြင့် ဂါရဝပြုပွဲ မတက်ရောက်ရန် ခွင့်ပြုထားကြောင်း၊ သို့သော် သူမ နားလည်မှုလွဲပြီး ဝမ်းနည်းနေမည်ကို စိုးရိမ်သဖြင့် အရှင်မင်းကြီးအား သွားရောက်ကြည့်ရှုပေးရန် မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။
နင်ချန်သည် ပြီးခဲ့သောရက်က ဝမ်သယ့်ဖေး ဝမ်းနည်းနေသည်ကို သတိရမိသဖြင့် လာခဲ့ခြင်းဖြစ်သည်။ သို့သော် ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် သွေးထွက်သံယို မြင်ကွင်းကို တွေ့လိုက်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ယင်းကျူသည် သွေးများ စွန်းထင်းနေသော အဝတ်စုတ်တစ်ခုအလား ခုံတန်းရှည်ပေါ်တွင် မှောက်လျက် ရှိနေသည်။ မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် ပြည့်နှက်နေပြီး ပါးစပ်ထောင့်တွင် ခြောက်သွေ့နေသော သွေးစွန်းအရာများ ရှိနေသည်။ မျက်လုံးများ တစ်ဝက်ပွင့်နေသော်လည်း အကြည့်များ ဝေဝါးနေပြီဖြစ်သည်။
ဝမ်သယ့်ဖေးသည် နန်းဆောင်မကြီးထဲမှ ထွက်လာပြီး ထိတ်လန့်သွားသည်။
အရှင်မင်းကြီး ရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ အပြစ်ပေးနေသော မိန်းမစိုးများကို ချက်ချင်း ရပ်ခိုင်းလိုက်သည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး ဘာကိစ္စကြောင့် ရောက်လာရတာပါလဲ"
"ထပါ။ မင်း နေမကောင်းဖြစ်နေတယ်လို့ မိဖုရားခေါင်ကြီး ပြောတာနဲ့ လာကြည့်တာ။ ဒါက ဘာလုပ်နေကြတာလဲ"
နင်ချန် မျက်မှောင်ကြုတ်လိုက်သည်။
ပိုင်ရွှမ်းက အမြန်ရှေ့တိုးပြီး လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး၊ ဒီအစေခံက အရှင်မင်းကြီး ပေးသနားထားတဲ့ ပစ္စည်းကို ခိုးယူပါတယ်။ ဥပဒေအရဆိုရင် သေဒဏ်ပေးရမှာပါ။ ဒါပေမဲ့ သူက ချွေ့ပေါင်လင်ရဲ့ အနီးကပ်အစေခံ ဖြစ်နေလို့ မယ်မယ်က တုတ်ချက်အနည်းငယ် ရိုက်ပြီး တခြားနေရာကို ပို့ဖို့ပဲ အမိန့်ပေးထားတာပါ"
ထိုအချိန်တွင် ချွေ့ပေါင်လင်သည်လည်း နန်းဆောင်ထဲမှ ယိုင်နဲ့စွာ ထွက်လာသည်။ သူမ၏ ပုံစံမှာ ရှုပ်ပွနေပြီး မျက်နှာပေါ်တွင် မျက်ရည်စီးကြောင်းများ ရှိနေသည်။
သူမ တိုးတိုးလေး ကာကွယ်ပြောဆိုလိုက်သည်။
"အရှင်မင်းကြီး... ယင်းကျူက မခိုးပါဘူး။ ဒါ အထင်လွဲမှုတစ်ခုခု ရှိနေတာပါ"
နင်ချန် သူမကို တစ်ချက်ကြည့်လိုက်ရာ စိုရွှဲနေသော အဝတ်အစားများ၊ လည်ပင်းမှ အပူလောင်ရာများနှင့် လက်ဖဝါး၊ ဒူးခေါင်းတို့မှ သွေးစွန်းရာများကို တွေ့လိုက်ရသည်။
ချက်ချင်းပင် သူ အခြေအနေကို သဘောပေါက်သွားသည်။
