← Chapters

ချိန်ဟဲ့ထျန်

Vol. 10 Ch. 901

ချိန်ဟဲ့ထျန်

Vol. 10 Ch. 901

" ငါ မြေရိုင်းဒေသမှာ ရှိခဲ့တဲ့တစ်လျှောက်လုံး လက်တုံ့ပြန်မယ်လို့ ကျိန်ဆိုထားခဲ့တာ "

ပိုင်ရှောင်ချန်းက စိတ်ပိုင်းဖြတ်လိုက်သည်တွင် သူ့မျက်နှာပေါ်၌ ဂုဏ်ယူသော အမူအရာတစ်ခု ပေါ်လာတော့သည်။ သူ မဟာတံတိုင်းမှာရှိစဥ်က ချိန်ဟဲ့ထျန်သည် ယုတ်မာကောက်ကျစ်စွာ ပြုမူခဲ့၏။ သူ မည်မျှအရေးပါသည်ကို လုံးဝမျက်ကွယ်ပြု၍ ထိုဝင်္ကပါကြီးထဲ ပို့လွှတ်ခဲ့သည်။ ထို့ပြင် ထိုသည်က ချိန်ဟဲ့ထျန်၏နိုင်လိုမင်းထက် ပြုမူခြင်း အဆုံးသတ် မဟုတ်သေးပေ။ ထို့နောက် သူက အဏ္ဏဝါခေါ်သံဂိုဏ်းကို ဖိနှိပ်ချုပ်ချယ်ရန် ဆက်လက်လုပ်ဆောင်ခဲ့သည်။

" ဟမ့်၊ ကောင်းပြီလေ။ ချိန်ဟဲ့ထျန်၊ ကျုပ်က လက်တုံ့ပြန်ဖို့လုပ်တာမဟုတ်ဘူးနော်။ ခင်ဗျားကြီးကသာ သည်းမခံနိုင်လောက်အောင် ကောက်ကျစ်ယုတ်မာခဲ့တာ။ ကျုပ် ဆုံးဖြတ်ပြီးပြီ။ ဘယ်သူက ကျုပ်ကို စိတ်ညစ်အောင်လာလုပ်နေပါစေ၊ ကျုပ်ဒေါသတွေ ခင်ဗျားအပေါ် ပုံချပစ်မယ် "

သူက အင်္ကျီလက်စကို ခါရမ်း၍ ယခုအခါ သူက မည်မျှအရေးပါသောလူဖြစ်ကြောင်း တွေးတောကာ အရသာခံနေတော့သည်။

" ငါ ဖက်တီးကျန်းကြီးကို မရှာတွေ့နိုင်ဘူးဆိုတော့ ချိန်ဟဲ့ထျန်အပေါ် အပြစ်ပုံချပစ်ရတာပေါ့ "

" တစ်ယောက်ယောက်က အဏ္ဏဝါခေါ်သံဂိုဏ်းကို မကောင်းကြံဖို့ စဥ်းစားရင် ချိန်ဟဲ့ထျန်အပေါ် အပြစ်ပုံချမယ် "

" တစ်ယောက်ယောက်က ငါ့ကို ဘုကြည့်ကြည့်ရင် ချိန်ဟဲ့ထျန်အပေါ် အပြစ်ပုံချမယ် "

" တစ်ယောက်ယောက်က ငါ့ကို မကောင်းကြံရင် ချိန်ဟဲ့ထျန်ကို အပြစ်ပုံချမယ် "

ပိုင်ရှောင်ချန်းသည် သူက ဩချရလောက်သည့် လူတစ်ယောက်ဖြစ်၍ မည်သူမျှ ထိုကိစ္စရပ်တစ်ခုလုံးကို စဥ်းစားတွေးတောနိုင်မည် မဟုတ်ကြောင်း အခိုင်အမာ ယုံကြည်နေတော့သည်။

အထူးသဖြင့် သူသာ ထိုသို့လုပ်ဆောင်လိုက်ပါက ချိန်ဟဲ့ထျန် မည်မျှရူးမတတ် ဖြစ်သွားမည်ကို တွေးတောမိသောအခါတွင် ဖြစ်ပေသည်။ သူက စိတ်လှုပ်ရှားစွာဖြင့် တီးတိုးရယ်မောလိုက်သည်။

