← Chapters

အဲဒါ ငါ မဟုတ်ဘူးကွ၊ ငါ....

Vol. 10 Ch. 902

အဲဒါ ငါ မဟုတ်ဘူးကွ၊ ငါ....

Vol. 10 Ch. 902

" ဒါသက်သက်ယုတ်မာတာ၊ ဟုတ်လား ချိန်ဟဲ့ထျန်။ ခင်ဗျား အတင့်ရဲလှပါလား "

ပိုင်ရှောင်ချန်းသည် လက်မလျှော့လိုသည့် အသံဖြင့် အော်ဟစ်လိုက်သည်။ သူတို့နှစ်ယောက် အပြန်အလှန် တိုက်ခိုက်နေကြသဖြင့် တအုန်းအုန်းမြည်ဟည်းသံများ အဆက်မပြတ် ပေါ်ထွက်လာကြသည်။

ထိုအချင်းအရာများကြောင့် ချိန်မျိုးနွယ်စုမှ လူတိုင်းမှာ အလွန်အမင်း တုန်လှုပ်နေကြပြီး အခြားနေရာများမှ စောင့်ကြည့်နေကြသည့် ကျင့်ကြံသူများမှာလည်း သူတို့နည်းတူ အံ့အားသင့်နေကြသည်။

အပြာရောင်သက်တန့်ပေါ်ရှိ နတ်အဆင့်ကျင့်ကြံသူ လေးယောက်ပင် သူတို့၏ နတ်ဘုရားအာရုံများကို စေလွှတ်၍ ထိုမြင်ကွင်းကို ကြည့်ရှုနေကြ၏။ သို့သော် သံမဏိသွေးကြော ခေါင်းဆောင်ကြီးနှင့် ပိုင်ကျိမ်းထျန်တို့မှာ ဝင်ရောက် စွက်ဖက်ခြင်းမရှိပေ။

ပိုင်ရှောင်ချန်းကြောင့် ချိန်ဟဲ့ထျန် အလွန်အမင်းအရေးနိမ့်နေရသည့် ဖြစ်ရပ်ကြောင့် လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့နှစ်ယောက်စလုံးမှာ အလွန်အမင်း အံ့အားသင့်နေကြရသည်။ ထို့အပြင် အဏ္ဏဝါခေါ်သံဂိုဏ်းတွင် သူတို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည့် အရာအားလုံးကြောင့် သူတို့နှစ်ယောက်စလုံးမှာ ပိုင်ရှောင်ချန်းအကြောင်း ကောင်းကောင်းသိနေကြပြီ ဖြစ်သဖြင့် ဤကိစ္စထဲသို့ ဝင်ရောက်ပတ်သက်လိုစိတ် မရှိကြပေ။

" ဒါ ငါတို့နဲ့ မဆိုင်ဘူးနော် "

" တာအိုရောင်းရင်းချိန်က ဘာတွေများတွေးနေတာတုံး။ အခုက ပိုင်ရှောင်းချန်း ဘာလုပ်လုပ်တင့်တယ်နေတဲ့ အချိန်လေ။ သူ့ကိုဘာလို့ ပြဿနာသွားရှာနေရတာတုံး "

" ထားပါ။ ပိုင်ရှောင်ချန်းကို ဒေါသထွက်အောင်လုပ်တာ သူဆိုတော့ ဒီပြဿနာကိုလည်း သူ့ဘာသာ ရှင်းလိမ့်မယ် "

ပိုင်ကျိမ်းထျန်နှင့် လီရှမ်းတောက်တို့ နှစ်ယောက်မှာ အနည်းငယ်ဆွေးနွေးလိုက်ကြပြီးနောက် ယခုဖြစ်ရပ်မှာ ချိန်ဟဲ့ထျန်၏ တုံးအမှုကြောင့်သာဖြစ်ကြောင်း လက်ခံလိုက်ကြသည်။