အကြည့်ကို ပြန်ရုတ်ပြီး ဝမ်သယ့်ဖေးကို ကြည့်လိုက်ရာ သူမသည် အနေရခက်စွာဖြင့် မျက်လွှာချသွားသည်။
ယခုအခါ နင်ချန်သည် အရာအားလုံးကို ခန့်မှန်းမိသွားပြီဖြစ်သည်။
ဝမ်သယ့်ဖေးသည် လက်ကိုင်ပုဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး စိတ်လှုပ်ရှားနေသည်။ ခဏကြာ စဉ်းစားပြီးနောက် စကားစရန် ပြင်လိုက်သော်လည်း နင်ချန်က ဖြတ်ပြောလိုက်သည်။
"ကဲ... ထားလိုက်တော့။ သယ့်ဖေးအနေနဲ့ အစေခံတစ်ယောက်ကို အကြောင်းမဲ့သက်သက် စွပ်စွဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပထမမင်းသားက ကျန်းမာရေး မကောင်းတော့ ချူရှို့နန်းဆောင်ထဲမှာ သွေးထွက်သံယို မဖြစ်တာ ကောင်းပါတယ်။ ဆက်မရိုက်နဲ့တော့။ ဒီအစေခံက ချွေ့ပေါင်လင်ရဲ့ အိမ်ပါအစေခံဖြစ်နေတော့ ဒီတစ်ခေါက် သင်ခန်းစာရရုံလောက်ပဲ လုပ်လိုက်ပါ"
နင်ချန်၏အသံမှာ အေးစက်နေသည်။ ခဏရပ်ပြီးနောက် သူ လက်ကာပြလိုက်သည်။
"ချွေ့ပေါင်လင်... မင်း လူကို အမြန်ခေါ်သွားလိုက်တော့။ နောက်ဆို ကောင်းကောင်းဆုံးမထား။ နောက်တစ်ခါ ထပ်မဖြစ်စေနဲ့။ ဒီလို ပြဿနာတွေဖြစ်မှတော့ ဒီနေ့ပဲ ပြောင်းလိုက်တော့။ မနက်ဖြန်ထိ စောင့်မနေနဲ့တော့"
"ဒါပေမဲ့ အရှင်မင်းကြီး..."
ဝမ်သယ့်ဖေး မျက်လုံးပြူးသွားသည်။
နင်ချန်သည် သူမ၏ ပခုံးကို ပုတ်လိုက်သည်။
"ပထမမင်းသားက ကျန်းမာရေး သိပ်မကောင်းဘူး။ အစေခံရဲ့အသက်ကို ချမ်းသာပေးလိုက်တာက ကလေးအတွက် ကုသိုလ်ပြုရာ ရောက်ပါတယ်။ မင်း ကောင်းကောင်း အနားယူပါ။ ကျန်းမှာ ဖတ်စရာ လွှာကြားချက်တွေ ကျန်သေးတယ်။ နောက်ရက်မှ ထပ်လာကြည့်မယ်"
ဝမ်သယ့်ဖေး ပြောချင်နေသော်လည်း နောက်ဆုံးတွင် အရှင်မင်းကြီး ထွက်ခွာသွားသည်ကိုသာ ကြည့်နေလိုက်ရတော့သည်။
ချွေ့ပေါင်လင်မှာမူ တကယ်ကို ကြောက်လန့်နေခဲ့သည်။ တော်သေးသည်မှာ ယင်းကျူ အသက်မသေခြင်းပင်။
သူမသည် တစ်ခဏမျှပင် အချိန်မဆွဲရဲတော့ဘဲ အနောက်ဘက်ဆောင်မှ လူအချို့ကို ခေါ်ကာ ယင်းကျူနှင့် ရိုးရှင်းသော ပစ္စည်းအချို့ကို သယ်ဆောင်ပြီး အမြန်ထွက်ခွာသွားလေသည်။
နန်းတွင်းသို့ ဝင်စဉ်က ပစ္စည်းများစွာ မပါလာသဖြင့် နှစ်ခေါက်လောက် သယ်ရုံဖြင့် ပြီးသွားသည်။ ယင်းကျူကို ကုသရန် သမားတော်ကိုလည်း ခေါ်ယူလိုက်သည်။
ဒီနေ့သာ အရှင်မင်းကြီး ရုတ်တရက် ရောက်မလာခဲ့လျှင် ယင်းကျူ သေဆုံးသွားလောက်ပြီဖြစ်သည်။
ချွေ့ပေါင်လင်၏ စိတ်ထဲတွင် ဝမ်သယ့်ဖေးကို နာကြည်းမုန်းတီးသွားတော့သည်။
.....
