အခန်း (၂၁၉-၂၂၀)
Vol. 14 Ch. 219-220
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -219
အခန်း ၂၁၉ ။ ကြီးလေးသော ပြစ်ဒဏ်
နောက်တစ်နေ့။
မနေ့ညကတည်းက တိတ်ဆိတ်စွာ ထိုင်နေသော ဝမ်သယ့်ဖေးသည် ကြည့်မကောင်းအောင် ညှိုးနွမ်းနေပြီဖြစ်သည်။
တစ်ညတည်းဖြင့် ဤအမျိုးသမီးသည် ယခင်က မျက်နှာသာအပေးခံရဆုံး၊ ကျက်သရေအရှိဆုံး သယ့်ဖေးမယ်မယ် ဖြစ်ခဲ့ဖူးသည်ဟု ယုံကြည်ရန် ခက်ခဲနေခဲ့သည်။
မနေ့ညက သူမကို ယွီလန်ခြံဝင်းသို့ ပြန်ခေါ်လာချိန်တွင် ပထမမင်းသားကို နို့ထိန်းက ပွေ့ချီပြီး အပြင်ထွက်နေပြီဖြစ်သည်။
သူမက မယူသွားရန် ငိုယိုအော်ဟစ်ပြီး ကလေးကလည်း ငိုကြွေးနေသည်။
ပထမမင်းသားလေးသည် ကျန်းမာရေး မကောင်းသော်လည်း ငြိမ်ငြိမ်သက်သက် ခေါ်သွားလျှင် ကိစ္စမရှိပေ။ သို့သော် ယခုလို လုယူနေကြသဖြင့် အမှန်တကယ်လန့်သွားပြီး သတိမေ့လုနီးပါး ငိုကြွေးနေခဲ့သည်။
သို့သော်လည်း ကလေးကို ခေါ်ထုတ်သွားခြင်းကို တားဆီး၍ မရခဲ့ပေ။
ပထမမင်းသား မရှိတော့သောအခါ ဝမ်သယ့်ဖေးသည် တစ်ကမ္ဘာလုံးက သူမကို စွန့်ပစ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
မည်သူ့ကိုမျှ မတွေ့ချင်တော့ဘဲ အခန်းတံခါးပိတ်ကာ တစ်ခါတလေ ငိုလိုက်၊ တစ်ခါတလေ ရယ်လိုက်နှင့် ဖြစ်နေပြီး အခန်းထဲရှိ ပစ္စည်းများကို ရိုက်ခွဲပစ်နေသည်။
အစေခံများက ဝင်ရှင်းပေးချင်သော်လည်း သူမက ခွင့်မပြုဘဲ ဝင်လာသူတိုင်းကို ရိုက်နှက်နေသည်။
အစေခံမလေးတစ်ယောက်က ကြမ်းပြင်ပေါ်မှ ကြွေကွဲစများကို ဝင်လှည်းရန် ကြိုးစားရာ အတွန်းခံလိုက်ရပြီး လဲကျကာ မျက်နှာကို ကြွေကွဲစ ရှသွားခဲ့သည်။
သွေးများ တရစပ် စီးကျလာသဖြင့် နာကျင်လွန်း၍ အော်ဟစ်ငိုကြွေးလေသည်။
ထိုအခါမှစ၍ မည်သူမျှ မဝင်ရဲကြတော့ပေ။
မနက်လင်းအားကြီးအချိန်ရောက်မှ အထဲတွင် ငြိမ်သက်သွားသည်။
ဝမ်သယ့်ဖေးသည် တံခါးဖွင့်လိုက်ရာ ပုံစံမကျတော့ပေ။ အဝတ်အစားများ စုတ်ပြတ်နေပြီး ဆံပင်များ ဖရိုဖရဲ ဖြစ်နေသည်။
သို့သော် သူမသည် အစေခံများကို အနားမကပ်စေပေ။
ကုလားထိုင်တစ်လုံးကို ယူကာ အဓိကဆောင်ရှေ့တွင် ထိုင်ပြီး ကောင်းကင်ကို မော့ကြည့်ကာ ငေးငိုင်နေသည်။
နေ့လည်ခင်း နီးကပ်လာသောအခါမှ ယွီလန်ခြံဝင်းအပြင်ဘက်တွင် ခြေသံများ ကြားလိုက်ရသည်။
"နောက်ဆုံးတော့ ရောက်လာပြီပေါ့"
ဝမ်သယ့်ဖေး ပြုံးလိုက်သည်။ အပြုံးက မဲ့နေသကဲ့သို့ ကြောက်စရာ ကောင်းနေသည်။
ရောက်လာသူမှာ ယွမ်ကျိုဖြစ်သည်။ လက်ထဲတွင် ကိုင်ဆောင်ထားသော အဝါရောင် အမိန့်ပြန်တမ်းလိပ်သည် သူမအတွက် ဖြစ်သည်။
