အခန်း (၅၁၅-၅၁၆)
Vol. 52 Ch. 515-516
အခန်း (၅၁၅) လူမိသွားပြီလား
အနက်ရောင် ဝိညာဉ် ပျံလွှားသည် တောင်ဘက်အရပ်သို့ ပျံသန်းသွားပြီးနောက် ထိုအထပ်၏ တောင်ဘက်စွန်းတွင် ဆင်းသက်လိုက်သည်။
ထိုနေရာမှာ လုံချန်း ညက လိုက်လံစူးစမ်းစဉ် တွေ့ရှိခဲ့သည့် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါများ ရှိရာ နေရာတစ်ခု ဖြစ်သည်။ ထိုဝင်္ကပါများ၏ အခြားတစ်ဖက်တွင် မည်သည့်နေရာရှိသည်ကို သူ မသိသဖြင့် ညက ဘယ်ထဲကိုမှ မဝင်ခဲ့ဘဲ တစ်ထပ်လုံး ပတ်ကြည့်ပြီးနောက် ပြန်လာခဲ့ခြင်း ဖြစ်သည်။
သားရဲကြီး မြေပြင်ပေါ် ဆင်းသက်ပြီးနောက် မူယွမ်သည် လုံချန်း၏ လက်ကိုကိုင်ကာ အောက်သို့ ဆင်းလိုက်သည်။ သူမသည် အနက်ရောင် ဝိညာဉ် ပျံလွှားကို သားရဲအိတ်ထဲသို့ ပြန်သိမ်းလိုက်သည်။
သူမသည် လုံချန်းကို ခေါ်ဆောင်ကာ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ရှိရာ သလင်းအဆောင်ထဲသို့ ဝင်လိုက်သည်။ မူယွမ်နှင့် လုံချန်းတို့ ဝင်္ကပါပေါ်တွင် ရပ်လိုက်သည်နှင့် ၎င်းမှာ စတင် တောက်ပလာတော့သည်။
စက္ကန့်အနည်းငယ်ခန့် လင်းထိန်သွားပြီးနောက် လုံချန်းသည် သူ၏ ပတ်ဝန်းကျင် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ ယခု သူသည် အခြားအထပ်တစ်ထက်မှ အလားတူ သလင်းအဆောင် တစ်ဆောင်ထဲတွင် ရောက်ရှိနေပြီ ဖြစ်သည်။ သလင်းအဆောင် အပြင်ဘက်တွင် ကင်းစောင့်နှစ်ဦး ရပ်နေသည်ကိုလည်း သူ မြင်လိုက်ရသည်။ ၎င်းမှာ ယခင်အထပ်၌ ကင်းစောင့်များ မရှိခြင်းမှာ အကြီးအကဲများ နေထိုင်ရာ အထပ်ဖြစ်၍ဖြစ်သည်ဟူသော သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သက်သေပြနေသည်။
မူယန်သည် လုံချန်းနှင့်အတူ သလင်းအဆောင်ထဲမှ ထွက်လာခဲ့သည်။
"နှုတ်ဆက်ပါတယ် အကြီးအကဲမူ"
သူမ ထွက်လာသည်နှင့် ကင်းစောင့်များက ခါးညွတ် ဂါရဝပြုကြသည်။ မူယွမ်က ခေါင်းညိတ်ပြရုံသာ လုပ်ပြီး ဘာမှ ပြန်မပြောပေ။ သူမသည် သားရဲအိတ်ထဲမှ အနက်ရောင် ဝိညာဉ် ပျံလွှားကို ထပ်မံ ထုတ်ယူကာ လုံချန်းနှင့်အတူ အပေါ်သို့ တက်စီးလိုက်ပြန်သည်။
သားရဲကြီး ပျံသန်းနေစဉ် လုံချန်းသည် မြေပြင်ကို ငုံ့ကြည့်လိုက်သည်။ မြေပြင်ပေါ်တွင် လူများစွာနှင့် အဆောက်အအုံအသစ်များစွာကို သူ မြင်တွေ့နေရသည်။ ဤအထပ်တစ်ခုလုံးမှာ ယခင်အထပ်နှင့် လုံးဝ ကွဲပြားခြားနားသည်။
အကြီးအကဲများ နေထိုင်ရာ အထပ်က တိတ်ဆိတ်ငြိမ်သက်ပြီး အထီးကျန်ဆန်သော ခံစားချက်ကို ပေးသော်လည်း ဤအထပ်မှာမူ သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
