← Chapters

အခန်း (၂၃၁-၂၃၂)

Vol. 15 Ch. 231-232

အခန်း (၂၃၁-၂၃၂)

Vol. 15 Ch. 231-232

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -231

အခန်း ၂၃၁ ။ သင့်လျော်သော အချိန်

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ ချန်းချဲ့ နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်တော်မူပါ"

မိန်းမပျိုလေးသည် ညင်သာစွာ ဒူးညွှတ်လိုက်သည်။ ပါးလွှာသော အဝါရောင် ဇာဝတ်စုံသည် သူမကို ပွင့်သစ်စ ပန်းပွင့်လေး တစ်ပွင့်ကဲ့သို့ လှပနုနယ်စေပြီး ရှင်းသန့်ကာဆွဲဆောင်မှု ရှိလှသည်။

နင်ချန် သူမကို လက်ယပ်ခေါ်လိုက်သည်။ ယဲ့ယွင် လိမ္မာစွာ ရှေ့တိုးလာပြီး သူ့ဘေးတွင် ထိုင်လိုက်သည်။

"ဆံပင်တွေ ဘာလို့ မခြောက်သေးတာလဲ။ အအေးမိသွားမယ်။ မင်းက ဆေးသောက်ရတာ ကြိုက်တာလည်းမဟုတ်ဘူး"

အနားရောက်လာမှ နင်ချန်သည်သူမ၏ ဆံပင်များ စိုစွတ်နေသေးကြောင်း သတိထားမိသည်။ ရေစက်များက ဆံနွယ်များမှတစ်ဆင့် ကျောပြင်ပေါ်သို့ စီးကျနေပြီး အဝတ်အစားကို စိုစွတ်စေသည်။

"အရှင်မင်းကြီး အပြင်မှာ ရောက်နေပြီဆိုတော့ တွေ့ချင်ဇောနဲ့ ဟွေယွဲ့ကို သုတ်ခိုင်းဖို့တောင် မစောင့်နိုင်တော့တာပါ"

ယဲ့ယွင် တမင် ချွဲနွဲ့လိုက်ပြီး နင်ချန်၏ လက်ဖမိုးကို လက်ညှိုးလေးဖြင့် ထိုးလိုက်သည်။

ချက်ချင်းပင် သူမ၏ လက်ကလေးသည်ဖမ်းဆုပ်ခံလိုက်ရသည်။ ဖြူဝင်းနုဖတ်သော လက်ကလေးကို မုန့်နယ်သလို ပွတ်သပ်ကစားနေသည်။

နင်ချန် စိတ်ကြည်နူးစွာဖြင့် ကိုယ်လုပ်တော်လေး၏ လက်ကို ဆုပ်ကိုင်ထားရင်း ဟွေယွဲ့ကို အမိန့်ပေးလိုက်သည်။

"ခြောက်တဲ့ ပုဝါတစ်ထည် သွားယူလာခဲ့။ မင်းတို့ ရှိုးရုန်ရဲ့ ဆံပင်ကို သုတ်ပေးလိုက်"

"အရှင်မင်းကြီး ရှိနေမှတော့ ချင်းချင်းကို ကိုယ်တိုင် သုတ်မပေးတော့ဘူးလား"

ယဲ့ယွင် မျက်စောင်းထိုးပြီး မေးလိုက်သည်။

နင်ချန်သည် သူမ၏ ချွဲနွဲ့မှုကို ဘယ်တုန်းကမှ မငြင်းဆန်နိုင်ခဲ့ပေ။ ထို့ကြောင့်မျက်ခုံးပင့်လိုက်ပြီး သဘောတူလိုက်သည်။

ဟွေယွဲ့ ပုဝါယူလာပေးသောအခါ ကျွမ်းကျင်မှု မရှိသော်လည်း ဂရုတစိုက် သုတ်ပေးနေသည်။

ကိုယ်လုပ်တော်လေးအားဆံပင်သုတ်ပေးခြင်းသည် တိုင်းပြည်၏ ဧကရာဇ်တစ်ယောက်အနေဖြင့် ပထမဆုံးအကြိမ် ဖြစ်နေပြန်သည်။

သေချာစဉ်းစားကြည့်လျှင် ပထမဆုံးအကြိမ်တွေ အများကြီးကို ယဲ့ယွင်ဆီမှာ ကြုံဖူးခဲ့သည်။ ယဲ့မျိုးရိုးက အမှန်ပင်သတ္တိရှိပြီး သူ့ကို ခိုင်းရဲသည်။

သို့သော် ဉာဏ်ကောင်းပြီး သင့်လျော်သော အချိန်ကို ရွေးတတ်သဖြင့် စိတ်ကြည်နူးဖွယ် ကောင်းလှသည်။

