အခန်း (၄၉၉-၅၀၀)
Vol. 50 Ch. 499-500
အခန်း (၄၉၉) ပုန်းကွယ်ခြင်း
"ငါတို့က ကိုယ့်လူအချင်းချင်း သစ္စာမဖောက်ဘူး။ မင်းတို့မှာ အခက်အခဲရှိရင် အကြီးအကဲလေးဆီသွားပြီး ညှိနှိုင်းလို့ရတာပဲ၊ အခုလို တခြားပင်လယ်ဓားပြ တစ်ယောက်ကို လုပ်ကြံဖို့ ကြံစည်တာကတော့ မှားယွင်းတဲ့ လုပ်ရပ်ပဲ။ မင်းတို့ အတော်လေးကို လွန်သွားပြီ။ ငါကတော့ မင်းတို့ကို ဆန့်ကျင်ပြီး ပင်လယ်ဓားပြဘုရင်ဘက်ကနေ ရပ်တည်မယ်"
"ပင်လယ်ဓားပြ တစ်ယောက်ဖြစ်ပြီး တခြားပင်လယ်ဓားပြ တစ်ယောက်အပေါ် ပရိယာယ်ဆင်တာဟာ အကြီးမားဆုံး ရာဇဝတ်မှုပဲ။ ဒီပြစ်မှုဟာ သေဒဏ်ပေးဖို့ လုံလောက်တယ်။ မင်းတို့မှာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိခဲ့ရင်တောင်မှ မင်းတို့ရွေးချယ်ခဲ့တဲ့ လမ်းစဉ်က မှားနေတဲ့အတွက် အဲဒါတွေက အရေးမပါတော့ဘူး"
"ငါတို့ ပင်လယ်ဓားပြဘုရင်နဲ့အတူ ရှိနေမယ်။ ငါတို့နောက်ကွယ်မှာ ပရိယာယ်ဆင်ဖို့ မင်းတို့ ဆုံးဖြတ်ချက်က မှားသွားပြီ"
"ငါတို့ရဲ့ အမြင့်မြတ်ဆုံး စည်းကမ်းကို ချိုးဖောက်တဲ့သူတွေကို ငါတို့ ဘယ်တော့မှ ထောက်ခံမှာ မဟုတ်ဘူး"
ပင်လယ်ဓားပြဘုရင်၏ အနောက်တွင်ရှိသော ဓားပြခေါင်းဆောင်များသည် တစ်ယောက်ပြီးတစ်ယောက် ပုန်ကန်သူများကို ကဲ့ရဲ့ရှုတ်ချကြပြီး ဘုရင်အပေါ် သူတို့၏ ထောက်ခံမှုကို ပြသကြသည်။
ဓားပြခေါင်းဆောင် ဘီမင်သည်လည်း အလားတူပင် ပြောဆိုလိုက်သည်။
"မင်းတို့ ဘာမှနားမလည်ကြဘူး။ မင်းတို့မှာ လွတ်လပ်မှုမရှိဘဲ ရှင်သန်နေထိုင်တတ်တဲ့ စိတ်ဓာတ်ပဲ ရှိတာ၊ ဒါပေမဲ့ ငါတို့ကတော့ အဲဒီလို မနေနိုင်ဘူး။ ငါတို့ ရည်မှန်းချက်အတွက် သေရမယ်ဆိုရင်တောင် ငါတို့ ပျော်ပျော်ကြီး သေပေးမယ်၊ ဒါပေမဲ့ ပင်လယ်ဓားပြဘုရင်ကို မသတ်ရသေးဘဲနဲ့တော့ ငါတို့ အသေမခံဘူး။ လိုအပ်ရင် မင်းတို့အားလုံးကို ငါတို့ ရင်ဆိုင်မယ်။ ဒီနေ့ဟာ ပင်လယ်ဓားပြဘုရင် သေတဲ့နေ့ ဒါမှမဟုတ် ငါတို့ သေတဲ့နေ့ပဲ ဖြစ်ရမယ်။ မင်းတို့အားလုံး ကြားထဲက ဝင်ပါချင်တယ်ဆိုရင်တော့ ငါတို့ကလည်း ညှာတာမှာ မဟုတ်ဘူး"
ပုန်ကန်သူများသည်လည်း ပြတ်သားသောအသံဖြင့် ဆက်လက် တုံ့ပြန်ကြသည်။
ပုန်ကန်သူများ၏ သင်္ဘောများက ပထမဆုံး စတင်တိုက်ခိုက်လိုက်ရာ ပင်လယ်ဓားပြဘုရင် သင်္ဘော၏ အကာအကွယ်က ခုခံလိုက်သည်။
"သူတို့ကို အပြတ်ရှင်းစမ်း" ပင်လယ်ဓားပြဘုရင်က သူ၏လူများကို အမိန့်ပေးလိုက်သည်။
နှစ်ဖက်စလုံး အပြန်အလှန် တိုက်ခိုက်ကြတော့သည်။ တိုက်ခိုက်မှုအားလုံးကို တစ်ဖက်နှင့်တစ်ဖက် အကာအကွယ်များဖြင့် တားဆီးထားကြသည်။
၎င်းမှာ အချိန်အကြာကြီး တိုက်ရမည့် တိုက်ပွဲမျိုးဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။ မည်သူ့၏ အကာအကွယ်က တိုက်ခိုက်မှုများကို ပို၍ ခံနိုင်ရည်ရှိသနည်း၊ မည်သူ့၏ တိုက်ခိုက်မှုက တခြားသင်္ဘော၏ အကာအကွယ်ကို ဖောက်ထွက်နိုင်သနည်း ဆိုသည့်အပေါ် မူတည်နေသည်။ အကာအကွယ်များ မပျက်စီးသရွေ့ သင်္ဘောများသည် ဘေးကင်းနေမည်ဖြစ်သည်။
