အခန်း (၄၀၇-၄၀၈)
Vol. 21 Ch. 407-408
အပိုင်း(၄၀၇) ခံတပ်ကို တိုက်ခိုက်ခြင်းနှင့် ပစ္စည်းများ လုယက်ရှာဖွေခြင်း
"ရွှစ်"
ဟုန်ရှင်း ကြေးစားတပ်ဖွဲ့၏ ခံတပ်ခံတပ် အတွင်းပိုင်း။
ခံတပ်အတွင်းရှိ လူအများစုမှာ ဟွမ်မင်ခိုင်နှင့်အတူ အပြင်သို့ ထွက်ခွာသွားကြပြီ ဖြစ်သည်။
ကျန်ရစ်ခဲ့သူများမှာ အခြေခံအားဖြင့် တိုက်ခိုက်ရေးသမားများ မဟုတ်ကြဘဲ၊ အစောင့်အဖြစ် ကျန်ခဲ့သော အစွမ်းပိုင်ရှင် အနည်းငယ်သာ ဖြစ်၏။
လင်းယွမ်က မြေအောက်မှ တိုးထွက်လာပြီး အခန်းထဲမှ ထွက်လာခဲ့သည်။
မျက်နှာချင်းဆိုင်တွင် အစေခံအဝတ်အစား ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးနှင့် ပက်ပင်းတိုးမိလေတော့သည်။
ထိုအမျိုးသမီးက လင်းယွမ်ကို မြင်လိုက်ရချိန်တွင် အရင်ဆုံး ကြောင်အမ်းသွားပြီးနောက် ပါးစပ်ဟကာ အော်ဟစ်ရန် ပြင်လိုက်သည်။
လင်းယွမ်က လေထဲမှနေ၍ လှမ်းဆုပ်လိုက်ရာ သူ၏ စိတ်စွမ်းအင်များက မျက်စိဖြင့်မမြင်နိုင်သော လက်တစ်ဖက်အဖြစ် ပြောင်းလဲသွားပြီး သူမ၏ လည်ပင်းကို တိုက်ရိုက် ညှစ်ထားလိုက်၏။
"အု... အွတ်... အွတ်..."
အမျိုးသမီး၏ အော်ဟစ်သံမှာ လည်ချောင်းဝတွင်ပင် တန့်သွားခဲ့ရပြီး သူမ တစ်ကိုယ်လုံးမှာ လင်းယွမ်၏ စိတ်စွမ်းအင် ဆွဲယူမှုကြောင့် အနားသို့ ပါလာခဲ့ရသည်။
လင်းယွမ်က ခပ်ဟဟ ရယ်မောလိုက်ရင်း "ခဏနေရင် မင်းလည်ပင်းကို ငါ လွှတ်ပေးမယ်... လျှောက်အော်ဖို့ မကြိုးစားနဲ့... မဟုတ်ရင် တကယ် သတ်ပစ်လိုက်မယ်" ဟု ပြောလိုက်သည်။
အမျိုးသမီးက သူမ နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းကို အဆက်မပြတ် ညိတ်ပြရှာသည်။
လင်းယွမ် ပြုံးလိုက်ပြီး စိတ်စွမ်းအင်ကို လျှော့ချပေးလိုက်၏။
ထင်ထားသည့်အတိုင်းပင် အမျိုးသမီးက လျှောက်မအော်ရဲတော့ဘဲ ငိုယိုတောင်းပန်လေသည်။ "ချမ်းသာပေးပါ... အစွမ်းပိုင်ရှင်သခင်ကြီး... အသက်ချမ်းသာပေးပါ... ကျွန်မက သာမန်လူပါ... ဒီက အစေခံမလေး သက်သက်ပါရှင်"
လင်းယွမ်က "ဟွမ်မင်ခိုင်ရဲ့ အခန်း ဘယ်မှာလဲ" ဟု မေးလိုက်သည်။
အမျိုးသမီးက အနည်းငယ် ကြောင်သွားပြီးနောက် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် "ခံတပ်ရဲ့ အပေါ်ဆုံးထပ်မှာပါ" ဟု ဖြေသည်။
"ဟုန်ရှင်း ကြေးစားတပ်ဖွဲ့ရဲ့ ဂိုဒေါင်ကရော ဘယ်မှာလဲ"
"ဒီအထပ်မှာပဲ ရှိပါတယ်ရှင်"
"ငါ့ကို အဲ့ဒီ ခေါ်သွားစမ်း"
အမျိုးသမီးက ထိတ်လန့်တကြားဖြင့် "ဟင့်အင်း... မဖြစ်ပါဘူးရှင်... အဲဒီဘက်မှာ အစောင့်တွေ ရှိတယ်... ကျွန်မ သွားရင် အသတ်ခံရလိမ့်မယ်"
လင်းယွမ်ကလည်း အချိုသပ် မချော့မော့ချင်တော့ဘဲ "မင်း မသွားရင် အခုချက်ချင်း မင်းကို သတ်ပစ်မယ်" ဟု တိုက်ရိုက်ပင် ပြောလိုက်သည်။
အမျိုးသမီး၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး တုန်ရီသွားသည်။ အခြား ရွေးချယ်စရာ မရှိတော့သဖြင့် လင်းယွမ်၏ ဖိအားပေးမှုအောက်တွင် သူမ လမ်းပြရတော့သည်။
လမ်းတစ်လျှောက် အပြင်ဘက်သို့ ထွက်လာခဲ့ရာ မကြာမီမှာပင် လင်းယွမ်နှင့် အစေခံမလေးတို့ကို လူတစ်ချို့ သတိထားမိသွားကြသည်။
လူတစ်ယောက်က ချက်ချင်း လှမ်းဟောက်လိုက်၏။ "ရပ်လိုက်စမ်း... မင်းက ဘယ်သူလဲ"
"ကျန်းမေလီ... ဒီကောင်က ဘယ်သူလဲ"
အစွမ်းပိုင်ရှင် နှစ်ယောက်က လျင်မြန်စွာ ဝိုင်းအုံလာကြပြီး တစ်ချိန်တည်းမှာပင် သူတို့၏ လက်နက်များကို ဆွဲထုတ်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
လင်းယွမ်၏ ဘေးရှိ ကျန်းမေလီ ဆိုသော အစေခံမလေးမှာ ကြောက်လန့်တုန်ရီနေပြီး စကားတစ်ခွန်းမျှပင် မဟရဲရှာပေ။
သို့သော် လင်းယွမ်က ထိုအစွမ်းပိုင်ရှင် နှစ်ယောက်ကို တစ်ချက်သာ စိုက်ကြည့်လိုက်ပြီးနောက် သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လက်ခနဲ ဖြတ်ပြေးသွား၏။
"ဝီ"
စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနှစ်ယောက်မှာ အင့်ခနဲ ညည်းတွားလိုက်ပြီးနောက် မျက်ဖြူလန်ကာ မြေကြီးပေါ်သို့ ဗိုင်းခနဲ လဲကျသွားကြတော့သည်။
ဤနှစ်ယောက်မှာ သာမန် အစွမ်းပိုင်ရှင်များသာ ဖြစ်ပြီး စိတ်စွမ်းအင် အလွန် အားနည်းကြပေသည်။ ယခုအခါ စိတ်စွမ်းအင် ၅၄ မှတ်အထိ ရောက်ရှိနေပြီဖြစ်သော လင်းယွမ်၏ တိုက်ခိုက်မှုကို သူတို့ မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။
လဲကျနေသော လူနှစ်ယောက်ကို ကျော်ဖြတ်သွားရင်း လင်းယွမ်က ပြောလိုက်သည်။ "မင်းနာမည် ကျန်းမေလီ ဆို... ငါပြောတဲ့အတိုင်း သေချာလုပ်ရင် မင်း ဘာမှမဖြစ်စေရဘူးလို့ ငါ အာမခံတယ်"
"ပြောစမ်း... ဂိုဒေါင်က ဘယ်မှာလဲ"
ကျန်းမေလီက အရှေ့ဘက်ရှိ တံခါးမကြီးတစ်ခုကို တုန်ရီစွာ လက်ညှိုးထိုးပြလိုက်သည်။ "ဒီ... ဒီမှာပါ... ကျွန်မတို့ လစဉ် တစ်ရက်နေ့ မနက်တိုင်း ပစ္စည်းတွေ လာထုတ်ရင် ဒီနေရာမှာ လာထုတ်ရတာပါ"
လင်းယွမ်က ထိုစကားကို ကြားသောအခါ သူ၏ စိတ်စွမ်းအင်ကို တံခါးမကြီးအတွင်းသို့ စူးစမ်းကြည့်လိုက်သည်။ အတွင်းဘက်တွင် ဘာပြဿနာမှ မရှိကြောင်း သေချာသွားမှသာ သူက လက်သီးတစ်ချက် ပေါ့ပေါ့ပါးပါး ထိုးချလိုက်ရာ "ဒုန်း" ခနဲ အသံနှင့်အတူ တံခါးမကြီးမှာ ပွင့်ထွက်သွားလေသည်။
ထို့နောက် အခန်းအတွင်းသို့ လွယ်ကူစွာ ဝင်ရောက်သွား၏။
အခန်းထဲတွင်မူ အသားခြောက်များ၊ ရေခဲရိုက်အသားများ၊ မှိုများ၊ တောဟင်းသီးဟင်းရွက်များနှင့် ဂျုံစေ့များကဲ့သို့သော အဖြူရောင် ပစ္စည်းများကို ခြင်းတောင်းများဖြင့် သပ်သပ်ရပ်ရပ် စီစီရီရီ ပုံထားသည်ကို တွေ့လိုက်ရသည်။
လင်းယွမ် ပြုံးလိုက်မိသည်။ သူက ထိုအဖြူရောင် ဂျုံစေ့များထဲသို့ လက်နှိုက်ကာ အစေ့အနည်းငယ်ကို ထုတ်ယူပြီး ခပ်ဖွဖွလေး ကြိတ်ချေကြည့်လိုက်ရာ အတွင်းမှ ပြည့်ဝနေသော နို့နှစ်ရောင် အရည်များ ချက်ချင်း ထွက်ပေါ်လာသည်။
လင်းယွမ်က လျှာဖြင့် လျက်ကြည့်လိုက်ရာ အနည်းငယ် ချိုမြိန်သော အရသာကို ခံစားလိုက်ရသည်။ ထင်သည့်အတိုင်း ကစီဓာတ်များပင်။
