အခန်း (၂၂၃-၂၂၄)
Vol. 14 Ch. 223-224
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -223
အခန်း ၂၂၃ ။ သေလောက်အောင် ကြိုက်တယ်
"စကားနဲ့ ပြောရရင်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ နူးဘီ အမြဲ စိတ်ပူနေရတာ"
ဟွေယွဲ့က စိုးရိမ်တကြီး ပြောလိုက်သည်။
"နောက်နှစ် ရောက်ရင် ရွေးချယ်ပွဲတွေ လုပ်ပြီး လူသစ်တွေ ရောက်လာတော့မယ်။ မျက်စိတစ်မှိတ်အတွင်းမှာ သုံးနှစ်တောင် ရှိသွားပြီပဲ"
သုံးနှစ်ဆိုသော အချိန်ကာလအတွင်း ဝမ်ရုန်အဆင့်မှ ကျယ်ယွီအဆင့်သို့ တက်ရောက်ခြင်းသည် မြန်ဆန်သည်ဟု မဆိုနိုင်ပေ။
သေချာသည်မှာ ယဲ့ယွင် ဝင်ရောက်လာစဉ်က ရာထူးအဆင့် မြင့်မားခဲ့သောကြောင့် ဖြစ်သည်။ အခြားသူများကဲ့သို့ ချိုက်နွီ၊ ပေါင်လင်အဆင့်မှ စတင်ခဲ့ခြင်း မဟုတ်ပေ။
သို့သော် သူမနှင့် အဆင့်တူ ဝင်ရောက်ခဲ့သော ဝူမိသားစုဝင်သည် ယခုအခါ တတိယမင်းသားကို မွေးဖွားပြီး အဆင့်ကိုး ကျိုဖင်များထဲမှ တစ်ဦးဖြစ်သော ရှိုးယွမ် ဖြစ်နေလေပြီ။
သို့သော် ယဲ့ယွင်သည် မလောဘဲ ယပ်တောင်ခတ်ရင်း အေးဆေးစွာ ပြောလိုက်သည်။
"အန်းရှီ မရှိတော့တဲ့နောက် အနောက်ဆောင်မှာ အန္တရာယ်အရှိဆုံးက ယိရှိုးယွမ်ပဲ။ အချစ်ခံရတယ်၊ သားရှိတယ်၊ မိသားစု အရှိန်အဝါ ရှိတယ်။ ဖေးအဆင့် ရောက်ဖို့ မကြာတော့ဘူး။ စောင့်ကြည့်နေလိုက်။ မိဖုရားခေါင်ကြီးက သူ့ကို ဒီလောက် လွယ်လွယ်နဲ့ တက်လာခွင့်ပေးမှာ မဟုတ်ဘူး။ ဖန်းရှိုးယွမ်က အချစ်ခံရမှု နည်းတယ်။ မိဖုရားခေါင်ကြီးက ငါ့ကို မြှောက်စားပြီး ယိရှိုးယွမ်နဲ့ တိုက်ခိုင်းလိမ့်မယ်"
"အကယ်၍ မိဖုရားခေါင်ကြီးက တုံးအပြီး ဒီအချက်ကို မစဉ်းစားမိရင်တော့ ငါ မပြောတတ်ဘူး။ ဒါပေမဲ့... မိဖုရားခေါင်ကြီးဘေးက တင်းမားမားက ဉာဏ်ကောင်းတဲ့သူဆိုတော့ သတိပေးလောက်ပါတယ်"
အထူးသဖြင့် လောလောဆယ် စုကျယ်ယွီမှာလည်း ကိုယ်ဝန်ရှိနေသည်။
စူးမျိုးရိုးသည် အချစ်မခံရသော်လည်း သူမ၏ မိသားစုနောက်ခံက ထူးခြားသည်။
အရှင်မင်းကြီးသည် ကျားစခ်ဒေသကို တည်ငြိမ်စေရန်အတွက် စူးမျိုးရိုးကို မဖြစ်မနေ မြှောက်စားရမည်ဖြစ်သည်။
အနောက်ဆောင်တစ်ခုလုံးကို ကြည့်လိုက်လျှင် ကလေးမရှိသော်လည်း မိသားစုအရှိန်အဝါနှင့် အချစ်ခံရမှု ရှိနေသော ယဲ့ယွင်သည် သူမတို့နှင့် ယှဉ်ပြိုင်ရန် အကောင်းဆုံး ရွေးချယ်စရာ ဖြစ်သည်။
ယောင်ရှန်းအတွက်မူ ကလေးမမွေးရသေးဘဲ ရာထူးမြင့်နေသဖြင့် မိဖုရားခေါင်ကြီးသည် မည်သူ့ကို မြှောက်စားသည်ဖြစ်စေ သူမကို မြှောက်စားမည် မဟုတ်ပေ။
အကယ်၍ ယောင်ရှန်း ကိုယ်ဝန်ရလာပါက ဖိနှိပ်ခံရဖို့သာ ရှိသည်။
အတိုချုံးပြောရလျှင် အနောက်ဆောင်တွင် လုံးဝ အသာစီးရသူ မရှိစေရန် အထက်လူကြီးများက အင်အားစုများကို မျှတအောင် ထိန်းညှိနေကြသည်။
....
