သံယောဇဥ်မဲ့ဆေးလုံး
Vol. 10 Ch. 909
နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီး ထွက်သွားပြီးနောက် သုံးရက်မြောက်နေ့တွင် အပြာရောင်သက်တန့်မှ ပေါက်ကွဲသံကြီးတစ်ခု ပေါ်ထွက်လာသည့်အတွက် ဂိုဏ်းအတွင်းရှိ မရေမတွက်နိုင်သော ဂိုဏ်းသားများ လန့်ဖျန့်သွားကြတော့သည်။
" အဲဒါ ဘာသံကြီးလဲ "
" အမယ်လေး လိပ်ပြာလွင့်သွားလားတောင် အောက်မေ့မိတယ်။ ဘာတွေ ဖြစ်နေတာတုန်း "
" သောက်ကျိုးနည်းကွာ၊ ဘယ်ကောင် လုပ်တာလဲကွ။ ငါ ကျင့်ကြံနေတဲ့အချိန် စွမ်းအားဖောက်ပြန်တော့မလိုတောင် ဖြစ်သွားတယ် "
ပတ်ဝန်းကျင်တစ်ခွင် ဒေါသတကြီးဆဲဆိုသံပေါင်းများစွာ ပြည့်နှက်သွားပြီး ကျင့်ကြံသူဒါဇင်များစွာသည် မည်သို့ ဖြစ်ပျက်နေသည်ကို သိရှိရန် လေပေါ်ပျံတက်လာကြ၏။
သို့သော် ဆူညံသံများက အပြာရောင်သက်တန့်မှ လာကြောင်း သဘောပေါက်လိုက်သောအခါ သူတို့၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားကြပြီး သူတို့နေရာသူတို့ ပြန်သွားကြလေသည်။
ပေါက်ကွဲမှုက ဆေးပေါင်းဖိုဆယ်လုံးပေါက်ကွဲသွားခြင်းကြောင့်ဖြစ်ပြီး ပိုင်ရှောင်ချန်းမှာ အလွန်အမင်း တုန်လှုပ်ချောက်ချားသွား၍ တစ်ယောက်ယောက်က သူ့ကို ကြိမ်းမောင်းလာတော့မည်လား ကြည့်ရှုရန် ချက်ချင်းပင် နတ်ဘုရားအာရုံတချို့ ပို့လွှတ်လိုက်သည်။
သို့သော် အချိန်အတန်ကြာပြီးနောက် ဂိုဏ်းအတွင်းရှိ ဆူဆူညံညံဆဲဆိုသံများ ငြိမ်သက်သွား၏။ တစ်ယောက်မှ သူ့ကို လာမရှာကြပေ။ လေပေါ်တက်လာသည့် လူများမှာ သူရှိရာဘက်သို့ ကြည့်ရှုပြီးနောက် သူတို့လာခဲ့သည့်နေရာထံ ပြန်သွားကြလေသည်။
ထိုအခါမှ သူသည် အဖြစ်အပျက်များအား သဘောပေါက်သွားတော့သည်။
" ဟားဟားဟား ငါ့နှယ် ကြောက်လန့်နေလှချည်လား။ ဒါလေးပါပဲ။ ရှင်းကုံကျစ်တာအိုဂိုဏ်းက ဘယ်သူမှ ငါ့ကို ဘာမှ မပြောနိုင်တာ မေ့သွားတယ် "
သူ အတော်လေး သတ္တိရှိလာပြီး ဆေးပြန်ဖော်တော့သည်။
ရက်အနည်းငယ်ကြာသော် နောက်ထပ်ပေါက်ကွဲမှုကြီးက ဂိုဏ်းကို ရိုက်ခတ်သွား၏။ ဂိုဏ်းသားအများစုအတွက် ထိုကဲ့သို့ ရံဖန်ရံခါ ပေါက်ကွဲသည်က စိတ်မချမ်းမသာ ဖြစ်စေသည်တော့ မဟုတ်ပေ။
