← Chapters

အခန်း (၂၂၇-၂၂၈)

Vol. 15 Ch. 227-228

အခန်း (၂၂၇-၂၂၈)

Vol. 15 Ch. 227-228

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -227

အခန်း ၂၂၇ ။ အခြေအနေလိုက် ပြောင်းလဲနိုင်ခြင်း

နောက်တစ်နေ့တွင် ဝူထုံနန်းဆောင်၌ ဂါရဝပြုကြသည်။

မနေ့ညက ချန်ကျယ်ယွီသည် ကျင်းကန်နန်းဆောင်သို့ ကိုယ်တိုင်သွားရောက်ခဲ့ပြီး အိပ်ဆောင်ဝင်ခွင့် ရခဲ့သဖြင့် ယနေ့တွင် သူမသည် အဓိကဇာတ်ကောင် ဖြစ်နေသည်။

အဓိက ထိုင်ခုံတွင် ထိုင်နေသော မိဖုရားခေါင်ကြီးသည် သဘောထားကြီးဟန်ဆောင်ကာ ပြုံးလျက် ပြောလိုက်သည်။

"အရှင်မင်းကြီးက သံယောဇဉ်ရှိတာပဲ။ ချန်ကျယ်ယွီက အားရင် ထွက်လည်ပါဦး။ အရှင်မင်းကြီးရဲ့ ဝမ်းကွဲညီမ ဖြစ်နေမှတော့ အရှင်မင်းကြီးက သတိရနေမှာပဲ"

"ဟုတ်ပါ့။ မနေ့က အရှင်မင်းကြီးက မယ်တော်ကြီးဆီ သွားပြီး ထမင်းစားတယ်။ ညီအစ်ကို မောင်နှမတွေ စိတ်ချင်းဆက်နေကြတာပဲ။ ချန်ကျယ်ယွီက ချက်ချင်း ကျိုချန်နန်းဆောင်ကို လိုက်သွားနိုင်တယ်။ ဒီလို စိတ်ချင်းဆက်တာမျိုး ဒီချန်းချဲ့

တို့ မတတ်နိုင်ပါဘူး"

ယိရှိုးယွမ်က ယပ်တောင်ခတ်ရင်း အေးစက်စက် ပြောလိုက်သည်။

ဒီရက်ပိုင်း အရှင်မင်းကြီးက ကျောက်ထန်ခြံဝင်းကို ခဏခဏ သွားနေသဖြင့် သူမ မျက်နှာငယ်နေရသည်။ အခု မသွားတော့ဘူးဆိုတော့လည်း ချန်မျိုးရိုးက နေရာဝင်ယူသွားပြန်ပြီ။ သူမ ရင်ထဲတွင် မကျေမနပ် ဖြစ်နေသည်။

"အရှင်မင်းကြီးက ဧကရာဇ်ပါ။ ဒီချန်းချဲ့က အရှင်မင်းကြီးရဲ့ သဘောထားကို ဘယ်လိုလုပ် ခန့်မှန်းရဲမှာလဲ။ ရှိုးယွမ် ပြောသလို စိတ်ချင်းဆက်တယ် ဆိုတာ မဟုတ်ပါဘူး"

ချန်ကျယ်ယွီက ဒူးညွှတ်အရိုအသေပြုကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"ငါမှတ်မိတာတော့ ငယ်ငယ်တုန်းက ချန်ကျယ်ယွီက အရမ်း မာနကြီးတာလေ။ အခုတော့ တော်တော်လေး နူးညံ့သိမ်မွေ့လာတာပဲ။ နန်းတော်ထဲ ရောက်နေတာ နှစ်နှစ်၊ သုံးနှစ်လောက် ရှိပြီဆိုတော့ စိတ်သဘောထားတွေ ပြောင်းလဲသွားပုံရတယ်"

ယောင်ရှန်းက ပြုံးလျက် ပြောလိုက်သည်။

မိဖုရားခေါင်ကြီးက သူမကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

"နန်းတော်ထဲနေတာကြာလာရင် တိုးတက်မှု ရှိလာမှာပဲလေ"

"မတိုးတက်ရင် အရှင်မင်းကြီးက မေ့ပစ်လိုက်တော့မှာပေါ့"

ရှူးဖေးက လှောင်ပြောင်လိုက်သည်။ ခဏနားပြီး ဆက်ပြောသည်။

"ဩော်... မဟုတ်သေးပါဘူး။ ချန်ကျယ်ယွီက ငါတို့နဲ့မှ မတူတာ။ မယ်တော်ကြီးက မြှောက်စားထားတာပဲဟာ"

"ကဲပါ... ရှူးဖေးရယ်။ အသက်ဘယ်လောက်ရှိပြီလဲ။ ဒီလို စကားနာတွေ ပြောနေတုန်းပဲလား"

