← Chapters

အခန်း (၄၀၅-၄၀၆)

Vol. 21 Ch. 405-406

အခန်း (၄၀၅-၄၀၆)

Vol. 21 Ch. 405-406

အပိုင်း(၄၀၅) အမှတ်ပေါင်းထည့်ခြင်းနှင့် ကျွန်းသို့ ချီတက်တိုက်ခိုက်ခြင်း

လီကျင်း၏ အစွမ်းက အထူးပြုလုပ်ချက် စိတ်အာရုံလှည့်စားခြင်းအစွမ်း ဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် တိုက်ပွဲစတင်ပြီးနောက် အခက်ခဲဆုံးအရာက လီကျင်းကို သတ်ဖြတ်ရန်မဟုတ်ဘဲ လီကျင်းကို ရှာတွေ့ရန်ပင် ဖြစ်၏။

သို့မဟုတ်ပါကလည်း လီကျင်း၏ အထူးပြုလုပ်ချက် စိတ်အာရုံလှည့်စားမှုထဲမှ မည်သို့ ရုန်းထွက်ရမည်နည်း ဆိုသည်ပင် ဖြစ်သည်။

ဤနေရာရှိ မည်သူကမျှ လီကျင်း၏ အထူးပြုလုပ်ချက် စိတ်အာရုံလှည့်စားမှုထဲမှ လွယ်လွယ်ကူကူ ရုန်းထွက်နိုင်မည်ဟု ယုံကြည်ချက် မရှိကြပေ။

လီကျင်း၏ ခန္ဓာကိုယ်အစစ်အမှန်ကို ရှာတွေ့နိုင်ရန်ဆိုလျှင် ပို၍ပင် ဝေးသေးသည်။

လူတိုင်းက ထိုအခြေအနေမျိုးကို ကိုယ်တိုင် ဝင်ရောက် စဉ်းစားကြည့်လိုက်ရာ လီကျင်းကို ရှာတွေ့နိုင်မည်ဟု မည်သူမျှ တပ်အပ် မပြောရဲကြချေ။

နောက်ဆုံးတွင် လီချုံမင်က စကားစလာ၏။ "ဆရာလင်း... ကျွန်တော့်အနေနဲ့ သူ့ရဲ့ စိတ်အာရုံလှည့်စားမှုကို ဖျက်စီးဖို့ ယုံကြည်ချက် မရှိပေမယ့် လီကျင်းကို အချိန်ဆွဲထားဖို့တော့ ကြိုးစားကြည့်လို့ ရပါတယ်"

"မင်းက ဘယ်လို အချိန်ဆွဲထားမှာလဲ" လင်းယွမ်က မေးလိုက်သည်။

လီချုံမင်က လေးနက်သောအသံဖြင့် "တိုက်ပွဲစတာနဲ့ ကျွန်တော်က ဓာတ်အသွင်ပြောင်းတဲ့ အခြေအနေကို ချက်ချင်း ကူးပြောင်းလိုက်မယ်... တစ်ဖက်လူရဲ့ အထူးပြုလုပ်ချက် စိတ်အာရုံလှည့်စားမှုက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ လူသတ်ချင်တယ်ဆိုရင်တော့ ကျွန်တော်နဲ့ အထိအတွေ့ ရှိရမှာပဲ"

"ဓာတ်အသွင်ပြောင်းထားတဲ့ အခြေအနေအောက်မှာ တစ်ဖက်လူကို ဖမ်းဆီးနိုင်မယ်လို့ အာမမခံနိုင်ပေမယ့် အနည်းဆုံးတော့ သူလည်း ကျွန်တော့်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"

"တကယ်လို့ အနီးကပ် ထိတွေ့နိုင်မယ့် အခွင့်အရေးသာ ရခဲ့မယ်ဆိုရင် ကျွန်တော်က ဓာတ်ငွေ့ဓာတ် အသွင်ပြောင်းပြီး အဲ့ဒီလူကို မျက်စိတစ်မှိတ်အတွင်း အဆိပ်ခတ် သတ်ပစ်နိုင်တယ်"

ထိုစကားကို ကြားသောအခါ လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ ဤသည်ကလည်း နည်းလမ်းကောင်းတစ်ခုပင် ဖြစ်၏။

သူက စားပွဲကို ခပ်ဖွဖွ ခေါက်ရင်း ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်ကာ "ကောင်းပြီ... ယာယီအစီအစဉ်ကို ဒီအတိုင်းပဲ သတ်မှတ်လိုက်ကြတာပေါ့"

"ကျန်းဟန်လျန်... မင်းက ရေဓာတ် အစွမ်းပိုင်ရှင် တချို့ကို ခေါ်သွားပြီး လီကျန့် ကြေးစားတပ်ဖွဲ့ကို ထိန်းချုပ်ထားလိုက်... ထန်တယ်ချန်... မင်းက ထိန်းချုပ်ရေးအပိုင်းမှာ ကျွမ်းကျင်တဲ့ အစွမ်းပိုင်ရှင် တစ်စုကို ခေါ်သွားပြီး ဟွမ်မင်ခိုင်ကို ရင်ဆိုင်ရမယ်"

"လီချုံမင်... မင်းက လူတချို့ခေါ်ပြီး ဟုန်ရှင်း ကြေးစားတပ်ဖွဲ့က လီကျင်းကို သွားရင်ဆိုင်လိုက်"

"ဆရာလင်း... ကျွန်တော်လည်း ဟွမ်မင်ခိုင်ကို ထိန်းချုပ်ထားပေးလို့ ရပါတယ်... ကျွန်တော့်ရဲ့ စိတ်စွမ်းအင် နှောင့်ယှက်မှုက ထိခိုက်ဒဏ်ရာရစေတဲ့ အစွမ်းမျိုး မဟုတ်တော့ ဟွမ်မင်ခိုင်အနေနဲ့ စုပ်ယူနိုင်မှာ မဟုတ်လောက်ဘူး"

တခြားသူများအားလုံး လင်းယွမ်၏ အရေးကြီးသော တာဝန်ပေးအပ်ခြင်းကို ခံရသည်ကို မြင်လိုက်ရသောအခါ ကျိုးဝမ်ရှီး၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး အလျင်အမြန်ပင် တာဝန်ကို ကိုယ်တိုင် တောင်းယူလိုက်လေသည်။

ဤတိုက်ပွဲကြီးအတွင်း သူ၏စွမ်းဆောင်မှု ဘာတစ်ခုမှ မရှိခဲ့ပါက လင်းယွမ်က သူ့အပေါ် အမြင်စောင်းသွားမည်ကို သူက စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။

လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး "ကောင်းပြီလေ... ဒါဆို မင်းလည်း ထန်တယ်ချန်နဲ့ အတူတူ သွားလိုက်"

"ဟုတ်ကဲ့ပါ"

"အခု မင်းတို့ကို အချိန် ဆယ်မိနစ် ပေးမယ်... ကိုယ့်လူတွေကို သေချာစုစည်းပြီး သင်္ဘောပေါ် ချက်ချင်း တက်ကြ"

"တိုက်ပွဲဆိုတာ မြန်လေ ကောင်းလေပဲ... ဒီတစ်ခါ သင်္ဘော ခုနစ်စင်းထဲကနေ ဝမ်ရှီး သင်္ဘော၊ ချုံမင် သင်္ဘောနဲ့ ဟန်လျန် သင်္ဘော သုံးစင်းပဲ လှုပ်ရှားမယ်... ဒီသင်္ဘောသုံးစင်းက မူလ သင်္ဘောခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုအောက်မှာပဲ အစီအစဉ်အတိုင်း ဆက်လက် လှုပ်ရှားကြ... ဟုတ်ပြီလား"

"ဟုတ်ကဲ့"

လူအားလုံးမှာ စိတ်အားထက်သန်သွားကြပြီး ပြိုင်တူ အသံကျယ်ကျယ်ဖြင့် ပြန်လည် ဖြေကြားလိုက်ကြသည်။

လင်းယွမ်က ချက်ချင်းပင် လက်တစ်ချက် ဝှေ့ယမ်းကာ လူအများကို ပြန်လည် ပြင်ဆင်ကြရန် အချက်ပြလိုက်၏။

လူအားလုံး ထွက်သွားပြီးနောက် ဟန်ရှန်းမန်က "ကိုလင်းယွမ်... ကျွန်မတို့ဘက်ကရော" ဟု မေးလိုက်သည်။

လင်းယွမ်က တိုက်ရိုက်ပင် "ဒီနေရာကနေပဲ ငါ့ သတင်းကို စောင့်နေကြပါ"

"ဒါနဲ့... အချိန်မရွေး ဆုတ်ခွာနိုင်ဖို့လည်း အသင့် ပြင်ထားကြဦး"

ဟန်ရှန်းမန်က အံ့အားသင့်သွားပြီး "ကိုလင်းယွမ် ဒါက" ဟု မေးလိုက်သည်။

"ကိစ္စတွေက မအောင်မြင်သေးဘူးလေ... ငါတို့က နောက်ဆုတ်ဖို့ လမ်းကြောင်းကို အရင်ဆုံး စဉ်းစားထားရမယ်"

"ယုံချန် သင်္ဘောကို မင်းအတွက် ချန်ထားခဲ့မယ်... တကယ်လို့ အခြေအနေ မဟန်ဘူးဆိုရင် စာရင်းထဲက လူတွေကို ခေါ်ပြီး ချက်ချင်း ထွက်သွားလိုက်ပါ"

လင်းယွမ်က လူစာရင်းတစ်ခုကို ထုတ်ယူကာ ဟန်ရှန်းမန်ထံသို့ ကမ်းပေးလိုက်သည်။

ဟန်ရှန်းမန်က ငုံ့ကြည့်လိုက်ရာ စာရင်းပေါ်တွင် လင်းယာ၊ ရှန်ယွင်ရှီ၊ တုလောင်ကောက် အစရှိသည့် လူများ၏ နာမည်များ ပါဝင်နေသည်ကို တွေ့လိုက်ရ၏။

သူမက အနည်းငယ် ကြောင်အမ်းသွားသည်။ ဤလူများက သိပ်ပြီး အစွမ်းထက်လှသည့် အစွမ်းပိုင်ရှင်များ မဟုတ်ကြရာ ဤလူစုကို လင်းယွမ်က ဘာကြောင့် ခေါ်ဆောင်သွားလိုသနည်း ဆိုတာကို သူမ သေချာ နားမလည်နိုင်ခဲ့ပေ။

သူမ၏ စိတ်ထဲမှ သံသယကို နားလည်သွားသည့်အလား လင်းယွမ်က "ဒီလူတွေက ထိုက်ယန်တောင် အတွက် လိုအပ်နေတဲ့ အရည်အချင်းရှိသူတွေပဲ" ဟု ရှင်းပြလိုက်သည်။

"အဲ့ဒီအထဲက အများစုက ထိုက်ယန်တောင် ခိုလှုံရေးစခန်း တည်ဆောက်ရေးအတွက် အတိုင်းအတာ တစ်ခုအထိ အသုံးဝင်တဲ့သူတွေမို့လို့ ဦးစားပေးပြီး ခေါ်သွားရမှာ"

"အင်းပေါ့... ဒါက အဆိုးဆုံး အခြေအနေအတွက် ရည်ရွယ်ထားတာ... ငါတို့ ရှုံးချင်မှလည်း ရှုံးမှာပါ"

လင်းယွမ်က ခပ်ဟဟ ရယ်မောလိုက်ပြီး သူမ၏ ပခုံးကို ပုတ်ကာ "ဒီနေရာကို မင်းဆီ အပ်ထားခဲ့ပြီနော်" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့..."

