အခန်း (၅၁၇-၅၁၈)
Vol. 52 Ch. 517-518
အခန်း (၅၁၇) တိုက်ပွဲ
တူညီသော ကျင့်ကြံခြင်းအဆင့်ရှိသည့် သာမန်ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်ပါက ဤမိန်းကလေးများ မည်မျှ သန်မာသလဲဆိုသည်ကို လုံချန်း သိချင်နေသော်လည်း မည်သူ့ကိုမျှ သိုင်းပညာရပ်များ အသုံးပြုခွင့် မပေးထားသဖြင့် တိကျသော ခန့်မှန်းချက်ကို ရရှိရန် မဖြစ်နိုင်မှန်း သူ သိနေသည်။ သူတို့ လုပ်နိုင်သည်မှာ ခွန်အားနှင့် နည်းဗျူဟာကို အသုံးပြုကာ လက်ဗလာ၊ ခြေဗလာဖြင့် တိုက်ခိုက်ခြင်းသာ ဖြစ်သည်။
သိုင်းပညာရပ်များ အသုံးမပြုဘဲ သူတို့၏ စစ်မှန်သော ခွန်အားကို မြင်တွေ့ရန် မဖြစ်နိုင်ပေ။ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားနှင့် ပညာရပ်များကို အသုံးမပြုမချင်း သူတို့အပေါ် တိကျသော အကဲဖြတ်မှုကို သူ မပြုလုပ်နိုင်သော်လည်း ၎င်းကပင် လုံချန်းအတွက် နောင်တွင် ကြုံတွေ့ရမည့် ဒုက္ခအချို့ကို သက်သာစေသည်။
တိုက်ခိုက်ရန်အတွက် မှတ်ဉာဏ်မရှိတော့သည့် ဆင်ခြေကို အသုံးပြုမည်ဟု သူ ဆုံးဖြတ်ထားသော်လည်း အကယ်၍ ထိုဆင်ခြေမှာ ရွှမ်ယီ အပေါ် အလုပ်မဖြစ်ဘဲ သူမက ဘာပဲဖြစ်ဖြစ် တိုက်ခိုက်ရမည်ဟု အတင်းအကျပ် ခိုင်းစေခဲ့လျှင်ပင် သူ့မှာ အသာစီးရနေဆဲ ဖြစ်သည်။ နည်းဗျူဟာနှင့် ခွန်အားကိုသာ အသုံးပြုရသည့် တိုက်ပွဲမျိုး ဖြစ်နေသရွေ့တော့ မည်သူ့ကိုမျှ သံသယမဝင်စေဘဲ ကိုင်တွယ်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။ သို့သော် ပညာရပ်များ အသုံးပြုရမည်ဆိုလျှင်မူ သူသည် သူ၏ ကိုယ်ပိုင်ပညာရပ်များအား ထုတ်မပြနိုင်သလို မူလင်း၏ ပညာရပ်များကိုလည်း မသိသဖြင့် ဒုက္ခရောက်ပေလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် ယခု အခြေအနေမှာ ထိုသို့ မဟုတ်ပေ။
ခြုံငုံကြည့်ရလျှင် လက်ရှိမြင်ကွင်းအရ ဤအခြေအနေမှာ ကိုင်တွယ်ရဆဲဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။ တိုက်ပွဲအစကို စောင့်ဆိုင်းနေစဉ် ဘေးနားတွင် ထိုင်နေသော လူအချို့ စကားပြောနေသည်ကို သူ ကြားလိုက်ရသည်။
"အိုင်လီကတော့ သေချာပေါက် နိုင်မှာပဲ။ ငါ့စိတ်ထဲမှာ သံသယတောင် တစ်စက်မှ မရှိဘူး။ တုလေ့ကတော့ အကြီးအကျယ် နာတော့မှာပဲ။ သူမက အိုင်လီနဲ့မှ လာတိုးရတယ်လို့။ တကယ့်ကို ကံဆိုးတာပဲ" အမျိုးသားတစ်ဦးက ပြောလိုက်သည်။