တပည့်များ မြေပြင်ပေါ်တွင် ဟိုဟိုဒီဒီ လျှောက်သွားနေကြသည်ကို သူ မြင်ရသည်။ အချို့သော တပည့်များမှာ အခြားတပည့်များ၏ ဝိုင်းဝန်း ရိုက်နှက်ခြင်းကိုလည်း ခံနေရသည်။ တပည့်တစ်ဦး၏ အလောင်းအား အစေခံနှင့်တူသော လူအချို့က သယ်ဆောင်သွားသည်ကိုလည်း သူ မြင်လိုက်ရသည်။
ဤနေရာသည် မည်မျှ ရက်စက်ကြမ်းကြုတ်သည်ကို သူ သိမြင်လိုက်ရပြီ ဖြစ်သည်။ ဤအထပ်တစ်ထပ်လုံးမှာ ခွန်အားကြီးသူက အစိုးရသော တောရိုင်းကမ္ဘာ တစ်ခုကဲ့သို့ပင်။ ကြီးမားသော ပရမ်းပတာ ဖြစ်ရပ်များ မရှိသော်လည်း အနိုင်ကျင့်မှုများနှင့် အာဏာရှင်ဆန်သော အဆင့်အတန်းခွဲခြားမှုများ ရှိနေသည်။ ဤနေရာသည် ဝိညာဉ်နက်ဂိုဏ်းနှင့် မတူဘဲ သူ စိတ်ကူးယဉ်ခဲ့ဖူးသည့် စစ်မှန်သော မိစ္ဆာဂိုဏ်း တစ်ဂိုဏ်း၏ ပုံစံမျိုး ပေါက်နေသည်။
ဝိညာဉ်နက်ဂိုဏ်းမှာ မကောင်းသော အချက်အချို့ ရှိသော်လည်း သူတို့တွင် တပည့်များအတွက် ရှင်းလင်းသော စည်းကမ်းချက်များ ရှိသည်။ မိစ္ဆာတပည့်မှလွဲ၍ မည်သူမျှ တစ်ဦးကိုတစ်ဦး သတ်ဖြတ်ခွင့် မရှိပေ။ အပြင်လူများအတွက်တော့ ဝိညာဉ်နက်ဂိုဏ်းက မိစ္ဆာဂိုဏ်းဟု ထင်ရသော်လည်း အတွင်းပိုင်းတွင်မူ သာမန်ဂိုဏ်းများနှင့် သိပ်မကွာခြားကြောင်း လုံချန်း တွေ့ခဲ့ရသည်။
သို့သော် ဤနေရာမှာမူ တကယ့်ကို ပရမ်းပတာ ဖြစ်နေသည်။ နေရာအနှံ့တွင် တိုက်ခိုက်မှုများ ရှိနေပြီး လူများ သေဆုံးနေကြသော်လည်း မည်သူမျှ ဂရုမစိုက်ကြပေ။ အကြီးအကဲဟု ထင်ရသော လူအချို့မှာလည်း ဘေးနားတွင် ဖြစ်ပျက်နေသည်များကို လျစ်လျူရှုကာ လျှောက်သွားနေကြသည်။ ဤနေရာတွင် စည်းကမ်းဥပဒေ သိပ်မရှိကြောင်း လုံချန်း ခံစားမိလိုက်သည်။
ထို့ပြင် ထူးခြားဆန်းပြားသော အဆောက်အအုံများကိုလည်း သူ တွေ့ရသည်။ ယခင်အထပ်တွင် ခမ်းနားသော်လည်း ပျင်းစရာကောင်းသော အကြီးအကဲများ၏ ခြံဝင်းများသာ ရှိသော်လည်း၊ ဤနေရာတွင်မူ အရာအားလုံး စုံလင်လှသည်။ ကြီးမားသော ဥယျာဉ်များ၊ ရေကန်များ၊ သွေးများဖြင့် ပြည့်နေဟန်ရှိသော ကန်ငယ်များ၊ ပြိုင်ဘက်များနှင့် လေ့ကျင့်နေကြသည့် လေ့ကျင့်ရေးကွင်းများကို သူ မြင်တွေ့ရသည်။ အကြီးအကဲတစ်ဦးက တပည့်အုပ်စုကြီးကို တစ်ခုခု သင်ကြားပေးနေသည့် နေရာများကိုလည်း သူ မြင်ခဲ့ရသည်။
အနက်ရောင် ဝိညာဉ် ပျံလွှားက ထိုနေရာများတွင် မရပ်သဖြင့် ၎င်းတို့မှာ အခြားသော သင်တန်းများသာ ဖြစ်မည်ကို သူ နားလည်လိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက် သားရဲကြီးမှာ အောက်သို့ စတင် ဆင်းသက်လာခဲ့သည်။ လုံချန်း သတိပြုမိသည်မှာ ထိုနေရာသည်လည်း အလားတူ စုဝေးရာနေရာ ဖြစ်သော်လည်း တပည့်အရေအတွက်မှာ နည်းပါးနေခြင်းပင်။