မိဖုရားခေါင်ကြီးက အချိန်ကိုက် ဝင်တားလိုက်သည်။

"အရှင်မင်းကြီးက အနောက်ဆောင်မှာ မျှမျှတတ သွားလာတာ ကောင်းပါတယ်။ တစ်နေရာတည်းကိုပဲ စိုက်ကြည့်နေရင် တော်ဝင်မျိုးဆက်အတွက် မကောင်းဘူး။ မင်းတို့အားလုံးလည်း နိုးနိုးကြားကြား ရှိကြ။ မင်ရှိုးရုန်လို အရှင်မင်းကြီး ပျော်ရွှင်အောင် လုပ်ပေးနိုင်ဖို့က အရေးကြီးဆုံးပဲ"

စကားဆုံးသည်နှင့် ယိရှိုးယွမ်၏ အကြည့်များသည် ဘေးသို့ ရောက်သွားသည်။

"မင်ရှိုးရုန်က အိပ်ဆောင်ဝင်တာ မနည်းပါဘူး။ အရှင်မင်းကြီးက ဒီလောက် ချစ်မြတ်နိုးတာတောင် သတင်းကောင်း မကြားရသေးပါလား။ ဒါမှမဟုတ်..."

"ဒါမှမဟုတ် ယိရှိုးယွမ်က အားနေလို့ ဒီချန်းချဲ့ရဲ့ ဗိုက်ကို လိုက်ကြည့်နေတာများလား"

ယဲ့ယွင်က မျက်စောင်းထိုးပြီး ဖြတ်ပြောလိုက်သည်။

"ယိရှိုးယွမ်က အရမ်းအားနေရင် နောက်တစ်ခါ အရှင်မင်းကြီးနဲ့ တွေ့တဲ့အခါ ရှိုးယွမ်ဆီကို များများသွားဖို့ ပြောပေးလိုက်ပါ့မယ်။ ဒါမှ ရှိုးယွမ်က အရှင်မင်းကြီးအပေါ်ပဲ အာရုံစိုက်ပြီး မကြည့်သင့်တာတွေ လိုက်မကြည့်တော့မှာပေါ့"

သူမသည် ထုံးစံအတိုင်း လျင်မြန်ပြတ်သားစွာ တုံ့ပြန်လိုက်သဖြင့် ယိရှိုးယွမ် စကားပိတ်သွားသည်။

ပါးစပ်သရမ်းခြင်းတွင် အနောက်ဆောင်၌ သူမကို မည်သူမျှ မယှဉ်နိုင်ပေ။

အဓိကအချက်မှာ ယဲ့ယွင်သည် ဘာမဆို ပြောရဲဆိုရဲ ရှိခြင်းပင်။

"အို... မင်ရှိုးရုန်က ဘာလို့ ဒီလောက် ဒေါသကြီးနေတာလဲ။ ယိရှိုးယွမ်က ဘာမှ မပြောရသေးပါဘူး။ အနာကို ထိသွားသလိုပဲ"

ယောင်ရှန်းက နှုတ်ခမ်းမဲ့လိုက်သည်။

"ဟမ့် အရင်တုန်းက မသိခဲ့ဘူး။ ဖန်းရှိုးယွမ်က ဇာတ်လမ်းဆင်တာ တော်တော် ပိုင်နိုင်တာပဲ။ နောက်တစ်ခါ ဇာတ်စင်ထိုးရင် ရှိုးယွမ်ကို သီချင်းဆိုခိုင်းရမယ်"

ယဲ့ယွင် သူမကို အေးစက်စွာ ကြည့်လိုက်ပြီး ပြန်ပက်လိုက်သည်။

ယိရှိုးယွမ်က သက်သာလာပြီး မျက်နှာနီရဲကာ မတ်တတ်ရပ်လိုက်သည်။

"မိဖုရားခေါင်ကြီး ကြည့်ပါဦး။ မင်ရှိုးရုန်က စကားပြောတာ ရိုင်းစိုင်းလွန်းပါတယ်။ ဒီချန်းချဲ့နဲ့ ဖန်းရှိုးယွမ်က သူ့ထက် ရာထူးမြင့်တာတောင် သူက ဒီလို ပြန်ပြောရဲတယ်။ တကယ့်ကို အထက်အောက် မသိ၊ စည်းကမ်းမရှိတာပါပဲ"

သူမ မတ်တတ်ရပ်လိုက်သည်နှင့် ယဲ့ယွင်လည်း လိုက်ရပ်လိုက်သည်။

တောက်ပသော မျက်ဝန်းလေးများက အပြစ်ကင်းစင်ဟန် ပေါ်နေသည်။

"အစ်မတော်ယိက တကယ် စိတ်ဆိုးသွားတာလား။ ကျွန်မကတော့ ညီအစ်မချင်း စနောက်နေကြတာပဲ ထင်လို့ပါ။ စကားနည်းနည်း ပြောမိတာနဲ့ မိဖုရားခေါင်ကြီးဆီ တိုင်ရလောက်အောင် ဖြစ်သွားမယ် မထင်မိပါဘူး။ နောက်ဆို အစ်မတော်တို့နဲ့ မစနောက်ရဲတော့ပါဘူး"

