အခန်း (၂၁၁-၂၁၂)
Vol. 14 Ch. 211-212
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -211
အခန်း ၂၁၁ ။ ထင်ထားသလို
"ကျင်းကန်နန်းဆောင်ကိုသွားပြီး အရှင်မင်းကြီးကို လျှောက်တင်လိုက်။ လုံကျင်းရွက်နဲ့ ဝါးပိုးစွပ်ပြုတ် ပူပူလေးချက်ပြုတ်ထားတာမို့၊ ညနေစာလာသုံးဆောင်ဖို့ ဖိတ်လိုက်ပါတယ်လို့”
ယိရှိုးယွမ်သည် လင်လုံယပ်တောင်လေးကို ခပ်ဖွဖွယပ်ခတ်ရင်း မျက်ဝန်းများတွင် ဉာဏ်နီဉာဏ်နက်များ ယှက်သန်းနေသည်။
ယွင်ရှီးသည် အမိန့်နာခံပြီး ကိုယ်တိုင်သွားရောက်ဖိတ်ကြားလေသည်။
ထို့နောက် ယိရှိုးယွမ်က ဆက်မေးသည်။
"သူ့အတွက် ပြင်ဆင်ထားတဲ့ အဝတ်အစားသစ်တွေ မီးပူတိုက်ပြီးပြီလား။ သေချာ ရေမိုးချိုးပြီး ပြင်ဆင်ခိုင်းထားလိုက်။ ဒီနေ့သာ သူ အဆင်ပြေသွားရင် သူ့ဘာသာသူ သခင်မ ဖြစ်လာမှာပဲ။ ပြီးတော့ အရှင်မင်းကြီးက ယဲ့မျိုးရိုးကိုလည်း ထပ်ပြီး မုန်းတီးသွားလိမ့်မယ်"
"စိတ်ချပါ မယ်မယ်။ ဒီချန်းချဲ့ အားလုံး စီစဉ်ထားပြီးပါပြီ။ မယ်မယ် ကယ်တင်ထားတဲ့အတွက် ဒီလဝက်လောက်အတွင်းမှာ သူ တော်တော်လေး ကျန်းမာရေးကောင်းလာပါပြီ။ အရင်ကထက်တောင် ပိုလှလာသေးတယ်"
ယွင်ရှို့ က ပြန်ဖြေသည်။
သူတို့ပြောနေသော "သူ" ဆိုသည်မှာ ဟန်ယန်ပင် ဖြစ်သည်။
ယိရှိုးယွမ်က ဟန်ယန်ကို မြှောက်စားပေးရသည့်အကြောင်းမှာ ဟန်ယန်၏ ရုပ်ရည်က အတော်အသင့်သာရှိပြီး သာမန်အဆင့်ထက် အနည်းငယ်ပိုသာရုံသာ ရှိသောကြောင့်ဖြစ်သည်။
ဒီလိုရုပ်ရည်မျိုးကို အနောက်ဆောင်ထဲ ပစ်ထည့်လိုက်လျှင် လူပုံအလယ် ပျောက်သွားမည့် ရုပ်ရည်မျိုးဖြစ်သည်။ အရှင်မင်းကြီး၏ ကုတင်ပေါ် ခဏတာ ရောက်သွားလျှင်တောင်မှ မကြာခင် မေ့လျော့ခံရမည့်သူမျိုး ဖြစ်သည်။
ယိရှိုးယွမ်သည် ဟန်ယန်ကို အားကိုးပြီး ယဲ့ယွင်ကို ဖြုတ်ချနိုင်မည်ဟု မယုံကြည်ပေ။ အဓိက ရည်ရွယ်ချက်မှာ ယဲ့ယွင်ကို စိတ်ဒုက္ခပေးရန်နှင့် ဟန်ယန်ကို အသုံးပြုပြီး အရှင်မင်းကြီးရှေ့တွင် ယဲ့ယွင်မကောင်းကြောင်း ကုန်းချောစေရန်သာ ဖြစ်သည်။
နန်းတွင်းသို့ ဝင်ရောက်လာသော နှစ်နှစ်အတွင်း ယဲ့ယွင်သည် သူမကို အကြိမ်ကြိမ် စိတ်ဒုက္ခပေးခဲ့သဖြင့် တစ်ခါလောက်တော့ ပြန်ပြီး လက်တုံ့ပြန်ချင်မိသည်။
....
