← Chapters

အခန်း (၄၈၃-၄၈၄)

Vol. 49 Ch. 483-484

အခန်း (၄၈၃-၄၈၄)

Vol. 49 Ch. 483-484

အခန်း (၄၈၃) မူဖန်ကို လှည့်စားခြင်း

​"ကျွန်တော် ဆင်ခြင်ပါ့မယ် သခင်လေး" နန်လီကုက ပြန်ဖြေသည်။

​"နှောင့်နှေးသွားတဲ့အတွက် တောင်းပန်ပါတယ်။ ဆက်ကြတာပေါ့" မူဖန်က နန်လီကု၏ လုပ်ရပ်ကြောင့် ကြန့်ကြာသွားသည့်အတွက် လုံချန်းကို တောင်းပန်လိုက်သည်။

​သူတို့သည် တတိယမြောက်ခြင်းတောင်းမှ ပုံဆောင်ခဲကို ရွေးချယ်ရန် ပြန်လည်အာရုံစိုက်ကြပြန်သည်။

​တတိယမြောက် ပုံဆောင်ခဲသည်လည်း အနီရောင် ပွင့်လွှာ ပုံဆောင်ခဲပင် ဖြစ်နေသည်။ သူတို့နှစ်ယောက်လုံး ထပ်မံအောင်မြင်သွားကြပြန်ပြီ။

​စတုတ္ထအကြိမ်တွင်လည်း နှစ်ယောက်လုံး အောင်မြင်ခဲ့ကြရာ နန်လီကုနှင့် ဝန်ထမ်းများမှာ မှင်သက်သွားကြရသည်။ အခန်းထဲရှိ အခြားလူများမှာလည်း သူတို့၏မျက်စိရှေ့တွင် မြင်နေရသည်ကိုပင် မယုံနိုင်အောင် ဖြစ်နေကြသည်။ သူတို့နှစ်ယောက်မှာ အနီရောင် ပွင့်လွှာ ပုံဆောင်ခဲများကို ဖောက်ထွင်းမြင်နေရသကဲ့သို့ အလွန်လွယ်ကူအောင် လုပ်ပြနေကြခြင်းဖြစ်သည်။

​"ငါ့ရဲ့ကံက ကောင်းလှပြီလို့ ထင်ထားတာ။ မင်းရဲ့ကံကလည်း ငါ့ထက်မနိမ့်သလို ပိုတောင်ကောင်းနေမလားပဲ" လုံချန်းက မူဖန်ကို ကြည့်ရင်း ပြောလိုက်သည်။

​"ဒါကို ကံလို့လည်း ခေါ်လို့ရသလို၊ တခြားအရာတစ်ခုလည်း ဖြစ်နိုင်တာပဲ" မူဖန်က ခေါင်းခါရင်း တိုးတိုးလေး ရေရွတ်သည်။

​"တချို့လူတွေက ထူးခြားကြတယ်။ တချို့လူတွေက တခြားသူတွေထက် ပိုမြင်နိုင်စွမ်း ရှိကြတယ်။ ဒီကမ္ဘာကြီးမှာ လူတွေအများကြီးရှိတဲ့အထဲမှာ တချို့က အသုံးဝင်တဲ့ ပါရမီတွေရှိကြသလို၊ တချို့ကျတော့လည်း အသုံးမကျတဲ့ ပါရမီတွေ ရှိတတ်ကြတယ်။ တချို့လူတွေက မွေးရာပါ စွမ်းအားအမျိုးမျိုးကို သုံးနိုင်ကြတယ်။ အရာအားလုံးကိုတော့ ကံတစ်ခုတည်းနဲ့ ရှင်းပြလို့မရဘူးလေ" သူက ထပ်လောင်းပြောသည်။

​"မင်းက အဲဒီလို ထူးခြားတဲ့လူတွေထဲက တစ်ယောက်လား" လုံချန်းက စူးစမ်းသည်။

​"ငါ ဖြစ်နိုင်သလို၊ မင်းလည်း ဖြစ်နိုင်တာပဲ။ ဒါက လူတစ်ယောက်က ဘာလဲဆိုတာထက် ဘယ်လိုလဲဆိုတာအပေါ်မှာ ပိုမူတည်တယ်။ လူတစ်ယောက်ကို ထူးခြားသွားစေတာက အရာများစွာ ပေါင်းစပ်မှုပဲ" ထိုသို့ ပြောကာ မူဖန်က ပဉ္စမမြောက်ခြင်းတောင်းထဲမှ ပုံဆောင်ခဲကို ရွေးလိုက်သည်။

​လုံချန်းသည်လည်း သူ၏နောက်ထပ် ပုံဆောင်ခဲကို ကောက်ယူလိုက်သည်။

​ယခုတစ်ကြိမ်တွင်လည်း သရေပင်ဖြစ်သည်။

​"ဒါဆို ကျုပ် နောက်ထပ် လက်မှတ်တစ်စောင် ထပ်နိုင်ပြန်ပြီပေါ့၊ ဟုတ်တယ်မလား" လုံချန်းက နန်လီကုကို မေးသည်။

​"ဟုတ်ပါတယ်။ ငါးကြိမ်ဆက်တိုက် နိုင်တိုင်း လက်မှတ်တစ်စောင် ရဖို့ သေချာပါတယ်။ ဒါက ကျုပ်တို့ရဲ့ တစ်နေ့တာ လက်မှတ် ၁၀ စောင် သတ်မှတ်ချက် မပြည့်မချင်း အကျုံးဝင်ပါတယ်" နန်လီကုက ဖြေသည်။

