← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 15 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 15 Ch. 235-236

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -235

အခန်း ၂၃၅ ။ သေဆုံးခြင်း

ဖုန်းရှီးနန်းဆောင်။

နန်းဆောင်ထဲတွင် ကိုယ်လုပ်တော်များ ပြည့်နှက်၍ အားလုံးက သတင်းကြားပြီး ရောက်လာကြခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် မိဖုရားခေါင်ကြီးသည် အတွင်းခန်းဆောင်၌ သွေးတိတ်အောင် ကုသမှု ခံယူနေသည်။

ဒဏ်ရာရသည့်နေရာက ဝမ်းဗိုက်အောက်ပိုင်း ဖြစ်သဖြင့် အမျိုးသား သမားတော်များ ဝင်ကြည့်ရန် အဆင်မပြေပေ။ ထို့ကြောင့် လိုက်ကာခြားပြီး အစေခံမလေးများကို ညွှန်ကြားကာ ဆေးထည့်ပေးနေရသည်။

အနည်းငယ် အဆင်မပြေ ဖြစ်သော်လည်း အကောင်းစား ရွှေဆေးမှုန့်ကို အသုံးပြုထားသဖြင့် သွေးတိတ်သွားပြီ ဖြစ်သည်။

"မိဖုရားခေါင်ကြီး ဘယ်မှာလဲ။ ဘယ်လိုနေသေးလဲ"

မယ်တော်ကြီးသည် ရောက်လာသည်နှင့် အတွင်းခန်းဆောင်သို့ အလျင်စလို ဝင်သွားကာ စိုးရိမ်နေပုံ ရသည်။

စုအာက အမြန် လျှောက်တင်လိုက်သည်။

"မယ်တော်ကြီး စိတ်မပူပါနဲ့။ မယ်မယ် သွေးတိတ်သွားပါပြီ။ အသက်အန္တရာယ် မရှိပါဘူး"

မယ်တော်ကြီး မျက်လုံးမှေးလိုက်ပြီး သူမသည်စိတ်ဆိုးနေတာလား၊ စိတ်ပျက်နေတာလား ဆိုတာ ခွဲခြားရခက်သည်။

"ဘာတွေဖြစ်ကုန်ကြတာလဲ။ ကောင်းကောင်းနေရင်းနဲ့ လင်းရှိုးရီက ဘာလို့ လုပ်ကြံရတာလဲ"

"မယ်တော်ကြီး... ကိစ္စက ရုတ်တရက် ဖြစ်သွားတာပါ။ လင်းရှိုးရီက ကျွန်တော်မျိုးမတို့ကို တမင် အပြင်ထုတ်လိုက်တော့ အထဲမှာ ဘာဖြစ်သွားလဲ မသိလိုက်ပါဘူး။ ကျွန်တော်မျိုးမအသံကြားလို့ ပြေးဝင်သွားတဲ့အချိန်မှာ လင်းရှိုးရီက..."

တင်းမားမား စကားရပ်သွားသည်။

"ဘာဖြစ်လဲ"

မယ်တော်ကြီး မျက်နှာထား တင်းမာသွားသည်။

တင်းမားမား အားတင်းပြီး ဆက်ပြောသည်။

"ရူးသွပ်နေသလိုဖြစ်ပြီး သွေးတွေပေနေတဲ့ ကပ်ကြေးနဲ့ လိုက်ထိုးနေပါတယ်"

စကားလုံး အနည်းငယ်ဖြင့် ဖော်ပြလိုက်သော်လည်း ထိုမြင်ကွင်းကို စိတ်ကူးကြည့်မိသော ကိုယ်လုပ်တော်များ မျက်နှာပျက်သွားကြသည်။

မယ်တော်ကြီး ဆက်မေးရန် ပြင်လိုက်စဉ် အပြင်ဘက်မှ အရှင်မင်းကြီး ကြွလာကြောင်း ကြေညာသံ ကြားလိုက်ရသည်။

ခြေသံများ မြန်ဆန်စွာ နီးကပ်လာပြီး အဝါရောင်ဝတ်စုံနှင့် အရပ်ရှည်သော ပုံရိပ်တစ်ခု အတွင်းခန်းဆောင်သို့ ဝင်ရောက်လာသည်။

အားလုံး ဒူးထောက်အရိုအသေပြုကြသော်လည်း နင်ချန်သည် စကားတစ်ခွန်းမျှ မဆိုဘဲ ကျော်သွားပြီး အတွင်းခန်းဆောင်သို့ ဝင်ကြည့်လိုက်သည်။

မိဖုရားခေါင်ကြီးသည် လန့်ဖျပ်သွားခြင်းနှင့် သွေးထွက်လွန်ခြင်းတို့ကြောင့် သတိလစ်မတတ် ဖြစ်နေသည်။