ဥပမာ ယခုအချိန်တွင် သူမသည် ပါးလွှာသော ဇာဝတ်စုံကို ဝတ်ဆင်ထားပြီး မိတ်ကပ်မပါဘဲ လူ့လောကထဲ ရောက်ကာစ နတ်သမီးလေးကဲ့သို့ ဖြူစင်နေသည်။ လှပသော ညနေဆည်းဆာအောက်တွင် ဆံပင်သုတ်ပေးရန် ချွဲနွဲ့နေသည်။

ရင်းနှီးနွေးထွေးပြီး စိတ်ကူးယဉ်ဆန်သော ခံစားမှုကို ပေးစွမ်းသည်။ သူ၏ပင်ပန်းနွမ်းနယ်မှုများ အလိုလို ပျောက်ကွယ်သွားသလိုပင်။

နင်ချန် ဖြည်းဖြည်းချင်း သုတ်ပေးနေစဉ် ယဲ့ယွင်က သီချင်းညည်းနေခဲ့သည်။

စာသားမပါဘဲ ညည်းနေခြင်း ဖြစ်သော်လည်း သာယာငြိမ့်ညောင်းပြီး ဒီအခြေအနေနှင့် အလွန် လိုက်ဖက်ညီလှသည်။

ဆံပင်ခြောက်ခါနီးတွင် ယဲ့ယွင် အိပ်ချင်လာသည်။

မနက်စောစော ထလာရသဖြင့် ပင်ပန်းနေသည်။ နေ့လည်က မသိသာသော်လည်း ရေချိုးပြီးနောက် အိပ်ချင်စိတ် လွန်ကဲလာသည်။

နင်ချန်၏ ပေါင်ပေါ်သို့ မှီချလိုက်ပြီး မျက်လုံးမှေးကာ အိပ်ချင်ကြောင်း ပြောလိုက်သည်။

"လိမ္မာပါတယ်။ ညစာ စားပြီးမှ အိပ်နော်"

နင်ချန်၏ အသံမှာလည်း နူးညံ့နေပြီးသူကိုယ်တိုင်တောင် သတိမထားမိပေ။

ယဲ့ယွင် မျက်ခွံပင့်ကြည့်လိုက်ပြီး နှာမှုတ်ကာ မျက်နှာကို နင်ချန်၏ ခါးတွင် အပ်ထားလိုက်သည်။

"နှစ်လုပ်လောက်ပဲ စားပြီး အိပ်တော့မယ်။ မဟုတ်ရင် ထမင်းစားပွဲပေါ်မှာ အိပ်ပျော်သွားလိမ့်မယ်"

အိပ်ချင်မူးတူး ဖြစ်နေ၍လား၊ တမင် ပြောတာလား မသိပေမယ့် "ဒီချန်းချဲ့" ဟု မသုံးနှုန်းတော့ပေ။

သို့သော် ယခုကဲ့သို့လွတ်လပ်ပေါ့ပါးသော အခြေအနေမျိုးတွင် နားထောင်ရတာ အဆင်ပြေနေသည်။ နင်ချန်သည် ယဲ့ယွင်၏စိုပြေလှသောအသံလေးအားသဘောခွေ့နေသည်။

သူမကို ချော့မော့ရင်း ယွမ်ကျိုကို မျက်ရိပ်ပြလိုက်သည်။

ယွမ်ကျို သဘောပေါက်ပြီး မိန်းမစိုးလေးတစ်ယောက်ကို စားဖိုဆောင်သို့ လွှတ်လိုက်သည်။

တကယ်တမ်းတွင် စားဖိုဆောင်က အဆင်သင့် ဖြစ်နေပြီဖြစ်၍ လာပို့ရန် ပြင်ဆင်နေချိန်နှင့် ကြုံသွားသည်။

လာချော့သည်ဟု ကြားသောအခါ စားဖိုဆောင် တာဝန်ခံ ကြောက်လန့်သွားပြီး ငွေစအချို့ ထိုးပေးကာ စုံစမ်းလိုက်သည်။

မိန်းမစိုးလေးက ဖုံးကွယ်မထားပေ။

"ဘာမှ မဟုတ်ပါဘူး။ ဒီနေ့ မြင်းလှည်းစီးရတာ ပင်ပန်းသွားလို့ မင်ရှိုးရုန် စောစောအိပ်ချင်နေတာ။ အရှင်မင်းကြီးက အစာမစားဘဲ အိပ်ရင် မကောင်းဘူးဆိုပြီး လာချော့ခိုင်းတာပါ"

"ဩော်... အရှင်မင်းကြီးက မင်ရှိုးရုန်ကို ဂရုစိုက်တာကိုး။ ဒါဆိုရင် ကုန်းကုန်း မြန်မြန်ပြန်ပါတော့။ သခင်တွေကို စောင့်မနေပါစေနဲ့"

