← Chapters

အခန်း (၄၈၉-၄၉၀)

Vol. 49 Ch. 489-490

အခန်း (၄၈၉-၄၉၀)

Vol. 49 Ch. 489-490

အခန်း (၄၈၉) အတိတ်ဘဝမှ လူသား

​လုံချန်းနှင့် အခြားသူများသည် လှေကားမှတဆင့် သင်္ဘောကုန်းပတ်ပေါ်သို့ တက်လာခဲ့ကြသည်။

​သင်္ဘောမှာ ရှည်လျားကျယ်ဝန်းပြီး ပိုမိုကောင်းမွန်သော ဘဝသစ်ကို ရှာဖွေရန် မျှော်လင့်ချက်ဖြင့် အလင်းကောင်းကင်တိုက်ကြီးသို့ သွားကြမည့် လူအများအပြားနှင့် ပြည့်နှက်နေသည်။ သင်္ဘောကုန်းပတ်မှာလည်း လုံချန်းကို စိတ်ပျက်စေခြင်း မရှိပေ။

​သင်္ဘောကို အကာအကွယ်ဖြင့် ဝန်းရံထားသော်လည်း ၎င်းမှာ လေဝင်လေထွက်အား တားဆီးထားခြင်း မရှိပေ။ ကုန်းပတ်ပေါ်ရှိ လူတိုင်းသည် အေးမြသော လေပြည်လေညှင်းကို ခံစားနေကြရသည်။

​လုံချန်း ကုန်းပတ်ပေါ်သို့ ခြေချလိုက်သည်နှင့် အပေါ်တွင် လှပသော ကောင်းကင်ယံကြီးကို တွေ့လိုက်ရသည်။ ကောင်းကင်မှာ အဝါရောင်သန်းနေပြီး မွန်းလွဲပိုင်းသာ ရှိသေးသော်လည်း ညနေခင်းနှင့် တူနေသည်။ မိုးကုတ်စက်ဝိုင်း၏ အစွန်ဆုံးတွင်လည်း သက်တန့်တစ်စင်းကို မြင်နေရသည်။

​သူသည် အေးစိမ့်သော ပင်လယ်လေပြည်က သူ၏ အသားအရေကို ပွတ်တိုက်သွားသည်အား ခံစားလိုက်ရပြီး စိတ်ထဲတွင် လန်းဆန်းသွားသည်။

​ကုန်းပတ်ပေါ်တွင် လူရာနှင့်ချီ၍ ရှိနေနှင့်ပြီ ဖြစ်သည်။ အချို့မှာ သက်ကြီးရွယ်အိုများ ဖြစ်ကြသလို အချို့မှာလည်း လူငယ်များ ဖြစ်ကြသည်။

​"သူတို့အားလုံး ပိုကောင်းတဲ့ ဘဝတစ်ခု ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အလင်းကောင်းကင်တိုက်ကြီးကို သွားနေကြတာပဲ။ တကယ့်လက်တွေ့မှာတော့ အများစုက အဲဒီလို ဖြစ်မလာနိုင်ဘူးဆိုတာကို သူတို့ မသိကြဘူး" ကျိရှန်းက လူအုပ်ကြီးကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

​"သူတို့က အလင်းကောင်းကင်တိုက်ကြီးမှာ နေထိုင်နိုင်မယ့် အခြေအနေ ရှိကြလို့ သွားကြတာနေမှာပါ။ ဒီမှာ ဆင်းရဲတဲ့သူ တစ်ယောက်မှ ပါမယ်မထင်ဘူး။ သူတို့ အများစု မျှော်လင့်ထားသလို ဖြစ်မလာရင်တောင် သင့်တင့်တဲ့ ဘဝတစ်ခုကိုတော့ ဖြတ်သန်းနိုင်ကြမှာပါ။ ကောင်းမွန်တဲ့ ဘဝတစ်ခုဆိုတာ အမြဲတမ်း တန်ဖိုးကြီးတာပဲလေ" လုံချန်းက ပြန်ပြောလိုက်သည်။

​"သူတို့ အများစုကတော့ အဲဒီရောက်ရင် မြင်ရတဲ့ အရာတွေအပေါ် စိတ်ပျက်သွားကြမှာပဲ" သူက ထပ်လောင်းပြောသည်။ "ငါ့အထင်တော့ သူတို့ထဲက လူနည်းစုပဲ ထူးထူးခြားခြား အောင်မြင်မှု ရလိမ့်မယ်"

​"ဟမ်... နင် စကားပြောတာက တခြားသူတွေ အားလုံးက လူအ,ပဲ ဖြစ်နေသလိုလို၊ နင် တစ်ယောက်တည်းကပဲ လူတော် ဖြစ်နေသလိုလို။ တကယ့် ကြွားလုံးကြီးတဲ့သူပဲ။ ကိုယ့်ရဲ့ အရုပ်ဆိုးတဲ့ မျက်နှာကိုတောင် မပြရဲဘဲနဲ့ တခြားသူတွေ ဘာမှ မအောင်မြင်နိုင်ဘူးလို့ ပြောဖို့ နင့်မှာ အခွင့်အရေး ရှိတယ်လို့ ထင်နေတာလား။ နင့်ကို ဘယ်သူက ဒီလောက် စကားကြီး စကားကျယ် ပြောခွင့်ပေးထားလို့လဲ"