​"ကောင်းပြီ။ ကျုပ်သူငယ်ချင်းတွေ အတွက်ပါ လက်မှတ်ဝယ်ပေးချင်တာ။ ဒါပေမဲ့ ကံကိုသုံးပြီး လက်မှတ်ရတာက ပိုပြီးတော့ ကောင်းတာပေါ့" ထိုသို့ ပြောကာ လုံချန်းက ဆဌမမြောက် ပုံဆောင်ခဲကို ရွေးလိုက်သည်။

​သူတို့သည် ပုံဆောင်ခဲများကို ဆက်တိုက်ရွေးချယ် အောင်မြင်နေကြသည်။ သူတို့၏ အောင်မြင်မှုတစ်ခုချင်းစီက ဘေးမှကြည့်နေသူများကို ပို၍ပို၍ အံ့အားသင့်စေသည်။

​မကြာမီတွင် သူတို့နှစ်ယောက်လုံး ၂၅ ကြိမ်ဆက်တိုက် နိုင်သွားကြသည်။

​သူတို့နှစ်ယောက်လုံး ဤပြိုင်ပွဲတွင် အလွန်အာရုံရောက်နေသဖြင့် အခြားအရာများကို မစဉ်းစားမိကြသော်လည်း တစ်စုံတစ်ဦး၏ မှတ်ချက်စကားကြောင့် သူတို့၏ အာရုံမှာ ထိုနေရာသို့ ရောက်သွားကြသည်။ ၎င်းမှာ အလွန်ကျိုးကြောင်းဆီလျော်သော မေးခွန်းတစ်ခုပင် ဖြစ်သည်။

​"သူတို့ကို လက်မှတ် ၉ စောင်တောင် ထုတ်ပေးပြီးပြီ။ သူတို့နှစ်ယောက်လုံးက တစ်ချိန်တည်းမှာပဲ နိုင်နေတာ။ လက်မှတ်က ၁၀ စောင်ပဲ ခွင့်ပြုထားတာလေ။ ၁၀ စောင်မြောက်လက်မှတ်ကို ဘယ်သူရမှာလဲ"

​လုံချန်းသည်လည်း ထိုအချက်ကို စူးစမ်းလိုသဖြင့် နန်လီကုဘက်သို့ လှည့်ကြည့်လိုက်သည်။

​"ဒါက..." နန်လီကုသည် ဤအခြေအနေတွင် ဘာလုပ်ရမည်ကို မသိတော့ပေ။ သူတို့နှစ်ယောက်လုံးက ပုံဆောင်ခဲကို တစ်ချိန်တည်းမှာပဲ ခွဲလိုက်ကြခြင်းဖြစ်သည်။

​"သေချာတာပေါ့... သခင်လေး ရွှီရှန်ကပဲ အဲဒီလက်မှတ်ကို ရပါလိမ့်မယ်။ သူက ကျုပ်တို့ရဲ့ ဧည့်သည်လေ။ ကျုပ်ကလည်း လက်မှတ်တွေကို စိတ်မဝင်စားပါဘူး" မူဖန်က ခပ်ပြုံးပြုံးဖြင့် ဝင်ပြောလိုက်သည်။ သူသည် တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ ဆိုင်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုက်သလို နန်လီကု ဆုံးဖြတ်ချက်မှားပြီး အမှားအယွင်းမဖြစ်စေရန် သိမ်မွေ့စွာ ကူညီပေးလိုက်ခြင်းလည်း ဖြစ်သည်။

​"ငါ့မှာ လက်မှတ်တွေ အလုံအလောက် ရှိနေပါပြီ။ ငါက ၄ စောင်ပဲ လိုတာပါ။ ပိုတာတွေက အလကားပဲ ဖြစ်နေလိမ့်မယ်" လုံချန်းက ထိုကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သည်။

​"အဲဒါကို ငါ နားလည်ပါတယ်။ ငါတို့ကလည်း လက်မှတ်အများကြီး ထုတ်ပေးလို့ မရပါဘူး၊ လက်မှတ်ကို သုံးမယ့်သူတိုင်းရဲ့ မှတ်တမ်းကို ယူရမှာမို့လို့ပါ။ မင်း ပိုနိုင်ထားတဲ့ လက်မှတ်တွေအတွက် ငွေသားနဲ့ ပြန်ပေးလို့ရပါတယ်။ ပိုနေတဲ့ လက်မှတ်တစ်စောင်စီအတွက် အနက်ရောင် ရွှေဒင်္ဂါး သုံးသိန်းစီပေါ့" မူဖန်က လုံချန်းအား ဆုလာဘ်များနှင့် ပတ်သက်သော ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များကို ရှင်းပြသည်။

​လုံချန်းသည် မျက်နှာဖုံးနောက်ကွယ်တွင် မပြုံးဘဲ မနေနိုင်တော့ပေ။ သူသည် လက်မှတ်များအတွက် သူ၏ဒင်္ဂါးများ အားလုံး ကုန်သွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ယခုမူ ငွေကုန်မည့်အစား ငွေများပင် ပြန်ရနေတော့သည်။ လက်မှတ်များကိုလည်း အလကားရသည့်အပြင် ငွေပါ အပိုရနေခြင်း ဖြစ်သည်။