သူသည် ချိန်ဟဲ့ထျန်အား မသတ်နိုင်သော်လည်း တစ်ယောက်ယောက်ပြဿနာရှာလျှင် သူ့ဒေါသများကို ချိန်ဟဲ့ထျန်အပေါ်ပုံချမည့်အကြံက ထိုလူကို ရူးသွပ်လုမတတ် ဖြစ်သွားစေလိမ့်မည်။

ချိန်ဟဲ့ထျန်သည် အလယ်ပိုင်းနတ်အဆင့်တွင် ဖြစ်သော်လည်း အတိုက်အခိုက်စွမ်းရည်အရ ပိုင်ရှောင်ချန်းနှင့် လုံးဝမယှဥ်နိုင်ပေ။ ပိုင်ရှောင်ချန်းက နတ်အဆင့်ကျင့်ကြံသူငါးယောက်အနက် နှစ်ယောက်ကို သတ်ပြီး သုံးယောက်ကိုဒဏ်ရာအပြင်းအထန်ရသွားစေသည်အထိ တိုက်ခိုက်ခဲ့သည့်အချက်က ချိန်ဟဲ့ထျန်အား ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့သွားစေသည်။

ထိုသို့သာ မဟုတ်ပါက အဏ္ဏဝါခေါ်သံဂိုဏ်းမှ ပြန်လာပြီးနောက်တွင် သူ တံခါးပိတ်ကျင့်ကြံမည်မဟုတ်ပေ။ ပိုင်ကျိမ်းထျန်နှင့် လီရှမ်းတောက်တို့သည်လည်း ထိုနည်းတူပင်။

သို့ရာတွင် ချိန်ဟဲ့ထျန်မှာ ပိုင်ရှောင်ချန်း၏လှုပ်ရှားပုံနှင့်ပတ်သက်၍ သဲသဲကွဲကွဲ နားမလည်သေးပေ။ သူ၏အဆိုးဝါးဆုံးသော အိပ်မက်ထဲမှာပင် သူပုန်းနေသည့်တိုင် ပိုင်ရှောင်ချန်းက ပြဿနာလာရှာသည်ဟု တစ်ခါမှ ထည့်မက်ဖူးလိမ့်မည် မဟုတ်ချေ။

ပိုင်ရှောင်ချန်းက အင်္ကျီလက်စကို ခါ၍ သက်တန့်ကိုဖြတ်ကာ ချိန်ဟဲ့ထျန်၏နေအိမ်ထံ သွားလိုက်သည်။

ချိန်ဟဲ့ထျန်မှာ အပြာရောင်သက်တန့်ဒေသ၏ တောင်ဘက်အရပ်၌ ကြီးမားကျယ်ပြောပြီး ခမ်းနားကြီးကျယ်သော ခြံဝင်းကြီးတစ်ခုရှိသည်။ သူသည် တစ်ယောက်တည်းနေခြင်းမဟုတ်ဘဲ ခြံဝင်းထဲ၌ သူနှင့်အတူနေထိုင်သော မျိုးနွယ်စုဝင်အနည်းငယ်ရှိသည်။

နတ်အဆင့်ကျင့်ကြံသူများအားလုံး ထိုကဲ့သို့ နေထိုင်ကြလေသည်။

ရှည်လျားကျယ်ပြောသော ခြံဝင်းကြီး၏ အလယ်တည့်တည့်တွင် ရွှေငါးတစ်အုပ်နားခိုနေသည့် သတင်းကျောက်တမျှ ကြည်လင်သန့်ရှင်းသော ရေကန်တစ်ကန်ရှိလေသည်။ အမှန်တွင် ရေကန်သည် ရင်သပ်ရှူမောဖွယ်ရာဖြစ်သော သက်တန့်ဒေသ၏ အစိတ်အပိုင်း ဖြစ်ပေသည်။

ရေကန်ဘေးတွင် ရိုးရှင်းသော သာမန်သစ်လုံးအိမ်လေးတစ်လုံးရှိ၏။ ၄င်းသည်ကား ချိန်ဟဲ့ထျန်၏ မြင့်မြတ်သောသုခရိပ်မြုံ ဖြစ်ပေသည်။ မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးနှင့် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်၍ ထိုနေရာတွင် ချိန်ဟဲ့ထျန် နေထိုင်သည်မှာ သဘာဝကျပေသည်။

