သူ ထွက်သွားပြီလား
Vol. 10 Ch. 908
ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ရရှိနိုင်သည့် မြောက်မြားလှစွာသော ရင်းမြစ်များက ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံကို အလျင်အမြန် တိုးတက်စေသည်။ ပိုင်ရှောင်ချန်းက တစ်နှစ်ကြာ တံခါးပိတ်ကျင့်ကြံနေခဲ့သည့်အချိန်တွင် အဏ္ဏဝါခေါ်သံဂိုဏ်းသည် အလယ်ပိုင်းဒေသကျင့်ကြံခြင်းကမ္ဘာအား ပေါင်းစည်းခဲ့သည်။
အမှန်တကယ်တော့ အဏ္ဏဝါခေါ်သံဂိုဏ်းသည် လောကကျင့်ဝတ်မည်သို့ စောင့်ထိန်းရမည်ကို သိသည်။ သူတို့က ရှင်း၊ ကျစ်နှင့် တာအိုမြစ်ဂိုဏ်းခွဲများအား သုတ်သင်ရှင်းလင်းခြင်းမရှိပေ။ သူတို့က အနားတွင်ထားသော်လည်း စောင့်ကြည့်ထားကြသည်။ အမှန်တွင် ရှင်းကုံကျစ်တာအိုဂိုဏ်းထံ ဆက်သရသော နှစ်စဥ်လက်ဆောင်ပဏ္ဍာများအပြင် ထိုဂိုဏ်းသုံးဂိုဏ်းသည် အဏ္ဏဝါခေါ်သံဂိုဏ်းကိုလည်း လက်ဆောင်ပစ္စည်းများ ပေးကမ်းကြရ၏။
ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့မှာ ထိုသည်နှင့်ပတ်သက်၍ ဘဝင်မကျသော်လည်း သူတို့မှာ မည်သည့်အချိန်တွင် ခေါင်းငုံ့မာန်စွယ်ချိုးထားရမည်ကို သိရန်အထိ လုံလောက်သော ဘဝအတွေ့အကြုံများရှိသည်။ သူတို့သည် နောက်ဆုံး၌ ခေါင်းပြန်မော့ရန်အခွင့်ရလိမ့်မည်ဟု အတော်အသင့်သေချာနေသည့်အပြင် ပိုင်ရှောင်ချန်းက မည်မျှငယ်ရွယ်ကြောင်း စဥ်းစားကြည့်လျှင် သူသည် ဂိုဏ်းတွင် ကြာကြာနေရမည့်ဟန်မတူပေ။
ပိုင်ကျိမ်းထျန်က တချိန်လုံး တံခါးပိတ်ကျင့်ကြံနေချိန် လီရှမ်းတောက်က ပိုင်ရှောင်ချန်းနှင့် ပတ်သက်မှူအဖုအထစ်များအား ဖြေရှင်းခဲ့သောကြောင့် တံခါးပိတ်ကျင့်ရန်လိုသည်ဟု မခံစားရပေ။ ချိန်ဟဲ့ထျန်မှာမူ ဂိုဏ်းမှ အချိန်အကန့်အသတ်မရှိ ထွက်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
ထိုအရာအားလုံးအရ ပိုင်ရှောင်ချန်း၏ နာမည်သည် အဏ္ဏဝါခေါ်သံဂိုဏ်းအတွက် တိုက်ပွဲတွင် မည်သို့ဖြစ်တည်လာသည်ကို မြင်နိုင်ပေသည်။
သူက သူ့စိတ်တိုင်းကျ ရင်းမြစ်များကို အကန့်အသတ်မရှိ ရရှိနေပြီး ထိုအကြောင်းကြောင့် သူ၏ကျင့်ကြံခြင်းတွင် အားထုတ်နိုင်သည့်အတွက် ပထမတွင် စိတ်လှုပ်ရှားခဲ့လေသည်။
သို့သော် အချိန်အနည်းငယ်ကုန်လွန်သော် သူ ငြီးငွေ့စပြုလာ၏။ နောက်ဆုံးတွင် သူက ဂိုဏ်းထဲ လျှောက်သွားလျှောက်လာပြုသည့်တိုင် သူ၏ မြင့်မားသောရာထူးအဆင့်အတန်းကြောင့် လူအများမှာ သူအား ရိုသေလေးစားစွာ ဆက်ဆံကြသည်။
