အခန်း (၅၀၃-၅၀၄)
Vol. 51 Ch. 503-504
အခန်း (၅၀၃) ပင်လယ်ဓားပြဘုရင်နှင့် ရင်ဆိုင်ခြင်း
လုံချန်းသည် အမိဖမ်း မခံရစေရန် သတိထားရင်း ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။
သူသည် လမ်းတွင် အစေခံအချို့နှင့် တွေ့ခဲ့သော်လည်း ပုံရိပ်ယောင် နိယာမကို အသုံးပြုကာ မိမိကိုယ်ကိုယ် အသတ်ခံလိုက်ရသည့် ပင်လယ်ဓားပြ တစ်ဦးအသွင် ပြောင်းလဲထားလိုက်သည်။
လုံချန်းသည် ကောင်းကင်အဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ဦး အနားယူနေသည့် အခန်းဆီသို့ လျှောက်သွားလိုက်သည်။ သူသည် ဝိညာဉ်အာရုံကို အသုံးပြု၍ ထိုသူ၏ တည်နေရာအား ရှာဖွေထားပြီးသား ဖြစ်သည်။
သူသည် အခန်းတံခါးကို ခေါက်ကာ တံခါးပွင့်လာမည့်အချိန် စောင့်နေလိုက်သည်။
မကြာမီ တံခါးပွင့်လာပြီးနောက် ကောင်းကင်အဆင့် အလယ်အလတ် ဓားပြ ထွက်လာပြီး လုံချန်း၏ ပုံရိပ်ယောင် စွမ်းရည်အောက်သို့ ချက်ချင်း ကျရောက်သွားတော့သည်။
ထိုဓားပြသည် လုံချန်းကို ကြည့်လိုက်သောအခါ လုံချန်း၏ စွမ်းရည်ကြောင့် ပင်လယ်ဓားပြဘုရင်အဖြစ် မြင်လိုက်ရသည်။
"ကျွန်တော့်ရဲ့ ဘုရင်ကြီး..." ကောင်းကင်အဆင့် ဓားပြက လုံချန်းကို နှုတ်ဆက်လိုက်သည်။
"သင်္ဘောထဲကို လူတစ်ယောက် ခိုးဝင်လာတယ်ဆိုတဲ့ သတင်းရထားတယ်။ မင်းရဲ့အခန်းကို စစ်ဆေးမလို့" လုံချန်းက ပြောလိုက်သည်။
ထိုဓားပြသည် ဘေးသို့ ဖယ်ပေးလိုက်ပြီး "ဟုတ်ကဲ့ပါခင်ဗျာ။ ကျွန်တော့်အခန်းထဲကိုတော့ ဘယ်သူမှ မလာပါဘူး၊ ဒါပေမဲ့ စစ်ဆေးပေးမယ်ဆိုရင်တော့ ကျွန်တော် ပိုပြီး စိတ်အေးရတာပေါ့" သူ ခေါင်းညိတ်ကာ ပြန်ပြောသည်။
သူသည် အခန်းထဲသို့ ပြန်ဝင်သွားပြီး လုံချန်း ဝင်နိုင်ရန် နေရာဖယ်ပေးလိုက်သည်။
လုံချန်းသည် ထိုဓားပြကို မျက်တောင်မခတ် စိုက်ကြည့်ရင်း အခန်းထဲသို့ ဝင်သွားသည်။ သူ အကြည့် လွှဲလိုက်သည်နှင့် ပုံရိပ်ယောင် စွမ်းရည် ပျက်ပြယ်သွားမည်ကို သူသိသည်။
သူသည် အနောက်သို့ လှည့်မကြည့်ဘဲ တံခါးကို ပိတ်လိုက်သည်။
"ဟိုမှာ ဘာလဲ။ မင်း ငါ့ကို လိမ်နေတာလား" လုံချန်းက ထိုဓားပြ၏ အနောက်ဘက်ရှိ နံရံကို လက်ညှိုးထိုးရင်း ထိတ်လန့်သွားသည့်အမူအရာဖြင့် အော်လိုက်သည်။
ဓားပြသည် အံ့သြသွားပြီး ပင်လယ်ဓားပြဘုရင်က ဘာကိုပြောနေမှန်း နားမလည်နိုင်ဖြစ်သွားသည်။ ခိုးဝင်လာသူက သူ့အခန်းထဲတွင် တကယ် ပုန်းနေသည်လောဟု သူ တွေးလိုက်မိသည်။
"ဘာဖြစ်လို့လဲ"
ထိုဓားပြသည် အနောက်သို့ လှည့်ကြည့်လိုက်သော်လည်း ဘာမှ မရှိပေ။ သူသည် လုံချန်းဘက်သို့ ပြန်လှည့်ရန် ပြင်လိုက်စဉ်မှာပင် ဓားတစ်ချက် ဝှေ့ယမ်းလာပြီး သူ၏ ဦးခေါင်းကို ဖြတ်ချလိုက်တော့သည်။