​လုံချန်းမှာ ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးလိုက်ခြင်း ဖြစ်သော်လည်း သူ၏စကားများကို အနီးအနားရှိ လူအချို့ ကြားသွားကြသည်။ သူတို့အားလုံး မျက်မှောင်ကြုတ်သွားကြသော်လည်း မည်သူမျှ ဘာမှမပြောပေ။ သို့သော် မိန်းကလေးတစ်ဦးကမူ လုံချန်းကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်တော့သည်။

​ထိုမိန်းကလေးမှာ အသက် ၂၀ အစောပိုင်းခန့် ရှိပုံရသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အမျိုးသားအများစုကို ဆွဲဆောင်နိုင်လောက်အောင် တောင့်တင်းလှပသော်လည်း လုံချန်းကမူ ဂရုမစိုက်ပေ။ သူသည် သူမ၏ မျက်နှာကိုသာ ကြည့်လိုက်မိပြီး စိတ်ဝင်စားသွားသည်။

​သူမ၏ မျက်နှာက သူ့အား ဟိုယခင်က သိခဲ့ဖူးသော တစ်စုံတစ်ယောက်ကို သတိရစေသည်။

​သူ၏ အတိတ်ဘဝတွင် အတန်းထဲ၌ သူတစ်ပါးကို အမြဲ နှိပ်စက်တတ်သော မိန်းကလေးတစ်ဦး ရှိခဲ့သည်။ ထိုမိန်းကလေးမှာ လုံချန်းကိုလည်း ရံဖန်ရံခါ အနှောင့်အယှက် ပေးတတ်သည်။ ယခု မိန်းကလေးက ထိုသူနှင့် အလွန်တူနေခြင်း ဖြစ်သည်။ သူမ၏ ရုပ်ရည်မှာ ထပ်တူနီးပါးပင်။

​"နင့် နာမည်က လီနာလား" လုံချန်းက သူမကို မေးလိုက်သည်။

​"နင် ဘာတွေ လာပြောနေတာလဲ။ ရူးနေတာလား" ထိုမိန်းကလေးက သူ့ကို ထူးဆန်းသလို ကြည့်ကာ ပြန်မေးသည်။

​"နင်က ငါသိတဲ့ လူတစ်ယောက်နဲ့ တူနေလို့ပါ" လုံချန်းက ခေါင်းခါရင်း ပြောလိုက်သည်။

​"ဟင့်... ဒီလို စကားမျိုးတွေကို ငါ မကြားဖူးဘူး ထင်နေလား။ ယောက်ျားလေးတွေက အကုန် အတူတူပဲ။ ချောတဲ့ မိန်းကလေး တွေ့ပြီဆိုရင် ဒီလို အောက်တန်းကျတဲ့ စကားမျိုးတွေ သုံးတော့တာပဲ။ သွားစမ်း... နင့်လို လူမျိုးတွေအတွက် ငါ့အချိန်တွေ အကုန်မခံနိုင်ဘူး။ နောက်တစ်ခါ စကားပြောရင် ဆင်ခြင်" ထိုမိန်းကလေးက ရွံရှာဖွယ် မျက်နှာထားဖြင့် ပြောလိုက်သည်။

​သူမ လှည့်ထွက်သွားရန် ပြင်လိုက်စဉ် လုံချန်း၏ တုံ့ပြန်စကားကြောင့် သူမ၏ ဒေါသများမှာ အဆုံးစွန် ထိ ရောက်သွားတော့သည်။

​"ငါ နင့်ကို ကြောင်ချင်တာ မဟုတ်ဘူး။ တကယ်တော့ နင်နဲ့ ရုပ်ချင်းတူတဲ့ လူတွေနဲ့တောင် ဝေးဝေးနေချင်တာပါ" လုံချန်းက သူမကို ပြောလိုက်သည်။ လုံချန်း ဆိုလိုသည်မှာ သူ၏ အတိတ်ဘဝကို သတိရစေသော လူများနှင့် ဝေးဝေးနေချင်ခြင်း ဖြစ်သော်လည်း ထိုမိန်းကလေးကမူ ၎င်းကို စော်ကားခြင်းဟု ထင်မှတ်သွားသည်။

​"ငါက အရုပ်ဆိုးတယ်လို့ နင် ပြောချင်တာလား။ နင့်လို ကောင်မျိုးကများ... သေချင်နေပြီ ထင်တယ်" ထိုမိန်းကလေးက ဒေါသတကြီး အော်ဟစ်ကာ နောက်သို့ လှည့်လာသော်လည်း လုံချန်းက သူမကို ဂရုမစိုက်ဘဲ သင်္ဘော၏ အခြားတစ်ဖက်သို့ လျှောက်သွားသည်ကို မြင်ရသောအခါ သူမ ပို၍ ဒေါသထွက်သွားသည်။