ချိန်ဟဲ့ထျန်မှာမူ ရူးသွပ်လုမတတ် ဖြစ်နေ၏။ သူ့အား ပိုင်ရှောင်ချန်း တိုက်ခိုက်နေရသည့် အကြောင်းအရင်းကို သူ သိထားပါက ယခုအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ဦးမည် ဖြစ်သည်။ သို့သော် ယခုဖြစ်ရပ်ကို သူလုံးဝ နားမလည်နိုင်လောက်အောင် ဖြစ်နေရသည်။ ထို့အပြင် ပို၍ဆိုးသည်မှာ သူ ပိုင်ရှောင်ချန်းအား ရှင်းပြခိုင်းသည့်အချိန်တိုင်းတွင် ပိုင်ရှောင်ချန်းသည် ထေ့ငေါ့သည့် အမူအရာဖြင့် သူသိပြီးသား ဖြစ်ကြောင်းဟုသာ ပြန်၍ဖြေနေသည်လည်း ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ နောက်ထပ် စွမ်းအားကြီးတိုက်ကွက်တစ်ခု ထုတ်ဖော်ရန် နောက်သို့စက်ဝိုင်းပုံစံဖြင့် ဆုတ်ခွာသွားချိန်တွင် ချိန်ဟဲ့ထျန်မှာ အံကြိတ်၍ နောက်သို့ ဆုတ်ခွာသွားပြီး အော်ဟစ်ကာ မေးမြန်းလိုက်တော့သည်။

“ ငါ့မျိုးနွယ်စုက တစ်ယောက်ယောက်က မင်းကို စော်ကားခဲ့လို့လား။ အဲဒါကြောင့်လား။ အဲဒါဆိုလည်း ငါနဲ့မဆိုင်ဘူးလေ "

" ခင်ဗျားမျိုးနွယ်စုက လူတစ်ယောက် ဟုတ်လား "

ပိုင်ရှောင်ချန်းက ပြန်၍အော်ပြောလိုက်သည်။

" ဟုတ်မနေဘူးကွ။ ခင်ဗျားကြောင့်ပဲ ချိန်ဟဲ့ထျန်။ အခုထိ ဘာမှမသိချင်ယောင်ဆောင်နေတုံးပဲလား။ ဘာလဲ ကျုပ်ကို သုံးနှစ်သားကလေးတစ်ယောက်လို့ ထင်နေတာလား "

ချိန်ဟဲ့ထျန်မှာ ဒေါသထွက်လွန်းလှသဖြင့် အော်ဟစ်ပစ်ချင်စိတ်များ ပေါ်လာတော့သည်။ ပိုင်ရှောင်ချန်းနှင့် ညှိနှိုင်းစကားပြောဆိုရန်မှာ လုံးဝမဖြစ်နိုင်သည့်ပုံ ပေါ်နေပြီး သူမည်မျှပင် ဦးနှောက်ကို အိတ်သွန်ဖာမှောက် လှန်လှော စဥ်းစားစေကာမူ ထိုသို့ရူးသွပ်နေသည့် တုံ့ပြန်မှုတစ်ခု ထွက်လာစေသည့် မည်သို့သောကိစ္စရပ်တစ်ခုကို သူ လုပ်ခဲ့မိမှန်း မသိနိုင်လောက်အောင် ဖြစ်နေရသည်။

ချိန်ဟဲ့ထျန်မှာ အရုပ်ဆိုးသော အမူအရာဖြင့် နောက်သို့ထပ်၍ ဆုတ်ခွာသွားတော့သည်။ ပိုင်ရှောင်ချန်းမှာ လွန်စွာသန်မာလှပြီး သူ၏တိုက်ကွက်များကို ခုခံရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ချိန်ဟဲ့ထျန်မှာ သူ့အား မည်သည့်နည်းနှင့်မှ ရင်မဆိုင်နိုင်ပေ။

ထိုအချိန်တွင် အတန်ငယ်ကွာဝေးသော နေရာတစ်ခုမှ အလောတကော အော်ဟစ်လိုက်သည့် အသံတစ်သံပေါ်ထွက်လာသည်။

" တော်တော့ ရှောင်ချန်း "

လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက် ပါရှိသော အလင်းတန်းတစ်တန်းက သူ့ဆီသို့ချဥ်းကပ်လာသည်။ သူတို့မှာ ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်တို့ပင်ဖြစ်သည်။

