အခန်း (၄၈၁-၄၈၂)
Vol. 49 Ch. 481-482
အခန်း (၄၈၁) ထူးခြားဆန်းပြားသော သခင်လေးမူ
"ကျေးဇူးတင်ပါတယ်" လုံချန်းက ထိုအမျိုးသားကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ထိုင်ရာမှထကာ ထိုအမျိုးသမီးနှင့်အတူ အပေါ်ထပ်မှ ထွက်လာခဲ့သည်။ သူ အောက်ဆုံးထပ်သို့ ပြန်ရောက်လာသည်။
"ရှင် နိုင်ထားတဲ့ ငွေတွေကို ကျွန်မ သွားထုတ်ပေးပါ့မယ်" အမျိုးသမီးက ပြောသည်။
"ကျုပ် ဆက်မကစားတော့ဘူးလို့ ဆုံးဖြတ်မှ အဲဒီငွေတွေကို ရမှာလို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား" လုံချန်းက သူမကို မေးလိုက်သည်။
"ဟုတ်ပါတယ်... အတိအကျပါပဲ... နေပါဦး။ ရှင်က ထပ်ပြီး ကစားချင်သေးတယ်လို့ ပြောတာလား" အမျိုးသမီးက အံ့အားသင့်စွာ မေးသည်။
"တကယ်တော့... ကျုပ် နိုင်လိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားလို့ တိုကင် ၅၀ တောင် ဝယ်ထားတာလေ။ အခု ငါ့လက်ထဲမှာ တိုကင် ၃၅ ခု ကျန်သေးတယ်" လုံချန်းက ပြောလိုက်ရာ သူမ ထပ်မံ မှင်သက်သွားပြန်သည်။
"ရှ... ရှင်က ခြင်းတောင်း ၃၅ တောင်းယူပြီး ထပ်စမ်းချင်တာလား" သူမ မေးလိုက်သည်။
"ဟုတ်တယ်" လုံချန်းက ဖြေသည်။
"ရှင် အဲဒီလိုပြောမှတော့... တိုကင်တွေ ပေးပါ။ ကျွန်မ ခြင်းတောင်းတွေ သွားယူပေးပါ့မယ်" အမျိုးသမီးက ဆိုသည်။
လုံချန်းသည် သူ၏ လက်ကျန်တိုကင် ၃၅ ခုကို သူမအား ပေးလိုက်သည်။
"ဒီမှာပဲ ခဏစောင့်ပါ။ ကျွန်မ အခုပဲ ပြန်လာခဲ့ပါ့မယ်" ထိုသို့ ပြောကာ သူမ ထွက်သွားသည်။
"အခုထိတော့ အားလုံးက အဆင်ပြေနေတာပဲ၊ ဒါပေမဲ့ မင်း နောက်ထပ် လက်မှတ် ၃ စောင် ထပ်နိုင်ဦးမယ်ဆိုတာ ငါ သိနေတယ်။ အဲဒီအခါကျရင် အာရုံစိုက်မှုတွေ အရမ်းများလာမှာကိုတော့ ငါ စိုးရိမ်မိတယ်" ကျိရှန်းက လုံချန်း၏ နားနားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။
"အဲဒါကို စိတ်မပူပါနဲ့။ သံသယတွေတော့ ရှိနိုင်ပေမဲ့ ဘာကိုမှ သက်သေမပြနိုင်ပါဘူး။ သူတို့က ဒီမြို့နဲ့ သင်္ဘောတွေကို ကိုင်တွယ်နေတဲ့ အမှန်တရားတာအိုဂိုဏ်းရဲ့ လက်အောက်မှာ ရှိနေတာဆိုတော့ လက်မှတ် နည်းနည်းလေး အတွက်နဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာကို အပျက်ခံမှာ မဟုတ်ဘူး။ တခြားဂိုဏ်းတွေကလည်း ဒီလို ဝန်ဆောင်မှုပေးနေတာဆိုတော့ သူတို့အတွက် ဂုဏ်သိက္ခာက ပိုအရေးကြီးတယ်။ နောက်ပြီး သူတို့က အဖြူရောင် ဘက်တော်သား ဂုဏ်သတင်းကိုလည်း ထိန်းသိမ်းရဦးမှာလေ။ တကယ်လို့ ငါတို့က ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်း နယ်မြေမှာသာ ဆိုရင်တော့ ငါ ဒီလို လုပ်မှာ မဟုတ်ဘူး" လုံချန်းက ပြန်ဖြေသည်။
"အဲဒီအတိုင်း ဖြစ်ပါစေလို့ပဲ ဆုတောင်းရမှာပဲ" ကျိရှန်းက သက်ပြင်းချလိုက်သည်။
"ဟေ့... ကောင်လေး။ လက်မှတ် ရခဲ့ပြီလား" အခန်းထဲရှိ လူများထဲမှ တစ်ဦးက လုံချန်းအနားသို့ လျှောက်လာသည်။
"ဟုတ်ကဲ့။ ကျွန်တော့်ရဲ့ အချက်အလက်တွေကို မှတ်ပုံတင်ပြီးမှ လက်မှတ်ပေးလိုက်တာပါ" လုံချန်းက ပြန်ဖြေလိုက်သည်။