​"ကောင်းပြီလေ။ မာနကြီးနေလိုက်။ နင့်ကို ငါ ပြလိုက်မယ်" ထိုမိန်းကလေးသည် ကြမ်းပြင်ကို ခြေဆောင့်နင်းကာ ထွက်သွားတော့သည်။

​လုံချန်းနှင့် အခြားသူများသည် ပင်မကုန်းပတ်ဆီသို့ လျှောက်သွားကြပြီး လက်ရန်းများကို ကိုင်ကာ အစွန်းတွင် ရပ်လိုက်ကြသည်။

​"ရေတွေက ဘာလို့ ဒီလောက် နက်မှောင်နေရတာလဲ" ကျိချင်းက အနက်ရောင် ရေပြင်ကို ကြည့်ကာ မေးလိုက်သည်။

​"ငါတို့ အခု အနက်ရောင် ရွှံ့နွံဒေသလို့ ခေါ်တဲ့ နေရာကို ရောက်နေတာ။ ဒီပင်လယ်ပိုင်းက ရေတွေက အနက်ရောင် ဖြစ်နေတာပဲ။ ဘာကြောင့်လဲဆိုတာ ဘယ်သူမှ အတိအကျ မသိပေမဲ့၊ ဒါက ပင်လယ်ထဲမှာ အဘေးကင်းဆုံး နေရာတွေထဲက တစ်နေရာပဲ။ ငါ ကြားဖူးသလောက်တော့ ဒီဒေသထဲ ရောက်နေတဲ့ သင်္ဘောတွေ တစ်ခါမှ အန္တရာယ် မဖြစ်ဖူးဘူး" လုံချန်းက ရှင်းပြလိုက်သည်။

​"ဪ... ဒါဆို တခြား ပင်လယ်ဒေသတွေက ဘာတွေ ရှိသေးလဲ" ကျိချင်းက ထပ်မေးသည်။

​" 'ကြည်လင် ပင်လယ်ဆိုတာ ရှိတယ်။ အဲဒီမှာ ပင်လယ်သားရဲတွေနဲ့ ပြည့်နေတာ။ အဲဒါက သင်္ဘောတွေအတွက် အန္တရာယ်အရှိဆုံး နေရာတွေထဲက တစ်နေရာပဲ။ အဲဒီဒေသထဲ ရောက်ရင် သင်္ဘော တိုက်ခိုက်ခံရဖို့ အခွင့်အလမ်း အများဆုံးပဲ။ အဲဒီရောက်ရင် နင် မြင်ရလိမ့်မယ်။ အဲဒီမှာတော့ အနည်းဆုံး သားရဲတစ်ကောင်ရဲ့ တိုက်ခိုက်မှုကိုတော့ ရင်ဆိုင်ရလေ့ရှိတယ်" လုံချန်းက ပြန်ဖြေသည်။

​"နောက်ပြီး မငြိမ်မသက် ပင်လယ်ဆိုတာလည်း ရှိသေးတယ်။ အဲဒီနေရာက ပင်လယ်ဓားပြသင်္ဘောတွေ လှည့်လည်သွားလာနေတဲ့ နေရာပေါ့။ ငါတို့ ကံကောင်းရင် အဲဒီမှာ ပင်လယ်ဓားပြတွေကို တွေ့ရလိမ့်မယ်" လုံချန်းက ဖြေလိုက်သည်။ "ဒါပေမဲ့ ရံဖန်ရံခါမှာတော့ ပင်လယ်ဓားပြတွေကို မငြိမ်မသက် ပင်လယ်ထဲမှာတင် မကဘဲ အနက်ရောင် ရွှံ့နွံဒေသထဲမှာလည်း တွေ့နိုင်တာပဲ။ ဒါပေမဲ့ သူတို့ကတော့ များသောအားဖြင့် မငြိမ်မသက် ပင်လယ်ထဲမှာပဲ နေကြတာ များတယ်။ အဲဒီမှာက လေပြင်းတွေ တိုက်ခတ်နေတာကြောင့် ငါတို့လို သင်္ဘောကြီးတွေက မြန်မြန် မသွားနိုင်ဘူး။ အဲဒါကို သူတို့က အခွင့်ကောင်းယူကြတာပေါ့" သူက ဆက်လက် ရှင်းပြသည်။

​"ဒီပင်လယ်ဒေသတွေက ပုံသေ အစဉ်လိုက် ရှိနေတာလား" ကျိချင်းက ထပ်မေးပြန်သည်။

​"ပုံသေတော့ ရှိတယ်၊ ဒါပေမဲ့ မှတ်ရတာ တော်တော် ခက်တယ်။ ဒေသ သုံးခုက အစဉ်လိုက် ဖြစ်ပေါ်နေတာ မဟုတ်ဘူး။ ပင်လယ်ထဲမှာ အနက်ရောင် ရွှံ့နွံဒေသတွေ အများကြီး ရှိသလို၊ အဲဒီကြားထဲမှာ ကြည်လင် ပင်လယ်တွေနဲ့ မငြိမ်မသက် ပင်လယ်တွေ ရောနှောနေတာ။ အဓိကကတော့ တစ်ခုခု မှားယွင်းမသွားသရွေ့ ငါတို့ ဒီသင်္ဘောပေါ်မှာ ဘေးကင်းပါတယ်။ အကာအကွယ်က ဘေးအန္တရာယ် တော်တော်များများကို တားဆီးပေးမှာပါ" လုံချန်းက ရှင်းပြသည်။

