နေလခင်းကျင်း ဝေဟင်စစ်တလင်း မန္တန်တော်
Vol. 10 Ch. 906
ပိုင်ရှောင်ချန်း၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားများ မြင့်တက်လာနေပြီး အထက်ရှိ မျက်နှာကြီးထံမှ ဖိအားများ ပို၍ပေါ်ထွက်လာတော့သည်။ အနည်းငယ်ကြာသောအခါ သူသည် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ပြန်လည်ရုတ်သိမ်းလိုက်၍ ထိုမျက်နှာကြီး ပျောက်ကွယ်သွားသည်။
" မင်း၊ မင်း.... "
ဖက်တီးကျန်းကြီးမှာ အသက်ပင်ဖြောင့်ဖြောင့် မရှူနိုင်တော့ပဲ သူ၏မျက်နှာ နီမြန်းလာရတော့သည်။ သူ၏မျက်ဝန်းများထဲတွင်လည်း လုံးဝမယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏ဦးခေါင်းကို တစ်စုံတစ်ယောက်က ရိုက်နှက်နေသည့်အလား သူ၏အသိစိတ်များ ချာချာလည်နေ၏။
ရွှီပေါက်ချိုင်၏ အမူအရာမှာလည်း ထိုနည်းတူပင်။ စောစောက ဖြစ်ပျက်သွားခဲ့သည့် အချင်းအရာအားလုံးကို ပြန်တွေးလိုက်သောအခါ ရုတ်တရက် အရာအားလုံးကို အဓိပ္ပါယ်ဆက်စပ်မိသွားတော့သည်။ လီရှမ်းတောက်၏ ရို့ကျိုးမှုများနှင့် လီမျိုးနွယ်စုက သူနှင့် ဖက်တီးကျန်းကြီးတို့အား တော်ဝင်မျိုးနွယ်စုဝင်များအလား ဆက်ဆံခဲ့သည့် အချင်းအရာများအားလုံးမှာ ဂိုဏ်းအတွင်းရှိ ပိုင်ရှောင်ချန်း၏ ရာထူးအာဏာကြောင့် ဖြစ်သည်။
" ပိုင်ရှောင်ချန်းက နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ပဲ "
ဖက်တီးကျန်းကြီးမှာ စိတ်လှုပ်ရှားလွန်းလှသဖြင့် နှလုံးခုန်မြန်လာပြီး မျက်ဝန်းများမှာလည်း စူးရှတောက်ပလာတော့သည်။ ထို့နောက် သူ၏ပေါင်ကို သူ ပြန်ရိုက်လိုက်တော့သည်။
“ ဟားဟားဟား။ အခုကစပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းထဲမှာ ဘယ်သူမှ ငါ့ကို ဇယားလာရှုပ်ရဲမှာ မဟုတ်တော့ဘူးကွ "
ဖက်တီးကျန်းကြီး အလွန်စိတ်လှုပ်ရှားနေသည်ကို ကြည့်၍ ပိုင်ရှောင်ချန်းမှာ ကျေနပ်နေ၏။ သူက ရင်ဘတ်ကို ထုနှက်လိုက်ပြီး ထောက်ခံလိုက်တော့သည်။
" ဟုတ်တာပေါ့။ ဂိုဏ်းထဲက ဘယ်သူကမှ အစ်ကိုကြီးတို့နှစ်ယောက်စလုံးကို ထပ်ပြီးပြဿနာလာရှာရဲမှာ မဟုတ်တော့ဘူး။ "
ရွှီပေါက်ချိုင်မှာလည်း ထိုအချင်းအရာကို နားလည်သဘောပေါက်ပြီးဖြစ်သည်။ ထို့နောက် လွန်ခဲ့သော နှစ်များစွာက သူ သဘောကျခဲ့ပါသော်လည်း သူ့အား အရေးပင်မစိုက်ခဲ့သည့် အမျိုးသမီးကျင့်ကြံသူများအကြောင်းကို သူ ပြန်တွေးမိသွားတော့သည်။ သို့သော် ယခုမှာမူ အခြေအနေများမှာ မတူညီတော့ပေ။
" ခေါင်းဆောင်လေးက အခု နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားပြီဆိုတော့ "