"ကြည့်ရတာ ဒါက ဒီနေရာရဲ့ ဒေသထွက် သီးနှံဖြစ်တဲ့ ရေခဲဂျုံစေ့ ပဲ ဖြစ်ရမယ်"
"ကြည့်ရသလောက်တော့ မုယောစပါးတွေ သန္ဓေပြောင်းသွားတဲ့ ပုံစံမျိုးပဲ... ဒါတွေကို ယူသွားပြီး ထိုက်ယန်တောင်မှာ အများကြီး စိုက်ပျိုးနိုင်မယ်ဆိုရင် ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ အဓိက စားနပ်ရိက္ခာ ပြဿနာကို သေချာပေါက် ဖြေရှင်းပေးနိုင်မှာပဲ"
လင်းယွမ်၏ မျက်နှာပေါ်တွင် အပြုံးများ ဝေဆာသွားသည်။ ယခုအခါ ထိုက်ယန်တောင်၏ အဓိက စားနပ်ရိက္ခာမှာ သန္ဓေပြောင်း ကြာစေ့များ၊ သန္ဓေပြောင်း ပိန်းဥများကဲ့သို့သော ကစီဓာတ်များသာ အဓိက ဖြစ်နေသည်။
သို့သော်လည်း နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ထိုအစားအစာများက ဤမုယောစပါးကဲ့သို့ စစ်မှန်သော အဓိက စားနပ်ရိက္ခာများလောက်တော့ စားလို့ကောင်းမည် မဟုတ်သည်မှာ သေချာလှသည်။
လင်းယွမ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ထိုနေရာရှိ ပစ္စည်းများအားလုံးကို ပြောင်စင်အောင် သိမ်းကျုံး ယူငင်လိုက်လေသည်။
တံခါးအပြင်ဘက်ရှိ ကျန်းမေလီမှာ လင်းယွမ်၏ ဖမ်းဆီးခြင်းကို ခံရမည်ကြောက်သဖြင့် လွတ်အောင် မပြေးရဲရှာပေ။
သူမက ဟုန်ရှင်း ကြေးစားတပ်ဖွဲ့ ခံတပ်၏ အစေခံတစ်ယောက် ဖြစ်ပြီး ကျွန်စိတ်ပေါက်နေပြီ ဖြစ်ရာ တော်လှန်ပုန်ကန်လိုစိတ်များ ပျောက်ကွယ်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး ခိုင်းသမျှကို ခေါင်းငုံ့ခံနေတတ်သည်။
လင်းယွမ် အပြင်သို့ ထွက်လာပြီးနောက် ထိုအမျိုးသမီးကို အံ့ဩစွာဖြင့် တစ်ချက် ကြည့်လိုက်မိသည်။
စောစောက သူမကို ဘာမှမလုပ်ခဲ့ခြင်းမှာ အမှန်တကယ်တော့ ရည်ရွယ်ချက်ရှိရှိဖြင့် ထွက်ပြေးခွင့် ပေးခဲ့ခြင်း ဖြစ်သည်။
သူမ တကယ် ထွက်မပြေးရဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
လင်းယွမ်က ချက်ချင်း ပြုံးလိုက်ပြီး "ဟွမ်မင်ခိုင်ရဲ့ အခန်း ဘယ်မှာလဲ" ဟု မေးလိုက်သည်။
"အပေါ်... အပေါ်ဆုံးထပ်မှာပါရှင်"
"ငါ့ကို အဲ့ဒီ ခေါ်သွား"
ကျန်းမေလီမှာ မငြင်းဆန်ရဲသဖြင့် လင်းယွမ်ကို ခေါ်ကာ အပေါ်ထပ်သို့ တက်ရတော့သည်။
လင်းယွမ်က သူမ လမ်းလျှောက်နှေးလွန်းသဖြင့် စိတ်မရှည်တော့ဘဲ သူမ၏ ပခုံးကို တိုက်ရိုက် လှမ်းဆွဲလိုက်ပြီး ကိုယ်ကို တစ်ချက်လွှင့်ကာ အပေါ်သို့ ခုန်တက်လိုက်သည်။
စိတ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော လေလှေကားထစ်များကို အကြိမ်အနည်းငယ်မျှ ဆင့်ကဲနင်းလိုက်ပြီးနောက် သူက ခံတပ်၏ အပေါ်ဆုံးထပ်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ကျန်းမေလီမှာ ချက်ချင်း လန့်ဖြန့်သွားပြီး အော်ဟစ်ချင်သွားသော်လည်း အသံထွက်သွားပါက လင်းယွမ်က ညှစ်သတ်ပစ်မည်ကို ကြောက်သဖြင့် သူမ၏ ပါးစပ်ကို အလျင်အမြန် တင်းတင်းကျပ်ကျပ် ပိတ်ထားလိုက်ရသည်။
ခြေနှစ်ဖက် မြေကြီးနှင့် ထိသွားသည့် အချိန်ကျမှသာ သူမမှာ အကြောက်လွန်ပြီး ခန္ဓာကိုယ် ပျော့ခွေကာ မြေပြင်ပေါ်သို့ ပုံကျလုနီးပါး ဖြစ်သွားရသည်။
လင်းယွမ်က "ဘယ်အခန်းလဲ" ဟု မေးလိုက်သည်။
"ဒီ... ဒီတစ်ထပ်လုံးက သူ့အခန်းတွေချည်းပါပဲ" ဟု ကျန်းမေလီက တုန်ရီစွာ ပြောလိုက်သည်။
လင်းယွမ် အံ့အားသင့်သွားပြီးနောက် မနေနိုင်ဘဲ ခေါင်းယမ်းကာ ရယ်မောလိုက်မိသည်။
ဒီလူတွေက တော်တော်လေး ဇိမ်ခံတတ်တာပဲ။ ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ ခေါင်းဆောင် ဖြစ်တဲ့ သူတောင် ဂူထဲမှာပဲ နေနေရသေးတာကို တွေးကြည့်ရင် ဒီလူတွေနဲ့ ယှဉ်လိုက်တဲ့အခါ သူက တော်တော်လေးကို ဇိမ်မခံတတ်တဲ့သူ ဖြစ်နေသည်။
လင်းယွမ်က အခန်းတံခါး တစ်ချပ်ကို ပေါ့ပေါ့ပါးပါး တွန်းဖွင့်လိုက်ရာ ဒိုင်းခနဲ အသံနှင့်အတူ အတွင်းမှ ပစ္စည်းတစ်ခုခု ပြုတ်ကျသွားသည့် အသံကို ကြားလိုက်ရသည်။
ဒီတစ်ချက်တည်းနှင့် တံခါးက ပွင့်မသွားခဲ့ပေ။
လင်းယွမ် မျက်ခုံးပင့်သွားပြီး အထဲတွင် လူတစ်ယောက်ယောက်က တံခါးကို ပိတ်ဆို့ထားကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။
သူက အင်အားကို ချက်ချင်း တိုးလိုက်ပြီး အားကုန် တွန်းလိုက်၏။
"ဂျွတ်"
ဤတစ်ချက်တွန်းလိုက်မှုက တံခါးရွက်ကိုပါ တစ်ခါတည်း ပြုတ်ထွက်သွားစေခဲ့သည်။
တံခါးနောက်ကွယ်ရှိ စားပွဲ၊ ကုလားထိုင်နှင့် ခုံများမှာလည်း ဝုန်းခနဲ အသံများနှင့်အတူ အကုန်လုံး လဲကျကုန်တော့သည်။
အခန်းထဲမှ စူးရှသော အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာသည်။
လင်းယွမ်က အခန်းထဲသို့ ဝင်သွားပြီး မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ရာ အခန်းထောင့်တွင် ပုန်းအောင်းကာ အဆက်မပြတ် ငိုယိုအော်ဟစ်နေကြသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးငယ် သုံးလေးယောက်ခန့်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးငယ်များ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ် အချိုးအစားများမှာ အတော်လေး ကောင်းမွန်ကြပြီး ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော အဝတ်အစားများကလည်း သူ့စတိုင်နှင့်သူ ထူးခြားနေကြသော်လည်း အားလုံးက ဆွဲဆောင်မှုလွန်ကဲသော ပုံစံမျိုး ရှိနေကြသည်။
အသက် သုံးဆယ်ဝန်းကျင်ခန့်ရှိသော ရင်ဖုံးအင်္ကျီဝတ် အမျိုးသမီးငယ်တစ်ဦးဆိုလျှင် ကြယ်သီးကိုပင် အချိန်မီ မတပ်နိုင်လိုက်သဖြင့် ဖြူဖွေးနုဖတ်နေသော သူမ၏ ရင်သားတစ်ဝက်ခန့်မှာ အပြင်သို့ ပေါ်ထွက်နေသည်။
ဤအထပ်မှာ ဟွမ်မင်ခိုင် မိန်းမထားသည့် နေရာဖြစ်မည်ဆိုတာကို လင်းယွမ် ချက်ချင်း သဘောပေါက်သွားသည်။
သူက စိတ်စွမ်းအင်ဖြင့် အခန်းထဲကို ဝေ့ကြည့်လိုက်သော်လည်း တန်ဖိုးရှိသည့် ပစ္စည်း တစ်ခုမှ မတွေ့ရသဖြင့် ထိုအမျိုးသမီးများကိုသာ တိုက်ရိုက် ကြည့်လိုက်သည်။
"ဟွမ်မင်ခိုင်ရဲ့ အဖိုးတန်ပစ္စည်းတွေ ဘယ်မှာ သိမ်းထားလဲ"