၈လပိုင်း ၁၅ ရက်၊ ဆောင်းဦးလယ်ပွဲတော်နေ့။
နင်ချန် နန်းတက်ပြီးနောက် လင်ရှီးဥယျာဉ်တော်တွင် ပထမဆုံးအကြိမ် ကျင်းပသော နိုင်ငံတော်အဆင့် ညစာစားပွဲ ဖြစ်သည်။
နေရာရွေးချယ်မှုမှာ အလွန် သေသပ်လှပပြီး ရေကန်ဘေးရှိ ခန်းမဆောင်ကြီးတစ်ခုတွင် ကျင်းပသည်။
ယခင်က ဇာတ်ပွဲကြည့်ရန် စင်ထိုးထားသော နေရာဖြစ်၍ ကျယ်ဝန်းပြီး စားပွဲကျင်းပရန် သင့်လျော်သည်။
ဇာတ်ပွဲမရှိသော်လည်း အလယ်မှ စင်မြင့်သည် ကချေသည်များ ကပြဖျော်ဖြေရန် ကောင်းမွန်သည်။
မယ်တော်ကြီးသည် ပြုံးရွှင်စွာဖြင့် သားတော်နှင့် ချွေးမတော်တို့၏ တွဲကူမှုဖြင့် အဓိက ထိုင်ခုံတွင် ထိုင်လိုက်သည်။ ကြည့်ရသည်မှာ သာမန် ချမ်းသာသော အိမ်ထောင်စုမှ အဖွားအိုကြီးတစ်ဦးနှင့် တူလှသည်။
အောက်မှ ကိုယ်လုပ်တော်များသည် အစွမ်းကုန် ပြင်ဆင်လာကြသည်။
ယနေ့ပွဲကို တက်ရောက်ခွင့်ရခြင်းသည် အရှင်မင်းကြီး၏ စိတ်ထဲတွင် နေရာတစ်ခု ရထားကြောင်း သက်သေပြနေသဖြင့် အခွင့်အရေးကို လက်လွတ်မခံဘဲ အစွမ်းကုန် ကြိုးစားကြသည်။
သို့သော် လှပသော မိန်းမပျိုများကြားတွင် နင်ချန်၏ မျက်လုံးများသည် ယဲ့ယွင် တစ်ယောက်တည်းအပေါ်တွင်သာ ရောက်ရှိသွားသည်။
အကြောင်းမှာ ယနေ့ ယဲ့ယွင်၏ ဝတ်စားဆင်ယင်မှုသည် အလွန် တောက်ပနေသောကြောင့် ဖြစ်သည်။
ထင်းရှူးစိမ်းရောင် ရင်ဘတ်စည်း ရွှေချည်ထိုး ဂါဝန်ကို ဝတ်ဆင်ထားပြီး ငွေချည်နှင့် ရေခဲပိုးချည်မျှင်များ ရောစပ်ပြီး ရွက်တစ်ထောင် တိမ်နွယ်ပန်းပုံများ ထိုးထားသည်။ လက်ကောက်ဝတ်နှင့် ခါးစည်းတွင် ပဲစေ့အရွယ် ပုလဲလုံးများ စီခြယ်ထားသဖြင့် ဖယောင်းတိုင်မီးရောင်အောက်တွင် နူးညံ့သော အရောင်များ တောက်ပနေပြီး မိန်းမပျိုလေး၏ သွယ်လျသော ကိုယ်လုံးကိုယ်ထည်ကို ပေါ်လွင်စေသည်။
ထင်းရှူးစိမ်းရောင်သည် အသားအရေကို ရွေးသော်လည်း ယဲ့ယွင်သည် အသားဖြူဝင်းသူဖြစ်၍ ဂါဝန်၏ အရောင်ကြောင့် ပိုမို နုဖတ်လှပနေသည်။
ယနေ့ သူမသည် ပျံသန်းနေသော နတ်သမီးဆံထုံးကို ထိုးထားပြီး ဆံနွယ်နက်များကို မြင့်မားစွာ စုစည်းထားသဖြင့် ငန်းဖြူလေးသဖွယ် လှပသော လည်တိုင်ကို ပေါ်လွင်စေသည်။ လည်ဆွဲနှင့် အခြားလက်ဝတ်ရတနာများ မပါရှိဘဲ ရှင်းလင်းနေသဖြင့် မြင်သူတိုင်း ကိုက်စားချင်စိတ် ပေါက်သွားစေသည်။
မိတ်ကပ်အနေဖြင့် နှင်းဆီနီရောင် ပါးနီကို အသုံးပြုထားပြီး ဆွဲဆောင်မှုရှိသော မျက်ဝန်းများကို မြေခွေးမလေးသဖွယ် ရှည်လျားကွေးညွှတ်အောင် ရေးဆွဲထားသဖြင့် ပြုံးလိုက်သည်နှင့် ညှို့ယူဖမ်းစားနိုင်သည်။
သေချာသည်မှာ ပို၍ အသေးစိတ် ဂရုစိုက်ထားသော နေရာများလည်း ရှိသေးသည်။
ယဲ့ယွင်သည် ငွေမှုန့်များကို အလွန်နုညက်အောင် ကြိတ်ခိုင်းပြီး လက်ချောင်းထိပ်များဖြင့် ညှပ်ရိုးနှင့် နားရွက်ဖျားတို့တွင် လိမ်းကျံထားသဖြင့် ၎င်းကမီးရောင်အောက်တွင် အရောင်ပြန်နေသည်။
