အခန်း (၂၂၁-၂၂၂)
Vol. 14 Ch. 221-222
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -221
အခန်း ၂၂၁ ။ တရားရေးရုံး
အန်းရှီ ရုတ်တရက် ပြိုလဲသွားခြင်းကို အနောက်ဆောင်မှ လူအများစု လက်မခံနိုင်ကြပေ။
အထူးသဖြင့် ပြစ်ဒဏ်သည် ကြီးမားလွန်းသည်ဟု ထင်ကြသည်။
အဆင့်တစ် ဖေးအဆင့်မှ အနိမ့်ဆုံး ချိုက်နွီအဆင့်သို့ တစ်ခါတည်း လျှောကျသွားခြင်းသည် ကြီးမားသော အပြောင်းအလဲ ဖြစ်သည်။
ပို၍ အံ့ဩစရာကောင်းသည်မှာ မင်ကျယ်ယွီကိုယ်တိုင် ကျင်းကန်နန်းဆောင်သို့ သွားရောက် အသနားခံသော်လည်း အရှင်မင်းကြီးက လျှော့ပေါ့မပေးခဲ့ခြင်း ဖြစ်သည်။
ထိုအချက်က လူများကို တွေးစရာ ဖြစ်လာစေခဲ့သည်။
အတွင်းရေးကို မသိကြသော်လည်း အန်းရှီသည် ရွှေဝါရောင်ပန်းခတ်ခြင်း တစ်ခုတည်း လုပ်ခဲ့သည် မဟုတ်မှန်း ခန့်မှန်းမိကြလေသည်။ မဟုတ်လျှင် အရှင်မင်းကြီး၏ အချစ်တော်ဖြစ်သောအန်းရှီသည် ထိုမျှ ရက်စက်စွာ အပြစ်ပေးခံရမည် မဟုတ်ပေ။
သို့သော် မည်သည့်လုပ်ရပ်ကြောင့်ယခုကဲ့သို့ အအေးနန်းဆောင်းသို့စွန့်ပစ်ခံရခြင်းကို ဘယ်သူမှ စုံစမ်းရဲခြင်း မရှိပေ။ အရှင်မင်းကြီးက ထုတ်မပြောမှတော့ လျှို့ဝှက်ချက် တစ်ခုခု ရှိနေမည်မှာ သေချာသည်။
နောက်ဆုံးတွင် အန်းရှီကို သတိမေ့အောင် ရိုက်ပြီး မြင်းလှည်းထဲ ထည့်ကာ နန်းတော်သို့ ပြန်ပို့လိုက်သည်။
သို့သော် ပထမမင်းသားလေးသည် မိခင်ဖြစ်သူ၏ ခြောက်လှန့်မှုကြောင့် ဖျားနာပြီး အဖျားတက်နေသဖြင့် ရွှေ့ပြောင်း၍ မရသောကြောင့် မိဖုရားခေါင်ကြီးထံတွင် ခေတ္တ ထားရှိလိုက်ရသည်။
အန်းရှီ နန်းတော်သို့ ပြန်ရောက်သွားသည်နှင့် တပြိုင်နက် လျှို့ဝှက်စာတစ်စောင်သည် ချီအန်းနန်းဆောင်မှ ယောင်ထိုက်ကွေ့ဖေး လက်ထဲသို့ ရောက်ရှိသွားသည်။
.....
နှစ်ရက်မကြာမီတွင် အန်းချိုက်နွီကို ပြုစုသော အနီးကပ်အစေခံ ပိုင်ရွှမ်းသည် ကြိုးဆွဲချ သေဆုံးသွားလေသည်။
အပြင်လူများကိုတော့ အနိုင်ကျင့်ခံရကာ မခံနိုင်၍ သေဆုံးသွားတာဖြစ်ကြောင်း သတင်းလွှင့်ခဲ့ပေသည်။
အန်းရှီ ရာထူးကျသွားပြီးနောက် စိတ်ရိုင်းဝင်လာပြီး အစေခံများကို ရိုက်နှက်ဆဲဆိုလေ့ရှိသဖြင့် ပိုင်ရွှမ်းသည်မခံနိုင်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။
ဤသတင်း လင်ရှီးဥယျာဉ်တော်သို့ ရောက်လာသောအခါ နင်ချန်သည် ဘာမှ ထူးခြားဟန် မပြပေ။
အစေခံတစ်ယောက်ကို သေအောင် ဖိအားပေးခြင်းသည် အန်းရှီ လုပ်နိုင်သော ကိစ္စမျိုး ဖြစ်သည်ဟု ယူဆလိုက်သည်။
......
