အခန်း (၂၁၃-၂၁၄)
Vol. 14 Ch. 213-214
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -213
အခန်း ၂၁၃ ။ ဦးစွာခေါင်းငုံ့ခြင်း
ယောင်ရှန်းသည် သဘောထားကြီးဟန်ဆောင်လိုက်သော်လည်း ပထမမင်းသမီးလေးကမူ မျက်လုံးဝိုင်းလေးများဖြင့် သူမကို စိုက်ကြည့်နေသည်။
နောက်ဆုံးတွင် နင်ချန်သည် လက်ခံလိုက်သည်။
သို့သော် ယောင်ရှန်းကို အားနာသဖြင့် သူမ၏ ခြံဝင်းသို့ ဆုလက်ဆောင်များစွာ ပို့ပေးလိုက်သည်။
.....
"ကျယ်ယွီ... အရှင်မင်းကြီးက ရှောင်းရှန်းခြံဝင်းကို တကယ် ကြွသွားတယ်တဲ့"
နန်ကျစ်သည် ကြာပန်းကိတ်တစ်ပန်းကန်ကို သယ်ဆောင်လာရင်း ပြုံးရွှင်စွာ ပြောလိုက်သည်။
"သမီးက ကိုယ်တိုင် လာခေါ်မှတော့ မျက်နှာသာ မပေးလို့ ဘယ်ရမလဲ"
ယဲ့ယွင် ပြုံးလိုက်သည်။
"ဒါပေမဲ့ ရှူးဖေးအတွက် အခွင့်အရေး ရသွားတာပေါ့"
နန်ကျစ်က ပြောလိုက်သည်။
ရှူးဖေးက ဟွေယွဲ့ကို နှိပ်စက်ခဲ့သည်ကို သူမ မှတ်မိနေပြီး မုန်းတီးနေဆဲပင်။
ယဲ့ယွင် မျက်လွှာချလိုက်ပြီး မျက်နှာတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာသည်။
"ပထမမင်းသမီးလေးက ဒီလောက်ငယ်သေးတာ၊ ကိုယ်တိုင်ဆန္ဒရှိလို့ အရှင်မင်းကြီးရှေ့မှာ ဒီလိုစကားမျိုး ပြောမယ်ထင်လား။ အရှင်မင်းကြီးက မအပါဘူး။ ကလေးကို ခုတုံးလုပ်ပြီး မျက်နှာသာရအောင် လုပ်တာကို ဘယ်သဘောကျမှာလဲ"
ရှူးဖေးသည် နှစ်ပေါင်းများစွာ အချစ်လျော့ပါးနေခဲ့ပြီး သမီးလေးမရှိလျှင် အရှင်မင်းကြီးကို တွေ့ခွင့်ရမည် မဟုတ်ပေ။ ယခု သမီးကို အသုံးချပြီး မျက်နှာသာရအောင် လုပ်နေခြင်းသည် နင်ချန်ကို ပိုမို ရွံရှာစေရုံသာ ရှိသည်။
ဒီနေ့ အရှင်မင်းကြီး လိုက်သွားတာက ကလေးမလေးမျက်နှာကြောင့်ဖြစ်သည်။ ရှူးဖေးကို သဘောကျလို့မဟုတ်ပေ။
ထို့ကြောင့် အိပ်ဆောင်ဝင်ရန်ပိုလို့တောင်
ဖြစ်နိုင်ချေနည်းပေသည်။ ပြန်ရောက်လျှင် ဆူပူကြိမ်းမောင်းခံရမည်မှာအသေအချာပင်။
"ကျယ်ယွီက အစီအစဉ် ရှိပြီးသားဆိုတော့ ကျွန်တော်မျိုးမတို့ စိတ်ပူစရာ မလိုတော့ပါဘူး"
ဟွေယွဲ့သည် ခြေရင်းတွင်ထိုင်ကာ ယဲ့ယွင်အတွက် ကြာစေ့ခွာပေးရင်း တိုးတိုးလေး ပြောလိုက်သည်။
ယဲ့ယွင်သည် လက်ထဲမှ ယပ်တောင်ကို ချလိုက်ပြီး သူမလက်ကို ဆုပ်ကိုင်လိုက်သည်။
"စိတ်ချပါ၊ နင်တို့ရဲ့ အငြိုးကို ငါ မှတ်ထားတယ်။ အခွင့်အရေးရတာနဲ့ သေချာပေါက် လက်တုံ့ပြန်ပေးမယ်"
ဟွေယွဲ့ ရင်ထဲ နွေးထွေးသွားပြီး မျက်ရည်ဝဲကာ ခေါင်းညိတ်လိုက်သည်။
တကယ်တမ်းတွင် သူမ၏ သခင်မ ရာထူးနိမ့်ကျစဉ်ကပင် ရှူးဖေးကို နန်းတော်ပြန်ပို့ခံရအောင် စွမ်းဆောင်ပေးခဲ့ခြင်းအတွက် သူမ ကျေးဇူးတင်မဆုံး ဖြစ်ခဲ့ရသည်။
သခင်မက သူမအတွက် ဒီလောက်ထိ မှတ်ထားပေးလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
....