​"အခုတော့ ငါတို့ထဲက တစ်ယောက်ယောက်က တကယ် အနိုင်ရဦးမှာလားဆိုတာတောင် သံသယဝင်လာပြီ။ မင်းရဲ့ စွမ်းဆောင်ရည်တွေက ကံကောင်းခြင်း နတ်ဘုရားမကို မင်းအိတ်ထဲမှာ ထည့်ထားတာ မဟုတ်ဘူးဆိုရင် ဒါက ကံတရားရဲ့ အတိုင်းအတာကို ကျော်လွန်နေပြီ" မူဖန်က လုံချန်းကို ကြည့်ရင်း ပြောလိုက်သည်။

​"အဲဒါက ကံတရားရဲ့ ထူးဆန်းတဲ့ အချက်ပဲ။ ဘယ်အချိန်မှာ နည်းသွားမလဲ၊ ဘယ်လောက်အထိ ရောက်နိုင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဒါက ကံကြမ္မာလိုပဲ" လုံချန်းကလည်း ဝေဝေဝါးဝါးပင် ပြန်ဖြေလိုက်သည်။

​"မှန်ပါတယ်။ နှစ်ခုလုံးက ငါမယုံကြည်တဲ့ ရှင်းပြလို့မရတဲ့ စွမ်းအားတွေပဲ" မူဖန်က ၂၆ တောင်းမြောက် ခြင်းတောင်းထဲမှ ပုံဆောင်ခဲကို ကောက်ယူရင်း ပြောသည်။

​"တစ်ခုခုကို မယုံကြည်ရုံနဲ့ အဲဒီအရာက ပျောက်ကွယ်မသွားပါဘူး။ ဒါက စိတ်မကောင်းစရာ အမှန်တရားပဲ။ မကောင်းတဲ့ အရာတွေကို မယုံကြည်ရုံနဲ့ မပျောက်ကွယ်သွားသလိုပဲ၊ ကောင်းတဲ့ အရာတွေကိုလည်း မယုံကြည်ရုံနဲ့ ဖျောက်ဖျက်လို့ မရပါဘူး" လုံချန်းက တုံ့ပြန်လိုက်သည်။

​သူတို့၏ အပြန်အလှန် စကားပြောဆိုမှုများသည် ဘေးမှ ကြည့်နေသော သာမန်လူများအတွက်မူ နက်နဲသော သီအိုရီများကို ဆွေးနွေးနေသည့် ပညာတတ်နှစ်ဦးကဲ့သို့ပင် ထင်မှတ်နေကြသည်။

​သူတို့သည် ပုံဆောင်ခဲများကို ဆက်လက်ရွေးချယ်ခဲ့ကြရာ မကြာမီ နောက်ဆုံးခြင်းတောင်း ဖြစ်သော ၃၅ တောင်းမြောက် ခြင်းတောင်းသို့ ရောက်ရှိလာသည်။

​သူတို့နှစ်ယောက်လုံး ဤဆိုင်တွင် အကြိမ်အများဆုံး ဆက်တိုက်နိုင်သည့် စံချိန်ကို တင်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင်မူ လူတိုင်းက ဤတစ်ကြိမ်တွင်လည်း သရေပင် ဖြစ်လိမ့်မည်ဟု ယုံကြည်နေကြသည်။

​လူတိုင်းက သူတို့ကို ပုံမှန်အရာတစ်ခုလို သဘောထားနေကြပြီဖြစ်သည်။ ဤနေရာရှိ လူအားလုံး၏ မျက်စိတွင် သူတို့နှစ်ဦးမှာ အနီရောင် ပွင့်လွှာ ပုံဆောင်ခဲ ကျွမ်းကျင်သူများကဲ့သို့ပင် ဖြစ်နေသည်။

​သူတို့ နောက်ဆုံးပုံဆောင်ခဲကို အတူတူ ခွဲလိုက်ကြသည်။ ရလဒ်ကတော့ မည်သူမျှ မထင်မှတ်ထားသည် မဟုတ်ပေ။ ထပ်မံ၍ သရေပင် ဖြစ်နေပြန်သည်။

​မူဖန်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

​"ငါ့ရဲ့ ပထမဆုံး အရှုံးကို ရဖို့ မျှော်လင့်ထားတာ။ ဘာပဲဖြစ်ဖြစ် အနိုင်အရှုံး မရှိခဲ့ပေမဲ့လည်း ဒီအချိန်လေးအတွင်းမှာ ပျော်စရာတော့ ကောင်းပါတယ်" မူဖန်က သူ၏ အမူအရာ ကင်းမဲ့သော မျက်နှာဖြင့် ပြောလိုက်သည်။

​"လက်မလျှော့ပါနဲ့ဦး။ ငါ့ကို နောက်ထပ် တစ်ကြိမ်လောက် ထပ်ကြိုးစားခွင့်ပေးပါ။ တစ်ယောက်ကို နောက်ထပ် ခြင်းတောင်း တစ်တောင်းစီပေါ့။ အခုတစ်ခါတော့ အနိုင်အရှုံး ပေါ်လိမ့်မယ်လို့ ငါ ယုံကြည်တယ်။ မန်နေဂျာ နန်လီ... ကျုပ်တို့အတွက် ခြင်းတောင်း နှစ်တောင်း ယူလာပေးလို့ ရမလား" လုံချန်းက နန်လီကုကို မေးလိုက်သည်။ မျက်နှာဖုံးနောက်ကွယ်ရှိ လုံချန်း၏ မျက်နှာတွင် သိမ်မွေ့သော အပြုံးတစ်ခု ရှိနေသည်။