"သယ့်ဖေးအန်းရှီသည် ကိုယ်လုပ်တော်တစ်ပါးကို လုပ်ကြံခြင်း၊ တားမြစ်ဆေးဝါးများ လက်ဝယ်ထားရှိခြင်းတို့ကြောင့် ဥပဒေအရ သေဒဏ်ထိုက်သော်လည်း နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ခြင်းနှင့် တော်ဝင်သွေးသား မွေးဖွားပေးခဲ့ခြင်းတို့ကို ထောက်ထား၍ သေဒဏ်မှ ကင်းလွတ်ခွင့် ပေးလိုက်သည်။ သို့သော် ဘွဲ့ထူးဂုဏ်ပုဒ်များကို ရုပ်သိမ်းပြီး ချိုက်နွီအဆင့်သို့ လျှော့ချလိုက်သည်။ နန်းတော်သို့ ချက်ချင်း ပြန်ပို့ပြီး ချင်းရှင်းဆောင်တွင် နေထိုင်စေရမည်။ အကျယ်ချုပ်ချထားပြီး အမိန့်မရဘဲ အပြင်ထွက်ခွင့်မရှိ၊ မည်သူမျှ လာရောက်တွေ့ဆုံခွင့် မရှိစေရ။ အမိန့်တော်။"
"အရှင်မင်းကြီး... တကယ် ရက်စက်တာပဲ"
အန်းရှီသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် မျက်ရည်များ စီးကျနေပြီး မျက်ဝန်းထဲတွင် နာကြည်းမုန်းတီးမှုများ ပြည့်နှက်နေသည်။
ယွမ်ကျို စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ အကယ်၍ အရှင်မင်းကြီးသာ အန်းရှီ၏ထိုစကားကို ကြားလိုက်လျှင် ပိုပြီး ဝမ်းနည်းသွားလိမ့်မည်။
ဟယ်ဟွမ်လု လက်ဝယ်ထားရှိမှု တစ်ခုတည်းနှင့်တင် ခေါင်းဖြတ်သတ်ဖို့ လုံလောက်နေပြီဖြစ်သည်။ မိသားစုတစ်ခုလုံးပါ ဒုက္ခရောက်နိုင်သည်။ ကျွမ်ယန်တန်
ဖြင့်မင်ကျယ်ယွီကို ရွှေဝါရောင်ပန်း ခတ်
သည့် ကိစ္စကိုပင် အပြစ်မယူရသေးပေ။
အရှင်မင်းကြီးက သူမအသက်ကို ကယ်တင်ပေးခဲ့ပြီး အန်းမိသားစုကိုပါ အပြစ်မပေးခဲ့ခြင်းသည် အလွန် သဘောထားကြီးရာ ရောက်နေပြီဖြစ်သည်။
သို့သော် အန်းရှီမှာ အရှင်မင်းကြီး၏စိတ်သဘောထားနှင့်ခံစားချက်များကို နားမလည်သည့်အပြင် ယခုချိန်ထိမိုက်မဲနေဆဲဖြစ်သည်။
ထားလိုက်ပါတော့။ အန်းရှီ ကိုယ်တိုင်သာ မမိုက်မဲခဲ့လျှင် ဒီအခြေအနေထိ ရောက်လာစရာ အကြောင်းမရှိပေ။
"အန်းချိုက်နွီ... အမိန့်တော်ကို လက်ခံလိုက်ပါ။ ယူသွားချင်တဲ့ ပစ္စည်းတွေရှိရင် သိမ်းဆည်းထားလိုက်ပါ။ နှစ်နာရီကြာရင် မြင်းလှည်းနဲ့ နန်းတော်ပြန်ပို့ပေးပါလိမ့်မယ်"
ယွမ်ကျို သူမကို ကြည့်ပြီး မနေနိုင်ဘဲ စကားတစ်ခွန်း ထပ်ပြောလိုက်သည်။
"အရှင်မင်းကြီးက ပြောလိုက်ပါတယ်။ ပထမမင်းသားကို ရူယီနန်းဆောင်မှာ ဒုတိယမင်းသားနဲ့အတူ ထားပြီး ပြုစုစောင့်ရှောက်ပေးမယ်တဲ့။ စိတ်မပူပါနဲ့တော့"
"စိတ်မပူနဲ့ ဟုတ်လား။ ငါ စိတ်မပူလို့ ရမလား။ ငါက ဒီအခြေအနေ ရောက်နေပြီ။ ကလေးကို ဂရုစိုက်နိုင်ဦးမှာမို့လို့လား"
အန်းရှီ လှောင်ရယ်လိုက်သည်။
ယွမ်ကျို စကားပိတ်သွားပြီး ဘာပြောရမှန်း မသိတော့ပေ။
လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်ပြီး ထွက်ခွာသွားတော့သည်။
.....