ဝူထုံနန်းဆောင်။
မိဖုရားခေါင်ကြီးသည် ဘေးဆောင်မှ ပထမမင်းသားကို သွားကြည့်ပြီး ပြန်လာခါစ ဖြစ်သည်။
"ဒီကလေးက မိခင်ရဲ့ အကာအကွယ် မရှိတော့ရင် အသက်ရှင်ဖို့ ခက်ခဲလိမ့်မယ်။ ကြောင်ကလေးတစ်ကောင်လို ပိန်လှီနေတာပဲ။”
"အန်းရှီက သူကိုယ်တိုင် ရှာတဲ့လမ်းပါပဲ။ ကလေးရလာတာတောင် ကောင်းကောင်း မစောင့်ရှောက်ဘဲ အမြဲတမ်းအချစ်ခံရဖို့ပဲ မျှော်လင့်နေတာ။ လူဆိုတာ မနာလိုဝန်တိုစိတ် များလွန်းရင် အသိဉာဏ်ကင်းမဲ့သွားပြီး အရာရာ ဆုံးရှုံးတတ်ပါတယ်"
တင်းမားမားက ပြောလိုက်သည်။
မိဖုရားခေါင်ကြီး ထိုင်လိုက်ပြီး တင်းမားမား ကမ်းပေးသော လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။
"မားမားက ပန်းကုန်းကို သတိပေးနေတာလား"
တင်းမားမား ပြုံးပြီး ဒူးညွှတ်လိုက်သည်။
"မယ်မယ်က ဉာဏ်ကောင်းပြီးသားပါ။ မိဖုရားခေါင်ကြီး ဖြစ်နေမှတော့ အချစ်ခံရရင် ပိုကောင်းတယ်ဆိုပေမဲ့ အရှင်မင်းကြီးရဲ့ အချစ်ဆိုတာ မယ်မယ့်အတွက် အပိုဆုလာဘ်အပြင်မပိုပါဘူး။ မယ်မယ်က ဒီနေရာကို ခိုင်မြဲအောင် ထိုင်နိုင်ရင် ပြည့်စုံနေပါပြီ။ မနာလိုဝန်တို ဖြစ်ရတာက မယားငယ်တွေရဲ့ အလုပ်ပါ"
"မားမား ပြောတာကို ပန်းကုန်းနားလည်ပါတယ်။ ဒါပေမဲ့ သူက ပန်းကုန်းခင်ပွန်းလေ။ ပန်းကုန်းဘယ်လိုလုပ်ပြီး လုံးဝ ဂရုမစိုက်ဘဲ နေနိုင်မှာလဲ"
လက်ကောက်ဝတ်ရှိ နဂါးနှင့်ဖီးနစ်ပုံ လက်ကောက်ကို ကြည့်ရင်း မိဖုရားခေါင်ကြီး၏ မျက်ဝန်းအိမ်များ နီရဲလာသည်။
ဤလက်ကောက်သည် မင်္ဂလာဆောင်သည့်နေ့က နင်ချန် ကိုယ်တိုင် ဝတ်ပေးခဲ့ခြင်းဖြစ်ပြီး တစ်ခါမျှ မချွတ်ခဲ့ဖူးပေ။
တင်းမားမား စိတ်မကောင်း ဖြစ်သွားပြီး သက်ပြင်းချကာ ထိုင်ချပြီး နှစ်သိမ့်ပေးလိုက်သည်။
"မယ်မယ်... ဘယ်အိမ်က တရားဝင်ဇနီးမယားမဆို ဒီလိုပဲ နေရတာပါပဲ။ အနည်းဆုံးတော့ ကျွန်မတို့ အရှင်မင်းကြီးက တရားမျှတပါသေးတယ်။ ကိုယ်လုပ်တော်တွေကို ချစ်ပေမဲ့ မယ်မယ့်ကိုလည်း စိတ်ထဲကနေလေးစားပါတယ်။”
"အရှင်မင်းကြီးက အမြဲတမ်း သံယောဇဉ်ကြီးတာဟုတ်ပါတယ်။ ပန်းကုန်းအပေါ်မှာရော၊ တခြားလူတွေအပေါ်မှာရောပေါ့။ အန်းရှီ အဲ့ဒီလို ကိစ္စတွေ လုပ်ခဲ့ပြီး ရာထူးချခံရတာတောင်မှ အရှင်မင်းကြီးက သူများတွေ အနိုင်ကျင့်မှာစိုးလို့ ကာကွယ်ပေးထားသေးတယ်။ အကျယ်ချုပ် ချထားတယ် ဆိုပေမဲ့ တကယ်တမ်းကျတော့ အနောက်ဆောင်က မိန်းမတွေ လက်ထဲကနေ အန်းရှီကို ကယ်တင်ပေးထားတာပဲ"
"မည်သူမျှ လာရောက်တွေ့ဆုံခွင့် မရှိ" ဟူသော အမိန့်သည် အန်းရှီအတွက် ပြဿနာများစွာကို တားဆီးပေးထားနိုင်သည်။
မိဖုရားခေါင်ကြီးသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်ရည်စများကို သုတ်လိုက်သည်။
"ထားလိုက်ပါတော့၊ ဒီအကြောင်းတွေ မပြောတော့ဘူး။ ဘာပဲဖြစ်ဖြစ် အခုတော့ အချစ်တော် ဝမ်သယ့်ဖေး ဆိုတာ မရှိတော့ဘူးလေ။ မားမား... ပန်းကုန်းအတွက် ရေခဲမုန့်တစ်ခွက်လောက် လုပ်ပေးပါလား။ မားမားရဲ့ လက်ရာက အကောင်းဆုံးပဲ"
"ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုးမအခုပဲ သွားလုပ်ပေးပါ့မယ်။ မယ်မယ် အနားယူလိုက်ပါဦး"
တင်းမားမားလည်း ပြုံးလိုက်ပြီး ထွက်ခွာသွားသည်။
တံခါးဝရောက်မှ သက်ပြင်းချကာ ခေါင်းခါပြီး မီးဖိုချောင်သို့ သွားလေသည်။
....