ကြေးစားတပ်ဖွဲ့ကြီး သုံးခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် ဟုန်ရှင်းအဖွဲ့အနေဖြင့် မြူခိုးတောအုပ်ထဲတွင် သားကောင်ဖမ်းရုံ၊ ဟင်းသီးဟင်းရွက် တူးရုံသာ လုပ်မည်မှာ လုံးဝ မဖြစ်နိုင်ပေ။ သန္ဓေပြောင်း စွမ်းအင်ကျောက်တုံး သတ္တုတွင်းများကိုလည်း သေချာပေါက် တူးဖော်ကြမည်သာ ဖြစ်သည်။
ထိုသို့တူးဖော်ရရှိလာသော စွမ်းအင်ကျောက်တုံးများကို ဟွမ်မင်ခိုင်က သေချာပေါက် ဝှက်ထားပေလိမ့်မည်။
စောစောက မြေညီထပ်ရှိ ဂိုဒေါင်ထဲတွင် လင်းယွမ်က ထိုစွမ်းအင်ကျောက်တုံးများကို မတွေ့ခဲ့ရပေ။
ထို့ကြောင့် တန်ဖိုးကြီးမားသော ထိုစွမ်းအင်ကျောက်တုံး အများစုကို သူနေထိုင်ရာ နေရာတွင်ပင် ဝှက်ထားရန် အလားအလာ များပေသည်။
လင်းယွမ်၏ ခြိမ်းခြောက်မေးမြန်းမှုကို ရင်ဆိုင်ရချိန်တွင် အခန်းထဲရှိ အမျိုးသမီးငယ် သုံးဦးမှာ ကယ်ပါဦးဟုသာ အော်ဟစ်နေကြပြီး မည်သူကမျှ ပြန်မဖြေကြပေ။
လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီး လက်ကို ရုတ်တရက် လွှဲရိုက်လိုက်သည်"
"ဖြန်း"
ပါးတစ်ချက် ရိုက်ချလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် အမျိုးသမီးများထဲမှ တစ်ဦးမှာ အားခနဲ စူးစူးဝါးဝါး အော်ဟစ်သွားပြီး နေရာမှာတင် တိုက်ရိုက် မေ့လဲသွားတော့သည်။
သူက အင်အားကို လျှော့ထားသဖြင့် ထိုအမျိုးသမီး သေဆုံးသွားခြင်းတော့ မရှိပေ။
သို့သော် ဤတစ်ချက်က ကြက်ကိုသတ်၍ မျောက်ကို ခြောက်သကဲ့သို့ ဖြစ်သွားပြီး ကျန်နှစ်ဦးမှာ ထိတ်လန့်သွားကာ အော်ဟစ်နေသည်ကို ချက်ချင်း ရပ်တန့်လိုက်ကြသည်။
ရင်ဖုံးအင်္ကျီဝတ် အမျိုးသမီးငယ်က အလျင်အမြန် အော်ပြောလိုက်သည်။ "ကျွန်မကို မသတ်ပါနဲ့ရှင်... မသတ်ပါနဲ့... တပ်ဖွဲ့ခေါင်းဆောင်ရဲ့ လျှို့ဝှက်ခန်း ဘယ်မှာရှိလဲ ဆိုတာ ကျွန်မ သိပါတယ်"
အခြား အမျိုးသမီး တစ်ဦးကလည်း ထိုအခြေအနေကို မြင်သောအခါ "ကျွန်မလည်း သိပါတယ်... ကျွန်မလည်း သိပါတယ်... တောင်းပန်ပါတယ်... ကျွန်မတို့ကို မသတ်ပါနဲ့ရှင်" ဟု အလျင်စလို ပြောလာသည်။
လင်းယွမ်က ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ မေးလိုက်သည်။ "ဘယ်မှာလဲ"
"ဘယ်ဘက်ကနေ ဒုတိယမြောက် အခန်းပါ... အဲဒီက ကုတင်နောက်မှာ လျှို့ဝှက်တံခါး တစ်ခု ရှိတယ်... အထဲမှာ လျှို့ဝှက်ခန်း ရှိတယ်... တပ်ဖွဲ့ခေါင်းဆောင် အထဲဝင်သွားတာကို ကျွန်မ မြင်ဖူးတယ်" ရင်ဖုံးအင်္ကျီဝတ် အမျိုးသမီးငယ်က ငိုယိုကာ အော်ပြောလိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်... တပ်ဖွဲ့ခေါင်းဆောင် ဝင်သွားတာကို ကျွန်မလည်း မြင်ဖူးတယ်"
လင်းယွမ်က သူတို့နှစ်ဦးကို ချက်ချင်း လှမ်းဆွဲလိုက်ပြီး "ငါ့ကို အဲဒီ ခေါ်သွားစမ်း" ဟု ပြောလိုက်သည်။
အမျိုးသမီး နှစ်ဦးမှာ မငြင်းဆန်ရဲသဖြင့် လင်းယွမ်၏ ဆွဲခေါ်ရာနောက်သို့သာ ပါလာပြီး ရှေ့သို့ လျှောက်သွားရတော့သည်။
သူတို့ပြောသည့် အခန်းဆီသို့ ရောက်ရှိလာကြသည်။
လင်းယွမ်က သော့ခတ်ထားသော အခန်းတံခါးကို လွယ်ကူစွာ ဖျက်ဆီးလိုက်ပြီး အထဲသို့ ဝင်သွား၏။
မကြာမီမှာပင် အိပ်ခန်းထဲရှိ ကုတင်နောက်ကွယ်မှ လျှို့ဝှက်ခန်းကို သူ တွေ့ရှိသွားသည်။
လျှို့ဝှက်ခန်း၏ နံရံကို လွယ်ကူစွာ ဖောက်ထွင်းပြီး အတွင်းသို့ ဝင်ရောက်သွားသည်။
ထင်ထားသည့်အတိုင်းပင် အတွင်း၌ စွမ်းအင်ကျောက်တုံးများ အများအပြား ပုံထားသည်ကို တွေ့လိုက်ရသည်။
သို့သော် ထိုစွမ်းအင်ကျောက်တုံးများက အလွန် ထူးဆန်းနေပြီး ထိုက်ယန်တောင်မှ စွမ်းအင်ကျောက်တုံးများနှင့် မတူညီပေ။
ဤစွမ်းအင်ကျောက်တုံးများမှာ ရေခဲပြာရောင် ဖြစ်ပြီး အချို့က ရေပြာရောင် ရှိကာ အချို့ကတော့ ပန်းရောင် ရှိကြသည်။
ထိုအထဲတွင် ပန်းရောင် စွမ်းအင်ကျောက်တုံးများက အများဆုံးဖြစ်ပြီး ရေခဲပြာရောင် စွမ်းအင်ကျောက်တုံးများက ဒုတိယလိုက်ကာ ရေပြာရောင်က အနည်းဆုံး ဖြစ်သည်။
ပန်းရောင် စွမ်းအင်ကျောက်တုံးများကိုမူ လင်းယွမ် မြင်ဖူးပေသည်။ ချိတ်ပိတ်မြှားများပေါ်ရှိ စွမ်းအင်ထောက်ပံ့သည့် ကိရိယာမှာ ဤစွမ်းအင်ကျောက်တုံး အမျိုးအစားပင် ဖြစ်သည်။
"သွေးသားခွန်အား အမျိုးအစား စွမ်းအင်ကျောက်တုံးလား"
လင်းယွမ်၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားပြီး ဤစွမ်းအင်ကျောက်တုံးများကို ချက်ချင်း မှတ်မိသွားသည်။
သွေးသားခွန်အား အမျိုးအစား စွမ်းအင်ကျောက်တုံး ဆိုသည်မှာ ဝိညာဉ်စွမ်းအင်ဂိုဏ်းထံမှ အတင်းအကျပ် မေးမြန်းထားခဲ့သော သတင်းတစ်ခု ဖြစ်သည်။
ဤစွမ်းအင်ကျောက်တုံး အမျိုးအစားသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ခွန်အား ဆိုသည့် အရည်အသွေး နှစ်ရပ်စလုံးနှင့် ဆက်စပ်မှု ရှိသည်။
ခွန်အားအသားပေးနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု အသားပေး အစွမ်းပိုင်ရှင်များက ဤစွမ်းအင်ကျောက်တုံး အမျိုးအစားကို အသုံးပြုနိုင်သည်။
မျက်စိရှေ့ရှိ ဤပန်းရောင် စွမ်းအင်ကျောက်တုံးများက လူတစ်ရပ်ကျော် အမြင့်အထိ ပုံထားပြီး အနည်းဆုံး ခန့်မှန်းခြေအားဖြင့် အလုံးတစ်ထောင်နီးပါး ရှိမည်ဖြစ်သည်။
လင်းယွမ်တစ်ယောက် မနေနိုင်ဘဲ ဝမ်းသာလုံးဆို့သွားတော့သည်။
ဤစွမ်းအင်ကျောက်တုံးများ ရှိလာပြီဖြစ်ရာ ချိတ်ပိတ်မြှားနှင့် စွမ်းအင်ချိတ်ပိတ် အစီအရင်ကြီးကို သူ အကြိမ်ပေါင်းများစွာ ဖန်တီးချထားနိုင်တော့မည် ဖြစ်သည်။
ထို့ကြောင့် သူက အားနာမနေတော့ဘဲ ဤစွမ်းအင်ကျောက်တုံးများကို ချက်ချင်း သိမ်းဆည်းလိုက်သည်။
ထို့နောက် သူက ရေခဲပြာရောင် စွမ်းအင်ကျောက်တုံးများကို လှမ်းကြည့်လိုက်ရာ ထင်ထားသည့်အတိုင်း ၎င်းတို့က ရေခဲဓာတ် စွမ်းအင်ကျောက်တုံးများ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ဤစွမ်းအင်ကျောက်တုံး အမျိုးအစားကိုလည်း ထိုက်ယန်တောင်တွင် တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