ထိုလေ့ကျင့်ရေးကွင်းတွင် တပည့် ၅၀ ခန့်သာ ရှိသည်။ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် တပည့်များရှေ့တွင် မျက်လုံးမှိတ်၍ ထိုင်နေသည်။ သင်တန်း မစရသေးသည်လား သို့မဟုတ် ဒါက တရားထိုင်သည့် သင်တန်းလားဟု လုံချန်း တွေးနေမိသည်။
သားရဲကြီးမှာ လေ့ကျင့်ရေးကွင်းရှေ့ရှိ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ မူယွမ်သည် လုံချန်းနှင့်အတူ အောက်သို့ဆင်းကာ သားရဲကို ပြန်သိမ်းလိုက်သည်။ သူမသည် လုံချန်း၏ လက်ကိုကိုင်ကာ တိုက်ကွင်းထဲသို့ လျှောက်သွားသည်။
တိုက်ကွင်းမှာ ကျောက်ခင်းထားသော မြေပြင်ကျယ်ကြီး ဖြစ်သည်။ ၎င်းမှာ အချင်း မီတာ ၅၀၀ ခန့်ရှိသော ကြီးမားသည့် ဝင်္ကပါပုံစံ ဖြစ်သည်။ လေ့ကျင့်ရေးကွင်း၏ အလယ်ဗဟို အတိအကျတွင် လှပသော ခြံဝင်းတစ်ဝင်း ရှိသည်။
ထိုခြံဝင်းရှေ့တွင် တပည့် ၅၀ ခန့်ကို မျက်နှာမူလျက် အမျိုးသမီးတစ်ဦး ထိုင်နေသည်။ သူမမှာ အသက် ၄၀ ကျော်ခန့် ရှိပြီး ရှည်လျားသော ဆံပင်နက်များနှင့် လှပသော အညိုရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။ သူမသည် အသားအရေကို ဖုံးကွယ်ထားသော လှပသည့် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမမှာလည်း မူယွမ်ကဲ့သို့ပင် တစ္ဆေကျောင်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်သည်။
လေ့ကျင့်ရေးကွင်းကို ၁၂ ပေခန့် မြင့်သော တံတိုင်းဖြင့် ဝိုင်းပတ်ထားပြီး အရှေ့ဘက်တွင်သာ အဝင်ဝတစ်ပေါက် ရှိသည်။ မူယွမ်သည် လေ့ကျင့်ရေးကွင်းတံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်လိုက်သည်။
မူယွမ် ခြေလှမ်းစလိုက်သည်နှင့် ဆံပင်နက်နှင့် အမျိုးသမီးသည် မျက်လုံးများကို ဖွင့်လိုက်သည်။ သူမသည် အဝင်ဝဘက်သို့ ကြည့်လိုက်ပြီး မူယွမ် လျှောက်လာသည်ကို မည်သည့် အမူအရာမျှ မပြဘဲ စောင့်ကြည့်နေသည်။ မူယွမ်သည် သူမဆီသို့ ဆက်လက် လျှောက်လှမ်းသွားပြီးနောက် ရှေ့ဘက်သို့ အာရုံစိုက်နေသဖြင့် သူမ နောက်မှလာသည်ကို သတိမထားမိသော တပည့်များအား ကျော်ဖြတ်သွားသည်။
"နှုတ်ဆက်ပါတယ် အကြီးအကဲမူ" တပည့်များက သူမကို မြင်သည်နှင့် ဂါရဝပြုကြသည်။
ဘေးချင်းကပ်လျက် ထိုင်နေသော တပည့်သုံးဦးမှလွဲ၍ လူတိုင်းက မူယွမ်ကို နှုတ်ဆက်ကြသည်။ ထိုသုံးဦးမှာ မိန်းကလေးများဖြစ်ပြီး သူတို့မှာ မူလင်းအစစ်ကို သတ်ခဲ့သူများပင် ဖြစ်သည်။ သူတို့သည် မူလင်းအဖြစ် ဟန်ဆောင်ထားသော လုံချန်းအား သူတို့ရှေ့တွင် မြင်လိုက်ရသောအခါ မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်သွားကြသည်။
