အခန်း (၂၀၃-၂၀၄)
Vol. 13 Ch. 203-204
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -203
အခန်း ၂၀၃ ။ ယင်းမျိုးရိုး
ချူရှီသည် ချွေးမဖြစ်သူ ယင်းရှီနှင့်အတူ နန်းတော်သို့ ရောက်ရှိလာသည်။ စည်းမျဉ်းအရ သူတို့သည် ဖုန်းရှီးနန်းဆောင်သို့ ဦးစွာသွားရောက်၍ မိဖုရားခေါင်ကြီးအား ဂါရဝပြုကြရသည်။
ယဲ့ယွင်၏ ရာထူးအဆင့်အတန်း နိမ့်သောကြောင့် သူတို့နှစ်ဦးစလုံးသည် အဆင့်မြင့် ရာထူးရှိသော ကတော်ကြီးများဖြစ်ကြသော်လည်း မိဖုရားခေါင်ကြီးသည် သူတို့ကို လက်ခံတွေ့ဆုံခြင်း မရှိပေ။
တင်းမားမားကို စေလွှတ်၍ လက်ဖက်ရည်တစ်ခွက်ဖြင့် ဧည့်ခံကာ ပြန်လွှတ်လိုက်သည်။
သူတို့ကို ကြိုဆိုရန် တာဝန်မှာ ယခင်အတိုင်း ပိုင်ရှုယူထားသည်။
ပိုင်ရှုသည် အစေခံမလေးနှစ်ယောက်နှင့်အတူ ထီးကိုယ်စီကိုင်ကာ ဖုန်းရှီးနန်းဆောင်အပြင်ဘက် လမ်းကြားတွင် စောင့်ဆိုင်းနေလေသည်။
"သခင်မကြီး၊ သခင်မလေး... ကျယ်ယွီက မျှော်နေတာ ကြာပါပြီ။ ကျွန်တော်မျိုးနဲ့အတူ ယွီရှို့အဆောင်ကို ကြွပါ"
"သူက ဘယ်သူလဲ"
ယင်းရှီက ပြုံးရွှင်စွာ မေးလိုက်သည်။
ချူရှီက မိတ်ဆက်ပေးသည်။
"သူက ကျယ်ယွီရဲ့ အဆောင်ကို တာဝန်ယူထားတဲ့ ပိုင်ကုန်းကုန်းလေ"
"ဩော်... ပိုင်ကုန်းကုန်းကိုး၊ တွေ့ရတာ ဝမ်းသာပါတယ်။ ဒါက မပြောပလောက်တဲ့ လက်ဆောင်လေးပါ၊ လက်ခံပေးပါ"
ယင်းရှီ ပြုံးလိုက်သည်။ သူမသည် ခေါင်းပေါ်မှ ငွေဆံထိုးအတိုလေးတစ်ချောင်းကို ချက်ချင်း ဖြုတ်ယူကာ ပိုင်ရှု၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
ပိုင်ရှုသည် ကျေးဇူးတင်စကားဆိုပြီး ပြုံးဖြီးဖြီးဖြင့် လက်ခံလိုက်သည်။
အကယ်၍ သူ လက်မခံလျှင် သခင်မလေးက ကျယ်ယွီ သူ့ကို အထင်သေးသည်ဟု ထင်သွားနိုင်သည် မဟုတ်လား။
မည်သို့ပင်ဖြစ်စေ ယင်းမိသားစု၏ အဆင့်အတန်းမှာ နိမ့်ကျသည်ဟု ဆိုနိုင်သည်။
ယွီရှို့အဆောင်သို့ရောက်ရန် နံ့သာတိုင်တစ်တိုင်စာမျှ လမ်းလျှောက်လိုက်ရသည်။
ယင်းရှီသည် နန်းတော်ထဲသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်၍ စိတ်လှုပ်ရှားနေသော်လည်း နန်းတော်၏ ကြီးကျယ်ခမ်းနားမှုကြောင့် ဟိုဟိုဒီဒီ လျှောက်မကြည့်ရဲပေ။
နန်းဆောင်တစ်ခုနှင့် တစ်ခု ဤမျှ ဝေးကွာနေသည်ကို တွေ့ရသဖြင့် ခင်ပွန်းသည် ပြောဖူးသည့်အတိုင်း နန်းတွင်းသူများ ဝေါယာဉ်စီးရသည်မှာ မဆန်းတော့ပေ။
(T/N- ကျွန်မမှန်းထားတဲ့ ဒါလင်လေး သူများဆီပါသွားတာ နေလို့ထိုင်လို့မကောင်းလိုက်တာ 😩)
ယွီရှို့အဆောင်သို့ ရောက်သောအခါ ဟွေယွဲ့က တံခါးဝတွင် ကြိုဆိုနေသည်။
ယဲ့ယွင်သည် သူမ၏ လူများကို ကောင်းမွန်စွာ ဆက်ဆံတတ်သဖြင့် ဟွေယွဲ့ ဝတ်ဆင်ထားသော အဝတ်အစားများမှာ နန်းပြင်မှ အရာရှိကတော်များ ဝတ်ဆင်သည့် အဆင့်အတန်းမျိုး ဖြစ်နေသည်။
ဒါကို မြင်လိုက်ရမှ ယင်းရှီသည် သူမ၏ ယောင်းမက အဝတ်အထည်များစွာ လက်ဆောင်ပေးရသည့် အကြောင်းရင်းကို နားလည်သွားတော့သည်။