ယဲ့ယွင် တွက်ဆထားသည့်အတိုင်းပင် နင်ချန်သည် ရှောင်းရှန်းခြံဝင်းသို့ ရောက်သောအခါ ရှူးဖေးကို မျက်နှာသာမပေးဘဲ သမီးကိုသာ ချော့မြှူနေခဲ့သည်။
ပထမမင်းသမီးလေး စားသောက်ပြီးသည်နှင့် နို့်ထိန်းကို ခေါ်ထုတ်သွားခိုင်းလိုက်သည်။
ရှူးဖေးသည် နင်ချန်အတွက် အရက်ငှဲ့ပေးရန် ပြင်လိုက်သော်လည်း တားမြစ်ခံလိုက်ရသည်။
"မင်းကို လစ်လျူရှုထားတာ ကြာပြီဆိုပေမဲ့ လုံးဝ မလာတာ မဟုတ်ဘူး။ ပထမမင်းသမီးက လိမ္မာတယ်။ လူကြီးသင်ပေးသမျှ လိုက်ပြောတတ်တယ်။ မင်း ကျန်းသမီးကို ကောင်းကောင်း မသင်ပေးတတ်ရင် ရူယီနန်းဆောင်ကို ပို့ပြီး ပြုစုခိုင်းလိုက်လို့ ရတယ်။ အခုဆို ငါးနှစ်ရှိပြီ။ အမေနဲ့ ခွဲနေလို့ ရပြီ"
"ဒီချန်းချဲ့... ဒီချန်းချဲ့ နားမလည်ပါဘူး အရှင်မင်းကြီး။ ယွီအာက စကားမှားပြောမိလို့ အရှင်မင်းကြီး စိတ်ဆိုးသွားတာလား"
ရှူးဖေး ရင်ထိတ်သွားသော်လည်း ဟန်ဆောင်ငြင်းဆန်နေဆဲပင်။
နင်ချန် သူမကို အေးစက်စွာ ကြည့်လိုက်ပြီး စိတ်ပျက်သွားသည်။
"ကျန်း ဘာပြောလဲဆိုတာ မင်းသိမှာပါ။ အချိန်မစောတော့ဘူး။ မင်း နားလိုက်တော့။ ကျန်းပြန်တော့မယ်"
"အရှင်မင်းကြီး ကောင်းကောင်း ပြန်ပါ"
ရှူးဖေး အမြန်ဒူးထောက်လိုက်သည်။
တားမြစ်စကားပင် မဆိုရဲတော့ပေ။
အရင်တုန်းကလည်း သူမ ကလေးကို အကြောင်းပြပြီး မျက်နှာသာရအောင် လုပ်ဖူးသည်။ ထိုစဉ်က ပထမမင်းသမီးသည် တစ်ဦးတည်းသော သမီးဖြစ်ပြီး မိဖုရားခေါင်ကြီးဆီကနေတောင် လုယူခဲ့ဖူးသည်။
နောက်ပိုင်းတွင် အပြစ်ပေးခံရပြီး မလုပ်ရဲတော့ပေ။
နှစ်များစွာ ကြာပြီးနောက် အလားတူ နိဂုံးမျိုး ထပ်မံကြုံတွေ့ရသဖြင့် ရှူးဖေး စိတ်ဓာတ်ကျသွားသည်။
တကယ်တော့ သူမ ကံဆိုးသွားခြင်းဖြစ်သည်။
မနေ့ကမှ နင်ချန်သည် ယိရှိုးယွမ်က တတိယမင်းသားကို အကြောင်းပြပြီး မျက်နှာသာရအောင် လုပ်သည်ကို ခံလိုက်ရသဖြင့် စိတ်မကြည်မလင် ဖြစ်နေသည်။ ယနေ့တွင် ပထမမင်းသမီးက ထပ်ဖြစ်လာပြန်သည်။
ဆက်တိုက် ဆိုသလို ဖြစ်လာသဖြင့် အနောက်ဆောင်မှ ကိုယ်လုပ်တော်များသည် သားသမီးကို ခုတုံးလုပ်ပြီး မျက်နှာသာရအောင် လုပ်နေကြသည်ဟု သူ ထင်မြင်လာသည်။
ထို့ကြောင့် ရှူးဖေးသည် သေနတ်ပြောင်းဝ တည့်တည့်တိုးမိခြင်း ဖြစ်သည်။
ဤသည်မှာယဲ့ယွင် မမျှော်လင့်ထားသော အခြေအနေဖြစ်ပြီး မရည်ရွယ်ဘဲ ထပ်ဆောင်း ထိခိုက်မှု ဖြစ်စေခဲ့သည်။
ယနေ့တွင် ယောင်ရှန်းရော ရှူးဖေးပါ မျက်နှာသာမရကြပေ။ ရှူးဖေးကိုလည်း ယောင်ရှန်းက မုန်းတီးသွားလောက်ပြီ။
ယဲ့ယွင် လုပ်ခဲ့သည်မှာ လူတစ်ယောက်ကို သွယ်ဝိုက်ပြီး ရှူးဖေးနားသို့ သတင်းစကားပါးလိုက်ခြင်းသာ ရှိသည်။
အရှင်မင်းကြီးသည် မျှော်လင့်ထားသည့်အတိုင်း ကျင်းကန်နန်းဆောင်သို့ ပြန်သွားကြောင်း ကြားသိရသောအခါ ယဲ့ယွင် စိတ်ပျော်ရွှင်သွားပြီး ရေခဲစိမ် သစ်သီးများ ပိုစားလိုက်မိသည်။
