အခန်း (၅၀၁-၅၀၂)
Vol. 51 Ch. 501-502
အခန်း (၅၀၁) လိုက်လံခြင်း
"ဒီတစ္ဆေကျောင်းတော်က တပည့်တွေက ဘယ်တော့မှ သင်ခန်းစာရမှာမဟုတ်ဘူး။ သူတို့က တစ္ဆေကျောင်းတော်ကဆိုရုံနဲ့ ဒီပင်လယ်ပြင်မှာ ဘာမဆိုလုပ်လို့ရတယ်လို့ ထင်နေကြတာလား။ ပင်လယ်ဆိုတာ ငါတို့နေရာ၊ တစ္ဆေကျွန်းမဟုတ်ဘူး။ သူတို့နောက်ခံသာမရှိရင် အဲဒီလိုတပည့်လေးတွေက ဘာမှမဟုတ်ဘူး။ ငါ သူတို့ကို သည်းခံနိုင်စွမ်းကုန်ပြီ။ သူ တစ္ဆေကျောင်းတော်ကို ဘယ်လိုအသက်ရှင်လျက် ပြန်ရောက်မလဲဆိုတာ ငါကြည့်ရသေးတာပေါ့" ပင်လယ်ဓားပြဘုရင်က နောက်သို့လှည့်ကာ ရေရွတ်လိုက်သည်။
ဘုရင်သည် ဒရေကာဘက်သို့ လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"အခုကစပြီး မင်းက ဒီသင်္ဘောရဲ့ ကပ္ပတိန်ပဲ"
ပင်လယ်ဓားပြဘုရင်သည် ဒရေကာကို ဘီမင်၏သင်္ဘောတွင် ကပ္ပတိန်အဖြစ် ခန့်အပ်လိုက်သည်။
"ငါ့နောက်ကို လိုက်ခဲ့။ သူတို့ကိုရှာတွေ့ပြီး မသတ်နိုင်မချင်း ငါတို့စစ်ပွဲက ပြီးမှာမဟုတ်ဘူး။ မင်းရဲ့စွမ်းဆောင်ရည်ကောင်းရင် မင်းကို ပင်လယ်ဓားပြခေါင်းဆောင် ဘွဲ့တောင် ပေးကောင်းပေးနိုင်တယ်။ အဲဒါက မင်းရဲ့စွမ်းဆောင်ရည်နဲ့ သစ္စာရှိမှုအပေါ်မှာပဲ မူတည်လိမ့်မယ်" ဘုရင်က ဒရေကာကို ပြောလိုက်သည်။
ထို့နောက် အခြား ဓားပြခေါင်းဆောင်များကိုလည်း ဘီမင်နှင့် တစ္ဆေကျောင်းတော်တပည့်ကို သတ်ရန် လိုက်လံရှာဖွေရမည်ဟု အမိန့်ပေးလိုက်သည်။
ပင်လယ်ဓားပြဘုရင်သည် သူ၏သင်္ဘောပေါ်သို့ ပြန်တက်သွားသည်။ ဘုရင်၏သင်္ဘောကြီးသည် တစ္ဆေကျောင်းတော်ရှိရာ အရပ်သို့ ဦးတည်ကာ စတင်ထွက်ခွာတော့သည်။
သူ၏သင်္ဘောအရှိန်မှာ ကောင်းကင်အဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး၏ ပျံသန်းနှုန်းထက် ပိုမြန်ကြောင်း သူသိသည်။ ထို့ကြောင့် သူတို့ကို အခက်အခဲမရှိ မကြာမီမှီလိမ့်မည်ဟု သူယုံကြည်နေသည်။
ပင်လယ်ဓားပြဘုရင်သည် လုံချန်းကို ဖမ်းမိပါက မည်သို့နှိပ်စက်မည်နည်းဟုပင် နည်းလမ်းများကို ကြိုတင်စဉ်းစားနေတော့သည်။
လုံချန်းမှာမူ ဝိညာဉ်ဓား အကူအညီဖြင့် ရေအောက်ထဲတွင် ဆက်လက်သွားနေဆဲဖြစ်သည်။
ရန်သူများနှင့် လုံလောက်အောင် ဝေးကွာပြီဟု ယူဆသောအခါမှ ဘီမင်နှင့်အတူ ရေပေါ်သို့ ပြန်တက်လာခဲ့သည်။
ရေပေါ်သို့ ရောက်သည်နှင့် သူ၏ သိုလှောင်လက်စွပ်ထဲမှ မြွေဘုရင်ကို ထုတ်လိုက်သည်။
"နိမ့်ကျတဲ့ လူသားလောကကြီးရေ... အားနည်းတဲ့သူတွေရဲ့ နယ်မြေထဲကို ခန့်ညားထည်ဝါလှတဲ့ နတ်ဘုရားအရှင်သခင်ကြီး ရောက်ရှိလာတာကို ကြိုဆိုကြစမ်း"