ဤပြစ်ဒဏ်ချမှတ်မှုသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူတိုင်း အံ့ဩသွားကြသည်။ ဤမျှ ပြင်းထန်သော ပြစ်ဒဏ်ကို မမျှော်လင့်ထားကြပေ။
တကယ်တမ်းတွင် မိဖုရားခေါင်ကြီးမှလွဲ၍ မည်သူမျှ အကြောင်းရင်းမှန်ကို မသိကြပေ။
ယဲ့ယွင် သတင်းကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။
ပြစ်ဒဏ်က ပြင်းထန်လွန်းနေသည်။ ၎င်းကသူမကို လှိုင်းထိပ်တင်ပေးလိုက်သလို ဖြစ်နေသည်။
သူမမှာ ကိုယ်ဝန်မရှိဘဲ အလုပ်ကြံခံရရုံ သက်သက်ဖြစ်သည်။ အကယ်၍ အရှင်မင်းကြီးက သူမအတွက်နှင့် ပထမမင်းသား၏ မယ်တော်ရင်းကို ချိုက်နွီအဆင့်ထိ လျှော့ချလိုက်သည်ဟု သတင်းထွက်သွားလျှင် သူမ မျက်နှာသာရနေသည်ကို ထားလိုက်ပါတော့၊ ယဲ့မိသားစုတွင် စစ်အာဏာရှိနေသဖြင့် နိုင်ငံရေးလောကတွင် ဝေဖန်စရာ ဖြစ်လာနိုင်သည်။
အရှင်မင်းကြီး၏ အချစ်လွန်ကဲမှုသည် တစ်ခါတစ်ရံတွင် လူသတ်လက်နက် ဖြစ်လာတတ်သည်။
"ငါ့ကို အဝတ်အစား လဲပေးစမ်း။ ကျင်းကန်နန်းဆောင်ကို သွားပြီး အန်းရှီအတွက် အသနားခံစာ တင်ရမယ်"
ယဲ့ယွင် မတ်တတ်ရပ်လိုက်သည်။
နန်ကျစ် အံ့ဩသွားသည်။
"ဘာလို့လဲ။ အန်းရှီက ကိုယ့်လမ်းကိုယ် ရွေးခဲ့တာလေ။ အရှင်မင်းကြီးက အကြောင်းရှိလို့ အပြစ်ပေးတာပေါ့..."
"အပြစ်ပေးတာ မပေးတာက အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ပဲ။ ငါ အသနားခံလို့ ရမရ ဆိုတာကလည်း အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ပဲ။ ဒါပေမဲ့ ငါက အသနားမခံလို့ မဖြစ်ဘူး။ မဟုတ်ရင် ငါက ရက်စက်လွန်းရာ ကျသွားလိမ့်မယ်။ လူပြောစရာ ဖြလာပြီး အိမ်ကလူတွေကို ဒုက္ခပေးသလို ဖြစ်သွားမယ်။ နိုင်ငံရေးလောကမှာ ယဲ့မိသားစု အာဏာပြပြီး မင်းသားရဲ့ မယ်တော်ကို နှိပ်စက်တယ်လို့ ပြောလာရင် အမေနဲ့အကိုတော်တို့ခံနိုင်မှာ မဟုတ်ဘူး"
အကျိုးအပြစ်ကို ယဲ့ယွင် ရှင်းလင်းစွာ မြင်နေသည်။ ထို့ကြောင့်အသနားခံစာကို မဖြစ်မနေ တင်ရပေမည်။
အရှင်မင်းကြီး လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ သူမအနေဖြင့် ပါးစပ်ပေါက်များကို ပိတ်ထားရန် လိုအပ်သည်။
ဆုံးဖြတ်ပြီးသည်နှင့် ယဲ့ယွင်သည် ကျင်းကန်နန်းဆောင်သို့ ချက်ချင်း ထွက်ခွာသွားသည်။
.....
နင်ချန်သည် အမတ်ကြီးများနှင့် တွေ့ဆုံပြီးခါစ ဖြစ်သည်။ ကုလားထိုင်ပေါ်တွင် မှီထိုင်ရင်း စိတ်ရှုပ်နေသည်။
မင်ကျယ်ယွီ လာရောက်တွေ့ဆုံခွင့် တောင်းသည်ဟု ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သော်လည်း ဝင်ခွင့်ပြုလိုက်သည်။
ဂါရဝပြုပြီးသည်နှင့် ယဲ့ယွင်သည် လာရင်းကိစ္စကို တိုက်ရိုက် ပြောလိုက်သည်။
"အရှင်မင်းကြီး... အန်းချိုက်နွီက ဒီချန်းချဲ့ရဲ့ မုန့်ထဲမှာ ရွှေဝါရောင်ပန်း ထည့်ခဲ့တာ အပြစ်ရှိပါတယ်။ ဒါပေမဲ့ အန်းရှီက သားသမီးမွေးဖွားပေးခဲ့တဲ့ ကုသိုလ်ရှိပါတယ်။ မင်းသားတစ်ပါးရဲ့ မယ်တော်ရင်း ဖြစ်နေတာကြောင့် ဒီလောက် ပြင်းထန်တဲ့ ပြစ်ဒဏ်က များလွန်းတယ်လို့ ထင်မိပါတယ်။ ဒီချန်းချဲ့ စိတ်မသန့်လို့ပါ၊ ပြစ်ဒဏ်ကို လျှော့ချပေးပါလို့ တောင်းဆိုချင်ပါတယ်"
