← Chapters

အခန်း (၄၉၁-၄၉၂)

Vol. 50 Ch. 491-492

အခန်း (၄၉၁-၄၉၂)

Vol. 50 Ch. 491-492

အခန်း (၄၉၁) ပင်လယ်သားရဲ၏ တိုက်ခိုက်မှု

​ကျိချင်းသည် မြေကမ္ဘာအဆင့် ကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်နေပြီး မင်ယုနှင့် ကျိရှန်းတို့က ကျန်ရှိသောသူများကို ကိုင်တွယ်နေကြသည်။

​လုံချန်းအနေဖြင့် သူတို့၏ တိုက်ခိုက်မှုကို မမြင်ရသည်မှာ အတော်ကြာပြီဖြစ်သည်။ ကျိရှန်းမှာ ယခင်အတိုင်းပင် ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ရန်သူ၏ ခုခံမှုအား ချိုးဖျက်နိုင်ရုံမျှရှိသော အင်အားဖြင့် သိမ်မွေ့စွာ တိုက်ခိုက်နေပြီး မင်ယုမှာမူ ကျော့ရှင်းပြီး တိကျလှသည်။

​သူမ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ရန်သူတစ်ယောက် လဲကျသွားသည်။ သို့သော် သူမ မည်သူ့ကိုမျှ မသတ်ခဲ့ပေ။ သူမ၏ တိုက်ကွက်များအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ အပြစ်ပြောစရာမရှိအောင် ကောင်းမွန်လှသည်။

​အဖိုးကြီးမှာ သူ၏လူများ ရှုံးနိမ့်နေသည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်နေသည်။ သူသည် မြေကမ္ဘာအဆင့် အထွတ်အထိပ် ကျင့်ကြံသူဖြစ်သဖြင့် သူကိုယ်တိုင် ပါဝင်တိုက်ခိုက်လျှင် အားလုံးပြီးဆုံးသွားမည်ဟု ယုံကြည်ကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သို့သော် သူ ခြေလှမ်းလိုက်သည်နှင့် တပြိုင်နက် လက်သီးတစ်ချက်က သူ၏ ဝမ်းဗိုက်ပေါ်သို့ ကျရောက်လာပြီး သူ့ကို နောက်သို့ လွင့်ထွက်သွားစေကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေသည်။

​အဖိုးကြီးသည် ထိုင်လိုက်ရင်း သွေးတစ်လုပ် ထွေးထုတ်လိုက်ရသည်။ သူ ရှေ့သို့ ကြည့်လိုက်ရာ ထိုနေရာတွင် ရပ်နေသော လုံချန်းကို တွေ့လိုက်ရသည်။

​"လူငယ်တွေ တိုက်နေတဲ့အချိန်မှာ လူကြီးတွေက ဝင်မစွက်ဖက်သင့်ဘူးလေ" လုံချန်းက ဆိုလိုက်သည်။

​လုံချန်းသည် ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားသော မိန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီး တိုက်ပွဲဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

​တိုက်ပွဲမှာ ပြီးဆုံးလုနီးပါး ဖြစ်နေပြီး အဖိုးကြီး ခေါ်လာသော လူအားလုံး ရှုံးနိမ့်သွားကြပြီဖြစ်သည်။ သူတို့မှာ မြေပြင်ပေါ်တွင် လဲနေကြသော်လည်း အသက်တော့ ရှိနေကြသေးသည်။

​"တကယ်ကို အံ့သြဖို့ကောင်းတယ်။ နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ကထက်စာရင် မင်းတို့ တိုးတက်လာတာ အများကြီးပဲ။ ဆက်ပြီး လေ့ကျင့်ပါဦး၊ မင်းတို့ အထွတ်အထိပ်ကို ရောက်မှာပါ" လုံချန်းက မင်ယုနှင့် အခြားသူများကို ချီးမွမ်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။

​သူသည် မတ်တပ်ရပ်ကာ အဖိုးကြီးဆီသို့ လျှောက်သွားသည်။

​အဖိုးကြီးက မတ်တပ်ရပ်ပြီး သူ၏ဓားကို ထုတ်လိုက်သော်လည်း လုံချန်းကမူ လက်နက် ထုတ်ယူခြင်း မရှိသေးပေ။

​"ကဲ... လုပ်လေ။ ကျုပ်ကို တိုက်ခိုက်စမ်းပါ" လုံချန်း၏ အသံမှာ သေမင်းတမန်ကဲ့သို့ပင်။

​ဘာကြောင့်မှန်း မသိသော်လည်း အကယ်၍ သူသာ တိုက်ခိုက်လိုက်ပါက ၎င်းမှာ သူ၏ဘဝတွင် အကြီးမားဆုံး အမှားတစ်ခု ဖြစ်သွားလိမ့်မည်ဟု အဖိုးကြီး ခံစားနေရသည်။

