အခန်း (၂၀၁-၂၀၂)
Vol. 13 Ch. 201-202
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -201
အခန်း ၂၀၁ ။ မလုပ်မဖြစ်
မီးဖိုချောင်အသေးလေးထဲတွင် နှစ်နာရီနီးပါးခန့် အလုပ်ရှုပ်ပြီးနောက် ယဲ့ယွင်သည် ချွေးတလုံးလုံးဖြင့် နွားနို့ကိတ်အနည်းငယ်ကို ဖန်တီးနိုင်ခဲ့သည်။
အုန်းသီးမှုန့် ရှာမရသဖြင့် အပြင်ဘက်တွင် မြေပဲထောင်းများကို ဖြူးပေးလိုက်ရသည်။
အဓိကပြဿနာမှာ လိုအပ်သော ပါဝင်ပစ္စည်းများ၊ ကိရိယာများ မရှိခြင်းနှင့် ယဲ့ယွင် နန်းတွင်းသို့ ဝင်ရောက်ပြီးနောက် မီးဖိုချောင်မဝင်ဖြစ်တော့သဖြင့် လက်ရည်ကျသွားခြင်းတို့ကြောင့်ဖြစ်သည်။ ထို့ကြောင့် နွားနို့ကိတ်တစ်ခုဖြစ်လာဖို့ပင် မလွယ်ကူလှချေ။
အမှန်အတိုင်းပြောရလျှင် ပို၍အရေးကြီးသော အကြောင်းပြချက်တစ်ခု ရှိသေးသည်။
ပထမအကြိမ်တုန်းက မျက်နှာသာပေးခံချင်သဖြင့် အထူးတလည် ကြိုးစားအားထုတ်ခဲ့ရသည်။ ယခုအခါ မျက်နှာသာရနေပြီဖြစ်၍ ကိုယ့်ကိုယ်ကိုယ် သိပ်မညှဉ်းဆဲချင်တော့ပေ။
"ကျယ်ယွီ ကိုယ်တိုင် သွားပို့မှာလား။”
နန်ကျစ်က မေးလိုက်သည်။
ယဲ့ယွင် လက်ကာပြလိုက်သည်။
"ငါ မသွားချင်တော့ဘူး၊ ပိုင်ရှုကိုပဲ သွားပို့ခိုင်းလိုက်တော့"
ပူလည်းပူ၊ ပင်လည်းပင်ပန်းနေသဖြင့် သူမ မလှုပ်ချင်တော့ပေ။
နန်ကျစ်က ခေါင်းညိတ်လိုက်ပြီး မုန့်များကို ထုပ်ပိုးကာ ပိုင်ရှုကို ပေးလိုက်သည်။
ယဲ့ယွင်သည် ချွေးထွက်ထားသဖြင့် နေရခက်နေသောကြောင့် ရေချိုးပြီး နေ့လည်စာအိပ်လိုက်သည်။
......
ညဘက်ရောက်သောအခါ နင်ချန် ရောက်လာမည်ဟု ထင်ထားသော်လည်း မမျှော်လင့်ဘဲ စုမိန်ရန်(စူးဒီယာ)ကို အိပ်ဆောင်ဝင်ရန် ခေါ်ယူလိုက်ကြောင်း သိရသည်။
စုမိန်ရန်သည် နန်းတွင်းသို့ ဝင်ရောက်လာပြီးကတည်းက ပထမဆုံးတစ်ကြိမ်သာ အိပ်ဆောင်ဝင်ခွင့်ရဖူးပြီး နောက်ပိုင်းတွင် လုံးဝ အခေါ်မခံခဲ့ရပေ။ တစ်နှစ်ကျော်ကြာမှ ဘာကြောင့် ရုတ်တရက် အရှင်မင်းကြီး သတိရသွားရသနည်း။ အနောက်ဆောင်တစ်ခုလုံးမှ ကိုယ်လုပ်တော်တိုင်း နားမလည်နိုင် ဖြစ်ကုန်ကြသည်။
အဓိကအချက်မှာ စုမိန်ရန်သည် အရှင်မင်းကြီးကို ဆွဲဆောင်ရန် ဘာမှထူးထူးခြားခြား မလုပ်ခဲ့သောကြောင့်ဖြစ်သည်။
ဝေ့ရွယ်ဆောင်တွင် ရှိနေသော ယောင်ရှန်းသည်လည်း သတင်းကြားကြားချင်း အံ့ဩသွားသည်။
စုမိန်ရန် ဘာမှမလုပ်ဘဲ အခေါ်ခံရသည်ဆိုလျှင် နိုင်ငံရေးအခြေအနေနှင့် သက်ဆိုင်နေသည်မှာ သေချာသည်။
ကျားစခ်ဘက်တွင် လှုပ်ရှားမှု တစ်စုံတစ်ရာ ရှိနေ၍သာ အရှင်မင်းကြီးက စူးဒီယာကို သတိရသွားခြင်း ဖြစ်လောက်သည်။
ယခင်ဘဝကို ပြန်ပြောင်းစဉ်းစားကြည့်လိုက်သောအခါ တတိယမင်းသား ကျော်လီခယ့်ထူ ပုန်ကန်မှုကို အောက်ချီ နှိမ်နင်းခဲ့သည်ဆိုသော အဖြစ်အပျက် ရှိခဲ့ဖူးသည်။ သို့သော် အချိန်ကာလချင်း မကိုက်ညီပေ။ ထို့အပြင် ကျော်လီခယ့်ထူသည် သေဆုံးသွားပြီဖြစ်ပြီး လက်ရှိ တတိယမင်းသားမှာ သူ၏သား အန်းဟယ်ကျင်းဖြစ်နေပြီဖြစ်သည်။
စူးဒီယာသည် တော်လန်၏ နေရာတွင် အစားထိုး ဝင်ရောက်လာသူ ဖြစ်သည့်အတွက် ကံကြမ္မာလမ်းကြောင်းသည် အနည်းနှင့်အများ ပြောင်းလဲသွားနိုင်သည်။
ယောင်ရှန်းသည် သေချာစဉ်းစားပြီးနောက် ကျီကျူးကို အိမ်သို့ သတင်းပို့ခိုင်းလိုက်သည်။ အပြင်လောကတွင် ဘာတွေဖြစ်ပျက်နေသလဲ ဆိုသည်ကို စုံစမ်းခိုင်းလိုက်ခြင်းဖြစ်သည်။
သူမ ဤသို့ တွေးမိသကဲ့သို့ နန်းတွင်းရှိ မိသားစုနောက်ခံ ကောင်းမွန်သော အခြားကိုယ်လုပ်တော်များသည်လည်း ရိပ်မိကြပေလိမ့်မည်။
ထို့ကြောင့် မြို့တော်တွင် သတင်းစုံစမ်းနိုင်သော ကိုယ်လုပ်တော်အများစုသည် မိမိတို့၏ အိမ်များသို့ သတင်းပို့ကြလေတော့သည်။
....
