အခန်း (၂၀၅-၂၀၆)
Vol. 13 Ch. 205-206
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -205
အခန်း ၂၀၅ ။ ရောဂါ
အရှင်မင်းကြီးသည် ကျိုချန်နန်းဆောင်သို့ ရောက်နေပြီဖြစ်ရာ ပထမညတွင် ယဲ့ယွင်ကို အိပ်ဆောင်ဝင်ရန် ခေါ်လိုက်သည်။
ယဲ့ယွင်အတွက် လင်ရှီးဥယျာဉ်တော်သို့ ရောက်ရောက်ချင်း ပထမဆုရလိုက်သကဲ့သို့ ဖြစ်သွားသည်။
မိဖုရားခေါင်ကြီးသည် ဥယျာဉ်တော်သို့ မလိုက်ပါလာသဖြင့် မနက်ခင်း နှုတ်ဆက်ဂါရဝပြုရန် မလိုတော့ပေ။ နင်ချန်သည်လည်း ညီလာခံတက်ရန် မလိုသဖြင့် နောက်တစ်နေ့တွင် နှစ်ယောက်သား နေမြင့်မှ နိုးထကြသည်။
သူတို့နှစ်ဦး မနက်စာကို အေးအေးဆေးဆေး စားသုံးနေကြစဉ် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။
ထို့နောက် ယွမ်ကျိုသည် စိုးရိမ်ပူပန်နေသော ပိုင်လုကို ခေါ်ဆောင်ကာ အခန်းထဲသို့ ဝင်လာသည်။
ပိုင်လုသည် ဝင်လာသည်နှင့် ဒူးထောက်လိုက်သည်။
"အရှင်မင်းကြီး... ပထမမင်းသားလေးက မနက်ကတည်းက ချောင်းဆိုးနေပါတယ်။ အခုတော့ အဆုတ်ထဲမှာ သလိပ်တွေရှိနေပြီး လည်ချောင်းပိတ်နေလို့ အသက်ရှူရ ခက်ခဲနေပါတယ်။ မယ်မယ်က စိတ်ပူလွန်းပြီး ဘာလုပ်ရမှန်း မသိတော့လို့ အရှင်မင်းကြီးကို လာပင့်ခိုင်းလိုက်တာပါ"
ကလေးငယ်တစ်ဦး သလိပ်ပိတ်ပြီး လေပြွန်ကျဉ်းသွားခြင်းသည် သာမန်ကိစ္စ မဟုတ်ပေ။
နင်ချန်သည် ချက်ချင်းပင် ယွမ်ကျိုကို သမားတော်ကျန်းအား ခေါ်ဆောင်ခိုင်းလိုက်ပြီး သူကိုယ်တိုင် ဝမ်သယ့်ဖေး နေထိုင်ရာ ယွီလန်ခြံဝင်းသို့ ထွက်ခွာသွားလေသည်။
ယဲ့ယွင်သည်လည်း သဘာဝကျစွာပင် လိုက်ပါသွားရသည်။
သူမ၏ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ဥယျာဉ်တော်သို့ ရောက်ခါစ ရှိသေးသည်၊ ပြဿနာ တက်နေပြီ။
သို့သော် ကလေးငယ်သည် အပြစ်ကင်းစင်သည်။ ဝမ်သယ့်ဖေး မည်မျှပင် ဆိုးသွမ်းပါစေ၊ ပထမမင်းသားသည် ဘာမျှနားမလည်သော ကလေးငယ်တစ်ဦးသာ ဖြစ်သဖြင့် သနားစရာ ကောင်းလှသည်။
ယွီလန်ခြံဝင်းသို့ ရောက်သောအခါ အနီးဆုံးတွင် နေထိုင်သော ကျင်းဖေး ရောက်နှင့်နေပြီဖြစ်သည်။ ကလေးအထူးကု သမားတော်လျိုလည်း ရှိနေသည်။
"ဘာကြောင့်ဖြစ်ရတာလဲဆိုတာ သိရပြီလား"
နင်ချန် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
ပထမမင်းသားလေးသည် အသက်ရှူရခက်ခဲသဖြင့် မျက်နှာလေး နီရဲကာ ပြာနှမ်းနေသည်။
ကလေးသည် နေမကောင်းဖြစ်လျှင် ငိုတတ်သည်မှာ သဘာဝပင်။ ငိုခြင်းသည် အားကုန်စေပြီး အသက်ရှူရ ပိုခက်ခဲစေသည်။
ဝမ်သယ့်ဖေးသည် ကလေးကို ပွေ့ချီထားရင်း မျက်ရည်ကျနေသည်။
ကလေးကို နို့ထိန်းသည်လက်ထဲ ထည့်ပေးပြီးနောက် သမားတော်ကို အတင်းမေးမြန်းနေသည်။
"ပထမမင်းသားက ချောင်းနည်းနည်းပဲ ဆိုးတာပါ။ ဘယ်လိုလုပ်ပြီး ရုတ်တရက် သလိပ်တွေ ဖြစ်လာရတာလဲ"