ညဘက်တွင် ရာသီဥတု အလွန်အိုက်စပ်နေသဖြင့် အခန်းထဲတွင် ရေခဲနှစ်အိုး ထားသော်လည်း မအေးပေ။
အစေခံမလေးများက ပြတင်းပေါက်နှစ်ချပ် ထပ်ဖွင့်ပေးလိုက်သည်။
သို့သော် ညသန်းခေါင်တွင် မိုးရွာလာသည်။ အစပိုင်းတွင် မိုးဖွဲဖွဲလေးသာ ရွာပြီး လေတိုက်သဖြင့် အေးမြနေသော်လည်း တဖြည်းဖြည်း မိုးသည်းထန်လာသည်။
ပြတင်းပေါက်ကို အချိန်မီ မပိတ်မိခြင်းနှင့် ရေခဲမုန့်များ စားထားခြင်းတို့ကြောင့် နောက်တစ်နေ့ မိုးလင်းသောအခါ ယဲ့ယွင် လည်ချောင်းနာလာသည်။
"ကျွန်တော်မျိုးမ ညက အိပ်ပျော်သွားပြီး ပြတင်းပေါက် ပိတ်ဖို့ မေ့သွားတာပါ။ ဒီချန်းချဲ့ အပြစ်ကြောင့် ကျယ်ယွီ ဖျားသွားရပြီ။ သမားတော် သွားပင့်လိုက်ပါ့မယ်"
နန်ကျစ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည်။
ယဲ့ယွင် လက်ကာပြလိုက်သည်။
"မသွားနဲ့။ သမားတော်လာရင် ဆေးခါးကြီးတွေ တိုက်တော့မှာ။ ဆေးဆိုတာ အဆိပ်ပဲ။ ငါ ဘာမှမဖြစ်ပါဘူး။ ပျားလက်ဖက်ရည်လေး သောက်လိုက်ရင် ပျောက်သွားမှာပါ"
တိုင်းရင်းဆေး ခါးခါးကြီးတွေကို သူမ မသောက်ချင်ပေ။
တခြား ရောဂါလက္ခဏာ မရှိသဖြင့် နန်ကျစ် လက်ခံလိုက်သည်။
ယဲ့ယွင်သည် အဆိပ်ကို အဆိပ်ဖြင့် ဖြေမည်ဟု တွေးကာ အစားအသောက်ကို မဆင်ခြင်ဘဲ အစပ်များ စားလိုက်သည်။
ရလဒ်အနေဖြင့် တတိယနေ့တွင် ဒဏ်မခံနိုင်တော့ဘဲ အိပ်ရာနိုးသည်နှင့် ခေါင်းမူးနေတော့သည်။
ဟွေယွဲ့ နဖူးကို စမ်းကြည့်လိုက်ရာ ပူကျစ်နေသည်။
မဖြစ်တော့ပေ။ သမားတော် သွားပင့်ရတော့မည်။
.....
ဟွေယွဲ့ ထွက်သွားပြီး မကြာမီတွင် နင်ချန် ရောက်လာသည်။
ခြံဝင်းထဲ ဝင်လိုက်သည်နှင့် အလုပ်လုပ်နေသော အစေခံ တစ်ယောက်မှ မတွေ့ရပေ။
သူ့စိတ်ထဲတွင် စိုးရိမ်သွားသည်။ မနှစ်က ချုံးယန်ပွဲတော်တုန်းက ယဲ့ယွင်ကို တစ်လ အပြစ်ပေးထားစဉ် အစေခံများက ကောင်းကောင်း အစာမကျွေးခဲ့သည်ကို သတိရလိုက်သည်။
ယခုလည်း သူလဝက်ကျော်လေးမလာဖြစ်သည်နှင့် အစေခံများက ဂရုမစိုက်ကြတော့ဘူးလား။
အိမ်ထဲဝင်ရန် ပြင်လိုက်စဉ် နန်ကျစ်သည် ရေဇလုံကိုင်ပြီး ထွက်လာသည်။
အရှင်မင်းကြီးကို တွေ့လိုက်ရသဖြင့် လန့်ဖျပ်သွားပြီး ဇလုံချကာ ဒူးထောက်လိုက်သည်။
"ခြံဝင်းထဲမှာ ဘာလို့ လူမရှိတာလဲ"
နင်ချန် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
နန်ကျစ်က ပြန်ဖြေသည်။
"ဒီနေ့က လစာထုတ်ရက်မို့လို့ သွားထုတ်နေကြတာပါ။ ခဏနေရင် ပြန်ရောက်လာကြမှာပါ။ ကျယ်ယွီက မနက်ကတည်းက ကိုယ်ပူနေလို့ ဟွေယွဲ့က သမားတော် သွားပင့်နေပါတယ်။ ပိုင်ရှုက ရေနွေးသွားကျိုနေပါတယ်"
"ဟမ်... ဘာလို့ ရုတ်တရက် ဖျားသွားရတာလဲ"
ယွမ်ကျို အာမေဋိတ်သံ ပြုလိုက်သည်။
စကားမဆုံးခင်မှာပင် နင်ချန် အိမ်ထဲ ဝင်သွားပြီဖြစ်၍ ယွမ်ကျို အမြန် လိုက်ဝင်ရသည်။
