← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 15 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 15 Ch. 237-238

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -237

အခန်း ၂၃၇ ။ ထိန်းသိမ်း၍ မရနိုင်သော ကိုယ်ဝန်

ညစာစားရန် နာရီဝက်အလိုတွင် နင်ချန် ရောက်ရှိလာသည်။

ယဲ့ယွင် အံ့ဩသွားပြီး အဝတ်အစားများ ပြင်ဆင်ကာ ထွက်ကြိုလိုက်သည်။

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

"ထတော့။ ဒီနေ့က မင်းမွေးနေ့ဆိုပေမဲ့ ကျန်း တစ်နေ့လုံး အလုပ်များနေလို့ ညနေမှ ရောက်လာတာပါ။ ကစားစရာလေးတွေ ယူလာခဲ့တယ်။ ကြိုက်ရဲ့လား ကြည့်ပါဦး"

နင်ချန်က သူမကို တွဲထူပြီး လက်ဆွဲကာ အနောက်မှ မိန်းမစိုးလေးများ သယ်လာသော သေတ္တာများကို ညွှန်ပြလိုက်သည်။

ပထမသေတ္တာ နှစ်လုံးထဲတွင် အဝတ်အစားများနှင့် လက်ဝတ်ရတနာများ ပါဝင်သည်။

နောက်ဆုံးသေတ္တာကို ဖွင့်လိုက်မှ ယဲ့ယွင် စိတ်ဝင်စားသွားသည်။

"ဒါက ညလင်းပုလဲလား"

အနီးကပ်သွားကြည့်လိုက်ရာ တကယ်ပင် ဟုတ်နေသည်။

သို့သော် ပဲစေ့အရွယ်ခန့် သေးငယ်သော ပုလဲလုံးလေးများဖြစ်ပြီး သေတ္တာသေးသေးလေး တစ်လုံးစာ ပါရှိသည်။

"အနောက်ဘက်ဒေသက ဆက်သလာတာပါ။ အကြီးတွေကိုတော့ မယ်တော်ကြီးနဲ့ မိဖုရားခေါင်ကြီးကို ပေးလိုက်ပြီ။ ဒီအသေးလေးတွေကို လက်ဝတ်ရတနာ လုပ်ရင် လှမယ်လို့ ထင်လို့ ယူလာခဲ့တာ။ ညဘက်ဆိုရင် တောက်ပနေမှာပဲ"

နင်ချန်က ပြောလိုက်သည်။

သူမ သဘောကျသည်ကို မြင်သောအခါ နင်ချန် ပြုံးလိုက်သည်။

ယဲ့ယွင် ကျေးဇူးတင်စကား ဆိုပြီး အခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။

အခန်းထဲ ရောက်သည်နှင့် စားပွဲပေါ်ရှိ စာအုပ်များကို နင်ချန် တွေ့လိုက်ရသည်။ ခရီးသွားမှတ်တမ်းများ၊ ဒဏ္ဍာရီပုံပြင် စာအုပ်များ ဖြစ်သည်။

"အားရင် ဒီလိုစာအုပ်တွေပဲ ဖတ်နေတာလား"

"ဒါမှမဟုတ် စစ်ရေးကျမ်းတွေ၊ သမိုင်းစာအုပ်တွေ ဖတ်နေမယ် ထင်လို့လား"

ယဲ့ယွင် ရုတ်တရက် ပြန်မေးလိုက်သဖြင့် နင်ချန် စကားပိတ်သွားသည်။

ပုံမှန်အချိန်တွင် နိုင်ငံရေးအကြောင်း ဆွေးနွေးလျှင် သူမက ထိုးထွင်းသိမြင်တတ်သဖြင့် တကယ်ပင် စစ်ရေး၊ နိုင်ငံရေး စာအုပ်များ ဖတ်သည်ဟု ထင်မှတ်နေခဲ့သည်။

လင်ရှီးဥယျာဉ်တော်တုန်းက အချစ်ဝတ္ထု တွေ့တုန်းကတော့ မိန်းကလေး သဘာဝအရ တစ်ခါတလေ ဖတ်တာပဲ ထင်ခဲ့သည်။ အခုတော့ တကယ်ကြီး အပျော်ဖတ်စာအုပ်တွေပဲ ဖတ်နေတာကိုး။

"မိန်းကလေးတစ်ယောက်အနေနဲ့ သတ်ဖြတ်တိုက်ခိုက်တဲ့ စာအုပ်တွေ ဖတ်စရာ မလိုပါဘူး။ အချိန်ဖြုန်းဖို့ အပျော်ဖတ်စာအုပ်တွေ ဖတ်တာပဲ ကောင်းပါတယ်"

