ခန်း (၂၂၉-၂၃၀)
Vol. 15 Ch. 229-230
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -229
အခန်း ၂၂၉ ။ စစ်တုရင်ရုပ်
အမတ်ကြီးများနှင့် တော်ဝင်မိသားစုဝင်များ ရှေ့မှောက်တွင် မယ်တော်ကြီးက ဤကိစ္စကို ပြောလာသဖြင့် နင်ချန် ငြင်းပယ်ရန် ခက်ခဲနေသည်။
မိဘကို ရိုသေလေးစားမှုဟူသော စကားလုံးက သူ့ကို ဖိအားပေးထားသည်။
တိုးတိုးတိတ်တိတ်ဆိုလျှင် ငြင်းနိုင်ကောင်း ငြင်းနိုင်သော်လည်း ယခုလို လူပုံအလယ်တွင် ငြင်းဆန်ရန် ခက်ခဲသည်။
ထို့အပြင် မယ်တော်ကြီးနှင့် ယင်းကော်ကုန်းတို့ ကြိုတင်တိုင်ပင်ထားသည်ဟု သူ သံသယဝင်နေသည်။
အကယ်၍ ငြင်းပယ်လိုက်လျှင် ချန်မိသားစုနှင့် ၎င်းတို့၏ နောက်လိုက်များက ကဲ့ရဲ့ပြစ်တင်ကြပေလိမ့်မည်။
"မယ်တော်ကြီးရဲ့ စေတနာကို နားလည်ပါတယ်။ ဒါပေမဲ့ ပထမမင်းသားက ကျန်းမာရေး မကောင်းပါဘူး။ ဂရုစိုက်ဖို့ အချိန်အများကြီး ပေးရမှာပါ။ ဒီလိုပင်ပန်းတဲ့အလုပ်မျိုးကို မယ်တော်ကြီးကို မပေးရက်ပါဘူး။ ကလေး နည်းနည်းကြီးလာမှ၊ ကျန်းမာရေး ကောင်းလာမှ ခေါ်သွားရင် ပိုကောင်းမယ် ထင်ပါတယ်"
မိဖုရားခေါင်ကြီးက ဦးစွာ ကန့်ကွက်လိုက်သည်။
သူမက ပထမဆုံး သဘောမတူသူ ဖြစ်သည်။
အရှင်မင်းကြီးသည် ပထမမင်းသားကို သူမ၏ သားအဖြစ် တရားဝင် စာရင်းသွင်းပေးမည် မဟုတ်မှန်း သိသော်လည်း ကလေးကို သူမအနားတွင် ထားရှိခြင်းဖြင့် အရှင်မင်းကြီး လာရောက်သည့် အကြိမ်ရေ ပိုများလာစေသည်။
အရှင်မင်းကြီးနှင့် မကြာခဏ တွေ့ဆုံရခြင်းသည်အကျိုးရှိပေသည်။
"ကလေးကို ဂရုစိုက်ဖို့ အိုက်ကျားကြည့်ပေးထားမယ်။ အစေခံတွေ ရှိနေတာပဲ။ နို့ထိန်းသည် လေးယောက်လည်း ပါတာပဲဟာ။ အိုက်ကျားလည်းကိုယ်တိုင် ကလေးမွေးဖူး၊ ကျွေးဖူးတဲ့သူပါ။ မိဖုရားခေါင်ကြီး စိတ်ပူစရာ မလိုပါဘူး"
မယ်တော်ကြီးက ပြတ်ပြတ်သားသား ပြောလိုက်သည်။
မိဖုရားခေါင်ကြီး၏ ဗိုက်ကို ကြည့်ပြီး ပြုံးကာ ဆက်ပြောသည်။
"မင်းက ကိုယ်ဝန်ရဖို့အတွက် ကျန်းမာရေးကိုပဲအဓိကဂရုစိုက်သင့်တယ်။ အိုက်ကျားအတွက် တရားဝင်သား မြန်မြန်မွေးနိုင်ပါစေလို့မျှော်လင့်ပါတယ်"
ဤကဲ့သို့ "မင်းကောင်းဖို့အတွက် ပြောတာပါ" ဟူသော စကားမျိုးဖြင့် ပြောလိုက်သဖြင့် မိဖုရားခေါင်ကြီး ပြန်ပြောစရာ စကားမဲ့သွားသည်။
သူမက ကလေးအမေရင်း မဟုတ်ဘူးလေ။
အကယ်၍ သူမ မွေးထားသော ကလေးသာဆိုလျှင် "ကလေးက ငယ်ပါသေးတယ်၊ အမေနဲ့ မခွဲနိုင်သေးပါဘူး" ဟု ဆင်ခြေပေးနိုင်သော်လည်း ယခုတော့ ပါးစပ်ပင်ဟ၍ မရပေ။