အနောက်ဆောင်တွင် အချစ်တော်တစ်ပါး လျော့သွားသဖြင့် ခေတ္တ ငြိမ်သက်သွားသော်လည်း အရှေ့ဆောင်တွင်မူ မုန်တိုင်းထန်နေလေသည်။
တော်ဝင်အစောင့်တပ်မှူး လုချင်းယွင်သည် အရှင်မင်းကြီး၏ အမိန့်အရ ဖုန်းမိသားစု အဂတိလိုက်စားမှု အမှုကို စုံစမ်းစစ်ဆေးပြီး သက်သေအထောက်အထားများကို ညီလာခံသို့ တင်ပြလိုက်သည်။ ယင်းကော်ကုန်း၏ တရားဝင်သား ချန်ရှန်ဝမ်သည် လာဘ်စားမှု ကျူးလွန်ခဲ့ကြောင်း ခိုင်လုံသော သက်သေများ ရှိနေသဖြင့် ဥပဒေအရ ခေါင်းဖြတ်သတ်ရမည် ဖြစ်သည်။
အခြေအနေ ဒီအထိ ရောက်လာမှ ယင်းကော်ကုန်းသည် သူ့သား ဘယ်လောက် လာဘ်စားထားသလဲ ဆိုတာကို သိလိုက်ရသည်။
ဖုန်းမိသားစု ပြဿနာတက်စက သူ သားဖြစ်သူကို မေးမြန်းခဲ့သော်လည်း ချန်ရှန်ဝမ် ပြောသော ပမာဏသည် တကယ်တမ်း စားထားသည့် ပမာဏ၏ သုံးပုံတစ်ပုံသာ ရှိသဖြင့် ယင်းကော်ကုန်းက သိပ်မစိုးရိမ်ခဲ့ပေ။
ထိုနေ့က ဝူမိသားစုကို ဖိတ်ပြီး ထမင်းလက်စုံစားကာ သဘောထား စုံစမ်းခဲ့ခြင်းဖြစ်သည်။ အကယ်၍ သားဖြစ်သူသည် ထိုကဲ့သို့အများကြီး လာဘ်စားထားမှန်း သိခဲ့လျှင် နည်းလမ်းရှာပြီး လက်ဦးမှူယူကာဖြေရှင်းခဲ့မည်မှာ သေချာသည်။
သို့သော် သားဖြစ်သူသည် အဆူခံရမှာ
ကြောက်၍ အမှန်တိုင်းမပြောဘဲ ကိုယ့်ဘာသာ ဖြေရှင်းနိုင်မယ်ထင်ပြီး ဖုံးကွယ်ထားရာမှ အခုလို အခြေအနေ ရောက်သွားရခြင်း ဖြစ်သည်။
ယခုအချိန်တွင် သားအသက်ကို ကယ်တင်ရန်အတွက် တစ်ယောက်ယောက်ကို အစားထိုး အပြစ်ပေးခံခိုင်းမှ ရတော့မည်။
လာဘ်စားမှုက ဖြေရှင်းလို့ ရနိုင်သေးသော်လည်း သက်သေကို အဆိပ်ခတ်သတ်ပြီး ဖုံးကွယ်ရန် ကြိုးစားမှုက ခွင့်လွှတ်၍ မရသော အပြစ်ဖြစ်သည်။
ထို့ကြောင့် ဖုန်းမိသားစုကို သတ်လိုက်သူသည် ချန်ရှန်ဝမ် မဖြစ်စေရပေ။
နောက်ဆုံးတွင် ယင်းကော်ကုန်းသည် တရားရေးရုံး အကြီးအကဲကို အစားထိုး တရားခံအဖြစ် တွန်းပို့လိုက်ရသည်။ တရားရေးရုံး အကြီးအကဲသည်လည်း ဖုန်းမိသားစုထံမှ အကျိုးအမြတ် ရယူခဲ့ပြီး ပေါ်သွားမှာစိုးသဖြင့် အဆိပ်ခတ်သတ်လိုက်သည်ဟု လျှောက်တင်လိုက်သည်။
ချန်ရှန်ဝမ်ကမူ ငွေမက်ပြီး လာဘ်ယူမိသော်လည်း ငွေတစ်ပြားမှ မသုံးရသေးကြောင်း ပြောဆိုလိုက်သည်။
တကယ် မသုံးရသေးတာလား၊ ယင်းကော်ကုန်းက စိုက်လျော်ပေးလိုက်တာလား ဆိုတာကိုတော့ ဘယ်သူမှထပ်၍ စုံစမ်းမနေတော့ပေ။
ညီလာခံတွင် ယင်းကော်ကုန်းသည် ဒူးထောက်ငိုကြွေးပြီး သားဖြစ်သူကို ကိုယ်တိုင် တုတ်ချက် ၅၀ ရိုက်နှက်ကာ ကျိုချန်နန်းဆောင် အပြင်ဘက်သို့ ထမ်းခေါ်လာပြီး အရှင်မင်းကြီးထံ အပြစ်ပေးရန် တောင်းဆိုလေသည်။
နေပူထဲတွင် ဒူးထောက်ရင်း မေ့လဲသွားသည်အထိပင်။
နင်ချန်သည် အခြေအနေကို ကြည့်ပြီး အချိန်တန်ပြီဟု ယူဆကာ အမိန့်တော် ချမှတ်လိုက်သည်။ ချန်ရှန်ဝမ်ကို သေဒဏ်မှ ကင်းလွတ်ခွင့် ပေးလိုက်သော်လည်း အပြစ်ဒဏ်တော့ ခံရမည် ဖြစ်သည်။