သူမ ဟန်ဆောင်နေသည်ကို မြင်သောအခါ ယိရှိုးယွမ် ပို၍ ဒေါသထွက်သွားသည်။

"ယဲ့မျိုးရိုး... ဘယ်သူက နင်နဲ့ စနောက်နေလို့လဲ"

"ဘာဖြစ်ကြတာလဲ။ စိတ်ဆိုးနေကြတုန်းလား"

ဝမ်ရှိုးရီက အချိန်ကိုက် ဝင်ပြောလိုက်သည်။

"ယိရှိုးယွမ်နဲ့ ဖန်းရှိုးယွမ်က ရာထူးမြင့်တဲ့သူတွေလေ။ နင်တို့နှစ်ယောက်က တစ်ယောက်တစ်ပေါက် ပြောနေမှတော့ မင်ရှိုးရုန်အကျင့်နဲ့ဆို ပြန်ပြောပြီပေါ့။ တစ်မိသားစုထဲက ညီအစ်မတွေပဲဟာ။ စနောက်တာလေးနဲ့ စိတ်ဆိုးစရာ လိုလို့လား"

ဝမ်ရှိုးရီ၏ စကားများသည် ယဲ့ယွင်ကို ကူညီရာ ရောက်သွားသည်။

ရန်ဖြစ်တာကို စနောက်တယ်လို့ ပြောင်းလဲလိုက်သလို၊ ရာထူးမြင့်တဲ့ နှစ်ယောက်ပေါင်းပြီး ရာထူးနိမ့်တဲ့ ယဲ့ယွင်ကို အနိုင်ကျင့်နေပြီး အနိုင်မရလို့ စိတ်ဆိုးနေတာလို့ သွယ်ဝိုက်ပြောလိုက်ခြင်း ဖြစ်သည်။

"တော်ကြတော့။ မနက်စောစောစီးစီး ဆူညံနေလိုက်တာ"

မိဖုရားခေါင်ကြီး နောက်ဆုံးတွင် ဝင်ပြောလိုက်သည်။

"မင်းတို့သုံးယောက်က အတူတူ ဝင်လာကြတာ။ သံယောဇဉ် ရှိသင့်တယ်။ ဝမ်ရှိုးရီ ပြောတာ မှန်တယ်။ ညီအစ်မချင်းပဲဟာ ဘာလို့ ရန်ဖြစ်နေကြတာလဲ။ ကြည့်ရဆိုးတယ်။ ဒီနေ့ မင်းတို့သုံးယောက်လုံး စည်းကမ်းမဲ့ကြတယ်။ ပြန်ရောက်ရင် နန်းတွင်းစည်းမျဉ်းစာအုပ်ကို သုံးခေါက်စီ ကူးရေးကြ။ စိတ်ကို ငြိမ်အောင် ထားကြ။ ကလေးတွေ မဟုတ်ကြတော့ဘူး။ နောက်နှစ် လူသစ်တွေ ရောက်လာရင် မင်းတို့က စီနီယာတွေ ဖြစ်ကုန်ကြပြီ"

"ဟုတ်ကဲ့ပါ၊ ဒီချန်းချဲ့ မှားသွားပါတယ်"

ယဲ့ယွင် ချက်ချင်း ခေါင်းငုံ့ဝန်ခံလိုက်သည်။

သူမ၏ မျက်နှာပြောင်းလဲမှု မြန်ဆန်လွန်းသဖြင့် ကျန်နှစ်ယောက်မှာ အမီမလိုက်နိုင် ဖြစ်သွားသည်။

သူမကို တစ်ချက်ကြည့်လိုက်ပြီးမှ လိုက်လံဝန်ခံကြသည်။

နောက်ဆုံးတွင် မိဖုရားခေါင်ကြီးက အမြတ်ဆုံး ဖြစ်သွားသည်။

အချစ်ခံရသော ကိုယ်လုပ်တော် သုံးယောက်လုံးကို တစ်ပြိုင်နက် အပြစ်ပေးလိုက်နိုင်သည်။

၎င်းမှာမိဖုရားခေါင်ကြီး၏ အနောက်ဆောင်ကို ထိန်းချုပ်ပုံ တစ်မျိုးဖြစ်သည်။

မည်သူက မည်မျှ မျက်နှာသာရနေပါစေ၊ သူမကို လွန်ဆန်၍ မရကြောင်း၊ အနောက်ဆောင် ကိုယ်လုပ်တော်များသည် သူမစကားကို နာခံရမည်ဖြစ်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ဤဂါရဝပြုပွဲသည် ချန်ကျယ်ယွီကို ပစ်မှတ်ထားရာမှ အခြားကိုယ်လုပ်တော် သုံးဦး အပြစ်ပေးခံရခြင်းဖြင့် ပြီးဆုံးသွားသည်။