စားဖိုဆောင် တာဝန်ခံ ပြုံးဖြီးဖြီးဖြင့် ပြန်လွှတ်လိုက်မှ စိတ်သက်သာရာ ရသွားသည်။

တခြားကိစ္စ မဟုတ်လို့ တော်သေးသည်။

အခြားတစ်ဖက်တွင် ညစာ ရောက်လာသောအခါ ယဲ့ယွင်သည် အားတင်းပြီး စားလိုက်သည်။

ဒီနေ့ ဟင်းပွဲတွေက ခံတွင်းတွေ့သဖြင့် ထမင်းတစ်ပန်းကန်နှင့် ဟင်းရည်တစ်ပန်းကန် ကုန်အောင် စားလိုက်သည်။

စားပြီးနောက် ပိုအိပ်ချင်လာသဖြင့် အတူတူ ရေချိုးမည့် အစီအစဉ်ကို ငြင်းဆန်လိုက်ပြီး ကုတင်ပေါ် တက်အိပ်လိုက်တော့သည်။

နင်ချန် ရောက်လာသောအခါ သူမ အိပ်ပျော်နေပြီ ဖြစ်သည်။

ချက်ချင်းပင် ရင်ထဲတွင် ယားယံလာပြီးဘေးတွင် ဝင်လှဲလိုက်ကာ သူမကို ဖက်လိုက်သည်။

ပုံမှန်ဆိုလျှင် သူသည် အခြားကိုယ်လုပ်တော်များကို မဖက်တတ်ပေ။ သို့သော် ယဲ့ယွင်က သူ့ကို ဖက်ရတာ ကြိုက်သဖြင့် အကျင့်ပါနေပြီ ဖြစ်သည်။

ယဲ့ယွင်နှင့် အတူရှိတိုင်း ဖက်အိပ်လေ့ရှိသည်။

၉လပိုင်း ဖြစ်သော်လည်း ညဘက်တွင် အနည်းငယ် ပူနေသေးသည်။ အခန်းထဲတွင် ရေခဲနှစ်အိုးသာ ထားရှိသဖြင့် ဖက်ထားလျှင် နေရခက်သည်။

ယဲ့ယွင် ညည်းညူရင်း ရုန်းကန်ကာ တစ်ဖက်လှည့်သွားပြီး ကျောပေးလိုက်သည်။

မလှုပ်ရင် တော်သေးသည်။ လှုပ်လိုက်တော့ စိတ်အလိုကို ထိန်းချုပ်ထားရသူအတွက် သည်းမခံနိုင်တော့ပေ။

အိပ်ပျော်နေသည်ကို ဂရုမစိုက်တော့ဘဲ အိပ်ဝတ်စုံကို ဆွဲဖယ်ကာ ဖိကပ်လိုက်သည်။

အိပ်ချင်မူးတူး ဖြစ်နေသော ယဲ့ယွင်သည် မပူးပေါင်းဘဲ မျက်လုံးမဖွင့်ဘဲ တွန်းထုတ်နေသည်။

သူမ၏ အားက ဘာမှမဟုတ်ပေ။ နင်ချန် လုံးဝ ဂရုမစိုက်ဘဲ စိတ်ရှိတိုင်း ကျူးလွန်လေတော့သည်။

အိပ်မက်ထဲတွင် ယဲ့ယွင်သည် မီးတောင်ပေါက်ကွဲသကဲ့သို့ ပူလောင်နေပြီး မျက်လုံးဖွင့်ကြည့်လိုက်တိုင်း နင်ချန်၏ မျက်နှာပေါ်တွင် ချွေးစက်များ ပြည့်နှက်နေသည်ကို ဝေဝါးဝါး မြင်နေရသည်။

နောက်ဆုံးတွင် အားကုန်သွားပြီး သန့်ရှင်းရေး ကြိုက်သူဖြစ်သော်လည်း မထချင်တော့ပေ။

နင်ချန် ကိုယ်တိုင် ပွေ့ချီပြီး သန့်ရှင်းရေး လုပ်ပေးလိုက်ရသည်။

အစေခံများကို မခေါ်ဘဲ ကိုယ်တိုင် လုပ်ပေးခြင်း ဖြစ်သည်။

.....

"ကျန်းအတွက် ကလေးတစ်ယောက် မွေးပေးပါလားချင်းချင်း သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် ရပါတယ်"

ကုတင်ပေါ် ပြန်ရောက်သောအခါ နင်ချန်သည် သူမ နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

ယဲ့ယွင် သတိမကပ်တော့သဖြင့် ယောင်ဝါးဝါး ပြန်ထူးလိုက်ပြီး အိပ်ပျော်သွားလေသည်။

ရင်ခွင်ထဲမှ မိန်းမပျိုလေး၏ လှပသော မျက်နှာကို ကြည့်ရင်း နင်ချန် ကျေနပ်ပီတိ ဖြစ်နေသည်။

တန်ဖိုးရှိသော ရတနာတစ်ပါးကို ပိုင်ဆိုင်လိုက်ရသလို ခံစားနေရသည်။

ပါးပြင်နုနုလေးကို နမ်းရှိုက်လိုက်ပြီးမှ မျက်လုံးမှိတ်လိုက်သည်။

....

