← Chapters

ချိန်ဟဲ့ထျန်ဆီသွားမယ်

Vol. 9 Ch. 900

ချိန်ဟဲ့ထျန်ဆီသွားမယ်

Vol. 9 Ch. 900

ဤကဲ့သို့ခမ်းနားသော ကြိုဆိုပွဲဖြင့် ရှင်းကုံကျစ်တာအိုဂိုဏ်းထဲ ပိုင်ရှောင်ချန်း ဝင်ရောက်လာခဲ့ပေသည်။

နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးမပေါ်လာခဲ့သော်လည်း အပြာရောင်သက်တန့်ပေါ်တွင် ပိုင်ရှောင်ချန်းအား ကိုယ်ပိုင်နေရာတစ်ခုပေးရန် ဓမ္မအမိန့်ထုတ်ပြန်ခဲ့ပြီး ဖြစ်လေသည်။ ထိုနေရာသည် သူ၏အင်မော်တယ်ဂူတည်ရှိသော နေရာဖြစ်သည်။

ယခင်က အပြာရောင်သက်တန့်ပေါ်တွင် နေထိုင်ရန် အရည်အချင်းပြည့်မီသည့် လူ ငါးယောက်သာရှိခဲ့သော်လည်း ယခုတွင် ခြောက်ယောက်မြောက် ရောက်လာလေပြီ။

ရှင်းကုံကျစ်တာအိုဂိုဏ်းသားများအား ပို၍ တုန်လှုပ်သွားစေသည်မှာ ပိုင်ရှောင်ချန်းက သာမန်နတ်အဆင့်ကျင့်ကြံသူတစ်ယောက် မဟုတ်သည့်အတွက်ကြောင့်ပင်။ နတ်အဆင့်ကို ရောက်ပြီးနောက်တွင် သူက ချက်ချင်းပင် အခြားနတ်အဆင့်ခေါင်းဆောင်ကြီး သုံးယောက်ကို အနိုင်ယူခဲ့ပြီး အလယ်ပိုင်းဒေသမှ နတ်အဆင့်ကျင့်ကြံသူသုံးယောက်ကိုလည်း သုတ်သင်ခဲ့သည်။ ထိုကဲ့သို့ တိုက်ပွဲအောင်မြင်မှုသည် အထူးသဖြင့် ကောင်းကင်ဘုံအားစိန်ခေါ်လိုက်ခြင်း ဖြစ်ပေသည်။

ထိုမျှအစွမ်းထက်သော လူတစ်ယောက်အား ရန်စလိုသည့်သူ မရှိသလောက်ပင်။ ထို့ပြင် အသစ်ခန့်အပ်ထားသော ခေါင်းဆောင်ကြီးပိုင်ကို ဂိုဏ်းအတွင်း ပို၍ သြဇာအာဏာကြီးမားသွားစေသည့် နောက်ထပ်ရာထူးအဆင့်အတန်းရှိသည်။ ၎င်းမှာ သံမဏိသွေးကြောခန်းမ၏ နတ်အဆင့်ခေါင်းဆောင်ကြီးဆိုသောဂုဏ်ပုဒ်ပင် ဖြစ်ပေသည်။

သံမဏိသွေးကြောခန်းမသည် ရှင်းကုံကျစ်တာအိုဂိုဏ်းအတွင်း အင်အားကြီးသောတပ်ဖွဲ့တစ်ဖွဲ့ အမြဲတမ်း ဖြစ်ခဲ့၏။ သူတို့က မဟာတံတိုင်းတလျှောက် သွေးချောင်းစီးတိုက်ပွဲများကို နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည့် ကျင့်ကြံသူများဖြစ်၍ ကြောက်ခမ်းလိလိ သတ်ဖြတ်လိုသော အရှိန်အဝါများရှိပေသည်။ သူတို့သည် မည်သူမှမထိရဲသည့် လူအမျိုးအစားများဖြစ်သည်။