လုံချန်းသည် ဤပျင်းစရာကောင်းသော တိုက်ပွဲပုံစံကို ကြည့်ရင်း သမ်းဝေလိုက်မိသည်။ သူသည် ရန်သူကို ထိပ်တိုက်ရင်ဆိုင်ပြီး ကိုယ်တိုင် သတ်ဖြတ်ရသည်ကို နှစ်သက်သူဖြစ်ရာ အစီအရင်များဖြင့် အပြန်အလှန် ပစ်ခတ်နေသော တိုက်ပွဲမှာ သူ့အတွက် အလွန် ပျင်းစရာကောင်းလှသည်။
လုံချန်းသည် တစ်နာရီခန့် ထပ်မံ ကြည့်ရှုပြီးနောက် ဤပျင်းစရာကောင်းသော တိုက်ပွဲကို ကြည့်ရသည်မှာ ငြီးငွေ့လာသဖြင့် အနောက်သို့ လျှောက်သွားကာ ကုလားထိုင်ပေါ်တွင် ထိုင်ရင်း အဖြေတစ်ခုထွက်လာရန် စောင့်ဆိုင်းနေတော့သည်။
အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်ရင်း နေ့ဝက်ခန့် ကုန်လွန်သွားသည်။ ပထမဆုံး သင်္ဘောတစ်စင်း စတင် ပျက်စီးသွားရာ ၎င်းမှာ ပုန်ကန်သူများဘက်မှ သင်္ဘောဖြစ်သည်။ ယခု ပုန်ကန်သူများဘက်တွင် သင်္ဘော ၁၉ စင်းသာ ကျန်တော့သည်။
"ဟေ့... ငါ တစ်ခုခု စဉ်းစားမိလို့။ ဘီမင်... ဒီကို လာဦး" လုံချန်းက တစ်ခုခုကို သတိရသွားသဖြင့် ခေါ်လိုက်သည်။
ဘီမင်သည် လုံချန်းဆီသို့ လျှောက်လာသည်။
"ပင်လယ်ဓားပြဘုရင်သာ စိတ်ဆိုးသွားရင် ဒါမှမဟုတ် ငါက တစ္ဆေကျောင်းတော်ကဆိုတာ သူသိသွားရင် ငါတို့သင်္ဘောကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်တယ်လို့ မင်းပြောခဲ့တယ် မဟုတ်လား။ အဲဒါက သူ့သင်္ဘောရဲ့ တိုက်ခိုက်မှုက တခြားသင်္ဘောရဲ့ အကာအကွယ်ကို တစ်ချက်တည်းနဲ့ မှုန့်မှုန့်ညက်ညက် ကြေသွားစေနိုင်တယ်လို့ ဆိုလိုတာလား။ ဒါဆို အခု သူ့ရဲ့တိုက်ခိုက်မှုတွေက ဘာလို့ ငါတို့တိုက်ခိုက်မှုတွေလောက်ပဲ အားရှိနေရတာလဲ။ သူသာ အဲဒီလောက် အစွမ်းထက်ရင် သင်္ဘောတွေကို အပြတ်ရှင်းလိုက်လို့ ရနေတာပဲ။ မင်း ငါ့ကို ချဲ့ကားပြောထားတာလား" လုံချန်းက ဓားပြခေါင်းဆောင် ဘီမင်ကို မေးလိုက်သည်။
"မဟုတ်ပါဘူး၊ ပင်လယ်ဓားပြဘုရင်ရဲ့ သင်္ဘောက ထူးခြားပါတယ်။ သူက တစ်ခါက အကြီးအကဲလေးကို တစ်ခုခု ကူညီပေးခဲ့ဖူးတယ်။ အကြီးအကဲလေးက ကျေးဇူးဆပ်တဲ့အနေနဲ့ သူ့သင်္ဘောမှာ အစီအရင်တစ်ခု ရေးဆွဲပေးခဲ့တာ။ အဲဒီအစီအရင်က ရန်သူ့သင်္ဘောရဲ့ အကာအကွယ်ကို ချက်ချင်း ဖျက်ဆီးပစ်နိုင်တဲ့ အစွမ်းထက် တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်တယ်" ဘီမင်က ပြန်ဖြေသည်။
သူသည် တိုက်ပွဲနှင့် လုံချန်းကြားကို အပြန်အလှန် ကြည့်နေသည်။
"ဒါဆို သူက သူတို့ရဲ့ အကာအကွယ်တွေကို ချက်ချင်း ဖျက်ဆီးနိုင်တာပဲ။ ဘာလို့ အဲဒါကို မသုံးတာလဲ။ ဒါဆို တိုက်ပွဲက ချက်ချင်း ပြီးသွားမှာပေါ့" လုံချန်းက မေးလိုက်သည်။