ထိုလူမှာ လူကောင်းတစ်ယောက် မဟုတ်သည်ကို လုံချန်း မြင်ကတည်းက သိလိုက်သည်။ အကယ်၍ အခွင့်အရေး ရပါက ထိုလူသည် သူ၏ လက်မှတ်ကို လုယူရန် ကြိုးစားပေလိမ့်မည်။
"ဪ... မင်းရဲ့ အချက်အလက်တွေကို ယူထားတာလား။ ကောင်းပါတယ်။ ဒီလိုဆိုရင်တော့ မင်းဆီကနေ လုယူတဲ့သူကလည်း အဲဒီလက်မှတ်ကို သုံးလို့ရမှာ မဟုတ်ဘူးပေါ့" ထိုလူက ပြုံးရယ်ရင်း ပြောလိုက်သော်လည်း သူ၏ အသံထဲတွင် ခါးသီးမှုများ ပါဝင်နေသည်ကို လုံချန်း ကြားလိုက်ရသည်။
လုံချန်းက ပြုံးရုံသာ ပြုံးပြလိုက်ပြီး ဘာမှ ထပ်မပြောဘဲ သူ လက်မှတ်မနိုင်ခင်က ရပ်နေခဲ့သည့် နေရာလွတ်ဆီသို့ လျှောက်သွားလိုက်သည်။
မင်ယု၊ ကျိချင်း နှင့် ကျိရှန်းတို့မှာလည်း သူနှင့်အတူ ရှိနေဆဲဖြစ်သည်။
"ဒီနေရာက တော်တော်လေး အဆင့်အတန်း မြင့်တာပဲ။ ဒီဂိုဏ်းတွေမှာ လူတွေကို အလင်းကောင်းကင်တိုက်ကြီးဆီ ပို့ပေးနိုင်တဲ့ စွမ်းအား ရှိနေကြတာပဲ။တွမ်ရှားတိုက်ကြီးက အရင်းအမြစ်တွေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်တဲ့ဟာကို သူတို့ကိုယ်တိုင်ကျတော့ ဘာလို့ အလင်းကောင်းကင်တိုက်ကြီးကို မပြောင်းကြတာလဲဆိုတာ ငါ နားမလည်နိုင်ဘူး" ကျိချင်းက တစ်စုံတစ်ခုကို တွေးမိရင်း လုံချန်းကို မေးလိုက်သည်။
သူမလည်း ထိုအချက်ကို စူးစမ်းချင်နေခြင်း ဖြစ်သည်။ ဂိုဏ်းများသည် အခြားသူများကို အဆင့်မြင့်နေရာများသို့ ပို့ဆောင်ပေးနေသော်လည်း သူတို့ကိုယ်တိုင်မူ အဘယ်ကြောင့် ထိုတိုက်ကြီးဆီသို့ မပြောင်းရွှေ့ကြသနည်း။
"ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံမှာ ချမ်းသာတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ရတာက၊ ချမ်းသာတဲ့ အင်ပါယာတစ်ပြည်မှာ ဆင်းရဲတဲ့ စစ်သားတစ်ယောက် ဖြစ်ရတာထက် ပိုကောင်းတယ် ဆိုတဲ့ စကားကို ကြားဖူးလား။ ငါ့အမြင်အရတော့ အဲဒီသဘောတရားပါပဲ" ကျိရှန်းက သူမကို ပြန်ဖြေလိုက်သည်။
"ဘာကို ဆိုလိုတာလဲ" ကျိချင်းက စူးစမ်းသည်။
ကျိရှန်း ပြန်ဖြေရန် ပြင်လိုက်သော်လည်း နောက်ဘက်မှ အခြား အသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းမှာ အမျိုးသားတစ်ဦး၏ အသံဖြစ်သော်လည်း လုံချန်း၏ အသံမဟုတ်ပေ။
"သူ ဆိုလိုတာက ဒီနေရာကို အုပ်ချုပ်နေတဲ့ ဂိုဏ်းတွေဟာ အလင်းကောင်းကင်တိုက်ကြီးကို ရောက်သွားရင် အားနည်းတဲ့သူတွေ ဖြစ်သွားလိမ့်မယ်။ သူတို့က ဟိုမှာ အရှုံးသမားတွေ ဖြစ်သွားမယ့်အစား ဒီမှာပဲ အောင်နိုင်သူတွေအဖြစ် နေချင်ကြတာပေါ့"
အားလုံး နောက်သို့ လှည့်ကြည့်လိုက်ရာ လူငယ်လေးတစ်ဦး ထိုနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုကောင်လေးမှာ အသက် ၁၉၊ ၂၀ ဝန်းကျင်ခန့် ရှိပုံရသည်။ သူသည် အပြာနုရောင် မျက်လုံးများနှင့် ရှည်လျားသော ဆံပင်အနက်ရောင် ရှိသည်။ သူ၏ သာမန် အမူအရာမှာ တစ်စုံတစ်ခုကို ပျင်းရိငြီးငွေ့နေသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
