← Chapters

အခန်း (၂၀၇-၂၀၈)

Vol. 13 Ch. 207-208

အခန်း (၂၀၇-၂၀၈)

Vol. 13 Ch. 207-208

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -207

အခန်း ၂၀၇ ။ သိက္ခာရှိခြင်း

နင်ချန်သည် သူမ၏ စကားတစ်ဖက်သတ်ကို နားထောင်မည် မဟုတ်ပေ။

သမားတော်များကို မေးကြည့်သောအခါ အနည်းငယ် အဓိပ္ပာယ်ရှိသည်ဟု ဆိုကြသည်။

ထိုအခါ ရှူးဖေးသည် ပို၍ စိတ်ပါလက်ပါဖြင့် သူမ၏ ရည်ရွယ်ချက်ကို ဖွင့်ပြောတော့သည်။

"ဒီချန်းချဲ့ အမြင်အရတော့ ပထမမင်းသားနဲ့ ဝမ်သယ့်ဖေး ကျန်းမာရေးအတွက် သူတို့ကို နန်းတော်ပြန်ပို့ပြီး ကုသတာ ပိုကောင်းမယ် ထင်ပါတယ်"

သူမတစ်ယောက်တည်း အားဖြင့် မလုံလောက်မည်ကို စိုးရိမ်သဖြင့် လူအုပ်ထဲသို့ ဝေ့ဝဲကြည့်ရှုလိုက်ပြီး လူနှစ်ယောက်ကို ရွေးထုတ်လိုက်သည်။

"ယိရှိုးယွမ်၊ မင်ကျယ်ယွီ... မင်းတို့ ဘယ်လိုထင်လဲ"

"ရှူးဖေးမယ်မယ်ရဲ့ စေတနာကို နားလည်ပါတယ်။ ဒါပေမဲ့ မယ်မယ်တို့ရဲ့ကိစ္စကို ဒီချန်းချဲ့ ဝင်ရောက်စွက်ဖက်ခွင့် မရှိပါဘူး"

ယိရှိုးယွမ်က ပြန်ဖြေလိုက်သည်။

သူမ၏ အဖြေမှာ မရေမရာ ဖြစ်နေသည်။

ရှူးဖေး၏ အကြံပြုချက်ကို သဘောတူသလိုလို ရှိသော်လည်း ကိုယ်ပိုင်အမြင်ကို ထုတ်ဖော်မပြောဘဲ ရှောင်တိမ်းလိုက်ခြင်း ဖြစ်သည်။

ယဲ့ယွင်ကမူ ပို၍ တိုက်ရိုက်ကျပြီး တာဝန်လွှဲချရာတွင် ကျွမ်းကျင်လှသည်။

"ဒီချန်းချဲ့က သမားတော် မဟုတ်လို့ ဆေးပညာ နားမလည်ပါဘူး။ သယ့်ဖေးမယ်မယ်နဲ့ ပထမမင်းသား ဘယ်မှာနေရင် ပိုကောင်းမလဲဆိုတာ သမားတော်ကိုပဲ မေးသင့်ပါတယ်"

သူမတို့နှစ်ယောက်၏ စကားများကြောင့် ဝမ်သယ့်ဖေး စိတ်ပူသွားသည်။

ကမန်းကတန်း ပြောလိုက်သည်။

"လင်ရှီးဥယျာဉ်တော်က အေးမြပြီး စိုထိုင်းပေမဲ့ အခုက ရာသီဥတု ပူလာပြီလေ။ နောက်ပြီးတော့ အရှင်မင်းကြီးက ဒီမှာရှိနေတာ။ အရှင်မင်းကြီးရဲ့ ဘုန်းကံကြောင့် ပထမမင်းသားနဲ့ ဒီချန်းချဲ့ရဲ့ ရောဂါ ပိုမြန်မြန် သက်သာမှာပါ"

သူမ ပြန်မသွားချင်သည်မှာ သေချာသည်။

ပြန်သွားလိုက်လျှင် အရှင်မင်းကြီးကို လပေါင်းများစွာ မြင်တွေ့ရမည် မဟုတ်တော့ပေ။ ထို့အပြင် နန်းတော်ထဲတွင် မိဖုရားခေါင်ကြီး ရှိနေသေးသည်။

အကယ်၍ မိဖုရားခေါင်ကြီးက သူတို့သားအမိကို ဒုက္ခပေးလျှင် အရှင်မင်းကြီး မရှိသည့်အချိန် မည်သို့ လုပ်မည်နည်း။

နင်ချန်သည် သူမ၏ စိုးရိမ်ပူပန်မှုကို ရိပ်မိသည်။ အကယ်၍ သူတို့သားအမိကို နန်းတော်ပြန်ပို့လိုက်လျှင် ဝမ်သယ့်ဖေး ပို၍ စိတ်ဆင်းရဲသွားမည်ကို သူ သိသည်။

သက်ပြင်းချလိုက်ပြီး ဝမ်သယ့်ဖေး၏ လက်ဖမိုးကို နှစ်သိမ့်သလို ပုတ်လိုက်သည်။

"မင်းနဲ့ ပထမမင်းသား ဒီဥယျာဉ်တော်မှာပဲ ကောင်းကောင်း အနားယူကြပါ။ အအေးဓာတ် မခံနိုင်ရင် အခန်းထဲမှာ ရေခဲလျှော့သုံးပေါ့။ ညဘက်အိပ်ရင် ပြတင်းပေါက်တွေ အကုန်ဖွင့်မထားနဲ့။ ဥယျာဉ်က ရေနဲ့လေ တိုက်ခတ်လို့ အေးတတ်တယ်"