မြွေဘုရင်သည် ပတ်ဝန်းကျင်ကိုပင် မကြည့်ဘဲ ထွက်လာသည်နှင့်တစ်ပြိုင်နက် မာန်ပါပါ ကြွေးကြော်လိုက်သည်။
"ဟင်... ဘာလို့ ဒီမှာ ဘယ်သူမှမရှိတာလဲ။ ဒီလို ဘာမှမရှိတဲ့နေရာအလယ်မှာ ငါတို့ ဘာလုပ်နေကြတာလဲ။ ဒါက ဘယ်နေရာလဲ"
ပတ်ဝန်းကျင်တွင် ပင်လယ်ပြင်ကြီးကိုသာ တွေ့လိုက်ရသဖြင့် မြွေဘုရင်မှာ အံ့သြတုန်လှုပ်သွားသည်။ သူ၏မျက်စိတစ်ဆုံးတွင် ရေပြင်ကျယ်ကြီးမှလွဲ၍ ဘာမှမရှိပေ။
"ငါတို့က ပင်လယ် အလယ်မှာ ရောက်နေတာ။ မင်း ခန္ဓာကိုယ်ကို ကြီးအောင်လုပ်ပြီး ငါတို့ကို ကုန်းမြေအထိ သယ်သွားပေးဖို့ လိုတယ်" လုံချန်းက ပြောလိုက်သည်။
မြွေဘုရင်သည် ဘာမှနားမလည်သော ကလေးတစ်ယောက်ကို ကြည့်သကဲ့သို့ လုံချန်းကို ကြည့်လိုက်သည်။
"မင်း မှတ်ဉာဏ်တွေ ချို့ယွင်းကုန်ပြီလား။ ငါ သမားတော် သွားရှာပေးရမလား" မြွေဘုရင်က စိုးရိမ်တကြီး မေးလိုက်သည်။
မှတ်ချက် - မြွေဘုရင်သည် သူ့ကိုယ်သူ တိုက်ခိုက်ရေးသားရဲအဖြစ်သာ မြင်ပြီး ပို့ဆောင်ရေးသားရဲ အဖြစ် အသုံးမခံလိုပေ။
"မင်းဘာပြောမလဲဆိုတာ ငါသိတယ်၊ မှတ်လည်းမှတ်မိတယ်။ ငါ့ကိုယုံပါ၊ အရေးမကြီးရင် မင်းကို ငါမခေါ်ပါဘူး။ ငါကိုယ်တိုင်လည်း မင်းကို ပို့ဆောင်ရေး သားရဲလို မသုံးချင်ပါဘူး၊ ဒါပေမဲ့ အခြေအနေက လိုအပ်နေလို့ပါ။ ကဲ... ငါ့ကို ကူညီစမ်းပါ" လုံချန်းက ခေါင်းခါရင်း ပြောလိုက်သည်။
"ဟွန်း... မင်းကတော့ အမြဲတမ်း ဒီဘုရင်ကို မင်းအလိုကျ ခိုင်းနေတာပဲ။ ထားပါတော့... ဒါ နောက်ဆုံးအကြိမ်ပဲနော်" မြွေဘုရင်က စိတ်ပျက်လက်ပျက်ဖြင့် သဘောတူလိုက်သည်။
သူသည် လူနှစ်ယောက်ကို သယ်နိုင်လောက်သည်အထိ ခန္ဓာကိုယ်ကို ကြီးမားအောင် လုပ်လိုက်သည်။ လုံချန်းနှင့် ဘီမင်တို့သည် မြွေဘုရင်၏ ကျောပေါ်သို့ တက်လိုက်ကြသည်။
"ငါတို့ ဘယ်ကို သွားမှာလဲ" မြွေဘုရင်က မေးသည်။
"တစ္ဆေကျွန်းလို့ခေါ်တဲ့ နေရာပဲ။ ဒီလူက မင်းကို လမ်းညွှန်လိမ့်မယ်၊ သူပြောတဲ့အတိုင်းသာ သွား" လုံချန်းက ဘီမင်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
ဘီမင်မှာတော့ ဇဝေဇဝါဖြင့် လုံချန်းကို ကြည့်နေသည်။
သူ ဘာကြောင့် လမ်းညွှန်ပေးရမည်နည်း။ လုံချန်းက လမ်းမသိသည်လော။ သူက တစ္ဆေကျောင်းတော်က တပည့်မဟုတ်သည်လော။ သူ လိမ်နေသည်လော။
"သိပ်ပြီး အများကြီးမတွေးနဲ့။ ငါက တစ္ဆေကျွန်း ဘယ်မှာလဲဆိုတာ သိပေမဲ့ ဒီမြွေက မသိဘူးလေ။ ငါက ခဏခဏ လမ်းညွှန်မပေးချင်လို့ မင်းကို ခေါ်လာတာ။ သူ့ကို လမ်းပြောပြလိုက်။ တစ္ဆေကျွန်းကို ရောက်တာနဲ့ မင်းကို တစ္ဆေကျောင်းတော်ထဲ ဝင်နိုင်အောင် ငါကူညီပေးမယ်။ အဲဒီကျရင် မင်းဘဝက အခြေတကျ ဖြစ်သွားမှာပါ" လုံချန်းက ဘီမင်ကို ဆင်ခြေပေးလိုက်သည်။