နင်ချန်သည် အတွင်းခန်းဆောင်သို့ အမြန်ဝင်သွားလိုက်ရာ ကုတင်ပေါ်တွင် ကွေးကွေးလေး အိပ်နေသော သေးသွယ်သော ခန္ဓာကိုယ်လေးကို တွေ့လိုက်ရပြီးအပြင်ဘက်ကို ကျောပေးထားသည်။
ကြည့်ရသည်မှာ တော်တော်လေး နေမကောင်းဖြစ်နေပုံရသည်။
"ရက်နည်းနည်း မတွေ့တာနဲ့ ဒုက္ခရောက်နေပြီ"
မူလက စိတ်ပူ၍ ပြောလိုက်ခြင်းဖြစ်သော်လည်း ပါးစပ်မှထွက်လာသောအခါ အပြစ်တင်သံ ပေါက်သွားသည်။
ယဲ့ယွင် မျက်ခွံကို ပင့်ကြည့်လိုက်သော်လည်း လှည့်မကြည့်ပေ။
"အရှင်မင်းကြီးက လှောင်ပြောင်ဖို့လာတာဆိုရင်လည်း ကြိုက်သလောက် လှောင်ပါ။ ကျွန်မမှာ ပြန်ရန်တွေ့ဖို့ အားမရှိဘူး"
နေမကောင်း၍ စိတ်ကြည်လင်ခြင်း မရှိသဖြင့် "ဒီချန်းချဲ့" ဟုပင် မသုံးနှုန်းတော့ပေ။
နင်ချန် စိတ်မကောင်း ဖြစ်သွားသည်။ ကိုယ့်လျှာကိုယ် ကိုက်ဖြတ်ချင်စိတ် ပေါက်သွားသော်လည်း မာနကြောင့် တောင်းပန်စကား မဆိုနိုင်ပေ။
ကံကောင်းသည်မှာ အခြေအနေ တင်းမာနေစဉ် သမားတော် ရောက်လာခြင်းပင်။
ရောက်လာသူမှာ သမားတော်ရှန်ဖြစ်သည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ မင်ကျယ်ယွီကို ဂါရဝပြုပါတယ်"
"နေပါစေ။ မြန်မြန် စမ်းသပ်ပေးပါဦး"
နင်ချန် လက်ကာပြလိုက်သည်။
သမားတော်ရှန်သည် ပုဝါပါးလေးကို ယဲ့ယွင်၏ လက်ကောက်ဝတ်ပေါ် တင်ပြီး သွေးစမ်းကြည့်လိုက်သည်။
ခဏအကြာတွင် လက်ပြန်ရုတ်လိုက်သည်။
"ကျယ်ယွီက အအေးမိထားတဲ့အပြင် အစပ်တွေ အများကြီးစားမိလို့ အပူထွက်တာပါ။ ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး။ ဆေးတစ်ခွက်လောက်သောက်ပြီး အဖျားကျအောင် လုပ်လိုက်ရင် သက်သာသွားမှာပါ"
ဘေးတွင် ရပ်နေသော ဟွေယွဲ့ စိတ်သက်သာရာ ရသွားသည်။
"ကျွန်တော်မျိုးမ သမားတော်ရှန်နဲ့အတူ ဆေးသွားယူလိုက်ပါ့မယ်"
ယဲ့ယွင် ခေါင်းညိတ်လိုက်ပြီး အစေခံများ ထွက်သွားကြသည်။
ယွမ်ကျိုသည် အခန်းထဲတွင် လူမရှိတော့သဖြင့် ကျန်ရှိသော လူများကိုပါ ခေါ်ထုတ်သွားလိုက်သည်။
သခင်နှစ်ပါးအတွက် လွတ်လပ်သော အချိန်ပေးလိုက်ခြင်း ဖြစ်သည်။
ယဲ့ယွင်သည် မျက်နှာမော့ထားသော်လည်း နင်ချန်ကို မကြည့်ဘဲ စောင်ကို ဆွဲယူကာ မျက်နှာအုပ်လိုက်သည်။
ခေါင်းမာနေခြင်း ဖြစ်သည်။
နောက်ဆုံးတွင် နင်ချန်က ဦးစွာ ခေါင်းငုံ့လိုက်ရသည်။ သက်ပြင်းချလိုက်ပြီး စောင်ကို ဆွဲဖယ်လိုက်သည်။
"ပြီးခဲ့တဲ့ တစ်ခေါက်က ကျန်း မှားသွားတယ်။ ကျန်း ဒေါသတွေကို မင်းအပေါ် ပုံချမိသွားတယ်"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -214
အခန်း ၂၁၄ ။ အမှားကို ပြင်ဆင်တတ်ခြင်း
"အရှင်မင်းကြီးက တောင်းပန်တတ်တယ်လို့ မထင်ထားဘူး"
ယဲ့ယွင်က နှာမှုတ်လိုက်ပြီး ကျောပေးထားလိုက်သည်။
သူမ၏ ဆိုလိုရင်းမှာ ရှင်းလင်းသည်။ 'ရှင်မှားတယ်' ဟု ပြောလိုက်ခြင်းပင်။
နင်ချန် ကြောင်သွားသည်။
