ငါ မင်းကို ယုံပါတယ် ရှောင်ချန်း
Vol. 10 Ch. 905
ပိုင်ရှောင်ချန်းက ဝမ်းမြောက်ဝမ်းသာဖြစ်လျက် ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့အား သူ၏ အင်မော်တယ်ဂူဆီသို့ အပြာရောင်သက်တန့်ကို ဖြတ်၍ ဦးဆောင်ခေါ်သွားလိုက်ပြီး လမ်းတစ်လျှောက်လုံး အတိတ်ကိုပြန်ပြောင်းသတိရနေမိသည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းအား သူတို့ စရောက်ခဲ့သည့်အချိန်ကို ပြန်ရောက်သွားသည့်အလား သူ ခံစားနေရ၏။
ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့မှာ ပြန်လည်ဆုံစည်းရသည့်အတွက် ပျော်ရွှင်ဝမ်းမြောက်ကြပါသော်လည်း သူတို့အတွက် မည်ကဲ့သို့ အရာအားလုံး ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်ကိုလည်း မတွေးဘဲ မနေနိုင်အောင် ဖြစ်နေသည်။
နောက်ဆုံးတွင် ဖက်တီးကျန်းကြီးက မေးလိုက်သည်။
" ရှောင်ချန်း၊ စောစောကလူက ဝါရင့်ဂိုဏ်းဝင်ထဲက ဘယ်တစ်ယောက်လဲ "
ပိုင်ရှောင်ချန်းက အတိုင်းအဆများစွာ တိုးတက်ခဲ့ကြောင်း သူသိသည်။ သို့ရာတွင် သူကိုယ်တိုင်က နှောင်းပိုင်းယင်ယန်ဝိညာဥ်အဆင့်ဖြစ်ပါသော်လည်း ပိုင်ရှောင်ချန်း၏အဆင့်အမှန်အား သူ မခန့်မှန်းနိုင်ပေ။
ရွှီပေါက်ချိုင်မှာ အစောပိုင်းယင်ယန်ဝိညာဥ်အဆင့်သာ ဖြစ်သေး၍ ပိုင်ရှောင်ချန်းမည်မျှအစွမ်းထက်သည်ကို ပို၍ပင် မသိပေ။ သို့သော် သူနှင့်ပတ်သက်၍ တစ်စုံတခု ကွဲပြားခြားနားနေပြီး ထူးဆန်းနေကြောင်း သူပြောနိုင်၏။ အမှန်တကယ်ဆိုရလျှင် သူသာ မျက်လုံးများပိတ်လိုက်ပါက ပိုင်ရှောင်ချန်း၏ တည်ရှိမှုအား သတိထားမိရန် မဖြစ်နိုင်ပေ။
" အဲဒီလူလား "
ပိုင်ရှောင်ချန်းက မျက်တောင်ခတ်လိုက်ပြီး မျက်ခုံးများ ပင့်တက်သွား၏။
" ေဩာ် အဲဒါ လီရှမ်းတောက်လေ "
" လီရှမ်းတောက် ဘာလို့အဲဒီနာမည်ကို ရင်းနှီးနေရတာလဲ "
ဖက်တီးကျန်းကြီးမှာ နာမည်နှင့်လူ မတွဲမိပေ။ သို့သော် ရွှီပေါက်ချိုင်သည် သူမည်သည့်နေရာသွားသည်ဖြစ်ပါစေ၊ ထိုနေရာနှင့်ပတ်သက်သည့် အရာအားလုံးကို သိနိုင်သည့် ဂုဏ်သတင်းရှိသည်။ ထို့ကြောင့် 'လီရှမ်းတောက်'ဆိုသော နာမည်ကို သူကြားသောအခါ မျက်လုံးများပြူးကျယ်သွားပြီး ပင့်သက်ရှိုက်သွားတော့သည်။
" လီရှမ်းတောက် "
သူ လွှတ်ခနဲပြောလိုက်သည်။
" ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ နတ်အဆင့်ကျင့်ကြံသူငါးယောက်ထဲက တစ်ယောက်။ အဲဒီလီရှမ်းတောက်လား "
