အခန်း (၅၀၇-၅၀၈)
Vol. 51 Ch. 507-508
အခန်း (၅၀၇) တစ္ဆေကျွန်း
"သူ ငါ့ကို တိုက်ခိုက်မှာ မဟုတ်ပါဘူး။ နင်က အခြေခံအကျဆုံး အချက်တစ်ချက်ကို မေ့နေတာပဲ။ ငါ ပင်လယ်ဓားပြဘုရင်နဲ့ တိုက်ခိုက်ပြီး သူ့ကို သတ်လိုက်တဲ့အထိ သူ ထွက်လာပြီး မကူညီခဲ့ဘူး။ သူသာ ဆိုရင် သူ့ကို အလွယ်တကူ ကယ်နိုင်ခဲ့မှာပဲ၊ ဒါပေမဲ့ သူ မလုပ်ခဲ့ဘူး။ သူ့အတွက် ဒီထောင်ထဲကနေ ကိုယ့်ဘာသာကိုယ် ထွက်လာဖို့ဆိုတာလည်း မခက်ခဲပါဘူး။ အဲဒါက ဘာကို သက်သေပြနေလဲဆိုရင် သူက ပင်လယ်ဓားပြဘုရင်ကို ဂရုမစိုက်ဘူးဆိုတာပဲ၊ ဒါကြောင့် သူ့အတွက်နဲ့တော့ ငါ့ကို လာတိုက်မှာ မဟုတ်ဘူး" လုံချန်းက ပြန်ဖြေလိုက်သည်။
"တကယ်လို့ သူသာ နင့်ကို တိုက်ခဲ့ရင်ရော။ အဲဒါ ဘယ်လောက် အန္တရာယ်များလဲဆိုတာ နင်သိတယ်မဟုတ်လား" ရွှင်းက မေးသည်။
"အဲဒီလိုသာဆိုရင်တော့ ငါ့မှာ စစ်ပလွေနဲ့ အမှောင်ယဇ်ပဏ္ဏာကို သုံးဖို့ပဲ ရှိတော့တာပေါ့။ အဲဒါတွေကို မသုံးချင်လို့ အခုလိုတွေ ကြိုးစားခဲ့တာမှန်ပေမဲ့ တကယ်လို့ သုံးရမယ့် အခြေအနေရောက်လာရင်တော့ ငါ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ ငါ့ရဲ့ ခန့်မှန်းချက် မှန်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့" လုံချန်းက တံခါးဘက်ကို လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။
"အချိန်ကပဲ သက်သေပြပါလိမ့်မယ်" ရွှင်းက ဆိုသည်။ "ဒါပေမဲ့ နင် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ အခုတော့ နင့်ကိုယ်နင် ပြန်လည်ကုသဖို့ အချိန်ရသွားပြီဆိုတော့ သူကသာ နင့်ကို ရန်မူလာခဲ့ရင်တောင် နင်က အကောင်းဆုံး အခြေအနေမှာ ရှိနေနိုင်တာပေါ့။ ဒါက အားသာချက်တစ်ခုပဲ"
"သူက ငါ့အကြံပေးချက်ကို နားထောင်ပြီး ထွက်သွားရင်တော့ အကောင်းဆုံးပဲ။ တကယ်လို့ သူက ဒီမှာပဲ ဆက်နေနေမယ် ဒါမှမဟုတ် သိသာတဲ့ တစ်ခုခု လုပ်လာမယ်ဆိုရင် သူ့အကြောင်းကို ငါမသိသလို ဟန်ဆောင်နေရတာက တကယ့်ကို ခေါင်းခဲစရာပဲ" လုံချန်းက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်၊ သူ့ကို အရင်က မြင်ဖူးသလို ခံစားနေရတာက ပိုပြီး စိုးရိမ်စရာကောင်းတယ်။ ငါ အထင်မှားတာပဲ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ တကယ်လို့ ငါသာ သူ့ကို အရင်က တကယ်မြင်ဖူးခဲ့တာဆိုရင်တော့ ဒီကိစ္စက သူစိမ်းနှစ်ယောက် တွေ့ဆုံတာထက် ပိုပြီး ရှုပ်ထွေးသွားလိမ့်မယ်" သူက ထပ်လောင်းပြောသည်။
သူသည် ဝိညာဉ်အာရုံကို အမြဲတမ်း ဖွင့်ထားပြီး ကုန်းပတ်ပေါ်တွင် ဘီမင်နှင့် စကားပြောနေသော ရွှီအောက်ရှင်း၏ လှုပ်ရှားမှုတိုင်းအား စောင့်ကြည့်နေသည်။
"သူ့ကို အပြစ်ပေးမှာလား၊ ဒါမှမဟုတ် ကူညီမှာလား။ ကျွန်တော် ထင်တာကတော့ အကြီးအကဲလေး နောက်ဆုံးအချက်ဘက်ကို ယိမ်းနေသလိုပဲ" ဘီမင်က ရွှီအောက်ရှင်းကို မေးလိုက်သည်။
ရွှီအောက်ရှင်းက ပြုံးရုံသာ ပြုံးပြသည်။ သူမသည် ခေါင်းလည်း မညိတ်သလို ခေါင်းလည်း မခါပေ။