"အဲဒါက အဲဒီအစီအရင်က ထူးခြားလို့ပါ။ အဲဒါကို အကန့်အသတ်နဲ့ပဲ သုံးလို့ရတယ်။ ဘယ်နှစ်ကြိမ် သုံးလို့ရလဲဆိုတာတော့ ကျုပ် မသိဘူး၊ ဒါပေမဲ့ ပင်လယ်ဓားပြဘုရင်က အရင်က တစ်ကြိမ်ပဲ သုံးဖူးသေးတယ်။ ကျုပ် ထင်တာကတော့ အကြိမ် နည်းနည်းလောက် သုံးပြီးသွားရင် အစီအရင်က ပျက်စီးသွားပြီး နောက်ထပ် သုံးလို့ရမှာ မဟုတ်တော့ဘူး။ အကြီးအကဲလေးကလည်း သူ့အတွက် ဒီအစီအရင်ကို နောက်တစ်ခါ ထပ်လုပ်ပေးမှာ မဟုတ်ဘူးလို့ ပြောထားတယ်" ဘီမင်က ဖြေသည်။
"ဪ... အဲလိုလား။ ဒါကြောင့် သူက အဲဒါကို အရေးကြီးဆုံး အခြေအနေကျမှ သုံးဖို့ ချန်ထားတာပေါ့။ သိပ်မဆိုးတဲ့ အစီအစဉ်ပဲ" လုံချန်းက ရေရွတ်လိုက်သည်။
"ထားလိုက်ပါတော့၊ သူက ရှုံးမယ့်ပုံတော့ မပေါ်ပါဘူး။ ငါတို့ဘက်က သင်္ဘောအချို့လည်း ပျက်စီးမှာပဲ" လုံချန်းက ကုလားထိုင်ပေါ်တွင် ထိုင်ရင်း အရာအားလုံးကို စောင့်ကြည့်နေသည်။
တိုက်ပွဲမှာ နေ့ဝက်ခန့် ထပ်မံ ကြာမြင့်သွားသည်။ သင်္ဘော ထက်ဝက်နီးပါး ပျက်စီးသွားပြီ ဖြစ်သည်။
ပုန်ကန်သူများဘက်မှ သင်္ဘော ၁၂ စင်း ပျက်စီးသွားသလို ပင်လယ်ဓားပြဘုရင်ဘက်မှလည်း သင်္ဘော ၁၀ စင်း ပျက်စီးသွားခဲ့သည်။
ယခု ပုန်ကန်သူများဘက်တွင် သင်္ဘော ၇ စင်းသာ ကျန်တော့ပြီး ပင်လယ်ဓားပြဘုရင်ဘက်တွင်မူ နှစ်ဆခန့် ကျန်ရှိနေသေးသည်။ ဘုရင်၏ သင်္ဘောကြီးကို မပါဝင်ဘဲ သင်္ဘော ၁၃ စင်း ကျန်ရှိနေသည်။
ဓားပြခေါင်းဆောင် ဘီမင်၏ သင်္ဘောမှာလည်း ဒဏ်ရာအတော်များများ ရရှိခဲ့သည်။ သူတို့သင်္ဘောကို ဝန်းရံထားသော အကာအကွယ်တွင် အက်ကြောင်းများ ပေါ်လာသည်ကို လုံချန်း မြင်နေရသည်။
"ဒါပဲ... သင်္ဘောကို တခြားသင်္ဘောတစ်စင်းရဲ့ အနောက်ကို ရွှေ့လိုက်စမ်း။ ရှေ့မှာ ဆက်နေရင် မင်းသင်္ဘော ပျက်စီးသွားလိမ့်မယ်" အကာအကွယ် အားနည်းလာသည်ကို မြင်သောအခါ လုံချန်းက အမိန့်ပေးလိုက်သည်။
"ကျုပ် အဲဒီလို မလုပ်နိုင်ဘူး။ တခြားလူနောက်မှာ ပုန်းနေတယ်ဆိုရင် ကျုပ်ရဲ့ ဂုဏ်သိက္ခာတွေ အကုန် ပျက်စီးကုန်လိမ့်မယ်" ဘီမင်က လုံချန်းကို ပြန်လည် ငြင်းဆန်သည်။
"မင်းရဲ့ ဂုဏ်သိက္ခာကို ငါ ဂရုမစိုက်ဘူး။ ငါပြောတဲ့အတိုင်း လုပ်စမ်း။ မင်း ဒီမှာ ဆက်နေရင် မင်းသင်္ဘောက သွားပြီပဲ။ မင်းက တိုက်ခိုက်မှု အများစုကို ခံနေရတာ။ အနောက်ကို ဆုတ်ရမယ်၊ ဒါက အမိန့်ပဲ။ လူတွေ မင်းကို ဘယ်လိုမြင်မလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ငါ့စကားကို နောက်တစ်ခါ ထပ်မပြောခိုင်းနဲ့" လုံချန်းက ထပ်မံ ပြောလိုက်သည်။
ဓားပြခေါင်းဆောင်သည် ဝေခွဲမရဖြစ်လျက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူသည် သူ၏ အကာအကွယ်ကို တစ်လှည့် ရန်သူများကို တစ်လှည့် ကြည့်နေသည်။ တခြားလူနောက်တွင် ပုန်းရမည်ကို မလိုလားကြောင်း ဘီမင်၏ မျက်နှာတွင် ပေါ်လွင်နေသော်လည်း လုံချန်းက ဂရုမစိုက်ပေ။
