← Chapters

အခန်း (၄၉၇-၄၉၈)

Vol. 50 Ch. 497-498

အခန်း (၄၉၇-၄၉၈)

Vol. 50 Ch. 497-498

အခန်း (၄၉၇) အကြီးအကဲလေး

​လုံချန်းအနေဖြင့် ပင်လယ်ဓားပြဘုရင်၏ ကမ်းလှမ်းမှုကို ငြင်းပယ်ရန် ပင်လယ်ဓားပြခေါင်းဆောင်အား အတင်းအကျပ် ခိုင်းစေနိုင်သော်လည်း ၎င်းမှာ မဖြစ်နိုင်သလို ပိုမိုကြီးမားသော ပြဿနာများကိုသာ ဖန်တီးလိမ့်မည်မှန်း သူ သိထားသည်။ အကယ်၍ ပင်လယ်ဓားပြခေါင်းဆောင်သာ ငြင်းဆိုလိုက်ပါက သူတို့၏သင်္ဘောမှာ အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်မှုများကို ကြုံတွေ့ရမည် ဖြစ်သည်။

​ထိုသို့ဖြစ်ပါက သင်္ဘောမှာ ပျက်စီးသွားမည်ဖြစ်ပြီး လုံချန်း၏ ကျွန်းကို ရှာဖွေမည့် အစီအစဉ်မှာလည်း သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။

​"ကောင်းပြီလေ" လုံချန်းက သဘောတူသည့်အနေဖြင့် အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။ "ဒါပေမဲ့ မြန်မြန်လုပ်"

​ပင်လယ်ဓားပြ ခေါင်းဆောင်သည် ပင်လယ်ဓားပြဘုရင်၏ သင်္ဘောဘက်သို့ လှည့်ကြည့်လိုက်သည်။

​သူသည် သူ၏အသံကို ထပ်မံ မြှင့်တင်လိုက်ပြီး ပင်လယ်ဓားပြဘုရင်ကို ပြန်လည် ဖြေကြားလိုက်သည်။

​"ကျွန်တော်တို့ ခင်ဗျားနဲ့အတူ လိုက်ခဲ့ပါ့မယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ကိစ္စတွေကိုတော့ ပင်လယ်ဓားပြတွေရဲ့ ဂုဏ်သိက္ခာအတွက် ခဏ ရွှေ့ဆိုင်းထားနိုင်ပါတယ်" ပင်လယ်ဓားပြခေါင်းဆောင် ဘီမင်က ဘုရင်ဖြစ်သူဘက်မှ ထောက်ခံသည့်အနေဖြင့် ပြောလိုက်သည်။

​ပင်လယ်ဓားပြဘုရင်က 'အင်း' ဟုသာ တုံ့ပြန်လိုက်သည်။

​ပင်လယ်ဓားပြဘုရင်၏ သင်္ဘောမှာ ရှေ့သို့ စတင် ခရီးနှင်သည်။ ဘီမင်၏ သင်္ဘောသည်လည်း အခြားသော သင်္ဘောများနှင့် ပူးပေါင်းလိုက်သည်။

​သင်္ဘောအုပ်စုကြီးမှာ လုံချန်းသွားလိုသော အရပ်နှင့် ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်၍ ခရီးနှင်လာကြသည်။ သူတို့ လာခဲ့သည့် လမ်းကြောင်းအတိုင်း ပြန်သွားနေခြင်း ဖြစ်သည်ကို လုံချန်း မြင်နေရသည်။

​သူသည် တစ္ဆေကျွန်းနှင့် နီးကပ်လာမှ အဝေးသို့ ပြန်လည် ထွက်ခွာနေရသော်လည်း ဤအခြေအနေအတွက် သူ ဘာမှ မတတ်နိုင်ပေ။

​"ဟူး... အချိန်တွေ အများကြီး ကုန်တော့မှာပဲ" လုံချန်းက ခေါင်းခါရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

​"မင်းတို့ ပင်လယ်ဓားပြတွေက ဘယ်လို တိုက်ခိုက်ကြတာလဲ။ သင်္ဘောချင်းပဲ ပုံမှန်အတိုင်း တိုက်ကြတာလား၊ ဒါမှမဟုတ် တခြားသင်္ဘောပေါ်ကို ကျူးကျော်ဝင်ရောက်ပြီးမှ တိုက်ကြတာလား" လုံချန်းက သိလိုစိတ်ဖြင့် ဘီမင်ကို မေးလိုက်သည်။ သူသည် တိုက်ကြီးများမှ သင်္ဘောများကို သူတို့ မည်သို့ တိုက်ခိုက်သည်ကိုသာ သိထားပြီး သူတို့ အချင်းချင်း တိုက်ခိုက်ကြလျှင်ရော မည်သို့ ရှိမည်နည်းဟု တွေးမိခြင်း ဖြစ်သည်။

​"အကာအကွယ်တွေ ရှိနေတော့ သူတို့သင်္ဘောပေါ်ကို ကျူးကျော်ဝင်ဖို့ မလွယ်ပါဘူး။ အကာအကွယ် ပျက်စီးသွားပြီဆိုရင်တော့ သင်္ဘောပေါ်ကနေ ဆင်းနေစရာတောင် မလိုတော့ဘူးလေ၊ ကိုယ့်သင်္ဘောပေါ်မှာပဲ သက်သောင့်သက်သာ နေရင်းနဲ့ သူတို့သင်္ဘောကို ဖျက်ဆီးပြီး သတ်ပစ်ဖို့က အရမ်းလွယ်သွားပြီကိုး" ဘီမင်က ခေါင်းခါရင်း ဖြေသည်။