​လုံချန်းမှာမူ ရပ်မနေဘဲ အဖိုးကြီးဆီသို့ ဆက်လက် လျှောက်လှမ်းနေသည်။

​"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ ဘယ်သူက ငါတို့ သင်္ဘောပေါ်မှာ ရန်ဖြစ်ရဲတာလဲ"

​အနောက်မှ လေးနက်သော အသံတစ်သံ ထွက်ပေါ်လာပြီး ခြေသံများကို ကြားလိုက်ရသည်။

​လုံချန်း အပါအဝင် အားလုံးသည် ထိုဘက်သို့ လှည့်ကြည့်လိုက်ရာ အစွန်းအထင်း မရှိသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် သင်္ဘော၏ လုံခြုံရေးမှူးအား တွေ့လိုက်ရသည်။

​သူ့အနောက်တွင် ကင်းစောင့် ၂၀ ကျော် ရပ်နေကြသည်။

​"လူကြီးမင်း... ခင်ဗျား ရောက်လာတာ ဝမ်းသာလိုက်တာ။ ဒီကောင်က ဒီသင်္ဘောရဲ့ စည်းကမ်းဥပဒေအားလုံးကို ဖျက်ဆီးနေတာပါ။ အစက သူက ကျွန်တော့်မြေးကို တိုက်ခိုက်တယ်၊ ကျွန်တော်က လာပြီး အကျိုးအကြောင်း မေးတဲ့အခါမှာ ကျွန်တော့်လူတွေနဲ့ ကျွန်တော့်ကိုပါ တိုက်ခိုက်ကြတာ။ မြေပြင်ပေါ်မှာ လဲနေတဲ့ ကျွန်တော့်လူတွေကို ကြည့်လိုက်ပါဦး" ထိုအဖိုးကြီးသည် ချက်ချင်းပင် လေသံပြောင်းကာ အပြစ်အားလုံးကို လုံချန်းတို့အပေါ် ပုံချလိုက်တော့သည်။

​"ဒီသင်္ဘောပေါ်မှာ ရန်ဖြစ်တာက ပြစ်မှုတစ်ခုဆိုတာ မင်းသိလား" လုံခြုံရေးမှူးက လုံချန်းကို မေးသည်။

​"သိပါတယ်။ ဒါပေမဲ့ တိုက်ခိုက်လာတာကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာကတော့ ပြစ်မှုမဟုတ်ဘူးလေ။ သူ့မြေးပဲဖြစ်ဖြစ်၊ သူပဲဖြစ်ဖြစ် နှစ်ခါလုံးမှာ ကျုပ်တို့ အရင် တိုက်ခိုက်ခံရတာပါ။ ကျုပ်တို့က ခုခံကာကွယ်တဲ့ အနေနဲ့ပဲ တုံ့ပြန်ခဲ့တာပါ" လုံချန်းက လုံခြုံရေးမှူးကို ပြန်ဖြေသည်။

​"မင်း ငါနဲ့ လိုက်ခဲ့ရမယ်။ မင်းတို့ နှစ်ဖက်လုံး ပတ်သက်နေတာဆိုတော့ နှစ်ဖက်လုံးကို အပြစ်ပေးရလိမ့်မယ်။ ဒါပေမဲ့ အရင်ဆုံး အမှန်တရားကို သိရအောင် စစ်ဆေးရမယ်။ လက်နက်ကို ချလိုက်ပြီး ဒူးထောက်စမ်း" လုံခြုံရေးမှူးက အမိန့်ပေးလိုက်သည်။

​အဖိုးကြီးသည် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး ဓားကို လွှင့်ပစ်လိုက်သည်။ လုံချန်းမှာမူ ဆက်လက် ရပ်နေဆဲပင်။

​"ဒါက အမှန်တရားတာအိုဂိုဏ်းရဲ့ သင်္ဘော မဟုတ်ဘူးလား" လုံချန်းက လုံခြုံရေးမှူးကို မေးလိုက်သည်။

​"ဟုတ်တယ်" လုံခြုံရေးမှူးက ပြန်ဖြေသည်။

​"ဒါဆို ဘာလို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့သူတွေကို အပြစ်ပေးဖို့ ကြိုးစားနေတာလဲ။ မူမျိုးနွယ်စု သခင်လေးကတော့ သင်္ဘောပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာက ပြစ်မှုမဟုတ်ဘူးလို့ ကျုပ်ကို ပြောခဲ့ဖူးတယ်။ ခင်ဗျားက သူ လိမ်ပြောတယ်လို့ ဆိုချင်တာလား" လုံချန်းက မေးလိုက်သည်။

​လုံခြုံရေးမှူးသည် သူ့ကို ငတုံးတစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်လိုက်သည်။

