အခန်း (၂၁၇-၂၁၈)
Vol. 14 Ch. 217-218
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -217
အခန်း ၂၁၇ ။ ဖမ်းမိပြီ
မိဖုရားခေါင်ကြီးသည် ထိုအကြံကို သဘောကျပြီး ချက်ချင်း စီစဉ်လိုက်သည်။
လွှတ်ပေးလိုက်သော အစေခံများကိုလည်း တိတ်တဆိတ် စောင့်ကြည့်ထားစေသည်။
ထို့နောက် အပြင်သို့ သတင်းလွှင့်လိုက်သည်မှာ အဆိပ်ခတ်သူကို ဖမ်းမိပြီဖြစ်သော်လည်း ထိုသူသည် မိမိကိုယ်ကိုယ် သတ်သေရန် ကြိုးစားခဲ့ကြောင်း၊ သမားတော်က အချိန်မီကယ်တင်နိုင်လိုက်သဖြင့် သတိမေ့နေသေးကြောင်း၊ ဝူထုံနန်းဆောင်ဘေးရှိ အလွတ်ခြံဝင်းတွင် ခေတ္တထားရှိကြောင်း ပြောထားလိုက်သည်။
သတိပြန်ရလာလျှင် ဆက်လက်စစ်ဆေးမည်ဟု ဆိုလိုခြင်းဖြစ်သည်။
တွေ့ရှိသော ငွေစက္ကူကိုလည်း အတိအလင်း ကြေညာလိုက်သည်။
တစ်ဝက်ဖော် တစ်ဝက်ဝှက် လုပ်ထားခြင်းသည် နောက်ကွယ်မှ လူကို ဂနာမငြိမ် ဖြစ်စေသည်။
......
တတိယနေ့ ညသန်းခေါင်တွင် အရပ်ရှည်ရှည် မိန်းမစိုးတစ်ဦးသည် ခြံဝင်းအတွင်းသို့ ခိုးဝင်လာခဲ့သည်။
အမှောင်ရိပ်ထဲတွင် သူသည် ရင်ဘတ်ထဲမှ ဆေးထုပ်တစ်ထုပ်ကို ထုတ်ယူပြီး စားပွဲပေါ်ရှိ ရေနွေးအိုးထဲသို့ လောင်းထည့်လိုက်သည်။
ထိုအချိန်တွင် ကုတင်ပေါ်ရှိ ပိန်ပါးသော အမျိုးသမီးငယ်သည် ရုတ်တရက် ထထိုင်ပြီး "သူခိုး... သူခိုး" ဟု အော်ဟစ်လိုက်သည်။
ချက်ချင်းပင် အပြင်ဘက်တွင် စောင့်နေသူများ ပြေးဝင်လာကြသည်။
မိန်းမစိုးသည် ဝင်လာသော အနောက်ပြတင်းပေါက်မှ ပြန်ထွက်ပြေးရန် ကြိုးစားသော်လည်း အမျိုးသမီးငယ်က စားပွဲပေါ်မှ ကြက်မွေးသုတ်တံဖြင့် ရိုက်နှက် တားဆီးလိုက်သည်။
ခဏတာ နှောင့်နှေးသွားသဖြင့် အပြင်မှ ဝင်လာသူများက သူ့ကို ဖမ်းမိသွားကြသည်။
ချက်ချင်းပင် မိဖုရားခေါင်ကြီးထံ သတင်းပို့လိုက်ကြသည်။
ညသန်းခေါင်တွင် ဝူထုံနန်းဆောင်၌ မီးများ လင်းထိန်သွားသဖြင့် လူအများ အံ့ဩသွားကြသည်။
ဖမ်းမိသော မိန်းမစိုး၏ မျက်နှာကို မြင်
လိုက်ရသောအခါ မိဖုရားခေါင်ကြီးသည်အလွန်အံ့ဩသွားပြီး အရှင်မင်းကြီးကို ချက်ချင်း သွားပင့်ခိုင်းလိုက်သည်။
အခြားလူတစ်စုကမူ ယွီလန်ခြံဝင်းသို့ သွားရောက်ကြသည်။
"မားမား... ဒီအချိန်ကြီး ဘာကိစ္စလဲ။ မယ်မယ် အိပ်ပျော်နေပါပြီ"
ပိုင်ရွှမ်းက လူများကို တားဆီးလိုက်သည်။
တင်းမားမား ရယ်မောလိုက်ပြီး မျက်လုံးများ စူးရှသွားသည်။
"သယ့်ဖေးမယ်မယ်က တကယ် စိတ်အေးချမ်းသာ ရှိတာပဲ။ လူကို ဒုက္ခပေးပြီးတောင် အိပ်ပျော်နိုင်သေးတယ်"
"ပါးစပ်ပိတ်ထားစမ်း"
ပိုင်ရွှမ်း မျက်နှာပျက်သွားသော်လည်း ချက်ချင်း ပြန်ထိန်းလိုက်သည်။
"နင့်ကို မိဖုရားခေါင်ကြီးရဲ့ လူမို့လို့ ငါ လေးစားမှုပေးနေတာ။ ငါတို့မယ်မယ်က သခင်မပဲ။ နင့်လို အစေခံတစ်ယောက်က စွပ်စွဲစရာလား"