​"ကောင်းပြီ။ ငါထင်ထားသလိုပါပဲ။ သင်္ဘောရဲ့ အကာအကွယ်က ဘေးကင်းနေသရွေ့ အားလုံး အဆင်ပြေနေဦးမှာပဲ၊ ဒါပေမဲ့ အဲဒါ ပျက်သွားတာနဲ့ တိုက်ပွဲက ပြီးသွားပြီပေါ့" လုံချန်းက ရေရွတ်လိုက်သည်။

​"ငါတို့သင်္ဘောကို နောက်ဆုံးမှာပဲ ထားပြီး အကာအကွယ်ကို ထိန်းထားစမ်းပါ။ ငါ့ကို လိုက်ပို့ဖို့ တခြားသင်္ဘောတစ်စင်း ထပ်ရှာနေရတာမျိုး ငါ အဖြစ်မခံနိုင်ဘူး။ တကယ်လို့ ဒီသင်္ဘောသာ ပျက်သွားရင် ဘာဖြစ်မလဲဆိုတာ မင်း ကြိုတွေးထားလိုက်တော့" လုံချန်းက ဘီမင်ကို သတိပေးလိုက်သည်။

​"ကျုပ်လည်း ကျုပ်သင်္ဘော ပျက်စီးတာကို အဖြစ်မခံနိုင်ပါဘူး။ ကျုပ်တို့ ပင်လယ်ဓားပြတွေအတွက် သင်္ဘောဆိုတာ အသက်နဲ့ ထပ်တူပါပဲ။ ကျုပ်လည်း အခုချက်ချင်း မသေချင်သေးဘူး" ဘီမင်က ပြန်ဖြေသည်။

​ယခုအခါ သူတို့မှာ သင်္ဘောအုပ်စုကြီးထဲတွင် ပါဝင်နေသဖြင့် ပတ်ဝန်းကျင်၌ အခြားသင်္ဘောအချို့ သွားလာနေသည်ကို လုံချန်း မြင်နေရသည်။ သို့သော် သင်္ဘောတစ်စင်းနှင့်တစ်စင်း လုံလောက်သော အကွာအဝေးတွင် ရှိနေသဖြင့် အခြားသင်္ဘောပေါ်ရှိ လူများကို မြင်တွေ့ရန် ခက်ခဲသည်။ သို့သော်လည်း ဘီမင်မှာ သူ၏ လက်ပြတ်နေသည်ကို သူတစ်ပါး မမြင်စေရန် တစ်ကိုယ်လုံး ဖုံးအုပ်ထားသော ဝတ်ရုံကြီးကို ဝတ်ဆင်ထားသည်။

​သင်္ဘောများသည် လေဆန်အတိုင်း ရေပြင်ကို ဖြတ်ကျော်နေကြသည်။ သင်္ဘောကြီးတစ်စင်းက ရှေ့ဆုံးမှ ဦးဆောင်နေပြီး သင်္ဘောငယ်များက နောက်မှ လိုက်ပါလာကြသည်။

​စုစုပေါင်း ပင်လယ်ဓားပြခေါင်းဆောင်များ၏ သင်္ဘော ၂၃ စင်းနှင့် ပင်လယ်ဓားပြဘုရင်၏ သင်္ဘောတစ်စင်း ပါဝင်သည်။

​နာရီဝက်ခန့် ခရီးနှင်ပြီးနောက် သူတို့သည် ဖန်သားပင်လယ်သို့ ရောက်ရှိလာကြပြီး ထိုနေရာတွင် ပင်လယ်သားရဲတစ်ကောင်၏ တိုက်ခိုက်မှုကို ခံရသည်။ သို့သော် ဓားပြသင်္ဘောအုပ်စုကြီး ဖြစ်နေသဖြင့် ထိုသားရဲမှာ တစ်စက္ကန့်အတွင်းမှာပင် အသတ်ခံလိုက်ရသည်။

​ဤတိုက်ခိုက်ရေး အစီအရင်များ၏ စွမ်းအားကို လုံချန်း အတော်လေး အံ့သြသွားသည်။ ဤကဲ့သို့သော အစီအရင်တစ်ခုတည်းက စွမ်းအားကြီးသော သားရဲများကို သတ်နိုင်သည်မှာ အံ့မခန်းပင်။

​သူသည်လည်း သွေးမျိုးဆက်ကျောင်းတော်မှ ရရှိခဲ့သော ဆုလာဘ်ကြောင့် အစီအရင်များနှင့် ပတ်သက်သော အခြေခံဗဟုသုတ ရှိထားသဖြင့် ၎င်း မည်သို့ အလုပ်လုပ်သည်ကို နားလည်သည်။

​ဤအစီအရင်မှာ အသုံးပြုတိုင်းတွင် ကြီးမားသော စွမ်းအားလိုအပ်ပြီး ထိုစွမ်းအားကို အစေခံများထံမှ စုဆောင်းယူခြင်း ဖြစ်သည်။ အကယ်၍ သူ့တွင် အစီအရင်ပုံစံသာ ရှိပါက သူကိုယ်တိုင်လည်း ရေးဆွဲနိုင်မည်ဖြစ်ကြောင်း သူ သတိပြုမိသော်လည်း ၎င်းမှာ သူ့အတွက် အကျိုးအမြတ် သိပ်မရှိလှပေ။

