← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 14 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 14 Ch. 209-210

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -209

အခန်း ၂၀၉ ။ မုန်းစရာကောင်းခြင်း

ကျောက်ထန်ခြံဝင်းတွင် အချင်းများပြီးကတည်းက နင်ချန်သည် ကျင်းကန်နန်းဆောင်မှ အပြင်သို့ ထွက်ခြင်းမရှိတော့ပေ။

ထိုရက်သတ္တပတ်ဝက်အတွင်း ဖန်းရှိုးယွမ်၊ ယိရှိုးယွမ်၊ ရှမိန်ရန် နှင့် ချွေ့ပေါင်လင်တို့သာ အရှင်မင်းကြီးနှင့် တွေ့ဆုံခွင့်ရကြသည်။

ယခင်က အသာစီးရခဲ့သော ယဲ့ယွင်သည် တစ်ညတည်းဖြင့် အချစ်လျော့သွားသကဲ့သို့ ဖြစ်နေသည်။

သို့သော် ယဲ့ယွင်သည် ဤတစ်ကြိမ်တွင် မည်သည့်နည်းနှင့်မျှ ဦးစွာခေါင်းငုံ့မည် မဟုတ်ပေ။ အရှင်မင်းကြီးကသာ သူမကို အရင်လာချော့ရမည်။

ဆုံးဖြတ်ချက်ချပြီးပြီဖြစ်၍ သူမသည် လုံးဝ စိတ်မပူဘဲ တစ်နေ့လုံး ခွေးကျောင်း၊ စာဖတ်ရင်း အေးဆေးစွာ နေထိုင်လေသည်။

ညနေပိုင်းတွင် ကောင်းကင်ယံ၌ တိမ်များ နီရဲနေပြီး တိမ်တိုက်များ ဆက်စပ်နေပုံမှာ မျက်စိမခွာနိုင်လောက်အောင် လှပနေသည်။

ယဲ့ယွင် အခန်းထဲတွင် ထိုင်ရင်း ပြတင်းပေါက်မှ အပြင်သို့ ကြည့်လိုက်ရာ ရုတ်တရက် အပြင်ထွက် လမ်းလျှောက်ချင်စိတ် ပေါက်လာသည်။

"ဟွေယွဲ့... ကြာကန်ဘက်ကို သွားလမ်းလျှောက်ရအောင်"

"ကောင်းသားပဲ။ ကျယ်ယွီ လမ်းလျှောက်ပြီးပြန်လာရင် ညစာစားချိန် ကွက်တိပဲ။ ပိုင်ရှုပြောတာတော့ ကြာကန်ထဲက ကြာစွယ်တချို့ စားလို့ရနေပြီတဲ့။ ကြာစွယ်နုနုလေးတွေက အချိုဆုံးပဲ"

ဟွေယွဲ့က ပြုံးလျက် ပြောလိုက်သည်။

သခင်မ အပြင်မထွက်လျှင် အစေခံများလည်း စိတ်ရှိတိုင်း လျှောက်သွား၍ မရသဖြင့် သူမတို့လည်း ရက်အတော်ကြာ အခန်းအောင်းနေရသည်မှာ ငြီးငွေ့နေကြပြီဖြစ်သည်။

ယဲ့ယွင် ပြုံးပြီး မတ်တတ်ရပ်လိုက်သည်။

"မင်းတို့ သွားချင်မှတော့ ခဏနေရင် ပိုင်ရှုကို လူခေါ်ပြီး သွားခူးခိုင်းလိုက်ပေါ့။ အခုတော့ ငါ့ကို ပေါ့ပါးတဲ့ အဝတ်အစားလေး အရင်လဲပေးပါဦး။ ဒီအချိန်ဆို ဘယ်သူနဲ့မှ တွေ့မှာ မဟုတ်ပါဘူး။ ရိုးရိုးရှင်းရှင်းနဲ့ သက်သောင့်သက်သာ ဖြစ်ရင် ပြီးတာပဲ"

"ဟုတ်ကဲ့ပါ၊ ဒါဆိုရင် ကောင်းကင်ပြာရောင် ဝတ်စုံလေး ဝတ်လိုက်ပါလား။ ကြည့်ရတာ ရှင်းသန့်ပြီး ရိုးရှင်းတယ်"

ဟွေယွဲ့က ပြောရင်း အဝတ်အစား သွားယူပေးသည်။ နန်ကျစ်က ယဲ့ယွင်ကို ရိုးရှင်းသော ဆံထုံး ထုံးပေးလိုက်သည်။

ဇူလိုင်လ၏ အပူရှိန်သည် ပြောရုံသက်သက် မဟုတ်ပေ။ ယဲ့ယွင် အပူမခံနိုင်သဖြင့် ဆံပင်အားလုံးကို အပေါ်သို့တင်၍ ခရုပတ်ဆံထုံး ထုံးခိုင်းလိုက်သည်။ ကတ္တီပါပန်းပွင့် နှစ်ပွင့်နှင့် ကျောက်စိမ်းဆံထိုး တစ်ချောင်းသာ တပ်ဆင်လိုက်သည်။