"မင်း သူ့အတွက် တောင်းပန်စရာ မလိုဘူး။ ကျန်း ဆုံးဖြတ်ပြီးပြီ။ သူ ဒီလို ကိစ္စမျိုး လုပ်ခဲ့တာ ကျန်းတော်တော် စိတ်ပျက်မိတယ်"
နင်ချန် သက်ပြင်းချလိုက်ပြီး နှာခေါင်းကို နှိပ်နယ်လိုက်သည်။ သူ့အသံတွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေသည်။
ယဲ့ယွင်သည် အပေါ်ယံ ဟန်ပြလုပ်ဆောင်ခြင်းသာ ဖြစ်သဖြင့် အရှင်မင်းကြီး သဘောမတူမှန်း သိလိုက်သောအခါ ဆက်ပြီး တောင်းပန်မနေတော့ပေ။ သဘောထားကြီးသူ ပုံစံဖမ်းနေစရာ မလိုတော့ပေ။
ထို့ကြောင့် ထိုကိစ္စကို ဆက်မပြောတော့ဘဲ ပြန်ရန် ပြင်လိုက်သည်။
"ရောက်မှတော့ ချက်ချင်း မပြန်နဲ့ဦး။ ကျန်းနဲ့ အတူ ခဏလောက် နေပေးပါဦး"
နင်ချန် သူမကို တားလိုက်သည်။
ယဲ့ယွင် မျက်လွှာချလိုက်ပြီး စားပွဲပေါ်တွင် လွှာကြားချက်များ ရှုပ်ပွနေသည်ကို တွေ့လိုက်ရသဖြင့် ရှေ့မှအမျိုးသား စိတ်ရှုပ်နေမှန်း သိလိုက်သည်။
ဘာပြောရမည်၊ ဘာလုပ်ရမည်ကို သူမ သိသည်။
"အရှင်မင်းကြီးရဲ့ အခန်းထဲမှာ ရေခဲတွေ အရည်ပျော်ကုန်ပြီ။ အသစ်မလဲရသေးဘူး။ အခန်းထဲမှာ အိုက်နေတော့ စိတ်လည်း ရှုပ်တာပေါ့"
ယဲ့ယွင် ပြောရင်း ဟွေယွဲ့လက်ထဲမှ ပိုးယပ်တောင်ကို ယူလိုက်ပြီး နင်ချန်၏ ဘေးသို့ သွားကာ ညင်သာစွာ ယပ်ခတ်ပေးလိုက်သည်။
အေးမြသော လေပြည်ကြောင့် တကယ်ပင် သက်သောင့်သက်သာ ဖြစ်သွားသည်။
"ဒီယပ်တောင်က လေခတ်လိုက်ရင် ပိုအေးသလိုပဲ"
နင်ချန် သူမလက်ကို ကြည့်လိုက်သည်။
ယဲ့ယွင် ပြုံးလိုက်သည်။
"ဒီချန်းချဲ့က ယပ်တောင်ပေါ်မှာ ပူဒီနာရည်နည်းနည်း ဖြန်းခိုင်းထားတာပါ။ လေက ပိုအေးသလို ခြင်လည်း ပြေးတယ်လေ"
"မင်းက အမြဲတမ်း အသေးစိတ် ဂရုစိုက်တတ်တာပဲ"
နင်ချန် သူမလက်ကို ဆွဲကိုင်လိုက်ပြီးမျက်လုံးချင်း ဆုံမိကြသည်။ မိန်းမပျို၏ မျက်ဝန်းများသည် တည်ငြိမ်အေးဆေးနေပြီး မနေ့ညကနှင့် လုံးဝ မတူပေ။ သို့သော် သေချာကြည့်လိုက်လျှင် မျက်ဝန်းနက်နက်ထဲ၌ ပျော်ရွှင်မှု အရိပ်အယောင်များ တွေ့ရသည်။
"မင်း နစ်နာသွားပြီ"
"အရှင်မင်းကြီးက ဒီချန်းချဲ့ကို ကာကွယ်ပေးရင် ရပါပြီ"
နင်ချန် ဘာကြောင့် ထိုကဲ့သို့စကား ပြောထွက်သွားမှန်း ကိုယ့်ကိုယ်ကိုယ် မသိလိုက်ပေ။
ပြန်ပြောသံ ကြားလိုက်ရသောအခါ သူမ၏ လက်ဖမိုးလေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။
ယဲ့ယွင်သည် သူ့ကို ကိုင်ခွင့်ပြုထားပြီး နှုတ်ခမ်းစွန်းတွင် အပြုံးတစ်ခု ချိတ်ဆွဲထားသည်။
"အရှင်မင်းကြီးက ဒီရက်ပိုင်း အလုပ်များလွန်းလို့ မုတ်ဆိတ်တောင် မရိတ်ရသေးဘူး။ မုတ်ဆိတ်တွေ ထွက်နေပြီ။ ဒါပေမဲ့ ကြည့်ကောင်းပါတယ်။ ပိုပြီး ခန့်ညားသွားတယ်"
တကယ်တမ်းတွင် သူမက ပိုပြီး ဆွဲဆောင်မှု ရှိသွားတယ်လို့ ပြောချင်တာ ဖြစ်သည်။ နင်ချန် နားမလည်မှာစိုး၍စကားလုံးပြောင်းလိုက်ခြင်း ဖြစ်သည်။
