ဒါ နားလည်မှုလွဲတာပါ
Vol. 10 Ch. 903
" ငါဘာတွေများ လုပ်ခဲ့မိလို့ ဒီလိုအရာတွေနဲ့ကြုံနေရတာလဲ "
ချိန်ဟဲ့ထျန်မှာ ငိုချပစ်ချင်စိတ်များပေါက်နေပြီး ပူဆွေးသောကရောက်နေတော့သည်။ စောစောက တိုက်ပွဲကြောင့် ဖြစ်သွားခဲ့ရသည့် အပျက်အစီးများ အပါအဝင် ပြိုလဲနေပြီဖြစ်သည့် အဆောက်အဦများကို လှည့်ပတ်ကြည့်ရှုမိလိုက်သောအခါ ပို၍ စိတ်ဆင်းရဲသွားရတော့သည်။
" တခြားတစ်ယောက်က သူ့မိတ်ဆွေတွေကို ပြန်ပေးဆွဲသွားတာကို သူက ငါ့ဆီရောက်လာတယ် " သူသည် ဒေါသတကြီး ငြီးတွားနေ၏။ သူ အဓိက စိတ်ပူနေသည့် အချင်းအရာမှာ ဤကဲ့သို့သော ဖြစ်ရပ်များ နောက်ထပ် တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်၍ဖြစ်ပေါ်လာနိုင်ခြေ ရှိနေသည့်အချက်ပင်ဖြစ်သည်။
" ဒါပေမဲ့ ဒါကလည်း အခွင့်ကောင်းပဲ။ သူသာ လီရှမ်းတောက်နဲ့ တိုက်ဟေ့ခိုက်ဟေ့ ဖြစ်သွားမယ်ဆိုရင် ငါ ပုံကြီးချဲ့လို့ရသွားမှာပဲ။ ပိုင်ရှောင်ချန်းပြဿနာလာရှာတာကို နတ်ဘုရားတစ်ပိုင်း ခေါင်းဆောင်ကြီးက သိကိုသိမှာပဲ။ သူဘာမှသာ ဝင်မပြောတာ ပိုင်ရှောင်ချန်း ဒီလိုဆက်လုပ်နေရင်တော့ ခေါင်းဆောင်ကြီးက ကျေနပ်နေမှာတော့မဟုတ်ဘူး။ “
သူသည် ဒေါသများ တောက်လောင်နေသည့် မျက်ဝန်းများဖြင့် လီရှမ်းတောက်အား သတင်းပေးလိုက်ပြီး ဤအခြေအနေကို ပိုင်ရှောင်ချန်းအတွက် ဖြစ်ရပ်ဆိုးကြီးတစ်ခုအဖြစ် ပြောင်းလဲနိုင်ရန်အတွက် သူ့ထံမှ အကူအညီရယူရန် မျှော်လင့်နေတော့သည်။
" ပိုင်ရှောင်ချန်း၊ မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ "
ချိန်ဟဲ့ထျန်တစ်ယောက် ထိုသို့အကွက်ချ စီစဥ်နေစဥ် ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် ကိစ္စအဝဝကို ချင့်ချိန်သုံးသပ်နေသည်။ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ခေါင်းဆောင်မှာ နတ်ဘုရားတစ်ပိုင်း ခေါင်းဆောင်ကြီးဖြစ်ကြောင်းကို သူကသိထားသဖြင့် တရားလွန်ပြုမူရန်မှာ အကြံကောင်းတစ်ခုမဟုတ်ကြောင်း သူကနားလည်သည်။