ပြင်ဆင်ပြီးသည်နှင့် သခင်နှင့်ကျွန် တစ်သိုက် ကြာကန်ဘက်သို့ ထွက်လာကြသည်။

ကန်ရေပြင်မှ တိုက်ခတ်လာသော လေပြည်သည် အေးမြလန်းဆန်းစေသဖြင့် စိတ်ကြည်နူးဖွယ် ကောင်းလှသည်။

"ကျယ်ယွီ ကြည့်ပါဦး။ ဟိုနားက ကြာစွယ်တွေ တော်တော်ကြီးနေပြီ။ ခူးလို့ရလောက်ပြီ"

နန်ကျစ်က လက်ညှိုးထိုးပြလိုက်သည်။

ကမ်းစပ်နှင့် သိပ်မဝေးသဖြင့် တစ်ခုခုဖြင့် လှမ်းချိတ်လိုက်လျှင် ရနိုင်သည်။

ယဲ့ယွင် သဘောကျသွားပြီး ပိုင်ရှုကို သွားခူးခိုင်းလိုက်သည်။

ကြာစွယ်ခူးရန် ရည်ရွယ်ပြီးသားဖြစ်၍ ကိရိယာများ ပါလာသည်။ ဝါးလုံးရှည်ထိပ်တွင် ဓားကောက်ငယ်တပ်ထားပြီး အောက်တွင် သံကြိုးကွန်ရက် ချိတ်ဆွဲထားသည်။ ကြာရိုးကို ဖြတ်လိုက်သည်နှင့် ကြာစွယ်သည် ကွန်ရက်ထဲသို့ ကျသွားမည်ဖြစ်သည်။

ကိရိယာရှိသော်လည်း ပိုင်ရှုက သိပ်မကျွမ်းကျင်လှပေ။

ဟွေယွဲ့နှင့် နန်ကျစ်တို့က ဘေးမှ စိတ်လှုပ်ရှားစွာ ဝင်ရောက်ညွှန်ကြားနေကြသည်။ သွက်လက်သော လုကျီသည် ကိုယ်တိုင်ဝင်လုပ်ချင်၍ လုယူရန် ကြိုးစားနေသည်။ ညန်ကောင်းကလည်း ပိုင်ရှု၏ ခြေထောက်နားတွင် လှည့်ပတ်ဟောင်ကာ အားပေးနေသည်။

ပိုင်ရှုမှာ အလယ်တွင် ဝိုင်းခံထားရပြီး အဆွဲခံရသဖြင့် ဦးထုပ်ပင် စောင်းသွားကာ ရယ်ရခက် ငိုရခက်ဖြင့် အော်ဟစ်လိုက်ရသည်။

"အို... အစ်မတို့ရေ လွှတ်ပေးကြပါဦး။ ခေါင်းမူးနေပြီ"

ထိုမြင်ကွင်းကြောင့် ယဲ့ယွင်လည်း သဘောကျကာ ရယ်မောလိုက်မိသည်။ သခင်နှင့်ကျွန် တစ်သိုက် ပျော်ရွှင်စွာ ရယ်မောနေကြသည်။

နောက်ဆုံးတွင် ကြိုးစားရကျိုးနပ်ကာ ပိုင်ရှု တစ်လုံး ခူးနိုင်သွားသည်။

ကြာစွယ်က သိပ်မကြီးသော်လည်း အားလုံး ဝေစားရန် လုံလောက်သဖြင့် အစေခံမလေးများ တစ်ယောက်တစ်စည်း ခွဲယူကြသည်။

ယဲ့ယွင်လည်း တစ်စည်းခွာစားကြည့်ရာ ချိုမြိန်ပြီး အရည်ရွှမ်းသဖြင့် ခံတွင်းရှင်းသွားသည်။

သူမတို့ ပျော်ရွှင်စွာ ဆော့ကစားနေကြစဉ် အနီးအနားမှ လူတစ်စုက သူမတို့ကို ကြည့်နေသည်မှာ ကြာပြီဖြစ်ကြောင်း သတိမထားမိလိုက်ကြပေ။ ယခုအခါ ထိုလူစု အနားရောက်လာကြသည်။

"မင်ကျယ်ယွီကို ဂါရဝပြုပါတယ်"

နူးညံ့သော အမျိုးသမီးအသံတစ်ခုကြောင့် ယဲ့ယွင် လှည့်ကြည့်လိုက်သည်။

ပန်းရောင်ဖျော့ဖျော့ဝတ်စုံ ဝတ်ဆင်ထားပြီး ပင်လယ်ကံ့ကော်ပုံ ယပ်တောင်ကို ကိုင်ထားသော အမျိုးသမီးတစ်ဦးက အရိုအသေပြုနေသည်။

"ရပါတယ်။ ချွေ့ပေါင်လင်က ဘာကိစ္စနဲ့ ဒီကို ရောက်နေတာလဲ"

ယဲ့ယွင်၏ အပြုံးများ မှေးမှိန်သွားသည်။

ချွေ့ပေါင်လင် မတ်တတ်ရပ်လိုက်ပြီး ရှက်သွေးဖြာဟန်ဖြင့် ပြုံးလိုက်သည်။

"ဒီချန်းချဲ့က အရှင်မင်းကြီးရဲ့ အမိန့်နဲ့ ကျင်းကန်နန်းဆောင်ကို အိပ်ဆောင်ဝင်ဖို့ သွားမို့ပါ။ ဒါမဲ့လမ်းမှာ ဆူညံသံကြားလို့ ဘယ်က အစေခံတွေ စည်းကမ်းမရှိ အော်ဟစ်နေတာလဲဆိုပြီး လာကြည့်တာ။ မင်ကျယ်ယွီ ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိပါဘူး"