(T/N - အခုခေတ်ရင်ပြတ်တွေဝတ်ရင် ပခုံးမှာ Glitter တို့ Highlights တို့လိမ်းကြတယ်လေ။ အဲ့လိုမျိုးဘလင်းဘလင်းထနေတာပါ။)
ခန်းမထဲတွင် ဖယောင်းတိုင်မီးများကို အသုံးပြုထားသဖြင့် အဝေးမှ ကြည့်လိုက်လျှင် သူမ၏ အသားအရေမှ သဘာဝအတိုင်း တောက်ပနေသကဲ့သို့ ထင်ရသည်။
လှလွန်း၍ မျက်စိမခွာနိုင်အောင် ဖြစ်နေသည်။
နင်ချန် သတိထားမိသည်ဆိုလျှင် အခြားသူများလည်း သတိထားမိကြပေလိမ့်မည်။
၎င်းကမနာလိုဝန်တိုစိတ်များ ဖြစ်ပေါ်စေသည်။
"ညီမလေးမင်ရဲ့ ဒီဝတ်စုံက တကယ် ကြည့်ကောင်းတာပဲ။ ဂါဝန်ရော လက်ဝတ်
ရတနာတွေရော တကယ်ကောင်းပေ့တွေပဲဖြစ်မှာ။ တို့တော့ ညီမလေးမင်နဲ့ယှဉ်ရင်
ပစ္စည်းကောင်းတွေ မရှိတော့ မျက်နှာငယ်နေရပြီ။”
လူအုပ်ထဲမှ ယောင်ရှန်း ပြုံးလျက် ပြောလိုက်သည်။
ယိရှိုးယွမ်၏ မျက်လုံးများ အရောင်တောက်သွားပြီး ဂရုမစိုက်သလို ပြောလိုက်သည်။
"မင်ကျယ်ယွီမှာ တော်ဝင်ကုန်သည် အဘိုးရှိတာကိုး။ ချူမိသားစုရဲ့ စီးပွားရေးက ကျယ်ပြန့်တော့ ဘယ်ပစ္စည်းကောင်းမဆို မင်ကျယ်ယွီအတွက် ရှာပေးနိုင်တာပေါ့။ အစ်မဖန်းအားကျရင် ကိုယ့်မိဘအိမ်ကို ကြိုးစားခိုင်းလိုက်လေ"
"ညီမလေးယိက နောက်နေပြန်ပြီ"
ယောင်ရှန်း ပါးစပ်အုပ်လိုက်ပြီး ယဲ့ယွင်ကို တစ်ချက်ကြည့်လိုက်သည်။
"ယောင်မိသားစုမှာ အဲ့လောက် အရည်အချင်းရှိတဲ့သူ မရှိပါဘူး။ အရာရှိလည်းလုပ်၊ ကုန်သည်လည်းလုပ်ဆိုတော့မဖြစ်သေးဘူးလေ။ အရာရှိနဲ့ ကုန်သည် ပူးပေါင်းတာက ရှားပါးတယ်လေ"
"ဖန်းရှိုးယွမ်က ရိုးသားပွင့်လင်းတဲ့သူလို့ ထင်ထားတာ။ ဒီလောက် ဟန်ဆောင်ကောင်းမှန်း မသိခဲ့ဘူး"
ယဲ့ယွင်သည် လှောင်ပြောင်သရော်မှုကို ဖုံးကွယ်မထားဘဲ မော့ကြည့်လိုက်သည်။
"အရာရှိနဲ့ ကုန်သည် ပူးပေါင်းပြီး မကောင်းမှုလုပ်တယ်လို့ ပြောချင်ရင် တိုက်ရိုက်ပြောလိုက်ပါတော့လား။ဖုံးကွယ်ပြီး စကားနာထိုးနေတာ ခုချိန်ဘယ်သူက နားထောင်အားလို့လဲ"
ယောင်ရှန်းသည် ယဲ့ယွင်ဒီလောက် တိုက်ရိုက်ပြောလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် မျက်နှာပျက်သွားသည်။ အပြုံးတစ်ခု အတင်းလုပ်ယူလိုက်ပြီး ပြောသည်။
"မင်ကျယ်ယွီက တို့ကို အထင်လွဲနေပါပြီ..."
"အထင်လွဲတာ ဟုတ်မဟုတ် ရှိုးယွမ် ကိုယ်တိုင် သိမှာပါ။ ဒီချန်းချဲ့က ဒီလို စိတ်ဓာတ်မျိုးပါပဲ။ အမှားမလုပ်ထားရင် သူများ စွပ်စွဲတာ မခံနိုင်ဘူး။ ချန်းချဲ့အဖေနဲ့ အစ်ကိုက အသက်ပေးပြီး နယ်စပ်ကို ကာကွယ်ပေးနေခဲ့တာ။ အဘိုးတို့မိသားစုက ကုန်သည်ဖြစ်ပေမဲ့ တိုင်းပြည်အတွက် အကျိုးရှိတာ လုပ်နေတာ။ ရာထူးအားလုံးကို အရှင်မင်းကြီး ကိုယ်တိုင် ပေးသနားထားတာ။ ချန်းချဲ့တို့ ယဲ့မိသားစုနဲ့ ချူမိသားစုက အရှင်မင်းကြီးအပေါ် သစ္စာစောင့်သိတယ်။ ဖန်းရှိုးယွမ်က အရှင်မင်းကြီးရှေ့မှာ ဒီလို မရေမရာ စကားတွေ လာပြောနေတာ ဘာရည်ရွယ်ချက်လဲ မသိဘူး"
ယဲ့ယွင်သည် အမြဲတမ်း ကိုယ့်ဘက်သားကို ကာကွယ်တတ်သူဖြစ်ရာ ချက်ချင်းပင် ပြန်ပက်လိုက်သည်။