ချိန်ယွဲ့ရှန်မှာ လွန်စွာ စိုးရိမ်ထိတ်လန့်နေဟန်တူပြီး ဇောင်ထျန်ကျောက်၏ မျက်နှာပေါ်တွင်မူ အနည်းငယ် တွန့်ဆုတ်နေသည့် အမူအရာတစ်ခုကိုမြင်နိုင်သည်။ ပိုင်ရှောင်ချန်းမှာ ချိန်ဟဲ့ထျန်ကိုသွားရှာကြောင်း သူတို့ကြားသိလိုက်ရသည်နှင့် အပြေးလာခဲ့ခြင်း ဖြစ်သည်။ သူတို့အနေဖြင့် ထိုသို့ရောက်လာရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ တစ်ဖက်တွင် ပိုင်ရှောင်ချန်းသည် သူတို့၏မိတ်ဆွေတစ်ယောက်ဖြစ်နေပြီး အခြားတစ်ဖက်တွင် ချိန်ဟဲ့ထျန်မှာ သူတို့နှစ်ယောက်အတွက်ဆိုလျှင် ဆရာနှင့် ဖခင် အသီးသီးဖြစ်နေသည်။

အခြားတစ်ယောက်ယောက်သာ လာရောက်စွက်ဖက်ပါက ပိုင်ရှောင်ချန်းက လျစ်လျူရှုလိုက်မည်သာဖြစ်သည်။ သို့သော် သူနှင့် ဇောင်ထျန်ကျောက်တို့နှစ်ယောက်မှာ ဒုက္ခများကို မျှဝေခံစားခဲ့ဖူးကြသည် မဟုတ်လော။ ထို့အပြင် ဇောင်ထျန်ကျောက်သည် အဏ္ဏဝါခေါ်သံဂိုဏ်းအတွက် အကျိုးများစွာ သယ်ပိုးပေးခဲ့ဖူးပြီး ထိုသို့ကူညီရန်အတွက် ချိန်ဟဲ့ထျန်ကိုပင် ဖီဆန်ခဲ့သည်လည်းဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ သူ့အား ယခင်ထဲမှ မိတ်ဆွေရင်းတစ်ယောက် အဖြစ်သတ်မှတ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ချိန်ဟဲ့ထျန်ကို ဆက်၍ မတိုက်ခိုက်တော့ပဲ နောက်သို့အနည်းငယ်ဆုတ်၍ ဇောင်ထျန်ကျောက်အား လှမ်းကြည့်လိုက်သည်။

ထိုအချင်းအရာကို မြင်လိုက်သောအခါ ချိန်ဟဲ့ထျန်မှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တော့သည်။ သို့သော် သူသည် တင်းမာနေသည့်မျက်နှာထားဖြင့် ပိုင်ရှောင်ချန်းအား အေးစက်စက် ကြည့်နေဆဲပင်။

ဇောင်ထျန်ကျောက်မှာ အမြန်ဆုံးသော အရှိန်ဖြင့် ပျံသန်းလာပြီး ပိုင်ရှောင်ချန်းနှင့် သူ၏ဆရာ အကြားတွင် နေရာယူလိုက်သည်။ ထို့နောက် သူက စိုးရိမ်ပြီး အနည်းငယ် မခံမရပ်နိုင်ဖြစ်နေသည့် အမူအရာဖြင့် ဆိုလိုက်သည်။

" ရှောင်ချန်းရာ၊ မင်း... "

" အစ်ကိုကြီးရာ… "

ပိုင်ရှောင်ချန်းက စကားဖြတ်ပြောလိုက်သည်။

" အစ်ကို့ဆရာက ဒီတစ်ခေါက် တော်တော်ကိုတရားလွန်တာဗျ။ ကျွန်တော်ဒီနေ့ ရောက်လာရတဲ့ အကြောင်းအရင်းက အဏ္ဏဝါခေါ်သံဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူး။ အစ်ကို့ဆရာက ကောက်ကျစ်ယုတ်မာတဲ့အပြင် လူကျင့်ဝတ်နဲ့မညီတဲ့ ပြစ်မှုတစ်ခုကိုကျူးလွန်ခဲ့ပြီး လူတွေကို ရက်ရက်စက်စက် အနိုင်ကျင့်ခဲ့တာဗျ "

ချိန်ဟဲ့ထျန်မှာ ထိုစကားကို ကြားလိုက်ရသောအခါ အံကိုတင်းတင်းကြိတ်လိုက်ပြီး ကျယ်လောင်စွာ အော်မေးလိုက်တော့သည်။