အခြားတစ်ဖက်တွင် ချူရှို့နန်းဆောင်မှ ထွက်လာသော နင်ချန်သည် တစ်လမ်းလုံး စကားမပြောဘဲ တိတ်ဆိတ်နေသည်။
ခုနက ကြားခဲ့၊ မြင်ခဲ့ရသည်များကို ပြန်တွေးရင်း ဝမ်သယ့်ဖေးသည် သူနှင့် လုံးဝ စိမ်းသက်နေသူတစ်ဦး ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အရင်က ပုံစံနှင့် လုံးဝ ကွဲပြားခြားနားနေသည်။
သူ့စိတ်ထဲတွင် အန်းမျိုးရိုးသည် နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သူ၊ စိတ်သဘောထား မြင့်မြတ်သူဖြစ်သည်။ လူတစ်ဖက်သားနှင့် အလွယ်တကူ ရန်မဖြစ်တတ်သူဖြစ်သည်။ ယနေ့ မြင်တွေ့လိုက်ရသကဲ့သို့ လူကို သေလုမြောပါး ရိုက်နှက်နေသည့် ပုံစံမျိုး မဟုတ်ပေ။
ထို့အပြင် ယင်းကျူသည် လုပ်ကြံခံရမှန်း သူ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
ဤကဲ့သို့သော ဝမ်သယ့်ဖေးသည် သူ့အတွက် တကယ်ကို သူစိမ်းဆန်လွန်းနေသည်။
"အရှင်မင်းကြီး... နေ့လည်စာ ဘယ်မှာ သုံးဆောင်မလဲ ခင်ဗျာ"
ယွမ်ကျိုက တိုးတိုးလေး သတိပေးလိုက်သည်။
မူလက ချူရှို့နန်းဆောင်တွင် သုံးဆောင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
နင်ချန် မျက်လုံးများ မှေးမှိန်သွားပြီး ခဏစဉ်းစားလိုက်ကာ ပြောလိုက်သည်။
"မင်ကျယ်ယွီဆီ သွားကြတာပေါ့"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-200
အခန်း ၂၀၀ ။ စိတ်အဖုအထစ်
"ကျယ်ယွီ... အရှင်မင်းကြီး ကြွလာပါပြီ"
လုကျီသည် လိုက်ကာကို မတင်ကာ အထဲဝင်၍ လျှောက်တင်လိုက်သည်။ အတွင်းတွင် ယဲ့ယွင်သည် ဟွေယွဲ့နှင့် နန်ကျစ်တို့နှင့် စကားပြောနေသည်။
"ချူရှို့နန်းဆောင်ကို သွားတာ မဟုတ်ဘူးလား၊ ဘာလို့ ငါ့ဆီ ရောက်လာရတာလဲ"
ယဲ့ယွင်မှာ အံ့ဩသွားသည်။
ဟွေယွဲ့ကို တွဲ၍ ထရပ်လိုက်ပြီး စကပ်အနားစကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ကာ အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။
လုကျီက အနောက်မှ ကပ်လိုက်ရင်း ထပ်လောင်း လျှောက်တင်သည်။
"အရှင်မင်းကြီး စိတ်အခြေအနေ သိပ်မကောင်းဘူးလို့ ထင်ပါတယ်"