ပုံမှန်ဆိုလျှင် ကိုယ်လုပ်တော်များသည် 'ဧကရာဇ်မှာ အမှားမရှိပါဘူး၊ ဒီချန်းချဲ့သာ နားမလည်လို့ပါ' သို့မဟုတ် 'ဒီချန်းချဲ့ မဝံ့မရဲပါဘူး' ဟု ပြောရမည် မဟုတ်လား။
ဒီအမျိုးသမီးကတော့ တကယ်ကြီး သူမှားတယ်လို့ ထင်နေပုံရသည်။
နင်ချန် ခဏမျှ တိတ်ဆိတ်နေပြီးမှ တောင့်တောင့်ကြီး ပြောလိုက်သည်။
"ကိုယ့်အမှားကိုယ် သိပြီး ပြင်ဆင်တာက ကောင်းတဲ့အကျင့်ပဲ"
ကျောပေးထားသော ယဲ့ယွင်သည် မနေနိုင်တော့ဘဲ ဟက်ခနဲ ရယ်လိုက်မိသည်။
"အရှင်မင်းကြီးက ကိုယ့်ကိုယ်ကိုယ် ပြန်ချီးကျူးနေပါလား"
"အဟမ်း... ကျန်း ပြောတာ မမှားဘူးလေ"
နင်ချန်၏ မျက်နှာတွင် ရှက်ရိပ်သန်းသွားသည်။
ယဲ့ယွင်သည် ကိုယ်ကို လှည့်လိုက်ပြီး စောင်ကို ပိုက်လျက် ထထိုင်လိုက်သည်။ သူမ၏ မျက်ဝန်းများတွင် ကောက်ကျစ်သော အရိပ်အယောင်များ ပေါ်လာပြီး လက်ဖဝါးကို ဖြန့်ကာ သူ့ဘက်သို့ ကမ်းပေးလိုက်သည်။
နင်ချန် နားမလည်နိုင် ဖြစ်သွားပြီး တွန့်ဆုတ်စွာဖြင့် သူမလက်ပေါ်သို့ သူ့လက်ကို တင်ပေးလိုက်သည်။
သို့သော် ယဲ့ယွင်က သူ့လက်ဖမိုးကို ရိုက်ချလိုက်သည်။
သူ ကြောင်နေတုန်းမှာပင် သူမက မကျေမနပ် ပြောလိုက်သည်။
"အရှင်မင်းကြီးက တောင်းပန်ဖို့လာတာကို လက်ဆောင်တောင် ပါမလာဘူးလား"
နင်ချန် စိတ်ထဲတွင် ပြောစရာ စကားမဲ့သွားသည်။
တကယ်တမ်းတွင် သူလာရခြင်းမှာ ယဲ့ယွင် ခေါင်းငုံ့မလားဆိုတာ လာကြည့်ခြင်းဖြစ်သည်။ သူသည်မြင့်မြတ်လှသောဧကရာဇ်ဖြစ်ကာ သူ့ဘက်ကအရင် လာတွေ့ခဲ့ပြီပဲလေ။ နောက်ဆုံးကျတော့ သူကပဲ တောင်းပန်ရပြီး လျော်ကြေးပါ ပေးရမည့်ကိန်း ဆိုက်နေသည်။
ခါးကြားကို စမ်းလိုက်ပြီး ကျောက်စိမ်းပုစဉ်းရင်ထိုးလေးကို ဖြုတ်ယူကာ ကမ်းပေးလိုက်သည်။
"ဒါက ခမည်းတော်အရှင်မင်းကြီး ဆုချထားတာ။ လက်ထဲမှာကိုင်ပြီး ကစားလို့ ကောင်းတယ်။ မင်း ယူလိုက်ပါ"
"ဒီလောက် တန်ဖိုးရှိတာကို... ဒီချန်းချဲ့ သေချာ သိမ်းထားပါ့မယ်"
ယဲ့ယွင် မျက်ခုံးပင့်လိုက်ပြီး ချက်ချင်း ယူကာ နန်ကျစ်ကို သိမ်းခိုင်းလိုက်သည်။
အဖျားရှိနေသေးသဖြင့် စကားပြောပြီးနောက် အားကုန်သွားကာ နင်ချန်၏ ကိုယ်ပေါ်သို့ မှီချလိုက်ပြီး ခြေထောက်ကိုလည်း သူ့ပေါ် တင်ထားလိုက်သည်။
ထိုပုံစံသည် စည်းကမ်းမရှိသည့်အပြင် ကြည့်ရဆိုးလှသည်။
ဟွေယွဲ့ ဆေးခွက်ကိုင်ပြီး ဝင်လာသောအခါ လန့်ဖျပ်သွားပြီး ဆေးခွက် ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
နင်ချန်သည် တည်ငြိမ်ဟန်ဆောင်လျက် ဆေးခွက်ကို ယူလိုက်ပြီး ဇွန်းဖြင့် ခပ်ကာ မေးလိုက်သည်။
"ကျန်း တိုက်ပေးရမလား"
ယဲ့ယွင် ခေါင်းခါလိုက်သည်။
"အရမ်းခါးတယ်။ ဒီချန်းချဲ့ ဘာသာ သောက်ပါ့မယ်"
ပြောပြီးသည်နှင့် ဆေးခွက်ကို ယူကာ အပူချိန်စမ်းကြည့်လိုက်သည်။ သောက်လို့ရမှန်း သိလိုက်သည်နှင့် နှာခေါင်းပိတ်ပြီး တစ်ရှိန်ထိုး မော့သောက်လိုက်သည်။