"ဒီရေပေါ်ကျွန်းရဲ့ ပတ်ဝန်းကျင် အခြေအနေကြောင့် ဒီက သန္ဓေပြောင်း စွမ်းအင်ကျောက်တုံးတွေရဲ့ ဓာတ်သဘာဝက ထိုက်ယန်တောင်က စွမ်းအင်ကျောက်တုံးတွေနဲ့ မတူတာ ဖြစ်ရမယ်"
"ဒီလို ရေခဲတွေ ဖုံးလွှမ်းနေတဲ့ နေရာမှာ ရေခဲဓာတ် စွမ်းအင်ကျောက်တုံးတွေ အများကြီး ရှိနေတာကို နားလည်လို့ ရပေမယ့်... ပြဿနာက ဒီ သွေးသားခွန်အား အမျိုးအစား စွမ်းအင်ကျောက်တုံးတွေက ဘယ်က ရောက်လာတာလဲ"
လင်းယွမ် စိတ်ထဲတွင် ထူးဆန်းနေသော်လည်း ယခုအချိန်က ထိုကိစ္စကို အသေအချာ စုံစမ်းရမည့် အချိန် မဟုတ်သေးပေ။
သူက ရေခဲဓာတ် စွမ်းအင်ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီးနောက် ထိုရေပြာရောင် စွမ်းအင်ကျောက်တုံးများကို ထပ်မံ ကြည့်ရှုလိုက်သည်။
ဤစွမ်းအင်ကျောက်တုံးများက ရေဓာတ်များဖြစ်ကြပြီး ထိုက်ယန်တောင်ပေါ်တွင် ဤစွမ်းအင်ကျောက်တုံး အမျိုးအစားမျိုး မရှိသော်လည်း ထိုက်ယန်တောင်မှ နေထိုင်သူများက ရေထဲမှ ဖမ်းဆီးရမိသော သန္ဓေပြောင်း ပင်လယ်ခရုများနှင့် သန္ဓေပြောင်း ခရုခွံများထဲတွင် ဤစွမ်းအင်ကျောက်တုံးများကို ရံဖန်ရံခါ တွေ့ရှိရလေ့ရှိသည်။
ထို့ကြောင့် လင်းယွမ်က ဤစွမ်းအင်ကျောက်တုံးများကို ရင်းနှီးပြီးသား ဖြစ်သည်။
လျှို့ဝှက်ခန်း တစ်ခုလုံးကို ပြောင်စင်အောင် သိမ်းဆည်းလိုက်ပြီးနောက် လင်းယွမ်က ခပ်ဟဟ ရယ်မောလိုက်ကာ ထိုအမျိုးသမီးငယ်များကို ခေါက်၍ သတိလစ်သွားစေပြီး ကိုယ်ကို တစ်ချက် လွှင့်ကာ ခံတပ်၏ အမြင့်ဆုံးနေရာသို့ ရောက်ရှိသွားလေသည်။
အောက်ဘက်မှ တိုက်ပွဲကို ငုံ့ကြည့်လိုက်သည်။
တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး သင်္ဘောခေါင်းဆောင်များ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန် မဟုတ်ကြောင်း သိသာလှသည်။
ကြေးစားတပ်ဖွဲ့ကြီး သုံးခုထဲတွင် သူ၏အဆင့်လောက်ရှိသော ထိပ်တန်း အစွမ်းပိုင်ရှင်မျိုး မရှိသဖြင့် ဤသင်္ဘောခေါင်းဆောင်များကို အပြတ်အသတ် ချေမှုန်းနိုင်ရန်မှာ အလွန် ခက်ခဲလှပေသည်။
ထို့ကြောင့် တိုက်ပွဲမှာ အပြန်အလှန် အကြိတ်အနယ် ဖြစ်နေတော့သည်။
ထိုအထဲတွင် ကျန်းဟန်လျန်က ရေဓာတ် အစွမ်းပိုင်ရှင် အချို့ကို ခေါ်ဆောင်ကာ တစ်ကိုယ်လုံး မီးတောက်များ ထွက်ပေါ်နေသော သတ္တဝါဆန်းကြီး တစ်ကောင်ကို ဝိုင်းဝန်း တိုက်ခိုက်နေသည်။
ဤသတ္တဝါဆန်းကြီးမှာ သိုးခေါင်း၊ ဝံပုလွေခွာ ရှိပြီး ခန္ဓာကိုယ်က သမင်နှင့် တူကာ အမြီးက နဂါးအမြီးနှင့် ဆင်တူပြီး တစ်ကိုယ်လုံးတွင် နက်မှောင်သော အနီရောင် အကြေးခွံများ ပါရှိကာ နေရာအနှံ့မှ မီးတောက်မီးလျှံများ တောက်လောင်နေသည်။
တကယ့်ကို ဒဏ္ဍာရီထဲက မီးချီလင်း နှင့် တူနေပေသည်။
ဤမီးချီလင်းကြီးက လီကျန့်တပ်ဖွဲ့ ခေါင်းဆောင် လီခွန်း၏ အသွင်ပြောင်း အစွမ်းကြောင့် ပြောင်းလဲသွားခြင်း ဖြစ်ရမည်။
ယခုအချိန်တွင် လီခွန်း အသွင်ပြောင်းထားသော မီးချီလင်းကြီးက ဘယ်ညာ တိုးဝင်ကာ ပတ်ဝန်းကျင်ရှိ ရေစီးကြောင်း အချည်အနှောင်များထဲမှ ရူးသွပ်စွာ ရုန်းထွက်ရန် ကြိုးစားနေသည်။
ရေနှင့် မီးတို့ အဆက်မပြတ် တိုက်မိနေပြီး ဟိန်းဟောက် ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။
ရေငွေ့ အများအပြားလည်း လွင့်ပျံတက်လာသော်လည်း ဤနေရာရှိ အလွန်အေးခဲသော အပူချိန်ကြောင့် ချက်ချင်းပင် ရေခဲချွန်များအဖြစ် ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျပြီး အမှုန့်များအဖြစ် ကွဲကြေသွားကြသည်။
မီးချီလင်းကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး မီးတောက် အများအပြားကိုပင် မှုတ်ထုတ်လိုက်သေးသည်။
သို့သော် သူက ရေစက်ဝိုင်းထဲမှ ရုန်းထွက်တော့မည့် အချိန်တိုင်းတွင် ကျန်းဟန်လျန်က တိုက်ရိုက် ရေဒြပ်စင်အဖြစ် ပြောင်းလဲသွားပြီး ရေစက်ဝိုင်းထဲသို့ ဝင်ရောက်ကာ သူ့ကို အတင်း ပြန်ဆွဲသွင်းလိုက်သည်။
ပတ်ဝန်းကျင်တွင် လီကျန့် ကြေးစားတပ်ဖွဲ့မှ လူများလည်း မနည်းလှပေ။ အချို့က ရှေ့တက်ကာ ကူညီပေးရန် ကြိုးစားသော်လည်း ကျန်းဟန်လျန် ခေါ်ဆောင်လာသော အခြား အစွမ်းပိုင်ရှင်များ၏ တားဆီးခြင်းကို ချက်ချင်း ခံလိုက်ရသည်။
အခြေအနေက အလွန် ရှုပ်ထွေးနေသော်လည်း ကျန်းဟန်လျန်တို့၏ ရည်မှန်းချက်က ရှင်းလင်းလှသည်။ ရေဓာတ် အစွမ်းပိုင်ရှင်များက လီခွန်းကို ဝိုင်းဝန်း တိုက်ခိုက်ပြီး အခြားလူများကမူ လီကျန့် ကြေးစားတပ်ဖွဲ့မှ လူများ တိုက်ပွဲဆီသို့ ချဉ်းကပ် ကူညီခြင်းကို တားဆီးရန်ပင် ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ဟုန်ရှင်း ကြေးစားတပ်ဖွဲ့၏ အခြေအနေမှာလည်း အလားတူပင် ဖြစ်နေသည်။
တိုက်ကွက် စုပ်ယူခြင်း ကဲ့သို့သော လုံးဝ တစ်ဖက်သတ်ဆန်သည့် အစွမ်းမျိုးကို ပိုင်ဆိုင်ထားသော အစွမ်းပိုင်ရှင် တစ်ယောက်အနေဖြင့် ဟွမ်မင်ခိုင်မှာ အလွန်တရာ မောက်မာလွန်းသည်ဟု ဆို၍ ရပေသည်။
အစပိုင်းတွင် သူက ထန်တယ်ချန်၊ ကျိုးဝမ်ရှီးတို့ လူစုဆီသို့ တစ်ယောက်တည်း ပြေးဝင်သွားခဲ့သည်။
သူ၏ လက်အောက်ငယ်သားများကိုပင် စောင့်ဆိုင်းနေခြင်း မရှိခဲ့ပေ။
သူ၏ ဤလုပ်ရပ်က ထန်တယ်ချန်နှင့် ကျိုးဝမ်ရှီးတို့ကို အလွန် ဝမ်းသာသွားစေခဲ့သည်။
ကျိုးဝမ်ရှီးက ချက်ချင်း အော်ဟစ်လိုက်သည်။ "ဟုန်ရှင်းအဖွဲ့က လူတွေကို တားထား... ထိန်းချုပ်ရေး အမျိုးအစား အစွမ်းပိုင်ရှင်တွေ ငါ့နောက် လိုက်ခဲ့"
ထန်တယ်ချန်က မြေပြင်ကို အားကုန် ဖိချလိုက်သည်ကို မြင်တွေ့လိုက်ရသည်။
ချက်ချင်းပင် နှင်းပြင် နက်ရှိုင်းရာ တစ်နေရာမှ တုန်ခါမှုများ ဖြစ်ပေါ်လာပြီး များပြားလှသော ပေါင်းပင်များက ရူးသွပ်စွာ ကြီးထွားလာကြသည်။
ဖြူဖွေးနေသော နှင်းကမ္ဘာကြီးထဲတွင် အစိမ်းရောင် အစုအဝေး တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤအစိမ်းရောင် ပေါင်းပင်များက ဟွမ်မင်ခိုင်ထံသို့ လျင်မြန်စွာ ပျံ့နှံ့သွားရာ ဟွမ်မင်ခိုင်က မျက်မှောင်အနည်းငယ် ကုတ်သွားပြီး တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
"ဝုန်း..."