(T/N - အဲ့မှာအဲ့မှာ စဉ်းစားပေးနေလိုက်ဟမ့်လရောင်ဖြူလေးကြောင့်ဘယ်တော့ငိုရမလဲကြည့်အုံးမယ်။)

"အရှင်မင်းကြီးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီချန်းချဲ့ ပထမမင်းသားနဲ့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်ပါ့မယ်"

ဝမ်သယ့်ဖေး ခေါင်းညိတ်လိုက်သည်။

သူမ၏ မျက်နှာတွင် စိတ်သက်သာရာရသွားသည့် အရိပ်အယောင် ပေါ်လာသည်။

ဒီထက်ပိုပြီး ဘာမှ ထူးခြားလာတော့မည် မဟုတ်မှန်း သိလိုက်သဖြင့် ယဲ့ယွင် ဆက်ကြည့်ချင်စိတ် မရှိတော့ပေ။

ချက်ချင်းပင် ဒူးညွှတ်အရိုအသေပြုလိုက်သည်။

"သယ့်ဖေးမယ်မယ် အနားယူဖို့ လိုသေးတယ်ဆိုတော့ ဒီချန်းချဲ့ကို ပြန်ခွင့်ပြုပါဦး။ မယ်မယ့်ရဲ့ အနားယူချိန်ကို မနှောင့်ယှက်တော့ပါဘူး"

နင်ချန် သူမကို တစ်ချက်ကြည့်လိုက်ပြီး လက်ကာပြလိုက်သည်။

"အင်း... သွားတော့"

ယဲ့ယွင် စတင်ထွက်ခွာသွားသည်နှင့် အခြားကိုယ်လုပ်တော်များလည်း ဆက်နေရန် အကြောင်းမရှိတော့သဖြင့် ပြန်သွားကြသည်။

ယွီလန်ခြံဝင်းမှ ထွက်လာသောအခါ ရှူးဖေး နှာမှုတ်လိုက်သည်။

"မင်ကျယ်ယွီက အခုမှ စိတ်ကောင်းဝင်ပြီး ဝမ်သယ့်ဖေး ကျန်းမာရေးကို စိတ်ပူပေးနေတာ မထင်ရဘူးနော်"

ရှူဖေးသည် သူမ ခုနက ဝင်မပြောပေးခဲ့သည်ကို အပြစ်တင်လိုက်ခြင်း ဖြစ်သည်။

"အို... ဒီချန်းချဲ့ရဲ့ စေတနာတွေက မယ်မယ့်ဆီမှာ ကုန်သွားပြီလေ။ ဟိုတုန်းက အရှင်မင်းကြီးနဲ့အတူ မြောက်ဘက်ဒေသကို လိုက်သွားတုန်းက မယ်မယ်ကသမီးတော်ကြီးကို လွမ်းနေမှာစိုးလို့ အရှင်မင်းကြီးကို လျှောက်တင်ပြီး မယ်မယ့်ကို နန်းတော်ပြန်ပို့ပေးခဲ့တာလေ။ အခု သယ့်ဖေးအလှည့်ကျတော့ ဒီချန်းချဲ့မှာ စေတနာတွေ ကုန်သွားပြီ"

နောက်တာလား။ ငါက ဝမ်သယ့်ဖေးနဲ့ မတည့်ဘူးဆိုပေမဲ့ နင်နဲ့ရော တည့်လို့လား။

ယဲ့ယွင် သူမကို အေးစက်စွာ ကြည့်လိုက်ပြီး ရှူးဖေး ပြန်မပြောနိုင်ခင်မှာပင် လှည့်ထွက်သွားလိုက်သည်။

အတိတ်ကအကြောင်းကို ပြန်ပြောလိုက်သဖြင့် ရှူးဖေး ဒေါသထွက်လွန်း၍ မျက်နှာပျက်သွားသည်။

ထိုစဉ်က သူမ နန်းတော်သို့ ပြန်ပို့ခံရခြင်းသည် အလွန် အရှက်ကွဲစရာ ဖြစ်ခဲ့ပြီးမိဖုရားခေါင်ကြီးနှင့် ဝမ်သယ့်ဖေးတို့၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။

သို့သော် ထိုစဉ်က သူမ ယဲ့ယွင်ကို ဘာမှမလုပ်နိုင်ခဲ့သလို ယခုလည်း ဘာမှမလုပ်နိုင်ပေ။

ဒီဒေါသကို မျိုသိပ်ထားရုံသာ ရှိသည်။

လက်ကို ဝှေ့ယမ်းလိုက်ပြီး ဝေါယာဉ်ပေါ်တက်ကာ ထွက်ခွာသွားလေသည်။

ယိရှိုးယွမ်သည် အဖြစ်အပျက်တစ်ခုလုံးကို တိတ်ဆိတ်စွာ ကြည့်နေပြီး စိတ်ထဲတွင် အတွေးများ ပေါ်လာသည်။

ပြန်လမ်းတစ်လျှောက်တွင် သူမ၏ အနီးကပ်အစေခံနှင့် စကားစမြည် ပြောလိုက်သည်။

"ယွင်ရှို့... ယဲ့မျိုးရိုးက ဘာလို့ ဒီလောက် ရဲတင်းရတာလဲ။ သူက ကျယ်ယွီအဆင့်ပဲ ရှိသေးတာ။ ရှူးဖေးက အဆင့်နှစ် ဖေးအဆင့်လေ"