အခြားသူများက ထိုကောင်လေးကို မမှတ်မိကြသော်လည်း လုံချန်းကမူ မှတ်မိသည်။
သူတို့ ဆိပ်ကမ်းမြို့တော်ဆီသို့ လမ်းလျှောက်လာစဉ်က ရထားလုံးအတွင်းတွင် ထိုင်နေသည့် ကောင်လေးဖြစ်ကြောင်း လုံချန်း သတိပြုမိသဖြင့် မျက်နှာဖုံးနောက်ကွယ်တွင် မျက်မှောင်ကြုတ်လိုက်မိသည်။
သူတို့၏ ရထားလုံးကို အထူးဝင်ပေါက်မှ ဝင်ခွင့်ပေးခဲ့ခြင်းမှာ ဤကောင်လေးသည် ဆိပ်ကမ်းမြို့တော်တွင် သြဇာအာဏာ အလွန်ကြီးမားသော တစ်စုံတစ်ယောက် ဖြစ်ကြောင်း သက်သေပြနေသည်။
"ဒီသခင်လေး ပြောတာ မှန်ပါတယ်။ အဖွဲ့အစည်းကြီးတွေအတွက်ကတော့ ငါတို့လို တစ်ကိုယ်တော် ကျင့်ကြံသူတွေလောက် မလွယ်ကူဘူး။ ငါတို့က ငယ်ရွယ်ကြတော့ အလင်းကောင်းကင်တိုက်ကြီးကို အခွင့်အလမ်းတွေရှိတဲ့ နယ်မြေလို့ မြင်ပြီး ပိုပြီး အောင်မြင်ချင်ကြတာ။ တစ်ဖက်မှာလည်း ဂိုဏ်းတွေအနေနဲ့ သူတို့ရဲ့ ခေါင်းဆောင်ပိုင်း အများစုက အသက်ကြီးနေကြပြီဆိုတော့ အများကြီး ထည့်သွင်းစဉ်းစားရမှာပေါ့" လုံချန်းက သာမန်လေသံဖြင့် ဝင်ပြောလိုက်သည်။
"မှန်တယ်" ကောင်လေးက ဘေးပတ်ပတ်လည်ကို ကြည့်ရင်း ပြန်ဖြေသည်။
"မင်းလည်း ဒီမှာ ကံစမ်းဖို့ လာတာလား။ ဒါက ပျော်စရာကောင်းတယ်" လုံချန်းက ဘေးပတ်ဝန်းကျင်ကို ကြည့်နေသည့် ကောင်လေးကို မေးလိုက်သည်။
"ဖြစ်နိုင်တာပဲ။ ငါ ပျင်းနေတာနဲ့ အချိန်ဖြုန်းဖို့ လုပ်ကြည့်ရင် ကောင်းမလားလို့ စဉ်းစားနေတာ" ကောင်လေးက ရေရွတ်လိုက်သည်။ "ဒါပေမဲ့ ဝန်ထမ်းတွေ အားလုံးက အလုပ်ရှုပ်နေပုံရတယ်"
ကောင်လေး ထိုသို့ပြောပြီးသည်နှင့် လုံချန်းအား လက်မှတ်ပေးခဲ့သော အစောပိုင်းက မန်နေဂျာ ထွက်လာခဲ့သည်။
"သခင်လေး... ရောက်လာပြီလား" နန်လီကုက ထိုလူငယ်လေးကို နှုတ်ဆက်လိုက်သည်။
"ဟား... မင်း ငါ့ကို နောက်နေတာပဲ။ ဒီနေရာရဲ့ မန်နေဂျာကိုယ်တိုင်က မင်းဆီကို လာကြိုနေတာကိုး" လုံချန်းက ကောင်လေးကို ကြည့်ရင်း ပြောလိုက်သည်။
"သခင်လေးကို သေသေချာချာ ကြိုဆိုခွင့် မရလိုက်တဲ့အတွက် တောင်းပန်ပါတယ်" နန်လီကုက ကောင်လေးကို တောင်းပန်စကား ဆိုသည်။
"စိတ်မပူပါနဲ့။ ကျုပ် ဒီလိုကိစ္စတွေကို ဂရုမစိုက်ပါဘူး။ ခင်ဗျားရဲ့ ဝန်ထမ်းတွေက ကျုပ်အဖေရဲ့ အမိန့်ကို လိုက်နာနေတာ မြင်ရလို့ ဝမ်းသာပါတယ်။ အရာအားလုံးက လုပ်ထုံးလုပ်နည်းအတိုင်း ဖြစ်ရမယ်။ ရာထူးကြီးတဲ့သူ လာလာ၊ ငယ်တဲ့သူ လာလာ အရေးမကြီးဘူး။ တခြားသူကို ဝန်ဆောင်မှုပေးဖို့အတွက် လက်ရှိ လူတစ်ယောက်ကို ဝန်ဆောင်မှုပေးနေတာကို ရပ်လိုက်လို့ မရဘူးလေ" ကောင်လေးက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"သေချာတာပေါ့။ မျိုးနွယ်စုခေါင်းဆောင်ရဲ့ အမိန့်က အတည်ပါပဲ။ အဲဒါကြောင့်လည်း ကျွန်တော်ကိုယ်တိုင် သခင်လေးကို လာပြီး ဂရုစိုက်ပေးတာပါ။ ကျွန်တော် ဘယ်သူ့ကိုမှ ကူညီမပေးနေပါဘူး၊ ကျွန်တော် အားနေတာပါ" နန်လီကုက ပြုံးရင်း ပြောသည်။