​"ဒါပေမဲ့ အကာအကွယ်မှာလည်း အကန့်အသတ်တွေ ရှိတာပဲ။ တိုက်ခိုက်မှုက ပြင်းထန်လွန်းရင် အကာအကွယ်က ပျက်စီးသွားနိုင်တယ်။ နောက်ပြီး ဒါက အပြင်က အရာတွေကို ဝင်မလာအောင်ပဲ တားနိုင်တာ၊ အထဲက အရာတွေ အပြင်ထွက်တာကိုတော့ မတားနိုင်ဘူး။ တကယ်လို့ နင် သင်္ဘောပေါ်ကနေ ပြုတ်ကျသွားရင် ပင်လယ်ထဲ ကျသွားမှာ ဖြစ်ပြီး အထဲကို ပြန်ဝင်လို့ ရမှာ မဟုတ်တော့ဘူး"

​"ဒါကြောင့် ကျင့်ကြံသူတွေက သားရဲတွေကို တိုက်ဖို့ အပြင်ထွက်လို့ မရဘူး။ သူတို့က ဒီအကာအကွယ် အပြင်ကို မထွက်ချင်ဘူးဆိုရင်တော့ အထဲမှာပဲ နေလို့ရတယ်" သူက သက်ပြင်းချရင်း ပြောလိုက်သည်။

​"ဒါက ဆိုးတာပဲ။ ဒါဆို ပြဿနာတက်လာရင် လူတွေက သားရဲတွေ ဒါမှမဟုတ် ပင်လယ်ဓားပြတွေ စိတ်ကုန်ပြီး ထွက်သွားဖို့ပဲ ဆုတောင်းနေရမှာပေါ့။ ဘယ်သူမှ အပြင်မထွက်နိုင်မှတော့ သူတို့က အကာအကွယ်ကို ဆက်တိုက် တိုက်ခိုက်နေတာကို ဘယ်သူက တားမှာလဲ" ကျိချင်းက ထပ်မံ စူးစမ်းသည်။

​"အဲဒါတင် မဟုတ်သေးဘူး။ သင်္ဘောပေါ်မှာ တိုက်ခိုက်ရေး အစီအရင်တွေလည်း ထည့်သွင်းထားတယ်။ ဘယ်သူမှ အပြင်ထွက်စရာ မလိုဘဲ တိုက်ခိုက်နိုင်တာပေါ့။ ဒါပေမဲ့ အဲဒီအစီအရင်တွေ ပျက်စီးသွားပြီဆိုရင်တော့ ဒီထဲကလူတွေဟာ အသတ်ခံဖို့ စောင့်နေရတဲ့ ဘဲလေးတွေလို ဖြစ်သွားမှာပေါ့" လုံချန်းက နောက်ပြောင်ရင်း ခေါင်းခါလိုက်သည်။

​"အမှန်တရားတာအိုဂိုဏ်းနဲ့ ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်းတို့ရဲ့ သင်္ဘောတွေက တိုက်ခိုက်ရေးအစီအရင်တွေကတော့ အကောင်းဆုံးတွေပဲ၊ ဒါကြောင့် အဲဒီလို ပြဿနာမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး" ကျိရှန်းက ဝင်ပြောသည်။

​"ဖြစ်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါတို့ တိုက်ခိုက်ခံရမှာတော့ သေချာတယ်။ ပင်လယ်ဓားပြတွေနဲ့ သားရဲတွေက ဒီသင်္ဘောက ဘယ်သူ့ပိုင်လဲဆိုတာ ဂရုမစိုက်ကြဘူးလေ။ ဘာပဲဖြစ်ဖြစ် ဘေးကင်းမှာပါ။ ငါက မဖြစ်နိုင်တဲ့ အခြေအနေတွေကို ပြောပြနေတာပါ" လုံချန်းက ပြန်ပြောလိုက်သည်။

​"ဟိုမှာပဲ။ အဲဒီလူပဲ"

​အနောက်မှ မိန်းကလေးတစ်ဦး၏ ကျယ်လောင်သော အော်သံ ထွက်ပေါ်လာသည်။

​လုံချန်း နောက်သို့ လှည့်ကြည့်လိုက်ရာ ကုန်းပတ်ပေါ် စတက်ချင်းက တွေ့ခဲ့သည့် ထိုမိန်းကလေးကိုပင် တွေ့လိုက်ရသည်။ စော်ကားခံရသည်ဟု ထင်မှတ်ကာ ထွက်သွားခဲ့သည့် ထိုမိန်းကလေးပင် ဖြစ်သည်။