​"ဟက်... သခင်လေးမူက မင်းကို အဲဒီလို ပြောခဲ့တယ် ဟုတ်လား။ မင်းက ကိုယ့်ကိုယ်ကိုယ် ဘာကောင်များ မှတ်နေလို့လဲ။ သူက အမှန်တရားတာအိုဂိုဏ်းရဲ့ မင်းသားပဲ။ မင်းလိုလူမျိုးနဲ့ စကားပြောဖို့အထိ အောက်တန်းကျမယ့်သူ မဟုတ်ဘူး။ သခင်လေးမူဆိုတာ လူတိုင်း အလွယ်တကူ ချဉ်းကပ်လို့ရတဲ့သူ မဟုတ်ဘူး။ တခြားတစ်ယောက်ယောက် နာမည်ကို မင်း ပြောခဲ့ရင် ငါ ယုံချင်ယုံဦးမယ်၊ အခုတော့ မင်းရဲ့ အလိမ်အညာက ထင်ရှားသွားပြီ။ ငါက သူ့ကို မင်းထက် ပိုသိတယ်" လုံခြုံရေးမှူးက ပြောကာ မျက်လုံးလှန်ပြလိုက်သည်။

​"ဟုတ်တယ်... ဟုတ်တယ်။ သူက လိမ်နေတာ၊ သူက သခင်လေးမူကိုပါ ထည့်ပြီး လိမ်နေတာ၊ ဘယ်သူ့ကိုမှ မလေးစားတဲ့ကောင်ပဲ" အဖိုးကြီးက လုံချန်းကို လက်ညှိုးထိုးရင်း ပြောသည်။

​လုံချန်းက ခေါင်းခါလိုက်ပြီး မူဖန် ပေးထားသော တိုကင်ကို ထုတ်ပြလိုက်သည်။

​"ဘယ်သူ့ကို ပိုပြီး စော်ကားလိုက်တာလဲဆိုတာ ကျုပ် မသိတော့ဘူး... ကျုပ်ကိုလား ဒါမှမဟုတ် သူ့ကိုလား" လုံချန်းက ပြောလိုက်သည်။

​"အဲဒီ တိုကင်က..." လုံခြုံရေးမှူးသည် တိုကင်ကို မြင်သောအခါ မှင်တက်သွားသည်။ သူသည် ရှေ့သို့ တိုးလာပြီး လုံချန်းလက်ထဲမှ တိုကင်ကို ယူကြည့်လိုက်သည်။ ၎င်းမှာ မူဖန်၏ ကိုယ်ပိုင်တိုကင် အစစ်အမှန်ဖြစ်ကြောင်း သူ သတိပြုမိသွားသည်။

​'သူက ဒီတိုကင်ကို သူ့ကို ပေးထားတာလား။ သခင်လေးမူရဲ့ သူငယ်ချင်းဖြစ်ရအောင် ဒီလူက ဘယ်လို အဆင့်အတန်းရှိတဲ့သူလဲ' လုံခြုံရေးမှူးက တွေးတောရင်း တိုကင်ကို ကြည့်နေမိသည်။

​"ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်အမှားပါ။ လူကြီးမင်းကို ကျွန်တော် မမှတ်မိခဲ့လို့ပါ" လုံခြုံရေးမှူးက တောင်းပန်စကား ဆိုရင်း တိုကင်ကို လုံချန်းထံ ပြန်ပေးလိုက်သည်။ လုံချန်းက မည်သူဖြစ်ကြောင်း သူ အတိအကျ မသိရသေးသော်လည်း သူ့ကို အမှန်တရားတာအိုဂိုဏ်း၏ တပည့်တစ်ဦးနှင့် တန်းတူထား ဆက်ဆံခြင်းကသာ ပညာရှိရာရောက်မည်ဟု သူ ဆုံးဖြတ်လိုက်သည်။

​အဖိုးကြီးမှာမူ ဒူးထောက်လျက်သားပင် မျက်လုံးအပြူးသားဖြင့် အရာအားလုံးကို ကြည့်နေမိသည်။

​"အကြမ်းဖက်မှုကို လှုံ့ဆော်ပြီး ငါတို့ရဲ့ ဧည့်သည်တွေကို တိုက်ခိုက်တဲ့အတွက် သူတို့ကို ဖမ်းဆီးလိုက်ကြစမ်း" လုံခြုံရေးမှူးက အဖိုးကြီးနှင့် မြေပြင်ပေါ်တွင် လဲနေသောသူများကို ဖမ်းဆီးရန် သူ၏လူများကို အမိန့်ပေးလိုက်သည်။

​လုံခြုံရေးမှူးသည် လုံချန်းကို နောက်တစ်ကြိမ် တောင်းပန်ပြီးနောက် အခြားသူများနှင့်အတူ ထွက်ခွာသွားသည်။

​"ဒီတိုကင်က တော်တော်လေး အသုံးဝင်တာပဲ။ ဒါကြောင့်ပဲ မင်းက ပြဿနာတက်မှာကို မကြောက်ခဲ့တာလား" အခြားသူများ ထွက်သွားပြီးနောက် ကျ်ရှန်းက လုံချန်းကို မေးသည်။