လူစုကွဲသွားသောအခါမှ မိဖုရားခေါင်ကြီး၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ ပေါ်လာသည်။

စုအာက လက်ဖက်ရည်တစ်ခွက် ဆက်သလိုက်သည်။

"ကျွန်တော်မျိုးမ ကြည့်ရတာ မင်ရှိုးရုန်က အခြေအနေလိုက် ပြောင်းလဲတတ်ပုံရတယ်"

မိဖုရားခေါင်ကြီး မျက်လွှာချလိုက်ပြီး နဖူးကို နှိပ်နယ်လိုက်သည်။

"သူက မောက်မာရုံသက်သက်ဆိုရင် အရှင်မင်းကြီးက ဒီလောက်ထိ သဘောကျမှာ မဟုတ်ဘူး။ ယဲ့မျိုးရိုးက ဉာဏ်ကောင်းတယ်။ မောက်မာသင့်တဲ့အချိန်မှာ မောက်မာပြီး၊ အလျှော့ပေးသင့်တဲ့အချိန်မှာ အလျှော့ပေးတယ်။ လုံးဝ မတွန့်ဆုတ်ဘူး"

"ဒါဆိုရင် ဒီအသုတ်ထဲမှာ သူက အတော်ဆုံးပေါ့"

စုအာက ပြောလိုက်သည်။

"ဘယ်လောက်ပဲ ဉာဏ်ကောင်းပါစေ၊ တစ်ယောက်တည်းနဲ့ လူအများကြီးကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ အနောက်ဆောင်မှာ လူသစ်တွေ ရောက်လာဦးမှာပဲ။ ဉာဏ်ကောင်းတဲ့သူတွေ ရှားမှာ မဟုတ်ဘူး"

မိဖုရားခေါင်ကြီးက နှာမှုတ်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။

"ပထမမင်းသားကို သွားကြည့်ရအောင်"

စုအာ ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မမေးတော့ပေ။

ယခုအခါ ဒုတိယမင်းသားကို ကျင်းဖေး လက်ထဲ ထည့်ပေးလိုက်သဖြင့် မိဖုရားခေါင်ကြီး ဒေါသထွက်နေသော်လည်း ပထမမင်းသားက သူမလက်ထဲတွင် ရှိနေသေးသည်။ ကိုယ်တိုင် မွေးစားခွင့်မရသော်လည်း မိခင်မေတ္တာရှိဟန်ပြသပြီး အရှင်မင်းကြီး မြင်အောင် လုပ်ရမည်။

အရှင်မင်းကြီးက သူမကို တရားဝင်သား မွေးစေချင်မှန်း မိဖုရားခေါင်ကြီး နားလည်သည်။ သို့သော် ဒုတိယမင်းသားကို ကျင်းဖေးအား ပေးလိုက်ခြင်းသည် သူမအတွက် လမ်းတစ်လမ်း ပိတ်လိုက်သကဲ့သို့ ဖြစ်နေသည်။

ယခုအခါ သူမ ကိုယ်တိုင် ကိုယ်ဝန်ရပြီး သားယောက်ျားလေး မွေးဖွားနိုင်ရန်သာ မျှော်လင့်ရတော့မည်။

......

ကျောက်ထန်ခြံဝင်း။

အခြားတစ်ဖက်တွင် ယဲ့ယွင် ပြန်ရောက်သည်နှင့် ညန်ကောင်းက ခုန်အုပ်လိုက်သည်။

ဒီခွေးလေးက ကြီးလာလေ လူကို ဖက်ရတာ ပိုကြိုက်လေ ဖြစ်နေသည်။

ယဲ့ယွင်၏ အစေခံများအားလုံး ညန်ကောင်း၏ ဖက်တာကို ခံရဖူးကြသည်။

"နန်းတော်ထဲမှာ စည်ကားလာလေ မင်းက ပိုဆိုးလာလေပါလား"

ခွေးခေါင်းကို ပွတ်သပ်ပေးရင်း ယဲ့ယွင် ပြုံးလိုက်သည်။

"ရှိုးရုန် ပြန်ရောက်တာနဲ့ ခွေးကို ဖက်နေပြန်ပြီ။ လက်ဆေး၊ မျက်နှာသစ်ပါဦး။ ချွေးတွေ ထွက်နေပြီ"

နန်ကျစ်က အခန်းထဲမှ ထွက်လာပြီး ညည်းညူလိုက်သည်။

ယဲ့ယွင်သည် သူမ၏ တွဲကူမှုဖြင့် အခန်းထဲ ဝင်သွားပြီး မျက်နှာသစ်၊ လက်ဆေးကာ ပေါ့ပါးသော အိမ်နေဝတ်စုံကို လဲဝတ်လိုက်သည်။