ကိုယ်လုပ်တော်များသာမက ချီနင်နန်းဆောင်မှ မယ်တော်ကြီးသည်လည်း ထိုနည်းတူပင် ပြုမူလေသည်။
"အရှင်မင်းကြီးက နိုင်ငံရေးအခြေအနေကြောင့် အချစ်မခံရတာ ကြာပြီဖြစ်တဲ့ စုမိန်ရန်ကိုတောင် ပြန်ခေါ်တွေ့သေးတာ၊ ဘာလို့ စူးယွီ (ချန်စူးယွီ) ကိုကျတော့ လစ်လျူရှုထားရတာလဲ"
မယ်တော်ကြီးသည် ခေါင်းအုံးကို မှီလျက် စိပ်ပုတီးကို လှည့်ရင်း သက်ပြင်းချလိုက်သည်။
ယခင်ကဆိုလျှင် နင်ချန်သည် သူမထံ မကြာခဏ လာရောက် ဂါရဝပြုလေ့ရှိသည်။ ယခုအခါ လာရောက်မှု အကြိမ်အရေအတွက် နည်းပါးသွားသည်။ တောင်ဘက်ဒေသမှ ပြန်ရောက်သည့်နေ့က တစ်ခေါက်သာ လာတွေ့ပြီး နောက်ပိုင်းတွင် ပေါ်မလာတော့ပေ။
နဂါးလှေပွဲတော်နေ့က လက်ဆောင်ပစ္စည်းများ လာပို့သော်လည်း လူကိုယ်တိုင် လာမတွေ့ခဲ့ပေ။
"မယ်တော်ကြီး... ဒီအစေခံပြောမယ့်စကားကို မယ်တော်ကြီး ကြိုက်မှာ မဟုတ်ပေမဲ့ မယ်တော်ကြီးရဲ့ အကျိုးအတွက် ဒီနေ့တော့ ပြောမှဖြစ်ပါလိမ့်မယ်"
ဖုမားမားသည် မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။
မယ်တော်ကြီး သူမကို တစ်ချက်ကြည့်လိုက်ပြီး မျက်လွှာချကာ လက်ကာပြလိုက်သည်။
ဖုမားမားက ဆက်ပြောလိုက်သည်။
"ရှေးပဝေသဏီကတည်းက ဧကရာဇ်တွေကအာဏာစက်ပြင်းထန်ပြီး ဧကရာဇ်ထက်ကျော်လွန်အောင် စွမ်းဆောင်နိုင်တဲ့ မှုးမတ်တွေကို မကြိုက်ကြပါဘူး။ ချန်မိသားစုက အရှင်မင်းကြီးကို ကူညီပံ့ပိုးခဲ့တဲ့ ကျေးဇူးရှိပေမဲ့ သစ်ပင်ကြီးလေ လေတိုက်လေ ဆိုသလိုပါပဲ။ အရာရာအစွန်းရောက်ရင် ဆန့်ကျင်ဘက် ဖြစ်တတ်တယ်ဆိုတာ မယ်တော်ကြီးလည်း သိမှာပါ။ ချန်မိသားစု ရေရှည်တည်တံ့ခိုင်မြဲဖို့ဆိုရင် လောလောဆယ်မှာ လျှော့နေပြီး ဖြည်းဖြည်းမှန်မှန် သွားတာ အကောင်းဆုံးပါ"
"ဒါပေမဲ့ သူက အရှင်မင်းကြီးရဲ့ ဦးလေးအရင်းလေ၊ တခြားလူတွေလို ဘယ်လိုလုပ် မကောင်းကြံမှာလဲ။”
"မယ်တော်ကြီး..."
ဖုမားမားသည် စကားဖြတ်ပြီး ဒူးထောက်လိုက်သည်။
"ဒီအစေခံ မယ်တော်ကြီးကို ပြုစုလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ မယ်တော်ကြီးအပေါ် မကောင်းတာ ဘာတစ်ခုမှ မလုပ်ခဲ့ဖူးပါဘူး။ မယ်တော်ကြီး ဒီအစေခံကို ယုံကြည်ရင် ဒီအစေခံပြောတာကို နားထောင်ပြီး စမ်းကြည့်ပါဦး။ အဆင်မပြေရင် နောက်တစ်ခါ ထပ်မပြောတော့ပါဘူး။”
မယ်တော်ကြီးသည် သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ သက်ပြင်းချလိုက်သည်။
"ထားလိုက်ပါတော့၊ မနက်ဖြန်ကျရင် အိုက်ကျားကိုယ်တိုင် ဗာဒံစေ့အနှစ်တစ်ခွက် လုပ်ပေးလိုက်မယ်၊ အဲ့ဒါကို အရှင်မင်းကြီးဆီ သွားပို့ပေးလိုက်။ သူ ငယ်ငယ်တုန်းက အဲ့ဒါကို ကြိုက်တယ်"
ထိုအခါမှ ဖုမားမားသည် မတ်တတ်ထရပ်လိုက်ပြီး မျက်နှာတွင် စိတ်သက်သာရာရသွားသည့် အရိပ်အယောင် ပေါ်လာသည်။
....