"ချွေ့ပေါင်လင်က ငယ်ငယ်ရွယ်ရွယ်နဲ့ နားမကောင်းဖြစ်နေတာပဲ။ ဒီလိုပုံစံနဲ့ အရှင်မင်းကြီးကို သွားပြုစုရင် အရှင်မင်းကြီး ပြောတာကို နားကြားလွဲပြီး အမှားတွေ လုပ်မိနေပါဦးမယ်"

တွေ့တာနဲ့ ရန်စတော့မည့်သူမျိုး နှစ်တိုင်း ရှိစမြဲပင်။

ယဲ့ယွင်သည် ဒီမိန်းမ ဝမ်သယ့်ဖေးရဲ့ အနိုင်ကျင့်တာ ခံရတုန်းက သနားစရာ ကောင်းတယ်လို့ ထင်ခဲ့ပေမဲ့ အခုကြည့်ရတာ သနားစရာကောင်းတဲ့ လူတိုင်းမှာ မုန်းစရာကောင်းတဲ့ အချက် ရှိနေတတ်ပေသည်။

အပြောခံလိုက်ရသော်လည်း ချွေ့ပေါင်လင် စိတ်မဆိုးပေ။ ပြုံးလျက်ပင် ယဲ့ယွင်ကို အကဲခတ်ကြည့်ရှုကာ ပြောလိုက်သည်။

"ဒီချန်းချဲ့ နားကောင်းတာမကောင်းတာ ထားပါတော့။ အနည်းဆုံးတော့ အရှင်မင်းကြီးနဲ့ တွေ့ရဦးမယ်။ ကျယ်ယွီလိုတော့ မဟုတ်ဘူး။ အရှင်မင်းကြီးရဲ့ အချစ်တော်မဖြစ်ရတာ ရက်နည်းနည်းပဲ ရှိသေးတယ်။ ဝတ်ထားတာကလည်း ရိုးစင်းလိုက်တာ။ လူတွေက ကျယ်ယွီ အချစ်လျော့တာ ကြာပြီလို့ ထင်သွားကြပါဦးမယ်"

"ချွေ့ပေါင်လင်က မယားငယ်က မွေးတာမလား"

နန်ကျစ် ရုတ်တရက် မေးလိုက်သည်။

ထိုမေးခွန်းကြောင့် ချွေ့ပေါင်လင်၏ မျက်နှာ ပျက်သွားသည်။ နှာမှုတ်လိုက်ပြီး "ဟုတ်တယ်၊ ဘာဖြစ်လဲ။ ငါက မင်ကျယ်ယွီနဲ့ စကားပြောနေတာ။ နင့်လို အစေခံက ဝင်ပြောစရာလား" ဟု ပြန်ပြောလိုက်သည်။

"ကျွန်တော်မျိုးမက ဝင်မပြောသင့်ပေမဲ့ မပြောရင် ပေါင်လင် အရယ်ခံရမှာစိုးလို့ပါ။ ပေါင်လင်က လရောင်ပိုးသားကို မသိတာ မဆန်းပါဘူး။ မယားငယ်က မွေးတာဆိုတော့ ဒီလောက်ကြီးလာတဲ့အထိ ကောင်းပိုင်ပစ္စည်းဆိုတာ မြင်ဖူးမှာ မဟုတ်ဘူးလေ"

နန်ကျစ်က ပြောရင်း ပါးစပ်အုပ်ကာ ရယ်လိုက်သည်။

ပိုင်ရှုက ချက်ချင်း ဝင်ထောက်သည်။

"အစ်မနန်ကျစ် ပြောသလိုပဲ။ လရောင်ပိုးသားက ရွှေတစ်သောင်းတန်တယ်။ သာမန်လူတွေ မြင်ခွင့်ရဖို့ မလွယ်သလို ဝတ်ဖို့ဆိုတာ ပိုဝေးသေးတယ်။ ကျွန်တော်တို့ ကျယ်ယွီ ဝတ်ထားတဲ့ ဒီတစ်စုံက တချို့လူတွေရဲ့ တစ်ကိုယ်လုံးက ပစ္စည်းတွေ ပေါင်းထားတာထက် အဆပေါင်းများစွာ တန်ဖိုးရှိပါတယ်"

ချွေ့ပေါင်လင် ဒေါသထွက်လွန်း၍ မျက်နှာနီရဲလာသည်။ ပစ္စည်းမကြည့်တတ်သောကြောင့် အရှက်ခွဲခံလိုက်ရခြင်း ဖြစ်သည်။

ယဲ့ယွင်က သူမ တော်တော်လေး ဒေါသထွက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် နှုတ်ခမ်းတွန့်ကာ အေးစက်စွာ ကြည့်လိုက်သည်။