​"ကောင်းပြီလေ။ ခင်ဗျား အဲဒီလိုပြောမှတော့ နောက်ဆုံးတစ်ကြိမ် ထပ်လုပ်ကြတာပေါ့" မူဖန် ခေါင်းညိတ်လိုက်သည်။

​ယခုတစ်ကြိမ်တွင် နန်လီကုကိုယ်တိုင် ခြင်းတောင်းများကို သွားယူခဲ့သည်။

​သူ ပြန်ရောက်လာပြီး ခြင်းတောင်းများကို သူတို့နှစ်ဦးလုံး၏ရှေ့တွင် ချပေးလိုက်သည်။

​"ကျေးဇူးပြုပြီး စတင်နိုင်ပါပြီ။ ဒီတစ်ခါတော့ အနိုင်အရှုံး ပေါ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ထိုသို့ ပြောကာ နန်လီကု နောက်သို့ ဆုတ်သွားသည်။

​လုံချန်းသည် သူ၏ရှေ့ရှိ ခြင်းတောင်းကို ကြည့်လိုက်သည်။ သူ၏ အပြုံးမှာ ပို၍ နက်ရှိုင်းလာသည်။

​'ငါ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာပြီ' လုံချန်းက တွေးတောရင်း နန်လီကုကို သိမ်မွေ့စွာ လှမ်းကြည့်လိုက်သည်။

​"စကြမလား" မူဖန်က လုံချန်းကို မေးသည်။

​"ခဏလေး။ ငါ ဒီခြင်းတောင်းထဲက ပုံဆောင်ခဲကို မရွေးဘူး" လုံချန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။

​"ဘာလို့လဲ" မူဖန်က မျက်မှောင်ကြုတ်ရင်း မေးသည်။

​နန်လီကုသည်လည်း စိုးရိမ်စိတ်များ စတင်ဝင်ရောက်လာသည်။

​"ငါ တစ်ခု စဉ်းစားမိလို့ပါ။ ကံကြမ္မာနဲ့ ကံတရားအကြောင်းပေါ့။ အရင်က ခြင်းတောင်း ၃၅ တောင်းက ငါ့ရှေ့ ရောက်လာတာက ကံကြမ္မာဖြစ်ပြီး ပုံဆောင်ခဲ အမှန်ကို ရွေးနိုင်ခဲ့တာက ငါ့ရဲ့ ကံတရားပဲ။ မင်းအတွက်လည်း အတူတူပဲလို့ ထင်တယ်။ ဒါပေမဲ့ အခုတော့ နည်းနည်းလေး ပြောင်းလဲကြည့်ချင်တယ်။ ခြင်းတောင်းတွေကို လဲလှယ်လိုက်ကြရအောင်။ ငါ့ရဲ့ ကံကြမ္မာခြင်းတောင်းနဲ့ မင်းရဲ့ ကံတရားက နိုင်မလား၊ ဒါမှမဟုတ် မင်းရဲ့ ကံကြမ္မာခြင်းတောင်းနဲ့ ငါ့ရဲ့ ကံတရားက နိုင်မလားဆိုတာ ကြည့်ရတာပေါ့" လုံချန်းက မူဖန်ကို ပြောလိုက်သည်။

​"စိတ်ဝင်စားစရာကောင်းတဲ့ သုံးသပ်ချက်ပဲ။ ရပါတယ်" မူဖန်က ပြုံးရင်း ပြောလိုက်သည်။

​"ဒါဆို နေရာလဲလိုက်ကြတာပေါ့" ထိုသို့ ဆိုကာ သူသည် လုံချန်းရှိရာဘက်သို့ လျှောက်လာခဲ့သည်။

​လုံချန်းက ခေါင်းညိတ်ကာ မူဖန်၏ နေရာသို့ လျှောက်သွားလိုက်သည်။

​နန်လီကုသည် ရုတ်တရက် ချွေးများ စတင်ထွက်လာသည်။ သူ သူတို့ကို တားဆီးချင်သော်လည်း ယခုအခါ နောက်ကျသွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။

​လုံချန်းသည် မူဖန်၏ ခြင်းတောင်းထဲမှ ပုံဆောင်ခဲတစ်ခဲကို ရွေးလိုက်သည်။ တစ်ဖက်တွင်မူ မူဖန်သည် လုံချန်း၏ ခြင်းတောင်းရှေ့တွင် ဘာမှမလုပ်ဘဲ ကြောင်ကြည့်နေသည်။ မကြာမီတွင် သူ၏မျက်နှာ၌ မျက်မှောင်ကြုတ်တစ်ခု ပေါ်လာသည်။