သူသည် စိတ်ထဲတွင် တွေးနေတော့သည်။
" သူနဲ့ငါ အရမ်းရင်းနှီးနေတော့ အဲဒီကောင်မလေးတွေက ငါ့အချစ်ကိုရဖို့ ငါ့တံခါးကို တဒုန်းဒုန်း လာထုနေကြတော့မှာ မြင်ယောင်သေးတယ် "
မကြာခင် သူကြုံတွေ့ရတော့မည့် အခြင်းအရာများကြောင့် သူ၏စိတ်လှုပ်ရှားမှုများမှာ အမြင့်ဆုံးအခြေအနေအထိ ရောက်ရှိသွားတော့သည်။
ဖက်တီးကျန်းကြီး၏ စိတ်နှလုံးမှာမူ ပိုင်ရှောင်ချန်းအတွက် စိတ်လှုပ်ရှားမှုများနှင့် အနာဂတ်အတွက် မျှော်လင့်ချက်များကြောင့် ကဆုန်ပေါက်နေတော့သည်။
သူ၏နောက်တွင် အာဏာရှိသော ကျောထောက်နောက်ခံလူတစ်ယောက် မရှိခဲ့သဖြင့် သူသည် ရှင်းကုံကျစ်တာအိုဂိုဏ်းထဲတွင် အခက်အခဲများကို သည်းညည်းခံခဲ့ရသည်။ သူနှင့် ရွှီပေါက်ချိုင်တို့မှာ ဒေါသများကို မျိုသိပ်ခဲ့ရပြီး ကိစ္စရပ်တိုင်းတွင် သတိကြီးကြီးထား၍ လှုပ်ရှားခဲ့ရ၏။
သို့သော် ယခုတွင် အရာရာတိုင်းမှာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူ၏မိတ်ဆွေအရင်းကြီးမှာ နတ်အဆင့်ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်နေသဖြင့် သူသည် ရှင်းကုံကျစ်တာအိုဂိုဏ်းထဲတွင် ဆန္ဒရှိသည့်အတိုင်း စိတ်လွတ်လက်လွတ် နေထိုင်၍ရပြီဖြစ်သည်။
ထိုသို့ဖြင့် ပိုင်ရှောင်ချန်းသည် ကျေနပ်အားရနေသည့် ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့အား အပြာရောင်သက်တန့်ပေါ်ရှိ သူ၏အင်မော်တယ်ဂူဆီသို့ ခေါ်သွားတော့သည်။ ယခုတွင် သူသည် ဂိုဏ်းအကြီးအကဲတစ်ယောက်နှင့် နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီဖြစ်သောကြောင့် အခြားနတ်အဆင့် ကျင့်ကြံသူများနှင့် တစ်ပုံစံထဲနီးပါး ရှိသော ခြံဝန်းတစ်ခုကို ရရှိထားပြီဖြစ်သည်။
အခြားနတ်အဆင့်ကျင့်ကြံသူများနှင့် မတူညီသည့်တစ်ခုထဲသော အချက်မှာ သူ့မှာ ထိုနေရာတွင်ထားရှိရမည့် မျိုးနွယ်စုတစ်ခု ရှိမနေသည့်အချက်ပင် ဖြစ်သည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့အား သူနှင့်အတူ လာနေရန် ဖိတ်ခေါ်လိုက်တော့သည်။
သူ၏ ခြံဝန်းထဲတွင် မရေမတွက်နိုင်လောက်အောင်များပြားလှသည့် ရင်သပ်ရှုမောဖွယ် အဆောက်အဦများနှင့်အတူ ကောင်းကင်တံတားပင်လယ်မှ အားကောင်းသော စိတ်စွမ်းအင်များ ရှိနေသည်။ ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့မှာမူ စိတ်ကူးယဥ်ကမ္ဘာကြီးထဲတွင် နေထိုင်နေရသကဲ့သို့ ဖြစ်နေတော့သည်။
" ရှောင်ချန်းရေ ငါဆုံးဖြတ်ချက် ချပြီးသွားပြီ။ " ဖက်တီးကျန်းကြီးက ဆိုလိုက်သည်။