"အရှင်မင်းကြီးရဲ့ အချစ်ကို ကိုးကားပြီး မောက်မာနေတာလေ။ မင်ကျယ်ယွီက ဒီလို လူကြီးသူမကို မလေးစားတတ်ရင် ကြာလာရင် အရှင်မင်းကြီး ငြီးငွေ့သွားမှာပါ။ ဘယ်လိုလုပ်ပြီး သိက္ခာရှိပြီး နူးညံ့သိမ်မွေ့တဲ့ ရှိုးယွမ်ကို ယှဉ်နိုင်မှာလဲ"

ယွင်ရှို့က မထီမဲ့မြင် ပြောလိုက်သည်။

ယိရှိုးယွမ် တစ်ခုခု လွဲနေသည်ဟု ခံစားရပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမဲ့ ငါထင်တာက အရှင်မင်းကြီးက သူ့ရဲ့ ဒီလိုပုံစံကို သဘောကျနေသလားလို့။ ငါ့ကျတော့ သိပ်မလှုပ်ရှားဘူးလို့ ထင်နေမလား"

ယွင်ရှီးကလည်း ဝင်ပြောသည်။

"ယောက်ျားတွေက အသစ်အဆန်းကို ကြိုက်တတ်ကြတာပဲလေ။ မင်ကျယ်ယွီရဲ့ ပုံစံက ရှားပါးတော့ အရှင်မင်းကြီး သဘောကျတာ ဖြစ်မှာပါ။ ဒါပေမဲ့ ဟင်းထဲက ငရုတ်သီးလိုပါပဲ။ ငရုတ်သီးက တစ်ခါတလေ စားရင် ကောင်းပေမဲ့ ထမင်းအစား ထိုးစားလို့မှ မရတာ"

ထိုစကားကြောင့် ယိရှိုးယွမ် စိတ်သက်သာရာ ရသွားသည်။

လက်ရှိခေတ်တွင် အမျိုးသမီးများကို သိက္ခာရှိရန်၊ နူးညံ့သိမ်မွေ့ရန် သင်ကြားပေးထားသဖြင့် ယိရှိုးယွမ်သည် သူမ၏ ပုံစံကသာ အမှန်ကန်ဆုံးဟု ယုံကြည်ထားသည်။

ဧကရာဇ်၏ ကိုယ်လုပ်တော်သည် သိက္ခာရှိပြီး တည်ငြိမ်ရမည် မဟုတ်လား။

သို့သော် ကံဆိုးစွာဖြင့် "သိက္ခာရှိခြင်း၊ တည်ငြိမ်ခြင်း" ဆိုသော စကားလုံးများသည် ယဲ့ယွင်နှင့် လုံးဝ မသက်ဆိုင်ပေ။

.....

အရှင်မင်းကြီးသည် ယွီလန်ခြံဝင်းတွင် ဝမ်သယ့်ဖေးနှင့်အတူ နေရစ်မည်ဟု ထင်မှတ်ထားသဖြင့် သူမသည် ကျောက်ထန်ခြံဝင်းသို့ ပြန်ရောက်သည်နှင့် ဖိနပ်နှင့်ခြေအိတ်များကို ချွတ်၊ ပေါ့ပါးသော ဇာဝတ်စုံကို လဲဝတ်ပြီး အိပ်ဆောင်အတွင်းရှိ ဆိုဖာပေါ်တွင် လှဲအိပ်လိုက်သည်။

အိပ်ပျော်သွားခြင်း မဟုတ်ဘဲ ခေါင်းအုံးကိုမှီကာ ဝတ္ထုဖတ်နေခြင်း ဖြစ်သည်။

ပါးစပ်ကလည်း မအားပေ။

စားပွဲပေါ်တွင် လှီးထားသော ဖရဲသီးစိတ်များနှင့် ရေခဲစိမ် စပျစ်သီးများ တင်ထားရာ တစ်လုံးပြီးတစ်လုံး ကောက်စားနေသည်။

ဝတ္ထုထဲတွင် ဆင်းရဲသားစာပေပညာရှင်နှင့် သူဌေးသမီးတို့၏ အချစ်ဇာတ်လမ်း ပါဝင်သည်။ ဇာတ်လမ်းက ရိုးရှင်းသော်လည်း ရေးသားသူ၏ အရေးအသား ကောင်းမွန်သဖြင့် ဖတ်လို့ကောင်းပြီး အချိန်ကုန်မှန်း မသိပေ။

နာရီဝက်ခန့်ကြာသောအခါ နေ့လည်စာ စားချိန်နီးပြီဖြစ်၍ စာအုပ်ချပြီး အကြောဆန့်လိုက်သည်။

ခြေထောက်ဆန့်လိုက်ရာ နွေးထွေးနူးညံ့သော အရာတစ်ခုနှင့် ထိမိသွားသည်။

ငုံ့ကြည့်လိုက်သောအခါ ညန်ကောင်းသည် ဆိုဖာဘေးတွင် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။

ရုတ်တရက် စနောက်ချင်စိတ် ပေါ်လာပြီး ခြေထောက်ကို ညန်ကောင်း၏ ကျောပေါ်တင်ကာ မုန့်နယ်သလို နယ်လိုက်သည်။