ချန်ရှန်ဝမ်၏ အဆင့်လေး ရာထူးကို ရုပ်သိမ်းလိုက်ပြီး သာမန်အရပ်သားအဖြစ် လျှော့ချလိုက်သည်။ ယင်းကော်ကုန်း အမွေဆက်ခံခွင့်ကိုလည်း ပိတ်ပင်လိုက်သည်။
ယင်းကော်ကုန်းတွင် တရားဝင်
သားတစ်ယောက်တည်းရှိသဖြင့် ဤအမိန့်တော်သည် သူ၏တရားဝင်မျိုးဆက်ပြတ်သွားစေခြင်း ဖြစ်သည်။
အမွေဆက်ခံမည့်သူကို မယားငယ်က မွေးသော သားများထဲမှ ရွေးချယ်ရတော့မည်။
သေချာသည်မှာ ဤအရာများသည် နင်ချန် ဂရုစိုက်သော အရာများ မဟုတ်ပေ။ သူ ရရှိလိုက်သော အကြီးမားဆုံးအကျိုးအမြတ်မှာ တရားရေးရုံးကို ပြန်လည်ထိန်းချုပ်နိုင်လိုက်ခြင်း ဖြစ်သည်။
နန်ချီ၏ တရားရေးရုံးသည် အမှုစစ်ဆေးခြင်းနှင့် စီရင်ချက်ချခြင်းကို တာဝန်ယူရသဖြင့် တရားရေးရုံးကို ထိန်းချုပ်နိုင်ခြင်းသည် တရားဥပဒေရေးရာကို လက်ဝယ်ပိုင်ဆိုင်လိုက်ခြင်းပင် ဖြစ်သည်။
လစ်လပ်သွားသော တရားရေးရုံး အကြီးအကဲနေရာတွင် နင်ချန်သည် ယိရှိုးယွမ်၏ အစ်ကို ဝူယီဖိန်ကို ခန့်အပ်ချင်သော်လည်း ကန့်ကွက်သူ များပြားနေသည်။
ပထမအချက်မှာ ဝူယီဖိန် ငယ်ရွယ်လွန်းခြင်းဖြစ်ပြီး ဒုတိယအချက်မှာ တရားရေးရုံး လက်ထောက်အရာရှိ ဖြစ်ပါလျက်နှင့် သက်သေကို ထောင်ထဲတွင် အသတ်ခံရအောင် ပေါ့လျော့ခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် နင်ချန်သည် လက်လျှော့လိုက်ရပြီး နှစ်ပေါင်းများစွာ ဘက်မလိုက်ဘဲ နေခဲ့သော ဝါရင့်အရာရှိ လီရှိုချီကို ခန့်အပ်လိုက်သည်။
ဤသို့ဖြင့် ဖုန်းမိသားစု အဂတိလိုက်စားမှု အမှုသည် ပြီးဆုံးသွားခဲ့သည်။
သို့သော် နောက်ထပ် ပြဿနာတစ်ခု ပေါ်လာသည်။
ယခုအခါ တော်ဝင်ကုန်သည်အဖြစ် ချူမိသားစု တစ်ဦးတည်းသာ ကျန်ရှိတော့သဖြင့် တစ်ဦးတည်းတော်ဝင်ကုန်သည် ဖြစ်လာမည့် အလားအလာ ရှိနေသည်။
ယဲ့ယွင်သည် ပေါ့ဆမနေရဲဘဲ အဘိုးအိမ်သို့ ချက်ချင်း စာရေးပြီး သတိပေးလိုက်သည်။ မောက်မာခြင်း မရှိရန်၊ တာဝန်ကျေပွန်ရန်၊ အရှင်မင်းကြီးအပေါ် သစ္စာစောင့်သိရန်နှင့် ဖုန်းမိသားစုကို သင်ခန်းစာယူရန် အထပ်ထပ် မှာကြားလိုက်သည်။
စာထဲတွင် အရှင်မင်းကြီးသည် လက်ရှိအချိန်တွင် ချူမိသားစုကို ယုံကြည်နေဆဲဖြစ်ကြောင်း၊ အဘိုးတို့အနေဖြင့် စိတ်အေးအေးထားရန်နှင့် သံသယလွန်ကဲပြီး အရှင်မင်းကြီး၏ ယုံကြည်မှုကို မထိခိုက်စေရန်လည်း ထည့်သွင်းရေးသားလိုက်သည်။
အပြင်ရောက်နေသော ချူမိသားစုသည် စာရသောအခါ စိတ်သက်သာရာ ရသွားကြသည်။
ချူမိသားစုသည် ရည်မှန်းချက်ကြီးမားသူများ မဟုတ်ကြပေ။ စီးပွားရေး တိုးတက်ချင်ကြသော်လည်း နိုင်ငံကို စိုးမိုးမည့် အကြံအစည်မျိုး မရှိကြပေ။
ဖုန်းမိသားစု နမူနာ ရှိနေသဖြင့် ရိုးသားသော ချူမိသားစုသည် ပိုမို သတိထားပြီး သစ္စာစောင့်သိကြလေသည်။
နင်ချန်သည်လည်း ဒီရက်ပိုင်း ချူမိသားစုကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