ဓားပြသည် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားကာ ခန္ဓာကိုယ်နှင့် ဦးခေါင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"ဒီလို ခိုးဝင်ပြီး သတ်ရတာလည်း မဆိုးပါဘူး။ တိုက်ခိုက်နေရမယ့် အချိန်တွေကို သက်သာစေတယ်။ ဒါပေမဲ့ သူ့မှာလည်း အားနည်းချက်တွေ ရှိနေတာကတော့ စိတ်ပျက်စရာပဲ" လုံချန်းက ဓားပြ၏ အလောင်းကို သိုလှောင်လက်စွပ်ထဲ ထည့်ရင်း ရေရွတ်လိုက်သည်။
"အဲဒါကြောင့် ငါပြောတာပေါ့... သွေးကြွပြီး တိုက်ခိုက်နေတာက အမြဲတမ်း အဖြေမဟုတ်ဘူးလို့။ နင်တို့ ဆက်ခံသူ နှစ်ယောက်စလုံးက ဘာလို့ အကြမ်းဖက်နည်းနဲ့ အနိုင်ယူရတာကို ပိုကြိုက်နေကြတာလဲ မသိဘူး။ တကယ်တမ်း အဲဒါကို ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်စရာ မရှိတော့မှပဲ သုံးသင့်တာ"ရွှင်းက ပြန်ပြောသည်။
လုံချန်းက အခန်းထဲတွင် အလုပ်ရှုပ်နေစဉ် ရှားသည်လည်း သင်္ဘော၏ အခြားတစ်ဖက်တွင် မြေကမ္ဘာအဆင့် ဓားပြများကို ဆူညံမှုမရှိစေဘဲ ရှင်းလင်းနေသည်။
"နောက်ထပ် သားကောင်တစ်ကောင်ဆီ သွားရအောင်" လုံချန်းက ပြောကာ အခန်းထဲမှ ထွက်လာခဲ့သည်။
သူသည် သူ၏ ဝိညာဉ်အာရုံကို အမြဲတမ်း ဖြန့်ထားပြီး ပတ်ဝန်းကျင်အား စောင့်ကြည့်နေသည်။ ဓားပြအများစုမှာ ရှေ့ဘက်သို့သာ အာရုံစိုက်နေကြပြီး သူတို့အနောက်တွင် ဘာဖြစ်နေမှန်း မသိကြပေ။
သူတို့၏ အလုံပိတ် အကာအကွယ်ကြီး ရှိနေပါလျက်နှင့် တစ်စုံတစ်ယောက်က သင်္ဘောထဲ ခိုးဝင်လာနိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။
လုံချန်းသည် သင်္ဘော၏ ရှေ့ဘက်သို့ လျှောက်သွားကာ အခြား ကောင်းကင်အဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ဦးထံသို့ သွားလိုက်သည်။
သူသည် ပုံရိပ်ယောင် နိယာမကို ထပ်မံ အသုံးပြုလိုက်ပြန်သည်။
ယခုတစ်ခါတွင် သူ၏ ပစ်မှတ်မှာ ဒုတိယမြောက် ကောင်းကင်အဆင့် အလယ်အလတ် ကျင့်ကြံသူဖြစ်သည်။
ပင်လယ်ဓားပြဘုရင်သည် ရှေ့တွင် အမှန်တကယ် ရပ်နေသဖြင့် သူသည် ဘုရင်အဖြစ် ဟန်ဆောင်၍ မရပေ။ ထို့ကြောင့် သူသည် ခုနက သတ်လိုက်သည့် ဓားပြအသွင် ဖန်တီးလိုက်သည်။
"ဟေ့... ငါနဲ့ လိုက်ခဲ့ဦး၊ မင်းကို ပြောစရာ ရှိလို့" လုံချန်း၏ ပုံရိပ်ယောင် ဓားပြက ဒုတိယမြောက် ဓားပြကို ပြောလိုက်သည်။
ဒုတိယမြောက် ဓားပြမှာ လက်တစ်ဖက်တည်းရှိသူ ဖြစ်သည်။ သူသည် ငယ်စဉ်က တိုက်ပွဲတစ်ပွဲတွင် လက်တစ်ဖက် ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ ကြီးပြင်းလာသောအခါ သူ၏လက်ကို ဖြတ်ခဲ့သူကို ပြန်သတ်ပြီး ပင်လယ်ဓားပြအဖွဲ့ထဲ ဝင်လာခဲ့ခြင်းဖြစ်သည်။
"ဘာလို့လဲ။ တစ်ခုခု ဖြစ်လို့လား" ထိုလက်တစ်ဖက်တည်းရှိသော ဓားပြက မေးသည်။
"အေး... မင်းကို ပြစရာ အရမ်းအရေးကြီးတဲ့အရာတစ်ခု ရှိလို့" လုံချန်းက ပြန်ဖြေသည်။