ကျိုချန်နန်းဆောင်။
အိပ်ဆောင်ဝင်ပြီးနောက် စူးဒီယာသည် ဘေးဆောင်သို့ သွားရောက်အိပ်စက်ရန် အမိန့်ပေးခံရပြီး ဧကရာဇ်၏ အိပ်ဆောင်တွင် ဆက်လက်နေထိုင်ခွင့် မရခဲ့ပေ။
(T/N- ဒီကောင်စားပြီးထွေးထုတ် ~~ အယ်လေ စားပြီးနင်ထုတ်တယ်ပေါ့လေ သတစလေး)
ယခုအခါ သူမသည် ငယ်ရွယ်သော ဧကရာဇ်ကို ယခင်ကလောက် မနှစ်သက်တော့ဘဲ အိပ်ဆောင်ဝင်ပြီးနောက် သူမ၏ဘဝ အနည်းငယ် တိုးတက်လာမည်ကိုသာ မျှော်လင့်နေမိသည်။
ပိုင်ချောင်သည် သူမကို သန့်ရှင်းရေး လုပ်ပေးပြီးနောက် လူများကို ဖယ်ရှားကာ ယောင်ရှန်းပေးထားသော ဆေးလုံးကို အမြန်ထုတ်ယူလိုက်သည်။
"သခင်မ တကယ် စားတော့မလို့လား၊ ဒီအရာက..."
"ဒီအရာက တကယ်ကောင်းတယ်ဆိုရင် ဖန်းရှိုးယွမ်က ဘာလို့ ကိုယ်တိုင်မသောက်တာလဲ"
စုမိန်ရန်က အေးစက်စွာ ရယ်မောလိုက်သည်။
"ဒါပေမဲ့ ငါ့မှာ ရွေးချယ်စရာ ရှိလို့လား။ အရှင်မင်းကြီးရဲ့ ဒီနေ့ ဆက်ဆံပုံကို ကြည့်ရတာ ငါ့ကို မနှစ်သက်သေးမှန်း သိသာပါတယ်။ ငါ့ကို ခေါ်တွေ့တာက နိုင်ငံရေးအခြေအနေကြောင့်ပဲ ဖြစ်မယ်။ ငါ တကယ် နေရာပြန်ရချင်ရင် ကလေးမွေးမှပဲ ဖြစ်မှာ"
ဒီဆေးကို သူမ မသောက်လို့ မဖြစ်ပေ။
သူမသည် လူတွေ၏ လစ်လျူရှုမှုနှင့် အနိုင်ကျင့်မှုကို ခံရလွန်း၍ မုန်းတီးနေပြီဖြစ်သည်။ ယောင်ရှန်းက သူမကို စေတနာအမှန်ဖြင့် ကူညီနေခြင်း မဟုတ်ကြောင်း သူမ သိသည်။
သို့သော် သူမသည် လူရာဝင်ချင်သည်။ ထို့ကြောင့် ဒီဆေးတွင် ပြဿနာရှိရင်တောင်မှ သူမ သောက်ရပေလိမ့်မည်။
ပိုင်ချောင် တိတ်ဆိတ်သွားပြီး ရေနွေးတစ်ခွက် ငှဲ့ပေးကာ သူမ၏ သခင်မ ဆေးလုံးသောက်လိုက်သည်ကို ကြည့်နေလိုက်သည်။
.......
နောက်တစ်နေ့ မနက်ခင်း နှုတ်ဆက်ဂါရဝပြုချိန်။
လတ်တလောမှ အိပ်ဆောင်ဝင်ထားသော စုမိန်ရန်သည် လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်လာသည်။
ဖုန်းရှီးနန်းဆောင်ထဲ ဝင်လိုက်သည်နှင့် ရှူးဖေး၏ အသံကို ကြားလိုက်ရသည်။
"ကျားစခ်က လာတဲ့ မင်းသမီး ပီသပါပေတယ်။ အရှင်မင်းကြီး မေ့ထားတာ တစ်နှစ်ကျော်နေပြီကို ပြန်သတိရလာအောင် လုပ်နိုင်တယ်ဆိုတော့ တခြားလူတွေနဲ့ မတူဘူးပဲ"
"နန်းတော်ထဲ ရောက်လာရင် အကုန်လုံးက အရှင်မင်းကြီးရဲ့ ကိုယ်လုပ်တော်တွေပါပဲ။ မင်းသမီးတွေ ဘာတွေဆိုတာ အတိတ်မှာ ကျန်ခဲ့ပါပြီ။ မယ်မယ် မြှောက်ပြောလွန်းပါပြီ"
စုမိန်ရန်က ဒူးညွှတ် အရိုအသေပြုလိုက်သည်။
သူမသည် ကိုယ်လုပ်တော်များ ရန်ဖြစ်ကြသည်ကို မကြာခဏ မြင်ဖူးသော်လည်း ပုံမှန်အားဖြင့် ပါဝင်လေ့မရှိသဖြင့် ပြန်ပြောရာတွင် သိပ်မကျွမ်းကျင်လှပေ။