ချူမိသားစု၏ သစ္စာရှိမှုနှင့် ယုံကြည်စိတ်ချရမှုကို တွေ့ရှိရသဖြင့် ပိုမို ကျေနပ်အားရသွားသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -222
အခန်း ၂၂၂ ။ လျှို့ဝှက်ချက်
ချန်မိသားစုကိစ္စကို ဖြေရှင်းပြီးနောက် နင်ချန်သည် မယ်တော်ကြီးက လာရောက်သောင်းကျန်းမည်ဟု မျှော်လင့်ထားခဲ့သည်။
သို့သော် မယ်တော်ကြီးသည် အံ့ဩဖွယ်ကောင်းလောက်အောင် ငြိမ်သက်နေပြီး ပြင်ပလောကအကြောင်း မကြားချင်ယောင်ဆောင်ကာ အေးဆေးစွာ နေထိုင်နေသည်။
ထူးခြားသည်မှာ နန်းတွင်းသူလျှိုများ၏ သတင်းပေးချက်အရ မိဖုရားခေါင်ကြီး မရှိခိုက်တွင် မယ်တော်ကြီးသည် ဖုမားမားကို ရူယီနန်းဆောင်သို့ မကြာခဏ စေလွှတ်ပြီး ဒုတိယမင်းသားလေးကို ဂရုစိုက်ရန် မှာကြားလေ့ရှိသည်ဟု ဆိုသည်။
တကယ်ပဲ စိတ်ပြောင်းသွားတာလား၊ ဒါမှမဟုတ် သည်းခံနေတာလား ဆိုတာကိုတော့ ခွဲခြားရခက်နေသည်။
အချိန်ကုန်လွန်လာပြီး ဩဂုတ်လလယ် ရောက်ရှိလာသည်။ နောက်ထပ် ရက်အနည်းငယ်ကြာလျှင် ဆောင်းဦးလယ်ပွဲတော် ကျင်းပတော့မည် ဖြစ်သည်။
ဒီနှစ် ပွဲတော်ကို လင်ရှီးဥယျာဉ်တော်တွင် ကျင်းပမည့်ပုံရသည်။
ဒီကာလအတွင်း နင်ချန်သည် ကျောက်ထန်ခြံဝင်းတွင် အများဆုံး အိပ်စက်လေ့ရှိသည်။ နောက်တစ်ဆင့်တွင် ရှမိန်ရန်၊ ထို့နောက်မှ ယိရှိုးယွမ် ဖြစ်သည်။ ဖန်းရှိုးယွမ်ထံသို့ တစ်ခေါက်နှစ်ခေါက်သာ သွားရောက်သည်။
အစပိုင်းတွင် လှုပ်ရှားခဲ့သော ချွေ့ပေါင်လင်သည် ယခုအခါ လုံးဝ ငြိမ်သက်သွားပြီး ယဲ့ယွင်ကို အပြစ်ပြုရဲခြင်း မရှိတော့ပေ။
တစ်ခါတစ်ရံ မျက်နှာချိုသွေးရန် ကြိုးစားသော်လည်း ယဲ့ယွင်က လုံးဝ ဂရုမစိုက်သဖြင့် ဒေါသထွက်နေရသည်။
သို့သော် ချွေ့ပေါင်လင်သည် ရာထူးနိမ့်ကျသူဖြစ်၍ မည်သူမျှ သူမကို ဂရုမစိုက်ကြပေ။
မိဖုရားခေါင်ကြီးသည်လည်း ဆောင်းဦးလယ်ပွဲတော်အတွက် အလုပ်ရှုပ်နေသည်။
ဒီနှစ်တွင် နင်ချန်သည်အဆင့်သုံးနှင့်အထက် အမတ်ကြီးများကို မိသားစုနှင့်အတူ လင်ရှီးဥယျာဉ်တော်သို့ လာရောက်ပြီး ပွဲတော်ဆင်နွှဲခွင့်ပြုရန် စီစဉ်ထားသည်။
အမတ်ကြီးများ လာမည်ဆိုလျှင် နန်းတော်ထဲမှ မယ်တော်ကြီးနှင့် အခြားမယ်တော်များကိုလည်း ကြိုတင်သွားရောက် ခေါ်ယူရမည်ဖြစ်သည်။
ထ်ို့ကြောင့်အားလုံးကို လင်ရှီးဥယျာဉ်တော်သို့ ခေါ်ဆောင်လာပြီး ချုံးယန်ပွဲတော်ပြီးမှ ပြန်ပို့ရန် စီစဉ်ထားသည်။
သို့သော် လူသွားခေါ်သော မြင်းလှည်းများ ပြန်မရောက်ခင်မှာပင် နန်းတော်မှ ဝမ်းသာစရာ သတင်းတစ်ခု ရောက်ရှိလာသည်။
"မယ်တော်ကြီးဆီက စာရောက်လာပါတယ်။ စုကျယ်ယွီမှာ ကိုယ်ဝန် သုံးလရှိနေပါပြီတဲ့။ စာရင်းစာအုပ် ပြန်ကြည့်လိုက်တော့ မေလတုန်းက စူးမျိုးရိုး ရာထူးတိုးတဲ့အချိန်နဲ့ ကိုက်ညီနေတယ်။ စုကျယ်ယွီ ကံကောင်းတာပဲ။ အရှင်မင်းကြီး... ဂုဏ်ယူပါတယ်။ နောက်ထပ် တော်ဝင်မျိုးဆက်တစ်ပါး ထပ်ရတော့မယ်"