အစက သူမသည် ထိုအဝတ်အစားများမှာ တန်ဖိုးကြီးလွန်း၍ မဝတ်ရဲ ဖြစ်နေခဲ့သည်။ ယခု ကြည့်ရသည်မှာ မြို့တော်မှ အထက်တန်းလွှာများသည် ဤကဲ့သို့ ဝတ်ဆင်ကြသည်ကို တွေ့ရသည်။ အကယ်၍ ယောင်းမကသာ ကြိုတင်ပြင်ဆင်ပေးမထားလျှင် သူမ အကောင်းဆုံးဟု ထင်ထားသော အဝတ်အစားများသည် နန်းတော်ထဲတွင် သူတောင်းစားအဝတ်အစားများ ဖြစ်သွားပေလိမ့်မည်။
ကျုံးယုံဟိုအိမ်တော်၏ မျက်နှာကို အိုးမဲသုတ်သလို ဖြစ်သွားမည် မဟုတ်လား။
ခင်ပွန်းသည်နှင့် ယောက္ခမတို့က ညီမလေးသည် စိတ်ထားနူးညံ့ပြီး ဉာဏ်ကောင်းကာ သဘောထားကြီးကြောင်း ပြောဖူးသည်ကို သတိရလိုက်သည်။ ထိုစကား မှန်ကန်ကြောင်း ယခု သက်သေပြနေပြီ။
အနည်းဆုံးတော့ သူမ၏ အတွေ့အကြုံနှင့် ဘေးပတ်ဝန်းကျင်မှ အစေခံများ၏ အပြုအမူအရ ယောင်းမသည် သူမ၏ နိမ့်ကျသော နောက်ခံအသိုင်းအဝိုင်းကို အပြစ်တင်မည် မဟုတ်ကြောင်း စိတ်ချလိုက်ရသည်။
အတွင်းဆောင်သို့ ဝင်လိုက်သည်နှင့် ဂါရဝမပြုရသေးခင်မှာပင် နန်ကျစ်နှင့် ဟွေယွဲ့တို့က သူတို့ကို တွဲထူပေးလိုက်ကြသည်။
"အားလုံးက မိသားစုတွေပဲလေ၊ အမေနဲ့ မရီးတို့ ယဉ်ကျေးမနေကြပါနဲ့။ ထိုင်ပြီး အနားယူကြပါဦး။ လမ်းလျှောက်လာရတာ ပူနေရောပေါ့"
ယဲ့ယွင် ဝမ်းသာအားရ ပြောလိုက်သည်။
ယင်းရှီကို ကြည့်ပြီး ပြုံးကာ ဆက်ပြောသည်။
"အစ်ကို့စာထဲမှာ မရီးက ကျွန်မနဲ့ ကိုယ်လုံးကိုယ်ထည် တူပေမဲ့ အရပ်နည်းနည်း ပိုရှည်တယ်လို့ ပါတယ်လေ။ ဒါကြောင့် ကျွန်မက အပ်ချုပ်သမတွေကို အင်္ကျီအရှည် နည်းနည်းပိုရှည်အောင် ချုပ်ခိုင်းထားတာ။ အခု ဝတ်ထားတာ ကြည့်ရတာ ကွက်တိပဲနော်"
ယင်းရှီသည် စံချိန်မီ လင်ကျိုးသူလေး ဖြစ်သည်။ အသားအရေ သိပ်မဖြူဘဲ ဂျုံညိုရောင်သန်းနေသည်။ သိုင်းပညာ လိုက်စားသူဖြစ်၍ ကိုယ်လုံးကိုယ်ထည် ကျစ်လျစ်သွယ်လျပြီး သာမန်မိန်းကလေးများထက် အရပ်ရှည်သည်။
မျက်နှာသွင်ပြင်မှာ သေသပ်လှပပြီး သူရဲကောင်းဆန်သော အငွေ့အသက် ရှိသည်။ မက်မွန်သဏ္ဌာန် မျက်ဝန်းများနှင့် ပြည့်ဖြိုးသော နှုတ်ခမ်းများ ရှိပြီး ပြုံးလိုက်လျှင် လှပကျက်သရေရှိသည်။
အပြင်ပန်းကြည့်ရုံဖြင့် ပွင့်လင်းရိုးသားပြီး ဉာဏ်ထက်မြက်သော အမျိုးသမီးဖြစ်ကြောင်း သိသာနိုင်သည်။
"ကျယ်ယွီက တကယ် စိတ်ကူးဉာဏ် ရင့်သန်တာပဲ။ ကျယ်ယွီသာ ကြိုတင်မပြင်ဆင်ပေးရင် မရီး မြို့တော်ကို ပြန်ရောက်ရင် အရှက်ကွဲတော့မှာရယ်။”
ယင်းရှီက ဒူးညွှတ်အရိုအသေပြုလိုက်သည်။
သူမသည် မိန်းမပျိုလေးများ၏ ယဉ်ကျေးမှုထုံးစံများကို သိပ်မကျွမ်းကျင်လှပေ။ စစ်တပ်ထဲတွင် လက်သီးချင်းဆုပ်၍ နှုတ်ဆက်သည်သာ များသည်။
ထို့ကြောင့် နူးညံ့သိမ်မွေ့ရမည့် ဒူးညွှတ်နှုတ်ဆက်ခြင်းသည် သူမအတွက် အနည်းငယ် တောင့်တင်းနေသည်။
ယဲ့ယွင် သူမကို တွဲထူလိုက်သည်။
"အစ်ကိုက ဒါတွေကို တွေးမိမှာ မဟုတ်ဘူးဆိုတာ သိလို့ ကျွန်မက ပြင်ဆင်ပေးလိုက်တာပါ။ မိသားစုချင်းပဲ ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ။ မရီး ခေါင်းပေါ်က ဒေါင်းပုံဆံထိုးက အမေ့ရဲ့ မင်္ဂလာလက်ဖွဲ့ မဟုတ်လား။ အမေက မရီးကို ဘယ်လောက်ချစ်လဲဆိုတာ သိသာတယ်နော်။ ကျွန်မတောင် မနာလိုဖြစ်လာပြီ"