ပိုင်ရှောင်ချန်းတွင် မယုံကြည်နိုင်ဖွယ်ကောင်းသော အတိုက်အခိုက်စွမ်းရည်နှင့် ဂိုဏ်းတွင် လွန်စွာမြင့်မားသော ရာထူးရှိသည်။ ထိုကဲ့သို့ နတ်အဆင့်ခေါင်းဆောင်ကြီးမှာ တစ်ဂိုဏ်းလုံးအား တုန်လှုပ်သွားစေနိုင်သည့်လူသာ ဖြစ်ပြီး ချစ်ကြောက်ရိုသေလေးစားမှုများစွာ ခံရသည့် ပုဂ္ဂိုလ်ဖြစ်ပေသည်။

ထိုအကြောင်းကြောင့် သူ ပြန်ရောက်ပြီးနောက် အားလပ်ချိန်ဟူ၍မရှိတော့ပေ။ နေ့စဥ်နေ့တိုင်း အပြာရောင်သက်တန့်ပေါ်ရှိ သူ၏ အင်မော်တယ်ဂူအပြင်တွင် လာရောက်သူ လူအုပ်ကြီး ထူထပ်နေတော့သည်။

သံမဏိသွေးကြောခေါင်းဆောင်ကြီးက ပထမဆုံးရောက်သူဖြစ်သည်။ သူတို့နှစ်ယောက် အတန်ကြာ ပျော်ပျော်ပါးပါး စကားစမြည်ပြောဆိုကြပြီး နောက်ဆုံးတွင် နှစ်ယောက်ကြား၌ မဟာမိတ်ဖွဲ့ရန် သဘောတူလိုက်ကြသည်။ ထို့နောက်တွင် ခေါင်းဆောင်ကြီးက တချိန်လုံးပြုံးရွှင်ရယ်မောစွာဖြင့် ထွက်ခွာသွားသည်။

ဒုတိယရောက်ရှိလာသူက ကုံသက်တန့်ဒေသမှ နတ်ကလေးငယ်ပင်ဖြစ်သည်။ အစက သူ အတန်ငယ် အနေရခက်နေကြသည်။ သူတို့က စကားနည်းနည်းပါးပါးပြောလိုက်ကြပြီး သူ အဏ္ဏဝါခေါ်သံဂိုဏ်းအား ဝင်မကူညီခဲ့သည့် အချက်ကို လျစ်လျူရှုထားစေရန်အလို့ငှာ သူ၏ စိတ်ကောင်းစေတနာများအား ဖော်ပြလိုက်သည်။

ထို့နောက် မရေမတွက်နိုင်သော ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများ ရောက်ချလာသည်။ သူတို့က ပိုင်ရှောင်ချန်းနှင့် ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ရန် မျှော်လင့်၍ လက်ဆောင်များနှင့်အတူ လာရောက်အရိုအသေပေးကြခြင်း ဖြစ်သည်။ အချို့မှာ ယခင်က ပြိုင်ဘက်များနှင့် ရန်သူများဖြစ်ကြသော ကုံဒေသသက်တန့်ပေါ်မှ ပညာရှင်များဖြစ်ပြီး သူတို့၏စိတ်ထဲတွင် ခံစားချက်များရောထွေးနေသည့်တိုင် ရင်းရင်းနှီးနှီးအရိုအသေပေးရုံမှတစ်ပါး တခြား မဖော်ပြကြပေ။

ပိုင်ရှောင်ချန်းက ထိုအခြေအနေများအားလုံးကို အေးအေးဆေးဆေးကိုင်တွယ်လိုက်သည်။ သူသည် ထိုကဲ့သို့အရာများနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ အတွေ့အကြုံများရှိခဲ့သည် မဟုတ်ပါလော။ အထူးသဖြင့် မြေရိုင်းဒေသမှာရှိစဥ်က သူသည် လုပ်ပိုင်ခွင့်အာဏာမြင့်မားသည့် ရာထူးကို ကျင့်သားရခဲ့ပြီး သင့်တင့်သလို ပြုမူနေထိုင်တတ်ခဲ့သည်။ သူက အချို့လူများအပေါ်တွင် ဖိအားပေးပြီး အချို့လူများအား အေးတိအေးစက် ဆက်ခံသည်။ သူက အချို့လူများကို နွေးထွေးပျူငှာစွာ ဆက်ဆံပြီး အချို့လူများအား စနောက်သည်။