ဆယ်မိနစ် ကြာပြီးနောက်။

အလယ်အလတ်စား ကုန်တင်သင်္ဘော သုံးစင်းက ဦးတည်ရာကို လှည့်ကာ အဆုံးအစမဲ့သော မြူခိုးများကြားသို့ ပြန်လည် ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

သင်္ဘောခေါင်းဆောင် သုံးဆယ့်နှစ်ယောက်အနက် နှစ်ဆယ့်ခုနစ်ယောက်သာ ကျန်ရှိတော့ပြီး သူတို့အားလုံးကိုလည်း လင်းယွမ်က ခေါ်ဆောင်သွားခဲ့သည်။

သင်္ဘော သုံးစင်းပေါ်တွင် အစွမ်းပိုင်ရှင် ထောင်ဂဏန်းကျော်ခန့် စုဝေးနေကြ၏။

အချို့က တိတ်ဆိတ်နေကြပြီး အချို့က တီးတိုး စကားပြောဆိုနေကြကာ အချို့မှာမူ စိုးရိမ်ထိတ်လန့်နေကြသည်။

လင်းယွမ်က ဝမ်ရှီး သင်္ဘော၏ သစ်သားတဲလေးအတွင်းတွင် ရပ်နေကာ မျက်လုံးများကို မှိတ်ထားပြီး အပြင်ပန်းကြည့်လျှင် အနားယူနေသည့်အလား ထင်မှတ်ရ၏။

အမှန်တကယ်တော့ သူက စနစ် မျက်နှာပြင်ကို တိတ်တဆိတ် ခေါ်ယူထားခဲ့ပြီ ဖြစ်သည်။

"စနစ်... သတ်မှတ် အရည်အသွေးမှတ် အကြိမ် ၂၀ ကံစမ်းမဲနှိုက်မယ်"

[ဒင်... ကံစမ်းမဲနှိုက်ခြင်း လုပ်ငန်းစဉ် စတင်နေပါပြီ]

"ဝီ"

ကံစမ်းမဲဘီး တစ်ခုက လင်းယွမ်၏ စိတ်အာရုံ ပင်လယ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

ကံစမ်းမဲဘီးကြီးက အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေပြီး လင်းယွမ်က ဤကာလအတွင်း အမှတ် နှစ်သောင်းကျော်ကို ထပ်မံ စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။

ယခုအခါ စုစုပေါင်း အမှတ်က နှစ်သိန်းပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။

အရည်အသွေးမှတ် ကံစမ်းမဲနှိုက်ခြင်း၏ တန်ဖိုးမှာ အလွန် ကြီးမားလှပြီး အမှတ် တစ်သောင်းမှသာ တစ်ကြိမ် နှိုက်ခွင့် ရရှိပေမည်။

အမှတ် နှစ်သိန်းဆိုသည်မှာ အကြိမ် နှစ်ဆယ် ကံစမ်းမဲ နှိုက်နိုင်ရန် အနေတော်ပင် ဖြစ်လေသည်။

"ရွှတ်"

ကံစမ်းမဲဘီးကြီး လည်ပတ်သွားပြီး မကြာမီမှာပင် အဆက်မပြတ်သော အသိပေးသံများ ထွက်ပေါ်လာတော့သည်။

[ဒင်... ဂုဏ်ယူပါတယ်... သင် ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]

[ဒင်... ဂုဏ်ယူပါတယ်... သင် စိတ်စွမ်းအင် အရည်အသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]

[ဒင်... ဂုဏ်ယူပါတယ်... သင် အလျင် အရည်အသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]

......

စနစ်၏ အသိပေးသံ အကြိမ် ၂၀ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီးနောက် လင်းယွမ်က သူ၏ မဲပေါက်သည့် အခြေအနေကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှု ၄ မှတ်။

ခွန်အား ၇ မှတ်။

အလျင် ၃ မှတ်။

စိတ်စွမ်းအင် ၄ မှတ်။

ဘုံအရည်အသွေးမှတ်များ ၂ မှတ်။

အရည်အသွေးမှတ်များ အားလုံးက သက်ဆိုင်ရာ အရည်အသွေး အသီးသီးဆီသို့ အလျင်အမြန် ခွဲဝေဝင်ရောက်သွားကြသည်။

နောက်တစ်ခဏတွင် လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းရှိ မျိုးရိုးဗီဇ စွမ်းအားများ၏ နက်ရှိုင်းသော ပြောင်းလဲမှုများကို ခံစားလိုက်ရလေ၏။

သူက အရည်အသွေး ဇယားကွက်ကို အလျင်အမြန် လှမ်းကြည့်လိုက်သည်။

အမည် - လင်းယွမ်

ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၅၄

ခွန်အား - ၅၇

အလျင် - ၅၃

စိတ်စွမ်းအင် - ၅၄

ဘုံအရည်အသွေးမှတ်များ - ၃.၅

မျိုးရိုးဗီဇမျိုးစေ့ - အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ

မျိုးရိုးဗီဇမြေပုံ - အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ (အခြေခံအဆင့်)

ပင်ကိုယ်အစွမ်း - မျိုးရိုးဗီဇ အသွင်တစ်ရာ

အစွမ်းများ - ကြွက်သားပေါက်ကွဲအစွမ်း...

အမှတ် - ၉၈၇၆ မှတ်

ပစ္စည်းသိုလှောင်ခန်း - ......

လင်းယွမ် မျက်လုံးဖွင့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

လပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင် သူက အမှတ်ပေါင်းထည့်ရသည့် ပျော်ရွှင်မှုကို နောက်ဆုံးတော့ ပြန်လည် ခံစားလိုက်ရပြီ ဖြစ်၏။

မျိုးရိုးဗီဇမျိုးစေ့ကို ဖွဲ့စည်းပြီးသည့်နောက်တွင် အမှတ် ၅၀ ဆိုသည်မှာ အမြင့်ဆုံး ကန့်သတ်ချက် မဟုတ်တော့ပေ။

မူလက ကျန်ရှိနေခဲ့သော ဘုံအရည်အသွေးမှတ် ၁၅ မှတ်ကိုလည်း စနစ်က အလိုအလျောက် ၁.၅ မှတ်အဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။

ယခု မဲပေါက်ထားသော ၂ မှတ်နှင့် ပေါင်းလိုက်ပါက လောလောဆယ်တွင် ဘုံအရည်အသွေးမှတ် စုစုပေါင်း ၃.၅ မှတ် ရှိနေပြီ ဖြစ်သည်။

လင်းယွမ်က ဤဘုံအရည်အသွေးမှတ်များကို ချက်ချင်း အသုံးမပြုသေးဘဲ အခြေအနေအရ အသုံးပြုရန် ပြင်ဆင်ထားလိုက်သည်။

လင်းယွမ်၏ အကြည့်များက မျိုးရိုးဗီဇမြေပုံ ကဏ္ဍဆီသို့ ရွေ့လျားသွားခဲ့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ဦးနှောက်ထဲ၌ ဧရာမ မြင်ကွင်းကြီးတစ်ခု အလိုအလျောက် ပေါ်လာခဲ့သည်။

မြင်ကွင်းထဲတွင် ကောင်းကင်ယံသို့ ထိုးတက်နေသော ဧရာမ မျောက်ဝံကြီးက လေထဲတွင် ရပ်တည်နေပြီး တစ်ကိုယ်လုံး ရွှေရောင် အမွေးအမျှင်များဖြင့် မျက်လုံးအစုံမှာလည်း ရွှေရောင်အလင်းများ တောက်ပနေသည်။ သို့သော် နှမြောစရာကောင်းသည်မှာ ၎င်းတွင် မှိန်ဖျော့သော ရွှေရောင် အနားကွပ်လေး တစ်ထပ်သာ ရှိနေသေးပြီး ကြွက်သားများနှင့် အမွေးအမျှင်များမှာ ဝိုးတဝါးသာ ရှိနေသေးခြင်းပင်။

သူ၏ စိတ်အာရုံက တစ်ချက် လှုပ်ရှားသွားပြီး မျိုးရိုးဗီဇမြေပုံထဲမှ ပြန်လည် နိုးထလာခဲ့သည်။

"မျိုးရိုးဗီဇမြေပုံ အခြေခံအဆင့်မှာက... ဖွဲ့စည်းထားတဲ့ အချက်အလက်တွေ အရမ်း နည်းပါးလွန်းနေသေးတော့... အကြမ်းဖျင်း ပုံသဏ္ဍာန်ကိုတောင် သေချာ မမြင်ရသေးတာလား"

လင်းယွမ်က စဉ်းစားခန်း ဝင်နေမိသည်။ မျိုးရိုးဗီဇမြေပုံ၏ ဖွဲ့စည်းမှု အတိမ်အနက်က လောလောဆယ် အခြေခံအဆင့်မှာသာ ရှိနေသေးရာ ဤသည်က အဓိက အရည်အသွေး လေးရပ်၏ အမှတ်များနှင့် သက်ဆိုင်နေမည်မှာ သေချာလှသည်။

အနာဂတ်တွင် အရည်အသွေးမှတ်များ ဆက်တိုက် မြင့်တက်လာသည်နှင့်အမျှ မျိုးရိုးဗီဇမြေပုံ၏ ဖွဲ့စည်းမှုကလည်း ပိုမို ပြီးပြည့်စုံလာမည်သာ ဖြစ်၏။

"ဆင့်ကဲပြောင်းလဲမှု နောက်ဆုံးအဆင့်ထိ ရောက်သွားရင်... ငါက အသွင်တစ်ရာ မျောက်ဝံမိစ္ဆာကြီး ဖြစ်သွားမှာလား"

လင်းယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားပြီး မျက်မှောင် အနည်းငယ် ကုတ်သွားမိသည်။

လူသားများ၏ ခန္ဓာကိုယ်အတွင်းရှိ မျိုးရိုးဗီဇ အပိုင်းအစများက အလွန် များပြားလှရာ ဆင့်ကဲပြောင်းလဲမှု၏ အဆုံးစွန်တွင် လူသားစစ်စစ် ဆက်ဖြစ်နေချင်မှ ဖြစ်နေတော့မည်။

သေချာသည်ကတော့ သူကိုယ်တိုင် အတွေးကျဉ်းမြောင်းနေခြင်းလည်း ဖြစ်နိုင်ပေသည်။ မျောက်ဝံ ကဲ့သို့သော သက်ရှိမျိုးနွယ်များသည် ဇီဝဗေဒဆိုင်ရာ အုပ်စုကြီးတစ်ခု အနေဖြင့် ကြည့်မည်ဆိုလျှင် လူသားမျိုးနွယ်များပင် ဖြစ်နေမည်လား။

လင်းယွမ်၏ ဦးနှောက်ထဲတွင် ဤကဲ့သို့ ထူးဆန်းသော အတွေးများ ဖြတ်ပြေးသွားခဲ့သည်။

လောလောဆယ်တော့ အသက်ရှင်သန်နိုင်ရေးက အဓိကပင်၊ အခြားကိစ္စများအတွက်မူ ဖြစ်လာမည့် အခြေအနေကို ကြည့်၍သာ ဖြေရှင်းရတော့မည်။

ပတ်ဝန်းကျင်တွင် မြူခိုးများ လှိမ့်တက်နေပြီး အနီးအနားမှ ရေစီးဆင်းသံများကို ဝိုးတဝါး ကြားနေရ၏။

သင်္ဘောကြီး သုံးစင်းက ရှေ့နောက် တစ်တန်းတည်း စီတန်းထားပြီး အရှေ့ဆုံးတွင်လည်း လမ်းမှားမည်ကို ကာကွယ်ရန်အတွက် လမ်းပြအဖြစ် သင်္ဘောငယ်လေးများ ရှိနေသေးသည်။

နာရီဝက်ခန့် လှည့်ပတ်ပြီးနောက် နောက်ဆုံးတွင် မြူခိုးတောအုပ် ဆီသို့ သွားရာ မြစ်ကြောင်းကို ရှာတွေ့သွားခဲ့သည်။

သင်္ဘောအချို့ ဆက်တိုက် ရှေ့သို့ ချီတက်လာသည်နှင့်အမျှ မြစ်ရေများက တဝုန်းဝုန်း စီးဆင်းနေပြီး ရံဖန်ရံခါ မြစ်ကြောင်းအတွင်းမှ နေထိုင်မှု အမှိုက်သရိုက်အချို့ မျောပါလာတတ်သည်။

ရေစီးကြောင်းနှင့်အတူ မျောပါလာသော ရေခဲတုံးအချို့ကိုပင် မြင်တွေ့ရသေး၏။

ရေဆန်ကို ဆက်တိုက် ဆန်တက်လာသည်နှင့်အမျှ လင်းယွမ်က အပူချိန် လျင်မြန်စွာ ကျဆင်းလာနေသည်ကို သိသိသာသာ ခံစားလိုက်ရသည်။