ယဲ့ယွင် လက်ဖက်ရည်ငှဲ့ပေးရင်း အခြေအနေကို ပြန်ထိန်းလိုက်ပြီးသူ့ဘေးတွင် ဝင်ထိုင်၍ မျက်စောင်းထိုးကာ ပြောလိုက်သည်။

"အရှင်မင်းကြီးသာ မကြာခဏ လာတွေ့ပေးရင် ဒီလိုစာအုပ်တွေ ဖတ်ပြီး အချိန်ဖြုန်းနေစရာ မလိုပါဘူး"

ဒီစကားက ချွဲနွဲ့သလို ဖြစ်နေသည်။

သူ့အား ကြာကြာမလာလို့ အပြစ်တင်သလိုလိုပင်။ နင်ချန် သဘောကျသွားပြီး သူမလက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

"တိုင်းပြည်အရေးက များလွန်းလို့ မလာနိုင်တာပါ။ ချင်းချင်း နားလည်ပေးပါ။ အခု ရောက်လာပြီပဲဟာ"

"ကံကောင်းလို့ အရှင်မင်းကြီးက မွေးနေ့ကို မှတ်မိနေသေးတယ်။ မဟုတ်ရင် ဒီနေ့ ထမင်းတောင် စားဝင်မှာ မဟုတ်ဘူး"

ယဲ့ယွင် ဝမ်းနည်းဟန်ဆောင်ပြီး နင်ချန်၏ လက်ဖဝါးကို လက်ချောင်းလေးဖြင့် ကုတ်လိုက်သည်။

ဘေးနားမှ နန်ကျစ် နှင့် ဟွေယွဲ့တို့ မကြည့်နိုင်တော့ပေ။

မိမိတို့၏သခင်မသည် လိမ်ပြောရာတွင် ပိုပိုတော်လာခဲ့သည်။ ဒီနေ့ညနေတုန်းကမှ အမဲသားနှပ်နဲ့ ချိုးကင် စားမယ်လို့ ပြောထားတာလေ။

အရှင်မင်းကြီးကို ကြည့်လိုက်တော့ ယုံနေပုံရသည်။

ညစာစားပြီးနောက် နင်ချန် ညအိပ်ရန် ပြင်ဆင်သည်။

နေ့ဘက်တွင် မလာနိုင်ခဲ့သဖြင့် ယဲ့ယွင်ကို နှစ်သိမ့်ပေးသည့်အနေဖြင့် ညဘက်တွင် ကောင်းကောင်း ပြုစုပေးလိုက်သည်။

ယဲ့ယွင်မှာ စိတ်လှုပ်ရှားလွန်း၍ ငိုမတတ် ဖြစ်သွားရသည်။ ချီးပဲ ခွေးဧကရာဇ်

......

နောက်တစ်နေ့ နံနက်တွင် နင်ချန်သည် ညီလာခံတက်ရန် စောစောထရသည်။ ယဲ့ယွင်ကမူ ဂါရဝပြုရန် မလိုသဖြင့် စောစောထစရာ မလိုပေ။

သို့သော် ယဲ့ယွင်သည် စိတ်ကောင်းဝင်နေသဖြင့် ထပြီး မျက်နှာသစ်၊ မနက်စာစားရန် ကူညီပေးလိုက်သည်။

တကယ်တမ်းတွင် သူမသည် နင်ချန် ထလိုက်သည့် အသံကြောင့် နိုးသွားပြီး အိမ်သာသွားချင်နေခြင်း ဖြစ်သည်။

လူက ထနေပြီဆိုတော့ အိပ်ချင်ယောင်ဆောင်ပြီး ပြန်အိပ်လို့ မရတော့ဘူးလေ။

ငွေထုတ်ပေးမည့်သူကို အရင် ပြုစုလိုက်တာပေါ့။ နင်ချန် ထွက်သွားမှ ဖိနပ်ချွတ်ပြီး ကုတင်ပေါ် ပြန်တက်ကာ အိပ်လိုက်တော့သည်။

အရှင်မင်းကြီး ရောက်လာသဖြင့် ယွီရှို့အဆောင်မှ အစေခံများသည် မိုးခေါင်ရေရှားချိန်တွင် မိုးရွာသကဲ့သို့ ပျော်ရွှင်နေကြသည်။

အားလုံး၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေသည်။

.....