" ရှင်းကုံကျစ်တာအိုဂိုဏ်းထဲမှာ ငါတို့ရဲ့ကိုယ်ပိုင် အင်အားကြီးအဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့လိုတယ်။ အခြားနတ်အဆင့်ကျင့်ကြံသူ ငါးယောက်စလုံးက သူတို့အတွက် အလုပ်လုပ်ပေးနေတဲ့ အင်အားကြီး ကျင့်ကြံသူတွေအများကြီး ပိုင်ဆိုင်ထားကြတာ။ ငါတို့လည်း အဲဒီလိုဖြစ်ဖို့လိုတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုံးက ငါလူအများကြီးနဲ့ သိကျွမ်းခဲ့တာဆိုတော့ ရွေးချယ်စရာလူအများကြီး ရှိပါတယ် "
" ဟုတ်တယ် "
ရွှီပေါက်ချိုင်ကပါ ဝင်ထောက်ခံလိုက်သည်။
" ဂိုဏ်းထဲမှာ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ခွင့် မရသေးတဲ့ ဂိုဏ်းသားတွေမှ အများကြီးပဲ။ အခု ခေါင်းဆောင်လေးက နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားပြီဆိုတော့ သူတို့ကို ဂုဏ်အရှိန်အဝါ ဆွတ်ခူးနိုင်မဲ့ အခွင့်အရေးတွေ ပေးဖို့ အခွင့်ကောင်းပဲ။ "
ထိုသို့ဆိုကာ သူ့ ဝတ်ရုံ၏ ခေါက်ရိုးထဲမှ မှတ်စုစာအုပ်လေးတစ်အုပ်ကို ထုတ်လိုက်ပြီး အင်အားစုဆောင်းနိုင်မည့် လူများကိုရှာဖွေရန် ၎င်းစာအုပ်ကို တဖျတ်ဖျတ်လှန်နေတော့သည်။
ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့၏ စိတ်အားထက်သန်မှုများကို ကြည့်၍ ပိုင်ရှောင်ချန်းမှာ အလွန်ကျေနပ်နေ၏။ အနည်းငယ်တွေးတောလိုက်ပြီးနောက် သူတို့၏ အကြံမှာ မှန်ကန်ကြောင်း သူက ဆုံးဖြတ်လိုက်သည်။ ဗဟိုဧကရာဇ်မြို့တော်ရှိ သူ၏ အလောင်းတပ်သားများကို သူ လွမ်းစပြုနေပြီ မဟုတ်ပါလော။ ထို့ကြောင့် သူသည် ချက်ချင်းပင် ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့အား အဖွဲ့အစည်းတစ်ခုတည်ထောင်ဖို့ရာအတွက် လိုအပ်သည့် လူသူများစုဆောင်းနိုင်ရန် လုပ်ပိုင်ခွင့်ပေးလိုက်တော့သည်။
ရွှီပေါက်ချိုင်၏ တောင်းဆိုမှုကြောင့် သူသည် ဓမ္မအမိန့်တော်တစ်ခုကိုပင် ထုတ်၍ သူတို့နှစ်ယောက်အား တရားဝင်လုပ်ပိုင်ခွင့် အပ်နှင်းလိုက်တော့သည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် ဓမ္မအမိန့်တော်ကို ဆုပ်ကိုင်၍ ထွက်ခွာသွားကြတော့သည်။ သူတို့သည် ကြွားဝါနိုင်ရန်နှင့် သူတို့၏ရန်သူများကို နှောင့်ယှက်နိုင်ရန်အတွက် လူသူများစုစည်းဖို့ရာ ဂိုဏ်းထဲရှိ သူတို့၏ အချိတ်အဆက်များနှင့် ဆက်သွယ်နိုင်ရန် စိတ်အားထက်သန်နေကြတော့သည်။
တရားဝင် ဓမ္မအမိန့်တော်တစ်ခုကိုသာ ပိုင်ဆိုင်ထားပါက အကန့်အသတ်မရှိလောက်အောင် အာဏာရှိနေပြီမဟုတ်လော။