မိဖုရားခေါင်ကြီးတွင်ပြောစရာ မရှိတော့သလို နင်ချန်တွင်လည်း ပြောစရာ မရှိတော့ပေ။ သို့သော် သူ စဉ်းစားသည်မှာ ကလေးအတွက် ဖြစ်သည်။
လောလောဆယ် အနောက်ဆောင်တွင် ပထမမင်းသားကို ပြုစုစောင့်ရှောက်ရန် သင့်လျော်သူ မရှိသဖြင့် မယ်တော်ကြီးထံ ပို့ထားခြင်းက ကောင်းမွန်သော ရွေးချယ်မှု ဖြစ်နိုင်သည်။
ပထမမင်းသားသည် ရောဂါသည်လေး ဖြစ်နေသဖြင့် ထီးနန်းဆက်ခံမည့်သူအဖြစ် မစဉ်းစားတော့ပေ။ မယ်တော်ကြီး၏မြေးချီချင်စိတ် ပြည့်ဝသွားစေခြင်းကလည်း ကောင်းပါသည်။
မယ်တော်ကြီး၏ ရည်ရွယ်ချက်သည် ပထမမင်းသားလေးမဟုတ်မှန်း နင်ချန် သဘောပေါက်ပေသည်။
သို့သော် ပထမမင်းသားသည် ထီးနန်းနှင့် မသက်ဆိုင်တော့ဟု သူ ဆုံးဖြတ်ပြီးပြီဖြစ်၍ ဘေးလူတွေ ဘာတွေးတွေး ဂရုစိုက်စရာ မလိုတော့ပေ။ ထို့ကြောင့် ခေါင်းညိတ်လိုက်သည်။
"မယ်တော်ကြီး အဲ့ဒီလောက် ဆန္ဒရှိနေမှတော့ ပထမမင်းသားကို ခေါ်သွားလိုက်ပါ။ မယ်တော်ကြီး ပင်ပန်းရတော့မယ်"
"ပထမမင်းသားက အိုက်ကျားမြေးရင်းပဲဟာ။ သေချာပေါက် ဂရုစိုက်မှာပေါ့"
မယ်တော်ကြီး စိတ်ကျေနပ်သွားပြီး မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာလာသည်။
ကလေးကို နို့ထိန်းလက်ထဲ ထည့်ပေးလိုက်ပြီး ဆက်ပြောသည်။
"ကလေးက ကြီးနေပြီ။ အမြဲတမ်း ပထမမင်းသားလို့ ခေါ်နေလို့ မဖြစ်ဘူး။ အရှင်မင်းကြီး နာမည်ပေးလိုက်ပါဦး"
နင်ချန် စဉ်းစားလိုက်ပြီး ပြောသည်။
"ခမည်းတော်ဧကရာဇ်က လွတ်လပ်သူဆိုတော့ သားသမီးတွေရဲ့ နာမည်တွေကိုရိုးရိုးရှင်းရှင်းပဲပေးခဲ့တာ။ ဒါပေမဲ့ အခုကျန်းကလှည့်ကြရင်တော့ ကျန်းကလေးတွေတစ်ယောက်နဲ့ တစ်ယောက် သွေးချင်းသံယောဇဉ်ရှိအောင် မျိုးဆက်အတွက် မင်းသမီးတွေကို 'ကျား'၊ မင်းသားတွေကို 'ယွီ' ဆိုတဲ့ စကားလုံး ထည့်သုံးဖို့ဆုံးဖြတ်လိုက်တယ်။ ပထမမင်းသားကို 'ယွီရုံ' လို့ နာမည်ပေးလိုက်မယ်။ ကျန်တဲ့ နှစ်ယောက်ကိုတော့ တစ်နှစ်ပြည့်မှ နာမည်ပေးကြတာပေါ့"
" 'ရုံ' ဆိုတာက လက်ခံခြင်း၊ ပါဝင်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ပထမမင်းသားလေးကောင်းကင်နဲ့ မြေကြီးရဲ့ ကောင်းချီးတွေကို လက်ခံရယူပြီး ကျန်းမာသန်စွမ်းပါစေလို့ ဆုတောင်းပေးပါတယ်"
မိဖုရားခေါင်ကြီး ပြုံးလိုက်သည်။
ကလေးကို ထိန်းသိမ်းထားခွင့် မရတော့သဖြင့် သဘောထားကြီးဟန်ဆောင်ပြီး အရှင်မင်းကြီး သဘောကျအောင် နေပြရခြင်း ဖြစ်သည်။
မယ်တော်ကြီးကတော့ နာမည် ဘာပေးပေး ဂရုမစိုက်ပေ။ သူမ၏ မြေးဖြစ်နေသမျှ ပြီးတာပါပဲ။
စားပွဲတွင် ဤကိစ္စမှလွဲ၍ ထူးခြားမှု မရှိတော့ပေ။
......