သူ့အတွက် အရေးကြီးသည်မှာ ဤသင်္ဘော ဘေးကင်းရန်သာ ဖြစ်သည်။ မဟုတ်ပါက အရာအားလုံးကို အစမှ ပြန်စရမည်ဖြစ်ပြီး တခြားသင်္ဘောခေါင်းဆောင်တစ်ဦးကို အတင်းအကျပ် ခိုင်းစေရမည် ဖြစ်သည်။ ၎င်းမှာ အခြေအနေပေါ် မူတည်၍ လွဲချော်သွားနိုင်ပေသည်။
ဓားပြခေါင်းဆောင်သည် သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက် သူ၏လူများကို ကြည့်လိုက်သည်။
"ကောင်းပြီ... လုပ်ကြစို့။ ဟေ့ကောင်တွေ... သင်္ဘောကို ဓားပြခေါင်းဆောင် ဟက်စတင်ရဲ့ သင်္ဘောအနောက်ကို ရွှေ့လိုက်ကြစမ်း" ဘီမင်က အမိန့်ပေးလိုက်သည်။
ဓားပြခေါင်းဆောင် ဟက်စတင်၏ သင်္ဘောမှာ သူတို့နှင့် အနီးဆုံးတွင် ရှိနေသဖြင့် ဘီမင်သည် သူ၏သင်္ဘောကို ဟက်စတင်၏ သင်္ဘောအနောက်သို့ ပို့လိုက်သည်။
ဘီမင်၏ သင်္ဘောမှာ မသိမသာ အနောက်သို့ ဆုတ်သွားသည်။ လူအများ၏ အာရုံစိုက်မှုကို မရရှိသော်လည်း ဓားပြခေါင်းဆောင် ဟက်စတင်ကတော့ သတိထားမိသွားသည်။
သူတို့က သူ့သင်္ဘောအနောက်ကို ရွှေ့လာသည်ကို မြင်သောအခါ သူ မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ဘာတွေလုပ်နေတာလဲ။ ဘာလို့ ငါ့သင်္ဘောအနောက်မှာ လာပုန်းနေတာလဲ။ မင်းရဲ့ ဂုဏ်သိက္ခာတွေကို ရောင်းစားလိုက်ပြီလား" ဟက်စတင်က သူ၏အသံကို ကျယ်လောင်စေပြီး အစွမ်းကုန် အော်ဟစ်လိုက်သည်။ သူ၏ အော်ဟစ်သံက လူအများ၏ အာရုံကို ဆွဲဆောင်သွားတော့သည်။
ပင်လယ်ဓားပြ ဘုရင်ပင်လျှင် ဘာဖြစ်နေသလဲဟု လှည့်ကြည့်လိုက်သည်။ သူသည်လည်း ဤလုပ်ရပ်အပေါ် မျက်မှောင်ကြုတ်မိသွားသည်။ သို့သော် သူ ဘာမှမပြောဘဲ ရှေ့ဘက်သို့သာ အာရုံပြန်စိုက်လိုက်သည်။
"ငါတို့ရဲ့ အကာအကွယ်က ပျက်စီးတော့မယ်။ အဲဒါကို ပြန်ပြင်ဖို့ အချိန်ခဏလောက် ပေးပါ။ အဲဒါပြီးရင် မင်းသင်္ဘောကို ငါ့အနောက်မှာ ထားခွင့်ပေးမယ်" ဘီမင်က ဟက်စတင်ကို စိတ်အေးသွားစေရန် ပြောလိုက်သည်။
"ဟွန်း... မင်းကို နောက်မှ တွေ့ကြသေးတာပေါ့" ဟက်စတင်က နှာခေါင်းရှုံ့လိုက်ပြီး တိုက်ပွဲဘက်သို့ အာရုံပြန်စိုက်လိုက်သည်။
ဘီမင်၏ သင်္ဘောမှာ ဟက်စတင်၏ သင်္ဘောအနောက်သို့ ရောက်သွားသဖြင့် တိုက်ခိုက်မှု အများစုမှ ကာကွယ်ပြီးသား ဖြစ်သွားသော်လည်း ရန်သူကိုတော့ ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။
နောက်ထပ် တစ်ရက်ခန့် တိုက်ခိုက်ပြီးနောက် တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့သည်။ အရာအားလုံးမှာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ ပုန်ကန်သူများအားလုံး ပျက်စီးသွားကြပြီး တစ်ယောက်မျှ အသက်မရှင်ကျန်ရစ်ခဲ့ပေ။