ပိုင်ရှောင်ချန်းမှာ သူ၏မိတ်ဆွေများကို ကယ်တင်ပြီးသွားပြီဖြစ်သဖြင့် နောက်ဆုံးတွင် အနားယူနိုင်ပြီဖြစ်သည်။ သူ ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည့် လုပ်ငန်းအများစုမှာ ပြီးမြောက်သွားပြီဖြစ်သည်။
ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့မှာ ဂိုဏ်းအတွင်း အင်အားစုဆောင်းရန် တာဝန်ယူထားကြသဖြင့် သူသည် အနားယူကာ သူ၏ ကျင့်ကြံခြင်းကို အာရုံစိုက်နိုင်ပြီဖြစ်သည်။
" ငါ ထာဝရသွေးကို ဆက်ပြီးကြိုးစားကျင့်ကြံဖို့လိုတယ်။ ဒါပေမဲ့ သက်စောင့်အား အများကြီးလိုမှာကွ။ အခု ငါက နတ်အဆင့်ခေါင်းဆောင်ကြီးတစ်ယောက် ဖြစ်နေပြီဆိုတော့ အဲဒီကိစ္စက သိပ်တော့မခက်ခဲလောက်တော့ပါဘူး။ ဒါပေမဲ့ နတ်အဆင့် သိုင်းကွက်တစ်ကွက်ကတော့ လိုနေတုံးပဲကွ "
အနည်းငယ် တွေးတောလိုက်ပြီးနောက် သူသည် မတ်တတ်ထရပ်လိုက်ပြီး ပျောက်ကွယ်သွားတော့သည်။ ထို့နောက် အပြာရောင်သက်တန့်ပေါ်ရှိ လေထဲသို့ ပျံတက်နေသည့် ခုနစ်ထပ်ရှိသောစေတီတော်ကြီးတစ်ဆူ တည်ထားသော အလယ်ပိုင်းနေရာတစ်ခုတွင် ပြန်ပေါ်လာတော့သည်။
၎င်းကို ရှင်းကုံအဆောင်ဟုခေါ်ပြီး ဂိုဏ်း၏အမွေအနှစ်များစွာကို လုံခြုံစွာ သိုလှောင်ထားသည့် နေရာတစ်ခုဖြစ်သည်။ ထိုနေရာတွင် နတ်ဘုရားစွမ်းရည်နှင့် မှော်အတတ် အနည်းငယ်ကို သိမ်းဆည်းထားသည်။ နတ်အဆင့် တာအိုမှော်အတတ်များကိုမူ သတ္တမမြောက်အထပ်တွင် သီးသန့် သိမ်းဆည်းထားသည်။
သာမန်ကျင့်ကြံသူတစ်ယောက်သည် အဆင့်မြင့်ကျင့်ကြံခြင်းအခြေခံတစ်ခုနှင့် စွမ်းဆောင်မှုရမှတ် အမြောက်အမြား ပိုင်ဆိုင်ထားပါက ပထမခြောက်ထပ်သို့ ဝင်ရောက်ခွင့်ရှိသည်။
သို့သော် ပိုင်ရှောင်ချန်းမှာ ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက် ဖြစ်နေသည့်အတွက် ရှင်းကုံအဆောင်တစ်ခုလုံးရှိ နေရာတိုင်းသို့ ဝင်ရောက်ခွင့်ရှိသည်။ ဂိုဏ်းထဲတွင် ထိုသို့ဝင်ရောက်ခွင့်ရှိသူများမှာ သူအပါအဝင် ခုနစ်ယောက်သာရှိသည်။ နတ်အဆင့်ကျင့်ကြံသူများနှင့် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးတို့ပင် ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ စေတီတော်ကြီး၏ သတ္တမမြောက်အထပ်တွင် ပေါ်ထွက်လာ၏။ ထိုအထပ်တွင် ရှိနေသည့် တစ်ခုတည်းသောအရာမှာ ရိုးရှင်းလွန်းလှသည့် သာမန်စားပွဲတစ်လုံးဖြစ်ပြီး ထိုစားပွဲ၏အလယ်တွင် ရှေးဟောင်း ဝါးပေလွှာကိုးခု တင်ထားသည်။