အဝတ်အစား ဘယ်လောက် တန်ဖိုးကြီးသလဲ ဆိုတာကိုတော့ ရှင်းပြချင်စိတ် မရှိပေ။
ဒီအဝတ်အစားစကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ အရှင်မင်းကြီးကိုယ်တိုင် သီးသန့် ဆုချထားတာ ဖြစ်သည်။
အနောက်ဆောင်တွင် တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်ပြီး တိုက်ခိုက်လေ့ရှိသော်လည်း ယဲ့ယွင်ကဲ့သို့ ပွင့်လင်းစွာ တိုက်ခိုက်ခြင်းမျိုးကို ယောင်ရှန်းသည်သူမ၏ ဘဝနှစ်ခုလုံးတွင် ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်၍ခဏတာ ပြောစရာစကားမဲ့သွားသည်။
ယောင်ရှန်း ပါးစပ်ပိတ်သွားသည်ကို မြင်သောအခါ ယဲ့ယွင် ဆက်မပြောတော့ပေ။ စားပွဲပေါ်မှ ဝိုင်ခွက်ကို ကိုင်ကာ မတ်တတ်ရပ်ပြီး အဓိက ထိုင်ခုံသို့ လှမ်းကြည့်လိုက်သည်။
"မယ်တော်ကြီး၊ အရှင်မင်းကြီး၊ မိဖုရားခေါင်ကြီး... ဒီချန်းချဲ့က စိတ်ဆတ်ပြီး ကိုယ့်ဘက်သားကို ကာကွယ်ချင်စိတ် များလွန်းလို့ စကားပြောတာ ရိုင်းသွားပါတယ်။ စည်းကမ်းမဲ့မိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးတဲ့အနေနဲ့ ဒီတစ်ခွက် သောက်လိုက်ပါ့မယ်။ ခွင့်လွှတ်ပေးကြပါ"
ပြောပြီးသည်နှင့် ခေါင်းမော့ကာ သောက်
လိုက်သည်။ တကယ့်ကို စစ်သူကြီးသမီး ပီသလှပေသည်။
ဒီလုပ်ရပ်က သူမကို မောက်မာတယ်လို့ ပြောချင်နေသောသူတွေ၏ ပါးစပ်ကို ပိတ်လိုက်ခြင်းပင်။
သူမအနေနဲ့ အရှင်မင်းကြီးဆီမှာ အပြစ်ဝန်ခံပြီးပြီလေ။ အပြစ်ယူမယူက အရှင်မင်းကြီး ဆုံးဖြတ်မှာ။ ဘယ်သူက ဝင်ပြောခွင့်ရှိလို့လဲ။
နင်ချန်တွင် ယဲ့ယွင်အားအပြစ်ယူရန်အတွေးမရှိတဲ့မပြင် ထိုအမျိုးသမီး၏မောက်မာတဲ့ပုံစံကို သူ သေလောက်အောင် ကြိုက်ပေသည်။
ခေတ်စကားနဲ့ ပြောရရင် "လှလွန်းပြီး မိုက်တယ်" လို့ နင်ချန် ချီးကျူးမိမှာအမှန်ပင်။
"ကဲပါ... မင်းရဲ့ စိတ်ဆတ်တာက ဒီနေ့မှ ဖြစ်တာ မဟုတ်ပါဘူး။ ဒီနေ့က ဆောင်းဦးလယ်ပွဲတော် နေ့ထူးနေ့မြတ်ဆိုတော့ ကျန်း အပြစ်မယူတော့ဘူး။ ဒါပေမဲ့ နောက်ဆို စကားပြောတာ နည်းနည်း ဆင်ခြင်ပါ။ ဖန်းရှိုးယွမ်က ရာထူးမြင့်တဲ့သူပါ။ တမင် ရည်ရွယ်ပြီး ပြောတာ မဟုတ်ပါဘူး။ အရမ်း လည်းအတည်မယူပါနဲ့"
"ဟုတ်ကဲ့ပါ၊ ဒီချန်းချဲ့ မှတ်သားထားပါ့မယ်"
ယဲ့ယွင် ဒူးညွှတ်အရိုအသေပြုလိုက်သည်။
သို့သော် ပြင်ဆင်ပါ့မယ်လို့တော့ ကတိမပေးခဲ့ပေ။ ဘာပြင်စရာ လိုလို့လဲ။ ဒီစိတ်ဓာတ်က ဒီဘဝမှာ ပြင်လို့ရမှာ မဟုတ်ဘူး။
မိဖုရားခေါင်ကြီးသည် နင်ချန်၏ မျက်နှာထားကို ကြည့်ပြီး အရှင်မင်းကြီးက ယဲ့ယွင်ကို သဘောကျနေမှန်း သိလိုက်သည်။
စိတ်ထဲတွင် ခါးသီးနေသော်လည်း အခွင့်အရေးကို လက်လွတ်မခံသင့်ကြောင်း သိသည်။
ထို့ကြောင့် ပြုံးလျက် ဝင်ပြောလိုက်သည်။