ခဏအကြာတွင် နင်ချန် ပြန်ထွက်လာပြီးမျက်မှောင်ကြုတ်ထားသည်။

"အရှင်မင်းကြီး အရမ်း စိတ်မပူပါနဲ့။ မယ်တော် မေးကြည့်ပြီးပြီ။ အသက်အန္တရာယ် မရှိတော့ဘူးတဲ့"

"ဟုတ်ကဲ့ပါ၊ မယ်တော်ကို စိတ်ပူစေမိပါပြီ။ မယ်တော် ထိုင်ပါဦး"

နင်ချန် ခေါင်းညိတ်လိုက်ပြီး မယ်တော်ကြီးကို တွဲထူကာ ထိုင်စေသည်။

ထို့နောက် လှည့်ကြည့်ပြီး အမိန့်ပေးလိုက်သည်။

"မင်းတို့ ထကြ။ ဒီနေ့ မိဖုရားခေါင်ကြီးနဲ့ ဘယ်သူပါသွားလဲ။ ဘာတွေဖြစ်ခဲ့လဲဆိုတာ အကုန်ပြောပြစမ်း"

တင်းမားမား ရှေ့ထွက်လာပြီး ဒူးထောက်ကာ အကြောင်းစုံ လျှောက်တင်သည်။

"ကျွန်တော်မျိုးမတို့က မယ်မယ်နဲ့အတူလိုက်သွားခဲ့ပါတယ်။ ဒါပေမဲ့အဆောင်ရောက်တော့ ကျွန်တော်မျိုးမတို့ကို လင်းရှိုးရီက အပြင်ထုတ်လိုက်ပါတယ်။ ဆူညံသံတွေကြားလို့ အပြေးပြန်ဝင်သွားတဲ့အချိန်မှာ လင်းရှိုးရီပြောနေတာတစ်စွန်းတစ်စကြားလိုက်ရပါတယ်။ သူက ကျောက်မျိုးရိုးရဲ့ အစေခံကို လာဘ်ထိုးပြီး ရေမွှေးထဲမှာ ကတိုးထည့်ခိုင်းလိုက်လို့ မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျသွားတာတဲ့။ ပြီးတော့ ဒုတိယမင်းသားရဲ့ မယ်တော်ရင်း ယန်မျိုးရိုး သေဆုံးမှုကလည်း သူ ကျောက်မျိုးရိုးကို မြှောက်

ပေးလိုက်လို့ ဖြစ်သွားတယ်ဆိုပြီးတော့ပါ။”

သတင်းသည် ကြီးမားလွန်းသည့်အပြင်

ရောဂါသည် လင်းရှိုးရီက မိဖုရားခေါင်ကြီး၏ ကိုယ်ဝန်ကို ဖျက်ဆီးပစ်နိုင်ခဲ့လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။

"ဒါပေမဲ့ မိဖုရားခေါင်ကြီးက အနောက်ဆောင်က လူတွေကို ကောင်းကောင်း ဆက်ဆံတာပဲ။ လင်းရှိုးရီကလည်း အေးဆေးတဲ့သူပါ။ ဘာလို့ ရုတ်တရက် လုပ်ကြံရတာလဲ။ နောက်ကွယ်မှာ တခြားအကြောင်းရင်း ရှိနေမလား"

ကျင်းဖေးက သတိထားပြီး မေးလိုက်သည်။

ဒီမေးခွန်းက အားလုံး သိချင်နေသော မေးခွန်းဖြစ်သည်။ ထို့ကြောင့် အားလုံး၏ အကြည့်များက တင်းမားမားထံ ရောက်ရှိသွားသည်။

တင်းမားမား တည်ငြိမ်စွာ ဖြေလိုက်သည်။

"ကျွန်တော်မျိုးမဝင်သွားတဲ့အချိန်မှာ ကြားလိုက်ရတာက လင်းရှိုးရီက အရင်တုန်းက သူ ကိုယ်ဝန်ပျက်ကျတာ မိဖုရားခေါင်ကြီး လက်ချက်လို့ အထင်လွဲနေပုံရတယ်။ အဲ့ဒါကြောင့် လက်စားချေချင်နေတာ ဖြစ်ပါမယ်"

ရှူးဖေး မျက်လုံးကစားလိုက်ပြီး ဟန်ဆောင်မေးလိုက်သည်။

"အဲ့ဒီတုန်းက အိမ်တော်မှာ လင်မျိုးရိုး ကိုယ်ဝန်ပျက်ကျတုန်းက ဒီချန်းချဲ့ရော၊ မိဖုရားခေါင်ကြီးရော၊ အရှင်မင်းကြီးရော အိမ်မှာ မရှိကြဘူးလေ။ နောက်ပိုင်း စုံစမ်းကြည့်တော့ ကိုယ်လုပ်တော် လီမျိုးရိုးက မနာလိုလို့ လုပ်တာဆိုပြီး ပေါ်သွားတာပဲ။ မိဖုရားခေါင်ကြီးနဲ့ ဘာဆိုင်လို့လဲ။ နောက်ကွယ်မှာ တခြားအကြောင်းရင်း ရှိနေသေးလို့လား"