"ငါ ဘာမှမလုပ်ဘူး။ ဒီအတိုင်းပဲ စောင့်ကြည့်နေမှာ" သူမက ပြန်ဖြေသည်။
"ကောင်းပါပြီ။ သူကရော အကြီးအကဲလေးရဲ့ အထောက်အထား အမှန်ကို သိနေပြီလား" ဘီမင်က မေးသည်။
ရွှီအောက်ရှင်းသည် ကုန်းပတ်ပေါ်ကို ငုံ့ကြည့်ကာ ခဏမျှ စဉ်းစားလိုက်သည်။
"ငါလည်း မသေချာဘူး။ မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့ သူ့ဆီမှာ မြင်တွေ့နေရတာထက် ပိုတဲ့ တစ်ခုခု ရှိနေတယ်လို့ ငါ ခံစားနေရတယ်။ ဘာမဆို ဖြစ်နိုင်တာပဲလေ" သူမက ရေရွတ်သည်။
"အကြီးအကဲလေး ကိုယ့်ဘာသာကိုယ် စောင့်ကြည့် ဆုံးဖြတ်နိုင်ဖို့အတွက် ကျွန်တော် ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးပါ့မယ်" ဘီမင်က ခေါင်းညိတ်ပြသည်။
"တကယ်လို့ သူက ငါ ဘာလို့ မထွက်သွားတာလဲလို့ မေးရင် ပင်လယ်ဓားပြဘုရင်က ငါ့ရဲ့ ဇာတိမြေကို ဖျက်ဆီးခဲ့လို့လို့ ပြောလိုက်" သူမက ဘီမင်ကို မှာကြားသည်။ "သူ တကယ်ပဲ သိ မသိ ကြည့်ရသေးတာပေါ့။ သူ့ရဲ့ တုံ့ပြန်မှုက စိတ်ဝင်စားဖို့ ကောင်းမှာပဲ"
ဘီမင်က ခေါင်းညိတ်ကာ သင်္ဘောကို ထိန်းကျောင်းရန် သူ၏လူများကို ဆက်လက် အမိန့်ပေးနေသည်။
ရွှီအောက်ရှင်းသည် သူတို့နှင့် အတန်ငယ်ဝေးသော နေရာတွင် ရပ်နေသည့် ရှားကို လှမ်းကြည့်လိုက်သည်။ ရှားသည် လုံချန်း သို့မဟုတ် သူမကိုယ်တိုင် အန္တရာယ်ရှိမှသာ လှုပ်ရှားရန် အမိန့်ပေးခံထားရသဖြင့် ယခုအခြေအနေကို ဘာမှမလုပ်ဘဲ စောင့်ကြည့်နေခြင်း ဖြစ်သည်။
ရွှီအောက်ရှင်းသည် ရှားကို အလွန်စိတ်ဝင်စားသွားသည်။
"အံ့သြစရာပဲ။ ဒီရုပ်သေးက တကယ်ကို ထူးခြားတာပဲ။ ဒါကို ဘယ်သူ လုပ်ခဲ့တာပါလိမ့်" သူမက ရေရွတ်ရင်း ရှရထံသို့ လျှောက်သွားလိုက်သည်။
သူမသည် ရှားနှင့် ငါးလှမ်းအကွာသို့ ရောက်သောအခါ ရှားက သူမကို ရှေ့ဆက်တိုးခွင့် မပေးတော့ပေ။ ရှားသည် သူမ၏ဓားကို မြှောက်ကာ ရွှီအောက်ရှင်း၏ လည်ပင်းဆီသို့ ချိန်ရွယ်လိုက်သည်။
ဓားဦးနှင့် ရွှီအောက်ရှင်း၏ လည်ပင်းမှာ တစ်လက်မမျှပင် မဝေးတော့ပေ။ ရွှီအောက်ရှင်းသည် ချက်ချင်း ရပ်တန့်လိုက်ပြီး ရှေ့ဆက်မတိုးတော့ပေ။
"နောက်တစ်လှမ်း ထပ်တိုးရင် နင် အသတ်ခံရမယ်" ရှားက မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာဖြင့် ကြေညာလိုက်သည်။
ရွှီအောက်ရှင်းသည် အော်ဟစ်ကာ ရယ်မောလိုက်တော့သည်။
"စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်" သူမက ရေရွတ်ရင်း နောက်သို့ ပြန်ဆုတ်လိုက်သည်။
"ငါ သူ့အပေါ် ပိုပြီး စူးစမ်းချင်လာပြီ။ ဒါက သာမန်လူသားတွေရဲ့ ကမ္ဘာက လုပ်နိုင်တဲ့အရာ မဟုတ်တာတော့ သေချာတယ်" ရွှီအောက်ရှင်းသည် ရှားထံမှ အကြည့်မခွာဘဲ နောက်သို့ ဆက်ဆုတ်နေသည်။
"သူက ကံကောင်းလို့ ဒါကို ရှာတွေ့ခဲ့တာလား၊ ဒါမှမဟုတ် အထက်က တစ်ယောက်ယောက်က သူ့ကို ကူညီခဲ့တာလား" သူမသည် မေးစေ့ကို လက်ဖြင့်ကိုင်ကာ အတွေးနက်သွားသည်။
"အင်မော်တယ် လောကက လူလား၊ ဒါမှမဟုတ်..."