ဤကဲ့သို့ နောက်ပြောင်လိုက်ခြင်းဖြင့် သူတို့ကြားမှ အကွာအဝေးကို လျှော့ချလိုက်နိုင်သည်။
ယင်းရှီမှာ ရှက်သွေးဖြာသွားသည်။
ချူရှီက သမီးဖြစ်သူကို မျက်စောင်းထိုးလိုက်သည်။
"မင်းမရီးက ဒီအိမ်ထဲ ရောက်လာပြီဆိုတော့ မေမေ့သမီး ဖြစ်သွားပြီလေ။ လက်ဖဝါးနဲ့ လက်ဖမိုး ဘယ်နေရာအသားနာနာ နာတာပဲ။ မေမေက မင်းအတွက် ဘယ်တုန်းက လျှော့ပေးဖူးလို့လဲ"
"မေမေနဲ့ မတွေ့ရတာ ကြာလို့ သမီးက ချွဲကြည့်တာပါ"
ယဲ့ယွင်က ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။
သားအမိနှစ်ယောက်၏ ပေါ့ပေါ့ပါးပါး ပြောဆိုဆက်ဆံပုံကို ကြည့်ရင်း ယင်းရှီလည်း စိတ်လက်ပေါ့ပါးသွားသည်။
အင်္ကျီလက်ထဲမှ လက်ဖဝါးအရွယ် သစ်သားဘူးလေးကို ထုတ်ယူပြီး ကမ်းပေးလိုက်သည်။
"ဒီထဲမှာ နားကပ်တစ်စုံ ပါပါတယ်။ သာမန်နားကပ်တွေနဲ့ မတူဘူး။ လင်းယုန်ရိုးနဲ့ လုပ်ထားတာပါ။ တန်ဖိုးမကြီးပေမဲ့ ရှားပါးတဲ့ပစ္စည်းလေးပါ"
"လင်းကျိုးမှာ လင်းယုန်ငှက်က နတ်ဘုရားပဲ။ သူ့အရိုးနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေက နတ်ဘုရားရဲ့ ကောင်းချီးကို ရတယ်လို့ ယူဆကြတယ်။ ကျယ်ယွီက ရွှေငွေရတနာတွေ မြင်ဖူးနေကျဆိုတော့ ဒါလေးပဲ လက်ဆောင်ပေးလိုက်မယ်နော်။ ကြိုက်မကြိုက် ကြည့်ပါဦး"
ဘူးကို ဖွင့်လိုက်သောအခါ ကတ္တီပါစပေါ်တွင် အဖြူရောင် နားကပ်တစ်စုံ ရှိနေသည်။
အဝိုင်းပုံစံဖြစ်ပြီး အပေါ်တွင် အလွန်သေးငယ်သော ပန်းကနုတ်များ ထွင်းထုထားကာ ငွေအပ်ဖြင့် တွဲထားသည်။ ရိုးရှင်းသေသပ်ပြီး ထူးခြားဆန်းပြားသော အလှတရား ရှိသည်။
ယဲ့ယွင် ချက်ချင်း ကောက်ယူကြည့်ရှုလိုက်ပြီး အံ့ဩတကြီး မေးလိုက်သည်။
"လင်းယုန်က သားရဲငှက်လေ။ မရီး ဘယ်လို ဖမ်းမိတာလဲ"
ယင်းရှီ ပြုံးလိုက်သည်။
"လင်းကျိုးသားတွေက လင်းယုန်ကို မသတ်ဘူး။ ဒီလင်းယုန်က ဒဏ်ရာရနေတုန်း အဘိုးက ကောက်ရပြီး အိမ်ခေါ်မွေးထားတာ။ နောက်ပိုင်း အသက်ကြီးလို့ သေသွားတော့ အဘိုးက လွမ်းလို့ဆိုပြီး အရိုးကို ပစ္စည်းလုပ်ထားတာ။ အမှတ်တရပေါ့။ ဒါပေမဲ့ မရီးငယ်ငယ်တုန်းက မြင်းပေါ်ကပြုတ်ကျပြီး သေလုနီးပါး ဖြစ်တုန်းက အဘိုးက ကံကောင်းအောင်ဆိုပြီး ဒီနားကပ်ကို ပေးခဲ့တာ"
"ဒါပေမဲ့ မရီးတစ်ခါမှ မဝတ်ဖူးပါဘူး။ ကိုယ်နဲ့မကွာ ဆောင်ထားရုံပါပဲ။ ဒီနှစ်တွေမှာ အန္တရာယ်ကင်းခဲ့တာဆိုတော့ ဒီပစ္စည်းက တကယ်ပဲ ကံကောင်းစေတယ် ထင်ပါရဲ့။ ကျယ်ယွီက နန်းတော်ထဲမှာ တစ်ယောက်တည်းဆိုတော့ ဘေးကင်းလုံခြုံဖို့အတွက် ဒါလေး ပေးလိုက်တာပါ"
ယဲ့ယွင် အံ့ဩသွားပြီး နားကပ်ကို ဘူးထဲ ပြန်ထည့်လိုက်သည်။
"ဒီလို ရာဇဝင်ရှိမှန်း မသိခဲ့ဘူး။ ဒီလိုဆိုရင် ဒီနားကပ်က ရွှေတစ်သောင်းထက် တန်ဖိုးရှိနေပြီ။ ဒီလောက် တန်ဖိုးရှိတာကို ကျွန်မ လက်မခံရဲပါဘူး"
"ဘာပစ္စည်းက ကျယ်ယွီရဲ့ ဘေးကင်းလုံခြုံရေးထက် ပိုတန်ဖိုးရှိမှာလဲ"
ယင်းရှီက ဘူးကို သူမလက်ထဲ အတင်းထည့်ပေးလိုက်သည်။