"မိဖုရားခေါင်ကြီးကို မစွပ်စွဲနဲ့"

နင်ချန် အေးစက်စွာ ဖြတ်ပြောလိုက်သည်။

"အတိတ်က ကိစ္စတွေက ပြီးသွားပြီ။ နောက်ကွယ်ကနေ ကောလာဟလဖြန့်ပြီး လင်းရှိုးရီကို လုပ်ကြံဖို့ မြှောက်ပေးတဲ့သူရှိရင် ကျန်း လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး"

အခုအခြေအနေမှာ ကိုယ်လုပ်တော်တစ်ပါးက မိဖုရားခေါင်ကြီးကို လုပ်ကြံပြီး တရားဝင်မျိုးဆက်ကို သတ်ပစ်ခဲ့သည်။အကယ်၍ မိဖုရားခေါင်ကြီးက အရင်တုန်းက မယားငယ်ရဲ့ ကလေးကို သတ်ခဲ့တယ်ဆိုတဲ့ သတင်းထွက်လာပါက တော်ဝင်မိသားစု ဂုဏ်သိက္ခာ ကျဆင်းသွားလိမ့်မည်။

ထို့အပြင် မိဖုရားခေါင်ကြီးနေရာ မခိုင်မြဲလျှင် အနောက်ဆောင် မငြိမ်သက်နိုင်သလို နိုင်ငံရေးလောကပါ ဂယက်ရိုက်ခတ်နိုင်သည်။

မိဖုရားခေါင်ကြီးကို လွယ်လွယ်နဲ့ ဖြုတ်ချလို့ မရပေ။ ထို့ကြောင့် မိဖုရားခေါင်ကြီးက ကိုယ်လုပ်တော်ရဲ့ ကလေးကို သတ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို လက်ခံလို့ မဖြစ်ဘူး။

နင်ချန် ကိုယ်တိုင် သံသယရှိနေရင်တောင် လက်ခံလို့ မဖြစ်ပေ။

သူ၏ ပြတ်သားသော သဘောထားကြောင့် ကိုယ်လုပ်တော်များ ငြိမ်ကျသွားကြသည်။

မယ်တော်ကြီး အပါအဝင်ပေါ့။

မယ်တော်ကြီးသည် သူမ၏ တူမကို မိဖုရားခေါင်ကြီး တင်ချင်နေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် နင်ချန်က ရှဲ့မျိုးရိုးကို မိဖုရားခေါင်ကြီးနေရာတွင် ဆက်ထားချင်နေသေးသည်။

နင်ချန်က လင်းရှိုးရီကို ခေါ်စစ်ဆေးရန် ပြင်လိုက်စဉ် မိန်းမစိုးလေးတစ်ယောက် အလောတကြီး ဝင်လာသည်။

မျက်နှာဖြူဖျော့လျက် ဒူးထောက်ကာ လျှောက်တင်သည်။

"အရှင်မင်းကြီး... လင်းရှိုးရီ... သေဆုံးသွားပါပြီ"

အားလုံး ကြောင်သွားကြသည်။

လင်းရှိုးရီ ကျန်းမာရေး မကောင်းမှန်း သိကြသော်လည်း ဒီဆောင်းရာသီကို မကျော်နိုင်ဘူးလို့သာ ထင်ထားကြသည်။ နေ့လည်ကမှ ရာထူးတိုးပေးထားပြီး နှစ်နာရီတောင် မကြာသေးခင်မှာ သေဆုံးသွားခြင်း ဖြစ်သည်။

နင်ချန် တိတ်ဆိတ်သွားသဖြင့် မည်သူမျှ အသံမထွက်ရဲကြပေ။

ဖုမားမားက မယ်တော်ကြီး၏ ပခုံးကို မသိမသာ တို့လိုက်သည်။

မယ်တော်ကြီး မော့ကြည့်လိုက်ပြီး သဘောပေါက်သွားသည်။

ခဏစဉ်းစားပြီးမှ နူးညံ့စွာ ပြောလိုက်သည်။

"အရှင်မင်းကြီး... သေသွားတဲ့သူက သေသွားပါပြီ။ မိဖုရားခေါင်ကြီးလည်း အသက်အန္တရာယ် မရှိတော့ဘူးဆိုတော့ အသုဘ အခမ်းအနား လုပ်ပေးလိုက်ပါ။ လင်းရှိုးရီက ရောဂါသည်းဖြစ်ပြီး စိတ်ဖောက်ပြန်သွားလို့ ဖြစ်သွားတာပါ။ မိဖုရားခေါင်ကြီး သနားစရာ ကောင်းပါတယ်။ ဒုက္ခတွေ ဆက်တိုက် ကြုံနေရတယ်။ လင်းရှိုးရီကို တော်ဝင်သင်္ချိုင်းမှာ မြှုပ်နှံခွင့် မပေးဘဲ သာမန်အရပ်သားအဖြစ် မြှုပ်နှံလိုက်ရင် ပိုမကောင်းပေဘူးလား။”