သူ ဓားဖြင့် တစ်ချက် ခုတ်လိုက်သည်နှင့် လေစီးကြောင်းများ ချက်ချင်း ပေါက်ကွဲထွက်သွားပြီး အရှေ့ဘက်ရှိ ပေါင်းပင်များ အားလုံး အသီးသီး ပြတ်တောက် ကွဲကြေသွားကြသည်။
ထန်တယ်ချန်မှာ ကြောင်အမ်းသွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။
ကျိုးဝမ်ရှီးက စိတ်အာရုံ နှောင့်ယှက်ခြင်း အစွမ်းကို လျင်မြန်စွာ အသုံးပြုလိုက်ပြီး အော်ပြောလိုက်သည်။ "မလန့်နဲ့... သူ့ခန္ဓာကိုယ်ထဲမှာ တခြားလူတွေရဲ့ တိုက်ကွက်တွေကို ကြိုတင် သိမ်းဆည်းထားတာ သေချာတယ်... အခု သူက တခြားလူတွေရဲ့ တိုက်ကွက် အစွမ်းကို ငှားသုံးနေတာပဲ"
ထန်တယ်ချန်လည်း ချက်ချင်း သဘောပေါက်သွားပြီး "ဒါဆိုလည်း သူနဲ့ အချိန်ဆွဲ တိုက်ကြတာပေါ့" ဟု အလျင်အမြန် အော်ဟစ်လိုက်သည်။
ကျိုးဝမ်ရှီး၏ စိတ်အာရုံ နှောင့်ယှက်ခြင်း အစွမ်းမှာ တိုက်ခိုက်မှု စွမ်းအား မပြင်းထန်သော်လည်း ဟွမ်မင်ခိုင်ကိုတော့ အမှန်တကယ်ပင် ဆိုးရွားစွာ အနှောင့်အယှက် ပေးနိုင်ပေသည်။
ဟွမ်မင်ခိုင်၏ စိတ်အာရုံများ ထွေပြားသွားပြီး ချက်ချင်းပင် ဒယိမ်းဒယိုင် ဖြစ်သွားကာ ပေါင်းပင်များ ငြိ၍ လဲကျသွားတော့သည်။
ထို့နောက် မြေကြီးထဲမှ လူတစ်ယောက် ချက်ချင်း တိုးထွက်လာရာ ထိုသူမှာ ထောင်ဝေပင် ဖြစ်သည်။
သူက မြေဓာတ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်ပြီး လက်နှစ်ဖက်ဖြင့် ဟွမ်မင်ခိုင်၏ ခြေနှစ်ဖက်ကို အမိအရ ဆုပ်ကိုင်ကာ နှင်းပြင်ထဲသို့ အားကုန် ဆွဲချလိုက်သည်။
ဟွမ်မင်ခိုင် ဒေါသအကြီးအကျယ် ထွက်သွားပြီး ဓားဖြင့် လှမ်းခုတ်လိုက်သည်။
ရွှပ်ခနဲ အသံနှင့်အတူ ထောင်ဝေ၏ လက်နှစ်ဖက် ပြတ်ထွက်သွားသော်လည်း ထူးဆန်းစွာဖြင့် သွေးများ ထွက်မလာဘဲ ရွှံ့ဗွက်အစုအဝေး တစ်ခုအဖြစ်သာ ပြောင်းလဲသွားသည်။
ထောင်ဝေ ကိုယ်တိုင်ကမူ မြေကြီးထဲသို့ နောက်တစ်ကြိမ် တိုးဝင်သွားပြီး ထွက်ပြေးလွတ်မြောက်သွားလေသည်။
ဤအချိန်တွင် ပတ်ဝန်းကျင်ရှိ ပေါင်းပင်များက ဟွမ်မင်ခိုင်၏ ခြေနှစ်ဖက်ကို နောက်တစ်ကြိမ် ထပ်မံ ရစ်ပတ်လိုက်ပြန်သည်။
ဟွမ်မင်ခိုင်၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာပေါ်တွင် အံ့အားသင့် ဒေါသထွက်မှု တစ်စွန်းတစ်စ ပေါ်လာသည်။
"ခွေးကောင်တွေ... သတ္တိရှိရင် တစ်ယောက်ချင်း လာချလေ"
သူက ဒေါသတကြီးဖြင့် ဆဲရေးတိုင်းထွာလိုက်သော်လည်း စိတ်ထဲတွင်တော့ အလွန် သတိထားနေမိပြီ ဖြစ်သည်။
ဒီလူတွေက သူ့ရဲ့ အားနည်းချက်ကို သေချာပေါက် ရှာတွေ့သွားပြီး ပစ်မှတ်ထားကာ တိုက်ခိုက်နေကြပြီပဲ။
ဤအချက်က ဟွမ်မင်ခိုင်၏ စိတ်ထဲတွင် သတိပေး ခေါင်းလောင်းသံ အကြီးအကျယ် မြည်လာစေပြီး နောက်ရှိ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းရန်အတွက် ချက်ချင်းပင် တုံ့ဆိုင်းခြင်းမရှိဘဲ နောက်ဆုတ်လိုက်သည်။
သို့သော် သူ နောက်ဆုတ်ရန် ကြိုးစားချိန်တွင် ပတ်ဝန်းကျင်ရှိ အခြားသော ထိန်းချုပ်ရေး အမျိုးအစား အစွမ်းပိုင်ရှင် အချို့က အလျင်အမြန် ပြေးဝင်လာကြပြီး စတင် နှောင့်ယှက် တိုက်ခိုက်ကြတော့သည်။
ဤသို့ဖြင့် ဟွမ်မင်ခိုင်က ခန္ဓာကိုယ်အတွင်း သိမ်းဆည်းထားသော တိုက်ကွက် စွမ်းအားများကို အကြိမ်အနည်းငယ်မျှ ထုတ်သုံးလိုက်ရသဖြင့် အကုန် ခန်းခြောက်သွားလေပြီ။
အခြားသူများကလည်း သူ့ကို တိုက်ရိုက် အနာတရဖြစ်အောင် မလုပ်ကြသဖြင့် သူ့ကို တိုက်ကွက်များ စုပ်ယူခွင့် မရအောင်ပင် လုပ်ဆောင်နေကြသည်။
ဤအချက်က သူ့ကို အစွမ်းများ ရှိနေသော်လည်း စွမ်းရည်အပြည့်အဝ ထုတ်မသုံးနိုင်အောင် ဖြစ်စေခဲ့သည်။
"တောက်... ဒီရေမျောက်ဝံကောင်တွေ တကယ်ကို ယုတ်မာလွန်းတယ်"
ဟွမ်မင်ခိုင်က မနေနိုင်ဘဲ ဆဲဆိုလိုက်ပြီးနောက် အနောက်ဘက်တွင် တားဆီးခံထားရသော တပ်ဖွဲ့ဝင်များကို လှည့်ကာ အော်ပြောလိုက်သည်။ "ငါ့ကို တိုက်ခိုက်ကြစမ်း""
တပ်ဖွဲ့ဝင်များကလည်း ဤစကားကို အံ့ဩသည့်ပုံ မပေါ်ဘဲ အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့သည့်အလား ဖြစ်နေသည်။
ထိုတပ်ဖွဲ့ဝင်များက မီးလုံးများ၊ ရေမြှားများ ကဲ့သို့သော တိုက်ခိုက်မှုများကို လျင်မြန်စွာ စုစည်းကာ ဟွမ်မင်ခိုင်ထံသို့ အဝေးမှနေ၍ ပစ်ခတ် တိုက်ခိုက်လိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဟွမ်မင်ခိုင်က တိုက်ကွက်များကို နောက်တစ်ကြိမ် စုပ်ယူလိုက်နိုင်သဖြင့် ချက်ချင်းပင် အားအင်များ ပြန်လည် ပြည့်ဝလာတော့သည်။
ဤမြင်ကွင်းကြောင့် ထန်တယ်ချန်နှင့် ကျိုးဝမ်ရှီးတို့မှာ မျက်မှောင် အကြီးအကျယ် ကုတ်သွားကြသည်။
ကျိုးဝမ်ရှီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "အဲဒီလူတွေကို တားထား... သူတို့ဝင်တိုက်လို့မရအောင် တားထား""
နှစ်ဖက်စလုံးက အလျှော့မပေးဘဲ အပြန်အလှန် တိုက်ခိုက်နေကြရာ တိုက်ပွဲက အခြေအနေ တစ်ရပ်တွင် တန့်နေတော့သည်။
နောက်ဆုံး နေရာတစ်ခုဖြစ်သော ထျန်ဝေ ကြေးစားတပ်ဖွဲ့ ဘက်တွင်မူ အခြေအနေက အနည်းငယ် ကွာခြားနေလေသည်။
အဘယ်ကြောင့်ဆိုသော် သာမန်မျက်စိဖြင့် ကြည့်လိုက်ပါက လင်းယွမ်အနေဖြင့် ထျန်ဝေ ကြေးစားတပ်ဖွဲ့မှ လူများကိုပင် မမြင်တွေ့ရသောကြောင့် ဖြစ်သည်။
ထျန်ဝေ ခံတပ်၏ တံခါးမကြီးက ပွင့်ဟနေပြီး အတွင်းမှ ဒေါသတကြီး ဟိန်းဟောက်သံများကို ဝိုးတဝါး ကြားနေရသော်လည်း အကြည့်များ ရောက်သွားချိန်တွင် မည်သည့်အရာကိုမျှ မမြင်တွေ့ရပေ။
ဤသည်က အမြင်အာရုံ လွှမ်းမိုးခံထားရခြင်း ဖြစ်ကြောင်း လင်းယွမ် နားလည်လိုက်သည်။
ဤ ထျန်ဝေ ကြေးစားတပ်ဖွဲ့၏ ခေါင်းဆောင် လီကျင်းက သူ၏ အထူးပြုလုပ်ချက် အစွမ်း တိုက်ခိုက်မှုကို စတင် အသုံးပြုနေပြီ ဖြစ်သည်။
ထျန်ဝေ ခံတပ် တစ်ခုလုံးသည် သူ၏ တိုက်ပွဲနယ်မြေ ဖြစ်သွားလေပြီ။
အတွင်းရော အပြင်ပါ သူဖန်တီးထားသော အထူးပြုလုပ်ချက် စိတ်အာရုံ လှည့်စားမှုများ၏ လွှမ်းမိုးမှုကို ခံရမည်ဖြစ်ရာ မည်သည့် မြင်ကွင်းကိုမျှ မြင်တွေ့နိုင်မည် မဟုတ်ဘဲ အသံကို နားထောင်၍သာ အခြေအနေကို ခွဲခြားသိရှိနိုင်မည် ဖြစ်သည်။
လင်းယွမ်က အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူ့အတွက် အချိန် သိပ်မကျန်တော့သဖြင့် ကျန်ရှိနေသော ခံတပ်နှစ်ခုမှ ပစ္စည်းများကို အမြန်ဆုံး လုယက် ရှာဖွေရမည် ဖြစ်သည်။
ဆက်ရန်...