အမှန်တွင် သူ၏ အိမ်နီးချင်းများဖြစ်သည့် နတ်အဆင့်ကျင့်ကြံသူများက ဖြစ်ပျက်နေသောအရာများအားလုံးကို အနီးကပ်စောင့်ကြည့်နေကြသည်။

ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့အားလုံးမှာ ရင်ထဲတွင် အေးစက်စက်နှာမှုတ်နေကြသည့်တိုင် တိတ်တိတ်လေးထိုင်နေရုံမှတစ်ပါး မတတ်နိုင်ကြပေ။ ပိုင်ရှောင်ချန်းက ခမ်းခမ်းနားနားပွဲဦးထွက်နေချိန် ပြဿနာရှာရန်မှာ အသိဥာဏ်ကင်းမဲ့သော လုပ်ရပ်ဖြစ်ကြောင်း သူတို့သိသည်။

လာရောက်ကြသူများထဲတွင် ပိုင်ရှောင်ချန်းကို ရိုးသားသော နွေးထွေးမှုများဖြင့် ဆက်ဆံကြသူအနည်းငယ်ရှိသည်။ သူတို့ထဲက တစ်ယောက်သည် ပိုင်ရှောင်ချန်းအား စောင့်ကြပ်ပေးရန် တုလင်ဖေးထံမှ အရိပ်အမြွက်ပေးခံခဲ့ရသော မိစ္ဆာနှိမ်နင်းရေးခန်းမမှ အဆောင်မှူးဖြစ်သည်။ သူ့နာမည်ကား ဖုန်းယွမ်ဒဲ့။

ဖုန်းယွမ်ဒဲ့သည် ပိုင်ရှောင်ချန်းအတွက် ရက်ရောသောလက်ဆောင်တစ်ခု ပြင်ဆင်ထားခဲ့သည်။ သူ့အတွက် နှစ်ပေါင်းများစွာတစ်လျှောက်လုံး အလွန် ကံကောင်းခဲ့သည်။ သူက ပြောသည့်အတိုင်း ပိုင်ရှောင်ချန်းအား ဂရုတစိုက်စောင့်ရှောက်ပေးခဲ့ပြီးနောက် တုလင်ဖေးကလည်း သူမ၏ကတိကို တည်ခဲ့သည်။ ဖုန်းယွမ်ဒဲ့သည် နတ်အဆင့်သို့ မရောက်သေးသည့်တိုင် အလွန်နီးကပ်နေပြီ ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်များစွာက ဆုံးဖြတ်ချက်သည် သူ့အား ဒုတိယအကြိမ်အကျိုးရှိစေလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။ ပိုင်ရှောင်ချန်းက နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်ဟု ကြားပြီးနောက် သူ လွန်စွာစိတ်လှုပ်ရှားသွားခဲ့သည်။

" သူတော်ကောင်းတရားမှာ ဆုလာဘ်ရှိတာပဲ "

သူက စိတ်ခံစားချက်များဖြင့် သက်ပြင်းချ၍ တွေးလိုက်သည်။ သူသည် ပိုင်ရှောင်ချန်းကို အဆုံးစွန်ထိလေးစားမှုများဖြင့် ဆက်ဆံလိုက်ပြီး ပိုင်ရှောင်ချန်းသည်လည်း လောကဝတ်ပျူငှာစွာဖြင့် ကိုယ်တိုင်ကိုယ်ကျ အပြင်သို့ လိုက်ပို့ပေးရာ သူ့အတွက် ကြီးစွာသော ဂုဏ်ပြုမှုဖြစ်နေတော့သည်။ သူ ထွက်လာခဲ့ပြီးနောက် ခါတိုင်းထက်ပို၍ ပျော်ရွှင်ဝမ်းမြောက်နေတော့သည်။

သုံးရက်ကြာပြီးနောက် အလည်အပတ်လာသူများနည်းပါးသွားရာ ပိုင်ရှောင်ချန်းမှာ အတန်ငယ် သက်ပြင်းချလိုက်သည်။ သူသည် အလုပ်ရှုပ်ခဲ့သော သုံးရက်တာအတွက် လွန်စွာသဘောကျနှစ်ခြိုက်နေတော့သည်။