ပိုင်ရှောင်ချန်းက လေဟုန်ခွင်း၍ လာနေသည့်အတွက် ထစ်ခြုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး အပေါ်ထပ်ရှိ တိမ်စိုင်များ တလိပ်လိပ်ထလာတော့သည်။ သူ့ထံမှ လှိုင်းဂယက်ထခြင်းများ အရပ်မျက်နှာတိုင်းသို့ ပျံနှံ့သွား၏။

၄င်းက ချက်ချင်းပင် ဂိုဏ်းသားများစွာအား စိတ်ဝင်စားသွားစေသည်။ ထိုမျှသာမက ရှင်းကုံကျစ်တာအိုဂိုဏ်း ထိပ်တန်းကြယ်ပွင့်စမ်းသပ်ပွဲများ ကျင်းပရာနေရာနှင့် အနီးဆုံးဖြစ်သောကြောင့် လူအများအပြားက လှမ်းကြည့်လာကြသည်။

" ဘာသံလဲ "

" ခေါင်းဆောင်ကြီးပိုင်ပါလား "

ချိန်မျိုးနွယ်စုခြံဝင်းအတွင်းမှ ကျင့်ကြံသူများမှာ မိုးခြိမ်းသံတမျှကျယ်လောင်သော ဟိန်းဟောက်သံကြီးအား သတိထားမိလိုက်သည့်အခါ လွန်စွာထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့ လှမ်းကြည့်လိုက်ရာတွင် သူတို့ဆီသို့ မယုံကြည်နိုင်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် တဟုန်ထိုးပြေးဝင်လာနေသော ကြယ်ပျံကြီးတစ်စင်းကဲ့သို့ အရာတစ်ခုအား မြင်လိုက်ရကြသည်။ တခဏကြာသော် ၄င်းက သူတို့အပေါ်ထက်ရှိ လေထဲသို့ ရောက်ရှိလာလေသည်။

ချက်ချင်းပင် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ဖိအားက ကောင်းကင်ဘုံ၏ စိတ်ဆန္ဒအလား အရပ်မျက်နှာတစ်ခွင် ကျရောက်လာသည့်အတွက် အောက်ဖက်ရှိ ကျင့်ကြံသူများအားလုံး၏ ကျင့်ကြံခြင်းအခြေခံများ ပရမ်းပတာဖြစ်သွားတော့သည်။

ကောင်းကင်ယံရှိ လူသည် တည်ကြည်ဖြောင့်မတ်ကာ မာနကြီးဟန်တူပြီး လက်နှစ်ဖက်ကို နောက်သို့ ပစ်ထားလေသည်။ သူက တစ်မိုးအောက်တွင် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက်အလား မေးကို ပင့်ထား၏။ သူသည်ကား ပိုင်ရှောင်ချန်းကလွဲ၍ တခြားမဟုတ်ပေ။

လူပေါင်းများစွာ သူ့ကို အာရုံစိုက်နေကြသည့် အချက်က ပိုင်ရှောင်ချန်းအား လွန်စွာ ကျေနပ်သွားစေတော့သည်။ သူက အသံကိုမြှင့်၍ ဆိုလိုက်၏။

" ချိန်ဟဲ့ထျန်၊ အဲဒီနေရာကနေ အခုချက်ချင်းထွက်လာပြီး ကိုယ်တော်ပိုင်ကို ဂါဝရပြုစမ်း "

သူက မိုးကောင်းကင်၊ ကမ္ဘာမြေကြီးတို့နှင့် ရည်ရွယ်ချက်ရှိရှိ ပေါင်းစပ်လိုက်ရာ ကောင်းကင်စိတ်ဆန္ဒကို ကျော်လွန်သွားပြီး သူ့အသံက အလွန်တရာ ကျယ်လောင်နေတော့သည်။ တိုက်ခိုက်လိုက်သည့်အလား တုန်ခါလှိုင်းတစ်ခုေကြာင့် ချိန်မျိုးနွယ်စုကျင့်ကြံသူများ၏ မျက်နှာများပျက်သွားပြီး နောက်ဆုတ်သွားသည်။

ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်စမ်းသပ်ပွဲရှိ ဂိုဏ်းသားများပင် သူ့အသံကို ကြားလိုက်ကြပြီး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