"ကျယ်ယွီရဲ့အကိုဖြစ်သူ၊ မေမေနဲ့ မရီးတို့ အားလုံးက ကျယ်ယွီ ဘေးကင်းချောမွေ့ဖို့ပဲ မျှော်လင့်တာပါ"
သူမ၏ လေသံမှာ ဟန်ဆောင်မှု ကင်းပြီး မျက်ဝန်းများမှာလည်း ရိုးသားပြတ်သားသည်။
ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း ယဲ့ယွင်သည် ယင်းရှီကို မိသားစုဝင်တစ်ယောက်ဟု ခံစားလိုက်ရသည်။
မရီးနှင့် ယောင်းမ နှစ်ယောက်သား ကြည့်ပြီး ပြုံးလိုက်ကြရာ ဆက်ဆံရေး ပိုမို ရင်းနှီးသွားကြသည်။
ထို့နောက် သူတို့နှစ်ဦး စကားလက်ဆုံကျသွားကြသည်။
ယင်းရှီက လင်းကျိုးဒေသအကြောင်း ပြောပြပြီး ယဲ့ယွင်က မြို့တော်မှ အထက်တန်းလွှာအသိုင်းအဝိုင်းအကြောင်း ပြောပြသည်။
သို့သော် သူတို့ သားအမိနှစ်ယောက်သည် ပြင်ပမှ ကတော်များ ဖြစ်ကြသဖြင့် နန်းတော်ထဲတွင် ကြာကြာနေ၍ မဖြစ်ပေ။
နေ့လည်စာ စားရန် အမိန့်မရှိသဖြင့် ယဲ့ယွင် သူတို့ကို ထမင်းစားရန် မခေါ်ထားတော့ပေ။
ယွီရှို့အဆောင်တွင် လေးနာရီခန့် ကြာပြီးနောက် မိခင်နှင့် မရီးဖြစ်သူကို ပြန်ပို့လိုက်သည်။
"ကျွန်တော်မျိုးမ ကြည့်ရတာ ကျယ်ယွီနဲ့ သခင်မလေးတို့ တော်တော် အဆင်ပြေကြပုံပဲ"
နန်ကျစ်က ပြုံးလျက် ပြောလိုက်သည်။
ယဲ့ယွင်သည် ပိုးယပ်တောင်လေးကို ခါရင်း စိတ်ကြည်နူးစွာ ပြောလိုက်သည်။
"တကယ် အဆင်ပြေပါတယ်။ ငါက ဉာဏ်ကောင်းပြီး ပွင့်လင်းရိုးသားတဲ့ မိန်းကလေးတွေကို သဘောကျတယ်။ မဆိုးဘူး။ အစ်ကိုကြီးက မျက်စိရှိသားပဲ"
အနည်းဆုံးတော့ ယင်းရှီ၏ စိတ်နေသဘောထားနှင့် ရုပ်ရည်ကို သူမ သဘောကျသည်။
ဟွေယွဲ့သည် လိုက်ကာကို မတင်ကာ ဝင်လာပြီး ရေခဲအိုးလေးတစ်လုံးကို အခန်းထဲရှိ ရေခဲဇလုံထဲသို့ ထပ်ထည့်လိုက်သည်။
"ခုနက မိဖုရားခေါင်ကြီးဆီက လူလာပြောသွားတယ်။ မနက်ဖြန် ညနေ ၆ နာရီလောက်ကျရင် ခရီးထွက်မယ်တဲ့။ လမ်းမှာ အပူဒဏ် မခံရအောင်လို့။ ကျယ်ယွီ နေရမယ့်နေရာလည်း သတ်မှတ်ပြီးပြီ။ ကျောက်ထန်ခြံဝင်းတဲ့"
ညနေ ၆ နာရီဆိုလျှင် ပုံမှန် နှုတ်ဆက်ဂါရဝပြုချိန်ထက်တောင် စောနေသေးသည်။ လင်ရှီးဥယျာဉ်တော်ရောက်မှ ညစာစားကြမည် ထင်သည်။
"ကျောက်ထန်ခြံဝင်း ဟုတ်လား။ ငါ ပထမတစ်ခေါက် သွားတုန်းက ကျိုက်ရှင်းဆောင်မှာ နေရတာလေ။ ဘာလို့ ပြောင်းသွားတာလဲ"
ယဲ့ယွင် မေးလိုက်သည်။
ဟွေယွဲ့ ခေါင်းခါလိုက်သည်။
"ကျွန်တော်မျိုးမလည်း မသိဘူး။ ဒါပေမဲ့ လာပြောတဲ့ မိန်းမစိုးကတော့ ကျောက်ထန်ခြံဝင်းက ကျိုက်ရှင်းဆောင်ထက် ပိုကျယ်တယ်တဲ့။ ပြီးတော့ အရှင်မင်းကြီးရဲ့ ကျင်းကန်နန်းဆောင်နဲ့ ပိုနီးတယ်တဲ့"
ယဲ့ယွင် ခေါင်းညိတ်လိုက်ပြီး ထပ်မမေးတော့ပေ။
မနက်ဖြန် ထွက်ရတော့မည်ဖြစ်၍ မပြီးသေးသော ပစ္စည်းများကို အမြန်သိမ်းဆည်းလိုက်တော့သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -204
အခန်း ၂၀၄ ။ မြေခွေးမ
နောက်တစ်နေ့ နံနက်စောစော နေအလင်းမဝင်ခင်အချိန်တွင် ခရီးစထွက်ခဲ့ကြသည်။
ဤတစ်ခေါက်တွင် ယဲ့ယွင်သည် ဟွေယွဲ့နှင့် နန်ကျစ်တို့ နှစ်ဦးစလုံးကို ခေါ်ဆောင်ခဲ့ပြီး ပိုင်ရှုနှင့် လုကျီတို့လည်း ပါလာကြသည်။