သူက ဘေးနားရှိ ကျိုးဝမ်ရှီးကို လှည့်ကြည့်ကာ "မြူခိုးတောအုပ်က အရမ်း အေးတာလား" ဟု မေးလိုက်သည်။

ကျိုးဝမ်ရှီးက အလျင်အမြန်ပင် "ဟုတ်ပါတယ်... တကယ်တော့ မြူခိုးတောအုပ်တင် မကဘူး... မြူခိုးမြို့တော် တစ်ခုလုံးက အေးစက်နေတာပါ" ဟု ဖြေလိုက်သည်။

"ကျွန်တော်တို့ အပြင်ဘက်နဲ့ မတူဘူး... အပြင်မှာက မိုးတွေ ဆက်တိုက် ရွာနေပေမယ့် မြူခိုးမြို့တော်ထဲမှာကျတော့ နှင်းတွေ ထူထပ်အောင် ကျဆင်းနေပြီး အပူချိန်ကလည်း အရမ်း နိမ့်ကျနေတာ"

"မြူခိုးတောအုပ်ကို တကယ်တော့ နှင်းရေခဲတောအုပ်လို့လည်း ခေါ်ကြတယ်... ဆရာလင်း ရောက်သွားရင် မြင်ရပါလိမ့်မယ်"

လင်းယွမ်က မနေနိုင်ဘဲ "ဒီအကြောင်းရင်းကို ဘယ်သူမှ မစူးစမ်းကြည့်ဖူးကြဘူးလား" ဟု မေးလိုက်သည်။

ကျိုးဝမ်ရှီးက သက်ပြင်းချကာ "ကျွန်တော်တို့က ကျွန်းပေါ်မှာတောင် နေခွင့်မရတာ... ဒီအကြောင်းရင်းကို ဘယ်လိုလုပ် စူးစမ်းနိုင်မှာလဲ" ဟု ပြောလိုက်သည်။

လင်းယွမ်က "စုံစမ်းကြည့်တာမျိုးရော မရှိဘူးလား" ဟု ထပ်မေးလိုက်သည်။

လူတိုင်းက ခေါင်းယမ်းပြလိုက်ကြရာ ဤသည်က သူတို့ သိနိုင်မည့် သတင်းအချက်အလက် မဟုတ်ကြောင်း သိသာလှပေသည်။

လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် "ခင်ဗျားတို့က တခြား အမျိုးအစား ရေပေါ်ကျွန်းတွေကိုရော မြင်ဖူးသေးလား" ဟု ထပ်မေးလိုက်ပြန်သည်။

"တခြား ရေပေါ်ကျွန်းတွေ ရှိသေးတယ်လား"

"ဘာ... ဒီလို ရေပေါ်ကျွန်းမျိုးက အများကြီး ရှိတာလား"

"ဆရာလင်း... ဆရာလင်းက တခြား အမျိုးအစား ရေပေါ်ကျွန်းတွေကို မြင်ဖူးလို့လား"

......

လင်းယွမ်၏ မေးခွန်းကြောင့် ဤသင်္ဘောခေါင်းဆောင်များမှာ ချက်ချင်းပင် ပွက်လောရိုက်သွားကြပြီး တစ်ယောက်တစ်ပေါက်ဖြင့် အလုအယက် မေးမြန်းလာကြတော့သည်။

အားလုံး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များ ပေါ်လွင်နေကြ၏။

သိသာထင်ရှားစွာပင် ဤလူများက ရေပေါ်ကျွန်း ဆိုသည်မှာ တစ်ကျွန်းတည်း မကကြောင်းကို မသိရှိကြပေ။

လင်းယွမ်က ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ တပည့်များထံမှ စောစောစီးစီးကတည်းက စုံစမ်းသိရှိထားပြီး ဖြစ်သည်။ ရေပေါ်ကျွန်းများ အများအပြား ရှိပြီး ကွမ်ဖူ ဘက်တွင်လည်း မနည်းမနော ပေါ်ထွက်ခဲ့ဖူးသည်။

အကြောင်းရင်းကို ရှာဖွေရမည်ဆိုလျှင် လင်းယွမ်ကိုယ်တိုင်လည်း ခန့်မှန်းထားဖူးသည်။ အဓိကအားဖြင့် ထိုဘက်ရှိ မြေမျက်နှာသွင်ပြင်က ပိုမို မြင့်မားပြီး တောင်တန်း တောအုပ်များ ပေါများသောကြောင့် ဖြစ်နိုင်ချေ များသည်။

ရေပေါ်ကျွန်းများက ဖြစ်သလို မျောပါနေကြရာ ထိုကဲ့သို့သော နေရာမျိုးတွင် သောင်တင်ရန် ပိုမို လွယ်ကူပေလိမ့်မည်။

လင်ကျောင်းတက္ကသိုလ် အနီးတစ်ဝိုက်မှာမူ အတော်လေး ကွင်းပြင်ကျယ်ဖြစ်ပြီး မြေမျက်နှာသွင်ပြင်က သိပ်မမြင့်မားပေ။ ရေမျက်နှာပြင် မြင့်တက်လာပြီးနောက် ရေပေါ်ကျွန်း ရှိနေမည်ဆိုလျှင် နေရာအနှံ့ မျောပါသွားမည်ဖြစ်ပြီး ရေစီးကြောင်း သွားရာနောက်သို့ လိုက်ပါသွားမည်သာ ဖြစ်သည်။

အကယ်၍ ဧရာမ ရေသတ္တဝါကြီးများက ရေအောက်ရေစီးကြောင်းများကို ဖြစ်ပေါ်စေခဲ့မည် ဆိုလျှင်ပင် ရေပေါ်ကျွန်း၏ မျောပါရာ လမ်းကြောင်းကို အကျိုးသက်ရောက်မှု ရှိစေနိုင်ပေသည်။

လင်းယွမ်က စိတ်လှုပ်ရှားနေကြသော လူအုပ်ကြီးကို တစ်ချက် ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။ "ငါစဉ်းစားနေတာက... မြူခိုးမြို့တော်လို ရေပေါ်ကျွန်းမျိုးတောင် ရှိနေသေးတာပဲ... ဘာလို့ တခြား အမျိုးအစား ရေပေါ်ကျွန်းတွေ မရှိနိုင်ရမှာလဲ လို့ပါ"

"နှမြောစရာကောင်းတာက ငါတို့တွေ ဒီရေပေါ်ကျွန်းရဲ့ မူလ အစစ်အမှန်က ဘာလဲဆိုတာကို မသိရသေးတာပဲ... မဟုတ်ရင် အဲဒါကို သေချာ နားလည်အောင် လုပ်ပြီးသွားရင်... သူ့ရဲ့ အရင်းအမြစ်ကိုတောင် လေ့လာ ဖော်ထုတ်နိုင်ကောင်း ဖော်ထုတ်နိုင်မှာ"

လူအားလုံးမှာ ချက်ချင်းပင် အကြီးအကျယ် စိတ်ပျက်သွားကြတော့သည်။

အခြားသော အမျိုးအစား ရေပေါ်ကျွန်းများ တကယ်ပင် ရှိနေသည်ဟု သူတို့က ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ထိုသို့သာဆိုလျှင် သူတို့အနေဖြင့် ဤမြူခိုးမြို့တော် တစ်ခုတည်းကိုသာ အသေအလဲ တိုက်ခိုက်နေရန် မလိုအပ်တော့ပေ။

သင်္ဘောများကို မောင်းနှင်ပြီး အခြား ရေပေါ်ကျွန်းများကို သွားရှာလို့ရော မရဘူးလား။

လင်းယွမ်ကလည်း သူတို့ကို မျှော်လင့်ချက် မပေးခဲ့ပေ။ သူ လိုအပ်နေသည်မှာ ဤလူများက ယခုအချိန်တွင် အားခဲထားပြီး ဤမြူခိုးမြို့တော်ကို တစ်ခုတည်းသော ရေပေါ်ကျွန်း၊ ရေလွှမ်းမိုးဘေးကြီး ပြီးနောက် တစ်ခုတည်းသော ရှင်သန် နေထိုင်နိုင်မည့် နေရာအဖြစ် သတ်မှတ်ထားစေရန်ပင် ဖြစ်သည်။

ထိုသို့ဆိုမှသာ သူတို့က မြူခိုးမြို့တော်ကို စိတ်ရောကိုယ်ပါ အပြည့်အဝ တိုက်ခိုက်ပြီး မြူရေခဲမြို့တော်ကို သိမ်းပိုက်နိုင်မည် ဖြစ်သည်။

"ဆရာလင်း... ရောက်တော့မယ်"

ရုတ်တရက် အရှေ့မှ လမ်းပြနေသော သင်္ဘောငယ်လေးထံမှ အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။

လင်းယွမ်က ချက်ချင်း ခေါင်းမော့ကာ ပတ်ဝန်းကျင်ရှိ မြူခိုးများကို လှမ်းကြည့်လိုက်၏။

ထင်ထားသည့်အတိုင်းပင် ပတ်ဝန်းကျင်ရှိ မြူခိုးများက အလွန် အေးစက်နေပြီး ရေခဲမြူများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

လင်းယွမ်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလွန် မြင့်မားလွန်းနေသဖြင့် အပူချိန် ကျဆင်းမှုကို သိပ်ပြီး ခံစားရခြင်း မရှိပေ။

သို့သော် သူက အကြမ်းဖျင်း အာရုံခံကြည့်လိုက်ရာ အနည်းဆုံး ခန့်မှန်းချက်အရ ဤနေရာတွင် အပူချိန် သုညဒီဂရီအောက် ဆယ်ဒီဂရီကျော်လောက်တော့ ရှိနေပြီ ဖြစ်သည်။

ယခုအချိန်တွင် သင်္ဘောများ ဆက်တိုက် ရှေ့သို့ ချီတက်လာသည်နှင့်အမျှ အရှေ့ဘက် မြူခိုးများအတွင်း၌ အရိပ်အချို့ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် လူသံ မနည်းမနောကို ကြားနေရပြီး တဒေါက်ဒေါက် ခေါက်သံ၊ ထုသံအချို့လည်း ပါဝင်နေသေးသည်။

လင်းယွမ်က အရှေ့မှ သင်္ဘောငယ်လေးများကို နောက်ဆုတ်ရန် ချက်ချင်း လက်ဝှေ့ယမ်း အချက်ပြလိုက်ပြီး တစ်ချိန်တည်းမှာပင် "အားလုံးပဲ... ကုန်းပေါ်တက်ဖို့ ပြင်ထားကြ" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

လူအားလုံးမှာ ချက်ချင်းပင် စိတ်အားထက်သန်သွားကြပြီး တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် လေးနက်တည်ကြည်သော အရိပ်အယောင်များ ပေါ်လွင်လာကြသည်။

သင်္ဘောများက ပိုမို နီးကပ်လာသည်နှင့်အမျှ မြူခိုးများကလည်း တဖြည်းဖြည်း ပါးလွှာလာခဲ့သည်။

မကြာမီမှာပင် လင်းယွမ်က အရှေ့ဘက် အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့သွားရပြီ ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ ရေမျက်နှာပြင်မှာ ရေခဲတုံးများဖြင့် အေးခဲနေပြီး တဝုန်းဝုန်း စီးဆင်းနေသော မြစ်ကြောင်း တစ်ကြောင်းသာ ရှိနေသည်ကို တွေ့လိုက်ရ၏။

မြစ်ကြောင်းအတိုင်း ကြည့်လိုက်သောအခါ ဖြူဖွေးနေသော မြစ်ကမ်းစပ် တစ်ခုကို တွေ့ရသည်။

မြစ်ကမ်းစပ် အထက်တွင် ရဲတိုက် အများအပြားကို တည်ဆောက်ထားပြီး မြစ်ကြောင်းတစ်လျှောက်တွင် ဆိပ်ကမ်းငယ်လေး တစ်ခုကိုလည်း တည်ဆောက်ထားသည်။

အနီးအနားရှိ မြစ်ပြင်ပေါ်တွင် အရွယ်အစား မျိုးစုံရှိသော သင်္ဘော အများအပြား ရပ်နားထားကြသည်။