'သူ... သူ ဘယ်လိုလုပ် အသက်ရှင်နေရတာလဲ'
ယခုအခါ သူတို့ အားလုံး စိုးရိမ်ထိတ်လန့်ကုန်ကြပြီ။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲမူမှာ သဘောကောင်းသူ မဟုတ်ကြောင်း လူတိုင်း သိထားကြသောကြောင့် ဖြစ်သည်။ အကယ်၍ သူမသာ သူမ၏ သားကို သူတို့ သတ်ရန် ကြိုးစားခဲ့မှန်း သိသွားပါက သူတို့အား အပြစ်ပေးရန်အတွက် ကမ္ဘာအဆုံးအထိ လိုက်လံ နှိပ်စက်ပေလိမ့်မည်။
အကြီးအကဲ မူယွမ်ကို ကြောက်ရွံ့သောကြောင့်သာ မူလင်းကို တစ္ဆေကျောင်းတော် အပြင်ဘက်သို့ ထွက်လာရန် နည်းမျိုးစုံဖြင့် လှည့်ဖြားခဲ့ကြခြင်း ဖြစ်သည်။
သူတို့ မတိုက်ခိုက်မီကပင် မူလင်းသည် သူတို့နှင့်အတူ အပြင်ထွက်မည့်အကြောင်း မည်သူ့ကိုမျှ မပြောခဲ့ကြောင်းအား သူတို့ သေချာအောင် လုပ်ခဲ့ကြသည်။ အစီအစဉ်အတိုင်း အားလုံး အဆင်ပြေပြီဟု သေချာမှသာ မူလင်းအား တိုက်ခိုက်ပြီး အလောင်းကို ရေကန်ထဲ ပစ်ချခဲ့ကြခြင်း ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သည့် မိန်းကလေးမှာမူ မူလင်းအား မည်သူမျှ ရှာမတွေ့စေရန်အတွက် သူမ၏ အဖိုးတန်ဆုံးသော မှော်စာရွက်ကိုပင် အသုံးပြုခဲ့သေးသည်။
သူတို့သည် မူလင်းကို နောက်တစ်ကြိမ် ပြန်မြင်ရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားပေ။ ယခု မြင်တွေ့နေရသည်မှာ တစ်စုံတစ်ယောက်က မတော်တဆ ရှာတွေ့ခဲ့သော အလောင်းလည်း မဟုတ်ပေ။ မူလင်း ကိုယ်တိုင် သူတို့ရှေ့တွင် လမ်းလျှောက်လာနေခြင်း ဖြစ်သည်။ သူ တကယ်ပင် အသက်ရှင်နေသည်။ နောက်ထပ် ဘာတွေ ဖြစ်လာမလဲဆိုသည်ကို တွေးတောရင်း သူတို့ အလွန်အမင်း ထိတ်လန့်နေကြသည်။
အကြီးအကဲ မူယန်သည် သူတို့လုပ်ရပ်အတွက် အပြစ်ပေးရန် ဤနေရာသို့ လာခဲ့ခြင်းဖြစ်မည်ဟု သူတို့ ယူဆလိုက်ကြသည်။
"မူယွမ်... နင် ဒီနေ့ ဘာလို့ သူ့ကို ခေါ်လာတာလဲ။ သင်တန်းတွေမှာပါ သူ့ကို ကလေးထိန်းသလို လိုက်ထိန်းပေးနေတော့မလို့လား" ဆံပင်နက်နှင့် အမျိုးသမီးက မူယွမ်၏ မျက်လုံးများကို စိုက်ကြည့်ကာ မကျေမနပ် လေသံဖြင့် မေးလိုက်သည်။
"အဲဒီလို မပြောပါနဲ့ ရွှမ်ယီရယ်။ ငါ ဒီကို လာတာက အရေးကြီးတဲ့ အခြေအနေတစ်ခုကို ပြောပြဖို့နဲ့ နင်တို့ အားလုံး နားလည်အောင် လုပ်ဖို့ပါ။ ဒါက မူလင်းနဲ့ ပတ်သက်နေသလို မနေ့က သူ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ ဆိုတာနဲ့လည်း ဆိုင်တယ်" မူယွမ်က ခေါင်းခါရင်း ဆိုလိုက်သည်။