အခြားတစ်ဖက်တွင် ယွင်ရှီးသည် ကျင်းကန်နန်းဆောင်သို့ ရောက်ရှိပြီး အကြောင်းစုံ လျှောက်တင်ရာ ယွမ်ကျိုက ဝင်ရောက်လျှောက်တင်ပေးသည်။
ကိုယ်လုပ်တော်တစ်ပါး လာရောက်ဖိတ်ကြားသည်ဟု ကြားလိုက်ရသောအခါ နင်ချန်၏ မျက်လုံးများ အရောင်တောက်သွားသည်။ သို့သော် ယိရှိုးယွမ်၏ အစေခံ ယွင်ရှီး ဖြစ်နေမှန်း သိလိုက်ရသောအခါ စိတ်လှုပ်ရှားမှု လျော့ပါးသွားသည်။
ယိရှိုးယွမ်သည် အမြဲတမ်း လိမ္မာပြီး ဝူမိသားစုသည်လည်း အသုံးဝင်သည်။ ထို့အပြင် သူမသည် တတိယမင်းသားကို မွေးဖွားထားသူ ဖြစ်သဖြင့် မျက်နှာသာမပေးဘဲ နေ၍မရပေ။
ထို့ကြောင့် ခေါင်းညိတ်လက်ခံလိုက်သည်။
ယွင်ရှီး ထွက်သွားသောအခါမှ ဟန်ဆောင်ပြီး မေးလိုက်သည်။
"ဟိုဘက်က ဘာသတင်းကြားသေးလဲ"
"အရှင်မင်းကြီးပြောတာ ဘယ်ဘက်ကို ဆိုလိုတာပါလဲ"
ယွမ်ကျိုက အပြုံးကိုထိန်းရင်း ဘာမှမသိသလို ဟန်ဆောင်မေးလိုက်သည်။
နင်ချန်သည် သူ၏ စပ်ဖြဲဖြဲ မျက်နှာထားကို မြင်ပြီး မနေနိုင်ဘဲ လက်ဘေးရှိ စာအုပ်ဖြင့် ပစ်ပေါက်လိုက်သည်။
"အို... အရှင်မင်းကြီး စိတ်လျော့ပါဦး။ ကျောက်ထန်ခြံဝင်းဘက်က သတင်းမကြားရပါဘူး။ ဒါပေမဲ့ ကျွန်တော်မျိုး စုံစမ်းကြည့်တော့ မင်ကျယ်ယွီက ကြာစွယ်ဟင်းချိုကို သောက်ပြီး ဘာမှ မပြောပါဘူးတဲ့"
ယွမ်ကျို ကမန်းကတန်း ဒူးထောက်လိုက်သည်။ ကြောက်ရွံ့ဟန်ဆောင်နေသော်လည်း စိတ်ထဲတွင်မူ လုံးဝ မကြောက်ပေ။
"ကျန်းက သူ့အကြောင်း မေးလို့လားဟမ့်ဧကရာဇ်ရဲ့ သဘောထားကို ရမ်းသမ်းခန့်မှန်းရဲတယ်ပေါ့။ ခေါင်းပြုတ်ချင်နေပြီလား။ ထွက်သွားစမ်း၊ ကျန်း လွှာကြားချက်တွေ ဖတ်စရာရှိသေးတယ်"
နင်ချန် နှာမှုတ်လိုက်ပြီး လက်နောက်ပစ်ကာ မျက်လုံးများတွင်မူ ထူးခြားသော အရောင်များ တောက်ပနေသည်။
ယွမ်ကျို အမိန့်နာခံပြီး စာအုပ်ကို ဂရုတစိုက် ပြန်ကောက်တင်ကာ အပြင်ထွက်သွားသည်။
အပြင်ရောက်သည်နှင့် တောက်ခေါက်လိုက်မိသည်။ မင်ကျယ်ယွီကတော့ ရှေ့ရေးကောင်းမယ့်သူပဲ။ အရှင်မင်းကြီး ဒီလောက် စိတ်ဝင်စားခံရတဲ့သူ ရှားတယ်။
ဟိုတုန်းက အချစ်ခံရဆုံး ဝမ်သယ့်ဖေးတောင် ပါချင်မှပါလိမ့်မည်။ သေချာတာကတော့ မင်ကျယ်ယွီက ဝမ်သယ့်ဖေးထက် အများကြီး သာသည့်အချက်ပင်။
ညစာစားချိန် နီးကပ်လာသော်လည်း နင်ချန်သည် အခန်းထဲမှ ထွက်မလာဘဲ အချိန်ဆွဲနေသည်။
ယွမ်ကျို ဝင်မေးသော်လည်း တစ်စုံတစ်ယောက်ကို စောင့်နေသကဲ့သို့ အပြင်ဘက်ကို လှမ်းကြည့်ပြီး လွှာကြားချက် မပြီးသေးဘူး၊ ခဏစောင့်ဦးဟု ပြောသည်။
တကယ်တမ်းတွင် စားပွဲပေါ်၌ နောက်ဆုံးကျန်သော လွှာကြားချက် တစ်စောင်သာ ရှိတော့သည်။ စုတ်တံတောင် ချထားပြီးပြီဖြစ်ကာ ဖတ်မည့်ပုံမပေါ်ပေ။
ယွမ်ကျို နားမလည်နိုင် ဖြစ်နေသည်။ ထောင်ဟွားဝူကို မသွားချင်လို့များလား။
နံ့သာတိုင်တစ်တိုင်စာမျှ ထပ်စောင့်ပြီးနောက် နောက်ဆုံးတွင် လှုပ်ရှားသံ ကြားလိုက်ရသည်။
တံခါးပွင့်လာပြီး နင်ချန်သည် စိတ်မကြည်မလင် ဖြစ်နေပုံရသည်။
အေးစက်စွာ ပြောလိုက်သည်။
"ယိရှိုးယွမ်ဆီ သွားပြီး ညစာစားကြတာပေါ့"
"ဟုတ်ကဲ့ပါ"
ယွမ်ကျို ပြန်ဖြေပြီး အပြင်ဘက်တွင် အချိန်အကြာကြီး စောင့်ဆိုင်းနေသော ဝေါယာဉ်အဖွဲ့ကို အော်ပြောလိုက်သည်။
"ထောင်ဟွားဝူကို ကြွချီမယ်"
.....