ဆန့်ကျင်ဘက်အနေဖြင့် ဖေးဟုန်နန်းဆောင်တွင်မူ မပျော်ရွှင်နိုင်ကြပေ။

မနေ့ညကတည်းက စုကျယ်ယွီ ကောင်းကောင်း မအိပ်ပျော်ခဲ့ပေ။

ဗိုက်ထဲတွင် မအီမသာ ဖြစ်နေသော်လည်း အိပ်မက်မက်နေသလို ဖြစ်ပြီး မနိုးနိုင်ခဲ့ပေ။

မနက်မိုးလင်းမှ ပိုင်ချောင် လာနှိုးတော့မှ ဗိုက်တကယ် အောင့်နေကြောင်း သိလိုက်ရသည်။

"သမားတော် သွားပင့်လိုက်ပါဦး။ နေလို့မကောင်းဘူး။ ခါးတွေ ကိုက်နေတယ်"

စုကျယ်ယွီ ခေါင်းအုံးကို မှီပြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

ပိုင်ချောင် အမြန် ထွက်သွားသည်။

သို့သော် သမားတော်ဆောင်သို့ မရောက်မီ လမ်းခုလတ်တွင် ဝေ့ရွယ်ဆောင်မှ နျန်ဝမ်က တားလိုက်သည်။

"ပိုင်ချောင်... မနက်စောစောစီးစီး ဘာလို့ အလောတကြီး သွားနေတာလဲ။ နေမကောင်းလို့လား"

ဖန်းရှိုးယွမ်၏ အနီးကပ်အစေခံ ဖြစ်နေသဖြင့် ပိုင်ချောင်က အမှန်အတိုင်း ပြောပြလိုက်သည်။

နျန်ဝမ် မျက်မှောင်ကြုတ်လိုက်ပြီး စဉ်းစားကာ ပြောသည်။

"စိတ်မပူပါနဲ့။ စုကျယ်ယွီမှာ ယုံကြည်ရတဲ့ သမားတော် မရှိဘူး။ ငါတို့ ရှိုးယွမ်ဆီမှာ ရှိတယ်။ ငါ ရှိုးယွမ်ကို ပြောပြီး ယုံကြည်ရတဲ့သူ ခေါ်ပေးခိုင်းလိုက်မယ်။ ကိုယ်ဝန်ဆောင်ထားတာဆိုတော့ ပေါ့ဆလို့ မဖြစ်ဘူး"

"ဟုတ်သားပဲ။ ကျွန်မ မစဉ်းစားမိဘူး။ ကျေးဇူးတင်ပါတယ် အစ်မနျန်ဝမ် ။ ဖန်းရှိုးယွမ်ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ"

ပိုင်ချောင် ဝမ်းသာအားရ ကျေးဇူးတင်လိုက်သည်။

သမားတော်ဆောင်သို့ သွားစရာ မလိုတော့ဘဲ ဖေးဟုန်နန်းဆောင်သို့ ပြန်ပြီး သတင်းစောင့်နေလိုက်သည်။

သူမ လှည့်ထွက်သွားသည်နှင့် နျန်ဝမ်၏ မျက်နှာပေါ်မှ စိုးရိမ်မှုများ ပျောက်

ကွယ်သွားပြီး ထိုသို့ဖြစ်လာမည်ကို ကြိုသိနေသကဲ့သို့ တည်ငြိမ်နေသည်။

နာရီဝက်မကြာမီ ယောင်ရှန်းသည် သမားတော်ဟူနှင့်အတူ ရောက်လာသည်။

သွေးစမ်းကြည့်ပြီးနောက် သမားတော်ဟူ၏ မျက်နှာ ပျက်သွားသည်။

စုကျယ်ယွီ ရိပ်မိလိုက်ပြီး "သမားတော်... ကျွန်မ ဗိုက်ထဲက ကလေး ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။

သမားတော်ဟူက ယောင်ရှန်းကို ကြည့်လိုက်သည်။ ယောင်ရှန်းက ခေါင်းညိတ်ပြမှ ပြောလိုက်သည်။

"သွေးခုန်နှုန်းက အားနည်းနေပါတယ်။ ဒီကိုယ်ဝန်ကို ထိန်းထားနိုင်မှာ မဟုတ်တော့ပါဘူး။ ဆေးနဲ့ အတင်းထိန်းထားရင်တောင် ခြောက်လလောက်ထိပဲ ခံနိုင်မှာပါ"

"ရှင် ဘာပြောလိုက်တာလဲ"

စုကျယ်ယွီ ဒေါသထွက်သွားပြီး မျက်လုံးပြူးကာ အော်လိုက်သည်။

"ငါက ကျန်းမာရေး ကောင်းပါတယ်။ ကလေးကို ထိခိုက်စေမယ့် အစားအစာတွေ ဘာမှ မစားပါဘူး။ ဘာလို့ ရုတ်တရက် ထိန်းမရတော့တာလဲ"

စိတ်လှုပ်ရှားသွားသဖြင့် ဗိုက်ပိုအောင့်လာပြီး ထရန် ပြင်သော်လည်း မထနိုင်ဘဲ ပြန်ထိုင်လိုက်ရသည်။