"ဟွန့်... ငါက မိဖုရားခေါင်ကြီးရဲ့ အမိန့်နဲ့ ရောက်လာတာ။ ဝမ်သယ့်ဖေးကို ရွှေဝါရောင်ပန်းအမှုနဲ့ပတ်သက်ပြီး စစ်ဆေးဖို့ ဝူထုံနန်းဆောင်ကို ခေါ်ဆောင်သွားမယ်။ မင်း အလိုက်တသိနဲ့ သွားနှိုးလိုက်တာ ကောင်းမယ်"
တင်းမားမားသည် အတွေ့အကြုံရင့်သူပီပီ အမိန့်ပေးလိုက်သည်။
အပြင်ဘက်မှ ဆူညံသံများကြောင့် ဝမ်သယ့်ဖေး နိုးနေပြီဖြစ်သည်။
ပြောရလျှင် သူမသည် ဒီရက်ပိုင်းအတွင်း ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။
အဝတ်အစားလဲပြီး ဆံပင်ကို ရိုးရိုးရှင်းရှင်း ထုံးကာ ဝူထုံနန်းဆောင်သို့ လိုက်ပါသွားလိုက်သည်။
နင်ချန် ရောက်ရှိနေပြီဖြစ်သည်။
ယဲ့ယွင်လည်း ရောက်နေသည်။
မိဖုရားခေါင်ကြီးက သူမကို အကြောင်းမကြားသော်လည်း ကိုယ်တိုင် လာခဲ့ခြင်းဖြစ်သည်။ သူမသည် နစ်နာသူဖြစ်၍ လာရောက်နားထောင်ခွင့် ရှိသည်။
ဝမ်သယ့်ဖေး ဝင်လာပြီး အဓိက ထိုင်ခုံမှ နှစ်ဦးကို ဂါရဝပြုလိုက်သည်။
"အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးကို ဂါရဝပြုပါတယ်"
"အန်းရှီ... မင်း တော်တော် သတ္တိကောင်းပါလား။ ကိုယ်လုပ်တော်တစ်ပါးကို လုပ်ကြံရဲတယ်။ အကယ်၍ မင်ကျယ်ယွီသာ တကယ် ကိုယ်ဝန်ရှိနေရင် မင်းက တော်ဝင်မျိုးဆက်တစ်ယောက်ရဲ့ အသက်ကို သတ်မိတော့မလိုဆိုတာသိရဲ့လား။”
မိဖုရားခေါင်ကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဝမ်သယ့်ဖေး မျက်ခုံးလှုပ်သွားပြီး ချက်ချင်း ဒူးထောက်လိုက်သည်။
"မိဖုရားခေါင်ကြီး... စွပ်စွဲမယ်ဆိုရင် သက်သေပြပါ။ ဒီချန်းချဲ့ ဘာမှ မလုပ်ခဲ့ပါဘူး။ မင်ကျယ်ယွီကို လုပ်ကြံစရာ အကြောင်းမရှိပါဘူး"
ထို့နောက် နင်ချန်ဘက် လှည့်လိုက်သည်။
"အရှင်မင်းကြီး... အရှင်မင်းကြီး သိပါတယ်။ ဒီချန်းချဲ့က အဲ့ဒီလောက် စိတ်ယုတ်မာတဲ့သူ မဟုတ်ပါဘူး။ ဒီချန်းချဲ့ကိုယ်တိုင်လည်း မိခင်တစ်ယောက် ဖြစ်နေပါပြီ။ သူများသားသမီးကို ဘယ်လိုလုပ် လုပ်ကြံရက်မှာလဲ"
"မင်းက ပထမမင်းသားကို မွေးထားလို့၊ ပြီးတော့ မင်ကျယ်ယွီနဲ့ မတည့်လို့၊ သူ သားမွေးလာမှာကို စိုးရိမ်ပြီး ကောလာဟလ ကြားရုံနဲ့ လက်ဦးမှု ယူလိုက်တာလေ"
မိဖုရားခေါင်ကြီးက ထိုးနှက်လိုက်သည်။
"ဒါဆိုရင် မိဖုရားခေါင်ကြီးကရော... ဒီချန်းချဲ့က ပထမမင်းသားကို မွေးထားလို့ မကြည်ဖြူဖြစ်ပြီး အခုလို အပြစ်ရှာ အကွက်ဆင်ပြီး ရှင်းထုတ်ချင်နေတာ မဟုတ်ဘူးလား"
ဝမ်သယ့်ဖေးကလည်း အားမခံဘဲ မိဖုရားခေါင်ကြီး၏ မျက်လုံးကို စိုက်ကြည့်ကာ ပြန်ပက်လိုက်သည်။
ဤသို့ အပြန်အလှန် စွပ်စွဲနေကြသဖြင့် ဝမ်သယ့်ဖေးပြောသည့်စကားများကအစစ်မှန်ဟုတ်မဟုတ် ခွဲခြားရခက်နေသည်။
နင်ချန်သည် တိတ်ဆိတ်စွာ ကြည့်နေပြီး မျက်ဝန်းများ အေးစက်လာသည်။
နောက်ဆုံးတွင် ဘေးနားမှ ထောင့်တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။