သို့သော်လည်း ပေါက်ကွဲမှုများက ရက်အနည်းငယ်ကြာတိုင်း ဆက်တိုက်ဖြစ်ပွားနေသည်။ တစ်ရက်တွင် ရှစ်ခါဆက်တိုက် ပေါက်ကွဲ၏။ များမကြာမီ သက်တန့်ပေါ်ရှိ ဂိုဏ်းသားများမှာ ရူးသွပ်လုမတတ် ဖြစ်လာတော့သည်။
ထိုသို့ သူတို့ဖြစ်သွားသည်မှာ ကျိုးကြောင်းညီညွတ်သည်။ ဂိုဏ်းက များသောအားဖြင့် ကောင်းကင်ဘုံအလား ဆိတ်ငြိမ်သော နေရာတစ်ခုဖြစ်သည်။ သို့သော် ယခုတွင် တုန်လှုပ်ချောက်ချားဖွယ် ပေါက်ကွဲမှုများက သူတို့ကို အချိန်တိုင်း နှောင့်ယှက်နေသည်ဖြစ်ရာ ကျင့်ကြံခြင်းတွင် အာရုံစိုက်ရန် မဖြစ်နိုင်သလောက်ပင်။
ပုံမှန်အားဖြင့် ထိုကဲ့သို့ ကိစ္စရပ်အား လုပ်ဆောင်သူသည် တိုက်ခိုက်ခံရမည်ဖြစ်ပြီး သေဒဏ်ပင်ကျခံရလောက်သည်။ သို့သော် ဆူညံသံက အပြာရောင်သက်တန့်မှ လာနေခြင်း ဖြစ်နေသည်။ မကြာမီ လူအများက ဟိုဟိုသည်သည် လျှောက်မေးကြရာ ခေါင်းဆောင်ကြီးပိုင် ဆေးဖော်နေကြောင်း သိလိုက်ရတော့သည်။
ထို့ကြောင့် မည်သူမှ ပွင့်ပွင့်လင်းလင်း အပြစ်မပြောဝံ့ကြပေ။
သူတို့ရင်ဆိုင်နေရသည်က ပေါက်ကွဲသံများသာဆိုလျှင် ထိုအခြေအနေနှင့် နေသားကျသွားနိုင်သေးသည်။ သို့သော် နှစ်ရက်အကြာ လူတိုင်း၏မျက်လုံးများတွင် မျက်ရည်များဝဲတက်လာစေသည့် မီးခိုးငွေ့များထွက်ပေါ်လာပြန်သည်။
" အား၊ ဘယ်လို ဆေးလုံးမျိုးကို ခေါင်းဆောင်ကြီးပိုင် ဖော်နေတာတုံး "
" မရတော့ဘူး၊ မရတော့ဘူး။ ငါ မခံနိုင်တော့ဘူးဟေ့ "
သာမန်ကျင့်ကြံသူများသာမက လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့ပင် အနှောင့်အယှက်ဖြစ်နေသည့်တိုင် တစ်ယောက်မှ ဝင်မစွက်ဖက်ရဲကြပေ။
သူတို့ပင် ဖြစ်ပျက်နေသည်များနှင့် ပတ်သက်၍ မည်သို့မျှ မလုပ်နိုင်လျှင် အဆင့်နိမ့်ဂိုဏ်းသားများကို ဖော်ပြရန်ပင် လိုေတာ့မည် မဟုတ်ပေ။ သူတို့အားလုံးမှာ အပြာရောင်သက်တန့်အား မကျေမချမ်းကြည့်နေရုံသာ တတ်နိုင်တော့သည်။