သူမ၏ စကားများကို တပည့်များ အားလုံး ကြားလိုက်ရသလို အထူးသဖြင့် မူလင်းကို သတ်ခဲ့သည့် မိန်းကလေး သုံးဦးမှာတော့ ရင်တထိတ်ထိတ် ဖြစ်သွားကြလေတော့သည်။
အခန်း (၅၁၆) အမှန်တရားကို လှည့်ဖျားခြင်းလား
ထိုမိန်းကလေးသုံးဦးမှာ ထွက်ပြေးချင်စိတ် ပေါက်နေသော်လည်း အကြီးအကဲမူ၏ လက်မှ လွတ်အောင် မပြေးနိုင်မှန်း သူတို့ သိကြသည်။ ထွက်ပြေးခြင်းက သူတို့တွင် အပြစ်ရှိကြောင်း သက်သေပြရာ ရောက်ပေလိမ့်မည်။ သူတို့ လုပ်နိုင်သည်မှာ လိမ်ညာထားသည့်အတိုင်း ဆက်လက် ဆုပ်ကိုင်ထားပြီး သူတို့ ဘာမှမမှားကြောင်း ငြင်းဆိုရန်သာ ရှိသည်။ နောင်တစ်ချိန်တွင် မူလင်းက သူတို့ကို စတင် အပြစ်တင်လာပါက သူတို့ကသာ လူမှန်ဖြစ်ကြောင်းနှင့် မူလင်းကသာ လိမ်နေကြောင်း ဟန်ဆောင်ပြီး အသက်ဘေးမှ လွတ်အောင် ကြိုးစားရပေမည်။
"သူက ဘာဖြစ်လို့လဲ။ တစ်နှစ်ကြာပြီးမှ နောက်ဆုံးတော့ သူ့ကို ဒုက္ခပေးနေတဲ့ ကျင့်ကြံခြင်း အဟန့်အတားကို ကျော်ဖြတ်ပြီး အဆင့်တက်သွားပြီလား" ရွှမ်ယီက မူယွမ်ကို မေးလိုက်သည်။ "ဒါပေမဲ့ အဲဒီလို ဖြစ်လာမယ်လို့တော့ ငါ မထင်ပါဘူး"
မူယွမ်သည် လုံချန်းဘက်သို့ လှည့်ကြည့်ကာ သက်ပြင်းချလိုက်သည်။ "မတက်သေးပါဘူး" သူမ ခေါင်းခါရင်း ဆိုသည်။
"ငါ အခုပြောချင်တာက မနေ့က သူကြုံခဲ့ရတဲ့ မတော်တဆမှုနဲ့ အခု သူ့ရဲ့ စိုးရိမ်စရာ အခြေအနေအကြောင်းပါ။ မနေ့က သူ ကျောင်းတော်အပြင် ရောက်နေတုန်း သားရဲတစ်ကောင်ရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတယ်။ သူ ပြန်ရောက်လာတော့ ဒဏ်ရာတွေ အများကြီး ရလာခဲ့တယ်။ အသက်ကိုတော့ ကယ်နိုင်ခဲ့ပေမဲ့ သူ မှတ်ဉာဏ်တွေ အကုန် ပျောက်ဆုံးသွားပြီ။ သူ ဘာကိုမှ မမှတ်မိတော့ဘူး၊ ငါ့ကိုရော သူ့နာမည်ကိုပါ သူ မသိတော့ဘူး" မူယွမ်က ဝမ်းနည်းသော မျက်နှာဖြင့် ရွှမ်ယီကို ပြောပြလိုက်သည်။
"သူ မှတ်ဉာဏ်တွေ ပျောက်သွားတာလား" ထိုမိန်းကလေး သုံးဦးမှာ တိုးတိုးလေး ရေရွတ်လိုက်မိပြီး သူတို့၏ စိတ်ထဲတွင် ဝမ်းသာလုံး ဆို့သွားကြသည်။ သူတို့ အသက်ဘေးမှ လွတ်ပြီဟု သိလိုက်ရသဖြင့် သက်ပြင်းချနိုင်သွားကြသည်။
"သူ ဘာမှ မမှတ်မိတော့ဘူးလား။ ကျင့်ကြံခြင်းနဲ့ ပတ်သက်တာတွေရော" ရွှမ်ယီက စုံစမ်းသည်။
"အခြေခံအချက်လေးတွေကလွဲရင် သူ ဘာမှ မမှတ်မိတော့ဘူး။ ငါ သူ့ကို မေးကြည့်ပြီးပြီ။ သူ တတ်ခဲ့တဲ့ ပညာရပ်တွေကိုလည်း သူ မမှတ်မိတော့ဘူး" မူယွမ်က ပြန်ဖြေသည်။
"ပညာရပ်တွေလည်း မမှတ်မိဘူးလား။ ဒါဆို သူ့ကို ဒီကို ဘာလို့ ခေါ်လာတာလဲ။ ငါကတော့ သူ့ကို အစကနေ ပြန်သင်ပေးမှာ မဟုတ်ဘူးနော်။ ငါ့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်" ရွှမ်ယီက ဆိုသည်။ "သူ့ကို ပြန်ခေါ်သွားလိုက်တော့"