"မင်ကျယ်ယွီဆိုတဲ့ ဘွဲ့တော်ကို အရှင်မင်းကြီး ပေးတာ မမှားပါဘူး။ သူ့စိတ်နေသဘောထားက ပွင့်လင်းပြတ်သားတယ်။ ဒီချန်းချဲ့လည်း သဘောကျတယ်။ ပြောရရင် မင်ကျယ်ယွီ နန်းတွင်းရောက်လာတာ သုံးနှစ်နီးပါး ရှိပြီ။ ပြုစုတာလည်း ကောင်းမွန်တယ်။ အရှင်မင်းကြီးဘေးမှာ ဒီလို စိတ်ချရတဲ့သူ ရှိတာ ရှားတယ်။ အနောက်ဆောင်မှာ ရာထူးမြင့်နေရာတွေ လစ်လပ်နေတာ များတယ်။ ဒီလိုနေထူးနေ့မြတ်မှာ ယဲ့မျိုရိုးကိုရာထူးတိုးပေးလိုက်ရင် ကောင်းမလား"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -224
အခန်း ၂၂၄ ။ ကျိုဖင် ကိုယ်လုပ်တော်
"မိဖုရားခေါင်ကြီးက မင်ကျယ်ယွီကို သဘောကျတာ သူ့ရဲ့ကံပဲ။ ဒါပေမဲ့ မင်ကျယ်ယွီမှာ သားသမီးမရှိ၊ ဘာကုသိုလ်မှလည်း မရှိဘဲနဲ့ ကျိုဖင် ကိုယ်လုပ်တော်ရာထူးကို တိုးပေးလိုက်ရင် တခြားလူတွေက လက်ခံနိုင်ပါ့မလား"
အလယ်ခုံတွင် ထိုင်နေသော မယ်တော်ကြီးက ရုတ်တရက် အသံနက်ကြီးဖြင့် ဝင်ပြောလိုက်သည်။
ယောက္ခမက ကန့်ကွက်နေသဖြင့် မိဖုရားခေါင်ကြီးသည် ပြန်မပြောရဲဘဲ ဖြစ်နေသည်။ သို့သော် လောလောဆယ် ချန်မိသားစု အင်အားလျော့နည်းနေသဖြင့် သူမက မခံချင်စိတ် ဖြစ်လာသည်။
"ချွေးမတော်က သေချာ မစဉ်းစားမိလို့ပါ။ ဒါပေမဲ့ ရာထူးသက်တမ်းနဲ့ တွက်မယ်ဆိုရင် မင်ကျယ်ယွီကဧကရာဇ်ဟောင်းကိုယ်တိုင် အိမ်ရှေ့မင်းသားရဲ့ ကိုယ်လုပ်တော်အဖြစ် ခန့်အပ်ခဲ့တာလေ။ အရှင်မင်းကြီးက ဝမ်းနည်းခြင်းကာလ စောင့်ထိန်းနေရလို့သာ ဝင်ခွင့်နောက်ကျသွားတာ။ တကယ်ဆိုရင် ကျယ်ယွီအဆင့်လောက်နဲ့ မနေသင့်ပါဘူး"
အကယ်၍ အိမ်ရှေ့မင်းသား၏ ကိုယ်လုပ်တော်အဆင့်ဖြင့်သာ ဝင်ရောက်လာခဲ့လျှင် အဆင့်နှစ် ဖေးမဖြစ်ရင်တောင် အနည်းဆုံးတော့ ကျောက်ယီအဆင့် ရောက်သင့်သည်။
မိဖုရားခေါင်ကြီးသည် ရှားရှားပါးပါး ခေါင်းမာနေသဖြင့် မယ်တော်ကြီး နေရခက်သွားပြီး ဒေါသထွက်လာသည်။
နင်ချန်ရှေ့တွင် သားဖြစ်သူသည် ဧကရာဇ်ဖြစ်သူမို့ သည်းခံနေရသော်လည်း သဘောမကျသော ချွေးမဖြစ်သူ မိဖုရားခေါင်ကြီးကိုတော့ သည်းမခံချင်ပေ။
သို့သော် သူမ ပါးစပ်ဟရန် ပြင်လိုက်စဉ်မှာပင် သားဖြစ်သူက ဦးအောင် ပြောလိုက်
သည့်အသံကိုကြားလိုက်ရသည်။
"မိဖုရားခေါင်ကြီး ပြောတာ ဟုတ်ပါတယ်။ ခမည်းတော်ရဲ့ ဆန္ဒအရဆိုရင် ယဲ့မျိုးရိုးကို ကျယ်ယွီအဆင့် ပေးထားတာ နိမ့်လွန်းပါတယ်။ ဒါပေမဲ့ မယ်တော်ကြီး ပြောတာလည်း အကြောင်းရှိပါတယ်။ ဒါဆိုရင် တစ်ဆင့်ပဲ တိုးပေးပြီး ရှိုးရုန်အဆင့် ပေးလိုက်ပါ့မယ်"
ခဏနားပြီး ဆက်ပြောသည်။
"ချန်မိန်ရန်ကလည်း ကျန်းကို ပြုစုတာ ကြာပြီဆိုတော့ ပထမဆုံးဝင်လာတဲ့ အသုတ်ထဲကဆိုတော့ ဒီနေ့ သူ့ကိုပါ ရာထူးတိုးပေးပြီး ကျယ်ယွီအဆင့် ပေးလိုက်မယ်"
နင်ချန်သည် ယဲ့ယွင်ကို ရာထူးတိုးပေးသလို ချန်မျိုးရိုးကိုပါ ရာထူးတိုးပေးလိုက်သဖြင့် မယ်တော်ကြီး၏ ပါးစပ်ကို ပိတ်လိုက်ခြင်း ဖြစ်သည်။
ဧကရာဇ်၏ စကားသည် ပြန်ပြင်၍ မရနိုင်ပေ။ ယခုမှစ၍ ယဲ့ယွင်သည် တရားဝင် ကျိုဖင်အဆင့် ကိုယ်လုပ်တော် ဖြစ်သွားပြီဖြစ်သည်။
"အရှင်မင်းကြီး၊ မယ်တော်ကြီးနဲ့ မိဖုရားခေါင်ကြီးတို့ရဲ့ မေတ္တာကို ကျေးဇူးတင်ပါတယ်။ ဒီချန်းချဲ့ စည်းကမ်းလိုက်နာပြီး မျှော်လင့်ချက်တွေကို မပျက်ကွက်စေရပါဘူး"