"ငါလည်း သဘောတူတယ်။ တုလေ့အတွက် အခွင့်အရေး မရှိတာ ရှင်းနေတာပဲ၊ သူ့မှာ အရှုံးပေးပိုင်ခွင့်တောင် မရှိဘူး။ သူ လုပ်နိုင်တာက တိုက်ပွဲမှာ အစွမ်းကုန် ကြိုးစားပြီး သိက္ခာရှိရှိ အရိုက်ခံဖို့ပဲ။ တိုက်ပွဲပြီးဆုံးဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ နောက်တစ်ယောက် သတိလစ်သွားဖို့ပဲ။ အကြီးအကဲရွှမ်က တိုက်ပွဲတွေကို စောင့်ကြည့်နေတာဆိုတော့ သတိလစ်ဟန်ဆောင်ဖို့ကလည်း မဖြစ်နိုင်ဘူး၊ သူ့မှာ တစ်ယောက်ယောက်က တကယ် သတိလစ်နေတာလား ဆိုတာကို သိနိုင်တဲ့ ပညာရပ်ရှိတယ်။ တုလေ့ကတော့ အရိုက်ခံရဖို့ကလွဲလို့ ဘာမှ မတတ်နိုင်ဘူး" နောက်တစ်ဦးက ပြန်ပြောသည်။
လုံချန်းသည် သူတို့၏ စကားများကို ကြားသောအခါ မိန်းကလေးတစ်ဦးမှာ သိသိသာသာ အသာစီးရနေကြောင်း ခန့်မှန်းမိသော်လည်း မည်သူဖြစ်မည်ကိုတော့ မသိပေ။ မူလင်းကို သတ်ခဲ့သည့် မီလောင်မှလွဲ၍ ဤနေရာရှိ မည်သူ့နာမည်ကိုမျှ သူ မသိပေ။ ထို့ကြောင့် အိုင်လီဆိုသည်မှာ မည်သူဖြစ်ကြောင်း သူ မသိပေ။ မိန်းကလေး နှစ်ဦးစလုံးမှာ ကျင့်ကြံခြင်းအဆင့် တူညီနေသဖြင့် သူ ခန့်မှန်း၍ မရပေ။
သို့သော် သူ့တွင် မှတ်ဉာဏ်ပျောက်ဆုံးနေသည့် ဆင်ခြေ ရှိနေသေးသဖြင့် ၎င်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
သူသည် စကားပြောနေသော လူများဘက်သို့ လှည့်ကြည့်လိုက်သည်။
"အိုင်လီဆိုတာ ဘယ်သူလဲ" လုံချန်းက မေးလိုက်သည်။
ထိုလူများက နားလည်ပေးသည့် အမူအရာဖြင့် သူ့ကို ကြည့်လိုက်ကြသည်။
"ငါ အကြီးအကဲမူရဲ့ စကားတွေကို ကြားပါတယ်။ မင်း မှတ်ဉာဏ်ပျောက်သွားတာဆိုတော့ အိုင်လီက ဘယ်သူလဲဆိုတာ မသိတာက နားလည်ပေးလို့ ရပါတယ်။ အပြာရောင်ဝတ်ထားတဲ့ မိန်းကလေးပဲ" သူတို့ထဲမှ တစ်ဦးက ဖြေလိုက်သည်။
"အဲဒီနေ့က သူက မင်းကို ပါးရိုက်ခဲ့တာတောင် မင်း သူ့ကို မေ့သွားလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး၊ ဒါပေမဲ့ ဒဏ်ရာတွေက ဘာမဆို ဖြစ်သွားစေနိုင်တာပဲ ထင်ပါရဲ့" နောက်တစ်ဦးက ဝင်ပြောသည်။
လုံချန်းတစ်ယောက် ခါးသီးစွာ ပြုံးလိုက်မိသည်။
'ဒီကောင်က ဘယ်လိုဖြစ်တာလဲ။ သူ့ရဲ့ မိန်းကလေးကံက ဒီလောက်တောင် ညံ့တာလား။ ဒီအတန်းထဲက မိန်းကလေးတစ်ယောက်ရဲ့ ပါးရိုက်တာကို ခံရတယ်၊ နောက်ထပ် ဒီအတန်းထဲကပဲ မိန်းကလေး သုံးယောက်ရဲ့ အသတ်ကို ခံရတယ်။ သူကတော့ မိန်းကလေးတွေနဲ့ ပတ်သက်ရင် ကံ လုံးဝ မရှိတာ သေချာတယ်' လုံချန်းက ခေါင်းခါရင်း တွေးလိုက်သည်။
သူသည် မိန်းကလေးများဘက်သို့ စတင် ကြည့်လိုက်သည်။ တိုက်ပွဲက စတင်နေပြီဖြစ်ပြီး သူတို့ပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်။
တိုက်ပွဲစသည်နှင့် မည်သူ နိုင်မည်ဆိုသည်မှာ ရှင်းလင်းနေသည်။