မယ်တော်ကြီးက အခြေအနေကို ရှင်းလင်းစွာ မြင်သည်။ မိဖုရားခေါင်ကြီးသည် လုံးဝ အပြစ်ကင်းချင်မှ ကင်းလိမ့်မည်။ သို့သော် လင်းရှိုးရီလက်ထဲတွင်လည်း လူသတ်မှု ရှိနေပြီးနှစ်ဖက်စလုံး အပြစ်ရှိကြသည်။ သို့သော် နင်ချန်က မိဖုရားခေါင်ကြီးကို ကာကွယ်ရန်ဆုံးဖြတ်ထားခဲ့သည်။

ဒီဆုံးဖြတ်ချက်က လင်းရှိုးရီကို အပြစ်ပေးရာ ရောက်သလို မိဖုရားခေါင်ကြီးကိုလည်း ကာကွယ်မပေးရာ ရောက်သဖြင့် မျှတမှု ရှိသည်။

"မယ်တော် စဉ်းစားတာ ပြည့်စုံပါတယ်။ အဲ့ဒီအတိုင်း လုပ်လိုက်ပါ"

နင်ချန် မျက်လွှာချလိုက်သည်။ သူ့စိတ်ကို ခန့်မှန်းရ ခက်သည်။

သို့သော် ထပ်ဖြည့်စွက် ပြောလိုက်သည်။

"ဒီနေ့ကိစ္စနဲ့ ပတ်သက်ပြီး အနောက်ဆောင်မှာ ကောလာဟလ ဖြန့်တဲ့သူ ရှိရင် ကျန်း လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး။ မင်းတို့အားလုံး ပါးစပ်ပိတ်ထားကြ။ အစေခံတွေကိုလည်း နှုတ်လုံအောင် မှာထားကြ။ ဘယ်နန်းဆောင်က သတင်းထွက်ထွက် အရှင်သခင်မကို အပြစ်ပေးမယ်"

လင်းရှိုးရီ၏ လုပ်ကြံမှုတွင် တော်ဝင်မျိုးဆက် နှစ်ပါးနှင့် ကိုယ်လုပ်တော် နှစ်ပါး သေဆုံးမှု ပါဝင်နေသည်။ ဆက်လက်စစ်ဆေးလျှင် ပိုပြီး ရှုပ်ထွေးလာမည် ဖြစ်၍ ဒီမှာတင် ရပ်တန့်လိုက်ခြင်းက အကောင်းဆုံး ဖြစ်သည်။

ယောင်ရှန်းသည် ကောလာဟလ ဖြန့်ချင်နေသော်လည်း နင်ချန်၏ အမိန့်ကြောင့် လက်လျှော့လိုက်ရသည်။

.....

ဖုန်းရှီးနန်းဆောင်မှ ထွက်လာသောအခါ ညစာစားချိန် ကျော်လွန်နေပြီဖြစ်သည်။

ဒီတစ်ခေါက်တွင် အရှင်မင်းကြီးက အားလုံးကို အနားယူခွင့် ပေးလိုက်ပြီး နေ့စဉ် ဂါရဝပြုပွဲများကိုလည်း ပယ်ဖျက်လိုက်သည်။ မိဖုရားခေါင်ကြီးက မခေါ်မချင်း မလာကြရန် အမိန့်ထုတ်လိုက်သည်။

မိဖုရားခေါင်ကြီးကိုလည်း စိတ်ဆိုးနေပုံရပြီး ကိုယ်လုပ်တော်များကို ဒုက္ခပေးခွင့် မပြုတော့ပေ။

ယဲ့ယွင် စိတ်မကောင်း ဖြစ်နေပြီး လမ်းတစ်လျှောက်လုံး စကားမပြောပေ။

ညစာလည်း နည်းနည်းပဲ စားသည်။

ဟွေယွဲ့ စိတ်မကောင်း ဖြစ်ပြီး နှစ်သိမ့်ပေးသည်။

"ရှိုးရုန်... အရမ်း ဝမ်းနည်းမနေပါနဲ့။ နန်းတွင်းဆိုတာ... အမြဲတမ်း ဒီလိုပါပဲ။ လင်းရှိုးရီက ပထမဆုံး မဟုတ်ပါဘူး"

"ဟုတ်တယ်။ ပထမဆုံး မဟုတ်သလို နောက်ဆုံးလည်း မဟုတ်ဘူး"