ဝူထုံနန်းဆောင်တွင် မိဖုရားခေါင်ကြီးက ပြုံးရွှင်စွာ သတင်းကြေညာလိုက်သည်။
သူမ ဥယျာဉ်တော်သို့ ရောက်လာပြီဖြစ်၍ ကိုယ်လုပ်တော်များ ဂါရဝပြုရန် လာရောက်ကြရသည်။ ယနေ့သည် ဂါရဝပြုရမည့်နေ့ဖြစ်ပြီး မနေ့ညက နင်ချန်သည် ဆောင်းဦးလယ်ပွဲတော်ကိစ္စ ဆွေးနွေးရန် ဝူထုံနန်းဆောင်တွင် အိပ်စက်ခဲ့သည်။
ထို့ကြောင့် ယနေ့ လူစုံတက်စုံ ရှိနေချိန်တွင် သတင်းကြေညာလိုက်ခြင်း ဖြစ်သည်။
"စုကျယ်ယွီက တော်တော် လျှို့ဝှက်တတ်တာပဲ။ သုံးလလောက် ကြာမှ ပြောပြတယ်။ ဇွန်လတုန်းက ဥယျာဉ်တော်ကို လာဖို့ ပြင်ဆင်နေတုန်းကဆိုရင် တစ်လလောက် ရှိနေလောက်ပြီ။ အဲ့ဒီတုန်းက နေမကောင်းဘူးဆိုပြီး မလိုက်လာတာက ကိုယ့်ဘာသာကိုယ် ကိုယ်ဝန်ထိန်းချင်လို့လား။ ဘယ်သူ့ကို ကြောက်လို့လဲ မသိဘူး"
ရှူးဖေးက နှာမှုတ်လိုက်ပြီး လှောင်ပြောင်လိုက်သည်။
"စုကျယ်ယွီက ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်တာဆိုတော့ အစပိုင်းမှာ နေထိုင်မကောင်းတာ ဖြစ်နိုင်ပါတယ်။ သူပြောတာက ရာသီလာတာ မမှန်တတ်လို့ နှစ်လလောက်ကြာမှ သတိထားမိပြီး စစ်ဆေးကြည့်လိုက်တော့မှ ကိုယ်ဝန်ရှိမှန်း သိလိုက်ရတာတဲ့။ ရှူးဖေးလည်း ကိုယ်ဝန်ဆောင်ဖူးတာပဲ၊ အခက်အခဲတွေကို နားလည်ပေးသင့်တယ်။ ဒီလို စကားတွေ မပြောသင့်ပါဘူး"
မိဖုရားခေါင်ကြီးသည် ရှူးဖေး၏ သဘောထားသေးသိမ်မှုနှင့် ဆန့်ကျင်ဘက်အနေဖြင့် သဘောထားကြီးဟန်ဆောင်ကာ ပြောလိုက်သည်။
ဤစကားများသည် တရားဝင်ဇနီးမယားကြီး၏ ဂုဏ်သိက္ခာနှင့် ညီညွတ်ပြီး ရှူးဖေးကို မနာလိုဝန်တိုတတ်သူအဖြစ် ပေါ်လွင်စေသည်။
ဝမ်သယ့်ဖေး မရှိတော့သည့်အတွက် အဆင့်တစ် ဖေးရာထူးတွင် သူမတစ်ယောက်တည်း ရှိနေသောကြောင့် ရှူးဖေးသည် အနည်းငယ် မကျေမနပ် ဖြစ်နေသည်။
မိဖုရားခေါင်ကြီးကို ရန်မစရဲသဖြင့် အခြားသူများကို အပြစ်ရှာရန် ကြိုးစားလိုက်သည်။
သူမ၏ အကြည့်များသည် ဒီကာလအတွင်း အိပ်ဆောင်ဝင် အများဆုံးဖြစ်သော
ယဲ့ယွင်ထံသို့ ရောက်ရှိသွားသည်။
"တစ်ခါတလေမှ အိပ်ဆောင်ဝင်ရတဲ့ စုကျယ်ယွီတောင် ကိုယ်ဝန်ရသေးတာပဲ။ မင်ကျယ်ယွီ နန်းတော်ထဲ ရောက်လာတာ အချိန်မနည်းတော့ဘူး။ ဘာလို့ ဗိုက်ထဲမှာ ဘာသံမှ မကြားရသေးတာလဲ။ အရှင်မင်းကြီးအတွက် မင်းသားလေးတစ်ပါးလောက် မြန်မြန်မွေးပေးသင့်တယ်"
ယဲ့ယွင် သူမကို ဂရုမစိုက်ချင်သော်လည်း ဒူးညွှတ်အရိုအသေပြုကာ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"နန်းတော်ထဲ ရောက်လာတဲ့ အချိန်ကာလကို ပြောရမယ်ဆိုရင် ရှူးဖေးမယ်မယ်က ပထမဆုံး အသုတ်ထဲကလေ။ ဒီလောက်ကြာတာတောင် ပထမမင်းသမီးလေး တစ်ပါးပဲ မွေးနိုင်သေးတယ်။ ဒီချန်းချဲ့ အမြင်အရတော့ ရှူးဖေးမယ်မယ် ကိုယ်တိုင် အရင်ကြိုးစားသင့်တယ် ထင်ပါတယ်။ အရှင်မင်းကြီးအတွက် သားသမီးတွေ အများကြီး မွေးပေးနိုင်ပါစေ"
"ယဲ့မျိုးရိုး... မင်း!"