အနားရှိ အခြားအားနည်းသော ဓားပြများက ထိုသူသည် လေထဲကို စကားပြောနေသည်ဟု ထင်ကာ ထူးဆန်းသလို ကြည့်ကြသော်လည်း ဘာမှဝင်မပြောဘဲ လျစ်လျူရှုထားကြသည်။
လက်တစ်ဖက်တည်းရှိသော ဓားပြသည် မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်မှ လိုက်သွားခဲ့သည်။
လုံချန်းသည် ထိုသူကို သူ ဓားပြသတ်ခဲ့သည့် အခန်းထဲသို့ ခေါ်ဆောင်သွားသည်။
"တံခါးဖွင့်ပြီး ကြည့်လိုက်စမ်း။ ငါ ရန်သူတစ်ယောက်ကို ဖမ်းမိထားတယ်" လုံချန်းက တံခါးကို ညွှန်ပြကာ ပြောလိုက်သည်။
ထိုဓားပြ အခန်းထဲဝင်သွားသည်နှင့် လုံချန်းက နောက်မှ လိုက်ဝင်ကာ တံခါးကို ပိတ်လိုက်တော့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် လုံချန်းသည် ပြုံးလျက် အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။
သူသည် ကောင်းကင်အဆင့် အလယ်အလတ် ဓားပြ သုံးဦးအနက် နှစ်ဦးကို သတ်ဖြတ်ပြီးပြီ ဖြစ်သည်။
သူသည် ထိုနည်းလမ်းကိုပင် အသုံးပြုကာ သင်္ဘောပေါ်ရှိ ကျန်ရှိသော ဓားပြများကို တစ်ဦးပြီးတစ်ဦး သတ်ပစ်လိုက်သည်။
မကြာမီ သင်္ဘောပေါ်ရှိ ကောင်းကင်အဆင့် ကျင့်ကြံသူအားလုံး သေဆုံးသွားခဲ့သည်။ မြေကမ္ဘာအဆင့် ကျင့်ကြံသူများကိုမူ ရှားက အပြတ်ရှင်းလိုက်သည်။
ပင်လယ်ဓားပြဘုရင်မှာမူ သူ လိုက်လံနေသည့် သားရဲကြီးကိုသာ အာရုံစိုက်နေပြီး သူ့အနောက်တွင် လူများ အကုန်သေကုန်ပြီ ဖြစ်ကြောင်း မသိသေးပေ။
'တခြားလူတွေ အကုန်သေပြီဆိုတော့ ဘယ်သူမှ လာမနှောင့်ယှက်နိုင်တော့ဘူး။ အခု ပင်လယ်ဓားပြဘုရင်ရဲ့ အလှည့်ပဲ။ ဟူး... ငါ့ရဲ့ အစွမ်းတွေက သူ့အပေါ်မှာရော အလုပ်ဖြစ်ပါ့မလား' လုံချန်းက ဘုရင်၏ ကျောပြင်ကို ကြည့်ကာ ရေရွတ်လိုက်သည်။
သူသည် ပင်လယ်ဓားပြဘုရင်ထံသို့ လျှောက်သွားလိုက်သည်။
"ရွမ်း... သူတို့ကို မီတော့မယ်။ တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထား" ပင်လယ်ဓားပြဘုရင်က အနောက်သို့ လှည့်ကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။
ဘုရင်သည် သင်္ဘောကုန်းပတ်ပေါ်တွင် လူတစ်ယောက်မျှ မရှိတော့သည်ကို တွေ့ရသဖြင့် အံ့သြသွားသည်။ သူ့အနောက်တွင် လုံချန်းတစ်ယောက်တည်းသာ ရှိနေပြီး လုံချန်းက သူ့ကိုယ်သူ လက်တစ်ဖက်တည်းရှိသော ဓားပြအဖြစ် ပုံရိပ်ယောင် ဖန်တီးထားခြင်း ဖြစ်သည်။
"ဒါ... ဒါက ဘာဖြစ်တာလဲ။ လူတွေ အကုန် ဘယ်ရောက်ကုန်တာလဲ" ဘုရင်က မေးလိုက်သည်။
"ကျွန်တော့်ရဲ့ ဘုရင်ကြီး... သူတို့ ကိစ္စလေးတစ်ခု ဖြေရှင်းဖို့ အနောက်ဘက်ကို သွားကြပါတယ်၊ စိတ်ပူစရာ မရှိပါဘူး" လုံချန်းက ထိုလက်တစ်ဖက်တည်းရှိသော ဓားပြ၏ အသံအတိုင်း တုပကာ ပြန်ဖြေလိုက်သည်။