ယိရှိုးယွမ်သည် အရှင်မင်းကြီး ရောက်မလာသေးသဖြင့် စိတ်ပူနေသည်။
မလာတော့ဘူးလားဟု တွေးမိပြီး အားထုတ်ထားသမျှ သဲထဲရေသွန် ဖြစ်တော့မည်ဟု စိုးရိမ်နေသည်။
ဂနာမငြိမ် ဖြစ်နေချိန်တွင် အပြင်ဘက်မှ အရှင်မင်းကြီး ကြွချီလာကြောင်း ကြေညာသံ ကြားလိုက်ရသည်။
အဝတ်အစားနှင့် ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ပြီး ထွက်ကြိုလိုက်သည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
"ထပါ၊ မင်းကို အကြာကြီး စောင့်ခိုင်းမိပြီ။ ဒီနေ့ လွှာကြားချက်တွေ များနေလို့ အလုပ်ရှုပ်ပြီး အချိန်မေ့သွားတယ်"
နင်ချန်သည် ပြုံးလျက် သူမကို တွဲထူပေးလိုက်သည်။
ယိရှိုးယွမ်သည် အလွန် နားလည်ပေးတတ်သော ဇနီးသည် ပုံစံဖမ်းကာ ပြောလိုက်သည်။
"အရှင်မင်းကြီးက နိုင်ငံရေးကို ဦးစားပေးရမှာပေါ့။ ဒီချန်းချဲ့ နည်းနည်း စောင့်ရတာ ကိစ္စမရှိပါဘူး။ ညစာ ပြင်ဆင်ပြီးပါပြီ။ အရှင်မင်းကြီး သုံးဆောင်လို့ရပါပြီ။”
နှစ်ယောက်သား အထဲဝင်သွားကြသည်။ ယိရှိုးယွမ်သည် ယွင်ရှီးကို မသိမသာ မျက်ရိပ်ပြလိုက်ရာ ယွင်ရှီးက ခေါင်းညိတ်ပြသည်။
ထိုင်ပြီးသောအခါ ယိရှိုးယွမ်၏ ဘေးတွင် ပြုစုရန် ရပ်နေသူမှာ သေချာ ပြင်ဆင်ထားသော ဟန်ယန် ဖြစ်နေသည်။
သူမသည် နန်းတွင်းအစေခံဝတ်စုံ ဝတ်ဆင်ထားသော်လည်း အဝတ်အစားပိုးသားမှာ သာမန်ထက် ပိုကောင်းမွန်ပြီး အသေးစိတ် အချက်အလက်များတွင်လည်း ဂရုစိုက်ထားသည်။
ဥပမာအားဖြင့် ဟန်ယန်၏ ကိုယ်လုံးကိုယ်ထည် သွယ်လျမှုကို ပေါ်လွင်စေရန် ခါးသိမ်အောင် ချုပ်ထားသည်။
မျက်နှာတွင် သဘာဝကျကျ လှပစေရန် မိတ်ကပ်လိမ်းခြယ်ထားပြီး အကောင်းစား ပေါင်ဒါများကို အသုံးပြုထားသည်။ အဝတ်အစားပေါ်တွင် ပန်းရနံ့ရေမွှေးများ ဖြန်းထားသဖြင့် သင်းပျံ့နေသည်။
ဤကဲ့သို့ သေချာ ပြင်ဆင်ထားသောကြောင့် မူလက အလယ်အလတ်သာ ရှိသော ရုပ်ရည်သည် ယခုအခါ ဆွဲဆောင်မှု ရှိလာသည်။
ယိရှိုးယွမ်သည် သူမကို ချက်ချင်း မိတ်ဆက်မပေးသေးဘဲ အရှင်မင်းကြီး ကိုယ်တိုင် သတိထားမိလာအောင် စောင့်နေသည်။
သို့သော် ညစာစားပြီးခါနီးအထိ နင်ချန်သည် ဘေးနားမှ အစေခံကို တစ်ချက်မှ မကြည့်သဖြင့် စိတ်မရှည်တော့ပေ။
"ဒီမှိုဟင်းရည်က အရသာရှိတယ်။ ဟန်ယန်... အရှင်မင်းကြီးရှေ့ကို ရွှေ့ပေးလိုက်စမ်း"
"ဟုတ်ကဲ့ပါ"
ဟန်ယန်သည် နူးညံ့စွာ ပြန်ဖြေလိုက်သည်။
ယခုတစ်ကြိမ်တွင်မူ သင်ကြားပေးထားသူရှိသဖြင့် သူမ၏ အပြုအမူများမှာ စည်းကမ်းရှိပြီး ဟိုဟိုဒီဒီ လျှောက်ကြည့်ခြင်း၊ လျှောက်ပြောခြင်း မရှိပေ။