ရွှီပေါက်ချိုင်၏ စကားလုံးများကြောင့် ဖက်တီးကျန်းကြီး ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
" ငါ မှတ်မိပြီ " သူက ပြောသည်။
" လီရှမ်းတောက်က လီမျိုးနွယ်စုရဲ့ နတ်အဆင့်ခေါင်းဆောင်ကြီးလေ။ သူက ရွှီပေါက်ချိုင်နဲ့ ငါ့ကို အကျဥ်းချခိုင်းတဲ့ တစ်ယောက်ကွ။ ရှောင်ချန်း၊ လီမျိုးနွယ်စု ဘယ်လောက်ကောက်ကျစ်လဲ မင်းမသိဘူး "
တုန်လှုပ်သွားသော ဖက်တီးကျန်းကြီးက ပိုင်ရှောင်ချန်းအား သူမရှိခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ဖြစ်ပွါးခဲ့သည့် ဖြစ်ကြောင်းကုန်စင်အား ဆက်လက်ရှင်းပြလိုက်သည်။
ပိုင်ရှောင်ချန်းက မဟာတံတိုင်းအတွက် ထွက်သွားစဥ်က ဖက်တီးကျန်းကြီးသည် သူ၏ စိတ်ဆန္ဒအမြုတေကို ဖန်တီးနေခဲ့ရသည်။ သူသာမဟုတ်၊ ရွှီပေါက်ချိုင်မှာ ဂိုဏ်းမှထွက်သွားခွင့်မရှိသည့်အတွက် ပိုင်ရှောင်ချန်း၏ စားသောက်ဆိုင်စီးပွားရေးအား စီမံခန့်ခွဲရင်း ကုံမြို့တော်တွင် ကျန်ရစ်ခဲ့ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။
ဖုန်းယွမ်ဒဲ့၏လမ်းပြမှုဖြင့် ဖက်တီးကျန်းကြီးသည် နောက်ဆုံးတွင် အောင်အောင်မြင်မြင် အဆင့်တက်ခဲ့သည်။ သူ၏ပြိုင်ဘက်ကင်း စိတ်ဆန္ဒအမြုတေကြောင့် သူသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ရာတွင် ပို၍ အောင်မြင်မှုရရှိခဲ့သည်။ ထိုမျှသာမက သူ၏အတိုက်အခိုက်စွမ်းရည်မှာ အမှန်တကယ်တွင် သူနှင့်တူညီသော ကျင့်ကြံခြင်းအခြေခံရှိသည့် သာမန်ကျင့်ကြံသူများထက် ကျော်လွန်၏။
နောက်ဆုံးတွင် သူသည် ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များ စစ်ဆေးပွဲကို ကျော်ဖြတ်ခဲ့ပြီး ဂိုဏ်းအတွင်းရှိ ထိပ်တန်းလက်ရွေးစင်များထဲက တစ်ယောက်ဟု မှတ်ယူလာနိုင်ခဲ့သည်။
ဖက်တီးကျန်းကြီး၏ တဟုန်ထိုးကျော်ကြားမှုကြောင့် ဖြစ်လိမ့်မည်။ ရွှီပေါက်ချိုင်သည်လည်း အောင်မြင်မှုများ ရရှိလာခဲ့၏။ သူက ထိပ်တန်းကြယ်ပွင့်တော့ ဖြစ်မလာခဲ့ပေ။ သို့သော် သူက ဂိုဏ်းတွင် မိတ်ကောင်းဆွေမွန်များ ဂရုတစိုက်ဖွဲ့ခဲ့ပြီး အရေးပါသောလူများကို အတိုက်အခံ မလုပ်မိစေရန် ရှောင်ရှားခဲ့သည်။