"ငါကလည်း နင့်ကို အစကနေ ပြန်သင်ခိုင်းနေတာ မဟုတ်ပါဘူး။ ငါ အလိုရှိတာက သူ သင်တန်းတွေ ပြန်တက်ပြီး မနေ့က မတိုင်ခင်ကလို ဘဝမျိုးကို ပြန်ဖြတ်သန်းဖို့ပဲ။ ပုံမှန် အခြေအနေလေးတွေ ပြန်ရလာမှ သူ အားလုံးကို ပြန်မှတ်မိနိုင်မှာလို့ အကြီးအကဲကုက ပြောထားတယ်။ နင် ဘာတွေပဲ လုပ်နေပါစေ၊ သူ ဒီသင်တန်းကို တက်ရမယ်၊ ပြီးတော့ သူ့အတွက် ဒီနေ့ကို ပုံမှန်နေ့တစ်နေ့လို ဖြစ်အောင် နင် လုပ်ပေးရမယ်။ ညနေကျရင် ငါ ပြန်လာခဲ့မယ်" မူယွမ်က ရွှမ်ယီကို ပြောလိုက်ပြီးနောက် လုံချန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"သားက အမြဲတမ်း ရှေ့ဆုံးမှာ ထိုင်နေကျလေ။ အဲဒီမှာ သွားထိုင်လိုက်နော် သားလေး။ အကြီးအကဲရွှမ်က မကြာခင် သင်တန်းစတော့မှာ" မူယွမ်က လုံချန်းကို အားလပ်နေသော ထိုင်ခုံတစ်ခုံဆီသို့ ညွှန်ပြကာ ပြောလိုက်သည်။
လုံချန်းသည် ထိုခုံဆီသို့ လျှောက်သွားသည်။ သူ လျှောက်သွားရင်း မူလင်းကို သတ်ခဲ့သည့် မိန်းကလေး သုံးဦးဘက်သို့ မသိမသာ ဝေ့ကြည့်လိုက်သည်။ သူ၏ တစ်ချက်ကြည့်လိုက်ရုံမျှနှင့်ပင် ထိုမိန်းကလေးများ၏ နှလုံးခုန်သံမှာ ခဏတာ ရပ်တန့်သွားမတတ် ထိတ်လန့်သွားကြသည်။
သူ၏ အကြည့်မှာ ခဏတာသာ ဖြစ်ပြီးနောက် အခြားလူများဆီသို့ လွှဲလိုက်ကာ ခုံတွင် ထိုင်လိုက်သည်။ မူယွမ်သည် ခေါင်းညိတ်ပြကာ ရွှမ်ယီကို တစ်ချက် ပြန်ကြည့်လိုက်သည်။
"သူ့အပေါ် ကောင်းကောင်း ဆက်ဆံပေးပါ" ထိုသို့ မှာကြားပြီးနောက် သူမ ထွက်ခွာသွားတော့သည်။
မူယွမ်သည် လေ့ကျင့်ရေးကွင်း အပြင်ဘက်သို့ လျှောက်သွားပြီး သူမ၏ အနက်ရောင် ဝိညာဉ် ပျံလွှား ပေါ်တက်ကာ ပျံသန်း ထွက်ခွာသွားလေသည်။
ရွှမ်ယီသည် လုံချန်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်လုံးများကို ပြန်မှိတ်လိုက်သည်။ သူမသည် တရားပြန်ထိုင်နေသည့်ပုံ ပေါက်နေသည်။
'သင်တန်းက မစသေးဘူးဆိုတာ ငါ သိလိုက်ပြီ၊ ဒါကြောင့် ဒါက တရားထိုင်တဲ့ သင်တန်း မဟုတ်နိုင်ဘူး။ တခြားတပည့်တွေလည်း ဒါမျိုး မလုပ်ကြဘူးလေ။ သူက အချိန်ကို စောင့်နေတာ ထင်တယ်။ အချို့လူတွေက အချိန်တိကျတဲ့ အကျင့်ရှိကြတယ် မဟုတ်လား။ သူကလည်း အဲဒီလိုလူမျိုး ဖြစ်မှာပါ' ရွှမ်ယီကို ကြည့်ကာ လုံချန်း တွေးနေမိသည်။