သူမ ဟင်းရည်ပန်းကန်ကို သယ်သွားပြီး နင်ချန်၏ ဘေးတွင် ရပ်လိုက်သည်။
"ဒီကောင်မလေးက အလိုက်အထိုက် မသိလိုက်တာ။ အရှင်မင်းကြီးအတွက် ဟင်းထည့်ပေးလေ"
ယိရှိုးယွမ်က ထပ်ပြောလိုက်သည်။
ဤသို့ ထပ်ခါတလဲလဲ ပြောဆိုနေမှုကြောင့် နင်ချန်သည် ထူးခြားမှုကို သတိထားမိသွားပြီး ဘေးနားမှ အစေခံမလေးကို မော့ကြည့်လိုက်သည်။
ဟန်ယန် ဟင်းမထည့်ရသေးခင်မှာပင် လက်ကာပြလိုက်သည်။
"ဒါ ကျောက်ထန်ခြံဝင်းက အစေခံ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး မင်းဆီ ရောက်နေတာလဲ"
ဒီမေးခွန်းက ယိရှိုးယွမ်ကို မေးလိုက်ခြင်းဖြစ်သည်။
ယိရှိုးယွမ်က အမြန်ပြန်ဖြေသည်။
"ဒီကောင်မလေး အရင်က ဘယ်မှာ ရှိခဲ့လဲဆိုတာ ဒီချန်းချဲ့ မသိပါဘူး။ ဒီချန်းချဲ့က တတိယမင်းသားလေးကို ထိန်းကျောင်းနေရတော့ လူမလောက်လို့ အထက်က ပို့ပေးလိုက်တာပါ။ သူက စာတတ်ပေတတ်ဆိုတော့ သာမန်အစေခံတွေနဲ့ မတူဘူးဆိုပြီး အနားခေါ်ထားလိုက်တာ"
ပြောရင်း နင်ချန်၏ မျက်နှာထားကို အကဲခတ်လိုက်သည်။ ဘာမှမထူးခြားသည်ကို မြင်ရသဖြင့် ဆက်လက်စမ်းသပ်လိုက်သည်။
"အရှင်မင်းကြီးက သူ့ကို မှတ်မိတယ်ဆိုတော့ အရင်ကများ အရှင်မင်းကြီးကို ပြုစုဖူးလို့လား။”
"အင်း"
နင်ချန်က ဖြေလိုက်သော်လည်း အကျယ်တဝင့် မပြောပေ။
ယခုအချိန်တွင် သူ အားလုံး သဘောပေါက်သွားပြီဖြစ်သည်။ ယိရှိုးယွမ်က တမင်သက်သက် လူလာထည့်ပေးခြင်း ဖြစ်သည်။
တတိယမင်းသားကို ထောက်ထား၍ သူ စိတ်မဆိုးသော်လည်း စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားသည်။
ယိရှိုးယွမ်သည် သူ့သဘောထားကို မခန့်မှန်းနိုင်သဖြင့် တွန့်ဆုတ်နေပြီးမှ ဆက်ပြောလိုက်သည်။
"အရှင်မင်းကြီး မှတ်မိနေတယ်ဆိုတော့ သူက တော်တော်လေး ပြုစုတတ်လို့ နေမှာပါ။ စိတ်တိုင်းကျတဲ့ အစေခံတစ်ယောက်ရှိတယ်ဆိုတော့ ဒီည သူ့ကိုပဲ အရှင်မင်းကြီးကို ပြုစုခိုင်းလိုက်ပါ့မယ်"
"ဝူရှီ ... မင်းက တော်တော်လေး ကိုယ့်စိတ်နဲ့ကိုယ် တွေးတတ်တာပဲ"
နင်ချန်၏ မျက်နှာထား တင်းမာသွားပြီး ဒေါသကို မထိန်းနိုင်တော့ပေ။
လက်ထဲမှ တူများကို စားပွဲပေါ်သို့ ပြင်းထန်စွာ ပစ်ချလိုက်သဖြင့် ယိရှိုးယွမ် လန့်ဖျပ်သွားပြီး ချက်ချင်း ဒူးထောက်လိုက်သည်။
"ဒီချန်းချဲ့ မရဲပါဘူး။ အရှင်မင်းကြီး ခွင့်လွှတ်တော်မူပါ"
သူမ ဒူးထောက်လိုက်သည်နှင့် တစ်ခန်းလုံးရှိ လူများလည်း လိုက်လံဒူးထောက်ကြသည်။ အထူးသဖြင့် ဟန်ယန်မှာ ကြောက်လွန်း၍ တုန်ရီနေလေပြီ။ အစီအစဉ် ပျက်သွားပြီမှန်း သူမ သိလိုက်သည်။