မထွက်ခွာမီ သူမသည် လုဟယ်နှင့် လုမေ့တို့ကို သီးသန့် ခေါ်ယူတွေ့ဆုံပြီး ယွီရှို့အဆောင်တွင် ကျန်ရစ်နေစဉ်အတွင်း အမှားအယွင်းမရှိ စောင့်ရှောက်ရန် မှာကြားခဲ့သည်။
မူလက ထိုအစေခံမလေးနှစ်ယောက်သည် သခင်မက ၎င်းတို့နှင့် ရာထူးတူ လုကျီကို ခေါ်ဆောင်သွားပြီး ၎င်းတို့ကို ထားရစ်ခဲ့သဖြင့် စိတ်မကောင်း ဖြစ်နေခဲ့ကြသည်။ သို့သော် ယခုလို ရှင်းပြလိုက်သောအခါမှ မိမိတို့တွင်လည်း ကြီးမားသော တာဝန်ရှိကြောင်း သိလိုက်ရပြီး စိတ်သက်သာရာ ရသွားကြသည်။
ဒါက ယဲ့ယွင်၏ လူ့စိတ်ကို နားလည်ပြီး အသေးစိတ်ကအစ ဂရုစိုက်တတ်သည့် အချက်ပင် ဖြစ်သည်။
မြင်းလှည်းပေါ် ရောက်သည်နှင့် ယဲ့ယွင်သည် ခေါင်းပေါ်မှ ဆံထိုးများကို အမြန်ဖြုတ်ပြီး အိပ်စက်လိုက်တော့သည်။
လင်ရှီးဥယျာဉ်တော်သို့ ရောက်ရန် အတော်ဝေးသေးသဖြင့် အိပ်ရေးဝအောင် အိပ်ထားလိုက်ခြင်းက ပိုကောင်းသည်။
ခရီးဆုံးသို့ ရောက်သောအခါ ခြောက်နာရီခန့် ကြာမြင့်သွားခဲ့ပြီဖြစ်သည်။
ဥယျာဉ်တော်ထဲတွင် မြင်းလှည်းပေါ်မှ ဆင်းလိုက်သောအခါ ထင်ထားသလောက် မပူပေ။
လင်ရှီးဥယျာဉ်တော်တွင် သစ်ပင်များနှင့် ရေကန်များ ပေါများသဖြင့် လေတိုက်လိုက်သည်နှင့် အေးမြလန်းဆန်းသွားသည်။
"ရောက်ပြီဆိုတော့ မင်းတို့အားလုံး မနက်စောစော ထလာရတာ ပင်ပန်းနေရောပေါ့။ ကိုယ့်နေရာကိုယ်သွားပြီး အနားယူကြတော့"
ပြောပြီးသည်နှင့် လက်ဝှေ့ယမ်းလိုက်ရာ ဥယျာဉ်တော်မှ အစေခံများ ရောက်လာပြီး လမ်းပြခေါ်ဆောင်သွားကြသည်။
နင်ချန်သည် မိန်းမပျိုများကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် သူ့အကြည့်များ တစ်နေရာတည်းတွင် ရပ်တန့်သွားသည်။
"မင်ကျယ်ယွီရဲ့ ဆံပင်တွေ ဘာလို့ ဖွာလန်ကျဲနေတာလဲ"
ထိုစကားကြောင့် လူတိုင်း၏ အကြည့်များသည် သူမထံသို့ တစ်ပြိုင်နက် ရောက်ရှိလာကြသည်။
ယဲ့ယွင် ကြောင်သွားပြီး ခေါင်းနောက်ပိုင်းကို စမ်းကြည့်လိုက်ရာ ဆံပင်တစ်လွှာ ပြေကျနေသည်ကို တွေ့လိုက်ရသည်။
ခုနက မြင်းလှည်းပေါ်မှ ဆင်းခါနီးတွင် ဟွေယွဲ့က သူမကို အတင်းဆွဲထားခဲ့ခြင်းမှာ ဆံထိုးတစ်ချောင်း ပြုတ်ကျသွား၍ ဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော် သူမက ကြီးကြီးမားမား ကိစ္စဟု မထင်မှတ်ဘဲ ဒူးညွှတ်အရိုအသေပြုကာ တည်ငြိမ်စွာ ပြန်လျှောက်တင်လိုက်သည်။
"ဒီချန်းချဲ့ လမ်းမှာ အိပ်ပျော်သွားလို့ ဆံထိုးကျွတ်တာ သတိမထားမိလိုက်ပါဘူး။ အဝတ်အစားနဲ့ ဆံပင် ဖရိုဖရဲဖြစ်သွားတဲ့အတွက် ခွင့်လွှတ်တော်မူပါ"
အိပ်ရာနိုးခါစ မိန်းမပျိုလေး၏ ဖြူဝင်းသော ပါးပြင်ပေါ်တွင် ပါးနီရောင် သန်းနေပြီး မျက်ဝန်းထဲတွင် အိပ်ချင်မူးတူး အရိပ်အယောင်များ ကျန်ရှိနေသေးသည်။ လေပြည်အဝေ့တွင် ပြေကျနေသော ဆံနွယ်များ လွင့်ပါးနေပြီး နုဖတ်နေသော အစိမ်းရောင် ဝတ်စုံလေးနှင့် လိုက်ဖက်ညီစွာ ရေကန်ထဲမှ ကြာပန်းတစ်ပွင့်အလား လှပနေသည်။
နင်ချန်သည် ခေတ္တမျှ ငေးမောသွားပြီးမှ စိတ်ကို ပြန်ထိန်းကာ သူမကို လက်ယပ်ခေါ်လိုက်သည်။