ဓားပြခေါင်းဆောင် ဘီမင်က ခေါင်းညိတ်လိုက်ပြီး "လောလောဆယ်တော့ တည့်တည့်သာ သွားပါ" သူက ပြောလိုက်သည်။
မြွေဘုရင်သည် ထိုအရပ်သို့ ပျံသန်းတော့သည်။
လုံချန်းနှင့် ပင်လယ်ဓားပြဘုရင်တို့မှာ ဦးတည်ချက်တစ်ခုတည်းသို့ သွားနေကြသော်လည်း ဘုရင်၏သင်္ဘောက မြွေဘုရင်ထက် ပိုမြန်သဖြင့် သူတို့ကြားက အကွာအဝေးမှာ တဖြည်းဖြည်း နီးကပ်လာသည်။
ခရီးနှင်လာရင်း အချိန်များ ကုန်လွန်လာသည်။
ဘီမင်က မြွေဘုရင်ကို လမ်းညွှန်ပေးနေစဉ် လုံချန်းက ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသည်။ သူတို့သည် မငြိမ်မသက် ရေပြင်မှ ထွက်ခွာပြီး ကြည်လင် ရေပြင်ထဲသို့ ရောက်ရှိလာသည်။ ကြည်လင် ရေပြင်မှာ ပင်လယ်သားရဲများ ခိုအောင်းရာ နေရာဖြစ်သဖြင့် လုံချန်းမှာ ပို၍ သတိရှိနေသည်။
သင်္ဘောပေါ်တွင် ရှိစဉ်ကမူ အကာအကွယ်များနှင့် တိုက်ခိုက်ရေး အစီအရင်များက သားရဲများကို ကိုင်တွယ်ပေးသဖြင့် စိတ်ပူစရာမရှိသော်လည်း ယခုမူ သူကိုယ်တိုင် ရင်ဆိုင်ရမည်ဖြစ်သည်။
သူသည် တိုက်ပွဲအတွက် အသင့်ပြင်သည့်အနေဖြင့် ဘုရင်ဓားနှင့် ဝိညာဉ်ဓားတို့ကို ထုတ်ထားလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် ပင်လယ်သားရဲများနှင့် မတွေ့ဘဲ ထိုရေပြင်ကို ဖြတ်ကျော်ကာ မငြိမ်မသက် ပင်လယ်ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။
ပင်လယ်ဓားပြဘုရင်၏ သင်္ဘောအုပ်စုမှာလည်း နောက်မှ လိုက်လာနေသည်။ မကြာမီ သူတို့သည်လည်း လုံချန်း ဖြတ်သန်းသွားခဲ့သော ကြည်လင် ရေပြင်သို့ ရောက်လာကြသော်လည်း သူတို့မှာ လုံချန်းလောက် ကံမကောင်းပေ။
ပင်လယ်သားရဲ သုံးကောင်က သင်္ဘောများကို တိုက်ခိုက်သဖြင့် သူတို့ ခရီးနှောင့်နှေးသွားသည်။ သို့သော် သင်္ဘောများနှင့် သားရဲများကြား တိုက်ပွဲမှာ မကြာလိုက်ပေ။ သားရဲနှစ်ကောင် သေဆုံးသွားပြီး တစ်ကောင်မှာ ရေထဲသို့ ထွက်ပြေးသွားခဲ့သည်။ သူတို့သည် လုံချန်းတို့နောက်သို့ ဆက်လက် လိုက်လံနေကြသည်။
လုံချန်းတို့၏ ခရီးမှာ ဆက်လက်ရှိနေပြီး တစ္ဆေကျွန်းသို့ တစ်စက္ကန့်ထက်တစ်စက္ကန့် ပိုမိုနီးကပ်လာသည်။
သူတို့သည် ကြည်လင် ရေပြင်ထဲသို့ နောက်တစ်ကြိမ် ထပ်မံဝင်ရောက်ခဲ့သော်လည်း ယခုတစ်ခါတွင်တော့ ကံမကောင်းတော့ပေ။
ရေပြင်ထဲသို့ ဝင်သည်နှင့် ပျံလွှားပင်လယ်ငါး တစ်ကောင်နှင့် ထိပ်တိုက်တွေ့တော့သည်။ ၎င်းမှာ အတောင်ပံများပါသည့် ကြီးမားသော ငါးကြီးဖြစ်ပြီး ရေပြင်ပေါ်တွင် ပျံသန်းနိုင်ကာ ရေပြင်ပတွင် အချိန်အတော်ကြာ နေထိုင်နိုင်သည်။