" အကြီးအကဲပိုင်က အကြီးအကဲချိန်ကို ပြဿနာသွားရှာတာလား "

" အကြီးအကဲပိုင်ရဲ့ အသံနေအသံထားအရ တိုက်ခိုက်ချင်နေပုံပဲကွ "

ရှင်းကုံကျစ်တာအိုဂိုဏ်းရှိ ကျင့်ကြံသူများမှာ သူတို့မြင်နေရသည်အား မယုံကြည်နိုင်အောင် ဖြစ်နေကြပြီး အများစုက အနီးကပ် ကြည့်ရှုရန်မျှော်လင့်၍ ပျံတက်လာကြသည်။ နတ်အဆင့်ကျင့်ကြံသူများကြားရှိ ပဋိပက္ခများက တစ်ခါမှ မကြားဖူးသည်မဟုတ်သော်လည်း ဖြစ်တောင့်ဖြစ်ခဲပင်။

ပိုင်ရှောင်ချန်း၏ အသံပဲ့တင်ထပ်လာစဥ် ချိန်ဟဲ့ထျန်သည် သစ်လုံးအိမ်ထဲတွင် တင်ပျဥ်ခွေထိုင်နေလေသည်။ ရုတ်တရက် သူ့မျက်လုံးများ ဖျတ်ခနဲပွင့်သွားပြီး သူ့မျက်နှာပေါ်တွင် ဒေါသထွက်သွားသော အရိပ်အယောင် ပေါ်ပေါက်လာ၏။

အဏ္ဏဝါခေါ်သံဂိုဏ်းမှ အဖြစ်အပျက်များမတိုင်ခင်က တစ်ယောက်ယောက်သာ ယခုကဲ့သို့ ပြုမူလာခဲ့လျှင် သူသည် အေးစက်စက်နှာမှုတ်၍ ဝုန်းခနဲထထွက်ကာ ရန်ရှာသူအား ချက်ချင်းသတ်ပစ်မည်ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်း၏ ကြောက်ခမန်းလိလိ အတိုက်အခိုက်စွမ်းရည်ကြောင့် သူတို့နှစ်ယောက်က တစ်ဆင့်တည်းမဟုတ်ကြောင်း သူသိထားေပသည်။

သို့သော် ချိန်ဟဲ့ထျန် တိတ်ဆိတ်နေသည့်အချက်က ပိုင်ရှောင်ချန်းအား ပို၍စိတ်တိုသွားစေသည်။ သူက နောက်တစ်ကြိမ် အသံမြှင့်ပြီး အော်ပြောလိုက်သည်။

" ဘာဖြစ်နေတာတုံး ချိန်ဟဲ့ထျန်။ ခင်ဗျားကလဲ နတ်အဆင့်ကျင့်ကြံသူ။ ကျုပ်ကလဲ နတ်အဆင့်ကျင့်ကြံသူ။ အခု ကျုပ် ဒီမှာ ခင်ဗျားရဲ့တံခါးရှေ့ကိုရောက်နေတယ်။ ခင်ဗျားက ထွက်လာပြီး နှုတ်မဆက်ဘူးေပါ့။ တော်တော်မောက်မာလှည်ချည်လား "

ထို့နောက် ပိုင်ရှောင်ချန်းက ဒေါကြီးမောကြီး ရှေ့တက်လိုက်ပြီး ချိန်ဟဲ့ထျန်၏ ခြံဝန်းကြီးထဲဝင်ရောက်ကာ သစ်လုံးအိမ်ထံ ဦးတည်လိုက်သည်။

အခြားသော ချိန်မျိုးနွယ်စုကျင့်ကြံသူများမှာ ကြောက်ဒူးတုန်နေကြ၍ ဝင်မစွက်ဖက်ရဲကြပေ။

တခဏအတွင်း ပိုင်ရှောင်ချန်းက မယုံကြည်နိုင်စရာကောင်းသော အမြန်နှုန်းဖြင့် သစ်လုံးအိမ်ထံ ချဥ်းကပ်သွားလေသည်။ ရေကန်၏ မျက်နှာပြင်တစ်လျှောက်မှာပင် လှိူင်းကြက်ခွပ်များ ထသွားပြီး ရွှေငါးလေးများ ကြောက်လန့်တုန်ရီသွားကြလေ၏။