ယဲ့ယွင် ပြုံးလျက် မတ်တတ်ရပ်ကာ ကျေးဇူးတင်စကား ဆိုပြီး ဝိုင်ခွက်မြှောက်၍ ဂါရဝပြုလိုက်သည်။
ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးတို့က သောက်လိုက်သော်လည်း မယ်တော်ကြီးကမူ ခေါင်းသာညိတ်ပြပြီး မသောက်ပေ။
သို့သော် ယဲ့ယွင် ဂရုမစိုက်ပေ။ သူမက မယ်တော်ကြီးကို အားကိုးနေရသူမှ မဟုတ်တာ။
သူမ၏ ရာထူးတိုးမှုသည် စုကျယ်ယွီ ကိုယ်ဝန်ရှိနေသည့် သတင်းကို လုံးဝ ဖုံးလွှမ်းသွားစေသည်။
အဘယ်ကြောင့်ဆိုသော် မင်ရှိုးရုန်သည် သက်သက် အချစ်ခံရမှုကြောင့် ကျိုဖင် ကိုယ်လုပ်တော်အဖြစ် ရောက်ရှိလာခြင်း ဖြစ်သောကြောင့်ပင်။
လူတိုင်းက အပြင်ပန်းတွင် ဂုဏ်ပြုနေကြသော်လည်း စိတ်ထဲတွင်မူ မနာလို ဖြစ်နေကြသည်။
အထူးသဖြင့် ယောင်ရှန်း ဖြစ်သည်။
ရှားရှားပါးပါး သူမ၏ မျက်နှာ မဲပုပ်နေသည်။
နင့်ကို နားလည်ပေးလို့ ရပါတယ်။
ခုနလေးတင်ကမှ ယဲ့ယွင်၏ ပြန်ပက်ခြင်းကို ခံလိုက်ရပြီး အခု ယဲ့ယွင်က ဘာမှမဖြစ်သည့်အပြင် ရာထူးတိုးသွားသေးသည်။ ဒေါသ မထွက်ဘဲ နေမလား။
ယဲ့ယွင်၏ ရာထူးတိုးခြင်းသည် အနောက်ဆောင်တွင် သူမ၏ နေရာကို ခိုင်မာစေရုံသာမက နိုင်ငံရေးလောကတွင် ယဲ့မိသားစုနှင့် ချူမိသားစုအပေါ် အရှင်မင်းကြီး၏ ယုံကြည်မှုကို ပြသရာလည်း ရောက်သည်။
ဒီနှစ် ဆောင်းဦးလယ်ပွဲတော်သည် အလွန် အဓိပ္ပာယ်ရှိလှသည်။
....
ညစာစားပွဲ ပြီးဆုံးသွားသည်။
ထုံးစံအရ လပြည့်နေ့ဖြစ်၍ အရှင်မင်းကြီးသည် မိဖုရားခေါင်ကြီးထံတွင် အိပ်စက်ရမည်ဖြစ်သည်။
သို့သော် မိဖုရားခေါင်ကြီးက ဦးစွာ ပြောလိုက်သည်။
"ဒီချန်းချဲ့ ညစာစားပွဲမှာ ဝိုင်တွေသောက်တာ များသွားလို့ နေမကောင်းဖြစ်နေပါတယ်။ အရှင်မင်းကြီးကို ကောင်းကောင်း မပြုစုနိုင်မှာ စိုးရိမ်မိပါတယ်။ မင်ရှိုးရုန်ဆီ ကြွလိုက်ပါလား"
"တိုက်ဆိုင်လိုက်တာ။ ဒီချန်းချဲ့ကမှ တကယ် မူးနေတာပါ။ မျက်ခွံတွေတောင် ပိတ်ချင်နေပြီ။ ဒီညတော့ပြုစုဖို့ မဖြစ်နိုင်ဘူရယ်။ ပြီးတော့ ဒီနေ့က လပြည့်နေ့ဆိုတော့ အရှင်မင်းကြီးက မိဖုရားခေါင်ကြီးနဲ့ အတူရှိနေတာကမှ စည်းကမ်းနဲ့ ညီညွတ်မှာပါ။ ဒီချန်းချဲ့ စည်းကမ်းမဖောက်ဖျက်ရဲပါဘူး"
ယဲ့ယွင်သည် ဤအခွင့်အရေးကို မယူပေ။
လောလောဆယ်တွင် သူမသည် ဘိုးဘွားပိုင် စည်းကမ်းများကို လစ်လျူရှုနိုင်သည့် အခြေအနေ မရောက်သေးပေ။
ထို့အပြင် မိဖုရားခေါင်ကြီး၏ စကားသည် ရိုးသားမှုရှိမရှိ မသေချာပေ။ သူမကို စမ်းသပ်ခြင်း ဖြစ်နိုင်သည်။
ကံဆိုးစွာဖြင့် သူမ၏ ရည်မှန်းချက်သည် အရည်အချင်းနှင့် ကိုက်ညီရမည်ဟု ခံယူထားသူဖြစ်သည်။ လောလောဆယ် သူမ၏ ရည်မှန်းချက်က မိဖုရားခေါင်ကြီးနေရာ မဟုတ်သဖြင့် စမ်းသပ်စရာ မလိုပေ။
မြှောက်ပေးပြီး သတ်တာမျိုးလည်း မလိုပင်။ သူမသည်ထိုမျှမတုံးပေ။ အန်းရှီလိုအချစ်ကိုပစားမည့်မိန်းမမျိုးမဟုတ်ပေ။