အမှန်တွင် ပိုင်ရှောင်ချန်းမှာ ထိုကိစ္စများဖြစ်ပျက်နေသည်ကိုပင် မသိတော့ဘဲ ဆေးဖော်စပ်ရာမှာသာ အာရုံစူးစိုက်ထားသည်။ သူ၏မျက်နှာ ချောင်ကျသွားပါသော်လည်း စိတ်လှုပ်ရှားများဖြင့် ပြည့်နှက်နေပြီး သက်စောင့်အားနှင့် ပတ်သက်သည့် သူ့စိတ်ထဲတွင် ပေါ်လာသမျှ ဆေးလုံးတိုင်းအား ဖော်စပ်နေတော့သည်။ သူက အမျိုးမျိုးသော ဖော်စပ်နည်းများဖြင့် အကျွမ်းဝင်လာကာ သူ၏ ဆေးတာအိုကျွမ်းကျင်မှုမှာ တိုးတက်လာသည်။
သူက ဆေးလုံးအမျိုးအစားပေါင်းစုံ ဖော်စပ်ပြီး နောက်ဆုံးတွင် သက်စောင့်အားဆေးလုံးများကို ငြီးငွေ့လာသည်။ သူ၏ယုံကြည်ချက်များ ကြီးထွားလာသဖြင့် သူက ဆေးတာအိုပညာတွင် စာရွက်အသစ်တစ်ရွက် လှန်ခဲ့ပြီဖြစ်ကြောင်း ကောက်ချက်ချလိုက်တော့သည်။
" ငါ ကာမအားတိုးဆေးရဲ့ အာနိသင်ကို ပျောက်စေမယ့် ရတနာဆေးလုံးတစ်လုံးလုပ်ဖို့လိုတယ် "
သူက ကာမအားတိုးဆေးဖြင့် နှစ်ကြိမ်တိုင်တိုင် ထောင်ဖမ်းခံခဲ့ရပြီး ရလဒ်များအပေါ် သဘောခွေ့မိပါေသာ်လည်း ထိုဆေးလုံးကိုဖော်စပ်ခဲ့သူဖြစ်သော သူ့အတွက် မျက်နှာပျက်စရာ ဖြစ်နေသည် မဟုတ်ပါလော။
" ဟမ့်၊ အခြားလူတွေက ငါ့ဆေးလုံးကို ငါ့အပေါ်သုံးတာ ဘယ်လောက်ရယ်စရာကောင်းလိုက်တုံး။ မဖြစ်သေးပါဘူးကွာ “
" ငါ ဆေးလုံးအသစ်တစ်လုံးလုပ်ရမယ်။ ကာမငြိမ်သက်ဆေးလုံးလို့ ခေါ်မယ်ကွာ"
ထိုအကြောင်း သူ တွေးမိသည်နှင့်အမျှ ထိုအကြံအား ပို၍ ကျေနပ်လာတော့သည်။ ထိုမျှသာက ထိုဆေးလုံးနာမည်ထက် မကောင်းနိုင်တော့ပေ။
" သေချာပေါက် နာမည်ကောင်းပဲ "
သူက သူ့ကိုယ်သူ အဆုံးစွန်ထိဂုဏ်ယူနေလျက် ဆေးစဖော်တော့သည်။
" တကယ့် ကာမငြိမ်သက်ဆေးဆိုတာ ဘာလဲ သိလား။ အဲဒီ စွန့်ပစ်ခံရတဲ့ အသီးတွေ။ အဲဒါတွေက ရွံစရာကောင်းတယ်လေ။ အဲဒီလို အသီးတွေကို ဖော်စပ်နည်းထဲ ထည့်လိုက်တာနဲ့ လူတစ်ယောက်ရဲ့ နှလုံးသားထဲမှာ တောက်လောင်နေတဲ့ အပူမီးကို ငါ တကယ်ငြိမ်းသက်နိုင်လိမ့်မယ် "
ဆေးဖော်စပ်နည်းသည် သူ့ခေါင်းထဲတွင် တဖြည်းဖြည်း ဖြစ်ပေါ်လာတော့သည်။ သူက စိတ်ကူးထားသည့်အတိုင်း အနည်းငယ် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူက ဆေးပေါင်းဖို အလုံး ၃၀နှင့် စလေသည်။