ညန်ကောင်းမှာ ပျင်းလွန်း၍ မျက်ခွံတစ်ချက် ပင့်ကြည့်ပြီးနောက် မလှုပ်မယှက် ဆက်အိပ်နေလေသည်။

ယဲ့ယွင် ရယ်မောလိုက်ပြီး "ပျင်းလိုက်တဲ့ပေါက်စလေး” ဟု ပြောလိုက်သည်။

"မင်းရော ပျင်းလွန်းတဲ့ပေါက်စလေးမဟုတ်လို့လား"

ရုတ်တရက် ရင်းနှီးသော အသံတစ်ခု တံခါးဝမှ ထွက်ပေါ်လာသည်။ မော့ကြည့်လိုက်သောအခါ နင်ချန် ဖြစ်နေသည်။

ယဲ့ယွင် မထဘဲ ထိုင်လျက်ပင် နှုတ်ဆက်လိုက်သည်။

၎င်းမှာစည်းကမ်းမရှိရာ ရောက်သော်လည်း အရှင်မင်းကြီးက ဂရုမစိုက်မှတော့ ဘာဖြစ်သေးလဲ။

အနားရောက်လာသောအခါ မိန်းမပျိုလေး၏ ပန်းရောင်သန်းနေသော ခြေထောက်လေးများသည် ညန်ကောင်း၏ အဖြူရောင် အမွှေးအမျှင်များပေါ်တွင် တင်ထားသည်ကို တွေ့လိုက်ရရာ လှပနေသည်။

"အရှင်မင်းကြီး ထိုင်ပါ"

ယဲ့ယွင် လက်ကမ်းပေးလိုက်သည်။

နင်ချန်က လှမ်းဆွဲလိုက်ပြီး ဘေးတွင် ဝင်ထိုင်လိုက်သည်။

သူ့အကြည့်များက သူမ၏ လက်ချောင်းလေးများပေါ် ရောက်သွားသည်။

"လက်သည်းနီ ဘယ်တုန်းက ဆိုးလိုက်တာလဲ"

"ဟိုတစ်နေ့က ဆိုးလိုက်တာ၊ အချိန်အကြာကြီး ပေးလိုက်ရတယ်"

ယဲ့ယွင် ဖြေလိုက်သည်။

ဤအမျိုးသားသည် သူမ၏ လက်များကို သဘောကျမှန်း သိသဖြင့် လက်နှစ်ဖက်စလုံးကို ဆန့်ထုတ်ပြလိုက်သည်။

နင်ချန်ကလည်း ထင်သည့်အတိုင်းပင် ဆုပ်ကိုင်ပြီး ပွတ်သပ်လိုက်သည်။

"သယ့်ဖေးက နေမကောင်းတော့ အစားအသောက်က ကျန်းနဲ့ မတူဘူး။ အဲ့ဒီမှာ စားရတာ အဆင်မပြေလို့ မင်းဆီမှာပဲ နေ့လည်စာ လာစားတာ။ ပြီးရင် ကျင်းကန်နန်းဆောင်ကို ပြန်ပြီး လွှာကြားချက်တွေ စစ်ဆေးရဦးမယ်"

သူ့စိတ်အခြေအနေ သိပ်မကောင်းလှသည်ကို မြင်သောအခါ ယဲ့ယွင် အလိုက်တသိ ခေါင်းညိတ်လိုက်သည်။

"နွေရာသီဆိုတော့ အပူမိတတ်တယ်။ ပဲစိမ်းပြုတ်ရည် ကျိုခိုင်းလိုက်မယ်။ ပြီးတော့ ခံတွင်းမြိန်စေမယ့် ဟင်းပွဲတချို့ စီစဉ်ခိုင်းလိုက်မယ်"

"မင်းသဘောပါပဲ၊ မင်းက အမြဲတမ်း စီစဉ်တတ်တာပဲ"

နင်ချန် ပြောလိုက်သည်။

အစားအသောက်ကိစ္စတွင် ယဲ့ယွင်သည် အတော်ဆုံးပင်။

မကြာမီတွင် စားဖိုဆောင်မှ ဟင်းပွဲများ လာချပေးသည်။ အများစုမှာ အသီးအရွက်များဖြစ်ပြီး ကြည့်ရတာ ရှင်းသန့်ကာ အနံ့မွှေးပြီး စားချင်စဖွယ် ကောင်းလှသည်။

သူတို့နှစ်ဦး အတူတူ စားသောက်ကြပြီး နောက်ဆုံးမှ ပဲစိမ်းပြုတ်ရည် သောက်ကြသည်။

ဟင်းရည် ပန်းကန်ကို လာချပေးသူမှာ ဟန်ယန် ဖြစ်သည်။

သူမ ဝင်လာသည်နှင့် သူမ၏ မျက်လုံးများသည် နင်ချန်အပေါ်တွင် ကပ်ငြိနေသကဲ့သို့ ဖြစ်နေသည်။ ဟင်းရည်ပန်းကန် ချပြီးသည်နှင့် ထွက်သွားသင့်သော်လည်း သူမသည် ရဲရဲတင်းတင်း စကားတစ်ခွန်း ပြောလိုက်လေသည်။

"ဒီပဲစိမ်းပြုတ်ရည်က အချိန်အကြာကြီး ကျိုထားတာပါ။ အပူငြိမ်းဖို့အတွက် အကောင်းဆုံးပါပဲ။ ကျွန်တော်မျိုးမ အရှင်မင်းကြီးအတွက် တစ်ပန်းကန် ခပ်ပေးပါရစေ"