နောက်တစ်နေ့ နံနက်။

ယဲ့ယွင်ကို ဟွေယွဲ့ လာနှိုးသည်။

ဘေးနားတွင် လူမရှိတော့သဖြင့် နားထင်ကို နှိပ်နယ်ရင်း မေးလိုက်သည်။

"အရှင်မင်းကြီးရော"

"အရှင်မင်းကြီး ညီလာခံ တက်ဖို့ သွားပါပြီ။ ရှိုးရုန်ကို မနှိုးတော့ဘူး။ ဒါပေမဲ့ အခု မိဖုရားခေါင်ကြီးဆီ ဂါရဝပြုဖို့ သွားရမယ့်အချိန် ရောက်နေပြီ။ ထဖို့ ပြင်ဆင်ပေးပါ့မယ်"

ဟွေယွဲ့က ပြောလိုက်သည်။

ယဲ့ယွင် ခေါင်းညိတ်လိုက်ပြီး တွဲထူခိုင်းလိုက်သည်။

နန်းတော်ထဲ ပြန်ရောက်တာနဲ့ နေ့တိုင်း ဂါရဝပြုရတော့မည်။ ဥယျာဉ်တော်လောက် မလွတ်လပ်တော့ပေ။

လင်ရှီးဥယျာဉ်တော်မှာက သုံးရက်မှ တစ်ခါ သွားရတာလေ။

နှမြောစရာကောင်းတာက အမြဲတမ်း သွားနေလို့ မရဘူး။ နွေရာသီ အပူရှောင်ဖို့လောက်ပဲ သွားလို့ရတာ။

နန်ကျစ်က လက်ဝတ်ရတနာသေတ္တာ ယူလာပြီး ရွေးခိုင်းသည်။

ကြည့်ပြီးနောက် ရိုးရိုးရှင်းရှင်း တစ်ခုကို ရွေးလိုက်သည်။

"အရှင်မင်းကြီး အသစ်ဆုချထားတဲ့ ကြွေရည်သုတ် ဆံထိုးလေးက လှတယ်နော်။ ရှိုးရုန် မတပ်ဘူးလား"

နန်ကျစ် မေးလိုက်သည်။

"မတပ်တော့ဘူး။ အရမ်း ထင်ပေါ်လွန်းတယ်။ ဥယျာဉ်တော်သွားတုန်းကရော၊ ပြန်လာတုန်းကရော ပထမဆုံး အိပ်ဆောင်ဝင်ရတာ ငါပဲလေ။ သူတို့တွေ ငါ့ကို မုန်းနေလောက်ပြီ။ ဒီနေ့ စကားမများချင်ဘူး။ မဆွတာ ကောင်းပါတယ်"

ယဲ့ယွင် ခေါင်းခါလိုက်သည်။ ဒီလ ရာသီလာခါနီးမို့ ကိုယ်လက်ကိုက်ခဲပြီး ပင်ပန်းနေသည်။

စဉ်းစားရင်း မနေ့ညက အရှင်မင်းကြီး ပြောသည့် စကားကို သတိရလိုက်သည်။ ကလေးမွေးပေးပါတဲ့။

အဲ့ဒီတုန်းက အိပ်ချင်မူးတူး ဖြစ်နေလို့ အိပ်မက်လား၊ တကယ်လား မသဲကွဲပေ။

သို့သော်မနေ့ညက နင်ချန်၏ အပြင်းအထန်ကြိုးစားအားထုတ်ခဲ့မှုကိုသတိရပြီး အနည်းငယ်နေရခက်သွားသည်။ သူတော်တော် ကြိုးစားခဲ့တာဆိုတော့ တကယ် ကလေးလိုချင်နေတာ ဖြစ်လောက်တယ်။

အခုက ၉လပိုင်း ဆိုတော့ နောက်နှစ် လူသစ်တွေ ဝင်လာဖို့ ခြောက်လလောက်ပဲ လိုတော့တယ်။ အချိန်ကိုက်ပဲ။

ထို့ကြောင့် ရုတ်တရက် ပြောလိုက်သည်။

"အဲ့ဒီဆေးလုံးတွေ ရပ်လိုက်တော့။ မစားချင်တော့ဘူး"

ဟွေယွဲ့ ကြောင်သွားပြီး ချက်ချင်း ပြုံးရွှင်သွားသည်။

"ဟုတ်ကဲ့ပါ၊ ဒီချန်းချဲ့ အခုပဲ သွားသိမ်းလိုက်ပါ့မယ်"

နန်ကျစ်က ကြောင်နေသေးသဖြင့် ဟွေယွဲ့က တွန်းလိုက်မှ သတိဝင်လာပြီး ဝမ်းသာသွားသည်။ ချက်ချင်း ထွက်သွားကြသည်။

