← Chapters

တာအိုရောင်းရင်းပိုင်၊ မင်း တစ်ခုခု ကျခဲ့တယ်

Vol. 10 Ch. 904

တာအိုရောင်းရင်းပိုင်၊ မင်း တစ်ခုခု ကျခဲ့တယ်

Vol. 10 Ch. 904

ပိုင်ရှောင်ချန်းသည် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီး၏ အသိအမှတ်ခံထားရပြီးဖြစ်၍ ယခုတွင် အခြားနတ်အဆင့်ကျင့်ကြံသူများနည်းတူ ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက်ဖြစ်သည်။ သူ၏စကားတစ်ခွန်းသည် ချိန်ဟဲ့ထျန်၏ အစီအစဥ်အား ပျက်စီးသွားစေပြီး လီရှမ်းတောက်မှာ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီး သတိမထားမိဘဲနေမည်မဟုတ်ဟု ယုံကြည်နေသည်။ ယခုတိုင်အောင် ခေါင်းဆောင်ကြီးက ကြားဝင်မဖြန်ဖြေသေးသည့်အတွက် မည်သို့ဖြစ်ပျက်နေသည်ကို ဖော်ပြနေတော့သည်။

" အင်း " လီရှမ်းတောက်က တွေးသည်။

" ဒါက ပိုင်ရှောင်ချန်းနဲ့ အဆင်ပြေဖို့ အကောင်းဆုံးအခွင့်အရေးပဲ "

သူက မန္တန်လက်ကွက်တစ်ကွက်အား လျင်မြန်စွာဖော်လိုက်ရာ အလင်းမျက်နှာပြင်တစ်ခု ပေါ်ထွက်လာပြီး သူတို့နှစ်ယောက်ကို ဖုံးကွယ်သွားကာ သီးသန့်ဖြစ်တည်သွားသည်။ ထို့နောက် သူက အိတ်ကို ပုတ်လိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုအား ထုတ်လိုက်သည်။

ကျောက်စိမ်းပေလွှာ၏ မျက်နှာပြင်ထက်တွင် နဂါးသုံးကောင်နှင့် ဖီးနစ်ငှက်ခြောက်ကောင်တို့ကို ထွင်းထုထားပြီး ထူးခြားပြောင်မြောက်သော အရှိန်အဝါတစ်ခု ပိုင်ဆိုင်ထားသည်။ နဂါးများနှင့် ဖီးနစ်ငှက်များက အသက်ဝင်နေသည့်အလား ဖြစ်နေပြီး ပတ်ဝန်းကျင်မှာလည်း မြူများဝေ့တက်လာတော့သည်။

ထိုပေလွှာအား တစ်ချက်ကြည့်လိုက်ရုံနှင့် သာမန်ထက်ထူးခြားသောပစ္စည်းတစ်မျိုးဖြစ်ကြောင်း ဖော်ပြနေသည်။ ထိုမျှသာမက ၄င်းသည် ကောင်းကင်ဘုံ၏စိတ်ဆန္ဒဖြင့် သက်ဝင်လှုပ်ရှားနေဟန်တူသည်။ ယင်းကား နတ်အဆင့်မှော်ပစ္စည်းတစ်ခုမှန်း သိသာထင်ရှားပေသည်။

" တာအိုရောင်ရင်းပိုင်ရေ ဒါက မင်းရဲ့ ကျောက်စိမ်းပေလွှာလား။ စောစောက ကောက်ထားမိတာ။ အငွေ့အသက်တွေကြည့်ရတာတော့ မင်းပစ္စည်းဖြစ်မယ် ထင်တာပဲ "

သူက ပြုံး၍ လက်ကိုဝှေ့ယမ်းကာ ကျောက်စိမ်းပေလွှာအား စူးရှတောက်ပသောအလင်းတန်းအသွင်ဖြင့် ပိုင်ရှောင်ချန်းဆီ ပြန်သွားစေလိုက်သည်။