ထိုငါးကြီးတွင် သံချပ်ကာကဲ့သို့ မာကျောသော အရေပြားရှိသဖြင့် ခံစစ်အလွန်ကောင်းသည်။ ထို့အပြင် ၎င်း၏ သဘာဝနှင့် ဆန့်ကျင်ဘက်ဖြစ်သော ပြင်းထန်သည့် မီးတောက် တိုက်ခိုက်မှုများကို ပြုလုပ်နိုင်သည်။ ရေထဲတွင် မီးစွမ်းအားမှာ အသုံးမဝင်သော်လည်း ရေပြင်ပတွင်မူ အလွန် အစွမ်းထက်သည်။
ကံကောင်းသည်မှာ လုံချန်း ရင်ဆိုင်ရသော ငါးကြီးမှာ ကျင့်ကြံခြင်းအဆင့် အလွန်မမြင့်ဘဲ ကောင်းကင် အဆင့် ၅ မျှသာ ရှိခြင်းဖြစ်သည်။
လုံချန်းသည် မြွေဘုရင်ပေါ်တွင် မတ်တပ်ရပ်ကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။
"သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က မင်းနဲ့ အတူတူပဲ။ မင်း သူ့ကို တစ်နေရာတည်းမှာ မလှုပ်နိုင်အောင် လုပ်ထားနိုင်ရမယ်။ အဲဒါကို လုပ်လိုက်၊ ငါ သူ့ကို ပိုင်းပစ်မယ်။ တခြားသားရဲတွေ မလာခင် မြန်မြန်အပြတ်ရှင်းရအောင်" လုံချန်းက မြွေဘုရင်ကို ပြောလိုက်သည်။
"ဒီဘုရင်က တစ်ယောက်တည်းတောင် အပြတ်ရှင်းနိုင်ပါတယ်၊ ဒါပေမဲ့ မင်းကို ကူညီပေးမယ်လို့ပဲ သဘောထားလိုက်ပါ့မယ်" မြွေဘုရင်က ရေရွတ်ကာ သူ၏ သွေးမျိုးဆက် စွမ်းရည်ကို အသုံးပြုလိုက်သည်။
ပျံလွှားငါးကြီးသည် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် အချိန်နှင့် ဟင်းလင်းပြင်ထဲတွင် ပိတ်မိသွားသကဲ့သို့ ခံစားလိုက်ရပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ ၎င်းသည် အစွမ်းကုန် ရုန်းကန်သော်လည်း မရပေ။
ငါးကြီးမှာ ဘာဖြစ်နေမှန်း မသိဘဲ ကြောင်နေစဉ်မှာပင် လုံချန်းသည် ပျံသန်းနေသော ဝိညာဉ်ဓားပေါ်တွင် မတ်တပ်ရပ်ကာ သူ့ထံသို့ လာနေသည်ကို တွေ့လိုက်ရသည်။
လုံချန်းသည် ငါးကြီး၏ အပေါ်တည့်တည့်မှနေ၍ သူ၏ဓားဖြင့် အောက်သို့ အရှိန်ဖြင့် ထိုးချလိုက်ရာ ၎င်း၏ မာကျောသော အရေပြားကို အလွယ်တကူ ထိုးဖောက်သွားသည်။ လုံချန်းသည် ဓားကို ပြန်ထုတ်ကာ နောက်တစ်ကြိမ် ထပ်မံထိုးသွင်းပြီးနောက် ငါးကြီးကို တစ်ကိုယ်လုံး နှစ်ခြမ်းကွဲသွားအောင် ပိုင်းချလိုက်သည်။
ပျံလွှားငါးကြီးသည် အသက်ပျောက်ကာ ရေထဲသို့ ကျဆင်းသွားသည်။ မြွေဘုရင်ကလည်း သူ၏ချုပ်နှောင်မှုကို လွှတ်ပေးလိုက်သည်။
"တကယ် ထူးဆန်းတာပဲ။ ဒီဓားက အရင်ကထက် ပိုပြီး သန်မာလာသလိုပဲ" လုံချန်းက ဘုရင်ဓားကို ကြည့်ရင်း ရေရွတ်လိုက်သည်။ မာကျောသော အရေပြားအား ရေကို ပိုင်းဖြတ်လိုက်သကဲ့သို့ အလွယ်တကူ ပိုင်းဖြတ်နိုင်ခဲ့ခြင်းအား သူ နားမလည်နိုင်အောင် ဖြစ်နေလေတော့သည်။