ယဲ့ယွင်၏ ခြေလှမ်းများ တန့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ကောင်းပြီ၊ ငါ သိပြီ"
အပြင်ထွက်နေရင်း သူမ စိတ်ပျက်မိသည်။
သူ့စိတ်ထဲတွင် သူမ၏ နေရာကို စိတ်ထွက်ပေါက် နန်းဆောင်ဟု သတ်မှတ်ထားသလား မသိ။ စိတ်မပျော်မရွှင် ဖြစ်တိုင်း ဒီကိုပဲ ရောက်လာသည်။
စိတ်ပျော်အောင် ချော့ပေးနိုင်လျှင် တော်သေးသည်။ မတော်တဆ စိတ်
အနှောင့်အယှက် ဖြစ်အောင် ပိုလုပ်မိလျှင် ဘယ်သူ့တာဝန် ဖြစ်မည်နည်း။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
အပြင်ထွက်လိုက်သည်နှင့် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် လူရိပ်တစ်ခုကို တွေ့လိုက်ရသဖြင့် သူမ ဒူးညွှတ် အရိုအသေပြုလိုက်သည်။
အရိုးအဆစ် ပေါ်လွင်သော လက်တစ်ဖက်က သူမ၏ မျက်နှာရှေ့သို့ ရောက်လာသည်။
"ထပါ၊ မင်း အခုလို အရောင်ရင့်တွေဝတ်တာ တွေ့ရခဲတယ်"
ယဲ့ယွင်သည် သူ့လက်ကို ကိုင်ကာ ထလိုက်ပြီး ပြုံးပြလိုက်သည်။
"အရှင်မင်းကြီးက ဒီချန်းချဲ့ကို အမြဲတမ်း ဆော့ကစားရတာ ဝါသနာပါတယ်လို့ ပြောနေတော့ တည်ငြိမ်တဲ့ပုံပေါက်အောင်လို့ အရောင်ရင့်တွေ ဝတ်ကြည့်တာပါ"
"မင်းရဲ့ မျက်နှာသွင်ပြင်က နဂိုကတည်းက ညို့ဓာတ်ပြင်းပြီးသားမို့လို့ တောက်ပတဲ့ အရောင်တွေနဲ့ဆိုရင် ပိုလိုက်ဖက်တယ်လို့ကျန်းထင်တယ်။”
နင်ချန်က ပြောလိုက်သည်။
ယဲ့ယွင်သည် သူ့လက်ကို ဆွဲကာ အိမ်ထဲသို့ ခေါ်ဆောင်သွားလိုက်သည်။
"ဒါဆို ဒီနေ့ဝတ်ထားတာက ကြည့်မကောင်းဘူးလား"
"ကောင်းပါတယ်"
မိန်းမပျိုလေး၏ အနည်းငယ် ကောက်လိုသော လေသံကို ကြားလိုက်ရသဖြင့် နင်ချန်၏ စိတ်အခြေအနေ အနည်းငယ် သက်သာသွားသည်။
"တောင်ဘက်ဒေသ ခရီးစဉ်ကနေ ဖူကွမ်းပိုးသားတချို့ ပါလာတယ်။ အရောင် တော်တော်လှတယ်။ ခဏနေကျရင် မင်းဆီ လာပို့ခိုင်းလိုက်မယ်"
"ဒါဆို ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ဒီလိုဆိုမှတော့ ချန်းချဲ့က လှဖို့ပဲ တာဝန်ယူလိုက်မယ်။ စားရေးဝတ်ရေးကတော့ အရှင်မင်းကြီး တာဝန်ပဲနော်"
ယဲ့ယွင် မျက်ခုံးပင့်လိုက်ပြီး လက်ကိုင်ပဝါ ကိုင်ထားသော ကျောက်စိမ်းလက်ချောင်းလေးများဖြင့် နင်ချန်၏ ရင်ဘတ်ကို ဖွဖွလေး ထိုးလိုက်သည်။