ယောင်ရှန်း မျက်မှောင်ကြုတ်လိုက်ပြီး သူမကို စိတ်ထိန်းရန် လက်ကာပြလိုက်သည်။ ထို့နောက် သမားတော်ဟူဘက် လှည့်မေးလိုက်သည်။

"သမားတော် ဆိုလိုတာက အပြင်ပယောဂကြောင့် မဟုတ်ဘဲ ရုတ်တရက် သွေးခုန်နှုန်း အားနည်းသွားတာလား"

သမားတော်ဟူ ခေါင်းခါလိုက်သည်။

"ရှိုးယွမ်နဲ့ ကျယ်ယွီ မသိပါဘူး။ တချို့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က ကိုယ်ဝန်ဆောင်ဖို့ မသင့်တော်ပါဘူး။ သန္ဓေသား ကြီးထွားလာတာနဲ့အမျှ မိခင်လောင်းက ဒဏ်မခံနိုင်တော့ဘဲ ပျက်ကျတတ်ပါတယ်။ ဂရုတစိုက် နေထိုင်ပေမဲ့ လစေ့တဲ့အထိ မခံနိုင်တာမျိုးတွေ ရှိပါတယ်"

သူ ပြောလိုက်သည်နှင့် စုကျယ်ယွီ၏ မျက်နှာ ဖြူဖျော့သွားသည်။ နှုတ်ခမ်းများ သွေးဆုတ်သွားသည်။

ထို့နောက် ရုတ်တရက် တစ်စုံတစ်ရာ သတိရသွားပြီး ပြောလိုက်သည်။

"အကယ်၍ အစကတည်းက ဆေးနဲ့ အတင်း ယူထားတာဆိုရင်ရော..."

"စူးမျိုးရိုး!"

ယောင်ရှန်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြီး စကားဖြတ်လိုက်သည်။

သမားတော်ဟူ ကြောင်သွားပြီး မျက်လုံးကစားကာ သတိထားပြီး ဖြေလိုက်သည်။

"ကိုယ်ဝန်ရလာရင် သဘာဝတရားအတိုင်းပါပဲ။ ပြဿနာ မရှိပါဘူး။ ကျယ်ယွီရဲ့ ကိုယ်ဝန်က မိခင်ရဲ့ ကျန်းမာရေးကြောင့်ပါ"

"ရပြီ... မင်း ပြန်တော့။ ဒီနေ့ကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့။ ကြားလား"

ယောင်ရှန်း လက်ကာပြလိုက်သည်။

"စိတ်ချပါ ရှိုးယွမ်။ ကျွန်တော်မျိုးက ပုံမှန် ကျန်းမာရေးစစ်ဆေးဖို့ လာတာပါ။ ဘာပြဿနာမှ မရှိပါဘူး"

သမားတော်ဟူ ခေါင်းညိတ်ပြီး ပြန်သွားလေသည်။

***

ယောင်ရှန်းက ကြောက်ဖို့ကောင်းလိုက်တာ

ကျင်းဖေးကလည်း မထင်ရဘူး။ လင်းရှို့ရီအသက်ရှိတုန်းက သူ့ကိုအရမ်းယုံတာကို။

ကျွန်မက ကျင်းဖေးကို လောကီရေးရာစိတ်ကုန်နေပြီထင်ထားတာ အခုကြည့်ရတာမကုန်သေးတဲ့ပုံပဲ 🤦🏻‍♀️

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -238

အခန်း ၂၃၈ ။ အစီအစဉ်များ

"နင် အရမ်းစိတ်လိုက်မာန်ပါ လုပ်လွန်းတယ်။ တော်သေးလို့ သမားတော်ဟူက ငါ့လူမို့ ဒီသတင်းကို ပေါက်ကြားမသွားအောင် ထိန်းပေးနိုင်လို့ပေါ့။ မဟုတ်ရင် နင်ရော နင့်ဗိုက်ထဲက ကလေးရော အကုန် ဒုက္ခရောက်ကုန်မှာ"

သမားတော်ဟူ ထွက်သွားသည်နှင့် ယောင်ရှန်းသည် စုကျယ်ယွီကို စူးစူးဝါးဝါး ကြည့်ပြီး ဆူပူလိုက်သည်။

"ရှိုးယွမ်... ခွင့်လွှတ်ပေးပါ။ ဒီချန်းချဲ့လည်း စိတ်လှုပ်ရှားသွားလို့ပါ..."