အခန်း (၅၀၂) ရွေးချယ်စရာမရှိခြင်း
"ဒီဓားက ပိုပြီး အစွမ်းထက်လာတာလား၊ ဒါမှမဟုတ် ငါပဲ အထင်မှားနေတာလား။ ဒါက မဖြစ်နိုင်ဘူးဆိုပေမဲ့ ဒီဓားကို ငါရခဲ့တဲ့အချိန်ကစပြီး အသုံးပြုတိုင်းမှာ ဒီလိုပဲ ခံစားနေရတာ။ ဒါမျိုးက တကယ်ပဲ ဖြစ်နိုင်လို့လား" လုံချန်းသည် ဓားကို သေချာကြည့်ရင်း ရေရွတ်လိုက်သည်။
"ဒါက သူတော်စင်ဘုရင် ရှန်းဝူရဲ့ ဓားပဲ။ သူ့ရဲ့ အထွတ်အထိပ် အချိန်တုန်းကတော့ တကယ်ကို သန်မာခဲ့မှာပဲ၊ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အတော်လေး အဆင့်နိမ့်ပြီး အားနည်းသွားခဲ့တာ။ အချိန်ကြာလာလို့ ဆုံးရှုံးသွားတဲ့ စွမ်းအားတွေကို ပြန်ရလာတာလား၊ ဒါမှမဟုတ် ဓားအိမ်ရဲ့ ကြွင်းကျန်ရစ်တဲ့ အာနိသင်ကြောင့်လား"
လုံချန်းသည် ဝိညာဉ်အာရုံကို အသုံးပြု၍ ဓားအတွင်းရှိ စွမ်းအားလိုင်းများကို ကြည့်ရန် ကြိုးစားသော်လည်း ဘာမှမမြင်ရပေ။ ၎င်းမှာ သာမန်လူသုံးဓားတစ်လက်ကဲ့သို့ပင် ဖြစ်ပြီး အတွင်း၌ မည်သည့်ထူးခြားမှုမျှ မရှိသကဲ့သို့ ဖြစ်နေသည်။
လုံချန်းက ၎င်း၏ နက်နဲမှုကို ရှာဖွေလေလေ ပို၍ ဇဝေဇဝါ ဖြစ်လေလေပင်။ ထူးခြားသည့်အချက်ကို ရှာမတွေ့ပေ။
"မင်း လိုက်မှာလား၊ ဒါမှမဟုတ် အဲဒီမှာပဲ မင်းအတွက် တဲတစ်လုံး ထိုးပေးခဲ့ရမလား"
လုံချန်း အတွေးထဲ နစ်နေစဉ်မှာပင် မြွေဘုရင်၏ အသံကို ကြားလိုက်ရသည်။ သူသည် အတွေးထဲမှ ရုန်းထွက်ကာ မြွေဘုရင်ထံသို့ ပြန်သွားလိုက်သည်။
"ဆက်သွားရအောင်" လုံချန်းသည် မြွေဘုရင်၏ ကျောပေါ်သို့ ဆင်းသက်လိုက်ပြီး ပြန်ပြောလိုက်သည်။
ဓားပြခေါင်းဆောင် ဘီမင်မှာတော့ အံ့သြတုန်လှုပ်လျက် ထိုင်နေဆဲဖြစ်သည်။ လုံချန်းက ပျံလွှားငါးကြီးကို သတ်လိုက်သည့် မြင်ကွင်းက သူ၏စိတ်ထဲတွင် ထပ်ခါတလဲလဲ ပေါ်နေသည်။
သူနှင့် အဆင့်တူနီးပါး သန်မာသော ငါးကြီးကို လုံချန်းက အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ခြင်းအပေါ် သူ အံ့သြမဆုံး ဖြစ်နေရသည်။
'တစ္ဆေကျောင်းတော်က တပည့်တွေ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတဲ့ ပုံပြင်တွေ ငါကြားဖူးပါတယ်၊ အခုတော့ ဒါက သက်သေပဲ။ သူတို့က တကယ့်သားရဲတွေပဲ။ ပျံလွှားငါးကြီးက အသတ်မခံရခင်မှာ သူ့ကို ပြန်တောင် မခုခံနိုင်ခဲ့ဘူး။ တပည့်တစ်ယောက်တည်းက ဒီလောက်သန်မာနေရင် တစ္ဆေကျောင်းတော်တစ်ခုလုံး ဘယ်လောက်တောင် သန်မာမလဲဆိုတာ ငါ မတွေးရဲတော့ဘူး။ လူတိုင်းက တစ္ဆေကျောင်းတော်ကို ဘာလို့ ဒီလောက်ကြောက်နေကြတာလဲဆိုတာ အံ့သြစရာ မရှိတော့ပါဘူး' ဘီမင်က ခေါင်းခါရင်း တွေးနေမိသည်။