"သူတို့ကို ချက်ချင်း ပြန်လာခိုင်းပြီး တိုက်ခိုက်ဖို့ ပြင်ခိုင်းလိုက်" ထိုသို့ ပြောကာ ဘုရင်က ရှေ့သို့ ပြန်လှည့်သွားသည်။
လုံချန်းသည် သူ၏ ပုံရိပ်ယောင် စွမ်းရည်ကို ပိတ်လိုက်ပြီး ဘုရင်၏ အနောက်သို့ ချက်ချင်း နေရာရွှေ့ပြောင်းကာ ဓားဖြင့် ဘုရင်၏ လည်ပင်းအား ပိုင်းချလိုက်သည်။
သို့သော် ပင်လယ်ဓားပြဘုရင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာပြီး လုံချန်းကို နောက်သို့ လွင့်စဉ်သွားစေသည်။
ပင်လယ်ဓားပြဘုရင်သည် နောက်သို့ လှည့်ကြည့်ကာ သက်ပြင်းချလိုက်သည်။
"မင်းက ငါတို့ လိုက်နေတဲ့ တစ္ဆေကျောင်းတော်က တပည့်ပဲလား။ မင်းက ငါ့လူတွေအားလုံးကို သတ်လိုက်ပြီဆိုတဲ့ အချက်က မှားနေပါစေလို့ ငါ မျှော်လင့်နေခဲ့တာ။ ဟူး... အခုတော့ မင်းလက်မှာ သွေးတွေ ပိုစွန်းသွားပြီပေါ့" ဘုရင်က မြေပြင်ပေါ် လဲကျနေသော လုံချန်းကို ကြည့်ကာ ပြောလိုက်သည်။
"ငါ ဘယ်နေရာမှာ လွဲသွားတာလဲ။ ငါ့ရဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်ကြောင့်လား၊ ဒါမှမဟုတ် ငါ့ဓားရဲ့ အရှိန်အဝါကြောင့်လား" လုံချန်းက ပြန်ထရပ်ရင်း ခပ်ယဲ့ယဲ့ ပြုံးကာ မေးလိုက်သည်။
"မင်းရဲ့ အဖြေကြောင့်ပဲ။ ငါ့ကို ကျွန်တော့်ရဲ့ ဘုရင်ကြီးလို့ ခေါ်တဲ့သူက တစ်ယောက်တည်း ရှိတယ်၊ အဲဒါ မင်းဟန်ဆောင်နေတဲ့ သူမဟုတ်ဘူး" ပင်လယ်ဓားပြဘုရင်က ပြောကာ သူ၏ သိုလှောင်လက်စွပ်ထဲမှ ဓားကို ထုတ်ယူ၍ လုံချန်းအား ချိန်လိုက်သည်။
"ဒါကို ငါ ကြိုတွေးထားသင့်တာ။ လူတစ်ယောက်က မင်းကို အဲဒီလို ခေါ်တာ ကြားလိုက်ရလို့ အားလုံးက အဲဒီလိုပဲ ခေါ်ကြတယ်လို့ ငါ ထင်သွားတာပဲ။ ဒါ ငါ့ရဲ့ ပေါ့ဆမှုပါ" လုံချန်းက ခေါင်းညိတ်ကာ ဝန်ခံလိုက်သည်။
"မင်း ဒီအမှားကို မလုပ်ခဲ့ရင်တောင် တခြားသဲလွန်စတွေ အများကြီး ရှိပါသေးတယ်။ ရလဒ်ကတော့ အတူတူပါပဲ။ အခု မင်းသိချင်တဲ့ အဖြေကို ရပြီဆိုတော့ အေးအေးဆေးဆေးပဲ သေလိုက်ပါတော့" ပင်လယ်ဓားပြဘုရင်က လုံချန်းကို ပြောလိုက်လေတော့သည်။
အခန်း (၅၀၄) အခြားဝိညာဉ်ဓားတစ်လက်
လုံချန်းသည် ဘုရင်ဓားကို လက်ထဲတွင် ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ဝိညာဉ်ဓားမှာမူ သူ့ပတ်ပတ်လည်တွင် ပျံဝဲနေသည်။
ပင်လယ်ဓားပြဘုရင်သည် ကိုယ်ယောင်ဖျောက်လိုက်သကဲ့သို့ လုံချန်း၏ရှေ့သို့ ချက်ချင်းရောက်လာကာ သူ၏ဓားဖြင့် ပိုင်းချလိုက်သည်။
လုံချန်း၏ ဝိညာဉ်ဓားသည် ရှေ့သို့တိုးကာ ကာကွယ်ပေးလိုက်သည်။ ဝိညာဉ်ဓားက ပင်လယ်ဓားပြဘုရင်၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ခြင်းကြောင့် ဘုရင်မှာ အံ့အားသင့်သွားရသည်။
လုံချန်းသည် ပင်လယ်ဓားပြဘုရင်၏ အနောက်သို့နေရာရွှေ့ပြောင်းကာ ဘုရင်ဓားဖြင့် တိုက်ခိုက်လိုက်သော်လည်း ဘုရင်က လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။ သူသည် ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းကာ အနောက်သို့ ကန်လိုက်သည်။