"ယိရှိုးယွမ်က မင်းကို စာတတ်ပေတတ်၊ သာမန် အစေခံနဲ့ မတူဘူးလို့ ပြောတယ်။ ကျန်း ကြည့်ရတာတော့ မင်းက စည်းစိမ်ဥစ္စာ မက်မောတဲ့သူပဲ။ နန်းတော်ထဲမှာ အစေခံအဖြစ် ဆက်ထားရင် မင်းရဲ့ အနာဂတ် ကောင်းမှာ မဟုတ်ဘူး"
"ယွမ်ကျို... ဒီအစေခံကို သူ့မိဘအိမ်ပြန်ပို့လိုက်။ ကျန်းနားမှာ ဒီလိုလူမျိုး မထားနိုင်ဘူး"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -212
အခန်း ၂၁၂ ။ အရည်အချင်းရှိရဲ့လား
"အရှင်မင်းကြီး... အရှင်မင်းကြီး... ကျွန်တော်မျိုးမကို မမောင်းထုတ်ပါနဲ့။ နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး အရှင်မင်းကြီး"
ဟန်ယန်သည် မျက်နှာဖြူဖျော့သွားပြီး အော်ဟစ်တောင်းပန်လေသည်။
သူမသာ အိမ်ပြန်ပို့ခံရပါက သူမ၏ မိထွေးသည် အသုံးမကျတော့သော သူမကို နောက်တစ်နေရာသို့ ရောင်းစားပစ်မှာ သေချာသည်။
ယိရှိုးယွမ်သည်လည်း ရင်တထိတ်ထိတ် ဖြစ်နေပြီး ဟန်ယန် စကားမှားပြီး သူမကိုပါ ရောချမည်ကို စိုးရိမ်နေသည်။
ချက်ချင်းပင် နောက်လိုက်များကို အမိန့်ပေးလိုက်သည်။
"ဒီအစေခံယုတ်ရဲ့ ပါးစပ်ကို မြန်မြန်ပိတ်ပြီး ဆွဲထုတ်သွားကြစမ်း။ အရှင်မင်းကြီးရဲ့ နားကို မညစ်ညမ်းစေနဲ့"
အမိန့်ပေးပြီးသည်နှင့် မိန်းမစိုးအချို့က မိမိတို့၏ လက်ကိုင်ပုဝါများဖြင့် ဟန်ယန်၏ ပါးစပ်ကို ပိတ်ဆို့ကာ ကြမ်းတမ်းစွာ ဆွဲထုတ်သွားကြသည်။
ရုန်းကန်နေရင်း ဟန်ယန်၏ ခေါင်းပေါ်မှ ငွေဆံထိုးအတိုလေး ပြုတ်ကျလာပြီး ယိရှိုးယွမ်၏ ခြေရင်းသို့ လိမ့်ဝင်သွားသည်။
လူကို ဆွဲထုတ်သွားသောအခါ အခန်းထဲတွင် ရုတ်တရက် တိတ်ဆိတ်သွားသည်။
နင်ချန်သည် ငြိမ်သက်စွာ ထိုင်နေပြီး ယိရှိုးယွမ်ကို စိုက်ကြည့်နေသည်။ သူမ၏ ခြေရင်းမှ ငွေဆံထိုးလေးသည် အခြေအနေနှင့် ဆန့်ကျင်စွာ သရော်နေသကဲ့သို့ ရှိနေသည်။
ခုနလေးတင် မိမိအရှေ့မှအမျိုးသမီးသည် ထိုအစေခံမလေးကို သေချာ ပြင်ဆင်ပေးပြီး သူ၏ကုတင်ပေါ်သို့ တွန်းပို့ရန် ကြိုးစားခဲ့သည်။
အခု အခြေအနေမကောင်းမှန်း သိလိုက်သည်နှင့် ချက်ချင်းပင် မျက်နှာပြောင်းသွားပြီး တောင်းပန်စကားတစ်ခွန်းမျှ မဆိုဘဲ လူကို ဆွဲထုတ်ခိုင်းလိုက်သည်။
ဤသို့ ရှေ့နောက်မညီသော လုပ်ရပ်သည် ကြည့်ရဆိုးလှပေသည်။
ဒီအခြေအနေက နင်ချန်ကို ယဲ့ယွင်အား ပို၍ သတိရစေသည်။
ယဲ့ယွင်သည် မောက်မာသော်လည်း ရိုးသားပွင့်လင်းသည်။ ချစ်လျှင်ချစ်သည်၊ မုန်းလျှင်မုန်းသည်၊ ဖုံးကွယ်ထားခြင်း မရှိပေ။ နောက်ဆောင်တွင် သူမကဲ့သို့သောသူမျိုး ရှားပါးလှသည်။
စဉ်းစားလေလေ ရှေ့မှ အမျိုးသမီးကို ကြည့်မရလေလေ ဖြစ်လာသည်။
နောက်ဆုံးတွင် သူ မတ်တတ်ရပ်လိုက်သည်။
"အရှင်မင်းကြီး..."