စုကျယ်ယွီ၏အသံသည်တိမ်ဝင်နေခဲ့သည်။

ဘယ်သူက မစိုးရိမ်ဘဲ နေနိုင်မလဲ။ ကိုယ်ဝန်ငါးလ ရှိနေပြီဖြစ်ပြီး နောက်ထပ် လေးလအကြာတွင် မွေးဖွားတော့မည်ဖြစ်သည်။ သို့သော်ရုတ်တရက် ကလေးကို မွေးဖို့မဖြစ်နိုင်တော့ဘူးဟူသောစကားသည် ကောင်းကင်ပြိုကျသလိုပင် ခံစားလိုက်ရသည်။

ယောင်ရှန်း နဖူးကို နှိပ်နယ်လိုက်သည်။ သူမလည်း စိတ်ရှုပ်နေသည်။

တကယ်တမ်းတွင် သူမသည် ဆေးဝါးဖြင့် အတင်းအဓမ္မ ကိုယ်ဝန်ဆောင်ခိုင်းလျှင် ပြဿနာတက်နိုင်ကြောင်း သိထားသည်။ သို့သော် ယခင်ဧကရာဇ်လက်ထက်က ကိုယ်လုပ်တော်တစ်ပါးသည် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည် မဟုတ်လား။ ဘာကြောင့် စုကျယ်ယွီကျမှ လစေ့သည်အထိ မခံနိုင်ရသနည်း။

(T/N - အဲ့ကိုယ်လုပ်တော်လေးကအောင်အောင်မြင်မြင်မွေးနိုင်ပေမဲ့ကလေးကသုံးလသားလည်းရောက်ကော ဆုံးသွားပါတယ်တဲ့)

ဟုတ်ပါသည်... သူမ စုကျယ်ယွီကို တိုက်ကျွေးခဲ့သော ဆေးမှာ ကျွမ်ယန်တန်ပင်ဖြစ်သည်။ ယခင်က ဝမ်သယ့်ဖေးထံမှ သိမ်းဆည်းရမိသော ဆေးနှင့် အတူတူပင်။

တကယ်တမ်းတွင် ဝမ်သယ့်ဖေးထံမှ ဆေးများနှင့် ကာမအားတိုးဆေးတို့သည် ယောင်ရှန်း၏အစေခံ ပိုင်ရွှမ်းမှတစ်ဆင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ပိုင်ရွှမ်း ကိုယ်တိုင်လည်း ယောင်ရှန်းထံမှ ရမှန်းမသိခဲ့ပေ။ သူမ၏ မိဘများထံမှ ရရှိခဲ့ခြင်း ဖြစ်သည်ဟုသာ သိထားခဲ့သည်။

ပိုင်ရွှမ်း၏ မိဘများသည် နင်ချန် မင်းသားဘဝက အိမ်တော်အစေခံဟောင်းများ ဖြစ်ကြပြီး နန်းတော်သို့ လိုက်မလာဘဲ အိမ်တော်ဟောင်းတွင် ကျန်ရစ်ခဲ့ကြသည်။ သမီးဖြစ်သူ အချစ်တော် ကိုယ်လုပ်တော်ဘေးတွင် အမှုထမ်းနေသဖြင့် ဂုဏ်ယူနေကြသော်လည်း နောက်ပိုင်းတွေ ဝမ်ဖေး၏လျစ်လျှူရှုခံရမှုများကြောင့် မိမိသမီး၏သခင်မဖြစ်သူမျက်နှာသာမရတော့မည်ကို စိုးရိမ်နေခဲ့ကြသည်။ ထိုအချက်ကို ယောင်ရှန်းက အခွင့်ကောင်းယူခဲ့ခြင်း ဖြစ်သည်။

မူလအစီအစဉ်မှာ ဝမ်သယ့်ဖေးဒုတိယ ကိုယ်ဝန်ရလာမှသာလျှင် ဆေးသုံးစွဲမှုကို ဖော်ထုတ်ရန် ဖြစ်သည်။ သို့သော် ဝမ်သယ့်ဖေးက မိုက်မဲစွာဖြင့် ယဲ့ယွင်ကို အဆိပ်ခတ်ရန် ကြိုးစားရင်း ကိုယ့်ထောင်ချောက် ကိုယ်မိသွားခဲ့သည်။

သို့သော် ထိုဆေးနှစ်မျိုးသည် ဝမ်သယ့်ဖေးကို လဲပြိုစေသော နောက်ဆုံးကောက်ရိုးမျှင် ဖြစ်ခဲ့သည်။

ယခုအခါ ဝမ်သယ့်ဖေး ဆိုတာ မရှိတော့ဘဲ ချိုက်နွီအန်းရှီသာ ကျန်ရှိတော့သည်။

ပစ္စုပ္ပန်သို့ ပြန်ရောက်လာပြီး စိုးရိမ်ပူပန်နေသော စုကျယ်ယွီကို ကြည့်ကာ ယောင်ရှန်း စဉ်းစားလိုက်သည်။