ထိုအချိန်တွင် ချိန်ဟဲ့ထျန်မှာ ဒေါသကို မချုပ်တည်းထားနိုင်တော့ပဲ ဝုန်းခနဲလှုပ်ရှားလိုက်ပြီး လေပေါ်ပျံတက်ကာ လေကိုဝှေ့ရမ်း၍ ပိုင်ရှောင်ချန်းထံသို့ လေပြင်းတစ်ချက် ပစ်လွှတ်လိုက်သည်။

" ဘာလုပ်တာတုံး ပိုင်ရှောင်ချန်း "

တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းက လက်သီးတစ်လုံးပစ်သွင်း၍ လေကို ရိုက်ချပစ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်သံ အရပ်မျက်နှာတစ်ခွင်လုံး မြည်ဟည်းသွားတော့သည်။

ချိန်ဟဲ့ထျန်မှာ အင့်ခနဲအော်လိုက်ရပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားသည်။ သို့သော် ပိုင်ရှောင်ချန်း၏ အမူအရာ တစ်ချက်လေးပင် ပြောင်းမသွားပေ။ သူ၏ အပြင်ခန္ဓာကိုယ်မှာ လွန်စွာ အစွမ်းထက်လှသည်ဖြစ်၍ သူ့ကိုယ်သူကာကွယ်ရန်ပင် မလိုအပ်သည့်ဟန်တူသည်။ ထို့နောက် သူက ရှေ့ဆက်တိုးလာပြီး နောက်ထပ်တိုက်ခိုက်ရန် ပြင်လိုက်သည်။

" ကျုပ် ဘာလုပ်နေတာတုံး၊ ဟုတ်လား။ ဒါက ခင်ဗျားဘာသာ စီစဥ်ထားတဲ့ကိစ္စပဲ။ ခင်ဗျားလုပ်တာ ခင်ဗျားပဲ သေချာသိမှာပေါ့ "

မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ချိန်ဟဲ့ထျန်၏ရှေ့တည့်တည့်သို့ ရောက်လာတော့သည်။

ချိန်ဟဲ့ထျန်၏မျက်နှာထက်တွင် တင်းမာခက်ထန်မှူများ ဖုံးလွှမ်းသွားပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်ကာ ပိုင်ရှောင်ချန်းထံ နောက်ထပ်တိုက်ကွက်တစ်ခု ထုတ်လွှတ်လိုက်သည်။ ဝုန်းခနဲ မြည်ဟည်းသံ ထွက်ပေါ်လာပြီး ချိန်ဟဲ့ထျန်မှာ နောက်သို့ ဝေးဝေးရောက်သွားပြန်သည်။ သို့သော် ပိုင်ရှောင်ချန်းကား တစ်စက်လေးပင် အရှိန်လျော့မသွားချေ။

ပိုင်ရှောင်ချန်း၏လုပ်ဆောင်မှုကြောင့် ချိန်ဟဲ့ထျန်မှာ ရင်ထဲတွင် ခါးခါးသီးသီး ညည်းညူနေတော့သည်။ သူ၏ဒေါသများက ဆက်လက်တောက်လောင်လာသည့်တိုင် သူက သည်းခံနေသေးသည်။ သူက နောက်ဆုတ်၍ ပြောလိုက်၏။

" နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးက အဏ္ဏဝါခေါ်သံဂိုဏ်းနဲ့ ပတ်သက်လို့ အမိန့်ထုတ်ပြီးပြီလေ ပိုင်ရှောင်ချန်း။ မင်း ရှင်းမြစ်ခေါင်းဆောင်ကြီးနဲ့ တာအိုမြစ်ခေါင်းဆောင်ကြီးကိုလဲ သတ်ခဲ့ပြီးပြီပဲ။ ဘာအတွက် ဒီလိုလုပ်နေတာတုန်း။ မဟာတံတိုင်းက ကိစ္စက နားလည်မှုလွဲတာလေ "

" အဏ္ဏဝါခေါ်သံဂိုဏ်းနဲ့လဲ မဆိုင်ဘူး။ မဟာတံတိုင်းနဲ့လဲ မဆိုင်ဘူး ချိန်ဟဲ့ထျန်။ ရူးသလို လုပ်မနေနဲ့ "

