စူဠလိပ် ေရထဲ လွှတ်လိုက်သည့်အလား
Vol. 10 Ch. 907
ထိုကျောက်စိမ်းပေလွှာပေါ်တွင် ယခင်က နေလခင်းကျင်း ကောင်းကင်စစ်တလင်း မန္တန်တော်ကို ကျင့်ကြံခဲ့ကြပြီး ယခုအခါ အသက်မရှိတော့ပြီဖြစ်သည့် နတ်အဆင့်ခေါင်းဆောင်ကြီးသုံးယောက်၏ အချက်အလက်များကိုလည်း ရေးထိုးထားသည်။
ထိုအချက်အလက်များထဲတွင် ထိုခေါင်းဆောင်ကြီးသုံးယောက်၏ ဉာဏ်အလင်းပွင့်မှုများနှင့် အကြံပြုချက်များလည်း အနည်းငယ်ပါဝင်နေသည်။ ၎င်းအချက်အလက်အများစုမှာ ဤအတတ်၏ ပြီးပြည့်စုံမှုမရှိခြင်းကို နောင်တရခဲ့ကြောင်း ဖော်ပြချက်များဖြစ်သည်။ ထိုသုံးယောက်ထဲမှ တစ်ယောက်ဆိုလျှင် ဤအတတ်သာ ပြီးပြည့်စုံနေပါက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ဖောက်ထွက်ပြီးသည့်အချိန်မှာပင် စွမ်းအားကြီးမားနေဦးမည်ဟု ဆိုစမှတ်ပြုခဲ့သည်။
ထိုအတတ်မှာ အလွန်တန်ခိုးအရှိန်အဝါကြီးမားသည့် အတတ်တစ်ခုဖြစ်ပြီး အခြားသာမန်နတ်အဆင့် တာအိုမှော်အတတ်များနှင့် လုံးဝမတူညီပေ။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စိတ်စွမ်းအင်ကို သန့်စင်ပြီးလျှင် မိမိ၏ ခန္ဓာကိုယ်ထဲတွင် နေလုံးတစ်လုံးနှင့် လမင်းတစ်စင်းကို ဖန်တီးနိုင်မည်ဖြစ်သည်။ ထို ဂြိုဟ်နှစ်လုံး အပြင်သို့ထွက်လာသည့်အချိန်တွင် ကောင်းကင်ယံထဲရှိ စစ်မှန်သော ဒုတိယမြောက် နေမင်းနှင့် လမင်းအဖြစ် ရောက်သွားမည်ဖြစ်၏။
ထိုစွမ်းအားအဆင့်မှာ တွေးတောပုံဖော်ကြည့်ရန် မဖြစ်နိုင်လောက်အောင်ပင် တုန်လှုပ်ဖွယ် ကောင်းလှသည်။ ထို့အပြင် ထိုအတတ်သည် အခြား မည်သည့်အခြေခံကိုမှမလိုအပ်ပဲ နတ်အဆင့်ကျင့်ကြံခြင်းအခြေခံတစ်ခုကိုသာ လိုအပ်သည်။ ၎င်းအတတ်တွင် အကွက်ကွဲခွဲပေါင်းများစွာ ရှိနေသဖြင့် အခြားမည်သည့် သိုင်းကွက်နှင့်မဆို ပေါင်းစည်း၍ အသုံးပြုနိုင်သေးသည်။
တစ်ခုထဲသော အားနည်းချက်မှာ ၎င်းသည် ပထမအဆင့်သုံးဆင့်အထိသာ ရှိနေခြင်းပင်ဖြစ်သည်။ ထို့အပြင် တတိယမြောက်အဆင့်ကို ယခင်ခေါင်းဆောင်ကြီးက ထည့်သွင်းခဲ့သည်ဖြစ်ရာ ၎င်းသည် ဆင့်ပွားအတတ်တစ်ခုသာ ဖြစ်ပြီး မူရင်းအစစ်အမှန် မဟုတ်ပေ။ ထိုအတတ်တစ်ခုလုံးတွင် ဒုတိယအဆင့်သာလျှင် အမြင့်မားဆုံးသောအဆင့် အစစ်အမှန်ဖြစ်သည်။
ထိုအတတ်ကို ကျင့်ကြံသူတိုင်း အလယ်ပိုင်း နတ်အဆင့်သို့ရောက်ရှိသွားလျှင် အခြားခေါင်းဆောင်ကြီး သုံးယောက်နောက်ဆုံးတွင်လုပ်ခဲ့ရသည့်အတိုင်း အခြားအတတ်တစ်ခုကို ပြောင်း၍ ကျင့်ကြံရမည်ဖြစ်၏။