အပိုင်း(၄၀၈) လီကျင်းနှင့် အထူးပြုလုပ်ချက် ပုံရိပ်ယောင်နယ်မြေ
ဆယ်မိနစ်ခန့် ကြာပြီးနောက် လင်းယွမ်က လီကျန့် ကြေးစားတပ်ဖွဲ့၏ ခံတပ်ထဲမှ ထွက်လာခဲ့သည်။
"ကြည့်ရတာ ဒီရက်ပိုင်းအတွင်း သူတို့ ပစ္စည်းတွေ သယ်သွားဖို့ အချိန်မရလိုက်ဘူး ထင်တယ်"
"ငါ့အတွက်တော့ အချောင်ရလိုက်တာပဲ"
သူ၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေပြီး ဤတစ်ခေါက် သွားရတာ တော်တော်လေး တန်သည်ဟု ဆိုရမည်။
လီကျန့် ကြေးစားတပ်ဖွဲ့၏ ဂိုဒေါင်ထဲရှိ ကုန်ပစ္စည်းများနှင့် စွမ်းအင်ကျောက်တုံးများက ဟုန်ရှင်း ကြေးစားတပ်ဖွဲ့ထက် အနည်းငယ်မျှပင် မလျော့နည်းပေ။
အစက လင်းယွမ် ထင်ထားခဲ့သည်မှာ ကြေးစားတပ်ဖွဲ့ကြီး သုံးခုထဲတွင် လူမိုက်ဂိုဏ်းစတိုင်ရှိသော ဟုန်ရှင်း ကြေးစားတပ်ဖွဲ့က ပစ္စည်းအများဆုံး ဖြစ်မည်ဟုပင်။
သို့သော် ယခုကြည့်ရသလောက် လီကျန့် ကြေးစားတပ်ဖွဲ့တွင် သိုလှောင်ထားသော ပစ္စည်းများမှာလည်း မနည်းလှချေ။
သူတို့နှစ်ဖွဲ့က သတ်မှတ်ထားသော ခွဲဝေမှု အချိုးအစားအတိုင်း ဤမြူခိုးတောအုပ်၏ တွင်းထွက် သယံဇာတများနှင့် ကုန်ပစ္စည်း အရင်းအမြစ်များကို ထိန်းချုပ်ထားခြင်း ဖြစ်ပုံရသည်။
"မဟုတ်သေးဘူး... လီကျင်း ရဲ့ ထျန်းဝမ် ကြေးစားတပ်ဖွဲ့က ကြေးစားတပ်ဖွဲ့ကြီး သုံးခုထဲမှာ ပါဝင်နေနိုင်တယ်ဆိုကတည်းက... သေချာပေါက် သတ်မှတ်ထားတဲ့ အကျိုးအမြတ် ဝေစု တစ်ခုတော့ ရထားမှာပဲ"
"ထျန်းဝမ် ကြေးစားတပ်ဖွဲ့ရဲ့ ခံတပ်ထဲမှာ စုဆောင်းထားတဲ့ ပစ္စည်းတွေကလည်း နည်းမှာ မဟုတ်ဘူးဆိုတာ သေချာတယ်"
လင်းယွမ်က ခပ်ဟဟ ရယ်မောလိုက်ပြီး ထျန်းဝမ် ကြေးစားတပ်ဖွဲ့၏ ခံတပ်ဆီသို့ အလျင်အမြန် ထွက်ခွာသွားလေသည်။
သူ၏ ကိုယ်ဟန်က မြေအောက်သို့ လျှိုးဝင်သွားပြီး မြေလျှိုးအစွမ်းဖြင့် ခံတပ်အတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားသည်။
စိတ်စွမ်းအင်ကို ဖြန့်ကျက်လိုက်ပြီး ကွက်လပ်တစ်ခုကို အာရုံခံမိသည်နှင့် လင်းယွမ်က မြေအောက်မှနေ၍ လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။
သို့သော် သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ့ဆီသို့ ကန့်လန့်ဖြတ် ခုတ်ပိုင်းလာသော ဓားချက်တစ်ချက် ဝင်ရောက်လာ၏။
အရိုးဓားက လေခွင်းသံနှင့်အတူ ပြင်းထန်စွာ ရောက်ရှိလာသည်။
လင်းယွမ်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး လက်မောင်းကို မြှောက်ကာ ကာကွယ်လိုက်သည်။
အကြေးခွံရွှေချပ်ဝတ်က သူ၏ တစ်ကိုယ်လုံးကို အလိုအလျောက် ဖုံးလွှမ်းသွားလေသည်။
"ဒေါင်"
ပြတ်သားသော သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာပြီး လင်းယွမ်၏ လက်မောင်းက အနည်းငယ်မျှပင် တုန်ယင်သွားခြင်း မရှိပေ။
တစ်ဖက်လူ၏ အရိုးဓားမှာ အကြိမ်အနည်းငယ် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ချက်ချင်းပင် လက်ထဲမှ လွတ်ထွက်ကာ လွင့်စင်သွားတော့သည်။
"ဘာ"
အရိုးဓားပိုင်ရှင်က ချက်ချင်းပင် အံ့သြတကြီး ရေရွတ်လိုက်ပြီး လာသူကို သေချာမြင်လိုက်ရချိန်တွင် အံ့သြဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လွင်လာကာ "ဆရာလင်း" ဟု ခေါ်လိုက်သည်။
လင်းယွမ်က တစ်ဖက်လူကို တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်ခုံးပင့်လိုက်ကာ "ရှောင်မင်ထင်း လား" ဟု မေးလိုက်သည်။
ထိုသူမှာ ပြောင်းလုံ သင်္ဘော၏ ခေါင်းဆောင် ရှောင်မင်ထင်း ပင် ဖြစ်သည်။
သင်္ဘောခုနစ်စင်းထဲတွင် ကိုယ့်နာမည်နှင့်ကိုယ် အမည်မပေးထားသော တစ်ဦးတည်းသော သင်္ဘောခေါင်းဆောင် ဖြစ်၏။
လင်းယွမ်က မေးလိုက်သည်။ "မင်းက ဒီမှာ ဘာလုပ်နေတာလဲ"
ရှောင်မင်ထင်း၏ မျက်နှာပေါ်ရှိ ဝမ်းသာနေသော အရိပ်အယောင်က ချက်ချင်း ပျောက်ကွယ်သွားပြီး သတိထားနေသည့် ပုံစံ ပေါ်လာသည်။
"ခင်ဗျားက တကယ်ပဲ ဆရာလင်း လား"
လင်းယွမ်က အံ့အားသင့်သွားသည်။ "ဘာဖြစ်လို့လဲ"
"ဆရာလင်း ရဲ့ နာမည်အပြည့်အစုံက ဘယ်လိုခေါ်လဲ" ရှောင်မင်ထင်းက အရိုးဓားကို မြှောက်ကာ လင်းယွမ်ကို ချိန်ရွယ်လျက် အော်ဟစ်လိုက်သည်။
လင်းယွမ်က တစ်ခုခုကို ချက်ချင်း ရိပ်မိသွားပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
ထိုအခါမှသာ ဤပတ်ဝန်းကျင် တစ်ခုလုံးက ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသော တောအုပ်တစ်ခု ဖြစ်နေကြောင်း သူ တွေ့ရှိလိုက်ရသည်။
ဒီနေရာက ခံတပ်ကြီး လုံးဝ မဟုတ်ပေ။
လင်းယွမ်က ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ "အထူးပြုလုပ်ချက် ပုံရိပ်ယောင်နယ်မြေ လား"
"ငါ မင်းကို မေးနေတယ်လေ" ရှောင်မင်ထင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။ "မေးနေလို့ ဘာထူးမှာလဲ... မင်း ကိုယ်တိုင် လက်မစမ်းကြည့်ဘဲနဲ့ ငါက အစစ်လား အတုလားဆိုတာ ဘယ်လိုလုပ် သေချာနိုင်မှာလဲ"
ထိုသို့ပြောရင်း လင်းယွမ်၏ စိတ်စွမ်းအင်က ချက်ချင်း လွှမ်းခြုံသွားရာ နောက်တစ်ခဏတွင် ရှောင်မင်ထင်း တစ်ကိုယ်လုံး တုန်ရီသွားပြီး လက်နှင့် ခြေထောက်များ လုံးဝ လှုပ်ရှား၍ မရတော့ကြောင်း ချက်ချင်း ခံစားလိုက်ရသည်။
သူ၏ မျက်နှာက ချက်ချင်း ဖြူရော်သွားပြီးနောက် ဝမ်းသာအားရဖြင့် "ဆရာလင်း... တကယ်ပဲ ဆရာလင်း ကိုး" ဟု ပြောလိုက်သည်။
လင်းယွမ်က ရုပ်သေးကြိုးမျှင် ကို ပြန်လွှတ်ပေးလိုက်သည်၊ သိသာထင်ရှားစွာပင် ရှောင်မင်ထင်းက သူ့ကို အတည်ပြုနိုင်သွားပြီ ဖြစ်သည်။
လင်းယွမ်က ပြောလိုက်သည်။ "ငါပဲ... ဒီနေရာက အခု ဘယ်လို အခြေအနေ ဖြစ်နေတာလဲ"
ရှောင်မင်ထင်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ဆရာလင်း မြင်တဲ့အတိုင်းပဲ... ဒီနေရာက လီကျင်း ရဲ့ အထူးပြုလုပ်ချက် အစွမ်းနဲ့ လွှမ်းမိုးခံထားရပြီး လုံးဝကို ပုံရိပ်ယောင် နယ်မြေတစ်ခု ဖြစ်နေပြီ"
"အခု ကျွန်တော်တို့ မြင်နေရတာတွေ အကုန်လုံးက အခြေခံအားဖြင့် အတုတွေချည်းပဲ... ဘယ်အချိန်မှာ ကိုယ့်ဘေးနားကနေ ရန်သူတစ်ယောက် ထွက်လာမလဲ ဒါမှမဟုတ် တိုက်ကွက် တစ်ခုခု ဝင်လာမလဲဆိုတာ မသိနိုင်ဘူး"
"လူအတော်များများ စူးစူးဝါးဝါး အော်ဟစ်သွားတာကို ကျွန်တော် ကြားလိုက်ရတယ်... ကံကောင်းတာက ကျွန်တော်တို့ လူတွေ မဟုတ်လို့ပဲ"
လင်းယွမ်က စိတ်စွမ်းအင်ကို အလျင်အမြန် ဖြန့်ကျက်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အထူးပြုလုပ်ချက် ပုံရိပ်ယောင်နယ်မြေကို အာရုံခံကြည့်လိုက်သည်။
သို့သော် စိတ်စွမ်းအင်ဖြင့် စူးစမ်းကြည့်လိုက်သည့်အခါ ဤပုံရိပ်ယောင်နယ်မြေက စိတ်စွမ်းအင် စူးစမ်းမှုကို ကွယ်ဝှက်တားဆီးထားနိုင်ကြောင်း သူ ချက်ချင်း တွေ့ရှိလိုက်ရသည်။
ထိုအချက်က လင်းယွမ်ကို အနည်းငယ် အံ့အားသင့်သွားစေသည်။ "တော်တော်မိုက်တဲ့ အထူးပြုလုပ်ချက် အစွမ်းပဲ"
"ဝှီး..."