အိုင်လီက ချက်ချင်း စတင် တိုက်ခိုက်ပြီး တုလေ့က အိုင်လီ၏ လက်သီးချက်မှ လွတ်အောင် သူမ၏ မျက်နှာကို ကာကွယ်လိုက်သော်လည်း ၎င်းမှာ မလုံလောက်ခဲ့ပေ။
သူမ၏ ဝမ်းဗိုက်ဆီသို့ ကန်ချက်တစ်ချက် ရောက်လာပြီး သူမကို လွင့်ထွက်သွားစေသည်။
တုလေ့သည် မြေပြင်ပေါ်သို့ လဲကျသွားကာ သွေးတစ်လုပ် အန်လိုက်ရသည်။ သူမသည် နာကျင်နေသော ဝမ်းဗိုက်ကို ဆုပ်ကိုင်ရင်း မတ်တပ်ရပ်လိုက်သည်။
အိုင်လီက စစ်မှန်သော တိုက်ခိုက်ရေးသမားတစ်ဦးကဲ့သို့ ပြုမူကာ တုလေ့ကို မတ်တပ်ရပ်ရန် အချိန်ပေးလိုက်သော်လည်း ၎င်းမှာ ထိုမျှမရိုးရှင်းကြောင်း လုံချန်း သိနေသည်။
အိုင်လီ၏ မျက်နှာပေါ်တွင် မောက်မာမှုအချို့ ရှိနေသည်ကို သူ ခံစားမိသည်။ သူမသည် အခြားတပည့်များရှေ့တွင် တမင်တကာ ကြွားဝါလိုသဖြင့် တုလေ့ လဲနေစဉ် ထပ်မံ မတိုက်ခိုက်ခြင်းဖြစ်သည်ဟု လုံချန်း ယူဆလိုက်သည်။
သို့သော် လုံချန်းကတော့ ဂရုမစိုက်ပေ။ သူမ တစ်နေ့လုံး အချိန်ဆွဲနေလျှင်ပင် သူကတော့ စိတ်မရှိပေ။ ထိုသို့ဆိုလျှင် သူ တိုက်ခိုက်ရန် မလိုတော့သောကြောင့် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ်" တုလေ့က သူမ လဲကျနေစဉ် မတိုက်ခိုက်ခဲ့သည့်အတွက် အိုင်လီကို ကျေးဇူးတင်စကား ပြောလိုက်သည်။
လုံချန်းမှာတော့ သူမ၏ အဖြစ်ကို ကြည့်ပြီး ခေါင်းခါမိသည်။
"နင် အခု ငါ့ကို တိုက်ခိုက်နိုင်ပြီ။ ငါ နင့်ကို အခွင့်အရေး ပေးမယ်။ ငါ့ရဲ့ လက်တွေကို ကာကွယ်ဖို့ရော၊ တိုက်ခိုက်ဖို့ရော အသုံးမပြုဘူး" အိုင်လီက ကြေညာလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ဂုဏ်ယူစွာဖြင့် မတ်တပ်ရပ်လိုက်သည်။
တုလေ့မှာ အိုင်လီသည် မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေသည်ဟု ယူဆကာ ခေါင်းညိတ်လိုက်သည်။ သူမသည် ဤအခွင့်အရေးကို အသုံးချချင်သဖြင့် သူမဆီသို့ ပြေးဝင်ကာ တိုက်ခိုက်လိုက်သည်။
တုလေ့သည် အိုင်လီ၏ အနားသို့ ရောက်ရှိသွားပြီး သူမ၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်သည်။
'သူ အကွက်ထဲ ဆင်းသွားပြီ' အိုင်လီ၏ ခြေထောက်လှုပ်ရှားမှုကို သတိပြုမိလိုက်ရင်း လုံချန်းက တွေးလိုက်သည်။ 'သူက တိုက်ခိုက်ဖို့ ဒါမှမဟုတ် ကာကွယ်ဖို့ လက်တွေကို အသုံးမပြုဘူးလို့ ပြောခဲ့တာ၊ ဒါပေမဲ့ တိုက်ခိုက်ဖို့ ခြေထောက်တွေကို အသုံးမပြုဘူးလို့ မပြောခဲ့ဘူး။ ဒါက တုလေ့ရဲ့ အကြီးမားဆုံး ပေါ့ဆမှုပဲ'
နောက်ထပ် ဖြစ်ပျက်လာသည်မှာ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
အိုင်လီက တိုက်ကွက်ကို ရှောင်တိမ်းလိုက်ပြီး သူမ၏ ဒူးကို မြှောက်လိုက်သည်။ သူမ၏ ဒူးသည် ဘာမှ သတိမထားမိသော တုလေ့၏ မေးစေ့ကို ပြင်းထန်စွာ ထိမှန်သွားသည်။