သူက ထိုအရာမျိုးအား သဘောကျနှစ်ခြိုက်သော်လည်း အဆုံးသတ်တွင် စိတ်ပျက်ဖွယ်ကောင်းလာတော့သည်။
" ပျင်းဖို့ကောင်းလိုက်တာကွာ။ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ ပျော်စရာနည်းနည်းလေးတောင် မရှိဘူး။ ဂိုဏ်းတစ်ဂိုဏ်းလုံးက တိကျလိုက်နာလွန်းပြီး ရှေးဆန်နေလိုက်တာ။ မြေရိုင်းဒေသကမှ ပိုတောင်ကောင်းသေးတယ် "
သူက သက်ပြင်းချ၍ ကောင်းကင်တံတားမြစ်ဒေသသို့ ပြန်ရောက်ကတည်းက ဖြစ်ပျက်ခဲ့သမျှအားလုံးကို ပြန်တွေးလိုက်သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းတွင် စိတ်ဝင်စားဖွယ်ကောင်းခဲ့သော်လည်း ရှင်းကုံကျစ်တာအိုဂိုဏ်းကို ပြန်ရောက်ပြီးနောက် အမှန်တကယ်ပင် အလွန်ငြီးငွေ့ဖွယ်ကောင်းသော နေရာတစ်ခုဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။
ချိန်ဟဲ့ထျန်အား စိတ်ဒုက္ခသွားပေးရန် သူတွေးလိုက်သော်လည်း အချက်နှစ်ချက်ကြောင့် သည်းခံလိုက်ရသည်။ ပထမ သူ့တွင် ဆင်ခြေကောင်းကောင်းမရှိပေ။ ဒုတိယ ၊ ပို၍ဆိုးသည်က ချိန်ဟဲ့ထျန်က ဂိုဏ်းမှထွက်သွားလေပြီ။
ပိုင်ကျိမ်းထျန်က သူ့စာရင်းတွင် ဒုတိယဖြစ်သော်လည်း ပိုင်လင်းက ပိုင်ရှောင်ချန်းအကြောင်း ကောင်းကောင်းသိနေသည်။ သူက ဖြစ်လာတော့မည့်အရာအား အာရုံရနေ၍ အပြေးအလွှားလာကာ ယခင်အချိန်များအား ပြန်ပြောင်းပြောကြပြီး နောက်ဆုံးတွင် ပိုင်းလင်းမှာ သူ့အား အားကိုးရာမဲ့နေသော စိုးရိမ်သောကများဖြင့် ငေးမောကြည့်နေ၍ သူတို့၏ စကားလက်ဆုံကျခြင်း အဆုံးသတ်သွားသည်။
ထိုကြောင့် ပိုင်ရှောင်ချန်းမှာ ပိုင်ကျိမ်းထျန်ဆီ ပြဿနာသွားရှာ၍ မဖြစ်ကြောင်း နားလည်လိုက်သည်။
ထိုသို့ဖြင့် လီရှမ်းတောက်သာ ကျန်တော့၏။ လီရှမ်းတောက်က သူ့အား အပြစ်ရှာမရအောင် ကောင်းကောင်းမွန်မွန်ပြုမူနေခဲ့သည်။ သူက ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့ ကိစ္စအတွက် သူ့အား နစ်နာကြေးပေးခဲ့၍ သူ့ကို သွားအနိုင်ကျင့်လျှင် အတော်လေးကသိကအောက် ဖြစ်သွားေစလိမ့်မည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ အလွန်စိတ်ဓာတ်ကျပြီး ငြီးငွေ့နေရာ ပုံစံခွက်ထဲ ကြီးပြင်းလာနေသည့်အလား ခံစားလိုက်ရတော့သည်။ တစ်နေရာတွင် သူက ဆွဲဆောင်မှုရှိသောဂိုဏ်းသူအချို့ ထွက်ရှာသော်လည်း ပြဿနာမှာ သူ့ရာထူးက မြင့်မားလွန်း၍ ဝါရင့်ဂိုဏ်းဝင်တစ်ယောက်သဖွယ် ပြုမူနေရသည်။ ထို့ပြင် ထိုကဲ့သို့ လူတစ်ယောက်အတွက် ဂိုဏ်းသူအလှလေးများအား ဆွဲဆောင်ရန်မှာ မသင့်တော်လှပေ။