သူမသည် ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ ခေါင်းခါလိုက်သည်။ သူမသည် သင်္ဘော၏ အခြားတစ်ဖက်သို့ သွားကာ ထိုင်ခုံတစ်ခုံတွင် ထိုင်၍ မျက်လုံးမှိတ်လိုက်လေတော့သည်။
ငြိမ်းချမ်းစွာဖြင့် နောက်ထပ် တစ်ရက် ကုန်ဆုံးသွားခဲ့သည်။
လုံချန်းသည် အနားယူပြီးနောက် ကုန်းပတ်ပေါ်သို့ တက်လာခဲ့သည်။
"ငါတို့ ပန်းတိုင်နဲ့ နီးနေပြီ ထင်တယ်" လုံချန်းက ရေရွတ်လိုက်သည်။
သူ ကုန်းပတ်ပေါ် ရောက်ရောက်ချင်းမှာပင် ဘီမင်က လူများကို အမိန့်ပေးနေသည်ကို တွေ့ရသည်။
"ရောက်ဖို့ ဘယ်လောက် လိုသေးလဲ" လုံချန်းက မေးလိုက်သည်။
"နီးပါပြီ။ နောက်ထပ် နာရီ နည်းနည်းလောက်ဆို ရောက်ပါလိမ့်မယ်။ မကြာခင်မှာ တစ္ဆေကျွန်းရဲ့ အကာအကွယ်ကို စမြင်ရတော့မှာပါ" ဘီမင်က ပြန်ဖြေသည်။
"ကောင်းပြီ" လုံချန်းက ခေါင်းညိတ်ပြသည်။
သူ အနောက်သို့ လှည့်ကြည့်လိုက်သောအခါ ထိုင်ခုံပေါ်တွင် ထိုင်နေသော ရွှီအောက်ရှင်းကို တွေ့လိုက်ရသည်။ သူမ ထွက်မသွားသေးမှန်း သူ သိထားပြီးသား ဖြစ်သော်လည်း အံ့သြသွားဟန် ဆောင်လိုက်သည်။
"မင်း ဘာလို့ ထွက်မသွားသေးတာလဲ" သူက မေးလိုက်သည်။
"ငါ..." မိန်းကလေးသည် လုံချန်း၏ အသံကို ကြားသောအခါ မျက်လုံးဖွင့်လိုက်သည်။
သူမသည် ဘီမင်ဘက်ကို လှည့်ကြည့်ကာ တစ်ခုခုကို ပြောရန် ကြောက်ရွံ့နေသကဲ့သို့ တွန့်ဆုတ်နေသည်။ လုံချန်းသည် သူမ၏ အကြံအစည်ကို သိလိုက်သည်။ သူမသည် ဤနေရာမှာ ဆက်နေချင်နေပြီး ဘီမင်က ဆင်ခြေတစ်ခု ပေးလိမ့်မည်ကို သူ သိသည်။
လုံချန်းသည် ဘီမင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ။ မင်း သူ့ကို အိမ်ပြန်မယ့် လမ်းကြောင်းကို မပြောပြလိုက်ဘူးလား" သူ မေးလိုက်သည်။
"လမ်းကြောင်းတော့ ပြောပြလိုက်ပါတယ်၊ ဒါပေမဲ့ သူ့အတွက် အိမ်ပြန်ဖို့က မဖြစ်နိုင်တော့လို့ပါ။ ဒီမိန်းကလေး နေခဲ့တဲ့ ကျွန်းက အခုဆိုရင် လူသူကင်းမဲ့ပြီး ပျက်စီးနေပါပြီ။ ပင်လယ်ဓားပြဘုရင်က အဲဒီက လူအားလုံးကို သတ်ပစ်ခဲ့တာလေ။ သူ အိမ်ပြန်သွားလည်း ဘာမှ ထူးမှာမဟုတ်သလို လမ်းမှာ ပင်လယ်သားရဲတွေနဲ့ တွေ့ရင်လည်း အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ကျုပ်တို့ သင်္ဘောကို ပြန်ပို့တဲ့အခါ သူ့ကို အခြားကျွန်းတစ်ကျွန်းမှာ အခြေချနိုင်အောင် ကူညီပေးမယ်လို့ အကြံပေးထားတာပါ။ အဲဒါက သူမအတွက် ပိုပြီး ဘေးကင်းပါလိမ့်မယ်" ဘီမင်က ရွှီအောက်ရှင်းနှင့် ကြိုတင်တိုင်ပင်ထားသည့်အတိုင်း ပြန်ဖြေလိုက်သည်။