ရှူးဖေး မျက်နှာ နီရဲသွားသည်။
သူမ အိပ်ဆောင်ဝင်ခွင့် မရသည်မှာ ကြာပြီဖြစ်ကြောင်း နန်းတော်တစ်ခုလုံး သိကြသည်။ ဒီလိုစကားမျိုး ပြောခြင်းသည် သူမ၏ မျက်နှာကို ကြမ်းပြင်ပေါ် တင်နင်းလိုက်ခြင်းနှင့် တူပေသည်။
"ရှူးဖေး... မင်း ပါးစပ်ပိတ်မနေနိုင်ရင် လက်ဖက်ရည်သောက်၊ မုန့်စားနေလိုက်။ ဘယ်သူမှ မင်းကို စွံ့အနေတယ်လို့ မထင်ဘူး"
အဓိက ထိုင်ခုံမှ အမျိုးသား၏ နက်ရှိုင်းအေးစက်သော အသံ ထွက်ပေါ်လာပြီးအနည်းငယ် စိတ်မရှည်သောလေသံပါဝင်နေသည်။
နင်ချန်၏ စကားတစ်ခွန်းတည်းဖြင့် ရှူးဖေးကို တိတ်ဆိတ်သွားစေခဲ့သည်။ နေရခက်စွာဖြင့် ပါးစပ်ပိတ်လိုက်ရသည်။
ခန်းမထဲတွင် တိတ်ဆိတ်သွားမှ နင်ချန် ဆက်ပြောသည်။
"စူးမျိုးရိုး ကိုယ်ဝန်ရှိနေပြီဆိုတော့ စားသောက်နေထိုင်မှုတွေ ဂရုစိုက်ရမယ်။ ကိုယ်ဝန်ထိန်းဖို့အတွက် လင်ရှီးဥယျာဉ်တော်ထိ မလာခိုင်းနဲ့တော့။ သူ့အတွက် သီးသန့် မီးဖိုချောင်တစ်ခု ပေးလိုက်။ အစားအသောက် သီးသန့် လုပ်စားခိုင်းလိုက်။ ဒါဆို ပိုစိတ်ချရတယ်။ ပြီးတော့ အရင်ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်တွေကို အကုန်ခေါ်စရာ မလိုဘူး။ သားသမီးမွေးဖူးတဲ့ သူတွေကိုပဲ ခေါ်လာခဲ့။ ဒါတွေကို မိဖုရားခေါင်ကြီးပဲစီမံလိုက်ပါ"
ပြောပြီးသည်နှင့် မိဖုရားခေါင်ကြီး၏ လက်ကို ပုတ်လိုက်သည်။
မိဖုရားခေါင်ကြီးက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သို့သော် ကိစ္စတစ်ခုကို ထပ်တင်ပြလိုက်သည်။
"နန်းတော်ထဲမှာ ပြုစုစောင့်ရှောက်မယ့်လူ မရှိဘဲ ဒုတိယမင်းသားလေးကလည်း ငယ်သေးတော့ အစေခံတွေလက်ထဲ ထည့်ထားရမှာ စိတ်မချပါဘူး။ မယ်တော်ကြီးနဲ့အတူ ခေါ်လာခဲ့ရင် ကောင်းမလား။ အခု ဒီချန်းချဲ့က ပထမမင်းသားကို စောင့်ရှောက်ပေးနေတာဆိုတော့ ဒုတိယမင်းသားပါ ဝူထုံနန်းဆောင်ကို ခေါ်ထားလိုက်ရင် ကလေးနှစ်ယောက် အတူတူဆိုတော့ ပိုအဆင်ပြေတာပေါ့"
"မိဖုရားခေါင်ကြီးက တကယ် မိခင်စိတ်ရှိတာပဲ။ တစ်ယောက်တည်း ကလေးနှစ်ယောက်ကို စောင့်ရှောက်ရမှာ ပင်ပန်းမှာပဲနော်"
ယောင်ရှန်း ရုတ်တရက် ဝင်ပြောလိုက်သည်။
သူမသည် အကျင့်ပါနေ၍ မနေနိုင်ဘဲ ဝင်ပြောမိခြင်း ဖြစ်သည်။ ပြောပြီးမှ နောင်တရသွားသည်။
ဒီအချိန်မှာ ဒီစကားမျိုး မပြောသင့်ပေ။
သေချာသည်မှာ သူမ ပြောလိုက်ခြင်းသည် မိဖုရားခေါင်ကြီးလက်ထဲတွင် မင်းသားနှစ်ပါးလုံး ရောက်ရှိသွားပြီး နေရာပိုခိုင်မြဲသွားမည်ကို မလိုလားသောကြောင့် ဖြစ်သည်။
ထင်သည့်အတိုင်းပင် သူမ၏ စကားကြောင့် နင်ချန်နှင့် မိဖုရားခေါင်ကြီးတို့ သူမကို လှမ်းကြည့်လိုက်ကြသည်။
ထိုစကားကြောင့် နင်ချန်သည် ကိုယ်လုပ်တော်များကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