ထိုညတွင် နင်ချန်သည် ဝူထုံနန်းဆောင်တွင် အိပ်စက်ခဲ့သည်။
မိဖုရားခေါင်ကြီးသည် ကလေးကို လက်လွှတ်လိုက်ရသဖြင့် ဝမ်းနည်းနေမည်ဖြစ်၍ နှစ်သိမ့်ပေးရန် လိုအပ်သည်။
ဒီနေ့ ညစာစားပွဲတွင် ယဲ့ယွင်သည် အစားများများ စားလိုက်မိသည်။
မျက်နှာသစ်၊ သွားတိုက်ပြီးသော်လည်း အနည်းငယ် အီနေသဖြင့် သစ်သီးအချို့ ထပ်စားလိုက်သည်။
ထို့ကြောင့် ဗိုက်ပြည့်လွန်းပြီး အိပ်မပျော်သဖြင့် ပြတင်းပေါက်ဖွင့်ထားသော အပြင်ခန်းရှိ ဆိုဖာပေါ်တွင် လှဲလျက် အစေခံများနှင့် စကားစမြည် ပြောနေသည်။
"အရှင်မင်းကြီးက ဒီလောက်ကြိုးစားနေမှတော့ မိဖုရားခေါင်ကြီး မကြာခင် ကိုယ်ဝန်ရလာလိမ့်မယ် ထင်တယ်"
မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျပြီးကတည်းက နင်ချန်သည် ဖုန်းရှီးနန်းဆောင်သို့ ယခင်ကထက် ပိုသွားလေ့ရှိသည်။
အကြောင်းရင်းမှာ မယားငယ်ကမွေးသော မင်းသားများ ဆက်တိုက် မွေးဖွားလာသော်လည်း မိဖုရားခေါင်ကြီးမှာမူ ကိုယ်ဝန်မရနိုင်သေးသဖြင့် နှစ်သိမ့်ပေးလိုခြင်းနှင့် တရားဝင်သား လိုချင်စိတ် ပြင်းပြနေခြင်းတို့ကြောင့် ဖြစ်နိုင်သည်။
သမိုင်းတစ်လျှောက်တွင် မိဖုရားခေါင်ကြီး၌ သားမရှိခြင်းသည် နိုင်ငံရေးမတည်ငြိမ်မှုကို ဖြစ်စေတတ်သည်။
နန်ကျစ်က နှုတ်ခမ်းမဲ့လိုက်သည်။
"ကလေးရတာက ကံတရားပါပဲ။ မိဖုရားခေါင်ကြီးက အရှင်မင်းကြီးနဲ့ လက်ထပ်တာ နှစ်ပေါင်းများစွာ ကြာပြီ။ တစ်ခေါက်ပဲ ကိုယ်ဝန်ရဖူးတယ်။ ကံမပါသေးလို့ နေမှာပါ"
သူမက 'ကလေးကံမပါဘူး' ဟု ပြောချင်သော်လည်း ထိုစကားက ပြဿနာတက်စေနိုင်သဖြင့် မျိုသိပ်ထားလိုက်သည်။
ယဲ့ယွင် စဉ်းစားကြည့်လိုက်ရာ ထိုစကားကမှန်ပေသည်။ မိဖုရားခေါင်ကြီးသည် ဆေးများစွာ သောက်နေသော်လည်း ထူးခြားမှု မရှိပေ။
ကိုယ်ဝန်ရခဲသော ခန္ဓာကိုယ်မျိုး ဖြစ်လောက်သည်။
"ဟွေယွဲ့ ... ဘာလို့ စကားမပြောတာလဲ။ ငေးနေတာလား"
ယဲ့ယွင်က ဟွေယွဲ့ကို တို့လိုက်သည်။
"ကျွန်တော်မျိုးမ စဉ်းစားစရာလေး ရှိနေလို့ပါ"
ဟွေယွဲ့ ရှက်ရွံ့စွာ ပြောလိုက်သည်။
ပုံမှန်ဆိုလျှင် သခင်မကို ပြုစုနေစဉ် စိတ်မလွင့်ရသော်လည်း ယခု အချိန်က အားလပ်ချိန်ဖြစ်ပြီး ဆက်ဆံရေး ကောင်းမွန်ကြသဖြင့် ပြဿနာမရှိပေ။
နန်ကျစ်က ရယ်မောပြီး သူမကို ပခုံးချင်း တိုက်လိုက်သည်။
"အစ်မက ဘယ်သူ့အကြောင်း စဉ်းစားနေတာလဲ။ ယောက်ျားယူချင်နေပြီလား"
"တော်စမ်းပါ... နင်က စကားပြောရင် ရိုင်းလိုက်တာ"
ဟွေယွဲ့ မျက်နှာနီရဲသွားပြီး မျက်စောင်းထိုးလိုက်သည်။ ထို့နောက် ဆက်ပြောသည်။