မည်သို့ဖြစ်ပျက်နေသည်ကို အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်မှ မမြင်ရသော်လည်း ပိုင်ကျိမ်းထျန်နှင့် ချိန်ဟဲ့ထျန်တို့က အလွယ်တကူ မြင်နိုင်သည်။ ပိုင်ကျိမ်းထျန်မှာ ၄င်းကြောင့် အနည်းငယ်တွေဝေသွားသည့်တိုင် ချိန်ဟဲ့ထျန်မှာ မျက်လုံးများပြူးသွားသည်။

လီရှမ်းတောက်က ပိုင်ရှောင်ချန်းနှင့်အဆင်ပြေရန် ထိုနည်းလမ်းကို သုံးလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။ ထိုအခြင်းအရာက သူ့ကို ပို၍ ရင်လေးသွားစေတော့သည်။

" ဒီကောင် လီရှမ်းတောက် ကျင့်ဝတ်တွေကို ဘယ်လိုတောင် မျက်နှာပြောင်တိုက်ပြီး လျစ်လျူရှုနိုင်ရတာတုန်း။ အဲဒီလောက် အရှက်မရှိလုပ်လိမ့်မယ်လို့ ယုံတောင်မယုံနိုင်ဘူး "

ချိန်ဟဲ့ထျန်ဘက်မှကြည့်လျှင် လီရှမ်းတောက်က သူမည်မျှကောက်ကျစ်စဥ်းလဲကြောင်း ပြသနေတော့သည်။

ပိုင်ရှောင်ချန်းက အံအားသင့်သွားရပြီး ကျောက်စိမ်းပေလွှာအား လှမ်းယူလိူက်သည်။ ထို့နောက် သူက လီရှမ်းတောက်ကို မယုံသင်္ကာသလို ကြည့်ပြီးနောက်တွင် သူ၏မျက်လုံးများမှာ တဖိတ်ဖိတ်လက်လာတော့သည်။

" ဒီဘိုးတော်ကြီးက ဘယ်ဆိုးလို့တုန်း "

သူက တွေးလိုက်သည်။ ကိစ္စရပ်များအား ဖြေရှင်းရန် လက်ဆောင်များပေးအပ်ခြင်းက များသောအားဖြင့် နည်းလမ်းကောင်းတစ်ရပ်ဖြစ်သော်လည်း ရိုးသားဖြောင့်မတ်ခြင်းမရှိသော လုပ်ရပ် ဖြစ်သွားနိုင်သည်။ ကံကောင်းထောက်မစွာ လီရှမ်းတောက်က စကားလှလှလေးသုံး၍ လိမ္မာပါးနပ်စွာ ကိုင်တွယ်လိုက်ရာ အခြေအနေက များစွာပို၍ စိတ်ကျေနပ်ဖွယ်ကောင်းသွားတော့သည်။

ပိုင်ရှောင်ချန်းက စိတ်တည်ငြိမ်စပြုလာပြီး အမှန်တွင် နောင်ကျလျှင် ထိုနည်းလမ်းအား သုံးရန် ဆုံးဖြတ်လိုက်သည်။ သူက လည်ချောင်းရှင်း၍ ကျောက်စိမ်းပေလွှာအား အိတ်ထဲ ပစ်ထည့်လိုက်သည်။

" အေးဗျာ၊ ကျုပ် ကျောက်စိမ်းပေလွှာမှန်း ဘယ်လိုလုပ်သိတာတုံး။ ကျုပ် တစ်နေရာရာမှာ ကျကျန်ခဲ့တယ်လို့တော့ ထင်သား။ အခု ခင်ဗျားကရှာတွေ့သွားတာပါလား "

သူက အားပါးတရရယ်မော၍ အတန်ငယ် ညှစ်ထုတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

" ခင်ဗျားသိလား တာအိုရောင်ရင်းလီ။ ကျုပ် အခုပဲ သတိရတယ်။ ဒီကျောက်စိမ်းပေလွှာကို ကျုပ်ပျောက်သွားတုန်းက ဓားပျံတစ်ချောင်းလဲ ပျောက်သွားခဲ့တာ။ တကယ့်ကို အဖိုးတန်တဲ့ ဓားပျံတစ်ချောင်းပေါ့ "