ယခု စစ်ပွဲပြီးသွားပြီဖြစ်ရာ ပင်လယ်ဓားပြဘုရင်သည် ဓားပြခေါင်းဆောင် ဘီမင်၏ သင်္ဘောဆီသို့ သူ၏ အာရုံကို လွှဲလိုက်လေတော့သည်။
အခန်း (၅၀၀) အမှန်တရား ပေါ်ပေါက်ခြင်း
ပုန်ကန်သူများ၏ သင်္ဘောများမှာ ပျက်စီးသွားပြီဖြစ်ပြီး ၎င်းတို့မှာ မငြိမ်မသက် ပင်လယ်၏ ဝါးမြိုခြင်းကို ခံလိုက်ရကာ မည်သည့်အခါမျှ ပြန်လည်ရှာဖွေတွေ့ရှိတော့မည် မဟုတ်ပေ။
ပင်လယ်ဓားပြဘုရင်သည် သူ၏သင်္ဘောကို လှည့်လိုက်ပြီး ဓားပြခေါင်းဆောင် ဟက်စတင်၏ သင်္ဘောအနောက်တွင် ရှိနေဆဲဖြစ်သော ဘီမင်၏ သင်္ဘောဘက်သို့ မျက်နှာမူလိုက်သည်။
"ဘီမင်၊ မင်း ဘာတွေလုပ်နေတာလဲ။ မင်း တကယ်ပဲ မင်းရဲ့တာဝန်ကို စွန့်လွှတ်ပြီး တခြားလူနောက်မှာ သွားပုန်းနေတာလား။ မင်း ဒီလောက်တောင် သေရမှာ ကြောက်နေတယ်ဆိုရင် ဓားပြခေါင်းဆောင်လုပ်နေဖို့ မလိုတော့ဘူး။ မင်းအတွက် အပြစ်ဒဏ်ကို ငါကိုယ်တိုင် ဆုံးဖြတ်ပေးမယ်" ပင်လယ်ဓားပြဘုရင်က ကြမ်းတမ်းသောအသံဖြင့် ဟိန်းဟောက်လိုက်သည်။
ဓားပြခေါင်းဆောင် ဘီမင်သည် ဖြစ်ပျက်သမျှအတွက် လုံချန်းကို အပြစ်တင်လိုသော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။
"ပင်လယ်ဓားပြဘုရင်ကြီး... ကျွန်တော် ပြောခဲ့သလိုပါပဲ၊ ကျွန်တော့်ရဲ့ အကာအကွယ်က အရမ်းအားနည်းနေလို့ပါ။ တကယ်လို့ ရှေ့မှာ ဆက်နေရင် တစ်ချက်တည်းနဲ့ ပျက်စီးသွားမှာဖြစ်လို့ တိုက်ပွဲကို ဆက်မတိုက်နိုင်တော့မှာ စိုးလို့ပါ။ ဒါကြောင့် တိုက်ပွဲကို ဆက်တိုက်နိုင်ဖို့ အနောက်ကို ခဏဆုတ်လိုက်တာပါ။ ကျွန်တော် ထွက်ပြေးတာ မဟုတ်ပါဘူး။ ပုန်ကန်သူတွေကို အစွမ်းကုန် သတ်ဖြတ်နိုင်မယ့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ခဲ့တာရုံတင်ပါ" ဘီမင်က ဆင်ခြေပေးလိုက်သည်။
ပင်လယ်ဓားပြဘုရင်သည် ဘီမင်၏ အဖြေကို ကြားသောအခါ ဒေါသတကြီး ရယ်မောလိုက်သည်။
"ဒါဟာ ခိုင်လုံတဲ့ ဆင်ခြေလို့ မင်း တကယ် ထင်နေတာလား။ ဒါဆို တခြားလူတွေကို ငါ မေးကြည့်ရတာပေါ့" သူက ဆိုလိုက်သည်။
"ဘီမင် လုပ်တာ ဘာမှမမှားဘူးလို့ ယုံကြည်တဲ့ ဓားပြခေါင်းဆောင်တွေ ရှိရင် ထောက်ခံစကား ပြောနိုင်တယ်။ တကယ်လို့ ခေါင်းဆောင် နှစ်ယောက်ကပဲ သူ့ဘက်က ထောက်ခံပေးမယ်ဆိုရင် ငါ သူ့ကို အပြစ်မပေးဘူး။ မင်းတို့အားလုံး ဘယ်လိုမြင်ကြလဲ" ဘုရင်က ကြေညာလိုက်သည်။
"သူက သေရမှာကြောက်တဲ့ လူကြောက်တစ်ယောက်ပဲ။ ကိုယ့်အသက်ကို ကာကွယ်ဖို့အတွက် ပင်လယ်ဓားပြတွေရဲ့ သိက္ခာကိုတောင် ရောင်းစားဖို့ အသင့်ဖြစ်နေတဲ့ကောင်။ သူက အပြစ်ပေးခံရဖို့ ထိုက်တန်တယ်"
"သူ လုပ်တာ မှားတယ်"
"သူ့ကို အပြစ်ပေးရမယ်။ တခြား သတ္တိရှိတဲ့ ဓားပြခေါင်းဆောင်တွေက ငါတို့ရဲ့ ဂုဏ်သိက္ခာအတွက် အသေခံသွားကြချိန်မှာ သူကတော့ တခြားလူနောက်မှာ ပုန်းနေတယ်။ သူ့ကို အပြစ်ပေးပါ"