"ကျွန်တော်မျိုးမ စဉ်းစားနေတာက မယ်တော်ကြီးက ပထမမင်းသားကို ဘာလို့ ခေါ်သွားတာလဲလို့ပါ။ ပထမမင်းသားရဲ့ ကျန်းမာရေးအခြေအနေအရ အရှင်မင်းကြီးက သူ့ကို ထီးနန်းဆက်ခံခွင့်ပေးဖို့ စဉ်းစားမှာ မဟုတ်ပါဘူး"
မယ်တော်ကြီး၏ ရည်ရွယ်ချက်က သူမ၏ တူမကို မိဖုရားခေါင်ကြီး ဖြစ်စေချင်ခြင်း ဖြစ်သည်။ သို့သော် ယခုလုပ်ရပ်က အကျိုးမရှိသလို ဖြစ်နေသည်။
ယဲ့ယွင် ပြုံးလိုက်သည်။
"ဟွေယွဲ့က ပိုပြီး စဉ်းစားတတ်လာပြီ။ မဆိုးဘူး"
"ဒါပေမဲ့ ကျွန်တော်မျိုးမက စဉ်းစားတတ်ရုံပဲ ရှိတာ။ အဖြေမထွက်ဘူး။ ရှိုးရုန် ရှင်းပြပေးပါလား"
"ဘာဖြစ်ရမှာလဲ။ ချန်ကျယ်ယွီအတွက် လမ်းခင်းပေးတာပေါ့"
ယဲ့ယွင် မျက်ခုံးပင့်လိုက်ပြီး မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက်ထထိုင်လိုက်ပြီး ဆက်ပြောသည်။
"ကလေးက မယ်တော်ကြီးဆီမှာ ရှိနေတော့ အရှင်မင်းကြီးက မကြာခဏ သွားကြည့်ရမယ်။ အဲ့ဒီအချိန်ကျရင် ချန်ကျယ်ယွီကို ခဏခဏခေါ်တွေ့ခိုင်းရင် မျက်မှန်းတန်းမိပြီး သံယောဇဉ် ဖြစ်လာမှာပေါ့။ နောက်ပြီးတော့ ချန်ကျယ်ယွီက မမွေးရသေးဘူး။ ကိုယ်ဝန်ရမလား၊ မရဘူးလား ဆိုတာ မသေချာဘူး။ ယောက်ျားလေး မွေးမလား၊ မိန်းကလေး မွေးမလား ဆိုတာလည်း မသေချာဘူး။ အဆင်သင့်ရှိနေတဲ့ ကလေးတစ်ယောက်ကို လက်ထဲ ထည့်ထားတာ ပိုစိတ်ချရတယ်။ ရောဂါသည် ဖြစ်နေပေမဲ့ မရှိတာထက်စာရင် တော်သေးတာပေါ့"
သူမ ပြောပြီးသည်နှင့် ဟွေယွဲ့က မနေနိုင်ဘဲ မေးလိုက်သည်။
"အကယ်၍ ချန်ကျယ်ယွီက ကျန်းမာသန်စွမ်းတဲ့ မင်းသားလေးတစ်ပါး မွေးလာရင် ဘယ်လိုလုပ်မလဲ"
"ဒါဆိုရင် ပထမမင်းသားက အသုံးမဝင်တော့ဘူးပေါ့။ နန်းတော်ထဲမှာ အားနေတဲ့ ကိုယ်လုပ်တော်တွေ အများကြီး ရှိတာပဲ။ ကလေးတစ်ယောက်လောက်တော့ ကျွေးထားနိုင်ပါတယ်"
ယဲ့ယွင် မျက်လွှာချလိုက်ပြီး လက်သည်းများကို ကြည့်နေသည်။ သူမ၏ လေသံမှာ အေးစက်နေသည်။
နန်ကျစ် မျက်နှာပျက်သွားသည်။
"ဒါဆို ပထမမင်းသားက လူညွန့်တုံးသွားတော့မှာပေါ့။ ဒီလောက်ငယ်ငယ်လေးနဲ့ သူများတွေရဲ့ စစ်တုရင်ရုပ် ဖြစ်နေပြီ"
"ဒါကြောင့် တော်ဝင်မိသားစုမှာ သံယောဇဉ် ရှားပါးတယ်လို့ ပြောကြတာပေါ့"
ယဲ့ယွင် မော့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"မိခင်ရင်းရဲ့ အကာအကွယ် မရှိတော့ရင် အသက်ရှင်နေတာကိုက ကံကောင်းတယ်လို့ ပြောရမယ်။ စစ်တုရင်ရုပ်ဖြစ်နေလည်း ဘာဖြစ်လဲ။ အသက်ရှင်နေရင် ပြီးတာပဲ။ မယ်တော်ကြီးက အဘွားရင်းလေ။ သူ့မြေးရင်းကို သေအောင် လုပ်မှာ မဟုတ်ပါဘူး"