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -208

အခန်း ၂၀၈ ။ စိတ်ကောက်ခြင်း

ဘေးတွင် ရပ်နေသော ဟွေယွဲ့၏ မျက်နှာမှာပျက်သွားသည်။

ရှေ့တိုးသွားရန် ပြင်လိုက်သော်လည်း နင်ချန်၏ စကားက သူမကို တားဆီးလိုက်သည်။

"မင်း နာမည် ဘယ်လိုခေါ်လဲ"

ယဲ့ယွင်၏ လူများသည် ရင်ထိတ်သွားကြသည်။ အရှင်မင်းကြီးက ဒီကောင်မလေးကို သဘောကျသွားပြီလား။

သူမတို့နှင့် ဆန့်ကျင်ဘက်အနေဖြင့် ဟန်ယန်သည် အတိုင်းထက်အလွန် ဝမ်းသာသွားသည်။

ကမန်းကတန်း ပြန်ဖြေလိုက်သည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးမနာမည်က ဟန်ယန် ပါ။ 'ဟန်ယန်ရင်ချင်းစု၊ ရှဲ့ရီကျိုက်ကောင်းဖုန်း' (မီးခိုးငွေ့တန်းလေးက ပိုးချည်မျှင်ကို ဆွဲငင်သလို၊ နေဝင်ဆည်းဆာက တောင်ထိပ်ဖျားမှာ တည်ရှိနေ) ဆိုတဲ့ ကဗျာစာသားထဲကပါ"

"အရှင်မင်းကြီး... ဒီအစေခံမလေးက ကဗျာတောင် ရွတ်တတ်သေးတာပဲ။ ခေါင်းမော့လိုက်စမ်း၊ ငါ ကြည့်ရအောင်"

ယဲ့ယွင် မျက်ခုံးပင့်လိုက်ပြီး မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာသည်။

ဟန်ယန် အနည်းငယ် ကြောက်လန့်သွားသော်လည်း အရှင်မင်းကြီးက သူမကို သဘောကျနေပြီဖြစ်၍ မင်ကျယ်ယွီ အနိုင်ကျင့်မည်ကို စိုးရိမ်စရာမလိုဟု တွေးကာ ခေါင်းမော့လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ယဲ့ယွင် ရယ်မောလိုက်လေသည်။

"အို... ငါက ဘယ်လောက်တောင် ချောမောလှပနေမလဲလို့ ထင်နေတာ။ ဟွေယွဲ့၊ နန်ကျစ်... ဒီဘက်လာစမ်း။ ဟန်ယန်လေးကို မင်းတို့နှစ်ယောက်က ဘယ်လောက်သာလဲဆိုတာ ပြလိုက်စမ်းပါ"

ယဲ့ယွင်၏ အနီးကပ်အစေခံများသည် ရုပ်ရည်ရွေးချယ်ထားသူများဖြစ်သည်။ ယဲ့မိသားစုကဲ့သို့ အထက်တန်းလွှာအိမ်တော်မှ အနီးကပ်အစေခံများသည် သာမန်အရာရှိအိမ်မှ သမီးပျိုများထက်ပင် ပိုမို နူးညံ့သိမ်မွေ့စွာ နေထိုင်ကြီးပြင်းလာသူများ ဖြစ်သည်။

ဟန်ယန်၏ ရုပ်ရည်သည် သာမန်အစေခံများထဲတွင် ထိပ်တန်းစာရင်းဝင်သော်လည်း နောက်ဆောင်တစ်ခုလုံးနှင့် ယှဉ်လိုက်လျှင် သာမန်အဆင့်သာ ရှိသည်။

ယဲ့ယွင်၏ လှောင်ပြောင်မှုကို ခံလိုက်ရသောအခါ ဟန်ယန်၏မျက်နှာ နီရဲသွားပြီး မျက်ရည်များ ကျဆင်းလာသည်။

သစ်တော်ပန်းလေး မိုးရေစိုနေသကဲ့သို့ ငိုကြွေးနေပုံက သနားစဖွယ် ကောင်းလှသည်။

"ကျွန်တော်မျိုးမ ဘာအမှားလုပ်မိလို့ ကျယ်ယွီက ဒီလို အရှက်ခွဲရတာလဲဆိုတာ မသိရပါဘူး။ ကျွန်တော်မျိုးမက အရှင်မင်းကြီးကို ဟင်းရည်ထည့်ပေးချင်ရုံ သက်သက်ပါ။ ကျယ်ယွီ မကြိုက်ရင် ကျွန်တော်မျိုးမ ထွက်သွားပါ့မယ်"

သူမသည် ဦးနှောက်ရှိသူဟု ဆိုရမည်။ ယောက်ျားများ၏ သနားကြင်နာမှုကို မည်သို့ ရယူရမည်ကို သိသည်။

သို့သော် သူမ မသိသည်မှာ နန်းတော်ထဲတွင် ကြာပန်းဖြူ (အပြစ်ကင်းစင်သလို ဟန်ဆောင်တတ်သူ) ပုံစံဖမ်းသော ကျန်းချိုက်ရန် ရှိပြီးဖြစ်၍ အရှင်မင်းကြီးသည် ထိုပုံစံကို သိပ်မကြိုက်တော့ပေ။

"ကိုယ့်အမှားကိုယ် မသိဘဲ သခင်ကို ဒီလို ပြန်ပြောရဲတာ မင်းက ပထမဆုံးပဲ"