" အီး " သူက သက်ပြင်းချလိုက်၏။
" ဘာလို့ ဘယ်သူကမှ အရင်မလှုပ်ရှားရတာတုန်း။ ကောင်းပြီလေ။ ငါ တချိန်လုံး ကျင့်ကြံအားထုတ်ပြီးလဲ မနေနိုင်ပါဘူး။ အမြဲတမ်း ကျင့်ကြံနေရင်တော့ ငတုံးပဲ ဖြစ်သွားလိမ့်မယ် "
ရုတ်တရက် သူသည် မြေရိုင်းဒေသတွင် ရှိစဥ်က ကောင်းကင်တံတားဒေသကို လွမ်းခဲ့ပြီး ယခုပြန်ရောက်သည့်အခါ ဗဟိုဧကရာဇ်မြို့တော်ကို အမှန်တကယ် သတိရနေကြောင်း သဘောပေါက်လိုက်သည်။
နောက်ဆုံးတွင် သူက ကျင့်ကြံအားထုတ်ရုံမှတစ်ပါး အခြားမရှိတော့ကြောင်း ကောက်ချက်ချလိုက်တော့သည်။ ကံဆိုးစွာပင် သူက ဂိုဏ်းသားများ ဖော်စပ်ထားသည့် ဆေးလုံးများအား အသုံးပြုရခြင်းကို ဘဝင်မကျလှပေ။ သို့စေကာမူ သူသည် သူကိုယ်တိုင်ဆေးဖော်စပ်ခြင်း လုပ်သင့်၊မလုပ်သင့် ဝေခွဲရခက်နေသေးသည်။
" ငါ့လို ကြီးကျယ်ခမ်းနားပြီး အင်အားကြီးမားတဲ့ နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်က ဆေးလုံးနည်းနည်းပါးပါးလေး ရဖို့အတွက်နဲ့ ဂိုဏ်းအပြင်ဘက်ကို ကုပ်ချောင်းကုပ်ချောင်းသွားရမယ်လို့ မပြောစမ်းပါနဲ့ " သူက သက်ပြင်းချလိုက်ပြန်သည်။
" မဖြစ်သေးဘူး။ ငါ့ဘာသာငါ ဆေးဖော်ရမယ်။ အဆိုးဆုံးဖြစ်လာရင် ငါ တော်တော်လေး သတိထားလိုက်မယ်ကွာ “
" အရင်တုန်းက ငါဆေးဖော်ရင် လူတွေအမြဲ ငါ့ကို ပြဿနာလာရှာကြတယ်။ ဒါပေမဲ့ အခု ငါက ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက်။ ချိန်ဟဲ့ထျန်က ထွက်ပြေးတယ်။ ပိုင်ကျိမ်းထျန်က တံခါးပိတ်ကျင့်နေတယ်။ ပြီးတော့ လီရှမ်းတောက်က ငါ့ကို ပြဿနာရှာရဲမှာ မဟုတ်ဘူး။ သံမဏိသွေးကြောခန်းမက ငါ့အစ်ကိုကြီးက ငါ့ဘက်မှာ ရှိတယ် “
" ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ ငါ့ကို ဘယ်လိုလုပ်ဆိုပြီး ပြောနိုင်တာ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးပဲရှိတာ "
ထိုအကြောင်း သူတွေးလိုက်သည်နှင့် ပို၍စိတ်လှုပ်ရှားလာသည်ဖြစ်ရာ နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်တော့သည်။
" ငါ ဂရုသာစိုက်ရင် အားလုံးအဆင်ပြေတယ် "
ဤနည်းအားဖြင့် သူ့ကိုယ်သူ အားပေးလိုက်ရင်း လိုအပ်သောပစ္စည်းစာရင်းကို အတွင်းရေးရာဆောင်ထံ ပို့လိုက်သည်။