လုံချန်းသည် သူ့ကို ကြည့်ပြီးမှ သက်ပြင်းချလိုက်သည်။
"ဒါက မင်း တကယ် လိုချင်တာလား" လုံချန်းက မိန်းကလေးကို မေးသည်။ "ဒီသင်္ဘောပေါ်မှာ နေရတာကလည်း အန္တရာယ်ရှိနိုင်တာပဲနော်"
မိန်းကလေးက ခေါင်းညိတ်ပြသည်။
"ထားပါတော့... မင်း သဘောအတိုင်းပဲ လုပ်ပါ" လုံချန်းက ပြောကာ သင်္ဘော၏ ရှေ့ဆုံးသို့ လျှောက်သွားလိုက်သည်။
ထိုနေရာတွင် ထိုင်ခုံတစ်ခုံ ရှိနေသည်။ သူသည် ထိုင်ခုံပေါ်တွင် ခြေတစ်ဖက်ချိတ်ကာ ထိုင်လိုက်ပြီး သူတို့၏ ပန်းတိုင်သို့ ရောက်ရှိမည့်အချိန်ကို စောင့်နေလိုက်သည်။
'သူ ထွက်မသွားဘူးနော်' ရွှင်းက ပြောသည်။
'ငါ သိပါတယ်၊ ငါလည်း မြင်တာပဲ။ ထားလိုက်ပါ... သူ ငါ့ကို လာမတိုက်သရွေ့ပေါ့။ သူက ငါ့ရဲ့ စွမ်းရည်တွေကို သံသယရှိနေတာလား၊ ဒါမှမဟုတ် ငါနဲ့ မတိုက်ချင်တာလားတော့ မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ ဝက်ဝံကို မလိုအပ်ဘဲ သွားပြီး မစချင်ဘူး' လုံချန်းက ပြန်ပြောသည်။
သင်္ဘောသည် ရှေ့သို့ ဆက်လက် ရွေ့လျားနေသည်။ လေထုမှာ ပို၍ အေးစိမ့်လာသည်။ လုံချန်းပင်လျှင် ချမ်းသလို ခံစားလာရသည်။
"သင်္ဘောကို ရပ်လိုက်တော့" ဘီမင်က အမိန့်ပေးလိုက်သဖြင့် သင်္ဘောမှာ ချက်ချင်း ရပ်တန့်သွားသည်။
လုံချန်းသည် မျက်မှောင်ကြုတ်ကာ ဘီမင်ကို ကြည့်လိုက်သည်။
"ရောက်ပါပြီ။ ဟိုရှေ့က တစ္ဆေကျွန်းရဲ့ တစ္ဆေအကာအကွယ်ပါပဲ" ဘီမင်က ပြောသည်။
လုံချန်းသည် ထရပ်ကာ ရှေ့သို့ ကြည့်လိုက်သည်။ သူ၏ရှေ့တွင် အစိမ်းပုပ်ရောင် အကာအကွယ်ကြီးတစ်ခုကို မြင်လိုက်ရသည်။
"အဲဒီအကာအကွယ်ကို တစ်ယောက်ယောက်က ထိလိုက်တာနဲ့ တစ္ဆေတွေနဲ့ ဝိညာဉ်တွေရဲ့ စားသောက်တာကို ခံရပါလိမ့်မယ်။ အကာအကွယ်မှာ လမ်းပွင့်မလာသရွေ့တော့ ကျုပ်တို့ ရှေ့ဆက်သွားလို့ မရဘူး" ဘီမင်က လုံချန်းကို တစ်ခုခုလုပ်ရန် ပြောနေသကဲ့သို့ ကြည့်ရင်း ဆိုသည်။
"ကောင်းပြီ။ ဒီလောက်ဆို ရပါပြီ။ မင်းတို့တွေ အခု ပြန်လို့ရပြီ။ ငါ တစ်ယောက်တည်းပဲ ရှေ့ဆက်သွားတော့မယ်" လုံချန်းက ဘီမင်ကို ပြောလိုက်သည်။
"ဘာ... ဘာ။ ရတနာတွေနဲ့ ဆုလာဘ်တွေကရော" ဘီမင်က အံ့အားသင့်စွာ မေးသည်။ "ခင်ဗျား ကျုပ်ကို အဲဒါတွေ ပေးမယ်လို့ ကတိပေးထားတယ်လေ။ ပြီးတော့ အသက်ပေးဆေးလုံးလည်း ပါသေးတယ်"
"မင်းက ပင်လယ်ဓားပြဘုရင် အသစ် ဖြစ်လာပြီး သူ့ရဲ့ သင်္ဘောကြီးကိုလည်း ရခဲ့ပြီပဲ..."