သူမ ပြောလိုက်မှ နင်ချန် မေးစေ့ကို စမ်းကြည့်လိုက်ရာ မုတ်ဆိတ်မွေးစူးစူးလေးများ ထွက်နေသည်ကို တွေ့လိုက်ရသည်။
လွန်ခဲ့သော နှစ်ရက်က နိုင်ငံရေးကိစ္စများ ရှုပ်ထွေးနေပြီး မနေ့ညကလည်း ပြဿနာတက်ထားသဖြင့် တစ်ညတည်းနှင့် လူက အိုစာသွားသလို ဖြစ်နေသည်။
ဒါကိုတောင် ဒီအမျိုးသမီးက ကြည့်ကောင်းတယ်လို့ ပြောနေသေးတယ်။
ယဲ့ယွင်က ဖော်လံဖားနေတာလို့ ပြောရအောင်လည်း သူမ၏ မျက်ဝန်းနှင့် လေသံက ရိုးသားနေပေသည်။
နောက်ဆုံးတွင် နင်ချန် တွေးမိလိုက်သည်။ ယဲ့မျိုးရိုးက အသက်ကြီးတဲ့ ယောက်ျားတွေကို ကြိုက်တာများလား။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -220
အခန်း ၂၂၀ ။ ဘာဦးနှောက်လဲ
"အရှင်မင်းကြီးက ဒီချန်းချဲ့ကို ဘာလို့ အဲ့ဒီလို ကြည့်နေတာလဲ။ ဘာတွေများတွေးနေလို့လဲ"
ယဲ့ယွင် ကြောင်တောင်တောင် ဖြစ်သွားသည်။
နင်ချန် အကြည့်လွှဲလိုက်ပြီး ကိုယ့်အတွေးကိုယ် ရှက်ကာ မျက်နှာလွှဲလျက် လက်ဖက်ရည် မော့သောက်လိုက်သည်။
"ဘာမှ မဟုတ်ပါဘူး။ အခန်းထဲမှာ အိုက်နေတယ်ဆိုရင် ရေခဲနှစ်အိုးလောက် လဲခိုင်းလိုက်လေ"
ယဲ့ယွင် ဘာမှန်း မသိသဖြင့် ဆက်မစဉ်းစားတော့ပေ။
အစေခံများကို ရေခဲအသစ်များ ယူခိုင်းလိုက်ရာ တကယ်ပင် အေးမြသွားသည်။
အကယ်၍ နင်ချန်၏ အတွေးကိုသာ သိခဲ့လျှင် ယဲ့ယွင် မျက်လုံးလှန်မိပေလိမ့်မည်။
ဘာကိစ္စ အသက်ကြီးတဲ့ ယောက်ျားတွေကို ကြိုက်ရမှာလဲ။ သူမက ချောမောခန့်ညားတာကိုပဲ ကြိုက်တာ။
"အရှင်မင်းကြီးရဲ့ စားပွဲကလည်း ရှုပ်ပွနေတာပဲ။ လွှာကြားချက်တွေ ပြန့်ကျဲနေတာ ကြည့်ပါအုံး။”
ယဲ့ယွင် သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။
ထိုအကြောင်းကို ပြောလိုက်မှ နင်ချန်၏ စိတ်အခြေအနေ ပြန်ဆိုးသွားလေသည်။
စားပွဲကို လက်ညှိုးထိုးပြပြီး "ဖုန်းမိသားစုရဲ့ အဂတိလိုက်စားတဲ့ကိစ္စမှာ ပျောက်ဆုံးနေတဲ့ ငွေကြေးတွေရဲ့ လမ်းကြောင်းကို ရှာတွေ့ပြီ။ အကုန်လုံးက ယင်းကော်ကုန်းအိမ်တော်ရဲ့ သားကြီးဆီ ရောက်သွားတယ်။ ဒီကိစ္စကို ယင်းကော်ကုန်း သိမသိဆိုတာ မသေချာဘူး" ဟု ပြောလိုက်သည်။
"ယင်းကော်ကုန်း သိမသိဆိုတာ ဒီချန်းချဲ့ မသိပါဘူး။ ဒါပေမဲ့ ဒီချန်းချဲ့ ဘာမှ မသိတာတော့ အမှန်ပါပဲ"
ယဲ့ယွင် စိတ်ညစ်သွားပြီး မျက်နှာလွှဲကာ ကိုယ့်ခြေဖျားကိုယ် စိုက်ကြည့်နေလိုက်ပြီးဘယ်မှ မကြည့်တော့ပေ။
"ဒါဆို မင်းပြောကြည့်။ တော်ဝင်အစောင့်တပ်မှူး လုချင်းယွင် စုံစမ်းတွေ့ရှိချက်အရ ကျန်းရဲ့ဝမ်းကွဲအစ်ကို၊ ယင်းကော်ကုန်းရဲ့ သားကြီးက ဖုန်းမိသားစုကို အဆိပ်ခတ်သတ်ခိုင်းလိုက်တာတဲ့။ ကျန်း ဘယ်လိုလုပ်ရမလဲ"
နင်ချန်သည် သူမကို လွှတ်ပေးမည့်ပုံမပေါ်ပေ။
တစ်ယောက်တည်း စိတ်ညစ်နေမည့်အစား မျှဝေခံစားမည့်သူ ရှာရမည် မဟုတ်လား။
အမတ်ကြီးများနှင့် ဆွေးနွေးရသည်မှာ တင်းကျပ်လွန်းသည်။ ယဲ့ယွင်နှင့် စကားပြောရသည်မှာ ပေါ့ပါးသည်။