​ဤအစီအရင်မှာ အသုံးပြုတိုင်းတွင် လူအင်အား အမြောက်အမြား လိုအပ်သည်။ ထို့အပြင် သင်္ဘောကဲ့သို့သော ကြီးမားသည့် အရာတစ်ခုကိုပါ နေရာတိုင်း သယ်သွားရမည်ဖြစ်ရာ ထိရောက်မှု မရှိနိုင်ပေ။

​သူသည် တိုက်ခိုက်ရေးစွမ်းအားမှာ အလားတူရှိပြီး လူအင်အား မလိုအပ်သော အရာတစ်ခုကို ဖန်တီးလိုသော်လည်း သူ၏ လက်ရှိဗဟုသုတမှာ ထိုသို့ပြုလုပ်ရန် မလုံလောက်သေးပေ။

​"ဒီတိုက်ခိုက်ရေး အစီအရင်ရဲ့ ပုံစံကို ငါ့ကို ပေးစမ်း။ ကြည့်ရတာ အားနည်းနေသလိုပဲ၊ ပိုအားကောင်းလာအောင် ငါ ပြုပြင်ပေးမယ်" လုံချန်းက ဘီမင်ကို ပြောလိုက်သည်။

​သူသည် တိုက်ရိုက် မတောင်းဆိုခဲ့ပေ။ အကြောင်းမှာ တိုက်ရိုက်တောင်းပါက ဘီမင်က သူ့တွင် ပုံစံမရှိကြောင်း လိမ်ညာနိုင်သောကြောင့် ဖြစ်သည်။ သို့သော် လုံချန်းက ပိုကောင်းအောင် လုပ်ပေးမည်ဟု လောဘပေးလိုက်လျှင်မူ ဘီမင်အနေဖြင့် ပုံစံကို ထုတ်ပြရန် ဝန်လေးလိမ့်မည် မဟုတ်ပေ။

​"အာ... တောင်းပန်ပါတယ်၊ ကျုပ်တို့ဆီမှာ အဲဒီပုံစံ ဒါမှမဟုတ် အစီအရင်ပုံစံ မရှိပါဘူး။ ပင်လယ်ဓားပြဘုရင်မှာတောင် အဲဒီအစီအရင်ရဲ့ အသေးစိတ်အချက်အလက်တွေ မရှိဘူးခင်ဗျ" ဘီမင်က ပြန်ဖြေသည်။

​"အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းတို့မှာ အဲဒီအသိပညာ မရှိဘဲနဲ့ မင်းတို့သင်္ဘောတွေပေါ်မှာ ဒီအစီအရင်တွေ ဘယ်လိုလုပ် ရောက်နေတာလဲ။ အနည်းဆုံးတော့ ယုံချင်စရာကောင်းတဲ့ အလိမ်အညာမျိုး ပြောစမ်းပါ" လုံချန်းက ဆိုလိုက်သည်။

​"ကျုပ် လိမ်နေတာ မဟုတ်ပါဘူး။ အမှန်အတိုင်း ပြောနေတာပါ။ ဒီအစီအရင်တွေကို ကျုပ်တို့ ရေးဆွဲခဲ့တာ မဟုတ်ဘူး။ ပင်လယ်ဓားပြ တစ်ယောက်အနေနဲ့ သူ့သင်္ဘောပေါ်မှာ တိုက်ခိုက်ရေးအစီအရင် လိုချင်ပြီဆိုရင် အကြီးအကဲလေးရဲ့ ကျွန်းကို သွားပြီး သူမရဲ့ အကူအညီကို တောင်းရတာပါ။ သူမက အစီအရင်(ဝင်္ကပါ) ပညာရှင် တစ်ဦးဖြစ်သလို ဒီပင်လယ်ပြင်မှာ အကျော်ကြားဆုံး အစီအရင်ပညာရှင်လည်း ဖြစ်ပါတယ်" ဘီမင်က ရှင်းပြသည်။

​"ဒီမှာ အစီအရင် ပညာရှင် တစ်ယောက် ရှိနေတာပေါ့... စိတ်ဝင်စားစရာပဲ" လုံချန်း တိုးတိုးလေး ပြောလိုက်သည်။

​"ဟုတ်ကဲ့၊ တစ္ဆေကျွန်းက လူတွေကတော့ သူတို့မှာ ကိုယ်ပိုင်အစီအရင် ပညာရှင်တွေ ရှိနေတော့ သူမအကြောင်း သိချင်မှ သိမှာပေါ့၊ ဒါပေမဲ့ အကြီးအကဲလေးကတော့ ကျုပ်တို့အတွက် ကောင်းကင်ဘုံက ပေးတဲ့ လက်ဆောင်မွန်ပါပဲ" ပင်လယ်ဓားပြခေါင်းဆောင်က ဖြေသည်။

​"ကျုပ်တို့ ပင်လယ်ဓားပြတွေက သူမကို နတ်ဘုရားမတစ်ပါးလိုကို ကိုးကွယ်ကြတာ။ ပင်လယ်ဓားပြဘုရင်ကိုယ်တိုင်တောင် သူမကို အကြီးအကျယ် ရိုသေတာဗျ" သူက ထပ်လောင်းပြောသည်။