အခန်း (၅၀၈) ထူးဆန်းသော ရွာလေး
"အဲဒါက သူ့ဘာသာသူ တန်ဖိုးရှိတဲ့ ဆုလာဘ်တစ်ခုလို့ ငါထင်ပေမဲ့ မင်းအတွက် ရတနာတွေပေးဖို့ လူလွှတ်လိုက်ပါ့မယ်။ အသက်ပေးဆေးလုံးကိုလည်း ငါ့ဆီမှာ အခုလောလောဆယ် မရှိသေးလို့ နောက်မှ ပို့ပေးမယ်။ အခုတော့ ပြန်တော့၊ အဲဒါတွေကို ငါ သေချာပေါက် ပို့ပေးမှာပါ" လုံချန်းက ပြောလိုက်သည်။ "ပြီးတော့ ဒီမိန်းကလေးကိုလည်း ဘေးကင်းတဲ့နေရာတစ်ခုဆီ ခေါ်သွားပေးလိုက်ဦး"
ရွှီအောက်ရှင်းသည် လုံချန်းကို အလွန်စိတ်ဝင်စားစွာ ကြည့်နေသော်လည်း ဘာမှမပြောပေ။
လုံချန်းသည် သူ၏ ဝိညာဉ်ဓားကို ထုတ်ယူကာ ၎င်းပေါ်တွင် ရပ်လျက် သင်္ဘောပေါ်မှ ထွက်ခွာခဲ့သည်။ သူသည် အစိမ်းရောင် အကာအကွယ်ကြီးဆီသို့ ပျံသန်းသွားသည်။
လုံချန်းသည် မည်သည့် ကြိုတင်ကာကွယ်မှုမျှ မပြုလုပ်ဘဲ တစ္ဆေအကာအကွယ်ကို တည့်တည့်ဖြတ်ကျော်သွားသည်။ တစ္ဆေများက သူ့ကို ရန်မူမည့်အစား သူ့ကို ကြောက်လန့်နေကြသယောင် ရှိသည်။
မည်သူမျှ သူ့ကို မတားဆီးသလို အန္တရာယ်လည်း မပေးခဲ့ဘဲ သူသည် အကာအကွယ်ကို အလွယ်တကူ ဖြတ်ကျော်သွားနိုင်ခဲ့သည်။
"တစ္ဆေတွေက သူ့ကို ထိဖို့တောင် ကြောက်နေကြတာလား။ သူ့ကို ထိမိတဲ့ ကောင်တွေဆိုရင် လောင်ကျွမ်းသွားတာပဲ။ သူက ဘာလို့ ငါ့ကို သူ့အကြောင်း သတိရစေတာလဲ။ သူလည်း အလားတူ အထူးခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားတာလား၊ ဒါမှမဟုတ် သူနဲ့ ပတ်သက်နေတာလား" လုံချန်း၏ ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ကာ ရွှီအောက်ရှင်းက ရေရွတ်လိုက်သည်။
"ဒီတစ္ဆေအကာအကွယ်က ငါလိုလူမျိုးအတွက်တော့ အသုံးမဝင်ဆုံးအရာပဲ။ နေရာတိုင်းမှာသာ ဒီလိုအကာအကွယ်မျိုးတွေ ရှိရင် ငါ လိုအပ်တဲ့အချိန်မှာ အလွယ်တကူ ဝင်နိုင်တာပေါ့" လုံချန်းက ရှေ့သို့ ပျံသန်းရင်း ရေရွတ်လိုက်သည်။
သူသည် သူ၏ ဝိညာဉ်အာရုံကို အမြဲတမ်း ဖွင့်ထားပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်ကာ ရှေ့သို့ တည့်တည့် ပျံသန်းနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဆိတ်ငြိမ်နေသည်။
သူ၏ ဝိညာဉ်အာရုံ ရောက်သမျှ နေရာတိုင်းတွင် ကင်းစောင့်တစ်ယောက်မျှ မရှိပေ။ ဤနေရာတစ်ခုလုံးမှာ လူသူကင်းမဲ့နေသယောင် ရှိသည်။ လူသားတစ်ယောက် မဆိုထားနှင့် သားရဲတစ်ကောင်ကိုပင် မတွေ့ရသေးပေ။
တစ္ဆေကျောင်းတော်သည် သူတို့၏ တစ္ဆေအကာအကွယ်ကို အလွန်အမင်း ယုံကြည်ထားကြသဖြင့် တစ်စုံတစ်ယောက်က ဤအကာအကွယ်အား အသက်ရှင်လျက် ဖြတ်ကျော်နိုင်လိမ့်မည်ဟု ဘယ်သောအခါမှ မတွေးထားကြပေ။ ထို့ကြောင့်ပင် အကာအကွယ်ပတ်ပတ်လည်တွင် လုံခြုံရေးကို လျှော့ပေါ့ထားခြင်း ဖြစ်သည်။ သူတို့၏ အယူအဆအရ သူတို့ကိုယ်တိုင်မှလွဲ၍ မည်သူမျှ မဖြတ်ကျော်နိုင်ဟု ယူဆထားကြသည်။