လီရှမ်းတောက်က ထိုစကားကိုကြားသောအခါ အတန်ငယ် ခပ်တောင့်တောင့်ဖြစ်သွား၏။ သို့သော်လည်း သူက အိတ်ကိုပုတ်လိုက်ပြီး အပြာရောင်ဓားငယ်တစ်ချောင်းအား ထုတ်လိုက်ရာ ၎င်းက အရပ်မျက်နှာတစ်ခွင်သို့ အေးစိမ့်ချီများ ထုတ်လွှတ်လျက် ထွက်ပေါ်လာသည်။ ၄င်းက လေထဲတွင် ရပ်တန့်နေစဥ် စူးရှကြည်လင်လာပြီး အချိန်မရွေးပျောက်ကွယ်တော့မည့်အလား ဖြစ်လာတော့သည်။

ပိုင်ရှောင်ချန်းက လွန်စွာ ကျေနပ်သွားပြီး ကမန်းကတမ်း ပြောလိုက်သည်။

" ဟားဟားးဟား၊ အဲဒီဓားက မိသားစုအမွေဗျ။ ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်ရင်းလီရေ "

သူက လက်ကို ဖမ်းဆုပ်ဟန်လုပ်လိုက်ရာ ဓားသည် သူ့ဆီပျံသန်းလာတော့သည်။ တခဏကြာ သဘောကျစွာ ကြည့်နေပြီးနောက် သူ့အိတ်ထဲထည့်လိုက်၏။

" ဂုဏ်ယူပါတယ် တာအိုရောင်ရင်းပိုင်ရေ " လီရှမ်းတောက်က ခပ်တိုးတိုးရယ်၍ ပြောသည်။

“ နောက်ဆုံးတော့လဲ မင်းပစ္စည်းတွေ မင်းဆီပြန်ရောက်ပြီပဲ။ ဒါနဲ့စကားမစပ် မင်းမိတ်ဆွေတွေကို ဖမ်းသွားတဲ့ အကြီးအကဲက ခွင့်ပြချက်မရှိပဲလုပ်သွားတာ။ ပြီးတော့ အငယ်တွေထဲက တစ်ယောက်ဆီကနေ ကျုပ် အကူအညီရခဲ့တယ်။ စိတ်မပူနဲ့။ ကျုပ် သူတို့အမှားအတွက် တန်ရာတန်ကြေးပေးရစေမယ် "

လီရှမ်းတောက်အတွက် ပစ္စည်းဥစ္စာငွေကြေးများနှင့် တရားခံနှစ်ယောက်တို့ကို စတေးရသည့်တိုင် ပိုင်ရှောင်ချန်း၏မကျေနပ်ချက်ကို ဖြေရှင်းခြင်းနှင့် နှိုင်းယှဥ်လျှင် ထိုက်တန်သောအရာမဟုတ်ပေ။

ယခုတွင် ပိုင်ရှောင်ချန်းသည် ပြဿနာဆက်ရှာမရတော့ကြောင်း သဘောပေါက်လိုက်သည်။ အမှန်တွင် သူက တစ်စုံတစ်ခုပြောရန် ပြင်လိုက်ဆဲဆဲ သူ၏မျက်နှာဝင်းပသွား၏။ ထို့နောက် သူနှင့် လီရှမ်းတောက်တို့နှစ်ယောက်လုံး အောက်ဘက်ရှိ လီမျိုးနွယ်စုဘိုးဘေးစံအိမ်အား ငုံကြည့်လိုက်သည်။

ထိုနေရာတွင် ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့ အပြင်ထွက်လာကြ၏။ သူတို့က ကျန်းမာဝဖြိုးနေပြီး တန်ဖိုးကြီးအဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ လီမျိုးနွယ်စုကျင့်ကြံသူများက သူတို့နှစ်ဦးကို ခြံရံလျက် တလေးတစားဆက်ဆံနေကြသည်။

သို့သော် သူတို့သည် ဖြစ်ပျက်နေသည်များကြောင့် လုံးဝမပြင်ဆင်ထားခဲ့ရသည့်အလား ကြောင်တောင်တောင်ဖြစ်နေကြသည်။ လီမျိုးနွယ်စုမှာ ထိုကဲ့သို့ဖြစ်ပျက်စေရန် အသည်းအသန်ကြိုးပမ်းခဲ့ရမှန်း သိသာထင်ရှားလှသည်။