"သယ့်ဖေး... မင်း မလုပ်ဘူးဆိုရင် ဘာလို့ မင်းနန်းဆောင်က မိန်းမစိုးက သက်သေကို အဆိပ်ခတ်သတ်ဖို့ ကြိုးစားရတာလဲ"
ထိုစကားကြောင့် ဝမ်သယ့်ဖေး ကြောင်သွားပြီး လက်ညှိုးထိုးရာသို့ လှည့်ကြည့်လိုက်သည်။
ထောင့်တစ်နေရာမှ မိန်းမစိုးကို ဆွဲထုတ်လာရာ ဝမ်သယ့်ဖေး၏ နန်းဆောင်မှ ခေါင်းဆောင်မိန်းမစိုး ဝမ်ကျုံး ဖြစ်နေသည်။
မိဖုရားခေါင်ကြီး မျက်ခုံးပင့်လိုက်ပြီး မျက်ဝန်းထဲတွင် ကျေနပ်မှုများ ပေါ်လာသည်။
"မင်းရဲ့ ခေါင်းဆောင်မိန်းမစိုးက သက်သေကို အဆိပ်ခတ်သတ်ဖို့ ကြိုးစားတုန်း မိမိရရ ဖမ်းမိထားတာ။ မင်း ဘာငြင်းချင်သေးလဲ"
"ဒီချန်းချဲ့ မသိပါဘူး။ သူ့ကို လူသတ်ခိုင်းတာ ချန်းချဲ့မဟုတ်ပါဘူး။ ဒါတစ်ယောက်ယောက်က ဒီချန်းချဲ့ကို အကွက်ဆင်တာဖြစ်ပါလိမ့်မယ်။”
ဝမ်သယ့်ဖေးသည်အခိုင်အမာငြင်းဆန်နေဆဲပင်။ သူမ၏ မျက်နှာထား ပိုမို တင်းမာလာသည်။
ဘေးတွင် ထိုင်နေသော ယဲ့ယွင်က အေးဆေးစွာ အကြံပြုလိုက်သည်။
"သယ့်ဖေးမယ်မယ်က ဒီလောက်ထိ ငြင်းနေမှတော့ တကယ်ပဲ မတရားစွပ်စွဲခံရတာ ဖြစ်နိုင်ပါတယ်။ အမှန်ကို သိချင်ရင်အရှင်မင်းကြီးနဲ့မိဖုရားခေါင်ကြီးတို့အဲ့ဒိမိန်းမစိုးကို သေချာ စစ်ဆေးမေးမြန်းသင့်ပါတယ်"
ခဏရပ်ပြီးနောကိပိုင်လုနှင့် ပိုင်ရွှမ်းကိုပါကြည့်လိုက်သည်။
"အနီးကပ်အစေခံတွေက သခင်မရဲ့ အသွားအလာကို အသိဆုံးပဲ။ ချန်းချဲ့ ထင်တာကတော့ ဒီနှစ်ယောက်ကိုပါ စစ်ဆေးသင့်ပါတယ်"
"ယဲ့မျိုးရိုး... မင်း ရဲတင်းလိုက်တာ"
ဝမ်သယ့်ဖေး သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ပိုင်လုနဲ့ ပိုင်ရွှမ်းက ငါ့ကို ပြုစုလာတာ နှစ်ပေါင်းများစွာ ကြာပြီ။ သာမန်အစေခံတွေလို မင်း စိတ်ကြိုက် နှိပ်စက်ခွင့် မရှိဘူး"
"ဒီချန်းချဲ့ မရဲပါဘူး။ အကြံပြုရုံ သက်သက်ပါ။ မယ်မယ် ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ"
ယဲ့ယွင် သူမကို အေးစက်စွာ ကြည့်လိုက်ပြီး မျက်လုံးမှေးကာ အသံကို ဆွဲပြီး ပြောလိုက်သည်။
"မယ်မယ် လိပ်ပြာမလုံလို့များလား"
ဝမ်သယ့်ဖေး ပြန်မပြောနိုင်ခင်မှာပင် ယဲ့ယွင် မတ်တတ်ရပ်ပြီး အရှင်မင်းကြီးနှင့် မိဖုရားခေါင်ကြီးကို ဦးညွှတ်လိုက်သည်။
"အရှင်မင်းကြီး၊ မိဖုရားခေါင်ကြီး... ရွှေဝါရောင်ပန်းက ကိုယ်ဝန်ဆောင်တွေကို ထိခိုက်စေတဲ့အတွက် ကတိုးလိုပဲ နန်းတွင်း တားမြစ်ဆေးပါ။ သမားတော်ဆောင်မှာကလွဲရင် တခြားနေရာမှာ မရှိပါဘူး။ ဒီရက်ပိုင်း ဘယ်နန်းဆောင်က ရွှေဝါရောင်ပန်း ယူသွားလဲ၊ ဘယ်နေရာမှာ သုံးလဲဆိုတာ စစ်ဆေးကြည့်ရင် သဲလွန်စ ရနိုင်ပါတယ်။ ပြီးတော့ သမားတော်ရှန် ပြောတာက ဒီချန်းချဲ့ စားမိတဲ့ဟာက ရွှေဝါရောင်ပန်း အများကြီးကို အရည်ကြိုပြီး ထည့်ထားတာဆိုတော့ လက်ကျန် ရှိနေလောက်ပါတယ်"