"ကျုပ်အတွက် ခြင်းတောင်းအချို့ ယူလာပေးမလား။ ဒီသူငယ်ချင်းက ပျော်စရာကောင်းတယ်လို့ ပြောနေမှတော့ ကျုပ်လည်း စမ်းကြည့်ချင်တယ်" ကောင်လေးက နန်လီကုကို ပြောလိုက်သည်။
သူ ထိုသို့ ပြောလိုက်သည့်အချိန်မှာပင် ဝန်ထမ်းအမျိုးသမီးသည် လုံချန်းအတွက် ခြင်းတောင်း ၃၅ တောင်းနှင့်အတူ ပြန်ရောက်လာခဲ့သည်။
ကောင်လေးသည် ခြင်းတောင်းများစွာကို မြင်သောအခါ အံ့သြသွားသည်။
"ဒါတွေက ဘယ်သူ့အတွက်လဲ" သူက အမျိုးသမီးကို မေးသည်။
"ဪ... ဒါတွေက ဒီလူကြီးမင်းအတွက်ပါ သခင်လေး" အမျိုးသမီးက လုံချန်းဘက်သို့ လှည့်ကြည့်ရင်း ကောင်လေးကို ဖြေလိုက်သည်။
"ခင်ဗျား ထပ်ကစားဦးမှာလား။ ခင်ဗျား ခုနတင် လက်မှတ်တစ်စောင် နိုင်သွားတယ် မဟုတ်လား" နန်လီကုက အံ့အားသင့်စွာ မေးသည်။ လုံချန်း ထပ်ကစားချင်သည်ကို သူ မသိခဲ့ပေ။
"ဪ... မင်း နိုင်သွားတာလား။ ဒါဆိုရင်တော့ တခြားသူတွေအတွက်လည်း ထပ်ပြီး စမ်းကြည့်ဖို့ သတ္တိရစေတာပေါ့" ကောင်လေးက ခေါင်းညိတ်ရင်း ဆိုသည်။
"ငါ ပြောသလိုပဲ၊ ဒါတွေက ပျော်စရာကောင်းလို့ ငါ လုပ်နေတာပါ။ ဒါက လူတစ်ယောက်ရဲ့ ကံနဲ့ အရည်အချင်းကို တိုင်းတာဖို့ ကောင်းတဲ့ အရာပဲလေ" လုံချန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ပြောတာ ကောင်းပါတယ်။ ငါ့အတွက်လည်း ခြင်းတောင်း ၃၅ တောင်း ယူလာခဲ့ပေးပါ။ ငါလည်း ဒီသူငယ်ချင်းနဲ့အတူ ပျော်ကြည့်ချင်တယ်။ ငါတို့ ပြိုင်ပွဲလေးတစ်ခု လုပ်ကြရင် မဆိုးဘူး" ကောင်လေးက ပြုံးရင်း ပြောလိုက်သည်။
"ထပ်ပြီး စဉ်းစားပါဦး ညီလေး။ ငါ့ရဲ့ ကံက ဒီနေ့ တော်တော်လေး ကောင်းနေတာ။ ဒီမှာ အားလုံးရဲ့ လေးစားခြင်းကို ခံနေရတဲ့ လူတစ်ယောက်ကို အနိုင်ပိုင်းမိလို့ ပြဿနာတက်မှာကို မလိုလားဘူးကွ" လုံချန်းက ကောင်လေးကို ပြောလိုက်သည်။
နန်လီကုမှာမူ ထိုကောင်လေးကို ထိုသို့သော လေသံဖြင့် ပြောရဲသူရှိသည်ကို မြင်ရသဖြင့် မှင်သက်သွားခဲ့သည်။
"ဘာမှမဖြစ်ပါဘူး။ နိုင်ခြင်း ရှုံးခြင်းဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ။ နောက်ပြီး အရှုံးထဲမှာလည်း ပျော်စရာတစ်မျိုး ရှိပါတယ်။ တကယ်လို့ မင်း ငါ့ကို အနိုင်ယူနိုင်မယ်ဆိုရင် ငါ အရှုံးရဲ့ အရသာကို မြည်းစမ်းကြည့်ချင်ပါသေးတယ်။ ငါ ကတိပေးပါတယ်။ မင်းကို ဘယ်သူမှ ပြဿနာရှာမှာ မဟုတ်ဘူး။ တကယ်တော့ ငါ့ကို အနိုင်ယူနိုင်တဲ့သူနဲ့ သူငယ်ချင်းဖြစ်ရတာကိုတောင် ငါ ပိုပြီး ဝမ်းသာဦးမှာပါ။ ငါ့ကို ဘယ်သူ နောက်ဆုံး အနိုင်ယူခဲ့လဲဆိုတာတောင် ငါ မမှတ်မိတော့ဘူး" ကောင်လေးက သက်ပြင်းချရင်း ဆိုသည်။
"ဒါဆိုရင်တော့ ပိုပြီး ပျော်စရာကောင်းသွားပြီပေါ့" လုံချန်း ခပ်တိုးတိုး ရယ်လိုက်သည်။ သူသည် ရာဇဝတ်သား သို့မဟုတ် အလိုရှိနေသူ တစ်ယောက်မှာ ယခုကဲ့သို့ ဗြောင်ကျကျ ပြုမူလိမ့်မည်ဟု မည်သူမျှ သံသယမဝင်နိုင်သည်ကို သိသဖြင့် ယခုနေရာတွင် ပို၍ ယုံကြည်မှုရှိဟန် ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ဤကောင်လေးနှင့် ရင်းနှီးသွားပါက အရာအားလုံးက ပို၍ လွယ်ကူသွားပေလိမ့်မည်။