အလည်အပတ်လာသူများစွာ၏ ကျေးဇူးကြောင့် ပိုင်ရှောင်ချန်းသည် သူမရှိသည့် နှစ်ပေါင်းများစွာအတွင်း ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ဖြစ်ပွားခဲ့သည့် အကြောင်းအရာများစွာ သိသွားရသည်။

သူသည် သံမဏိသွေးကြောခန်းမမှ ခေါင်းဆောင်ကြီးများအား ဂိုဏ်းတွင် အကြီးအကဲများအဖြစ် သတ်မှတ်ထားကြောင်းလည်း သတိရလိုက်သည်။ သာမန်အကြီးအကဲများသာမဟုတ်ဘဲ ဂိုဏ်းစောင့်အကြီးအကဲများပင် ဖြစ်ပေသည်။

ထိုမျှသာမက ရှင်းကုံကျစ်တာအိုတစ်ဂိုဏ်းလုံးတွင် ဂိုဏ်းစောင့်အကြီးအကဲ ခြောက်ဦးသာရှိသည်။ ထိုဂိုဏ်းစောင့်အကြီးအကဲများအောက်တွင် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများတစ်ရာနီးပါးရှိသည်။ စုစုပေါင်းလျှင် သူတို့သည် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အုပ်ချုပ်ရေး အကြီးအကဲများပင်။

နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီး ဝင်မပါလျှင် သူတို့က ရှင်းကုံကျစ်တာအိုဂိုဏ်းထဲရှိ ဆုံးဖြတ်ချက်များအားလုံးကို ချမှတ်ရသည်။

ထိုအဖွဲ့အစည်းထဲရှိ သူတို့ရာထူးများကြောင့် ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်၊ ပိုင်ကျိမ်းထျန်နှင့် ကလေးနတ်အဆင့်ကျင့်ကြံသူ လီယွမ်ထျန်းတို့တွင် ဂိုဏ်း၏အရေးကိစ္စများအားလုံးကို စီမံခန့်ခွဲရန် အာဏာနှင့် လုပ်ပိုင်ခွင့်များရှိသည်။ မြစ်အောက်ပိုင်းကိစ္စများ၊ မြစ်ဝဂိုဏ်းများရှိမဟာမိတ်အဖွဲ့များ၊ ကောင်းကင်တံတားကျွန်းဆွယ်နှင့် ဆက်သွယ်မှုများဖြစ်စေ ၄င်းတို့အားလုံး သူတို့၏ အုပ်ချုပ်ရေးရာနယ်ပယ်အတွင်း ရှိသည်။

သေးသေးကြီးကြီး ကိစ္စမဟူ ထိုနတ်အဆင့်ကျင့်ကြံသူလေးယောက်က ဆုံးဖြတ်သည်။ သို့သော် သူတို့ ပြောခွင့်မရှိသည့် တစ်ခုတည်းသောအရာကား..... စစ်ပွဲပင်။

စစ်ပွဲသည် သံမဏိသွေးကြောခန်းမ၏တရားစီရင်ပိုင်ခွင့်ဖြစ်သည်။ ထိုမတိုင်ခင်က ၄င်းသည် သံမဏိသွေးကြောခေါင်းဆောင်ကြီး၏ တာဝန်ဖြစ်သည်။ သို့သော် ယခုတွင် ပိုင်ရှောင်ချန်းသည် ပူးပေါင်းပါဝင်လာလေပြီ။ သူတို့နှစ်ယောက်ကသာ ရှေးကျပြီး စွမ်းအားကြီးသော ရှင်းကုံကျစ်တာအိုဂိုဏ်းကို တိုက်ပွဲထဲပို့လွှတ်နိုင်သော လူများဖြစ်သည်။

အမှန်တကယ်တော့ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးက မည်သည့်အမိန့်ကိုမဆို ပြောင်းပြန်လှန်ပစ်နိုင်သည်။ သို့သော် မဟာတံတိုင်းက တိုက်ပွဲများဖြစ်စေ၊ အခြားနယ်ပယ်များရှိ ရန်ပွဲများဖြစ်စေ သံမဏိသွေးကြောခန်းမက အမြဲဦးဆောင်သည်။