အသွားအလာ လုပ်နေကြသော သင်္ဘောလုပ်သားများက ဖမ်းဆီးရမိထားသော ငါးများကို ကုန်းပေါ်သို့ သယ်ယူနေကြသည်။

ကုန်းပေါ်တွင်လည်း ကင်းလှည့်တပ်ဖွဲ့များက နေရာအနှံ့အပြားတွင် စောင့်ကြပ်နေကြ၏။

အဝေးရှိ ရဲတိုက်များပေါ်တွင်လည်း ဤဘက်သို့ လှမ်းကြည့်နေသူများ ရှိနေသည်။

အနီးအနားတွင် အဆောက်အအုံများကို ဆောက်လုပ်နေသူများလည်း ရှိနေပြီး စောစောက တဒေါက်ဒေါက် ခေါက်သံ၊ ထုသံများမှာ ထိုသူများက တံတားများနှင့် သစ်သားအိမ်များကို ဆောက်လုပ်နေခြင်း ဖြစ်သည်။

ဤလူများကို ကျော်လွန်၍ ပိုမို ဝေးကွာသော နေရာသို့ လှမ်းကြည့်လိုက်သောအခါ ဖြူဖွေးသန့်စင်နေသော ကမ္ဘာကြီး တစ်ခုကို တွေ့လိုက်ရသည်။

ထူထပ်သော တောအုပ်ကြီးကို နှင်းဖြူများ ဖုံးလွှမ်းထားပြီး ငွေရောင်များ လွှမ်းခြုံနေသည့် ကြားတွင် တောစပ်၌ လှုပ်ရှားသွားလာနေသူ အများအပြားကို မြင်တွေ့နိုင်ပေသည်။

အဆောက်အအုံ အများအပြား၏ အရိပ်အယောင်များကိုလည်း မြင်တွေ့နေရသေး၏။

ရုတ်တရက် ကြည့်လိုက်လျှင် ဤသည်က အရှေ့မြောက်ပိုင်းမှ ရွာငယ်လေး တစ်ရွာနှင့် အလားသဏ္ဍာန် တူနေသည်။

ဤမြူခိုးတောအုပ် အတွင်းရှိ မြူခိုးများမှာ အပြင်ဘက်လောက် ထူထပ်ခြင်း မရှိကြောင်း လင်းယွမ် သတိပြုမိလိုက်သည်။ မြူခိုးများ ရှိနေသော်လည်း အများကြီး ပိုမို ပါးလွှာနေသည်။

"သင်္ဘောတွေ ဝင်လာပြီဟေ့"

ဆိပ်ကမ်းဘက်မှ လူတစ်ယောက်က ဤဘက်သို့ လှမ်းကြည့်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ရုတ်တရက် အော်ဟစ်လိုက်သည်။

စောင့်ကြပ်နေသော သူများက သိပ်ပြီး ဂရုမစိုက်ကြပေ၊ ပုံမှန်အတိုင်း ငါးလာရောင်းသူများ ဖြစ်မည်ဟုသာ ထင်မှတ်နေကြသည်။

သို့သော် သင်္ဘောကြီး သုံးစင်း ဆိပ်ကမ်းအတွင်းသို့ ဝင်ရောက်လာသောအခါ ဆိပ်ကမ်း၌ တာဝန်ကျနေသူများ၏ မျက်နှာအမူအရာများ ချက်ချင်း အနည်းငယ် ပြောင်းလဲသွားတော့သည်။

"မြန်မြန်... ခေါင်းဆောင်ကို သွားပြော... တစ်ခုခု မှားနေပြီ" ဤတစ်ကြိမ် ဆိပ်ကမ်းလုံခြုံရေးကို တာဝန်ယူထားသူမှာ လီကျန့် ကြေးစားတပ်ဖွဲ့မှ အဖွဲ့ဝင် ကူးကန်း ဖြစ်သည်။

ကူးကန်း သည်လည်း စစ်သားဟောင်း တစ်ယောက် ဖြစ်ပြီး လီခွန်း ၏ အသိအမှတ်ပြုမှုကို ရရှိကာ လီကျန့် ကြေးစားတပ်ဖွဲ့သို့ ဝင်ရောက်ပြီးနောက် ခေါင်းဆောင်ငယ် တစ်ယောက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သူက ခွန်အားအသားပေး အစွမ်းပိုင်ရှင် တစ်ယောက်သာ ဖြစ်ပြီး လီကျန့် ကြေးစားတပ်ဖွဲ့တွင် ခွန်အားအသားပေး အစွမ်းပိုင်ရှင်များမှာ သိပ်ပြီး အစွမ်းထက်လှသော သူများ မဟုတ်ကြပေ။

တကယ်တမ်း အစွမ်းထက်သူများမှာ ဓာတ်အမျိုးအစား အစွမ်းပိုင်ရှင်များသာ ဖြစ်ကြ၏။

သို့သော် သူက သတိဝီရိယရှိပြီး ပါးနပ်သွက်လက်သူ ဖြစ်သောကြောင့်သာ အထက်လူကြီးများ၏ အသိအမှတ်ပြုမှုနှင့် နေရာပေးခြင်းကို ရရှိခဲ့ခြင်း ဖြစ်သည်။

ဘေးနားရှိ အတူတာဝန်ကျနေသော အစွမ်းပိုင်ရှင်က ကြားသည်နှင့် အလျင်အမြန်ပင် "ဟုတ်ကဲ့ပါ ခေါင်းဆောင်" ဟု ပြန်ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ၎င်းက ဆိပ်ကမ်းမှ လျင်မြန်စွာ ထွက်ခွာသွားပြီး မလှမ်းမကမ်းရှိ ရဲတိုက်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးသွားတော့သည်။

ယခုအချိန်တွင် သင်္ဘောများက ပိုမို နီးကပ်လာပြီဖြစ်ရာ ကူးကန်း က ဘေးပတ်လည်ရှိ လီကျန့် ကြေးစားတပ်ဖွဲ့ဝင် အချို့ကို ချက်ချင်း မျက်ရိပ်ပြလိုက်သည်။

သူတို့ကလည်း သဘောပေါက်သွားပြီး လက်နက်များကို အသီးသီး ကိုင်ဆောင်ကာ ဆိပ်ကမ်းဆီသို့ လျှောက်သွားကြသည်။

ကူးကန်း က အရှေ့ဆုံးရှိ "ဝမ်ရှီး သင်္ဘော" ကို လှမ်းကြည့်ကာ "သင်္ဘောကို ရပ်လိုက်စမ်း" ဟု အော်ဟစ်လိုက်သည်။

နှမြောစရာကောင်းသည်မှာ သင်္ဘောပေါ်မှ လူများက လုံးဝ ဂရုမစိုက်ကြဘဲ ကျိုးဝမ်ရှီး က ပဲ့ကိုင်ရှင်ကို မျက်ရိပ်တစ်ချက်ပင် ပြလိုက်သေး၏။

ပဲ့ကိုင်ရှင်က အချက်ပြမှုကို လက်ခံရရှိသည်နှင့် တစ်ပြိုင်နက် ရက်စက်သော အပြုံးတစ်ခုကို ပြသလိုက်ပြီး အရှိန်ကို ရုတ်တရက် မြှင့်တင်ကာ ဆိပ်ကမ်းဆီသို့ အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်လိုက်တော့သည်။

"ဘာလုပ်တာလဲကွ... မင်းတို့ကောင်တွေ ဒါဘာလုပ်တာလဲ"

ကူးကန်း ၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး "ရန်သူတွေ လာပြီဟေ့" ဟု အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်တော့သည်။

ဤအော်ဟစ်သံက ဆိပ်ကမ်းပေါ်ရှိ လူအားလုံးကို ချက်ချင်း ထိတ်လန့်သွားစေပြီး အားလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြတော့သည်။

လူအများအပြားက အလျင်အမြန် လှမ်းကြည့်လိုက်ကြ၏။

ဝမ်ရှီး သင်္ဘောပေါ်မှနေ၍ လူရိပ်များက နဂါးတစ်ကောင်အလား လှုပ်ရှားနေကြပြီး လူရာပေါင်းများစွာက ကမ်းစပ်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ခုန်ဆင်းလာကြသည်ကို မြင်တွေ့လိုက်ရသည်။

"သတ်..."

"တိုက်ကြဟေ့..."

"ကုန်းပေါ် တက်..."

......

လင်းယွမ် ဘက်မှ လူများကလည်း အသီးသီး ဒေါသတကြီး အော်ဟစ်လိုက်ကြပြီး လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော လှုပ်ရှားမှုများဖြင့် သင်္ဘောခေါင်းဆောင် အသီးသီးက လူများကို ခေါ်ဆောင်ကာ ကုန်းပေါ်သို့ ချက်ချင်း ပြေးဝင် တိုက်ခိုက်ကြတော့သည်။

မျက်နှာချင်းဆိုင် မိသည်နှင့် တစ်ပြိုင်နက် တာဝန်ကျနေသော ကြေးစားစစ်သား တစ်ယောက်ကို တိုက်ရိုက်ပင် အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်သည်။

ကူးကန်း မှာ မျက်လုံးပြူးသွားပြီး အံ့သြဒေါသထွက်နေသည့် အမူအရာဖြင့် "လီကျန့် ကြေးစားတပ်ဖွဲ့က လူတွေကိုတောင် လာတိုက်ခိုက်ရဲတယ်ပေါ့... မင်းတို့ကောင်တွေတော့ သေဖို့သာ ပြင်ထားကြတော့... သေချာပေါက် သေရမယ်"

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ရှီး သင်္ဘောက ဆိပ်ကမ်းရှိ သစ်သားပလက်ဖောင်းကို အပြင်းအထန် ဝင်တိုက်ကာ ဖျက်ဆီးပစ်လိုက်သည်။

ပလက်ဖောင်းပေါ်တွင် ရှိနေပြီး အချိန်မီ မဆုတ်ခွာနိုင်ခဲ့သော သင်္ဘောလုပ်သားများမှာ အားခနဲ အော်ဟစ်လိုက်ကြပြီး လူအများအပြားမှာ အရိုးကွဲမတတ် အေးစက်နေသော ရေထဲသို့ ထိုးကျသွားကြတော့သည်။

သင်္ဘောလုပ်သား အများအပြားက အစွမ်းပိုင်ရှင်များ ဖြစ်ကြရာ အစွမ်းများကို အသီးသီး ထုတ်ဖော်ကာ အလျင်အမြန် ထွက်ပြေး လွတ်မြောက်သွားကြသည်။

ကျိုးဝမ်ရှီး က မိမိ၏ ဝမ်ရှီး သင်္ဘောကို နှမြောနေရန် အချိန်မရှိတော့ဘဲ ယခုအချိန်တွင် ထန်တယ်ချန် ၏ အနောက်မှ လိုက်ပါကာ ခုန်ပျံကျော်လွှားရင်း ကုန်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လင်းယွမ်က သင်္ဘောပေါ်တွင် ရပ်နေကာ မည်သို့မျှ လှုပ်ရှားခြင်း မရှိဘဲ မလှမ်းမကမ်းရှိ ဧရာမ ရဲတိုက်ကြီး သုံးခုကိုသာ လှမ်းကြည့်နေလိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားပြီး "ရေပေါ်ကျွန်းက တကယ်တမ်း ဘယ်လိုမျိုးလဲဆိုတာကို ကြည့်လိုက်ကြရအောင်"

ဆက်ရန်...