ထိုအခြေအနေကို မြင်သောအခါ ယောင်ရှန်းက ပြုံးလိုက်ပြီး ဝင်ပြောလိုက်သည်။
"မနေ့က မင်ကျယ်ယွီက အရှင်မင်းကြီးဆီ မုန့်သွားပို့တယ်လို့ ကြားတယ်။ မင်ကျယ်ယွီရဲ့ စေတနာကို အသိအမှတ်ပြုပြီး မင်ကျယ်ယွီကို ခေါ်မယ်လို့ ထင်ထားတာ။ ဘာလို့ စုမိန်ရန်ကို ခေါ်လိုက်ရတာလဲမသိဘူး။ မင်ကျယ်ယွီများအကြောင်းရင်းကို သိမလား။
"အရှင်မင်းကြီးရဲ့ သဘောထားကို ဘယ်လိုလုပ်ပြီး ရမ်းသမ်းခန့်မှန်းလို့ ရမှာလဲ။ ဖန်းရှိုးယွမ် သိချင်ရင် ကိုယ်တိုင်သာ သွားမေးလိုက်ပါ၊ ပြီးရင် ဒီချန်းချဲ့ကို ပြန်ပြောပြပေါ့"
ယဲ့ယွင်က အေးဆေးစွာပင် တုံ့ပြန်လိုက်သည်။
ယိရှိုးယွမ်က လှောင်ရယ်လိုက်သည်။
"ဒါ မေးစရာ လိုသေးလို့လား။ နင် မုန့်လုပ်တဲ့ လက်ရာညံ့လွန်းလို့နေမှာပေါ့။ စားလို့မကောင်းတာတွေ သွားပို့တော့ အရှင်မင်းကြီး စားပြီး ဗိုက်နာသွားတာ ဖြစ်မယ်။”
သူမ စကားဆုံးသည်နှင့် ယဲ့ယွင်က ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အရူးတစ်ယောက်ကို ကြည့်သလို စိုက်ကြည့်နေလေသည်။
ယိရှိုးယွမ် နေရခက်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"နင် ငါ့ကို ဘာလို့ စိုက်ကြည့်နေတာလဲ"
"ကိုယ်ဝန်ဆောင်ရင် သုံးနှစ်လောက်ထုံထိုင်းသွားတယ်ဆိုတဲ့ စကား ကြားဖူးတယ်။ ဒီနေ့မှ ယိရှိုးယွမ်ကို ကြည့်ပြီး အဲ့ဒါ တကယ်မှန်း သိလိုက်ရတယ်"
ယဲ့ယွင်က နှုတ်ခမ်းတွန့်ကာ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
ချက်ချင်းပင် ယိရှိုးယွမ်၏ မျက်နှာ မဲမှောင်သွားသည်။
"ယဲ့မျိုးရိုး... နင် ငါ့ကို ဆဲရဲတယ်လား"
ယဲ့ယွင် မျက်ခုံးပင့်လိုက်ပြီး တည်ငြိမ်စွာ မတ်တတ်ရပ်ကာ အရိုအသေပြုလိုက်သည်။
"ယိရှိုးယွမ် စဉ်းစားကြည့်ပါ။ အရင်တုန်းက အရှင်မင်းကြီးဆီ မုန့်သွားပို့တုန်းက ယိရှိုးယွမ်လည်း ရှိနေခဲ့တာပဲ။ ဒီချန်းချဲ့ လက်ရာကောင်းတယ်လို့တောင် ချီးကျူးခဲ့သေးတယ်။ အခုကျတော့ ဘယ်လိုလုပ် မေ့သွားရတာလဲ။ အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေတာက ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်မကောင်း ဖြစ်နေတာများလားလို့ စိတ်ပူမိလို့ပါ။ သမားတော် ခေါ်ပြကြည့်ပါဦး"
ယိရှိုးယွမ် စကားပြန်ပြောစရာ မရှိတော့ဘဲ ဒေါသတကြီး မျက်စောင်းထိုးလိုက်သည်။ ထို့နောက် လက်ဖက်ရည်ခွက်ကို မကာ နှစ်ငုံသောက်ပြီး မျက်နှာလွှဲလိုက်သည်။
မပြောဘဲနှင့် သိသာသည်မှာ ဤအချီတွင် ယဲ့ယွင် နိုင်သွားပြန်ပြီဖြစ်သည်။
မိဖုရားခေါင်ကြီးသည် ပြဇာတ်ကြည့်ရသည်ကို ကျေနပ်သွားပြီးနောက် လူစုခွဲရန် အမိန့်ပေးလိုက်သည်။
.....