စာရင်းတွင် ဆေးဖက်ဆိုင်ရာ ပါဝင်ပစ္စည်းများနှင့် ဆေးပေါင်းဖိုအမြောက်အမြား ပါဝင်လေသည်။ ဂိုဏ်းရှိ သူ၏ရာထူးကို စဥ်းစားကြည့်လျှင် အခကြေးငွေ ပေးစရာမလိုဘဲ ဤကဲ့သို့ ပစ္စည်းများ သူ့ကို ပေးနိုင်သည်အထိ များပြားသော ထောက်ပံ့ကြေး ရှိသည်။
အတွေးရေးရာဆောင်၏ အမှုထမ်းက ချက်ချင်းပင် အမှာစာဖြည့်ပေးလိုက်ပြီး ပိုင်ရှောင်ချန်းဆီသို့ ဆေးပင်နှင့် ဆေးလုံးများစွာ ပေးပို့လိုက်သည်။ သူသည် ရင်းမြစ်တစ်ပုံတခေါင်းအား မြင်ရသည်တွင် ဝမ်းမြောက်ကျေနပ်သွားပြီး လျင်မြန်စွာပင် တံခါးပိတ်ကျင့်ကြံ၍ စတင်လုပ်ကိုင်တော့သည်။
ဝါယောဓာတ်သက်စောင့်အားဆေးလုံး၊
အဆိပ်ဖြေသက်စောင့််အား ဆေးလုံး၊
ဝိညာဥ်ပန်းသက်စောင့်အား ဆေးလုံး၊
မာယာကိုးသွယ် သက်စောင့်အား ဆေးလုံး၊
သူက ချက်ချင်းပင် သက်စောင့်အားနှင့် ပတ်သက်၍ သူသိသည့် ဆေးဖော်စပ်နည်းများအားလုံးကို ပြန်တွေးလိုက်သည်။ ဖော်စပ်နည်းတစ်ခုချင်းစီအား ကြိုးစားကြည့်သော်လည်း ထွက်လာသည့် ဆေးလုံးက တူညီသောပြဿနာရှိကြသည်။ ၎င်းတို့က သူလိုအပ်သော သက်စောင့်အားအဆင့်ကို မပေးနိုင်ကြပေ။ သို့သော် သူက မတော်တဆမှုတစ်ခုမှ မဖြစ်ပွားသည်ကို တွေ့ရသည့်အတွက် အလွန်ကျေနပ်နေတော့သည်။ ထိုသို့ဖြင့် သူ၏ ယုံကြည်ချက်များ တိုးပွားလာပြီး သူသည် ဆေးပေါင်းဖိုတစ်လုံးတည်းနှင့်သာ မဟုတ်၊ ဆယ်လုံးဖြင့် အလုပ်စလုပ်တော့သည်။ ထို့နောက် သုံးဆယ်။ ထို့နောက် ငါးဆယ်.....။
အောင်မြင်မှုများအားလုံးက သူ့ကို လွန်စွာ စိတ်လှုပ်ရှားသွားစေပြီး ကံကောင်းသည်ဟုလည်း သူ ခံစားနေရတော့သည်။
" ငါ မြေရိုင်းဒေသမှာ ကျော်ဖြတ်ခဲ့ရတဲ့ စမ်းသပ်ချက်တွေအားလုံးက ငါ့ဆေးတာအိုပညာကို ပိုမြင့်တဲ့ အဆင့်အထိ တိုးတက်သွားစေတာ ထင်တယ်။ ဟုတ်တယ် ဒါအဖြေပဲဖြစ်ရမယ် "
သူသည် ခါတိုင်းထက်ပို၍ သူ့ကိုယ်သူ ဂုဏ်ယူနေလျက် တစ်ပြိုင်နက်တည်း အလုံးရှစ်ဆယ်နှင့် အလုပ်လုပ်သည့်တိုင်အောင် ဆေးပေါင်းဖိုများအား တစ်လုံးပြီးတစ်လုံး ဆက်ထည့်နေလေသည်။ တဖြည်းဖြည်းနှင့် သူသည် ဆေးဖော်စပ်ရာတွင် စိတ်ရောကိုယ်ပါ နစ်မြုပ်လာတော့သည်။
ဆေးတာအိုပညာရပ်တွင် သူ၏ကျွမ်းကျင်မှု အမှန်တကယ် တိုးတက်လာခဲ့၍ပေလား။ သို့မဟုတ် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးကို စိုးရိမ်သဖြင့် အလွန်သတိထား၍ပေလား။ မည်သို့ပင်ဖြစ်စေ သူ၏ဖော်စပ်ခြင်းသည် အလွန်အဆင်ပြေပြေ ချောချောမွေ့မွေ့နှင့် မတော်တဆတစ်ခုပင် မဖြစ်ပွားခဲ့ပေ။