တုလေ့သည် မြေပြင်ပေါ်သို့ ပြိုလဲသွားသည်။ မေးစေ့ကို မမျှော်လင့်ဘဲ ရုတ်တရက် အထိခံလိုက်ရသဖြင့် သူမ၏ ဟနေသော ပါးစပ်မှာ ရုတ်တရက် ပိတ်သွားပြီး ထိုဖြစ်စဉ်တွင် သူမ၏ လျှာမှာ ပြတ်တောက်သွားသည်။ သူမ မြေပြင်ပေါ်သို့ မလဲကျမီ သွားအချို့လည်း ကျိုးသွားခဲ့သည်။
သူမ၏ ပါးစပ်မှာ သွေးများဖြင့် ပြည့်နှက်သွားပြီး သတိလစ်သွားတော့သည်။
လုံချန်းသည် တိုက်ပွဲပြီးဆုံးသွားသည်ကို မြင်သောအခါ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
'တစ်ယောက်ကတော့ လူယုံလွယ်လွန်းပြီး တုံးအတယ်၊ နောက်တစ်ယောက်ကတော့ မောက်မာလွန်းတယ်။ သူတို့နှစ်ယောက်စလုံးဟာ တူညီတဲ့ ခွန်အားရှိတဲ့ ပါးနပ်တဲ့ ရန်သူနဲ့သာ တကယ့် အနီးကပ်တိုက်ပွဲမှာ တွေ့ရင် သေကြမှာပဲ' သူ တွေးလိုက်သည်။
အိုင်လီသည် သူမ၏ မျက်နှာပေါ်တွင် ဂုဏ်ယူသော အပြုံးဖြင့် ရွှမ်ယီဘက်သို့ လှည့်ကြည့်လိုက်သည်။
ရွှမ်ယီက မတ်တပ်ရပ်ကာ တုလေ့ဆီသို့ လျှောက်သွားသည်။ သူမသည် တုလေ့၏ ပါးစပ်ထဲသို့ အသက်ကယ်ကုသဆေး တစ်လုံး ထည့်ပေးပြီး ဆေးအာနိသင်ပြရန်အတွက် သူမကို ထားရစ်ခဲ့သည်။
သူမသည် အိုင်လီဘက်သို့ လှည့်ကြည့်လိုက်သည်။
"နည်းဗျူဟာ ကောင်းပါတယ်၊ ဒါပေမဲ့ ရန်သူအစစ်အမှန်ရှေ့မှာတော့ ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ သူတို့က နင့်ကို ယုံပြီး အဲဒီအကွက်ထဲ ဆင်းမှာ မဟုတ်ဘူး။ ပြီးတော့ ရန်သူ လဲကျနေတဲ့အချိန်မှာ မတိုက်ခိုက်ဘဲ ထားတာဟာ တိုက်ပွဲတစ်ပွဲမှာ နင် လုပ်ခဲ့တဲ့ အကြီးမားဆုံး အမှားပဲ။ နင်တို့ နှစ်ယောက်စလုံး ငါ့ရဲ့ စမ်းသပ်မှုမှာ ကျရှုံးတယ်" ရွှမ်ယီက ပြောလိုက်သည်။
"တုလေ့,ကို မပြီး သူကို ပြန်ခေါ်သွားလိုက်" သူမက အိုင်လီကို ပြောပြီးနောက် နောက်သို့ ပြန်လျှောက်သွားသည်။
အိုင်လီမှာ သူမ၏ ကျောပြင်ကို ကြည့်ကာ မှင်တက်ကျန်ရစ်ခဲ့သည်။ သူမသည် ထိုအကဲဖြတ်မှုအပေါ် စိတ်ပျက်သွားသော်လည်း သူမ၏ မကျေနပ်မှုကိုတော့ ထုတ်မပြခဲ့ပေ။ သူမသည် တုလေ့ကို မ,လိုက်ပြီး ထိုင်ခုံများဆီသို့ ပြန်သွားသည်။
"နံပါတ် ၂၊ နင့်အလှည့်ပဲ။ ရှေ့ကို ထွက်လာခဲ့။ ငါ့မှာ ဒီမှာ အချိန်ဖြုန်းနေဖို့ တစ်နေ့လုံး အားမနေဘူး" ရွှမ်ယီက ပြောလိုက်သည်။
လူနှစ်ဦး မတ်တပ်ရပ်ကာ ရှေ့သို့ ထွက်လာကြသည်။
ထိုလူနှစ်ဦးထဲမှ တစ်ဦးမှာ ရူရှင် ဖြစ်ပြီး ဤအတန်းထဲတွင် အတော်ဆုံး တပည့်ဖြစ်သလို ဤလေ့ကျင့်ရေးကွင်းအတွင်းရှိ တစ်ဦးတည်းသော မြေကမ္ဘာအဆင့် အထွတ်အထိပ် ကျင့်ကြံသူလည်း ဖြစ်သည်။
