← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 14 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 14 Ch. 215-216

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -215

အခန်း ၂၁၅ ။ အဂတိလိုက်စားမှု

ရေသောက်ပြီးနောက် ယဲ့ယွင် ဆာလောင်လာသည်။

ပိုင်ရှုက စားဖိုဆောင်သို့ သွားရောက်ပြီး ဟင်းပွဲအချို့ အမြန်စီစဉ်ပေးရန် ပြောလိုက်သည်။

စားဖိုဆောင်မှ လူများသည် ထမင်းစားချိန်ကျော်သွားသော်လည်း အချိန်မဆွဲရဲဘဲ ချက်ချင်း ချက်ပြုတ်ပေးကြသည်။

နောက်ဆုံးတွင် အစေ့အဆန်စုံ ဆန်ပြုတ်တစ်ခွက်၊ မျှစ်ကြော်၊ ပုစွန်ကြော်နှင့် ကြာစွယ်သုပ်တို့ ပါဝင်သော ဟင်းပွဲများ ရောက်လာသည်။

အသားနှင့် အသီးအရွက် မျှတပြီး အဆီနည်း၊ အစပ်ကင်းသဖြင့် စားဖိုမှူး၏ ဂရုစိုက်မှုကို သိသာစေသည်။

ယဲ့ယွင်သည် ပုစွန်ကြော်ကို အထူးနှစ်သက်သဖြင့် တစ်ပန်းကန်လုံးနီးပါးကုန်အောင် စားလိုက်သည်။

ဗိုက်ပြည့်သွားသောအခါ လူက လန်းဆန်းလာပြီး မျက်နှာအဆင်းလည်း ကြည်လင်လာသည်။ ထို့ကြောင့် အရှင်မင်းကြီး စိတ်ချမ်းသာသွားပြီး စားဖိုမှူးလျိုသွမ့်ကို ငွေစ ၂၀ ဆုချလိုက်သည်။

အရှင်မင်းကြီး၏ ဆုလာဘ်ဆိုသည်မှာ ပမာဏ နည်းသည်၊ များသည် အရေးမကြီးပေ။ ဂုဏ်သိက္ခာဖြစ်သဖြင့် လျိုသွမ့်မှာ ပျော်မဆုံးဖြစ်သွားသည်။

သို့သော် နင်ချန်၏ဆုချီးမြှင့်မှုက အနောက်ဆောင်တွင် ထင်ကြေးပေးမှုများကို ပိုမို များပြားစေခဲ့သည်။

မင်ကျယ်ယွီက ဟင်းတစ်ခွက် ကောင်းကောင်းစားလိုက်ရုံနဲ့ စားဖိုမှူးကို ဆုချတယ်ဆိုတော့ တကယ်ပဲ ကိုယ်ဝန်ရှိနေပြီလား။

နင်ချန်သည် နိုင်ငံရေးကိစ္စများ ရှိနေသေးသည့်အပြင် ယဲ့ယွင်ကလည်း နေမကောင်းဖြစ်နေသဖြင့် ညဘက် နေရစ်ခြင်း မရှိတော့ဘဲ ညစာစားပြီးသည်နှင့် ကျင်းကန်နန်းဆောင်သို့ ပြန်သွားလေသည်။

.....

နောက်တစ်နေ့တွင် ယွမ်ကျိုကို လွှတ်ပြီး ကြည့်ခိုင်းလိုက်ရာ ဆေးမှန်မှန်သောက်နေကြောင်း သိရမှ စိတ်ချသွားသည်။

နှစ်ရက်အကြာတွင် ဝမ်ရှိုးရီ ရောက်လာသည်။

"ညီမလေး... နေမကောင်းဘူးလို့ ကြားတယ်။ စောစောလာကြည့်ချင်ပေမဲ့ အရှင်မင်းကြီး ရှိနေလို့ မလာဖြစ်တာ။ အခု သက်သာပြီလား"

ဝမ်ရှိုးရီ ဝင်လာသည်နှင့် ယဲ့ယွင်၏မျက်နှာအခြေအနေနှင့် ခြံဝင်းထဲမှ အစေခံများကို အကဲခတ်ကြည့်လိုက်သည်။

ကြည့်ရသည်မှာ ဝမ်းသာစရာကိစ္စရှိပုံမရဘဲ အေးဆေးတည်ငြိမ်နေကြသည်။

ယဲ့ယွင်၏မျက်နှာသည်လည်း နေမကောင်းသူပီပီ ဖြူဖျော့နေသည်။

"အအေးမိရုံပါပဲ။ အစ်မတော်ကို ဒုက္ခပေးသလို ဖြစ်သွားပြီ။ ရောဂါကူးမှာ စိုးရိမ်ရတယ်"