ထို့နောက် ဧကရာဇ်တစ်ပါးကဲ့သို့ ခေါင်းအုံးကို မှီပြီး ဇိမ်ကျကျ လှဲနေလိုက်တော့သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -228

အခန်း ၂၂၈ ။ တစ်ချက်တည်းနဲ့ အကုန်ရှင်းခြင်း

"ရှိုးရုန် မျက်နှာကြည့်ရတာ ဒီနေ့လည်း နိုင်ပွဲရခဲ့ပုံပဲ"

နန်ကျစ်က သစ်သီးပန်းကန်နှစ်ချပ် ကိုင်လာပြီး ပြုံးလျက် စနောက်လိုက်သည်။

ယနေ့ လိုက်ပါသွားသော ဟွေယဲ့ကလည်း ရယ်မောလိုက်သည်။

"ငါတို့ ရှိုးရုန်က တကယ် တော်တာ။ နိုင်ရမှာ သေချာပေါက်ပဲပေါ့။ နင့်ကို ယိရှိုးယွမ်နဲ့ ဖန်းရှိုးယွမ်တို့ နှစ်ယောက်ရဲ့ ပါးစပ်သရမ်းတာကို မြင်စေချင်လိုက်တာ"

"သူတို့ပြောတာတွေကလည်း ငါ့မှာ ကိုယ်ဝန်မရှိတာကိုပဲ ထပ်ခါထပ်ခါ ပြောနေတာပါ။ ငါသာ တကယ် ကိုယ်ဝန်ရှိလာရင် သူတို့ အိပ်ပျော်မှာတောင် မဟုတ်ဘူး"

ယဲ့ယွင် မျက်လုံးလှန်ကြည့်လိုက်သည်။

အနောက်ဆောင်က မိန်းမတွေရဲ့ စကားတွေကလည်း ထပ်နေပြီ။ မျက်နှာသာပေးလို့ဘဝင်မြင့်နေတာတို့၊ ကလေးမမွေးနိုင်တာတို့ ဆိုတာကလွဲရင် အသစ်အဆန်း မရှိတော့ပေ။

သူမ နားထောင်ရတာ ငြီးငွေ့နေပြီဖြစ်သည်။

"နင်တို့ သတိထားမိလား။ ဖန်းရှိုးယွမ်က အရင်တုန်းက ငြိမ်ငြိမ်နေပေမဲ့ အခုတလော လှုပ်ရှားမှု များလာသလိုပဲ။ အရင်တုန်းက ကိုယ်လုပ်တော်တွေ စကားများရင် ဝင်မပါတတ်ပေမဲ့ အခုတော့ ပါးစပ်သရမ်းလာပြီ"

ငွေခရင်းလေးနှင့် ဖရဲသီးစိတ်ကို ထိုးပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ စကားပြောရတာ ဗလုံးဗထွေး ဖြစ်နေသည်။

ဟွေယွဲ့ ခေါင်းညိတ်လိုက်သည်။

"ကျွန်တော်မျိုးမလည်း သတိထားမိပါတယ်။ ထိုင်မနေနိုင်တော့ဘူး ထင်တယ်"

"ငါ့ကို ပစ်မှတ်ထားတာ ပိုများတယ်လို့ ထင်တယ်။ တကယ်တမ်းဆိုရင် ယိရှိုးယွမ်ကမှ သူ့အတွက် အန္တရာယ်အရှိဆုံးလေ"

နန်ကျစ် စဉ်းစားလိုက်ပြီး ပြောသည်။

"ငါတို့နဲ့ ရန်ငြိုးဖွဲ့ထားလို့ ဖြစ်မှာပါ။ သူ့ရဲ့ အနီးကပ်အစေခံ ချီဝမ်က သူ့အစား အပြစ်ခံပြီး သေသွားတာလေ။ အခု အသစ်ခန့်ထားတဲ့ နျန်ဝမ်ရဲ့ နာမည်ကတောင် သတိရတဲ့သဘော သက်ရောက်နေတယ်"

"အဲ့ဒီကိစ္စက သူလုပ်တာ သေချာပါတယ်။ ဒါပေမဲ့ သူက ပါးနပ်တယ်။ အမှုပေါ်လာတော့ သူနဲ့မဆိုင်သလို ရှောင်ထွက်သွားနိုင်တယ်။ အရှင်မင်းကြီးကလည်း အသက်ကယ်ထားတဲ့ ကျေးဇူးကို ထောက်ပြီး ယိရှိုးယွမ် ကိုယ်ဝန်မပျက်ကျသွားတာကြောင့် အပြစ်မယူခဲ့တာ"

ယဲ့ယွင် မျက်လုံးများ မှေးကျဉ်းသွားသည်။ အရင်က စွပ်စွဲခံရမှုအတွက် စိတ်မကျေနပ်သေးပေ။