နင်ချန် အေးစက်စွာ ပြောလိုက်သည်။

"ဆွဲထုတ်သွားလိုက်။ ဘယ်သူ သင်ပေးလိုက်တာလဲ၊ အကုန်လုံးကို အပြစ်ပေးလိုက်။ ဝမ်သယ့်ဖေး နေမကောင်းဖြစ်နေတုန်း မင်းတို့က စိတ်ယုတ်မာတွေ မွေးနေကြတာလား။ ကျန်းကို သတိလွတ်နေတဲ့ဘုရင်လို့ ထင်နေကြသလား"

ဟန်ယန် ကြောင်အသွားပြီး အသနားခံရန်ပင် မေ့သွားသည်။

မင်ကျယ်ယွီအပေါ် အလွန်နူးညံ့သိမ်မွေ့သော ဤခန့်ညားသည့် အမျိုးသားသည် ဒေါသထွက်လျှင် ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

နောင်တရချိန်ပင် မရလိုက်ဘဲ ယွမ်ကျို၏ လူများက သူမကို ဆွဲထုတ်သွားကြသည်။

နင်ချန်သည် လတ်တလော နိုင်ငံရေးအခြေအနေကြောင့် စိတ်မကြည်မလင်ဖြစ်နေပြီး နောက်ဆောင်တွင်လည်း သားတော်နှင့် ကိုယ်လုပ်တော် ဖျားနာနေသဖြင့် စိတ်ညစ်နေချိန်တွင် ဟန်ယန်က သေနတ်ပြောင်းဝသို့ ဝင်တိုးမိခြင်းဖြစ်သည်။

"အရှင်မင်းကြီး... ဒေါသထွက်ပြီး ကျန်းမာရေး မထိခိုက်ပါစေနဲ့။ သူက အထက်တန်းစား ဖြစ်ချင်တဲ့ အစေခံတစ်ယောက်ပါပဲ။ ဒီနန်းတော်ထဲမှာ ဘယ်သူကရော ကောင်းကောင်းမွန်မွန် မနေချင်ဘဲ ရှိမှာလဲ။ ပြီးတော့ အရှင်မင်းကြီးက ဒီလောက် ခန့်ညားချောမောနေတာ၊ မိန်းကလေးတွေ မြင်ရင် ကြွေသွားမှာပေါ့"

ယဲ့ယွင် မတ်တတ်ရပ်ပြီး ပဲစိမ်းပြုတ်ရည် တစ်ပန်းကန် ခပ်ပေးလိုက်သည်။

ခုနက ဟန်ယန်၏ မျက်လုံးများကို သူမ မြင်လိုက်သည်။ အချစ်စိတ်များ ပြည့်နှက်နေပြီး နင်ချန်၏ ရုပ်ရည်ကို စွဲလမ်းနေသည်မှာ သိသာထင်ရှားသည်။

သို့သော် ထိုအစေခံမလေး မလုပ်သင့်ဆုံးအရာမှာ သူမရှေ့တွင် နေရာရယူရန် ကြိုးစားခြင်းပင်။

ကိုယ့်အနီးနားက အစေခံတစ်ယောက် အရှင်မင်းကြီး၏ ကုတင်ပေါ် တက်သွားခြင်းကို ယဲ့ယွင် ဘယ်တော့မှ ခွင့်လွှတ်မည် မဟုတ်ပေ။

"မင်းကတော့ သဘောထားကြီးနေပါလား"

နင်ချန် နှာမှုတ်လိုက်သည်။ ဒေါသ မပြေသေးသည်မှာ သိသာသည်။

ယဲ့ယွင် သူ့ကို မျက်စောင်းထိုးလိုက်ပြီး အားမခံဘဲ ပြန်ပြောလိုက်သည်။

"အရှင်မင်းကြီး နားလေးနေတာလား။ အဲ့ဒီအစေခံမလေးက ဒီချန်းချဲ့ သူ့ကို အရှက်ခွဲပါတယ်လို့ ပြောသွားတာ မကြားလိုက်ဘူးလား။ ဒီချန်းချဲ့က ဒီလောက် သဘောထားကြီးနေတာတောင် ကမ္ဘာပေါ်မှာ သဘောထားသေးသိမ်တဲ့သူ မရှိတော့ဘူးလား"

"ဒါဆို မင်းက သဘောထား သေးသိမ်တာပေါ့။ ဒီလိုဆိုရင် ခုနက ကျန်း သူ့ကို ကိုယ်လုပ်တော်အဖြစ် လက်ခံလိုက်သင့်တာပေါ့"

နင်ချန်ကလည်း ရန်စကား ဆိုလိုက်သည်။

ထိုအခါ ယဲ့ယွင် ဒေါသထွက်သွားသည်။

ဝုန်းခနဲ မတ်တတ်ရပ်လိုက်ပြီး "အရှင်မင်းကြီး လက်ခံရဲရင် လက်ခံကြည့်လိုက်လေ။ အရင်ဆုံး ဒီချန်းချဲ့ကို သတ်ပြီးမှ လက်ခံ။ မဟုတ်ရင် ဒီချန်းချဲ့ သေသွားရင်တောင် သူ့ကို သရဲမ ဖြစ်အောင် လုပ်ပစ်မယ်"

ပြောပြီးသည်နှင့် ခြေဆောင့်ကာ အတွင်းခန်းဆောင်သို့ ဝင်သွားလေတော့သည်။

နင်ချန်သည် ဒေါသ မပြေသေးသည့်အပြင် မျက်နှာပြောင်အတိုက် ခံလိုက်ရသဖြင့် ပို၍ စိတ်ဆိုးသွားသည်။

ပဲစိမ်းပြုတ်ရည် တစ်ငုံမျှ မသောက်ဘဲ မျက်နှာကြီး မဲပုပ်ကာ ကျောက်ထန်ခြံဝင်းမှ ထွက်ခွာသွားလေသည်။

.....