​"ဖြစ်နိုင်တာပဲ" လုံချန်းက ပြုံးရင်း တိုးတိုးလေး ပြောလိုက်သည်။ လုံချန်းသည် မူဖန်နှင့် တွေ့ဆုံစဉ်က ဤတိုကင်နှင့် ပတ်သက်ပြီး ဘာတွေလုပ်နိုင်သည်ကို အကြာကြီး ဆွေးနွေးခဲ့သဖြင့် သူ ဘေးကင်းမည်ကို သိထားပြီးဖြစ်သည်။

​သူတို့သည် သင်္ဘောလက်ရန်းနားသို့ ပြန်သွားပြီး ပင်လယ်ကို ဆက်ကြည့်နေကြသည်။

​နာရီဝက်ခန့် ကြာပြီးနောက် လုံချန်းက အခန်းသို့ပြန်ပြီး ကျင့်ကြံကြရန် အကြံပြုသည်။

​လုံချန်းနှင့် အခြားသူများ လှည့်ထွက်ရန် ပြင်လိုက်စဉ် စက္ကန့်အနည်းငယ်အကြာတွင် ရေထဲမှ လက်တံ တစ်ချောင်း ထွက်လာပြီး သင်္ဘောကို လာကပ်လိုက်သည်။

​လုံချန်းသည် သင်္ဘော အနည်းငယ် တုန်ခါသွားသည်ကို ခံစားလိုက်ရသဖြင့် ရေထဲသို့ ပြန်လှည့်ကြည့်လိုက်သည်။

​"လာပြီပဲ... ငါတို့ တိုက်ခိုက်ခံနေရပြီ" လက်တံကို တွေ့လိုက်သော လုံချန်းက ပြောလိုက်သည်။

​မကြာမီ နောက်ထပ် လက်တံတစ်ချောင်း ရေထဲမှ ထွက်လာပြန်သည်။

​တစ်ချောင်းပြီးတစ်ချောင်း... လက်တံ ၂၀ ခန့် ရေထဲမှ ထွက်လာပြီး သင်္ဘောကို ဝိုင်းရံလိုက်တော့သည်။

​"ငါတို့ သင်္ဘောကပ္ပတိန်ကို သွားပြောရမယ်" ကျိချင်းက စိုးရိမ်တကြီး အကြံပြုသည်။

​"သင်္ဘောကပ္ပတိန်က သိပြီးသားပါ။ သင်္ဘောပေါ်မှာ တိုက်ခိုက်ခံရတိုင်း သူတို့ကို အချက်ပေးမယ့် အစီအရင်တွေ ရှိတယ်။ စိတ်မပူနဲ့၊ ဒီပွဲကိုပဲ ထိုင်ကြည့်နေလိုက်" လုံချန်းက ရယ်မောရင်း သူမ၏လက်ကို ကိုင်ကာ လက်ရန်းနားသို့ ဆွဲခေါ်သွားသည်။

​"ကောင်းကင် အဆင့် သားရဲတစ်ကောင်နဲ့ တူတယ်။ ဒါက ခရီးစဉ်ရဲ့ အစပဲ ရှိသေးတာ မဟုတ်ဘူးလား။ ငါတို့ တွေ့ရတဲ့ အားအနည်းဆုံး သားရဲကတောင် ကောင်းကင်အဆင့်ဆိုရင် နောက်ပိုင်းမှာ ဘာတွေနဲ့ ရင်ဆိုင်ရဦးမလဲ" ကျိရှန်းက ခပ်နွမ်းနွမ်း အပြုံးဖြင့် မေးလိုက်သည်။ ခရီးစဉ်၏ အစပိုင်းမှာ ယေဘုယျအားဖြင့် အလွယ်ကူဆုံးဖြစ်ကြောင်း သူ သိထားသော်လည်း အလွယ်ကူဆုံး အပိုင်းမှာပင် မိစ္ဆာသားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

​"အဲဒါကြောင့် ငါက အေးအေးဆေးဆေး စောင့်ကြည့်နေပါလို့ ပြောတာပေါ့။ ဒီသင်္ဘောက အဆိုးရွားဆုံး အခြေအနေတွေကိုတောင် ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားပြီးသားပါ"

အခန်း (၄၉၂) လန်ကျင်း၏ ဖခင်

​"ဒီကောင်းကင် အဆင့် သားရဲက အဲဒီအဆင့်မျိုးနဲ့ အဝေးကြီးပဲ ရှိပါသေးတယ်။ ဒါက မြေလှန်ဆင်ပြောင်ကြီး တစ်ကောင်ကို တားဖို့ ကြိုးစားနေတဲ့ ပိုးကောင် တစ်ကောင်လိုပါပဲ" လုံချန်းက ဆိုလိုက်သည်။