ထို့အပြင် ဤအမျိုးသမီး၏ အမြင်သည် စူးရှထက်မြက်ပြီး မကြာခဏ အကြံကောင်းများ ပေးတတ်သည်။
"အရှင်မင်းကြီး... ဘယ်လိုလုပ်ပြီး ဒီချန်းချဲ့ကို နိုင်ငံရေးထဲ အတင်းဆွဲသွင်းနေရတာလဲ။ ချန်းချဲ့က အသက်ရှည်ချင်ပါသေးတယ်"
ယဲ့ယွင် သူ့ကို မျက်စောင်းထိုးလိုက်သည်။
နင်ချန် ရယ်မောလိုက်သော်လည်း အနည်းငယ် နေရခက်သွားပြီး နှာခေါင်းကို ပွတ်ကာ သူမအကြည့်ကို ရှောင်လိုက်သည်။
"ကျန်းက ဒီအတိုင်း မေးကြည့်တာပါ။ အရင်တုန်းကလည်း မေးနေကျပဲဟာ။ ဘယ်တုန်းက မင်းကို အပြစ်တင်ဖူးလို့လဲ"
"ဒါဆို သတ်ပစ်လိုက်။ ဘယ်သူပဲဖြစ်ဖြစ် ဒီချန်းချဲ့ရဲ့ ငွေတွေကို ခိုးသွားရင် ဒီချန်းချဲ့ကတော့ ရန်သူပဲ"
မိန်းမပျိုလေးက လက်နှစ်ဖက်ကို ဖြန့်ပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
ထိုစကားသည် စိတ်ကောက်ပြီး ပြောသလိုလို ရှိသော်လည်း တကယ်တမ်းတွင် စိတ်ကောက်ချင်ယောင်ဆောင်ပြီး အမှန်တရားကို ပြောလိုက်ခြင်း ဖြစ်သည်။
နင်ချန် မျက်လုံးများ မှေးကျဉ်းသွားပြီး သူမလက်ကို ဆုပ်ကိုင်လိုက်သည်။
"နည်းနည်းတော့ ရက်စက်လွန်းရာ မကျဘူးလား"
"ရက်စက်မှ ယင်းကော်ကုန်းက သားကို ကယ်ဖို့အတွက် တန်ကြေးကြီးကြီး ပေးမှာပေါ့"
ယဲ့ယွင် နှုတ်ခမ်းမဲ့လိုက်သည်။
ယင်းကော်ကုန်းနှင့် မယ်တော်ကြီးတို့သည် သူတို့၏ သား၊ တူ ခေါင်းပြတ်သွားမည်ကို လက်ပိုက်ကြည့်နေကြလိမ့်မည်ဟု သူမ မယုံကြည်ပေ။
ယင်းကော်ကုန်း၏ သားကြီး ချန်ရှန်ဝမ်အကြောင်း သူမ သိသည်။ ဖခင်၏ ဉာဏ်ရည်ကို တစ်စက်ကလေးမှ အမွေမရခဲ့ပေ။ မိသားစုအရှိန်အဝါကို အားကိုးပြီး အသက် ၃၀ နားကပ်နေပြီဖြစ်သော်လည်း အဆင့်လေး အရာရှိနေရာတွင်သာ ရှိနေသေးသည်။
သေချာသည်မှာ သူ့တွင် ထူးခြားချက် တစ်ခုရှိသည်။ မိန်းမယူ၊ ကလေးမွေးရာတွင် တော်ခြင်းပင်။
အိမ်တွင် မယားငယ် လေးယောက်ရှိပြီး ကလေး ခုနစ်ယောက်၊ ရှစ်ယောက်လောက် မွေးထားသည်။
ထိုကဲ့သို့လူမျိုး သေသွားလည်း နှမြောစရာ မရှိပေ။ သေသွားလျှင် ယင်းကော်ကုန်းအတွက် သားဆုံးရှုံးခြင်း ဝေဒနာသာ ရှိမည်ဖြစ်ပြီး လက်တွေ့ကျသော အာဏာထိခိုက်မှု မရှိသဖြင့် နင်ချန်အတွက် အကျိုးမရှိပေ။
ထို့ကြောင့် ပြင်းထန်စွာ အပြစ်ပေးလိုက်ခြင်းက ပိုကောင်းသည်။ နင်ချန်သည် တရားမျှတပြီး ဆွေမျိုးမရွေး အပြစ်ပေးတတ်သူအဖြစ် ထင်ရှားစေသလို ယင်းကော်ကုန်းအိမ်တော်ကိုလည်း သတိပေးရာ ရောက်သည်။
ယင်းကော်ကုန်းက သားကို မကယ်ဘဲ နေမည် မဟုတ်ပေ။ ကယ်ချင်လျှင် တန်ကြေးပေးရမည်။ သားအသက်နှင့် အကျိုးစီးပွားကို လဲလှယ်ရမည်။
ထိုအခါကျမှ နင်ချန်သည် အလျှော့ပေးလိုက်လျှင် ချန်မိသားစု၏ အာဏာကို လျှော့ချနိုင်သလို အာဏာပြနိုင်ပြီး ဆွေမျိုးသံယောဇဉ်နှင့် မှုးမတ်ဟောင်းများကို ငဲ့ညှာတတ်သော မင်းကောင်းမင်းမြတ်အဖြစ်လည်း နာမည်ရမည်ဖြစ်သည်။
"မင်းအမေက မင်းကို ယောက်ျားလေးအဖြစ် မမွေးလာခဲ့တာ တကယ် နှမြောစရာပဲ"