ယဲ့ယွင် ပြုံးလိုက်သည်။

ဟွေယွဲ့က လက်ဖက်ရည်နှင့် မုန့်များ လာချပေးသည်။

ဝမ်ရှိုးရီက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"အအေးမိတယ်ဆိုတာသိရင် တော်ပါသေးတယ်။ မသိတဲ့လူတွေက အရှင်မင်းကြီး ဂရုစိုက်နေတာ မြင်ပြီး နင် ကိုယ်ဝန်ရှိနေပြီလို့ ထင်နေကြတာ။ သမားတော် ခေါ်လိုက်၊ စားဖိုမှူး သီးသန့်ထားလိုက်နဲ့ဆိုတော့ အခု လူတိုင်း နင့်ဗိုက်ကိုပဲ စောင့်ကြည့်နေကြတာ"

ယဲ့ယွင် ကြောင်သွားသည်။

"တကယ်လား။ အပြင်မှာ ကောလာဟလတွေ ထွက်နေတာလား"

"ကောလာဟလတော့ မဟုတ်ပါဘူး။ အားလုံးက နင် ကိုယ်ဝန်ရှိနေပြီလို့ ထင်နေကြတာ။ အခုဆို နေရာတကာက နင့်ကိုပဲ စောင့်ကြည့်နေကြတယ်"

ဝမ်ရှိုးရီက ယဲ့ယွင်၏မျက်နှာထားကို ကြည့်ပြီး အထင်လွဲမှုသာ ဖြစ်ကြောင်း သေချာသွားသည်။

သက်ပြင်းချလိုက်ပြီး "ငါက နင် တကယ် ကိုယ်ဝန်ရှိနေပြီထင်လို့ ဝမ်းသာနေတာ။ အလကား ဖြစ်သွားပြီ" ဟု ပြောလိုက်သည်။

"ကလေးကိစ္စက ကံတရားပါပဲလေ။ ဒီလို ရယ်စရာကိစ္စဖြစ်နေမှန်း မသိလိုက်ဘူး။ သူတို့တွေ တော်တော် စိတ်လှုပ်ရှားနေကြမှာပဲ"

ယဲ့ယွင် ရယ်မောလိုက်သည်။

နန်ကျစ်ကလည်း သဘောပေါက်သွားသည်။

"ဒါကြောင့် ဒီရက်ပိုင်း ကျောက်ထန်ခြံဝင်း အပြင်ဘက်မှာ အစေခံလေးတွေ လာယောင်နေတာကိုး။ စကားလာပြောချင်နေကြတာ အဲ့ဒါကြောင့်ပဲ"

"နှမြောစရာပဲ။ သူတို့ မျှော်လင့်ထားသလို မဟုတ်ဘူး။ ငါ့ဗိုက်ထဲမှာ မုန့်တွေပဲ ရှိတယ်"

ယဲ့ယွင် ပါးစပ်အုပ် ရယ်လိုက်သည်။

ဝမ်ရှိုးရီလည်း ရယ်မောလိုက်မိပြီး စိတ်ထဲမှ ကျောက်ခဲကြီး ကျသွားသလို ခံစားလိုက်ရသည်။

သေချာ မေးမြန်းပြီးပြီဖြစ်၍ စိတ်အေးသွားပြီဖြစ်သည်။

ကျောက်ထန်ခြံဝင်းတွင် ခဏထိုင်ပြီးနောက် ပြန်သွားလေသည်။

အနောက်ဆောင်မှလူတိုင်း စောင့်ကြည့်နေကြရာ ဝမ်ရှိုးရီ ပြန်ထွက်လာချိန်တွင် ပျော်ရွှင်နေသည်ကို တွေ့လိုက်ရသဖြင့် ယဲ့ယွင် ကိုယ်ဝန်ရှိနေသည်မှာ သေချာသလောက်ဖြစ်သွားသည်ဟု ကောက်ချက်ချလိုက်ကြသည်။

သူမတို့နှစ်ဦး ရင်းနှီးသည်ကို လူတိုင်း သိကြသည်။

ဝမ်ရှိုးရီ ပျော်နေလျှင် သေချာပေါက် သတင်းကောင်းရှိ၍သာ ဖြစ်မည်။

ယဲ့ယွင်ကမူ ရှင်းပြချင်စိတ် မရှိပေ။

ထင်ချင်ရာ ထင်ကြပါစေ။

နောက်ထပ် ခြောက်ရက်၊ ခုနစ်ရက်လောက်ဆိုရင် သူမ ရာသီလာတော့မည်။ အဲ့ဒီအချိန်ကျရင် အားလုံး အမှန်တိုင်း သိသွားကြလိမ့်မည်။

....