ပိုင်ရှောင်ချန်းက ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့ နှစ်ယောက်လုံး အဆင်ပြေသည်ကို မြင်ရသောအခါ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ သူက ပြုံးလိုက်ပြီး သူတို့ကို လှမ်းကြည့်လိုက်ကာ လက်ကိုဝှေ့ယမ်း၍ လှမ်းနှုတ်ဆက်လိုက်သည်။

ဖက်တီးကျန်းကြီးက သူ့မျက်စိသူ မယုံနိုင်သည့်အလား သူ့ကို တအံတသြကြည့်လာသည်။ ရွှီပေါက်ချိုင်မှာမူ ပိုင်ရှောင်ချန်းကို မြင်သည်နှင့် ပင့်သက်ရှိုက်သွားပြီး သူ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့် ဝိုင်းစက်ပြူးကျယ်သွားတော့သည်။

" ရှောင်ချန်း "

" မင်းမသေဘူးလား "

ပိုင်ရှောင်ချန်းက ချောင်းဟန့်လိုက်ပြီး အင်္ကျီလက်စကို ခါကာ ကျယ်လောင်စွာ ပြောသည်။

“ ဒီမိုးေအာက်မြေပြင်တလွှားမှာ ဘယ်အရာကများ ပိုင်ရှောင်ချန်းကို သေစေနိုင်မှာတုံး "

လီရှမ်းေတာက်၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုပေါ်လာ၏။ သို့သော် ရွှီပေါက်ချိုင်နှင့် ဖက်တီးကျန်းကြီးတို့မှာ ပိုင်ရှောင်ချန်းက ထိုသို့ပြောသည်နှင့် နေသားကျနေလေပြီ။ သို့ဖြစ်၍ ထိုအချိန်တွင် မိတ်ဆွေဟောင်းတစ်ယောက်နှင့် ပြန်လည်ဆုံစည်းရသည့် ပျော်ရွှင်ကြည်နူးမှုက သူတို့၏ မျက်နှာများကို လွှမ်းခြုံသွားလေသည်။

" နောက်ဆုံးတော့ ပြန်လာပြီပေါ့ ရှောင်ချန်း "

ဖက်တီးကျန်းကြီးက အပြေးအလွှား လာ၍ ပိုင်ရှောင်ချန်းကို ဖက်လိုက်သည်။ မကြာသေးမီက သူ ပြန်လည်ဝလာခဲ့ပါသော်လည်း အဆီတောင်လုံးကြီးအလား မဟုတ်သေးချေ။ သူက ပိုင်ရှောင်ချန်းကို ဖက်လိုက်သည့်အတွက် သူ၏အဆီပြင်ကြီးများ တသိမ့်သိမ့်တုန်သွားသည်။

ရွှီပေါက်ချိုင်က သတိပြန်ဝင်သောအခါ သူက အလောတကြီးပြေးလာပြီး ချက်ချင်းပင် မြှောက်ပင့်ဖားယားတော့သည်။

" ခေါင်းဆောင်လေး၊ ခင်ဗျားက သေချာပေါက် ထိပ်ဆုံးလက်ရွေးတစ်ယောက်ပဲ။ တစ်လောကလုံးမှာ ပြိုင်ဘက်ကင်း၊ တုနှိုင်းမဲ့။ အထက်ဘဝဂ်နဲ့ အောက်ငရဲအထိ ဘယ်အရာကမှ ဂိုဏ်းတူဦးလေးပိုင်ကို သေခြင်းတရားရှေ့မှောက် ပို့ဆောင်ပေးနိုင်မှာ မဟုတ်ဘူး။ မြေရိုင်းဒေသက ဘာများ အံ့သြစရာကောင်းလို့တုန်း "

ပိုင်ရှောင်ချန်းက ဖက်တီးကျန်းကြီး၏အသံထဲရှိ စိတ်လှုပ်ရှားမှုများနှင့် ရွှီပေါက်ချိုင်၏ မြှောက်လုံးများကို ကြားသောအခါ သူ့ရင်ထဲတွင် နွေးထွေးသော ပျော်ရွှင်မှုများ မြင့်တက်လာတော့သည်။ သူ မြေရိုင်းဒေသသို့ ရောက်နေစဥ်က ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ရှိနေခဲ့သည့် သူ၏မိတ်ဆွေများဖြစ်သော ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့အား အမြဲတစေ စိတ်ပူနေခဲ့ရသည်။