အပိုင်း(၄၀၆) သူတို့ ရူးသွားကြပြီလား

"ဝုန်း"

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးက ကုတင်ပေါ်တွင် အိပ်ပျော်နေသော လီခွန်းကို ရုတ်တရက် လန့်နိုးသွားစေ၏။

လီခွန်းက ချက်ချင်း ထထိုင်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။

သူ၏ ဘေးနားတွင်တော့ အဝတ်ဗလာနှင့် ပြည့်ဖြိုးသော အမျိုးသမီးနှစ်ဦး ရှိနေလေသည်။

ယခုအချိန်၌ ထိုအမျိုးသမီးနှစ်ဦးကို သူ ဂရုမစိုက်နိုင်တော့ဘဲ သူတို့နှစ်ဦးကို အကြမ်းပတမ်း တွန်းဖယ်ကာ ဘောင်းဘီကို အလျင်အမြန် ကောက်စွပ်လိုက်၏။

တစ်ချိန်တည်းမှာပင် အပြင်ဘက်သို့ အသံကျယ်ကျယ်ဖြင့် အော်မေးလိုက်သည်။ "ဟေ့... ဘာတွေဖြစ်နေတာလဲကွ"

အပြင်ဘက်မှ စိုးရိမ်တကြီး ပြန်ဖြေလာသည့် အသံကို ကြားလိုက်ရ၏။

"ခေါင်းဆောင်... ဆိပ်ကမ်းကို လာတိုက်နေတဲ့ သင်္ဘောတွေ ရှိတယ်"

"ဘာကွ... ဘယ်ကရောက်လာတဲ့ သင်္ဘောလဲ"

လီခွန်းက အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားရသည်၊ ဆိပ်ကမ်းကို ဝင်တိုက်ရဲလောက်အောင် သတ္တိကောင်းသူ ရှိနေသည်လား။

အပြင်ဘက် မြူခိုးများထဲတွင် သောင်တင်နေသော သင်္ဘောများမှာ သူ့ထံတွင် နာမည်နှင့်တကွ စာရင်းရှိပြီးသားချည်းသာ ဖြစ်သည်။

ထိုသင်္ဘောများပေါ်မှ သင်္ဘောခေါင်းဆောင်များကိုလည်း သူက ကောင်းကောင်းကြီး သိထားပြီး ဖြစ်၏။

ဤလူများထဲမှ မည်သူကများ ဆိပ်ကမ်းကို ဝင်တိုက်ရဲသည့် သတ္တိ ရှိနေပါသနည်း။

တစ်ဖက်လူက သင်္ဘောကို အချိန်မီ မရပ်တန့်နိုင်ဘဲ မှားယွင်း ဝင်တိုက်မိခြင်းများလားဟုပင် သူ သံသယ ဝင်မိသွားသည်။

"ခေါင်းဆောင်... တစ်စီးတည်း မဟုတ်ဘူး... သုံးစီးတောင်"

"ပြီးတော့... အဲဒီသင်္ဘောတွေပေါ်မှာ လူတစ်ထောင်လောက် ပါတယ်... အကုန်လုံးက အစွမ်းပိုင်ရှင်တွေချည်းပဲ... အရူးတွေလို ပြေးဝင်လာပြီး သတ်ဖြတ်နေကြတာ"

"ဘာ"

လီခွန်း ချက်ချင်း အံ့အားသင့်သွားပြီး မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားကာ အခန်းတံခါးကို အလျင်အမြန် ဆွဲဖွင့်လိုက်၏။

အပြင်ဘက်တွင် ညကင်းစောင့်နေသော ဖန်လျန်၏ မျက်နှာထက်၌ စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

လီခွန်းက အခန်းထဲမှ ချက်ချင်း ပြေးထွက်သွားပြီး ခန္ဓာကိုယ်ကို လွှင့်ပျံကာ ခံတပ်၏ အမြင့်ဆုံးအထပ်ရှိ ကင်းစောင့်မျှော်စင်ပေါ်သို့ ခုန်တက်သွားတော့သည်။

ကင်းစောင့်မျှော်စင်ပေါ်ရှိ ကင်းစောင့်သမားမှာလည်း ယခုအခါတွင် ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာ ရှိနေလေသည်။

"အခြေအနေ ဘယ်လိုရှိလဲ"

"ချကုန်ကြပြီ... ချကုန်ကြပြီဗျ" ကင်းစောင့်သမားက ထိတ်လန့်တကြား အော်ပြောလိုက်၏။

လီခွန်းက တစ်ဖက်လူ၏ လက်ထဲမှ မှန်ပြောင်းကို အလျင်အမြန် လုယူလိုက်ပြီး ဆိပ်ကမ်းဘက်ရှိ အခြေအနေကို လျင်မြန်စွာ လှမ်းကြည့်လိုက်သည်။

ထိုသို့ ကြည့်လိုက်မိသည်နှင့် သူ၏ မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွားတော့၏။

ဆိပ်ကမ်းဘက်ရှိ ဖြူလွှနေသော နှင်းပြင်ပေါ်တွင် ရဲရဲတောက်နေသော သွေးများ အိုင်ထွန်းနေသည်ကို မြင်တွေ့လိုက်ရသည်။

လီကျန့် ကြေးစားတပ်ဖွဲ့မှ လူအများအပြားမှာ သွေးအိုင်ထဲတွင် လဲကျနေကြသည်။

အစွမ်းပိုင်ရှင် တစ်ထောင်နီးပါးခန့်က စနစ်တကျ အုပ်စုဖွဲ့ကာ ကမ်းပေါ်သို့ တက်ရောက်၍ ရူးသွပ်စွာ သတ်ဖြတ်နေကြလေသည်။

ဤမြင်ကွင်းက လီခွန်းကို ချက်ချင်းပင် ကျောချမ်းသွားစေပြီး "ဒုက္ခပဲ" ဟု စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

သူက အောက်သို့ဆင်းကာ လူများကို ကယ်တင်ရန် စွန့်စားခြင်း မပြုတော့ဘဲ ချက်ချင်း ခေါင်းလှည့်ကာ အော်ဟစ်လိုက်၏။ "ခံတပ်ကို ပိတ်လိုက်... အခုချက်ချင်း ခံတပ်ကို ပိတ်လိုက်စမ်း"

အပေါ်သို့ ပြေးတက်လာသော ဖန်လျန်က ထိုစကားကို ကြားသောအခါ အော်ပြောလိုက်သည်။ "ခေါင်းဆောင်... အပြင်မှာ ညီအစ်ကိုတွေ ဝင်မလာရသေးတာ ရှိသေးတယ်"

ဖန်လျန် စကားပင် မဆုံးသေးမီ လီခွန်းက ခေါင်းလှည့်ကာ ဒေါသတကြီး အော်ဆဲလိုက်၏။ "တောက်... ငါ ခံတပ်ကို ပိတ်ခိုင်းနေတာလေ မင်း နားကန်းနေလား"

ဖန်လျန် လန့်ဖြန့်သွားပြီး ချက်ချင်းပင် အောက်ဘက်သို့ ခေါင်းလှည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ခံတပ်ကို ပိတ်လိုက်"

အောက်ဘက်ရှိ ခံတပ်၏ တံခါးများ လျင်မြန်စွာ စတင် ပိတ်သွားတော့သည်။

တံခါးအပြင်ဘက်တွင် အသက်လု၍ ထွက်ပြေးလာကြသော လီကျန့် ကြေးစားတပ်ဖွဲ့ဝင်များမှာ အသီးသီး အော်ဟစ်ညည်းညူလာကြ၏။

"တံခါးမပိတ်ပါနဲ့... ငါ အထဲ မဝင်ရသေးဘူးကွ"

"ခေါင်းဆောင်... ကယ်ပါဦး... ကယ်ကြပါဦး"

"ခေါင်းဆောင်... ကျွန်တော်တို့ မဝင်ရသေးဘူး"

......

ဖန်လျန်က စိတ်မကောင်းဖြစ်စွာဖြင့် လီခွန်းကို လှမ်းကြည့်လိုက်သည်။

လီခွန်းက လုံးဝ ဂရုမစိုက်ဘဲ ချက်ချင်း မေးလိုက်၏။ "ဟုန်ရှင်း နဲ့ ထျန်ဝမ် တပ်ဖွဲ့တွေဆီကို ဆက်သွယ်လို့ ရပြီလား"

"ကိစ္စက ရုတ်တရက်ဆိုတော့... ဆက်သွယ်လို့ မရသေးဘူး" ဖန်လျန်က အလျင်အမြန် ဖြေလိုက်သည်။

လီခွန်းက မှန်ပြောင်းကို အောက်မချသေးဘဲ မှန်ပြောင်းကို အမြန်လှည့်ကာ မလှမ်းမကမ်းရှိ အခြား ခံတပ်နှစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။

ထိုသို့ ကြည့်လိုက်သောအခါ သူ၏ ရင်ထဲတွင် တုန်လှုပ်သွားရ၏။ ဤလူစုက အခြားခံတပ်နှစ်ခုကို တိုက်ရိုက် မတိုက်ခိုက်ဘဲ လူအင်အားစုစည်းကာ သူ့ဘက်သို့သာ ဦးတည်တိုက်ခိုက်လာခြင်း ဖြစ်နေသည်။

သူက တုံ့ဆိုင်းမနေဘဲ အော်ဟစ်လိုက်သည်။ "မြန်မြန်... အချက်ပြ မီးကျည် ဖောက်လိုက်... မြူရေခဲမြို့တော်ကို အကြောင်းကြား"

"ပြီးတော့ ဟို့မင် ကို ချက်ချင်း သွားခေါ်... ငါ ဟုန်ရှင်း နဲ့ ထျန်ဝမ် အဖွဲ့တွေဆီ ဆက်သွယ်ရမယ်"

"ဟုတ်ကဲ့" ဖန်လျန်က လူသွားခေါ်ရန် အလျင်အမြန် ထွက်သွားလေသည်။

မကြာမီမှာပင် အရပ်ပုပု လူငယ်လေးတစ်ဦးကို ခေါ်ဆောင်လာခဲ့၏။

လီခွန်းက စကားများမနေဘဲ လူငယ်လေး၏ ပခုံးကို ဆွဲကိုင်ကာ ချက်ချင်း ပြောလိုက်သည်။ "မင်းရဲ့ အစွမ်းကို သုံးပြီး ကျန်တဲ့ ခံတပ်နှစ်ခုကို ချက်ချင်း ဆက်သွယ်ပေး"

လူငယ်လေးက တစ်ချက် တုန်ယင်သွားပြီး အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။

သူက မျက်လုံးများကို မှိတ်လိုက်ပြီးနောက် စိတ်စွမ်းအင်လှိုင်းတစ်ခု ပျံ့နှံ့ထွက်ပေါ်လာကာ အရပ်လေးမျက်နှာသို့ လျင်မြန်စွာ ရောက်ရှိသွားတော့၏။

ပေ ၃၀၀ ခန့် အကွာအဝေးသို့ ရောက်ရှိသွားပြီးနောက် သူ၏ စိတ်စွမ်းအင်များ သိသိသာသာ အားနည်းသွားခဲ့သည်။

သို့သော် ချက်ချင်းပင် သူက ခရုခွံပုံစံ သင်္ကေတအရိုးတစ်ခုကို ထုတ်ယူလိုက်ပြီး သန္ဓေပြောင်းစွမ်းအင်များကို ထိုအထဲသို့ သွင်းယူလိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏ စိတ်စွမ်းအင် ပျံ့နှံ့နိုင်စွမ်း ဧရိယာက အဆပေါင်းများစွာ ကြီးမားကျယ်ပြန့်သွားတော့၏။

မလှမ်းမကမ်းရှိ ဟုန်ရှင်း ကြေးစားတပ်ဖွဲ့ ခံတပ်အတွင်းမှ အစွမ်းပိုင်ရှင် တစ်ဦးထံသို့ လျင်မြန်စွာ ရောက်ရှိ ဆက်သွယ်မိသွားသည်။

"ဝီ"

တစ်ဖက်မှ အစွမ်းပိုင်ရှင်ကလည်း စောစောစီးစီးကတည်းက ကြိုတင်ပြင်ဆင်ထားပုံရကာ အလားတူ စိတ်စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး သူတို့နှစ်ဦး၏ စိတ်စွမ်းအင်က ချက်ချင်းပင် ချိတ်ဆက်မိသွားတော့သည်။

ထိုနောက် ချက်ချင်းဆိုသလိုပင် အခြား စိတ်စွမ်းအင်တစ်ခု ထပ်မံ ဝင်ရောက်လာခဲ့၏။

စိတ်စွမ်းအင် ကွင်းပြင်သုံးခုက အကြမ်းဖျင်းအားဖြင့် နှစ်မိုင်ခန့် ကျယ်ဝန်းသော ဧရိယာကို ဖုံးလွှမ်းသွားခဲ့သည်။