မိဖုရားခေါင်ကြီး သဘောကျသွားပြီး မျက်လုံးအရောင်တောက်လာကာ နင်ချန်ကို ပြောလိုက်သည်။
"အရှင်မင်းကြီး... မင်ကျယ်ယွီ ပြောတာ ဟုတ်ပါတယ်။ ဝမ်သယ့်ဖေးက သူ့အစေခံတွေကို အထိမခံဘူးဆိုတော့ ရိုးရိုးရှင်းရှင်းပဲ လုပ်ကြတာပေါ့။ ဒီအစေခံတွေရဲ့ နောက်ကြောင်းကို လိုက်စစ်ဆေးလိုက်ရင် ပြီးတာပဲ"
ဤသည်မှာ နန်းဆောင်ကို ရှာဖွေခွင့် တောင်းလိုက်ခြင်းပင်။
ယခုအချိန်တွင် သက်သေလူ ရှိသော်လည်း သက်သေပစ္စည်း မရှိသေးပေ။
နင်ချန် မျက်မှောင်ကြုတ်လိုက်သည်။ နန်းဆောင်ရှာဖွေခြင်းက ဂုဏ်သိက္ခာ ထိခိုက်စေသဖြင့် ဆုံးဖြတ်ရခက်နေသည်။
(T/N - ကဲ သမက်လေးကိုဆော်ကဲလို့ရပြီနော်။ ဒီတစ်ခါတော့မကာပေးတော့ဘူး။
ခွေးဧကရာဇ်ကအမေကိုကျော်ပြီးဒွေးတော်ကို အချစ်မွှန်နေလို့🥲🤌🏻)
သူ တွန့်ဆုတ်နေသည်ကို မြင်သောအခါ ဝမ်သယ့်ဖေးက ငိုသံပါပါဖြင့် တောင်းပန်လိုက်သည်။
"အရှင်မင်းကြီး... ပထမမင်းသားက ကျန်းမာရေး မကောင်းပါဘူး။ အခုနန်းဆောင်ရှာဖွေရင် လန့်သွားပါလိမ့်မယ်။ အခုက ညသန်းခေါင်ကြီးဆိုတော့ ကလေးအတွက် မကောင်းပါဘူး။”
"ကလေးရှိတာ တော်တော်ကောင်းတာပဲ။”
ယဲ့ယွင် ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည်။
"မဟုတ်သေးဘူး... ကလေးမွေးနိုင်တာ ကောင်းလိုက်တာလို့ ပြောရမှာ။ ချန်းချဲ့ကတော့ ဒီဘဝမှာ ကံမပါတော့ပါဘူးထင်ပါရဲ့။ ရွှေဝါရောင်ပန်း စားမိလိုက်လို့ ကလေးပျက်မကျသွားပေမဲ့ နောက်ဆို ကိုယ်ဝန်ဆောင်ဖို့တောင်မရဲတော့ပါဘူး။”
ပြောပြီးသည်နှင့် မတ်တတ်ရပ်လိုက်သည်။ မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲနေသည်။
အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အရိုအသေပြုကာ နှုတ်ဆက်လိုက်သည်။
"ဒီချန်းချဲ့ နေမကောင်းလို့ ပြန်ခွင့်ပြုပါဦး။ အမှုကိစ္စကို အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးပဲ ဆက်လက်ဆောင်ရွက်ကြပါ။ ဘယ်လိုရလဒ်ပဲ ထွက်လာထွက်လာ ဒီချန်းချဲ့ ကျေနပ်ပါတယ်။ အမြဲတမ်း အမြဲတမ်းအခုလိုပဲ ခံခဲ့ရတာပဲလေ"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -218
အခန်း ၂၁၈ ။ အရှက်ကွဲခြင်း
သူမသည် တစ်ခဏမျှပင် မနေဘဲ ဝူထုံနန်းဆောင်မှ ထွက်ခွာသွားခဲ့သည်။
ယခုကဲ့သို့ရုတ်တရက် အလျှော့ပေးလိုက်
ခြင်းသည် အရာအားလုံးအပေါ်တွင် မျှော်လင့်ချက်မထားခြင်းတော့ပေ။ ဝမ်းဖေးဟူသောတောင်သည် အလွန်ကြီးမားနေသယောင် အမှုပိတ်သိမ်းမည်ဆိုလျှင်တောင် ကျေနပ်စွာလက်ခံနိုင်ရန်ကြိုးစားရပေလိမ့်မည်။
အထူးသဖြင့် နောက်ဆုံးပြောလိုက်သည့် "အမြဲတမ်း ဒီလိုပဲ ခံခဲ့ရတာပဲလေ" ဆိုသော စကားဖြစ်သည်။
နန်းတော်ထဲတွင် လူနှစ်ယောက်ရန်ဖြစ်သော်လည်း တစ်ယောက်က ရုတ်တရက် အလျှော့ပေးလိုက်သောအခါ ဆန့်ကျင်ဘက် အခြေအနေက လူကို ပို၍ လှုံ့ဆော်မှု ဖြစ်စေသည်။ ဤသည်မှာထုံးစံပင်။