​သူသည် မျက်မှောင်ကြုတ်လျက် နန်လီကုကို လှမ်းကြည့်လိုက်သည်။

​ထို့နောက် သူသည်လည်း ခြင်းတောင်းထဲမှ ပုံဆောင်ခဲတစ်ခဲကို ရွေးချယ်လိုက်သည်။

​"မင်းက ဒီပြိုင်ပွဲကို အရင်စခဲ့တာဆိုတော့၊ အဆုံးသတ်ကိုတော့ ငါ အရင်စပြီး လုပ်ပါရစေ" လုံချန်းက ရယ်မောရင်း ပုံဆောင်ခဲကို ထုခွဲလိုက်ရာ အတွင်း၌ အစိမ်းရောင်ကို ထင်ရှားစွာ မြင်တွေ့လိုက်ရလေတော့သည်။

အခန်း (၄၈၄) အထူး ခန္ဓာကိုယ် ပိုင်ရှင်

​"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူ အနီရောင် ပွင့်လွှာ ပုံဆောင်ခဲကိုပဲ ရွေးနိုင်ခဲ့တယ်။ ဒါက အံ့သြစရာတောင် မဟုတ်တော့ပါဘူး။ မူသခင်လေးရဲ့ ပုံဆောင်ခဲကလည်း အတူတူပဲ ဖြစ်မှာပါ။ နောက်ထပ် သရေတစ်ပွဲပေါ့"

​"ဟူး... သူတို့နှစ်ယောက်လုံးကတော့ ဘယ်တော့မှ အရှုံးမရှိတော့ဘူးပဲ။ သူတို့က တကယ်ကို ထူးချွန်လွန်းကြတယ်။ မူသခင်လေးနဲ့ သရေကျနိုင်တဲ့သူ ဒီကမ္ဘာမှာ ရှိနေတယ်ဆိုတာ မယုံနိုင်စရာပဲ"

​မူဖန်သည် သူ၏တူကို ကိုင်ကာ ရှေ့ရှိ အနီရောင်ပုံဆောင်ခဲကို ထုခွဲလိုက်သည်။

​ပုံဆောင်ခဲ ကွဲအက်သွားသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံးတွင် အသက်ရှူသံများပင် ရပ်တန့်သွားကြရသည်။

​မူဖန် ရှုံးနိမ့်သွားသည်ကို မြင်လိုက်ရသဖြင့် အားလုံး မှင်သက်သွားကြသည်။ ထိုပုံဆောင်ခဲမှာ အနီရောင် ပွင့်လွှယ ပုံဆောင်ခဲ မဟုတ်ပေ။ အတွင်း၌ အစိမ်းရောင် အစက်အပြောက် တစ်စက်မျှပင် မရှိပေ။

​"သူ ရှုံးသွားတာလား"

​"ဒီကောင်လေးက မူသခင်လေးကို အနိုင်ယူလိုက်တာလား"

​"မဖြစ်နိုင်တာ"

​"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

​"ငါ အိပ်မက်မက်နေတာလား"

​လူများ၏ တုံ့ပြန်မှုမှာ အမျိုးမျိုး ဖြစ်နေသော်လည်း အများစုမှာ ထိုရလဒ်ကြောင့် အကြီးအကျယ် တုန်လှုပ်နေကြသည်။

​သူတို့နှစ်ဦးစလုံး အနီရောင် ပွင့်လွှာ ပုံဆောင်ခဲများကို တစ်ကြိမ်ပြီးတစ်ကြိမ် မှန်အောင် ရွေးနိုင်ခဲ့သည်အား မြင်တွေ့ခဲ့ရသဖြင့် အောင်မြင်မှုမှာ သေချာပေါက် ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း မူဖန်၏ အရှုံးက သူတို့၏ မျှော်လင့်ချက်များကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

​မကြာမီတွင် မူဖန်က လုံချန်းကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ဆူညံသံများ ငြိမ်သက်သွားသည်။

​လေထုမှာ လေးလံထိုင်းမှိုင်းလာသည်။ ကြီးမားသော တစ်စုံတစ်ခု ဖြစ်တော့မည့်ပုံပင်။ မူဖန်ကို အနိုင်ယူလိုက်သည့်အတွက် လုံချန်း တစ်စုံတစ်ရာ ပြဿနာတက်တော့မည်လားဟု လူများက တွေးတောနေကြသည်။

​သူတို့ စိုးရိမ်နေကြစဉ်မှာပင် အခန်းထဲ၌ ရယ်မောသံတစ်သံ ဟိန်းထွက်လာသည်။ ထိုသို့ ရယ်မောနေသူမှာ မူဖန် ဖြစ်နေသည်ကို မြင်ရသောအခါ လူအုပ်ကြီးမှာ ထပ်မံ၍ အံ့အားသင့်သွားကြပြန်သည်။ တစ်ခါမျှ ရယ်မောခြင်း မရှိဟု လူသိများသော ပုဂ္ဂိုလ်က ယခုအခါတွင် ပွင့်ပွင့်လင်းလင်းနှင့် လွတ်လပ်စွာ ရယ်မောနေခြင်း ဖြစ်သည်။

​မိနစ်အနည်းငယ်ခန့် အားရပါးရ ရယ်မောပြီးနောက် မူဖန်သည် သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။

​"ကောင်းတယ်။ ဒါက အတွေ့အကြုံသစ် တစ်ခုပဲ။ မင်းက ကစားပွဲမှာရော၊ ဉာဏ်ကစားတာမှာရော အနိုင်ရသွားခဲ့တာပဲ။ ငါ တကယ် သဘောကျတယ်" မူဖန်က ပြုံးလျက် ပြောလိုက်သည်။