ဘီမင် မပါဝင်ဘဲ ကျန်ရှိနေသော ဓားပြခေါင်းဆောင် ၇ ဦးစလုံးက ဘီမင်ကို ဆန့်ကျင်သည့် သဘောထားများကိုသာ ထုတ်ဖော်ကြသည်။ တစ်ဦးတစ်ယောက်မျှ သူ့ကို မထောက်ခံကြပေ။
လုံချန်းသည် အနောက်တွင် ရပ်ရင်း မျက်မှောင်ကြုတ်နေမိသည်။ ဘီမင်သည် ပုန်ကန်မှုကို နှိမ်နင်းရာတွင် သူတို့နှင့်အတူ တိုက်ပွဲဝင်ခဲ့ပါလျက်နှင့် ယခုကဲ့သို့ အခြေအနေထိ ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
'အခြေအနေက လက်လွန်ကုန်ပြီပဲ။ ပင်လယ်ဓားပြတွေက ဘာလို့ ဒီလောက်တောင် အကျိုးအကြောင်း မရှိကြတာလဲ' လုံချန်းက ပတ်ဝန်းကျင်ကို ကြည့်ရင်း တွေးလိုက်သည်။
"အရာအားလုံး ပြီးဆုံးသွားပြီ" ဘီမင်က ညည်းညူရင်း ဒူးထောက်လဲကျသွားသည်။
သင်္ဘောပေါ်ရှိ အခြားပင်လယ်ဓားပြများမှာလည်း လက်လျှော့လိုက်ကြပြီ ဖြစ်သည်။ သူတို့သည် ရလဒ်ကို လက်ခံလိုက်ပုံရသည်။
'အဆင်သင့်ပြင်ထား။ သင်္ဘော ပျက်စီးသွားတာနဲ့ တခြားသင်္ဘောပေါ်ကို ခုန်ကူးဖို့ ပြင်ထားဦး' ရွှင်းက လုံချန်းကို သတိပေးလိုက်သည်။
"ဟူး... အလုပ်တွေကတော့ ထပ်ရှုပ်ဦးတော့မှာပဲ" လုံချန်းက ခေါင်းခါရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"တခြားသင်္ဘောတွေက ခင်ဗျားကို တစ္ဆေကျွန်းအထိ လိုက်ပို့ပေးနိုင်မှာ မဟုတ်ဘူး။ ခင်ဗျားပဲ လမ်းတစ်လျှောက်လုံး လမ်းညွှန်ပေးနေရလိမ့်မယ်" ဘီမင်က လုံချန်း၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။
"ဘာလို့လဲ" လုံချန်းက မေးသည်။
"သူတို့က အဲဒီနေရာရဲ့ တိကျတဲ့ တည်နေရာကို မသိကြဘူး။ ကျုပ်နဲ့ ပင်လယ်ဓားပြဘုရင်ပဲ တစ္ဆေကျွန်းရဲ့ တည်နေရာကို အတိအကျ သိတာ။ ခင်ဗျားက လမ်းညွှန်ပေးနေရမှာ ပျင်းလို့ ကျုပ်တို့ကို အသက်ချမ်းသာပေးထားတာလို့ ပြောခဲ့တယ် မဟုတ်လား၊ အခုတော့ အဲဒီအလုပ်ကို ခင်ဗျားကိုယ်တိုင် လုပ်ရတော့မှာပေါ့" ဓားပြခေါင်းဆောင်က ခေါင်းခါရင်း ပြောသည်။
'ဒါဆို ငါ မင်းကို ကယ်ရမယ်၊ ဒါမှမဟုတ် ခရီးစဉ် သက်သောင့်သက်သာ ဖြစ်ဖို့ဆိုရင် ပင်လယ်ဓားပြဘုရင်ရဲ့ သင်္ဘောကို သိမ်းပိုက်ရမယ်ပေါ့' လုံချန်းက အလေးအနက် တွေးတောနေမိသည်။
လုံချန်း တွေးနေစဉ်မှာပင် ပင်လယ်ဓားပြဘုရင်က တစ်ခုခုကို ကြေညာလိုက်သည်။
"အပြစ်ဒဏ်ကို ဆုံးဖြတ်လိုက်ပြီ။ ပင်လယ်ဓားပြ စည်းမျဉ်းကို ချိုးဖောက်တဲ့အတွက် မင်းရဲ့သင်္ဘောကို ဖျက်ဆီးပစ်ရမယ်"
လုံချန်းသည် ထိုကြေညာချက်ကို ကြားသောအခါ သက်ပြင်းချလိုက်သည်။
"ကြည့်ရတာ တတိယရွေးချယ်မှုကိုပဲ ငါ ရွေးရတော့မယ်ထင်တယ်။ အေးအေးဆေးဆေး ခရီးသွားဖို့ကတော့ မဖြစ်နိုင်တော့ဘူး။ အလုပ်ရှုပ်လိုက်တာ" လုံချန်းက ခေါင်းခါရင်း ရေရွတ်လိုက်သည်။
အခြားသင်္ဘောများက ဘီမင်၏ သင်္ဘောကို စတင်တိုက်ခိုက်ကြရာ အားနည်းနေပြီးသားဖြစ်သော သူ၏အကာအကွယ်မှာ ပိုမို ဆိုးရွားလာသည်။