"ချွေ့ပေါင်လင် အိပ်ဆောင်ဝင်ဖို့ သွားရမှာမလား။ အရှင်မင်းကြီး စောင့်နေရအောင် မလုပ်ပါနဲ့။ ဒါပေမဲ့ အရှင်မင်းကြီးက အသိပညာနည်းတဲ့လူကို မကြိုက်ဘူး။ ပေါင်လင် အားနေရင် ဗဟုသုတရအောင် လေ့လာဦး။ အပြင်ထွက်ပြီး မျက်နှာမပျက်ရအောင်လို့လေ"

ချွေ့ပေါင်လင်၏ မျက်နှာမှာ ခရမ်းရောင် သန်းလာသည်။ အရှက်ရကြောင်း သိသဖြင့် ကမန်းကတန်း အရိုအသေပြုပြီး အမြန်ထွက်ခွာသွားလေသည်။

"တကယ့်ကို အမြင်တိမ်တဲ့ မိန်းမပဲ။ ရွံဖို့ကောင်းလိုက်တာ"

လုကျီက ထိုကျောပြင်ကို တံတွေးထွေးလိုက်သည်။

ယဲ့ယွင် ဂရုမစိုက်သလို ပြုံးလိုက်သည်။

"လူတုံးလူအတွေက အမြဲတမ်း ရှိနေတာပဲ။ ဒီလိုစိတ်ဓာတ်နဲ့ဆိုရင် အသက်ရှည်ရှည် နေရမှာ မဟုတ်ဘူး။ ထားလိုက်ပါတော့၊ သူ့အကြောင်း မပြောနဲ့တော့။ လမ်းလျှောက်ရင်း ကြာစွယ် ထပ်ခူးကြရအောင်"

အစေခံမလေးများ သဘောတူလိုက်ကြပြီး ထိုကိစ္စကို မေ့လျော့သွားကြသည်။

....

သို့သော် အခြားတစ်ဖက်တွင် အနိုင်ကျင့်ခံလိုက်ရသော ချွေ့ပေါင်လင်သည် ကျင်းကန်နန်းဆောင်သို့ ရောက်သောအခါ မျက်ရည်စက်လက်ဖြင့် ဒူးထောက်လိုက်လေသည်။

"ဘာဖြစ်တာလဲ"

နင်ချန် မေးလိုက်သည်။

ချွေ့ပေါင်လင် ပို၍ ဝမ်းနည်းပက်လက် ငိုကြွေးကာ ပြောပြလိုက်သည်။

"ဒီချန်းချဲ့ လာတုန်းက ကြာကန်ဘေးမှာ မင်ကျယ်ယွီနဲ့ တွေ့ပါတယ်။ ကျယ်ယွီ ဝတ်စားထားတာ ရိုးစင်းလွန်းလို့ စေတနာနဲ့ ပြောလိုက်မိတာကို ကျယ်ယွီက ဒီချန်းချဲ့ကို မယားငယ်က မွေးသူ၊ ကောင်းပိုင်ပစ္စည်း မမြင်ဖူးသူဆိုပြီး လှောင်ပြောင်ပါတယ်။ သူ့အစေခံတွေကလည်း ဝိုင်းပြီး အရှက်ခွဲကြပါတယ်။ ဒီချန်းချဲ့ တကယ် ဝမ်းနည်းလွန်းလို့ အရှင်မင်းကြီး တရားမျှတအောင် ဆုံးဖြတ်ပေးပါ"

"သူ့ကို ဘာကိစ္စသွားစတာလဲ။ သူ့စိတ်က အစကတည်းက အဲ့လိုပဲလေ။"

နင်ချန် မျက်မှောင်ကြုတ်လိုက်သည်။

ဤစကားသည် ချွေ့ပေါင်လင် မျှော်လင့်ထားသော စကားမဟုတ်ပေ။ သူမ ကြောင်သွားသည်။

မျက်နှာပေါ်တွင် မျက်ရည်စက်များ တွဲခိုနေပြီး မျက်လုံးထဲတွင် အံ့ဩမှုများ ပြည့်နှက်နေသည်။

သို့သော် သူမ မကျေနပ်နိုင်သေးဘဲ ငိုသံပါပါဖြင့် ဆက်ပြောသည်။

"ဒီချန်းချဲ့က အဆင့်အတန်း နိမ့်ကျပေမဲ့ အရှင်မင်းကြီးရဲ့ ကိုယ်လုပ်တော်ပါပဲ။ ဒီနေ့ မင်ကျယ်ယွီက ဒီချန်းချဲ့ကို ဒီလို အရှက်ခွဲမှတော့ နောက်ဆို ဘယ်သူ့ကို အရှက်ခွဲဦးမလဲ မသိဘူး"

"တော်တော့။ မင်းကို အိပ်ဆောင်ဝင်ဖို့ ခေါ်တာ။ ငိုယိုနေတာ ကြည့်မကောင်းဘူး။ ငိုချင်ရင် ပြန်သွားပြီး ဝအောင်ငို၊ ပြီးမှ ပြန်လာခဲ့"

နင်ချန် လုံးဝ စိတ်မရှည်တော့ပေ။ အော်ဟစ်လိုက်သဖြင့် ချွေ့ပေါင်လင် ကြောက်လန့်တကြား အငိုတိတ်သွားသည်။