​"မင်းရဲ့ စာရွက်ကိုပေး။ ငါ မင်းကို ဘာပြန်ပေးရမလဲဆိုတာ ကြည့်ရအောင်" ထိုသို့ ပြောကာ သူသည် ကျိရှန်းထံသို့ လက်ကမ်းလိုက်သည်။

​ကျိရှန်းက သူ မည်သို့ လုပ်သင့်ကြောင်း သိနိုင်ရန် လုံချန်းဘက်သို့ လှည့်ကြည့်သည်။ လုံချန်းက ခေါင်းညိတ်ပြလိုက်သည်။

​"ငါ့ရဲ့စာရွက်ကို သူ့ကို ပေးလိုက်ပါ။ ငါ နိုင်သွားပြီးတော့ သူလောင်းထားတဲ့အတိုင်း လုပ်ခွင့်မပေးရင် ဒါက မူသခင်လေးကို စော်ကားရာ ရောက်လိမ့်မယ်။ သူကိုယ်တိုင်လည်း ဒါကို လက်ခံမှာ မဟုတ်ဘူးဆိုတာ ငါ သေချာတယ်" လုံချန်းက ဆိုသည်။

​ကျိရှန်းသည် လုံချန်း၏စာရွက်ကို မူဖန်အား ပေးလိုက်ပြီး မူဖန်၏စာရွက်ကိုမူ လုံချန်းထံ ပေးလိုက်သည်။

​မူဖန်သည် ကျိရှန်းထံမှ စာရွက်ကို ယူကာ ဖြန့်ကြည့်လိုက်သည်။

​သူသည် စာရွက်ပေါ်တွင် ရေးထားသည်ကို ဖတ်ကြည့်လိုက်သည်။

​ဖတ်ပြီးသည်နှင့် သူသည် ထပ်မံ၍ ရယ်မောပြန်သည်။

​အရင်က တစ်ခါမျှ မရယ်ဖူးသူက ယခု လူအများရှေ့တွင် နှစ်ကြိမ်တိုင်တိုင် ရယ်မောခဲ့ခြင်း ဖြစ်သည်။ ဤနေ့တစ်နေ့လုံးမှာ ကြည့်နေသူများအတွက် ထူးခြားဆန်းပြားလှသည်။ သူတို့သည် မဖြစ်နိုင်သော အစွမ်းအစများကို ဆက်တိုက် မြင်တွေ့ခဲ့ရသလို အခုလည်း မဖြစ်နိုင်ဟု ယူဆထားကြသည့် အရာတစ်ခုကို မြင်တွေ့နေကြရသည်။

​"သခင်လေးမူ... ငါ တောင်းဆိုထားတာကို ပေးမှာလား" လုံချန်းက မူဖန်ကို မေးသည်။

​"မင်း ဒါကို တောင်းဆိုတာ သေချာရဲ့လား။ ငါ ပိုင်ဆိုင်သမျှ ဘာမဆို မင်း တောင်းလို့ရတယ်နော်၊ ငွေကြေး၊ ဂုဏ်သိက္ခာ ဒါမှမဟုတ် ရတနာတွေကိုလည်း မင်း တောင်းဆိုနိုင်တယ်။ ထပ်ပြီး စဉ်းစားပါဦး။ တကယ်လို့ မင်း တခြားတစ်ခုခု လိုချင်ရင် ဒီတောင်းဆိုချက်ကို ပြောင်းဖို့ ငါ ခွင့်ပြုပါ့မယ်" မူဖန်က စူးစမ်းလိုသော အပြုံးဖြင့် မေးလိုက်သည်။

​"ငါက ဂုဏ်သိက္ခာကိုလည်း ဂရုမစိုက်သလို ချမ်းသာကြွယ်ဝမှုကိုလည်း ဂရုမစိုက်ပါဘူး။ ငါ လိုချင်တာကို ရေးထားပြီးသားပါ။ ငါ့တောင်းဆိုချက်ကို ရ မရ ဆိုတာကတော့ သခင်လေးမူ အပေါ်မှာပဲ မူတည်ပါတယ်" လုံချန်းက ခေါင်းခါရင်း ပြောလိုက်သည်။

​"ကောင်းပြီ" မူဖန်က ပြုံးရင်း လုံချန်းထံသို့ လျှောက်လာခဲ့သည်။ သူသည် စာရွက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

​သူသည် လုံချန်း၏ရှေ့တည့်တည့်တွင် ရပ်ကာ လက်ကမ်းပေးလိုက်သည်။

​လုံချန်းသည်လည်း သူ၏လက်ကို ကမ်းပေးလိုက်ပြီး သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

​"ငါ မူဖန်ဟာ... ငါ အသက်ရှင်နေသရွေ့ မင်းအပေါ်မှာ ဘယ်တော့မှ မပြောင်းလဲတဲ့ သူငယ်ချင်းဖြစ်ပေးမယ်လို့ ကတိပေးပါတယ်။ ငါ မင်းကို သိပ်မသိသေးပေမဲ့လည်း ငါ့ရဲ့ မူဝါဒတွေနဲ့ မဆန့်ကျင်သရွေ့ မင်း လိုအပ်သမျှ ဘာမဆို ငါ ကူညီပေးမယ်လို့ ကတိပြုတယ်" မူဖန်က ပြောလိုက်ရာ နန်လီကုမှာ မှင်သက်သွားတော့သည်။