ရုတ်တရက် ဟင်းလင်းပြင်ထဲမှ လေခွင်းသံတစ်ခု ဝင်ရောက်လာပြီး မျက်စိရှေ့တွင် ဘာမှ မရှိသော်လည်း ထိုလေခွင်းသံက အလွန် လျင်မြန်စွာ နီးကပ်လာသည်။
ရှောင်မင်ထင်းက အလျင်အမြန် အော်ဟစ်လိုက်သည်။ "ဆရာလင်း သတိထား"
သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ အစွမ်းကို ချက်ချင်း အသက်သွင်းလိုက်ရာ တစ်ကိုယ်လုံးတွင် ကြေးဝါရောင် အလင်းတန်းများ လျင်မြန်စွာ လင်းလက်လာသည်။
သူ၏ အစွမ်းမှာ သတ္တုဓာတ် ဖြစ်ပြီး မိမိကိုယ်ကို ဒြပ်စင်အသွင် ပြောင်းလဲနိုင်ကာ ကြေးဝါကိုယ်ထည် ကို ဖြစ်ပေါ်စေနိုင်သည်။
ဤအစွမ်းက လင်ကျန်းဟီ ၏ ရွှေကိုယ်ထည်နှင့် အနည်းငယ် ဆင်တူပေသည်။
သို့သော် ကြေးဝါ၏ သိပ်သည်းဆက မကြီးမားလှသဖြင့် စိတ်စွမ်းအင် ထိုးဖောက်ဝင်ရောက်မှုကို မကာကွယ်နိုင်သလို အရည်ပျော်မှတ်ကလည်း နိမ့်ကျရာ ရွှေကို မည်သို့မျှ မယှဉ်နိုင်ပေ။
တစ်နည်းအားဖြင့် ပြောရလျှင် ဤအရာက ရွှေကိုယ်ထည်၏ ပုံတူပွားထားသော အစွမ်းတစ်ခုဟုပင် ဆိုနိုင်ပေသည်။
သို့သော် ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုအပိုင်းတွင်တော့ အတော်လေး အစွမ်းထက်လှပေသည်။
ထို့ကြောင့်ပင် သူက လီချုံမင် နှင့်အတူ လီကျင်းကို တိုက်ခိုက်ရန် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။
ကာကွယ်နိုင်စွမ်း အားကောင်းသောကြောင့် အထူးပြုလုပ်ချက် ပုံရိပ်ယောင်နယ်မြေထဲတွင် ပိတ်မိနေလျှင်တောင်မှ ချက်ချင်း အသက်အန္တရာယ် ကြုံတွေ့ရမည် မဟုတ်ပေ။
ရှောင်မင်ထင်း၏ သတိပေးချက်ကြောင့် လင်းယွမ်၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ရွှေအကြေးခွံချပ်ဝတ်က ချက်ချင်း လင်းလက်လာသည်။
သို့သော် မျှော်လင့်ထားသော တိုက်ခိုက်မှုက ထွက်ပေါ်လာခြင်း မရှိဘဲ စူးရှသော လေခွင်းသံမှာ စိတ်ကူးယဉ် အသံတစ်ခုကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ရှောင်မင်ထင်းက ဆဲရေးလိုက်သည်။ "အတုကြီးပဲ"
လင်းယွမ်ကမူ တစ်နေရာသို့ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "လာပြီ"
ဤတစ်ကြိမ်တွင်မူ ဟင်းလင်းပြင်က ရုတ်တရက် အနည်းငယ် လှုပ်ခတ်သွားပြီးနောက် တောအုပ်ဘက်မှ နှင်းပွင့်များက သူတို့နှစ်ဦးဆီသို့ အရှိန်ပြင်းပြင်းဖြင့် ကျဆင်းလာသည်။
ထိုနှင်းပွင့်များက ကောင်းကင်ယံအပြည့် ဓားသွားများအဖြစ် ပြောင်းလဲသွားကာ ဝီခနဲ မြည်သံများနှင့်အတူ လည်ပတ်ပြီး ခုတ်ပိုင်းလာတော့သည်။
"ရွှပ်... ရွှပ်... ရွှပ်"
ရှောင်မင်ထင်းက ဘာကိုမှ မစဉ်းစားတော့ဘဲ အရိုးဓားကို ရူးသွပ်စွာ လှည့်ပတ်ကာ ကောင်းကင်ယံအပြည့် ကျဆင်းလာသော နှင်းပွင့်ဓားသွားများကို ကာကွယ်လိုက်သည်။
သို့သော် ဤဓားသွားများက အရိုးဓားနှင့် ထိတွေ့သွားသည့် တစ်ခဏမှာပင် ပုံသဏ္ဌာန်မဲ့သွားကာ ပျောက်ကွယ်သွားကြသည်။
လင်းယွမ်ဘက်တွင်မူ လုံးဝ ကာကွယ်ခြင်း မပြုဘဲ နှင်းပွင့်များက သူ၏ အကြေးခွံရွှေချပ်ဝတ်ကို လာရောက် ရိုက်ခတ်သည်ကိုသာ ခွင့်ပြုထားလိုက်သည်။
သူ၏ အကြည့်များက ဤနှင်းပွင့်များအပေါ်တွင် လှည့်လည်နေသည်။
ရုတ်တရက် နှင်းပွင့်များကြားတွင် ရောနှောနေသော အေးစက်သည့် အလင်းတန်းတစ်ခုက ရှောင်မင်ထင်းဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပစ်လွှတ်လာသည်။
ရှောင်မင်ထင်းမှာ ယခုအချိန်တွင် အခြားသော နှင်းပွင့်ဓားသွားများကို အာရုံစိုက်နေသဖြင့် ချက်ချင်း သတိမထားမိလိုက်ဘဲ ဤပျံသန်းလာသော ဓားမြှောင်၏ အတိုက်ခံလိုက်ရသည်။
"ဒေါင်"
ရှောင်မင်ထင်း၏ နောက်စေ့ကို ဓားထိမှန်သွားကာ ပြတ်သားသော ရိုက်ခတ်သံ ထွက်ပေါ်လာပြီး လူတစ်ကိုယ်လုံးလည်း ယိမ်းယိုင်သွားကာ ရှေ့သို့ ခြေတစ်လှမ်း တိုးသွားရသည်။
အကယ်၍သာ သူ၏ တစ်ကိုယ်လုံးက ကြေးဝါဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပါက ဤတစ်ချက်တည်းနှင့်ပင် သူ၏ အသက်ကို တိုက်ရိုက် နုတ်ယူသွားနိုင်မည်မှာ သေချာလှသည်။
"တောက်"
ရှောင်မင်ထင်းက ချက်ချင်းပင် ဒေါသတကြီး ဆဲရေးလိုက်ပြီး မြေပြင်ပေါ်ရှိ ဓားမြှောင်ကို လှည့်ကြည့်လိုက်သည်။
သို့သော် ကြည့်လိုက်သည့်အခါ ဓားမြှောင်ပင်လျှင် ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူ၏ ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေချိန်၌ တောအုပ်ထဲမှ စူးရှသော အော်ဟစ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
ထိုနောက် ချက်ချင်းဆိုသလိုပင် ထိုတောအုပ်ထဲတွင် တစ်စုံတစ်ရာက "ဒုန်း" ခနဲ မြည်သံနှင့်အတူ ပြုတ်ကျလာသကဲ့သို့ ဖြစ်သွားသည်။
လင်းယွမ်က မျက်လုံးများကို မှိတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် အားကုန် တွန်းထုတ်လိုက်သည်။
"ဝုန်း"
မီးနဂါးတစ်ကောင်က ချက်ချင်းပင် အရပ်လေးမျက်နှာသို့ လွှမ်းခြုံသွားတော့သည်။
သို့သော် ပတ်ဝန်းကျင်ရှိ နှင်းပွင့်များက အရည်ပျော်သွားခြင်း မရှိဘဲ အရှေ့ဘက် နှင်းပြင်ထဲရှိ လူရိပ်တစ်ခုက မီးတောက်များ၏ လောင်ကျွမ်းမှုကို ချက်ချင်း ခံလိုက်ရသည်။
"အား... ခေါင်းဆောင်... ကယ်ပါဦး... ကယ်ပါဦး"
မီးနဂါး၏ ဝါးမြိုခြင်းကို ခံလိုက်ရသော ထိုလူရိပ်မှာ ချက်ချင်းပင် မီးလောင်နေသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး သနားစဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
လင်းယွမ်က အေးစက်စက် ပြုံးလိုက်ပြီး မီးတောက်များက အရပ်လေးမျက်နှာသို့ ရူးသွပ်စွာ လွှမ်းခြုံသွားကာ တစ်ချိန်တည်းမှာပင် ရှောင်မင်ထင်းကို ပြောလိုက်သည်။ "ငါ့နောက်က လိုက်ခဲ့"
ရှောင်မင်ထင်း၏ မျက်နှာထားက ချက်ချင်း တည်ကြည်သွားပြီး လင်းယွမ်နောက်သို့ အလျင်အမြန် လိုက်ပါသွားသည်။
လင်းယွမ်က ပတ်ဝန်းကျင်တွင် ဘာတွေရှိနေသည်ကို လုံးဝ ဂရုမစိုက်တော့ဘဲ တစ်လမ်းလုံး အတင်းတိုးဝင်ကာ ရူးသွပ်စွာ မီးရှို့နေတော့သည်။
ပတ်ဝန်းကျင် တစ်ခွင်လုံး နေရာတိုင်းတွင် မီးစတင် လောင်ကျွမ်းလာသည်။
ဤနှင်းရေခဲတောအုပ် အထူးပြုလုပ်ချက် ဆိုသည်မှာလည်း အလွန် လျင်မြန်စွာ ပြိုကျပျက်စီးသွားတော့သည်။
အရှေ့ဘက်ရှိ နံရံများ မီးလောင်သွားပြီး စားပွဲ၊ ကုလားထိုင်၊ ခုံတန်းလျားများလည်း မီးလောင်ကုန်သည်။
အရာအားလုံးက ပေါ်လွင်ထင်ရှားလာသည်။
လူရိပ်များက အဆက်မပြတ် အော်ဟစ်ကာ ထွက်ပြေးနေကြပြီး မီးတောက်များကို အသေအလဲ ရှောင်တိမ်းနေကြသည်။
လင်းယွမ်၏ ဤကဲ့သို့ မျက်နှာမလိုက်သော တိုက်ခိုက်မှုက မည်သည့် အထူးပြုလုပ်ချက် ပုံရိပ်ယောင်နယ်မြေကိုမဆို လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။
မီးတစ်ချက်တည်းနှင့် အကုန်လုံးကို လောင်ကျွမ်းပစ်လိုက်ရုံပင်။
အဆောက်အအုံ ထိပ်တွင် ထျန်းဝမ် ကြေးစားတပ်ဖွဲ့ခေါင်းဆောင် လီကျင်းက ဤမြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့လိုက်ရသဖြင့် ချက်ချင်းပင် ဒေါသထွက်လွန်း၍ မျက်လုံးများ ပြူးကျယ်သွားကာ ပါးစပ်မှလည်း ဆဲရေးလိုက်သည်။ "တောက်... ခွေးမသား... ရပ်လိုက်စမ်း"
လင်းယွမ်က အသံကြားသည်နှင့် နေရာကို ခန့်မှန်းလိုက်ပြီး ဒုတိယထပ်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ချက်ချင်းပင် လေထဲသို့ ခုန်တက်လိုက်ရာ ခြေဖဝါးအောက်ရှိ မီးစင်္ကြာက ချက်ချင်း လင်းလက်လာသည်။