အနောက်ဆောင်တွင် ပျော်ရွှင်စရာ ကောလာဟလများ ထွက်ပေါ်နေသော်လည်း အရှေ့ဆောင်တွင်မူ ကြီးမားသော အဂတိလိုက်စားမှု ပြဿနာတစ်ခု ပေါ်ပေါက်လာသဖြင့် နင်ချန် ဒေါသထွက်နေလေသည်။

မနှစ်က တော်ဝင်ကုန်သည်များ စာရင်းရှင်းတမ်းတင်သွင်းရာတွင် ဖုန်းမိသားစု၏ အမြတ်ငွေသည် ချူမိသားစုထက် ၃၀ ရာခိုင်နှုန်း နည်းပါးနေသည်။

စာရင်းစာအုပ်များကို အရှင်မင်းကြီးတစ်ဦးတည်းသာ ကြည့်ရှုခွင့်ရှိသဖြင့် ဖုန်းမိသားစုသည် ဤကိစ္စကို မသိရှိခဲ့ပေ။

ဖုန်းမိသားစုက ပေးသင့်တာထက် လျှော့ပေးလိုက်သော်လည်း သာမန်ကုန်သည်များထက် အမြတ်များနေသေးသဖြင့် ပြဿနာမရှိလောက်ဟု တွေးကာ ပေါ့ဆနေခဲ့သည်။

နင်ချန်သည် အချိန်ရသည်နှင့် တိတ်တဆိတ် စုံစမ်းစစ်ဆေးခိုင်းလိုက်ရာ အဂတိလိုက်စားထားသော ငွေကြေးပမာဏ အမြောက်အမြားကို အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့သည်။

ထိုငွေများကို ပေါင်းထည့်လိုက်လျှင် ဖုန်းမိသားစု၏ အမြတ်ငွေသည် ချူမိသားစုထက် ၁၀ ရာခိုင်နှုန်းအောက်သာ နည်းပါးမည်ဖြစ်သည်။

ထိုငွေများထဲမှ တစ်စိတ်တစ်ပိုင်းသည် ဖုန်းမိသားစု၏ အိတ်ကပ်ထဲသို့ ဝင်သွားပြီး ကျန်တစ်စိတ်တစ်ပိုင်းမှာမူ ပျောက်ဆုံးနေသည်။

နင်ချန် ဒေါသတကြီးဖြင့် ဖုန်းမိသားစုတစ်ခုလုံးကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခိုင်းလိုက်သည်။

ဖုန်းမိသားစုသည် ကုန်သည်များသာ ဖြစ်ကြသဖြင့် နှိပ်စက်ညှဉ်းပန်းမှုကို မခံနိုင်ကြပေ။ သခင်ကြီးဖုန်းက ခံနိုင်ရည်ရှိသော်လည်း သူ၏ သားသမီးများက အကုန်ဖွင့်ပြောကုန်ကြသည်။

သို့သော် အရေးကြီးသော အချက်အလက်များသည် သခင်ကြီးဖုန်းထံတွင်သာ ရှိနေပြီး ကျန်လူများ ပြောပြသည်မှာ အရေးမပါလှပေ။

သခင်ကြီးဖုန်းသည် အသက် ၅၀ ကျော်နေပြီဖြစ်၍ နှိပ်စက်မှုကို ခံနိုင်ရည်မရှိမည်စိုးသဖြင့် တရားရေးရုံးတွင် ခေတ္တထိန်းသိမ်းထားပြီး ဖြည်းဖြည်းချင်း စစ်ဆေးရန် စီစဉ်လိုက်သည်။

လက်ရှိ တရားရေးရုံး လက်ထောက်အရာရှိမှာ ယိရှိုးယွမ်၏ အစ်ကို ဝူယီဖိန်ဖြစ်သည်။

ဤအမှုကိစ္စကို သူ တာဝန်ယူရသည်။

သူ့အတွက် မလွယ်ကူလှပေ။ အဘယ်ကြောင့်ဆိုသော် တရားရေးရုံး အကြီးအကဲမှာ ယင်းကော်ကုန်း ချန်မိသားစုမှ လူဖြစ်နေသောကြောင့်ဖြစ်သည်။

ချန်မိသားစုသည် အရှင်မင်းကြီး၏ မိခင်ဘက်မှ ဆွေမျိုးများ ဖြစ်သော်လည်း အတွင်းရေးကို လူတိုင်း သိကြသည်။

အထူးသဖြင့် ဖုန်းမိသားစုကို တော်ဝင်ကုန်သည်ဖြစ်လာအောင် ယင်းကော်ကုန်းက ထောက်ခံပေးခဲ့ခြင်း ဖြစ်သည်။ ယခု ပြဿနာတက်လာသောအခါ ချန်မိသားစုနှင့် ပတ်သက်သော သက်သေအထောက်အထား မတွေ့ရသေးသော်လည်း ဆက်စပ်မှု ရှိနေသည်မှာ သေချာသည်။

ထို့ကြောင့် ဝူယီဖိန်သည် လုံးဝ ပေါ့ဆမနေရဲဘဲ တရားရေးရုံးတွင် သွားရောက်နေထိုင်ကာ လူအစောင့်အရှောက် ထူထပ်စွာချထားပြီး စောင့်ကြည့်နေရသည်။

သို့သော် ထိုသို့ စောင့်ကြည့်နေသည့်ကြားမှ တစ်ညတွင် သခင်ကြီးဖုန်း အဆိပ်မိပြီး သေဆုံးသွားခဲ့သည်။

တိုက်ဆိုင်စွာပင် မတော်တဆမှု မဖြစ်မီ တစ်ရက်အလို ညနေပိုင်းက ယင်းကော်ကုန်းသည် ယိရှိုးယွမ်၏ ဖခင်နှင့် လမ်းမှာတွေ့ဆုံပြီး စားသောက်ဆိုင်တွင် ညစာ အတူစားခဲ့ကြသည်။