​နန်လီကုသည် ရှေ့သို့ တိုးလာပြီး မြေပြင်ပေါ်သို့ ပစ်ချထားသော လောင်းကြေးစာရွက်ကို ကောက်ယူလိုက်သည်။

​သူသည် တိုးတိုးလေး ဖတ်ကြည့်လိုက်သည်။

​"ဒီနေ့ ငါ သူ့ကို မနိုင်ခင်အထိ အရှုံးကို တစ်ခါမှ မမြည်းစမ်းဖူးတဲ့ လူတစ်ယောက်ရဲ့ သူငယ်ချင်းဖြစ်ချင်တယ်"

​နန်လီကုသည် လုံချန်းကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ အဘယ်ကြောင့်မှန်း မသိသော်လည်း အရာအားလုံးမှာ လုံချန်း၏ အစီအစဉ်အတိုင်း ဖြစ်နေသကဲ့သို့ပင်။ သူ၏ ကိုယ်ပိုင်လုပ်ရပ်များပင်လျှင် လုံချန်း၏ ဆန္ဒအတိုင်း ဖြစ်နေခဲ့သည်။

​"ငါလည်း အဲဒီအတိုင်း ကတိပေးပါတယ်" လုံချန်းက ပြန်ဖြေလိုက်သည်။

​ဘေးမှ ကြည့်နေသူများမှာလည်း အံ့သြဝမ်းသာဖြစ်ကာ သူတို့နှစ်ဦးအတွက် လက်ခုပ်တီး ဂုဏ်ပြုပေးကြသည်။

​"အပေါ်ထပ်ကို သွားကြရအောင်" မူဖန်က လုံချန်း၏လက်ကို လွှတ်လိုက်ပြီးနောက် ပြောလိုက်သည်။

​မူဖန်သည် သူ ပုံဆောင်ခဲ ရွေးချယ်ခဲ့သည့် ၃၆ တောင်းမြောက် ခြင်းတောင်းကို ယူလိုက်သည်။

​လုံချန်း၊ သူ၏သူငယ်ချင်းများနှင့် နန်လီကုတို့သည် အပေါ်ထပ်သို့ တက်လာခဲ့ကြသည်။

​"အားလုံးအတွက် ထိုင်ခုံတွေ စီစဉ်ပေးလိုက်" မူဖန်က နန်လီကုကို ခိုင်းလိုက်သည်။

​နန်လီကုသည် အစေခံအချို့ကို ချက်ချင်းခေါ်ကာ ထိုင်ခုံများ စီစဉ်ပေးစေသည်။

​မကြာမီ လူတိုင်းအတွက် ကုလားထိုင်များ အဆင်သင့် ဖြစ်သွားသည်။

​မူဖန်သည် ကုလားထိုင်တစ်လုံးတွင် ထိုင်လိုက်ပြီး ခြင်းတောင်းကို သူ၏ရှေ့တွင် တင်လိုက်သည်။

​"ဒီပုံဆောင်ခဲတွေကို ခွဲပြပါ။ ဒါတွေထဲက ဘယ်တစ်ခုက အနီရောင် ပွင့်လွှာ ပုံဆောင်ခဲလဲဆိုတာ ကျုပ် မြင်ချင်တယ်" သူက နန်လီကုကို ပြောလိုက်သည်။

​နန်လီကုသည် ခြင်းတောင်းနှင့် မူဖန်ကို တစ်လှည့်စီ ကြည့်နေမိသည်။

​"ခင်ဗျား လုပ်မှာလား၊ ဒါမှမဟုတ် ကျုပ်ကိုယ်တိုင် လုပ်ရမှာလား" မူဖန်က ထပ်မေးသည်။

​နန်လီကုသည် ရှေ့သို့ မတိုးလာဘဲ ဒူးထောက်၍ ဝပ်စတွားလိုက်သည်။

​"ကျွန်တော့်ကို ခွင့်လွှတ်ပါ သခင်လေး။ ကျွန်တော် မှားသွားပါတယ်" နန်လီကုက စတင် တောင်းပန်တော့သည်။

​"ကျုပ်က ခင်ဗျားကို ဘာလို့ ခွင့်လွှတ်ရမှာလဲ ရှင်းပြနိုင်မလား။ တခြားသူတွေ ကြားအောင်ပဲ ပြောလိုက်ပါ" မူဖန်က ဆိုသည်။

​ဤနေရာတွင် လုံချန်း၊ ကျိရှန်း၊ မင်ယု နှင့် ကျိချင်းတို့မှလွဲ၍ အခြား ပြင်ပလူ မရှိပေ။

​"ကျွန်တော် သူ့ကိုပေးလိုက်တဲ့ ခြင်းတောင်းထဲမှာ အနီရောင် ပွင့်လွှာ ပုံဆောင်ခဲ တစ်ခဲမှ မပါပါဘူး။ သခင်လေး နိုင်အောင်လို့ ကျွန်တော် လိမ်လည်ခဲ့တာပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ သခင်လေး" နန်လီကုက သူ၏ဦးခေါင်းဖြင့် ကြမ်းပြင်ကို စောင့်ကာ တောင်းပန်နေတော့သည်။

​ကျိရှန်း၊ မင်ယု နှင့် ကျိချင်းတို့မှာ ဤအကြောင်းကို မသိခဲ့ကြသဖြင့် အံ့အားသင့်သွားကြသော်လည်း၊ လုံချန်းမှာမူ ရှင်းရှင်းလင်းလင်း သိထားခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် မူဖန်နှင့် ခြင်းတောင်းများကို လဲလှယ်ခိုင်းခဲ့ခြင်း ဖြစ်သည်။