ဖက်တီးကျန်းကြီးသည် အများအားဖြင့် အားထုတ်ကျင့်ကြံနေခဲ့ကာ ကိစ္စရပ်များက ထိုနည်းအတိုင်း ဆက်လက်ဖြစ်ပျက်နေခဲ့သည်။ နောက်ဆုံး၌ ပိုင်ရှောင်ချန်း ပျောက်ဆုံးသွားခဲ့သည့် သတင်း ဂိုဏ်းထံရောက်ရှိလာရာ ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့နှစ်ယောက်လုံး လွန်စွာ စိတ်ထိခိုက်ဝမ်းနည်းခဲ့ရ၏။ သူတို့က အဏ္ဏဝါခေါ်သံဂိုဏ်းထံ ပြန်သွားချင်ပါသော်လည်း ရှင်းကုံကျစ်တာအိုဂိုဏ်းသည် သွားချင်သည့်အချိန်သွား၊ လာချင်သည့်အချိန်လာနိုင်သည့် နေရာမျိုးမဟုတ်ပေ။
ထို့ကြောင့် သူတို့သည် ရှင်းကုံကျစ်တာအိုဂိုဏ်းအတွင်း သတိကြီးကြီးထား၍ ဆက်လက်နေထိုင်ခဲ့သည်။ သို့သော် ပိုင်ရှောင်ချန်း ပျောက်ဆုံးနေသောကြောင့် နောက်ဆုံးတွင် လီမျိုးနွယ်စုလက်ရွေးစင် လီယွမ်ရှန်က လက်စားချေရန် ပြန်လာလေသည်။ ပိုင်ရှောင်ချန်းပျောက်ကွယ်နေသဖြင့် သူက ကုံမြို့တော်ရှိ ပိုင်ရှောင်ချန်း၏ စားသောက်ဆိုင်ကို ဖျက်စီးပြီး ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်ထံမှ လုယူရန်အထိ ယုံကြည်ချက်ရှိနေပြီဖြစ်သည်။
ထိုကိစ္စအတောအတွင်း သူက ရွှီပေါက်ချိုင်ကို အလွန်ဆိုးဆိုးရွားရွားထိခိုက်ဒဏ်ရာရစေခဲ့ရာ ဖက်တီးကျန်းကြီးသာ ကယ်ရန် ရှိမနေခဲ့လျှင် ရွှီပေါက်ချိုင် အသတ်ခံခဲ့ရမည် ဖြစ်သည်။
လီယွမ်ရှန်နှင့် မကျေပွဲက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက စတင်ခဲ့ပြီး သူ၏ စားသောက်ဆိုင်ကို လုယူသောအပြုအမူက တဖြည်းဖြည်း ဆိုးဝါးလာခဲ့သည်။ ကံဆိုးစွာပင် ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်မှာ သူ့ကို တစ်ခုခုလုပ်နိုင်သည်အထိ တန်ခိုးအာဏာမရှိကြလေရာ ခံပြင်းဒေါသထွက်လျက် အံကြိတ်၍သာ နေကြရသည်။ ကံကောင်းထောက်စွာ ထိုစဥ် ပိုင်ရှောင်ချန်း၏ မိတ်ဆွေဟောင်း ဇောင်ထျန်ကျောက်က ဂိုဏ်းကို ပြန်ရောက်လာခဲ့ပြီး သူတို့ကို လာရောက်ကြည့်ရှုခဲ့ကြသည်။
သူတို့နှစ်ယောက်လုံးမှာ အဏ္ဏဝါခေါ်သံဂိုဏ်းနှင့် အလယ်ပိုင်းဒေသရှိ အခြားဂိုဏ်းသုံးဂိုဏ်းကြားရှိ ပဋိပက္ခများကို သိကြသော်လည်း အမြုတေအဆင့်ကျင့်ကြံသူများသာဖြစ်ရာ ဂိုဏ်းမှ အလွယ်တကူ မပြန်နိုင်ကြပေ။ ထို့ကြောင့် ဖက်တီးကျန်းကြီးက ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ထိပ်ဆုံး ၂၀ယောက်ထဲ ရောက်ရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သည်။