နင်ချန်သည် တွန့်ဆုတ်မနေတော့ဘဲ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ယွမ်ကျိုကို အမိန့်ပေးလိုက်သည်။
"မင်း ကိုယ်တိုင် ဦးဆောင်ပြီး ယွီလန်ခြံဝင်းကို ရှာဖွေစစ်ဆေး။ ပထမမင်းသားကို မလန့်စေနဲ့"
"စိတ်ချပါ အရှင်မင်းကြီး။ ကျွန်တော်မျိုး သတိထားပါ့မယ်"
ယွမ်ကျိုက ဦးညွှတ်လိုက်သည်။
ချက်ချင်းပင် ပါးနပ်သော အစေခံအချို့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားသည်။
ထိုအချိန်မှစ၍ ဝမ်သယ့်ဖေး၏ မျက်နှာသည် ဖြူဖျော့သွားပြီး ပိုင်ရွှမ်းမှာမူ ခေါင်းမဖော်ရဲတော့ပေ။
ဝမ်သယ့်ဖေးသည် လက်ဖက်ရည်သောက်ရင်း တည်ငြိမ်ဟန်ဆောင်နေသော်လည်း စိတ်လှုပ်ရှားနေမှုများကို ဖုံးကွယ်ထား၍ မရပေ။
နင်ချန်သည် ထိုအရာများကို မြင်တွေ့နေရပြီး စိတ်ထဲတွင် စိတ်ပျက်မှုများ တိုးပွားလာကာ ဒေါသပါ ထွက်လာသည်။
နှစ်ပေါင်းများစွာ ချစ်မြတ်နိုးခဲ့သော အမျိုးသမီးသည် ထိုကဲ့သို့လုပ်ရပ်မျိုးကိုအမှန်တကယ် ကျူးလွန်ခဲ့ပါက ရင်ဘက်ထဲကနာကျင်သကဲ့သို့ မိမိသည် ထိုအမျိုးသမီး၏အပေါ်ယံဂရုစိုက်မှုများတွင် လှည့်ဖျားခြင်းခံခဲ့ရသည်လား။
သို့သော် သူ မထင်မှတ်ထားသည်မှာ ယွမ်ကျို ရှာဖွေတွေ့ရှိခဲ့သော ပစ္စည်းများထဲတွင် သူ လုံးဝ လက်မခံနိုင်သော ပစ္စည်းနှစ်မျိုး ပါဝင်နေခြင်းဖြစ်သည်။
ယွမ်ကျိုသည် လင်ဗန်းတစ်ခုကို ကိုင်ဆောင်လာပြီး ထိုအထဲတွင် လက်ဖဝါးအရွယ် ကြွေပုလင်းငယ် နှစ်လုံးနှင့် ရွှေဝါရောင်ပန်း အခြောက်အိတ်ငယ်တစ်အိတ် ပါဝင်သည်။
"သက်သေအနေနဲ့ လူရော၊ ပစ္စည်းရော မိပြီ။ ဝမ်သယ့်ဖေး... မင်း ဘာငြင်းချင်သေးလဲ"
မိဖုရားခေါင်ကြီး၏ မျက်နှာပေါ်တွင် ကျေနပ်မှုများကို ဖုံးကွယ်ထား၍ မရတော့ပေ။
ဝမ်သယ့်ဖေး၏ ကျောပြင်တွင် ချွေးများ စိုရွှဲနေပြီး အံကြိတ်ထားလိုက်သည်။
ပိုင်လု ရုတ်တရက် ဒူးထောက်လိုက်သည်။
"မိဖုရားခေါင်ကြီး... ဒီရွှေဝါရောင်ပန်းက ဒီချန်းချဲ့ ပစ္စည်းပါ။ လွန်ခဲ့တဲ့ နှစ်ရက်က ခါးနာသွားလို့ အနာသက်သာအောင် ထောင်းပြီး လိမ်းမလို့ပါ"
"ဆင်ခြေဆင်လတ်အမျိုးမျိုးနဲ့ အဓိပ္ပာယ်မရှိတာသိသာလွန်းတယ်။”
တင်းမားမားက နှာမှုတ်လိုက်သည်။
နင်ချန်၏ အကြည့်များသည် ကျန်ရှိသော ကြွေပုလင်းနှစ်လုံးပေါ်တွင် ရောက်ရှိနေသည်။
"ဒါတွေက ဘာတွေလဲ"
မကောင်းသော ပစ္စည်းများ မဟုတ်လျှင် ယွမ်ကျိုက လာပြမည် မဟုတ်ပေ။
ယွမ်ကျိုက လာပြရုံသာမက ဝင်လာကတည်းက မျက်နှာမကောင်းသဖြင့် ဒီအထဲတွင် ပြဿနာကြီး ရှိနေမှန်း သိသာသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး မပြောရဲပါဘူး။ အရှင်မင်းကြီးရဲ့ နားကို ညစ်ညမ်းစေမှာ စိုးလို့ပါ"
"ပြောစမ်း"
နင်ချန်က စားပွဲကို ရိုက်လိုက်သည်။ နားထင်ကြောများ ထောင်တက်လာသည်။