မတော်တဆမှု ဖြစ်ပွားသောညတွင် သံသယကင်းရှင်းစေရန်အတွက် တရားရေးရုံး အကြီးအကဲသည် ရုံးသို့ မလာသည်မှာ ကြာပြီဖြစ်သည်။ ရုံးတစ်ခုလုံးတွင် ဝူယီဖိန်၏လူများသာ ရှိနေသည်။

ရှင်းပြရန် ခက်ခဲသွားပြီဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤကိစ္စသည် ဝူယီဖိန်၏ တာဝန်ပေါ့လျော့မှု ဖြစ်သည်။

သခင်ကြီးဖုန်း သေဆုံးသွားသဖြင့် သဲလွန်စများ ပျောက်ဆုံးကုန်သည်။

နောက်ကွယ်တွင် ကြိုးကိုင်သူ မရှိဘူးဟုပြောလျှင် နင်ချန် ယုံကြည်မည် မဟုတ်ပေ။

ပို၍ ထိတ်လန့်စရာကောင်းသည်မှာ အစောင့်အရှောက် ထူထပ်စွာ ချထားသည့်ကြားမှ ငါးရက်အတွင်း ဖုန်းမိသားစုဝင်များ ထောင်ထဲတွင် အဆိပ်မိ သေဆုံးကုန်ခြင်းပင်။ နောက်ကွယ်မှ လူ၏ အာဏာစက် မည်မျှ ကြီးမားကြောင်းနှင့် နေရာတိုင်းသို့ စိမ့်ဝင်နေကြောင်း ပြသနေသည်။

သေချာသည်မှာ ဝူမိသားစုသည်လည်း တာဝန်မကင်းပေ။ မတော်တဆမှုမဖြစ်မီက ချန်မိသားစုနှင့် ဆက်သွယ်ခဲ့ခြင်းရှိသည်။

၎င်းသည်ယင်းကော်ကုန်း၏လှည့်ကွက် ဖြစ်နိုင်သော်လည်း စစ်ဆေးရန်လိုအပ်သည်။

ထို့ကြောင့် နင်ချန်သည် ယုံကြည်စိတ်ချရသော တော်ဝင်အစောင့်တပ်မှူး လုချင်းယွင်ကို ဝူအိမ်တော်သို့ စေလွှတ် စစ်ဆေးခိုင်းလိုက်ပြီး ဝူသားအဖကို ရာထူးမှ ခေတ္တရပ်နားကာ အိမ်တွင်နေစေလိုက်သည်။

မိသားစု ပြဿနာတက်နေသဖြင့် ယိရှိုးယွမ်သည် အနောက်ဆောင်တွင် မီးစိမ်းစိမ်းတောက်နေသည်။

အသနားခံစာ တင်ချင်သော်လည်း ဘာမှ မပေါ်ပေါက်သေးခင် အလောတကြီး လုပ်လိုက်လျှင် ဝူမိသားစုတွင် အပြစ်ရှိသည်ဟု ဝန်ခံရာ ရောက်သွားမည်စိုး၍ ငြိမ်နေရသည်။

သူမနှင့်အတူ စိတ်ပူနေရသူမှာ ချန်မိန်ရန်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယင်းကော်ကုန်းအိမ်တော်သည် ဤကိစ္စတွင် အဓိကတရားခံဖြစ်နေသောကြောင့်ပင်။

....

အရှေ့ဆောင်တွင် ရှုပ်ထွေးနေသဖြင့် အနောက်ဆောင်လည်း ငြိမ်သက်မနေပေ။ နင်ချန်သည် ယဲ့ယွင်၏ ရောဂါအခြေအနေကို ဂရုစိုက်ရန် အချိန်မရတော့ပေ။

ချူမိသားစုသည်လည်း တော်ဝင်ကုန်သည်ဖြစ်သဖြင့် ယဲ့ယွင်သည် ပါဝင်ပတ်သက်မည်ကို စိုးရိမ်ပြီး အေးအေးဆေးဆေး နေလိုက်သည်။ နေမကောင်းဟု အကြောင်းပြကာ မည်သူ့ကိုမျှ လက်မခံဘဲ တံခါးပိတ်ထားလိုက်သည်။

ထိုသို့ လုပ်လိုက်ခြင်းက သူမ ကိုယ်ဝန်ရှိနေသည် ဆိုသော ကောလာဟလကို ပိုမို ခိုင်မာသွားစေခဲ့သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -216

အခန်း ၂၁၆ ။ ရွှေဝါရောင်ပန်း

"ကျယ်ယွီ ရာသီလာခါနီးနေပြီ။ ဒီရက်ပိုင်း အအေးမမိအောင် ဂရုစိုက်ရမယ်။ အခန်းထဲမှာ ရေခဲလျှော့သုံးမယ်နော်။ ကျွန်တော်မျိုးမ ယပ်တောင်ခတ်ပေးပါ့မယ်"