"မင်ရှိုးရုန်က လိမ္မာတယ်။ ဒီည ကျန်း မိဖုရားခေါင်ကြီးဆီမှာပဲ အိပ်မယ်"
နောက်ဆုံးတွင် နင်ချန်က ဆုံးဖြတ်ချက် ချလိုက်သည်။
မိဖုရားခေါင်ကြီး စိတ်ကျေနပ်သွားပြီး မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေသည်။
ကိုယ်လုပ်တော်များ၏ အကြည့်များအောက်တွင် နင်ချန်၏ တွဲကူမှုဖြင့် ဝေါယာဉ်ပေါ် တက်သွားပြီး ဇနီးမောင်နှံနှစ်ဦး ထွက်ခွာသွားကြသည်။
"ညီမလေး... ဂုဏ်ယူပါတယ်"
ဝမ်ရှိုးရီက ပြုံးလျက် ရှေ့တိုးလာသည်။
ဒီဂုဏ်ပြုစကားသည် ရိုးသားမှန်ကန်ကြောင်း သိသာသည်။
အခုကြည့်ရတာ သူမ လောင်းကြေးထပ်ခဲ့တာ မှန်ကန်သွားပြီ။
ယဲ့ယွင် ပြုံးလျက် ဒူးညွှတ်အရိုအသေပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်မတော်။ နောက်ဆိုရင်လည်း အချင်းချင်း ကူညီစောင့်ရှောက်ကြတာပေါ့"
"ဒါပေါ့။ အစ်မကတော့ အချစ်ခံရဖို့ မမျှော်လင့်ပါဘူး။ ဒုတိယမင်းသမီးလေး ကောင်းစားဖို့ပဲ မျှော်လင့်တာပါ။ နောက်ဆို ညီမလေးရဲ့ စောင့်ရှောက်မှုကို မျှော်လင့်ပါတယ်"
ဝမ်ရှိုးရီသည် အချစ်ခံရဖို့ မမျှော်လင့်ကြောင်း ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း ပြောခြင်းဖြစ်သည်။
သူမ၏ မျက်ဝန်းများသည် ရိုးသားပြတ်သားပြီး ယဲ့ယွင်ကို တည့်တည့်
ကြည့်နေပြီး သမီးလေးကိုသာ ကာကွယ်ချင်ကြောင်း သိသာသည်။
"အစ်မတော် စိတ်ချပါ။ လိုအပ်လာရင် ညီမ ကူညီပေးပါ့မယ်"
ယဲ့ယွင် ကတိပေးလိုက်သည်။
မင်းသမီးလေးတစ်ပါး ကြီးပြင်းလာပြီးနောက် အရေးကြီးဆုံးကိစ္စမှာ လက်ထပ်ထိမ်းမြားခြင်းပင် ဖြစ်သည်။
ထိုအချိန်ကျလျှင် သူမ မျက်နှာသာရနေသေးပါက အရှင်မင်းကြီးရှေ့တွင် စကားနည်းနည်း ပြောပေးလိုက်ရုံဖြင့် ဒုတိယမင်းသမီးလေးအတွက် ကောင်းမွန်သော အိမ်ထောင်ဖက် ရှာပေးနိုင်မည် ဖြစ်သည်။
သူမတို့နှစ်ဦး၏ စကားပြောဆိုမှုကြောင့် မဟာမိတ်ဖွဲ့မှု ပိုမို ခိုင်မြဲသွားသည်။
လူစုကွဲသွားပြီးနောက် ညစာစားပွဲ၏ စည်ကားမှုများ ပျောက်ကွယ်သွားပြီး လင်ရှီးဥယျာဉ်တော် ငြိမ်သက်သွားသည်။
သို့သော် နန်းတော်ထဲတွင်မူ မငြိမ်သက်ပေ။
ယဲ့ယွင် ရာထူးတိုးသည့် အမိန့်တော်ကို အနောက်ဆောင်တစ်ခုလုံး အသိပေးရမည်ဖြစ်သည်။
နောက်တစ်နေ့ နံနက်တွင် သတင်းသည် နန်းတော်သို့ ရောက်ရှိပြီး စုကျယ်ယွီ၏ နားထဲသို့ ရောက်သွားသည်။
သူမသည် ကိုယ်ဝန်ထိန်းဆေး သောက်ပြီးခါစဖြစ်သည်။ သကြားလုံးတစ်လုံး စားလိုက်သော်လည်း ရင်ထဲမှ မနာလိုဝန်တိုမှုများကို မဖျောက်ဖျက်နိုင်ပေ။
"ကိုယ်ဝန်ရှိနေတာက ငါလေ။ အရှင်မင်းကြီးက ပစ္စည်းနည်းနည်းပဲ ဆုချပြီး ပြီးသွားတယ်။ ယဲ့မျိုးရိုးက ဘာလို့ ကျိုဖင် ကိုယ်လုပ်တော် ဖြစ်သွားရတာလဲ"
"ကျယ်ယွီ... စိတ်လျော့ပါဦး။ သူက အရှင်မင်းကြီးကို ခဏတာ မြှူဆွယ်ထားနိုင်လို့ပါ။ ကျယ်ယွီ ပြောသလိုပဲ သူက ကိုယ်ဝန်မှ မရှိတာ။ ကျိုဖင်နေရာမှာ ထိုင်နေလည်း ခေါင်းမော့ရဲမှာ မဟုတ်ပါဘူး။ နောက်ပိုင်း ကျယ်ယွီ မွေးလာတဲ့ ကလေးက သူ့ထက် အများကြီး ဂုဏ်ရှိမှာပါ"