ယွမ်ကျိုသည် အားတင်းပြီး တစ်လုံးချင်း ပြောလိုက်သည်။
"ဒီပုလင်းဖြူထဲကဟာက... ဟယ်ဟွမ်လု (ကာမအားတိုးဆေး) ပါ။ ယောက်ျားနဲ့ မိန်းမ အတူနေတဲ့အခါ သုံးတဲ့ဆေးပါ။ အပြာရောင်ပုလင်းထဲကဟာကတော့... ကျွမ်ယန်တန် (ယောက်ျားလေး မွေးဖွားစေသောဆေး) ပါ"
ပထမပစ္စည်းကို ကြားလိုက်ရရုံဖြင့် ချွေးပျံသွားစေပြီး ဒုတိယပစ္စည်းက ပို၍ မယုံကြည်နိုင်စရာ ကောင်းနေသည်။
"သယ့်ဖေး... မင်း ဘယ်လိုလုပ်ပြီး ဒီလို ယုတ်မာတဲ့ ပစ္စည်းတွေကို သုံးရတာလဲ"
မိဖုရားခေါင်ကြီးပင်လျှင် ထိုပစ္စည်းများ ပါလာလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် မျက်နှာပျက်သွားသည်။
ကျွမ်ယန်တန်သည် နန်းတွင်း လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။
ယခင်ဧကရာဇ်လက်ထက်က အချစ်တော် ကိုယ်လုပ်တော်တစ်ပါးသည် သမီးသုံးယောက် မွေးဖွားခဲ့ပြီး ငါးနှစ်မပြည့်မီ သေဆုံးကုန်ကြသည်။ သူမသည် အရပ်ဘက်မှ လျှို့ဝှက်ဆေးနည်းတစ်ခု ရရှိခဲ့ပြီး ထိုဆေးကို သောက်လျှင် သားယောက်ျားလေး မွေးဖွားမည်ဟု ယုံကြည်ခဲ့သည်။
ပို၍ ထူးဆန်းသည်မှာ ကိုယ်ဝန်ဆောင်ထားသည်က မိန်းကလေးဖြစ်နေလျှင်ပင် ထိုဆေးကို သောက်လိုက်ပါက ယောက်ျားလေးအဖြစ် ပြောင်းလဲသွားနိုင်သည်ဟု ဆိုသည်။
နောက်ဆုံးတွင် ထိုကိုယ်လုပ်တော်သည် သားယောက်ျားလေး မွေးဖွားခဲ့သော်လည်း တစ်နှစ်မပြည့်မီ သေဆုံးသွားခဲ့သည်။
ယခင်ဧကရာဇ်က တစ်စုံတစ်ယောက် လုပ်ကြံသည်ဟု ထင်မှတ်ပြီး စုံစမ်းခိုင်းရာမှ ထိုကိုယ်လုပ်တော်သည် ဆေးဝါးများကို စည်းကမ်းမဲ့ သောက်သုံးခဲ့ကြောင်း တွေ့ရှိခဲ့သည်။
ထိုဆေး၏ ပါဝင်ပစ္စည်းများမှာ ပြောပြရန်ပင် ရွံရှာဖွယ် ကောင်းလှသည်။
သားယောက်ျားလေး မွေးဖွားဖူးသော အမျိုးသမီး၏ အချင်း၊ မွေးဖွားလာသော ကလေး၏ သွေးနှင့် သမင်သန္ဓေသားအရှင်တို့ကို ရောစပ်ပြီး ပြုလုပ်ထားခြင်း ဖြစ်သည်။
"အန်းရှီ... မင်းမှာ ကျန်းကို ပြောစရာစကားကျန်သေးရဲ့လား။”
နင်ချန် မော့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲမှ နက်ရှိုင်းသော စိတ်ပျက်မှုများက ဝမ်သယ့်ဖေး၏ နှလုံးသားကို ဓားနှင့်ထိုးနှက်နေသကဲ့သို့ပင်။
"ဒီချန်းချဲ့ ပြောစရာ မရှိတော့ပါဘူး။ မင်ကျယ်ယွီရဲ့ မုန့်ထဲမှာ ရွှေဝါရောင်ပန်း ထည့်ခဲ့တာ ဟုတ်ပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးအပေါ် ဘာမှ မလုပ်ခဲ့ပါဘူး"
ဝမ်သယ့်ဖေး ဒူးထောက်လိုက်ပြီး မျက်ရည်များ စီးကျလာသည်။
"အရှင်မင်းကြီးက ဒီချန်းချဲ့ကို လာတွေ့ပေမဲ့ အရင်လိုရင်းရင်းနှီးနှီး မနေတော့ဘူးလေ။ ချန်းချဲ့က အရှင်မင်းကြီးအတွက် ကျန်းမာသန်စွမ်းတဲ့ မင်းသားလေးတစ်ပါး ထပ်မွေးပေးချင်ရုံပါပဲ။ ဒါမှ အရှင်မင်းကြီးက အရင်တုန်းကလို ပြန်ချစ်လာမှာ မဟုတ်လား"