ဖုန်းရှီးနန်းဆောင်မှ ထွက်လာသည်နှင့် စုမိန်ရန်ကို ယောင်ရှန်းက ဝေ့ရွယ်ဆောင်သို့ ခေါ်သွားလေသည်။
အရင်တုန်းက လူတွေ သတိမထားမိကြသော်လည်း ယနေ့တွင်မူ အခြေအနေက မတူတော့ပေ။
ထိုအချိန်ကျမှ စုမိန်ရန်နှင့် ဖန်းရှိုးယွမ်တို့သည် တစ်ဖွဲ့တည်း ဖြစ်နေကြသည်ကို လူတိုင်း သတိထားမိလိုက်ကြတော့သည်။
***
လှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -202
အခန်း ၂၀၂ ။ နူးညံ့ပျော့ပျောင်းလာခြင်း
"အရှင်မင်းကြီးက မင်းကို ရုတ်တရက် အိပ်ဆောင်ဝင်ခိုင်းတာက မင်းရဲ့ မိသားစုမှာ ပြောင်းလဲမှု တစ်ခုခု ရှိလာလို့ပဲ ဖြစ်လိမ့်မယ်။ မင်းကို မြှောက်စားပေးချင်လို့ အခုလို ခေါ်တွေ့တာဆိုရင် ရိုးရိုးသားသား အိပ်ဆောင်ဝင်ရုံလောက်နဲ့တော့ ပြီးမှာ မဟုတ်ဘူး။ မင်း နန်းတော်ထဲ ရောက်လာတာလည်း တစ်နှစ်ကျော်ပြီဆိုတော့ ရာထူးတိုးပေးဖို့ အချိန်တန်ပြီပေါ့"
ယောင်ရှန်းသည် အဓိကထိုင်ခုံတွင်ထိုင်နေပြီး ယပ်တောင်လေးကို ခပ်ဖွဖွယပ်ခတ်ရင်း ပြောလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း အရိပ်အယောင်များကို မမြင်ရပေ။
"ရာထူးတိုးသည်ဖြစ်စေ၊ မတိုးသည်ဖြစ်စေ၊ ဒီချန်းချဲ့ကတော့ ဖန်းရှိုးယွမ်ရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။ ဖန်းရှိုးယွမ်သာ နေရာတကာမှာ မကူညီပေးခဲ့ရင် ဒီချန်းချဲ့ အရှင်မင်းကြီးရဲ့ အရေးမစိုက်တာကို ခံရတဲ့အချိန်မှာ အစေခံတွေရဲ့ အနိုင်ကျင့်တာကို ခံရပြီး သေသွားလောက်ပါပြီ။”
စုမိန်ရန်က ပြန်ပြောလိုက်သည်။
သူမ၏ ရိုသေလေးစားသော အမူအရာကို မြင်လိုက်ရမှသာ ယောင်ရှန်း၏ စိတ်ထဲတွင် အနည်းငယ် ကျေနပ်သွားသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် သူမ၏ ဘဝနှစ်ခုလုံးတွင် လက်ထပ်ခဲ့သော ခင်ပွန်းသည် ဖြစ်နေသည်။ ထို့ကြောင့် နင်ချန်တခြားမိန်းမကို ချစ်မြတ်နိုးနေသည်ကို မြင်တွေ့ရလျှင် ယောင်ရှန်း၏ ရင်ထဲတွင် ခံစားရခက်နေဆဲပင်။
(T/N ~~ မမတို့ရဲ့အချစ်ခံလေးနင်ချန် အိုက်စ်🤣)
"မင်း မမေ့ရင် ပြီးတာပါပဲ။ ငါပေးလိုက်တဲ့ ဆေးလုံးရော စားပြီးပြီလား"
"ဒီချန်းချဲ့ မမေ့ရဲပါဘူး။ အိပ်ဆောင်ဝင်ပြီးတာနဲ့ ချက်ချင်း စားလိုက်ပါတယ်"
စုမိန်ရန်က ခေါင်းငုံ့လျက် ပြန်ဖြေသည်။
ယောင်ရှန်း ခေါင်းညိတ်လိုက်သည်။
"ဒီတစ်လကျော်အတွင်း မင်းရဲ့ စားသောက်မှုပုံစံကို သေချာ ဂရုစိုက်ပါ။ တစ်လပြည့်ရင် အဖြေပေါ်လာလိမ့်မယ်"
"ဒီချန်းချဲ့ နာခံပါ့မယ်"
စုမိန်ရန်က လိမ္မာစွာ ပြောလိုက်သည်။
"ကဲ... မင်းလည်း အိပ်ဆောင်ဝင်ရတာ ပင်ပန်းနေရောပေါ့။ အမြန်ပြန်နားတော့။ အရှင်မင်းကြီးကို ပြုစုတဲ့အခါ အဝတ်အစား အရောင်အသွေး စုံစုံလင်လင် ဝတ်ရမယ်။ ခဏနေကျရင် ငါ လူလွှတ်ပြီး အဝတ်အစားအသစ်တွေနဲ့ လက်ဝတ်ရတနာတချို့ ပို့ပေးလိုက်မယ်"
"ကျေးဇူးတင်ပါတယ် မယ်မယ်။ ဒီချန်းချဲ့ ပြန်ခွင့်ပြုပါဦး"
ယောင်ရှန်း ခန့်မှန်းထားသည့်အတိုင်းပင် စုမိန်ရန် ဖေးဟုန်နန်းဆောင်သို့ ပြန်ရောက်ပြီး မကြာမီမှာပင် ရာထူးတိုးသည့် အမိန့်တော် ရောက်ရှိလာခဲ့သည်။
ယခုမှစ၍ သူမသည် စုကျယ်ယွီဖြစ်သွားခဲ့သည်။
ကျိုဖင်အဆင့်နှင့် တစ်ဆင့်သာ ကွာခြားတော့သည်။ အကယ်၍ သူမ ကိုယ်ဝန်ရလာပါက နန်းဆောင်တစ်ခု၏ အရှင်သခင်မ ဖြစ်လာရန် အခွင့်အလမ်း ရှိနေပေသည်။
ရာထူးတိုးသည့် အမိန့်တော်ကြောင့် ယခင်က ခြောက်ကပ်နေသော ဖေးဟုန်နန်းဆောင်သည် စည်ကားလာပြီး အရှင်မင်းကြီးနှင့် အခြားနန်းဆောင်များမှ ပေးပို့သော ဆုလက်ဆောင်များ တဖွဲဖွဲ ရောက်ရှိလာသည်။
ယခင်က သူမ၏ ဝေစုများကို ဖြတ်တောက်ထားခဲ့သော နန်းတွင်းရေးရာဌာနသည်လည်း ယခုအခါ အားလုံးကို ပြန်လည်ပေးပို့လာသည်။
အရင်က သူမကို မထီမဲ့မြင်ပြုခဲ့သော မိန်းမစိုးခေါင်းဆောင်သည် ယခုအခါ သူမရှေ့တွင် ခေါင်းငုံ့ကာ မျက်နှာချိုသွေးနေသည်ကို မြင်ရသောအခါ စူးဒီယာ၏ ရင်ထဲတွင် ကျေနပ်ပီတိ ဖြစ်သွားရသည်။
မျက်နှာသာပေးခံရခြင်းသည် တကယ်ကို ကွာခြားလှပေသည်။
သူမ၏ ဗိုက်လေးကို ငုံ့ကြည့်ရင်း ကိုယ်ဝန်ရလာမည့်အချိန်ကို မျှော်လင့်နေမိသည်။
အဆင့်မြင့်သော နေရာတွင် ရှိနေသူများသည် အရှင်မင်းကြီး၏ အချစ်ကို မရရှိလျှင်တောင်မှ သာမန်လူများထက် ပိုမိုကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ကြသည်။ သူမသာ ကလေးမွေးနိုင်လျှင် ဖင်အဆင့်၊ ထိုမှတဖန် ဖေးအဆင့်အထိ တက်လှမ်းနိုင်ခဲ့ပါက ဘယ်လောက်တောင် တောက်ပတဲ့ဘဝဖြစ်လာမလဲ။
......