"ကျင်းဖေးက ကျန်းကို ပြုစုလာတာ ကြာပြီ။ စိတ်သဘောထား နူးညံ့သိမ်မွေ့တယ်။ ဒုတိယမင်းသားမှာ မယ်တော်ရင်း မရှိတော့ဘူးဆိုတော့ နောက်ဆို ကျင်းဖေးကို မွေးစားခွင့် ပေးလိုက်မယ်။ ပထမမင်းသားက ကျန်းမာရေးမကောင်းလို့ မိဖုရားခေါင်ကြီးဆီမှာပဲ ခနထားထားဦးမယ်။ နောက်မှ ဆက်ဆုံးဖြတ်ကြတာပေါ့"
ရုတ်တရက် ကျန်းမာသန်စွမ်းသော သားတစ်ယောက် ရလိုက်သဖြင့် ကျင်းဖေး အံ့ဩသွားသည်။
သူမသည် နင်ချန်အား ကလေးကိုတောင်းဆိုရန်စဉ်းစားဖူးသော်လည်း ဒီလောက် မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ချက်ချင်းပင် ဒူးထောက်ကျေးဇူးတင်စကား ဆိုလိုက်သည်။
"အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို မပျက်ကွက်စေရပါဘူး။ ဒုတိယမင်းသားကို သားရင်းလို သဘောထားပြီး ကောင်းကောင်း စောင့်ရှောက်ပါ့မယ်"
၎င်းမှာဝမ်းသာစရာကိစ္စ ဖြစ်သဖြင့် ကိုယ်လုပ်တော်များက ကျင်းဖေးကို ဝိုင်းဝန်းဂုဏ်ပြုကြသည်။
မိဖုရားခေါင်ကြီးသည် ပြုံးနေသော်လည်း မျက်ဝန်းထဲတွင် စိတ်ပျက်မှုများ ရှိနေသည်။ သို့သော် သူမ ကောင်းကောင်း ဖုံးကွယ်ထားလိုက်သည်။
လူစုကွဲသွားသောအခါမှ ဒေါသပေါက်ကွဲတော့သည်။
အရှင်မင်းကြီးက ဒုတိယမင်းသားကို ကျင်းဖေး လက်ထဲ ထည့်ပေးလိုက်ပြီး ပထမမင်းသားလို ရောဂါသည်လေးကိုကျတော့ သူမကို ပေးထားပြီး ကောင်းကောင်း စောင့်ရှောက်ပါတဲ့လား
သူမတွင်မျှော်လင့်ချက်က သူမကိုယ်တိုင် မွေးမှသာ ရတော့မည်။
သို့သော် သူမ၏ ခန္ဓာကိုယ်က ကိုယ်ဝန်ရရန် ခက်ခဲသည့်အပြင် ပြီးခဲ့သော တစ်ခေါက်က ကိုယ်ဝန်ပျက်ကျထားသဖြင့် ထိခိုက်ထားသည်။ နောက်ထပ် ကိုယ်ဝန်ရရန် ကြာဦးမည် ဖြစ်သည်။
ထို့ကြောင့်ပင်ပို၍ စိတ်တိုလာသည်။
....
ကျောက်ထန်ခြံဝင်း။
ယဲ့ယွင် ပြန်ရောက်သည်နှင့် ရေတစ်ခွက် အရင်သောက်လိုက်သည်။
ရာသီဥတု ပူသဖြင့် ရေငတ်နေသည်။
ယနေ့ သူမနှင့်အတူ ဂါရဝပြုရန် လိုက်ပါသွားသူမှာ ဟွေယွဲ့ဖြစ်သည်။ ဟွေယွဲ့ ၏မျက်နှာထားမကောင်းပေ။
"ဘာလို့ မျက်နှာပျက်နေတာလဲ"
နန်ကျစ် မေးလိုက်သည်။
ဟွေယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။
"ရှူးဖေးက အရမ်းလွန်တာပဲ။ လူတွေအများကြီးရှေ့မှာ၊ ပြီးတော့ အရှင်မင်းကြီးရှေ့မှာတောင် နူးဘီတို့ကျယ်ယွီကို လှောင်ပြောင်ရဲတယ်"
"သူ ဘာပြောလို့လဲ"
နန်ကျစ် မျက်လုံးပြူးသွားသည်။
ယဲ့ယွင်က အစေခံနှစ်ယောက်ကို တားလိုက်သည်။
"ကဲပါ... ဒါတွေ ပြောပြီး စိတ်တိုမနေနဲ့။ ငါ ဘာလို့ ကလေးမမွေးတာလဲဆိုတာ တခြားလူ မသိရင်တောင် နင်တို့ သိနေတာပဲဟာ။ ပြောချင်တာ ပြောပါစေ။ ငါ မွေးမွေး၊ မမွေးမွေး သူတို့ထက် ပိုသက်တောင့်သက်သာ နေရတာပဲ"
***