သူ၏အရှိန်မှာ လုံချန်း မျှော်လင့်ထားသည်ထက် များစွာ ပိုမြန်နေသည်။
ထိုကန်ချက်သည် လုံချန်း၏ ရင်ဘတ်ကို တည့်တည့်ထိမှန်သွားပြီး လုံချန်းအား နောက်သို့ လွင့်စဉ်သွားစေတော့သည်။
လုံချန်းသည် သစ်သားနံရံတစ်ခုကို ဝင်တိုက်ကာ နံရံမှာ ချက်ချင်း ပြိုလဲသွားသည်။ သူသည် အခန်းတစ်ခန်းအတွင်းရှိ ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် ကျသွားပြီးမှ ရပ်တန့်သွားတော့သည်။
"ဒါ ငါမျှော်လင့်ထားသလို ဖြစ်မလာဘူးပဲ။ ဒီကောင် ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ" လုံချန်းသည် ထထိုင်ရင်း သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။
ပင်လယ်ဓားပြဘုရင်သည် သူ့ထံသို့ အေးအေးလူလူ လျှောက်လာနေသည်ကို သူ မြင်နေရသည်။
"သန်မာမှာပေါ့... ကောင်းကင်အဆင့် အထွတ်အထိပ် ကျင့်ကြံသူတွေဆိုတာ အားမနည်းဘူး။ နင်လည်း အရင်က ဒီလိုလူမျိုးနဲ့ မတွေ့ဖူးသေးဘူးလေ။ ဒါပေမဲ့ ငါ တစ်ခုတော့ သတိပေးပါရစေ။ အမှောင်ယဇ်ပဏ္ဏာကိုတော့ မသုံးမိအောင် သတိထားပါ။ တကယ်လို့ အခြေအနေက အဆိုးဆုံးဖြစ်လာရင် စစ်ပလွေကိုပဲ သုံးလိုက်ပါ။ နင် လှုပ်ရှားလို့ မရတော့တဲ့အချိန်မှာ ရှားက နင့်ကို ကာကွယ်ပေးလိမ့်မယ်" ရွှင်းက လုံချန်းကို သတင်းပေးလိုက်သည်။
"ငါ သိပါတယ်၊ ဒါပေမဲ့ ပင်လယ်ဓားပြ တစ်ယောက်ကို ရင်ဆိုင်ဖို့အတွက်နဲ့တော့ ကိုယ်လက်အင်္ဂါမလှုပ်ရှားနိုင်တဲ့ လူနာတစ်ယောက် မဖြစ်ချင်သေးဘူး။ ဟူး... ငါ့မှာ ရှိတာလေးတွေနဲ့ ဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့" လုံချန်းက ထရပ်ရင်း ရေရွတ်လိုက်သည်။
သူ၏ ဝိညာဉ်ဓားမှာ သူ့ထံသို့ ပြန်ရောက်လာပြီး သူ့ရှေ့တွင် ပျံဝဲနေသည်။
ယခုတစ်ခါတွင် လုံချန်းက ရှေ့သို့ စတင် တိုက်စစ်ဆင်လိုက်သည်။ သူသည် မိစ္ဆာဘုရင် ခန္ဓာကိုယ်ကို အသက်သွင်းလိုက်သည်။ သူသည် သူ၏ သန့်စင်သော ခွန်အားဖြင့် ဘုရင်ကို ရင်ဆိုင်ပြီး ရလဒ်တစ်ခုခု ထွက်မထွက် စမ်းသပ်ကြည့်ချင်နေသည်။
လုံချန်းသည် လျှပ်စီးလက်သကဲ့သို့ ရှေ့သို့ ပျံတက်သွားပြီး သူ၏ခွန်အားအပြည့်ဖြင့် ဓားကို ဝှေ့ယမ်းလိုက်သည်။
ပင်လယ်ဓားပြ ဘုရင်သည်လည်း မြေပြင်တွင် ခြေကုပ်မြဲမြံစွာ နင်းလိုက်ပြီး လုံချန်း၏ တိုက်ခိုက်မှုကို စိတ်အားထက်သန်စွာ ရင်ဆိုင်လိုက်သည်။
လုံချန်း၏ဓားနှင့် ပင်လယ်ဓားပြဘုရင်၏ဓားတို့ ထိပ်တိုက်တွေ့ဆုံကာ တောက်ပသော မီးပွားများ ထွက်ပေါ်လာသည်။ သူတို့ပတ်ဝန်းကျင်ရှိ လေဖိအားမှာ ပြောင်းလဲသွားပြီး သူတို့၏ အဝတ်အစားများမှာ အနောက်သို့ လွင့်ထွက်နေသော်လည်း ပင်လယ်ဓားပြဘုရင်မှာမူ အနည်းငယ်မျှပင် နောက်သို့ ဆုတ်မသွားပေ။ အမှန်တကယ်တွင် လုံချန်းကသာ အနောက်သို့ အတွန်းခံနေရခြင်း ဖြစ်သည်။