"မင်းက အမြဲတမ်း ပျင်းနေတတ်တာပဲ။ မြင်းလှည်းပေါ်မှာ အိပ်လာပြီးပြီဆိုတော့ အိပ်ရေးဝနေလောက်ပြီ။ ကျန်းနဲ့အတူ ကျင်းကန်နန်းဆောင်ကို လိုက်ခဲ့ပြီး လွှာကြားချက်တွေ စစ်ဆေးပေးချေ"
ယဲ့ယွင် စိတ်ထဲတွင် ဆဲဆိုလိုက်မိသည်။ ဒီလူ မျက်လုံးကန်းနေတာလား၊ ဘယ်သူက အိပ်ရေးဝနေလို့လဲ။
သို့သော် အပြင်ပန်းတွင်မူ ပြုံးရွှင်စွာဖြင့် "နာခံပါ့မယ်" ဟု ပြန်ဖြေလိုက်ရသည်။
နင်ချန်သည် လူအများရှေ့တွင်ပင် သူမ၏ လက်ကို ဆွဲပြီး ခေါ်ဆောင်သွားလေသည်။
ထိုအခါမှ ကျန်ရှိသော ကိုယ်လုပ်တော်များသည် မင်ကျယ်ယွီသည် တကယ့် မြေခွေးမ (ယောက်ျားများကို ညှို့ယူဖမ်းစားတတ်သူ) ဖြစ်ကြောင်း တညီတညွတ်တည်း လက်ခံလိုက်ကြတော့သည်။
.....
ကျင်းကန်နန်းဆောင်သို့ ရောက်သောအခါ ယဲ့ယွင်သည် အရိုးမရှိသကဲ့သို့ ပြတင်းပေါက်နားရှိ ဆိုဖာပေါ်တွင် ခွေခွေလေး လှဲချလိုက်ပြီး ခေါင်းအုံးကို ဖက်ထားလိုက်သည်။
သူမ၏ ပျင်းရိနေသော ပုံစံကို ကြည့်ပြီး နင်ချန် ရယ်ချင်စိတ် ဖြစ်ပေါ်လာသည်။ အစေခံများကို ထွက်သွားရန် အမိန့်ပေးပြီး သူမဘေးတွင် ဝင်ထိုင်လိုက်သည်။
"ဘာလို့ ဒီလောက် ပျင်းနေတာလဲ။ ခြောက်နာရီလောက် ထိုင်လိုက်လာရတာက်ို အနားမယူရသေးသလို လုပ်နေတယ်။
"လူတွေက ခရီးပန်းတယ်လို့ ပြောကြတာပဲဟာ၊ အရှင်မင်းကြီးကလှည့်ကျမှ မြင်းလှည်းစီးတာကို အနားယူတယ်လို့ ပြောနေတာ"
မိန်းမငယ်လေးက နှာမှုတ်လိုက်သည်။
လက်ထဲမှ ခေါင်းအုံးကို လွှတ်ချပြီး အမျိုးသား၏ ပေါင်ပေါ်သို့ မှောက်ချလိုက်သည်။
"အရှင်မင်းကြီးက လွှာကြားချက်တွေ စစ်ဆေးမယ်ဆို စစ်လေ။ ဒီချန်းချဲ့က ဒီမှာထိုင်ပြီး အရှင်မင်းကြီး လုပ်တာကို ကြည့်နေမယ်လေ။ ဟုတ်ပြီလားဟင်"
မြင်းလှည်းပေါ်တွင် လှုပ်ခါနေသဖြင့် ကောင်းကောင်း အိပ်မပျော်ခဲ့ရပေ။ ယဲ့ယွင်မှာ အိပ်ချင်လွန်း၍ သေတော့မည်။
ထို့ကြောင့် သူမသည် အစွမ်းကုန် ချွဲနွဲ့နေတော့သည်။ နင်ချန်သည် မနေနိုင်ဘဲ သူမ၏ ပါးလေးကို ဆွဲညှစ်လိုက်သည်။
"ကျန်းက မင်းကို မှင်သွေးခိုင်းမလို့ ခေါ်လာတာ။ မင်းကတော့ ပျင်းဖို့ပဲ စဉ်းစားနေတယ်"
"အရှင်မင်းကြီးက ခုနတုန်းက အတူတူ လိုက်ခဲ့ဖို့ပဲ ပြောတာလေ။ စာရေးစာချီ လုပ်ခိုင်းမယ်လို့ မပြောပါဘူး။ ဧကရာဇ်က ကတိမတည်လို့ ဘယ်ဖြစ်မလဲ"
ယဲ့ယွင် ထထိုင်လိုက်ပြီး နှုတ်ခမ်းစူကာ ကြည့်လိုက်သည်။ စိတ်မရှည်တော့သော ကြောင်ကလေး တစ်ကောင်နှင့် တူနေသည်။
ထိုပုံစံလေးကြောင့် နင်ချန် ရယ်မောလိုက်မိသည်။
သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
"ချင်းချင်းက အိပ်ချင်နေမှတော့ အတူတူ အိပ်ကြတာပေါ့။ အိပ်ရာနိုးမှ လွှာကြားချက်တွေ တူတူစစ်ဆေးကြမယ်"
ပြောပြီးသည်နှင့် သူမကို ပွေ့ချီကာ အတွင်းခန်းဆောင်သို့ ဝင်သွားလေတော့သည်။
ယဲ့ယွင် လန့်ဖျပ်သွားသည်။ နေ့ခင်းကြောင်တောင် အဝတ်ဆွဲချွတ်ခံရမည်ကို စိုးရိမ်မိသည်။ တော်သေးသည်မှာ နင်ချန်ကိုယ်တိုင်လည်း မနက်စောစော ထလာရသဖြင့် အိပ်ချင်နေသောကြောင့် အမှန်တကယ် အိပ်စက်လိုက်ကြခြင်းပင် ဖြစ်သည်။
....