ယွီရှို့အဆောင်
ယဲ့ယွင်သည် ခြေထောက်ချိတ်ထိုင်ကာ နေကြာစေ့ကို ဝါးရင်း စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသည်။
သူမသည် အရှင်မင်းကြီး၏ တစ်ဦးတည်းသော အချစ်တော် ဖြစ်ချင်သည် မဟုတ်သော်လည်း မနေ့က သူမ ကိုယ်တိုင် မုန့်သွားပို့ထားပါလျက်နှင့် ခွေးဧကရာဇ်နင်ချန်သည် သူမ၏ မျက်နှာကို မထောက်ဘဲ စူးမျိုးရိုးကို အိပ်ဆောင်ဝင်ရန် ခေါ်ယူခဲ့သည်။
ဒါက လုံးဝသူမကို ဂရုမစိုက်တဲ့အပြင်ကျွေးတဲ့လက်ပြန်ကိုက်တဲ့သဘောမလား။ အရိုင်းအစိုင်းကောင်!
ဧကရာဇ်၏ စိတ်ထဲတွင် နိုင်ငံရေးသည် အမြဲတမ်း ပိုအရေးကြီးသည်မှာ သေချာလှသည်။
ပုံမှန်အချိန်တွင် မည်မျှပင် ချစ်မြတ်နိုးပါစေ၊ တိုင်းပြည်အရေးနှင့် ယှဉ်လာလျှင် အချစ်ဆိုသည်မှာ အလကားပင်။
ယဲ့ယွင် တွေးလိုက်မိသည်။ သူမ၏ ကြိုးစားမှုသည် မလုံလောက်သေးပေ။ တစ်နေ့နေ့တွင် ဤအမျိုးသားသည် သူမအတွက် ဦးစားပေး စဉ်းစားလာအောင် လုပ်ရမည်။
.....
ထိုအချိန်တွင် သူမ တိတ်တဆိတ် ဆဲဆိုနေသော ခွေးဧကရာဇ်သည် ချီနင်နန်းဆောင်တွင် မယ်တော်ကြီးအား ဂါရဝပြုနေလေသည်။
ယနေ့ မနက်ပိုင်း ညီလာခံပြီးသည်နှင့် ဖုမားမားသည် ကျိုချန်နန်းဆောင်သို့ ဗာဒံစေ့အနှစ်တစ်ခွက် လာပို့ပြီး မယ်တော်ကြီး ကိုယ်တိုင် လုပ်ပေးလိုက်ကြောင်း ပြောသည်။
မည်သို့ပင်ဖြစ်စေ သားအမိရင်းများ ဖြစ်ကြသဖြင့် မယ်တော်ကြီးတွင် ပြောစရာကိစ္စ ရှိနေကြောင်း နင်ချန် သိလိုက်သည်။ ထို့အပြင် ဂါရဝပြုရန် မရောက်ဖြစ်သည်မှာ ကြာပြီဖြစ်၍ သူ ရောက်လာခဲ့ခြင်းဖြစ်သည်။
"အရှင်မင်းကြီးက နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ၊ မယ်တော်က နိုင်ငံရေးအကြောင်း နားမလည်တော့ အရှင်မင်းကြီးရဲ့ အပူအပင်တွေကို မမျှဝေပေးနိုင်ဘူး။ အားလပ်ချိန်မှာ အစားအသောက်လေးတွေ လုပ်ပေးပြီး အရှင်မင်းကြီး အားရှိအောင် ဖြည့်ဆည်းပေးရုံပဲ တတ်နိုင်တာပါ"
မယ်တော်ကြီးက ပြုံးလျက် ပြောလိုက်သည်။
နင်ချန်၏အမူအရာမှာ တည်ငြိမ်နေသည်။
"ဒီလိုကိစ္စမျိုးကို အစေခံတွေကို ခိုင်းလိုက်ရင် ရနေတာပဲဟာ၊ မယ်တော်က ဘာလို့ ကိုယ်တိုင် ပင်ပန်းခံ လုပ်နေရတာလဲ။ မယ်တော် ပင်ပန်းသွားရင် သားတော်က ပိုစိတ်ပူရဦးမယ်"
"မင်းက မယ်တော့် ဗိုက်ထဲက မွေးလာတာလေ။ အမေက သားအတွက် ဟင်းချက်ပေးတယ်ဆိုတာ သဘာဝကျပါတယ်"
မယ်တော်ကြီးသည် မျက်လွှာချလိုက်ပြီး ဘေးတွင် ရပ်နေသော ဖုမားမားကို မျက်ရိပ်ပြလိုက်သည်။
ဖုမားမား သဘောပေါက်သွားပြီး ဒူးညွှတ်အရိုအသေပြုလိုက်သည်။
"မယ်တော်ကြီးနဲ့ အရှင်မင်းကြီး စကားပြောနေကြတာဆိုတော့ ကျွန်တော်မျိုးမတို့ မနှောင့်ယှက်တော့ပါဘူး"
ပြောပြီးသည်နှင့် အခန်းထဲရှိ အစေခံအားလုံးကို ခေါ်ထုတ်သွားပြီး တံခါးပိတ်လိုက်သည်။
နင်ချန် မျက်မှောင်ကြုတ်လိုက်သည်။ မယ်တော်ကြီး ဘာလုပ်မလို့လဲ မသိသဖြင့် သတိထားပြီး ကြည့်နေလိုက်သည်။
သူ့ပုံစံကို မြင်သောအခါ မယ်တော်ကြီး၏ ရင်ထဲတွင် နာကျင်သွားပြီး ဝမ်းနည်းစိတ်နှင့် ဒေါသစိတ်များ ရောထွေးလာသည်။