ခံတပ်သုံးခုစလုံးကို ချက်ချင်းပင် လွှမ်းခြုံမိသွားတော့၏။

ထို့နောက် စိတ်စွမ်းအင် ကွင်းပြင်အတွင်း၌ လီခွန်း၏ အလျင်စလို အသံ ထွက်ပေါ်လာခဲ့သည်။ "ဟွမ်မင်ခိုင်... လီကျင်း... အပြင်ဘက်က လူတွေက ဘာကိစ္စလဲ"

သရော်လှောင်ပြောင်သည့် အသံတစ်ခုက ချက်ချင်း ထွက်ပေါ်လာ၏။ "ဟက်... ငါ ဘယ်သိမှာလဲ... မင်း တစ်ယောက်ယောက်ကို သွားစော်ကားထားလို့လား"

"ဟွမ်မင်ခိုင်... မင်းကများ ဒီစကားမျိုး ပြောထွက်သေးတယ်... မင်းတို့ ဟုန်ရှင်း ကြေးစားတပ်ဖွဲ့ စော်ကားထားတဲ့သူတွေက ငါတို့ လီကျန့် ကြေးစားတပ်ဖွဲ့ထက် အများကြီး ပိုများတာ မဟုတ်ဘူးလား" လီခွန်းက ချက်ချင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် အခြားအသံတစ်သံ ထွက်ပေါ်လာ၏။ "တော်ကြပါတော့... အခု ဘယ်အချိန် ရောက်နေပြီလဲ... မင်းတို့က ရန်ဖြစ်ဖို့ အချိန်ရနေသေးတယ်ပေါ့"

"ဟမ့်" လီခွန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်း ပြောလိုက်သည်။ "လီကျင်း... ဒီလူတွေက ရုတ်တရက် ရောက်လာကြတာ... အခု ငါ့ခံတပ်ကို အားကုန်သုံးပြီး တိုက်ခိုက်နေကြတယ်"

"သူတို့ ခံတပ်ကို ဖောက်ထွင်းသွားနိုင်ပြီဆိုရင် ငါ့လူတွေ အများကြီး သေကြေပျက်စီးရမှာ အမှန်ပဲ... ဒါပေမဲ့ နှုတ်ခမ်းမရှိရင် သွားကျိန်းမယ်ဆိုတဲ့ သဘောတရားကို မင်းတို့လည်း နားလည်မှာပါ... ငါ ခံတပ်ကို မကာကွယ်နိုင်ရင် မင်းတို့လည်း သက်သာမှာ မဟုတ်ဘူး"

လီကျင်း၏ အသံ ထွက်ပေါ်လာသည်။ "ဒါဆို မင်းက ဘယ်လို လုပ်ချင်လို့လဲ"

"ပူးပေါင်းမယ်" လီခွန်းက တုံ့ဆိုင်းမနေဘဲ ပြောလိုက်၏။

လီကျင်းက ခေတ္တ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ "ဟွမ်မင်ခိုင်... မင်း ဘယ်လို သဘောရလဲ"

ဟွမ်မင်ခိုင်လည်း ခေတ္တ တိတ်ဆိတ်သွားပြီး အပြင်ဘက်ရှိ လူအချို့နှင့် တိုင်ပင်ဆွေးနွေးနေပုံ ရလေသည်။

ခဏအကြာတွင် သူက သရော်လှောင်ပြောင်သည့် အသံကို ဖျောက်လိုက်ပြီး ပြောလိုက်သည်။ "ရတယ်... ဒါပေမဲ့ ဒီအစွမ်းပိုင်ရှင်တွေကို တိုက်ခိုက်မောင်းထုတ်ပြီးသွားရင်... မြူခိုးသစ်တော အနောက်တောင်ဘက်က သတ္တုတွင်းရဲ့ ဝေစုကို ငါ လိုချင်တယ်"

"ဟက်ဟက်... အိပ်မက် မက်နေတာလား... မင်းတို့ဟုန်ရှင်းက မပူးပေါင်းချင်လည်း နေ... ငါတို့ လီကျန့် နဲ့ ထျန်ဝမ် ပူးပေါင်းလိုက်ရင်လည်း ဒီလူတွေကို တောင့်ခံထားနိုင်ပါတယ်... အဲဒီအချိန်ကျရင် ဒီလူစုကို မင်းတို့ ဟုန်ရှင်း ခံတပ်ဘက် မောင်းထုတ်လိုက်မယ်" လီခွန်းက တိုက်ရိုက်ပင် အေးစက်စက် လှောင်ပြောင်လိုက်၏။

"တောက်... ခွေးမသား... မင်း လုပ်ရဲလုပ်ကြည့်လေ" ဟွမ်မင်ခိုင် ချက်ချင်း ဒေါသထွက်သွားပြီး ဆဲရေးတိုင်းထွာလာတော့သည်။

"ဟမ့်... ငါ လုပ်ရဲလား မလုပ်ရဲလား စောင့်ကြည့်နေလိုက်"

"တော်ကြပါတော့... မင်းတို့ ဒီလို အချိန်ဖြုန်းနေမယ့်အစား ရန်သူတွေကို အမြန်ဆုံး ပူးပေါင်း တိုက်ထုတ်လိုက်တာက ပိုမကောင်းဘူးလား... ဒီတစ်ခေါက် အခြေအနေက နည်းနည်း ထူးဆန်းနေတယ်... ဒီလူတွေရဲ့ အင်အားက အရင်တုန်းက ပုန်ကန်တဲ့လူတွေထက် အများကြီး ပိုများတယ်... ပြီးတော့ အကုန်လုံးက အစွမ်းထက်တဲ့သူတွေချည်းပဲ"

လီကျင်း၏ စိတ်အာရုံက ဤစိတ်ချင်းဆက်သွယ်သည့် အစည်းအဝေးတွင် အပြည့်အဝ မရှိနေကြောင်း သိသာထင်ရှားလှပြီး ပြင်ပ လက်တွေ့ကမ္ဘာမှ အခြေအနေများကိုပါ ဆက်လက် စောင့်ကြည့်နေပုံ ရသည်။

ကျိုးဝမ်ရှီး နှင့် အခြား သင်္ဘောခေါင်းဆောင်များက အစွမ်းပိုင်ရှင်များကို ဦးဆောင်ကာ မြူခိုးသစ်တော ဆိပ်ကမ်းသို့ ဝင်ရောက်လာသည်ကို သူ မြင်လိုက်ရသောအခါ ဤလူစု၏ စွမ်းအားမှာ အလွန် ကြီးမားပြီး သာမန်မဟုတ်ကြောင်း ချက်ချင်း သတိပြုမိသွား၏။

ဤအချက်က သူ၏ ရင်ထဲတွင် အချက်ပေးခေါင်းလောင်းသံများ ချက်ချင်း ထွက်ပေါ်လာစေခဲ့သည်။

ထင်သည့်အတိုင်းပင် သူ၏ စကားဆုံးသွားသည်နှင့် အခြား နှစ်ဦးကလည်း ချက်ချင်း အငြင်းပွားမှုကို ရပ်တန့်လိုက်ကြပြီး အပြင်ဘက်ရှိ အခြေအနေကို စောင့်ကြည့်နေကြပုံ ရလေသည်။

မကြာမီ ဟွမ်မင်ခိုင်က ကျိန်ဆဲရင်း ပြောလာသည်။ "တောက်... ကျိုးဝမ်ရှီး... လီချုံမင်... ကျန်းဟန်လျန်... သူတို့တွေ ဖြစ်နေတာကိုး"

"မင်း ဒီလူတွေကို သိလို့လား" လီကျင်းက အလျင်အမြန် မေးလိုက်၏။

ဟွမ်မင်ခိုင်က လျင်မြန်စွာ ပြန်ဖြေသည်။ "သိတာပေါ့... အပြင်မှာ သောင်တင်နေတဲ့ သင်္ဘောခေါင်းဆောင်တွေထဲမှာ ဒီသုံးယောက်က အစွမ်းအထက်ဆုံး သုံးယောက်ပဲ... သင်္ဘောခေါင်းဆောင် အားလုံးကြားမှာ နာမည်ကြီးတွေချည်းပဲ"

"သူတို့ဆီမှာ အရင်းအမြစ်တွေသာ မလုံမလောက် မဖြစ်ခဲ့ဘူးဆိုရင်... သူတို့ရဲ့ အစွမ်းနဲ့ မြူရေခဲမြို့တော်ထဲ အစောကြီး ဝင်နေနိုင်ပြီ... ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ထဲ ဝင်ဖို့တောင် ပြဿနာ မဟုတ်ဘူး"

ဤစကားကို ကြားလိုက်ရသောအခါ လီကျင်း နှင့် လီခွန်း တို့၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြတော့သည်။

"ဒီလူတွေရဲ့ စွမ်းအားက ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ထဲ ဝင်နိုင်တဲ့ စံနှုန်းကို ရောက်နေပြီလား"

"ဒီလောက်တောင် အစွမ်းထက်တာလား"

"အပြင်ကလူတွေထဲမှာ အစွမ်းထက်တဲ့သူ မနည်းဘူး... သူတို့က အဲ့ဒီသင်္ဘောတွေကို နှမြောနေလို့သာ မြူခိုးသစ်တောထဲ ဝင်ပြီး နေရာမယူကြတာ"

"တောက်... ဒီလူတွေ ရူးသွားကြပြီလား... ငါတို့နဲ့ သူတို့ကြားမှာ ဘာရန်ငြိုးရန်စ ရှိလို့လဲ" လီခွန်းက နားမလည်နိုင်စွာဖြင့် ဆဲရေးလိုက်မိ၏။

လီကျင်းက ရုတ်တရက် ဝင်မေးလိုက်သည်။ "မင်း သူတို့ကို တကယ်ပဲ ပြဿနာမလုပ်ခဲ့ဘူးလား"

လီခွန်းက ချက်ချင်း ကျိန်တွယ်လိုက်၏။ "ငါ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ရဲတယ်... ဒီခွေးကောင်တွေကို ငါ လုံးဝ မသိဘူး"

ဟွမ်မင်ခိုင်ကလည်း ထူးဆန်းသလို ပြောလိုက်သည်။ "သောက်ကျိုးနည်း... ဒါဆို သူတို့က ဘာလို့ ရူးသွပ်နေကြတာလဲ"

လီကျင်း ခေတ္တ တိတ်ဆိတ်သွားပြီး စဉ်းစားနေပုံရကာ နောက်ဆုံးတွင် ခန့်မှန်းချက် တစ်ခုကို ပြောလိုက်၏။ "သူတို့က ငါတို့ကို တိုက်ရိုက် ပစ်မှတ်ထားပြီး လာတာ မဟုတ်လောက်ဘူး"

"ဟမ်... ဘာအဓိပ္ပာယ်လဲ" လီခွန်းက လျင်မြန်စွာ မေးလိုက်သည်။

ထိုသုံးဦးထဲတွင် လျင်မြန်ပါးနပ်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးပိုင်း၌ လီခွန်း နှင့် ဟွမ်မင်ခိုင် တို့က လီကျင်းကို လုံးဝ မယှဉ်နိုင်ပေ။

လီကျင်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဒီလူတွေက ကျွန်းအပြင်ဘက်မှာ ပိတ်မိနေတာ ဒီလောက်တောင် ကြာနေပြီ... ကျွန်းပေါ်တက်ဖို့ အရင်းအမြစ်တွေ အလုံအလောက် မစုဆောင်းနိုင်သေးလို့ မြူရေခဲမြို့တော် ရဲ့ နေထိုင်ခွင့်ကို မရနိုင်သေးတာ"

"သူတို့ရင်ထဲမှာ မကျေနပ်မှုတွေ ရှိနေတာ ကြာလောက်ပြီ... ဒီတစ်ခေါက် သူတို့က မြူခိုးမြို့တော် သခင်ကို ပုန်ကန်ပြီး မြူရေခဲမြို့တော်ထဲ တိုက်ရိုက် ဝင်တိုက်ချင်နေကြတာ ဖြစ်မယ်"

ဤစကားကို ကြားလိုက်ရသောအခါ လီခွန်း နှင့် ဟွမ်မင်ခိုင် တို့ နှစ်ဦးစလုံး ချက်ချင်း ကြောင်အမ်းသွားကြတော့၏။