ဆေးသောက်ပြီးနောက် မျက်နှာလေး နီရဲလာပြီး ပန်းကန်ထဲမှ သကြားစိမ်ဇီးသီးတစ်လုံးကို အမြန်ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။
မသိလျှင် အဆိပ်သောက်နေသည်ဟု ထင်ရလောက်သည်။
ခဏနားပြီးနောက် ယဲ့ယွင် မျက်လုံးများ မှေးစင်းလာသည်။ အားမရှိသော အသံဖြင့် ပြောလိုက်သည်။
"ဒီချန်းချဲ့ အရမ်းအိပ်ချင်နေပြီ။ အရှင်မင်းကြီးကို အဖော်မပြုပေးနိုင်တော့ဘူး။ ရောဂါကူးမှာ စိုးရိမ်ရပါတယ်။ အရှင်မင်းကြီး နောက်ရက်မှ ပြန်လာပါလား"
ပါးစပ်က ပြောနေသော်လည်း လက်ကမူ နင်ချန်၏ ဝတ်ရုံလက်ကို ဆွဲထားသည်။ တကယ့်ကို စိတ်နှင့်လူ တစ်ခြားစီ ဖြစ်နေသည်။
နင်ချန်သည် စဉ်းစားမနေဘဲ ခေါင်းခါလိုက်သည်။
"မင်း အိပ်လိုက်ပါ။ ကျန်းက လွှာကြားချက်တွေကို ဒီကိုယူလာပြီး စစ်ဆေးလိုက်
မယ်။ အပြင်ခန်းမှာပဲ ရှိနေမယ်ဟုတ်ပြီလား”
ချစ်သူလေးက ဒီလောက် တွယ်တာနေမှတော့ နေမကောင်းဖြစ်နေတုန်း သူ့ကိုခွဲမသွားချင်လို့ပဲနေမှာ။
အရှင်မင်းကြီးသည် ထိုသို့ တွေးပြီး ကျေနပ်ပီတိ ဖြစ်နေသည်။
သူမကို အိပ်ရာပေါ် လှဲချပေးလိုက်ပြီး အပြင်ခန်းသို့ ထွက်သွားလိုက်သည်။
လွှာကြားချက်များ မရောက်လာသေးခင်တွင် ကျောက်ထန်ခြံဝင်းမှ အစေခံများကို ခေါ်ယူမေးမြန်းသည်။
ယဲ့ယွင် ဒီရက်ပိုင်း ဘာတွေလုပ်သလဲ၊ ဘာတွေစားသလဲ ဆိုတာကို အကုန်မေးသည်။
လည်ချောင်းနာနေတာတောင် အစပ်တွေစားသည်ကို ကြားလိုက်ရသောအခါ စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ဒေါသလည်း ထွက်မိသည်။
ချက်ချင်းပင် စားဖိုဆောင်မှ တာဝန်ခံကို သမားတော်ရှန်ထံ သွားရောက်မေးမြန်းခိုင်းပြီး မင်ကျယ်ယွီ ဘာတွေစားသင့်သလဲ၊ ဘာတွေရှောင်သင့်သလဲ ဆိုတာကို မှတ်သားခိုင်းလိုက်သည်။ သူမ စိတ်ကြိုက် လွှတ်မထားရန်လည်း မှာကြားလိုက်သည်။
အတိုချုံးပြောရလျှင် မင်ကျယ်ယွီက နားမလည်ရင်နေပါစေ၊ မင်းတို့က နားလည်ရမယ် ဟူ၍ပင်။
စားဖိုဆောင် တာဝန်ခံသည် စဉ်းစားပြီးနောက် လျိုသွမ့်ဟုခေါ်သော စားဖိုမှူးတစ်ဦးကို ယဲ့ယွင်အတွက် သီးသန့် ချက်ပြုတ်ရန် တာဝန်ပေးလိုက်သည်။
ယဲ့ယွင်သည် လျိုသွမ့်၏ လက်ရာကို အမြဲတမ်း ကြိုက်နှစ်သက်သူ ဖြစ်သည်။
"ကောင်လေး ကောင်းကောင်း လုပ်နော်။ မင်ကျယ်ယွီက အချစ်တော်ဆိုတော့ မင်းအတွက် အကျိုးရှိမှာပါ"
စားဖိုဆောင် တာဝန်ခံက သူ့ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
လျိုသွမ့်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သို့သော် စိတ်ထဲတွင်မူ သတိထားနေသည်။ ကောင်းကောင်း လုပ်နိုင်လျှင် စွမ်းဆောင်ရည်ရမည်ဖြစ်သော်လည်း မကောင်းလျှင် အပြစ်အားလုံး သူတစ်ယောက်တည်း ခံရမည်ဖြစ်သည်။
မင်ကျယ်ယွီအတွက် သီးသန့် ချက်ပြုတ်ပေးရမည် မဟုတ်လား။
မည်သို့ပင်ဖြစ်စေ အကောင်းဆုံး ကြိုးစားရပေမည်။
.....