" တခြား ဘယ်အတတ်ကမှ ငါနဲ့မကိုက်ဘူးဆိုတော့ ဒီဟာကိုပဲ ရွေးလိုက်တာကောင်းပါတယ်။ အချိန်အတိုင်းအတာ တစ်ခုအထိပဲ ကျင့်ကြံလို့ရမှာဆိုပေမဲ့ ငါတပည့်က ငရဲဧကရာဇ်ဖြစ်နေပြီး တုဖက်ကင်းလောက်အောင် ဉာဏ်ပညာကြီးမားတဲ့လူတစ်ယောက်ဆိုတော့ နောက်ထပ် အဆင့်တွေကို ငါ့နည်းငါ့ဟန်နဲ့ ဆက်ကျင့်လို့ ရရင်ရမှာပါ "
သူသည် အနည်းငယ်ထပ်၍ တွေးတောလိုက်ပြီး အံကြိတ်၍ နေလခင်းကျင်း ကောင်းကင်စစ်တလင်း မန္တန်တော်ကို ယူလိုက်ပြီး ရှင်းကုံအဆောင်မှ ထွက်လာတော့သည်။
အနည်းငယ်အကြာတွင် သူသည် သူ၏ခြံဝန်းထဲတွင် ပြန်ပေါ်လာပြီးနောက် တံခါးပိတ်ကျင့်စဥ်စတင်လိုက်ပြီး သိုင်းကွက်အသစ်ကို စိတ်နှစ်၍ လေ့လာလိုက်တော့သည်။ ၎င်းအတတ်ကို သူလေ့လာမိသည်နှင့်အမျှ ၎င်းမှာ အမှန်တကယ် အံ့အားသင့်ဖွယ်ကောင်းကြောင်း ပို၍နားလည်သဘောပေါက်လာတော့သည်။
" ဒီအတတ်ကို နေလခင်းကျင်း ကောင်းကင်စစ်တလင်း မန္တန်တော်လို့ မခေါ်သင့်ဘူး။ တန်ခိုးထွန်းလင်း နေလနှစ်စင်း မန္တန် လို့ ခေါ်သင့်တာ "
" ပထမဆုံး သုံးဆင့်က ခန္ဓာကိုယ်ထဲမှာ လတစ်စင်းကို ဆင့်ခေါ်ဖို့ ရည်ရွယ်ထားတာ။ အဆင့်သုံးရောက်ပြီဆိုရင် အဲဒီလမင်းက ကမ္ဘာထဲကိုထွက်လာပြီး ကောင်းကင်ယံပေါ် ရောက်သွားမှာပဲ "
" အခုမရှိတဲ့ အလယ်အဆင့်တွေက နေလုံးတစ်လုံးကို ဆင့်ခေါ်ဖို့အတွက်ပဲ "
" ငါသိသလောက်ဆိုရင်တော့ နောက်ဆုံး အဆင့်သုံးဆင့်က နေမင်းနဲ့လမင်း နှစ်မျိုးစလုံးကို အပြင်ကိုထုတ်ပြီး သူတို့ဆီကနေရတဲ့ အလင်းရောင်နဲ့ သက်ရှိအရာအားလုံးကို အလင်းရောင်ပေးဖို့ပဲ ဖြစ်ရမယ်။ "
ထိုသို့တွေးတောကာ သူသည်သက်ပြင်းချလိုက်ပြီး ပထမအဆင့်ကို ကျင့်ကြံရန် အားထုတ်လိုက်တော့သည်။
ထာဝရသွေးစက်ကို ကျင့်ကြံရန်အတွက် လိုအပ်သော သက်စောင့်အားများအတွက်မူ ယခုတွင် သူသည် ဂိုဏ်းထဲရှိ မြင့်မားသောရာထူးအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားပြီဖြစ်၍ သက်စောင့်အားများပါရှိသည့် အပင်နှင့်အသီးအရွက် အမြောက်အများကို တောင်းဆိုရသည်မှာ ပို၍လွယ်ကူသွားပြီ ဖြစ်သည်။
ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက် အနေနှင့် သမားတော်များကို ဂိုဏ်းတာဝန်များချမှတ်၍ သူ့အတွက် ဆေးဖော်စပ်ခိုင်းရန် အမိန့်ပေးနေနိုင်ပြီဖြစ်သည်။
အခြားလူများ ဖော်စပ်သည့် ဆေးဝါးများမှာ အရည်အသွေးနိမ့်နေနိုင်သည်ဟု သူက တွေးမိပါသော်လည်း အနည်းငယ် ချင့်ချိန်တွေးတော သုံးသပ်လိုက်ပြီးနောက် သက်ပြင်းချကာ ခေါင်းယမ်းလိုက်တော့သည်။