​လုံချန်းနှင့် အခြားသူများသည် သင်္ဘောကပ္ပတိန်၏ တုံ့ပြန်မှုကို သိချင်ဇောဖြင့် သင်္ဘောကို ဝိုင်းရံထားသော လက်တံများကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

​သင်္ဘောကို ဝန်းရံထားသော အကာအကွယ်က လက်တံများကို သင်္ဘောအတွင်းထဲ ဝင်မလာအောင် တားဆီးထားသော်လည်း လက်တံများက အကာအကွယ်တစ်ခုလုံးကို ပတ်ပတ်လည် ရစ်ပတ်ထားခြင်းကိုမူ မတားဆီးနိုင်ပေ။

​"စတော့မယ်" အကာအကွယ်အတွင်းရှိ စွမ်းအင်စီးဆင်းမှု ဖြည်းဖြည်းချင်း တိုးလာသည်ကို သတိပြုမိလိုက်သော လုံချန်းက ပြောလိုက်သည်။

​အကာအကွယ်၏ အပြင်ဘက် မျက်နှာပြင်တွင် ရုတ်တရက် လျှပ်စစ်စီးကြောင်းများ စီးဆင်းသွားသည်။ လုံချန်းနှင့် အခြားသူများသည် လျှပ်စီးများကို သူတို့၏ မျက်စိဖြင့်ပင် မြင်တွေ့လိုက်ရသည်။

​လက်တံများမှာ လျှပ်စစ်ဓာတ်လိုက်သွားသဖြင့် အကာအကွယ်အပေါ်တွင် ရစ်ပတ်ထားသော အရှိန်များ လျော့ရဲသွားတော့သည်။

​အကာအကွယ်မှာ ပြန်လည် လွတ်မြောက်သွားပြီး လက်တံများသည်လည်း ရေထဲသို့ ပြန်လည် နစ်မြုပ်သွားကြသည်။

​"ဒါက သူ့ရဲ့ ခုခံမှုပေါ့။ အံ့သြဖို့ကောင်းလိုက်တာ။ အဲဒီသားရဲက နောက်တစ်ခါ ထပ်တိုက်ခိုက်ဦးမယ်လို့ ထင်လား" ကျိချင်းက လုံချန်းကို မေးသည်။

​"နောက်တစ်ခါ ထပ်တိုက်ခိုက်ဖို့ မရှိသလောက်ပါပဲ။ ဒါက အားနည်းတဲ့ သားရဲတစ်ကောင်ပါ၊ သူ ထပ်တိုက်ခိုက်လိမ့်မယ်လို့ ငါ မယုံဘူး။ သူက အားနည်းတဲ့ သင်္ဘောတွေကို တွေ့မလားဆိုပြီး ကံစမ်းကြည့်တဲ့ ကလေးတစ်ယောက်လိုပါပဲ" လုံချန်းက ပြန်ဖြေသည်။

​"ခရီးစဉ်ရဲ့ အလယ်ပိုင်းမှာ တွေ့ရမယ့် သားရဲတွေကမှ တကယ် ဇွဲကောင်းမယ့်ကောင်တွေ ဖြစ်လိမ့်မယ်" သူက ထပ်လောင်းပြောသည်။

​"တကယ်လို့ သူ ထပ်တိုက်ခိုက်လာရင်လည်း ငါတို့အတွက် ကြည့်ကောင်းတဲ့ ပြကွက်တစ်ခု ထပ်ရတာပေါ့" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

​သူတို့ ထိုနေရာတွင် ခဏမျှ ဆက်လက် စောင့်ကြည့်နေသော်လည်း သားရဲကြီး ပြန်ပေါ်မလာတော့ပေ။

​"ဒါပါပဲ။ ပြန်ကြရအောင်။ နောက် ၁၂ ရက်ကနေ ၁၅ ရက်လောက်ဆိုရင် ငါတို့ ပင်လယ်ရဲ့ အလယ်ဗဟိုကို ရောက်တော့မယ်။ အဲဒီအချိန်ကျမှ တကယ့်အပျော်တွေ စတော့မှာ" လုံချန်းက နောက်သို့ လှည့်ကြည့်ရင်း ပြောလိုက်သည်။

​လုံချန်းနှင့် အခြားသူများသည် အခန်းများရှိရာသို့ ပြန်လာခဲ့ကြသည်။ ကျိရှန်းက သူ၏အခန်းထဲတွင် နေခဲ့ပြီး မင်ယုနှင့် ကျိချင်းတို့ကမူ လုံချန်း၏ အခန်းတွင် အတူနေကြသည်။

​ကျန်ရှိသော အချိန်များကို သူတို့၏ အခန်းအတွင်း ဆိတ်ငြိမ်စွာ ကျင့်ကြံရင်း ဖြတ်သန်းကြသည်။ အခန်းထဲသို့ အစေခံများက အစားအသောက် လာပို့သည့် အချိန်မှလွဲ၍ ကျန်အချိန်များတွင် အေးချမ်းနေသည်။