မြွေဘုရင်သည် အရှိန်အဟုန်မြှင့်၍ ခရီးဆက်ပြီး ဘီမင်ကလည်း လမ်းညွှန်ပေးနေသည်။
နောက်ထပ် တစ်ရက်ခန့် ပျံသန်းပြီးနောက် လုံချန်း တစ်ခုခုကို သတိပြုမိသွားသည်။ သူတို့၏ နောက်ဘက် မိုးကုပ်စက်ဝိုင်းတွင် သင်္ဘောအုပ်စုကြီးတစ်စုက သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရသည်။
"မကောင်းတော့ဘူး" လုံချန်းက သင်္ဘောများကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
"အာ... မဟုတ်တော့ဘူး။ သူတို့ နီးကပ်လာပြီ။ အားလုံး ပြီးသွားပါပြီ။ တစ္ဆေကျွန်းရဲ့ အကာအကွယ်ဆီ ရောက်ဖို့ နောက်ထပ် နှစ်ရက်လောက် ခရီးသွားရဦးမှာ။ ငါတို့ မမီတော့ဘူး" ဘီမင်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
"ငါတို့ကို အရူးတချို့က လိုက်နေတာလား" မြွေဘုရင်က လုံချန်းကို မေးသည်။
"အေး... ငါတို့ကို သတ်ချင်နေတဲ့ အရူးတချို့ပေါ့။ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး" လုံချန်းက နောက်ပြောင်သလို ရေရွတ်လိုက်သည်။
"ထွက်ပြေးနေရုံနဲ့တော့ အလုပ်ဖြစ်မယ့်ပုံ မပေါ်ဘူး။ ပင်လယ်ဓားပြဘုရင်ရဲ့ သင်္ဘောကို သိမ်းပိုက်ရမှာက အလုပ်ရှုပ်မယ့်ပုံပေါ်လို့ ငါမလုပ်ချင်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ အဲဒါကပဲ တစ်ခုတည်းသော နည်းလမ်း ဖြစ်တော့မယ်။ မင်းကတော့ ငါတို့ ထွက်ပြေးနေတယ်လို့ သူတို့ထင်အောင် ရှေ့ကို ဆက်သွားနေလိုက်၊ ငါကတော့ သူတို့သင်္ဘောထဲကို ခိုးဝင်မယ်။ သူတို့ သတိမထားမိခင်မှာ တိုက်ခိုက်တာက ထိပ်တိုက်ရင်ဆိုင်တာထက် ပိုကောင်းတယ်" လုံချန်းက သူ၏ ဝိညာဉ်ဓားပေါ်တွင် မတ်တပ်ရပ်ရင်း မြွေဘုရင်ကို ပြောလိုက်သည်။
"နေဦး... ခင်ဗျား ပင်လယ်ဓားပြဘုရင်ကို အထင်သေးနေတာပဲ။ သူက အရမ်းသန်မာတာဗျ။ သူက ကောင်းကင်အဆင့် အထွတ်အထိပ် ကျင့်ကြံသူ။ သူ့ကို လျှော့တွက်လို့ မရဘူး။ ပြီးတော့ သူ့သင်္ဘောထဲ ခိုးဝင်ဖို့ဆိုတာလည်း မလွယ်ဘူး။ သူ့ရဲ့ အကာအကွယ်က ကျုပ်သင်္ဘောလိုမျိုး မဟုတ်ဘူး။ သူ့အကာအကွယ်က တခြားသင်္ဘောတွေထက် နှစ်ဆလောက် ပိုသန်မာတယ်လို့ ပြောကြတယ်" ဘီမင်က လုံချန်းကို သတိပေးလိုက်သည်။
"အကာအကွယ်က ဘယ်လောက်ပဲ သန်မာသန်မာ အရေးမကြီးပါဘူး။ အဲဒီအကာအကွယ်က ငါ့ကို တားဆီးနိုင်မှာမှ မဟုတ်တာ" လုံချန်းက ခေါင်းခါရင်း ပြောသည်။
သူသည် အနောက်ဘက်သို့ ပျံသန်းသွားပြီး ဘီမင်၏ မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားသည်။ သူသည် အရိပ်အသွင်ပြောင်းခြင်း စွမ်းရည်ကို အသုံးပြု၍ ညမှောင်မှောင်ထဲတွင် ကိုယ်ယောင်ဖျောက်လိုက်ခြင်း ဖြစ်သည်။ သူ၏ အရှိန်အဝါပင် ပျောက်ကွယ်သွားသည်။