ယွီလန်ခြံဝင်း။
ဝမ်သယ့်ဖေးသည် ရောဂါကြောင့် ကိုယ်ရောစိတ်ပါ ကျဆင်းနေသည်။
လဝက်ကျော်ကြာ ကုသပြီးနောက် အနည်းငယ် သက်သာလာသော်လည်း ယနေ့ ကျောက်ထန်ခြံဝင်းမှ သတင်းကြားလိုက်ရသောအခါ ဒေါသကြောင့် မျက်နှာပြန်ဖြူသွားသည်။
"ကျွန်တော်မျိုးမ စားဖိုဆောင်က ပြန်လာတုန်း ဖန်းရှိုးယွမ်ရဲ့ အစေခံ နျန်ဝမ်နဲ့ တွေ့ခဲ့တယ်။ သူတို့ပြောတာ ကြားလိုက်ရတာက အခု မင်ကျယ်ယွီရဲ့ အစားအသောက်တွေကို စားဖိုမှူးတစ်ယောက် သီးသန့် ချက်ပေးနေရတယ်တဲ့။ အရှင်မင်းကြီးရဲ့ အမိန့်တဲ့"
ပိုင်ရွှမ်း ဒေါသထွက်နေသည်။
အဲ့ဒီ မြေခွေးမက တကယ်ကို ဇီဇာကြောင်တာပဲ။
"အရှင်မင်းကြီးက အခု သူ့ကို တကယ် ချစ်မြတ်နိုးနေတာပဲ"
ဝမ်သယ့်ဖေး၏ မျက်ဝန်းထဲတွင် နာကြည်းမုန်းတီးမှုများ ပြည့်နှက်နေသည်။
ထိုအချိန်တွင် ပိုင်လုက တစ်စုံတစ်ရာ သတိရသွားပြီး တိုးတိုးလေး မေးလိုက်သည်။
"မယ်မယ်... မင်ကျယ်ယွီ ကိုယ်ဝန်ရှိနေတာများ ဖြစ်မလား"
ပိုင်ရွှမ်း ကြောင်သွားပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။
"မဖြစ်နိုင်ပါဘူး။ နျန်ဝမ် ပြောတာကတော့ ဒီနေ့ ကျောက်ထန်ခြံဝင်းမှာ သမားတော်ခေါ်ထားတယ်တဲ့။ ဒါပေမဲ့ မင်ကျယ်ယွီက အအေးမိထားတာလို့ ပြောတယ်။ အရှင်မင်းကြီးက လွှာကြားချက်တွေကိုတောင် ကျောက်ထန်ခြံဝင်းကို ရွှေ့ပြီး စစ်ဆေးနေတာက သူ့ကို အဖော်ပြုပေးချင်လို့တဲ့..."