လုံချန်းသည် ဘီမင်၏ ကော်လာကို ဆွဲကိုင်ကာ သင်္ဘော၏ အစွန်းဘက်သို့ ဆွဲခေါ်သွားသည်။
"အရမ်း မလှုပ်နဲ့။ မင်းကို ရေထဲကနေတစ်ဆင့် လွတ်အောင် ကူညီပေးမလို့" လုံချန်းက အဆင်သင့်ပြင်ရင်း တိုးတိုးလေး ပြောလိုက်သည်။
သူသည် သင်္ဘော၏ အနောက်ဘက်တွင် ရပ်နေခြင်းဖြစ်သည်။ တိုက်ခိုက်နေသော သင်္ဘောများမှာ သင်္ဘော၏ ရှေ့ဘက်တွင် ရှိနေကြသည်။
လုံချန်းသည် ဘီမင်ကို ဆွဲမကာ သင်္ဘောပေါ်မှ ရေထဲသို့ ခုန်ချလိုက်သည်။
နှစ်ယောက်စလုံး ရေထဲသို့ နစ်မြုပ်သွားသော်လည်း လုံချန်းက ရှေ့သို့ စတင် ကူးခတ်လိုက်သည်။
သူသည် ဝိညာဉ်ဓားကို ထုတ်လိုက်ပြီး လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အခြားလက်တစ်ဖက်ဖြင့် ဘီမင်ကို ဖက်ထားလိုက်သည်။
ဝိညာဉ်ဓားသည် ရေအောက်ထဲတွင် ရှေ့သို့ စတင် ပျံသန်းကာ လုံချန်းကို သယ်ဆောင်သွားလေတော့သည်။
"သူ့ရဲ့ အကာအကွယ်က ပျက်တော့မယ်၊ ဘာလို့ သူက ခွင့်လွှတ်ပေးဖို့ အသနားမခံရသေးတာလဲ။ တစ်ခုခုတော့ မှားနေပြီ" ဓားပြခေါင်းဆောင် ဟက်စတင်က ဘီမင်၏ သင်္ဘော တိုက်ခိုက်ခံနေရသည်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
"ဓားပြခေါင်းဆောင် ဘီမင်။ မင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘာမှ မပြောတော့ဘူးလား" ဟက်စတင်က ဘီမင်၏ သင်္ဘောဘက်သို့ လှည့်၍ ထပ်မံမေးမြန်းသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။
"တစ်ခုခု တကယ် မှားနေပြီ" သူ၏ စိုးရိမ်စိတ်မှာ ပိုမို ပြင်းထန်လာသည်။ တစ်ခုခု မမှန်ကြောင်း သူ သေချာပေါက် သိနေသည်။
သူသည် သူ၏အသံကို ကျယ်လောင်စေပြီး ပင်လယ်ဓားပြဘုရင်အား သူ၏ သံသယကို ပြောပြလိုက်သည်။
"ပင်လယ်ဓားပြဘုရင်ကြီး။ တစ်ခုခုတော့ မှားနေပြီ။ ဘီမင်က ဖြစ်ပျက်ခဲ့သမျှအတွက် ဒီလောက်အထိ ငြိမ်နေစရာ အကြောင်းမရှိဘူး။ သူ ပြန်လည်း မတိုက်ခိုက်သလို ခွင့်လွှတ်ဖို့လည်း တောင်းပန်မနေဘူး။ ကျွန်တော် ထင်တာကတော့ သူ သင်္ဘောကို ဒီအတိုင်း ထားခဲ့ပြီး ထွက်ပြေးသွားပြီ ထင်တယ်"
ပင်လယ်ဓားပြဘုရင်သည် ထိုယူဆချက်ကို ကြားသောအခါ သဘောတူလိုက်မိသည်။ ၎င်းမှာ သူ သတိထားမိနေသည့် အချက်ပင် ဖြစ်သည်။
ဘုရင်က လူအားလုံးကို တိုက်ခိုက်မှု ရပ်ရန် အမိန့်ပေးလိုက်သည်။
"ဘီမင်၊ မင်း အထဲမှာ ရှိလား။ အခုချက်ချင်း ပြန်ဖြေစမ်း" ဘုရင်က အော်ဟစ်လိုက်သော်လည်း တုံ့ပြန်မှု မရရှိပေ။
"သူက သေသွားတာ မဟုတ်ရင် ထွက်ပြေးသွားတာပဲ။ အဲဒီကောင်စုတ်က ငါတို့ သတ္တိရှိတဲ့ ပင်လယ်ဓားပြတွေအတွက် အသုံးမကျတဲ့ အမှိုက်ပဲ" ပင်လယ်ဓားပြဘုရင်က အခြေအနေကို နားလည်သွားသဖြင့် နှာခေါင်းရှုံ့လိုက်သည်။