ရှင်းကုံကျစ်တာအိုဂိုဏ်း၏ စည်းမျဥ်းများအရ ထိပ်ဆုံး၂၀ယောက်အတွင်းရှိ ဂိုဏ်းသားများအား ဂိုဏ်းအတွင်း တရားဝင်လက်ရွေးစင်များအဖြစ် သတ်မှတ်ကြသည်။ ဖက်တီးကျန်းကြီးသာ ထိုအဆင့်ရောက်နိုင်လျှင် အဏ္ဏဝါခေါ်သံဂိုဏ်းထံပြန်ခွင့်ရှိမည် ဖြစ်သည်။
ဖက်တီးကျန်းကြီးက ကျင့်ကြံအားထုတ်ခြင်းတွင် အရူးအမူးဖြစ်သွား၏။ တစ်နှစ်ကြာသော် သူ အဆင့်တက်သွားပြီး နှောင်းပိုင်းစိတ်ဆန္ဒအမြုတေအဆင့်ရောက်ရှိသွားလေသည်။ ထိုအချိန်တွင် သူက ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များထဲရောက်အောင် စစ်ဆေးပွဲကို ဝင်ရောက်ဖြေဆိုလိုက်သည်။ သို့သော် ထိုအချိန်တစ်ဝိုက်တွင် လီယွမ်ရှန်းသည်လည်း နှောင်းပိုင်းအမြုတေအဆင့်တွင်ဖြစ်ရာ သူတို့နှစ်ယောက်ကြား၌ ပြိုင်ပွဲကြီးတစ်ခုဖြစ်လာတော့သည်။
လီယွမ်ရှန်က လက်ရွေးစင်တစ်ယောက်ဖြစ်သော်လည်း အတိုက်အခိုက်စွမ်းရည်အရ စိတ်ဆန္ဒအမြုတေနှင့် ဖက်တီးကျန်းကြီးအား မယှဥ်နိုင်ပေ။ ထို့ကြောင့် ဖက်တီးကျန်းကြီးက ထိပ်ဆုံး ( ၂၀ ) အတွင်း ဝင်ရောက်ပြီး လီယွမ်ရှန်အား အဆင့် ( ၂၁ ) တွင် ထားခဲ့ကာ အနိုင်ရခဲ့သည်။
ထို့နောက်တွင် သူတို့နှစ်ယောက်ကြားရှိ ရန်ပွဲက သည်းမခံနိုင်တော့သည်အထိ ပို၍ ပြင်းထန်လာတော့သည်။ ပိုင်ရှောင်ချန်း၏ မိတ်ဆွေဟောင်းများအား စိတ်အနှောင့်အယှက်မပေးနိုင်သည့်အတွက် လီယွမ်ရှန်သည် ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်အား အကျဥ်းချရန် သူ့မျိုးနွယ်စု၏အာဏာကို အသုံးပြုလိုက်သည်။ သူက သူ၏ခေါင်းဆောင်ကြီးလီရှမ်းတောက်နှင့် ယင်ယန်ဝိညာဥ်အဆင့်အကြီးအကဲတစ်ယောက်ကိုပင် တောင်းပန်၍ အကူအညီတောင်းကာ ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်အား ထောင်သွင်းအကျဥ်းချပစ်လိုက်သည်။
ဖက်တီးကျန်းကြီးသာ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ထိပ်ဆုံး အယောက် ( ၂၀ ) အတွင်း မဝင်ရောက်ခဲ့ပါက လီရှမ်းတောက်သည် သူ့ကို သတ်ပစ်မည်ဖြစ်သည်။ သို့သော် ဖက်တီးကျန်းကြီးက နတ်အဆင့်ခေါင်းဆောင်ကြီး လီရှမ်းတောက်ပင်လျှင် သူ့အသက်ကိုဇီဝန်မချုပ်ရဲသည်အထိ မြင့်မားသော အဆင့်အတန်းကို ရရှိခဲ့သည်။ ထိုကြောင့် သူတို့နှစ်ယောက်လုံးမှာ ထောင်သွင်းအကျဥ်းချခံလိုက်ရတော့သည်။ လီယွမ်ရှန်က လက်မလျှော့ချင်ခဲ့ဘဲ ဂိုဏ်းရှိ သူ၏အဆက်အသွယ်များကိုပင် ရယူကာ သူတို့အား နှစ်ခြောက်ဆယ်စက်ဝန်းတိတိ တရားဝင်အမိန့်ချခဲ့သည်။