ဟွေယွဲ့သည် အမြဲတမ်း အသေးစိတ် ဂရုစိုက်တတ်သူ ဖြစ်သည်။

ယဲ့ယွင်သည် မိသားစုကို လွမ်းဆွတ်နေသဖြင့် အားမရှိစွာ ခေါင်းညိတ်လိုက်သည်။

နန်ကျစ်က စဉ်းစားလိုက်ပြီး "ကျယ်ယွီ တအား စိတ်ပူနေရင် ချူအိမ်တော်ကို စာပို့လိုက်ပါလား" ဟု အကြံပြုသည်။

"မဖြစ်ဘူး"

ယဲ့ယွင် ခေါင်းခါလိုက်သည်။

"အခုအချိန်မှာ စာပို့လိုက်ရင် ချူအိမ်တော်မှာ တစ်ခုခု အရှုပ်အထွေး ရှိနေသလို ဖြစ်သွားလိမ့်မယ်။ အဘိုးနဲ့ ဦးလေးတို့က စီးပွားရေးလောကမှာ ကျင်လည်ခဲ့တာ ကြာပြီပဲ။ သူတို့ ဖြေရှင်းနိုင်မှာပါ"

"ကျယ်ယွီ သိနေမှတော့ အရမ်း စိတ်မပူပါနဲ့တော့။ ရောဂါပျောက်ခါစဆိုတော့ စိတ်

ပင်ပန်းလို့ မဖြစ်ဘူး။ နူးဘီ ညန်ကောင်းကို ခေါ်လာပေးရမလား"

နန်ကျစ်က နှစ်သိမ့်ပေးသည်။

ယဲ့ယွင်လည်း ပျင်းနေသဖြင့် သဘောတူလိုက်သည်။

မကြာမီတွင် အမွှေးပွပွ အဖြူရောင်အကောင်လေးတစ်ကောင်သည် "ဝုတ် ဝုတ်" ဟု ဟောင်ရင်း ပြေးဝင်လာသည်။

ယဲ့ယွင်ကို တစ်ပတ်ပတ်ပြီးနောက် စားပွဲပေါ်မှ မုန့်ပန်းကန်ကို ကြည့်ကာ ဟောင်လေသည်။

"ငတ်ကြီးကျလိုက်တာ။ မင်းလည်း စားချင်တယ်ပေါ့ဟုတ်လား။”

ဟွေယွဲ့က ရယ်မောလိုက်သည်။

"ငါတို့ပေါက်စလေးကို တစ်ခုလောက် ကျွေးလိုက်ပါ"

ယဲ့ယွင် ခွေးခေါင်းလေးကို ပွတ်သပ်လိုက်ရာ စိတ်ပျော်ရွှင်သွားသည်။

ဟွေယွဲ့က မုန့်တစ်ချပ်ကို ကမ်းပေးလိုက်သော်လည်း ညန်ကောင်းက နမ်းကြည့်ပြီးနောက် မစားဘဲ နေလိုက်သည်။

ယဲ့ယွင်က နှာခေါင်းရှုံ့ကာ ကြည့်လိုက်ပြီး ကိုယ်တိုင် တစ်ခုယူစားလိုက်သည်။

"စားကောင်းသားပဲဟာ၊ မင်းက အကောင်းမကြိုက်ဘူး"

ပြောပြီးသည်နှင့် နှစ်ခုဆက်တိုက် စားလိုက်သည်။

သို့သော် စားနေရင်းဖြင့်တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။ အထူးသဖြင့် တတိယမြောက် မုန့်သည် အရသာ အနည်းငယ် ကွဲပြားနေသည်။

"ဒီမုန့်ကို ဘယ်သူ လာပို့တာလဲ"

"ဩော်... ဒီမနက် စားဖိုဆောင်က လာပို့တာပါ။ နေ့တိုင်း မနက်တစ်ခါ၊ ညနေတစ်ခါ လာပို့နေကျပဲလေ"

နန်ကျစ်က ဖြေလိုက်သည်။

ဟွေယွဲ့က အရင်ဆုံး သတိထားမိလိုက်သည်။

"ကျယ်ယွီ... မုန့်မှာ ပြဿနာရှိလို့လား"

"သိပ်တော့ မထူးခြားပါဘူး။ ဒါပေမဲ့ နောက်ဆုံးတစ်ခုက အရသာ နည်းနည်း ကွဲနေသလိုပဲ။ သမားတော်ရှန်ကို သွားခေါ်လိုက်ပါ။ ပုံမှန် စစ်ဆေးမှု လုပ်ချင်တယ်လို့ ပြောလိုက်"

ယဲ့ယွင် မျက်မှောင်ကြုတ်လိုက်သည်။

ဟွေယွဲ့ အမြန်ထွက်သွားသည်။

ဟွေယွဲ့ ထွက်သွားပြီး မကြာမီမှာပင် ယဲ့ယွင်၏ ဝမ်းဗိုက်ထဲတွင် မအီမသာ ဖြစ်လာသည်။ ရာသီလာစဉ် ကိုက်ခဲသကဲ့သို့ နာကျင်မှုမျိုး ဖြစ်သော်လည်း ခံနိုင်ရည်ရှိသည့် အနေအထားဖြစ်သည်။