ခေါင်းမော့လိုက်သောအခါ သူမ၏ မျက်ဝန်းများသည် အေးစက်တည်ငြိမ်နေပြီ ဖြစ်သည်။

"နင့်ဗိုက်က ငါးလရှိနေပြီ။ အများဆုံး ခြောက်လအထိပဲ ထိန်းထားနိုင်မယ်။ ဆိုလိုတာက ၁၁လပိုင်း ကုန်လောက်အထိပေါ့။ အခု နောက်ထပ် တစ်လလောက် အချိန်ကျန်သေးတယ်။ ကိုယ်ဝန်ရဖို့ မလွယ်ကူခဲ့ဘူး။ အလကား အဖြစ်မခံနိုင်ဘူး။ တစ်ခုခုတော့ အသုံးချရမယ်"

စုကျယ်ယွီ၏ မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်သန်းသွားပြီး ဗိုက်ကို အုပ်ကိုင်ကာ မေးလိုက်သည်။

"ရှိုးယွမ် ဆိုလိုတာက... ဒီချန်းချဲ့ ကိုယ်ဝန်ပျက်ကျတာကို အခွင့်ကောင်းယူပြီး တစ်ခုခု လုပ်မလို့လား"

သူမ၏ မျက်နှာထားကို ကြည့်ပြီး ယောင်ရှန်း သက်ပြင်းချလိုက်ကာ မျက်နှာထား တင်းမာသွားသော်လည်းလက်ကို ပုတ်ပေးပြီး လေးနက်စွာ ပြောလိုက်သည်။

"နင် စိတ်မကောင်းဖြစ်နေတာ ငါ နားလည်ပါတယ်။ ဒါပေမဲ့ ကလေးကိုငါတို့ထပ်ဆွဲထားလို့မရတော့ဘူး။ သားအမိတော်စပ်ခဲ့ဖူးတာပဲ။ ကလေးကလည်း မိခင်အတွက် တာဝန်ကျေချင်မှာပါ။ တခြားလူကြောင့် ကလေးပျက်ကျသွားတယ်ဆိုရင် အရှင်မင်းကြီးက သားသမီးဆုံးရှုံးရတဲ့ နင့်ကို သနားပြီး ရာထူးတိုးပေးလိမ့်မယ်။ ကျိုဖင်အဆင့် ရောက်သွားရင် အခြေအနေ ပြောင်းလဲသွားပြီ။ နင်က ငယ်ပါသေးတယ်။ နောက်ထပ် မွေးနိုင်ပါသေးတယ်"

သူမ၏ စကားများကို နားထောင်ရင်း စုကျယ်ယွီ၏ မျက်ရည်များ တားမရဆီးမရ စီးကျလာသည်။ မျက်နှာလွှဲလိုက်ပြီး လက်ကိုင်ပဝါကို ကိုက်ကာ အသံတိတ် ငိုကြွေးလေသည်။

ယောင်ရှန်း မတ်တတ်ရပ်လိုက်ပြီး ပိုင်ချောင်ကို အမိန့်ပေးလိုက်သည်။

"မှတ်ထားပါ... စုကျယ်ယွီရဲ့ ကိုယ်ဝန် အခြေအနေ ကောင်းမွန်တယ်။ ဒီနေ့ သမားတော်ဟူ လာတာက ပုံမှန် ကျန်းမာရေး စစ်ဆေးဖို့ပဲ။ ခဏနေရင် မင်းတို့ သခင်မကို မျက်နှာသစ်ပေးလိုက်။ တခြားလူတွေ ရိပ်မိသွားမယ့် အနေအထား မဖြစ်စေနဲ့"

ပိုင်ချောင် သခင်မကို ကြည့်လိုက်ပြီး စိတ်မကောင်း ဖြစ်မိသည်။

သို့သော် ဒူးညွှတ်အရိုအသေပြုပြီး ခေါင်းညိတ်လိုက်ရသည်။

စုကျယ်ယွီ အတော်ကြာအောင် ငိုကြွေးပြီးမှ မောပန်းသွားပြီး အတွင်းခန်းဆောင်သို့ ဝင်ရောက် အနားယူလိုက်သည်။

နန်းတွင်းရေးရာဌာနက ပို့ပေးထားသော သလဲသီးပုံ (သားသမီးရတနာ ထွန်းကားခြင်း အထိမ်းအမှတ်) ထိုးထားသော ခြင်ထောင်ကို ကြည့်ပြီး စိတ်နာကျင်ရသည်။

သူမ ကလေးကို မကြာခင်ဆုံးရှုံးရတော့မည်။ သို့သော် ကျယ်လောင်စွာ ငိုကြွေးခွင့်ပင် မရှိပေ။

ထို့အပြင် သေဆုံးတော့မည့် ကလေးကို အသုံးချပြီး ကိုယ်ကျိုးရှာရဦးမည်။ အဆိုပါခံစားချက်သည် ကိုယ့်ကလေးကို ကိုယ်တိုင် သတ်ပစ်လိုက်သလိုပင်။

သို့သော် ဘာမှမကျန်ဘဲ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ယောင်ရှန်း ပြောသည့်အတိုင်း လုပ်ရတော့မည်။

.....