သို့သော် ဖုမားမား၏ စကားကို သတိရပြီး စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ကာ လက်ဖက်ရည်ခွက်ကို ချပြီး တိုးတိုးလေး ပြောလိုက်သည်။
"အရင်တုန်းက ကိစ္စတွေ အများကြီးကြောင့် မင်း မယ်တော့်ကို စိတ်ဆိုးနေမှန်း မယ်တော် သိပါတယ်။ မယ်တော် အခု နားလည်သွားပါပြီ။ လူတိုင်းမှာ ကိုယ်ပိုင်ကံကြမ္မာ ရှိကြတာပဲ။ မယ်တော် နောက်ဆိုအေးအေးဆေးဆေးပဲ နေပြီး မြေးလေးတွေကို ထိန်းကျောင်းရင်း နိုင်ငံရေးထဲ ဝင်မပါတော့ပါဘူး။ ယင်းကော်ကုန်းက မယ်တော့်ရဲ့အစ်ကိုရင်း ဖြစ်ပေမဲ့ မင်းကတော့ မယ်တော့် ရင်နှစ်သည်းချာပါ။ နှစ်တစ်ထောင်မှ တစ်ခါ ဆုံရခဲတဲ့ သားအမိ ရေစက်မို့လို့ မင်းနဲ့ မယ်တော် စိမ်းကားသွားရင် မယ်တော်က အခံစားရဆုံးဖြစ်လိမ့်မယ်။”
ထိုစကားများကို မယ်တော်ကြီး ပြောထွက်လိမ့်မည်ဟု နင်ချန် ထင်မထားခဲ့သဖြင့် ခဏမျှ ကြောင်သွားသည်။
သို့သော် ခဏအကြာတွင် ငယ်စဉ်ကတည်းက စိတ်ထဲတွင် မြှုပ်နှံထားခဲ့သော ဝမ်းနည်းမှုများ ရုတ်တရက် ပေါ်ထွက်လာပြီး မျက်ရည်ကျလုနီးပါး ဖြစ်သွားသည်။
သူ မျက်နှာလွှဲလိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းကာ စိတ်ငြိမ်အောင် ထိန်းလိုက်ရသည်။
(T/N ပြောပါတယ် အမောင်နင်ချန်လေးက စိတ်ထားနူးညံ့ပါတယ်လို့ မမတွေဆီကအချစ်ခံရတာ အလကားမဟုတ်ဘူး)
စိတ်တည်ငြိမ်သွားပြီးနောက် မယ်တော်ကြီးကို ပြန်ကြည့်လိုက်သောအခါ သူမ၏ မျက်ဝန်းထဲမှ ခံစားချက်များသည် အစစ်အမှန် မဟုတ်ကြောင်း တွေ့လိုက်ရသည်။
တစ်ဝက်က အမှန်၊ တစ်ဝက်က အတု။ အတိုချုံးပြောရလျှင် ဟန်ဆောင်မှုများ ပါဝင်နေသည်။
သို့သော် မည်သို့ပင်ဖြစ်စေ ယနေ့ မယ်တော်ကြီး၏ ကတိစကားကြောင့် သူ့စိတ်ထဲတွင် အများကြီး သက်သာသွားသည်။
"မယ်တော် စိတ်ပူလွန်းနေပါပြီ။ သားတော်က စိမ်းကားတာ မဟုတ်ပါဘူး။ နိုင်ငံရေးကိစ္စတွေ များနေလို့ ဂါရဝပြုဖို့ မရောက်ဖြစ်တာပါ။ နောက်ဆိုရင် အချိန်ပေးပြီး မယ်တော့်ဆီ မကြာခဏ လာခဲ့ပါ့မယ်"
မယ်တော်ကြီးသည် ကျေနပ်ပီတိဖြစ်စွာ ပြုံးလိုက်ပြီး မျက်ရည်စများကို လက်ကိုင်ပဝါဖြင့် သုတ်ကာ သက်ပြင်းချလိုက်သည်။
"မင်း မရှိတဲ့အချိန်တွေမှာ စူးယွီလေးကပဲ မယ်တော့်ကို အဖော်ပြုပေးတာ။ မင်း သူ့ကို မကြိုက်မှန်း မယ်တော် သိပါတယ်။ ဒါပေမဲ့ သူက မင်းရဲ့ ကိုယ်လုပ်တော် ဖြစ်နေပြီလေ။ မယ်တော်က အဘွားကြီးဆိုတော့ ဘာမှ ပြောစရာမရှိပေမဲ့ မင်း အားရင် သူ့ဆီ တစ်ခေါက်လောက် သွားကြည့်ပေးပါဦး။ ငယ်ငယ်ရွယ်ရွယ်နဲ့ မျှော်လင့်ချက် မမဲ့စေချင်ဘူး။”
"ဟုတ်ကဲ့၊ သားတော် သိပါပြီ"
နင်ချန် ခေါင်းညိတ် လက်ခံလိုက်သည်။
ဒီနေ့ မယ်တော်ကြီးက နောက်ဆုတ်ပေးပြီး နူးညံ့ပျော့ပျောင်းစွာ ဆက်ဆံကာ ကတိပေးခဲ့ပြီဖြစ်၍ သူကလည်း ပြန်လည် နားထောင်ပေးလိုက်သည်။
ထို့အပြင် ချန်မိန်ရန်သည်လည်း အချိန်အကြာကြီး ငြိမ်ကုပ်နေခဲ့သည်။ သူမ ဆက်လက်ငြိမ်သက်နေမည်ဆိုလျှင် အနည်းငယ် မြှောက်စားပေးလိုက်ရုံဖြင့် ပြဿနာမရှိနိုင်ပေ။
ယင်းကော်ကုန်းသည်လည်း တိုင်းပြည်ကို ကူညီထောက်ပံ့ခဲ့သော မှုးမတ်ကောင်း တစ်ဦးဖြစ်ရာ သူ၏ သမီးကို အလွန်အမင်း နှိပ်စက်ထားလျှင် ကြည့်မကောင်းပေ။
.....