ယခုတွင် သူသည် အဓိက တရားခံကို ရှာတွေ့သွားပြီဖြစ်ရာ ဤအခြေအနေကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း သိသွားပြီဖြစ်သည်။ သူက လက်ဖျားခါရလောက်သည့် အမြန်နှုန်းဖြင့် လီရှမ်းတောက်၏ နေအိမ်သို့ဦးတည်ကာ ပျံသန်းသွားသည့်အတွက် သူ၏နောက်တွင် တဝီဝီမြည်သံများ ကျန်ရစ်ခဲ့တော့သည်။
သူအနီးသို့ ရောက်လာသောအခါ လီမျိုးနွယ်စုထံမှ နတ်အဆင့်စိတ်ဆန္ဒစီးကြောင်းတစ်ကြောင်း ထွက်ပေါ်လာသည်။
ထို့နောက် လီရှမ်းတောက်ကိုယ်တိုင် ပေါ်လာပြီး ဆိုလိုက်၏။
" စိတ်အေးအေးထားပါ တာအိုရောင်းရင်းပိုင်ရေ။ ဒါတွေအားလုံးက နားလည်မှုလွဲတာလေး တစ်ခုပါပဲ။ နားလည်မှုလွဲသွားရုံလေးပါ။ မင်းရဲ့ မိတ်ဆွေနှစ်ယောက်ကို ငါ သွားခေါ်ခိုင်းထားပြီးပြီ။ မင်းခဏလောက် စောင့်ရုံပါပဲ "
ထိုသို့ဆိုကာ သူသည် လက်ယှက်လိုက်ပြီး ဖော်ရွေသည့်အပြုံးမျက်နှာဖြင့် ဦးညွှတ်လိုက်သည်။ သူသည် အလွန်စိတ်ဆတ်သည့် လူတစ်ယောက်ဖြစ်သဖြင့် ယခုတွင် သူပြောဆိုဆက်ဆံနေရသည့်လူမှာ အခြားတစ်ယောက်ဆိုပါက သူသည် ချက်ချင်းတိုက်ခိုက်ကာ သတ်ပစ်လိုက်မည်သာဖြစ်သည်။ သို့သော် သူသည် ပိုင်ရှောင်ချန်းအား အမှန်တကယ်ကြောက်ရွံ့နေသည်ဖြစ်ပြီး သူ၏စိတ်နှလုံးမှာလည်း အဏ္ဏဝါခေါ်သံဂိုဏ်းတွင် သူမြင်တွေ့ခဲရသည့် အရာများကြောင့် ကြောက်ရွံ့စွာ တုန်ရီနေဆဲပင်။
သူသည် အတိတ်ကို ပြန်ပြောင်းစဥ်းစားမိကာ အချိန်သာနောက်ပြန်လှည့်၍ ရခဲ့လျှင် ပိုင်ရှောင်ချန်းက မြင့်မားသောအစွမ်းကို မရခင်မှာပင် သူ့အား ထိန်းချုပ်နိုင်မည့် အရာတစ်ခုခု လုပ်ခဲ့မိရင်အကောင်းသားဟု တွေးတောနေတော့သည်။ သို့သော် ယခုတွင် ပိုင်ရှောင်ချန်းသည် အဆုံးမရှိသော အနာဂတ်တစ်ခုကို ပိုင်ဆိုင်ထားသည့် ဂိုဏ်း၏ စစ်မှန်သောလက်ရွေးစင်တစ်ယောက်ဖြစ်နေပြီ ဖြစ်သည်။ ပိုင်ရှောင်ချန်းသည် ရန်စသင့်သော လူမျိုးမဟုတ်သဖြင့် ယခုလက်ရှိတွင် ပိုင်ရှောင်ချန်းနှင့် ပြေပြေလည်လည် ညှိနှိုင်းခြင်းသည်သာလျှင် အကောင်းဆုံးရွေးချယ်ချက်ဖြစ်သည်မှာ အသေအချာပင်။