"ဘီမင်ရဲ့ သင်္ဘောပေါ်မှာ ကျန်နေသေးတဲ့ ကောင်တွေ။ မင်းတို့ခေါင်းဆောင် ထွက်ပြေးသွားပြီဆိုတာ ငါ သိပြီးပြီ။ အကာအကွယ်ကို ပိတ်လိုက်စမ်း၊ ဒါဆို မင်းတို့ကို ငါ မဖျက်ဆီးဘူး။ ငါတို့က ဘီမင်ကိုပဲ အပြစ်ပေးချင်တာ။ အကာအကွယ်ကို ဖွင့်လိုက်ရင် မင်းတို့ အသက်ချမ်းသာရာ ရမယ့်အပြင်၊ မင်းတို့ထဲက တစ်ယောက်ကို ဒီသင်္ဘောရဲ့ ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ပေးမယ်" ဘုရင်က ကြေညာလိုက်သည်။
ဘုရင်၏ စကားမှာ ထိရောက်မှု ရှိပုံရသည်။ သင်္ဘော၏ အကာအကွယ်မှာ ပိတ်သွားခဲ့သည်။
အခြားသော ဓားပြခေါင်းဆောင်များသည်လည်း သူတို့သင်္ဘောမှ အကာအကွယ်များကို ပိတ်လိုက်ကြပြီး လေပေါ်တွင် လမ်းလျှောက်ကာ ဘီမင်၏ သင်္ဘောပေါ်သို့ ကူးသွားကြသည်။
ပင်လယ်ဓားပြ ဘုရင်သည်လည်း သူ၏သင်္ဘောပေါ်မှ ဆင်းလာသော်လည်း သူ၏ အကာအကွယ်ကိုတော့ ပိတ်မထားခဲ့ပေ။ သူသည်လည်း ဘီမင်၏ သင်္ဘောပေါ်သို့ ရောက်ရှိလာသည်။
သင်္ဘောပေါ်သို့ ရောက်သောအခါ ပင်လယ်ဓားပြများနှင့် အစေခံများမှာ တန်းစီ၍ ရပ်နေကြသည်ကို တွေ့ရသည်။
ဘုရင်သည် သူ၏ ဝိညာဉ်အာရုံကို အသုံးပြု၍ သင်္ဘောပေါ်တွင် ဘီမင်အား ရှာဖွေလိုက်သည်။
"သူ တကယ်ပဲ ဒီမှာ မရှိဘူး။ မင်းတို့ထဲက ဘယ်သူက ဒီမှာ ဘာဖြစ်ခဲ့လဲဆိုတာ ရှင်းပြနိုင်မလဲ" ဘုရင်က လူများကို ကြည့်ကာ မေးလိုက်သည်။
လူတစ်ယောက် ရှေ့သို့ ထွက်လာပြီး ရှင်းပြတော့သည်။ သူမှာ ဘီမင်၏ ဒုတိယခေါင်းဆောင်ဖြစ်ပြီး အမည်မှာ ဒရေကာ ဖြစ်သည်။
"ဒါတွေအားလုံးက တစ္ဆေကျောင်းတော်က တပည့်ကြောင့် ဖြစ်တာပါ" ဒရေကာက ဆိုလိုက်သည်။
"တစ္ဆေကျောင်းတော် ဟုတ်လား" ပင်လယ်ဓားပြဘုရင်က လက်သီးကို တင်းတင်းဆုပ်ရင်း ရေရွတ်လိုက်သည်။ သူ၏ အရှိန်အဝါမှာ ရုတ်တရက် ကြမ်းတမ်းလာသဖြင့် အနီးနားရှိ အစေခံများမှာ အသက်ရှူပင် ကျပ်လာကြသည်။
"ငါ့ကို အကုန် ပြောပြစမ်း" သူက ခက်ထန်သောအသံဖြင့် ဆိုလိုက်သည်။
ဒရေကာက သူတို့သင်္ဘောထဲကို လုံချန်း မည်သို့ ကျူးကျော်ဝင်ရောက်လာပုံနှင့် လုံချန်းကို တစ္ဆေကျောင်းတော်အထိ ပို့ပေးရန် သူတို့ မည်သို့ အတင်းအကျပ် ခိုင်းစေခံရပုံတို့အား ရှင်းပြတော့သည်။
ထို့အပြင် ဘီမင်အနေဖြင့် လုံချန်း၏ အမိန့်ကြောင့် ဟက်စတင်၏ သင်္ဘောအနောက်တွင် ပုန်းခဲ့ရပုံကိုလည်း ထည့်ပြောခဲ့သည်။
ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပင်လယ်ဓားပြဘုရင်ထံသို့ သတင်းပို့လိုက်သည်။
"သူတို့ ဟိုဘက်ကနေ ရေထဲကို ခုန်ချသွားကြတာပါ" ဒရေကာက သင်္ဘောအနောက်ဘက်သို့ ညွှန်ပြရင်း ပြောလိုက်သည်။
"ဟွန်း... ဒါဆို သူက ဘီမင်ကို ခေါ်ပြီး တစ္ဆေကျွန်းကို သွားနေတာပေါ့။ ငါ့နယ်မြေထဲ ရောက်လာပြီး ပင်လယ်ဓားပြတစ်ယောက်ကို အတင်းအကျပ် ခိုင်းရဲတယ်ဆိုတော့... သူ အသက်ရှင်လျက်နဲ့ ပြန်ထွက်သွားနိုင်မယ်လို့ ထင်နေတာလား"