" ငါကိုယ်တိုင် ဆေးဖော်စပ်လို့ မဖြစ်ဘူး။ ငါဆေးဖော်တိုင်း မတော်တဆတွေက ဖြစ်နေကျ။ အခု နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးက ငါ့အထက်မှာ ရှိနေပြီဆိုတော့ ငါသာ ပြဿနာအကြီးကြီးရှာမိရင် ခေါင်းခဲစရာတွေ ဖြစ်ကုန်လိမ့်မယ် "
သူသည် နောင်တအနည်းငယ်ရလျက် အဆင့်နိမ့် ဂိုဏ်းသားများအား သူ့အစား ဆေးဖော်စပ်ခိုင်းလိုက်တော့သည်။ ၎င်း၏ အားသာချက်တစ်ခုမှာ ဆေးလုံးအမြောက်မြားရရှိသဖြင့် သူ၏ထာဝရသွေးစက်မှာ အရှိန်အဟုန်ပြင်းစွာ တိုးတက်သွားခြင်းပင်။
သူ ကိုယ်တိုင် ဆေးမဖော်စပ်ရသည့်အတွက် ဖြစ်ပေါ်လာသည့်နောင်တများကိုမူ နှလုံးသား၏ နက်ရှိုင်းသော တစ်နေရာတွင်သာ သိမ်းဆည်းထားလိုက်ရတော့သည်။
မျက်စိတစ်မှိတ်အတွင်း သုံးလတိတိ ကုန်ဆုံးသွားသည်။
ထိုအတောအတွင်း ပိုင်ရှောင်ချန်းသည် သူ၏ထာဝရသွေးစက်နှင့် နေလခင်းကျင်း ကောင်းကင်စစ်တလင်း မန္တန်တော်ကိုသာ အာရုံစိုက်၍ ကျင့်ကြံနေခဲ့၏။ ထိုသို့ကျင့်ကြံရင်း ဂိုဏ်းထဲတွင် အမြင့်မားဆုံးသော ရာထူးတစ်ခုကို ပိုင်ဆိုင်ထားရသည့် အရသာနှင့် ကျင့်ကြံခြင်း အထောက်အပံ့ပစ္စည်း အမြောက်အမြား အသုံးပြုခွင့်ရှိသည့်ဘဝကို သူ နားလည်စပြုလာတော့သည်။
ယခု သူ သုံးစွဲနေသည့် အထောက်အပံ့ပစ္စည်းများမှာ များပြားလွန်းလှ၍ အကယ်၍ သူသာ အဏ္ဏဝါခေါ်သံဂိုဏ်းတွင်သာ ရှိနေခဲ့ပါက ၎င်းတို့၏ ရင်းမြစ်ပစ္စည်းများမှာ ခန်းခြောက်သွားမည်သာဖြစ်သည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းအတွက်မူ ထိုမျှလောက်သော ရင်းမြစ်ပစ္စည်းပမာဏမှာ ပမွှားလောက်သာ ရှိနေသည်။
မဟာတံတိုင်းကြီး မပြိုလဲခဲ့စဥ်က ၎င်းတံတိုင်းကြီးမှ အစောင့်များကို ထောက်ပံ့ရာတွင် သုံးရသည့် အထောက်အပံ့ပစ္စည်းများမှာ ပိုင်ရှောင်ချန်း မယှဥ်နိုင်လောက်အောင်ကိုပင် များပြားလှသည်။ ထိုသို့သော အကုန်အကျပမာဏပင်လျှင် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ နှစ်ထောင်သောင်းများစွာ စုဆောင်းထားခဲ့သည့် ရင်းမြစ်ပစ္စည်းများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ခဲ့ပေ။
ပိုင်ရှောင်ချန်း ထပ်၍သိရှိခဲ့ရသည့် အခြားတစ်ချက်မှာ ချမ်းသာကြွယ်ဝမှုအရဆိုပါက မြေရိုင်းဒေသရှိ ကောင်းကင်ဘုရင်လေးပါးသည် ကောင်းကင်တံတားဒေသရှိ မြစ်ဝဂိုဏ်းများ၏ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးများကို လုံးဝမယှဥ်နိုင်သည့် အချက်ပင်။