​"သူ့အသက်က ဘယ်လောက်လဲ" လုံချန်းက မေးလိုက်သည်။

​"ခင်ဗျား သူ့အကြောင်း သိရင်တောင် သူ့ကို မှတ်မိမှာ မဟုတ်ဘူး။ ကြည့်ရတာ အသက် ၂၀ ကျော်ဝန်းကျင်လေးပဲ၊ ဒါပေမဲ့ သူက အရမ်း ဗဟုသုတရှိပြီး ကြင်နာတတ်တယ်။ သူက တကယ့်ကို ကောင်းကင်ဘုံရဲ့ သမီးတော်ပါပဲ။ ပင်လယ်ဓားပြဘုရင်က ဓားပြတွေရဲ့ ဘုရင်ဆိုပေမဲ့ တကယ်တမ်းကျတော့ သူကသာ တကယ့်ဘုရင်လို့ ပြောလို့ရတယ်၊ ဘာလို့လဲဆိုတော့ ဘုရင်က သူ့ကို အရမ်းရိုသေလို့ သူ ခိုင်းတာမှန်သမျှ အကုန်လုပ်ပေးမှာမို့လို့ပဲ။ ဒါပေမဲ့ အကြီးအကဲလေးက အာဏာကို စိတ်မဝင်စားဘူး။ သူက သူ့ရဲ့ကျွန်းမှာပဲ နေပြီး အစီအရင် အမျိုးမျိုးကို သုတေသနလုပ်ရင်းပဲ အချိန်ကုန်ဆုံးနေတာ" ဘီမင်က ပြန်ဖြေသည်။

​"အသက် ၂၀ ဝန်းကျင်လို့ ထင်ရတဲ့ အစီအရင် ပညာရှင်လား။ ဖြစ်နိုင်တာကတော့ ကျင့်ကြံခြင်းအဆင့် မြင့်မားလို့ ဒါမှမဟုတ် တစ်ခုခုကို သုံးပြီး နုပျိုအောင် လုပ်ထားတဲ့ အဘွားကြီးတစ်ယောက် ဖြစ်မှာပေါ့" လုံချန်းက ရေရွတ်လိုက်သည်။

​"မှန်ပါတယ်၊ ကြည့်ရတာ ငယ်ပေမဲ့ သူ့ရဲ့ တကယ့်အသက်ကို ဘယ်သူမှ မသိကြဘူး။ သူ ဒီကို ရောက်လာတာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကပေါ့၊ အဲဒီအချိန်ကစပြီး ကျုပ်တို့ ဘဝတွေကို ပြောင်းလဲပစ်ခဲ့တာ။ သူ့ရဲ့ အကူအညီကြောင့်ပဲ ပင်လယ်ဓားပြတွေ အင်အားကြီးလာခဲ့တာပါ။ သူက အသက်ကြီးမှာ သေချာပေမဲ့ ဘယ်လောက်လဲဆိုတာတော့ မသိဘူး။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို သိဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ သူက အရမ်းသန်မာမှာတော့ သေချာတယ်" ဘီမင်က ခေါင်းခါရင်း ပြောသည်။

​"စိတ်ဝင်စားစရာပဲ။ ငါ သူ့ကို အတော်လေး စိတ်ဝင်စားသွားပြီ။ သူ့ နာမည်က ဘယ်သူလဲ" လုံချန်းက မေးလိုက်သည်။

​"သူမ နာမည်က ရွှီအောက်ရှင်းပါ" ပင်လယ်ဓားပြ ခေါင်းဆောင်က ဖြေသည်။

​"ရွှီအောက်ရှင်း ဟုတ်လား့ သူမမှာ ဆံပင်အနီရောင် ရှိလား" ရွှင်းသည် လုံချန်းအနီးတွင် ပေါ်လာပြီး အံ့သြသော မျက်နှာပေးဖြင့် မေးလိုက်သည်။

​သူမ၏စကားကို လုံချန်းမှလွဲ၍ မည်သူမျှ မကြားနိုင်ပေ။

​"သူ့မှာ ဆံပင်အနီရောင် ရှိလား" လုံချန်းက ရွှင်း သိလိုသည်ကို ထပ်မံ မေးမြန်းလိုက်သည်။

​"ဟင့်အင်း၊ သူ့မှာ ရွှေအိုရောင် ဆံပင်တွေ ရှိတာပါ" ဘီမင်က ဖြေသည်။

​"နာမည်တူတာ ဖြစ်မှာပါ" ရွှင်းက စဉ်းစားဟန်ဖြင့် ရေရွတ်ပြီးနောက် ပြန်လည် ကွယ်ပျောက်သွားသည်။

​လုံချန်းမှာတော့ မည်သည်များ ဖြစ်နေမှန်း မသိဘဲ ဇဝေဇဝါဖြင့် ကျန်ရစ်ခဲ့သည်။

​"တစ်နေ့ကျရင် သူနဲ့ တွေ့ရတာ စိတ်ဝင်စားစရာ ကောင်းမှာပဲ" လုံချန်းက တိုးတိုးလေး ပြောလိုက်လေတော့သည်။

အခန်း (၄၉၈) ရွှီအောက်ရှင်း

​"တကယ်လို့ သူက ငါ့ထက် ပိုတော်တယ်ဆိုရင် ငါ့ရဲ့ အစီအရင်ပညာရပ်ကို သူ့ဆီကနေ ထပ်ပြီး တိုးတက်အောင် လုပ်လို့ရနိုင်တယ်" လုံချန်းက ထပ်လောင်းပြောလိုက်သည်။