အနောက်ဆောင်သို့ သုံးရက်ခန့် မဝင်ဘဲ နေပြီးနောက် နင်ချန်သည် ချန်မိန်ရန်ထံသို့ သွားရောက်ခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က အရှင်မင်းကြီး ချီနင်နန်းဆောင်သို့ သွားရောက်ခဲ့သည်ကို ပြန်လည်ဆက်စပ်ကြည့်လိုက်လျှင် လူတိုင်း အကြောင်းစုံကို သိသွားကြသည်။
ရာထူးတိုးကာစ စုကျယ်ယွီမှာမူ ရာထူးတိုးပြီးနောက် လှုပ်ရှားမှု မရှိတော့ပေ။
ထို့ကြောင့်လူတိုင်းက သူမကို လှောင်ပြောင်နေကြပြန်သည်။
ကျားစခ်ဒေသမှ မင်းသားနှစ်ပါး လက်ထပ်ထိမ်းမြားခြင်းကြောင့် တတိယမင်းသားမှာ အသက်ငယ်ရွယ်ပြီး ဒုတိယမင်းသားလောက် ဩဇာမကြီးမားသဖြင့် အားအနည်းဆုံး ဖြစ်သွားကြောင်း သတင်းရရှိထားကြသည်။
အင်အားချင်း မျှတစေရန်အတွက် အရှင်မင်းကြီးသည် စူးမျိုးရိုးကို ရာထူးတိုးပေးပြီး တတိယမင်းသား အန်းဟယ်ကျင်းကို အားပေးလိုက်ခြင်း ဖြစ်သည်။ အခြေအနေ မညီမမျှ ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် အရှင်မင်းကြီးသည် စူးမျိုးရိုးကို တကယ်နှစ်သက်ခြင်း မဟုတ်ဘဲ ရာထူးသာတိုးပေးပြီး အချစ်မပေးသဖြင့် ကြောက်စရာမလိုတော့ပေ။
အချိန်များကုန်လွန်လာပြီး ဇွန်လသို့ ရောက်ရှိလာခဲ့သည်။
ကနဦးတွင် မင်းသမီး ကျားရို့နှင့် ဖိန်ယန်နယ်စား၏ သားတို့ လက်ထပ်ပွဲကို နန်းတော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ထို့နောက် နင်ချန်သည် လင်ရှီးဥယျာဉ်တော်သို့ အပူရှောင်ရန် သွားရောက်မည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်လိုက်သည်။
မယ်တော်ကြီးက မလိုက်တော့ဟုပြောသဖြင့် အခြားမိဖုရားများလည်း မလိုက်ကြတော့ပေ။
ကိုယ်လုပ်တော်များထဲတွင် မင်းသား၊ မင်းသမီး မွေးထားသူများ ပါဝင်ကြပြီး ကျင်းဖေး၊ ဖန်းရှိုးယွမ်၊ ယဲ့ယွင်၊ ချန်မိန်ရန်၊ ရှမိန်ရန်နှင့် ချွေ့ပေါင်လင်တို့ လိုက်ပါကြမည်ဖြစ်သည်။
မူလက စုကျယ်ယွီလည်း ပါဝင်သော်လည်း နေမကောင်းဟု အကြောင်းပြကာ နန်းတော်တွင်သာ နေရစ်ခဲ့သည်။
မိဖုရားခေါင်ကြီးလည်း မလိုက်ပါပေ။ ဒုတိယမင်းသားကို နန်းတော်တွင် ပြုစုစောင့်ရှောက်ရန် လူလိုခြင်းနှင့် မယ်တော်ကြီးကိုပြုစုရန် လိုအပ်ခြင်းတို့ကြောင့် နေရစ်ခဲ့သည်။
သုံးရက်အကြာတွင် ခရီးထွက်ကြမည်ဖြစ်သည်။
ထိုကြားကာလတွင် ယဲ့မိသားစုသည် မင်းသမီး ကျားရို့၏နောက်မှကပ်လိုက်ကာ ယဲ့ကျယ်၏ မင်္ဂလာပွဲကို ကျင်းပခဲ့ကြသည်။
ချူရှီသည် နန်းတော်သို့ လွှာကြားချက်တင်ပြီး ယဲ့ယွင်၏ မရီးဖြစ်သူ ယင်းရှီကို ခေါ်ဆောင်ကာ ယဲ့ယွင်နှင့် တွေ့ဆုံစေခဲ့သည်။
မိဖုရားခေါင်ကြီးသည် သဘာဝကျစွာပင် တားမြစ်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ခရီးမထွက်မီ တစ်ရက်အလိုတွင် ယဲ့ယွင်သည် မိသားစုဝင်များနှင့် တွေ့ဆုံခွင့် ရခဲ့လေသည်။
***