​နေ့ဘက်တွင် ကျင့်ကြံခြင်းဖြင့် ကုန်ဆုံးစေပြီး၊ ညဘက်တွင်မူ ယင်ယန် ကျင့်ကြံခြင်ဖြင့် အချိန်ကုန်လွန်စေသည်။

​နေ့ရက်တိုင်း ကုန်လွန်သွားသည်နှင့်အမျှ လုံချန်းနှင့် သူ၏ အမျိုးသမီးများသည် ပိုမို အားကောင်းလာကြသည်။

​လုံချန်းသည် ကျိရှန်းကိုလည်း ထိုကျင့်စဉ် ပေးချင်သော်ငြား ကျိရှန်းမှာ ချစ်သူမိန်းကလေးပင် မရှိသေးပေ။

​သို့သော် ကျိရှန်း အလင်းကောင်းကင်တိုက်ကြီးသို့ ရောက်သွားသည့်အခါ သဘောကျသော မိန်းကလေးနှင့် တွေ့ပါက အသုံးပြုနိုင်ရန်အတွက် လုံချန်းက ယင်ယန်ကျင့်စဉ် မိတ္တူတစ်ခုကို ပေးရန် ဆုံးဖြတ်လိုက်သည်။

​နောက်တစ်နေ့ နံနက်တွင် လုံချန်းသည် အခန်းထဲမှ ထွက်လာပြီး ကျိရှန်း၏ အခန်းသို့ လျှောက်သွားသည်။

​သူသည် ကျိရှန်းကို ယင်ယန်ကျင့်စဉ် မိတ္တူကို ပေးကာ ၎င်းအကြောင်း ရှင်းပြလိုက်သည်။ ထိုကျင့်စဉ်မှာ ဘေးထွက်ဆိုးကျိုး မရှိကြောင်းနှင့် သူသဘောကျသော မိန်းကလေးနှင့် တွေ့ပါက အဆင့်တက်ရန် အထောက်အကူပြုမည် ဖြစ်ကြောင်းလည်း ပြောပြသည်။

​"ဒါကြောင့် မင်းတို့ ညဘက်တွေမှာ ဒီလောက် တက်ကြွနေကြတာကိုး။ ငါကတော့ မင်း ရုတ်တရက် ကာမဂုဏ်ဘက်ကို အားသန်သွားပြီလို့ ထင်နေတာ" ကျိရှန်းက ရယ်မောရင်း ကျင့်စဉ်မိတ္တူကို ယူကာ သူ၏ သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။

​"အဲဒီလို သဘောပါပဲ။ ဒီကျင့်စဉ်က တကယ် အသုံးဝင်တယ်။ မင်း ယုံကြည်ရတဲ့သူကလွဲရင် ဘယ်သူ့ကိုမှ မပေးနဲ့။ ဒီကျင့်စဉ်မှာ သမိုင်းကြောင်းတွေ ရှိတယ်။ ငါ ဒါကို နတ်ကောင်းကင်ဘုဲဂိုဏ်းမှာ တွေ့ခဲ့တာ။ အဲဒီဂိုဏ်းရဲ့ အကြွင်းအကျန်တွေ အသက်ရှင်နေသေးတယ်။ တကယ်လို့ သူတို့ နားထဲ ပေါက်ကြားသွားရင် မင်းနောက်ကို လိုက်လာနိုင်တယ်" လုံချန်းက ကျိရှန်းကို သတိပေးလိုက်သည်။

​သူသည် နတ်ကောင်းကင်ဘုံဂိုဏ်း အကြောင်းနှင့် ဤကျင့်စဉ်ကို အသုံးပြုရာတွင် မည်သည့်အရာများကို သတိထားရမည်အား ကျိရှန်းအား အကုန်ပြောပြလိုက်သည်။

​ကျိရှန်းကို အရာအားလုံး ပြောပြပြီးနောက် လုံချန်း အခန်းထဲမှ ထွက်လာခဲ့သည်။

​သူ၏ အခန်းထဲသို့ ဝင်ခါနီးတွင် လူသွားလမ်း၏ အခြားတစ်ဖက်၌ တစ်စုံတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ ထိုသူမှာ အဝေးသို့ လျှောက်သွားနေခြင်း ဖြစ်သည်။

​'သူ ဒီမှာ ရှိနေတာလား' ထိုသူကို မှတ်မိသွားသော လုံချန်း တွေးလိုက်မိသည်။

​ထိုသူမှာ လုံချန်း ဤသင်္ဘောပေါ် မတက်ခင်က တွေ့ဖူးသော အဖိုးကြီးတစ်ဦး ဖြစ်သည်။

​သူသည် လန်ကျင်း၏ ဖခင်ပင် ဖြစ်သည်။

​'သူ အလင်းကောင်းကင် တိုက်ကြီးကို ပြန်သွားတာလား။ လန်ကျင်း သေပြီဆိုတာကို သူ သိသွားလောက်ပြီ။ ဝိညာဉ်နက်ဂိုဏ်းနဲ့ ပတ်သက်တဲ့ သူ့အစီအစဉ်ကရော အောင်မြင်ခဲ့ရဲ့လား မသိဘူး' လုံချန်းက ထိုလူကို ကြည့်ရင်း တွေးနေမိသည်။