ဝိညာဉ်ဓားသည် အနောက်ဘက်မှ လာကာ ပင်လယ်ဓားပြဘုရင်၏ ကျောပြင်ကို တိုက်ခိုက်လိုက်သော်လည်း အခြား ဝိညာဉ်ဓားတစ်လက်မှာ ဘယ်ကမှန်းမသိ ပေါ်လာပြီး လုံချန်း၏ ဝိညာဉ်ဓားကို ကြားဖြတ် တားဆီးလိုက်သည်။
"နောက်တစ်ယောက်မှာလည်း ဝိညာဉ်ဓား ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး၊ ဒါပေမဲ့ ဒါကို ငါ ကြိုတွေးထားသင့်တာ။ မင်းက တစ္ဆေကျောင်းတော်က တပည့်ပဲ၊ ဒါပေမဲ့ ဒီလိုမျိုးဓား ရှိတဲ့သူက တခြားမှာ မရှိတော့ဘူးလို့ မင်း တကယ် ထင်နေတာလား" ပင်လယ်ဓားပြဘုရင်က အပြုံးဖြင့် ပြောလိုက်သည်။
ပင်လယ်ဓားပြ ဘုရင်တွင်လည်း ဝိညာဉ်ဓား ရှိနေလိမ့်မည်ဟု လုံချန်း မထင်ထားခဲ့ပေ။ ပင်လယ်ဓားပြဘုရင်က ဝိညာဉ်တစ်ကောင်ကို မည်သို့ ယဉ်ပါးအောင်လုပ်ပြီး ဓားထဲတွင် ထည့်သွင်းထားသနည်း ဆိုသည်ကို သူ နားမလည်နိုင်ပေ။ ဝိညာဉ်များကို ဖမ်းဆီးနိုင်သည့် အခြားသော နည်းလမ်းများ ရှိနေသည်ကို သူ မသိခဲ့ပေ။ ထိုနည်းလမ်းများကို လူအနည်းငယ်သာ သိကြခြင်း ဖြစ်သည်။
အကြီးအကဲလေး ရွှီအောက်ရှင်းသည် ထိုလူများထဲမှ တစ်ဦးဖြစ်ပြီး သူမက ဤဝိညာဉ်ဓားကို ပင်လယ်ဓားပြဘုရင်အား လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သော်လည်း လုံချန်းမှာမူ ထိုအကြောင်းကို မသိရှိပေ။
"ကောင်းပြီလေ... မင်းမှာလည်း အဲဒါ ရှိတာပေါ့၊ ဒါဆို ဒီဟာရော မင်းမှာ ရှိလား" လုံချန်းက ပြုံးလျက် ရေရွတ်လိုက်သည်။ "အပေါ်ကို ကြည့်လိုက်ဦး"
ပင်လယ်ဓားပြဘုရင်သည် မျက်မှောင်ကြုတ်ကာ အပေါ်သို့ မော့ကြည့်လိုက်သော်လည်း ဘာမှ မရှိပေ။
ရုတ်တရက် သူသည် အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။ သူသည် လုံချန်းကို ထားခဲ့ပြီး ဘေးသို့ ချက်ချင်း ရှောင်လိုက်သည်။
သူသည် ဘေးသို့ ရှောင်နိုင်ခဲ့သော်လည်း မိမိကိုယ်ကိုယ် လုံးဝ ဘေးကင်းအောင် မလုပ်နိုင်ခဲ့ပေ။
သူ၏ကျောပြင်ကို ထိုးစိုက်ရန် ပြင်ဆင်ထားသော ဓားသည် သူ၏လက်မောင်းအား ထိမှန်သွားသည်။ သူ၏ ရှောင်တိမ်းမှုကပင် အခြေအနေကို ပိုဆိုးသွားစေပြီး သူ၏ဘယ်ဘက်လက်မှာ ပုခုံးအောက်နားမှနေ၍ လုံးဝ ပြတ်ထွက်ကာ မြေပြင်ပေါ်သို့ ကျသွားတော့သည်။
ပင်လယ်ဓားပြဘုရင်သည် သူ၏ ပုခုံးကို လှမ်းကြည့်လိုက်သောအခါ လက်မရှိတော့သည်ကို တွေ့လိုက်ရသည်။ သူသည် အလွန်အမင်း နာကျင်မှုကို ခံစားနေရသော်လည်း မျက်နှာတွင် မပေါ်အောင် ထိန်းထားသည်။
သူ့ကို ဘာက တိုက်ခိုက်လိုက်သနည်းဟု သိရန် လုံချန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