နောက်တစ်နေ့မှစ၍ သမားတော်ဟူသည် နေ့တိုင်း ဖေးဟုန်နန်းဆောင်သို့ သွားရောက်ပြီး စုကျယ်ယွီကို စစ်ဆေးပေးသည်။

အပြင်လူများကိုတော့ ကိုယ်ဝန်ဆောင် အော့အန်ခြင်း ဆိုးရွားပြီး အစာမစားနိုင်သဖြင့် သမားတော်က မကြာခဏ လာကြည့်ပေးရခြင်းဖြစ်ကြောင်း ပြောထားသည်။

နင်ချန် တစ်ခေါက် လာကြည့်သော်အခါတွင်လည်း စုကျယ်ယွီသည်မကြာခဏအော့အန်နေပြီး မျက်နှာမကောင်းသည်ကို တွေ့ခဲ့ရသည်။

သမားတော်ဟူကို မေးမြန်းရာမှကိုယ်ဝန်အခြေအနေ တည်ငြိမ်ကြောင်း ပြောသဖြင့် စိတ်ချသွားသည်။

ကလေးအများကြီး ရဖူးပြီဖြစ်၍ ကိုယ်ဝန်ဆောင်ချိန်တွင် အော့အန်တတ်

ခြင်းမှာ ပုံမှန်ဖြစ်ကြောင်း သူ သိထားလေသည်။

ကြီးကြီးမားမား ကိစ္စမဟုတ်သဖြင့် အခြားသမားတော်များကို ထပ်မံစစ်ဆေးခိုင်းခြင်း မပြုတော့ပေ။

သို့သော် ယဲ့ယွင်ထံ ရောက်လာသော သတင်းမှာ မတူညီပေ။

သမားတော်ရှန် လာရောက် စစ်ဆေးစဉ် ထူးခြားမှု တစ်ခုကို ပြောပြသည်။

"သမားတော်ဟူရဲ့ ဆေးပညာက ကောင်းမွန်ပါတယ်။ အထူးသဖြင့် အမျိုးသမီးရောဂါ ကုသရာမှာ နာမည်ကြီးပါတယ်။ ဒါပေမဲ့ သူ ဖေးဟုန်နန်းဆောင်ကို နှစ်ခေါက်သွားတုန်းက သူ့ဆေးသေတ္တာထဲမှာ တုကျုံး နဲ့ ဆူကန်တွေကို တွေ့လိုက်ရပါတယ်။ ဒီဆေးတွေက ကိုယ်ဝန်ဆောင်တွေ ခါးနာတာ သက်သာဖို့နဲ့ သွေးတိတ်ဖို့ သုံးတဲ့ဆေးတွေပါ။ အကြောင်းမဲ့ ယူသွားစရာ အကြောင်းမရှိပါဘူး။ ကျွန်တော်မျိုး ထင်တာကတော့ စုကျယ်ယွီရဲ့ ကိုယ်ဝန် အခြေအနေ မကောင်းဘူး ထင်ပါတယ်"

"ငါးလရှိနေပြီဖြစ်တဲ့ ကိုယ်ဝန်က သွေးဆင်းတယ်ဆိုတော့ ပျက်ကျမယ့် လက္ခဏာပဲ"

ယဲ့ယွင် မျက်မှောင်ကြုတ်လိုက်သည်။

သမားတော်ရှန် ခေါင်းခါလိုက်သည်။

"ကျွန်တော်မျိုး သေချာ မပြောနိုင်ပါဘူး။ ပြဿနာ မကြီးဘူးဆိုရင် ထိန်းထားလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ဒီကာလအတွင်း စုကျယ်ယွီရဲ့ ဗိုက်ထဲက ကလေးက အားနည်းနေပါတယ်"

ဆိုလိုသည်မှာ ဒီကာလအတွင်း စုကျယ်ယွီ ကိုယ်ဝန်ပျက်ကျရန် လွယ်ကူနေသည်။

"ကောင်းပြီ... ငါ သိပြီ။ ထူးခြားတာရှိရင် ချက်ချင်း လာပြောပါ"

ယဲ့ယွင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် တခြားကိစ္စ တစ်ခုကို သတိရသွားပြီး မေးလိုက်သည်။