​အဖိုးကြီးမှာ တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် နောက်သို့ လှည့်ကြည့်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။ လုံချန်းမှာ အခန်းထဲသို့ ဝင်သွားနှင့်ပြီ ဖြစ်သည်။

​"သူလည်း လမ်းကြောင်း အတူတူပဲ သွားနေတာပဲ။ ငါသာ သင်္ဘောပေါ်က မဆင်းရင် သူ ဘယ်ကလဲဆိုတာ ရှာလို့ရနိုင်ပေမဲ့ သူက အဲလောက်အရေးမကြီးပါဘူး။ အခုချိန်မှာ တစ္ဆေကျောင်းတော်က ပိုအရေးကြီးတယ်။ ငါ အဲဒီအဖိုးကြီးနဲ့ ဘာမှ ပတ်သက်စရာ မရှိတော့ဘူး" လုံချန်းက ခေါင်းခါရင်း ရေရွတ်လိုက်သည်။

​သူသည် ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်ပြီး အခန်း၏ ငြိမ်သက်မှုထဲတွင် စတင် ကျင့်ကြံလေတော့သည်။

​နေ့ရက်များ ဆက်လက် ကုန်လွန်သွားရာ မကြာမီ နှစ်ရက် ကုန်ဆုံးသွားသည်။

​သင်္ဘောကြီးမှာ နောက်တစ်ကြိမ် တုန်ခါလာပြန်သည်။ လုံချန်းနှင့် အခြားသူများ မျက်လုံးဖွင့်လိုက်ကြသည်။

​"ဒါ ဘာလဲ" ကျိချင်းက မတ်တပ်ရပ်ရင်း မေးလိုက်သည်။

​တုန်ခါမှုမှာ ပိုမို ပြင်းထန်လာသည်။

​"နောက်ထပ် သားရဲတစ်ကောင်ရဲ့ တိုက်ခိုက်မှု ထင်တာပဲ။ သွားကြည့်ရအောင်" လုံချန်းက ပြောကာ အခန်းပြင်သို့ ထွက်ခဲ့သည်။

​ကျိရှန်းမှာလည်း အခန်းပြင်တွင် ရောက်နှင့်နေပြီ ဖြစ်သည်။ သူတို့အားလုံး ကုန်းပတ်ပေါ်သို့ အတူတူ လျှောက်လာခဲ့ကြသည်။

​ကုန်းပတ်ပေါ်တွင် လူအတော်များများ ရှိနေကြပြီး အားလုံးမှာ ကောင်းကင်ယံကို ကြည့်နေကြသည်။

​ငှက်ကြီးကဲ့သို့ သတ္တဝါ နှစ်ကောင်မှာ ကောင်းကင်တွင် ပျံသန်းရင်း သင်္ဘော၏ အကာအကွယ်ဆီသို့ ရေခဲလုံးများဖြင့် ပစ်ခတ်နေကြသည်။

​"အေးခဲလက်ဖြောင့် ငှက်ကြီးလား" လုံချန်းက ထိုသားရဲကို ကြည့်ရင်း ရေရွတ်လိုက်သည်။

​၎င်းမှာ ငှက်ကြီးတစ်ကောင်နှင့် တူသော်လည်း အရောင်မှာ အပြာရောင် ဖြစ်သည်။ ၎င်း၏ လည်ပင်းအနီးတွင် ငါးကဲ့သို့ ပါးဟက်များ ရှိနေခြင်းက ၎င်း၏ ထူးခြားချက် ဖြစ်သည်။

​ပါးဟက်များ ရှိနေသဖြင့် ၎င်းမှာ ရေအောက်တွင်လည်း အသက်ရှူနိုင်သည်။ ဤသားရဲမှာ ရေပြင်အထက်တွင်ရော ရေအောက်တွင်ပါ သက်သောင့်သက်သာ နေထိုင်နိုင်သည်။

​"သူတို့က နှစ်ကောင်တောင်ပဲ၊ အဝေးကနေလည်း ဆက်တိုက် တိုက်ခိုက်နေကြတယ်။ သင်္ဘောရဲ့ လျှပ်စစ်အကာအကွယ်က သူတို့ကို နှိမ်နင်းနိုင်ပါ့မလား" ကျိချင်းက မေးသည်။

​"စိတ်မပူပါနဲ့ မိန်းကလေး၊ ဒီသင်္ဘောက မင်းထင်သလောက် မအားနည်းပါဘူး။ မကြာခင် အားလုံး ပြီးသွားမှာပါ" လူတစ်ယောက်က ပြောလိုက်သည်။