မြစ်ဝဂိုဏ်းများရှိ ရင်းမြစ်ပစ္စည်းများမှာ ကောင်းကင်ဘုရင်များထက် များစွာသာလွန်နေသည်။ ကောင်းကင်တံတားမြစ်ဒေသတွင်လည်း အားနည်းချက် မရှိသည်တော့ မဟုတ်ပေ။ ကောင်းကင်တံတားမြစ်ဒေသ မပိုင်ဆိုင်ထားပါသော်လည်း မြေရိုင်းဒေသ၏ လက်ဝယ်တွင် ရှိနေသည့် အရာတစ်ခုရှိသည်။
၎င်းမှာ တိုက်ခိုက်လိုစိတ်နှင့် ရဲစွမ်းသတ္တိများပင် ဖြစ်သည်။
မြေရိုင်းဒေသထဲတွင် ဝိညာဥ်ကျင့်ကြံသူများမှာ ခက်ခဲကြမ်းတမ်းသော ဘဝများကို ရှင်သန်နေထိုင်ကြရသည်။ ၎င်းတို့နှင့်ဆန့်ကျင်ဘက်အလား ကောင်းကင်တံတားဒေသကျင့်ကြံသူများမှာမူ ဥယျာဥ်လေးထဲမှ ပန်းပွင့်များနှင့် တူနေသည်။ ရဲစွမ်းသတ္တိဖြစ်စေ၊ အိပ်မက်ပန်းတိုင်များဖြစ်စေ သူတို့မှာ မြေရိုင်းသားများကို လုံးဝမမှီပေ။
၎င်းအကြောင်းအရင်းကြောင့် နှစ်ဖက်စလုံးမှာ နှစ်ပေါင်းကြာမြင့်စွာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာသည့် အခြေအနေထဲသို့ ရောက်နေရခြင်း ဖြစ်နိုင်သည်။ ယခုတွင် မဟာတံတိုင်းကြီးက ပြိုလဲသွားပြီဖြစ်ရာ မည်သည့်ဖက်က အသာစီးရသွားလိမ့်မည်ဟု အတိအကျဆိုရန်မှာ ခဲယဥ်းလှသည်။
ထိုကိစ္စအကြောင်းကို ခေတ္တမျှတွေးတောလျှင်ပင် ခေါင်းအကြီးကြီးခဲရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုအကြောင်းကိုမေ့လိုက်ပြီး ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်လိုက်သည်။
ထိုသုံးလအတွင်း ဖြစ်ပျက်သွားခဲ့သည့် အခြားဖြစ်ရပ်တစ်ခုမှာ သူ၏အဖွဲ့အစည်းက တုန်လှုပ်ဖွယ် အမြန်နှုန်းဖြင့် ကြီးထွားလာခြင်းပင်ဖြစ်သည်။
ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့မှာ ဂိုဏ်းတွင်နေထိုင်ခဲ့သည့် နှစ်ပေါင်းများစွာကို အလဟဿ မဖြစ်စေခဲ့ပေ။ ပြီးခဲ့သည့်နှစ်များတွင် သူတို့သည် သတိကြီးကြီးထား၍ လှုပ်ရှားဆောင်ရွက်ခဲ့ရပါသော်လည်း အလွန်ကြိုးစားကာ အဆက်အသွယ်ကွန်ယက်များကို ဖြန့်ကျက်နိုင်ခဲ့သည်။
မကြာမီ သူတို့သည် ယခင်က နာမည်ကြီးနိုင်သည့် အခွင့်အရေးတစ်ခုတစ်လေပင် လုံးဝမရရှိခဲ့သည့် ဂိုဏ်းသားအုပ်စုတစ်စုကို စုစည်းနိုင်ခဲ့သည်။ သူတို့မှာ ယခုပိုင်ရှောင်ချန်းက ဂိုဏ်းစောင့်အကြီးအကဲ တစ်ယောက်ဖြစ်သွားချိန်တွင် သူ့အဖွဲ့အစည်း၏ ပင်မကျောရိုးအဖြစ် ထမ်းရွက်မည့်လူများဖြစ်လာသည်။