ယိရှိုးယွမ် စိုးရိမ်တကြီး ခေါ်လိုက်သည်။
နင်ချန် လှည့်ကြည့်လိုက်ရာ သူမ ဒူးထောက်နေဆဲ ဖြစ်နေသည်ကို တွေ့ရသည်။ မျက်နှာထား တည်ငြိမ်စွာဖြင့် လက်ကာပြလိုက်သည်။
"ထတော့။ တတိယမင်းသားကို ကောင်းကောင်း စောင့်ရှောက်ပါ။ တခြားဟာတွေ လျှောက်မတွေးနဲ့။ ကျန်းမှာ ဖတ်စရာ လွှာကြားချက်တွေ ရှိသေးတယ်။ ဒီည ဒီမှာ မအိပ်တော့ဘူး"
ယိရှိုးယွမ် စိတ်သက်သာရာ ရသွားသည်။ အရှင်မင်းကြီး အပြစ်မယူတော့မှန်း သိလိုက်သည်။
သတိပေးစကား ပါဝင်သော်လည်း တကယ်တမ်း အရေးယူခြင်း မရှိပေ။
"အရှင်မင်းကြီး ကောင်းကောင်း ပြန်ပါတော့။ ဒီချန်းချဲ့ တတိယမင်းသားကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်"
ယိရှိုးယွမ်သည် ဂရုတစိုက် လိုက်ပို့ရင်း တတိယမင်းသားအကြောင်း ထည့်ပြောလိုက်သည်။
ကလေးရှိနေသရွေ့ အရှင်မင်းကြီး သူမဆီ လာနေဦးမည်ကို သူမ သိသည်။
သို့သော် ဤတစ်ကြိမ်တွင် သူမ မှားသွားခဲ့သည်။ ဤအခြေအနေမျိုးတွင် ကလေးအကြောင်း ပြောခြင်းသည် ရည်ရွယ်ချက် ရှိလွန်းအားကြီးပြီး ကလေးကို အကြောင်းပြကာ မျက်နှာသာရအောင် လုပ်နေကြောင်း သိသာလွန်းနေသည်။
ထို့ကြောင့် နင်ချန်၏ စိတ်ထဲတွင် သူမအပေါ် အမြင်ပိုဆိုးသွားသည်။
သို့သော် ဝူမိသားစုနှင့် တတိယမင်းသား၏ မျက်နှာကို ထောက်ထားပြီး ဘာမှ မပြောခဲ့ပေ။
အရှင်မင်းကြီး ပြန်သွားသည်နှင့် ယိရှိုးယွမ်သည် ယွင်ရှီးကို ပါးရိုက်လိုက်သည်။
"နင့်ရဲ့ အသုံးမကျတဲ့ အကြံဉာဏ်ကြောင့် ငါ အရှင်မင်းကြီးရှေ့မှာ မျက်နှာပျက်ရပြီ။ ဘာလို့ အမြဲတမ်း နင်ပဲ ဖြစ်နေရတာလဲ။ အလုပ်မဖြစ်ဘဲ ပြဿနာရှာတယ်။ ကောင်းကောင်း အလုပ်မလုပ်ရင် မနက်ဖြန် အိမ်ပြန်ပို့လိုက်မယ်"
"မယ်မယ်... စိတ်လျော့ပါဦး။ ကျွန်တော်မျိုးမ မှားသွားပါတယ်။ ကျွန်တော်မျိုးမက တုံးအပြီး စကားများမိလို့ပါ။ ကျွန်တော်မျိုးမ အပြစ်ပါ။ မယ်မယ် ကြိုက်သလောက် ရိုက်ပါ၊ ဆဲပါ၊ အိမ်တော့ ပြန်မပို့ပါနဲ့။ ကျွန်တော်မျိုးမ... ကျွန်တော်မျိုးမက ငယ်ငယ်ကတည်းက မယ်မယ့်နောက် လိုက်လာတာပါ။ စွမ်းဆောင်ရည်မရတောင် ဒုက္ခခံခဲ့တာတွေ ရှိပါတယ်"
ယွင်ရှီးသည် ပါးရိုက်ခံလိုက်ရသဖြင့် ယိုင်နဲ့သွားသော်လည်း နာကျင်မှုကို ဂရုမစိုက်နိုင်ဘဲ ဒူးထောက်ကာ ငိုယိုတောင်းပန်လေသည်။
ဤတစ်ကြိမ်တွင် ယွင်ရှို့သည် ပြောချင်သော်လည်း ဝင်မပြောပေးတော့ပေ။
ယွင်ရှီး၏ အနိုင်လိုချင်စိတ်၊ ပြဿနာရှာတတ်သော အကျင့်နှင့် သခင်မကို မြှောက်ပေးတတ်သော အကျင့်များကို သင်ခန်းစာ မပေးလျှင် နောက်နောင် ပိုဆိုးလာပေလိမ့်မည်။
"ငယ်ငယ်ကတည်းက ငါ့နောက်လိုက်ခဲ့တာကို ထောက်ထားလို့ ဒီပါးတစ်ချက်နဲ့ ကျေနပ်လိုက်တာ။ တခြားလူဆိုရင် တုတ်ဒဏ်ပေးပြီးပြီ"
ယိရှိုးယွမ် ဒေါသထွက်နေဆဲပင်။ နဖူးကို နှိပ်နယ်လိုက်သည်။
"ဒီည အလုပ်လုပ်စရာ မလိုတော့ဘူး။ အခန်းပြန်ပြီး ကိုယ့်အပြစ်ကိုယ် ပြန်စဉ်းစားချေ"
ပြောပြီးသည်နှင့် ယွင်ရှို့ကို တွဲခိုင်းပြီး အခန်းထဲ ဝင်သွားလေသည်။
ယွင်ရှီးသည် တံခါးဝတွင် အတော်ကြာအောင် ငိုကြွေးပြီးမှ ပျောက်သွားသည်။ ဘယ်သွားသည်မသိ။
ညဘက်တွင် ယွင်ရှို့သည် ယိရှိုးယွမ် အိပ်ပျော်သွားမှ ယွင်ရှီးကို နှစ်သိမ့်ရန် သွားကြည့်ရာ အိပ်ပျော်နေပြီဖြစ်ကြောင်း တွေ့ရသည်။
ပါးပေါ်မှ အရာသည် သိပ်မနီတော့ဘဲ ဆေးနံ့သင်းသင်းလေး ရနေသည်။ ဘယ်ကရမှန်း မသိပေ။
ယွင်ရှို့ ဘာမှမတွေးတော့ဘဲ ပြန်ထွက်လာပြီး ညကင်းစောင့်ရန် ပြင်ဆင်လိုက်သည်။
......