ဆေးလုံးတွေ ရပ်လိုက်ပြီဆိုတော့ ကလေးမွေးဖို့ ပြင်ဆင်နေပြီပေါ့။

ဘယ်တော့ ကိုယ်ဝန်ရမလဲ မသိပေမဲ့ ရပ်လိုက်ပြီဆိုတော့ မကြာခင် ရလာမှာ သေချာသည်။

အစေခံမလေးများ ပျော်ရွှင်နေသည်ကို ကြည့်ပြီး ယဲ့ယွင်ကတော့ ထွေထွေထူးထူး မခံစားရပေ။

သူမ ယခု ကိုယ်ဝန်ဆောင်ရန် ပြင်ဆင်ခြင်းသည် အချိန်ကိုက် ဖြစ်နေ၍သာ ဖြစ်သည်။

ယခုအခါ သူမသည် ကျိုဖင်အဆင့် ရောက်နေပြီဖြစ်၍ နေရာခိုင်မာနေပြီဟုဆိုရပေမည်။ ကလေးမွေးလာလျှင် ကိုယ်တိုင် ပြုစုခွင့်ရပေမည်။ ပြီးတော့ အရှင်မင်းကြီးကလည်း သူမ၏ ဗိုက်ကို မျှော်လင့်နေသည်။

လူသစ်တွေ ရောက်လာပါက သူမ ကိုယ်ဝန်ရှိနေပြီဆိုလျှင် အရှင်မင်းကြီးက သူမကို မေ့သွားမှာ မဟုတ်ပေ။ ထိုကြောင့် အခုအချိန်က အသင့်လျော်ဆုံး အချိန်ပါပဲ။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -232

အခန်း ၂၃၂ ။ သတိလွတ်ခြင်း

ယနေ့ ဂါရဝပြုပွဲတွင် နှုတ်လှန်ထိုးပွဲများက ရှောင်လွှဲမရသော အရာများ ဖြစ်သည်။

စုကျယ်ယွီသည် ကိုယ်ဝန် သုံးလရှိနေပြီဖြစ်၍ ယနေ့ ဂါရဝပြုပွဲတွင် ပါဝင်လာခဲ့ရာ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရလေသည်။

သို့သော် ဗိုက်ထဲတွင် ကလေးရှိနေသဖြင့် ယခင်ကထက် ပို၍ မာကျောလာသည်။

ဖန်းရှိုးယွမ်၏ ကူညီမှုဖြင့် ရှူးဖေးနှင့် ယိရှိုးယွမ်တို့၏ တိုက်ခိုက်မှုများကို ပြန်လည်ခုခံနိုင်ခဲ့ပြီး သရေကျခဲ့သည်။

မိဖုရားခေါင်ကြီးသည် စစ်မီးကို ယဲ့ယွင်ဘက်သို့ လှည့်ပေးရန် ကြိုးစားသော်လည်း ယဲ့ယွင်သည် ပင်ပန်းနေသဖြင့် စိတ်မကြည်မလင် ဖြစ်နေပြီး မျက်နှာထား တင်းမာနေသောကြောင့် မည်သူမျှ မစရဲကြပေ။

ယဲ့ယွင်၏ စိတ်ဆတ်မှုနှင့် ထက်မြက်မှုကို နန်းတွင်းတစ်ခုလုံး သိထားကြသည်။ ဆောင်းဦးလယ်ပွဲတော်တုန်းက နှစ်ယောက်တစ်ယောက် ယှဉ်ပြိုင်ပြီး အနိုင်ယူခဲ့သည်ကို သတိရနေကြသေးသည်။

သို့သော် တစ်ခါတစ်ရံတွင် သတိလွတ်ပြီး စမ်းသပ်ကြည့်ချင်သူများ ရှိတတ်စမြဲပင်။

ဖုန်းရှီးနန်းဆောင်မှ ထွက်ခွာသောအခါ ကိုယ်လုပ်တော်များသည် ရာထူးအလိုက် အစဉ်လိုက် ထွက်ခွာကြသည်။ ရာထူးမြင့်သူများက ဝေါယာဉ်စီးပြီး နိမ့်သူများက လမ်းလျှောက်ကြသည်။

ယောင်ရှန်းနှင့် ယိရှိုးယွမ်သည် ရာထူးတူသော်လည်း ယိရှိုးယွမ်တွင် သားရှိသဖြင့် ယောင်ရှန်းက ဦးစားပေးလိုက်သည်။

သို့သော် ယဲ့ယွင် ဝေါယာဉ်ပေါ် မတက်ရသေးခင်မှာပင် စုကျယ်ယွီ၏ ဝေါယာဉ်သည် ယောင်ရှန်း၏ နောက်မှ ကပ်လိုက်သွားသည်ကို တွေ့လိုက်ရသည်။