ထိုလူများထဲတွင် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူ ကိုးယောက်တိတိ ပါရှိပြီး ထိုကိုးယောက်ထဲမှ တစ်ယောက်မှာ ဖုန်းယွမ်ဒဲ့ ဖြစ်သည်။
အမြုတေအဆင့်နှင့် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူအမြောက်အများသည်လည်း ထပ်၍ရှိသေးသည်ဖြစ်ပြီး အားလုံးပေါင်းလိုက်ပါက သူတို့၏အုပ်စုကြီးမှာ အင်အားကြီးမားလွန်းလှသည်။ ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့မှာ ကုံမြို့တော်တွင် ရှိခဲ့စဥ်က အတွေ့အကြုံများစွာ စုစည်းနိုင်ခဲ့သည်မဟုတ်ပါလော။ ထိုအတွေ့အကြုံများကို အသုံးချကာ သူတို့၏ အဖွဲ့အစည်းများကို လျင်မြန်စွာ အင်အားကြီးလာစေရန် ဆောင်ရွက်နေသည်။
လီရှမ်းတောက်ကလည်း သူကတိပေးခဲ့သည့် နစ်နာကြေးကို မပျက်မကွက် ပေးလေသည်။ အစတွင် သူသည် တိုးတိုးတိတ်တိတ် ဆောင်ရွက်ရန်စီစဥ်ထားပါသော်လည်း အမှန်အတိုင်း သိရှိသွားပြီးနောက် အကယ်၍သူသာ ပြတ်ပြတ်သားသား မဆုံးဖြတ်ပါက သူ တည်ဆောက်ထားခဲ့ရသည့် ယုံကြည်မှုမှာ ပျက်စီးသွားမည်ဖြစ်ပြီး သူနှင့်ပိုင်ရှောင်ချန်းတို့အကြားရှိ ဆက်ဆံရေးမှာလည်း ပြုပြင်၍မရနိုင်လောက်အောင် ပျက်ပြားသွားမည်ဖြစ်ကြောင်း သူကသိလိုက်သည်။
နတ်အဆင့်ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်သည့်အတွက် သူ၏အောက်တွင် မျိုးဆက်များစွာရှိနေသည်ဖြစ်ရာ သူသည် ကြောက်မက်ဖွယ် ပြတ်သားမှုမျိုးဖြင့် ဆောင်ရွက်လိုက်တော့သည်။ ပထမဆုံး သူလုပ်လိုက်သည့်အရာမှာ မူလတရားခံဖြစ်သော ယင်ယန်ဝိညာဥ်အဆင့် ခေါင်းဆောင်ကြီး၏ ဦးခေါင်းကို ပေးပို့လိုက်ခြင်းပင်။
ထို့နောက် သူသည် လီယွမ်ရှန်၏ ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးလိုက်ပြီး သူ့အား ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့ကို ချုပ်နှောင်ထားခဲ့သည့် ထောင်ခန်းထဲတွင် ပြန်၍ ချုပ်နှောင်လိုက်တော့သည်။ ထိုကိစ္စနှင့် ပတ်သတ်၍ ပိုင်ရှောင်ချန်းမှာ လုံးဝ စောဒက မတက်ပဲ ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့ နှစ်ယောက်စလုံးမှာလည်း ကျေနပ်နေတော့သည်။
ထိုအချင်းအရာအားလုံး ပြီးစီးသွားသောအခါ ပိုင်ရှောင်ချန်းနှင့် လီရှမ်းတောက်အကြားရှိ ဆက်ဆံရေးမှာ အတော်အတန် နွေးနွေးထွေးထွေးရှိသွားပြီး အဏ္ဏဝါခေါ်သံဂိုဏ်းကိစ္စနှင့်ပတ်သတ်သည့် အဖုအထစ်များမှာလည်း ပြေလည်သွားတော့သည်။
