← Chapters

အခန်း (၄၀၃-၄၀၄)

Vol. 21 Ch. 403-404

အခန်း (၄၀၃-၄၀၄)

Vol. 21 Ch. 403-404

အပိုင်း(၄၀၃) အသွင်ပြောင်း အစွမ်းပိုင်ရှင်များ

"ဆရာလင်း... ဆရာက ကျွန်တော်တို့ကို အခက်တွေ့အောင် လုပ်နေတာပဲ"

"ဟုတ်ပါတယ် ဆရာလင်း... မြူရေခဲမြို့တော်က မြူခိုးမြို့တော်ရဲ့ အသည်းနှလုံးပဲလေ... မြူခိုးတောအုပ်ကို ဖြတ်သွားရုံတင်မကဘူး... အဲဒီတောအုပ်ထဲက ကြေးစားတပ်ဖွဲ့တွေကို အရင် ရှင်းရဦးမှာ... အဓိကက ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ကလည်း သာမန်လူတွေမှ မဟုတ်တာ"

"ဆရာလင်းက မြူခိုးမြို့တော်ကို အခုမှ ရောက်လာတာဆိုတော့ အခြေအနေကို သိပ်မသိလောက်ဘူး... ဒီ မြူရေခဲမြို့တော်ဆိုတာ သာမန် အဖွဲ့အစည်းလေး မဟုတ်ဘူး... တကယ့် မြို့တော်ကြီး တစ်ခုဗျ"

"ဆရာလင်း... ဒီကိစ္စက ကျွန်တော်တို့အတွက်တော့ တကယ်ကို မဖြစ်နိုင်သလောက်ပါပဲ"

......

လူအုပ်ကြီးက တစ်ယောက်တစ်ပေါက် ဝင်ပြောနေကြပြီး အားလုံး၏ မျက်နှာပေါ်တွင် အခက်တွေ့နေသော အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေ၏။

လင်းယွမ်က ဘာစကားမှ ပြန်မပြောဘဲ သူတို့ကိုသာ တည်ငြိမ်စွာ စိုက်ကြည့်နေလိုက်သည်။

တဖြည်းဖြည်းနှင့် ဆွေးနွေးငြင်းခုံနေသော အသံများ တိတ်ဆိတ်သွားတော့သည်။

သူတို့အားလုံးက ယခုလက်ရှိ အခြေအနေတွင် အပေးအယူလုပ်ရန် မည်သည့် အခွင့်အရေးမျှ မရှိတော့ကြောင်းကို ရုတ်တရက် သဘောပေါက်သွားကြ၏။

သူတို့၏ အသက်များက လင်းယွမ်၏ လက်ထဲတွင် ရှိနေဆဲပင် ဖြစ်သည်။

အစမှအဆုံးတိုင်အောင် ကျိုးဝမ်ရှီး၊ လီချုံမင်၊ ကျန်းဟန်လျန်နှင့် အခြား သင်္ဘောလေးစင်းမှ ခေါင်းဆောင်များကမူ စကားတစ်ခွန်းမျှ ဝင်မပြောခဲ့ကြပေ။

သူတို့၏ ဦးနှောက်ထဲတွင် လင်းယွမ်၏ ရည်ရွယ်ချက်ကို လျင်မြန်စွာ စဉ်းစားသုံးသပ်နေကြသည်။

ကျိုးဝမ်ရှီး၊ လီချုံမင်နှင့် ကျန်းဟန်လျန်တို့ သုံးဦး၏ မျက်လုံးများက ပို၍ပင် တောက်ပလာပြီး မျက်ဝန်းအောက်ခြေ နက်ရှိုင်းရာ၌ အံ့ဩဝမ်းသာသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

လင်းယွမ် တကယ်တမ်း ရင်ဆိုင်ချင်နေသည်မှာ မြူရေခဲမြို့တော် ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြသည်မှာ ထင်ရှားလှသည်။

ကျိုးဝမ်ရှီးက အကဲစမ်းသည့်ဟန်ဖြင့် မေးလိုက်သည်။ "ဆရာလင်းက မြူရေခဲမြို့တော်ကို တိုက်ခိုက်ချင်တဲ့အကြောင်းအရင်း သိခွင့်ရှိမလား"

လင်းယွမ်က ပြုံးလိုက်၏။ "မင်းတို့ကရော ဘာလို့ ဒီနေရာမှာပဲ သောင်တင်နေပြီး ထွက်မသွားကြတာလဲ"

ကျိုးဝမ်ရှီးက မသိစိတ်၏ စေ့ဆော်မှုအရ ဖြေလိုက်သည်။ "သင်္ဘောတွေက ဒီမှာ ပိတ်မိနေလို့ပါ..."

သူက စကားကို ဆက်မပြောနိုင်တော့ဘဲ ရပ်တန့်သွား၏။ ဤအကြောင်းပြချက်က အဓိပ္ပာယ်မရှိကြောင်း သိသာထင်ရှားနေသည်။ သူတို့၏ အစွမ်းအစများဖြင့် မိမိတို့၏သင်္ဘောများ ဤနေရာတွင် ပိတ်မိနေလျှင်တောင်မှ ရေအောက်ကျောက်ဆောင်များကို ရှောင်ကွင်း၍ ထွက်ခွာနိုင်မည့် သင်္ဘောငယ်လေးများကို လုယူရန် မဖြစ်နိုင်စရာ အကြောင်းမရှိပေ။

ထို့အပြင် သူတို့အဖွဲ့၏ သင်္ဘောများက ပိတ်မိနေခြင်း မရှိသည့်အပြင် စောစောလေးကတင် သမ္မတ ၇ သင်္ဘောကို လာရောက် တိုက်ခိုက်ခဲ့ကြသေးသည် မဟုတ်ပါလော။

ကျိုးဝမ်ရှီး တိတ်ဆိတ်သွားသောအခါ ကျန်းဟန်လျန်က ချက်ချင်း ဝင်ပြောလိုက်သည်။ "ကျွန်တော်တို့က ရေပေါ်ကျွန်းမှာ ဝင်နေချင်လို့ပါ"

"ဆရာလင်း... အပြင်ဘက်က အခြေအနေကို ဆရာလည်း အမြင်ပဲလေ... နေရာအနှံ့ ရေတွေလွှမ်းပြီး မိုးသက်မုန်တိုင်းကလည်း အဆက်မပြတ် ရွာသွန်းနေတာ... ဒီရေဘေးကြီးက ဘယ်အချိန်အထိ ဆက်ဖြစ်နေဦးမလဲ ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး"

"ရေမျက်နှာပြင်က ဆက်ပြီး မြင့်တက်နေမယ်ဆိုရင် အဲ့ဒီ မိုးမျှော်တိုက်ကြီးတွေ အားလုံးလည်း အနှေးနဲ့အမြန် ရေအောက် ရောက်သွားမှာပဲ"

"ကျွန်တော်တို့က သင်္ဘောပေါ်မှာ ရေဘေးကို ရှောင်လွှဲနိုင်တယ် ဆိုပေမယ့် စားစရာ သောက်စရာ မရှိရင်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး"

"ဒီ မြူခိုးမြို့တော်က ရေပေါ်ကျွန်း တစ်ကျွန်းဖြစ်ပြီး ရေမျက်နှာပြင်ပေါ်မှာ ပေါလောမျောနေနိုင်တော့ ရေဘယ်လောက်ပဲ ကြီးကြီး သူ့ကို လွှမ်းမိုးနိုင်မှာ မဟုတ်ဘူး"

"ဒီကျွန်းပေါ်မှာ သစ်ပင်တွေ ရှိတယ်... ရေကန်တွေ ရှိတယ်... သန္ဓေပြောင်း သတ္တဝါတွေ ရှိတဲ့အပြင် စိုက်ပျိုးစရာ မြေကြီးတွေလည်း ရှိသေးတယ်ဆိုတော့ တကယ်ကို အသက်ရှင် ရပ်တည်ဖို့အတွက် အကောင်းဆုံး နေရာတစ်ခုပဲ"

"ကျွန်တော်တို့ ဒီမှာ သောင်တင်နေကြတာကလည်း တစ်နေ့နေ့ကျရင် မြူရေခဲမြို့တော်ထဲကို ဝင်ရောက် နေထိုင်နိုင်ဖို့ မျှော်လင့်ချက်နဲ့ပါ..."

လင်းယွမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ့စကားကို ရုတ်တရက် ဖြတ်ကာ မေးလိုက်၏။ "ဒါဆို မင်းတို့က ဘာလို့ ဝင်မနေကြတာလဲ"

ကျန်းဟန်လျန် ကြောင်အမ်းသွားသည်။ "အာ... အဲဒါက မြူခိုးမြို့တော်သခင်ရဲ့ စည်းမျဉ်းတွေကြောင့်ပါ..."

လင်းယွမ်က နောက်တစ်ဖန် လှောင်ပြုံး ပြုံးလိုက်ပြန်၏။ "သူ့ရဲ့ စည်းမျဉ်းတွေကို မင်းတို့က ဘာဖြစ်လို့ လိုက်နာနေရမှာလဲ"

"ဒီ မြူခိုးမြို့တော်က သူ့ဟာမို့လို့လား... ရေပေါ်ကျွန်းကြီးကရော သူ့အပိုင်လား"

"သူ့မှာ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ ရှိနေလို့လား"

ကျန်းဟန်လျန်မှာ ချက်ချင်းပင် စကားဆွံ့အသွားပြီး ပြန်လည် ချေပနိုင်စွမ်း မရှိတော့ချေ။

လီချုံမင်ကတော့ လင်းယွမ်၏ ဆိုလိုရင်းကို နားလည်သွားခဲ့ပြီး လေးနက်သော အသံဖြင့် မေးလိုက်သည်။ "ဆရာလင်း... ဆရာလင်းက မြူရေခဲမြို့တော်ကို တိုက်ရိုက် တိုက်ခိုက်ပြီး ဒီရေပေါ်ကျွန်းကြီးကို သိမ်းပိုက်ချင်နေတာလား"

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုနေရာတွင် ရှိနေကြသော သင်္ဘောခေါင်းဆောင် အားလုံးမှာ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။

ဤကဲ့သို့သော အတွေးမျိုးကို သူတို့ ယခင်က တစ်ခါမှ မတွေးတောခဲ့ဖူးပေ။

အမှန်တကယ်တော့ မြူရေခဲမြို့တော်က သူတို့အား ပေးစွမ်းထားသည့် ခံစားချက်မှာ ဒေသဆိုင်ရာ အစိုးရအာဏာပိုင် တစ်ရပ်ကဲ့သို့ အင်အားကြီးမားလွန်းပြီး လုံးဝ တုန်လှုပ်ချောက်ချားအောင် မလုပ်နိုင်သည့် အရာတစ်ခုအဖြစ် ရှိနေသောကြောင့် ဖြစ်သည်။

ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့၏ အင်အား ကြီးမားမှုက သူတို့အား ရေပေါ်ကျွန်းကို အင်အားသုံး၍ လုယူရန် အတွေးမျိုးကို လုံးဝ မဖြစ်ပေါ်စေခဲ့ချေ။

သေချာသည်ကတော့ ပို၍ နက်ရှိုင်းသော အကြောင်းရင်းမှာ သူတို့ အားလုံးသည် မူလက သာမန် ပြည်သူလူထုများသာ ဖြစ်ခဲ့ကြသောကြောင့်ပင်။

ရိုးတွင်းခြင်ဆီထဲတွင် အာဏာပိုင်များကို ကြောက်ရွံ့သည့် စိတ်ဓာတ်များ ကိန်းအောင်းနေကြသည်။