အဆိုးဆုံးက အနက်ရောင်မီးခိုးအချို့ ထွက်လာကာ ရံဖန်ရံခါ ပေါက်ကွဲမှုများဖြစ်ပေါ်လာခြင်းပင်။ အခါအားလျော်စွာ မိုးကြိုးပစ်ခတ်မှုများလည်း ရှိသည်။ သို့သော် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံအရ သူသည် ထိုသက်ရောက်မှုများအား အလွယ်တကူ ဖယ်ရှားပစ်နိုင်သည်။
ဖြစ်ပျက်နေသည်များအား သတိထားမိသူ မရှိသလောက်ပင် ဖြစ်ပြီး သတိထားမိသူများအနက် မည်သူမှ တစ်ခွန်းမပြောရဲပေ။
လအနည်းငယ်ကြာသော် သူ ဆေးဖော်စပ်နေစဥ်အတွင်း နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးထံမှ စာတစ်စောင်ရောက်ရှိလာ၏။ ၄င်းက ဂိုဏ်းစောင့်အကြီးအကဲများအားလုံးထံ ပို့သော စာတစ်စောင်သာ ဖြစ်သည်။
ခေါင်းဆောင်ကြီးက သူသည် ကောင်းကင်ဧကရာဇ်ထံမှ ဆင့်ခေါ်စာရရှိထား၍ ကောင်းကင်တံတားကျွန်းဆွယ်ကို ခရီးသွားရန်လိုကြောင်း ရှင်းပြထား၏။ သူသွားနေသည့်အတောအတွင်း ဂိုဏ်း၏ လုံခြုံမှုကို နတ်အဆင့်ကျင့်ကြံသူများထံ အပ်နှံလိုက်ခြင်း ဖြစ်သည်။
ယင်းမှာ အခြားနတ်အဆင့်ကျင့်ကြံသူများ ကျင့်သားရနေသည့်အရာဖြစ်သည်။ နတ်ဘုရားတစ်ပိုင်း ခေါင်းဆောင်ကြီးက ဂိုဏ်းအပြင်ကို ခရီးထွက်ပြီး သူတို့အား တာဝန်ပေးအပ်ခဲ့သည်မှာ ကြုံတောင့်ကြုံခဲ ကိစ္စရပ်တစ်ခုမဟုတ်ပေ။
သို့သော် ဤသည်မှာ ထိုသို့သော အရာမျိုးကို ကြုံတွေ့ရသည့် ပိုင်ရှောင်ချန်း၏ ပထမဆုံးအကြိမ်ဖြစ်သည်။ အခြားနတ်အဆင့်ကျင့်ကြံသူများအတွက် ပုံမှန်သာဖြစ်သော်လည်း သူ့အတွက်တော့မတူပေ။ သူက သတင်းကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ပင့်သက်ရှိုက်သွားပြီး ရင်တဒိန်းဒိန်းခုန်လာတော့သည်။ သူက အလွန်စိတ်လှုပ်ရှားလွန်း၍ လေပေါ်ထခုန်မိတော့မတတ်ပင်။ သူသည် ရုတ်တရက် ကမ္ဘာပေါ်ရှိ မည်သည့်အရာမဆို သူ့အတွက် ဖြစ်နိုင်သည့်အလား ခံစားလိုက်ရတော့သည်။
" နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီး ထွက်သွားပြီ "
ပထမဆုံးအကြိမ်အဖြစ် သူ့ကို မည်သို့နေထိုင်ပြုမူရမည်ဟူ၍ ပြောဆိုနိုင်သည့်လူ ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် မရှိတော့ပေ။
" နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီး ထွက်သွားပြီ "