ထိုအချိန်တွင် နန်းတော်၌ ကျန်ရစ်သော မိဖုရားခေါင်ကြီးသည် စာရင်းစာအုပ်များကို စစ်ဆေးပြီးခါစ ဖြစ်သည်။
ခဏနားကာ လက်ဖက်ရည် သောက်ရင်း အစေခံများနှင့် စကားစမြည် ပြောနေသည်။
"အခုကြည့်ရတာ အရှင်မင်းကြီးက ယဲ့မျိုးရိုးကို တကယ် သဘောကျနေပုံပဲ။ ကျောက်ထန်ခြံဝင်းဆိုတာ တော်တော်ကောင်းတဲ့ နေရာလေ။ သူ့ကို သီးသန့် ပေးထားတယ်။ ယိရှိုးယွမ်က တတိယမင်းသားကို မွေးထားပေမဲ့ အချစ်ခံရမှုအပိုင်းမှာ နည်းနည်း လျော့နေသလိုပဲ"
"ဝမ်သယ့်ဖေး တစ်ယောက်တည်း အချစ်ခံရတုန်းကထက်စာရင်တော့ ကောင်းပါသေးတယ်။ အခုတော့ သူတို့တွေ အပြိုင်အဆိုင် ဖြစ်နေကြပြီ"
တင်းမားမားက ပြောလိုက်သည်။
မိဖုရားခေါင်ကြီး ခေါင်းညိတ်လိုက်သည်။
"အခု အရှင်မင်းကြီးက ယိရှိုးယွမ်နဲ့ မင်ကျယ်ယွီဆီကို အညီအမျှ သွားနေတယ်။ ဖန်းရှိုးယွမ်နဲ့ ရှမိန်ရန်ဆီကို နည်းနည်းသွားတယ်။ ကျန်းချိုက်ရန်ကတော့ ရှူးဖေးရဲ့ အကူအညီနဲ့ တစ်ခါတစ်လေ အခေါ်ခံရတယ်။ ကောင်းပါတယ်။ တစ်ယောက်တည်း အာဏာကြီးစိုးနေတာထက်စာရင် အခုလို အပြန်အလှန် ထိန်းကျောင်းနေကြတာ ပိုကောင်းတယ်"
"ဒါပေမဲ့ အစေခံတွေးမိတာက မင်ကျယ်ယွီက အချစ်ခံရပေမဲ့ ရာထူးက နိမ့်နေသေးတယ်။ ယိရှိုးယွမ်မှာက သားရှိတယ်၊ ရာထူးမြင့်တယ်။ အကယ်၍ အရှင်မင်းကြီးက မျက်နှာသာပေးတာ နည်းနည်းလေး ယိမ်းယိုင်သွားတာနဲ့ သူက နောက်ထပ် ဝမ်သယ့်ဖေး ဖြစ်လာမှာကို စိုးရိမ်မိပါတယ်"
တင်းမားမား ခဏရပ်ပြီး ဆက်ပြောသည်။
"ဒါ့အပြင် ဝူမိသားစုက အခု အရေးပါတဲ့နေရာ ရောက်နေတယ်။ ယိရှိုးယွမ်ရဲ့ အဖေနဲ့အစ်ကိုက အရှင်မင်းကြီးရဲ့ သဘောကျမှုကို ရထားကြတယ်။ ဒီအချက်က ဝမ်သယ့်ဖေးထက် ပိုကြောက်စရာ ကောင်းပါတယ်"
မိဖုရားခေါင်ကြီး မျက်လွှာချလိုက်ပြီး မျက်နှာထား တင်းမာသွားသည်။
"မားမား ဆိုလိုတာက ယဲ့မျိုးရိုးကို ပန်းကုန်း ထပ်မြှောက်စားပေးရမယ် ပေါ့လေ။ ဒါပေမဲ့ ယဲ့မိသားစုမှာ စစ်အာဏာရှိတယ်။ ဝူမိသားစုက အရပ်ဘက် အရာရှိတွေလေ။ အကယ်၍ မင်ကျယ်ယွီသာ သားတစ်ယောက် မွေးလိုက်ရင် ယိရှိုးယွမ်ထက် ပိုအန္တရာယ်ကြီးမားသွားမှာပေါ့"
"မယ်မယ်... နန်းတော်ထဲမှာ မင်းသား သုံးပါး ရှိနေပါပြီ။ ကွယ်လွန်သွားတဲ့ ဧကရာဇ် လက်ထက်တုန်းကလို ရှားပါးတဲ့အချိန် မဟုတ်တော့ပါဘူး။ ကလေးတွေများလာရင် တန်ဖိုးကျသွားတတ်ပါတယ်။ ပြီးတော့ သူတို့ ဘယ်လောက်ပဲ မွေးမွေး၊ မယ်မယ်က သားတစ်ယောက် မွေးလိုက်တာနဲ့ ဘယ်သူမှ ကျော်တက်လို့ မရတော့ပါဘူး"
"နောက်ပြီးတော့ မယ်မယ် တွေးမိတဲ့ကိစ္စကို တခြားလူတွေလည်း တွေးမိမှာပါ။ မယ်မယ် ကိုယ်တိုင် လက်လွန်စရာ မလိုပါဘူး။ ဝမ်သယ့်ဖေးတို့ ယိရှိုးယွမ်တို့က ယဲ့မျိုးရိုး သားမွေးလာမှာကို လိုလားမယ် ထင်လို့လား။ မယ်မယ်က သူတို့ အချင်းချင်းတိုက်ခိုက်ကြတာကို ထိုင်ကြည့်နေရုံပါပဲ"