နန်းတော်နံရံများတွင် လေဝင်ပေါက်များ ရှိသည် ဆိုသကဲ့သို့ပင် သတင်းများသည် လျင်မြန်စွာ ပျံ့နှံ့သွားသည်။

အရှင်မင်းကြီး ဒေါသတကြီးဖြင့် ကျောက်ထန်ခြံဝင်းမှ ထွက်ခွာသွားသည့် သတင်းသည် နေရာအနှံ့သို့ ရောက်သွားသည်။

ထို့အပြင် ကျောက်ထန်ခြံဝင်းမှ ရုပ်ရည်ချောမောပြီး စာတတ်ပေတတ် အစေခံမလေးတစ်ဦး အရှင်မင်းကြီးကို ဟင်းရည်ထည့်ပေးစဉ် အပြစ်ပေးခံရသည့် သတင်းနှင့် ပေါင်းစပ်လိုက်သောအခါ လူတိုင်းက ကောက်ချက်ချလိုက်ကြသည်။

မင်ကျယ်ယွီသည် မနာလိုဝန်တိုစိတ်ကြီးမားပြီး အထက်တန်းစားဖြစ်ချင်သော အစေခံမလေးကို အရှင်မင်းကြီးအား အပြစ်ပေးခိုင်းရာမှ အရှင်မင်းကြီး မကျေမနပ်ဖြစ်ပြီး ထွက်သွားခြင်း ဖြစ်သည်ဟု ယူဆလိုက်ကြသည်။

"တွေ့လား၊ ငါပြောသားပဲ။ မင်ကျယ်ယွီက မောက်မာလွန်းတယ်။ ကြာရင် အရှင်မင်းကြီး ငြီးငွေ့သွားမှာပါ။ အခုတော့ လက်တွေ့ ဖြစ်လာပြီ"

ထောင်ဟွားဝူတွင် ယိရှိုးယွမ် သတင်းကြားသောအခါ နေ့လည်စာ စားပြီးစဖြစ်သည်။ ယွင်ရှို့က မထီမဲ့မြင် ပြောလိုက်သည်။

"သူက အမြဲတမ်း ဘဝင်မြင့်နေတာ။ ငါ မီးဖွားပြီးစတုန်းကတောင် ငါ့ကို ရွံရှာအောင် လုပ်ရဲတယ်။ အခုတော့ ဝဋ်လည်တာပဲ"

မီးဖွားပြီးစက ကြက်ပေါင်းရည် အပျစ်ကြီး တစ်ခွက် လာပို့သည်ကို ပြန်စဉ်းစားမိတိုင်း ယိရှိုးယွမ် ပျို့အန်ချင်လာသည်။

အရှင်မင်းကြီး မင်ကျယ်ယွီကို စိတ်ဆိုးသွားသည် ဆိုသော သတင်းသည် သူမအတွက် ဝမ်းသာစရာပင်။

"မယ်မယ်... ကျွန်တော်မျိုးမမှာ အကြံတစ်ခု ရှိတယ်"

ယွင်ရှီးက တိုးတိုးလေး ပြောလိုက်သည်။

ယိရှိုးယွမ် မျက်လုံးမှေးလိုက်ပြီး ဆက်ပြောရန် အချက်ပြလိုက်သည်။

ယွင်ရှီးက သူမ နားနားကပ်ပြီး အကြံဉာဏ်ကို ပြောပြလိုက်သည်။

"မဖြစ်နိုင်ပါဘူး။ အရှင်မင်းကြီးရဲ့ ကုတင်ပေါ်ကို လူပို့ပေးရမယ်ဆိုတာ ငါ့စိတ်ထဲ ဘဝင်မကျဘူး"

ယိရှိုးယွမ် တွန့်ဆုတ်နေသည်။

"လက်ခံတာ မခံတာက အရှင်မင်းကြီးအပိုင်းပါ။ မယ်မယ်က အဲ့ဒီအစေခံမလေးကို ကယ်တင်လိုက်ရုံပါပဲ။ ဒါဆိုရင် အရှင်မင်းကြီးက မယ်မယ့်ရဲ့ သဘောထားကြီးမှုနဲ့ ကြင်နာမှုကို မြင်သွားမှာပါ။ ပြီးတော့ မင်ကျယ်ယွီကိုလည်း ဒေါသထွက်အောင် လုပ်နိုင်တယ်လေ။ ဘာလို့ မလုပ်ဘဲနေမှာလဲ"

ယွင်ရှီး၏ တိုက်တွန်းမှုကြောင့် ယိရှိုးယွမ် စိတ်ဝင်စားသွားပြီး သဘောတူလိုက်သည်။

သူမ၏ ရာထူးအဆင့်အတန်း မြင့်မားပြီး တတိယမင်းသားကို မွေးဖွားထားသူ ဖြစ်သဖြင့် အပြစ်ပေးသူများသည် သူမ၏ မျက်နှာကို ထောက်ထားကြသည်။

ထို့ကြောင့် တုတ်ချက် ၃၀ ရိုက်ခံရမည့် ဟန်ယန်သည် ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်။

ထို့နောက် တိတ်တဆိတ် ထောင်ဟွားဝူသို့ ပြောင်းရွှေ့သွားပြီး အလုပ်အကျွေး ပြုခွင့်ရလေသည်။

ဤကိစ္စများကို လျှို့ဝှက်စွာ စီစဉ်ထားသဖြင့် မည်သူမျှ မသိရှိလိုက်ကြပေ။

......