တချိန်ထဲမှာပင် ပိုင်ရှောင်ချန်း၏ ရာထူးအာဏာနှင့် သူ့အဖွဲ့အစည်း၏ အင်အားကြီးထွားလာမှုကြောင့် ကုံမြို့တော်တွင်ရှိသည့် သူ၏စားသောက်ဆိုင်နှင့် ပတ်သတ်၍ မည်သည့်တောင်းဆိုမှုများ၊ မည်သည့်ညှိနှိုင်းမှုများကိုမှ လုပ်နေစရာမလိုတော့ပေ။ ကောင်းကင်ဘုံအဖွဲ့အစည်းက လက်ဦးမှုရယူကာ သူ့အားပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်သည်။
ကောင်းကင်ဘုံအဖွဲ့အစည်း၏ ခေါင်းဆောင်သည် ရှေးယခင်နှစ်ပေါင်းများစွာကတည်းက တာဝန်ယူခဲ့သည့် ခေါင်းဆောင်ဖြစ်နေဆဲပင်။ သူသည် ပြဿနာများကို ဖြေရှင်းရန် တုန်တုန်ရီရီနှင့် ပိုင်ရှောင်ချန်းဆီသို့ သူကိုယ်တိုင် ရောက်ရှိလာတော့သည်။
ထိုလူမှာ စိတ်ထဲတွင် အဆုံးမသတ်နိုင်လောက်အောင် သက်ပြင်းချနေတော့သည်။ ကုံမြို့တော်ထဲတွင် သူနှင့် ရင်းမြစ်ပစ္စည်းများ ပြိုင်၍လုခဲ့သည့် ပိုင်ရှောင်ချန်းဆိုသောသူမှာ ဆယ်စုနှစ်အနည်းငယ်မျှသာအကြာတွင် အကြီးမားဆုံးသောအာဏာနှင့် လုပ်ပိုင်ခွင့်များကို ပိုင်ဆိုင်ထားသည့် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ခြောက်ယောက်မြောက် ဂိုဏ်းစောင့်အကြီးအကဲ ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားမိပေ။
ပိုင်ရှောင်ချန်းမှာ ကောင်းကင်ဘုံအဖွဲ့အစည်း၏ ခေါင်းဆောင်နှင့် လူချင်းတွေ့ဆုံလိုက်ပါသော်လည်း စကားများများစားစား မပြောပေ။ သူသည် သူတို့ထံမှ သင်ခန်းစာ အများအပြားရရှိခဲ့ပြီး မဟုတ်ပါလော။ အမှန်တွင် ကောင်းကင်ဘုံအဖွဲ့အစည်းနှင့် ပတ်သတ်သည့် သူ၏ အတွေ့အကြုံကြောင့် ဗဟိုဧကရာဇ်မြို့တော်ထဲတွင် သောကကင်းဝေးကိုးသွယ်ဘုရင်၏ အမွေဆက်ခံမည့်သူနှင့် ပြဿနာတက်ခဲ့စဥ်က ဖြေရှင်းနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့အပြင် သူတို့၏ ဗျူဟာများကိုအသုံးချ၍ သူ့အားပူးပေါင်း၍ မကောင်းကြံခဲ့သည့် ကောင်းကင်အောက်လမ်းဆရာနှစ်ယောက်ကို အနိုင်ယူနိုင်ခဲ့သည်လည်း ဖြစ်သည်။
သို့သော် အစည်းအဝေးပွဲတွင် ပိုင်ရှောင်ချန်း စကားသိပ်မပြောသည့်အချက်ကြောင့် ထိုလူမှာ စိုးထိတ်မှုများ ကြီးထွားလာပြီး ချွေးများဖြင့် စိုရွှဲနေတော့သည်။ အဆုံးတွင် ရွှီပေါက်ချိုင်မှာ သူ့အား တစ်ချက် စိုက်ကြည့်လိုက်သဖြင့် ထိုလူမှာ အလွန်အမင်းကြောက်ရွံ့သွားပြီး နစ်နာကြေးလက်ဆောင်များကို နဂိုက သူပေးရန် စိတ်ကူးထားခဲ့သည့် ပမာဏထက် အမြောက်အမြားထပ်၍ ဆက်သလိုက်တော့သည်။ ထိုအခါမှသာ ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့မှာ ရလဒ်ကို ကျေနပ်သွားကြတော့သည်။