ယဲ့ယွင် ပြတင်းပေါက် အပြင်ဘက်မှ အမှောင်ထုကို ငေးကြည့်လိုက်သည်။

"ဟွေယွဲ့…ငါ ဒီနေရာမှာဘယ်လောက်ထိ တောင့်ခံနိုင်မလဲ မသိဘူး"

ဘယ်သူကများ ဒီလို အချိန်မရွေး သေဆုံးနိုင်တဲ့ နေရာမှာတိုက်ခိုက်နေရတာကို နှစ်သက်မှာလဲ။

"အိပ်လိုက်ပါတော့။ နောက်နှစ် လူသစ်တွေ ရောက်လာရင် ဆက်တိုက်ရဦးမှာ"

ယဲ့ယွင် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်သောအပြုံး ပြုံးကာ အတွင်းခန်းဆောင်သို့ ဝင်သွားလေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -236

အခန်း ၂၃၆ ။ ကိတ်မုန့်

ညနက်သန်းခေါင်။

ကျင်းဖေး၏ နန်းဆောင်မှ အနက်ရောင် ပုံရိပ်တစ်ခု လျှပ်ခနဲ ထွက်လာပြီး ရာဇဝတ်သားများကို ထိန်းသိမ်းထားရာ နေရာသို့ ဦးတည်သွားသည်။

မကြာမီတွင် လင်မျိုးရိုး၏ အနီးကပ်အစေခံ ပိယွင်ကို ခေါ်ထုတ်လာခဲ့သည်။

"ဒီမိန်းမစိုး အဝတ်အစားကို လဲဝတ်လိုက်။ မနက်ဖြန် မနက်ဈေးဝယ်ထွက်တဲ့ မြင်းလှည်းနဲ့အတူ နန်းတော်ပြင်ပကို ထွက်သွားလိုက်။ မြို့အနောက်ဘက်ကို သွားရင် အဲ့ဒီက စာအုပ်ဆိုင်မှာ နင့်ဝမ်းကွဲအစ်ကို စောင့်နေလိမ့်မယ်"

"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်။ ဒီနေ့ ကျွန်တော်မျိုးမ အသက်ရှင်ခွင့်ရတာ မယ်မယ့်ကျေးဇူးပါ။ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး"

ပိယွင် ဝမ်းသာအားရ ဖြစ်သွားပြီး လက်ထဲထည့်ပေးလိုက်သော ပိုက်ဆံအိတ်ကို ယူကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ဒီနေ့ကစပြီး မယ်မယ် ဆိုတာကို မေ့လိုက်တော့။ နင်က ကိုယ့်ဘာသာ ထွက်ပြေးလာတာ။ ကျန်တာတွေ ငါ စီစဉ်လိုက်မယ်"

"ဟုတ်ကဲ့ပါ... ကျွန်တော်မျိုးမမှတ်ထားပါ့မယ်"

ပိယွင် ခေါင်းညိတ်လိုက်သည်။

မိန်းမစိုးက ဘေးဘီဝဲယာ ကြည့်ရှုလိုက်ပြီး လက်ယပ်ခေါ်သည်။

"လိုက်ခဲ့... နေရာတစ်ခုကို ခေါ်သွားပေးမယ်။ အဲ့ဒီမှာ စောင့်နေ။ မနက်လင်းရင် လာခေါ်လိမ့်မယ်"

နှစ်ယောက်သား ဝေးကွာသော နန်းတော်တံတိုင်းနားသို့ ရောက်သွားကြသည်။

ထိုအချိန်တွင် မိန်းမစိုးက ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ပိယွင်၏ ပါးစပ်ကို ပိတ်ကာ လည်ပင်းကို ချိုးလိုက်သည်။

ပိယွင် အသံပင် မထွက်လိုက်နိုင်ဘဲ အသက်ပါသွားသည်။

နောက်တစ်နေ့တွင် ကင်းလှည့်နေသော တော်ဝင်အစောင့်တပ်သားများက သူမ၏ အလောင်းကို တွေ့ရှိခဲ့ကြသည်။

နောက်ဆုံး ကောက်ချက်ချလိုက်သည်မှာ အမှိုက်ပုံပေါ် တက်နင်းပြီး တံတိုင်းကျော်ရန် ကြိုးစားစဉ် ခြေချော်ကျကာ လည်ပင်းကျိုးသေဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

သူမလက်ထဲတွင် ဆုပ်ကိုင်ထားသော ပိုက်ဆံအိတ်ထဲ၌ လင်းရှိုးရီ ပိုင်ဆိုင်ခဲ့သော တန်ဖိုးကြီး နားကပ်များနှင့် ကျောက်စိမ်းလက်ကောက် တစ်စုံကို တွေ့ရှိခဲ့သည်။