ယခုတွင် သူသည် ချိန်ဟဲ့ထျန်၏ သတင်းကိုရရှိထားပြီးဖြစ်ပြီး ထိုအစီအစဥ်ကို လက်ခံလိုက်သည်။ သို့သော်လည်း သူသည် မည်သို့ဆောင်ရွက်ရမည်ကို ယခုထိ မသိသေးပေ။ သူ သေသေချာချာ မဆုံးဖြတ်ရသေးသ၍ အကောင်းဆုံးအရာမှာ ပိုင်ရှောင်ချန်း၏အရှေ့တွင် ရိုသေလေးစားမှု အပြည့်ရှိသည့် အမူအရာဖမ်းထားရန်သာ ဖြစ်သည်။ ထိုအခါမှသာ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီး၏ အမြင်တွင် ပိုင်ရှောင်ချန်းသည် ပို၍ကန့်လန့်ဖြစ်နေမည်ဖြစ်ပြီး အပေါ်စီးမှဆက်ဆံသည့်ပုံစံ ပို၍ပေါက်နေမည်ဖြစ်သည်။
လီရှမ်းတောက် သိမှတ်ထားမိသလောက်ဆိုလျှင် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးသည် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်က အာဏာကို ပေါ်ပေါ်ထင်ထင် အသုံးချနေသည်ကိုမြင်ပါက ဝင်ရောက်တားဆီးမည် မဟုတ်ပါသော်လည်း ကျေနပ်မှုလုံးဝ မရှိမည်မှာတော့ အမှန်ပင်။
ထို့အပြင် ပိုင်ရှောင်ချန်းအား ရိုရိုသေသေ ဆက်ဆံရသည်မှာလည်း မျက်နှာပျက်စရာမရှိပေ။ သူတို့နှစ်ယောက်စလုံးမှာ နတ်အဆင့်ကျင့်ကြံသူများ ဖြစ်နေကြသဖြင့် မိမိဘက်မှစ၍ ဦးညွှတ်လိုက်သည်မှာ သင့်တော်သည့်လုပ်ရပ်တစ်ခုပင် မဟုတ်ပါလော။
လီရှမ်းတောက်အတွက်ဆိုလျှင် နတ်အဆင့်အောက်ရှိ လူတိုင်းမှာ ပိုးကောင်လေးတစ်ကောင်ထက် မပိုပေ။ သူနှင့် ကျင့်ကြံခြင်းအခြေခံအဆင့်တူသည့် လူများကိုသာ သူသည် အစွမ်းထက်ကျင့်ကြံသူများအဖြစ် သတ်မှတ်ထားသည်။
လီရှမ်းတောက်က ရိုရိုသေသေ ဆက်ဆံနေသည်ကို ပိုင်ရှောင်ချန်း မြင်လိုက်ရသောအခါ သူ၏မျက်ဝန်းများမှာ အရောင်လက်သွားပြီး တစ်ခုခုလွဲမှားနေပြီဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။
" ခင်ဗျားက ကျုပ်မိတ်ဆွေတွေကို ပြန်ပေးဆွံတုန်းက ဆွဲပြီး အခုမှ စိတ်အေးအေးထားဖို့လာပြောနေတာလား။ ဘာအထာတုံးဗျ လီရှမ်းတောက် "
ထိုအခါ လီရှမ်းတောက်၏ မျက်ဝန်းများမှာ ဖျတ်ခနဲလက်သွားပြီး သူသည်နောက်သို့ ခြေလှမ်းအနည်းငယ် ဆုပ်သွားတော့သည်။
ထိုအချင်းအရာကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်း၏မျက်လုံးများ မှေးသွား၏။
" သူ့ဘက်က အရင်ဦးညွှတ်ပြပြီး ငါ အမှားတစ်ခုလုပ်မိအောင် ဂွင်ဆင်နေတယ် ဟုတ်လား။ တော်ပါပေ့ လီရှမ်းတောက်ရာ "
ပိုင်ရှောင်ချန်းမှာ နောက်ထပ်အကြံတစ်ခုကို တွေးတောလိုက်ပြီးနောက် တိုက်ကွက်တစ်ခု ထုတ်ဖော်လိုက်သည်။ အနည်းငယ်အကြာတွင် သူနှင့်လီရှမ်းတောက်တို့မှာ အပြန်အလှန်တိုက်ခိုက်နေကြတော့သည်။