သူက ဆေးဖော်စပ်ရာတွင် လွန်စွာ စျာန်ဝင်စားနေသည့်အတွက် စားရန်သော်လည်းကောင်း ၊ အိပ်ရန်သော်လည်းကောင်း မေ့လျော့နေကာ သုံးရက်လုံးလုံး ဆေးပေါင်းဖိုများအား မရပ်မနား စောင့်ကြည့်နေတော့သည်။ မကြာမီ ဆေးပေါင်းဖိုထဲတွင် ဆေးလုံးများ စတင်ဖြစ်ပေါ်လာသည်။ ကံဆိုးစွာပင် ဖြစ်စဥ် ပြီးတော့မည့်ဆဲဆဲအချိန်မှာပင် ဆေးပေါင်းဖိုတစ်လုံးက မတည်ငြိမ်သည့်လက္ခဏာများ ရုတ်တရက် ပြလာ၏။
ပိုင်ရှောင်ချန်းက ၄င်းအပေါ်တွင် ပိတ်လှောင်ခြင်း အမှတ်အသားများ အလျင်အမြန်ထားလိုက်ပါသော်လည်း နှစ်လုံးမြောက်၊ သုံးလုံးမြောက်နှင့် လေးလုံးမြောက် ဆေးပေါင်းဖိုတို့သည်လည်း မတည်မငြိမ်ဖြစ်လာကြောင်း တွေ့လိုက်ရသည်။ သူ မည်သို့မျှမလုပ်နိုင်ခင်မှာပင် ဆေးပေါင်းဖိုအလုံး ၃၀ မှာ ပေါက်ကွဲလုခါနီး ဖြစ်လာတော့သည်။
" မကောင်းတော့ဘူး "
ပိုင်ရှောင်ချန်းက ပိတ်လှောင်ခြင်း အမှတ်အသားများ ကပ်လိုက်ပြီး အန္တရာယ်မှန်သမျှကို အနည်းဆုံးဖြစ်စေရန် သူ၏နတ်ဘုရားအာရုံများ ပို့လွှတ်လိုက်သည်။ အမှန်တကယ်ဆိုရလျှင် ဂိုဏ်းအတွင်း၌ သူ့ကို ပြောဆိုနိုင်သည့်လူ တစ်ယောက်မှ မရှိသည်ဖြစ်၍ ဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်အနေဖြင့် သူ့ကိစ္စသူ တာဝန်ယူသင့်ကြောင်း သူ ဆုံးဖြတ်လိုက်သည်။
သို့သော် ဆေးပေါင်းဖိုများ ပေါက်ကွဲသွားကာ အနက်ရောင်မီးခိုးငွေ့များ ပေါ်ထွက်လာပြီး သူ မထိန်းချုပ်နိုင်တော့ပေ။ ၄င်းက သူ၏ နတ်ဘုရားအာရုံများအား လုံးဝအချည်းနှီးဖြစ်သွားစေတော့သည်။ ကံကောင်းထောက်မစွာ မီးခိုးငွေ့များမှာ မများလှ၍ အပြာရောင်သက်တန့်၏ တစိတ်တဒေသကိုသာ ဖုံးလွှမ်းသွားသည်။
သို့သော် သက်ရောက်ခံရသည့် နေရာတစ်ခုမှာ ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်စမ်းသပ်ပွဲများ ကျင်းပရာနေရာဖြစ်သည်။ ထိုနေရာတွင် ဂိုဏ်းသားများစွာ ရှိနေပြီး သူတို့ မလှုပ်ရှားနိုင်ခင်မှာပင် အခိုးငွေ့များက သူတို့ကို ဖုံးလွှမ်းသွားတော့သည်။