ပိုင်ရှောင်ချန်းက ဒေါသအမျက်ချောင်းချောင်းထွက်လျက် ထာဝရပြုစားခြင်းသိုင်းကို သုံးကာ ချိန်ဟဲ့ထျန်ဆီသို့ တဟုန်ထိုး သွားလိုက်သည်။ သူက ညာလက်ဖြင့်မန္တန်လက်ကွက်တစ်ကွက်ဖော်၍ ဝှေ့ယမ်းလိုက်ရာ အေးစိမ့်ချီများ ဝုန်းခနဲ ထွက်ပေါ်လာပြီး အေးစိမ့်အရိပ်ကိုးသွယ် ဖြစ်တည်လာသည်။ အရိပ်များက ချိန်ဟဲ့ထျန်၏ပတ်ပတ်လည်ကို ချက်ချင်း ဝိုင်းလိုက်ကြ၏။

ချိန်ဟဲ့ထျန် မျက်နှာပျက်သွားတော့သည်။ သူက လက်ကို ကပျာကယာဝှေ့ယမ်းလိုက်ရာ အနက်ရောင်ဒိုင်းအလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး အေးစိမ့်အရိပ်ကိုးသွယ်အား ခုခံလိုက်သည်။ သူက နောက်တဖန် နောက်သို့ဆုတ်ခွာလိုက်ရပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။

" မင်း တကယ် ဘာလုပ်နေတာတုံး ပိုင်ရှောင်ချန်း။ ငါ ရူးသလိုလုပ်နေတာမဟုတ်ဘူး။ မင်းဘာသာ ရှင်းပြစမ်းပါ "

ချိန်ဟဲ့ထျန်၏ အသံက သူ့ထက်ကျယ်လောင်နေကြောင်း ပိုင်ရှောင်ချန်း သတိထားမိသောအခါ လွန်စွာ မကျေမနပ်ဖြစ်သွားတော့သည်။ သူက ယခင်ထက်ပို၍ပင် ကျယ်သော လေသံဖြင့် အော်လိုက်သည်။

" အခုကိစ္စမှာ ခင်ဗျားက တရားခံလေ။ ကျုပ်ကို ရှင်းပြစေချင်နေတာလား။ ကျုပ် အဖြေမရမချင်း လုံးဝထွက်သွားမှာမဟုတ်ဘူးနော် ချိန်ဟဲ့ထျန် "

" မ..မ..မင်းး.....မင်းးး "

ထိုအချိန်တွင် ချိန်ဟဲ့ထျန်မှာ လုံးဝပေါက်ကွဲသွားတော့သည်။ ပိုင်ရှောင်ချန်းက အဏ္ဏဝါခေါ်သံဂိုဏ်းအတွက် လာခြင်းမဟုတ်ကြောင်း သူပြောနိုင်သည့်တိုင် မည်သည့်အရာဖြစ်လောက်မည်ကို သူ စဥ်းစား၍ မရပေ။ ရှင်းကုံကျစ်တာအိုဂိုဏ်းကို ပြန်ရောက်ပြီးကတည်းက သူ တံခါးပိတ်ကျင့်ကြံခဲ့ပြီး ပိုင်ရှောင်ချန်းကို ထိပင်မထိခဲ့ပေ။ ထို့ကြောင့် ပိုင်ရှောင်ချန်းက သူ့အား "တရားခံ" ဟုခေါ်သောအခါ သူ၏ဒေါသများ ပို၍ ဆူပွက်လာတော့သည်။

ယင်းကား ထူးဆန်းသော ခံစားချက်ကြီးတစ်ခုပင်။ ချိန်ဟဲ့ထျန်သည် အခြားသူများအား အနိုင်ကျင့်လေ့ရှိသော်လည်း ယခုတွင် သူက အနိုင်ကျင့်ခံရသည့်လူဖြစ်နေသည်။

" ပိုင်ရှောင်ချန်း "

သူက ပေါက်ကွဲတော့သည်။

" ဒါ သက်သက်ယုတ်မာတာ "

သို့သော်လည်း သူက ပိုင်ရှောင်ချန်းအား မည်သို့ရန်စခဲ့မိသည်ကို မတွေးတတ်အောင် ဖြစ်နေတော့သည်။

All Chapters