ကောင်းမွန်သော စိတ်နေသဘောထား ရှိအောင် ပြုစုပျိုးထောင်ပေးမလား ဆိုတာကတော့ တခြားကိစ္စပါပဲ။
သူမ၏ သုံးသပ်ချက်ကို ကြားလိုက်ရသောအခါ အစေခံနှစ်ဦး ကျောချမ်းသွားကြသည်။ သို့သော် ၎င်းမှာလက်တွေ့ဘဝ ဖြစ်သဖြင့် ဘာမှ မတတ်နိုင်ကြပေ။
တကယ်တမ်းတွင် မယ်တော်ကြီး၏ ရည်ရွယ်ချက်ကို အနောက်ဆောင်မှ ဉာဏ်ကောင်းသူများ ရိပ်မိကြသည်။
လက်ရှိ မင်းသား သုံးပါးအနက် ယိရှိုးယွမ်၏ တတိယမင်းသားသာလျှင် မိခင်ရင်း၏ ရင်ခွင်အောက်တွင် ကြီးပြင်းခွင့်ရရှိပြီး အစိတ်ချရဆုံးနှင့် သက်တောင့်သက်သာ အရှိဆုံး နေထိုင်ရသူ ဖြစ်သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -230
အခန်း ၂၃၀ ။ တော်တော်လေး အောင်မြင်ခဲ့တယ်
အရှေ့ဆောင်တွင် အလုပ်များနေသောကြောင့် ချုံးယန်ပွဲတော်ပြီးနောက် နင်ချန်သည် ကျင်းကန်နန်းဆောင်မှ အပြင်သို့ ထွက်ခဲသည်။ ကိုယ်လုပ်တော်များကိုလည်း ခေါ်ယူခြင်း မရှိပေ။
တော်ဝင်ကုန်သည်ကိစ္စကြောင့် အလုပ်ရှုပ်နေသည်ဟု သတင်းထွက်နေသည်။
နင်ချန်သည် ချူမိသားစုကို ယုံကြည်သော်လည်း တစ်ဦးတည်း လုပ်ခွင့်ပြုမည် မဟုတ်ပေ။
ထို့ကြောင့် တော်ဝင်ကုန်သည်စနစ်ကို ပြန်လည်ပြင်ဆင်ရန်အတွက် အလုပ်ရှုပ်နေခြင်း ဖြစ်သည်။
သို့သော် စက်တင်ဘာ ၁၅ ရက်တွင် နန်းတော်ပြန်ရန် အစီအစဉ်သည် ပြောင်းလဲခြင်း မရှိပေ။ လာတုန်းကလိုပင် မနက်စောစော လင်းအားကြီးအချိန်တွင် ထွက်ခွာခဲ့ကြသည်။
၉လပိုင်း ရောက်နေပြီဖြစ်သော်လည်း ရာသီဥတုက ပူနေဆဲပင်။
နေ့လည်ခင်းတွင် နန်းတော်သို့ ရောက်ရှိသည်။ ယဲ့ယွင်သည် ဤတစ်ခေါက်တွင် မြင်းလှည်းပေါ်၌ သက်သောင့်သက်သာ အိပ်စက်လိုက်နိုင်သည်။
ကျိုဖင်အဆင့် ကိုယ်လုပ်တော် ဖြစ်သွားပြီဖြစ်၍ မြင်းလှည်းက ပိုကျယ်ဝန်းပြီး သက်သောင့်သက်သာ ရှိသည်။ ရှိုးရုန်နှင့် ကျယ်ယွီသည် တစ်ဆင့်သာ ကွာခြားသော်လည်း ခွဲခြားထားသော စည်းကို ကျော်လွန်သွားပြီဖြစ်၍ ခံစားခွင့်များ ကွာခြားသွားသည်။
မိဖုရားခေါင်ကြီးသည် သဘောထားကြီးစွာဖြင့် မြင်းလှည်းများကို နန်းတော်ထဲအထိ မောင်းဝင်ခွင့် ပြုလိုက်သည်။ နေပူထဲ လမ်းမလျှောက်ရအောင် စီစဉ်ပေးခြင်း ဖြစ်သည်။
နန်းတော်သည် ဥယျာဉ်တော်လောက် သစ်ပင်ရိပ် မများပေ။
ယွီရှို့အဆောင် ရှေ့တွင် လမ်းကျဉ်းလေးသာ ရှိသဖြင့် မြင်းလှည်းဝင်၍မရသောကြောင့် ခပ်လှမ်းလှမ်းတွင် ဆင်းရသည်။
သို့သော် နန်းတော်တွင် ကျန်ရစ်ခဲ့သော လုမေ့ နှင့် လုဟယ် တို့သည် ကြိုတင်ပြင်ဆင်ထားပြီး ဝေါယာဉ်ဖြင့် လာကြိုကြသည်။ ထို့ကြောင့်လမ်းလျှောက်စရာ မလိုတော့ပေ။