မီလောင်ဆိုသည့် မိန်းကလေးမှာ မူလင်းကို လည်ပင်းညှစ်ခဲ့သူ ဖြစ်ပြီး သူမနှင့် လုံချန်းကြားတွင် လူသုံးဦးသာ ခြားထားသည်။ သူမ၏ အဆိပ်ပြင်းသော အကြည့်များမှာ လုံချန်း၏ ကျောပြင်ဆီမှ မခွာပေ။ လုံချန်းသည် သူ၏ ဝိညာဉ်အာရုံမှတစ်ဆင့် သူမ သူ့ကို စိုက်ကြည့်နေသည်ကို မြင်နေရသော်လည်း ဂရုမစိုက်ပေ။
"မနေ့က အဲဒီလို ဖြစ်သွားတာတောင် သူ ဘယ်လိုလုပ် အသက်ရှင်နေတာလဲ" မီလောင်၏ သူငယ်ချင်းတစ်ယောက်က သူမ၏ နားထဲတွင် တိုးတိုးလေး ကပ်မေးသည်။
မီလောင်က သူမကို စိုက်ကြည့်လိုက်ပြီး တိတ်တိတ်နေရန် အချက်ပြသည်။
"နင် ပြဿနာ တက်ချင်နေတာလား။ ပါးစပ်ပိတ်ထားစမ်း၊ ဘာမှ ထုတ်မပြောနဲ့။ မနေ့က ဘာမှ မဖြစ်ခဲ့ဘူး" သူမက သူမ၏ နောက်လိုက်ဖြစ်သူ သူငယ်ချင်းကို ပြန်ပြောလိုက်သည်။
နောက်ထပ် ငါးမိနစ်ခန့် ကြာပြီးနောက် ရွှမ်ယီသည် နောက်ဆုံးတွင် မျက်လုံးများကို ဖွင့်လိုက်သည်။ သူမသည် သူမ၏ ချယ်ရီဖူး နှုတ်ခမ်းလွှာများကို ဟလိုက်ပြီး စတင် စကားပြောတော့သည်။
"ကဲ... ဒီနေ့အတွက် စကြရအောင်။ ဒီနေ့မှာတော့ ပြိုင်ဘက်နဲ့ တိုက်ခိုက်ရမှာ ဖြစ်ပြီး အဓိကကတော့ အနီးကပ် တိုက်ခိုက်ရေးကို အာရုံစိုက်သွားမှာလို့ မင်းတို့ကို ပြောထားပြီးသား"
"မင်းတို့ ရန်သူနဲ့ တိုက်ခိုက်တဲ့အခါ အဝေးကနေ တိုက်လို့ မရတော့တဲ့ အခြေအနေတွေ ကြုံလာရတတ်တယ်။ မင်းတို့ရဲ့ ချီစွမ်းအင် ကုန်သွားတာမျိုး၊ ဒါမှမဟုတ် ရန်သူမှာရှိတဲ့ အဝေးပစ် ပညာရပ်တွေလောက် မင်းတို့မှာ မရှိတာမျိုး ဖြစ်နိုင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ရန်သူ့အနားကို တိုးကပ်ပြီး အနီးကပ် တိုက်ခိုက်ရတာမျိုးတွေ ရှိလာမှာပဲ"
"ကျင့်ကြံသူ အများစုက ဒီအချက်ကို လျစ်လျူရှုထားကြတယ်။ အဲဒီလို ပေါ့ဆမှုက သေခြင်းတရားကို ခေါ်ဆောင်လာနိုင်သလို ဘေးဒုက္ခတွေလည်း ကြုံရတတ်တယ်။ အဲဒါကြောင့် ငါက မင်းတို့ကို အနီးကပ် တိုက်ခိုက်ရေးမှာ အာရုံစိုက်ခိုင်းမှာပါ" ရွှမ်ယီက ဆိုသည်။
"ဒါကို နောက်မှ ဆက်ဆွေးနွေးမယ်၊ ဒါပေမဲ့ အရင်ဆုံး မင်းတို့ ဘယ်အဆင့်မှာ ရှိနေလဲဆိုတာ ငါ မြင်ချင်တယ်။ ဒီနေ့ကို တိုက်ပွဲလေးတွေနဲ့ စကြရအောင်။ မင်းတို့အားလုံး တစ်ယောက်ကို တစ်ပွဲစီ တိုက်ခိုက်ရမယ်၊ ဒါက အနီးကပ် တိုက်ပွဲပဲ ဖြစ်ရမယ်။ ပြီးတော့ ဒီတိုက်ပွဲတွေမှာ ဘယ်လက်နက်မှ သုံးခွင့်မရှိဘူး"
"ဒီနေ့ မင်းတို့ ၅၀ ရှိတယ်၊ အားလုံးကို နှစ်ယောက်တစ်တွဲ တွဲပေးမယ်။ ဘယ်လို ပညာရပ်မှလည်း သုံးခွင့်မရှိဘူး။ ဒါက လက်ဗလာနဲ့ တိုက်ခိုက်ရမှာပဲ။ ဒါပဲ"
"ငါ့ဘေးက သေတ္တာကို မြင်လား။ အထဲမှာ စာရွက်အပိုင်းအစ ၅၀ ရှိတယ်၊ တစ်ခုချင်းစီမှာ နံပါတ်တွေ ပါမယ်။ အဲဒီနံပါတ်က မင်းတို့ တိုက်ခိုက်ရမယ့် ပြိုင်ဘက်ကို ဆုံးဖြတ်ပေးလိမ့်မယ်။ တစ်ယောက်ချင်းစီ လာပြီး စာရွက်နှိုက်ပါ၊ ပြီးရင် ကိုယ့်နေရာကိုယ် ပြန်သွားပါ" ရွှမ်ယီက ကြေညာလိုက်သည်။