ဤသို့ ချစ်စဖွယ် အမူအရာလေးကြောင့် နင်ချန် ပြုံးမိသွားသည်။
ထိုင်ပြီးသောအခါ ဟွေယွဲ့သည် လက်ဖက်ရည် လဲလှယ်ရန် ရောက်လာသည်။
"မလဲနဲ့တော့၊ မင်းတို့ ကျယ်ယွီ ပုံမှန်သောက်တဲ့ဟာကိုပဲ မြည်းကြည့်ချင်တယ်"
နင်ချန် လက်ကာပြလိုက်သည်။
ယခင်က ယွီရှို့အဆောင်တွင် မက်မွန်ပွင့် လက်ဖက်ရည် သောက်ဖူးပြီး ထူးခြားသည်ဟု ခံစားခဲ့ရဖူးသည်။ ယနေ့တွင်မူ အခြားတစ်မျိုးကို မြည်းစမ်းကြည့်ချင်သည်။
လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်ပြီး အရသာခံကြည့်သောအခါ ကောင်းမွန်ကြောင်း တွေ့ရသည်။
"ဒါက လက်ဖက်ခြောက်ဖြူနဲ့ တူတယ်။ အရသာ ရှိသားပဲ။ ဘာအမျိုးအစားလဲတော့ မသိဘူး"
ယဲ့ယွင် ပြုံးလိုက်သည်။
"အရှင်မင်းကြီး လျှာက တကယ် အာရုံခံကောင်းတာပဲ။ ဒါက လက်ဖက်ခြောက်ဖြူ အမျိုးအစား ဖြစ်တဲ့ ငွေအပ်ဖြူ လက်ဖက်ရည်ပါ။ ဦးလေးရဲ့ စီးပွားဖက် မိတ်ဆွေတစ်ယောက်က ပေးလိုက်တာ။ ဦးလေးက သောက်ကောင်းတယ်ဆိုပြီး ဒီချန်းချဲ့အတွက် နန်းတော်ထဲ ပို့ပေးလိုက်တာပါ။ ဟိုတစ်လောက မင်းသမီး ကျားရို့ လာတုန်းကလည်း ဒါကို ကြိုက်တယ်တဲ့"
"ဒီလက်ဖက်ခြောက်အကြောင်း ကြားဖူးပေမဲ့ မသောက်ဖူးဘူး။ ကျိုချန်နန်းဆောင်မှာက ဝူယီသစ်ကြံပိုးခေါက် လက်ဖက်ရည်နဲ့ လုံကျင်းလက်ဖက်ရည်ပဲ အသောက်များတာ"
နင်ချန် နောက်တစ်ငုံ ထပ်သောက်လိုက်ပြီး ခွက်ကို ချလိုက်သည်။
"မင်းနဲ့ ကျားရို့နဲ့ ရင်းနှီးကြတာလား"
"အရမ်း ရင်းနှီးတယ်တော့ မဟုတ်ပါဘူး။ စကားပြောလို့ကောင်းလို့ ယွီရှို့အဆောင်ကို တစ်ခေါက် လာလည်ဖူးတာပါ"
ယဲ့ယွင် ဖြေလိုက်သည်။
မင်းသမီးနှင့် ကိုယ်လုပ်တော်များ ခင်မင်ရင်းနှီးခြင်းသည် အဆန်းမဟုတ်သဖြင့် ဖုံးကွယ်ထားစရာ မလိုပေ။
"သူက သိုသိုသိပ်သိပ် နေတတ်တယ်။ လူတွေနဲ့ အလွယ်တကူ မရောတတ်ဘူး။ မင်းဆီ လာလည်တယ်ဆိုတော့ မင်းကို တကယ်ခင်လို့နေမှာ"ဍ။”
နင်ချန်သည် ညီမဖြစ်သူ နင်လင်၏ စိတ်နေသဘောထားကို ကောင်းကောင်း နားလည်သည်။ သူမသည် စိတ်ထားဖြူစင်ပြီး ဉာဏ်ကောင်းသူဖြစ်သည်။