"ငါ အဲ့ဒီ တားဆေးတွေ မသောက်တော့ဘူး။ သမားတော်ရှန် အမြင်အရ ငါ ဘယ်တော့လောက် ကိုယ်ဝန်ရနိုင်မလဲ"

"ရှိုးရုန်ရဲ့ ကျန်းမာရေးက ကောင်းမွန်နေပါတယ်။ ကိုယ်ဝန်ရဖို့ လွယ်ကူတဲ့ အနေအထားပါ။ ဒါပေမဲ့ ကလေးရတာက ကံတရားပါပဲ။ ကျွန်တော်မျိုး အာမ မခံရဲပါဘူး"

သမားတော်ရှန် လက်နှစ်ဖက် ယှက်ပြီး ဖြေလိုက်သည်။ ဒီလိုကိစ္စမျိုးကို အာမခံလို့ မရပေ။

ယဲ့ယွင်ကလည်း သတိရတုန်း မေးကြည့်လိုက်ခြင်းသာ ဖြစ်သည်။

သူမ ကျန်းမာရေး ကောင်းမွန်နေလျှင် အဆင်ပြေပြီဖြစ်သည်။

မူလက ဖေးဟုန်နန်းဆောင်ကိစ္စကို စောင့်ကြည့်နေရုံသာ ရှိသော်လည်း နောက်တစ်နေ့ ကျန်းပေါင်လင် ပေးပို့လိုက်သော သတင်းကြောင့် ယဲ့ယွင် ပိုမို သေချာသွားသည်။

နန်ကျစ်မှတစ်ဆင့် သတင်းရောက်လာခြင်း ဖြစ်သည်။

ကျန်းပေါင်လင်၏ အစေခံ ဖေးချွေသည် ဖေးဟုန်နန်းဆောင်မှ သန့်ရှင်းရေး အစေခံမလေးနှင့် စကားပြောရင်း သတင်းရခဲ့သည်။ စုကျယ်ယွီက သဘောထား သေးသိမ်လွန်းပြီး သူမသောက်မည့် ဆေးများကို ပိုင်ချောင်တစ်ယောက်တည်းကိုသာ ကျိုခိုင်းကြောင်း၊ ဆေးဖတ်များကိုလည်း ပိုင်ချောင်ကိုယ်တိုင် စွန့်ပစ်ကြောင်း ပြောပြသည်။

ဖေးဟုန်နန်းဆောင်ရှိ လူများသည် သူမကို လုပ်ကြံမည်ဟု ထင်မှတ်နေသကဲ့သို့ ဖြစ်နေပြီး အစေခံများ စိတ်ပျက်နေကြသည်။

ပုံမှန်အချိန်ဆိုလျှင် စုကျယ်ယွီက လူရွေးပြီး ခိုင်းတတ်သည်ဟု ထင်မှတ်စရာ ရှိသော်လည်း မနေ့က သမားတော်ရှန် ပြောပြချက်နှင့် တွဲစပ်ကြည့်လိုက်လျှင် မရိုးသားကြောင်း သိသာနေသည်။

ဆေးဖတ်များအထိ ကိုယ်တိုင် စွန့်ပစ်လောက်အောင် သတိထားနေခြင်းသည် လွန်ကဲနေသည်။

သူမသောက်နေသော ဆေးများတွင် တစ်ခုခု မှားယွင်းနေပြီး သူများသိသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်ရမည်။

"အမိန့်ထုတ်လိုက်။ ဒီနေ့ကစပြီး ယွီရှို့အဆောင်က လူတွေအားလုံး ဖေးဟုန်နန်းဆောင်နဲ့ ဝေ့ရွယ်ဆောင်က လူတွေနဲ့ လုံးဝ အဆက်အသွယ် မလုပ်ရဘူး။ သတိထားတာ မမှားပါဘူး"

ယဲ့ယွင် ချက်ချင်း အမိန့်ထုတ်လိုက်သည်။

ဒီအချိန်မှာ စုကျယ်ယွီရဲ့ ဗိုက်က ပြဿနာတက်ရင် တစ်ယောက်ယောက်နဲ့ ပတ်သက်နေတယ်ဆိုရင် အဲ့ဒီလူ ဒုက္ခရောက်မှာ သေချာတယ်။

သူမတွင်ပါဝင်ပတ်သက်ချင်စိတ် မရှိပေ။

ကံကောင်းသည်မှာ ဒီကာလအတွင်း မိဖုရားခေါင်ကြီး ဒဏ်ရာရနေသဖြင့် ဂါရဝပြုပွဲ သွားစရာ မလိုပေ။ အပြင်မထွက်သရွေ့ စုကျယ်ယွီနှင့် ဆုံစရာ မရှိသဖြင့် စိတ်ချရသည်။

***

All Chapters