ထိုသည်က ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင် စစ်ဖြစ်နေသည့်အတောအတွင်း ဂိုဏ်းကိုကူညီရန် ပြန်မလာနိုင်ခဲ့သည့် အကြောင်းရင်းပင် ဖြစ်သည်။ သူတို့နှစ်ယောက်လုံးမှာ အကျဥ်းချခံခဲ့ရပြီး အပြင်ဘက်တွင် မည်သည်တို့ဖြစ်ပျက်နေသည်ကိုပင် မသိကြပေ။
ပိုင်ရှောင်ချန်းက ဖြစ်ကြောင်းကုန်စင်အား ကြားသောအခါ သူ၏အမူအရာသည် တင်းမာခက်ထန်လာ၏။ ယခုတွင် သူသည် လီမျိုးနွယ်စုလုပ်ခဲ့သမျှအမှန်တရားအား သိလိုက်ရာ သူ၏နှလုံးသားက ရေခဲတမျှအေးစက်သွားတော့သည်။
ထို့ပြင် ဤကိစ္စများအားလုံးသည် သူနှင့် လီယွမ်ရှန်ကြားရှိ နှစ်ပေါင်းများစွာမကျေပွဲမှ ဇာတ်လမ်းစခဲ့ခြင်းဖြစ်သည်။
" အစ်ကိုကြီး၊ ရွှီပေါက်ချိုင် "
သူက အံကြိတ်ထားသည့်ကြားမှ ပြောသည်။
" ဒီကိစ္စအတွက် အစ်ကိုကြီးတို့ လျော်ကြေးရအောင်လုပ်ပေးမယ်။ လီရှမ်းတောက် ဘယ်လိုကိုင်တွယ်မလဲ စောင့်ကြည့်ကြတာပေါ့။ ကျုပ်သဘောတူညီချက်နဲ့ မကိုက်ညီရင် ဒါမှမဟုတ် လီယွမ်ရှန်ကို ကာကွယ်ပေးဖို့ ကြိုးစားရင် သူ့ကို သတ်ပစ်မယ် "
ထို့နောက် သူက အေးစက်စက် နှာမှုတ်လိုက်သည်။
သူ့စကားများကြောင့် ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်မှာ အိုးတို့အန်းတန်းအကြည့်များဖြင့် အချင်းချင်း ဖလှယ်လိုက်ကြသည်။ တခဏကြာသော် ရွှီပေါက်ချိုင်က ပြောသည်။
" ခေါင်းဆောင်လေး၊ ဟို.... လီရှမ်းတောက်က နတ်အဆင့်ကျင့်ကြံသူလေ "
ပိုင်ရှောင်ချန်းက မေးကိုမော့၍ အင်္ကျီလက်စကို ခါယမ်းလိုက်သည်။
" သူက နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဆိုလဲ ဘာဖြစ်တုန်း " သူက ဂုဏ်ယူစွာ ပြောသည်။
" ငါလဲ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ပဲ "
ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်က သိသိသာသာ မှင်သက်သွားတော့သည်။ အမှန်တွင် သူ့စကားလုံးများက ဩချရလောက်အောင်ဖြစ်နေ၍ သူတို့မှာ သူ့စကားအား အမှန်တကယ် မယုံရဲပေ။
ဖက်တီးကျန်းကြီးက စိုးရိမ်တကြီးရှေ့တက်လာပြီး ပိုင်ရှောင်ချန်း၏နဖူးအား စမ်းလိုက်သည်။
" ရှောင်ချန်း၊ မင်းအဆင်ပြေရဲ့လား "
" ကျုပ်က တကယ် နတ်အဆင့်ကျင့်ကြံသူဗျ " ပိုင်ရှောင်ချန်းက ရယ်ရခက် ငိုရခက်နှင့် ပြောလိုက်သည်။
" အာ၊ ရှောင်ချန်း မင်းရှင်းပြဖို့ မလိုပါဘူး။ ငါတို့ မင်းကို ယုံပါတယ် "
ဖက်တီးကျန်းကြီးက စကားလမ်းကြောင်းလွှဲ၍ ပြောလိုက်သည်။