​သူ့စကားဆုံးသည်နှင့် တစ်ပြိုင်နက် ရွှင်း၏ အသံက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။

​"ရွှီအောက်ရှင်းဆိုတဲ့ နာမည်ရှိတဲ့သူတိုင်းနဲ့ ဝေးဝေးမှာနေ။ အဲဒီနာမည်ရှိတဲ့သူဆီကနေ ဘာကောင်းကွက်မှ ရလာမှာ မဟုတ်ဘူး"

​'နင့်မှာ ဒီလိုနာမည်တူတဲ့ သူတစ်ယောက်နဲ့ ပတ်သက်ပြီး မကောင်းတဲ့ အတိတ်တွေ ရှိဖူးလို့လား' လုံချန်းက သူမကို မေးလိုက်သည်။ ထိုနာမည်နှင့် ၎င်းနောက်ကွယ်မှ အရေးပါမှုအပေါ် သူ သိလိုစိတ် ပြင်းပြနေသည်။

​"အဲဒီ သောက်ကောင်မအကြောင်း ငါ့ကို လာမပြောနဲ့" ရွှင်းက စိတ်တိုသောအသံဖြင့် တုံ့ပြန်သည်။

​'ငါတို့က ခရီးရှည်ကြီး သွားနေရတာ။ အဲဒါက ဇာတ်လမ်းတစ်ပုဒ်ဆိုရင် နားထောင်ဖို့ ငါ့မှာ အချိန်ရှိပါတယ်။ အဲဒါကို သိထားရင် ငါ့အတွက် ဗဟုသုတလည်း ရနိုင်သလို အဲဒီလိုလူမျိုးတွေကို သတိထားရမယ်ဆိုတာလည်း သင်ခန်းစာ ရနိုင်တာပေါ့။ ကဲ... ပြောပြပါဦး။ နင်က ငါ့ကို စပ်စုချင်အောင် လုပ်ပြီးမှတော့' လုံချန်းက သူမကို တိုက်တွန်းလိုက်သည်။

​"အဲဒါကို မေ့လိုက်စမ်းပါ။ အဲဒါက ငါပြန်မဖော်ချင်တော့တဲ့ အတိတ်ပဲ။ ငါ နင့်ကို ပြောနိုင်တာ တစ်ခုကတော့ အပြစ်ကင်းစင်ပုံရတဲ့ မိန်းကလေးတွေရဲ့ လှည့်စားမှုကို မခံရစေနဲ့ဆိုတာပဲ" ရွှင်းက လုံချန်းကို သတိပေးသည်။

​'ငါ ခန့်မှန်းကြည့်ပါရစေ။ သူမက ထျန်းရှန်ကို လှည့်စားခဲ့တဲ့သူလား။ သူငယ်ချင်းလား ဒါမှမဟုတ် ချစ်သူလား' လုံချန်းက ထပ်မေးလိုက်သည်။ သူသည် ဤကိစ္စကို အလွယ်တကူ လက်လျှော့မည့်ပုံ မပေါ်ပေ။

​"သူ့အတွက် ဘယ်သူဖြစ်ခဲ့လဲဆိုတာ အရေးမကြီးဘူး။ အရေးကြီးတာက အဲဒီရလဒ်က မကောင်းခဲ့ဘူးဆိုတာပဲ။ ဒါကြောင့် နှလုံးသားထက် ဦးနှောက်ကို အရင်ဦးစားပေးပြီး နားထောင်ဖို့က ပိုကောင်းတယ်။ အဲဒါကိုပဲ ငါ နင့်ကို အမြဲသင်ပေးဖို့ ကြိုးစားနေတာ" ရွှင်းက ပြောသည်။

​'အဲဒါကို ငါ သိပြီးသားပါ။ မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် ငါ့ကို လှည့်စားတာမျိုး အဖြစ်မခံပါဘူး။ အဲဒါအတွက် မစိုးရိမ်နဲ့' လုံချန်းက ပြန်ပြောလိုက်သည်။

​"နင် အဲဒီလိုစကားမျိုးကို ဘယ်လိုမျက်နှာမျိုးနဲ့ ပြောနိုင်လဲဆိုတာ ငါ တကယ်အံ့သြမိတယ်။ နင်က ထျန်းရှန်ထက်တောင် ပိုပြီး စိတ်ပူစရာကောင်းနေတာ" ရွှင်းက ခေါင်းခါရင်း ရယ်မောလိုက်သည်။

​'အဲဒါက တစ်မျိုးလှည့်ပြီး စော်ကားလိုက်တာနဲ့ တူနေတယ်' လုံချန်းက ခပ်ယဲ့ယဲ့ အပြုံးဖြင့် ပြန်ပြောသည်။

​"အဲဒါ စော်ကားတာ မဟုတ်ပါဘူး။ နင်က ပြဿနာတွေထဲကို ဘာမှမစဉ်းစားဘဲ ခုန်ဝင်တတ်တဲ့ အကျင့် ရှိတယ်လို့ ပြောတာ။ နင့်က စိတ်တိုလွယ်တယ်၊ ပြီးတော့ နင့်ရဲ့ လုပ်ရပ်တွေကို စိတ်ခံစားချက်နောက် လိုက်ပြီး လုပ်တတ်တယ်။ လူတိုင်းမှာ အားနည်းချက် ရှိကြတယ်ဆိုတာ ငါ နားလည်ပါတယ်။ ထျန်းရှန်မှာလည်း တခြားအားနည်းချက် ရှိသလို နင့်မှာလည်း တခြားအားနည်းချက် ရှိတာပဲ။ အဓိကအချက်ကတော့ နင် အဲဒီအားနည်းချက်တွေကို ပြည့်စုံမှုအဖြစ် ပြောင်းလဲနိုင်မလားဆိုတာပဲ၊ အဲဒါကိုတော့ အချိန်ကပဲ သက်သေပြပါလိမ့်မယ်" ရွှင်းက ဆိုသည်။