သက်တန့်များပေါ်ရှိ အခြားကျင့်ကြံသူများအားလုံးမှာ သူတို့၏ အာရုံများကို ချိန်ဟဲ့ထျန်ဆီမှ ယခုနေရာအသစ်ဆီသို့ ပြောင်းလဲလိုက်ကြပြီဖြစ်သည်။ ချိန်ဟဲ့ထျန်၏ နတ်ဘုရားအာရုံမှာလည်း ထိုနေရာပေါ်သို့ ကျရောက်နေ၏။
ချိန်ဟဲ့ထျန်မှာ သူ့ကိုယ်သူ မချုပ်တည်းနိုင်လောက်အောင် ဖြစ်နေ၏။ သူသည် ပိုင်ရှောင်ချန်းအား အလွန်မုန်းတီးပြီး သူ့အား မကောင်းကြံရန် အလွန်အားစိုက်ထားသဖြင့် ထိုတိုက်ပွဲစသွားသည်နှင့် အေးစက်စက် ရယ်မောလိုက်တော့သည်။
" သူ့ကို ချစမ်းကွာ။ နာနာချလေ ကောင်းလေပဲ "
လက်ရှိဖြစ်ရပ်များကို ကျေနပ်အားရနေသဖြင့် သူသည် ထိုမြင်ကွင်းကို မလွတ်တန်းအာရုံစိုက်၍ ကြည့်နေတော့သည်။
ဖိအားအနည်းဆုံးဖြစ်နေသူမှာ ပိုင်ကျိမ်းထျန်ဖြစ်ပြီး ပိုင်ရှောင်ချန်းနှင့် လီရှမ်းတောက်အကြား ဖြစ်ပျက်နေသည့် အချင်းအရာများကြောင့် သူသည်လည်း ကျေနပ်နေ၏။ တချိန်ထဲမှာပင် အဏ္ဏဝါခေါ်သံဂိုဏ်းနှင့် ပတ်သတ်သည့်ကိစ္စရပ်မှလွဲ၍ ပိုင်ရှောင်ချန်းနှင့် သူ့အကြား အငြိုးအတေးဖြစ်စေမည့် အခြားလုပ်ရပ်များ မလုပ်မိခဲ့သည့်အတွက် ပျော်ရွှင်နေတော့သည်။
" ဘာမှ ကျိုးကြောင်းမဆင်ခြင်တဲ့ ငမိုက်သားပဲ "
သူက သက်ပြင်းချကာ တွေးနေတော့သည်။ ယခုတွင် လီရှမ်းတောက်၏ အမူအရာများမှာ အနည်းငယ်ထူးဆန်းနေသည်ဖြစ်ကြောင်း သူက ရိပ်မိလိုက်သည်။ ထို့နောက် ချိန်ဟဲ့ထျန်နှင့်ပတ်သတ်၍ သူသိထားသည့်အရာများကို ပြန်တွေးမိလိုက်သောအခါ သူသည် လက်ရှိဖြစ်ရပ်များကို ပြန်လည်သုံးသပ်လိုက်တော့သည်။ ထိုအခါ ၎င်းတို့မှာ ပို၍စိတ်ဝင်စားစရာ ကောင်းလာတော့သည်။
တအုန်းအုန်းမြည်ဟည်းသံများ ထွက်ပေါ်လာပြီး လီရှမ်းတောက်မှာ နောက်သို့ ထပ်ခါထပ်ခါ လဲကျနေတော့သည်။ သူသည် အလယ်ပိုင်း နတ်အဆင့်တွင် ရှိနေပါသော်လည်း ပိုင်ရှောင်ချန်းမှာ အဆုံးမရှိသော စွမ်းအင်များပိုင်ဆိုင်ထားသည့် ရင်ဆိုင်ရခက်သော ပြိုင်ဘက်တစ်ယောက်ဖြစ်ကြောင်း သူ တဖြည်းဖြည်း သိမြင်လာတော့သည်။ ပိုင်ရှောင်ချန်း ပိုင်ဆိုင်ထားသည့် နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များမှာ ချိန်ဟဲ့ထျန်အတွက်သာမက လီရှမ်းတောက်အတွက်ပါ စိတ်အနှောင့်အယှက်များစွာ ပေးနေနိုင်သဖြင့် သူသည် လုံးဝကူရာကယ်ရာမဲ့နေရတော့သည်။