နောက်တစ်ဦးမှာမူ ရူရှင်ထက် အသက်အနည်းငယ် ပိုကြီးပုံရသော မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမမှာ မြေကမ္ဘာ အဆင့် ၈ ကျင့်ကြံသူ ဖြစ်သည်။ သူမမှာ မီလောင်၏ သူငယ်ချင်းဖြစ်ပြီး မူလင်းကို သတ်ရန် ကူညီခဲ့သည့် မိန်းကလေးများထဲမှ တစ်ဦးလည်း ဖြစ်သည်။
လုံချန်းမှာတော့ မပြုံးဘဲ မနေနိုင်တော့ပေ။ ဤတိုက်ပွဲ၏ ရလဒ်ကို သူ ကြိုတင် ခန့်မှန်းနိုင်သည်။ ထိုမိန်းကလေး၏ မျက်နှာပေါ်ရှိ ထိတ်လန့်နေသော အမူအရာများကပင် သူမရှေ့ရှိ ကောင်လေး၏ ခွန်အားအကြောင်းကို သူ့အား အလုံးစုံ ပြောပြနေသကဲ့သို့ပင်။
အခန်း (၅၁၈) လူသတ်သမားနှင့် ရင်ဆိုင်ရခြင်း
ဤတိုက်ပွဲကို သူ သဘောကျမိတော့မည်ဟု လုံချန်း ခံစားနေရသည်။ မူလင်းကို သတ်ရန် ကူညီခဲ့သည့် မိန်းကလေး အရိုက်ခံရသည်ကို ကြည့်ရသည်မှာ ပျော်စရာကောင်းပေလိမ့်မည်။ လုံချန်းသည် မူလင်းကို ပုဂ္ဂိုလ်ရေးအရ မသိသော်လည်း သူနှင့် မူလင်းကြားတွင် ရင်းနှီးမှုတစ်ခု ရှိနေသလို ခံစားရသည်။
သူတို့နှစ်ဦးစလုံးမှာ အလားတူ အတိတ်မျိုး ရှိခဲ့ကြသည်။ လုံချန်းသည် မည်သည့်အပြစ်မျှ မရှိဘဲ ကမ်းပါးပေါ်မှ တွန်းချခံခဲ့ရသလို မူလင်းမှာလည်း ကံကြမ္မာဆိုးနှင့် ကြုံခဲ့ရသည်။ သူသည်လည်း အပြစ်မရှိဘဲ အသတ်ခံခဲ့ရပြီး အောက်သို့ ပစ်ချခံခဲ့ရသည်။
ကွာခြားချက် အနည်းငယ်သာ ရှိသည်။ လုံချန်းမှာ ကမ်းပါးပေါ်မှ ကူကယ်ရာမဲ့ ပစ်ချခံရခြင်းဖြစ်ပြီး မူလင်းမှာမူ ရေကန်ထဲသို့ ပစ်ချခံရခြင်း ဖြစ်သည်။ နောက်ထပ် ကွာခြားချက်တစ်ခုမှာ လုံချန်းသည် သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် တွန်းချခံရခြင်း ဖြစ်သော်လည်း မူလင်းမှာမူ မပစ်ချခံရမီကပင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
ထိုမိန်းကလေးများကို ကြည့်ရင်း လုံချန်းသည် သူ၏ ဝိညာဉ်ထဲမှနေ၍ပင် ရွံရှာမိသည်။ သူမတို့ဆီတွင် လုံစု၏ အရိပ်အယောင်များကို သူ မြင်နေရသည်။
အကယ်၍ သူမတို့နှင့် တစ္ဆေကျောင်းတော် အပြင်ဘက်တွင် တွေ့ခဲ့ပါက သူမတို့ကို နှိပ်စက်သတ်ဖြတ်ရသည်မှာ အလွန်ပင် ကျေနပ်စရာကောင်းမည်ဟု သူ သိသည်။ သူသည် ထိုသို့သော အတွေးများဖြင့် နစ်ဝင်နေစဉ် ရွှင်း၏ အသံကို သူ၏ စိတ်ထဲတွင် ကြားလိုက်ရသည်။
"ကရုဏာမဲ့မှုနဲ့ အမုန်းတရားဆိုတဲ့ အမှောင်ထုထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးရှုံးမခံပါနဲ့။ ကရုဏာမဲ့တာက အမှောင်ယဇ်ပဏ္ဏာကြောင့် ဖြစ်နိုင်ပေမဲ့၊ အမုန်းတရားကတော့ နင်ကိုယ်တိုင်ဆီက လာတာပါ။ စိတ်ကို တည်ငြိမ်အောင် ထားပါ။ နင့်ကိုယ်နင် အဲဒီလိုလူမျိုး အဖြစ်မခံပါနဲ့..."