လုံချန်းသည် ပင်လယ်ဓားပြဘုရင်၏ သင်္ဘောဆီသို့ ဆက်လက်ချဉ်းကပ်သွားသည်။
ဘုရင်၏ သင်္ဘောကြီးက ရှေ့ဆုံးမှ ဦးဆောင်နေပြီး ၎င်း၏အနောက်တွင် နောက်ထပ် သင်္ဘော ၇ စင်း ပါလာသည်။
လုံချန်းသည် ဘုရင်၏ သင်္ဘောကြီးအနားသို့ ရောက်ရှိလာသည်။ သူသည် အကာအကွယ်၏ အပြင်ဘက်မှ ပျံသန်းရင်း အတွင်းဘက်ကို လှမ်းကြည့်လိုက်သည်။
ရှေ့ဆုံးတွင် ရပ်နေသော အဘိုးကြီးတစ်ယောက်ကို တွေ့ရသည်။ ထိုအဘိုးကြီးသည် အဖြူရောင်အဝတ်အစားနှင့် ရင်ဘတ်တွင် ဦးခေါင်းခွံပုံပါသော အနီရောင်ဂျာကင်ကို ဝတ်ဆင်ထားသည်။
ပင်လယ်ဓားပြဘုရင်သည် မတ်မတ်ရပ်နေသည်။ သူ၏ ဖြူဖွေးသော ဆံပင်ရှည်များကို ပုခုံးပေါ်အထိ ကျနေသော မြင်းမြီးပုံစံ စည်းထားသည်။ သူသည် မြွေဘုရင်ရှိရာဘက်သို့ စိုက်ကြည့်နေသည်။
"မင်း ဘယ်အထိ ပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့" ပင်လယ်ဓားပြဘုရင်က ကြောက်မက်ဖွယ် အပြုံးဖြင့် ရေရွတ်လိုက်သည်။
"ငါ့သားနဲ့ ငါ့မိန်းမကို သတ်ခဲ့တဲ့သူက မင်းပဲ ဖြစ်ပါစေလို့ ငါမျှော်လင့်ပါတယ်။ မင်းရဲ့ လည်ပင်းကို ငါ့လက်နဲ့ပဲ ချိုးပြီး ငရဲကို ပို့ပေးချင်နေတာ" သူက ထပ်လောင်းပြောသည်။
လုံချန်းက အကာအကွယ်၏ အပြင်ဘက်တွင် ရှိနေသဖြင့် ဘုရင်ပြောသည်ကို မကြားရသော်လည်း ထိုကြောက်စရာကောင်းသော အပြုံးကို ကြည့်ရုံဖြင့် ဘာပြောနေမည်အား ခန့်မှန်းနိုင်သည်။
လုံချန်းသည် သင်္ဘော၏ အနောက်ဘက်သို့ သွားကာ လူရှင်းသော နေရာတစ်နေရာအား ရှာတွေ့သောအခါ နေရာရွှေ့ပြောင်းခြင်း စွမ်းရည်ကို အသုံးပြု၍ သင်္ဘောအတွင်းထဲသို့ ရောက်သွားသည်။
သူ ရွေးချယ်လိုက်သည့် နေရာမှာ သင်္ဘောပေါ်တွင် လူအရှင်းဆုံး နေရာဖြစ်သော်လည်း ပင်လယ်ဓားပြတစ်ယောက်တော့ ရှိနေသေးသည်။
လုံချန်း၏ လက်ထဲတွင် ဘုရင်ဓားကို အသင့်ကိုင်ထားသည်။ သူသည် ထိုဓားပြ၏ အနောက်ဘက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဓားပြ၏ ပါးစပ်အား ပိတ်ကာ ဓားဖြင့် ရင်ဘတ်ကို ထိုးလိုက်သည်။
ဓားပြသည် သွေးများ အန်ထုတ်လိုက်ရာ လုံချန်း၏ လက်ပေါ်သို့ ကျလာသည်။ လုံချန်းက ဓားကို ပြန်ထုတ်ကာ ဝှေ့ယမ်းလိုက်ရာ ဓားပြ၏ ဦးခေါင်းမှာ ပြတ်ထွက်သွားတော့သည်။
လုံချန်းသည် ထိုသူကို သတ်ပြီးနောက် လွှတ်ပေးလိုက်ရာ ခန္ဓာကိုယ် နှစ်ခြမ်းစလုံး မြေပြင်ပေါ်သို့ ကျသွားသည်။