ယဲ့ယွင်နှင့် ခင်မင်လိုသည်ဆိုလျှင် ယဲ့ယွင်၏ စိတ်ထားသည်လည်း သူမနှင့် တူညီ၍ ဖြစ်ပေလိမ့်မည်။
သူတို့နှစ်ဦး စကားစမြည် ပြောနေကြစဉ် ပိုင်ရှု ဝင်လာပြီး နေ့လည်စာအတွက် မေးမြန်းသည်။
ယဲ့ယွင်က ချက်ချင်းပင် ပြောလိုက်သည်။
"စားဖိုဆောင်ကို ကြက်သားအစပ်ကြော် တစ်ပွဲ၊ ဝက်သားပြုတ်တစ်ပွဲနဲ့ ကြက်သွန်မြိတ် အမဲသားကြော်တစ်ပွဲ လုပ်ခိုင်းလိုက်။ ကျန်တာကတော့ ကြည့်လုပ်ခိုင်းလိုက်တော့။ အရှင်မင်းကြီးရော ဘာစားချင်လဲ"
"ပုံမှန်အတိုင်းပဲ လုပ်ခိုင်းလိုက်ပါ။ ကျန်း ခံတွင်းသိပ်မတွေ့ဘူး"
နင်ချန် သက်ပြင်းချလိုက်သည်။
ပိုင်ရှုသည် ယဲ့ယွင်ကို လှမ်းကြည့်လိုက်ရာ ယဲ့ယွင်က လက်ကာပြလိုက်သဖြင့် တိတ်ဆိတ်စွာ ထွက်သွားလေသည်။
အရင်က ဘာဖြစ်ခဲ့သည်ကို မသိသော်လည်း အရှင်မင်းကြီးသည် ချူရှို့နန်းဆောင်မှ ပြန်လာပြီးကတည်းက စိတ်မကြည်မလင် ဖြစ်နေသော်လည်း ဒေါသထွက်နေပုံ မဟုတ်ဘဲ စိတ်ပျက်နေပုံ ပိုပေါက်သည်။
အကယ်၍ ပထမမင်းသား ကျန်းမာရေး မကောင်းသည့်ကိစ္စကြောင့် စိတ်ညစ်နေခြင်းဆိုလျှင် ထမင်းမစားဘဲ နေလောက်သည်အထိ မဖြစ်နိုင်ပေ။ ဝမ်သယ့်ဖေး လုပ်ရပ်တစ်ခုခုကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာခြင်းသာ ဖြစ်ရမည်။
သူတို့နှစ်ဦး စိတ်ကောက်နေကြပြီး ပြန်မတည့်ကြသေးတာလား။
ယဲ့ယွင်သည် မျက်လွှာချကာ အကြောင်းရင်းကို သေချာ မသိသဖြင့် ဝင်မပြောတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။
"ရာသီဥတုက ပူလာပြီဆိုတော့ ဒီချန်းချဲ့ကိုယ်တိုင် မုန့်လုပ်ပြီး အရှင်မင်းကြီးကို ကျွေးရင် ကောင်းမလား။”
ထိုစကားကြောင့် နင်ချန် သတိရသွားသည်။ ဤအမျိုးသမီး သူ့ကို ဒုတိယအကြိမ် လာတွေ့စဉ်က မုန့်လာပို့သည်ဟု အကြောင်းပြခဲ့သည် မဟုတ်လား။
ထိုမုန့်များသည် လက်ရာမြောက်ပြီး အရသာ ထူးကဲသည်။ နန်းတွင်း၌ တစ်ခါမျှ မမြင်ဖူးသော မုန့်များဖြစ်သည်။ နောက်ပိုင်းတွင် ယဲ့ယွင် မလုပ်တော့သဖြင့် ပြန်မစားရတော့ပေ။ ယခု ပြန်စဉ်းစားကြည့်လိုက်ရာ တကယ်ပင် စားချင်စဖွယ် ကောင်းလှသည်။
ထို့ကြောင့် သူ ခေါင်းညိတ်လိုက်သည်။
...