သူတို့ကို စားစရာ တစ်လုတ်လောက် ပေးထားပြီး ချောင်ပိတ်တဲ့အထိ မတွန်းပို့သရွေ့ သူတို့က သွားရောက် ပုန်ကန်ကြမည် မဟုတ်ဘဲ သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်းသာ ရိုးရိုးသားသား လိုက်နာ ဆောင်ရွက်ကြမည် ဖြစ်သည်။

သူတို့၏ တွေးခေါ်မှု အခြေခံက အောက်ခြေလူတန်းစား ပြည်သူများ၏ ပုံစံမျိုးသာ ဖြစ်နေဆဲပင်။

သွေးထွက်သံယို သတ်ဖြတ်မှုများကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ရလျှင်တောင်မှ ယင်းက ပုဂ္ဂိုလ်ရေးဆိုင်ရာ ရန်ငြိုးရန်စများနှင့် အလုအယက် ပြိုင်ဆိုင်မှုများအတွက်သာ ဖြစ်သည်။

လူအများစုက နေ့စဉ်ဘဝတွင် သာမန်လူများအချင်းချင်း ရန်ဖြစ် သတ်ပုတ်ရဲကြသော်လည်း ယူနီဖောင်း ဝတ်ဆင်ထားပြီး အုပ်ချုပ်သူ လူတန်းစားကို ကိုယ်စားပြုနေသည့် သူများနှင့် ရင်ဆိုင်ရချိန်တွင် ပထမဆုံး တုံ့ပြန်မှုက လက်နက်ကိုင်ကာ ပြန်လည် ခုခံတိုက်ခိုက်ခြင်းမျိုး လုံးဝ မဟုတ်သကဲ့သို့ပင်။

လူအများစုက တစ်ဖက်လူ၏ စည်းမျဉ်းစည်းကမ်းများကို ရိုးရိုးသားသားပင် လိုက်နာ ဆောင်ရွက်ကြမည်သာ ဖြစ်သည်။

သို့သော် ဤရေပေါ်ကျွန်း၊ မြူခိုးမြို့တော်၊ မြူရေခဲမြို့တော်နှင့် မြူခိုးမြို့တော်သခင် ဆိုသည်မှာ စည်းမျဉ်းစည်းကမ်း ဖြစ်ပြီး အာဏာပိုင် အဖွဲ့အစည်း ဖြစ်ကာ အုပ်ချုပ်သူ လူတန်းစားပင် ဖြစ်နေလေသည်။

သူတို့က မသိစိတ်၏ စေ့ဆော်မှုအရ သွားရောက် ပုန်ကန်ရန် မတွေးတောခဲ့မိကြချေ။

သူတို့က ဘေးပတ်ဝန်းကျင်ရှိ လူများကို မည်သို့ လှည့်စားကာ အရင်းအမြစ်များကို စုဆောင်းမည်၊ ထို့နောက် မြူရေခဲမြို့တော်၏ ဝင်ရောက် နေထိုင်ခွင့် စည်းကမ်းချက်များနှင့် ကိုက်ညီအောင် ပြုလုပ်ပြီး နေထိုင်ခွင့် အရည်အချင်းကို ရယူကာ မြူရေခဲမြို့တော်ထဲသို့ ဝင်ရောက်၍ အဖွဲ့ဝင် တစ်ဦးအဖြစ် နေထိုင်ရန်သာ စဉ်းစားခဲ့ကြသည်။

သေချာသည်ကတော့ ဤအထဲတွင် အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့သည့် သဘောတရားများလည်း ပါဝင်နေမည်မှာ သေချာလှသည်။

မည်သို့ပင်ဆိုစေ ဘေးပတ်ဝန်းကျင်ရှိ လူများကို အနိုင်ကျင့်ပြီး သူတို့၏ အရင်းအမြစ်များကို လုယက်ခြင်းက မြူရေခဲမြို့တော်ကို သွားရောက် တိုက်ခိုက် ဖြိုခွင်းရခြင်းထက် အများကြီး ပိုမို လွယ်ကူရိုးရှင်းနေသည် မဟုတ်ပါလော။

ထို့ကြောင့် ယခုအခိုက်အတန့်တွင် လီချုံမင်၏ စကားကို ရုတ်တရက် ကြားလိုက်ရချိန်၌ လူတိုင်းက အကြီးအကျယ် အံ့အားသင့်သွားကြခြင်း ဖြစ်သည်။

သို့သော် ကျိုးဝမ်ရှီးနှင့် ကျန်းဟန်လျန်တို့လို လူများကမူ လင်းယွမ်ကို စူးရှတောက်ပသော အကြည့်များဖြင့် စိုက်ကြည့်နေကြ၏။

သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ၊ ဝမ်းသာပျော်ရွှင်မှုများနှင့် အနည်းငယ်သော ထိတ်လန့် ချောက်ချားမှုများဖြင့် ပြည့်နှက်နေသည်။

လင်းယွမ်က ထိုလူများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် မနေနိုင်ဘဲ ခပ်ဟဟ ရယ်မောလိုက်၏။ "ကြည့်ရတာ မင်းတို့က အကုန်လုံးက သတ္တိကြောင်တဲ့ ကောင်တွေတော့ မဟုတ်ကြဘူးပဲ"

"မှန်တယ်... ငါက မြူရေခဲမြို့တော်ကို တိုက်ခိုက်မလို့ပဲ"

"ဒီ မြူခိုးမြို့တော်သခင် ဆိုတဲ့ကောင်ရဲ့ အဲဒီလောက် ပြင်းထန်လွန်းတဲ့ စည်းမျဉ်းတွေကို သွားပြီး ဖြည့်ဆည်းပေးနေဖို့ ငါ့မှာ အချိန်မရှိသလို သူတို့ရဲ့ စစ်ဆေးမှုကိုလည်း သွားမခံယူချင်ဘူး"

"ငါ လိုချင်ရင်... ငါ့ဘာသာ သွားလုယူမှာပဲ"

ကျိုးဝမ်ရှီးက မနေနိုင်ဘဲ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဆရာလင်း... ဆရာလင်း စောစောကတည်းက ပြောခဲ့မယ် ဆိုရင် ကျွန်တော်တို့က ဆရာလင်းနဲ့ အခုလို လာပြီး တိုက်ခိုက်နေစရာ ဘယ်လိုမှာလဲ"

"ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့လည်း မြူရေခဲမြို့တော်ရဲ့ ပြင်းထန်လွန်းတဲ့ နေထိုင်ခွင့် စည်းကမ်းချက်တွေကို မကျေမနပ် ဖြစ်နေခဲ့တာ ကြာပြီ... သူတို့ဆီမှာ အရင်းအမြစ်တွေနဲ့ မြေနေရာတွေ အများကြီး ရှိနေတာတောင် ကျွန်တော်တို့ကို ပေးမဝင်ဘူးလေ"

"နှမြောစရာကောင်းတာက ကျွန်တော် ကျိုးဝမ်ရှီးက အရည်အချင်း မရှိတော့ တခြားလူတွေကလည်း ကျွန်တော့်ကို အသိအမှတ် မပြုကြဘူး... ကျွန်တော့်မှာလည်း ဆရာလင်းလိုမျိုး ရည်မှန်းချက် ကြီးကြီးမားမား ရှိခဲ့ဖူးပေမယ့် လက်တွေ့ အကောင်အထည် ဖော်ဖို့ကတော့ အမြဲတမ်း ခက်ခဲနေခဲ့တယ်"

"အခု ဆရာလင်းကိုယ်တိုင် ဦးဆောင်မယ် ဆိုမှတော့... ကျွန်တော် ကျိုးဝမ်ရှီး က ပထမဆုံးအနေနဲ့ ထောက်ခံပါတယ်"

"ကျွန်တော်က ဒုတိယပဲ" ကျန်းဟန်လျန်က စားပွဲကို ရိုက်ကာ ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

သူ၏ အနည်းငယ် ဝဖြိုးနေသော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့်ဖြစ်နေသည်။ "တောက်... ဘာဖြစ်လို့ သူတို့က စောစောရောက်သွားတာနဲ့ပဲ ဒီရေပေါ်ကျွန်းကြီးကို သိမ်းပိုက်ထားနိုင်ရတာလဲ... ကျွန်တော်တို့လို နောက်ကျမှ ရောက်လာတဲ့ သူတွေကကျတော့ ကျွန်းပေါ် တက်ဖို့ကိုတောင် ဒီလောက် ပြင်းထန်တဲ့ စည်းကမ်းတွေ ခံနေရတာလဲ... စောစောကတည်းက သူတို့ကို အသေအလဲ တိုက်ခိုက်ခဲ့သင့်တာ"

"ဆရာလင်း... ကျွန်တော့်ကိုပါ ထည့်တွက်လိုက်"

လူအုပ်ကြီး၏ အနောက်ဘက်မှ ရှောင်မင်ထင်း ဆိုသူကလည်း ပထမဆုံးအနေဖြင့် အော်ဟစ်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင်လည်း စူးရှသော အလင်းရောင်များ တောက်ပနေပြီး သူသည်လည်း သာမန်ဘဝဖြင့် ရောင့်ရဲတင်းတိမ်မည့်သူ မဟုတ်ကြောင်း သိသာထင်ရှားနေသည်။

ထို့နောက် ရွှယ်ကောဟွာ၊ ကျိုက်ကော်ဖုန်း၊ ထန်တယ်ချန် နှင့် အခြားသူများကလည်း စားပွဲများကို ရိုက်ကာ အသီးသီး ပါဝင်ရန် ဆူညံစွာ တောင်းဆိုလာကြသည်။

ဤသင်္ဘောခေါင်းဆောင် အုပ်စုသည် မြူရေခဲမြို့တော်ထဲသို့ ဝင်ရောက်နိုင်ရန်အတွက် ကြိုတင် ပြင်ဆင်မှုများ အများအပြား ပြုလုပ်ထားခဲ့သည်မှာ ထင်ရှားလှသည်။

နှမြောစရာကောင်းသည်မှာ မြူရေခဲမြို့တော်ထဲသို့ ဝင်ရောက်ကာ ထိုနေရာမှ နေထိုင်သူများ ဖြစ်လာရန်မှာ အလွန် ခက်ခဲလွန်းပြီး စည်းကမ်းချက်များကလည်း အလွန် ပြင်းထန်လွန်းနေခဲ့သည်။

သူတို့လို လူများမှာ ထမင်းတစ်နပ် စားရလိုက်၊ မစားရလိုက် ဖြစ်နေကြရာ လုံလောက်သော အရင်းအမြစ်များကို စုဆောင်းနိုင်စွမ်း လုံးဝ မရှိခဲ့ကြပေ။

ယခုအခါ လင်းယွမ် ကဲ့သို့သော အင်အားကြီးမားသည့် ခေါင်းဆောင်တစ်ဦးက ဦးဆောင်လာပြီဖြစ်ရာ အားလုံးက ချက်ချင်းပင် အလွန်အမင်း စိတ်လှုပ်ရှားသွားကြတော့သည်။

သူတို့က လင်းယွမ်၏ "အဆိပ်ဆေး" ဖိအားပေးမှုကြောင့် ပါဝင်လာရသည် ဆိုသည့် အကြောင်းရင်း တစ်စိတ်တစ်ပိုင်း ရှိနေသော်လည်း၊ အသွေးအသားထဲတွင်မူ သူတို့ ကိုယ်တိုင်ကလည်း မြူရေခဲမြို့တော်ထဲသို့ ဝင်ရောက် တိုက်ခိုက်ချင်နေကြခြင်းပင် ဖြစ်သည်။

မြူရေခဲမြို့တော်ကို တိုက်ခိုက် သိမ်းပိုက်နိုင်ပါက အားလုံး ဝင်ရောက် နေထိုင်နိုင်ကြမည်ဖြစ်ပြီး ကြီးမားလှသော ရေလွှမ်းမိုးဘေးကြီးကိုလည်း ထပ်မံ စိုးရိမ်နေရန် မလိုအပ်တော့ချေ။