ယွီရှို့အဆောင်သို့ ရောက်သောအခါ ခြံဝင်းအတွင်း အပြင်အဆင်များ ပြောင်းလဲထားသည်ကို တွေ့ရသည်။
အားလုံးကို သူမကြိုက်သည့် ပုံစံအတိုင်း ပြင်ဆင်ထားသည်။
"ရှိုးရုန် ရာထူးတိုးသွားပြီဆိုတော့ နန်းတွင်းရေးရာဌာနက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ပစ္စည်းတွေ လာပို့ထားတာပါ။ စည်းကမ်းအတိုင်း ပြောင်းလဲရမယ့် ပစ္စည်းတွေကို အသစ်လဲထားပါတယ်။ ရှိုးရုန် သဘောကျရဲ့လား"
လုမေ့က ပြုံးရွှင်စွာ မေးလိုက်သည်။
သူမတို့သည် သခင်မ ကျိုဖင်ကိုယ်လုပ်တော်အဖြစ် ရာထူးတိုးသွားသည်ကို ကြားသိရသောအခါ အတိုင်းထက်အလွန် ဝမ်းသာခဲ့ကြသည်။
သားသမီးမရှိ၊ ကုသိုလ်မရှိဘဲ ပင်အဆင့် ရောက်သွားခြင်းသည် အရှင်မင်းကြီး၏မျက်နှာသာပေးမှုကို ပြသနေခြင်းပင်။
ယဲ့ယွင်သည် ဘေးဘီဝဲယာ ကြည့်ရှုလိုက်ပြီး သဘောကျသဖြင့် ခေါင်းညိတ်လိုက်သည်။
"နင်တို့နှစ်ယောက် ယွီရှို့အဆောင်ကို စောင့်ရှောက်ရတာ ပင်ပန်းနေရောပေါ့။ ဒီနေ့ ငါပြန်ရောက်ပြီဆိုတော့ ဆုချမယ်။ ဟွေယွဲ့တို့နဲ့ တန်းတူ ငွေစ ၂၀ စီ၊ ကျန်တဲ့လူတွေကို ၁၀ စစီ ဆုချလိုက်"
ယွီရှို့အဆောင်တစ်ခုလုံး ပျော်ရွှင်သွားကြပြီး ကျေးဇူးတင်စကား ဆိုကြသည်။
နေ့လည်စာ စားချိန်ရောက်ပြီဖြစ်၍ စကားဆက်မပြောဖြစ်တော့ပေ။ စားဖိုဆောင်ကလည်း အချိန်မဆွဲရဲဘဲ အစားအသောက်များ လာပို့ကြသည်။
ပြန်ရောက်ခါစမို့ အလုပ်ရှုပ်နေကြသဖြင့် နေ့လည်စာ အချိန်မှန် စားရသူ နည်းပါးသည်။ ယဲ့ယွင်သည် အချိန်မှန် စားရသူများထဲမှ တစ်ဦးဖြစ်သည်။
ဝေ့ရွယ်ဆောင်မှ ဖန်းရှိုးယွမ်၊ ရှမိန်ရန်၊ ချွေ့ပေါင်လင်နှင့် ချန်ကျယ်ယွီတို့သည် နာရီဝက်ခန့် နောက်ကျမှ စားရသည်။
ယဲ့ယွင်ကတော့ ဂရုမစိုက်ပေ။ သူမ စားရရင် ပြီးတာပဲ။ နေ့လည်စာစားပြီးနောက် အစာကြေဆေးရည် သောက်ရင်း လုမေ့နှင့် လုဟယ်ကို ခေါ်မေးလိုက်သည်။
နန်းတော်ထဲတွင် မရှိသည့်ကာလအတွင်း ဖြစ်ပျက်ခဲ့သည်များကို သိရန် လိုအပ်သည်။
"စုကျယ်ယွီရဲ့ ကိုယ်ဝန်က ကိုယ်တိုင် ထုတ်ပြောတာလား၊ မယ်တော်ကြီး သိသွားလို့ ပြောလိုက်ရတာလား"
လုဟယ်က အရင်ဖြေသည်။
"ရှိုးရုန် မှတ်မိလားမသိဘူး။ ရှိုးရုန်နဲ့ အတူဝင်လာတဲ့ ကျန်းပေါင်လင်လေ။ သူက ဖူယွမ်နန်းဆောင်မှာ နေတာ။ စုကျယ်ယွီရဲ့ ဖေးဟုန်နန်းဆောင်နဲ့ ကပ်လျက်ပဲ။ ကျန်းပေါင်လင်ရဲ့ အနီးကပ်အစေခံ ဖေးချွေနဲ့ စုကျယ်ယွီရဲ့ အစေခံ ပိုင်ချောင်တို့ စကားများကြရာကနေ ပိုင်ချောင်က ပါးစပ်သရမ်းပြီး ပြောထွက်သွားတာ။ သတင်းမပြန့်ခင်မှာပဲ စုကျယ်ယွီက သမားတော်ခေါ်ပြီး ကိုယ်ဝန်ရှိကြောင်း ကြေညာလိုက်တာပါ"