သူမ ဘယ်လို လွတ်မြောက်လာသလဲ ဆိုတာကိုတော့ ဘယ်သူမှ စုံစမ်းခြင်း မရှိပေ။

မိဖုရားခေါင်ကြီး လုပ်ကြံခံရမှုကြောင့် နန်းတော်အတွင်း တင်းကျပ်နေချိန်တွင် ရာဇဝတ်သား ထိန်းသိမ်းရေး တာဝန်ခံက အပြစ်ပေးခံရမည်ကို ကြောက်သဖြင့် တိတ်တဆိတ် ဖုံးဖိလိုက်ခြင်း ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ပိယွင်က သေဒဏ်ပေးခံရမည့်သူ ဖြစ်သည်။

စောစောသေတာနဲ့ နောက်ကျမှသေတာပဲ ကွာခြားသည်။

ဒီကိစ္စကို ဘယ်သူမှ မသိလိုက်ကြပေ။

မိဖုရားခေါင်ကြီး ဒဏ်ရာရထားသဖြင့် နင်ချန်သည် ဒီကာလအတွင်း အနောက်ဆောင်သို့ မသွားရောက်ခဲ့ပေ။

နှစ်ရက်တစ်ခါ ဖုန်းရှီးနန်းဆောင်သို့ သွားရောက်ကြည့်ရှုခြင်းမှလွဲ၍ ကျန်အချိန်များကို ကျိုချန်နန်းဆောင်တွင် အလုပ်လုပ်ရင်း ကုန်ဆုံးစေသည်။

၁၀လပိုင်းလ ရောက်မှသာ အနောက်ဆောင်သို့ ပြန်လည်သွားရောက်ခဲ့သည်။

ပထမဆုံးအနေဖြင့် ကိုယ်ဝန်ဆောင် စုကျယ်ယွီထံ သွားရောက်ခဲ့သည်။

အချစ်မခံရသော်လည်း သူ့ကလေးကို လွယ်ထားသူ ဖြစ်သည်။

ညဘက်တွင် ဖေးဟုန်နန်းဆောင်၌ မအိပ်စက်ဘဲ ယိရှိုးယွမ်ထံ သွားရောက်ခဲ့သည်။

ယိရှိုးယွမ်ထံတွင် နှစ်ရက်နေပြီးနောက် ရှူးဖေး၊ ကျင်းဖေး နှင့် ဝမ်ရှိုးရီ တို့ထံ သွားရောက်ပြီး နေ့လည်စာ စားခဲ့သည်။

ကလေးရှိသူများကို တစ်ပတ်လှည့်ပြီး ကြည့်ရှုလိုက်ခြင်း ဖြစ်သည်။

၎င်းမှာကလေးရှိခြင်း၏ အကျိုးကျေးဇူး ဖြစ်သည်။ အရှင်မင်းကြီးက ကလေးကို သတိရတိုင်း လာကြည့်လေ့ရှိသည်။

ယခင်က ကျင်းဖေးသည် အရှင်မင်းကြီး လာရောက်လေ့ရှိသော စာရင်းထဲတွင် မပါဝင်သော်လည်း ယခု ဒုတိယမင်းသားကို မွေးစားထားသဖြင့် သီးသန့် တွေ့ဆုံခွင့် ရရှိလာသည်။

တစ်ပတ်လည်ပြီးနောက် နောက်ထပ် ရက်အနည်းငယ်ကြာအောင် အနောက်ဆောင်သို့ မလာတော့ပေ။

ကလေးတွေကို ကြည့်ချင်ရုံ သက်သက် ဖြစ်ပုံရသည်။

....

၁၀လပိုင်း ၁၇ ရက် ရောက်ရှိလာပြီးမနက်ဖြန်သည် ယဲ့ယွင်၏ မွေးနေ့ဖြစ်သည်။ သို့သော် ကျိုချန်နန်းဆောင်မှ လှုပ်ရှားမှု မရှိပေ။

ယဲ့ယွင်သည် ညစာစားပြီးနောက် အစေခံများနှင့် စကားစမြည် ပြောနေသည်။

"ဒီနှစ် အလုပ်တွေ များနေတော့ အရှင်မင်းကြီးက ငါ့မွေးနေ့ လာလုပ်ပေးမှာ မဟုတ်ဘူး ထင်တယ်။ ငါတို့ဘာသာ လုပ်ကြတာပေါ့။ တစ်နှစ် တစ်ခါပဲ ရှိတဲ့ဟာကို ပေါ့ပေါ့တန်တန် မလုပ်သင့်ဘူး"

အစေခံများက သူမ ဝမ်းနည်းမည်စိုး၍ ခေါင်းညိတ်ထောက်ခံကြသည်။

"ရှိုးရုန် သဘောမကျဘူးဆိုရင် မနက်ဖြန် ကျွန်တော်မျိုးမ သက်ရှည်ခေါက်ဆွဲလုပ်ပေးမယ်လေ။ တန်ဖိုးကြီးတာတွေ မပေးနိုင်ပေမဲ့ ခေါက်ဆွဲပြုတ်လေးနဲ့ ကျန်းမာပါစေ၊ အသက်ရှည်ပါစေလို့ ဆုတောင်းပေးပါ့မယ်"