ထို့အပြင် မြူရေခဲမြို့တော်ကို သိမ်းပိုက်ပြီးပါက ထိုအချိန်ကျလျှင် လင်းယွမ်အား အကြီးအကဲအဖြစ် တင်မြှောက်ရမည် ဆိုလျှင်တောင်မှ သူတို့အနေဖြင့် လက်မခံနိုင်စရာ မရှိပေ။

ဘယ်သူကများ လင်းယွမ်လောက် အစွမ်းထက်နေလို့လဲ။

လင်းယွမ်က ထိုအခြေအနေကို မြင်သောအခါ ဤလူများ၏ တိုက်ခိုက်လိုစိတ်က ဤမျှလောက်အထိ ပြင်းထန်နေသည်ကို အနည်းငယ် အံ့အားသင့်သွားမိသည်။

ကြည့်ရသည်မှာ ဤလူစုက ကျွန်းပေါ်သို့ တက်ရောက် နေထိုင်လိုသည့် စိတ်ကူးများ စောစောကတည်းက ရှိနေခဲ့ပုံ ရသည်။

ထို့ကြောင့် လင်းယွမ်ကလည်း စကားအပိုများ မပြောတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။ "ကောင်းပြီ... မင်းတို့အားလုံးမှာ ဒီလို စိတ်ကူးမျိုး ရှိနေကြမှတော့... လုပ်လက်စနဲ့ အဆုံးတိုင်အောင် ဆက်လုပ်ကြတာပေါ့... အခု ငါ မင်းတို့ကို ခွင့်ပြုလိုက်ပြီ... မင်းတို့ရဲ့ ကိုယ်ပိုင် လူအင်အားတွေကို ခေါ်ဆောင်ပြီး သင်္ဘော ခုနစ်စင်းပေါ်ကို ချက်ချင်း ပြန်ကြ"

"ငါနဲ့အတူ... မြူခိုးမြို့တော်ထဲကို ဝင်ကြမယ်"

"သင်္ဘော ခုနစ်စင်းရဲ့ ခေါင်းဆောင်တွေ အားလုံး ဝမ်ရှီးသင်္ဘောပေါ်မှာ လာစုကြ"

"သိပါပြီ"

......

နာရီဝက်ခန့် ကြာပြီးနောက် သင်္ဘော ခုနစ်စင်းက နောက်တစ်ကြိမ် ထပ်မံ ထွက်ခွာလာခဲ့ကြသည်။

ဝမ်ရှီးသင်္ဘောပေါ်တွင် လင်းယွမ်က သစ်သားတဲအောက်၌ ရပ်နေပြီး မူလက ကျိုးဝမ်ရှီး၏ နေရာဖြစ်သော ထိုင်ခုံကို လင်းယွမ်က နေရာယူထားလိုက်ပြီ ဖြစ်သည်။

ကျိုးဝမ်ရှီးနှင့် အခြားသူများမှာ ထိုင်ခုံ မရှိတော့ဘဲ လင်းယွမ်၏ ဘယ်ညာ တစ်ဖက်တစ်ချက်တွင် ရပ်နေကြရသည်။

မြူခိုးများက လှိမ့်တက်နေပြီး အရှေ့ဘက်ကို သဲသဲကွဲကွဲ မမြင်ရချေ။ လင်းယွမ်က မေးလိုက်သည်။ "ဒီနေရာရဲ့ အခြေအနေတွေကို ဘယ်သူ ပြောပြမလဲ"

ကျိုးဝမ်ရှီးက ချက်ချင်း ပြောလိုက်သည်။ "ဆရာလင်း... ကျွန်တော်က ရေပေါ်ကျွန်းကို ဆယ်ကြိမ် မက ဝင်ထွက်ဖူးပါတယ်... တစ်ဖက်က အခြေအနေတွေကို တော်တော်လေး သိနားလည်ထားပါတယ်"

လင်းယွမ်က မေးလိုက်၏။ "ပြောပြစမ်းပါဦး"

"ဟုတ်ကဲ့ပါ"

ကျိုးဝမ်ရှီးက ရေပေါ်ကျွန်း၏ အခြေအနေများကို ချက်ချင်း စတင် ရှင်းပြလေတော့သည်။

"ဆရာလင်း... ရေပေါ်ကျွန်းရဲ့ ပတ်ပတ်လည်မှာ ရေအောက်ကျောက်ဆောင်တွေချည်းပဲမို့လို့ သင်္ဘောကြီးတွေ ချဉ်းကပ်ဖို့ အရမ်း ခက်တယ်... မြူခိုးတောအုပ် အနားမှာပဲ အလတ်စား ကုန်တင်သင်္ဘောတွေ ဝင်ထွက်သွားလာလို့ရတဲ့ ကျဉ်းမြောင်းတဲ့ ရေကြောင်းလိုင်း တစ်ခု ရှိတာ"

"ငါတို့ရဲ့ ဒီသင်္ဘော ခုနစ်စင်းကရော ဝင်လို့ရလား" လင်းယွမ်က တိုက်ရိုက်ပင် မေးလိုက်သည်။

"ရတယ်... ကျွန်တော့်ရဲ့ ဝမ်ရှီးသင်္ဘောရော... တခြား သင်္ဘောတချို့ရော အားလုံးက အလတ်စား ကုန်တင်သင်္ဘောတွေ ဖြစ်တဲ့အတွက် မြူခိုးတောအုပ်ထဲ ဝင်ဖို့ ပြဿနာ မရှိပါဘူး... ဒါပေမယ့်..."

"ဒါပေမယ့် ဘာဖြစ်လဲ"

"ဒါပေမယ့် မြူခိုးတောအုပ်မှာလည်း နယ်မြေ ပိုင်းခြားထားတာတွေ ရှိတယ်... အဲဒီဘက်မှာက ကြေးစားတပ်ဖွဲ့ တချို့ရဲ့ ကာလရှည် သိမ်းပိုက်ထားတာကို ခံထားရတာ... အထူးသဖြင့် အဲဒီ ရေကြောင်းလိုင်း နေရာဆိုရင် သူတို့က ဆိပ်ကမ်းတစ်ခု အဖြစ်တောင် တည်ဆောက်ထားကြတယ်"

"သူတို့ရဲ့ ခွင့်ပြုချက် မရှိဘဲနဲ့ ကမ်းကပ်လို့ မရဘူး"

လင်းယွမ်က ချက်ချင်း မျက်ခုံးပင့်လိုက်သည်။ "မြူခိုးတောအုပ်ထဲမှာ သန္ဓေပြောင်း သတ္တဝါတွေ နေရာအနှံ့ ရှိနေတယ်လို့ ပြောတာ မဟုတ်ဘူးလား... ဒီ ကြေးစားတပ်ဖွဲ့တွေက ဘယ်လိုလုပ်ပြီး ခြေကုပ်ယူထားနိုင်တာလဲ"

ကျိုးဝမ်ရှီးက ပြောလိုက်သည်။ "ဒီ ကြေးစားတပ်ဖွဲ့တွေက အပြင်လူတွေ မဟုတ်ဘူး... အဲ့ဒီအထဲက ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် အများစုက တကယ်တော့ မြူရေခဲမြို့တော်က အစွမ်းထက်တဲ့ သူတွေ ဖွဲ့စည်းထားကြတာ"

"သူတို့က မြူခိုးတောအုပ်ထဲမှာ ခံတပ်စခန်းတွေ တည်ဆောက်ထားလို့ အသက်ရှင် ရပ်တည်နိုင်ကြတာ"

"ကျွန်တော်တို့လို အပြင်လူတွေက မြူခိုးတောအုပ်ထဲ ဝင်ချင်တယ်ဆိုရင်... ကြေးစားတပ်ဖွဲ့တွေထဲ ဝင်ပြီး သူတို့အတွက် အသက်စွန့် အလုပ်လုပ်ပေးရပါတယ်"

လင်းယွမ်၏ မျက်ခုံးများက အနည်းငယ် ပင့်တက်သွားပြီး မေးလိုက်သည်။ "ဒီ ကြေးစားတပ်ဖွဲ့တွေက မြူခိုးတောအုပ်ထဲမှာ နေကြတာ ဘာအတွက်လဲ"

"သန္ဓေပြောင်း သတ္တဝါတွေကို အမဲလိုက်ဖို့ပါ... မြူခိုးတောအုပ်ထဲမှာ သန္ဓေပြောင်း သတ္တဝါတွေ မနည်းမနော ရှိသလို စွမ်းအင်ကျောက်တုံး သတ္တုတွင်းတွေလည်း ရှိပါတယ်... သူတို့က လူအင်အား စုစည်းပြီး သတ္တုတွင်း တူးဖော်ကြတယ်... ပြီးရင် မြူရေခဲမြို့တော်ကို ပြန်သယ်သွားကြတာပေါ့"

"မြူရေခဲမြို့တော်ရဲ့ စားနပ်ရိက္ခာတွေကိုရော ဘယ်လို ဖြေရှင်းကြတာလဲ" လင်းယွမ်က ရုတ်တရက် မေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူ လက်ရှိ သိရှိထားသော သတင်းများအရ ဤမြူခိုးတောအုပ်က အတော်လေး အန္တရာယ်များပြီး သန္ဓေပြောင်း သတ္တဝါ အမြောက်အမြား သွားလာ လှုပ်ရှားနေသဖြင့် ဧရိယာ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် လုံးဝ မသင့်တော်သောကြောင့် ဖြစ်သည်။

ထိုသို့ဆိုလျှင် မြူရေခဲမြို့တော်က လူတွေက ဘာတွေ စားသောက်ကြသနည်း။

ကျိုးဝမ်ရှီး ပြန်မဖြေရသေးခင် ဘေးနားမှ ကျန်းဟန်လျန်က ဝင်ပြောလိုက်သည်။ "ဒါကို ကျွန်တော် သိတယ်... မြူရေခဲမြို့တော်ရဲ့ အနောက်ဘက်မှာ ရေခဲလွင်ပြင် ရှိတယ်... အဲဒီနေရာမှာက ရေခဲတွေ ဖုံးလွှမ်းနေပေမယ့် ရေခဲဂျုံ လို့ခေါ်တဲ့ အပင်တစ်မျိုး ပေါက်တယ်"

"အဲ့ဒီအပင်က အမြစ်တွေ အရမ်း သန်စွမ်းပြီး ဂျုံမှုန့်လိုမျိုး အမှုန့်အဖြစ် ကြိတ်ခွဲလို့ ရတယ်... အဲ့ဒါက မြူရေခဲမြို့တော်က လူတွေရဲ့ အဓိက အစားအစာပဲ"

"ပြီးတော့ မြူရေခဲမြို့တော်က လူတွေက ငါးဖမ်းကြတယ်... သန္ဓေပြောင်း သတ္တဝါတွေကိုလည်း အမဲလိုက်ကြတယ်... အသားငါး အရင်းအမြစ်ကတော့ မရှားဘူး... အဓိက ရှားတာက ဟင်းသီးဟင်းရွက်တွေပဲ"

"ဒါကြောင့် မြူရေခဲမြို့တော်မှာ ဟင်းသီးဟင်းရွက် ဈေးနှုန်းက အမြဲတမ်း မြင့်မားနေတာ... အဲ့ဒီ မြူခိုးတောအုပ်ထဲက ကြေးစားစစ်သားတွေကလည်း... မြူခိုးတောအုပ်ထဲ ဝင်ကြတာ သန္ဓေပြောင်း သတ္တဝါတွေကို အမဲလိုက်ဖို့ သက်သက် မဟုတ်ဘူး... တကယ့်တကယ်တော့ တောရိုင်း ဟင်းသီးဟင်းရွက်တွေကို ရှာဖွေပြီး ပြန်ရောင်းချဖို့က ပိုများတယ်"