"ငါ့နာမည်က မူဖန်ပါ။ မင်းနာမည်က ဘယ်သူလဲ" ကောင်လေးက မေးသည်။
"ငါက ရွှီရှန်ပါ" လုံချန်းက ပြန်ဖြေသည်။
"ကောင်းပြီ ရွှီရှန်... ငါတို့ ပြိုင်ပွဲလုပ်တာ ကောင်းပါတယ်။ ဒါပေမဲ့ လောင်းကြေးတစ်ခုပါ ထပ်ရင်ရော ဘယ်လိုလဲ" မူဖန်က လုံချန်းကို မေးလိုက်သည်။
"ဘာလောင်းကြေးလဲ" လုံချန်းက စူးစမ်းလိုစိတ်ဖြင့် မေးသည်။
"အကြိမ် ၃၅ ကြိမ်မှာ အနီရောင် ပွင့်လွှာ ပုံဆောင်ခဲ အများဆုံး ရွေးနိုင်တဲ့သူက နိုင်မယ်။ အနိုင်ရတဲ့သူက အရှုံးသမားဆီကနေ တောင်းဆိုချက်တစ်ခု လုပ်ခွင့်ရမယ်" မူဖန်က လုံချန်းကို ပြောလိုက်လေတော့သည်။
မူဖန်သည် မူမျိုးနွယ်စုတွင် အထူးဆန်းဆုံး လူတစ်ယောက်အဖြစ် လူသိများသည်။ သူ မည်သည်များ တွေးနေသနည်း၊ နောက်တစ်မိနစ်တွင် မည်သည်များ လုပ်နေသနည်း ဆိုသည်အား မည်သူမျှ မသိနိုင်ပေ။ သူသည် လူကောင်းတစ်ယောက်ဟု အများက မြင်ကြသော်လည်း သူ၏ လုပ်ရပ်များမှာမူ အချိန်အတော်များများတွင် နားလည်ရ ခက်ခဲလှသည်။ သူ့ကို အထင်ကြီးစေမည့်အရာ အနည်းငယ်သာ ရှိသည်ဟုလည်း ဆိုကြသည်။
အခန်း (၄၈၂) ညစ်နေတာလား
အချို့လူများကမူ မူဖန်သည် ဘဝကို ငြီးငွေ့နေပြီး အရင်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန်ပင် အကြိမ်အနည်းငယ် ကြိုးစားခဲ့ဖူးသည်ဟု ပြောဆိုကြသည်။
ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း သူသည် အကြိမ်ပေါင်းများစွာ ပြုံးခဲ့သော်လည်း တစ်ခါမျှ အားရပါးရ ရယ်မောခြင်း မရှိခဲ့ဟုလည်း ဆိုကြသည်။
"သခင်လေးအတွက် ခြင်းတောင်းတွေကို ပြင်ပေးလိုက်ပါ" နန်လီကုက ဝန်ထမ်းအမျိုးသမီးကို ပြောလိုက်ရာ သူမသည် ခြင်းတောင်း ၃၅ တောင်းကို သယ်ရန် အခြားသူများကို အမြန်သွားခေါ်တော့သည်။
"ငါ့ကို စောင့်မနေပါနဲ့။ မင်း အရင် စတင်နိုင်ပါတယ်" မူဖန်က လုံချန်း၏ ခြင်းတောင်းများကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
"မင်းက ဒါကို ပျော်စရာအဖြစ် လုပ်နေတာဆိုတော့ ငါလည်း အဲဒီအတိုင်းပဲ လုပ်ပါ့မယ်။ ငါတို့ နှစ်ယောက်လုံး အဆင်သင့်ဖြစ်မှ ပုံဆောင်ခဲကို အတူတူ ခွဲကြတာပေါ့" လုံချန်းက ခေါင်းခါရင်း ပြန်ပြောလိုက်သည်။
သူသည် မူဖန်နှင့် ရင်းနှီးအောင် ကြိုးစားနေခြင်းဖြစ်ရာ မူဖန်ကို ထားခဲ့ပြီး သူက အရင်လုပ်နေ၍ မဖြစ်ပေ။ ကျိရှန်းက လုံချန်း ဘာလုပ်ချင်နေသည်ကို နားလည်သော်လည်း ဝင်ရောက် စွက်ဖက်ခြင်း မပြုပေ။
"ဒါနဲ့... ငါတို့ရဲ့ လောင်းကြေးအကြောင်း ပြောလို့ရမလား။ ငါက ဘာမှမသိဘဲ မျက်ကန်းတောတိုး မလုပ်ချင်ဘူး။ မင်း နိုင်ရင် ဘာရမလဲဆိုတာ အရင်ပြောပါ၊ ပြီးမှ ငါ နိုင်ရင် မင်းဆီက ဘာလိုချင်လဲဆိုတာ ပြောမယ်" လုံချန်းက မူဖန်ကို အဆိုပြုသည်။
"အဲဒီလိုဆိုရင် ဘာပျော်စရာ ရှိတော့မှာလဲ။ အဆုံးထိ ရင်ခုန်စရာအဖြစ်ပဲ ထားလိုက်ပါ။ အဲဒါမှ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းမှာ" မူဖန်က ခေါင်းခါလျက် ဆိုသည်။