"နင်ကနေ စရအောင်" သူမက ပထမတန်း၏ ဘယ်ဘက်ထောင့်တွင် ထိုင်နေသော လူငယ်ကို ညွှန်ပြလိုက်သည်။
သူမ ညွှန်ပြလိုက်သော ထိုလူငယ်မှာ ဤနေရာရှိ တပည့် ၅၀ ထဲတွင် အတော်ဆုံး တစ်ဦး ဖြစ်သည်။ သူက အသက် ၂၀ အောက်သာ ရှိပုံရသော်လည်း မြေကမ္ဘာအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ နာမည်မှာ ရူရှင် ဖြစ်သည်။
ရူရှင်သည် မတ်တပ်ရပ်ကာ သေတ္တာဆီသို့ လျှောက်သွားသည်။ သူသည် သေတ္တာထဲသို့ လက်နှိုက်ကာ စာရွက်တစ်ရွက်ကို ယူပြီး ပြန်ထွက်လာခဲ့သည်။ နောက်တစ်ယောက်ကလည်း ရှေ့သို့ တိုးလာကာ စာရွက်တစ်ရွက် ယူပြီး ပြန်သွားသည်။
တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ တိုးလာကာ စာရွက်နှိုက်ကြသည်။ မကြာမီ လုံချန်း၏ အလှည့် ရောက်လာသည်။ သူသည် ရှေ့ဆုံးတန်းတွင် ထိုင်နေသဖြင့် အလှည့်စောခြင်း ဖြစ်သည်။ သူသည် အခြားလူများအတိုင်း မတ်တပ်ရပ်ကာ သေတ္တာဆီသို့ လျှောက်သွားပြီး စာရွက်တစ်ရွက်ကို နှိုက်ယူလိုက်သည်။ ၎င်းထဲမှ နံပါတ်မှာ ၂၅ ဖြစ်သည်။
လုံချန်းသည် သူ၏ နေရာသို့ ပြန်လာခဲ့သည်။ လူတိုင်း စာရွက်နှိုက်ပြီးသည်အထိ အလှည့်ကျ ဆက်လက် လုပ်ဆောင်ကြသည်။ ခဏအကြာတွင် လူတိုင်း စာရွက်ကိုယ်စီ ရရှိသွားကြပြီ ဖြစ်သည်။
"ကောင်းပြီ... အခု စမယ်။ နံပါတ် ၁ ရတဲ့ လူနှစ်ယောက် မတ်တပ်ရပ်ပြီး ရှေ့ကို ထွက်ခဲ့ပါ" ရွှမ်ယီက ဆိုသည်။
မတ်တပ်ရပ်လိုက်သူ နှစ်ဦးစလုံးမှာ မိန်းကလေးများ ဖြစ်သည်။ သူတို့နှစ်ဦး ရှေ့သို့ ထွက်လာကာ ရွှမ်ယီ၏ ရှေ့တွင် ရပ်လိုက်ကြသည်။
"နင်တို့နှစ်ယောက်က ဒီနေ့ရဲ့ ပထမဆုံး တိုက်ပွဲပဲ။ လက်နက် သုံးခွင့်မရှိဘူး ဆိုပေမဲ့ ဒါက ကလေးကစားတာ မဟုတ်ဘူးနော်။ နင်တို့ထဲက တစ်ယောက် သတိလစ်သွားတဲ့အထိ တိုက်ပွဲက ရပ်မှာ မဟုတ်ဘူး" ရွှမ်ယီက ကြေညာလိုက်သည်။ "ဟိုဘက်ကို သွားပြီး စတိုက်ကြတော့"
မိန်းကလေးနှစ်ဦးမှာ ခေါင်းညိတ်ပြကာ တိုက်ကွင်း၏ ဘေးဘက်ရှိ အလွတ်နေရာတစ်ခုဆီသို့ သွားလိုက်ကြသည်။
လုံချန်းသည် စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေမိသည်။ ဤကျောင်းတော်မှ တပည့်များမှာ အခြားနေရာမှ လူများနှင့် ဘယ်လို ကွဲပြားသလဲဆိုသည်ကို သူ သိချင်နေသည်။ တူညီသော ကျင့်ကြံခြင်းအဆင့်ရှိသည့် သာမန်ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက သူတို့ မည်မျှ သန်မာသလဲဆိုသည်ကို သူ မြင်လိုလှသည်။