လင်းယွမ်က ချက်ချင်း သဘောပေါက်သွားသည်။ ဤမျှ ကြီးမားသော မြူရေခဲမြို့တော်ကြီးတွင် အသက်ရှင် ရပ်တည်နိုင်မည့် အခြေအနေများ မရှိဘဲ မည်သို့ ဖြစ်နိုင်မည်နည်း။

လင်းယွမ်က ခဏမျှ စဉ်းစားလိုက်သည်။ သူ့အနေဖြင့် ခိုလှုံရေးစခန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည့် နည်းလမ်းအရဆိုလျှင် နေထိုင်သူများ၏ စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဤစားသုံးနိုင်သော တောရိုင်း ဟင်းသီးဟင်းရွက်များကို သေချာပေါက် အားသွန်ခွန်စိုက် ပြုစုပျိုးထောင်မည် ဖြစ်သည်။

သို့သော် ထို မြူခိုးမြို့တော်သခင် တွင်မူ ဤသို့သော ရည်ရွယ်ချက် မရှိကြောင်း သိသာထင်ရှားလှသည်။

ထို့အပြင် ကြားရသလောက်ဆိုလျှင် မြူခိုးမြို့တော်သခင်သည် မြူရေခဲမြို့တော် တစ်ခုကိုသာ တည်ဆောက်ခဲ့ပြီး ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ကို ထိန်းချုပ်ထားကာ အခြားသော ကဏ္ဍများတွင်မူ မည်သည့် ဖွံ့ဖြိုးတိုးတက်မှုမှ မရှိသကဲ့သို့ ဖြစ်နေသည်။

တစ်ဖက်လူက ဤရေပေါ်ကျွန်းပေါ်သို့ လူများလွန်းစွာ ဝင်ရောက်လာမည်ကိုပင် ကြိုဆိုသည့်ပုံ မပေါ်ပေ။

လင်းယွမ်က စဉ်းစားကြည့်လိုက်ပြီးနောက် ဤ မြူခိုးမြို့တော်သခင် ၏ အတွေးကိုလည်း နားလည်သွားခဲ့သည်။

ဤရေပေါ်ကျွန်း၏ အရင်းအမြစ်များက အကန့်အသတ် ရှိနေသဖြင့် တစ်ဖက်လူက လူအများအပြားကို လက်ခံလိုခြင်း မရှိသည်မှာ သေချာလှသည်။

မိမိ၏ ထိုက်ယန်တောင် ခိုလှုံရေးစခန်းက လူဦးရေကို အားသွန်ခွန်စိုက် တိုးချဲ့ရခြင်းမှာ၊ နောင်တစ်ချိန်တွင် လူဦးရေသည် ခိုလှုံရေးစခန်း တစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို သက်ရောက်စေမည့် အရေးကြီးသော အကြောင်းရင်းတစ်ခု ဖြစ်လာမည်ဟု သူ ခန့်မှန်းထားသောကြောင့် ဖြစ်သည့်အပြင်...

ပို၍ အရေးကြီးသည်မှာ လင်းယွမ်၏ ကံစမ်းမဲ စနစ်က သာမန်လူများက သူ့အတွက် သန္ဓေပြောင်း သတ္တဝါများကို ဖမ်းဆီးပေးပြီး အမှတ်များ ရှာဖွေပေးခြင်းအပေါ် မှီခိုနေရသောကြောင့် ဖြစ်သည်။

သူ့အတွက် ငါးဖမ်းပေးမည့်သူ ပိုများလေလေ၊ သူ၏ အမှတ်များကလည်း ပိုများလေလေ ဖြစ်သည်။

ထို့ကြောင့်ပင် သူက အားသွန်ခွန်စိုက်ဖြင့် ခိုလှုံရေးစခန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကာ ခိုလှုံရေးစခန်း၏ လူဦးရေကို တိုးပွားစေခဲ့ခြင်း ဖြစ်သည်။

သို့သော် တစ်ဖက်လူက ပြင်ပမှ ရောက်လာသူများကို ပိုမို လက်ခံလိုခြင်း မရှိသည်မှာ လင်းယွမ်အတွက်တော့ ကောင်းသောကိစ္စပင် ဖြစ်သည်။

ပထမအချက်အနေဖြင့် ငြင်းပယ်ခံထားရသော ဤလူစုသည် ရင်ထဲတွင် မကျေနပ်ချက်များ သေချာပေါက် ရှိနေမည်ဖြစ်ရာ၊ မိမိက အနည်းငယ်မျှ မီးမွှေးပေးလိုက်ရုံဖြင့် လူအမြောက်အများကို ချက်ချင်း စည်းရုံး သိမ်းသွင်းနိုင်မည် ဖြစ်သည်။

ဥပမာအားဖြင့် မျက်စိရှေ့ရှိ ဤသင်္ဘောခေါင်းဆောင်များသည်ပင် အကောင်းဆုံး သာဓကများ ဖြစ်ကြသည်။

မိမိက မည်သည့် ခြိမ်းခြောက်စကားမျှ မပြောရသေးခင်မှာပင်၊ သူတို့က စိတ်အားထက်သန်စွာဖြင့် ကြီးကျယ်သော အလုပ်တစ်ခုကို လုပ်ဆောင်ချင်နေကြပြီ ဖြစ်သည်။

သေချာသည်ကတော့ ဤအထဲတွင် ဟန်ဆောင်နေသူများလည်း ပါဝင်နေမည်မှာ သေချာလှသည်။ မည်သို့ပင်ဖြစ်စေ သူတို့၏ အသက်များက မိမိလက်ထဲတွင် ရှိနေသဖြင့် မဖြစ်မနေ ပူးပေါင်း ဆောင်ရွက်ရမည်သာ ဖြစ်သည်။

သို့သော် လင်းယွမ်၏ ခန့်မှန်းချက်အရ ဤသင်္ဘောခေါင်းဆောင်များထဲတွင် အများစုမှာ မြူရေခဲမြို့တော်အပေါ် တကယ်ကို အငြိုးအာဃာတများ ရှိနေကြခြင်း ဖြစ်ပေမည်။

သူတို့က မြူခိုးမြို့တော်တွင် အချိန်အကြာကြီး ပိတ်မိနေခဲ့ပြီး တစ်ချိန်လုံး အရင်းအမြစ်များ စုဆောင်းနိုင်ရန်အတွက် လှုပ်ရှားရုန်းကန်နေခဲ့ရသော်လည်း မြူရေခဲမြို့တော်သို့ ဝင်ရောက် နေထိုင်ခွင့် အရည်အချင်းကို ယခုအချိန်အထိ မရရှိနိုင်ခဲ့ကြပေ။

မည်သူ့နေရာတွင်မဆို ရင်ထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေမည်မှာ အသေအချာပင်။

ဒုတိယအချက်အနေဖြင့် ဤလူများထဲတွင် အစွမ်းထက်သော သူများလည်း မနည်းလှပေ။ ဥပမာ ကျိုးဝမ်ရှီးတို့ လူစုဆိုလျှင် သီးသန့် ထုတ်ယူလိုက်ပါက ထူလုံ၊ ကျောက်ခိုင် တို့နှင့် အပြန်အလှန် တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။

ထူလုံနှင့် ကျောက်ခိုင်တို့ ကိုယ်တိုင်ပင်လျှင် ဤလူများ၏ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။

လီချုံမင် နှင့် ကျန်းဟန်လျန် တို့၏ ခန္ဓာကိုယ်ကို ဓာတ်သဘာဝ ဒြပ်စင်အဖြစ် ပြောင်းလဲနိုင်သော အစွမ်းက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို တိုက်ရိုက် လျစ်လျူရှုနိုင်ကြောင်းကို သိထားရမည် ဖြစ်သည်။

ထူလုံတွင် စိတ်စွမ်းအင်ကို တိုက်ခိုက်နိုင်သော စေတန်အရိုးခေါင်း အစွမ်း တစ်ခုတည်းသာ ရှိပြီး ယင်းက ဓာတ်သဘာဝ ဒြပ်စင်အဖြစ် ပြောင်းလဲနိုင်သော အစွမ်းကို အနည်းငယ် ခြိမ်းခြောက်နိုင်စွမ်း ရှိသော်လည်း အခြားသော နည်းလမ်းများကိုမူ အသုံးပြု၍ မရနိုင်ချေ။

ကျောက်ခိုင်၏ ရေခဲဓာတ် အစွမ်းကတော့ သူတို့နှစ်ဦး၏ ဓာတ်သဘာဝ ဒြပ်စင် ခန္ဓာကိုယ်များကို ထိန်းချုပ်နိုင်စွမ်း ရှိလေသည်။

သို့သော် ကျောက်ခိုင်က ကျိုးဝမ်ရှီး၏ စိတ်စွမ်းအင် တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် အတော်လေး အားစိုက်ရမည် ဖြစ်သည်။

သေချာသည်ကတော့ ဤသည်မှာ ကျောက်ခိုင်က သင်္ကေတကျောက်တုံးများ ကဲ့သို့သော ပြင်ပ အထောက်အကူပြု ပစ္စည်းများကို အသုံးမပြုသည့် အခြေအနေမျိုးတွင်သာ ဖြစ်သည်။

အကယ်၍ ပြင်ပ အထောက်အကူပြု ပစ္စည်းများကိုပါ ထည့်တွက်မည် ဆိုပါက ကျောက်ခိုင်၏ စွမ်းအားက ဤလူများထက် ပိုမို အစွမ်းထက်နေမည်သာ ဖြစ်သည်။

လင်းယွမ်၏ တွေးတောမှုများ ချက်ချင်း ဖြတ်ပြေးသွားပြီးနောက် အားလုံးကို လှမ်းကြည့်ကာ မေးလိုက်သည်။ "မြူခိုးတောအုပ်ထဲက ကြေးစားတပ်ဖွဲ့တွေရဲ့ သတင်းအချက်အလက်တွေကို မင်းတို့ထဲက ဘယ်သူ သေချာ သိလဲ"

ကျန်းဟန်လျန်က နောက်တစ်ကြိမ် ဦးအောင် ဝင်ဖြေလိုက်သည်။ "ဆရာလင်း... ကျွန်တော် သိပါတယ်... မြူခိုးတောအုပ်ထဲမှာ ကြေးစားတပ်ဖွဲ့တွေ အများကြီး ရှိပေမယ့် တကယ်တမ်း အလေးထားသင့်တာက တပ်ဖွဲ့ကြီး သုံးခုပဲ ရှိပါတယ်"

"ဒီတပ်ဖွဲ့ကြီး သုံးခုကသာ မြူခိုးတောအုပ်ထဲမှာ ကာကွယ်ရေး ခံတပ်စခန်းတွေ တည်ဆောက်ထားပြီး ဆိပ်ကမ်း ရေကြောင်းလိုင်းကို စောင့်ကြပ်နေကြတာပါ"

လင်းယွမ်က မေးလိုက်၏။ "အဲ့ဒီ တပ်ဖွဲ့ကြီး သုံးခုအကြောင်း ပြောပြစမ်းပါဦး"

"ဟုတ်ကဲ့ပါ... ဒီ တပ်ဖွဲ့ကြီး သုံးခုကတော့ လီကျန့်... ဟုန်ရှင်း နဲ့ ထျန်ဝမ် တို့ပဲ ဖြစ်ပါတယ်"