နင်ချန် ရုတ်တရက် ရယ်မောလိုက်သည်။
ဒီနေ့ သူနှင့် သူ၏ လူယုံအမတ်ကြီးများသည် အချိန်အကြာကြီး ဆွေးနွေးခဲ့ကြသော်လည်း ဒီအချက်ကို မစဉ်းစားမိခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် မည်သူကမျှ ယင်းကော်ကုန်း၏ သားကို သတ်ပစ်နိုင်မည်ဟု မထင်မှတ်ထားကြသလို နင်ချန် ကိုယ်တိုင်လည်း သေဒဏ်ပေးရန် မစဉ်းစားထားသောကြောင့် ခြိမ်းခြောက်သည့်ဘက်ကို မတွေးမိခဲ့ကြခြင်း ဖြစ်သည်။
ရှေ့မှ အမျိုးသမီးသည် တကယ် သတ္တိရှိပြီး ရက်စက်ပြတ်သားလှသည်။
သူသည် နှစ်ပေါင်းများစွာ ချုပ်ချယ်ခံထားရသဖြင့် ပြတ်သားမှု အားနည်းနေခဲ့သည်။
သက်သေအထောက်အထား ခိုင်လုံနေပြီဖြစ်ရာ တကယ်တမ်း ချန်ရှန်ဝမ်ကို သတ်ပစ်လိုက်လျှင်လည်း မည်သူမျှ အပြစ်ပြော၍ မရပေ။
ယဲ့ယွင်ကမူ မျက်လုံးလှန်ကြည့်လိုက်ပြီး "အရှင်မင်းကြီး... အကယ်၍ ဒီချန်းချဲ့က ယောက်ျားလေး ဖြစ်နေရင် ဘယ်သူ့ကို ချင်းချင်းလို့ ခေါ်တော့မှာလဲ" ဟု နှာမှုတ်လိုက်သည်။
ဟမ့် ဒီခေတ်မှာအမျိုးသမီးတွေ စာမေးပွဲဖြေပြီး အရာရှိလုပ်ခွင့် မရှိလို့သာပေါ့။ မဟုတ်ရင် ယဲ့ယွင် အမှန်တကယ် စမ်းကြည့်ချင်သေးသည်။
စစ်ဘက်ဆိုင်ရာ မိသားစုမှ ဆင်းသက်လာပြီး မိခင်က ကုန်သည်မျိုးရိုးဖြစ်သဖြင့် ငယ်စဉ်ကတည်းက စစ်ရေးနှင့် စီးပွားရေး ပညာရပ်များကို သင်ကြားခဲ့ရသည်။ ကိုယ်ပိုင် အတွေ့အကြုံများနှင့် ပေါင်းစပ်လိုက်လျှင် အကယ်၍ အရာရှိလုပ်ခွင့်ရပါက သူများထက် ညံ့မည် မဟုတ်ပေ။
သူတို့နှစ်ဦး စကားပြောနေကြစဉ် နင်ချန်၏ စိတ်အခြေအနေ အနည်းငယ် သက်သာလာသည်။
သို့သော် ထိုအချိန်တွင် ဟွိုက်အန်းသည် မျက်နှာမကောင်းစွာဖြင့် ဝင်ရောက်လာသည်။
"အရှင်မင်းကြီး... အန်းချိုက်နွီက မသွားဘဲ သောင်းကျန်းနေပါတယ်။ အရှင်မင်းကြီးက ကိစ္စတစ်ခုကို ကတိမပေးရင်..."
"ကတိမပေးရင် ဘာဖြစ်မလဲ"
နင်ချန်၏ မျက်ဝန်းများ အေးစက်သွားသည်။
ဟွိုက်အန်း တံတွေးမြိုချလိုက်ပြီး "အန်းချိုက်နွီက ပြောပါတယ်... အရှင်မင်းကြီး ကတိမပေးရင် ဒီနေ့ပဲ သေပစ်လိုက်မယ်တဲ့။ အရှင်မင်းကြီးရဲ့ ဘဝမှာ သူ ရှိခဲ့ဖူးတယ်ဆိုတာကို အမှတ်ရနေအောင်လို့ပါတဲ့"
ထိုစကားကို ကြားလိုက်ရသောအခါ နင်ချန်သာမက ယဲ့ယွင်ပါ နားမလည်နိုင် ဖြစ်သွားသည်။
ကိုယ်လုပ်တော်တစ်ပါး ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းသည် ဆွေမျိုးကိုးဆက်ပါ သေဒဏ်ထိနိုင်သော ကြီးလေးသည့် ပြစ်မှုဖြစ်သည်။ အန်းရှီက ဘာလို့ ဒီအချက်ကို သုံးပြီး ခြိမ်းခြောက်ရတာလဲ။
ကောင်းကောင်းမွန်မွန် တောင်းပန်လျှင် ရနိုင်သော်လည်း ယခုလိုအချိန်မှာ ဒီလိုစကားမျိုး ပြောခြင်းသည် အခြေအနေကို ပိုဆိုးစေရုံသာ ရှိသည်။
ဘေးနားမှ အမျိုးသား၏ မျက်နှာထားကို အကဲခတ်ကြည့်လိုက်ရာ မဲမှောင်နေပြီဖြစ်သည်။
ခဏအကြာတွင် နင်ချန် မေးလိုက်သည်။
"သူက ဘာကတိ တောင်းတာလဲ"