မိဖုရားခေါင်ကြီးသည် သူမ သနားစရာကောင်းအောင် လုပ်ပြနေသည်ကို မကြည့်ရက်သဖြင့် ဖြတ်ပြောလိုက်သည်။
"ဒါပေမဲ့ သယ့်ဖေး... မင်း ဘာလို့ ဒီလောက် မိုက်မဲရတာလဲ။ ဘာလို့နိမ့်ကျတဲ့ ပစ္စည်းတွေနဲ့ အရှင်မင်းကြီးရဲ့ စိတ်ကို သိမ်းပိုက်ဖို့ ကြိုးစားရတာလဲ။ ဟယ်ဟွမ်လုက အရှင်မင်းကြီးရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ မသိဘူးလား"
"ပြီးတော့ ပထမမင်းသားက မင်းမွေးထားတဲ့ သားလေ။ ကျန်းမာရေး မကောင်းပေမဲ့ အရှင်မင်းကြီးက မင်းနဲ့ပထမမင်းသားကိုဂရုစိုက်ပေးနေတာပဲ။ ဘယ်တုန်းက လစ်လျူရှုဖူးလို့လဲ။ အဲ့တာကိုမင်းက မိခင်ရင်း ဖြစ်ပါလျက်နဲ့ နောက်ထပ် ကျန်းမာတဲ့ကလေးနဲ့ အစားထိုးဖို့ တွေးရတာလဲ"
"တော်ကြတော့... ပါးစပ်ပိတ်ထားကြ"
နင်ချန် ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
ဝမ်သယ့်ဖေး ယဲ့ယွင်ကို လုပ်ကြံခြင်းသည် မနာလိုဝန်တိုစိတ်ကြောင့် ဖြစ်သည်ဟု နားလည်ပေးနိုင်သေးသည်။
သို့သော် ဤအမျိုးသမီးသည် သူ့အပေါ် ညစ်ပတ်သော ဆေးဝါးများ သုံးစွဲရန် ကြံစည်နေပြီး ကလေးမွေးခြင်းကို မျက်နှာသာရရန် လက်နက်အဖြစ် အသုံးပြုနေသည်။
နင်ချန် ဝန်ခံရလျှင် ပထမမင်းသား ကျန်းမာရေးမကောင်းသည့်အတွက် စိတ်ပျက်မိသော်လည်း ဝမ်သယ့်ဖေးတို့သားအမိကို ဘယ်တော့မှ မရွံရှာခဲ့ပေ။
အန်းရှီသည် သူ နှစ်ပေါင်းများစွာ ချစ်မြတ်နိုးခဲ့သော အမျိုးသမီးဖြစ်ပြီး သူတို့၏ ကလေးကိုလည်း အမြဲတမ်း မျှော်လင့်ထားကာနှစ်သက်ခဲ့သည်။
သို့သော် အန်းရှီ၏ အစီအစဉ်ထဲတွင် ပထမမင်းသားနှင့် မွေးလာမည့် ဒုတိယကလေးတို့သည် မျက်နှာသာရရန် ကိရိယာများသာ ဖြစ်နေသည်ကို သူ မထင်မှတ်ထားခဲ့ပေ။
တကယ်တော့ ဝမ်သယ့်ဖေး၏ သူ့အပေါ်ထားသော သံယောဇဉ်များ အားလုံးက အတုအယောင်များ ဖြစ်နေသလားဟု နင်ချန် သံသယဝင်လာသည်။
နင်ချန်၏ ခေါင်းထဲတွင် ရှုပ်ထွေးနေသည်။ ဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်းနှင့် လူရွေးမှားခဲ့ခြင်းတို့အတွက် နောင်တရခြင်းများ ခံစားနေရသည်။
ငယ်စဉ်က ချစ်ခဲ့ဖူးသောသူသည် ဤမျှ မိုက်မဲရှုပ်ထွေးနေသည်ကို လက်ခံရန် ခက်ခဲနေသည်။
မိဖုရားခေါင်ကြီးသည် အခွင့်ကောင်းယူပြီး ဝမ်သယ့်ဖေးကို မည်သို့ အပြစ်ပေးမည်နည်းဟု မေးချင်သော်လည်း တင်းမားမားက တားဆီးထားသည်။
ယခုအချိန်တွင် မေးမြန်းခြင်းသည် ရက်စက်လွန်းရာကျပြီး မိဖုရားခေါင်ကြီး၏ ဂုဏ်သိက္ခာနှင့် မညီညွတ်ပေ။
နောက်ဆုံးတွင် နင်ချန်သည် ဝမ်သယ့်ဖေး၏ ငိုကြွေးသံများကြားမှ ထွက်ခွာသွားခဲ့ပြီး အမိန့်တစ်စုံတစ်ရာ မချမှတ်ခဲ့ပေ။
မိဖုရားခေါင်ကြီးသည် တင်းမားမား၏ အကြံပေးချက်အတိုင်း ဝမ်သယ့်ဖေးကို ခေတ္တ အကျယ်ချုပ်ချထားလိုက်ပြီး ပထမမင်းသားကို ဝူထုံနန်းဆောင်သို့ ခေါ်ဆောင်သွားလိုက်သည်။
...