ထိုအချက်မှာ မုန့်တွင်ပြဿနာရှိကြောင်း ပိုသေချာစေသည်။

သမားတော်ရှန် ရောက်လာသောအခါ ချက်ချင်း စစ်ဆေးခိုင်းလိုက်သည်။

မုန့်များကို တစ်ခုချင်း နမ်းကြည့်ပြီးနောက် နှစ်ခုကို ရွေးထုတ်ကာ ထက်ခြမ်းခွဲကြည့်လိုက်ရာ သမားတော်ရှန်၏ မျက်နှာ ပျက်သွားသည်။

"ကျယ်ယွီ... ဒီမုန့်တချို့ထဲမှာ ရွှေဝါရောင်ပန်း (ကိုယ်ဝန်ပျက်ကျစေသော ဆေးဖက်ဝင်အပင်) ထည့်ထားပါတယ်။ ရွှေဝါရောင်ပန်း အရည်ကို မုန့်အစာသွပ်ထဲမှာ ရောထည့်ထားတာပါ။ ဒီအရာက အအေးဓာတ်လွန်ကဲပြီး အမျိုးသမီး ခန္ဓာကိုယ်ကို ထိခိုက်စေပါတယ်။ ဒီပမာဏဆိုရင် ကိုယ်ဝန်ဆောင်သည်တစ်ယောက်ကို ကလေးပျက်ကျစေနိုင်ပါတယ်"

နန်ကျစ် လန့်ဖျပ်သွားပြီး အမြန်ပြောလိုက်သည်။

"သမားတော်ရှန်... ကျွန်မတို့ ကျယ်ယွီကို အမြန် စမ်းသပ်ပေးပါဦး။ ခုနက သုံးခုတောင် စားလိုက်မိတယ်"

"စိတ်မပူပါနဲ့။ ကျယ်ယွီက ကိုယ်ဝန်မရှိတော့ ဘာမှ မဖြစ်ပါဘူး"

သမားတော်ရှန်က တည်ငြိမ်စွာ ပြောလိုက်သည်။

သို့သော် လက်ကောက်ဝတ်ကို စမ်းသပ်ပေးလိုက်သည်။

"ကျယ်ယွီက နည်းနည်းပဲ စားမိတာပါ။ ပြဿနာရှိတဲ့မုန့်က တစ်ခုလောက်ပဲ ပါသွားတာ ဖြစ်မယ်။ ရေနွေးများများ သောက်လိုက်ရင် ရပါတယ်။ စိတ်မပူပါနဲ့"

ယဲ့ယွင် ခေါင်းညိတ်လိုက်သော်လည်း စိတ်မချသေးပေ။

"ဒီရက်ပိုင်း ရာသီလာတော့မှာဆိုတော့ ဒီလို အအေးဓာတ်များတဲ့အရာကို စားမိရင် ဘာမှ မဖြစ်ဘူးလား"

"အကျိုးသက်ရောက်မှု သိပ်မရှိပါဘူး။ ဒါပေမဲ့ ဝမ်းဗိုက်နာကျင်တာ သက်သာအောင် ဆေးလက်ဖက်ရည် တစ်ခွက်လောက် သောက်လိုက်ရင် ကောင်းပါလိမ့်မယ်"

သမားတော်ရှန်က မေးမြန်းခြင်း မရှိဘဲ ဆေးစာရေးပေးပြီး ပြန်သွားလေသည်။

အခန်းထဲတွင် သခင်နှင့်ကျွန် သုံးယောက်တည်း ကျန်ရစ်ခဲ့ပြီး ကျောချမ်းစရာ ကောင်းနေသည်။

အကယ်၍ အကယ်၍ ယဲ့ယွင်သာ အမှန်တကယ် ကိုယ်ဝန်ရှိနေခဲ့လျှင် ယခုအချိန်ဆို ကလေးပျက်ကျနေပြီ ဖြစ်သည်။

နန်းတွင်းသည် တကယ့်ကို ရက်စက်

ကြမ်းကြုတ်လှပေသည်။

"ဟွေယွဲ့... နင်ကိုယ်တိုင် ကျင်းကန်နန်းဆောင်ကို သွားပြီး ဒီမုန့်တွေကို ယူသွား။ ဒီနေ့ ဖြစ်ပျက်သမျှကို အရှင်မင်းကြီးကို အကုန်လျှောက်တင်လိုက်။ ပြောလိုက်... ငါ အခုအချိန်မှာ အရှင်မင်းကြီးကို မနှောင့်ယှက်ချင်ပေမဲ့ အရမ်းကြောက်နေတာလို့။ တစ်ယောက်ယောက်က ငါ ကိုယ်ဝန်ရှိနေတယ်လို့ ထင်ကြေးပေးပြီး ဒီလို လုပ်ကြံတာ ခံရမှတော့ နောက်ဆို ငါ ကလေးတောင်မွေးရဲတော့မှာ မဟုတ်ဘူးလို့ ပြောတယ်ပြောလိုက်"