​လုံချန်းတို့ လှည့်ကြည့်လိုက်သောအခါ သူတို့မှာ လုံခြုံရေးမှူး၏ အနီးတွင် ရပ်နေမိမှန်း သိလိုက်ရသည်။

​"မကြာခင် စတော့မယ်" ကောင်းကင်သို့ မော့ကြည့်ရင်း လုံခြုံရေးမှူးက ပြောလိုက်သည်။

​သင်္ဘော၏ အစွန်းပိုင်းတွင် အစီအရင်တစ်ခု ပေါ်လာပြီး တောက်ပစွာ လင်းထိန်လာသည်။ လျှပ်စီးတန်းတစ်တန်း ထိုအစီအရင်မှ ထွက်ပေါ်လာပြီး ငှက်ကြီးတစ်ကောင်ကို ထိမှန်သွားကာ ချက်ချင်းပင် သေဆုံးသွားစေသည်။

​ကျန်ရှိနေသော ငှက်ကြီးမှာ ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း နောက်ထပ် လျှပ်စီးတန်းတစ်တန်း ထပ်မံ ထွက်ပေါ်လာပြီး ၎င်းကို တိုက်ခိုက်သည်။ ငှက်ကြီးမှာ ရှောင်တိမ်းနိုင်ခဲ့သော်လည်း အခြားအစီအရင်တစ်ခုမှ ထွက်လာသော အလင်းတန်းတစ်တန်း၏ ထိမှန်ခြင်းကို ခံလိုက်ရသည်။

​ထိုငှက်ကြီးသည်လည်း သေဆုံးသွားကာ အောက်သို့ ပြုတ်ကျသွားတော့သည်။ ၎င်းမှာ ရေထဲသို့ ပြုတ်ကျသွားရာ ရေလှိုင်းများမှာ ကောင်းကင်သို့ပင် လွင့်စင်သွားသည်။

​"ဒီတစ်ကောင်က အရင်ကထက်စာရင် နည်းနည်း ပိုအားကောင်းတာပဲ။ ငါတို့ ရှေ့ဆက်သွားလေလေ သားရဲတွေ ပိုအားကောင်းလာမယ်ဆိုတာ ဘာကို ဆိုလိုလဲဆိုတာ အခုမှ ငါ နားလည်တော့တယ်" ကျိချင်းက ပြောလိုက်သည်။ ထိုငှက်ကြီးမှာ အရင်တစ်ခါက သားရဲထက် အနည်းငယ် ပိုအားကောင်းသော်လည်း အနည်းငယ်မျှသာ ဖြစ်သည်။

​"အဲဒီအတိုင်းပါပဲ။ ဒါပေမဲ့ သူတို့ ဘယ်လောက်ပဲ အားကောင်းပါစေ၊ ဒီသင်္ဘောကိုတော့ မထိခိုက်နိုင်ပါဘူး။ ဒီသင်္ဘောမှာ အကောင်းဆုံး ခုခံရေးစနစ်တွေ ရှိတယ်၊ ပင်လယ်ထဲမှာ ကြုံရနိုင်တဲ့ အသန်မာဆုံး သားရဲတွေကိုတောင် အလွယ်တကူ ရင်ဆိုင်နိုင်အောင် ပုံစံထုတ်ထားတာပါ။ ကျွန်တော်တို့က လုံခြုံရေး မပေးနိုင်ဘဲ ခရီးပို့ဆောင်ပေးနေတဲ့ ဂိုဏ်းငယ်လေးတွေ မဟုတ်ဘူးလေ" လုံခြုံရေးမှူးက ဂုဏ်ယူစွာ ပြုံးရင်း ပြောလိုက်သည်။

​"ပွဲကတော့ ပြီးသွားပြီ၊ ဒါပေမဲ့ ရှေ့ဆက်သွားရင် ပိုအားကောင်းတဲ့ သားရဲတွေကို မြင်ရမှာဆိုတော့ ပိုကြည့်ကောင်းဦးမှာပါ။ မင်းတို့အနေနဲ့ စွမ်းအားကြီးတဲ့ သားရဲတွေကို မင်းတို့မျက်စိရှေ့မှာတင် အမဲလိုက်တာကို မြင်ရမယ့် ပျော်စရာ အပန်းဖြေခရီးတစ်ခုလိုပဲ သဘောထားလိုက်ပါ" သူက ထပ်လောင်းပြောသည်။

​"ဒါက အတွေ့အကြုံသစ် တစ်ခုပဲ၊ ဒီလိုအရာတွေ ဘယ်လို အလုပ်လုပ်လဲဆိုတာ မြင်ရတာ တကယ် ပျော်ဖို့ကောင်းတယ်။ ဒီသင်္ဘောစီးရတာကို ငါ သဘောကျလာပြီ" ကျိရှန်းက ရယ်မောရင်း ထောက်ခံလိုက်လေတော့သည်။

All Chapters