တင်းမားမား၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာပြီး မိဖုရားခေါင်ကြီးအတွက် လက်ဖက်ရည် ထပ်ငှဲ့ပေးလိုက်သည်။
မိဖုရားခေါင်ကြီး တစ်ငုံသောက်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"ဒီနှစ် အရှင်မင်းကြီးက လင်ရှီးဥယျာဉ်တော်မှာပဲ ဆောင်းဦးလယ်ပွဲတော်ကျင်းပမယ်လို့ကြားတယ်။ အဲ့အချိန်ကြပန်းကုန်းကို လာခေါ်လောက်ပါတယ်။ အဲ့ဒီကျမှပဲ ဆက်ပြောကြတာပေါ့"
သူမသည် သူတို့ကို မမြှောက်စားချင်သော်လည်း တင်းမားမား ပြောသည်မှာလည်း အကြောင်းရှိပေသည်။
ယိရှိုးယွမ်တွင် သားရှိသည်၊ ရာထူးရှိသည်၊ မိသားစု အင်အားရှိသည်။ မကြောက်လို့ မဖြစ်ပေ။
.....
သို့သော် လောလောဆယ်တွင် မိဖုရားခေါင်ကြီး၏ အကြံအစည်များသည် လင်ရှီးဥယျာဉ်တော်အထိ လှမ်းမမီနိုင်သေးပေ။
နင်ချန်နှင့် ယဲ့ယွင်တို့သည် နှစ်နာရီခန့် အိပ်စက်ပြီးနောက် ယွမ်ကျို နှိုးမှ နိုးလာကြသည်။
အရှင်မင်းကြီးက လွှာကြားချက် စစ်ဆေးမယ်ဆိုပြီး မင်ကျယ်ယွီနဲ့အတူ အိပ်ပျော်သွားလေသည်။ တကယ်ပဲ အလှအပက လူကို ဖျက်ဆီးတာပဲဟု ယွမ်ကျို တွေးလိုက်မိသည်။
သို့သော် ထိုစကားကို စိတ်ထဲ၌သာ တွေးရဲသည်။ အပြင်ထုတ်ပြောလျှင် ခေါင်းပြုတ်သွားပေလိမ့်မည်။
"အရှင်မင်းကြီး... နေ့လည်စာ စားချိန် ရောက်ပါပြီ။ စားဖိုဆောင်က လာမေးပါတယ်။ ဒီနေ့ ဖမ်းမိတဲ့ ငါးနဲ့ ပုစွန်တွေ လတ်ဆတ်တာ ရှိတယ်တဲ့။ ယူမလားလို့ပါ"
နင်ချန်သည် နားထင်ကို နှိပ်နယ်ရင်း စဉ်းစားမနေဘဲ ဖြေလိုက်သည်။
"မြစ်ပုစွန်အစပ်ချက် တစ်ပွဲ လုပ်ခိုင်းလိုက်။ မင်ကျယ်ယွီ ကြိုက်တယ်။ ကျန်းကတော့ ငါးခြောက် စားချင်တယ်"
"ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုး စီစဉ်လိုက်ပါ့မယ်"
ယွမ်ကျိုက ခေါင်းညိတ်လိုက်သည်။
အပြင်ရောက်သောအခါ အရှင်မင်းကြီး ပြောသည့်အတိုင်း ပြောပြလိုက်သည်။
လင်ရှီးဥယျာဉ်တော်တွင် နန်းတော်မှ ပါလာသော စားဖိုမှူးများ ရှိသော်လည်း မူလကတည်းက ရှိနေသော ဝန်ထမ်းများလည်း ရှိသည်။ လာမေးသူမှာ ဥယျာဉ်တော် ဝန်ထမ်းဖြစ်သည်။
မင်ကျယ်ယွီက ဘယ်သူမို့လို့ အရှင်မင်းကြီးက သူ့အကြိုက်ကို မှတ်မိနေရတာလဲဟု သူတို့ တွေးမိလိုက်ကြသည်။
ပြန်ရောက်ပြီး စုံစမ်းကြည့်လိုက်သောအခါ လွန်ခဲ့သော နှစ်နှစ်က လာဖူးသော ယဲ့ဝမ်ရုန်ဖြစ်ကြောင်း သိလိုက်ရသည်။
ချက်ချင်းပင် စားဖိုဆောင် ဝန်ထမ်းများသည် သတိထားလိုက်ကြသည်။
ဤမင်ကျယ်ယွီကို လုံးဝ ပေါ့ဆ၍ မရကြောင်း နားလည်သွားကြတော့သည်။
***