၎င်းပေလွှာများမှာ နှစ်ပေါင်း မရေမတွက်နိုင်လောက်အောင် သက်တမ်းရှိနေကြပြီဖြစ်သည့် ပစ္စည်းများဖြစ်ပြီး ၎င်းတို့အားလုံး၏ မျက်နှာပြင်များပေါ်တွင် အက်ကွဲကြောင်းများ ဖုံးလွှမ်းနေသည်။ ၎င်းပေလွှာအားလုံးမှာ မူရင်းများဖြစ်ကြပြီး ပုံတူကူးယူထားသည့် စာမူများ လုံးဝမဟုတ်ကြပေ။
ထိုဝါးပေလွှာကိုးခုကို ဝန်းရံနေသည်မှာ စက်ဝိုင်းပုံသဏ္ဍာန် စီရီထားသည့် ကျောက်စိမ်းပေလွှာများပါရှိသော လက်စွပ်သုံးကွင်းဖြစ်သည်။ ထိုပေလွှာများထဲတွင် မတူညီသော သိုင်းကွက်အမျိုးမျိုး ရှိသည်။ ထိုကျောက်စိမ်းပေလွှာများမှာ ဝါးပေလွှာများထက် အဆင့််နိမ့်နေပြီး ပြီးပြည့်စုံမှုမရှိသော သိုင်းကွက်များ ပါရှိနေသည်ဆိုသည့် အချက်မှာ အထင်အရှားပင်။
သူ၏ နတ်ဘုရားအာရုံများကို စေလွှတ်လိုက်ပြီး ထိုပေလွှာများကို စစ်ဆေးကြည့်လိုက်သောအခါ တွေ့ရှိလိုက်ရသောအချက်ကြောင့် အံ့အားသင့်သွားရသည်။
" အဲဒါတွေအားလုံးက နတ်အဆင့် တာအိုမှော်အတတ်တွေလား "
အဏ္ဏဝါခေါ်သံဂိုဏ်းတွင်မူ ပြီးပြည့်စုံမှုမရှိသေးသည့် နတ်အဆင့် တာအိုမှော်အတတ် နှစ်ခုသာ ရှိခဲ့သည်။
သို့သော် ရှင်းကုံကျစ်တာအိုဂိုဏ်းကမူ များစွာပိုင်ဆိုင်ထားသည်။ ဤဂိုဏ်း၏ လျှို့ဝှက်ရတနာပမာဏမှာ မည်သည့်အဆင့်ထိရှိနေနိုင်ကြောင်းကို ပိုင်ရှောင်ချန်းက ပို၍ ရှင်းရှင်းလင်းလင်း နားလည်စပြုလာတော့သည်။
ထိုသိုင်းကွက်များအားလုံး၏ အခြေခံအကြောင်းများကို သိရှိနိုင်ရန် နတ်ဘုရားအာရုံများဖြင့် စစ်ဆေးကြည့်ရှုပြီးသောအခါ ဝါးပေလွှာကိုးခုမှာ သိုင်းကွက်များအားလုံးထဲတွင် အပြီးပြည့်စုံဆုံးသော သိုင်းကွက်များဖြစ်သည်ဟု သူ ယူဆခဲ့သည်မှာ မှန်ကန်ကြောင်းသိလိုက်ရသည်။ လီရှမ်းတောက်၏ ဓားသိုင်းကွက်၊ ချိန်ဟဲ့ထျန်၏ မိစ္ဆာအတတ်နှင့် ပိုင်ကျိမ်းထျန်၏ အာကာသ စစ်တုရင်ခုံကြီးတို့ကို သူတွေ့ရှိခဲ့သည်။
သိုင်းကွက်တစ်ခုကို မရွေးချယ်ရသေးပါက ၎င်း၏ အခြေခံဖော်ပြချက်ကိုသာ မြင်နိုင်သည်ဖြစ်ပြီး အရေးကြီးသော အသေးစိတ်အချက်အလက်များကိုမူ တွေ့နိုင်မည်မဟုတ်ပေ။
ကျောက်စိမ်းပေလွှာများပါသည့် လက်စွပ်သုံးကွင်းထဲတွင်မူ ပြီးပြည့်စုံမှုမရှိသော သိုင်းကွက်များသာပါရှိပြီး အပြင်ဘက်အကျဆုံးလက်စွပ်မှာ ပြီးပြည့်စုံမှုအနည်းဆုံးသော သိုင်းကွက်များဖြစ်သည်။ ထိုထဲမှ သိုင်းကွက်အချို့ကို ရှင်းမြစ်ခေါင်းဆောင်ကြီး၊ တာအိုမြစ်ခေါင်းဆောင်ကြီးနှင့် ကျစ်မြစ်ခေါင်းဆောင်ကြီးတို့ အသုံးပြုခဲ့ကြောင်း သူမှတ်မိလိုက်သည်။ သူယခင်က လုံးဝမကြားဖူးသည့် သိုင်းကွက်အချို့လည်း ရှိသေးသည်။
" စားပွဲရဲ့ အလယ်ကဟာတွေက အကောင်းဆုံးတွေပဲ "