ယွီရှို့အဆောင်တွင် နေ့လည်စာ စားပြီးနောက် နင်ချန်သည် ကျိုချန်နန်းဆောင်သို့ ပြန်သွားလေသည်။
အစေခံများ အခန်းရှင်းလင်းပြီးသည်နှင့် ယဲ့ယွင်သည် လုကျီကို ခေါ်လိုက်သည်။
လုကျီသည် ယခုအခါ သတင်းထောက်လှမ်းရေး တာဝန်ယူထားသူဖြစ်ပြီး အခေါ်တော်ကို စောင့်မျှော်နေခဲ့သည်။
ဝင်လာသည်နှင့် အဖြစ်အပျက်ကို ပြောပြလိုက်သည်။
"ဝမ်သယ့်ဖေးမယ်မယ်က ချွေ့ပေါင်လင်ရဲ့ အိမ်ပါအစေခံ ယင်းကျူက အရှင်မင်းကြီး ပေးသနားထားတဲ့ ဆံထိုးပန်းကို ခိုးယူသွားတယ်လို့ စွပ်စွဲပါတယ်။ သက်သေအထောက်အထား ခိုင်လုံလို့ဆိုပြီး ဥပဒေအရ သေဒဏ်ပေးရမှာ ဖြစ်ပေမဲ့ ချွေ့ပေါင်လင် မျက်နှာကို ထောက်ပြီး တုတ်ဒဏ်ပေးကာ နယ်နှင်ဒဏ်ပဲ ပေးမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပြစ်ဒဏ်ပေးနေတုန်းမှာ အရှင်မင်းကြီး ရောက်လာပြီး သွေးထွက်သံယို ဖြစ်နေတာကို မြင်သွားပါတယ်"
"နောက်ဆုံး ဘယ်လို ဖြေရှင်းလိုက်လဲ"
ယဲ့ယွင် မေးလိုက်သည်။
လုကျီ ဆက်ပြောသည်။
"အရှင်မင်းကြီးက အဲ့ဒီအစေခံမလေးရဲ့ ပြစ်ဒဏ်ကို လွတ်ငြိမ်းခွင့် ပေးလိုက်ပါတယ်။ အဲ့ကောင်မလေးကလည်းတုတ်ချက် ၃၀ လောက် အရိုက်ခံထားရပြီး သေလုမြောပါး ဖြစ်နေပါပြီ။ ပထမမင်းသားအတွက် ကုသိုလ်ပြုတဲ့အနေနဲ့ သွေးထွက်သံယို မဖြစ်စေချင်ဘူးဆိုပြီး ချွေ့ပေါင်လင်ကို လူခေါ်ပြီး ပြန်ခိုင်းလိုက်ပါတယ်။ အခုတော့ သူတို့သခင်နဲ့ ကျွန် ချွန်းရှီးနန်းဆောင်ကို ပြောင်းသွားကြပါပြီ"
ယဲ့ယွင် မျက်လွှာချကာ စဉ်းစားလိုက်သည်။
ဒီကိစ္စက ရိုးရှင်းမည် မဟုတ်ပေ။
အကယ်၍ ချွေ့ပေါင်လင်၏ အစေခံက တကယ်ပဲ ပစ္စည်းခိုးခဲ့သည်ဆိုလျှင် ဝမ်သယ့်ဖေးဘက်က မှန်နေသည်။
နန်းတွင်းစည်းမျဉ်းအရ ကိုယ်တိုင်ပြစ်ဒဏ်စီရင်ခွင့် မရှိသော်လည်း နင်ချန်က အစေခံကို လွတ်ငြိမ်းခွင့် ပေးလိုက်ခြင်းသည် ချွေ့ပေါင်လင်ကို မျက်နှာသာပေးလိုက်ခြင်းဖြစ်ပြီး ဝမ်သယ့်ဖေးကို နှစ်သိမ့်ပေးသင့်သည်။
သို့သော် နင်ချန်သည် နှစ်သိမ့်မပေးသည့်အပြင် ချူရှို့နန်းဆောင်မှ ထွက်ခွာလာပြီး သူမထံတွင် နေ့လည်စာ လာစားခဲ့သည်။ထိုအရာကို ကြည့်ခြင်းအားဖြင့် ဝမ်သယ့်ဖေးဘက်က မှားနေသည်မှာ သေချာသည်။
မကြာသေးမီကမှ ချွေ့ပေါင်လင် အိပ်ဆောင်ဝင်ခွင့်ရပြီး ရာထူးတိုးသွားသည်ကို ဆက်စပ်ကြည့်လိုက်လျှင် ဝမ်သယ့်ဖေး မနာလိုဖြစ်ပြီး တမင်သက်သက် စွပ်စွဲကာ ပြဿနာရှာခြင်း ဖြစ်လောက်သည်။