'ငါ သိပါတယ်။ တစ္ဆေကျောင်းတော်ထဲမှာ ငါ့အတွက် ပြဿနာဖြစ်မယ့် အရာ ဘာမှ ငါ မလုပ်ဘူး။ အဲဒီအထဲမှာ သူတို့ကို သတ်ဖို့ ကြိုးစားတာလည်း ပါတာပေါ့' လုံချန်းက ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။
'ဒါပေမဲ့ ငါ့အတွက် ဘာပြဿနာမှ မရှိနိုင်တဲ့ အချိန်ကျရင်တော့ ဒါကို လုပ်ဖို့က ပြဿနာ မရှိပါဘူး' သူက ထပ်လောင်းပြောသည်။
ရွှင်းက ဘာပြန်ပြောရမှန်း မသိတော့သလို ထပ်မံ စကားမဆိုတော့ပေ။ လုံချန်းသည် သူ၏ အာရုံကို ရှေ့တွင် စတင်တော့မည့် တိုက်ပွဲဆီသို့ ပြန်လည် ပို့ဆောင်လိုက်သည်။
"စတော့"
ရွှမ်ယီက တိုက်ပွဲစတင်ရန် အမိန့်ပေးလိုက်သည်။ အမိန့်ပေးသံ ထွက်လာသည်နှင့် အားလုံး ပြီးဆုံးသွားသည်။ တိုက်ပွဲမှာ ပြီးဆုံးသွားပြီ ဖြစ်သည်။
လူအများစုမှာ ဘာဖြစ်သွားသည်ကိုပင် မမြင်လိုက်ရပေ။ အရိပ်တစ်ခု ဖြတ်သွားသည်ကိုသာ မြင်လိုက်ရပြီး နောက်တစ်စက္ကန့်တွင် ထိုမိန်းကလေးမှာ မြေပြင်ပေါ်တွင် သတိလစ်လျက် လဲကျနေပြီ ဖြစ်သည်။
လူအများစု ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း အနည်းငယ်သော လူများကတော့ ဘာဖြစ်သွားသည်ကို သေချာ အာရုံစိုက်ထားသဖြင့် မြင်လိုက်ရသည်။ လုံချန်းမှာ ထိုလူနည်းစုထဲမှ တစ်ယောက် ဖြစ်သည်။ အခြားလူများအတွက် အလွန်မြန်သော်လည်း လုံချန်းအတွက်မူ ပုံမှန် အမြန်နှုန်းသာ ဖြစ်သည်။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ" သူက စိတ်ဝင်တစား ရေရွတ်လိုက်သည်။
ထိုလူငယ်မှာ မည်သည့် ပညာရပ်ကိုမျှ အသုံးမပြုခဲ့သော်လည်း သူ၏ ခြေလှမ်းများတွင် အလွန်လျှင်မြန်အောင် လုပ်ဆောင်ပေးနိုင်သည့် ထူးခြားသော အချက်တစ်ခု ပါဝင်နေသည်ကို သူ မြင်လိုက်ရသည်။ သူ၏ သဘာဝ ခွန်အားမှာလည်း အလွန် မြင့်မားသည်။
ထိုမိန်းကလေးကို လက်သီးတစ်ချက် ထိုးလိုက်ရုံနှင့် သူမမှာ လွင့်ထွက်သွားပြီး မြေပြင်သို့ လဲကျသွားကာ ချက်ချင်း သတိလစ်သွားတော့သည်။ အရိုးအက်သံအချို့ကိုလည်း လုံချန်း ကြားလိုက်ရသည်။ ထိုလူငယ်သာ အမှန်တကယ် လိုလားပါက သူမကို လက်တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်မည်ဖြစ်ကြောင်း လုံချန်း ယုံကြည်လိုက်သည်။
'ဒီနေရာမှာ တကယ့်ကို ပါရမီရှင်တွေ ရှိနေတာပဲ' လုံချန်း တွေးမိသည်။
"မြန်တယ်၊ သွက်တယ်၊ ပြတ်သားတယ်၊ ပြီးတော့ ပြိုင်ဘက်ကို အခွင့်အရေး လုံးဝ မပေးဘူး။ ကောင်းတယ်၊ ဒါပေမဲ့ နင့်ရဲ့ ခွန်အား ထိန်းချုပ်မှုကိုတော့ ထပ်ပြီး လေ့ကျင့်ဖို့ လိုသေးတယ်" ရွှမ်ယီက ပြောကာ ထပ်မံ မတ်တပ်ရပ်လိုက်သည်။ သူမသည် မိန်းကလေးဆီသို့ လျှောက်သွားကာ ဆေးတစ်လုံး တိုက်လိုက်သည်။
ရူရှင်သည် ရွှမ်ယီကို ဦးညွှတ်ဂါရဝပြုပြီး သူ၏ နေရာသို့ ပြန်သွားသည်။
"မီလောင်... သူက နင့်သူငယ်ချင်း မဟုတ်လား။ သူ့ကို ပြန်ခေါ်သွားလိုက်ဦး" ရွှမ်ယီက မီလောင်ကို လှမ်းခေါ်လိုက်သည်။ မီလောင်က ရှေ့သို့ တိုးလာပြီး ထိုမိန်းကလေးကို ပြန်သယ်သွားသည်။
"နောက်တစ်တွဲ... နံပါတ် ၃၊ နံပါတ် ၄..."