လှပသော မိန်းကလေးတစ်ဦး ထိုနေရာတွင် ရပ်နေသည်ကို သူ တွေ့လိုက်ရသော်လည်း သူမထံမှ မည်သည့် အသက်အငွေ့အသက်မျှ မခံစားရပေ။ ထို့ကြောင့်ပင် သူမ တိုက်ခိုက်လာသည်ကို သူ သတိမပြုမိခဲ့ခြင်း ဖြစ်သည်။
"အလောင်းရုပ်သေးလား" ပင်လယ်ဓားပြဘုရင်သည် ရှားကို ကြည့်ရင်း ရေရွတ်လိုက်သည်။
"ဒါက ငါမမျှော်လင့်ထားတဲ့ ကိစ္စပဲ၊ ဒါပေမဲ့ ငါ့ကို သတ်နိုင်လောက်တဲ့အထိတော့ မဟုတ်ဘူး။ အခု ငါ သူ့အကြောင်း သိသွားပြီဆိုတော့ မင်းရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုတွေက အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး။ ဒီနေ့ မင်း သေရမှာပဲ၊ ပြီးရင် မင်းရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီကို ငါ ပိုင်းဖြတ်ပစ်မယ်" ပင်လယ်ဓားပြဘုရင်က သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ပြောလိုက်သည်။
သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများသည် ပတ်ဝန်းကျင်တစ်ခုလုံးနှင့် သူ၏ သင်္ဘောအပြင်ဘက်အထိပါ ပျံ့နှံ့သွားသည်။ အခြားသင်္ဘောများပေါ်ရှိ ဓားပြခေါင်းဆောင်များပင် ထိုအငွေ့အသက်ကို ခံစားလိုက်ရသည်။
"ဘာတွေ ဖြစ်နေတာလဲ။ ပင်လယ်ဓားပြဘုရင်က ဘာလို့ ဒီလောက်ပြင်းထန်တဲ့ သတ်ဖြတ်လိုတဲ့ အရှိန်အဝါတွေကို ထုတ်နေရတာလဲ။ တစ္ဆေကျောင်းတော် တပည့်ကို သတ်ရမှာမို့လို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေတာလား"
သူတို့အားလုံးက ဘုရင်သည် သူတို့ လိုက်လံနေသည့်သူကြောင့် ထိုသို့ ဖြစ်နေသည်ဟု ထင်နေကြသော်လည်း ရန်သူမှာ ဘုရင်၏ သင်္ဘောပေါ်သို့ ရောက်နေပြီး ဘုရင်၏ လက်တစ်ဖက်ကိုပင် ဖြတ်နိုင်ခဲ့ပြီဆိုသည်အား မည်သူမျှ မသိကြပေ။
သူတို့အားလုံးသည် ထိုအငွေ့အသက်ကို လျစ်လျူရှုကာ သူတို့ ရှာဖွေနေသည့် သားရဲကြီးဆီသို့သာ အာရုံပြန်စိုက်လိုက်ကြသည်။
ပင်လယ်ဓားပြဘုရင်သည် သွေးရောင်လွှမ်းသော မျက်လုံးများဖြင့် လုံချန်းကို ကြည့်နေသည်။
"မင်းတို့တွေ ငါ့မိန်းမကို သတ်ခဲ့တယ်။ ငါ့ကလေးကို သတ်ခဲ့တယ်။ ငါ့လူတွေ အကုန်လုံးကိုလည်း သတ်ခဲ့တယ်။ အခု မင်းက ငါ့ကိုပါ သတ်နိုင်မယ်လို့ ထင်နေတာလား။ ဒီနေ့ မင်း ငါ့ကို လုပ်ခဲ့သမျှ အရာအားလုံးအတွက် ငါ ပြန်တောင်းယူမယ်။ တစ်နေ့မှာ တစ္ဆေကျောင်းတော် ပျက်စီးသွားအောင် ငါ့ဝိညာဉ်ကို မိစ္ဆာဆီ ပေးအပ်ရမယ်ဆိုရင်တောင် ငါ သေချာပေါက် လုပ်မယ်။ ငါ့ဘဝရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က တစ္ဆေကျောင်းတော်ကို ဖျက်ဆီးဖို့ပဲ၊ ဒီနေ့ မင်းကို ပိုင်းဖြတ်ပြီး အဲဒီကိစ္စကို ငါ စတင်လိုက်မယ်" ပင်လယ်ဓားပြဘုရင်သည် ဒေါသတကြီး အော်ဟစ်ကာ လုံချန်းထံသို့ အရူးတစ်ယောက်ကဲ့သို့ ပြေးဝင်လာသည်။