နင်ချန်သည် မူလကတည်းက ချွေ့ပေါင်လင်ကို သဘောမကျပေ။ သူမ၏ ဖခင်မျက်နှာကို ထောက်ထား၍သာ ခေါ်ယူခြင်းဖြစ်သည်။ သူမကို ချော့မော့ရန် စိတ်ရှည်သည်းခံမှု မရှိပေ။

ထို့အပြင် နင်ချန် ကိုယ်တိုင် သတိမထားမိလိုက်သော အချက်မှာ သူသည် သူတစ်ပါးက ယဲ့ယွင် မကောင်းကြောင်း ပြောသည်ကို နားထောင်ချင်စိတ် မရှိခြင်းပင်ဖြစ်သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-210

အခန်း ၂၁၀ ။ ကြာစွယ်ဟင်းချို

ဤသို့ဖြင့် ချွေ့ပေါင်လင်သည် ယဲ့ယွင်ကို အရှင်မင်းကြီးအား သွားတိုင်သော်လည်း မအောင်မြင်သည့်အပြင် ကိုယ်တိုင် အပယ်ခံရသည့်ဘဝသို့ ရောက်သွားလေသည်။

ထိုညတွင် သူမသည် အိပ်ဆောင်ဝင်ခွင့် မရတော့ပေ။ ညစာစားချိန်တွင် ပြုစုပြီးနောက် ဘေးဆောင်သို့ အနားယူရန် ပို့လွှတ်ခြင်း ခံလိုက်ရသည်။

ဤအဖြစ်အပျက်ကြောင့် ချွေ့ပေါင်လင် နားလည်သွားသည်မှာ ယဲ့ယွင်သည် အလွယ်တကူ ကျဆုံးမည့်သူ မဟုတ်ကြောင်းပင်။ ထို့ကြောင့် သူမလည်း ပို၍ သတိထားလာသည်။

အခြားကိုယ်လုပ်တော်များသည် ဤကိစ္စကို အသေးစိတ် မသိကြသော်လည်း ကျင်းကန်နန်းဆောင်မှ အစေခံများကမူ မျက်မြင်သက်သေများ ဖြစ်ကြသည်။

ထို့ကြောင့် မိန်းမစိုးလေးများ ခိုးကြောင်ခိုးဝှက် စကားစမြည် ပြောနေကြသည်။

"ချွေ့ပေါင်လင်က အမတ်မင်းချွေ့ရဲ့ မယားငယ်က မွေးတာဆိုပေမဲ့ တစ်ဦးတည်းသော သမီးလေ။ မိသားစုအဆင့်အတန်းလည်း မနိမ့်ပါဘူး။ ရုပ်ရည်လည်း ချောမောပါရဲ့နဲ့ ဘာလို့ အရှင်မင်းကြီးက မကြိုက်ရတာလဲ"

"ဟုတ်ပါ့။ ဒီနေ့ ချွေ့ပေါင်လင် ငိုပြီး လာတာ ငါမြင်လိုက်တယ်။ တကယ် သနားစရာကောင်းတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက နည်းနည်းလေးတောင် သနားပုံမရဘူး"

ရုတ်တရက် "ဖြောင်း ဖြောင်း" ဟူသော အသံနှစ်ချက် ထွက်ပေါ်လာပြီး ကြိမ်လုံးဖြင့် ခေါင်းခေါက်ခံလိုက်ရသည်။

နှစ်ယောက်သား လှည့်ကြည့်လိုက်သောအခါ ဒုတိယခေါင်းဆောင် ဟွိုက်အန်းဖြစ်နေသဖြင့် ကမန်းကတန်း ဒူးထောက်တောင်းပန်ကြသည်။

"သခင်တွေကို ကွယ်ရာမှာ အတင်းပြောရဲတယ်ပေါ့။ ခေါင်းဘယ်နှလုံးပါလို့လဲ။ မင်ကျယ်ယွီဆိုတာက နယ်စပ်ကာကွယ်ရေး စစ်သူကြီးရဲ့ သမီးကွ။ ယဲ့မိသားစု သားအဖက နယ်စပ်ကို စောင့်ရှောက်နေတာ။ စီမံခန့်ခွဲတတ်တဲ့ စာပေပညာရှင်တွေ အများကြီးရှိပေမဲ့ စစ်တိုက်တတ်တဲ့ စစ်သူကြီးက ဘယ်နှယောက်ရှိလို့လဲ။ နောက်ဆို ပါးစပ်ကို စောင့်စည်းကြ။ တစ်နေ့နေ့ လူမှားပြီး ပြဿနာရှာမိလို့ ခေါင်းပြုတ်သွားရင် ငါ သတိမပေးဘူးလို့ မပြောနဲ့"

"ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။ ကုန်းကုန်းကြီးရဲ့ ဆိုဆုံးမမှုကို ကျေးဇူးတင်ပါတယ်။ နောက်ဆို မပြောရဲတော့ပါဘူး"