သမားတော်လျိုက လက်နှစ်ဖက်ကို ယှက်ကာ လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး၊ မယ်မယ်... ကျွန်တော်မျိုး စစ်ဆေးကြည့်ရသလောက် ပထမမင်းသားရဲ့ ချောင်းဆိုးတာက သိပ်မပြင်းထန်ပါဘူး။ ဒါပေမဲ့ သုံးလေးရက်လောက် ရှိနေပါပြီ။ ဒီရက်ပိုင်းအတွင်း ပထမမင်းသားရဲ့ အစားအသောက်တွေထဲမှာ အဆီအစိမ့် များတာတွေ ပါနေသလား ခင်ဗျာ"
ပိုင်ရွှမ်းက အမြန်ပြန်ဖြေသည်။
"ပထမမင်းသားက ကျန်းမာရေးသိပ်မကောင်းတော့ ကျွန်တော်မျိုးမတို့က သမားတော် မှာထားတဲ့အတိုင်း အဆီအစိမ့်တွေ လုံးဝ မကျွေးပါဘူး။ မိခင်နို့ရည်နဲ့ ဟင်းသီးဟင်းရွက်၊ အသားပြုတ်ရည်လောက်ပဲ တိုက်ပါတယ်"
"ဒါတွေအပြင် တခြား ဘာမှမကျွေးဘူးလား"
သမားတော်လျိုက ထပ်မေးလိုက်သည်။ ခဏစဉ်းစားပြီးနောက် "အချိုတွေများ ကျွေးမိသလား" ဟု မေးလိုက်ပြန်သည်။
ထိုအခါမှ ပိုင်လုသည် ဝမ်သယ့်ဖေးကို ဖြည်းဖြည်းချင်း လှမ်းကြည့်လိုက်သည်။
ထိုအမူအရာကို နင်ချန် မြင်သွားပြီး မျက်နှာပျက်သွားသည်။
"သိထားတာရှိရင် အမြန်ပြောစမ်း။ ပထမမင်းသားတစ်ခုခုဖြစ်ရင် မင်းတို့ပါ လိုက်သေရမယ်"
ဝမ်သယ့်ဖေးသည် လက်ကိုင်ပုဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး နှုတ်ခမ်းကို ကိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ဒီချန်းချဲ့... ဒီချန်းချဲ့ ပထမမင်းသားကို ယီထန်ကျွေးလိုက်မိပါတယ်"
"အဓိပ္ပာယ်မရှိလိုက်တာ"
နင်ချန် ဒေါသတကြီး အော်လိုက်သည်။
ထိုအသံကြောင့် ဝမ်သယ့်ဖေး ခြေထောက်ခွေကျသွားပြီး ဒူးထောက်လိုက်ရသည်။
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်၊ ကြောက်ရွံ့စိတ်တို့ဖြင့် အသံတုန်ယင်စွာ ရှင်းပြရန် ကြိုးစားသည်။
"ဒီချန်းချဲ့ စာအုပ်ထဲမှာ ဖတ်ဖူးလို့ပါ။ ယီထန်က အဆုတ်ကို အားကောင်းစေပြီး ချောင်းဆိုးသက်သာစေတယ်လို့ ရေးထားလို့ပါ။ ပထမမင်းသားကလည်း အချိုကြိုက်တယ်၊ ငိုရင် အဲ့ဒါကျွေးလိုက်ရင် တိတ်သွားတော့..."
"အို... မယ်မယ် အမှားကြီး မှားပါပြီ"
သမားတော်လျို သက်ပြင်းချလိုက်သည်။
"ယီထန်က ချောင်းဆိုးပျောက်ဆေးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သလိပ်ရှိနေရင် လုံးဝ မစားသင့်ပါဘူး။ အချိုက သလိပ်ကို ပိုဖြစ်စေပါတယ်။ သလိပ်အဟောင်းနဲ့ အသစ် ပေါင်းပြီး ကလေးရဲ့ လည်ချောင်းကလည်း ကျဉ်းတော့ ပိတ်သွားတာပေါ့"
ဝမ်သယ့်ဖေး ထိတ်လန့်သွားပြီး ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ အကူအညီမဲ့နေပုံရသည်။ ထို့နောက် နင်ချန်၏ ဝတ်ရုံစကို လှမ်းဆွဲလိုက်သည်။
"အရှင်မင်းကြီး... အရှင်မင်းကြီး... ဒီချန်းချဲ့ တကယ် မသိလို့ပါ။ ဒီလိုဖြစ်လာမယ်လို့ မထင်ထားမိပါဘူး။ ကလေးကို ကောင်းစေချင်တဲ့ စေတနာနဲ့ပါ"
"မင်း မသိရင် ဘာလို့ သမားတော်ကို သေချာ မမေးရတာလဲ"
နင်ချန်၏ ဒေါသများ ငယ်ထိပ်ရောက်နေပြီဖြစ်သည်။ အသက်ရှူကျပ်နေသော ကလေးကို ကြည့်ပြီး ပို၍ စိတ်ပူနေသည်။
သူ ဒေါသထွက်နေသဖြင့် မည်သူမျှ ဝင်မပြောရဲကြပေ။
ယဲ့ယွင် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ရှေ့တိုးကာ ပြောလိုက်သည်။