မူလက ဂရုမစိုက်ဘဲ နေမလို့ လုပ်သော်လည်း တစ်စုံတစ်ယောက်က ပါးစပ်ယားနေသည်။

ယဲ့ယွင်ဘေးမှ ဖြတ်သွားစဉ် စုကျယ်ယွီက ပြုံးလျက် လှည့်ကြည့်သည်။

"ဒီချန်းချဲ့ နေမကောင်းလို့ အရင်သွားနှင့်ပါမယ်။ မင်ရှိုးရုန်ထက် အရင်သွားတာ မသင့်တော်ပေမဲ့ ဗိုက်ထဲက ကလေးကို ထောက်ထားပြီး ခွင့်လွှတ်ပေးပါနော်"

"ဒါဆို ကိုယ်လုပ်တော်စုက မသင့်တော်မှန်း သိရက်နဲ့ တမင်လုပ်တာပေါ့လေ"

ယဲ့ယွင် အေးစက်စွာ ကြည့်လိုက်ပြီး လက်ကာပြလိုက်ရာ ဝေါယာဉ်ထမ်းသော အစေခံများ ရပ်သွားကြသည်။

စုကျယ်ယွီ မျက်ခုံးပင့်လိုက်သည်။

"ဒီချန်းချဲ့ တောင်းပန်ပြီးပြီလေ။ ရှိုးရုန်က အပြစ်ရှာနေတုန်းလား။ ဒီချန်းချဲ့အတွက် ကိစ္စမရှိပေမဲ့ ဗိုက်ထဲက တော်ဝင်မျိုးဆက်ကတော့ အလန့်တကြားဖြစ်တာကို ခံနိုင်မှာ မဟုတ်ဘူး"

ဒီကာလအတွင်း စူးမျိုးရိုးကို ဖိနှိပ်နိုင်သူ မရှိသဖြင့် အစေခံများက အလိုလိုက်ထားကြရာ ဘဝင်မြင့်နေပြီဖြစ်သည်။

ယဲ့ယွင်ကို ဘာကြောင့် ရန်စရသလဲဆိုလျှင် လွန်ခဲ့သော နှစ်များက မြက်ခင်းပြင်တွင် ယဲ့ယွင်ကို လှပသော ဝတ်စုံဖြင့် တွေ့မြင်ခဲ့ရပြီး နန်းတော်နှင့် မြို့တော်ကို စိတ်ဝင်စားခဲ့ခြင်းကြောင့် ဖြစ်သည်။ ယဲ့ယွင်သည် သူမ၏ စံပြပစ်မှတ် ဖြစ်ခဲ့ဖူးသည်။

ယခုအခါ သူမ၏ ရည်မှန်းချက် အောင်မြင်ပြီဟု ခံယူထားပြီး ယဲ့ယွင်ထက် သာလွန်နေပြီဟု ထင်မြင်နေသဖြင့် နင်းချေချင်စိတ် ပေါက်လာခြင်း ဖြစ်သည်။

နောက်တစ်ချက်မှာ သူမ ကိုယ်ဝန်ရှိနေသဖြင့် အရှင်မင်းကြီး နန်းတော်ပြန်ရောက်လျှင် သူမဆီ အရင်လာလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း အရှင်မင်းကြီးသည် ယွီရှို့အဆောင်သို့ သွားရောက်အိပ်စက်ခဲ့သည်။

စုကျယ်ယွီအမြင်အရ ယဲ့ယွင်က မြှူဆွယ်ထား၍ အရှင်မင်းကြီးကို လုယူသွားသည်ဟု ထင်မြင်နေသည်။

သို့သော် သူမသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီး ယဲ့ယွင် စိတ်မကြည်မလင် ဖြစ်နေသည်ကို မေ့လျော့နေသည်။

"စူးမျိုးရိုး... ကိုယ့်သဘောနဲ့ကိုယ် ဆင်းလာတာ ကောင်းမယ်။ မဟုတ်ရင် ငါ ကိုယ်တိုင် ဆွဲချပေးရလိမ့်မယ်"

ထိုစကားပြောချိန်တွင်ယဲ့ယွင်၏ မျက်ဝန်းများ အေးစက်နေသည်။

"ငါ့အကြောင်း နင် သိမှာပါ။ နင့်ဗိုက်ကို တကယ် တန်ဖိုးထားတယ်ဆိုရင် ငြိမ်ငြိမ်နေတာ ကောင်းမယ်။ ငါက လက်ရဲဇက်ရဲ ရှိတယ်နော်"

ဒီလို လုံးဝ အလျှော့မပေးသော ပုံစံမျိုးကို စုကျယ်ယွီ မမျှော်လင့်ထားပေ။

သူမအထင် ယဲ့ယွင် ဘယ်လောက်ပဲ သတ္တိရှိပါစေ၊ သူမကိုယ်ဝန်ဆောင်ဖြစ်သည့်အတွက် မထိရဲဘူး ထင်ထားခဲ့သည်။ သို့သော် ယခု ယဲ့ယွင်၏ အမူအရာသည် သူမကို တကယ် ဆွဲချမည့်ပုံ ပေါက်နေသည်။