အနောက်ဆောင်တွင် သတင်းဆိုးဆိုသည်မှာ လျင်မြန်စွာ ပျံ့နှံ့တတ်စမြဲပင်။
နောက်တစ်နေ့တွင် ဥယျာဉ်တော်တစ်ခုလုံး သတင်းကြားသွားကြသည်။ ယိရှိုးယွမ်သည် အစေခံတစ်ယောက်ကို မြှောက်စားပေးရန် ကြိုးစားသော်လည်း အရှင်မင်းကြီး လက်မခံသည့်အပြင် အိမ်ပြန်ပို့လိုက်ကြောင်း သိသွားကြသည်။
ထိုအစေခံမလေးသည် ပြီးခဲ့သည့်ရက်က ကျောက်ထန်ခြံဝင်းတွင် အရှင်မင်းကြီးကို မြှူဆွယ်ရန် ကြိုးစားခဲ့သော ဟန်ယန်ဖြစ်ကြောင်း စုံစမ်းသိရှိလိုက်ကြသည်။
ယခုအခါ အချစ်ခံရဆုံး ကိုယ်လုပ်တော်နှစ်ဦးဖြစ်သည့် မင်ကျယ်ယွီနှင့် ယိရှိုးယွမ်တို့သည် တစ်ယောက်က အရှင်မင်းကြီးနှင့် ရန်ဖြစ်ထားပြီး တစ်ယောက်က အရှင်မင်းကြီးကို စိတ်ဆိုးအောင် လုပ်မိထားသဖြင့် နှစ်ယောက်စလုံး အရှိန်ကျသွားပြီဖြစ်သည်။ ကျန်လူများအတွက် အခွင့်အရေး ရလာပြီဖြစ်သည်။
"အစေခံတစ်ယောက်ကြောင့် အချစ်တော်နှစ်ယောက်လုံး ထိခိုက်သွားကြတယ်။ ဟန်ယန်က သာမန်အစေခံမလေး ဖြစ်နေလို့သာပေါ့။ မဟုတ်ရင် နောက်ကွယ်က ကြိုးကိုင်သူ ရှိနေပြီလို့ ထင်မိမှာပဲ"
ယဲ့ယွင်သည် မျက်လုံးမှေးလျက် စပျစ်သီးစားရင်း ပြောလိုက်သည်။
ထောင်ဟွားဝူမှ သတင်းကို လုကျီ လာပြောပြသဖြင့် ယိရှိုးယွမ် ကိုယ့်ရှူးကိုယ်ပတ် ဖြစ်သွားသည်ကို ရယ်မောရန် ပြင်လိုက်စဉ်မှာပင် ပို၍ နက်နဲသော အခြေအနေကို သတိထားမိလိုက်သည်။
နန်ကျစ်က ယပ်တောင်ခတ်ပေးရင်း မကျေမနပ် ပြောလိုက်သည်။
"ဒီနေ့ ဖန်းရှိုးယွမ်က အရှင်မင်းကြီးဆီ ဟင်းရည်သွားပို့တယ်။ ဝင်သွားပြီး ပြန်ထွက်မလာတော့ဘူး။ အရှင်မင်းကြီးကို အဖော်ပြုပေးနေတယ် ထင်တယ်။ ပုံမှန်ဆိုရင် သူက သိပ်မပြိုင်ဆိုင်တတ်ဘူးလေ။ အခုကျမှ တက်ကြွနေပါလား"
"ယောင်မျိုးရိုး ... သူ ဒီလောက် တက်ကြွတာ ရှားတယ်"
ယဲ့ယွင်သည် လက်ကိုင်ပဝါဖြင့် လက်ကို ဖြည်းညှင်းစွာ သုတ်လိုက်ပြီး မျက်ဝန်းထဲတွင် စိတ်ဝင်စားစရာ အရိပ်အယောင်များ ပေါ်လာသည်။
"ငါးစာချပြီး ငါးဖမ်းတဲ့သူ လုပ်ချင်နေတာလား။ သူ့မှာ အရည်အချင်း ရှိမရှိ ကြည့်ရသေးတာပေါ့"
မျက်လွှာချလိုက်ပြီး နန်ကျစ်ကို လက်ယပ်ခေါ်ကာ နားနားကပ်၍ တစ်စုံတစ်ရာ ပြောလိုက်သည်။
နန်ကျစ်၏ မျက်နှာတွင် အပြုံးရိပ်များ ပေါ်လာပြီး ဝမ်းသာအားရ အရိုအသေပြုကာ ထွက်ခွာသွားလေသည်။
.....