သူက ခေါင်းနောက်လှန်၍ အားပါးတရရယ်မောလိုက်သည်။ သူသည် အမြဲတစေ ဆေးဖော်စပ်ရာတွင် အလွန်အမင်းသတိထားနေခဲ့ရသည်။ သူ့အလုပ်၏အကျိုးဆက်ကြောင့် လူအများက သူ့ကို ဒေါသတကြီးလိုက်ဖမ်းခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့ဖူးသည် မဟုတ်ပါလော။ ၄င်းမှာ ဒေါသထွက်နေသောလူဆိုးတစ်ယောက်အား ရှင်းပြရန် ကြိုးစားနေရသကဲ့သို့ ဖြစ်ကြောင်း တွေးလိုက်ရုံနှင့်ပင် သူ သက်ပြင်းများ အဆက်မပြတ် ချနေမိတော့သည်။
သို့သော် ယခုတွင် သူ့လမ်းကြောင်းမှ ဆူးငြောင့်ခလုတ်များအားလုံး ရှင်းလင်းပြီးသွားလေပြီ။ ထိုမျှသာမက သူသည် အခြေအနေမှာ ဖြောင့်ဖြူးနေသည့်အတွက် မတော်တဆမှုများ မဖြစ်နိုင်ချေမရှိကြောင်း အခိုင်အမာယုံကြည်နေသည်။
" ဆေးဖော်ရမယ်၊ ဆေးဖော်ရမယ်။ ငါ့နှလုံးသားက ကျေနပ်ပြီဆိုတဲ့အထိ ဆေးဖော်ရမယ် “
" နောက်ဆုံးတော့ ငါ့ရဲ့ မိုးကြိုးအဆိပ်ဖြေမဟာမှော်ပညာကို လေ့ကျင်နိုင်ပြီကွ “
" ငါ့ကာမအားဆိုးဆေးကိုလည်း ပြန်သန့်စင်နိုင်ပြီ။ ငါ့မူးယစ်ဆေးလုံးကိုလဲ အဆင့်မြှင့်နိုင်ပြီ။ ပြီးတော့ ငါ လျှို့ဝှက်ဆန်းကြယ်ဆေးလုံးတွေကိုလဲ ဖော်လို့ရပြီ "
သူ့ရင်ထဲတွက် စိတ်လှုပ်ရှားမှုများ၊ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလျက် သူက ဆေးပေါင်းဖိုအလုံး ရှစ်ဆယ်မှ အလုံး၃၀၀ အထိ တဟုန်ထိုး တိုးမြှင့်လိုက်သည်။
သူက မလုံလောက်မည်ကို စိုးရိမ်သဖြင့် ၇၀၀ ထပ်ထည့်လိုက်၏။ သူက ဆေးပေါင်းဖို အလုံး ၈၀၀အား တစ်ပြိုင်နက်တည်း အလုပ်လုပ်နေရသည့်အခါမှသာ စိတ်ကျေနပ်သွားတော့သည်။
" ဆေးပေါင်းဖိုအလုံး ၈၀၀ကို တစ်ပြိုင်နက်တည်းအလုပ်လုပ်ဖို့ ငါ့ နတ်အဆင့်ကျင့်ကြံခြင်းအခြေခံကို အသုံးပြုရတယ်။ ဒီအကြောင်းသာ ပေါက်ကြားသွားလို့ကတော့ လူတွေ ငါ့ကို အဆုံးမရှိအောင် လေးစားသွားမယ် "
သူက လေထဲတွင် အပူလှိုင်းဂယက်များ ပြည့်နှက်နေစေသည့် ဆေးပေါင်းဖိုအားလုံးအောက်ရှိ အဆင့်လွန်မီးကျောက်တုံးများအား ဂုဏ်ယူစွာ ဝေ့ကြည့်လိုက်သည်။
ထိုမြင်ကွင်းအား မြင်လိုက်ရသည့် မည်သူမဆို ရင်ထဲအသည်းထဲတိုင်အောင် အကြောက်တရားများ ကိန်းအောင်းသွားလိမ့်မည်။ မတော်တဆ ဆေးပေါင်းဖို အလုံး ၈၀၀ သာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားခဲ့လျှင် အပြာရောင်သက်တန့်၏နေရာအများစုအား ပျက်စီးသွားစေနိုင်လောက်သည် မဟုတ်ပါလော။