​ထိုမိန်းကလေးသည် သူမဘေးတွင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသော အသက် ၂၀ နှောင်းပိုင်းခန့်ရှိ အမျိုးသားတစ်ဦးနှင့်အတူ ရပ်နေလေတော့သည်။

အခန်း (၄၉၀) ဘေးထွက်ဆိုးကျိုးများ စတင်လာခြင်း

​"ဒီကောင်စုတ်... မင်းလား ငါ့ညီမကို စော်ကားခဲ့တဲ့ကောင်။ မင်း ဘယ်လောက်ကြီးမားတဲ့ အပြစ်ကို ကျူးလွန်လိုက်မိလဲဆိုတာ သိလား။ အခုချက်ချင်း ငါ့ညီမကို ဒူးထောက်တောင်းပန်ပြီး မင်းရဲ့လက်တစ်ဖက်ကို ကိုယ့်ဘာသာ ချိုးလိုက်စမ်း။ ဒါမှ ငါတို့ မင်းကို ခွင့်လွှတ်ပေးမယ်။ မဟုတ်ရင်တော့ ဒီနေ့ မင်း အသက်ပျောက်ရလိမ့်မယ်" ထိုလူငယ်က လုံချန်းကို မောက်မာစွာ ကြည့်ရင်း အော်ဟစ်လိုက်သည်။

​လုံချန်းကမူ သူ့ကို အရေးမလုပ်ဘဲ ကျိရှန်းနှင့်အတူ ပင်လယ်အကြောင်းကိုသာ ဆက်လက် ပြောဆိုနေသည်။ ထိုလူငယ်မှာ သူ၏ အာရုံစိုက်မှုကို ခံယူရန်ပင် မထိုက်တန်ဟု သူ ယူဆထားသည်။

​"ငါ ပြောတာကို မကြားဘူးလား" လူငယ်က ထပ်မံ အော်ဟစ်ပြန်သည်။

​နောက်ဆုံးတွင် လုံချန်းသည် ထိုလူငယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

​"ငါ မင်းကို အချက်နှစ်ချက် ပြောပြမယ်။ ပထမအချက်က ငါ မင်းညီမကို စော်ကားဖို့ ဘာမှမလုပ်ခဲ့ဘူး၊ မင်းညီမက အရူးမပဲ။ ဒုတိယအချက်ကတော့... ငါ တကယ်ပဲ တစ်ခုခု လုပ်ခဲ့ရင်တောင် မင်းလို အားနည်းတဲ့ကောင်က ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ပြန်သွားလိုက်တော့" လုံချန်းက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

​ထိုလူငယ်၏ ကျင့်ကြံခြင်းအဆင့်မှာ မြေကမ္ဘာအဆင့် ၁ သာ ရှိပြီး ၎င်းမှာ လုံချန်းနှင့် သူ၏အဖွဲ့ထက် များစွာ အားနည်းနေသည်ကို သူ မြင်နိုင်သည်။

​ယခုအချိန်တွင် ကျိချင်းပင်လျှင် မြေကမ္ဘာ အဆင့် ၂ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တစ်ဖက်တွင် ကျိရှန်းမှာ မြေကမ္ဘာ အဆင့် ၈ ရှိပြီး၊ မင်ယုမှာလည်း လုံချန်းနှင့် တန်းတူ အဆင့် ၈ တွင် ရှိနေသည်။

​ထိုလူငယ်မှာ သူတို့အတွက်တော့ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။

​"မင်းက တော်တော် လေကြီးတာပဲ၊ မင်းမှာ ဘာအရည်အချင်းရှိလို့ ဒီလောက် ထောင်လွှားနေလဲဆိုတာ ငါ ကြည့်ချင်သေးတယ်" ထိုသို့ ပြောကာ ထိုလူငယ်သည် လုံချန်းကို လက်သီးဖြင့် ထိုးလိုက်သည်။

​လုံချန်းသည် သူ၏လက်ကို ပေါ့ပေါ့ပါးပါးပင် လှုပ်ရှားလိုက်ပြီး လူငယ်၏လက်ကို ဖမ်းဆွဲကာ သင်္ဘောလက်ရန်းဘက်သို့ လွှင့်ပစ်လိုက်သည်။

​"ငါ တစ်ချက်တည်း တွန်းလိုက်ရုံနဲ့ မင်း ပင်လယ်ထဲ ကျပြီး သေသွားမှာပဲ။ ငါ လုပ်လိုက်ရမလား" လုံချန်းက လူငယ်၏ အခြားလက်တစ်ဖက်ကိုပါ ဖမ်းချုပ်ရင်း မေးလိုက်သည်။

​"ရပ်စမ်း... နင့်လို ကောင်စုတ်ကများ" ထိုမိန်းကလေးမှာ ပြေးလာသော်လည်း ကျိရှန်းက ရှေ့သို့ တိုးလာပြီး သူမကို တားလိုက်သည်။