လုံချန်းသည် သူ ရှုံးနိမ့်မည်မဟုတ်ကြောင်း သေချာနေသော်လည်း ဤပြိုင်ပွဲတွင် အစွမ်းကုန် ကြိုးစားရန် ထိုက်တန်မှု ရှိ မရှိ သိနိုင်ရန် လောင်းကြေးကို သိချင်နေခြင်း ဖြစ်သည်။
"မင်း အဲဒီလို ပြောမှတော့လည်း... ရင်ခုန်စရာအဖြစ်ပဲ ထားကြတာပေါ့။ နိုင်တဲ့သူက ရှုံးတဲ့သူကို တစ်ခုခု ခိုင်းနိုင်မယ်။ ဒါဆိုရင် ငါတို့ လိုချင်တဲ့ ဆန္ဒတွေကို စာရွက်ပေါ်မှာ ရေးပြီး ကြားနေလူတစ်ယောက်ကို ပေးထားရင်ရော ဘယ်လိုလဲ။ ရလဒ် ထွက်လာတဲ့အခါမှ အဲဒီစာရွက်တွေကို ဖွင့်ကြည့်ကြတာပေါ့" လုံချန်းက ပြောလိုက်သည်။
သူသည် အစွမ်းကုန် ကြိုးစားတော့မည် ဖြစ်ရာ မူဖန် ဘာတွေးနေသလဲ သိနိုင်ရန် သူနိုင်သွားလျှင်ပင် မူဖန်က သူ့ကို ဘာခိုင်းချင်သလဲဆိုသည်ကို သိလိုနေခြင်း ဖြစ်သည်။
"ကောင်းပြီလေ။ ငါ သဘောတူပါတယ်"
မူဖန်က နန်လီကုကို ကြည့်ကာ "စာရွက်နှစ်ရွက်နဲ့ ဘောပင်တစ်ချောင်း ယူလာပေးပါဦး" သူ ခိုင်းလိုက်သည်။
နန်လီကုက ခေါင်းညိတ်ပြပြီး အနောက်သို့ လျှောက်သွားသည်။ သူတို့ရှေ့တွင် မာန်တက်နေခဲ့သော လူတစ်ယောက်က အခုတော့ အစေခံတစ်ယောက်လို ခိုင်းသမျှ လုပ်ပေးနေသည်ကို မြင်ရသဖြင့် ကျိရှန်း ရင်ထဲတွင် ရယ်မောနေမိပြီး အနည်းငယ် ကျေနပ်သွားမိသည်။
ခဏအကြာတွင် နန်လီကုသည် စာရွက်နှစ်ရွက်နှင့် ဘောပင်နှစ်ချောင်း ယူဆောင်၍ ပြန်ရောက်လာသည်။
လုံချန်းက စာရွက်ပေါ်တွင် တစ်စုံတစ်ခုကို ရေးသားကာ ခေါက်လိုက်သည်။ မူဖန်ကလည်း ထိုနည်းတူ လုပ်ဆောင်သည်။
"ဒါတွေကို ဘယ်သူ့ကို ပေးထားကြမလဲ။ ဘယ်သူ့ကို ကြားနေလူအဖြစ် ထားချင်လဲ" မူဖန်က လုံချန်းကို မေးသည်။
"ဘယ်သူဖြစ်ဖြစ် ရပါတယ်။ ဝန်ထမ်းအမျိုးသမီး ပြန်လာရင် သူ့ကိုပဲ ကိုင်ထားခိုင်းလိုက်ပါ။ သူတို့က ဒါကို လဲပစ်လိမ့်မယ်လို့ ငါ မထင်ဘူး" လုံချန်းက ပြန်ဖြေသည်။
"မလိုပါဘူး... မင်းရဲ့ သူငယ်ချင်းတွေကိုပဲ ပေးထားလိုက်ပါ။ သူတို့က ဒီမှာ ရှိနေတာပဲ။ မင်းက ငါတို့ကို ယုံကြည်တယ်ဆိုမှတော့ ငါကလည်း မင်းကို ယုံကြည်တာက တရားမျှတပါတယ်" ထိုသို့ ပြောကာ မူဖန်က သူ၏စာရွက်ကို လုံချန်းထံ ကမ်းပေးလိုက်သည်။
လုံချန်းသည် ထိုစာရွက်ကို ဖွင့်မကြည့်ဘဲ ကျိရှန်းအား ကိုင်ထားရန် ပေးလိုက်သည်။
အတန်ကြာပြီးနောက် ဝန်ထမ်းအမျိုးသမီးသည် အကူအညီပေးမည့်သူများနှင့်အတူ ပြန်ရောက်လာသည်။ သူတို့သည် ခြင်းတောင်း ၃၅ တောင်းကို သယ်ဆောင်လာကြပြီး ခြင်းတောင်း တစ်တောင်းစီတွင် အနီရောင် ပွင့်လွှာ ပုံဆောင်ခဲ တစ်ခဲစီ ပါဝင်သော ပုံဆောင်ခဲ ၁၀ ခဲစီ ရှိသည်။
အခန်းထဲရှိ လူအားလုံးမှာ ဤပြိုင်ပွဲအကြောင်းကို တဖြည်းဖြည်း သိရှိသွားကြပြီး သူတို့၏ အနောက်တွင် ရပ်ကြည့်နေသူများမှာလည်း စိတ်လှုပ်ရှားစွာဖြင့် စုပြုံလာကြသည်။