တိုက်ပွဲများမှာ အစီအစဉ်အတိုင်း ဆက်လက် ဖြစ်ပွားနေသည်။ နှစ်ယောက်ထွက်လာလျှင် တစ်ယောက်သာ မိမိခြေထောက်ဖြင့် ပြန်သွားနိုင်ပြီး၊ ကျန်တစ်ယောက်မှာမူ ဆေးတိုက်ပြီးနောက် သူငယ်ချင်းများက သယ်ဆောင်သွားကြရသည်။
"နံပါတ် ၅..."
....
"နံပါတ် ၂၄"
နောက်ထပ် လူနှစ်ယောက် ရှေ့သို့ ထွက်လာသည်။ ဤတစ်ကြိမ်တွင် နှစ်ယောက်စလုံးမှာ အမျိုးသားများဖြစ်ပြီး သန်မာပုံရသည်။ နှစ်ဦးစလုံးမှာ 'မြေကမ္ဘာ အဆင့် ၉ ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့နှစ်ဦးကြား တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်လှသည်။ မည်သူမျှ အရှုံးမပေးလိုကြဘဲ အစွမ်းကုန် ကြိုးစားကြသည်။ သူတို့၏ ခွန်အားမှာ အမှန်တကယ်ပင် တူညီနေကြောင်း လုံချန်း တွေ့လိုက်ရသည်။ တိုက်ပွဲမှာ မိနစ် ၂၀ ခန့် ကြာမြင့်ပြီးမှ အဖြေထွက်ခဲ့သည်။
သူတို့တွင် ခွန်အားတူညီကြသော်လည်း အဓိက ကွာခြားချက်မှာ ဇွဲနှင့် ကြံ့ခိုင်မှုပင် ဖြစ်သည်။ ၎င်းကပင် အရှုံးနှင့် အနိုင်ကို ဆုံးဖြတ်ပေးခဲ့သည်။
"တိုက်ပွဲကောင်း တစ်ပွဲပဲ။ ခွန်အားနဲ့ ကာကွယ်မှုက အရှုံးအနိုင်ကို ဆုံးဖြတ်ပေးနိုင်တဲ့ အချက်နှစ်ချက် ဖြစ်ပေမဲ့ အကြပ်အတည်းတွေကြားမှာ အနိုင်ရဖို့အတွက် ဒါတွေကပဲ အဓိက မဟုတ်ဘူး။ လူတွေ မေ့နေတတ်တဲ့ နောက်ထပ် အချက်တစ်ခုကတော့ ဇွဲနဲ့ ကြံ့ခိုင်မှုပဲ။ အဲဒါ မရှိရင် တိုက်ပွဲမှာ နင်တို့ အကြာကြီး မခံနိုင်ဘူး၊ ဒါဆိုရင် နင်တို့က ရှုံးနိမ့်ပြီးသားပဲ"
"ဒီနေ့ တိုက်ပွဲကနေ နင်တို့ ဒါကို သင်ခန်းစာယူသင့်တယ်။ ဒါက အနာဂတ်မှာ နင်တို့ကို အများကြီး ကူညီပေးလိမ့်မယ်" တိုက်ပွဲအပြီးတွင် ရွှမ်ယီက ဆုံးမစကား ပြောလိုက်သည်။ သူမသည် ရှုံးနိမ့်သူကို ဆေးတိုက်ပြီးနောက် သူ၏ နေရာသို့ ပြန်သွားသည်။
"ငါတို့ရဲ့ နောက်ဆုံးအတွဲ... နံပါတ် ၂၅။ သူတို့က ဘယ်သူတွေလဲဆိုတာ ငါ မေးစရာ မလိုတော့ဘူး ထင်တယ်။ ရှေ့ကို ထွက်လာခဲ့ပါ" ရွှမ်ယီက ကြေညာလိုက်သည်။
တိုက်ကွင်းအတွင်း လုံချန်းအပါအဝင် တပည့် ၅၀ ရှိပြီး၊ ၄၈ ဦးမှာ တိုက်ခိုက်ပြီး ဖြစ်သည်။ ၂၄ ပွဲမြောက် တိုက်ပွဲ စကတည်းက လုံချန်းသည် သူ၏ ပြိုင်ဘက်မှာ မည်သူဖြစ်ကြောင်း သိပြီးသား ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူနှင့် မီလောင်သည်သာ တိုက်ခိုက်ရန် ကျန်ရှိနေသော နောက်ဆုံးနှစ်ဦး ဖြစ်သောကြောင့်ပင်။
သူတို့နှစ်ဦးစလုံး၏ စာရွက်ပေါ်တွင် ၂၅ ဟု ရေးထားသည်။
လုံချန်းသည် မတ်တပ်ရပ်ကာ ရှေ့သို့ လျှောက်သွားသည်။ မီလောင်ကလည်း ထိုနည်းတူပင်။ လုံချန်းသည် မီလောင်ကို အပိုင်းပိုင်း ချေမှုန်းပစ်ချင်သော်လည်း မီလောင်ကို ရိုက်နှက်ရန်အတွက် အသိတရား လုံးဝ ပျောက်ဆုံးသွားသည်အထိတော့ မဖြစ်သေးပေ။