“ မင်း အခြေအနေကို သေသေချာချာ ရှင်းရှင်းလင်းလင်း ရှင်းပြလေ ပိုင်ရှောင်ချန်း။ ငါမင်းကို ဘာလုပ်ခဲ့လို့တုံး "

" ကျုပ် သေသေချာချာ ရှင်းပြတာကို လိုချင်တယ်ပေါ့ "

ပိုင်ရှောင်ချန်းက သူ့အားပြူးကြည့်ကာ ပြန်မေးလိုက်သည်။

" ခင်ဗျားက လုပ်တုံးကလုပ်ပြီး မသိဘူးလား။ ကောင်းပြီလေ။ ခင်ဗျားကို အသေရိုက်ပြီး ရှင်းပြရတာပေါ့ "

ထို့နောက် သူ၏စွမ်းအင်မှာ မြင့်တက်လာပြီး ရှေ့သို့ချီတက်ရန်ပြင်လိုက်သည်။ သို့သော် ဇောင်ထျန်ကျောက်မှာ အလျင်အမြန် ဝင်၍တားဆီးလိုက်သည်။

" ရှောင်ချန်း "

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

ပိုင်ရှောင်ချန်းက သူ့အား လှမ်းကြည့်လိုက်ပြီး တုံ့ခနဲရပ်တန့်လိုက်၏။

" အစ်ကိုကြီးရာ "

သူက ဒေါသထွက်နေသည့် လေသံဖြင့် ဆိုလိုက်သည်။

" ဒီကိစ္စက အစ်ကိုနဲ့ မဆိုင်ပါဘူး။ အစ်ကို့ဆရာက လွန်တာပါ။ ဖက်တီးကျန်းကြီးကို မှတ်မိလား။ ရွှီပေါက်ချိုင်ကိုရော မှတ်မိလား။ သူတို့က ကျွန်တော့် မိတ်ဆွေကောင်းတွေ၊ ပြီးတော့ ကျွန်တော်တို့နှစ်ယောက်စလုံးရဲ့ ရောင်းရင်းဂိုဏ်းသားတွေလေ။ ဒါပေမဲ့ အစ်ကို့ဆရာက သူတို့ကို ပြန်ပေးဆွဲသွားခဲ့ပြီး ကျွန်တော်ပြန်တောင်းတဲ့အခါကျတော့ သူက ဘာမှမသိသလို ဟန်ဆောင်နေတာ "

ထိုအခါ ဇောင်ထျန်ကျောက်မှာ တအံ့တသြနှင့် မျက်လုံးပြူးသွားတော့သည်။ ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့အကြောင်းကို သူ ကြားသိထားပြီးဖြစ်ပြီး ပိုင်ရှောင်ချန်း၏ စကားမှာ မှန်ကန်နေသည်။ သူတို့နှစ်ယောက်စလုံးထံမှ သတင်းအစအန မရတော့သည်မှာ အတော်ကြာနေပြီဖြစ်သည်။ သူ၏ဆရာမှာ ထိုနှစ်ယောက်ကို ဖမ်းခေါ်သွားသည်ဟု ပိုင်ရှောင်ချန်းက စွပ်စွဲနေသည်ကို ကြားလိုက်ရသောအခါ ဇောင်ထျန်ကျောက်မှာ ခေတ္တမျှ တွေဝေသွားပြီး ချိန်ဟဲ့ထျန်အား လှမ်းကြည့်လိုက်တော့သည်။

ချိန်ဟဲ့ထျန်မှာလည်း ဇောင်ထျန်ကျောက်ကဲ့သို့ပင် မျက်လုံးများပြူးနေကာ ပိုင်ရှောင်ချန်းအား အသက်မဲ့စွာ စိုက်ကြည့်နေတော့သည်။ မည်သည့်အချင်းအရာများ ဖြစ်ပျက်နေသည်ကို သူ လုံးဝမသိနိုင်လောက်အောင် ဖြစ်နေပြီး အမှန်တွင် သူသည် ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့၏နာမည်ကိုပင် လုံးဝ မကြားဖူးပေ။

သူသည် ဒေါသကို ကြိတ်မှိတ်၍ထိန်းကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