နှစ်ယောက်သား တုန်လှုပ်ချောက်ချားစွာဖြင့် ကတိပေးလိုက်ကြသည်။

ဟွိုက်အန်းက ယဲ့ယွင်ဘက်က ဘာကြောင့် ဒီလောက်ကာကွယ်ပြောပေးရသလဲဆိုလျှင် အကြောင်းရင်း သုံးချက်ရှိသည်။ ပထမအချက်မှာ ငွေအများကြီး ရထားလို့ဖြစ်သည်။ ဒုတိယအချက်မှာ ဆရာသမား ယွမ်ကျိုက ကောင်းကောင်း သင်ပြပေးထားလို့ဖြစ်သည်။ တတိယအချက်မှာတော့ မနေ့ညက အရှင်မင်းကြီးသည် မင်ကျယ်ယွီ ဆွဲပေးထားသော ပန်းချီကားကို ထုတ်ကြည့်နေသည်ကို သူမြင်လိုက်ရသောကြောင့် ဖြစ်သည်။

ကိုယ်လုပ်တော် ပေးထားသော ပစ္စည်းကို လင်ရှီးဥယျာဉ်တော်အထိယူလာခြင်းက တကယ့်အချစ်စစ်ကို ပြသနေခြင်းပင်။

ပြီးခဲ့တဲ့ အခေါက်က ရန်ဖြစ်ခြင်းသည်စိတ်ဆိုးစိတ်ကောက်ရုံ သက်သက်ပဲ ဖြစ်လောက်ပေသည်။ မကြာခင် ပြန်တည့်သွားကြမှာ သေချာတယ်။

အခု အရှင်မင်းကြီးက ကျောက်ထန်ခြံဝင်းကို သွားဖို့ အကြောင်းပြချက် ရှာနေတာ။ စိတ်ထဲမှာ တမ်းတနေတာ သိသာတယ်။

ဒါကြောင့် ချွေ့ပေါင်လင်က ကြားဝင်ပြီး ကုန်းချောတာ အလုပ်မဖြစ်တာပေါ့။

တစ်ခုပဲရှိတာက အခု အရှင်မင်းကြီးက မာနကြီးနေပြီး အရင်စမခေါ်ချင်လို့ တင်းခံနေခြင်းပင်။

ဟွိုက်အန်း စဉ်းစားပြီးနောက် ဆရာသမား ယွမ်ကျိုထံ သွားရောက်ပြီး အကြံဉာဏ်တချို့ ပေးလိုက်သည်။

နောက်တစ်နေ့ နေ့လည်ခင်းတွင် ကြာစွယ်မှိုဖြူဟင်းချိုတစ်ခွက်ကို နင်ချန်၏ စာရေးစားပွဲပေါ်သို့ တင်ဆက်လိုက်သည်။

"အရှင်မင်းကြီး... လွှာကြားချက်တွေ ဖတ်နေတာ တစ်နာရီလောက် ရှိပါပြီ။ ဟင်းချိုလေးသောက်ပြီး ခဏလောက် အနားယူပါဦး"

ယွမ်ကျိုက ပြောလိုက်သည်။

နင်ချန်သည် မှင်နီစုတ်တံကို ချလိုက်ပြီး မျက်ခုံးနှစ်ခုကြားကို နှိပ်နယ်ရင်း ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"မိုးရွာတော့မလား မသိဘူး။ ကောင်းကင်က အုံ့မှိုင်းနေတယ်"

ယွမ်ကျို လိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

"အပြင်မှာ တော်တော် အိုက်နေတယ်။ နွေရာသီဆိုတော့ မိုးကြိုးမုန်တိုင်း လာတတ်ပါတယ်။ ကြည့်ရတာ မိုးကြီးမယ့်ပုံပဲ။ ကန်ထဲက ကြာပန်းတွေတော့ ပျက်စီးကုန်တော့မှာပဲ။ ဟိုတစ်နေ့က မင်ကျယ်ယွီက လူတွေခေါ်ပြီး ကြာပန်းသွားကြည့်တာ တော်တော်ကြာတယ်။ ကြည့်ရတာ သဘောကျပုံရတယ်"

ခဏရပ်ပြီး အရှင်မင်းကြီး၏ မျက်နှာထားကို အကဲခတ်လိုက်သည်။ စိတ်ဆိုးပုံမရသဖြင့် ဆက်ပြောလိုက်သည်။

"ဩော်... ဟုတ်သားပဲ။ ကြာစွယ်တွေလည်း ခူးသွားကြသေးတယ်။ ဒီနေ့ စားဖိုဆောင်က ကြာစွယ်မှိုဖြူဟင်းချို လာပို့တာဆိုတော့ ကြာစွယ်နုနုလေးတွေက အရသာရှိမယ် ထင်တယ်။ အရှင်မင်းကြီး မြည်းကြည့်ပါလား"

ဒီစကားတွေရဲ့ အဓိပ္ပာယ်ကို နင်ချန် နားလည်သည်။ သူ ယွမ်ကျိုကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။

ဟင်းချိုပန်းကန်ကို မော့သောက်လိုက်ပြီး ပြန်ချလိုက်မှ အေးစက်စွာ ပြောလိုက်သည်။

"ဒီနေ့ မင်း စကားနည်းနည်း များနေတယ်"

"ကျွန်တော်မျိုး အပြစ်ရှိပါတယ်"

ယွမ်ကျို အမြန်ဒူးထောက်လိုက်သည်။

"ထားလိုက်တော့။ မင်ကျယ်ယွီက ကြာစွယ်နုနုလေးတွေ ကြိုက်တယ်ဆိုတော့ စားဖိုဆောင်ကို ပြောပြီး ကျောက်ထန်ခြံဝင်းကို တစ်ခွက်သွားပို့ခိုင်းလိုက်"

"ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုး အခုပဲ သွားစီစဉ်လိုက်ပါ့မယ်"

ယွမ်ကျို ခေါင်းငုံ့ထားသော်လည်း နှုတ်ခမ်းထောင့်က ကွေးတက်နေသည်။

အပြင်ထွက်သည်နှင့် ဟွိုက်အန်းကို လှမ်းခေါ်လိုက်သည်။

"ဒီကောင်လေး တော်တော် ဉာဏ်ကောင်းလာပါလား။ ကောင်းကောင်း ကြိုးစား။ တစ်နေ့ကျရင် ဆရာ့နေရာက မင်းနေရာ ဖြစ်လာမှာ"

"ဆရာ ကောင်းကောင်း သင်ပေးလို့ပါ"

ဟွိုက်အန်း ဟီးခနဲ ရယ်လိုက်သည်။

ဟင်းချိုသွားပို့မည့် တာဝန်ကို ဟွိုက်အန်း ယူလိုက်သည်။

နာရီဝက်မကြာမီ ကျောက်ထန်ခြံဝင်းသို့ ရောက်ရှိသွားသည်။

"အခု နေပူနေတဲ့အချိန်ကြီး အန်းကုန်းကုန်းက ဘာကိစ္စ ရှိလို့လဲ။ လုကျီ ... ကုန်းကုန်းအတွက် လက်ဖက်ရည်တစ်ခွက်လောက် ထည့်ပေးလိုက်ပါဦး"

ဟွေယွဲ့က ပြုံးရွှင်စွာ ကြိုဆိုလိုက်သည်။

သခင်မက မပူသော်လည်း အစေခံများက ပူပန်နေကြသည်။ အရှင်မင်းကြီး၏ လူယုံရောက်လာသည်ကို မြင်လိုက်ရသဖြင့် ဝမ်းသာသွားကြသည်။

ဟွိုက်အန်း တကယ်ပဲ ပူနေသဖြင့် မငြင်းတော့ဘဲ လက်ဖက်ရည် သောက်လိုက်သည်။

လုကျီ ပေးသော လက်ကိုင်ပုဝါဖြင့် ချွေးသုတ်ပြီး အမောဖြေကာ ပြောလိုက်သည်။

"အရှင်မင်းကြီးရဲ့အမိန့်နဲ့ မင်ကျယ်ယွီအတွက် ကြာစွယ်ဟင်းချို လာပို့တာပါ။ အရှင်မင်းကြီးက သောက်ကောင်းတယ်ဆိုပြီး ကျယ်ယွီကို သတိရသွားတာ။ ဟိုတစ်နေ့က ကျယ်ယွီ ကြာစွယ်ခူးတဲ့အကြောင်း ကျွန်တော်နဲ့ ဆရာနဲ့က စကားစပ်မိပြီး ပြောလိုက်တာလေ။ အရှင်မင်းကြီးက ကျယ်ယွီကို တကယ် ချစ်မြတ်နိုးတာဆိုတော့ ချက်ချင်း လာပို့ခိုင်းတာ"

ဟွေယွဲ့က သဘောပေါက်သွားပြီး ငွေထုပ်ကြီးကြီး တစ်ထုပ် ထုတ်ပေးလိုက်သည်။

"အရှင်မင်းကြီး ချစ်မြတ်နိုးတယ်ဆိုပေမဲ့ ကုန်းကုန်းက သတိပေးလို့ သတိရသွားတာ မဟုတ်လား။ ကုန်းကုန်းရဲ့ စေတနာကို ကျယ်ယွီ သိအောင် လျှောက်တင်ပေးပါ့မယ်။ နောက်ဆိုရင်လည်း ကျွန်မတို့ ကျယ်ယွီအတွက် ကောင်းတာလေးတွေ ပြောပေးပါဦးနော်"

"ဟာ... ညီမလေးကလည်း အားနာစရာကြီး။ ပုံမှန်ဆိုရင်လည်း ကျယ်ယွီက ဂရုစိုက်ပေးနေတာပဲဟာ။ လုပ်ပေးသင့်တာပါ။ ကျွန်တော် ပြန်သွားပြီး အလုပ်လုပ်ရဦးမယ်။ အခု ကျယ်ယွီ နေ့လည်အိပ်နေတယ်မလား။ မနှောင့်ယှက်တော့ပါဘူး"

ဟွိုက်အန်း ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။

ဟွေယွဲ့ ခေါင်းညိတ်ပြီး ခြံဝင်းအပြင်ဘက်အထိ လိုက်ပို့လိုက်သည်။

ပြန်လှည့်လာပြီးနောက် စိတ်လှုပ်ရှားစွာ အတွင်းဆောင်သို့ ဝင်သွားလိုက်သည်။

ယဲ့ယွင် နိုးကာစ ဖြစ်ပြီး အကြောဆန့်နေသည်။

"ခုနက ဘယ်သူလာတာလဲ။ စကားပြောနေတာ ကြာလိုက်တာ"