"အဲဒီအထဲက လီကျန့် တပ်ဖွဲ့ရဲ့ ခေါင်းဆောင် နာမည်ကတော့ လီခွန်း လို့ ခေါ်ပါတယ်... သူက စစ်မှုထမ်းဟောင်း တစ်ယောက်ဖြစ်ပြီး အရင်က အထူးတပ်ဖွဲ့ဝင် တစ်ယောက် ဖြစ်ခဲ့ဖူးတယ်လို့ ကြားတယ်... သူ့ရဲ့ တပ်ဖွဲ့ကိုလည်း အရင်တုန်းက တပ်ဖွဲ့ အမှတ်စဉ် နာမည်နဲ့ ပေးထားတာပါ"

"ဒီလူက စစ်မှုထမ်းဟောင်းတွေကိုပဲ လက်ခံချင်တာမို့လို့ လီကျန့် ကြေးစားတပ်ဖွဲ့ကို လူတိုင်းက စစ်တပ် လို့လည်း ခေါ်ကြတယ်"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး မေးလိုက်သည်။ "ဒီလူက ဘယ်လို အမျိုးအစား အစွမ်းပိုင်ရှင်လဲ... သူ့ရဲ့ အစွမ်းအစကရော ဘယ်လိုနေလဲ"

"လီခွန်းက အသွင်ပြောင်းတဲ့ အမျိုးအစား အစွမ်းပိုင်ရှင်ပါ... ဒဏ္ဍာရီတွေထဲက မီးချီလင်း အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိပါတယ်"

"ချီလင်း အသွင်ပြောင်းထားတဲ့ အခြေအနေမှာ... သူ့တစ်ကိုယ်လုံးက မီးတောက်တွေနဲ့ ဖုံးလွှမ်းနေပြီး... မီးတောက်တွေကို ထိန်းချုပ် တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်... ခွန်အားကလည်း အရမ်း ကြီးမားတဲ့အပြင် စိတ်စွမ်းအင် တိုက်ခိုက်မှုတွေကိုလည်း တော်တော်လေး ခံနိုင်ရည် ရှိတယ်... အစ်ကိုကျိုး အရင်တုန်းက သူနဲ့ တိုက်ခိုက်ဖူးတဲ့အတွက် အသိဆုံးပါပဲ"

ကျိုးဝမ်ရှီးက ထိုစကားကို ကြားသောအခါ ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး ပြောလိုက်သည်။ "အမှန်ပဲ... လီခွန်းက မီးချီလင်း အဖြစ် အသွင်ပြောင်းပြီးရင် သူ့ရဲ့ တစ်ကိုယ်လုံးကို အထူး အကြေးခွံ တစ်လွှာက ဖုံးလွှမ်းသွားတာ... အဲဒီ အကြေးခွံက စိတ်စွမ်းအင်ကို အတိုင်းအတာ တစ်ခုအထိ ခုခံနိုင်စွမ်း ရှိတယ်"

"ကျွန်တော် အရင်က စိတ်စွမ်းအင်ကို အသုံးပြုပြီး သူ့ရဲ့ ဦးနှောက်ကို နှောင့်ယှက်ကြည့်ဖူးပေမယ့်... ထိရောက်မှု သိပ်မရှိခဲ့ဘူး"

လင်းယွမ်က အံ့အားသင့်သွားသည့် အမူအရာကို မထိန်းချုပ်နိုင်တော့ဘဲ ပြသလိုက်မိသည်။ "အသွင်ပြောင်းတဲ့ အမျိုးအစား အစွမ်းပိုင်ရှင် ဟုတ်လား"

သူ၏ ပထမဆုံး တုံ့ပြန်မှုက ထူလုံကို ပြေးမြင်လိုက်ခြင်းပင်၊ ထူလုံသည်လည်း အသွင်ပြောင်း အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်ဟု ဆို၍ ရပေသည်။

သို့သော် သူ၏ အသွင်ပြောင်းသည့် နည်းလမ်းမှာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ တက်တူးကို အခြေခံထားခြင်း ဖြစ်သည်။

ဟုတ်သားပဲ... ကျန်းဖန်၏ အစွမ်းကလည်း အသွင်ပြောင်း အမျိုးအစားထဲတွင် ပါဝင်သည်ဟု ဆိုရမည်။

သူက ရေလူသား အဖြစ် အသွင်ပြောင်းနိုင်ပြီး ရေအောက်တွင် အသက်ရှူနိုင်ကာ တစ်ကိုယ်လုံး အကြေးခွံများဖြင့် ဖုံးလွှမ်းသွားပြီး ခွန်အား အလွန် ကြီးမားလှသည်။

ပြီးတော့ အစွမ်း ယခုလေးတင်မှ နိုးထလာသော လုယွီယန်လေးပင်... ဤကောင်မလေး၏ အစွမ်းကလည်း အသွင်ပြောင်း အမျိုးအစားထဲတွင် ပါဝင်သည်ဟု ဆိုရမည်ဖြစ်သော်လည်း အနည်းငယ် ထူးဆန်းနေကာ... သူမ အသွင်ပြောင်းသည့် ပုံစံမှာ ဂျပန်အာနီမဲ ဇာတ်ကောင်များ ဖြစ်နေခြင်းပင်။

သို့သော် ရာနှုန်းပြည့် အသွင်ပြောင်းအစွမ်းတော့ မဟုတ်ပေ... လုယွီယန် အသွင်ပြောင်းပြီးနောက် အစွမ်းအာနိသင်က စိတ်စွမ်းအင် ကုသခြင်းဘက်တွင်သာ ပေါ်လွင်နေပြီး ခန္ဓာကိုယ်ကို အမှန်တကယ် ကြီးကြီးမားမား အားဖြည့်ပေးနိုင်ခြင်းမျိုး မဟုတ်ချေ။

ထို့ကြောင့် လင်းယွမ်၏ ခံစားချက်အရ သူမ၏ အသွင်ပြောင်းခြင်းကို တင်းကျပ်သော အဓိပ္ပာယ် ဖွင့်ဆိုချက်အရဆိုလျှင် အသွင်ပြောင်း အမျိုးအစားဟု မသတ်မှတ်နိုင်ပေ။

လင်းယွမ်က အပြင်လောကတွင် အသွင်ပြောင်း အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်နှင့် ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံရခြင်း ဖြစ်သည်။

ထို့အပြင် ခန္ဓာကိုယ်ကို ဤမျှလောက်အထိ အဆမတန် တိုးမြှင့်ပေးနိုင်သော အသွင်ပြောင်း အမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်နေသဖြင့် သဘာဝကျစွာပင် သူ၏ စိတ်ထဲတွင် အံ့အားသင့်သွားရခြင်း ဖြစ်သည်။

ကျိုးဝမ်ရှီးက ရှင်းပြလိုက်သည်။ "မြူရေခဲမြို့တော်ရဲ့ သုတေသနပြုချက်တွေအရဆို... အသွင်ပြောင်း အမျိုးအစား အစွမ်းပိုင်ရှင်တွေက တကယ်တော့ တိတိကျကျအဓိပ္ပါယ်ဖွင့်မယ် ဆိုရင်... ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းတွေလို့ သတ်မှတ်လို့ရတယ်"

"ပုံမှန်အားဖြင့် ဒီလို အမျိုးအစား အစွမ်းပိုင်ရှင်တွေက အခြေခံ အရည်အသွေး လေးရပ်ထဲမှာ... ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ စိတ်စွမ်းအင် အရည်အသွေး နှစ်ခုစလုံး မြင့်မားတဲ့သူတွေ ဖြစ်နေတတ်တယ်"

"လီခွန်းက အရင်တုန်းက ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ထဲကို ဝင်ရောက်ဖို့ အခွင့်အရေး ရှိခဲ့တယ်လို့ ကျွန်တော် ကြားဖူးတယ်... ဒါပေမယ့် ဘာအကြောင်းကြောင့်မှန်း မသိဘဲ နောက်ဆုံးတော့ မဝင်ဖြစ်ခဲ့ဘူး"

"ဒါပေမယ့် သူ ကိုယ်တိုင်ကတော့ တကယ့်ကို တရားဝင် မြူရေခဲမြို့တော်က နေထိုင်သူ တစ်ယောက်ပဲ... မြူရေခဲမြို့တော်ထဲမှာ အခြေချ နေထိုင်နေပြီးသား... မြူခိုးတောအုပ်ဘက်က လီကျန့် ကြေးစားတပ်ဖွဲ့က သူ့ရဲ့ လုပ်ငန်းပေါင်းများစွာထဲက တစ်ခုပဲ ရှိတာ"

ဘေးနားရှိ ကျန်းဟန်လျန်ကလည်း ပြောလိုက်သည်။ "ကြေးစားတပ်ဖွဲ့ကြီး သုံးခုလုံးရဲ့ ခေါင်းဆောင်တွေက မြူရေခဲမြို့တော်ထဲမှာ အခြေချ နေထိုင်နေကြတဲ့ သူတွေချည်းပါပဲ... သူတို့ တစ်ယောက်ချင်းစီတိုင်းက အစွမ်းအစ မသေးကြဘူး... မြူခိုးတောအုပ်ထဲမှာ ကြေးစားတပ်ဖွဲ့ တည်ထောင်ရတာကလည်း... အင်အား ချဲ့ထွင်ဖို့အတွက် သက်သက်ပဲ"

လင်းယွမ်က ထိုစကားကို ကြားသောအခါ သူ၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားပြီး ရုတ်တရက် မေးလိုက်သည်။ "သူတို့က အင်အား ချဲ့ထွင်ပြီး ဘာလုပ်ကြမလို့လဲ"

ဆက်ရန်...

အပိုင်း(၄၀၄) ကြေးစားတပ်ဖွဲ့ကြီး သုံးဖွဲ့

"သူတို့က အင်အားချဲ့ထွင်ပြီး ဘာလုပ်ကြမလို့လဲ"

လင်းယွမ်၏ ထိုစကားတစ်ခွန်းက လူတိုင်းကို ချက်ချင်း ဆွံ့အသွားစေသည်။

ကျိုးဝမ်ရှီးတို့ လူစု၏ မျက်နှာအမူအရာများမှာ ထူးဆန်းသွားကြပြီး မည်သို့ ပြန်ဖြေရမည်ကို မသိဖြစ်နေကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့အမြင်တွင် အစွမ်းထက်သော အစွမ်းပိုင်ရှင်တိုင်းက ကိုယ်ပိုင် အင်အားစုတစ်ခုကို ပိုင်ဆိုင်ချင်ကြမည်သာ ဖြစ်သောကြောင့်တည်း။

ထို့ကြောင့် သူတို့အမြင်၌ လင်းယွမ်၏ ဤမေးခွန်းက အနည်းငယ် ယုတ္တိမတန်သလို ဖြစ်နေသည်။

အရည်အချင်းရှိသူတိုင်းက ကိုယ်ပိုင် အင်အားစုတစ်ခုကို တည်ထောင်ပြီး ကိုယ့်လက်အောက်မှာ ကိုယ်ပိုင်လူယုံတွေ ထားချင်ကြတာချည်းပဲ မဟုတ်ပါလော။

လင်းယွမ်က ထိုလူများ၏ မျက်နှာရိပ်မျက်နှာကဲကို ဂရုမစိုက်ဘဲ စားပွဲကို ခပ်ဖွဖွ ခေါက်ရင်း တီးတိုး ရေရွတ်လိုက်သည်။

"ဒီလောက် အစွမ်းထက်တဲ့သူ တစ်ယောက်က... အရင်ကတည်းက ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ထဲ ဝင်ပြီး မြူခိုးမြို့တော်သခင်ရဲ့ သစ္စာရှိ လူယုံတစ်ယောက် ဖြစ်လာနိုင်တဲ့ အခွင့်အရေး ရှိနေတာလေ"

"မြူခိုးမြို့တော်သခင်က ဦးနှောက်ပျက်နေလို့... ဒီလိုလူမျိုးကို ကိုယ့်လူအဖြစ် မသိမ်းသွင်းတာလား"