"အရှင်မင်းကြီး... အခု အရေးကြီးတာက ပထမမင်းသား သက်သာအောင် ကုသဖို့ပါ။ အရှင်မင်းကြီး ဒေါသထွက်နေရင် ကိုယ့်ကျန်းမာရေး ထိခိုက်ရုံမက ကလေးပါ လန့်သွားပါလိမ့်မယ်။ ကလေးက ပိုငိုလေ အသက်ရှူရ ပိုကြပ်လေ ဖြစ်မှာပါ"
နင်ချန်သည် ကလေးကို ကြည့်ပြီး ဒေါသကို ထိန်းလိုက်ကာ သမားတော်များကို ကုသရန် အချက်ပြလိုက်သည်။
ထိုအချိန်တွင် သမားတော်ကျန်းလည်း ရောက်ရှိလာပြီး သမားတော်နှစ်ဦး တိုင်ပင်ကာ ဆေးစာရေးကြသည်။
ပိုင်လုသည် ဝမ်သယ့်ဖေးကို တွဲထူပေးလိုက်သည်။
ဒူးထောက်လိုက်စဉ်က အရှိန်ပြင်းပြင်း ကျသွားသဖြင့် ပြန်ထသောအခါ ဒူးနာကာ ယိုင်နဲ့သွားပြီး သနားစဖွယ် ဖြစ်နေသည်။
နို့ထိန်းက ကလေးကို ချော့မြှူနေသဖြင့် ပထမမင်းသား အငိုတိတ်သွားပြီး အိပ်ချင်နေပုံရသည်။
သမားတော်လျိုက အမြန်ပြောလိုက်သည်။
"ဆေးမတိုက်ရသေးခင် ကလေးကို အိပ်ခွင့်မပေးပါနဲ့။ အိပ်ပျော်သွားရင် အသက်ရှူနှုန်း နှေးသွားပြီး အသက်ရှူကျပ်ကာ အသက်အန္တရာယ် ရှိနိုင်ပါတယ်"
"အမြန်ပွေ့ပြီး လမ်းလျှောက်ပေးကြ၊ ကစားစရာတွေ ယူလာပြီး ချော့ထားကြ"
ဝမ်သယ့်ဖေး အမြန် အမိန့်ပေးလိုက်သည်။
နို့ထိန်းလေးယောက် အလုပ်ရှုပ်သွားကြသည်။
ပထမမင်းသားမှာ ငိုရလွန်း၍ မောပန်းနေပြီး အိပ်ချင်နေသော်လည်း အိပ်ခွင့်မရသဖြင့် ရှိုက်ကြီးတငင် ငိုကြွေးနေရှာသည်။
ထိုအသံမှာ သနားစဖွယ် ကောင်းလှသည်။
သားသမီးရှိသော ကိုယ်လုပ်တော်များသည် စိတ်မကောင်း ဖြစ်ကြရသည်။ မိခင်ရင်းဖြစ်သော ဝမ်သယ့်ဖေးမှာမူ မျက်ရည်များ တသွင်သွင် စီးကျနေလေပြီ။
ခဏအတွင်းမှာပင် သူမ၏ မျက်လုံးများ ရောင်ရမ်းလာသည်။
ဒါက သူမ ကိုယ်တိုင် ဖန်တီးလိုက်သော ပြဿနာပင်။ နင်ချန်သည် သူမကို အပြစ်မတင်သော်လည်း ကလေးကိုသာ အာရုံစိုက်နေသဖြင့် သူမကို နှစ်သိမ့်ရန် သတိမရပေ။
အရှင်မင်းကြီး၏ နှစ်သိမ့်စကား မကြားရသဖြင့် ဝမ်သယ့်ဖေးသည် အရှင်မင်းကြီး သူမကို မုန်းတီးသွားပြီဟု ထင်မှတ်ကာ ပို၍ ဝမ်းနည်းနေလေသည်။
တစ်နာရီခန့် ကြာသောအခါ ဆေးကျိုပြီးသွား၍ ပထမမင်းသားကို တိုက်လိုက်သည်။
ဆေးခါးသဖြင့် ကလေးက မသောက်ဘဲ ငြင်းဆန်သောကြောင့် နှာခေါင်းပိတ်ပြီး အတင်းတိုက်လိုက်ရသည်။
ပထမမင်းသားမှာ ပင်ပန်းလွန်း၍ ဖြူဖျော့နေသော မျက်နှာလေးသည် နီရဲလာသည်။ ရောဂါကြောင့် ဖြစ်ပေါ်လာသော အနီရောင်ဖြစ်၍ ကြောက်စရာကောင်းလှသည်။
"ဆေးသောက်ပြီးရင် သက်သာသွားမှာပါ။ မယ်မယ် သတိထားပါ၊ နောက်ဆိုရင် ပထမမင်းသားကို အချိုတွေ လုံးဝမကျွေးပါနဲ့။ လောလောဆယ် ဟင်းရည်တွေလည်း မတိုက်ပါနဲ့ဦး။ အစားအစာ ပျော့ပျော့လေးတွေနဲ့ မိခင်နို့ရည်ပဲ တိုက်ပါ။ ရေများများ တိုက်ပါ။ ဒါဆိုရင် သက်သာသွားပါလိမ့်မယ်။ နောက်တစ်ခုက ပထမမင်းသား အိပ်ပျော်နေရင် ဘေးကနေ လူတစ်ယောက် အမြဲစောင့်ကြည့်နေပါ။ အသက်ရှူကျပ်သွားမှာ စိုးရိမ်ရပါတယ်"
သမားတော်ကျန်းသည် နဖူးမှ ချွေးကို သုတ်ကာ အသေအချာ မှာကြားလိုက်သည်။