" အဲဒီနှစ်ယောက်ကို ငါဘာမှ မလုပ်ဘူးကွ။ သူတို့ဘယ်သူလဲဆိုတာတောင် ငါသိတာ မဟုတ်ဘူး။ မင်းလူမှားနေပြီ ပိုင်ရှောင်ချန်း "

သူသည် ပိုင်ရှောင်ချန်းက သူ့အား ဒေါသထွက်နေမည်စိုးသဖြင့် ထပ်၍ ပြောလိုက်သေးသည်။

" ငါက အဲဒီလိုမျိုးတွေ မလုပ်တတ်ဘူး "

" အေး ခင်ဗျားမှမလုပ်ရင် ဘယ်သူလုပ်တာတုံး "

ပိုင်ရှောင်ချန်းက ဒေါသများထွက်လာပြီး မျက်လုံးမှေးကြီးများဖြင့် ပြန်မေးလိုက်သည်။ ထို့နောက် ဇောင်ထျန်ကျောက်အား ပြန်ကြည့်လိုက်ပြီး ဆိုလိုက်သည်။

" ကျွန်တော် ဒီကိစ္စကို အလျော့မပေးနိုင်ဘူးနော် အစ်ကိုကြီး။ ဖက်တီးကျန်းကြီးနဲ့ ရွှီပေါက်ချိုင်တို့က ကျွန်တော့်မိတ်ဆွေကောင်းတွေ။ ပြီးတော့ အခုသူတို့အသက်ရှင်နေသေးသလားတောင် ကျွန်တော်သိရတာမဟုတ်ဘူး။ တကယ်လို့ ကျွန်တော်လူမှားနေတယ်ဆိုရင် နောက်ကျ ပြန်တောင်းပန်မယ် "

ထိုသို့ဆိုကာ သူသည် ဇောင်ထျန်ကျောက်၏ ဘေးမှဖြတ်ကာ ချိန်ဟဲ့ထျန်ဆီသို့ ပြေးသွားတော့သည်။

အနည်းငယ် အကြာတွင် သူတို့နှစ်ယောက်၏ တိုက်ခိုက်သံများမှာ တအုန်းအုန်းနှင့် ပေါ်ထွက်လာပြန်တော့သည်။

ဇောင်ထျန်ကျောက်မှာမူ ခါးသက်သက်ပြုံး၍ ပိုင်ရှောင်ချန်းအားကြည့်လိုက်၊ ချိန်ဟဲ့ထျန်အားကြည့်လိုက် လုပ်နေတော့သည်။ အဆုံးတွင် သူ သက်ပြင်းချလိုက်တော့သည်။ သူသည် သူတို့နှစ်ယောက်ကို ဖြန်ဖြေဖို့ရာ စွမ်းနိုင်မည်မဟုတ်ပေ။ ထို့အပြင် သူ၏ဆရာမှာ လိမ်ညာနေနိုင်ကြောင်း သူက သံသယရှိနေသည်လည်းဖြစ်သည်။

ချိန်ဟဲ့ထျန်မှာမူ ရူးသွပ်လုမတတ်ဖြစ်နေပြီဖြစ်သည်။

" ငါမလုပ်ပါဘူးလို့ ပြောနေတယ်လေ ပိုင်ရှောင်ချန်း။ ဘာလို့ ဒီလိုကြီးလုပ်နေရတာတုံး "

ချိန်ဟဲ့ထျန်၏ အော်ဟစ်မှုကို မခံလိုသဖြင့် ပိုင်ရှောင်ချန်းမှာ အသံကိုမြှင့်၍ ထပ်အော်လိုက်သည်။

" ဒီဂိုဏ်းမှာ ကျုပ်နဲ့ ရန်စရှိတာဆိုလို့ ခင်ဗျားတစ်ယောက်ပဲ ရှိတာ။ ခင်ဗျားကြီးမှ မလုပ်ရင် ဘယ်သူလုပ်မှာတုံး။ ဟန်ဆောင်မနေစမ်းနဲ့ ချိန်ဟဲ့ထျန်ရာ။ ဖက်တီးကျန်းကြီးနဲ့ ရွှီပေါက်ချိုင်တို့ကို အခုချက်ချင်း ပြန်မပေးဘူးဆိုရင် ဒီကိစ္စကို နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးအထိ ခေါ်သွားမှာနော် "