ပိုင်ချောင်က ဘေးမှ ယပ်တောင်ခတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။
လောလောဆယ် စူးမျိုးရိုး၏ ဗိုက်သည် သူမတို့ သခင်နှင့်ကျွန်၏ မျှော်လင့်ချက် ဖြစ်သည်။
ကိုယ်ဝန်ရှိကြောင်း ကြေညာပြီးကတည်းက နန်းတွင်းရေးရာဌာနသည် အပြိုင်အဆိုင် လာရောက် ပြုစုကြသည်။ ပစ္စည်းကောင်းမှန်သမျှ လာပို့ကြသည်။
ဤကဲ့သို့ မြှောက်စားခံရမှုကြောင့် ကျားစခ်ဒေသတွင် နေထိုင်ခဲ့စဉ်က နေ့ရက်များကို ပြန်လည်အမှတ်ရစေပြီး မာနကြီးမှုများ ပြန်လည်ရောက်ရှိလာသည်။
ယခင်က စူးဒီယာသည် တတိယမင်းသား၏ အချစ်ဆုံး သမီးဖြစ်ပြီး စည်းစိမ်ချမ်းသာ ပြည့်စုံစွာ နေထိုင်ခဲ့ရသည်။ မယားငယ်က မွေးသော သမီးဖြစ်သော်လည်း တော်လန်ကဲ့သို့သော တရားဝင် မြို့စားသမီးနှင့် အတူကစားခွင့် ရခဲ့သည်။
အကယ်၍ စူးမျိုးရိုးသည် နန်းတွင်းသို့ ရောက်ကတည်းက မျက်နှာသာမရခဲ့လျှင် သည်းခံနိုင်ကောင်း သည်းခံနိုင်လိမ့်မည်။ သို့သော် ယခုလို အလေးပေးခံရမှုကို ခံစားလိုက်ရပြီးနောက် ဆုံးရှုံးသွားမည်ကို ကြောက်ရွံ့လာပြီး သူများအောက် ရောက်သွားမည်ကို စိုးရိမ်လာသည်။
"နင် ပြောတာ ဟုတ်တယ်။ ငါသာ ဒီကလေးကို မွေးနိုင်ရင် ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် သားသမီးမမွေးနိုင်တဲ့ ယဲ့မျိုးရိုးထက် အဆတစ်ရာ သာတယ်"
စုကျယ်ယွီသည် ဗိုက်ကို ပွတ်သပ်ရင်း မျက်လုံးများ အရောင်တောက်လာသည်။
.....
သို့သော် တစ်စုံတစ်ယောက်၏ စိတ်ကူးထဲကရန်သူဖြစ်နေကြောင်း ယဲ့ယွင် ကိုယ်တိုင် မသိရှိလိုက်ပေ။
မနေ့ညက ညစာစားပွဲတွင် ဝိုင်အများကြီး သောက်မိသဖြင့် ပြန်ရောက်သည်နှင့် အိပ်ပျော်သွားသည်။
မိဖုရားခေါင်ကြီးကလည်း နောက်တစ်နေ့ ဂါရဝပြုခြင်းကို ကင်းလွတ်ခွင့် ပေးထားသဖြင့် နေ့လည်ခင်းအထိ အိပ်ပျော်သွားသည်။
နိုးလာသောအခါ အပြင်ဘက်တွင် ဆူညံသံများ ကြားလိုက်ရသည်။
အပေါ်ထပ်အင်္ကျီကို ကောက်ဝတ်ပြီး ထွက်ကြည့်လိုက်ရာ ဆုလက်ဆောင်များ တဖွဲဖွဲ သယ်ဆောင်လာသည်ကို တွေ့လိုက်ရသည်။
"ရှိုးရုန် နိုးပြီလား"
ဟွေယွဲ့က လှည့်ကြည့်လိုက်ပြီး အပြေးကလေး လာတွဲပေးသည်။
"ကျွန်တော်မျိုးမ ပစ္စည်းတွေ ရှင်းလင်းနေလို့ မေ့သွားတယ်။ အရင်ဆုံး မျက်နှာသစ်ဖို့ ပြင်ဆင်ပေးပါ့မယ်"
ယဲ့ယွင် အိပ်ချင်မူးတူး ဖြစ်နေသေးသဖြင့် ခေါင်းညိတ်လိုက်ပြီး အခန်းထဲ ပြန်ဝင်သွားသည်။
မျက်နှာသစ်ပြီး ပြင်ဆင်ပြီးမှ မနေ့ညက သူမ ရာထူးတိုးသွားပြီဖြစ်ကြောင်း သတိရလိုက်သည်။ ယခုအခါ သူမသည် ကျိုဖင် ကိုယ်လုပ်တော် တစ်ပါး ဖြစ်သွားပြီ။
"မနေ့ညက ငါ မေ့သွားတယ်။ ကျောက်ထန်ခြံဝင်း တစ်ခုလုံးကို ဆုချလိုက်။ ဟွေယွဲ့၊ နန်ကျစ်၊ လုကျီနဲ့ ပိုင်ရှု တို့ကို ငွေစ ၂၀ စီ၊ ကျန်တဲ့လူတွေကို ၅ စစီ ဆုချလိုက်။ ဒီနေ့ ဆုလာပို့တဲ့သူတွေကိုလည်း ကြည့်ပြီး ဆုချပေးလိုက်ပါ"
***