ဝမ်သယ့်ဖေး ခေါင်းညိတ်လိုက်သည်။ နို့ထိန်းများကိုလည်း သေချာ ဂရုစိုက်ရန် မှာကြားလိုက်မှ စိတ်အနည်းငယ် သက်သာသွားသည်။
အတော်လေး ရှုပ်ထွေးပြီးနောက် ကလေး အိပ်ပျော်သွားပြီဖြစ်သည်။
ကိုယ်လုပ်တော်များသည် ဆူညံသံ မထွက်စေရန် သတိထားပြီး ပြန်သွားကြသည်။
နင်ချန်သည် ယွီလန်ခြံဝင်းတွင် နှစ်နာရီခန့် နေထိုင်ပြီး ပထမမင်းသား သက်သာလာသည်ကို မြင်မှ ပြန်ထွက်သွားသည်။
"အရှင်မင်းကြီး နေ့လည်စာ မစားတော့ဘူးလား"
ဝမ်သယ့်ဖေး မနေနိုင်ဘဲ မေးလိုက်သည်။
"ဒီနေ့ အမတ်တချို့ကို ခေါ်ထားတာ ရှိတယ်။ သူတို့ စောင့်နေကြတာ ကြာပြီ။ ဒီမှာ မစားတော့ဘူး"
နင်ချန် တိုးတိုးလေး ပြောလိုက်သည်။
ဝမ်သယ့်ဖေး ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။
"အရှင်မင်းကြီးက ဒီချန်းချဲ့ ကလေးကို ကောင်းကောင်း မစောင့်ရှောက်နိုင်လို့ အပြစ်တင်နေတာလား... ဒီချန်းချဲ့က ငယ်ပါသေးတယ်၊ အရှင်မင်းကြီးအတွက် ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက် ထပ်မွေးပေးပါ့မယ်..."
"သယ့်ဖေး"
နင်ချန် မျက်မှောင်ကြုတ်ကာ သူမစကားကို ဖြတ်ပြောလိုက်သည်။
"ကလေးကို သေချာ ဂရုစိုက်ပါ။ လျှောက်မတွေးနဲ့။ ညကျရင် ပထမမင်းသားကို လာကြည့်ဦးမယ်"
"သယ့်ဖေး" ဟူသော ခေါ်သံကြောင့် ဝမ်သယ့်ဖေး၏ နှလုံးသား တုန်ခါသွားပြီး ဝမ်းနည်းပက်လက် ဖြစ်ကျန်ရစ်ခဲ့သည်။
အရှင်မင်းကြီး ထွက်ခွာသွားသည်ကို ငေးကြည့်နေရုံသာ တတ်နိုင်တော့သည်။
***
(ကဲ ထုံးစံအတိုင်းဝမ်ဖေးမကိုကြည့်ပြီးလေဖုတ်ကြတာပေါ့။ ဝမ်ဖေးနဲ့ယဲ့ယွင်မှာ ကွာတဲ့အချက်က ယဲ့ယွင်ကနင်ချန်ကိုနားလည်ပေမဲ့ ဝမ်ဖေးက နင်ချန်ကိုနားမလည်တာပဲ။ နင်ချန်ကိုယ်တိုင်က ငယ်ကတည်းက မိခင်မေတ္တာတောင့်တလာသူမို့ သူ့ကလေးတွေနဲ့ပက်သက်ရင်လည်း သူ့လိုဖြစ်မှာအရမ်းစိုးရိမ်တယ်၊ အဲ့တာကြောင့်တတ်နိုင်သမျှ မိခင်နဲ့သား ချစ်ချစ်ခင်ခင်ရှိအောင်ကူညီပေးပေမဲ့ အမိုက်အမဲဝမ်ဖေးကတော့ နားမလည်ပဲ နောက်တစ်ယောက်ထပ်မွေးပေးမယ်လို့တောင်ပြောလိုက်သေးတယ်။ အဲ့တော့ဝမ်ဖေးရဲ့နင်ချန်အပေါ်ထားတဲ့ အချစ်ကဘယ်လိုအချစ်မျိုးလို့ထင်လဲ။ )
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -206
အခန်း ၂၀၆ ။ အာဏာပြခြင်း
"မယ်မယ်... အရမ်း စိတ်မပူပါနဲ့။ ပထမမင်းသားကို ပြုစုဖို့ မယ်မယ့်ကို လိုအပ်ပါသေးတယ်။ မယ်မယ်ပါ တစ်ခုခုဖြစ်သွားရင် ပထမမင်းသားလေး ဘယ်လိုလုပ်မလဲ"
ပိုင်လုက နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်။
ကလေးကို ပြန်စဉ်းစားလိုက်မိမှ ဝမ်သယ့်ဖေး၏ မျက်နှာထား အနည်းငယ် လျော့ပါးသွားပြီး အိပ်ခန်းထဲသို့ ပြန်ဝင်ကာ ကုတင်ဘေးတွင် သားလေးအိပ်နေသည်ကို စောင့်ကြည့်နေလေသည်။
အစေခံများ နေ့လည်စာ လာပို့သော်လည်း သူမ မစားချင်သဖြင့် ပြန်ယူသွားခိုင်းလိုက်သည်။
ပိုင်ရွှမ်းက အံကြိတ်ပြီး ဒူးထောက်လိုက်သည်။