သူ ပို၍ မခံမရပ်နိုင် ဖြစ်ရသည့်အချက်မှာ သူသည် နတ်အဆင့်ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်သည့်အတွက် ယင်ယန်ဝိညာဥ်အဆင့်မှာပင် မရှိသော အရေးမပါသည့် ဂိုဏ်းသားများကို ပြဿနာသွားရှာမည့် အကြောင်းအရင်းလည်း လုံးဝမရှိသည့် အချက်ပင်။ သူသိသလောက်ဆိုလျှင် သူ၏လက်အောက်ငယ်သားများထဲမှ အကြီးအကဲတစ်ယောက်က ပိုင်ရှောင်ချန်း၏ မိတ်ဆွေများကို ပြန်ပေးဆွဲခဲ့သည်။ ထိုစဥ်က ထိုလူသည် လီရှမ်းတောက်၏ မြေးတစ်ယောက်ကို စေလွှတ်ကာ ထိုကိစ္စအတွက် သူ၏ထောက်ခံမှုနှင့် ဂိုဏ်းစည်းမျဥ်း မဖောက်သည့် အခြေအနေမျိုး ဖန်တီးပေးရန် တောင်းဆိုခဲ့သည်။
ယခုတွင်မူ သူသည် သူ၏ ထိုမြေးတော်လေးကို ရွံရှာမုန်းတီးနေပြီဖြစ်သည်။ သူ မခံမရပ်နိုင်ဆုံးအရာမှာ ထိုပြဿနာဖြစ်ပေါ်လာခြင်း မဟုတ်ပဲ ပိုင်ရှောင်ချန်း စွမ်းအားကြီးထွားလာပြီးနောက် သူ၏မြေးမှာ ထိုအခြေအနေကို လာရောက်သတိမပေးခဲ့ခြင်းပင် ဖြစ်သည်။
ထိုသို့ သတိပေးရန် မေ့လျော့ခဲ့မှုကြောင့် ယခုလက်ရှိ အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ထိုကိစ္စအကြောင်းကို သူ့ထံသို့ စောစော တင်ပြခဲ့ပါက သူသည် နည်းလမ်းမျိုးစုံဖြင့် ဤအခြေအနေကို ဖြေရှင်းနိုင်ခဲ့မည်ဖြစ်သည်။
ထိုအရာအားလုံးကို တွေးတောချင့်ချိန်၍ ပိုင်ရှောင်ချန်းမှာ တရားလွန်ပြုမူနေသည့်ပုံစံပေါက်နေသည်ကို သိလိုက်သဖြင့် ချိန်ဟဲ့ထျန်၏ အကြံအတိုင်း လိုက်လုပ်ရန်မှာ အကောင်းဆုံးဖြစ်ကြောင်း သူက ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူသည် သူ၏မျက်နှာပေါ်တွင် ပို၍ပင် ရိုကျိုးသည့် အမူအရာတစ်ခုကို ဆင်မြန်းလိုက်တော့သည်။
" ငါ့ပြောစကားနားထောင်ပါ မိတ်ဆွေကြီးပိုင်ရာ။ မင်းရဲ့မိတ်ဆွေတွေနဲ့ ပတ်သတ်တဲ့ကိစ္စကို ငါဖြေရှင်းပေးပြီးသွားပြီလေ။ သူတို့က ခဏအတွင်း ဒီကိုရောက်လာတော့မှာပါ။ ဒီလို တိုက်နေခိုက်နေစရာမလိုပါဘူး။ အရာရာတိုင်းအတွက် မင်းကိုငါ နစ်နာကြေးပေးပါ့မယ်ကွာ "
ထိုစကားကိုကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် အေးစက်စက် နှာမှုတ်လိုက်သည်။ ထို့နောက် သူက ရှေ့သို့ခြေတစ်လှမ်း လှမ်း၍ ဆိုလိုက်သည်။
" ဒီလိုဘယ်ရပါ့မလဲ။ အိမ်းး ကျုပ်လည်း ခင်ဗျားကြီးကို ရိုက်ချင်နှက်ချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စောစောက ချိန်ဟဲ့ထျန်ကို ကျုပ်က မမျှမတဆက်ဆံမိပြီး သူနဲ့တိုက်ခိုက်ခဲ့တာလေ။ အခု ကျုပ်ရှေ့မှာ တရားခံအစစ် ရောက်နေတာကိုမှ ကျုပ်က အဲဒီလူကို မရိုက်မနှက်ပါဘူးဆိုရင် ချိန်ဟဲ့ထျန်က ဘယ်လိုခံစားသွားရမလဲ။ ဘယ်လိုလုပ် တရားမျှတမှာလဲဗျ။ ပြီးတော့ အခြားလူတွေကရော ဘယ်လိုထင်ကြမလဲ "
သူ၏ စကားကြောင့် ကြည့်ရှုနေကြသူများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ လူအများစု၏မျက်နှာများထက်တွင် ထူးဆန်းသော အမူအရာများပေါ်လာကြပြီး တချို့မှာ ရယ်မောနေကြတော့သည်။ အစပိုင်းတွင် ပိုင်ရှောင်ချန်း၏ စကားများမှာ အဓိပ္ပါယ်ရှိသည်ဟု ထင်ရပါသော်လည်း သေသေချာချာ တွေးတောကြည့်လိုက်ပါက ကြည်ရှုေနကြသူများထဲမှ ကျင့်ကြံသူအများစုသည် ထိုစကားများမှာ လုံးဝအဓိပ္ပါယ် ရှိမနေသည်ကို သိလိုက်ရသည်။
" ဘာရယ်၊ အဲဒီစကားက ဘာအဓိပ္ပါယ်တုံး "
" သူက အကြီးအကဲချိန်နဲ့ နားလည်မှုလွဲခဲ့လို့ အကြီးအကဲလီကို ရိုက်ရနှက်ရမယ် ဟုတ်လား "
ထိုစဥ် အထက် ခရမ်းရောင် သက်တန်းပေါ်ရှိ နတ်ဘုရားအာရုံစီးကြောင်းတစ်ကြောင်းမှာ အောက်ဘက်ရှိ ဖြစ်ရပ်များကို အာရုံစိုက်နေ၏။ ၎င်းမှာ ပိုင်ရှောင်ချန်း၏ လုပ်ရပ်များကြောင့် စောစောက အနည်းငယ် မခံမရပ်နိုင် ဖြစ်နေရသည့် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီး ဖြစ်သည်။ သို့သော် ယခုလေးတင် သူ ဆိုလိုက်သည့် စကားများကြောင့် ခေါင်းဆောင်ကြီးမှာ ပြုံးသွားရတော့သည်။ စောစောက သူ ခံစားနေရသည့် မခံမရပ်နိုင်မှုများအားလုံး လျင်မြန်စွာ အရည်ပျော်ကျသွားရတော့သည်။