လုဟယ်က ပြုံးလျက် ပြောလိုက်သည်။

သူမက စကားနည်းသော်လည်း တည်ငြိမ်ပြီး အားကိုးရသူ ဖြစ်သည်။

ဒီနှစ်တွေအတွင်း အတွေ့အကြုံ ရင့်ကျက်လာပြီဖြစ်သည်။

လောလောဆယ် ဒုတိယတန်း အစေခံ သုံးဦးဖြစ်သော လုကျီ၊ လုဟယ် နှင့် လုမေ့တို့သည် အားကိုးရပြီး ယဲ့ယွင်နှင့်လည်း ရင်းနှီးကြသည်။

ယဲ့ယွင်၏ ရာထူးအရ ပထမတန်း အစေခံ နှစ်ဦးသာ ထားရှိခွင့် ရှိသည်။

ဖေးအဆင့် ရောက်သွားလျှင် ကြီးကြပ်ရေးမှူး တစ်ဦးနှင့် ပထမတန်း အစေခံ လေးဦး ထားရှိခွင့် ရမည်ဖြစ်၍ သူတို့အားလုံးကို ရာထူးတိုးပေးရမည်။

"ဒီလောက်ကြာမှ နင့်မှာ ဒီလို အရည်အချင်းရှိမှန်း သိရတော့တယ်။ ဒါဆိုရင် ငါ စောင့်စားနေမယ်နော်"

ယဲ့ယွင် ရယ်မောလိုက်သည်။

သူမ စိတ်မကောင်း ဖြစ်မနေပေ။

အရှင်မင်းကြီး လာချင်လာ၊ မလာချင်နေ။ သူမ အချစ်လျော့သွားဖို့ ဝေးပါသေးတယ်။ မကြောက်ပါဘူး။

အိပ်ရာဝင်ခါနီးအထိ အခန်းထဲတွင် ပျော်ရွှင်စွာ ရယ်မောနေကြသည်။

ဟွေယွဲ့က မျက်နှာသစ်ပေးပြီး အိပ်ရာဝင်ခိုင်းလိုက်သည်။ အိပ်ခါနီးတွင် ယဲ့ယွင် ရုတ်တရက် ပြောလိုက်သည်။

"ကိတ်မုန့် စားချင်လိုက်တာ"

"ကိတ်မုန့်... ဟုတ်လား"

ဟွေယွဲ့ နားမလည်နိုင် ဖြစ်သွားသည်။ တစ်ခါမှ မကြားဖူးပေ။

ယဲ့ယွင် ပြုံးလိုက်သည်။

"စာအုပ်ထဲမှာ ဖတ်ဖူးတဲ့ မုန့်လေးပါ။ ဒီအတိုင်း ပြောကြည့်တာပါ"

ဟွေယွဲ့ ခေါင်းညိတ်လိုက်ပြီး စောင်ခြုံပေးကာ မီးငြိမ်းပြီး ထွက်သွားလိုက်သည်။

သို့သော် ဒီကိစ္စကို စိတ်ထဲ မှတ်ထားလိုက်သည်။

ဒီကာလအတွင်း အရှင်မင်းကြီး နန်းတော်ပြန်ရောက်ပြီး တစ်ခါလာပြီးကတည်းက တစ်လလောက် ပျောက်နေသည်။ သခင်မက ထုတ်မပြောသော်လည်း ကိုယ်လုပ်တော်တိုင်း အချစ်ခံချင်ကြသည် မဟုတ်လား။

ယဲ့ယွင်က သူတို့ စိတ်ပူမှာစိုးလို့ မျိုသိပ်ထားတာ ဖြစ်မည်ဟု ဟွေယွဲ့ ထင်သည်။

အခု စားချင်တာလေး ရှိနေတယ်ဆိုတော့ ရှာပေးနိုင်ရင် ပျော်သွားမှာပဲ။

ထို့ကြောင့် နေရာအနှံ့ လိုက်မေးသော်လည်း ယွီရှို့အဆောင်တစ်ခုလုံး ဘယ်သူမှ မသိကြပေ။

ပိုင်ရှုက မနက်ဖြန်မနက် စားဖိုဆောင်က မုန့်ဆရာကို သွားမေးကြည့်ပေးမယ်လို့ အကြံပြုသည်။

သူတို့မသိတာကို မုန့်ဆရာ သိလောက်သည်။

နောက်တစ်နေ့မနက်တွင် ပိုင်ရှု စားဖိုဆောင်သို့ သွားမေးရာ မုန့်ဆရာလည်း ကြောင်သွားသည်။

"စာအုပ်ထဲမှာပါတာဆိုတော့ စိတ်ကူးယဉ်ပြီး ရေးထားတာ ဖြစ်လောက်တယ်။ ဒါပေမဲ့ ကြက်ဥနဲ့ ဆိုင်မယ်ထင်တယ်။ ကြက်ဥကိတ် လုပ်ကြည့်တာပေါ့"

လုပ်ရတာ လက်ဝင်ပေမဲ့ နူးညံ့ပြီး စားကောင်းသည်။

.....