"မယ်မယ်... အခုအချိန်မှာ ဒီလို မင်္ဂလာမရှိတဲ့ စကားမျိုး မပြောသင့်မှန်း သိပေမဲ့ ပထမမင်းသားက တကယ်ကို ကျန်းမာရေး သိပ်မကောင်းပါဘူး။ မိဖုရားခေါင်ကြီးမှာလည်း သားသမီး မရှိသေးဘူး။ ကျန်တဲ့ မင်းသားနှစ်ပါးလုံးက ကျန်းမာရေး ကောင်းကြတယ်။ အကယ်၍ ပထမမင်းသားက တစ်ဦးတည်းသော သားဖြစ်နေရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ အခုအခြေအနေအရ အရှင်မင်းကြီးက ဘယ်လိုလုပ်ပြီး ပထမမင်းသားကို ထီးနန်းလွှဲအပ်ပေးပါ့မလဲ။ လက်ရှိ ခန်းဝမ်ကိုပဲ ကြည့်လေ။ ဘယ်မင်းသားပဲ ထီးနန်းရရ၊ ကျွန်မတို့ ပထမမင်းသားက နိုင်ငံရေးဒဏ်ကို ခံနိုင်ပါ့မလား။ မယ်မယ် နောက်ထပ် ကျန်းမာတဲ့ မင်းသားလေးတစ်ပါး ထပ်မွေးပေးမှသာ ပထမမင်းသားအတွက် အကာအကွယ် ရပါလိမ့်မယ်"
ဝမ်သယ့်ဖေး တိတ်ဆိတ်သွားသည်။ သူမကိုယ်တိုင်လည်း နောက်ထပ် ကလေးတစ်ယောက် လိုချင်နေပြီး ထိုအရာကို စွဲလမ်းနေမိသည်။ သို့သော် လောလောဆယ် အရှင်မင်းကြီးသည် သူမအပေါ် အတော်လေး အေးစက်နေသည်။
အိပ်ဆောင်ဝင်ရန် လာသော်လည်း သူမကိုဘာမှမလုပ်ဘဲ နေတတ်သည်။
ဖျားနာနေသော ကလေးကို ကြည့်ရင်း ဝမ်သယ့်ဖေး မျက်ရည်မထိန်းနိုင် ဖြစ်လာသည်။
"ငါ့ဘက်က ဆန္ဒရှိရင်တောင် အရှင်မင်းကြီးက ခွင့်ပြုချင်မှ ပြုမှာပါ"
"မယ်မယ်... နည်းလမ်းတွေ ရှိပါတယ်။ အရှင်မင်းကြီး ဒီကို လာနေသရွေ့ပေါ့"
ပိုင်ရွှမ်းက အသံနှိမ့်ကာ ပြောလိုက်သည်။
သခင်နှင့်ကျွန် သုံးဦးသား မည်သို့ ဆွေးနွေးလိုက်ကြသည် မသိသော်လည်း နံ့သာတိုင်တစ်တိုင်စာမျှ ကြာသောအခါ အစေခံနှစ်ဦး အပြင်သို့ ပြန်ထွက်လာကြသည်။
ပိုင်လုသည် မနေနိုင်ဘဲ ပိုင်ရွှမ်းကို ဆွဲမေးလိုက်သည်။
"မယ်မယ်ရဲ့ ခန္ဓာကိုယ်အခြေအနေက ကလေးမွေးဖို့ မသင့်တော်တော့ဘူးဆိုတာ ငါတို့ သိရက်နဲ့ နင် ဘာလို့ ဒီလိုစကားမျိုး သွားပြောရတာလဲ"
"အစ်မရယ်... အရှင်မင်းကြီးက မယ်မယ့်အပေါ် အေးစက်နေတာ အစ်မလည်း မြင်သားပဲ။ အကယ်၍သာ အန္တရာယ်ကြားက မကြိုးစားကြည့်ရင် နောက်နှစ် အသစ်တွေ ရောက်လာတဲ့အခါ ဘယ်လိုလုပ်မလဲ။ အခုအချိန်မှာ ယိရှိုးယွမ်တို့ မင်ကျယ်ယွီတို့က ဘယ်သူကများ လွယ်
လွယ်နဲ့ အလျှော့ပေးလို့လဲ။ ငါတို့မယ်မယ်က ရှူးဖေး မဟုတ်ဘူးလေ။ မိဘအသိုင်းအဝိုင်းက အားကိုးရတာ မဟုတ်ဘူး"
ပိုင်ရွှမ်းက လေးနက်စွာ ပြောလိုက်သည်။
ဤစကားလုံးတိုင်းသည် ပိုင်လု၏ နှလုံးသားကို ထိမှန်သွားစေသည်။
ပြောရလျှင် ဤအစေခံနှစ်ဦးစလုံးသည် ဝမ်သယ့်ဖေး ငယ်စဉ်ကတည်းက ပြုစုလာသူများ မဟုတ်ကြပေ။ ဝမ်သယ့်ဖေးသည်မင်းသား၏ ကိုယ်လုပ်တော်အဖြစ် စတင်ဝင်ရောက်စဉ်ကမှ ရောက်ရှိလာသူများ ဖြစ်ကြသည်။ သစ္စာရှိကြသော်လည်း ကိုယ်ကျိုးစီးပွားကိုလည်း ကြည့်တတ်ကြသည်။
သခင်မ မျက်နှာသာပေးခံရလျှင် သူမတို့လည်း မျက်နှာပွင့်ကြသည်။ ယခင်ကလို အနှိမ်ခံရသည့် ဘဝမျိုးသို့ ပြန်မရောက်လိုကြပေ။
ဝမ်သယ့်ဖေးကို မျက်နှာသာပေးခံရအောင် တိုက်တွန်းခြင်းသည် သူမတို့၏ အဆင့်အတန်းကိုပါ မြှင့်တင်ရာ ရောက်သည်။
.....