"ကိုယ့်လူအဖြစ် မသိမ်းသွင်းဘူးဆိုရင်တောင် ဘာလို့ သူ့ကို မြူခိုးမြို့တော်ကနေ တန်းပြီး နှင်ထုတ်မပစ်ရတာလဲ"

"ဒီလီခွန်းဆိုတဲ့သူကလည်း ထွက်မသွားဘဲ ဒီမှာပဲ ကြည်ကြည်ဖြူဖြူ ဆက်နေပြီး ကြေးစားတပ်ဖွဲ့တောင် တည်ထောင်လိုက်သေးတယ်... သူက တကယ်တမ်း ဘာတွေများ တွေးနေတာလဲ"

လင်းယွမ်၏ စကားများကြောင့် အခန်းထဲရှိ သင်္ဘောခေါင်းဆောင်များ အားလုံး ချက်ချင်း ကြက်သေသေသွားကြတော့သည်။

ကျိုးဝမ်ရှီးတို့ လူစုလည်း မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားကြ၏။

သူတို့က ဤပြဿနာကို ဤရှုထောင့်မှ တစ်ခါမှ မတွေးတောခဲ့ဖူးကြပေ။

ဟုတ်သားပဲ... လီခွန်းက ဒီလောက်တောင် အစွမ်းထက်နေတာကို ဘာလို့ ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ထဲ မဝင်ခဲ့တာလဲ။

ဘာလို့ မြူခိုးမြို့တော်သခင်က သူ့ကို အသုံးမချခဲ့ရတာလဲ။

လီခွန်းက ဘာလို့ ကိုယ်ပိုင် ကြေးစားတပ်ဖွဲ့ကို တည်ထောင်ခဲ့ရတာလဲ။

တကယ်ပဲ အင်အားစုတစ်ခုကို ချုပ်ကိုင်ထားချင်ရုံ သက်သက်ပဲလား။

ကျိုးဝမ်ရှီး၊ လီချုံမင်နှင့် ကျန်းဟန်လျန်တို့က တုံးအသူများ မဟုတ်ကြပေ။

ပြောင်းပြန်အားဖြင့် သူတို့အားလုံးက ထိပ်တန်း ဉာဏ်ကောင်းသူများသာ ဖြစ်ကြသည်။

သို့မဟုတ်ပါက ရေလွှမ်းမိုးဘေးကြီး ကျရောက်ပြီးနောက် ယခုအချိန်အထိ အသက်ရှင်သန်နိုင်မည် မဟုတ်သလို သင်္ဘောခေါင်းဆောင်များအဖြစ် ရပ်တည်နိုင်မည်လည်း မဟုတ်ပေ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလူများ၏ ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။

သူတို့က ကြိုတင်တိုင်ပင်မထားဘဲ အချင်းချင်း အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။

ထိုအချိန်တွင် လင်းယွမ်က ရုတ်တရက် နှုတ်ဟလာကာ "မင်းတို့ပြောကြည့်... ဒီလူကို ငါတို့အဖွဲ့ထဲ ဝင်လာအောင် ဖျောင်းဖျလို့ရမယ့် အခွင့်အရေး ရှိလောက်မလား"

အစည်းအဝေးခန်းမထဲတွင် ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူတိုင်းက မိမိတို့၏ ရင်ခုန်သံကိုပင် ပြန်ကြားနေရသကဲ့သို့ ခံစားလိုက်ကြရ၏။

ကြေးစားတပ်ဖွဲ့က ကိုယ့်ဘက်ကို ပါလာမယ် ဟုတ်လား။

ဒါက... ဖြစ်နိုင်ပါ့မလား။

သို့သော် ကျိုးဝမ်ရှီး၊ လီချုံမင်နှင့် ကျန်းဟန်လျန်တို့ သုံးဦး၏ မျက်လုံးများက ချက်ချင်း အရောင်လက်လာခဲ့သည်။

သူတို့က စောစောကပင် ဤကိစ္စကို စိတ်ထဲ၌ တွေးမိနေခဲ့ခြင်း ဖြစ်သည်။

"ဆရာလင်း... စမ်းကြည့်လို့ရမယ် ထင်တယ်" ကျိုးဝမ်ရှီးက ပြောလိုက်သည်။

ကျန်းဟန်လျန်ကလည်း ချက်ချင်း ဝင်ပြောသည်။ "ဟုတ်တယ်... ဆရာလင်း အခုလို ခွဲခြမ်းစိတ်ဖြာပြလိုက်တော့ သိပ်မဟန်ဘူးလို့ ရုတ်တရက် ခံစားမိသွားတယ်... ဒီလီခွန်းက ကြေးစားတပ်ဖွဲ့ကို ကိုယ်တိုင် တည်ထောင်ထားတာ... ဒီလောက် အစွမ်းထက်တဲ့ အင်အားစုကြီးကို ပိုင်ဆိုင်ထားပြီး ဘာရည်ရွယ်ချက်မှ မရှိဘူးဆိုတာ ကျွန်တော်တော့ လုံးဝ မယုံဘူး"

"အဓိကက သူနဲ့ မြူခိုးမြို့တော်သခင်ရဲ့ ဆက်ဆံရေးကို သေချာ မသိရသေးတာပဲ... တကယ်တမ်း အထက်အောက် ဆက်ဆံရေးလား... ဒါမှမဟုတ် တခြား ဘယ်လို ဆက်ဆံရေးမျိုးလဲ ဆိုတာကိုပေါ့" လီချုံမင်ကလည်း အလျင်အမြန် သုံးသပ်ပြလိုက်သည်။

သူ၏ စကားက အဓိကကျသော ပြဿနာကို ထောက်ပြလိုက်ခြင်းပင် ဖြစ်၏။

အကယ်၍သာ လီခွန်းက မြူခိုးမြို့တော်သခင်၏ ကျေးကျွန်အဖြစ် ရောက်ရှိနေနှင့်ပြီဆိုလျှင် ဘာမှ ဆက်ပြောနေစရာ မလိုတော့ပေ။

ဤလူက သူတို့အဖွဲ့ထဲ လုံးဝ ဝင်လာမည် မဟုတ်ချေ။

သို့သော် ဤလူက ကျေးကျွန် မဖြစ်သေးဘဲ လွတ်လပ်သူ တစ်ယောက်သာ ဖြစ်နေသေးလျှင်တော့ စည်းရုံး၍ မရနိုင်စရာ အကြောင်းမရှိပေ။

လင်းယွမ်က စားပွဲကို အသာခေါက်လိုက်ရာ လူတိုင်း၏ အကြည့်များက သူ့ထံသို့ ရောက်ရှိသွားကြသည်။

လင်းယွမ်က ပြုံးလိုက်ပြီး "ဒီပြဿနာအတွက် ခေါင်းစားမခံပါနဲ့... ငါကလည်း ဒီလူကို မသိဘူး... သူက မြူခိုးမြို့တော်သခင်ကို တကယ်ပဲ ပုန်ကန်ချင်နေတယ်ဆိုရင်တောင် ငါ အပြည့်အဝ ယုံမှာ မဟုတ်ဘူး"

"ငါ သူ့ကို ယုံကြည်နိုင်မယ့် နည်းလမ်းက တစ်ခုတည်းပဲ ရှိတယ်"

လူအများ၏ မျက်နှာပေါ်တွင် စူးစမ်းလိုစိတ်များ ပေါ်လာပြီး ကျိုးဝမ်ရှီးက မနေနိုင်ဘဲ မေးလိုက်သည်။ "ဆရာလင်းဆီမှာ နည်းလမ်းကောင်း ရှိလို့လား"

"ငါ့ရဲ့ အဆိပ်ဆေးကို စားရင်... သူ့ကို ယုံမှာပေါ့"

လူတိုင်း၏ မျက်နှာအမူအရာများ ချက်ချင်း အနည်းငယ် ပြောင်းလဲသွားပြီး နေမထိထိုင်မသာ ဖြစ်သွားကြသည်။

သင်္ဘောခေါင်းဆောင် တစ်ယောက်က တိုးညှင်းစွာ ပြောလိုက်သည်။ "သူက အရူးမှ မဟုတ်တာ... ဘယ်လိုလုပ် စားချင်မှာလဲ"

လင်းယွမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး တီးတိုးပြောနေသူကို လှည့်မကြည့်ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။ "စားတာ မစားတာက... သူ ဆုံးဖြတ်လို့ ရမလား"

အသွင်ပြောင်း အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်က စိတ်စွမ်းအင် တိုက်ခိုက်မှုများကိုလည်း အတိုင်းအတာ တစ်ခုအထိ ခုခံနိုင်စွမ်း ရှိနေသည်။

နားထောင်ကြည့်ရုံဖြင့် အနည်းငယ် ခက်ခဲမည်ဟု ထင်ရသော်လည်း လင်းယွမ်ကတော့ ဂရုမစိုက်ပေ။

သူ့ထံတွင် မရေမတွက်နိုင်သော အစွမ်းများ ရှိနေပြီး အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇမြေပုံက ယူဆောင်လာပေးသော မျိုးရိုးဗီဇ အသွင်တစ်ရာ ပင်ကိုယ်အစွမ်းက မည်သည့် ရန်သူကိုမဆို ရင်ဆိုင်နိုင်လောက်အောင် အစွမ်းထက်လှသည်။

တစ်ဖက်လူက သူ့ဆေးကို မစားဘူးဆိုလျှင်... စားလာသည်အထိ ရိုက်နှက်ရုံသာ။

"ကျန်တဲ့ ကြေးစားတပ်ဖွဲ့ နှစ်ဖွဲ့အကြောင်း ပြောပြပါဦး"

လင်းယွမ်က လီကျန့် ကြေးစားတပ်ဖွဲ့ကို ဆက်လက် ဂရုမစိုက်တော့ဘဲ ကျန် ကြေးစားတပ်ဖွဲ့ နှစ်ဖွဲ့၏ အခြေအနေကို စကားလမ်းကြောင်းလွှဲကာ မေးမြန်းလိုက်သည်။

ကျိုးဝမ်ရှီးက အံ့အားသင့်နေရာမှ သတိပြန်ဝင်လာပြီး အလျင်အမြန် စိတ်ကို စုစည်းကာ ပြောလိုက်သည်။ "ဟုန်ရှင်း ကြေးစားတပ်ဖွဲ့ရဲ့ ခေါင်းဆောင်က ဟွမ်မင်ခိုင် လို့ ခေါ်တယ်... အစ်ကိုခိုင် လို့ လူသိများတယ်... ဒီလူက အရင်တုန်းက လူမိုက်လေး တစ်ယောက်ပါ"

"သူ့ရဲ့ ကြေးစားတပ်ဖွဲ့ နာမည်ကိုလည်း လူမိုက် ရုပ်ရှင်တွေထဲက ဂိုဏ်းနာမည်ကို ယူထားတာ... ဒါပေမဲ့ နောက်ပိုင်း သူ ပိုပိုပြီး အင်အားကြီးလာတော့ အရင်နာမည်က လူမိုက်ဆန်လွန်းတယ် ထင်လို့ ဟုန်ရှင်း လို့ နာမည်ပြောင်းလိုက်တာ"

"ဒီလူစုက အလွန် ရက်စက်ကြမ်းကြုတ်ပြီး ကြေးစားတပ်ဖွဲ့ကြီး သုံးဖွဲ့ထဲမှာ နာမည် အဆိုးဆုံးပါပဲ"

"သူတို့က ရည်ရွယ်ချက် အထမြောက်ဖို့အတွက်ဆိုရင် ဘာမဆို လုပ်ရဲတယ်... အောက်တန်းကျတဲ့ နည်းလမ်းမျိုးစုံကို သုံးတတ်တယ်"