"ဟုတ်ပါတယ်။ သမားတော်က စုကျယ်ယွီ စိတ်ဆိုးပြီး ကိုယ်ဝန်ထိခိုက်သွားတယ်လို့ ပြောလို့ မယ်တော်ကြီးက ကျန်းပေါင်လင်ကို လစာတစ်လဖြတ်ပြီး တစ်လ အကျယ်ချုပ်ချထားလိုက်ပါတယ်"
လုမေ့က ဖြည့်စွက်ပြောသည်။
ယဲ့ယွင် မျက်လုံးမှေးလိုက်သည်။
"ဒါဆို စုကျယ်ယွီနဲ့ ကျန်းပေါင်လင်က မတည့်ကြဘူးပေါ့"
လုမေ့ ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်မျိုးမ စုံစမ်းကြည့်တော့ အစကတည်းက မတည့်ကြဘူးတဲ့။ စုကျယ်ယွီ စရောက်တုန်းက ကျန်းပေါင်လင်က မိတ်ဆွေဖွဲ့ဖို့ ကြိုးစားပေမဲ့ အရှက်ခွဲခံလိုက်ရတယ်တဲ့။ အဲ့ဒီနောက်ပိုင်း မတည့်ကြတော့ဘူး။ အရင်တုန်းက နှစ်ယောက်လုံး မျက်နှာမရကြတော့ စုကျယ်ယွီက ရာထူးမြင့်ပေမဲ့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ အခုတော့ ကွာခြားသွားပြီဆိုတော့ တမင်သက်သက် ဒုက္ခပေးနေတာ"
ဒီကာလအတွင်း စုကျယ်ယွီ၏ အမိန့်ဖြင့် ဖူယွမ်နန်းဆောင်၏ ရိက္ခာများကို လျှော့ချဖြတ်တောက်နေကြသည်။
ကျန်းပေါင်လင်သည် မျက်နှာမရသည့်အပြင် မယ်တော်ကြီး၏ အပြစ်ပေးမှုကိုပါ ခံထားရသဖြင့် အခြေအနေ ဆိုးရွားနေသည်။
"ကျန်းပေါင်လင်ကလည်း စစ်ဘက်ဆိုင်ရာ မိသားစုကပဲ။ ဒါပေမဲ့ ဖခင်က နယ်စပ်က အဆင့်ငါး အရာရှိဆိုတော့ သိပ်မထင်ရှားဘူး"
ဟွေယွဲ့က ပြောလိုက်သည်။
ယဲ့ယွင်သည် ရွေးချယ်ပွဲမှ ဝင်ရောက်လာသူ မဟုတ်သဖြင့် အခြားသူများနှင့် ရင်းနှီးခွင့် မရခဲ့ပေ။
ထို့ကြောင့် ဟွေယွဲ့နှင့် နန်ကျစ်တို့သည် မိခင်ဖြစ်သူ ချူရှီ၏ အမိန့်အရ သတင်းအချက်အလက်များကို စုဆောင်းထားခဲ့ရသည်။
ယဲ့ယွင် စဉ်းစားလိုက်ပြီး ပြောသည်။
"မနက်ဖြန် နေ့လည်စာစားဖို့ ကျိုးချိုက်ရန်ကို ဖိတ်လိုက်ပါ။ မတွေ့ရတာ ကြာပြီ"
ကျိုးချိုက်ရန်သည် ရွေးချယ်ပွဲမှ တရားဝင် ဝင်ရောက်လာသူဖြစ်ပြီး ကျန်းပေါင်လင်နှင့် တစ်သုတ်တည်း ဖြစ်သည်။ ရွေးချယ်ပွဲကာလ တစ်လနီးပါး အတူနေခဲ့ရသဖြင့် အကြောင်းစုံ ပိုသိနိုင်သည်။
အနောက်ဆောင်တွင် စုကျယ်ယွီနှင့် ဖန်းရှိုးယွမ် ရင်းနှီးကြောင်း လူတိုင်း သိကြသည်။ ယဲ့ယွင်သည် ယောင်ရှန်းနှင့် လုံးဝ ရန်ဘက်ဖြစ်နေပြီ ဖြစ်သည်။ စူးမျိုးရိုးအနားတွင် လူတစ်ယောက် ထားရှိပြီး စောင့်ကြည့်ခိုင်းခြင်းက ရန်သူ့အခြေအနေကို သိရှိရန် အထောက်အကူ ဖြစ်စေသည်။
ယောင်ရှန်း၏ ငယ်ကျွန် ချီဝမ် သေဆုံးမှုသည် ယဲ့ယွင်၏လက်ချက်ဖြစ်ကြောင်း သိထားကြသည်။ ယောင်ရှန်းက သူမကို အလွတ်ပေးမည် မဟုတ်ပေ။