စကားပြောရင်း အသံတိုးသွားပြီး သခင်နှင့်ကျွန် သုံးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြသည်။
ဝမ်သယ့်ဖေး၏ အသက်ရှူသံများ ပြင်းထန်လာပြီး လက်ကိုင်ပုဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။
"တကယ်ပဲ ဖျားနေတာဆိုရင် အရှင်မင်းကြီးက ရောဂါကူးမှာ မကြောက်ဘူးလား။ ဘာလို့ ကျောက်ထန်ခြံဝင်းမှာ နေရစ်ခဲ့ရတာလဲ"
"အကယ်၍ မင်ကျယ်ယွီ တကယ် ကိုယ်ဝန်ရှိနေတာဆိုရင် အရှင်မင်းကြီးက ဒီလောက်ထိ ချစ်မြတ်နိုးနေတာဆိုတော့ ပိုပြီး မျက်နှာပွင့်လန်းလာတော့မှာပေါ့"
ပိုင်ရွှမ်း မျက်မှောင်ကြုတ်လိုက်သည်။
အရှင်မင်းကြီးက မင်ကျယ်ယွီ ကိုယ်ဝန်ကို ထိန်းသိမ်းဖို့အတွက် အစားအသောက် သီးသန့် လုပ်ခိုင်းပြီး ကိုယ်တိုင် အဖော်ပြုပေးနေသည်။
ဒီလို အပြုအမူမျိုး ဝမ်သယ့်ဖေး ကိုယ်ဝန်ဆောင်တုန်းကတောင် မရှိခဲ့ဖူးပေ။
ယဲ့မိသားစုက အဆင့်အတန်းမြင့်မားသည်။ အကယ်၍ သားတစ်ယောက် မွေးဖွားလာပါက ဖေးအဆင့်သို့ တိုးမြှင့်ခံရရန် မကြာတော့ပေ။
သူမ တွေးမိသည်များကို ဝမ်သယ့်ဖေးလည်း တွေးမိသဖြင့် ယွီလန်ခြံဝင်းတစ်ခုလုံး မှိုင်းညို့သွားသည်။
တကယ်တမ်းတွင် ဝမ်သယ့်ဖေးတစ်ယောက်တည်း အထင်လွဲနေခြင်း မဟုတ်ပေ။ အနောက်ဆောင်မှ ကိုယ်လုပ်တော် အားလုံးလိုလို သံသယဝင်နေကြသည်။
သို့သော် သမားတော်ရှန်သည် ယဲ့ယွင်၏လူယုံဖြစ်ပြီး နှုတ်လုံသည်။ ကျောက်ထန်ခြံဝင်းမှ အစေခံများသည်လည်း နှုတ်လုံကြသဖြင့် သတင်းအစအန မရနိုင်ပေ။
ကျင်းရှစ်နန်းဆောင်မှ မှတ်တမ်းများကို စစ်ဆေးချင်ကြသော်လည်း အရှင်မင်းကြီး၊ မိဖုရားခေါင်ကြီးနှင့် မယ်တော်ကြီးတို့သာ ကြည့်ရှုခွင့်ရှိသည်။
ထို့ကြောင့် အနောက်ဆောင်တစ်ခုလုံး ရင်တထိတ်ထိတ် ဖြစ်နေကြပြီး မည်သူမျှ မလှုပ်ရှားရဲကြပေ။
.....
အထင်လွဲခံနေရသော ယဲ့ယွင်သည် ဤကိစ္စများကို မသိပေ။ သူမသည် အဖျားတက်နေသဖြင့် နေမကောင်း ဖြစ်နေသည်။
ဆေးသောက်ပြီးနောက် အိပ်ချင်လာသဖြင့် နေ့လည်ပိုင်းအထိ အိပ်ပျော်သွားပြီး ဗိုက်ဆာ၍ နိုးလာခြင်းဖြစ်သည်။
မနက်ပိုင်းက လည်ချောင်းနာပြီး ဖျားနေသဖြင့် ဆန်ပြုတ်တစ်ဝက်သာ သောက်ခဲ့ရသည်။
ထထိုင်လိုက်သောအခါ ခေါင်းမူးသက်သာသွားသဖြင့် အဖျားကျသွားပြီဟု ထင်ကာ လူခေါ်လိုက်သည်။
ပထမဆုံး ဝင်လာသူမှာ အစေခံမဟုတ်ဘဲ နင်ချန် ဖြစ်နေသည်။
"အရှင်မင်းကြီး ရှိနေတုန်းပဲလား"
ယဲ့ယွင် အံ့ဩသွားသည်။
နင်ချန် ခေါင်းညိတ်လိုက်သည်။
"ကျန်း အပြင်မှာ လွှာကြားချက်တွေ စစ်ဆေးနေတာ။ ခုနလေးတင်မှ ခေါင်းအုံးမှီပြီး မှေးခနဲ ဖြစ်သွားတုန်း မင်း နိုးလာတာ။ ရေ သောက်မလား"
"အင်း... သောက်မယ်"
ယဲ့ယွင် လိမ္မာစွာ ပြောလိုက်သည်။
နင်ချန်သည် ရေနွေးတစ်ခွက် ငှဲ့ပေးပြီး တိုက်လိုက်သည်။
သူ၏ လုပ်ဆောင်ချက်များမှာ မကျွမ်းကျင်သော်လည်း ဂရုတစိုက် ရှိလှသည်။
တကယ်တမ်းတွင် နင်ချန်သည် နေ့လည်စာ စားပြီးလျှင် ပြန်တော့မည်ဟု စိတ်ကူးထားခဲ့သည်။ သို့သော် ယဲ့ယွင် အိပ်နေရင်း အဖျားပြန်တက်လာသဖြင့် မခွာရက် ဖြစ်နေခဲ့သည်။
ဟွေယွဲ့နှင့် နန်ကျစ်တို့သည် သမားတော် မှာကြားထားသည့်အတိုင်း ရေဝတ်ဖြင့် ကိုယ်တိုက်ပေးကြရာ နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။
နင်ချန်သည် ဘေးမှ စောင့်ကြည့်နေပြီး အဖျားကျသွားမှသာ ခဏအနားယူလိုက်ခြင်း ဖြစ်သည်။
ယဲ့ယွင် လန့်သွားမည်စိုး၍ ထိုအကြောင်းများကို မပြောပြခဲ့ပေ။
***