လင်းယွမ်က တိုက်ရိုက်ပင် မေးလိုက်သည်။ "ဒီလူမှာ ဘာအစွမ်း ရှိလို့လဲ"

ကျိုးဝမ်ရှီး၏ မျက်နှာထား လေးနက်သွားပြီး ပြန်ဖြေသည်။ "သူ့ရဲ့ အစွမ်းက တိုက်ကွက် စုပ်ယူခြင်း အစွမ်း"

တစ်ခါမှ မကြားဖူးသော အစွမ်းတစ်ခု ထပ်ပေါ်လာပြန်လေပြီ။

လင်းယွမ်၏ မျက်မှောင်များ အနည်းငယ် တွန့်ကွေးသွားပြီး မေးလိုက်သည်။ "ဘာအဓိပ္ပာယ်လဲ"

"နာမည်အတိုင်းပဲ... သူက သူ့ကို ထိခိုက်လာမယ့် ဘယ်လိုတိုက်ကွက်မျိုးကိုမဆို တိုက်ရိုက် စုပ်ယူနိုင်တယ်... ပြီးတော့ အဲဒါတွေကို သိမ်းဆည်းထားပြီး ပြိုင်ဘက်ဆီကို အကုန်လုံး တစ်ခါတည်း ပြန်လည် ပေါက်ကွဲ ထုတ်လွှတ်နိုင်တယ်"

လင်းယွမ်က မနေနိုင်ဘဲ မေးလိုက်သည်။ "ဒါက ဘယ်လို အစွမ်း အမျိုးအစားလဲ"

"အာ... ကျွန်တော်တို့လည်း နားမလည်ပါဘူး... အားလုံးကတော့ ဒါကို ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ တစ်မျိုးလို့ သံသယရှိနေကြတယ်"

"သူ့ခန္ဓာကိုယ်မှာ ဒီလို တိုက်ကွက်တွေကို စုပ်ယူနိုင်တဲ့ စွမ်းရည်မျိုး ရှိနေနိုင်တယ်... ပြီးတော့ အဲဒီ တိုက်ကွက်တွေကို စုစည်းပြီး ပြန်လည် ပေါက်ကွဲ ထုတ်လွှတ်နိုင်တာမျိုးပေါ့"

ကျိုးဝမ်ရှီး၏ စကားကို နားထောင်ရင်း လင်းယွမ်၏ ရင်ထဲတွင် မနေနိုင်ဘဲ နောက်တစ်ကြိမ် အံ့ဩမင်သက်သွားမိသည်။

ဤဆင့်ကဲပြောင်းလဲခြင်း လှိုင်းလုံးကြီးအောက်တွင် တကယ့်ကို ထူးထူးဆန်းဆန်း အစွမ်းမျိုးစုံ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

ဤတိုက်ကွက်စုပ်ယူသည့် အစွမ်းက တကယ်တမ်း မည်သို့သော သဘောတရားမျိုး ဖြစ်သည်ကို စိတ်ကူးကြည့်ရန်ပင် အလွန် ခက်ခဲလှပေသည်။

"ဒါကြောင့်ပဲ ဒီဟွမ်မင်ခိုင်ကို အားလုံးက ရင်ဆိုင်ရ အခက်ဆုံးကောင်လို့ သတ်မှတ်ထားကြတာ"

"သူ့ကို သတ်လို့မရတဲ့အပြင်... သူ့ကို အပြင်းအထန် တိုက်ခိုက်လေလေ... ရန်သူဆီကို ပြန်လည် တိုက်ခိုက်မယ့် တိုက်ကွက်က ပိုပြီး အားကောင်းလေလေပဲ"

"ဒါကလည်း သူ ကြေးစားတပ်ဖွဲ့ကြီး သုံးဖွဲ့ထဲက တစ်ဖွဲ့ ဖြစ်လာနိုင်တဲ့ အကြောင်းရင်းပါပဲ"

လင်းယွမ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ဘယ်လို တိုက်ကွက်မျိုးကိုမဆို စုပ်ယူပြီး ပြန်လွှတ်နိုင်တာလား... စိတ်စွမ်းအင် တိုက်ခိုက်မှုတွေရော ရလား"

"ရတယ်" ကျိုးဝမ်ရှီးက ခေါင်းညိတ်ပြသည်။

လင်းယွမ်မှာ တစ်ခဏမျှ စကားဆွံ့အသွားရပြီး ဤအရာက တကယ့်ကို ဖြေရှင်းမရသော အစွမ်းတစ်ခုပင် ဖြစ်နေသည်။

"ဒီလိုလူမျိုးက ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ထဲ မဝင်ဘူးတဲ့လား... မြူခိုးမြို့တော်သခင်ရဲ့ သိမ်းသွင်းတာကို မခံရဘူးပေါ့"

ကျိုးဝမ်ရှီးက ပြောသည်။ "ကျွန်တော် ကြားတာတော့ ဟွမ်မင်ခိုင် ကိုယ်တိုင်က ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ထဲ မဝင်ချင်တာတဲ့... သူက သူ့ဘာသာ ခေါင်းဆောင်လုပ်တာက ပိုကောင်းတယ်... တခြားသူတွေရဲ့ လက်အောက်ငယ်သား ဖြစ်စရာ မလိုဘူးလို့ တွေးထားတာ"

လင်းယွမ် ဘာမှ ပြန်မပြောနိုင်တော့ပေ။ ကိုယ့်ဘာသာ ခေါင်းဆောင်လုပ်တာက သေချာပေါက် ကောင်းမွန်သော်လည်း ယခု သူက တခြားသူများ၏ နယ်မြေတွင် နေထိုင်နေရသည်ဖြစ်ရာ မည်သို့ဆိုစေကာမူ ခေါင်းဆောင်ဟု မခေါ်ဆိုနိုင်ပေ။

ဤသည်က ကိုယ့်ကိုယ်ကိုယ် လှည့်စားနေခြင်း မဟုတ်ပါလော။

"ထျန်ဝမ် ကြေးစားတပ်ဖွဲ့ကရော ဘယ်လို အခြေအနေ ရှိလဲ" သူက ထပ်မံ မေးလိုက်သည်။

ကျိုးဝမ်ရှီးက ကြားလျှင် ပြန်ဖြေသည်။ "ထျန်ဝမ် ကြေးစားတပ်ဖွဲ့ရဲ့ ခေါင်းဆောင်က လီကျင်း လို့ ခေါ်တယ်... ဒီတပ်ဖွဲ့ နာမည်ကိုလည်း သူ့နာမည်ကို အစွဲပြုပြီး ပေးထားတာပါ"

"ဒဏ္ဍာရီထဲက မိစ္ဆာနိုင်ဘုံကျောင်းနတ်မင်းကြီးလား" လင်းယွမ်က မေးလိုက်သည်။

"ဟုတ်ပါတယ်"

လင်းယွမ်က ပြုံးလိုက်ပြီး "ဆက်ပြောပါဦး"

"ဒီခေါင်းဆောင် လီကျင်းရဲ့ အစွမ်းက အမှန်အမှား အထူးပြုလုပ်ချက် ပါ"

လင်းယွမ်မှာ ချက်ချင်းပင် ထပ်မံ အံ့အားသင့်သွားပြန်ပြီး ဤအရာကလည်း သူ တစ်ခါမှ မကြားဖူးသော အစွမ်းတစ်မျိုး ဖြစ်နေပြန်သည်။

"ဘာအဓိပ္ပာယ်လဲ"

ကျိုးဝမ်ရှီးက ပြောသည်။ "ဒီလူက အစွမ်းကို အသုံးပြုပြီး ပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်တယ်... ရုပ်ရှင်တွေထဲက အထူးပြုလုပ်ချက်တွေလိုမျိုး ထင်ယောင်ထင်မှား ဖြစ်အောင် ဖန်တီးနိုင်တာ"

"ဒါပေမဲ့ မှတ်သားစရာ တစ်ခုကတော့... ဒီအထူးပြုလုပ်ချက် ထင်ယောင်ထင်မှားတွေက အားလုံး အတုတွေချည်း မဟုတ်ဘူး... အစစ်တွေရော အတုတွေရော ရောနေလို့ ကာကွယ်ဖို့ အရမ်း ခက်တယ်"

"ခေါင်းဆောင်သုံးယောက်ထဲမှာ ဒီလူရဲ့ အစွမ်းက အထူးဆန်းဆုံးနဲ့ ခန့်မှန်းရ အခက်ဆုံးလို့ ပြောလို့ရတယ်"

လင်းယွမ်က မေးလိုက်သည်။ "အထူးပြုလုပ်ချက် ထင်ယောင်ထင်မှားဆိုတာ... စိတ်ပိုင်းဆိုင်ရာ မျက်လှည့်ပညာလား"

"မဟုတ်ဘူး... ပတ်ဝန်းကျင်ကို တကယ် ပြောင်းလဲပစ်တာပါ... အမြင်အာရုံ၊ အကြားအာရုံကို လှည့်စားပြီး စိတ်ကိုတောင် လွှမ်းမိုးနိုင်ပါတယ်"

"ပြီးတော့ ဒီအထူးပြုလုပ်ချက်တွေထဲမှာ အစစ်အမှန် တိုက်ခိုက်မှုတွေ ဖုံးကွယ်ထားသေးတယ်"

လင်းယွမ်က အရင်က တာအိုဆရာလင်းကို အလိုအလျောက် သတိရသွားမိသည်။

အကယ်၍ အထူးပြုလုပ်ချက် မျက်လှည့်ပညာဟု ဆိုလျှင် သူ အစောဆုံး တွေ့ကြုံခဲ့ရသည်မှာ တာအိုဆရာလင်း၏ ရွှေရောင်အလင်းတန်း မန္တန်ပင် ဖြစ်သည်။

ထိုအဘိုးကြီး၏ ရွှေရောင်အလင်းတန်း မန္တန်မှ ဖန်တီးထားသော တိုက်ခိုက်မှု အမျိုးမျိုးက အလွန် အသက်ဝင်လှသည်။

ဤပညာရပ်ကို အားကိုး၍ပင် တတိုက်ထဲတွင် နေထိုင်သော ခွန်အားအသားပေး အစွမ်းပိုင်ရှင် တိန့်ဟူကို ခြိမ်းခြောက်နိုင်ခဲ့သည်။

သို့သော် တာအိုဆရာလင်း၏ ရွှေရောင်အလင်းတန်း အထူးပြုလုပ်ချက်မှာ လူများကို ခြောက်လှန့်ရုံသာ တတ်နိုင်ပြီး အစစ်အမှန် တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ပေ။

ဤလီကျင်း၏ အထူးပြုလုပ်ချက် အစွမ်းထဲတွင် အစစ်အမှန် တိုက်ခိုက်မှုများ ရောနှောနေသည်ဆိုလျှင်တော့ တကယ်ကို အစွမ်းထက်လှပေသည်။

အဓိကအချက်မှာ ဤအထူးပြုလုပ်ချက်သည် ရန်သူ၏ ဦးနှောက်ထဲတွင် စိတ်စွမ်းအင်ဖြင့် ထင်ယောင်ထင်မှားများကို ဖန်တီးခြင်း မဟုတ်ပေ။

တကယ့် ပတ်ဝန်းကျင်ကို ပြောင်းလဲစေကာ အမြင်နှင့် အကြားအာရုံများကို လွှမ်းမိုးပြီး ဖန်တီးထားသော ပုံရိပ်ယောင် ကမ္ဘာတစ်ခုသာ ဖြစ်သည်။

လင်းယွမ်က အစွမ်းများ၏ ကွဲပြားစုံလင်မှုကို အံ့ဩမိသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