ကျင်းကန်နန်းဆောင်တွင် ယောင်ရှန်းသည် တစ်နေ့လုံး အရှင်မင်းကြီးကို အဖော်ပြုပေးနေခဲ့သည်။
သူမသည် ဉာဏ်ကောင်းပြီး နင်ချန်၏ စိတ်နေသဘောထားကို ကောင်းစွာ နားလည်သည်။ အသက်ကယ်ခဲ့ဖူးသော ကျေးဇူးလည်း ရှိသဖြင့် တစ်နေ့လုံး စာရေးစာချီ လုပ်ပေးနေသည်ကို နင်ချန် သဘောကျနေသည်။
"ဒီနေ့ ညစာ ဒီမှာပဲ စားလိုက်တော့။ ပြန်မနေနဲ့တော့"
နင်ချန် ပြောလိုက်သည်။
ယောင်ရှန်း ဝမ်းသာသွားပြီး ရိုသေစွာ ပြန်ဖြေလိုက်သည်။ ဝမ်းသာသော်လည်း အလွန်အမင်း မပြဘဲ ထိန်းသိမ်းထားသည်။
ဤကဲ့သို့ တည်ငြိမ်မှုသည် ကောင်းမွန်သော ပြုစုပျိုးထောင်မှုကြောင့် ဖြစ်သည်။
သို့သော် သူမ၏ ပျော်ရွှင်မှုသည် ကြာရှည်မခံလိုက်ပေ။ ညစာ မစားရသေးမီမှာပင် ပထမမင်းသမီး ရောက်ရှိလာသည်။
နင်ချန် အံ့ဩသွားသည်။ သို့သော် ပထမမင်းသမီးသည် ငါးနှစ်ရှိပြီဖြစ်၍ အပြင်ထွက်ကစားသည်မှာ ထူးဆန်းသည် မဟုတ်ပေ။
ကလေးက ကြီးလာတော့ ပိုရဲတင်းလာသည်။
ဆရာမ ငှားရမ်းပြီး သင်ကြားပေးထားသဖြင့် သေးငယ်သော်လည်း စည်းကမ်းရှိပြီး ယဉ်ကျေးသည်။
ဝင်လာသည်နှင့် ချစ်စဖွယ် အသံလေးဖြင့် နှုတ်ဆက်လိုက်သည်။
"ခမည်းတော်ကို ဂါရဝပြုပါတယ်။ ဖန်းမယ်မယ်ကို ဂါရဝပြုပါတယ်"
"ထပါ၊ ယွီအာ ဘာကိစ္စ ရှိလို့လဲ။ လာ... အရပ်ရှည်လာသလား ကြည့်ရအောင်"
နင်ချန်က နူးညံ့စွာ လက်ယပ်ခေါ်လိုက်သည်။
ပထမမင်းသမီးသည် လိမ္မာစွာ ရှေ့တိုးသွားပြီး ခမည်းတော်၏ ခေါင်းပုတ်သည်ကို ခံယူလိုက်သည်။
"မင်းသမီးလေးက တကယ် ချစ်စရာလေးပါပဲ။ မျက်လုံးနဲ့ မျက်ခုံးက အရှင်မင်းကြီးနဲ့ တူလိုက်တာ"
ယောင်ရှန်းက ပြုံးလျက် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဖန်းမယ်မယ်။ မယ်မယ်လည်း လှပါတယ်"
ပထမမင်းသမီးက လိမ္မာစွာ ပြန်ပြောလိုက်သည်။
ထို့နောက် နင်ချန်ဘက် လှည့်လိုက်သည်။
"ခမည်းတော်က မယ်တော့်ဆီ မလာတာ ကြာပြီ။ မယ်တော်က ဒီနေ့ သမီးတော်အတွက် ပုစွန်ဟင်း ချက်ခိုင်းထားတယ်။ ခမည်းတော် လိုက်စားမလားဟင်"
ထိုစကားကြောင့် ယောင်ရှန်း၏ မျက်နှာပေါ်မှ အပြုံးများ တောင့်တင်းသွားသည်။
သို့သော် ခဏအတွင်းမှာပင် ပုံမှန်ပြန်ဖြစ်သွားသည်။
နင်ချန် နေရခက်နေသည်ကို မြင်သောအခါ သူမက ဦးအောင် ပြောလိုက်သည်။
"မင်းသမီးလေးက လာဖိတ်မှတော့ အရှင်မင်းကြီး ဒီချန်းချဲ့ကို အားနာစရာ မလိုပါဘူး။ ရှူးဖေးမယ်မယ်ဆီ ကြွလိုက်ပါ"
***