တစ္ဆေကျောင်းတော် တပည့်များနှင့် အကြီးအကဲ အများစုမှာ အကာအကွယ်ကို ဖြတ်ကျော်ရန် အထူးနည်းလမ်းတစ်ခုကို အသုံးပြုကြပြီး ထိုနည်းလမ်းမရှိဘဲ ဖြတ်ကျော်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတစ်ဦး လာရောက်ဖြတ်ကျော်ရန် ကြိုးစားလျှင်ပင် မဖြစ်နိုင်ပေ။ ထို့ကြောင့်ပင် တစ္ဆေကျောင်းတော်က လုံခြုံရေးကိစ္စတွင် ပေါ့ပေါ့ပါးပါး နေနိုင်ခြင်း ဖြစ်သည်။ သူတို့သည် တစ္ဆေကျောင်းတော် ပတ်ပတ်လည်ကိုသာ စောင့်ကြပ်ကြပြီး တစ္ဆေကျွန်းတစ်ကျွန်းလုံးကိုတော့ စောင့်ကြပ်ခြင်း မရှိပေ။
"အကြီးအကဲလေး သူ့နောက်ကို လိုက်မလို့လား" ဘီမင်က အကာအကွယ်ကို စိုက်ကြည့်နေသော ရွှီအောက်ရှင်းကို မေးလိုက်သည်။ သူမသည် လုံချန်းအပေါ် စိတ်ဝင်စားနေသည်ကို သူ ခံစားမိသည်။
"ငါ သွားမယ်။ တကယ်လို့ သူက သူနဲ့ ပတ်သက်နေတယ်ဆိုရင် ဒါကို ငါ လွဲချော်လို့ မဖြစ်ဘူး။ ဒါက ဘယ်အရာထက်မဆို ပိုအရေးကြီးတယ်" သူမက လက်သီးကို တင်းတင်းဆုပ်ရင်း ရေရွတ်လိုက်သည်။ အလားတူ စွမ်းရည်မျိုး ရှိခဲ့သည့် တစ်စုံတစ်ယောက်ကို သူမ သတိရသွားခြင်း ဖြစ်သည်။
ဝိညာဉ်များမှာ ထိုသူကို မထိနိုင်သလို အနားကိုပင် မကပ်နိုင်ကြပေ။ လုံချန်း၏ ဤစွမ်းရည်ကို မြင်လိုက်ရသောအခါ ရွှီအောက်ရှင်းမှာ အံ့သြတုန်လှုပ်သွားရသည်။ သူမသည် လုံချန်းအပေါ် ပို၍ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။
"ဒီကောင်လေးသာ သူနဲ့ ပတ်သက်နေမယ်ဆိုရင် မကြာခင်မှာ ကမ္ဘာကြီးက ပြောင်းလဲတော့မှာပဲ။ သဘာဝတရားရဲ့ နိယာမတွေ တစ်ကျော့ပြန် ပျက်စီးဦးမယ်။ ငါ အထင်မှားတာပဲ ဖြစ်ပါစေ၊ သူက အထူးခန္ဓာကိုယ် ပိုင်ရှင်တစ်ယောက်ပဲ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်" သူမက ပြောကာ ရှေ့သို့ လှမ်းလိုက်သည်။ "နင်တို့တွေ ပြန်ကြတော့။ ဒီမှာ ဆက်မနေနဲ့"
သူမသည် သင်္ဘောပေါ်မှ ခုန်ဆင်းကာ အကာအကွယ်ဆီသို့ ပျံသန်းသွားသည်။ မကြာမီ သူမသည် အကာအကွယ်အနားသို့ ရောက်ရှိသွားသည်။
သူမသည် အကာအကွယ်ရှေ့တွင် ခဏရပ်ကာ သိုလှောင်လက်စွပ်ထဲမှ စက္ကူတစ်ရွက်ကို ထုတ်လိုက်သည်။ ၎င်းမှာ သွေးဖြင့် ရေးဆွဲထားသည့် ထူးဆန်းသော ပုံရိပ်များပါရှိသည့် ရွှေရောင်စက္ကူတစ်ရွက် ဖြစ်သည်။ ရွှီအောက်ရှင်းသည် ထိုစက္ကူကို ချေမွလိုက်သည်။
စက္ကူမှာ ချေမွခံရသည်နှင့် အရောင်ပြောင်းသွားသည်။ စက္ကူမှာ အနက်ရောင် ဖြစ်သွားပြီး သွေးရောင်ပုံရိပ်မှာလည်း အနက်ရောင်သို့ ပြောင်းလဲသွားသည်။ တောက်ပသော ရွှေရောင်အကာအကွယ်တစ်ခုက ရွှီအောက်ရှင်းကို ဝန်းရံသွားတော့သည်။