" ေဩာ် ဟုတ်သားပဲ။ ငါတို့ကို လီရှမ်းတောက် လွှတ်ပေးအောင် ဘယ်သူ့ကို မင်း စည်းရုံးလိုက်တာလဲ "
" ဘယ်သူမှ မဟုတ်ဘူး အစ်ကိုကြီး။ ကျုပ်.. "
သို့သော် သူက စကားဆုံးအောင် ပြောမည့်အစား ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်စမ်းသပ်ပွဲများထံမှ ယခုလေးတင် ထွက်လာပြီး သက်တန့်ပေါ်မှ ထွက်ခွာရန်ပြင်နေသည့် ဂိုဏ်းသား ခုနစ်ယောက်၊ ရှစ်ယောက်အဖွဲ့အား မော့ကြည့်လိုက်သည်။
" ဟေး မင်းတို့ ဒီလာပြီး ငါဘယ်သူလဲ ငါ့မိတ်ဆွေတွေကို ပြောလိုက်စမ်းကွာ "
အစပိုင်းတွင် ဂိုဏ်းသားများမှာ အံ့သြသွားသော်လည်း အလျင်အမြန်ပျံသန်းလာပြီး လေးလေးစားစား ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။
" ဂါဝရပြုပါတယ် ခေါင်းဆောင်ကြီးပိုင် "
ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့မှာ ကြက်သေသေသွား၏။ သူတို့သည် ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များ၏ ထိပ်ဆုံး အယောက် ၅၀ ထဲက ဖြစ်သည့် ဂိုဏ်းသားနှစ်ယောက်အား သိထားသည်။ တစ်ယောက်က အဆင့်အရဆိုလျှင် ဆယ်ကျော်သက်များအနက် ထိပ်တန်းလက်ရွေးစင်တစ်ယောက် ဖြစ်သည်။
" ဟမ်..... လျှောက်နောက်မနေနဲ့ ရှောင်ချန်း "
ဖက်တီးကျန်းကြီးမှာ ရင်တဒိန်းဒိန်းခုန်လာလျက် လွှတ်ခနဲ ပြောလိုက်ပါသော်လည်း ၄င်းက အမှန်ဖြစ်ကြောင်း သူ့ကိုယ်သူနားမချနိုင်သေးပေ။ ရွှီပေါက်ချိုင်မှာမူ တဆတ်ဆတ်တုန်ယင်နေပြီး သူ၏မျက်လုံးများထဲတွင် အံ့ဩဘနန်းဖြစ်နေသည့်အရိပ်အယောင်များဖြင့် တောက်ပနေတော့သည်။
" ကျုပ်က တကယ် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဗျ။ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ ခြောက်ယောက်မြောက် နတ်အဆင့်ကျင့်ကြံသူလေဗျာ "
သူတို့အား ယုံကြည်စေရန် အခြားနည်းလမ်းမရှိတော့သည့်အတွက် သူက သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်လိုက်သည်။ အရာအားလုံး တုန်ခါလာပြီး မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းများ လေထဲ ပြည့်နှက်သွားတော့သည်။ တချိန်တည်းမှာပင် ကောင်းကင်ယံတွင် သက်ရှိသက်မဲ့အရာအားလုံးကို ထောင်လွှားမောက်မာစွာ ငုံ့ကြည့်နေသော ပိုင်ရှောင်ချန်း၏ မျက်နှာကြီး ပေါ်ပေါက်လာတာ့သည်။
အပေါ်ထက်မှ ကျရောက်လာသော သူ၏စိတ်ဆန္ဒသည်ကား ကောင်းကင်ဘုံ၏ စိတ်ဆန္ဒအလား။