လုံချန်းသည် ရှေ့ဘက်မှ ရင်ဆိုင်ရန် သွားလိုက်ပြီး ရှားကိုမူ အနောက်မှ ခိုးတိုက်ရန် အခွင့်အရေး ပေးထားသည်။ ပင်လယ်ဓားပြဘုရင်သည် ရှား၏ လှုပ်ရှားမှုကို မမြင်နိုင်၊ မခံစားနိုင်သောကြောင့် ဖြစ်သည်။ သို့သော် သူ ပင်လယ်ဓားပြဘုရင်အနားသို့ ရောက်သောအခါ လေထု၏ ပြောင်းလဲမှုကို သတိပြုမိလိုက်သည်။
ပင်လယ်ဓားပြဘုရင်သည် သူ၏နေရာမှ ပျောက်ကွယ်သွားပြီး ရှား၏ အနောက်တွင် ပေါ်လာကာ ဓားဖြင့် ဝှေ့ယမ်းလိုက်သည်။
ရှားသည် ထိုတိုက်ခိုက်မှုမှ ကာကွယ်ရန် သူမ၏ဓားကို မြှောက်လိုက်သည်။
သူမသည်လည်း ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ အနောက်သို့ လွင့်စဉ်သွားတော့သည်။
သူမသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော်လည်း ဒဏ်ရာရပုံ မပေါ်ပေ။ မူလသလင်းကျောက်များ မသုံးဘဲ သူမ၏ ခွန်အားမှာ မြေကမ္ဘာအဆင့် အထွတ်အထိပ်နှင့် ညီမျှသော်လည်း သူမ၏ ခံစစ်စွမ်းအားမှာ များစွာ ပိုမြင့်မားသည်။ ခံစစ်အပိုင်းတွင် သူမသည် ပင်လယ်ဓားပြ ဘုရင်ထက်ပင် ပို၍ မာကျောသော်လည်း ခွန်အားအပိုင်းတွင်သာ လိုအပ်နေခြင်း ဖြစ်သည်။
လုံချန်းက ထိုအချက်ကို သိသောကြောင့် သူမကို ကာကွယ်ရန် ရှေ့မှ ဝင်မရပ်ခဲ့ခြင်း ဖြစ်သည်။ သူမ ဘာမှမဖြစ်နိုင်မှန်း သူ သိသည်။
ယင်းအစား သူသည် ပင်လယ်ဓားပြဘုရင်၏ အနောက်တွင် ပေါ်လာခဲ့သည်။
ပင်လယ်ဓားပြ ဘုရင်သည် ရှားကို တိုက်ခိုက်ပြီးပြီးချင်းမှာပင် လုံချန်းက သူ၏ကျောပြင်အား တိုက်ခိုက်နေသည်ကို သတိပြုမိလိုက်သည်။ သူ၏ ဝိညာဉ်ဓားက လုံချန်း၏ တိုက်ခိုက်မှုကို တားဆီးလိုက်သော်လည်း လုံချန်းသည် ထိုအခွင့်အရေးကို အသုံးပြု၍ သူ၏ ဝိညာဉ်ဓားအား ပင်လယ်ဓားပြဘုရင်၏ လည်ပင်းဆီသို့ ဦးတည်စေလိုက်သည်။
ပင်လယ်ဓားပြဘုရင်သည် လုံချန်း၏ ဝိညာဉ်ဓားကို တားဆီးရန် လှုပ်ရှားလိုက်သည်။ လုံချန်းသည် ဝိညာဉ်ဓားနှင့် အလုပ်ရှုပ်နေသဖြင့် ဝိညာဉ်ဓားကိုသာ ကိုင်တွယ်ရန် လိုအပ်သည်ဟု သူ ထင်နေခဲ့သည်။ သို့သော် လုံချန်းသည် သူ၏ မျှော်လင့်ချက်ကို ပြောင်းပြန်လှန်လိုက်ကာ ဘုရင်၏ ဝိညာဉ်ဓားကို လှည့်စားပြီး ပင်လယ်ဓားပြဘုရင်၏ အနောက်သို့နေရာရွှေ့ပြောင်း လိုက်ပြန်သည်။
ပင်လယ်ဓားပြဘုရင်မှာ ကြားညပ်သွားတော့သည်။ အကယ်၍ သူက လုံချန်း၏ ဝိညာဉ်ဓားမှ သူ၏လည်ပင်းအား ကာကွယ်ပါက လုံချန်းက သူ့ကို သတ်မည် ဖြစ်သည်။ အကယ်၍ လုံချန်းကို ကာကွယ်ပါက လုံချန်း၏ ဝိညာဉ်ဓားက သူ့အား သတ်မည် ဖြစ်သည်။
သူသည် သူ၏ ကိုယ်ပိုင်ဝိညာဉ်ဓားကို ပြန်ခေါ်ပြီး ထိုခြိမ်းခြောက်မှု တစ်ခုခုအား ကိုင်တွယ်ရန် အချိန်မရှိတော့ပေ။ အကြောင်းမှာ ရှားသည် နောက်တစ်ကြိမ် ပြန်ပေါ်လာပြီး သူ၏ဓားကို တားဆီးထားသောကြောင့် ဖြစ်လေတော့သည်။