ယွီရှို့အဆောင်။
အခြားတစ်ဖက်တွင် ယဲ့ယွင်သည် နေ့လည်စာ စားပြီးနောက် ကျောက်ထန်ခြံဝင်းထဲတွင် လမ်းလျှောက်နေသည်။
ယခုခြံဝင်းသည် ယခင်နေခဲ့သော ကျိုက်ရှင်းဆောင်ထက် အဆများစွာ သာလွန်ကောင်းမွန်သည်ဟု ပြောရမည်။
အခန်းတွင်း အပြင်အဆင်မှသည် ခြံဝင်းအတွင်းရှိ ပန်းပင်များအထိ တန်ဖိုးကြီးပစ္စည်းများဖြင့် ပြည့်နှက်နေသည်။
အထူးသဖြင့် ခြံဝင်းထဲရှိ ပင်လယ်ကံ့ကော်ပင်ကြီးသည် အကိုင်းအခက်များ ဝေဆာနေပြီး ပန်းများအပြည့် ပွင့်နေသဖြင့် မွှေးပျံ့နေသည်။
"ဒီပင်လယ်ကံ့ကော်ပန်းက မတ်လနဲ့ မေလကြားမှာ ပွင့်တာ မဟုတ်ဘူးလား။ ဘာလို့ ဇွန်လရောက်မှ ဒီလောက် လှလှပပ ပွင့်နေရတာလဲ"
ယဲ့ယွင်သည် သစ်ပင်ကို တစ်ပတ်ပတ်ကြည့်လိုက်ပြီး ပန်းတစ်ပွင့်ကို ခူးကာ နမ်းကြည့်လိုက်သည်။
"ကျယ်ယွီကို လျှောက်တင်ပါရစေ။ ဒီပင်လယ်ကံ့ကော်က ရာသီလေးပါး ပင်လယ်ကံ့ကော်လို့ ခေါ်ပါတယ်။ တကယ်ကြီး ရာသီလေးပါးလုံး ပွင့်တာ မဟုတ်ပေမဲ့ ပန်းပွင့်ချိန်က ပိုကြာပါတယ်။ အထူးသဖြင့် ဒီနေရာက တခြားနေရာတွေထက် ပိုအေးမြတဲ့အတွက် ဒီဇွန်လရာသီဥတုက မေလနဲ့ သိပ်မကွာပါဘူး။ ဒါကြောင့် ပိုပြီး လှလှပပ ပွင့်နေတာပါ"
အသက်ငယ်ငယ်နှင့် ဖြတ်ထိုးဉာဏ်ကောင်းပုံရသော မျက်နှာဝိုင်းဝိုင်းနှင့် မိန်းမစိုးလေးတစ်ဦးက ဝင်ရောက်ရှင်းပြသည်။
"မင်း တော်တော်သိတာပဲ။ ပုံမှန် အလုပ်လုပ်တာ သေချာလို့ နေမှာပေါ့။ နန်ကျစ်... သူ့ကို ဆုချလိုက်ပါ"
ယဲ့ယွင် ပြုံးလိုက်သည်။
နန်ကျစ်က ငွေစနှစ်တုံး ထုတ်ပေးလိုက်သည်။
မိန်းမစိုးလေးသည် ဝမ်းသာအားရ ဦးခိုက်ကျေးဇူးတင်စကား ဆိုလေသည်။
ယဲ့ယွင်က ထခိုင်းလိုက်ပြီးနောက် ခြံဝင်းထဲရှိ အားလုံးကို ပြောလိုက်သည်။
"ငါက သဘောကောင်းတဲ့ သခင်မျိုး မဟုတ်ဘူး။ ဒါပေမဲ့ အကျိုးအကြောင်း သင့်တယ်။ အကြောင်းမဲ့သက်သက် ရိုက်နှက်ဆဲဆိုတာမျိုး မလုပ်ဘူး။ မင်းတို့ ငါ့ကို စေတနာပါပါနဲ့ ကောင်းကောင်းမွန်မွန် ပြုစုမယ်ဆိုရင် ဆုလာဘ်တွေ မင်းတို့အတွက် အပြည့်အဝ ရှိတယ်။ ဒီကျောက်ထန်ခြံဝင်းမှာ ငါ အချိန်အကြာကြီးနေဖြစ်မှာမဟုတ်ဘူးဆိုတော့ မျက်စိနောက်တာမျိုး မကြိုက်ဘူး။ မင်းတို့ အလုပ်လုပ်တဲ့အခါ သတိထားကြ။ နားမလည်ရင် မေးကြ။ ဟွေယွဲ့၊ နန်ကျစ်၊ လုကျီ၊ ပိုင်ရှု တို့က ငါ့လူဟောင်းတွေဆိုတော့ ဘာလုပ်ရမယ်ဆိုတာ သူတို့ သိတယ်။ ဒါပေမဲ့ သူတို့က ဥယျာဉ်အကြောင်း မင်းတို့လောက် မသိနိုင်ဘူး။ သူတို့ နားမလည်တာရှိရင် မင်းတို့ကို မေးကြလိမ့်မယ်"