ပိုင်ရှောင်ချန်းမှာ ယခုရှိသည့် မယုံကြည်နိုင်ဖွယ် မြင့်မားသော ရာထူးကြောင့် ယခင်က တားဆီးပိတ်ပင်ထားသော စစ်ဆေးမှုနယ်ပယ်များကို ဝင်ရောက်ကြည့်ရှုရန် အရည်အချင်းပြည့်မီသွားလေပြီ။

ဥပမာ....... ကောင်းကင်တံတားကျွန်းဆွယ်။

ဥပမာ...... တုလင်ဖေး၏ ကောင်းကင်တံတားတမန်တော်ရာထူး။

ဥပမာ..... ဟိုရှောင်မေ့နှင့် ဝိညာဥ်စွယ်။

မြေရိုင်းဒေသတွင် သူတွေ့မြင်ခဲ့ရသည့် အရာအားလုံးအပေါ် အခြေခံ၍ ကောင်းကင်တံတားကျွန်းဆွယ်နှင့် သက်ဆိုင်သော ကိစ္စများသည် ပဟေဌိပုစ္ဆာတစ်ပုဒ်အလား မဟုတ်တော့ပေ။ သူက အလုံးစုံနားမလည်သော်လည်း အတော်အတန် တီးမိခေါက်မိ ရှိနေလေပြီ။

ကောင်းကင်ဧကရာဇ်သည် အမှန်တကယ်တော့ ကောင်းကင်တံတားမြစ်ဒေသ၏ ဘုရင်တစ်ဆူဖြစ်သည်။

မြစ်ဝဂိုဏ်းလေးဂိုဏ်းသည် မြေရိုင်းဒေသ၏ ကောင်းကင်ဘုရင်လေးပါးနှင့် တူညီပြီး ဒေသဆိုင်ရာဘုရင်ခံများသဖွယ် ပြုမူကြသည်။

ကောင်းကင်တံတားကျွန်းဆွယ်သည် ကောင်းကင်တံတားတာအို၏ ကောင်းကင်ဧကရာဇ်နန်းတော်တည်ရှိရာ နေရာဖြစ်သည်။

တုလင်ဖေး၏ တာဝန်ထမ်းဆောင်မှုအပိုင်းကို ပြောရလျှင် သူမသည် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများနှင့် တစ်ဆင့်တည်းတွင် ရှိ၏။

ဟိုရှောင်မေ့နှင့် အခြားသူများအား ကောင်းကင်တံတားကျွန်းဆွယ်သို့ ခေါ်ဆောင်သွားခဲ့သည့် ရွေးချယ်ပွဲမှာမူ အမှတ်တကယ်တွင် အခြားအကြောင်းကိစ္စတစ်ရပ်သာ ဖြစ်ကြောင်း ယခုအခါ ပိုင်ရှောင်ချန်း အတည်ပြုနိုင်လိုက်သည်။

" တုလင်ဖေး၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ရှင်းကုံကျစ်တာအိုဂိုဏ်းကထွက်သွားတယ်။ သူက…. ကောင်းကင်တံတားကျွန်းဆွယ်ကို ပြန်သွားတာ "

ယခုအခါ ပိုင်ရှောင်ချန်း၏လက်ထဲ၌ သတင်းပို့ကျောက်စိမ်းပေလွှာတစ်ခုကို ကိုင်ဆောင်ထား၏။ တုလင်ဖေးက မည်သည့်အတွက်ကြောင့် ကောင်းကင်တံတားတမန်တော် ဖြစ်နေသည်နှင့် ပတ်သက်၍ ယခု သူ့စိတ်ထဲတွင် ထင်မြင်ချက်အနည်းငယ် ရှိနေလေပြီ။

သူ့ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာသည်နှင့် တစ်ပြိုင်နက် သူက ဖိနှိပ်ရန် ကြိုးစားလိုက်သည်။ သို့သော် ထူးဆန်းသောအမူအရာတစ်ခုက သူ့မျက်နှာကို တဖြည်းဖြည်း ဖုံးလွှမ်းလာ၏။ အနည်းငယ်တွေးတောပြီးနောက် သူက မျက်တောင်ကိုတဖျပ်ဖျပ်ခတ်လိုက်ပြီး လည်ချောင်းရှင်းလိုက်သည်။