"အန်းချိုက်နွီပြောတာက... ပထမမင်းသားလေးကသူနဲ့ အရှင်မင်းကြီးတို့ရဲ့ သားဖြစ်လို့ ပထမမင်းသားကို တခြားလူလက်ထဲ ထည့်မပေးပါနဲ့၊ မိခင်ရင်းကို မပြောင်းလဲပါစေနဲ့လို့ တောင်းဆိုပါတယ်"
ထိုစကားကို ပြောပြီးသည်နှင့် ဟွိုက်အန်း၏ ကျောပြင်တွင် ချွေးများ ရွှဲနစ်သွားသည်။
"မိုက်မဲလိုက်တာ။ ပထမမင်းသားကို မိခင်ရင်း အသစ် ရှာမပေးရင် ရာဇဝတ်မှုကျူးလွန်ထားတဲ့ မိန်းမရဲ့သား ဆိုတဲ့ နာမည်ဆိုးနဲ့ တစ်သက်လုံး ကြီးပြင်းလာစေချင်တာလား။”
နင်ချန် ဒေါသပေါက်ကွဲသွားပြီး လက်ဘေးရှိ လက်ဖက်ရည်ခွက်ဖြင့် ပစ်ပေါက်လိုက်ရာ ဟွိုက်အန်းမှာ ကြမ်းပြင်ပေါ် ဝပ်တွားပြီး မလှုပ်ရဲတော့ပေ။
ယဲ့ယွင်လည်း လန့်သွားသည်။
သို့သော် အန်းရှီ၏ တောင်းဆိုမှုသည် ကောင်းသည်၊ ဆိုးသည် ဝေဖန်ရန် ခက်ခဲလှသည်။
ကလေး၏ အနာဂတ်အတွက်ဆိုလျှင် ဂုဏ်သရေရှိသော မိခင်ရင်း အသစ် ရှာပေးခြင်းက ပိုကောင်းပေသည်။ သို့သော် အန်းရှီ၏ တောင်းဆိုမှုသည် နင်ချန်က သူမကို မေ့သွားမည် စိုးရိမ်သောကြောင့် ဖြစ်သည်။
ဒီအမျိုးသမီးက အခုထိအချစ်ရူး ရူးနေတာလား၊ ဦးနှောက်ထဲရေဝင်နေသလားပဲ။ယောက်ျားတစ်ယောက်က ကိုယ့်ကို အမှတ်ရနေဖို့အတွက် ကလေးရဲ့ အနာဂတ်ကိုပါ ရင်းနှီးပစ်လိုက်သည့်မိခင်မျိုးကိုမတွေ့ဖူးပေ။
နင်ချန်က အန်းရှီအပေါ် တဖြည်းဖြည်း စိတ်ပျက်လာသည်မှာ မဆန်းပေ။
အခုကြည့်ရတာ အန်းရှီက နင်ချန်အပေါ် စွဲလမ်းမှု ကြီးမားခြင်းမဟုတ်ဘဲ ခင်ပွန်းသည်၏အချစ်ခံရသူအဖြစ် ထာဝရ တည်ရှိချင်နေခြင်းဖြစ်သည်။ အဲ့ဒီ ခင်ပွန်းသည်က ဘယ်သူပဲဖြစ်ဖြစ် အတူတူပဲ ဖြစ်လောက်တယ်။
"ဒါဆို ကျွန်တော်မျိုး သွားပြီး အရှင်မင်းကြီး သဘောမတူဘူးလို့ ပြောလိုက်ပါ့မယ်"
"အသုံးမကျတဲ့ကောင်"
နင်ချန်က ဟွိုက်အန်း၏ စကားကို ဖြတ်ပြောလိုက်ပြီး မျက်နှာ မဲပုပ်နေသည်။
ယဲ့ယွင် ဝင်ပြောလိုက်သည်။
"အဲ့လို သွားပြောရင် အန်းရှီကို သေအောင် တွန်းပို့သလို ဖြစ်သွားမှာပေါ့။ မင်း ပြန်သွားပြီး အန်းရှီကို ပြောလိုက်ပါ။ အရှင်မင်းကြီးက ပထမမင်းသားကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်၊ စိတ်ချပါလို့ ပြောလိုက်။ အကယ်၍ မသွားချင်ဘူးဆိုရင် သတိမေ့သွားအောင် ရိုက်ပြီး ပြန်ပို့လိုက်။ ဒဏ်ရာမရအောင်တော့ သတိထား"
နင်ချန်သည် ကုလားထိုင်ပေါ်တွင် အားလျော့စွာ မှီချလိုက်ပြီး နားထင်ကို နှိပ်နယ်ကာ "မင်ကျယ်ယွီ ပြောသလို လုပ်လိုက်" ဟု ပြောလိုက်သည်။
ယဲ့ယွင်၏ ကူညီဖြေရှင်းပေးမှုကြောင့် ဟွိုက်အန်း ကျေးဇူးတင်သွားပြီး ဦးခိုက်ကာ ထွက်သွားလေသည်။
အစေခံများ ထွက်သွားသောအခါ ခန်းမထဲတွင် တိတ်ဆိတ်သွားသည်။
ယဲ့ယွင် ဘာပြောရမှန်း မသိတော့ပေ။ အရှင်မင်းကြီးသည်အန်းရှီကို အမှန်တကယ် ချစ်ခဲ့ဖူးကြောင်း သူမ သိသည်။
ယခုအချိန်တွင် စိတ်ထဲ၌ ခံစားနေရမည်ဖြစ်၍ ဘေးလူများ နှစ်သိမ့်ပေး၍ မရနိုင်ပေ။ သူကိုယ်တိုင် သဘောပေါက် နားလည်သွားအောင် စောင့်ရုံသာ ရှိတော့သည်။
***