ဤသည်မှာ စည်းကမ်းသတ်မှတ်လိုက်ခြင်းပင်။
ပထမတစ်ခေါက် လာတုန်းက သူမသည် သာမန်ကိုယ်လုပ်တော်လေး တစ်ယောက်သာ ဖြစ်သည်။ ယခုအခါတွင်မူ အရှင်မင်းကြီး၏ အချစ်တော် စာရင်းဝင်နေပြီဖြစ်၍ သတိထားရမည် ဖြစ်သည်။
နန်းတော်မှ ခေါ်လာသူများအတွက် စိတ်ချရသော်လည်း ဥယျာဉ်တော်မှ လူများကို မသိရသဖြင့် ကြိုတင်ကာကွယ်ထားခြင်း ဖြစ်သည်။
အစေခံများသည် သတိပေးခံလိုက်ရသဖြင့် ပိုမို ဂရုတစိုက်လုပ်ကိုင်ကြသည်။
ခြံဝင်းထဲ လမ်းလျှောက်ပြီးနောက် အခန်းထဲ ပြန်ဝင်ကာ အနားယူလိုက်သည်။
ဒီတစ်ခေါက် ညန်ကောင်းကိုပါ ခေါ်လာခဲ့သည်။
ခွေးလေးလည်း လေညှင်းခံရမည် မဟုတ်လား။
ဥယျာဉ်တော်က အေးမြသဖြင့် ညန်ကောင်း သဘောကျနေပုံရသည်။ သို့သော် အိပ်ရတာကို ပိုသဘောကျပုံရသည်။
ရေခဲဇလုံဘေးတွင် ဗိုက်ပစ်ကာ အိပ်ပျော်နေလေပြီ။
ယဲ့ယွင်သည် ညန်ကောင်း အိပ်နေသည်ကို ကြည့်ပြီး ကိုယ်တိုင်လည်း အိပ်ချင်လာသည်။
ထို့ကြောင့် ဖိနပ်ချွတ်ကာ ခုံပေါ်သို့ တက်အိပ်လိုက်တော့သည်။
အပြင်ဘက်တွင် သန့်ရှင်းရေး အစေခံမလေးများ စုဝေးကာ စကားပြောနေကြသည်။ အလယ်တွင် ဟန်ယန်ဟုခေါ်သော ရုပ်ရည်ချောမောသည့် မိန်းကလေးတစ်ဦးကို ကျန်လူများက စနောက်နေကြသည်။
"ငါကြည့်ရတာ နင့်ရုပ်ရည်က ဒီမယ်မယ်တွေထက် မညံ့ပါဘူး။ နင့်အဖေက စာတတ်ပေတတ်ဆိုတော့ နင်လည်း စာတတ်မှာပဲ။ နင်သာ မယ်မယ်ဖြစ်လာရင် ငါတို့ကို မမေ့နဲ့နော်"
"ဘာတွေ လျှောက်ပြောနေတာလဲ။ ငါက အသက်ပြည့်ရင် နန်းတော်ထဲကထွက်ပြီး လူကောင်းသူကောင်းနဲ့ လက်ထပ်မှာ"
ဟန်ယန်က မေးစေ့ကို မော့ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။
နန်းတော်ထဲတွင် ချမ်းသာကြွယ်ဝသော်လည်း ဧကရာဇ်ကို သူမ တစ်ခါမှ မမြင်ဖူးပေ။ နန်းတော်ပြင်ပသို့ ထွက်ပြီး ကောင်းမွန်သော အိမ်ထောင်တစ်ခုတည်ဆောက်ခြင်းက ပိုကောင်းသည်။
သူမ စိတ်မဝင်စားသည်ကို တွေ့ရသဖြင့် ကျန်လူများ လူစုခွဲသွားကြသည်။
ဟန်ယန်သည် မနှစ်ကမှ ဥယျာဉ်တော်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး မိခင်ဖြစ်သူက ရောင်းစားလိုက်ခြင်းဖြစ်သည်။
သူမ၏ ဖခင်မှာ စာသင်ကျောင်းဖွင့်ထားသော စာတတ်ပေတတ်တစ်ဦးဖြစ်ပြီး ဇနီးတစ်ယောက်၊ မယားငယ်တစ်ယောက်ဖြင့် နေထိုင်ခဲ့သည်။
သို့သော် လွန်ခဲ့သော နှစ်နှစ်က ရုတ်တရက် ရောဂါဖြင့် ဆုံးပါးသွားခဲ့သည်။