​"စိတ်အေးအေးထားပါ မိန်းကလေး။ ငါ့သူငယ်ချင်းက နည်းနည်းတော့ ထူးဆန်းတယ်။ သူက မိန်းကလေးတွေအပေါ်မှာ ညှာတာလိမ့်မယ်လို့ ငါ မထင်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်ရင်တော့ အနောက်မှာပဲ နေပါ" ကျိရှန်းက သူမ၏လက်ကို ကိုင်ထားရင်း ပြောလိုက်သည်။

​"လုပ်ရဲရင် လုပ်ကြည့်လေ။ အဲဒီနောက်မှာ မင်း ဘယ်လို အသက်ရှင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်" လူငယ်သည် လုံချန်း၏ မျက်နှာကို တံတွေးဖြင့် ထွေးလိုက်သည်။

​လုံချန်းက ရှောင်တိမ်းလိုက်သဖြင့် တံတွေးနှင့် မထိခဲ့သော်လည်း ဤလုပ်ရပ်က သူ့ကို ဒေါသထွက်စေရန် လုံလောက်သွားသည်။

​သူသည် ထိုလူငယ်ကို ရှေ့သို့ ဆွဲယူလိုက်ပြီး ပါးရိုက်ချက် ပြင်းပြင်းတစ်ချက် ကျွေးလိုက်သည်။

​ရိုက်ချက်ပြင်းထန်မှုကြောင့် လူငယ်မှာ နှစ်ပတ်ခန့် လည်ထွက်သွားပြီး သတိလစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ သွားနှစ်ချောင်းမှာလည်း ပါးစပ်ထဲမှ လွင့်ထွက်သွားတော့သည်။

​"ဒီဘက်ခေတ် ကလေးတွေက လူကြီးလူကောင်းကို ဘယ်လို လေးစားရမလဲ မသိကြဘူး" လုံချန်းက မြေပြင်ပေါ်တွင် လဲနေသော လူငယ်ကို ကြည့်ကာ ရေရွတ်လိုက်သည်။

​"ငါတို့ သင်္ဘောပေါ်မှာ ရှိနေလို့သာ ကံကောင်းတယ်လို့ မှတ်လိုက်၊ မဟုတ်ရင် သူ အပိုင်းပိုင်း ပြတ်နေလောက်ပြီ။ သူ့ကို ပြန်ခေါ်သွားတော့" လုံချန်းက ထိုမိန်းကလေးကို ပြောလိုက်သည်။

​ကျိရှန်းက မိန်းကလေးကို လွှတ်ပေးလိုက်သည်။ သူမသည် သူမ၏ အစ်ကိုဖြစ်သူဆီသို့ ပြေးသွားကာ ထူလိုက်သည်။

​"နင် နောင်တရစေရမယ်" ထိုမိန်းကလေးသည် လုံချန်းကို အဆိပ်ပြင်းသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ထိုလူငယ်အား မ,သွားလေတော့သည်။

​"ဒီကောင်လေးအပေါ် မင်း နည်းနည်းများ ပြင်းထန်သွားသလား။ ဒါက ပြဿနာတက်လာနိုင်တယ်နော်" ကျိရှန်းက လုံချန်းကို မေးသည်။

​"သူ့ကို မသတ်မိအောင် ငါ့ကိုယ်ငါ ဘယ်လောက်တောင် ထိန်းချုပ်လိုက်ရလဲဆိုတာ မင်း မသိပါဘူး။ သူ့လို ပိုးကောင်တွေက သေဖို့ပဲ ကောင်းတယ်" လုံချန်းက လက်သီးကို တင်းတင်းဆုပ်ရင်း ပြောလိုက်သည်။

​ကျိရှန်းသည် လုံချန်းကို နားမလည်နိုင်သလို ကြည့်လိုက်မိသည်။ လုံချန်း၏ပုံစံမှာ သူအရင်က မမြင်ဖူးသော တစ်စုံတစ်ခု ပြောင်းလဲနေသကဲ့သို့ပင်။

​လုံချန်းသည် ပင်လယ်ပြင်ကို ကြည့်ရန် နောက်သို့ လှည့်လိုက်သည်။

​"နင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ လိုအပ်တယ်။ ဒါက အမှောင်ယဇ်ပဏ္ဏာကို သုံးခဲ့တဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်ပဲ။ အစကတော့ နင် သတ်ခဲ့တဲ့သူတွေအပေါ် နင် ဂရုမစိုက်ခဲ့ဘူး၊ အခုတော့ အဲဒီဆိုးကျိုးတွေက နင်နဲ့ မပတ်သက်တဲ့ သူစိမ်းတွေအပေါ်ထားတဲ့ နင့်ရဲ့ စိတ်ခံစားချက်တွေကိုပါ လွှမ်းမိုးလာပြီ။ သူတို့က ပိုးကောင်တွေလို့ နင် ယူဆထားရင်တောင် နင့်ရဲ့ ဆင်ခြင်တုံတရားကိုတော့ အပျောက်မခံပါနဲ့" ရွှင်းက ဘေးမှ ပေါ်လာပြီး ပြောလိုက်သည်။