​'နင်က ဒါကို အားနည်းချက်လို့ ခေါ်ပေမဲ့ ငါကတော့ ဒါကို လူသားဆန်မှုလို့ပဲ ခေါ်တယ်။ လူဆိုတာ အမှားနဲ့ မကင်းဘူးလေ၊ ငါက ငါ့ရဲ့ ရှိတဲ့အခြေအနေပေါ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာပါ' လုံချန်းက ပြန်ဖြေသည်။ 'လူတိုင်းမှာ မတူညီတဲ့ တွေးခေါ်ပုံတွေ ရှိကြတာပဲ။ တစ်ယောက်ရဲ့ အတွေးက ငါ့အတွက် မိုက်မဲတယ်လို့ ထင်ရပေမဲ့ ငါ့ရဲ့အတွေးကလည်း သူတို့အတွက် မိုက်မဲနေနိုင်တာပဲ။ လူသားတစ်ယောက် ဖြစ်တည်မှုမှာ ဘယ်အရာကမှ အမှန် ဒါမှမဟုတ် အမှားရယ်လို့ မရှိဘူး။ မှန်တာ၊ မှားတာ၊ ဉာဏ်ကောင်းတာ၊ ဉာဏ်နည်းတာ မရှိဘူး။ အဲဒါက ရှုမြင်ပုံအပေါ်မှာပဲ မူတည်တာ'

​သင်္ဘောကြီးသည် မိုးကုပ်စက်ဝိုင်းဆီသို့ ဦးတည်ခရီးနှင်နေစဉ်အတွင်း ရွှင်းနှင့် လုံချန်းတို့သည် အပြန်အလှန် ငြင်းခုံဆွေးနွေးနေကြသည်။

​တစ်ရက်နှင့် တစ်ညလုံး ခရီးနှင်ပြီးနောက် သင်္ဘောသည် မငြိမ်မသက် ပင်လယ်၏ အခြားအပိုင်းတစ်ပိုင်းသို့ ရောက်ရှိလာသည်။

​လုံချန်းက ရှေ့သို့ ကြည့်လိုက်ရာ ကျွန်းတစ်ကျွန်းအနီးတွင် ရပ်တန့်ထားသော သင်္ဘော အစင်း ၂၀ ခန့်ကို တွေ့လိုက်ရသည်။

​ထိုသင်္ဘောများပေါ်မှ ပင်လယ်ဓားပြများသည် ကျွန်းပေါ်တွင် အစည်းအဝေးတစ်ခု ပြုလုပ်နေကြသည်။

​ဓားပြအများစုမှာ ကျွန်းပေါ်တွင် ရှိနေသော်လည်း အချို့မှာမူ အစေခံများကို စောင့်ကြည့်ရန်နှင့် သင်္ဘောများကို ကာကွယ်ရန်အတွက် ကျန်ရစ်ခဲ့ကြသည်။ အချို့မှာမူ ပင်လယ်ပြင်ကို စောင့်ကြည့်နေကြသည်။

​ပင်လယ်ဓားပြများသည် ပင်လယ်ဓားပြဘုရင်၏ သင်္ဘောနှင့် အခြားသင်္ဘောများ သူတို့ဆီသို့ ဦးတည်လာသည်ကို မြင်လိုက်ကြသည်။

​အချို့မှာ သင်္ဘောပေါ်မှ ချက်ချင်း ဆင်းပြေးကြပြီး ဓားပြခေါင်းဆောင်များကို သတင်းပို့ရန် အစည်းအဝေးလုပ်ရာ နေရာဆီသို့ အပြေးအလွှား သွားကြတော့သည်။

​ကျွန်းပေါ်တွင် ပင်လယ်ဓားပြခေါင်းဆောင် ၂၀ ခန့်သည် ဝိုင်းဖွဲ့ကာ ပင်လယ်ဓားပြဘုရင်ကို တိုက်ခိုက်မည့် အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးနေကြသည်။

​သူတို့၏ လူများသည်လည်း ထိုဧရိယာကို ဝန်းရံထားပြီး အခြားခေါင်းဆောင်များ၏ လူများကို စောင့်ကြည့်နေကြသည်။

​လူတစ်ယောက် ပြေးလာချိန်တွင် အစည်းအဝေးမှာ ပြီးခါနီးနေပြီ ဖြစ်သည်။

​ထိုသူမှာ ဓားပြခေါင်းဆောင်တစ်ဦး၏ ယုံကြည်ရသော လက်ထောက်ဖြစ်သော်လည်း အခြားခေါင်းဆောင်များ၏ လူများက သူ့ကို တားဆီးကာ ရှေ့ဆက်သွားခွင့် မပြုခဲ့ပေ။ သို့သော် အခြားအဖွဲ့များမှ လူများစွာပါ ထပ်မံ ရောက်ရှိလာသောအခါ အခြေအနေမှာ ပိုမို ရှုပ်ထွေးသွားတော့သည်။ အဖွဲ့တိုင်းမှ လူများ ရောက်လာကြခြင်း ဖြစ်သည်။