ဟန်ယန်သည် မယားငယ်မှ မွေးဖွားသူဖြစ်ပြီး ဖခင်သေဆုံးသွားသောအခါ မိထွေးဖြစ်သူက သူမ၏ မိခင်ကို ရောင်းစားလိုက်သလို သူမကိုလည်း လင်ရှီးဥယျာဉ်တော်သို့ ရောင်းစားလိုက်လေသည်။
ကံကောင်းသည်မှာ သူမ စာတတ်ပြီး ရုပ်ရည်ချောမောကာ ဉာဏ်ကောင်းသဖြင့် အုပ်ချုပ်သူ မားမားကြီးက မွေးစားသမီးအဖြစ် လက်ခံထားပြီး ယခုနှစ်တွင် မျက်နှာသာရနေသော မင်ကျယ်ယွီကို ပြုစုရန် တာဝန်ပေးထားခြင်း ဖြစ်သည်။
သူမ၏ မိခင် မယားငယ်ဘဝဖြင့် နိမ့်ကျစွာ နေထိုင်ခဲ့ရသည်ကို မြင်ဖူးသဖြင့် ဟန်ယန်သည် သူမ၏ မိခင်ကဲ့သို့ မဖြစ်ချင်ပေ။
သေချာသည်မှာ ဤအတွေးများသည် နင်ချန်ကို မတွေ့မီက အတွေးများသာ ဖြစ်သည်။
....
ယခု ပထမမင်းသား နေမကောင်းဖြစ်နေသဖြင့် အရှင်မင်းကြီးသည် နေ့တိုင်း ယွီလန်ခြံဝင်းသို့သာ သွားနေ၍ ကျန်ကိုယ်လုပ်တော်များ စိတ်ပူနေကြသည်။
သို့သော် ဝမ်သယ့်ဖေးလည်း စိတ်ပူနေရသည်။
အဘယ်ကြောင့်ဆိုသော် အရှင်မင်းကြီးသည် ကလေးကို လာကြည့်ခြင်း၊ သို့မဟုတ် ထမင်းလာစားခြင်းသာ ပြုလုပ်ပြီး ညအိပ်လေ့မရှိသောကြောင့် ဖြစ်သည်။
ကလေး နေမကောင်းဖြစ်နေ၍ စိတ်မပါသည်မှာ ဟုတ်သော်လည်း ဒီအတိုင်း ညအိပ်ရုံသက်သက် နေလို့မရပေဘူးလား။
နင်ချန်၏ အပြုအမူများကို ကြည့်ရသည်မှာ သူမ မျက်နှာသာမရတော့သည်မှာ သေချာသလောက် ဖြစ်နေပြီ။
ရှူးဖေးကို ပြန်စဉ်းစားကြည့်လိုက်သည်။ သူမသာ ရှူးဖေးလို ဖြစ်သွားလျှင် ဘာမျှော်လင့်ချက် ရှိတော့မည်နည်း။
သို့သော် ဤကိစ္စမျိုးသည် အတင်းအကျပ် တောင်းဆို၍ မရမှန်း ဝမ်သယ့်ဖေး သိသဖြင့် နေ့စဉ်နှင့်အမျှ စိတ်ဆင်းရဲနေရသည်။
ထိုသို့ စိတ်ဆင်းရဲနေရင်း ပထမမင်းသား ရောဂါပျောက်သွားချိန်တွင် ဝမ်သယ့်ဖေး ကိုယ်တိုင် လဲတော့သည်။
လူတိုင်း သူမကို သွားရောက်မေးမြန်းကြသည်။
သမားတော်က စိတ်ဖိစီးမှု များလွန်း၍ ဖြစ်သည်ဟု ဆိုသည်။
သားအမိနှစ်ယောက် တစ်ယောက်ပြီးတစ်ယောက် ဖျားနာနေကြသည်မှာ လင်ရှီးဥယျာဉ်တော်သို့ ရောက်မှ ပြဿနာတက်နေသကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် ရှူးဖေးသည် ရုတ်တရက် ဉာဏ်ပွင့်လာပြီး လင်ရှီးဥယျာဉ်တော်သည် ရေများ၊ သစ်ပင်များသဖြင့် အအေးဓာတ်လွန်ကဲကာ ပထမမင်းသားနှင့် ဝမ်သယ့်ဖေးတို့၏ ခန္ဓာကိုယ်က မခံနိုင်၍ ဖျားနာကြခြင်း ဖြစ်နိုင်ကြောင်း တင်ပြလိုက်သည်။
သူမ၏ ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။ အရှင်မင်းကြီးအနေဖြင့် ဝမ်သယ့်ဖေးတို့ သားအမိကို နန်းတော်သို့ ပြန်ပို့လိုက်ပါဟု ပြောလိုက်ခြင်းပင်။
***