ထိုရွှေရောင်အကာအကွယ်က သူမကို အပြည့်အဝ ဝန်းရံသွားသည်နှင့် သူမသည် တစ္ဆေအကာအကွယ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ သူမသည် ထိုအကာအကွယ်၏ အကူအညီဖြင့်သာ ဝင်နိုင်ခဲ့ခြင်းဖြစ်ပြီး အဖိုးအခအနေဖြင့် သူမ၏ ရွှေရောင်အကာအကွယ်မှာ လုံးဝ ပျက်စီးသွားခဲ့သည်။
"ဒီအကာအကွယ်က အခုထိ သန်မာနေတုန်းပဲလား" သူမက လက်ထဲမှ စက္ကူကို ကြည့်ကာ ရေရွတ်လိုက်သည်။ သူမသည် ချေမွထားသော စက္ကူကို ရေထဲသို့ ပစ်ချလိုက်ပြီး ရှေ့သို့ ဆက်လက် ပျံသန်းခဲ့သည်။
အကယ်၍ လုံချန်းသာ ဤနေရာတွင် ရှိနေခဲ့လျှင် သူမကို မြင်ပြီး အံ့သြသွားပေလိမ့်မည်။ အကြောင်းမှာ သူမသည် မည်သည့် ကိရိယာ သို့မဟုတ် သားရဲ၏ အကူအညီမျှ မပါဘဲ ကိုယ်တိုင် ပျံသန်းနေခြင်းကြောင့် ဖြစ်သည်။ ၎င်းက သူမသည် အနည်းဆုံး ကောင်းကင်ဘုံ အဆင့် ၁ ကျင့်ကြံသူဖြစ်ကြောင်း သက်သေပြနေသည်။
လုံချန်းသည် သူမက ပင်လယ်ဓားပြဘုရင်ထက် သန်မာမှန်း သိသော်လည်း သူမကိုယ်တိုင် ပျံသန်းနိုင်သည်ကို မျက်မြင်တွေ့ရပါက ပို၍ အံ့သြသွားပေလိမ့်မည်။ ရွှီအောက်ရှင်းဟု ခေါ်သော ထိုမိန်းကလေးမှာ အနည်းဆုံး ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်။
လုံချန်းသည် ဓားပေါ်တွင် ရပ်ကာ တစ်ရက်ခန့် ထပ်မံ ပျံသန်းပြီးနောက် ရှေ့တွင် ကုန်းမြေကို စတင်မြင်တွေ့လိုက်ရသည်။
ယခုမှာ ညနေစောင်းဖြစ်သဖြင့် အလင်းရောင်မှာ နည်းပါးလှသော်လည်း ကျွန်းကိုမူ သူ မြင်နိုင်သေးသည်။ လုံချန်းသည် ဆက်လက် ပျံသန်းကာ ကျွန်းပေါ်သို့ ဆင်းသက်လိုက်သည်။
"ဒီကျွန်းက ကြည့်ရတာ သာမန်ပါပဲ၊ ဒါပေမဲ့ ဒီမှာရှိတဲ့ ချီစွမ်းအင်က အရမ်းကို သိပ်သည်းလွန်းတယ်။ အံ့သြစရာပဲ။ ဒီမှာ ကျင့်ကြံရတာက ရွှေနိုင်ငံမှာ ကျင့်ကြံတာထက် အဆပေါင်းများစွာ ပိုထိရောက်နိုင်တယ်" လုံချန်းက သူ၏ခန္ဓာကိုယ်ထဲသို့ ချီစွမ်းအင်များ စိမ့်ဝင်လာသည်ကို ခံစားရင်း ရေရွတ်လိုက်သည်။
သူသည် ကျွန်းပေါ်တွင် လူများ ရှိ မရှိ သိနိုင်ရန် သူ၏ ဝိညာဉ်အာရုံကို ထပ်မံ ဖြန့်ကျက်လိုက်သော်လည်း သူ၏ အာရုံရောက်သမျှ နေရာတွင် သားရဲများကိုသာ တွေ့ရသည်။
"ကျွန်းရဲ့ အစွန်းနားမှာတင် ကောင်းကင်အဆင့် သားရဲတွေ ရှိနေတာပဲ။ ဒီလောက် ချီစွမ်းအင် သိပ်သည်းတဲ့နေရာမှာတော့ ဒါက မျှော်လင့်ထားသင့်တဲ့အရာပါပဲ" လုံချန်းက ရေရွတ်ကာ ဝိညာဉ်ဓားပေါ်တွင် ရပ်လျက် ရှေ့သို့ ဆက်လက် ပျံသန်းခဲ့သည်။
သူသည် မလိုအပ်ဘဲ တိုက်ခိုက်နေရမည်ကို စိုးရိမ်သဖြင့် သားရဲများနှင့် မတွေ့အောင် ရှောင်ကွင်း ပျံသန်းနေသည်။ ထို့ကြောင့်ပင် လမ်းကြောင်းမှာ ပို၍ ဝေးသွားရသည်။