အကူအညီ တောင်းချင်သော်လည်း ယောင်ရှန်း၏ ဝေါယာဉ်သည် ဝေးကွာသွားပြီဖြစ်၍ ပြန်လှည့်လာမည် မဟုတ်ပေ။

စဉ်းစားပြီးနောက် မစွန့်စားရဲသဖြင့် အံကြိတ်ကာ ဝေါယာဉ်ပေါ်မှ ဆင်းပေးလိုက်သည်။

သို့သော် ယဲ့ယွင်က စုကျယ်ယွီကို မရိုက်ဘဲ ဘေးနားမှ အစေခံ ပိုင်ချောင်ကို ပါးရိုက်လိုက်သည်။

ရုတ်တရက် ရိုက်လိုက်သဖြင့် စုကျယ်ယွီ လန့်ဖျပ်သွားသည်။

"ကလေးမွေးမလာခင်အထိပဲ အကာအကွယ်ရမယ်ဆိုတာ မှတ်ထားပါ။ တစ်သက်လုံး ရမှာ မဟုတ်ဘူး"

ယဲ့ယွင် ရှေ့တိုးသွားပြီး နှစ်ယောက်သာ ကြားနိုင်သော အသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။

သတိပေးစကား ဖြစ်သော်လည်း မျက်နှာပေါ်တွင် ပြုံးရွှင်နေပြီး စုကျယ်ယွီ၏ ဗိုက်ကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။

အဝေးက ကြည့်လျှင် ညီအစ်မနှစ်ယောက် စကားစမြည် ပြောနေသည်နှင့် တူနေသည်။

နောက်ဆုံးတွင် ယဲ့ယွင်၏ ဝေါယာဉ်က အရင်သွားလိုက်သည်။

စုကျယ်ယွီသည် အတွင်းစိတ်တွင် အားနည်းသူဖြစ်၍ ယဲ့ယွင်ကဲ့သို့ ပြတ်သားသူနှင့် တွေ့သောအခါ ငြိမ်ကုပ်သွားသည်။

သို့သော် ယဲ့ယွင်က သူမကို ပါးမရိုက်သော်လည်း ယောင်ရှန်းကမူ ညှာတာခြင်း မရှိဘဲ ပါးရိုက်လိုက်သည်။

"ဖြောင်း" ခနဲ အသံထွက်အောင် ရိုက်လိုက်ခြင်း ဖြစ်သည်။

ပါးကို အုပ်ကိုင်ထားသော စုကျယ်ယွီ ဒူးထောက်ရန် ပြင်လိုက်သော်လည်း ကျီကျူးက ဖမ်းထိန်းထားပြီး ထိုင်ခုံပေါ်တွင် ထိုင်စေလိုက်သည်။

"ကောင်းကောင်းမနေဘဲ ယဲ့မျိုးရိုးကို ဘာလို့ သွားရန်စတာလဲ။ အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ နင်က သူ့ခြေဖျားတောင် မမီဘူးဆိုတာ မသိဘူးလား။ သူက အချစ်ခံရဆုံး အချိန်မှာ နင်က နှိမ့်ချပြီး နေရမယ့်အစား ကိုယ်ဝန်ကို အားကိုးပြီး ရမ်းကားနေတယ်။ ကလေး ထိခိုက်သွားရင် နင့်အပြစ်ပဲ"

ယောင်ရှန်းသည် အလွန်ဒေါသထွက်

နေခဲ့သည်။ စူးမျိုးရိုး ဒီလောက် တုံးအလိမ့်မည်ဟု မထင်ထားပေ။

"ဒါပေမဲ့ ဒီချန်းချဲ့မှာ ကိုယ်ဝန်ရှိနေတာလေ။ သူက တကယ် လုပ်ရဲပါ့မလား"

စုကျယ်ယွီ မကျေနပ်သေးပေ။

"ကိုယ်ဝန်မပျက်ကျသရွေ့ သူ ဘာလို့ မလုပ်ရဲရမှာလဲ"

ယောင်ရှန်း မျက်စောင်းထိုးလိုက်သည်။

"နင်သေသွားရင် ကျားစခ်ဒေသက နောက်ထပ် ညီမတစ်ယောက် ထပ်ပို့လိုက်ရုံပဲ။ ဒါပေမဲ့ ယဲ့မျိုးရိုးက နိုင်ငံအတွက် အသက်ပေးခဲ့တဲ့ ယဲ့စစ်သူကြီးနဲ့ နယ်စပ်ကို စောင့်ရှောက်နေတဲ့ ကျုံးယုံးဟိုတို့ရဲ့ တစ်ဦးတည်းသော သမီး၊ တစ်ဦးတည်းသော ညီမလေ။ နင် ပြောကြည့်... နင်နဲ့ ယဲ့မျိုးရိုး ဘယ်သူက ပိုအရေးကြီးလဲ"