လပေါင်းများစွာ ထပ်၍ ကုန်ဆုံးသွားပြန်သည်။
ယခုတွင် ပိုင်ရှောင်ချန်းသည် ရှင်းကုံကျစ်တာအိုဂိုဏ်းထဲတွင် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု ပိုင်ဆိုင်ထားပြီဖြစ်ပြီး သူ၏အဖွဲ့အစည်းမှာ အလွန် ကြီးမားကာ စွမ်းအားကြီးလွန်းလှသဖြင့် အခြားမြစ်ဝဂိုဏ်းသုံးဂိုဏ်း အပါအဝင် ကောင်းကင်တံတားမြစ်ဒေသတစ်ခွင်လုံးရှိ လူများမှာ ထိုအဖွဲ့အစည်းအကြောင်းကို ကြားဖူးသွားကြတော့သည်။
ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ခြောက်ယောက်မြောက် နတ်အဆင့်ကျင့်ကြံသူ ပိုင်ရှောင်ချန်း၏ သတင်းများမှာ မြေရိုင်းဒေသထဲတွင်ပင် ပျံ့နှံ့နေကြ၏။ ပိုင်ရှောင်ချန်းမှာ အလွန်လျှို့ဝှက်ဆန်းကြယ်စွာဖြင့် တစ်နေရာမှ တစ်နေရာ ရွှေ့ပြောင်းသွားလာနေသည့်ပုံပေါ်နေသောကြောင့် လူအများမှာ မခံမရပ်နိုင်စွာ အံကြိတ်နေကြသည်။ သူ မြေရိုင်းဒေသထဲတွင် ခြေဦးတည့်ရာ သွားလာနေခဲ့သည့် နှစ်ပေါင်းများစွာအတွင်း တစ်ယောက်တစ်လေပင် သူ့အားခြေရာမခံနိုင်ခဲ့သည် မဟုတ်ပါလော။
ပိုင်ရှောင်ချန်း၏ သရုပ်မှန်အကြောင်းကို မြေရိုင်းဒေသ၏ စွမ်းအားအကြီးဆုံးသော ထိပ်သီးများသာ သိရှိကြသည်ဖြစ်ပြီး ထိုသတင်းများကိုကြားလိုက်ရသောအခါ သူတို့အားလုံးမှာ တုန်လှုပ်သွားကြရသည်။ မဟာကောင်းကင်သခင်ဆိုလျှင် ရှင်းကုံကျစ်တာအိုဂိုဏ်းမှ သတင်းအချက်အလက်နှင့်ပတ်သတ်သည့် အကြောင်းပြန်စာများရသောအခါ စကားမပြောနိုင်လောက်အောင်ပင် ဖြစ်သွားခဲ့ရသည်။
သရဲကြီးမြို့တော်ရှိ သရဲကြီးဘုရင်မှာ ထိုသတင်းများကို ကြားလိုက်ရသောအခါ ရေရွတ်လိုက်သည်။
" ဒီသောက်ကလေးက ထွက်သွားတုံးက ငါ့ကိုနှုတ်ဆက်စကားတောင် ပြောမသွားဘူး။ နောက်တစ်ခေါက် ပြန်တွေ့မှ ကောင်းကောင်း ဆုံးမရမယ် "
ထိုမြေရိုင်းဒေသထဲမှာပင် ကောင်းကင်ယံ၌ မသဲကွဲသော မြစ်ကြီးတစ်စင်းရှိနေပြီး ထိုမြစ်ထဲတွင် မည်းမှောင်နေသည့် နန်းတော်ကြီးတစ်ခုကို မြင်နိုင်သည်။ ထိုနန်းတော်ထဲတွင် ပိုင်ဟောက်မှာ တော်ဝင်ဝတ်ရုံနှင့် တော်ဝင်သရဖူတစ်ခုကို ဆင်မြန်းထားသည်။ သာမန်ဆိုလျှင် သူ၏မျက်နှာပေါ်တွင် အေးစက်သောအမူအရာတစ်ခုသာရှိနေတတ်သည်။ သို့သော် သူ ရှင်းကုံကျစ်တာအိုဂိုဏ်းရှိရာ အရပ်သို့ကြည့်လိုက်သောအခါ သူ၏မျက်ဝန်းများထဲတွင် နွေးထွေးမှုများနှင့် ရိုသေလေးစားမှုအရိပ်အယောင်များ ထင်ဟပ်လာတော့သည်။