နာရီဝက်ခန့် ပျံသန်းပြီးနောက် လုံချန်းသည် ရွာတစ်ရွာကို တွေ့ရှိခဲ့သည်။ ထိုရွာမှာ သာမန်ရွာတစ်ရွာနှင့် တူသော်လည်း လုံချန်းအတွက်တော့ ထူးဆန်းနေသည်။
ထူးခြားသည်မှာ ထိုရွာတွင် အမျိုးသားတစ်ဦးမျှ မရှိခြင်းပင်။
ရွာတွင် တဲအိမ် အလုံး ၂၀ ခန့်သာ ရှိသော်လည်း ထိုအိမ်များတွင် နေထိုင်သူ အားလုံးမှာ အမျိုးသမီးများသာ ဖြစ်ကြသည်။
သူသည် ဝိညာဉ်အာရုံဖြင့် အမျိုးသမီးအားလုံးကို လေ့လာလိုက်ရာ ရွာတွင် အသန်မာဆုံး အမျိုးသမီးကို တွေ့ရှိခဲ့သည်။ သူမသည် အံ့သြစရာကောင်းလောက်အောင် ကောင်းကင်အဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်နေပြီး အသက် ၃၀ ခန့်ရှိမည့် ပုံပေါ်သည်။
"ကောင်းကင်အဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်လား... ဟူး... ဒီနေရာရဲ့ အစွန်းပိုင်းမှာတင် ဒီလောက်သန်မာတဲ့လူတွေ ရှိနေရင် တစ္ဆေကျောင်းတော်ထဲမှာ ဆိုရင် ဘယ်လောက်တောင် ရှိမလဲ" သူ ရေရွတ်လိုက်သည်။
ထိုအမျိုးသမီးသည် သားရဲအရေခွံဖြင့် ပြုလုပ်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ ယခုမှာ ညနေစောင်းဖြစ်သဖြင့် ရွာ၏ အလယ်ဗဟိုတွင် စုဝေးပွဲတစ်ပွဲ ကျင်းပနေကြသည်။ အလယ်တွင် မီးပုံကြီးတစ်ပုံ ရှိနေပြီး အမျိုးသမီးများသည် ထိုနေ့က အမဲလိုက်ရရှိခဲ့သော သားရဲ၏ အသားကို ချက်ပြုတ်နေကြသည်။
'နင် သူတို့နဲ့ သွားပူးပေါင်းချင်လို့လား' လုံချန်းက အမျိုးသမီးများကို ကြည့်နေသည်ကို မြင်သောအခါ ရွှင်းက မေးလိုက်သည်။
'ဒီအမျိုးသမီးတွေထဲက တစ်ယောက်ယောက်နဲ့ စကားပြောကြည့်ပြီး ဒီကျွန်းရဲ့ အတွင်းရေး သတင်းအချက်အလက်တွေ ရမလားလို့ ငါ တွေးနေတာပါ' လုံချန်းက စဉ်းစားရင်း ပြန်ဖြေသည်။
"ဒါဆို နင့်ကို ဘာက တားနေတာလဲ" ရွှင်းက မေးသည်။
"ဒီမှာ အမျိုးသားတစ်ယောက်မှ မရှိတာက ငါ့အတွက် ထူးဆန်းနေလို့ပါ။ တစ်ခုခုတော့ ရှိနေမှာ သေချာတယ်။ ငါက မလိုအပ်ဘဲ အာရုံစိုက်ခံရတာမျိုး မဖြစ်ချင်ဘူး။ ငါ တစ္ဆေကျောင်းတော်အကြောင်းကို ဘာမှ သေသေချာချာ မသိသေးဘူး။ ဒီမိန်းကလေးတွေထဲက တစ်ယောက်ယောက်က တစ္ဆေကျောင်းတော် တပည့် ဖြစ်နေနိုင်တယ်။ ငါနဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံ တူတဲ့ အမျိုးသားတစ်ယောက်ကို ရှာတာက ပိုကောင်းလိမ့်မယ်။ တကယ်လို့ အဆင်မပြေရင်တောင် သူ့ကိုသတ်ပြီး သူ့အသွင် ဟန်ဆောင်လို့ ရတာပေါ့" လုံချန်းက ခေါင်းခါရင်း ပြောလိုက်သည်။
"မိန်းကလေးတွေကိုလည်း နင် သတ်လို့ရတာပဲ" ရွှင်းက သတိပေးလိုက်သည်။
"အေးလေ... ဒါပေမဲ့ ငါက မိန်းကလေးအသွင် ဟန်ဆောင်လို့ မရဘူးလေ။ လှည့်စားခြင်း မျက်နှာဖုံး က ငါ့ရဲ့ ခန္ဓာကိုယ် အရွယ်အစားနဲ့ ပုံစံကိုတော့ ပြောင်းလဲပေးနိုင်တာ မဟုတ်ဘူး"