​"ဟူး... ခင်ဗျားဆီကနေ ဒါမျိုး ကျုပ် မမျှော်လင့်ထားဘူး။ တကယ်လို့ ကျုပ်သာ ဒီခြင်းတောင်းရှေ့မှာ မရှိခဲ့ရင် ဒါကို ကျုပ် သိမှာ မဟုတ်ဘူး" မူဖန်က သက်ပြင်းချလိုက်သည်။

​"ခင်ဗျားရဲ့ ပြစ်ဒဏ်ကိုတော့ နောက်မှ ကျုပ် ဆုံးဖြတ်မယ်။ သူက ဒီသတင်းကို တခြားသူတွေဆီ မပြန့်အောင် လုပ်ပေးခဲ့လို့သာ ဝမ်းသာလိုက်ပါ။ ဒါက မူမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို ဘယ်လောက် ထိခိုက်စေမလဲဆိုတာ ခင်ဗျား စဉ်းစားလို့တောင် မရနိုင်ဘူး။ အဲဒီလိုသာ ဖြစ်ခဲ့ရင် ခင်ဗျားကို ဦးလေးက သတ်ပစ်မှာ သေချာတယ်။ ခင်ဗျား ရွှီရှန်ကို ကျေးဇူးတင်ရမယ်။ ခင်ဗျား ပြစ်ဒဏ်တော့ ခံရဦးမှာပဲ၊ ဒါပေမဲ့ ဒီသတင်းက အဖေ့ဆီအထိ ရောက်မှာ မဟုတ်တော့ဘူး" သူက နန်လီကုကို ပြောလိုက်သည်။

​"ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူး... ကျေးဇူးတင်ပါတယ်" နန်လီကုက လုံချန်းကို ကျေးဇူးတင်စကား ဆိုလိုက်သည်။

​"ရပါတယ်၊ ကျုပ်လည်း ဘယ်သူ့ရဲ့ ဂုဏ်သိက္ခာကိုမှ မဖျက်ဆီးချင်ပါဘူး" လုံချန်းက ပြန်ဖြေသည်။

​"ပြန်သွားတော့၊ ပြီးတော့ ဒီအခန်းထဲကို ဘယ်သူမှ မဝင်စေနဲ့" မူဖန်က နန်လီကုကို အမိန့်ပေးလိုက်သည်။

​နန်လီကုသည် အမိန့်ကို နာခံကာ ထွက်သွားခဲ့သည်။

​"သူတို့က မင်းရဲ့ သူငယ်ချင်းတွေ ထင်တယ်။ တကယ်လို့ အရမ်းကြီး မရင်းနှီးဘူးဆိုရင် သူတို့ကို ထွက်ခိုင်းလိုက်ပါ။ ငါ အရေးကြီးတဲ့ ကိစ္စအချို့ ပြောချင်လို့" မူဖန်က လုံချန်းကို ကြည့်ရင်း ပြောလိုက်သည်။

​"သူတို့က ငါ့ရဲ့ မိသားစုဝင်တွေပါ။ သူတို့ ဘာမဆို သိလို့ရပါတယ်" လုံချန်းက မူဖန်ကို ပြန်ဖြေလိုက်သည်။

​မူဖန်က ခေါင်းညိတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။

​"ကောင်းပြီ။ ငါ သိချင်တာက မင်းမှာလည်း ငါ့လိုမျိုး အထူး ခန္ဓာကိုယ် ရှိနေတာလား ဆိုတာပဲ" သူက လုံချန်းကို မေးလိုက်သည်။

​"အထူး ခန္ဓာကိုယ် ဟုတ်လား" လုံချန်းက နားမလည်စွာ ရေရွတ်လိုက်သည်။

​"တချို့လူတွေက သူတို့ကို အထူးစွမ်းအားတွေနဲ့ ထူးခြားချက်တွေ ပေးစွမ်းနိုင်တဲ့ အထူး ခန္ဓာကိုယ်တွေနဲ့ မွေးဖွားလာကြတာ။ ဒီလိုလူတွေက အလွန်ရှားပါးပြီး လူနည်းနည်းမှာပဲ ရှိတတ်ကြတယ်။ သူတို့ကို ကောင်းကင်က ကောင်းချီးပေးထားတဲ့သူတွေ လို့လည်း ခေါ်ကြတယ်" ရွှင်း၏ အသံက လုံချန်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်ကာ ဖြေကြားပေးလိုက်သည်။

​"မင်းမှာ အထူး ခန္ဓာကိုယ် ရှိတာလား" လုံချန်းက မူဖန်ကို မေးလိုက်သည်။

​"ငါ့မှာ ရှိတယ်။ အဲဒါကြောင့်လည်း ပုံဆောင်ခဲတွေရဲ့ အမှန်တရားကို မြင်နိုင်ပြီး အမှန်တွေကို ရှာတွေ့နိုင်တာပေါ့။ မင်းမှာလည်း အထူး ခန္ဓာကိုယ် ရှိလိမ့်မယ်လို့ ငါ ယုံကြည်တယ်" မူဖန်က ပြောလိုက်လေတော့သည်။

All Chapters