ချိန်ဟဲ့ထျန်မှာ သူ၏ပါးစပ်မှ သွေးများပန်းထွက်လာတော့မည့်အလား ခံစားနေရသည်။ သူသည် ယခင်က ယခုကဲ့သို့ အရှက်ခွဲ အနိုင်ကျင့်မှုမျိုးကို မကြုံတွေ့ခဲ့ရဖူးပါသော်လည်း ပိုင်ရှောင်ချန်းကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းပြ၍မရနိုင်ကြောင်း သိသည်။ ထို့ကြောင့် သူ၏ လက်များကို လှစ်ခနဲ လှုပ်ရှားလိုက်ပြီး နတ်ဘုရားစွမ်းရည်တစ်ခု မထုတ်ဘဲ သတင်းပို့ပေလွှာတစ်ခုကို ထုတ်ယူကာ ပိုင်ကျိမ်းထျန်နှင့် လီရှမ်းတောက်တို့အား ဆက်သွယ်လိုက်သည်။

" မင်းတို့နှစ်ယောက်ထဲက ဘယ်ကောင်လုပ်တာလဲကွ။ "

သူက သတင်းလှမ်းပို့ကာ မေးလိုက်သည်။

" သောက်ကျိုးနည်း။ မင်းတို့က ငါ့ကို သေတွင်းထဲပို့နေကြတာပဲ။ မင်းတို့နှစ်ယောက် သေသေချာချာ ရှင်းပြဖို့ ပြင်ထားကြ "

ချိန်ဟဲ့ထျန်က သတင်းများပို့နေသည်ကို ပိုင်ရှောင်ချန်းမြင်လိုက်ရသောအခါ သူသည် တုံ့ခနဲရပ်သွားပြီး မျက်တောင်တဖျတ်ဖျတ်ခတ်၍ သူ၏နှလုံးသားထဲတွင် မျှော်လင့်ချက်များ နိုးထလာတော့သည်။

စောစောက ပိုင်ကျိမ်းထျန်နှင့် လီရှမ်းတောက်တို့ နှစ်ယောက်စလုံးမှာ ဤဖြစ်ရပ်ကြီးကို အာရုံစိုက်နေကြသဖြင့် အခြေအနေများကို နားလည်ထားကြပြီဖြစ်သည်။ ပိုင်ကျိမ်းထျန်မှာ အလွန်ကြောက်လန့်နေသည့်ပုံ မပေါ်ပါသော်လည်း လီရှမ်းတောက်မှာမူ အမှန်အတိုင်း သိလိုက်ရသောအခါ မျက်နှာပျက်သွားတော့သည်။

သို့သော် သူ မည်သို့မျှ မလုပ်နိုင်ခင်မှာပင် ချိန်ဟဲ့ထျန်၏ သတင်း ရောက်လာတော့သည်။

လီရှမ်းတောက်မှာ ချက်ချင်းပင် စိတ်ထဲတွင် ငိုကြွေးနေတော့သည်။ ဤကိစ္စတွင် သူ ပါဝင်နေကြောင်း ငြင်းဆန်ချင်ပါသော်လည်း ချိန်ဟဲ့ထျန်မှာ အလွန်ဒေါသထွက်နေသည်ဖြစ်ပြီး လိမ်ညာပါက ပို၍သာဆိုးသွားနိုင်ကြောင်း သူက သိလိုက်သည်။ ထို့ကြောင့် သူသည်လည်း သတင်းတစ်ခု ပြန်ပို့လိုက်ရတော့သည်။

" အစ်ကိုချိန်ရေ၊ ဒါ နားလည်မှုလွဲတာပါဗျာ။ တကယ်ပါ။ ကျွန်တော်အခု လိုက်မေးကြည့်တော့ ကျွန်တော့်မျိုးနွယ်စုထဲက အကြီးအကဲတစ်ယောက်က ဖက်တီးကျန်းကြီးနဲ့ ရွှီပေါက်ချိုင်တို့ကို မတော်တဆ ပြန်ပေးဆွဲခဲ့မိတာတဲ့ဗျ "