ပိုင်ရှောင်ချန်းက မည်သည်တို့ဖြစ်ပျက်လာမည်ကို သိရန် စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ သို့သော် အခိုးအငွေ့များသာ ပျောက်ကွယ်သွားကြပြီး ဂိုဏ်းသားများက သရော်ကျီစယ်သော မျက်နှာထားများဖြင့် ဘေးဘီဝဲယာသို့ ဝေ့ကြည့်လိုက်ကြသည်။ အစပိုင်းတွင် ပိုင်ရှောင်ချန်းမှာ တအံ့တသြစိုက်ကြည့်နေပြီးနောက် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တော့သည်။
" နေပါဦး၊ ဘာမှမဖြစ်ပါလား။ ဘာအန္တရာယ်မှ မရှိ၊ ဘာအမှားမှလဲ မရှိဘူး "
သူက သူ၏နှာခေါင်းကို အတန်ငယ်ပွတ်သပ်ကြည့်လိုက်ပြီး မကောင်းသည့်အရာတစ်ခုမှ မဖြစ်ကြောင်း သေချာသည်အထိ ဆက်လက်စောင့်ကြည့်လိုက်သည်။ ထို့နောက် သူက မည်သည့်အတွက်ကြောင့် မအောင်မြင်ရသနည်းဟု စတင်တွေးတောလာြပီး ဤတစ်ကြိမ်တွင် ဆေးပေါင်းဖိုအလုံး တစ်ရာဖြင့် နည်းလမ်းတမျိုးပြောင်းကာ ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။
သူက မီးခိုးကြောင့် အဆင့်နိမ့်ဂိုဏ်းသားများ ထိခိုက်သွားမည်ကို စိုးရိမ်သဖြင့် နတ်ဘုရားအာရုံများ စေလွှတ်လိုက်ပြီး အန္တရာယ်အရိပ်အယောင်နည်းနည်းလေးကိုပင် ကာကွယ်နိုင်စေရန် ပြင်ဆင်ထားလိုက်သည်။
သုံးရက် ထပ်မံကုန်ဆုံးသွားပြီး မကြာမီ ဆေးလုံးဒုတိယအသုတ် ပြီးမြောက်ခါနီးဖြစ်နေလေပြီ။ ထိုအချိန်တွင် စောစောက ဂိုဏ်းသားများအကြား၌ ပုံမှန်မဟုတ်သော အပြုအမူများ ပေါ်ပေါက်လာတော့သည်။
သို့သော် သုံးရက်မြောက်နေ့ညတွင် ထူးဆန်းသောအရာများ စတင်ဖြစ်ပွားလာတော့သည်။
ရှင်းကုံကျစ်တာအိုဂိုဏ်းသည် ဂိုဏ်းသားဂိုဏ်းသူ မြောက်မြားစွာနှင့် ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ရာ တာအိုစုံတွဲများရှိနေကြသည်မှာ ပုံမှန်သာဖြစ်သည်။ ထိုဂိုဏ်းသားများအနက် ရှင်းကုံကျစ်တာအိုဂိုဏ်းစမ်းသပ်ပွဲများတွင် ပါဝင်ခဲ့သူများ၊ တာအိုလက်တွဲဖော်မရှိသူများသည် ယခင်ကထက်ပို၍ အချစ်ရေးတွင် စိတ်ဝင်စားမှု လျော့နည်းသွားသည်က လွဲ၍ သက်ရောက်မှု မရှိလိုက်ပေ။
သို့သော် တာအိုလက်တွဲေဖာ်ရှိသူများမှာ အင်မော်တယ်ဂူများထဲမှ အသီးသီး ထွက်လာကြချိန်တွင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ.........