ကျောက်ထန်ခြံဝင်း။
ယဲ့ယွင်သည် ပြန်ရောက်သော်လည်း မအိပ်သေးဘဲ သတင်းစောင့်နေသည်။
သို့သော် ဝမ်သယ့်ဖေး၏ လုပ်ရပ်များမှာ အလွန် အရှက်ရဖွယ် ကောင်းလှသဖြင့် မိဖုရားခေါင်ကြီးသည် အခြားကိစ္စများကို ထုတ်မပြောဘဲ ယွီလန်ခြံဝင်းတွင် ရွှေဝါရောင်ပန်း တွေ့ရှိကြောင်းနှင့် သက်သေအထောက်အထား ခိုင်လုံသဖြင့် ဝမ်သယ့်ဖေးကို အကျယ်ချုပ်ချထားပြီး အရှင်မင်းကြီး၏ အမိန့်ကို စောင့်ဆိုင်းနေကြောင်းသာ ကြေညာလိုက်သည်။
"ခုနက ကျယ်ယွီ နန်းဆောင်ရှာဖွေဖို့ ပြောတုန်းက အရှင်မင်းကြီး တွန့်ဆုတ်နေတာ တကယ် ဒေါသထွက်ဖို့ကောင်းတယ်"
နန်ကျစ်က မကျေမနပ် ပြောလိုက်သည်။
ယဲ့ယွင် မျက်လွှာချလိုက်ပြီး ဂရုမစိုက်သလို ပြောလိုက်သည်။
"ဝမ်သယ့်ဖေးက အရှင်မင်းကြီးကို နှစ်ပေါင်းများစွာ ပြုစုလာခဲ့တာလေ။ အချစ်တော် ဖြစ်ခဲ့သလို သားဦးမင်းသားကိုလည်း မွေးပေးထားတာ။ အရှင်မင်းကြီးက စိတ်ဆတ်ပေမဲ့ သံယောဇဉ်ကြီးတယ်"
"သံယောဇဉ်ကြီးတာ ကောင်းပါတယ်။ အကယ်၍ တကယ်ကြီး ရက်စက်တတ်တဲ့သူဆိုရင် ဒီနေ့ ဝမ်သယ့်ဖေးအပေါ် ရက်စက်သလို တစ်နေ့ကျရင် ငါ့အပေါ်လည်း ရက်စက်လာမှာပဲ။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်တော့ ဝမ်သယ့်ဖေး လွတ်မှာ မဟုတ်တော့ဘူး။ မိဖုရားခေါင်ကြီးက သက်သေအထောက်အထား ခိုင်လုံတယ်လို့ ထုတ်ပြောလိုက်တာက အရှင်မင်းကြီးကို အပြစ်ပေးဖို့ ဖိအားပေးလိုက်တာပဲ"
ဟွေယွဲ့သည် ဘေးမှ ယပ်တောင်ခတ်ပေးရင်း စဉ်းစားကာ မေးလိုက်သည်။
"အရှင်မင်းကြီးက ဝမ်သယ့်ဖေးကို ဘယ်လို အပြစ်ပေးမယ်လို့ ကျယ်ယွီ ထင်လဲ"
ယဲ့ယွင် ခဏစဉ်းစားပြီးနောက် "ခန့်မှန်းရ ခက်တယ်။ ဝမ်သယ့်ဖေးမှာ သားရှိနေတာကိုး။ ကလေးမျက်နှာကို ထောက်ပြီး အရမ်းကြီး အရှက်ကွဲအောင်တော့ လုပ်မှာ မဟုတ်လောက်ဘူး" ဟု ပြောလိုက်သည်။
သေချာသည်မှာ ဤခန့်မှန်းချက်သည် ယဲ့ယွင်သည် အခြားကိစ္စများကို မသိသေးသောကြောင့် ဖြစ်သည်။
အကယ်၍ ဝမ်သယ့်ဖေး၏ နန်းဆောင်ထဲမှ အခြားပစ္စည်းများ ရှာတွေ့ခဲ့သည်ကိုသာ သိလျှင် ထိုကဲ့သို့စကားမျိုး ပြောမည် မဟုတ်ပေ။
***