​"ငါတို့ ခေါင်းဆောင်တွေနဲ့ စကားပြောရမယ်။ ပင်လယ်ဓားပြဘုရင် လာနေပြီ" သူတို့က ကင်းစောင့်နေသူများကို အော်ပြောလိုက်ကြသည်။

​ထိုသတင်းစကားကြောင့် ကင်းစောင့်နေသူ အားလုံးနီးပါး တုန်လှုပ်သွားကြသည်။ သူတို့သည် သတင်းလာပို့သူများကို ဝင်ခွင့်ပေးလိုက်ရုံသာမက သူတို့ကိုယ်တိုင်လည်း နောက်မှ လိုက်သွားကြသည်။

​"ကောင်းပြီ။ ငါ နားလည်ပြီ။ ဒါဆို ဆုံးဖြတ်ပြီးပြီနော်။ မနက်ဖြန်ကျရင် ငါတို့..."

​ဓားပြခေါင်းဆောင်များသည် သူတို့၏ အစည်းအဝေးရလဒ်ကို ထုတ်ပြန်ကြေညာရန် ပြင်ဆင်နေစဉ်မှာပင် သူတို့ဆီသို့ ပြေးလာနေသော လူများ၏ အော်ဟစ်သံများကို ကြားလိုက်ရသည်။

​လူများမှာ ပင်လယ်ဓားပြဘုရင် ရောက်ရှိလာမှုအကြောင်းကို အော်ဟစ်နေကြခြင်း ဖြစ်သည်။

​"သခင်... ပင်လယ်ဓားပြဘုရင်ရဲ့ သင်္ဘောကြီး ကျွန်တော်တို့ဆီ ဦးတည်လာတာကို တွေ့ခဲ့ရပါတယ်။ အဲဒီသင်္ဘောနောက်မှာ တခြားဓားပြခေါင်းဆောင်တွေရဲ့ သင်္ဘော ၂၃ စင်းလည်း ပါလာပါတယ်" အားလုံးက သူတို့၏ ခေါင်းဆောင်များကို သတင်းပို့ကြသည်။

​"သူတို့ ရောက်လာပြီလား။ ဘယ်သူက ငါတို့ အစည်းအဝေးအကြောင်းကို သတင်းသွားပေးလိုက်တာလဲ။ ဒါ မကောင်းတော့ဘူး။ ရောင်းရင်းတို့... ငါတို့အတွက် အလစ်အငိုက် တိုက်ခိုက်ဖို့ အခွင့်အရေး မရှိတော့ပုံပဲ။ ငါတို့ သူတို့ကို ထိပ်တိုက် ရင်ဆိုင်ရတော့မယ်။ ရှုံးနိမ့်လို့ မဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့ အရှုံးမပေးနိုင်ဘူး" ဓားပြခေါင်းဆောင် တစ်ဦးက ပြတ်သားစွာ ပြောလိုက်သည်။

​"ငါတို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး မဟုတ်လား။ သူ သိသွားပြီဆိုမှတော့ ငါတို့ကို အရှင်ထားမှာ မဟုတ်ဘူး။ ငါတို့ အစွမ်းကုန် တိုက်ပြီး သူ့ကို သတ်ရမှာပဲ။ ကဲ... ငါတို့ သင်္ဘောတွေဆီ သွားပြီး သူတို့ကို ရင်ဆိုင်ကြစို့" ဓားပြခေါင်းဆောင်များက ပြောကာ သူတို့၏ သင်္ဘောများဆီသို့ အပြေးအလွှား သွားကြတော့သည်။

​ငါးမိနစ်ခန့်အကြာတွင် သူတို့သည် သူတို့၏လူများနှင့်အတူ သင်္ဘောပေါ်သို့ ပြန်ရောက်သွားကြသည်။

​ပင်လယ်ဓားပြဘုရင်နှင့် အခြားရန်သူများ၏ သင်္ဘောများမှာ လမ်းခုလတ်တွင် ရှိနေဆဲ ဖြစ်သည်။

​"ပင်လယ်ဓားပြဘုရင် ပြောတာ မှန်နေတာပဲ။ ဓားပြခေါင်းဆောင် ၂၀ က ပင်လယ်ဓားပြဘုရင်နဲ့ တခြားလူတွေကို ဆန့်ကျင်ဖို့ အစီအစဉ်မရှိဘဲနဲ့ ဒီလိုမျိုး လျှို့ဝှက် တွေ့ဆုံနေမှာ မဟုတ်ဘူး။ ဒါဟာ ပင်လယ်ဓားပြဘုရင်ကို သတ်ပြီး သူတို့အချင်းချင်း ပူးပေါင်းပြီး ပင်လယ်ကို အုပ်ချုပ်ဖို့ ကြိုးစားတာပဲ။ ဘုရင်က ဒါကို ဘယ်လို သိသွားတာလဲ မသိဘူး" ဓားပြခေါင်းဆောင် ဘီမင်က ရေရွတ်လိုက်သည်။

​သူတို့ နီးကပ်လာသည်နှင့်အမျှ ပုန်ကန်သူများ၏ သင်္ဘောများသည်လည်း သူတို့ဆီသို့ ဦးတည် လာနေသည်ကို တွေ့ရသည်။