​လုံချန်းက သူမကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

​"ဘေးထွက်ဆိုးကျိုးတွေ အပြည့်အဝ သက်ရောက်သွားပြီးရင်တော့ နင် အရင်လို ပြန်ဖြစ်မှာ မဟုတ်ဘူးဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ သာမန်လူတစ်ယောက်လို သူတစ်ပါးကို ဂရုစိုက်သယောင်တော့ ဟန်ဆောင်လို့ ရတာပဲ" ရွှင်းက အကြံပေးသည်။

​"ငါ ကြိုးစားကြည့်ပါ့မယ်" လုံချန်း တိုးတိုးလေး ပြောလိုက်သည်။

​"တစ်ခုခု ပြောလိုက်တာလား" ဘေးတွင် ရပ်နေသော ကျိချင်းက မေးသည်။

​"ဘာမှမဟုတ်ပါဘူး" လုံချန်းက သိမ်မွေ့စွာ ပြုံးရင်း ပြန်ဖြေလိုက်သည်။

​'အနည်းဆုံးတော့ သူတို့အပေါ်မှာ ဒီဆိုးကျိုးတွေ သက်ရောက်မနေတာ တော်သေးတာပေါ့' လုံချန်း တွေးလိုက်မိသည်။

​သူနှင့် အခြားသူများသည် ရှေ့မှ မြင်ကွင်းကို ဆက်လက် ခံစားနေကြသည်။ မကြာမီ သူတို့သည် ကြည်လင်သော ရေပြင်ရှိသည့် ကြည်လင် ပင်လယ်ထဲသို့ ရောက်ရှိလာသည်။ ဤပင်လယ်မှာ လုံချန်း မြင်ဖူးသမျှထဲတွင် အလှပဆုံးပင် ဖြစ်သည်။ မိုးကုတ်စက်ဝိုင်း အစွန်းတွင် ရေပြင်မှာ တလက်လက် တောက်ပနေသည်ကိုလည်း သူ မြင်နေရသည်။

​"ဒီကြည်လင် ပင်လယ်က တကယ်လှတာပဲ။ ဒီလောက် အန္တရာယ်များမယ်လို့ မထင်ရဘူး။ ဘယ်နေရာမှာမဆို တိုက်ခိုက်ဖို့ စောင့်နေတဲ့ သားရဲတွေ ပုန်းနေနိုင်တာပဲနော်" ကျိရှန်းက ပင်လယ်ကို ကြည့်ကာ မှတ်ချက်ပေးသည်။

​"အေးအေးဆေးဆေး ထိုင်ပြီး ခံစားလိုက်စမ်းပါ။ ပင်လယ်သားရဲတွေကို အနီးကပ် မြင်ရတာကလည်း အတွေ့အကြုံကောင်း တစ်ခုပဲပေါ့" လုံချန်းက ရယ်မောလိုက်သည်။

​သူသည် သိုလှောင်လက်စွပ်ထဲမှ အသီးလေးလုံးကို ထုတ်ယူကာ ကျိရှန်း၊ မင်ယု နှင့် ကျိချင်းတို့ကို တစ်လုံးစီ ပေးလိုက်သည်။

​လုံချန်းကိုယ်တိုင်လည်း တစ်လုံးကို စားလိုက်သည်။

​"မျက်နှာဖုံးကြီး တပ်ထားရတာ တော်တော် စိတ်ညစ်ဖို့ကောင်းတယ်။ လေကောင်းလေသန့်ကို မျက်နှာနဲ့ မခံစားရဘူး" လုံချန်းက ညည်းတွဲလိုက်သော်လည်း မျက်နှာဖုံးကိုတော့ မချွတ်ပေ။

​ရုတ်တရက် သူတို့နောက်မှ ခြေသံများကို ကြားလိုက်ရသည်။ လူအများအပြား လာနေသည့် ပုံစံပင်။

​လုံချန်း နောက်သို့ လှည့်ကြည့်လိုက်ရာ မုတ်ဆိတ်ဗလပွနှင့် အဖိုးကြီးတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူမှာ အသက် ၆၀ ကျော်ခန့် ရှိပုံရပြီး ဆံပင်ဖြူများနှင့် မုတ်ဆိတ်ဖြူရှည်ကြီး ရှိသည်။ သူ၏အနောက်တွင်တော့ သတိလစ်နေသော အစ်ကိုဖြစ်သူနှင့်အတူ ပြန်သွားခဲ့သည့် ထိုမိန်းကလေး ရှိနေသည်။

​သူတို့၏ ဘေးပတ်လည်တွင်လည်း ထိုအဖိုးကြီး၏ လက်အောက်ငယ်သားများဟု ထင်ရသော လူ ၁၀ ယောက်ခန့် ရှိနေသည်။

​ထိုအဖိုးကြီးမှာ မြေကမ္ဘာအဆင့် အထွတ်အထိပ် ဖြစ်ပြီး ကျန်လူငယ်များမှာ မြေကမ္ဘာအဆင့် အစောပိုင်း သို့မဟုတ် အလယ်အလတ်အဆင့်များ ဖြစ်ကြသည်။