ထိုအချိန်တွင် ကျောက်ထန်ခြံဝင်း၌ အရှင်မင်းကြီး ထွက်ခွာသွားပြီးနောက် အစေခံမလေးများ အတွင်းခန်းဆောင်သို့ ဝင်ရဲကြသည်။

သူမတို့၏ သခင်မကို မည်သို့ ချော့မော့ရမည်နည်းဟု စဉ်းစားရင်း လိုက်ကာကို မတင်လိုက်ရာ ယဲ့ယွင်သည် ခြေထောက်ချိတ်လျက် ဝတ္ထုဖတ်နေသည်ကို တွေ့လိုက်ရသည်။

မျက်နှာပေါ်တွင် အပြုံးရိပ်များ ရှိနေပြီး စိတ်ဆိုးနေပုံ လုံးဝ မရပေ။

"ကျယ်ယွီ... ကျယ်ယွီ..."

ဟွေယွဲ့က ပြောချင်သော်လည်း မပြောရဲ ဖြစ်နေသည်။

"ငါ ဘာမှမဖြစ်ဘူး။ ရန်နည်းနည်းဖြစ်တာက ကျန်းမာရေးအတွက် ကောင်းတယ်။ အမြဲတမ်း အဆင်ပြေနေလို့မှ မရတာ။ ငါက ဒေါသမထွက်တတ်တဲ့သူမှ မဟုတ်တာ"

ယဲ့ယွင် ဂရုမစိုက်သလို ပြောလိုက်သည်။

နန်ကျစ်က စိတ်ပူနေဆဲပင်။

"ဒါပေမဲ့ အရှင်မင်းကြီး တော်တော်ဒေါသထွက်သွားတာ တွေ့လိုက်တယ်။ တကယ် ဘာမှမဖြစ်ဘူးလား"

"သူ ဒေါသထွက်တာက အရင်ကတည်းက ကျန်နေတဲ့ဒေါသတွေပါ။ ငါ့ကြောင့်ဖြစ်တာမှ မဟုတ်တာ။ ခဏနေရင် သူ့ဟာသူပျောက်သွားလိမ့်မယ်။ ငါက သူ့ရဲ့ စိတ်ကောက်တာကို သည်းခံပေးမယ့်သူ မဟုတ်ဘူး။ ဧကရာဇ်ဖြစ်ဖြစ်၊ ကိုယ်လုပ်တော်ဖြစ်ဖြစ် တန်းတူပဲ ဆက်ဆံမှာ"

ယဲ့ယွင် မျက်ခုံးပင့်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။

အရှင်မင်းကြီးရှေ့တွင် ယုန်ကလေးတစ်ကောင်လို အမြဲဟန်ဆောင်နေပြီး ကိုယ်လုပ်တော်များကိုကျတော့ ဆိုးသွမ်းပြနေလျှင် ကြာလာပါက ကွာခြားချက် ကြီးမားလာပြီး နင်ချန်က သူမကို အနိုင်ကျင့်တတ်သူ၊ ဟန်ဆောင်ကောင်းသူဟု ထင်သွားနိုင်သည်။

ထိုအရာမှာ မကောင်းပေ။

ထို့ကြောင့် နင်ချန်ကို ဒေါသထွက်ပြသင့်လျှင် ထွက်ပြရမည်။ သူမ၏ စိတ်နေသဘောထားက ဒီလိုပဲ ဆိုတာ သိစေရမည်။

နင်ချန်သည် သူမ၏ စိတ်သဘောထားကို လက်ခံလာပြီဆိုလျှင် နောက်ပိုင်း သူမ တခြားကိုယ်လုပ်တော်များကို အနိုင်ကျင့်လျှင်တောင်မှ နင်ချန်က ကိစ္စမရှိဟု ထင်မြင်လာပေလိမ့်မည်။

တစ်နည်းအားဖြင့် ပြောရလျှင် ငါက အရှင်မင်းကြီးကိုတောင် ပြန်ပြောရဲတာ၊ နင်တို့လောက်ကတော့ စာဖွဲ့နေစရာ မလိုဘူးဆိုသည့် သဘောပင်။

အစေခံနှစ်ဦးသည် သခင်မ၏ နက်နဲသော အတွေးကို သဘောမပေါက်သော်လည်း သခင်မ စိတ်တည်ငြိမ်နေလျှင် ပြီးရောဟု သဘောထားလိုက်ကြသည်။

ဟန်ယန်၏ ကိစ္စသည် ကျောက်ထန်ခြံဝင်းမှ အစေခံအားလုံးအတွက် သတိပေးချက်တစ်ခု ဖြစ်သွားသည်။

ဤသည်မှာ စည်းစိမ်ဥစ္စာ မက်မောသူများ၏ ဇာတ်သိမ်းပင် ဖြစ်သည်။

***

All Chapters