​၎င်းမှာ ပင်လယ်ဓားပြဘုရင်နှင့် သူ၏ ထောက်ခံသူ ၂၃ စင်း၊ ပုန်ကန်သူ ဓားပြခေါင်းဆောင် ၂၀ တို့အကြား ဖြစ်ပွားမည့် တိုက်ပွဲကြီးပင် ဖြစ်သည်။

​သင်္ဘောများသည် တစ်စင်းနှင့်တစ်စင်း မျက်နှာချင်းဆိုင် ရပ်တန့်လိုက်ကြသည်။

​"ကောင်းတယ်။ အရမ်းကောင်းတယ်။ မင်းတို့က တခြားပင်လယ်ဓားပြတွေကို ဆန့်ကျင်ပြီး လုပ်ကြံဖို့ ကြံစည်ခြင်းအားဖြင့် ပင်လယ်ပြင်ရဲ့ စည်းကမ်းတွေကို စော်ကားဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့။ ငါ မင်းတို့ကို သစ္စာဖောက်မှုနဲ့ အပြစ်ရှိကြောင်း ကြေညာတယ်။ မင်းတို့ရဲ့ အပြစ်ဒဏ်ကတော့ သေခြင်းတရားပဲ။ မင်းတို့ရဲ့ အကာအကွယ်တွေကို ငြိမ်ငြိမ်လေး ပိတ်လိုက်စမ်း၊ ပြီးတော့ မင်းတို့ရဲ့ အသက်ကို ငါ့လက်နဲ့ပဲ အဆုံးစီရင်ခွင့် ပေးပါ။ အဲဒါကို ငါ့ဆီက ရတဲ့ ကရုဏာလို့သာ မှတ်လိုက်ပါ။ မင်းတို့ရဲ့ စတေးမှုနဲ့အတူ မင်းတို့ရဲ့ သင်္ဘောနဲ့ လူတွေကတော့ အသက်ချမ်းသာရာ ရလိမ့်မယ်"

​ပင်လယ်ဓားပြဘုရင်သည် သူ၏ ချီစွမ်းအင်ကို အသုံးပြု၍ အသံအား ကျယ်လောင်စေလိုက်ရာ သင်္ဘောတိုင်းသို့ သူ၏အသံ ရောက်ရှိသွားသည်။ လုံချန်းပင်လျှင် ထိုအသံကို ကြားနေရသည်။

​"ဒါက ငါတို့က ပင်လယ်ပြင် စည်းကမ်းတွေကို စော်ကားတာ မဟုတ်ဘူး။ ဒါက လွတ်လပ်မှုအတွက်ပဲ။ မင်းက ပင်လယ်ဓားပြဘုရင်အဖြစ် ပင်လယ်ကို လက်ဝါးကြီးအုပ်ထားပြီး ငါတို့ကို အသိအမှတ်မပြုဘဲ ခွေးတွေလို ဆက်ဆံခဲ့တာ။ ငါတို့ စတင်ခဲ့တုန်းက ပင်လယ်ဓားပြအားလုံး တန်းတူညီမျှ အခွင့်အရေး ရမယ်လို့ ဆုံးဖြတ်ခဲ့ကြတာ၊ ဒါပေမဲ့ မင်းက ပိုသန်မာလို့ဆိုပြီး ဘုရင်လုပ်ပြီး ငါတို့ကို မင်းစကား နားထောင်ဖို့ အတင်းအကျပ် ခိုင်းခဲ့တာ"

​"ဒါဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲပဲ။ ဒါဟာ တခြားပင်လယ်ဓားပြတွေကို တိုက်တဲ့ တိုက်ပွဲ မဟုတ်ဘူး၊ ငါတို့ထဲက တစ်ယောက်လို ဟန်ဆောင်ပြီး ငါတို့ကို နည်းနည်းလေးတောင် လေးစားမှုမရှိတဲ့ လောဘကြီးတဲ့ ခွေးကောင်တစ်ကောင်ကို တိုက်တဲ့ တိုက်ပွဲပဲ" ပုန်ကန်သူ ဓားပြခေါင်းဆောင် တစ်ဦးက ပြန်လည် တုံ့ပြန်လိုက်သည်။

​"ကျန်တဲ့ ဓားပြရောင်းရင်းတို့၊ မင်းတို့ အခု ပင်လယ်ဓားပြဘုရင်ရဲ့ အနောက်မှာ ရပ်နေကြတယ်။ သေချာ ပြန်စဉ်းစားကြစမ်း။ မင်းတို့က အာဏာရှင်တစ်ယောက်ကိုပဲ ဆက်ပြီး ထောက်ခံမလား၊ ဒါမှမဟုတ် လွတ်လပ်တဲ့ ပင်လယ်ပြင်နဲ့ တန်းတူညီမျှ ဆက်ဆံရေးအတွက် ငါတို့နဲ့အတူ တိုက်ပွဲဝင်မလား။ ပင်လယ်ဓားပြဘုရင်ကို သတ်နိုင်မှသာ ငါတို့ ဒါကို ရနိုင်မှာ။ ဒီအာဏာရှင်ကို ဆန့်ကျင်ဖို့ ငါတို့ကို ကူညီကြပါ" နောက်ထပ် ပုန်ကန်သူ ဓားပြခေါင်းဆောင် တစ်ဦးက ပြတ်သားစွာ ပြောလိုက်လေတော့သည်။

All Chapters