သူက မျက်မှောင်ကြုတ်၍ တွေးလိုက်သည်။ ဝါးပေလွှာကိုးခုကို စိုက်ကြည့်လိုက်ပြီးနောက် ၎င်းတို့မှာ မည်မျှပင် ပြီးပြည့်စုံနေစေကာမူ သူ ယခုအချိန်အထိ ကျင့်ကြံခဲ့သည့် သိုင်းကွက်များနှင့် လုံးဝတူညီမှုမရှိသော အမျိုးအစားများ ဖြစ်နေကြောင်း သိလိုက်ရသည်။ ၎င်းတို့မှာ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အဓိက နတ်အဆင့် တာအိုမှော်အတတ်များဖြစ်ကြပြီး ၎င်းတို့ကို ကျင့်ကြံလိုပါက လိုအပ်သော အခြေခံတစ်ခုကို ပိုင်ဆိုင်ထားရမည်ဖြစ်သည်။
" အမြုတေအဆင့်တုံးက ငါက ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်တော်ကို ကျင့်ကြံခဲ့တာ။ မြေရိုင်းဒေသထဲမှာတုံးက စိတ်စွမ်းအင်အဆင့်မြှင့်တင့်တဲ့ အတတ်ကိုသုံးခဲ့ပြီး ယင်ယန်ဝိညာဥ်အဆင့်ကိုရောက်ခဲ့လို့ ထူးခြားတဲ့ သိုင်းကွက်တစ်ကွက်ကို မရခဲ့ဘူး။ အခု ငါက နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီဆိုတော့ ငါနဲ့သင့်တော်တဲ့ တာအိုမှော်အတတ်တစ်ခုကို ရရှိဖို့ အရမ်းအရေးကြီးတယ်။ "
သူက ထပ်၍တွေးတောချင့်ချိန်လိုက်ပြီးနောက် ရွေးချယ်နိုင်သော သိုင်းကွက်များကို စစ်ဆေးလိုက်ပြီး အပြင်ဘက်အကျဆုံးလက်စွပ်ထဲတွင် သူ၏အာရုံကို ဖမ်းစားနိုင်သည့် အရာတစ်ခုကို ရှာတွေ့လိုက်သည်။ ၎င်း၏ တစ်ခုထဲသော အားနည်းချက်မှာ ပြီးပြည့်စုံမှု လုံးဝနီးပါး ရှိမနေသည့် အချက်ပင်။
၎င်း၏နာမည်မှာ နေလခင်းကျင်း ဝေဟင်စစ်တလင်း မန္တန်တော် ဖြစ်သည်။
၎င်း၏အံ့အားသင့်ဖွယ် နာမည်အတိုင်း ၎င်းကိုကျင့်ကြံပါက ကောင်းကင်ယံထဲတွင် နေလုံးတစ်လုံးနှင့် လမင်းတစ်စင်းကို ထပ်၍ ဖန်တီးနိုင်မည်ဖြစ်သည်။
၎င်းအတတ်မှာ ရှေးဟောင်း ဗဟိုဧကရာဇ်မင်းဆက်မှ ဆင်းသက်လာဟန်တူသည်။ ၎င်းကိုရှာဖွေတွေ့ရှိခဲ့စဥ်က ပြီးပြည့်စုံမှု မရှိခဲ့သလို ၎င်း၏မူလဇာတ်မြစ်ကိုလည်း အဖြေမထုတ်နိုင်ခဲ့ပေ။ သို့သော် လေ့လာဆန်းစစ်မှုများစွာပြုလုပ်ပြီးနောက်တွင် ၎င်းအတတ်ကို အဆင့်ကိုးအထိကျင့်ကြံနိုင်ပါက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ဖောက်ထွက်နိုင်မည်ဖြစ်ပြီး နေလုံးများနှင့် လမင်းများကို ဝါးမျိုနိုင်စွမ်းရှိသွားမည်ဟု ဖော်ပြထားသည်။
" ဒီ နေလခင်းကျင်း ဝေဟင်စစ်တလင်း မန္တန်တော်က အဆင့်သုံးဆင့်ပဲရှိနေတာ ဆိုးတာပဲ။ အဲဒါဆို ငါက အလယ်ပိုင်းနတ်အဆင့်လောက်အထိပဲ ရောက်မှာ။ ကျန်တဲ့ အဆင့်တွေက အချိန်ရဲ့တိုက်စားမှုကြောင့် ပျောက်ဆုံးသွားတဲ့ပုံပဲ "
ပိုင်ရှောင်ချန်းမှာ မည်သို့ဆက်လုပ်ရမည်ကို တွေးတောရင်း ဝေခွဲမရ ဖြစ်နေတော့သည်။