ခဏအကြာတွင် လီခွန်းက ပထမဆုံး အသံထွက် ရယ်မောလိုက်သည်။ "ဟားဟားဟားဟား... ငတုံးတွေပဲ... သူတို့ဆီမှာ တကယ်ပဲ ဒီလို စိတ်ကူးမျိုး ရှိနေတယ်ဆိုရင်... ဒီလူစုက တကယ့်ကို ဖားသူငယ် အမြင်ကျဉ်းပြီး ဘာမှ နားမလည်တဲ့ ကောင်တွေလို့ပဲ ငါ ပြောနိုင်တယ်"

ဟွမ်မင်ခိုင်ကလည်း အေးစက်စက် ရယ်မောလိုက်၏။ "တကယ်လို့ အဲဒီအတိုင်းပဲဆိုရင်... ဒီလူမိုက်အုပ်စုက တကယ့်ကို တုံးလွန်းတယ်... ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့က ဘယ်လောက်ကြောက်ဖို့ကောင်းလဲ သူတို့ လုံးဝ နားမလည်ကြဘူး... မြူခိုးမြို့တော် သခင်ရဲ့ ကြောက်စရာကောင်းတဲ့ အစွမ်းကို ပိုလို့တောင် မသိကြဘူး"

"ပြဿနာက အခု ဒီလူစု တကယ်ပဲ မိုက်ရူးရဲပြီး ငါတို့ကို အရင်ဆုံး လာတိုက်ခိုက်ရင်ရော..." လီကျင်းက မှိုင်းညို့နေသော လေသံဖြင့် ပြောလိုက်သည်။

ဤအခါတွင်မူ လီခွန်း နှင့် ဟွမ်မင်ခိုင် တို့ ချက်ချင်း စကားဆွံ့အသွားကြတော့၏။

မြူရေခဲမြို့တော် ၏ အင်အားကို သူတို့သုံးဦးစလုံး ကောင်းကောင်း သိထားကြပြီး မြူရေခဲမြို့တော် က ဤလူစုကို မျက်စိထဲပင် ထည့်မည်မဟုတ်ကြောင်းကို ပို၍ပင် သိထားကြသည်။

သို့သော် သူတို့သုံးဦး တည်ထောင်ထားသော ကြေးစားတပ်ဖွဲ့များတွင်မူ အစွမ်းပိုင်ရှင် တစ်ထောင်နီးပါး၏ ပူးပေါင်းတိုက်ခိုက်မှုကို လျစ်လျူရှုနိုင်လောက်သည့် အင်အားမျိုး မရှိချေ။

"မိတ်ဆွေတို့... အခုလို အချိန်မျိုးမှာတော့ ဘာအကျိုးအမြတ်မှ လာတွက်မနေကြပါနဲ့တော့... ငါတို့သုံးဖွဲ့က အခုဆိုရင် ကြိုးတစ်ချောင်းတည်းမှာ ချည်ခံထားရတဲ့ နှံကောင်တွေလိုပဲ... ဘယ်ခံတပ် ပဲကျိုးပေါက်သွားသွား ကျန်တဲ့ နှစ်ဖွဲ့လည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

လီကျင်းက လျင်မြန်စွာ သုံးသပ်ပြလိုက်၏။ "လောလောဆယ် ဒီငတုံးတွေရဲ့ ခြေလှမ်းတွေကို အရင် တားဆီးထားပြီး မြူရေခဲမြို့တော် ကို ချက်ချင်း အကြောင်းကြားရမယ်... ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ကို အကူအညီ လာပေးဖို့ တောင်းဆိုရမယ်"

"ဟွမ်မင်ခိုင်... မင်းတို့ ဟုန်ရှင်း ဘက်က ဘယ်လိုလဲ" လီခွန်းက ဟွမ်မင်ခိုင်၏ နာမည်ကို တိုက်ရိုက် ခေါ်ကာ မေးလိုက်သည်။

ဟွမ်မင်ခိုင်က ဤတစ်ကြိမ်တွင် ပြတ်သားစွာပင် ဖြေလိုက်၏။ "တောက်... ဒီလိုပဲ လုပ်ရတော့မှာပေါ့"

"ကောင်းပြီ... ဒါဆို ငါတို့ အခု ကိုယ့်လူကိုယ် လွှတ်ပြီး မြူရေခဲမြို့တော် ကို သွားပြီး ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ကို ချက်ချင်း အကြောင်းကြားရမယ်"

"ပြီးတော့ ကိုယ့်ခံတပ်ကိုယ် သေချာ ကာကွယ်ထားကြ... လေးမြှားလို အဝေးပစ် လက်နက်တွေနဲ့ ဒီလူတွေကို မောင်းထုတ်ကြမယ်"

လီကျင်းက လျင်မြန်စွာ အစီအစဉ် ချမှတ်လိုက်ပြီး သူတို့သုံးဦး တိုင်ပင်ဆွေးနွေးပြီးနောက် စိတ်ချင်းဆက်သွယ်သည့် ကမ္ဘာထဲမှ လျင်မြန်စွာ နှုတ်ထွက်လိုက်ကြတော့သည်။

လီခွန်းက မျက်လုံးများကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဘေးနားရှိ ဖန်လျန်ကို ချက်ချင်း ခေါင်းလှည့်ကြည့်ကာ ပြောလိုက်၏။ "ရှောင်လျန်... မင်း မြူရေခဲမြို့တော် ကို ချက်ချင်းသွားပြီး ဘယ်ဘက် တပ်ဖွဲ့ခေါင်းဆောင် ဟယ်ကျွင်း ရဲ့ လူယုံ ရွှီယွမ် ကို သွားရှာ... အပြင်ဘက်က ရေမျောက်ဝံတွေ ရူးနေကြပြီ၊ သူတို့က မြူရေခဲမြို့တော် ကို လာတိုက်ခိုက်လိမ့်မယ်၊ အကူအညီ လွှတ်ပေးပါလို့ ပြောလိုက်"

ဖန်လျန် ထိုစကားကို ကြားသောအခါ ရင်ထဲတွင် ချက်ချင်း ထိတ်လန့်သွားပြီး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "ခေါင်းဆောင်... ဒါ... ဒါ တကယ်လား"

"အများကြီး မေးမနေနဲ့... ငါပြောသလိုသာလုပ်"

ဖန်လျန်၏ မျက်နှာထား လေးနက်သွားပြီး အလျင်အမြန် ခေါင်းညိတ်လိုက်ကာ သူ၏ ခန္ဓာကိုယ်မှ အဖြူရောင် အလင်းတန်းတစ်ခု ချက်ချင်း ထွက်ပေါ်လာတော့၏။

အလင်းတန်းများက ချက်ချင်း တောက်ပလာပြီး သူ၏ အနောက်တွင် ပုရစ်တောင်ပံများကဲ့သို့ ပါးလွှာသော စွမ်းအင်တောင်ပံ နှစ်စုံ ဖြစ်ပေါ်လာလေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း အမည်းရောင် အခွံမာကြီးများ ပေါ်လာပြီး ခြေလက်များကလည်း လျင်မြန်စွာ ထက်မြက်လာတော့၏။

ဤသည်က ဖန်လျန်၏ အစွမ်း ပုရစ်အသွင်ပြောင်းခြင်း ပင် ဖြစ်သည်။

သူ၏ အစွမ်းမှာ အသွင်ပြောင်း အမျိုးအစား အစွမ်းဖြစ်ပြီး အစွမ်းကို အသက်သွင်းလိုက်ပြီးနောက် ပုရစ်နှင့် ဆင်တူသော လက္ခဏာများအဖြစ် အသွင်ပြောင်းနိုင်သည်။

တောင်ပံများကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ပြီး အနိမ့်ပျံသန်းမှုနှင့် အကွာအဝေးတို ပျံသန်းမှုများကို ပြုလုပ်နိုင်ရုံသာမက...

လက်ခြေများတွင်လည်း ဓားကဲ့သို့ ထက်မြက်သော လက်သည်း ခြေသည်းများ ပေါက်လာနိုင်သည်။

ခန္ဓာကိုယ်ပေါ်တွင်လည်း ပုရစ်အခွံကဲ့သို့သော အခွံမာတစ်ထပ် ဖုံးလွှမ်းလာပြီး အတော်လေး ကောင်းမွန်သော ကာကွယ်နိုင်စွမ်းကို ပိုင်ဆိုင်ထားလေသည်။

ယခုအချိန်၌ သူ၏ တောင်ပံနှစ်စုံက အနည်းငယ် တုန်ခါသွားပြီးနောက် ရွှီးခနဲ အသံနှင့်အတူ သူ တစ်ကိုယ်လုံး လျင်မြန်စွာ ပျံတက်သွားတော့၏။

တောင်ပံများက တဝီဝီ မြည်ဟည်းလျက် အရှိန်ပြင်းပြင်း တုန်ခါနေကာ သူက ခံတပ်ထဲမှ လျင်မြန်စွာ ပျံထွက်သွားပြီး မြူရေခဲမြို့တော် ရှိရာဘက်သို့ ပျံသန်းသွားလေသည်။

တစ်ချိန်တည်းမှာပင် အခြား ခံတပ်နှစ်ခုအတွင်းမှလည်း လူရိပ်တစ်ရိပ်စီ အသံတိတ် ထွက်ခွာသွားကြသည်။

ကွာခြားချက်မှာ တစ်ယောက်က မြေကြီးထဲသို့ တိုးဝင်သွားပြီး အခြားတစ်ယောက်က အမှောင်ထုထဲတွင် ပျောက်ကွယ်သွားခြင်းပင် ဖြစ်၏။

ထွက်ခွာသွားသည့် နည်းလမ်းများက မတူညီကြသော်လည်း အားလုံးက အလွန် လျှို့ဝှက်သိုသိပ်လှပေသည်။

သစ်ပင်ကြီး တစ်ပင်ပေါ်တွင် လင်းယွမ်က ထိုသုံးဦး ခံတပ်များမှ ထွက်ခွာသွားသည်ကို မျက်မြင်တွေ့လိုက်ရသော်လည်း တားဆီးခြင်း မပြုဘဲ ခပ်ဟဟ ရယ်မောလိုက်မိ၏။

"မြူရေခဲမြို့တော် ကို တိုက်ရိုက်သွားဖို့က အန္တရာယ်များတယ်... အခု မင်းတို့က ငါ့အတွက် ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့တွေကို သွားခေါ်ပေးတာ အတော်ပဲ... သူတို့ရဲ့ အစွမ်းအစတွေကို စမ်းသပ်ကြည့်လို့ ရတာပေါ့"

ထို့နောက် လင်းယွမ်က ခေါင်းလှည့်ကာ ခံတပ်သုံးခုကို လှမ်းကြည့်လိုက်သည်။

ခံတပ်သုံးခုစလုံး၏ တံခါးများ တင်းကျပ်စွာ ပိတ်ထားပြီး ခံတပ်အပေါ်မှ လူများက မြှားတံများကို အဆက်မပြတ် ပစ်လွှတ်ကာ တိုက်ခိုက်လာသော အစွမ်းပိုင်ရှင်များကို ပြန်လည် တိုက်ခိုက်နေကြသည်ကို မြင်တွေ့လိုက်ရ၏။

ထိုမြှားတံများကလည်း သာမန် မြှားတံများ မဟုတ်ကြောင်း သိသာထင်ရှားလှပြီး သန္ဓေပြောင်းစွမ်းအင် လက်နက်များ ဖြစ်ကြောင်း ထင်ရှားနေသည်။

ပစ်လွှတ်လိုက်ပြီးနောက် ရေခဲများ အေးခဲသွားခြင်း မဟုတ်လျှင် မီးတောက်များ ပေါက်ကွဲထွက်သွားကာ အစွမ်းအာနိသင်က မဆိုးလှပေ။

သို့သော် သင်္ဘောခေါင်းဆောင် အသီးသီးကလည်း သာမန်လူများ မဟုတ်ကြပေ၊ ခွန်အားအသားပေး အစွမ်းပိုင်ရှင်များက ဒိုင်းလွှားများကို ကိုင်ဆောင်ကာ ခံတပ်တံခါးများကို ပြင်းထန်စွာ ဝင်တိုက်နေကြသည်။