ပေါ့ပါးသော စကားလုံးများ ဖြစ်သော်လည်း စုကျယ်ယွီ၏ နှလုံးသားကို အေးစက်သွားစေသည်။

မကျေနပ်သော်လည်း သတိဝင်လာသည်။

အနောက်ဆောင်တွင် အချစ်ခံရမှုသည် အရေးကြီးသော်လည်း မိသားစုနောက်ခံသည်လည်း အရေးကြီးသည်။

ရှူးဖေးသည် ပထမမင်းသမီးကို မွေးထားလို့ အဆင့်တစ် ဖေးဖြစ်လာတာလား။ သမီးမိန်းကလေး မွေးထားတာ ဝမ်ကျယ်ယွီလည်း ရှိတာပဲ။

တကယ်တမ်းကျတော့ ရှူးဖေးရဲ့ မိခင်ဘက် အမျိုးတွေက စစ်အာဏာရှိတဲ့ အရာရှိကြီးတွေ ဖြစ်နေလို့လေ။

ချန်ကျယ်ယွီကို ကြည့်ရင် ပိုသိသာပေသည်။

ထိုမျိုးရိုးမြင့်များနဲ့ ယှဉ်လိုက်လျှင် ကျယ်ယွီတွင် ကျားစခ်ဒေသ မင်းသားတစ်ပါး၏မယားငယ်က မွေးတဲ့ ညီမတစ်ယောက်သာဖြစ်သည်။ ထို့အပြင်သူမ၏အဖေတွင် အခြားမယားငယ်က မွေးသော သမီးများစွာရှိလေသည်။

သူမ သဘောပေါက်သွားမှ ယောင်ရှန်းသည်လက်ကာပြပြီး ပြန်နားခိုင်းလိုက်သည်။

စုကျယ်ယွီ တံခါးဝရောက်မှ အနောက်က အသံတစ်သံ ကြားလိုက်ရသည်။

"ဒီနေ့ကိစ္စကို ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားလိုက်။ ပြန်ရောက်ရင် ဗိုက်နာတယ်ဆိုပြီး သမားတော် မခေါ်နဲ့။ ဖုန်းရှီးနန်းဆောင် အပြင်ဘက်မှာ လူတွေအများကြီး ကြည့်နေကြတာ။ ယဲ့မျိုးရိုးက နင့်ကို ဘာမှမလုပ်ခဲ့ဘူး"

စုကျယ်ယွီ အသက်ရှူရပ်သွားသလို ဖြစ်သွားသည်။ သူမ၏အတွေးကို ဖတ်မိနေသကဲ့သို့ ခံစားလိုက်ရသည်။

"ဟုတ်ကဲ့ပါ... ဒီချန်းချဲ့ နားလည်ပါတယ်"

သူမသည် ဘဝနှစ်ခုစာ ဖြတ်သန်းဖူးသော ယောင်ရှန်းနှင့်ယှဉ်လျှင် နုနယ်လွန်းသေးသည်။

မျက်နှာအမူအရာ ပြောင်းသွားသည်နှင့် အတွေးကို ဖမ်းမိသွားသည်။

လူထွက်သွားသောအခါ ယောင်ရှန်း ပင်ပန်းစွာဖြင့် နဖူးကို နှိပ်နယ်လိုက်သည်။

စူးမျိုးရိုးကို တုံးလွန်းလို့ ရွံရှာမိသော်လည်း တုံးတာက ထိန်းချုပ်ရ လွယ်ကူစေသည်။

.....

အခြားတစ်ဖက်တွင် ယဲ့ယွင်သည် ယွီရှို့အဆောင်သို့ ပြန်ရောက်သော်လည်း ဒေါသ မပြေနိုင်သေးပေ။

အစေခံများက သူမ မျက်နှာမကောင်းသဖြင့် အသံမထွက်ရဲကြပေ။

ပိုင်ရှုက စဉ်းစားပြီး ညန်ကောင်းကို သွားခေါ်လိုက်သည်။

ခွေးကလေးက မြူးတူးစွာ ရောက်လာသဖြင့် ယဲ့ယွင်၏ ဒေါသများ လျော့ပါးသွားသည်။

လက်ဖက်ရည် သောက်နေစဉ် အပြင်ဘက်မှ ကျိုးချိုက်ရန် ရောက်လာကြောင်း လျှောက်တင်လိုက်သည်။

ယဲ့ယွင် ထိုအခါမှ သတိရလိုက်သည်။ ဒီနေ့ ချိန်းထားတာ ရှိသားပဲ။

တကယ်တမ်းတွင် ဂါရဝပြုပွဲအပြီး၌ ကျိုးချိုက်ရန်သည် အတူပြန်ရန် စောင့်နေခဲ့သော်လည်း ယဲ့ယွင် စိတ်မကြည်သဖြင့် ဝေါယာဉ်စီးပြီး အရင်ပြန်သွားခဲ့သည်။ သူမက လမ်းလျှောက်ပြန်ရသဖြင့် နောက်ကျသွားခြင်း ဖြစ်သည်။

***

All Chapters