လုမေ့က နောက်ထပ် ကိစ္စတစ်ခုကို တင်ပြသည်။
လင်ရှိုးရုန်၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေပြီး ဒီဆောင်းရာသီကို ကျော်လွန်နိုင်မည် မထင်ကြောင်း ပြောသည်။
"ငါ ရောက်ကာစကတည်းက သူ နေမကောင်းဖြစ်နေတာ။ အခုတော့ တော်တော် ဆိုးနေပြီပေါ့။ အရှင်မင်းကြီးက ဆေးကောင်းဝါးကောင်းတွေပေးနေပေမဲ့ ခန္ဓာကိုယ်က ဒဏ်မခံနိုင်တော့ဘူး ထင်တယ်"
ယဲ့ယွင် စိတ်မကောင်း ဖြစ်မိသည်။ ကိုယ်ဝန်ပျက်ကျခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်နိုင်သည်။
အမျိုးသမီးရောဂါများသည် ခန္ဓာကိုယ်ကို အထိခိုက်ဆုံး ဖြစ်သည်။
သို့သော် လင်ရှိုးရုန်သည် တော်တော် သတ္တိရှိသူဖြစ်သည်။ ပထမဆုံးအကြိမ် လှုပ်ရှားမှုတွင် မယ်တော်ကြီး၏ တူမဖြစ်သူ ချန်မိန်ရန်ကို ရာထူးချခံရအောင် လုပ်နိုင်ခဲ့သည်။ နောက်ပိုင်းတွင်လည်း မိဖုရားခေါင်ကြီး၏ လူယုံ ကျောက်ကျယ်ယွီကို ဖြုတ်ချနိုင်ခဲ့သည်။
ဒီလောက် စွမ်းဆောင်နိုင်ခဲ့တာ တော်တော်လေး အံ့ဩစရာ ကောင်းနေပြီ။ ကျန်းမာရေးသာ ကောင်းမွန်ခဲ့လျှင် ပိုပြီး ထင်ရှားလာပေလိမ့်မည်။
နေ့လည်ခင်းတစ်ခုလုံး နန်းတွင်းသတင်းများ နားထောင်ရင်း ကုန်ဆုံးသွားသည်။
အများစုမှာ အသုံးမဝင်လှပေ။
ပျင်းလာသဖြင့် အခန်းတွင်း အပြင်အဆင်များကို စိတ်ကြိုက် ပြန်လည်နေရာချထားလိုက်သည်။
နန်းတော်သည် ဥယျာဉ်တော်ထက် ပူသဖြင့် လှုပ်ရှားလိုက်သောအခါ ချွေးထွက်လာသည်။
ရေချိုးပြီး အနားယူကာ ညစာစားရန် ပြင်ဆင်လိုက်သည်။
ရေချိုးနေစဉ် အပြင်ဘက်မှ လူတစ်ယောက် ရောက်လာသည်။
အစေခံများ အံ့ဩသွားကြသည်။ အရှင်မင်းကြီး ရောက်လာလိမ့်မည်ဟု မထင်မှတ်ထားကြပေ။
"မင်းတို့ ရှိုးရုန် ဘယ်မှာလဲ"
နင်ချန် မေးလိုက်သည်။
"အရှင်မင်းကြီး... ရှိုးရုန်က ချွေးထွက်လို့ နေလို့မကောင်းတာနဲ့ ရေချိုးနေပါတယ်။ နံ့သာတိုင်တစ်တိုင်စာလောက် ကြာရင် ပြီးပါတော့မယ်။ အရှင်မင်းကြီး အထဲမှာ ဝင်ထိုင်ပါဦး"
နန်ကျစ်က လျှောက်တင်လိုက်သည်။
"အင်း"
နင်ချန် ခေါင်းညိတ်ပြီး ဝင်ထိုင်လိုက်သည်။
နန်ကျစ်က လက်ဖက်ရည်နှင့် မုန့်များ လာချပေးပြီး ရေချိုးခန်းဘက်သို့ သွားရောက်သတင်းပို့လိုက်သည်။
ဟွေယွဲ့သည် အတွင်း၌ ပြုစုနေပြီး သတင်းကြားသောအခါ လန့်ဖျပ်သွားသည်။
ယဲ့ယွင် ခေါင်းလျှော်နေသဖြင့် အမြန်ပြီး၍ မရပေ။ နန်ကျစ်ကို အရင်ထွက်ခိုင်းလိုက်သည်။
နံ့သာတိုင်တစ်တိုင်စာကြာပြီးနောက် အိပ်ဝတ်စုံ ဝတ်ဆင်လျက် ထွက်လာခဲ့သည်။
***