ယဲ့ယွင်၏ မျက်ဝန်းများ အေးစက်နေပြီး အနီးကပ်အစေခံနှစ်ဦးပင် ကြောက်လန့်သွားကြသည်။

ကောလာဟလ တစ်ခုသာ ဖြစ်မည်ဟု ထင်ထားသော်လည်း တကယ်ကြီး လက်တွေ့ကျလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ဘာမှမဖြစ်သွားသော်လည်း နောက်ကွယ်မှ လူသည် ဤတစ်ကြိမ်တွင် သူမကို လုပ်ကြံရဲလျှင် နောက်တစ်ကြိမ်တွင်လည်း လုပ်ကြံရဲမည် သေချာသည်။

ထိုလူကို ဖော်ထုတ်မရမချင်း သူမ လက်လျှော့မည် မဟုတ်ပေ။

....

ဟွေယွဲ့သည် အလုပ်လုပ်ရာတွင် လျင်မြန်သူဖြစ်သည်။ ကျင်းကန်နန်းဆောင်သို့ ရောက်သည်နှင့် ဒူးထောက်ကာ အကြောင်းစုံ လျှောက်တင်လိုက်သည်။

နောက်ဆုံးတွင် ခေါင်းကို ကြမ်းပြင်နှင့် ထိအောင် ဦးခိုက်လိုက်သည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးမတို့ ကျယ်ယွီက စိတ်ဆတ်ပေမဲ့ စိတ်ထားဖြူစင်ပါတယ်။ မကောင်းမှု ဒုစရိုက်တွေကို ဘယ်တော့မှ မလုပ်ပါဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝမ်ရှိုးရီ လာလည်တုန်းက အနောက်ဆောင်မှာ ကျယ်ယွီ ကိုယ်ဝန်ရှိနေတယ်လို့ ထင်ကြေးပေးနေကြတဲ့အကြောင်း ပြောပြပါတယ်။ ကျယ်ယွီက ဟာသအနေနဲ့ပဲ သဘောထားခဲ့တာပါ။ မထင်မှတ်ဘဲ ဒီနေ့ မုန့်ထဲမှာ ရွှေဝါရောင်ပန်း ပါလာပါတယ်။ နောက်ကွယ်ကလူက ဘယ်လောက်တောင် ရက်စက်သလဲဆိုတာ စဉ်းစားကြည့်ပါဦး။ သေချာရေရာမှု မရှိတဲ့ ကောလာဟလလေးကိုတောင် အလွတ်မပေးဘဲ လုပ်ကြံတယ်။ ကျွန်တော်မျိုးမတို့ ကျယ်ယွီ တော်တော်လေး လန့်သွားပါတယ်။ နောက်ဆို ကလေးမွေးရဲတော့မှာ မဟုတ်ဘူးလို့တောင် ပြောနေပါတယ်။ အရှင်မင်းကြီး... ကျွန်တော်မျိုးမတို့ ကျယ်ယွီအတွက် တရားမျှတမှု ရရှိအောင် ဆောင်ရွက်ပေးပါ"

နင်ချန်သည် နိုင်ငံရေးကိစ္စများကြောင့် ဒေါသထွက်နေရသည့်အပြင်အနောက်ဆောင်တွင် ပြဿနာ ထပ်တက်လာသဖြင့် ဒေါသများ ငယ်ထိပ်ရောက်သွားသည်။

ချက်ချင်းပင် ယွမ်ကျိုကို စားဖိုဆောင်အား စစ်ဆေးရန် စေလွှတ်လိုက်သည်။

သို့သော် ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းမည့်သူ လိုအပ်သည်။ သူ မအားသဖြင့် လင်ရှီးဥယျာဉ်တော်ရှိ ကိုယ်လုပ်တော်များကို ကြည့်လိုက်ရာ မည်သူ့ကိုမှ စိတ်မချပေ။ နောက်ဆုံးတွင် နန်းတော်သို့ အမိန့်စာပို့ပြီး မိဖုရားခေါင်ကြီးကို ဥယျာဉ်တော်သို့ ချက်ချင်း လာရောက် စစ်ဆေးရန် အမိန့်ပေးလိုက်သည်။

......

တော်ဝင်မျိုးဆက်ကို လုပ်ကြံခြင်းသည် ခွင့်လွှတ်၍မရသော ပြစ်မှုဖြစ်သည်။ မိဖုရားခေါင်ကြီးသည် အမိန့်ရသည်နှင့် ချက်ချင်း ထွက်ခွာလာခဲ့သည်။

စုချင်ကို ထားရစ်ခဲ့ပြီး တင်းမားမားနှင့် စုအာကို ခေါ်ဆောင်ကာ ရောက်လာခဲ့သည်။

ညဘက်တွင် ဥယျာဉ်တော်သို့ ရောက်ရှိပြီး ယွမ်ကျိုလက်မှ အမှုတွဲကို လွှဲပြောင်းယူလိုက်သည်။