ဒီသတင်းက တဆင့်စကား တဆင့်နားနဲ့ နေ့လည်စာ စားချိန်တွင် နင်ချန်၏ နားထဲသို့ ရောက်သွားသည်။

ကြားလိုက်မှ ဒီနေ့ ယဲ့ယွင်၏ မွေးနေ့ဖြစ်ကြောင်း သတိရလိုက်သည်။

"ကျန်းအလုပ်များပြီး မေ့နေတာကို မင်းလည်း မေ့နေတယ်ပေါ့လေ ဟမ်?”

ယွမ်ကျိုကို မေးလိုက်သည်။

ယွမ်ကျို လန့်ဖျပ်သွားပြီး မျက်နှာငယ်လေးဖြင့် တောင်းပန်လိုက်သည်။

"အရှင်မင်းကြီးက ဒီရက်ပိုင်း တောင်ဘက်ဒေသကိစ္စတွေနဲ့ အလုပ်များနေလို့ ကျွန်တော်မျိုးလည်း အရှင်မင်းကြီးရဲ့ကျန်းမာရေးကိုပဲ ဂရုစိုက်နေမိလို့ မေ့သွားပါတယ်။ ခွင့်လွှတ်တော်မူပါ"

လန်ကျိုးဒေသတွင် လူသစ်များ ခန့်အပ်ထားသော်လည်း အများစုက မြို့တော်မှ စေလွှတ်လိုက်သူများ ဖြစ်၍ ဒေသန္တရ အခြေအနေနှင့် မရင်းနှီးသဖြင့် အဆင်မပြေ ဖြစ်နေကြသည်။

၁၀လပိုင်းလ ရောက်နေပြီဖြစ်၍ ရာသီဥတု အေးလာသဖြင့် မနှစ်ကလို နှင်းဘေးအန္တရာယ် ကြုံရမည်ကို စိုးရိမ်ပြီး နင်ချန် အလုပ်ရှုပ်နေခြင်း ဖြစ်သည်။

ကြိုတင်ပြင်ဆင်ထားမှ စိတ်ချရမည် မဟုတ်လား။

"ထားလိုက်ပါတော့။ ဒီည ယွီရှို့အဆောင်ကို သွားမယ်။ ဘဏ္ဍာတိုက်ထဲက ပစ္စည်းတချို့ ရွေးပြီး ယူခဲ့"

"ဟုတ်ကဲ့ပါ... ကျွန်တော်မျိုး အခုပဲ သွားစီစဉ်လိုက်ပါ့မယ်။ ယွီရှို့အဆောင်ကို ကြိုအကြောင်းကြားထားရမလား"

နင်ချန် စဉ်းစားလိုက်ပြီး ခေါင်းခါလိုက်သည်။

"မလိုပါဘူး။ သူ့မွေးနေ့ပဲဟာ။ ကြိုပြောလိုက်ရင် ပြင်ဆင်ရတာနဲ့ ပင်ပန်းနေလိမ့်မယ်"

ယွမ်ကျို ခေါင်းညိတ်ပြီး ထွက်သွားလေသည်။

ဘဏ္ဍာတိုက်ထဲတွင် ပိုးထည်များ၊ ရွှေငွေ ရတနာများ ရှိသည်။ အရည်အသွေးကောင်းပြီး စည်းကမ်းနှင့် ညီညွတ်တာတွေကို ရွေးယူလိုက်ရုံပင်။

ပြောရလျှင် ယွီရှို့အဆောင်သို့ ပစ္စည်းဘယ်လောက် ပို့ပြီးပြီလဲ ဆိုတာတောင် မမှတ်မိတော့ပေ။ အရှင်မင်းကြီးက မကြာခဏ ဆုချလေ့ရှိသည်။

အခြားတစ်ဖက်တွင် ယဲ့ယွင်သည် အရှင်မင်းကြီး လာမည်ကို မသိသေးပေ။

မနက်ပိုင်းတွင် လုဟယ်၏ ခေါက်ဆွဲပြုတ်ကို စားပြီး နေ့လည်တွင် အစေခံများ ကြိုးစားလုပ်ပေးထားသော ကြက်ဥကိတ်ကို စားလိုက်ရသဖြင့် စိတ်ပျော်ရွှင်နေသည်။

ဘာပဲဖြစ်ဖြစ် သူမအနားက လူတွေက သစ္စာရှိပြီး စိတ်ရင်းမှန်ကြတာနဲ့တင် တော်တော် ကောင်းမွန်နေပါပြီ။

***

All Chapters