ပြိုင်ပွဲဝင်တစ်ဦးမှာ ၅ ကြိမ်ဆက်တိုက် နိုင်ထားသော အံ့မခန်း ကံကောင်းသူ ဖြစ်ပြီး အခြားတစ်ဦးမှာမူ မူမျိုးနွယ်စု၏ နာမည်ကျော်ပြီး လျှို့ဝှက်ဆန်းကြယ်လှသော သခင်လေး ဖြစ်နေသည်။ အရှင်သခင် မူမျိုးနွယ်စု၏ သခင်လေးက မည်သို့ စွမ်းဆောင်ပြမည်ကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
"ကောင်းပြီ... မင်းရဲ့ ခြင်းတောင်းတွေလည်း ရောက်ပြီဆိုတော့ အခုပဲ စလိုက်ကြရအောင်" လုံချန်းက ပြောရင်း သူ၏ ဘက်မှ ပထမဆုံး ခြင်းတောင်းဆီသို့ လျှောက်သွားသည်။ မူဖန်သည်လည်း သူ၏ ခြင်းတောင်းဆီသို့ လျှောက်သွားသည်။ သူ၏ မျက်နှာမှာမူ အမူအရာ ကင်းမဲ့နေဆဲ ဖြစ်သည်။
ဝန်ထမ်းအမျိုးသမီးက မူဖန်ကိုလည်း တူတစ်ချောင်း ပေးလိုက်သည်။
စက္ကန့် ၃၀ ခန့် ကြာပြီးနောက် မူဖန်သည် ပထမဆုံး ခြင်းတောင်းထဲမှ ပုံဆောင်ခဲတစ်ခဲကို ရွေးချယ်ကာ ရှေ့ရှိ စားပွဲပေါ် တင်လိုက်သည်။ ထို့နောက် သူ၏ ခြင်းတောင်းကို ကြည့်နေဆဲဖြစ်သော လုံချန်းကို လှမ်းကြည့်လိုက်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် လုံချန်းသည်လည်း ပုံဆောင်ခဲ တစ်ခဲကို ရွေးလိုက်သည်။
"မင်း တစ်ခဲ ရွေးပြီးပြီပဲ။ ကောင်းပါတယ်၊ မင်းအရင် စလိုက်ပါ" လုံချန်းက မူဖန်၏ ရှေ့တွင် ပုံဆောင်ခဲ ရောက်နေသည်ကို မြင်သောအခါ ပြောလိုက်သည်။
မူဖန်က ဘာမှ ပြန်မပြောဘဲ တူကို ယူကာ ပုံဆောင်ခဲပေါ်သို့ ထုချလိုက်သည်။
အနီရောင် ပုံဆောင်ခဲမှာ ကွဲအက်သွားပြီး အတွင်းမှ အစိမ်းရောင် အရိပ်အယောင်လေး ပေါ်ထွက်လာခဲ့သည်။
"အံ့သြစရာပဲ။ သူ ပထမဆုံး အကြိမ်မှာတင် အနီရောင် ပွင့်လွှာ ပုံဆောင်ခဲကို ရသွားပြီ။ ဒါကတော့ စိတ်ဝင်စားဖို့ ကောင်းတော့မယ်"
"မူသခင်လေးက ကံရော ပါရမီရော သာလွန်တာ ထင်ရှားနေတာပဲ။ ဘာလို့ လူတစ်ယောက်က သူ့ကို စိန်ခေါ်ရဲတာလဲဆိုတာ ငါ တကယ် စဉ်းစားလို့ မရဘူး"
အားလုံးက မူဖန်ကို ဝိုင်းဝန်း ချီးကျူးနေကြသည်။
"မန်နေဂျာ နန်လီ... ဒါက ခင်ဗျားဆိုင်အတွက် အခွင့်အရေးကောင်းပဲ။ ဘယ်သူနိုင်မလဲ ဆိုတာအပေါ် လောင်းကြေးစဖွင့်ရင် ဘယ်လိုလဲ။ လူတွေက သူ့အပေါ်မှာ ပိုပြီး ယုံကြည်မှု ရှိနေပုံရတယ်" လုံချန်းက နန်လီကုကို ပြောလိုက်သည်။
"ကျုပ် ဘာလို့ အဲဒီလို လုပ်ရမှာလဲ။ အားလုံးက သူ့အပေါ်မှာပဲ လောင်းကြမှာဆိုတော့ ကျုပ် ရှုံးမှာပေါ့" နန်လီကုက မျက်လုံး လှန်ပြရင်း ငြင်းဆိုလိုက်သည်။
လုံချန်းက ခပ်တိုးတိုး ရယ်လိုက်ပြီး သူ၏ ရှေ့မှ ပုံဆောင်ခဲကို ထုခွဲလိုက်သည်။
လုံချန်း၏ ပုံဆောင်ခဲအတွင်းမှ အစိမ်းရောင်ကို မြင်လိုက်ရသောအခါ လူများကြားတွင် နောက်ထပ် ဆူညံသံများ ထွက်ပေါ်လာပြန်သည်။
"နောက်ထပ် အနီရောင် ပွင့်လွှာ ပုံဆောင်ခဲ တစ်ခဲ။ သူတို့ နှစ်ယောက်လုံး သရေပဲ"
"ဒီကောင်လေးက တကယ်ကို ကံကောင်းတာပဲ"
"သူ တကယ်ပဲ ဒီမှာ မဖြစ်နိုင်တာကို လုပ်ပြနိုင်မလားလို့ ငါ တွေးမိတယ်"
လုံချန်း၏ ရလဒ်ကို မြင်လိုက်ရသည်နှင့် လူများ၏ ပြောဆိုသံများမှာ ချက်ချင်း ပြောင်းလဲသွားသည်။
"ကောင်းတယ်။ ဒါက တကယ်ပဲ ပျော်စရာကောင်းပါတယ်။ ရလဒ်ကို ငါ မျှော်လင့်နေမယ်" မူဖန်က လုံချန်းကို ကြည့်ကာ ပြုံးလိုက်သည်။ လုံချန်းကလည်း ခေါင်းညိတ် ပြန်ဖြေလိုက်သည်။