လီရှမ်းတောက်က ချောင်းဟန့်၍ ပိုင်ရှောင်ချန်း၏ ပြန်လည်ဆုံစည်းခြင်းကို အရှိန်သပ်စေလိုက်ကာ နွေးနွေးထွေးထွေး ပြောလိုက်သည်။

" မိတ်ဆွေတွေလဲ ပြန်လာပြီဆိုတော့ မိတ်ဆွေကြီးပိုင်။ စိတ်မပူနဲ့။ ဒါတွေအားလုံးအတွက် မင်းကို ကျုပ် တန်ရာတန်ကြေးကောင်းကောင်းပေးမယ် "

ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့မှာ လီရှမ်းတောက်ပြောလိုက်သည့်စကားကြောင့် အံအားသင့်သွား၏။ သူတို့သည် ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် နှစ်ပေါင်းများစွာကုန်ဆုံးခဲ့သည့်တိုင် နတ်အဆင့်ကျင့်ကြံသူများနှင့် ထိပ်တိုက်တွေ့ဆုံဖူးသည်မှာ ရှားပါးလှ၍ လီရှမ်းတောက်အား ချက်ချင်းသတိမထားမိပေ။

သို့သော် သူက အရေးပါသောလူတစ်ယောက်ဖြစ်ကြောင်း သူတို့ပြောနိုင်သည်။ ထိုသို့မဟုတ်လျှင် သူတို့အား မည်သည့်အတွက်ကြောင့် လီမျိုးနွယ်စုအပြင်ဘက်သို့ တော်ဝင်မျိုးနွယ်စုဝင်များအလား လိုက်ပါပို့ဆောင်ခြင်းခံရမည်နည်း။ သူတို့၏ဒဏ်ရာများကို ကောင်းမွန်စွာ ကုသပေးခဲ့သည်သာမက လေးစားစွာ ဆက်ဆံခံခဲ့ရသည်။ အမှန်တွင် သူတို့က အကျဥ်းချထားခဲ့သည့်အပေါ် နှလုံးသားထဲအထိ မှတ်ယူမထားရန် တောင်းဆိုချက်များနှင့်အတူ လက်ဆောင်ပဏ္ဍာများ တပုံတခေါင်းရရှိခဲ့သည်။

ဤမျှများပြားသော လက်ဆောင်များ အပေးခံရလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးခဲ့ဖူးပေ။ သို့သော် ပိုင်ရှောင်ချန်းက ဂိုဏ်းရှိ အလွန်တရာအရေးပါသော လူတစ်ယောက်၏ အကူအညီအား တစ်နည်းနည်းဖြင့် ရယူနိုင်ခဲ့သည်ဖြစ်ကြောင်း သဘောပေါက်လိုက်သောအခါ သူတို့မှာ အလွန်တရာတုန်လှုပ်သွားကြသည်။

ပိုင်ရှောင်ချန်းက လီရှမ်းတောက်ကို ကြည့်ပြီးနောက် ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်အားပြန်ကြည့်လိုက်သည်။ ထို့နောက် သူက ရင်ဘတ်ကို ပုတ်၍ ပြောလိုက်သည်။

“ အစ်ကိုကြီး၊ ညီလေးပေါက်ချိုင် ဘယ်လိုသဘောရလဲ။ အစ်ကိုကြီးတို့နှစ်ယောက် သိပ်မကြာသေးခင်က တော်တော်လေးဆိုးဝါးခဲ့မှာပေါ့။ အစ်ကိုကြီးတို့ မကျေနပ်တာ တစ်ခုခုရှိလား၊ ဒါမှမဟုတ် လိုချင်တာရှိလား။ တစ်ခွန်းသာ ပြောလိုက် "

လီရှမ်းတောက်က ခပ်ယဲ့ယဲ့ပြုံးလိုက်သော်လည်း ဘာမှ မပြောပေ။ ထိုအစား သူက ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်အား အားကိုးတကြီးကြည့်သည်။