" ဂိုဏ်းတူညီမလေး၊ ငါတို့က တစ်ယောက်နှင့်တစ်ယောက် မလိုက်ဖက်ဘူး။ အခုကစပြီး မင်းက မင်းအလုပ်လုပ်၊ ငါက ငါ့အလုပ် ငါလုပ်မယ်။ လမ်းခွဲကြရအောင် "
" အစ်ကိုကြီး။ ဘာလို့ ကမ္ဘာပေါ်မှာ ရုပ်ရည်ချောမောတဲ့လူတွေ အများကြီးရှိပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဝိညာဥ်တွေကျ နည်းနည်းလေး ရှိရတာလဲ။အခုကစပြီး ကျွန်မနဲ့ ဝေးဝေးနေပါ "
" တောင်းပန်ပါတယ်။ ငါတို့နှစ်ယောက်က ဖူးစာဖက်မဟုတ်ဘူး။ ငါ့ကံကြမ္မာက မဟာတာအိုလမ်းစဥ်နောက်ကို လိုက်ဖို့ပဲ။ အချစ်ရေးက ဘာတုန်းကွာ။ ဒီကိစ္စကို ထပ်အစမဖော်နဲ့တော့ "
လူအတော်များများမှာ လမ်းခွဲခြင်းမြင်ကွင်းများ ဖြစ်ပေါ်နေခြင်းကြောင့် အံ့အားသင့်နေတော့သည်။ ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် သိသွားပြီး ရင်တဒိန်းဒိန်းခုန်လာတော့သည်။
" ခဏနေပါဦး၊ ဒါမဟုတ်သေးဘူး "
ရုတ်တရက် သူသည် မကောင်းသော ခံစားချက်ကြီးတစ်ခုရလာတော့သည်။ သူ၏ကာမငြိမ်သက်ဆေးလုံးထဲတွင် အဓိက ပါဝင်ပစ္စည်းမှာ ဂရုမစိုက်ခြင်း အသီးဖြစ်သည်။ သူက ထိုအသီးနှင့် သူသိသည့် အခြားဆေးပင်အနည်းငယ်ဖြင့် ပေါင်းစပ်အသုံးပြုကာ ကာမအားတိုးဆေးအား တိုက်ဖျက်နိုင်မည့် ဆေးလုံးတစ်လုံး ဖန်တီးရန် မျှော်လင့်ခဲ့သည်။ ထို့ပြင် ကာမအားတိုးဆေးက လူတစ်ယောက်ကို အရင်ဆုံး ရုပ်ပိုင်းဆိုင်ရာ သက်ရောက်ပြီးနောက်မှ စိတ်ပိုင်းဆိုင်ရာကို သက်ရောက်ခြင်းဖြစ်သည်။
ထို့ကြောင့် ကာမငြိမ်သက်ဆေးလုံးအတွက် သူ၏ အစီအစဥ်မှာ လူတစ်ယောက်အား စိတ်ပိုင်းဆိုင်ရာ သက်ရောက်စေပြီးနောက် ရုပ်ပိုင်းဆိုင်ရာ စင်ကြယ်စေရန် ရည်ရွယ်ထားခဲ့သည်။ လက်ရှိအခြေအနေမှာ သူ ကြိုတင် စိတ်ကူးခဲ့သည်ထက် လုံးလုံးလျားလျား ကျော်လွန်နေတော့သည်။
အမှန်တွင် ထိုအခြင်းအရာကြောင့် သူ့ရင်ထဲတွင် စိုးရိမ်ပူပန်စိတ်များ ကိန်းအောင်းလာတော့သည်။
" ငါက ကာမငြိမ်သက် ဆေးလုံးလိုချင်တာလေ၊ သံယောဇဥ်မဲ့ဆေးလုံး မဟုတ်ဘူး။ ဒါ ဒီအတိုင်းဖြစ်လို့မရဘူး။ တစ်ခုခုလုပ်ရမယ် "
ထို့နောက် သူက စိတ်ငြိမ်အောင် လုပ်လိုက်သည်။ လွန်ခဲ့သော သုံးရက်က လူအနည်းငယ်သာ သက်ရောက်ခံလိုက်ရသဖြင့် အခြေအနေသည် ပြန်လည်ကုစားရန် မခက်ခဲသင့်သည် မဟုတ်ပါလော။
သို့သော် သူ မည်သို့ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည့်အချိန်မှာပင် သူ့နားထဲသို့ အက်ကွဲသံများရောက်ရှိလာပြီး ဆေးပေါင်းဖို အလုံးတစ်ရာ ဖော်စပ်ထားသည်ကို သတိရသွားကာ သူ မျက်နှာပျက်သွားတော့သည်။ ထိုဆေးပေါင်းဖိုများအနက် ဆယ်လုံးမှာ မျက်နှာတစ်ပြင်လုံး အက်ကွဲကြောင်းများ ပျံ့နှံ့နေလေပြီ။
" မဖြစ်ဘူး "
သူက ထိုအခြေအနေကို ထိန်းသိမ်းရန် အပြေးအလွှားသွားကာ အော်ဟစ်လိုက်သည်။
ဝုန်း