သူသည် ဖြစ်နိုင်လျှင် ထိုတိုက်ပွဲကို ရှောင်ချင်သည်။ အဘယ်ကြောင့်ဆိုသော် လူအများ၏ အာရုံစိုက်မှုကို မခံချင်သောကြောင့် ဖြစ်သည်။ အကယ်၍ တိုက်ပွဲစတင်ပါက သူ သတိလစ်သွား၍ မဖြစ်ပေ၊ သို့မဟုတ်ပါက လှည့်ဖြားခြင်း မျက်နှာဖုံးမှာ အာနိသင် ပျောက်ကွယ်သွားပြီး သူ ဖော်ထုတ်ခံရလိမ့်မည်။ သူ လုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ လူမသိအောင် ထိန်းချုပ်ရင်း မီလောင်ကို အလဲထိုးရန်သာ ရှိသည်။
မီလောင်သည် တိုက်ကွင်းထဲတွင် အသင့်နေရာယူထားပြီး ဖြစ်သော်လည်း လုံချန်းမှာမူ ရွှမ်ယီ၏ ရှေ့တွင် ရပ်နေဆဲ ဖြစ်သည်။
"သွားလေ... ဘာကို စောင့်နေတာလဲ" လုံချန်း မလှုပ်မယှက် ရပ်နေသည်ကို မြင်သောအခါ ရွှမ်ယီက မေးလိုက်သည်။
"ကျွန်တော် တိုက်နိုင်မယ် မထင်ဘူး" လုံချန်းက ရွှမ်ယီကို ပြောလိုက်သည်။
"ဘာလို့လဲ၊ မှတ်ဉာဏ်တွေ မေ့နေလို့လား။ ပညာရပ်တွေ မမှတ်မိတော့လို့လား။ အဲဒါကို ပြောချင်တာလား။ နင် သိထားဖို့က ခွန်အားဆိုတာ မှတ်ဉာဏ်နဲ့အတူ ပျောက်ကွယ်မသွားဘူး၊ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေကလည်း မလျော့ပါးသွားဘူး။ ပညာရပ်တွေအတွက်ကတော့ ဒါက လက်ဗလာနဲ့ တိုက်ရမှာပဲ။ ဘာပညာရပ်မှ ဘာလက်နက်ပညာမှ မှတ်မိနေဖို့ မလိုဘူး။ အခု အချိန်မဖြုန်းဘဲ အဲဒီကို သွားတော့။ နင် တိုက်ခိုက်ရမယ်၊ ဘယ်လို ဆင်ခြေမှ ငါ နားမထောင်ဘူး"
"နင့်အမေ ဘာပြောပြော ငါ ဂရုမစိုက်ဘူး။ သူ့ကို လာတိုင်ခိုင်းလိုက်။ သူက နင့်အတွက် ပုံမှန်အတန်းမျိုး ဖြစ်စေချင်လို့ ငါက ပုံမှန်အတန်းအတိုင်း လုပ်ပေးနေတာပဲ။ သူ့ရဲ့ တုံ့ပြန်မှုကို ငါ့ဘာသာ ကိုင်တွယ်မယ်" ရွှမ်ယီက ပြောကာ လုံချန်းကို မီလောင်ရှိရာ တိုက်ကွင်းထဲသို့ သွားရန် အချက်ပြလိုက်သည်။
လုံချန်း သက်ပြင်းချလိုက်မိသည်။ သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခြင်း ဖြစ်သော်လည်း ကြိုးစားကြည့်ခဲ့ခြင်း ဖြစ်သည်။ လုံချန်းသည် မီလောင်ဆီသို့ လျှောက်သွားပြီး ငါးမီတာခန့်အကွာတွင် ရပ်လိုက်သည်။
"မနေ့က သားရဲတစ်ကောင်ရဲ့ တိုက်ခိုက်တာ ခံရပြီး မှတ်ဉာဏ်တွေ ပျောက်သွားတယ်လို့ ငါ ကြားတယ်။ နင် မှတ်ဉာဏ်ပဲ ပျောက်သွားပြီး မသေခဲ့တာ ကံကောင်းတယ်လို့ မှတ်လိုက်ပါ။ ငါကတော့ နင့်အပေါ် ညှာတာမှာ မဟုတ်ဘူးဆိုတာ သိထားလိုက်" မီလောင်က ကြေညာလိုက်သည်။ သူမသည် လုံချန်းကို မတော်တဆဖြစ်ဟန်ဆောင်ကာ သတ်ပစ်ချင်သော်လည်း ရွှမ်ယီ ရှိနေသဖြင့် မဖြစ်နိုင်မှန်း သူမ သိနေသည်။