ခေါင်းဆောင်ကြီးမှာ ခေါင်းယမ်းလိုက်၏။ အလွယ်တကူ အထိန်းအကွပ်မဲ့သွားနိုင်သော လုပ်ရပ်ဖြစ်သည့် သူ၏ လက်အောက်ငယ်သားများ အာဏာ အလွန်အကျူး အသုံးချခြင်းကို သူ မနှစ်သက်ပေ။ သို့သော် ပိုင်ရှောင်ချန်း ယခုလေးတင် ဆိုလိုက်သည့် စကားများမှာ သူ၏ စိတ်ရင်းအမှန်ကို ဖော်ပြလိုက်ပြီဖြစ်သည်။
ထိုစကားလုံးများကို ပြောဆိုနိုင်ရန်အတွက် အစကတည်းက ပိုင်ရှောင်ချန်း အစီအစဥ်ချခဲ့သည်လည်း ဖြစ်နိုင်သည်။ ထိုအတိုင်းသာဆိုပါက ပိုင်ရှောင်ချန်းက အနည်းငယ် ရဲတင်းသူတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။ ထိုသို့သော လူအများစုကို ထိန်းချုပ်ရန်မှာ လွယ်ကူပေသည်။ ထိုစကားများပြောရန် ကြိုတင်စီစဥ်မှု မရှိခဲ့ဘူးဆိုပါက ယခုအခြေအနေမှာ ပို၍ပင် စိတ်ပျော်ရွှင်စရာကောင်းနေမည်ဖြစ်သည်။
အမှန်မှာ နတ်ဘုရားတစ်ပိုင်း ခေါင်းဆောင်ကြီးသည် ပိုင်ရှောင်ချန်းအကြောင်း အလွန်အမင်းသိချင်နေသည်။ ထို့အပြင် သူ့အား ရာထူးတစ်ခု အလျင်အမြန် ပေးလိုက်ရသည့် အကြောင်းအရင်းမှာ တုလင်ဖေးကြောင့်ဖြစ်သည်။
ပိုင်ရှောင်ချန်းဆိုလိုက်သည့် စကားကြောင့် ချိန်ဟဲ့ထျန်မှာ ပင့်သက်ရှိုက်သွားတော့သည်။
လီရှမ်းတောက်မှာမူ ပိုင်ရှောင်ချန်းအား အဓိပ္ပါယ် ပါပါကြည့်၍ ရုတ်တရက် သတိထားလိုက်၏။ တချိန်ထဲမှာပင် ချိန်ဟဲ့ထျန်၏ အကြံအတိုင်း ဆက်လက်လုပ်ဆောင်မည်ဆိုသည့် အတွေးများကို စွန့်လွှတ်လိုက်တော့သည်။
" ဒီကောင်က ကြောက်ခမန်းလိလိ အတိုက်အခိုက်စွမ်းရည်တွေ ပိုင်ဆိုင်ထားရုံတင်မကပဲ အကွက်ကျကျ စီစဥ်တတ်တဲ့ကောင်ကိုးကွ။ ဒီအခြေအနေကို ဖြေရှင်းတာတောင် သာမန်မဟုတ်ပဲ ပါးပါးနပ်နပ် ဖြေရှင်းသွားတာ "
လီရှမ်းတောက်၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လာပြီး သူသည် တရိုတသေ လက်ယှက်လိုက်တော့သည်။
" မပူပါနဲ့ တာအိုရောင်းရင်းပိုင်။ တာအိုရောင်းရင်းချိန်နဲ့ ခင်ဗျားတို့အကြားမှာ ဘယ်လို နားလည်မှုလွဲလွဲ ကျုပ်တို့နှစ်ယောက်နဲ့ မဆိုင်ပါဘူး။ ဒီ ဘာမှမဟုတ်တဲ့ ပဋိပက္ခလေးကို ခင်မင်ရင်နှီးမှုအသစ်တစ်ခုအဖြစ် ပြောင်းလဲလို့တောင် ရနိုင်ပါသေးတယ် "
ထိုအချိန်တွင် လီရှမ်းတောက်မှာ ပိုင်ရှောင်ချန်းအား အလွန်အမင်း ကြောက်ရွံ့မနေတော့ပေ။ သူ့အတွက် ပြဿနာရှာရန် လိုတော့မည်မဟုတ်ဟုပင် သူက တွေးနေပြီဖြစ်သည်။