"ကျယ်ယွီ အနားယူနေတာကို အနှောင့်အယှက် ဖြစ်သွားပြီ။ ဟွိုက်အန်းကုန်းကုန်း လာတာပါ။ အရှင်မင်းကြီးက ကျယ်ယွီအတွက် ကြာစွယ်ဟင်းချို သီးသန့် လာပို့ခိုင်းတာပါ။ ကျယ်ယွီ မြည်းကြည့်မလား"

ဟွေယွဲ့သည် ရေနွေးနွေးတစ်ခွက် ကမ်းပေးပြီး လည်ချောင်းရှင်းအောင် တိုက်လိုက်သည်။

ခွက်ပြန်ချလိုက်မှ ယဲ့ယွင်သည် စားပွဲပေါ်မှ ကြွေပန်းကန်စိမ်းလေးကို မြင်လိုက်ရသည်။

မျက်ဝန်းထဲတွင် အပြုံးရိပ်များ သန်းသွားပြီး လက်ကာပြလိုက်သည်။

"ယူခဲ့"

ဟွေယွဲ့က ဂရုတစိုက် ယူလာပေးသည်။

ယဲ့ယွင် စားနေစဉ် ဟွေယွဲ့က ဟွိုက်အန်း ပြောသွားသည်များကို ပြန်ပြောပြလိုက်သည်။

ယဲ့ယွင် နှစ်ဇွန်းလောက်သာ စားပြီး ပြန်ချလိုက်သည်။

အရသာ မကောင်းလို့ မဟုတ်ဘဲ ရေခဲစိမ်ထားသဖြင့် အေးနေသောကြောင့် အများကြီး မစားရဲခြင်း ဖြစ်သည်။

"ဟွိုက်အန်းက တကယ် စေတနာ ရှိတာပဲ။ ပုံမှန် ဆုချထားတာ အလကား မဖြစ်ဘူးပေါ့။ ဒါပေမဲ့ ဒီတစ်ခေါက်က သူ့အပေါ် အကြွေးတင်သွားပြီ။ နောက်မှ ပြန်ဆပ်ရမယ်"

"ဒါပေမဲ့ အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ ကျယ်ယွီ ရှိနေလို့သာပေါ့။ မဟုတ်ရင် အစေခံတစ်ယောက် ပြောရုံနဲ့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး"

ဟွေယွဲ့က ပြောလိုက်သည်။

ယဲ့ယွင် ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောပေ။

ရှိတော့ ရှိပါရဲ့။ ဒါပေမဲ့ ဘယ်လောက် အရေးပါသလဲ ဆိုတာကတော့ တခြားကိစ္စပဲ။ ရှိရုံနဲ့ မလုံလောက်သေးဘူး။

"ကျယ်ယွီ... အရှင်မင်းကြီးဆီ တစ်ခုခု ပြန်ပို့ပေးလိုက်မလား"

ဟွေယွဲ့က ပြုံးပြီး မေးလိုက်သည်။

ယဲ့ယွင် ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။

"မပို့ဘူး။ သူက ငါ့ကို ကြောင်လေးတစ်ကောင်လို့ ထင်နေတာလား။ ငါးတစ်ကောင် ပစ်ကျွေးလိုက်ရင် စိတ်ကောက်ပြေပြီး သူ့ဆီ အမြီးနန့်ပြီး ပြေးသွားရမှာလား"

ပေးတာကို ယူထားမယ်။ တခြားဟာတော့ မလုပ်ဘူး။ နောက်ထပ် သုံးလေးရက်လောက် စောင့်ကြည့်ဦးမယ်။ အရှင်မင်းကြီး မလာမှပဲ တစ်ခုခုလုပ်မယ်။ ငါးကြီးကြီး ဖမ်းချင်ရင် စိတ်ရှည်ရမယ် မဟုတ်လား။

သူ့စိတ်နှလုံးတစ်ခုလုံး ငါ့ဆီ ရောက်လာအောင်လုပ်နိုင်မှ ငါ့လက်ထဲက ပြေးမလွတ်မှာ။ မဟုတ်ရင် ဒီတစ်ခေါက် ရန်ဖြစ်ရတာ အလကား ဖြစ်ကုန်မှာပေါ့။

နည်းနည်း ချော့လိုက်တာနဲ့ စိတ်ပြေတတ်တဲ့ မိန်းမကို ဘယ်ယောက်ျားကမှ တန်ဖိုးမထားတတ်ကြဘူး။

ဟွေယွဲ့က ပြောမရမှန်း သိသဖြင့် ဆက်မပြောတော့ဘဲ လိမ္မာစွာ ဆုတ်ခွာသွားသည်။

ယဲ့ယွင်က စိတ်ရှည်သည်းခံနိုင်သော်လည်း တချို့လူတွေကတော့ သည်းမခံနိုင်ကြပေ။

အရှင်မင်းကြီးက ကျောက်ထန်ခြံဝင်းကို လက်ဆောင်ပို့လိုက်သည်ဆိုသော သတင်းကြားလိုက်သည်နှင့် ထောင်ဟွားဝူက လူတွေ လှုပ်ရှားဖို့ ပြင်ဆင်ကြတော့သည်။

သူမကို ဒီလောက် လွယ်လွယ်နဲ့ ပြန်ပြီး မျက်နှာသာရခွင့်ပေးလို့ မဖြစ်ဘူးလေ။

***

All Chapters