လီမျိုးနွယ်စု ကျင့်ကြံသူများအားလုံးသည်လည်း တောင်းဆိုနေသော မျက်လုံးများဖြင့် ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်အား စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

သူတို့နှစ်ယောက်လုံးမှာ အနေရခက်စွာ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ကြပြီး တစ်ဆက်တည်းမှာပင် သူတို့၏ အိတ်များအားပွတ်ကာ အကြည့်ချင်းဖလှယ်လိုက်သည်။ သူတို့တွင် ရတနာများ တစ်ပုံတခေါင်းရရှိထားပြီ မဟုတ်ပါလော။

ထို့နောက် သူတို့က အကျဥ်းခံခဲ့ရသည့်အချိန်ကို ပြန်တွေးလိုက်သည်။ ၄င်းမှာ အရှက်တကွဲဖြစ်ခဲ့ရသော်လည်း အသက်အန္တရာယ်တော့ မထိခိုက်ခဲ့ပေ။ တစ်နှစ်မျှသာကြာခဲ့သည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် သူတို့အား နှစ်တစ်ရာနီးပါးတန်သော ကျင့်ကြံခြင်းရင်းမြစ်များပေးခဲ့ကြလေသည်။

သူတို့၏ခေါင်းထဲတွင် ထိုအတွေးများဖြင့် ပိုင်ရှောင်ချန်းကို ကြည့်ပြီး ခေါင်းခါလိုက်ကြသည်။ ပိုင်ရှောင်ချန်းမှာ အထူးသဖြင့် လီရှမ်းတောက်က မည်မျှအားနည်းသည်ကို စဥ်းစားကြည့်ကာ ကိစ္စများအား အလွယ်တကူလွှတ်မပေးချင်ပေ။ သို့သော် ဆက်လက်ဖိအားပေးရန်မှာလည်း မသင့်တော်ပေ။ သူက ခေါင်းညိတ်၍ လီရှမ်းတောက်ကို လက်ယှက်ပြီးနောက် ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်ကိုခေါ်ကာ ပြန်သွားတော့သည်။

ထိုအခါမှသာ လီမျိုးနွယ်စုကျင့်ကြံသူအပေါင်းမှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြသည်။ တချိန်တည်းမှာပင် လီရှမ်းတောက်၏ အမူအရာမှာ အလွန်တင်းမာပြီး အရုပ်ဆိုးသွားတော့သည်။

" လီယွမ်ရှန်နဲ့ အဲဒီ အကြီးအကဲကို အခုချက်ချင်း ဒီခေါ်လာစမ်း "

ဒေါသအမျက်ချောင်းချောင်းထွက်နေသော သူ၏အော်ဟစ်သံကြောင့် မျိုးနွယ်စုရှိ လူတိုင်း၏ နှလုံးသားများအတွင်း အကြောက်တရားများ တိုးဝင်သွားသည်။ သိသာစွာပင် စာရင်းရှင်းရန် အချိန်ကား ကျရောက်လာခဲ့လေပြီ။ ထိုမျှသာမက လီယွမ်ရှန်သာလျှင် ဖြစ်ပွားခဲ့သည့်အရာအတွက် အပြစ်ပေးခံရမည်မဟုတ်။ သူ၏ သွေးမျိုးဆက်တစ်ခုလုံး အပြစ်ပေးခံရမည်ဖြစ်ပေသည်။

ခေါင်းဆောင်ကြီး မည်မျှဒေါသထွက်နေသည်ကိုကြည့်လျှင် မည်သူမှ အသနားမခံရဲကြပေ။ ထို့အပြင် မည်သူတစ်ဦးတစ်ယောက်မှ ယခုလက်ရှိ ဂိုဏ်း၏ ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်ဖြစ်သည့် နတ်အဆင့်ခေါင်းဆောင်ကြီး ပိုင်ရှောင်ချန်း၏ အမျက်တော်ရှ မခံချင်ကြတော့ပေ။

သူတို့၏လီမျိုးနွယ်စုခေါင်းဆောင်ကြီးကိုယ်တိုင်ပင် ပိုင်ရှောင်ချန်းအား မတွန်းလှန်နိုင်သည် မဟုတ်ပါလော။

All Chapters