ဓာတ်သဘာဝ အမျိုးအစား အစွမ်းပိုင်ရှင်များကလည်း အနောက်ဘက်မှနေ၍ မီးနဂါး၊ ရေနဂါး အမျိုးမျိုးကို ဖန်တီးကာ ကောင်းကင်မှ ပစ်လွှတ်လာသော မြှားတံများကို တားဆီးနေကြ၏။

မှတ်သားဖွယ်ကောင်းသည်မှာ သင်္ဘောခေါင်းဆောင် အများအပြားထဲတွင် ရွှယ်ကောဟွာ နှင့် ကျိုက်ကော်ဖုန်း တို့ နှစ်ဦးက မြေဓာတ် အစွမ်းပိုင်ရှင်များ ဖြစ်ကြသည်။

သူတို့နှစ်ဦးစလုံးက မြေလျှိုးအစွမ်း ကို တတ်ကျွမ်းကြပြီး မြေအောက်သို့ အတူတကွ ငုပ်လျှိုးသွားကာ ခံတပ်အတွင်းပိုင်းသို့ အသံတိတ် ဝင်ရောက်သွားကြတော့သည်။

မကြာမီမှာပင် အထဲမှ စူးရှစွာ အော်ဟစ်ညည်းညူသံများကို ကြားလိုက်ရ၏။

ချက်ချင်းဆိုသလိုပင် လီကျန့် ကြေးစားတပ်ဖွဲ့၏ တံခါးမကြီးက ဝုန်းခနဲ တွန်းဖွင့်ခံလိုက်ရသည်။

ဤလူနှစ်ယောက်က အတွင်းဘက်မှ ရန်သူများ၏ တိုက်ခိုက်မှုကို ခုခံရင်း တံခါးကို ဖွင့်ပေးလိုက်ခြင်းပင် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အစွမ်းပိုင်ရှင် အများအပြားက ခံတပ်အတွင်းသို့ အလုအယက် ပြေးဝင်သွားကြပြီး သတ်ဖြတ်သံများက ကောင်းကင်ယံအထိ ဆူညံသွားတော့၏။

ခံတပ်အတွင်းရှိ လီခွန်းမှာ အကြီးအကျယ် ထိတ်လန့်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "သူတို့ကို သတ်ပစ်လိုက်ကြစမ်း"

တစ်ချိန်တည်းမှာပင် သူက အသံကုန် အော်ဟစ်လိုက်ပြန်၏။ "ဟွမ်မင်ခိုင်... လီကျင်း... မင်းတို့ ဝင်မကူကြသေးဘူးလား"

သူ အော်ဟစ်ပြီးသည်နှင့် တစ်ပြိုင်နက် မလှမ်းမကမ်းရှိ အခြား ခံတပ်နှစ်ခု၏ တံခါးများ ရုတ်တရက် ပွင့်လာသည်ကို မြင်တွေ့လိုက်ရသည်။

ထို့နောက် ခံတပ်နှစ်ခုအတွင်းမှ အစွမ်းပိုင်ရှင် အမြောက်အမြား လျင်မြန်စွာ ပြေးထွက်လာကြပြီး ကျိုးဝမ်ရှီး တို့ လူစုကို အနောက်ဘက်မှ ဝင်ရောက် တိုက်ခိုက်ကြတော့သည်။

လင်းယွမ်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဘေးနားရှိ လူငယ်တစ်ဦးကို ပြောလိုက်၏။ "လျိုယန်... လီချုံမင်၊ ကျန်းဟန်လျန်၊ ထန်တယ်ချန် တို့ကို အစီအစဉ်အတိုင်း လုပ်ဖို့ အကြောင်းကြားလိုက်"

"ဟုတ်ကဲ့ပါ ဆရာလင်း"

လျိုယန်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှား တက်ကြွနေသည့် အမူအရာများ ပေါ်လွင်နေသည်။

သူက သာမန် သင်္ဘောသား တစ်ယောက်သာ ဖြစ်သော်လည်း သူ၏ အစွမ်းမှာ စိတ်ချင်းဆက်သွယ် အသံလွှင့်ခြင်း ဖြစ်သည်။

စိတ်ချင်းဆက်သွယ် အသံလွှင့်ခြင်းမှာ တိုက်ခိုက်ရေး အမျိုးအစား အစွမ်း မဟုတ်သော်လည်း စစ်မြေပြင်တွင်တော့ သူက အကောင်းဆုံး ဆက်သွယ်ရေး တပ်သား တစ်ယောက် ဖြစ်ပေသည်။

ဤတစ်ကြိမ်တွင် ဆရာလင်းက သူ့ကို နာမည်တပ်၍ ခေါ်ဆောင်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ယခင်က သူသည် ကျိုးဝမ်ရှီး၏ သင်္ဘောပေါ်တွင် အရေးမပါသော သူတစ်ယောက်သာ ဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်း မရှိသော သူ့လို အစွမ်းပိုင်ရှင်မျိုးကို လူရာသွင်းသူ အလွန် ရှားပါးလှသည်။

ယခုမှသာ သူ၏ အစွမ်းက အမှန်တကယ် အသုံးဝင်မည့် နေရာကို သူ သဘောပေါက်သွားတော့၏။

အဝေးမှ ဆက်သွယ်ခြင်းကသာ စိတ်ချင်းဆက်သွယ် အသံလွှင့်ခြင်း၏ မှန်ကန်သော အသုံးချနည်းပင် ဖြစ်သည်။

လျိုယန်က သတင်း ပို့လိုက်သည်နှင့်အမျှ မကြာမီမှာပင် ကျိုးဝမ်ရှီးနှင့် အခြားသူများက အဖွဲ့သုံးဖွဲ့ ချက်ချင်း ခွဲလိုက်ကြသည်။

ကျိုးဝမ်ရှီး နှင့် ထန်တယ်ချန် တို့က လူများကို လျင်မြန်စွာ ခေါ်ဆောင်၍ ဟွမ်မင်ခိုင် ဘက်ရှိ ခံတပ်ဆီသို့ ပြေးဝင်သွားကြ၏။

လီချုံမင်ကတော့ ဓာတ်သဘာဝ အမျိုးအစားနှင့် ကာကွယ်ရေး အမျိုးအစား အစွမ်းပိုင်ရှင် အချို့ကို ခေါ်ဆောင်ကာ လီကျင်း၏ ကြေးစားတပ်ဖွဲ့ဘက်သို့ လျင်မြန်စွာ ပြေးဝင်သွားသည်။

ကျန်ရှိနေသော လူများကတော့ ကျန်းဟန်လျန်၏ ဦးဆောင်မှုအောက်တွင် လီခွန်း၏ ခံတပ်ကို လျင်မြန်စွာ တိုက်ခိုက်ကြတော့သည်။

တိုက်ပွဲက ရှုပ်ထွေးနေသော်လည်း စည်းစနစ် ကျနနေကာ ကိုယ်ပိုင် ခံတပ်များ၏ အပေါ်ဆုံးထပ်မှနေ၍ တိုက်ပွဲ အခြေအနေကို စောင့်ကြည့်နေကြသော ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် သုံးဦး၏ မျက်နှာထားများက အနည်းငယ် ပျက်ယွင်းနေကြ၏။

"ဒီလူတွေက တကယ်ပဲ ကြိုတင် ပြင်ဆင်ပြီး လာကြတာပဲ... ပစ်မှတ်တွေကို ချက်ချင်းပဲ ခွဲခြား တိုက်ခိုက်လာနိုင်တယ်" လီကျင်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ခေါင်းဆောင်... အခု ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ" ထျန်ဝမ် ကြေးစားတပ်ဖွဲ့ဝင် တစ်ဦးက အလျင်အမြန် မေးလိုက်၏။

လီကျင်း၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာပြီး ပြေးဝင်လာသော လီချုံမင် နှင့် အခြားသူများကို ကြည့်ကာ ပြောလိုက်သည်။ "ဟက်ဟက်... သူတို့မှာ ဘာအရည်အချင်းတွေ ရှိနေလို့ ငါတို့ကို တိုက်ရိုက် လာစိန်ခေါ်ရဲတာလဲ ဆိုတာ ငါ တကယ်ကို ကြည့်ချင်သေးတယ်"

"သူတို့ကို အထဲ ဝင်ခိုင်းလိုက်... ငါတို့က ဒီလူစုနဲ့ သွားတွေ့ကြတာပေါ့"

လီကျင်း၏ ရင်ထဲတွင် အေးစက်စွာ ဆက်တိုက် ရယ်မောနေမိ၏၊ သူက နာမည်ကျော်ကြားနေသည်မှာ ကြာပြီဖြစ်ပြီး ဤနေရာကလည်း သူ၏ ပိုင်နက်ဖြစ်ရာ အချိန်အခါ၊ နေရာဒေသ နှင့် လူအင်အား အားလုံးကို သူက အခြေခံအားဖြင့် ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

ဤရေမျောက်ဝံများကို အသေသတ်၍ မရနိုင်ကြောင်း သူ လုံးဝ မယုံကြည်ပေ။

အခြားတစ်ဖက်တွင် ဟွမ်မင်ခိုင်ကလည်း လူများကို ခေါ်ဆောင်ကာ ခံတပ်အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်၏။

သူက ရက်စက်စွာ ပြုံးလိုက်ပြီး "ခံတပ်တံခါးကို ပိတ်ထားလိုက်စမ်း... ငါ့ရဲ့ ကောင်မလေးတွေကို သူတို့ လန့်သွားအောင် မလုပ်စေနဲ့" ဟု အော်ပြောလိုက်သည်။

"ခေါင်းဆောင်... ဒီလူတွေက ကျွန်တော်တို့ကို သီးသန့် လာတိုက်တာပဲ" ဟုန်ရှင်း ကြေးစားတပ်ဖွဲ့မှ လူတစ်ယောက်က လျင်မြန်စွာ အော်ပြောလိုက်၏။

ဟွမ်မင်ခိုင်က အေးစက်စွာ ရယ်မောလိုက်ပြီး ပြေးဝင်လာသော ထန်တယ်ချန် နှင့် အခြားသူများကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ရေမျောက်ဝံ တစ်သိုက်... လာခဲ့စမ်း... မင်းတို့ကို ဘယ်သူကများ သတ္တိတွေ ပေးလိုက်လို့ ငါ့ကို အရင် လာစိန်ခေါ်ရဲတာလဲ ဆိုတာ ငါ ကြည့်ရသေးတာပေါ့"

သူက ချွန်ထက်သော အရိုးဓားတစ်လက်ကို ဆွဲယူလိုက်ပြီး မျက်နှာချင်းဆိုင်သို့ တိုက်ရိုက် ပြေးဝင်သွားတော့၏။

ကျန်ရှိနေသော လူများက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အသီးသီး အသံကျယ်ကျယ်ဖြင့် အားပေးလိုက်ကြပြီး ဟုန်ရှင်း ကြေးစားတပ်ဖွဲ့မှ လူများက သူတို့၏ ခေါင်းဆောင်နောက်သို့ လိုက်ကာ တစ်ဟုန်ထိုး ပြေးဝင်သွားကြတော့သည်။

တိုက်ပွဲက လျင်မြန်စွာ စတင်သွားပြီး ချက်ချင်းပင် အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိသွားတော့၏။

ပတ်ဝန်းကျင် တစ်ခွင်လုံးတွင် ဒေါသတကြီး ဟိန်းဟောက်သံများ၊ အော်ဟစ်သံများ၊ စူးရှသော ညည်းညူသံများနှင့် ရိုက်နှက်သံများက အဆက်မပြတ် ထွက်ပေါ်နေလေသည်။

လင်းယွမ်က ဤတိုက်ပွဲများတွင် ဝင်ရောက် မပါဝင်ခဲ့ပေ၊ အားလုံးက မူလအစီအစဉ်အတိုင်း လုပ်ဆောင်နေကြသည်ကို မျက်မြင်တွေ့ပြီးနောက် သူ၏ ခန္ဓာကိုယ်က မြေအောက်သို့ အသံတိတ် ငုပ်လျှိုးသွားကာ ခံတပ်ကြီးများအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားပြီး အကြီးအကျယ် ရှာဖွေ လုယက်တော့၏။

ဆက်ရန်...

All Chapters