သူသည် လက်ကို သုတ်လိုက်ပြီး နောက်သို့ လှည့်လိုက်သည်။ သူ၏ ဝိညာဉ်အာရုံအား အသုံးပြု၍ သင်္ဘောတစ်စင်းလုံးကို ခြုံကြည့်လိုက်သည်။
'ဒါက ဘာလဲ' သင်္ဘောအတွင်းရှိ ထောင်ချိုင့်ကဲ့သို့သော အခန်းတစ်ခန်းထဲတွင် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသဖြင့် သူ အံ့သြသွားသည်။ ထိုမိန်းကလေးတွင် သဘာဝတရားကို အမှတ်ရစေသော လှပသည့် အစိမ်းရောင်ဆံပင်များ ရှိသည်။ သူမ၏ မျက်လုံးများမှာ ကြည်လင် ပင်လယ်ပြင်ကဲ့သို့ အပြာနုရောင် ရှိသည်။ သူမ၏ မျက်နှာမှာ ဖြူစင်ဝင်းပပြီး နှာတံမှာလည်း စင်းနေသည်။ သူမသည် တစ်သက်လုံး မကောင်းမှု တစ်ခုမှ မလုပ်ဖူးသူကဲ့သို့ အပြစ်ကင်းစင်ပုံရသည်။
သူမသည် မင်းသမီးတစ်ပါး၏ ဝတ်စုံကဲ့သို့ တန်ဖိုးကြီးလှသော အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
'သူတို့ ကျွန်းတစ်ကျွန်းက မင်းသမီးကို ပြန်ပေးဆွဲလာတာလား' လုံချန်း တွေးလိုက်သည်။
'ထားပါတော့... ဒီကိစ္စတွေ ပြီးမှပဲ သူမကို မေးကြည့်ရမယ်' လုံချန်းက ခေါင်းခါရင်း တွေးလိုက်သည်။
သူသည် သိုလှောင်လက်စွပ်ထဲမှ ရှားကို ထုတ်လိုက်ပြီး သူတို့သည် ရန်သူ့သင်္ဘောပေါ် ရောက်နေကြောင်းနှင့် သူမ ဘာလုပ်ရမည်ကို ပြောပြလိုက်သည်။
လုံချန်းက တစ်နေရာလုံးကို စစ်ဆေးပြီးပြီဖြစ်ရာ ဤသင်္ဘောပေါ်တွင် ကောင်းကင်အဆင့် ကျင့်ကြံသူ ၇ ဦးနှင့် မြေကမ္ဘာအဆင့် ကျင့်ကြံသူ ၂၃ ဦး ရှိကြောင်း သူသိသည်။
ထိုအထဲမှ သုံးဦးမှာ ကောင်းကင်အဆင့် အစောပိုင်းဖြစ်ပြီး အခြားသုံးဦးမှာ ကောင်းကင်အဆင့် အလယ်ပိုင်း ဖြစ်သည်။ ကောင်းကင်အဆင့် အမြင့်ပိုင်းတွင် တစ်ဦးသာ ရှိသော်လည်း ထိုသူမှာ ပင်လယ်ဓားပြဘုရင် ကိုယ်တိုင်ဖြစ်သဖြင့် အကြီးမားဆုံး ပြဿနာပင် ဖြစ်သည်။
လုံချန်းသည် စစ်ပလွေကို မသုံးလိုပေ။ အကြောင်းမှာ ၎င်းကို သုံးလိုက်ပါက နောက်ပိုင်းတွင် သူ ဘာမှမလုပ်နိုင်တော့ဘဲ အားအင်ကုန်ခမ်းသွားမည် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့်သာ ကိုင်တွယ်ရမည်ဖြစ်သည်။ ပင်လယ်ဓားပြဘုရင်၏ ကျင့်ကြံခြင်းအဆင့်မှာ သူ့ထက် အဆင့်ကြီး တစ်ဆင့်မက မြင့်မားနေသဖြင့် ၎င်းမှာ မလွယ်ကူလှပေ။ သူ၏ အရိပ်အသွင်ပြောင်းခြင်းမှာလည်း ဘုရင်၏ရှေ့တွင် အလုပ်မဖြစ်နိုင်သဖြင့် တိုက်ပွဲမှာ မလွှဲမရှောင်သာ ဖြစ်လာတော့မည်ကို သူ သိနေသည်။
သို့သော် လုံချန်းတွင် ကောင်းကင်အဆင့် ကျင့်ကြံသူများကို ကိုင်တွယ်ရန် အခြားသော အစီအစဉ်တစ်ခု ရှိသေးသည်။ သူသည် ဆူညံမှုများ မဖြစ်စေဘဲ ပုံရိပ်ယောင် နိယာမကို အသုံးပြု၍ သူတို့အား ကိုင်တွယ်ရန် ကြံစည်နေလေတော့သည်။