ထိုသတင်းကိုကြားလိုက်ရသည်နှင့် ချိန်ဟဲ့ထျန်မှာ ခေါင်းကိုလှည့်၍ ပိုင်ရှောင်ချန်းအား ကြည့်လိုက်သည်။ ထို့နောက် နီမြန်းနေသည့် မျက်ဝန်းကြီးများဖြင့် ကျောက်စိမ်းပေလွှာကို ပစ်ပေါက်လိုက်ပြီး အော်ဟစ်လိုက်တော့သည်။

“ မြင်လား။ မြင်ပြီလား။ မင်းရဲ့မိတ်ဆွေနှစ်ယောက်ကို ငါဖမ်းထားတာ မဟုတ်ပါဘူးဆို။ ငါမဟုတ်ဘူး။ လီရှမ်းတောက် လုပ်တာကွ။ မင်းလူမှားနေတာ ပိုင်ရှောင်ချန်း "

ပိုင်ရှောင်ချန်းမှာ ထိုကျောက်စိန်းပေလွှာကို ဖမ်းလိုက်ပြီး ကြည့်လိုက်သောအခါ သူ၏နှလုံးသားထဲတွင် ဒေါသမီးများ တောက်လောင်လာတော့သည်။ သို့သော် သူသည် ထိုခံစားချက်ကို မျက်နှာပေါ်တွင် မပေါ်စေပဲ မေးငေါ့ကာ နှာမှုတ်လိုက်တော့သည်။

" ကျုပ်ကို လာအပြစ်တင်လို့ မရဘူးနော်။ ဘယ်သူကမှ ခင်ဗျားကြီးကို အချိန်တိုင်း မကောင်းတဲ့လူဆိုးတစ်ယောက်လို မနေခိုင်းဘူး။ အာ ဘာပဲဖြစ်ဖြစ်။ နောက်တစ်ခါဒီလို ပြဿနာတွေနဲ့ကြုံရင် ခင်ဗျားဆီက အကူအညီလာတောင်းမယ်။ ကောင်းပြီ ကောင်းပြီ၊ နောက်မှတွေ့မယ် "

ထိုသို့ဆိုကာ သူသည် နောက်သို့လှည့်၍ လှစ်ခနဲလှုပ်ရှားလိုက်ပြီး လီရှမ်းတောက်၏ နေအိမ်သို့ သွားလိုက်တော့သည်။

ချိန်ဟဲ့ထျန်သာ ယခုအထိ ဤအချင်းအရာအားလုံးကို မရိပ်မိသေးပါက နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည်မှာ သူနှင့် ထိုက်တန်မည်မဟုတ်တော့ချေ။

" ဘုရားစူး မိုးကြိုးပစ် ပိုင်ရှောင်ချန်း၊ သူ ပြဿနာနည်းနည်းလေး တက်တာနဲ့ ငါ့ကိုလာနှောင့်ယှက်တော့မှာလား။ ငါနဲ့ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ငါ့ကိုအတင်းကူညီခိုင်းတော့မှာလား "

ချိန်ဟဲ့ထျန်မှာ ပို၍ စိတ်ဓာတ်ကျသွားတော့သည်။ သူသာ နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်မနေပါက ယခုဆိုလျှင် သွေးများအန်နေလောက်ပြီဖြစ်သည်။

ဘေးနားတွင်မူ ဇောင်ထျန်ကျောက်မှာ ခပ်ယဲ့ယဲ့ပြုံး၍ ခေါင်းယမ်းနေ၏။

" ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်က တကယ့်ကို လူယုတ်လူညံ့ပဲ "

ချိန်ဟဲ့ထျန်မှာ ဒေါသတကြီး ငြီးတွားနေတော့သည်။ အနာဂတ်တွင် ပြဿနာလာရှာမည့် ပိုင်ရှောင်ချန်း၏ ပုံရိပ်များကို တွေးကြည့်လိုက်ရုံနှင့် သူ၏ အမြင်အာရုံမှာ ဝေဝါးသွားရတော့သည်။ ယခုကဲ့သို့ ဖြစ်သွားမည်ကို သူကြိုသိခဲ့ပါက ပိုင်ရှောင်ချန်းအား စော်ကားမိစေမည့် အချင်းအရာတစ်ခုကိုမှ လုပ်ခဲ့မိမည် မဟုတ်ပေ။

All Chapters