"ဒီတစ်ခေါက် ဘယ်သူပဲဖြစ်ဖြစ် မယ်မယ် စိတ်ကြိုက် စစ်ဆေးလို့ ရပါတယ်။ နောက်ကွယ်ကလူက ဒီလို မိုက်မဲတဲ့အလုပ်,လုပ်မိတဲ့အတွက် နောင်တရနေလောက်ပြီ"

တင်းမားမားက ပြောလိုက်သည်။

ယခုကိစ္စတွင် စိတ်ကြိုက် စစ်ဆေးနိုင်သည့်အကြောင်းမှာမိဖုရားခေါင်ကြီးသည် ဤကိစ္စနှင့် လုံးဝ ကင်းရှင်းနေသောကြောင့် ဖြစ်သည်။

ထို့ကြောင့် တရားခံဘယ်သူဖြစ်ပါစေအနောက်ဆောင်ကို ထိန်းချုပ်ရန် အခွင့်ကောင်းပင် ဖြစ်ပေသည်။

"ဒီလောက်ထိ မိုက်မဲတာတော့ တကယ့်ကို အံ့ဩစရာပဲ"

မိဖုရားခေါင်ကြီးလည်း ပြောစရာ စကားမဲ့နေသည်။

သတင်းအတိအကျ မရသေးဘဲ ထင်ကြေးပေးရုံဖြင့် လုပ်ကြံလိုက်သဖြင့် ဘာအကျိုးမှ မရဘဲ ကိုယ်တိုင် ဒုက္ခရောက်ရမည့်ကိန်း ဆိုက်နေသည်။

သို့သော် အခြားတစ်ဖက်မှ ကြည့်လျှင် ယဲ့မျိုးရိုးသည် အနောက်ဆောင်တစ်ခုလုံး၏ ကြောက်ရွံ့ခြင်းကို ခံနေရပြီဖြစ်ကြောင်း ပြသနေသည်။

ကောလာဟလ အဆင့်မှာတင် လုပ်ကြံခံနေရပြီ ဖြစ်သည်။

မိဖုရားခေါင်ကြီးသည် အာဏာရှိသူပီပီ လျင်မြန်စွာ ဆောင်ရွက်ခဲ့သည်။

ဒုတိယနေ့မှာပင် မုန့်နှင့် ထိတွေ့ခဲ့သူအားလုံးကို ဖမ်းဆီးလိုက်သည်။

စားဖိုဆောင်မှ လူများအပြင် အခြားမည်သူမျှ မုန့်ကို မထိတွေ့ခဲ့သဖြင့် စားဖိုဆောင် ဝန်ထမ်းများကိုသာ လာဘ်ထိုးထားခြင်း ဖြစ်ရမည်။

မိဖုရားခေါင်ကြီးသည် တင်းမားမားကို ဦးဆောင်စေပြီး အစေခံများ၏ နေအိမ်များကို ရှာဖွေခိုင်းရာ မီးမွှေးသည့် အစေခံမလေး၏ ကုတင်အောက်တွင် ငွေစက္ကူ ၁၀၀ တန် တစ်ရွက်ကို တွေ့ရှိခဲ့သည်။

အမှုပေါ်သွားမှန်း သိလိုက်ရသောအခါ ထိုအစေခံမလေးသည် နံရံကို ခေါင်းဖြင့်ဆောင့်ကာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားလေသည်။

သဲလွန်စ ပျောက်သွားသဖြင့် မိဖုရားခေါင်ကြီး ဒေါသထွက်သွားသည်။

တင်းမားမားသည် တည်ငြိမ်စွာဖြင့် သမားတော်ခေါ်ခိုင်းပြီး နေရာကို ပိတ်ဆို့ထားလိုက်သည်။

"ဒီနေ့ ဒီအစေခံမလေးက အပြစ်က လွတ်ချင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားပေမဲ့ သမားတော်က ကယ်တင်လိုက်နိုင်တယ်။ မင်းတို့ အပြင်ထွက်ပြီး စကားတစ်ခွန်းမှားတာနဲ့ မင်းတို့တင်မကဘူး၊ မင်းတို့ မိသားစုပါ သေရလိမ့်မယ်။ ကြားလား"

အောက်မှ ဒူးထောက်နေသော အစေခံများက ခေါင်းညိတ်ကြသည်။

လူစုကွဲသွားသောအခါ မိဖုရားခေါင်ကြီးက မေးလိုက်သည်။

"ဒါပေမဲ့ မားမား... ဒီကောင်မလေး သေသွားပြီလေ"

"မယ်မယ်... ကျွန်တော်မျိူးမ ပြောတဲ့အတိုင်းသာ လုပ်ပါ။ အပြင်ကိုတော့ မသေဘူးလို့ သတင်းလွှင့်လိုက်မယ်။ ဘယ်သူက သူ့ကို လာသတ်မလဲ စောင့်ကြည့်မယ်။ လာသတ်တဲ့သူက တရားခံပဲ"

တင်းမားမား၏မျက်လုံးများ မှေးကျဉ်းသွားလေသည်။

All Chapters