နောက်ဆုံးတွင် ယောင်ရှန်း၏ အစေခံတစ်ယောက်သာ အသက်ဆုံးရှုံးခဲ့ရသည်။ သူမအတွက် သက်သာလွန်းနေသည်။

အကယ်၍ အကြံအောင်မြင်ခဲ့လျှင် သေဆုံးရမည့်သူမှာ သူမကိုယ်တိုင် ဖြစ်သွားနိုင်သည်။

"မဟောင်တဲ့ခွေးက လူကိုက်တတ်တယ်။ ဖန်းရှိုးယွမ်က ငါနဲ့ ရန်ငြိုးရှိနေပြီ။ သူက ဉာဏ်များတယ်။ နောက်ဆို သတိထားကြ"

ဟွေယွဲ့နှင့် နန်ကျစ် ခေါင်းညိတ်လိုက်ကြသည်။

နန်းတော်ထဲတွင် နေထိုင်တာ ကြာလာသဖြင့် လျှို့ဝှက်ချက်များကို သိမြင်လာပြီး သတိထားတတ်လာကြသည်။

နတ်ဆိုး၊ ဘီလူးများနှင့် ရင်ဆိုင်ရမည်ဆိုလျှင်လည်း ရှောင်လွှဲ၍ ရမည် မဟုတ်ပေ။ ယဲ့ယွင်သည် ကြောက်တတ်သူ မဟုတ်သဖြင့် လာသမျှကို တစ်ချက်တည်းနဲ့ အကုန်ရှင်းပစ်မည်သာ ဖြစ်သည်။

....

နောက်ပိုင်းရက်များတွင် အနောက်

ဆောင်၏ လေထုသည် ထူးဆန်းနေသည်။

ထူးဆန်းသည်ဟု မဆိုနိုင်သော်လည်း စည်းကမ်းတကျ ဖြစ်လွန်းနေသည်။

နင်ချန်သည် မယ်တော်ကြီး၏ "မျှတစွာ ချစ်ခင်ပါ" ဆိုသော အမိန့်ကို တိကျစွာ လိုက်နာပြီး ကိုယ်လုပ်တော်များကို တစ်ယောက်ပြီးတစ်ယောက် တစ်ရက်စီ အလှည့်ကျ သွားရောက်နေသည်။

မိဖုရားခေါင်ကြီးမှ စတင်ပြီး ရှူးဖေး၊ ကျင်းဖေး၊ ဝမ်ရှိုးရီ၊ ဖန်းရှိုးယွမ်၊ ယိရှိုးယွမ်၊ ရှမိန်ရန်နှင့် ချွေ့ပေါင်လင် ထံသို့ အစဉ်လိုက် သွားရောက်သည်။

ယဲ့ယွင်နှင့် ချန်ကျယ်ယွီ နှစ်ယောက်ကိုတော့ ချန်လှပ်ထားလိုက်သည်။

အကြောင်းပြချက်မှာ သူတို့နှစ်ဦးကို အရင်သွားတွေ့ပြီးပြီ ဆိုသောကြောင့် ဖြစ်သည်။

....

ဤသို့ဖြင့် လဝက်ခန့် ကုန်လွန်သွားပြီး ချုံးယန်ပွဲတော် မတိုင်မီ တစ်ရက်အလိုသို့ ရောက်ရှိလာသည်။

၉လပိုင်း ၈ ရက်နေ့တွင် ဧကရာဇ်သည် မည်သူ့ထံမှ မသွားဘဲ နေလိုက်သည်။

သို့သော် ပွဲတော်ပြီးလျှင် ၉လပိုင်း ၁၅ ရက်ခန့်တွင် နန်းတော်သို့ ပြန်မည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်လိုက်သည်။

အပူရှောင်ရန် လာရောက်သည်မှာ လအနည်းငယ် ကြာပြီဖြစ်၍ ပြန်ရန် အချိန်တန်ပြီဖြစ်သည်။

ဆောင်းဦးလယ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သဖြင့် ယခုတစ်ခေါက် ပွဲတော်တွင် လူအများ စိတ်ဝင်စားမှု လျော့နည်းနေကြသည်။

စားပွဲတွင် နင်ချန်သည် အမတ်ကြီးများနှင့် စကားပြောနေပြီး အနောက်ဆောင်မှ ကိုယ်လုပ်တော်များကို သိပ်ဂရုမစိုက်ပေ။