"တာအိုဆရာလင်းသာ အသက်ရှင်နေသေးရင် သူ့ရဲ့ ရွှေရောင်အလင်းတန်း မန္တန်ကို သေချာ နက်နက်နဲနဲ လေ့လာလိုက်ရင်... ဒီလီကျင်းရဲ့ အစွမ်းလိုမျိုး လုပ်နိုင်မလား မသိဘူး"

ချက်ချင်းပင် လင်းယွမ်က ခေါင်းခါလိုက်ပြီး ထိုအတွေးကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။

တာအိုဆရာလင်းက သေဆုံးသွားပြီဖြစ်ရာ ဤကဲ့သို့ ဖြစ်နိုင်ခြေကို စဉ်းစားနေခြင်းက အဓိပ္ပာယ် မရှိတော့ပေ။

လူအများ၏ သုံးသပ်မိတ်ဆက်မှုများကို နားထောင်ပြီးနောက် လင်းယွမ်သည်လည်း မြူခိုးတောအုပ်အကြောင်းကို အကြမ်းဖျင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။

ကြေးစားတပ်ဖွဲ့ကြီး သုံးဖွဲ့လုံးက လူလွယ်များ မဟုတ်ကြဘဲ တစ်ခုတည်းသော မြစ်ကြောင်းဆိပ်ကမ်းကို စောင့်ကြပ်ထားကြသည်။

သူတို့၏ သင်္ဘောများ ကမ်းကပ်လိုပါက ထိုဆိပ်ကမ်းသို့ အရင် ဝင်ရောက်ရမည်သာ ဖြစ်သည်။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ သူတို့နှင့် ဤကြေးစားတပ်ဖွဲ့များကြားတွင် တိုက်ပွဲတစ်ပွဲတော့ ဆင်နွှဲရမည်သာ ဖြစ်သည်။

လင်းယွမ်က ထိုခေါင်းဆောင်သုံးယောက်၏ အစွမ်းများကို မည်သို့ ရင်ဆိုင်ရမည်ကို စိတ်ထဲ၌ လျင်မြန်စွာ တွေးတောနေသည်။

ဤသုံးယောက်၏ အစွမ်းများက အလွန် အစွမ်းထက်ကြပြီး အားနည်းသူများ မဟုတ်ကြပေ။

အစွမ်းများကလည်း အလွန် ထူးခြားပြီး တစ်ခါမှ မမြင်ဖူးခဲ့ရာ တကယ့် လက်တွေ့တိုက်ပွဲတွင် တစ်ဖက်လူက မည်သို့သော လှည့်ကွက်များ သုံးလာမည်ကို မသိနိုင်ပေ။

"ကောင်းပြီ... ဒီအစီအစဉ် မဆိုးဘူး... တခြားသူတွေရော ဘာအကြံ ရှိသေးလဲ" လင်းယွမ်က မေးလိုက်သည်။

အခြားသူများကလည်း ချက်ချင်းပင် မိမိတို့၏ အကြံအစည်များကို တစ်ယောက်တစ်ပေါက် ပြောလာကြသည်။

သို့သော် အများစုက လီခွန်းကို မည်သို့ ရင်ဆိုင်ရမည်ကိုသာ ပြောဆိုနေကြခြင်း ဖြစ်သည်။

ဟွမ်မင်ခိုင်နှင့် လီကျင်းတို့ နှစ်ဦးကို ရင်ဆိုင်မည့် အစီအစဉ်များနှင့် ပတ်သက်၍မူ ထင်မြင်ချက် ပေးသူ အလွန် နည်းပါးလှသည်။

တယ်ချန် သင်္ဘော၏ ခေါင်းဆောင် ထန်တယ်ချန် နှုတ်ဟလာပြီး ဟွမ်မင်ခိုင်ကို ရင်ဆိုင်မည့် အစီအစဉ်ကို ပြောပြလိုက်ချိန်မှသာ လင်းယွမ်၏ တွေးခေါ်မှု လမ်းကြောင်း ချက်ချင်း ပွင့်လင်းသွားစေခဲ့သည်။

"ဆရာလင်း... ကျွန်တော့်ဆီမှာ ဟုန်ရှင်းအဖွဲ့ ခေါင်းဆောင် ဟွမ်မင်ခိုင်ကို ရင်ဆိုင်ဖို့ နည်းဗျူဟာ တစ်ခု စဉ်းစားမိထားတာ ရှိတယ်"

လင်းယွမ်က ထန်တယ်ချန်ကို လှမ်းကြည့်လိုက်သည်။ ဤလူလတ်ပိုင်း၏ ဆံပင်စပ်က အနောက်သို့ အတော်လေး ဆုတ်နေပြီး ကြည့်ရသည်မှာ ရိုးသားသည့် လူတစ်ယောက်နှင့် တူလှသည်။

စောစောက တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြချိန်တွင် သူက ထင်မြင်ချက် မပေးခဲ့ဘဲ အလုအယက် မလုပ်သည့် ပုံစံကြောင့် လင်းယွမ်က စိတ်ထဲတွင် မှတ်သားထားခဲ့သည်။

ယခု သူ ရုတ်တရက် နှုတ်ဟလာသဖြင့် လင်းယွမ်က ချက်ချင်း အာရုံစိုက် ကြည့်လိုက်သည်။

"အော်... ပြောကြည့်ပါဦး"

အခြားသူများလည်း အသီးသီး ရပ်တန့်သွားကြပြီး ထန်တယ်ချန်ကို လှမ်းကြည့်လိုက်ကြသည်။

လူအများကလည်း ဟွမ်မင်ခိုင်၏ တိုက်ကွက် စုပ်ယူခြင်း က မည်မျှ အရှုပ်အထွေး ဖြစ်စေကြောင်း သိထားကြရာ ယခု ထန်တယ်ချန်တွင် ရင်ဆိုင်မည့် နည်းလမ်းရှိသည်ကို ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ နားစွင့်သည့် အမူအရာများ ပေါ်လာကြသည်။

ထန်တယ်ချန်က ပြောလာသည်ကို ကြားလိုက်ရသည်။ "ဟွမ်မင်ခိုင်ရဲ့ အစွမ်းက တိုက်ကွက် စုပ်ယူခြင်း ပါ... ပြီးတော့ သူက စုပ်ယူထားတဲ့ တိုက်ကွက်တွေကို တစ်ပြိုင်နက်တည်း ပေါက်ကွဲ ထုတ်လွှတ်နိုင်ပြီး သူ့ရဲ့ တိုက်ကွက်ကို အထောက်အကူအဖြစ် ပြောင်းလဲနိုင်တယ်"

"ဒီလို အစွမ်းမျိုးက ကျွန်တော်တို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်လေလေ... သူက ပိုပြီး အစွမ်းထက်လာလေလေပဲ"

"ဒါကြောင့် ကျွန်တော်တို့က ပြောင်းပြန် လုပ်ရမယ်... သူ့ကို အရမ်း ပြင်းပြင်းထန်ထန် သွားမတိုက်ခိုက်ရဘူး"

လူအများ အံ့အားသင့်သွားကြသည်။

လူတစ်ယောက်က ချက်ချင်း မေးလိုက်သည်။ "သူ့ကို မတိုက်ခိုက်ဘဲ... ဘယ်လိုလုပ်ပြီး လက်နက်ချ အရှုံးပေးအောင် လုပ်မှာလဲ"

"ဟုတ်ပါ့... ပါးစပ်နဲ့ ဆဲပြီး သတ်လို့မှ မရတာ"

ချက်ချင်းပင် လူအချို့က တီးတိုး ရေရွတ်လာကြသည်။

ဤစကားက လူများကို မရယ်ဘဲ မနေနိုင်အောင် ဖြစ်စေသည်။

လင်းယွမ်က မရယ်ဘဲ တွေးတောနေဟန် ရှိသည်။

သူက ထန်တယ်ချန်၏ ဆိုလိုရင်းကို နားလည်သွားပြီဖြစ်ရာ ချက်ချင်း မေးလိုက်သည်။ "ခင်ဗျားက သစ်ဓာတ် အစွမ်းပိုင်ရှင်လား"

ထန်တယ်ချန်က ခေါင်းညိတ်ပြီး မိတ်ဆက်လိုက်သည်။ "ဟုတ်ပါတယ် ဆရာလင်း... ကျွန်တော်က အပင် နွယ်ကြိုးတွေကို ထိန်းချုပ်ပြီး ရန်သူကို ဖမ်းချုပ်နိုင်တယ်"

လင်းယွမ် သဘောပေါက်သွားပြီး ပြောလိုက်သည်။ "ခင်ဗျား ဆိုလိုတာက... ဟွမ်မင်ခိုင်ကို ထိန်းချုပ်ပြီး ဖမ်းထားမယ်၊ မသတ်ဘူးပေါ့"

ထန်တယ်ချန်က ထပ်မံ ခေါင်းညိတ်ပြီး ချီးကျူးလိုက်သည်။ "ဆရာလင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ... ဒါက ကျွန်တော့်ရဲ့ အကြံအစည်ပါ"

"ဟွမ်မင်ခိုင်က တိုက်ကွက်ကို စုပ်ယူနိုင်တယ်... ပြီးတော့ ဒီစုပ်ယူထားတဲ့ တိုက်ကွက်တွေကို ထပ်ဆင့်ပြီး ပြန်လည် ထုတ်လွှတ်နိုင်ကာ အားကောင်းတဲ့ ပေါက်ကွဲ တိုက်ခိုက်မှုတွေ ဖြစ်စေနိုင်တယ်"

"ဒါဆိုရင် ကျွန်တော်တို့က ပြောင်းပြန် လုပ်မယ်... သူ့ကို ထိန်းချုပ်ထားပြီး ဖမ်းချုပ်ဖို့ နည်းလမ်းရှာရုံပဲ... ဒီလိုလုပ်လိုက်ရင် သူ့ရဲ့ အစွမ်းနဲ့ တန်ပြန် တိုက်ခိုက်တာကို ရှောင်လွှဲနိုင်လိမ့်မယ်"

လင်းယွမ်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး မျက်လုံးများ အရောင်လက်သွားသည်။ ဤထန်တယ်ချန်၏ အကြံအစည်က မဆိုးလှပေ။ ဖမ်းထားပြီး မသတ်ခြင်းက ဟွမ်မင်ခိုင်၏ အစွမ်းကို အလွန် ပစ်မှတ်ထားသည့် နည်းလမ်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ဟွမ်မင်ခိုင်က တိုက်ကွက်ကို စုပ်ယူနိုင်သော်လည်း ရန်သူက သူ့ကို နည်းနည်းလေးမှ ထိခိုက်အောင် မလုပ်ဘူးဆိုလျှင် သူ ဘာတတ်နိုင်မည်နည်း။

ထန်တယ်ချန်၏ ဤအကြံအစည်က လင်းယွမ်၏ တွေးခေါ်မှု လမ်းကြောင်းကိုလည်း ပွင့်လင်းသွားစေခဲ့သည်။

သူ့ထံတွင် ရုပ်သေးကြိုးမျှင် ကဲ့သို့သော ထိပ်တန်း အဆင့် ထိန်းချုပ်မှု စွမ်းရည် ရှိနေသည်။

ဟွမ်မင်ခိုင်ကို ထိန်းချုပ်ရန်က အလွန် လွယ်ကူလွန်းလှပေသည်။

ဤနေရာသို့ တွေးမိသောအခါ သူလည်း မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

"ဒီနည်းလမ်း မဆိုးဘူး... ခင်ဗျားကို အမှတ်တစ်ခု ပေးလိုက်မယ်"

ချက်ချင်းပင် လင်းယွမ်က မေးလိုက်သည်။ "လီကျင်းရဲ့ အစွမ်းနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ထဲမှာ ဘယ်သူ့ဆီ ပိုကောင်းတဲ့ အစီအစဉ် ရှိလဲ"

လူအများ ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။

ဆက်ရန်...

All Chapters