ကိုယ်လုပ်တော်တစ်ယောက်ကို အပြစ်ပေး၍ မရသော်လည်း အစေခံတစ်ယောက်ကို ဆုံးမရန်မှာ လွယ်ကူလှသည်။
ထို့အပြင် ယင်းကျူသည် ချွေ့ပေါင်လင်၏ အိမ်ပါအစေခံဖြစ်ပြီး ငယ်စဉ်ကတည်းက အတူကြီးပြင်းလာသူ ဖြစ်သဖြင့် ချွေ့ပေါင်လင် အလွန်အားထားရသူ ဖြစ်သည်။ ယခုလုပ်ရပ်သည် နေရာမရသေးသော ချွေ့ပေါင်လင်၏ လက်ရုံးကို ဖြတ်တောက်ပစ်လိုက်ခြင်းနှင့် တူသည်။
ဤမျှ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်သည် သူမ၏ ဘွဲ့ထူးဂုဏ်ပုဒ်နှင့် လုံးဝ မလိုက်ဖက်ပေ။
ယဲ့ယွင်သည် လက်ချောင်းလေးများဖြင့် စားပွဲကို ခပ်ဖွဖွ ခေါက်လိုက်ပြီး မျက်ဝန်းထဲတွင် အေးစက်သော အပြုံးရိပ်များ ယှက်သန်းလာသည်။
အရှင်မင်းကြီး၏ လရောင်ဖြူလေးသည် ပုံစံပြောင်းသွားခဲ့ပြီဖြစ်၍ အရှင်မင်းကြီး လက်ခံနိုင်ရန် ခက်ခဲနေပုံရသည်။
အခြားကိစ္စများကို သူမ ချော့မော့ဖြေရှင်းပေးနိုင်သော်လည်း ဤစိတ်အဖုအထစ်ကိုမူ နင်ချန်ကိုယ်တိုင် ဖြေရှင်းမှသာ ရပေလိမ့်မည်။
လုကျီကို ဆုငွေအိတ်ပေးပြီး ပြန်လွှတ်လိုက်ကာ အနီးကပ်အစေခံနှစ်ဦးကိုသာ အခန်းထဲတွင် ထားလိုက်သည်။
ဟွေယွဲ့သည် မနေနိုင်ဘဲ ပြောလိုက်သည်။
"လင်ရှီးဥယျာဉ်တော်မှာ စတွေ့တုန်းကဆို ဝမ်သယ့်ဖေးမယ်မယ်က ရေလိုအေးချမ်းပြီး နူးညံ့မယ်လို့ ထင်ခဲ့တာ။ အခုလိုမျိုးလုပ်ရပ် လုပ်လိမ့်မယ်လို့ ထင်မထားမိဘူး"
"ဒါကြောင့် ကျယ်ယွီ အမြဲပြောတာပေါ့၊ မနာလိုဝန်တိုစိတ်က လူကို ရူးသွပ်စေတယ်တဲ့"
နန်ကျစ်က ဝင်ပြောသည်။
ယဲ့ယွင် တိုးတိုးလေး ရယ်လိုက်သည်။
"နန်ကျစ်ပြောတာ မှန်တယ်။ ဝမ်သယ့်ဖေးက အရင်တုန်းက အချစ်ခံရဆုံး ဆိုပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပြီလေ။ လက်ရှိအခြေအနေကို လက်မခံနိုင်ဘဲ ထပ်ခါထပ်ခါ စိတ်ပျက်စရာတွေ ကြုံလာရတော့ အတွေးမှားပြီး လမ်းမှားကို ရွေးမိလိုက်တာပဲ"
အရှင်မင်းကြီး၏ ယနေ့ပုံစံကို ကြည့်ရသည်မှာ အတော်လေး စိတ်ပျက်သွားပုံရသည်။
ဤသည်မှာ ဝမ်သယ့်ဖေး ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ခြင်းကြောင့်ပင်။ သူမ ချစ်မြတ်နိုးရသူမှာ ဧကရာဇ် ဖြစ်နေသည်။ မိဖုရား၊ မောင်းမမိဿံမြောက်မြားစွာ ရှိနေမည်မှာ မလွဲဧကန်ပင်။ ထိုအထဲမှ တစ်ဦးတည်းသော အချစ်စစ်ကို လိုချင်တောင့်တနေလျှင် ကိုယ့်ကိုယ်ကိုယ်သာ နာကျင်စေရုံ ရှိပေလိမ့်မည်။
ယဲ့ယွင်သည် အချစ်ရေးချစ်ရာများကိုထပ်မစဉ်းစားချင်တော့ပေ။ ခဏနားပြီးလျှင် မုန့်လုပ်ရဦးမည်။
***