" ငါထင်တာသာမှန်နေရင် တော်တော်ကြောက်စရာ ကောင်းတာပဲ "

သူက နှာခေါင်းကို ပွတ်လိုက်ပြီးနောက် လက်ကိုဝှေ့ယမ်းကာ ကျောက်စိမ်းပေလွှာကို သိမ်းလိုက်သည်။ ယခုတွင် သူက နတ်အဆင့်ကျင့်ကြံသူနှင့် ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက်ဖြစ်သည့်အတွက် သူနှင့်အဆင့်အတန်းတူ နတ်အဆင့်ကျင့်ကြံသူများ မသိသည့် လျှို့ဝှက်ချက်များမှလွဲ၍ ရှင်းကုံကျစ်တာအိုဂိုဏ်းရှိ မည့်သည့်လျှို့ဝှက်ချက်ကိုမဆို သူ့ထံမှ ဖုံးကွယ်ထား၍မရတော့ပေ။

သို့ဖြစ်၍ ယခုတွင် သူ မည်မျှအရေးပါကြောင်း မြင်နိုင်ပေသည်။ သူသည် ဂိုဏ်းသားများအားလုံး လေးလေးစားစား မော်ကြည့်ရသည့် အရေးပါသောလူတစ်ယောက် အမှန်တကယ် ဖြစ်လာလေပြီ။

ထိုအခြင်းအရာကြောင့် ပိုင်ရှောင်ချန်းမှာ အလွန်အမင်း သဘောကျကျေနပ်နေတော့သည်။ လွန်ခဲ့သော သုံးရက်အတောအတွင်း သူ့ထံသို့ လူပေါင်းများစွာ အလည်အပတ်လာရောက်ခဲ့သည့်တိုင် ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်အကြောင်း မည်သည့်သတင်းမှ မကြားရပေ။

သူတို့မှာ ပျောက်ဆုံးနေသည့်အလား။ ဖုန်းယွမ်ဒဲ့ပင်လျှင် ထိုအခြေအနေကြောင့် ခေါင်းခြောက်နေတော့သည် ပိုင်ရှောင်ချန်း၏ မိတ်ဆွေနှစ်ဦးလုံး လွန်ခဲ့သော တစ်နှစ်က ပျောက်သွားခဲ့ကြောင်းသာ သူ သိခဲ့ရသည်။

ပိုင်ရှောင်ချန်းက ထိုအကြောင်းကို ကြားသောအခါ နောက်ကွယ်တွင် နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ရှိသည်ဟု ကောက်ချက်ချလိုက်သည်။

ထိုကဲ့သို့ လူများသာ ယခုလိုကိစ္စမျိုးလုပ်ပြီး မည်သည့်သတင်းအချက်အလက်မှ သူ မရစေနိုင်အောင် စွမ်းဆောင်နိုင်မည်ဖြစ်သည်။

အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့နှစ်ယောက်လုံး၏ အသက်ပေလွှာများရှိသေးသည် ဖြစ်ရာ သူတို့အသက်ရှင်နေသေးကြောင်း သူသိသည်။ သို့သော် ယင်းကား သူ၏စိုးရိမ်မှုများ မြင့်တက်လာသည်ကို မတားဆီးနိုင်ပေ။ သူက မေးကို မော့၍ အေးစက်စက်နှာမှုတ်လိုက်သည်။

" ငါ ခြေရာမခံနိုင်လဲ ဘာအရေးလဲ။ ချိန်ဟဲ့ထျန်ဆီပဲ သွားလိုက်မှာပေါ့။ ဟမ့် အခုကစပြီး ငါ့ကို စိတ်ရှုပ်အောင်လုပ်တဲ့ကောင်မှန်သမျှ ဖယ်ရှားပစ်မယ် "

မြေရိုင်းဒေသနှင့် မဟာတံတိုင်းမှာ သူ ခံစားခဲ့ရသည်များကြောင့် နတ်အဆင့်ကျင့်ကြံသူသုံးယောက်အနက် ချိန်ဟဲ့ထျန်ကား သူ သဘောမကျဆုံးလူဖြစ်ပေသည်။

All Chapters