သို့သော် ကိုယ်လုပ်တော်များ၏ စိတ်အားထက်သန်မှုကို တားဆီး၍ မရပေ။

ယိရှိုးယွမ်က စောင်းတီးပြသည်၊ ချွေ့ပေါင်လင်က ကပြဖျော်ဖြေသည်။

ရှူးဖေးကတော့ ထုံးစံအတိုင်း သမီးဖြစ်သူကို ကဗျာရွတ်ခိုင်းပြီး မျက်နှာလုပ်သည်။

ပွဲတော်ရက်ဖြစ်၍ နင်ချန် စိတ်ပျော်ရွှင်နေသဖြင့် အားလုံးကို ဆုချလိုက်သည်။

ယဲ့ယွင်ကမူ ဘာမှ မပြင်ဆင်လာဘဲ စားပွဲပေါ်ရှိ ကဏန်းများကိုသာ စိတ်ပါလက်ပါ စားသောက်နေသည်။

၉လပိုင်း၏ ကဏန်းများသည် အသားပြည့်ပြီး အရသာရှိလှသည်။ စားဖိုဆောင်က အစပ်ချက်၊ အပေါင်း၊ အနီချက် စသည်ဖြင့် မျိုးစုံ ချက်ပြုတ်ထားသဖြင့် စားကောင်းနေသည်။

နင်ချန် သူမကို ခဏခဏ လှမ်းကြည့်နေပြီး စကားပြောချင်နေသည်။

သို့သော် လွန်ခဲ့သော ဆောင်းဦးလယ်ပွဲတော်တုန်းက ယဲ့ယွင် ထင်ပေါ်လွန်းခဲ့သဖြင့် ယခု ထပ်ပြီး အရေးပေးလိုက်လျှင် အချစ်လွန်နေသည်ဟု ပြောဆိုခံရနိုင်သည်။

ဧကရာဇ်သည် ကိုယ်လုပ်တော်ကို ချစ်ခွင့်ရှိသော်လည်း အလွန်အကျွံ ဖြစ်သွားလျှင် အမတ်ကြီးများက ဝေဖန်တတ်ကြသည်။

နားထောင်ရတာ စိတ်ရှုပ်စရာကောင်းသလို ယဲ့ယွင်ကိုလည်း ထိခိုက်စေနိုင်သည်။

မှန်ပါသည်။ ယခုအခါ နင်ချန်သည် သူမအတွက် ပိုမို စဉ်းစားပေးတတ်လာပြီ ဖြစ်သည်။

စားပွဲ အဆင်ပြေပြေ ကျင်းပနေစဉ် မယ်တော်ကြီးက ရုတ်တရက် ပြောလိုက်သည်။

"မင်းသား၊ မင်းသမီးလေးတွေကို မတွေ့ရတာ ကြာပြီ။ ဒီနေ့ ပွဲတော်ရက်ဆိုတော့ ခေါ်လာပြပါဦး။ အသက်ကြီးလာတော့ မြေးတွေကို မြင်ချင်လာတယ်။ ပထမမင်းသမီးလေးဆိုရင် ကဗျာတောင် ရွတ်တတ်နေပြီ။ အချိန်ကုန်တာ မြန်လိုက်တာ။ အိုက်ကျား အိုပြီပဲ"

"မယ်တော် တွေ့ချင်ရင် ခေါ်လာခိုင်းလိုက်ပါ့မယ်"

နင်ချန် လိုက်လျောလိုက်သည်။

အဘွားက မြေးတွေကို တွေ့ချင်တာ ဘာတားစရာ လိုလို့လဲ။

မိဖုရားခေါင်ကြီးက ဂရုတစိုက် မှာကြားလိုက်သည်။

"ညဘက် လေတိုက်နေပြီး ဥယျာဉ်တော်က အေးတော့ ကလေးတွေကို ခေါ်လာရင် အအေးမမိအောင် ဂရုစိုက်ကြပါ"

စားပွဲတွင် အသက်ကြီးပြီဖြစ်သော ပထမမင်းသမီးလေးသာ ရှိပြီး ကျန်ကလေးများမှာ နေအိမ်အသီးသီးတွင် ရှိနေကြသည်။

မယ်တော်ကြီး သူမကို ကြည့်ပြီး ပြုံးကာ ချွေးမ၏ လက်ကို ပုတ်လိုက်သည်။

"မိဖုရားခေါင်ကြီးက စိတ်ထားနူးညံ့တယ်။ ကိုယ်တိုင် မမွေးထားပေမဲ့ ကလေးတွေကို ကောင်းကောင်း ဂရုစိုက်တတ်တယ်"

မယ်တော်ကြီး၏စကားသည် ချီးကျူးတာလား၊ လှောင်တာလား ခွဲခြားရခက်နေသည်။

သို့သော် လူကြီးသူမ ပြောသောစကား ဖြစ်သဖြင့် ချီးကျူးသည်ဖြစ်စေ၊ လှောင်ပြောင်သည်ဖြစ်စေ မိဖုရားခေါင်ကြီး လက်ခံရမည်သာ ဖြစ်သည်။