​"မင်း ငါ့မြေးကို ဒဏ်ရာရအောင် လုပ်လိုက်တာလား" အဖိုးကြီးက လုံချန်းကို မေးသည်။

​"ဘာလို့ မြေးရော အဖိုးရော မေးခွန်းတစ်ခုတည်းပဲ လာမေးနေကြတာလဲ။ အဲဒီငတုံးက ကျုပ်အကြောင်း ပြောမပြဘူးလား။ နောက်ပြီး တစ်ခုလောက် မေးပါရစေဦး။ ဒီလိုနေရာမျိုးမှာ တည်းခိုနိုင်တဲ့သူတွေက အနည်းဆုံးတော့ ကောင်းကင် အဆင့် ကျင့်ကြံသူတွေ ဖြစ်မယ်လို့ ကျုပ် ထင်ထားတာ။ ခင်ဗျားလို လူမျိုးက ဒီနေရာကို ဘယ်လို တတ်နိုင်တာလဲ။ အင်ပါယာတွေထဲက ကျင့်ကြံသူ မျိုးနွယ်စုတွေရဲ့ ကြွယ်ဝမှုကို ကျုပ် အထင်သေးမိသွားတာလား" လုံချန်းက အဖိုးကြီးကို ပြန်မေးလိုက်သည်။

​"ငါ ပြောတာ မှန်တယ် မဟုတ်လား" သူက ကျိရှန်း၏ သဘောထားကို မေးလိုက်သည်။

​"ကိုယ့်မှာ ရှိသမျှ အရာအားလုံးကို ထုတ်ရောင်းလိုက်ရင်တော့ အနက်ရောင် ရွှေဒင်္ဂါး သုံးသိန်းဆိုတာ ရှာရ မခက်ပါဘူး။ မျိုးနွယ်စုတွေမှာ များသောအားဖြင့် နှစ်ပေါင်း ထောင်ချီတဲ့ သမိုင်းကြောင်းတွေ ရှိကြတာပဲ။ အခွင့်အလမ်းတွေ ရှိတဲ့ နယ်မြေကို သွားဖို့အတွက် ရှိသမျှ အရာအားလုံးကို ပုံအောပြီး လောင်းကြေးထပ်တာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး" ကျိရှန်းက ပြန်ဖြေသည်။

​"မင်းတို့ ကလေးတွေက တော်တော် မာနကြီးလာတာပဲ။ ဒီနေ့တော့ မင်းတို့ မိဘတွေ ကိုယ်စား ငါကပဲ မင်းတို့ကို ဆုံးမပေးရတော့မယ်" ထိုသို့ ပြောကာ အဖိုးကြီးသည် သူ၏လက်ကို မြှောက်လိုက်သည်။

​သူသည် သူ၏လူများကို တိုက်ခိုက်ရန် အမိန့်ပေးတော့မည့်အချိန်တွင် လုံချန်းက စကားတစ်ခွန်း ပြောလိုက်သည်။

​"ကျေးဇူးပြုပြီး ကျုပ်ကို ဒါတွေ မလုပ်ခိုင်းပါနဲ့" လုံချန်း၏ စကားကြောင့် အဖိုးကြီးမှာ ခဏ မှင်တက်သွားသည်။ "ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပါ့မယ်လို့ ကတိပေးထားတဲ့ ဒီခရီးစဉ်မှာ ရန်မဖြစ်ချင်လို့ပါ"

​"ဒီကောင်စုတ်တွေကို အရိုးတွေ ကြေအောင် ရိုက်ကြစမ်း" အဖိုးကြီးက အမိန့်ပေးလိုက်သည်။

​လူ ၁၀ ယောက်သည် လုံချန်းနှင့် ကျိရှန်းဆီသို့ ပြေးလာကြတော့သည်။

​လုံချန်း သက်ပြင်းချလိုက်သည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးရန် ပြင်လိုက်သော်လည်း ကျိရှန်းက သူ့ကို တားလိုက်သည်။

​"ငါတို့ကိုလည်း ပေးလုပ်ပါဦး။ ကိုယ်လက်လှုပ်ရှားမှု မလုပ်ရတာ ကြာပြီပဲ" ထိုသို့ ပြောကာ ကျိရှန်းသည် လုံချန်း၏ ဘေးမှ ဖြတ်၍ ရှေ့သို့ လျှောက်သွားသည်။

​မင်ယုနှင့် ကျိချင်းတို့သည်လည်း လှုပ်ရှားလိုက်ကြသည်။

​ရန်ပွဲတစ်ပွဲအတွက် စိတ်လှုပ်ရှားနေကြသော သူတို့ကို ကြည့်ပြီး လုံချန်းမှာ မရယ်ဘဲ မနေနိုင်တော့ပေ။

​သူသည် နောက်တွင် ကျန်ရစ်ခဲ့ပြီး သူတို့ တိုက်ခိုက်နေသည်ကို စောင့်ကြည့်နေလေတော့သည်။

All Chapters