သူတို့ နှစ်ယောက်လုံး ဒုတိယမြောက် ခြင်းတောင်းဆီသို့ ရွှေ့သွားကြပြီး တစ်ယောက်လျှင် ပုံဆောင်ခဲ တစ်ခဲစီ ရွေးလိုက်ကြသည်။
"ဒီတစ်ခါတော့ မင်း အရင် စလိုက်" မူဖန်က လုံချန်းကို ပြောသည်။ သူသည် တစ်လှည့်စီ လုပ်ဆောင်ရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။
လုံချန်းက ဘာမှ ပြန်မပြောဘဲ ပုံဆောင်ခဲပေါ်သို့ တူဖြင့် ထုချလိုက်သည်။ ထုံးစံအတိုင်းပင် ၎င်းမှာ အနီရောင် ပွင့်လွှာ ပုံဆောင်ခဲ ဖြစ်နေသည်။
"နောက်ထပ် အောင်မြင်မှု တစ်ခုပေါ့။ မင်း ကြွားနေတာ မဟုတ်ဘူးပဲ" မူဖန်က ပြောရင်း သူ၏ ပုံဆောင်ခဲကိုလည်း ထုခွဲလိုက်ရာ အတွင်း၌ လှပသော အစိမ်းရောင် အရိပ်အယောင်လေး ပေါ်လာခဲ့သည်။
"သူတို့က ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်အောင် လုပ်နိုင်ရတာလဲ။ ဒါက ကောင်းကင်ကို တက်လှမ်းရသလို ခက်ခဲရမှာ မဟုတ်ဘူးလား။ ဒီခြင်းတောင်းတွေက အစစ်တွေရော ဟုတ်ရဲ့လား။ သူတို့က အနီရောင် ပွင့်လွှာ ပုံဆောင်ခဲတွေနဲ့ပဲ ခြင်းတောင်းတွေကို ဖြည့်ထားတာလား။ သူတို့ ညစ်နေတာများလား" ကြည့်နေသူများထဲမှ တစ်ဦးက မရည်ရွယ်ဘဲ အော်ဟစ်လိုက်မိသည်။
နန်လီကုသည် လူများက သူ့ကို သံသယဝင်နေသည်ကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။
သူသည် မူဖန်နှင့် လုံချန်းတို့၏ ဒုတိယမြောက် ခြင်းတောင်းများကို ယူကာ ထိုစကားပြောခဲ့သူ၏ ရှေ့တွင် ချပေးလိုက်သည်။ တူတစ်ချောင်းကိုလည်း ထိုနေရာတွင် တင်ပေးလိုက်သည်။
"ကျန်တဲ့ ပုံဆောင်ခဲတွေကို ခွဲကြည့်လိုက်။ တကယ်လို့ မင်း အနီရောင် ပွင့်လွှာ ပုံဆောင်ခဲ တစ်ခဲပဲ တွေ့ရင်တောင် ငါ မင်းကို အနက်ရောင် ရွှေဒင်္ဂါး သုံးသိန်း ပေးမယ်" သူက ထိုလူကို စိုက်ကြည့်ရင်း ဟိန်းဟောက်လိုက်သည်။
ထိုလူမှာ အနည်းငယ် ကြောက်လန့်သွားသော်လည်း အနက်ရောင် ရွှေဒင်္ဂါး သုံးသိန်းဟူသော လောဘကြောင့် တူကို ကောက်ကိုင်လိုက်သည်။ သူသည် ပုံဆောင်ခဲ တစ်ခဲချင်းစီကို ယူ၍ စတင် ခွဲလေတော့သည်။
မကြာမီတွင် သူသည် ကျန်ရှိနေသော ပုံဆောင်ခဲ ၁၈ ခုစလုံးကို ခွဲလိုက်သော်လည်း အနီရောင် ပွင့်လွှာ ပုံဆောင်ခဲ တစ်ခဲမျှ ရှာမတွေ့ခဲ့ပေ။
"ဒီလူအ... ဒီနေရာက ညစ်မယ်လို့ တကယ် ထင်နေတာလား။ ဒါကို မူမျိုးနွယ်စုက ဦးစီးနေတာလေ။ သူတို့က ဒီကမ္ဘာမှာ အရိုးသားဆုံး မျိုးနွယ်စုပဲ"
"မင်း ကိုယ့်မျက်နှာကိုယ် အိုးမည်းသုတ်လိုက်တာပဲ။ အခုချက်ချင်း ဒီကနေ ထွက်သွားတော့"
"ဒီလူအ"
အစောပိုင်းက သံသယဝင်နေသူ အချို့ ရှိခဲ့သော်လည်း ယခုအခါတွင်မူ အားလုံးက ပြန်လည် ယုံကြည်သွားကြပြီး ထိုလူ့အပေါ် အပြစ်တင်ကာ နေရာမှ ထွက်ခွာသွားရန် ဖိအားပေးကြတော့သည်။
"ခင်ဗျားရဲ့ ဒေါသကို ထိန်းသင့်တယ်။ တခြားသူရဲ့ စကားတွေက ခင်ဗျားကို သက်ရောက်မှု မရှိစေနဲ့" မူဖန်က သူ့အနားသို့ ပြန်လျှောက်လာသော နန်လီကုကို ပြောလိုက်လေတော့သည်။