"ဒါက ချွေးမတော် လုပ်သင့်တဲ့ အလုပ်ပါ။ တရားဝင်မိခင်တစ်ယောက်အနေနဲ့ အနောက်ဆောင်က ကလေးတွေကချွေးမတော်ရဲ့ သားသမီးတွေပါပဲ။ ဂရုစိုက်ရမှာ တာဝန်ပါ"

မိဖုရားခေါင်ကြီးသည် နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။

ယောက္ခမနှင့် ချွေးမတို့၏ ချစ်ခင်ဖွယ်ရာ မြင်ကွင်းလေး ဖြစ်နေသည်။

နာရီဝက်မကြာမီ မင်းသား၊ မင်းသမီးလေးများ ရောက်ရှိလာကြသည်။

အားလုံး ငယ်ရွယ်ကြသေးသော်လည်း အစေခံများက နှိုးလိုက်သဖြင့် လန်းဆန်းနေကြသည်။

သေချာသည်မှာ ပထမမင်းသား မပါဝင်ပေ။

ထိုကလေးသည် ဖျားနာနေသဖြင့် မျက်နှာအဆင်း ကောင်းမွန်သော်လည်း မျက်လုံးမပွင့်ဘဲ အားနည်းနေသည်။

နှစ်နှစ်နီးပါး ရှိပြီဖြစ်သော်လည်း သူ့ထက် ခြောက်လငယ်သော ဒုတိယမင်းသမီးနှင့် အရွယ်တူလောက်သာ ရှိသည်။

မယ်တော်ကြီးသည် ကြိုတင်ပြင်ဆင်ထားပုံရသည်။ ကလေးတစ်ယောက်ချင်းစီကို ကြည့်ရှုပြီးနောက် 'ကံကောင်းခြင်း၊ အသက်ရှည်ခြင်း' စာသားပါသော ကျောက်စိမ်းပြားများကို ဆုချလိုက်သည်။

"မိဖုရားခေါင်ကြီး မျက်နှာမကောင်းတာ မဆန်းပါဘူး။ ပထမမင်းသားကို ဒီလောက် ကောင်းကောင်း ပြုစုပေးထားတာ ပင်ပန်းနေမှာပေါ့"

မယ်တော်ကြီးက ပြောရင်း လက်ယပ်ခေါ်လိုက်သည်။

"ပထမမင်းသားကို ရှေ့တိုးခိုင်းလိုက်။ အဘွား ချီကြည့်ချင်တယ်"

နို့ထိန်းက သဘောပေါက်ပြီး ကလေးကို ချလိုက်ကာ ရှေ့တိုးရန် ချော့မြှူလိုက်သည်။

ဖုမားမားက ချက်ချင်း ဘေးမှ ကာကွယ်ပေးလိုက်သည်။

ပထမမင်းသားသည် ယိုင်နဲ့နဲ့ လမ်းလျှောက်လာပြီး ရှေ့မှ သူစိမ်းကို "ဘွားဘွား" ဟု ချစ်စဖွယ် ခေါ်လိုက်သည်။

"အေး... လိမ္မာလိုက်တာ။ လာ... ဘွားဘွား ချီမယ်"

မယ်တော်ကြီး ပြုံးပြီး ထူးလိုက်သည်။

မြေးဖြစ်သူကို ပေါင်ပေါ်တင်လိုက်သည်။

ပထမမင်းသားက ပိန်ပါးလွန်းသဖြင့် ချီရတာ ပေါ့ပါးနေသည်။

"အရှင်မင်းကြီး... ဒီကလေးကို မိဖုရားခေါင်ကြီးဆီမှာပဲ ထားထားရင် မိဖုရားခေါင်ကြီး ပင်ပန်းနေမှာ စိုးရိမ်ရတယ်။ အနောက်ဆောင်ကိစ္စတွေကလည်း များပြားနေတာ။ ပြီးတော့ ကိုယ်ဝန်ပျက်ကျထားတာ လည်းမကြာသေးတော့ ကျန်းမာရေး ဂရုစိုက်ဖို့ လိုသေးတယ်။ မယ်တော်က ချီနင်နန်းဆောင်မှာ တစ်ယောက်တည်း ပျင်းနေတာ။ ပထမမင်းသားကို မယ်တော့်ဆီ ပို့လိုက်ပါလား။ ဒါမှ မိဖုရားခေါင်ကြီးလည်း ကျန်းမာရေးပြန်ကောင်းလာပြီး တရားဝင်သား မွေးနိုင်မှာပေါ့"

အခြေအနေ ဒီအထိရောက်လာမှ လူတိုင်း သဘောပေါက်သွားကြသည်။

မယ်တော်ကြီးက ရုတ်တရက် စိတ်ကူးပေါက်ပြီး ပြောလိုက်ခြင်း မဟုတ်ဘဲ ကြိုတင်ကြံစည်ထားခြင်း ဖြစ်ပြီး ယနေ့အခွင့်အရေးကို အသုံးချလိုက်ခြင်း ဖြစ်သည်။

***

All Chapters