"ဝုန်း"
နောက်တစ်ခဏတွင် သူက ဒုတိယထပ်သို့ တိုက်ရိုက် ခုန်တက်သွားပြီး လီကျင်းမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ အရှိန်ပြင်းပြင်းဖြင့် တိုက်မိကာ လွင့်စင်သွားတော့သည်။
"ဝေါ့"
သူက သွေးတစ်လုပ်ကို ပန်းထုတ်လိုက်ရပြီး ကံကောင်း၍ အတွင်းခံ သံချပ်ကာ ဝတ်ဆင်ထားသောကြောင့်သာ တော်သေးသည်။ မဟုတ်ပါက ဤတစ်ချက်တည်းနှင့် အသက်ပျောက်သွားမည်မှာ အသေအချာပင်။
သူက ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်ပြီး အစွမ်းကို ချက်ချင်း အသက်သွင်းလိုက်ရာ အထူးပြုလုပ်ချက်များ လွှမ်းခြုံလာသည်။
ပတ်ဝန်းကျင်က ချက်ချင်းပင် မီးပင်လယ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အားလုံးက လင်းယွမ်၏ မီးရှို့ခြင်းကို ခံလိုက်ရသည့်အလား ဖြစ်သွားသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ လင်းယွမ်က ဘာကိုမှ မစဉ်းစားတော့ဘဲ စိတ်စွမ်းအင်ကို မျက်နှာမလိုက်ဘဲ တိုက်ရိုက် ပစ်လွှတ်လိုက်သည်။
"ဝီ"
တစ်ခဏချင်းအတွင်းမှာပင် ပေတစ်ရာကျော် ပတ်လည်အတွင်းရှိ လူအားလုံး၏ စိတ်ပင်လယ်က သံတူကြီးဖြင့် ထုရိုက်ခံလိုက်ရသည့်အလား ဖြစ်သွားသည်။
ချက်ချင်းပင် လူတိုင်းက ခေါင်းကို ကိုင်ကာ ညည်းတွားလိုက်ကြသည်။
လီကျင်းသည်လည်း ထိုနည်းတူ ခေါင်းကိုက်ခဲသွားပြီး နှာခေါင်းသွေးများ တရစပ် စီးကျလာသည်။
ဤတစ်ချက်တည်းနှင့်ပင် သူက ပတ်ဝန်းကျင်ရှိ အထူးပြုလုပ်ချက် ပုံရိပ်ယောင်နယ်မြေကို ချက်ချင်း ဆက်လက် မထိန်းသိမ်းနိုင်တော့ပေ။
လင်းယွမ်ကလည်း မီးပင်လယ်အထူးပြုလုပ်ချက်များ ရပ်တန့်သွားကာ ဖရိန်ကျသွားသကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူက ထိုဖရိန်ကျနေသော ပြဿနာကောင်ကို ကြည့်လိုက်ပြီး ချက်ချင်း ရယ်မောလိုက်သည်။ "မင်းကို တွေ့ပြီ"
"ရွှပ်"
နောက်တစ်ခဏတွင် သူက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး ထိုမီးပင်လယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။
ထို့နောက် စိတ်စွမ်းအင်များက ရေဘဝဲလက်တံများကဲ့သို့ ကွန်ရက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ အရပ်လေးမျက်နှာသို့ အလွန် လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ခဏအကြာတွင် မြေပြင်ပေါ်ရှိ လူရိပ်ကို တွေ့ရှိသွားတော့သည်။
တစ်ဖက်လူက မီးပင်လယ်ထဲတွင် ပုန်းကွယ်နေသော်လည်း လင်းယွမ်က သူ့ကို တွေ့ရှိသွားဆဲပင် ဖြစ်သည်။
ရုပ်သေးကြိုးမျှင် က တစ်ဖက်လူ၏ စိတ်ပင်လယ်ထဲသို့ ချက်ချင်း ထိုးဖောက် ဝင်ရောက်သွားသည်။
လီကျင်းက ချက်ချင်း လှုပ်ရှား၍ မရတော့ဘဲ ထိုနေရာတွင် လဲလျောင်းနေကာ မျက်နှာပေါ်တွင် အံ့သြဒေါသထွက်နေသော အရိပ်အယောင်များ ပေါ်လွင်နေသည်။
ပတ်ဝန်းကျင် တစ်ခွင်လုံးရှိ အထူးပြုလုပ်ချက် အားလုံးက လျင်မြန်စွာ ဆုတ်ခွာသွားသည်။
နှင်းရေခဲတောအုပ်၊ မီးတောက်မီးလျှံ၊ အားလုံးက တစ်ခုပြီးတစ်ခု လွင့်စင်ပျောက်ကွယ်သွားကြသည်။
ဤခံတပ်၏ မူလ ပုံပန်းသဏ္ဍာန်က ပေါ်လွင်လာသည်။
သို့သော် လင်းယွမ် ရှို့ထားသော မီးကတော့ လောင်ကျွမ်းနေဆဲဖြစ်ပြီး ငြိမ်းသွားခြင်း မရှိသေးပေ။
မီးဟပ်ခံရသော အစွမ်းပိုင်ရှင် အချို့က ခံတပ်အတွင်းရှိ ရေကန်ထဲသို့ ခုန်ဆင်းသွားကြပြီ ဖြစ်သည်။
လင်းယွမ်က လီကျင်းကို ဆွဲမလိုက်ပြီး ရှောင်မင်ထင်းဆီသို့ ပစ်ပေးလိုက်ကာ ပြောလိုက်သည်။ "သူ့ကို သေချာစောင့်ကြည့်ထား... တစ်ခုခု လှုပ်ရှားရဲရင် တစ်ခါထဲ သတ်ပစ်လိုက်"
ရှောင်မင်ထင်း၏ မျက်နှာထားက တည်ကြည်သွားပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ ဆရာလင်း"
လင်းယွမ်က ရုပ်သေးကြိုးမျှင်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ခံတပ်တစ်ခုလုံးကို အလျင်အမြန် စတင် ရှာဖွေ မွှေနှောက်တော့သည်။
အပေါ်ထပ်ရှိ အခန်းတစ်ခန်းထဲတွင် တစ်ကိုယ်လုံး အရည်ပုံစံ ပြဒါးအခြေအနေသို့ ပြောင်းလဲနေသော လီချုံမင် ကို သူ တွေ့လိုက်ရသည်။
"ဆရာလင်း"
လီချုံမင်က အံ့သြသွားသော်လည်း အနားသို့ မလာရဲပေ။
သိသာထင်ရှားစွာပင် သူက မျက်စိရှေ့ရှိ ဤမြင်ကွင်းကို အစစ်အမှန်ဟု မယုံကြည်နိုင်သေးပေ။
လင်းယွမ်က စကားမဆိုနိုင်တော့ဘဲ ပြောလိုက်သည်။ "လီကျင်းကို ငါ ဖမ်းမိသွားပြီ... မင်း အောက်ဆင်းပြီး ရှောင်မင်ထင်း နဲ့ သွားပူးပေါင်းလိုက်တော့"
ပြောပြီးသည်နှင့် သူက အခြားအခန်းများသို့ အလျင်အမြန် သွားရောက်ကာ ပစ္စည်းများကို စတင် ရှာဖွေတော့သည်။
မကြာမီမှာပင် လင်းယွမ်က ခံတပ်အတွင်းရှိ ပစ္စည်းများအားလုံးကို ပြောင်စင်အောင် ရှင်းလင်းသိမ်းဆည်းလိုက်ပြီးနောက် ပြန်လည် ထွက်ပေါ်လာခဲ့သည်။
ထျန်းဝမ် ခံတပ်တစ်ခုလုံးကို အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး လီကျင်း ဦးဆောင်သော ထျန်းဝမ် ကြေးစားတပ်ဖွဲ့လည်း အားလုံး အဖမ်းခံလိုက်ရပြီ ဖြစ်သည်။
လင်းယွမ်က စောစောကပင် တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ ကပ်ပါးမျိုးစေ့ စိုက်ပျိုးထားပြီးဖြစ်ရာ လီကျင်းမှာ မည်သည့် ခြိမ်းခြောက်နိုင်စွမ်းမှ မရှိတော့ပေ။
အခြားသူများအတွက်မူ အထူးပြုလုပ်ချက် ပုံရိပ်ယောင်နယ်မြေကို ကျွမ်းကျင်သော ဤအစွမ်းပိုင်ရှင်က အလွန် ရင်ဆိုင်ရ ခက်ခဲလှသည်။
သို့သော် လင်းယွမ်အတွက်ကတော့ ဤကဲ့သို့သော အစွမ်းပိုင်ရှင်က အလွန် ကိုင်တွယ်ရ လွယ်ကူလှသည်။
စောစောကသာ ကိုယ့်ဘက်က လူများကို ထိခိုက်မိမည်ကို မစိုးရိမ်ရပါက သူက စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းကို တိုက်ရိုက် ထုတ်လွှတ်ပြီး ဧရိယာအပြည့် ဖုံးလွှမ်းတိုက်ခိုက်မှု တစ်ခုကို ပြုလုပ်လိုက်မည်သာ ဖြစ်သည်။
ဘာ အစစ်အမှန်၊ ဘာ အတုအယောင်မှ ဂရုစိုက်မနေဘဲ အားလုံးကို တစ်ချက်တည်း ရိုက်နှက်လိုက်ရုံဖြင့် တစ်ဖက်လူကို သဘာဝကျကျပင် ဖမ်းဆီးနိုင်မည် ဖြစ်သည်။
သေချာသည်ကတော့ ဤနည်းလမ်းကို လင်းယွမ်ကဲ့သို့ ဧရိယာအလိုက် တိုက်ခိုက်နိုင်သော အစွမ်းပိုင်ရှင်များသာ ပြုလုပ်နိုင်ပေမည်။
ရှောင်မင်ထင်း၊ လီချုံမင် တို့ကဲ့သို့သော သူများမှာမူ ဤအချက်ကို ပြုလုပ်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
"ဆရာလင်း"
"ဆရာလင်း... ထျန်းဝမ် ခံတပ်က လူတွေ အကုန်လုံးကို ဖမ်းမိပါပြီ"
ရှောင်မင်ထင်း၊ လီချုံမင် အစရှိသူများက လင်းယွမ် ဆင်းလာသည်ကို မြင်သောအခါ ချက်ချင်းပင် လေးစားကြည်ညိုသည့် အရိပ်အယောင်များ ပေါ်လွင်လာကြသည်။
သူတို့က အချိန်အတော်ကြာအောင် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရသော်လည်း လီကျင်းကို မဖမ်းဆီးနိုင်ခဲ့ပေ။
လင်းယွမ် ရောက်လာပြီး မိနစ်အနည်းငယ်အတွင်းမှာပင် ထျန်းဝမ် ခံတပ်ကို တိုက်ရိုက် ချေမှုန်းပစ်နိုင်ခဲ့သည်။
ဤအချက်က သူတို့ကို ဆရာလင်း၏ ကြောက်မက်ဖွယ်ကောင်းသော နေရာကို နောက်တစ်ကြိမ် ထပ်မံ သိမြင်သွားစေခဲ့သည်။
"မင်းက ဘယ်သူလဲ... မင်းက တကယ်တမ်း ဘယ်သူလဲကွ"
မြေကြီးပေါ်တွင် ဒူးထောက်လျက် ရှောင်မင်ထင်း၏ တင်းကျပ်စွာ ဖိနှိပ်ထားခြင်းကို ခံနေရသော လီကျင်းက အသည်းအသန် ရုန်းကန်ရင်း လင်းယွမ်ကို ဒေါသတကြီး ကြည့်လိုက်သည်။
"ငါသိသလောက်ဆို မင်းနဲ့ ငါ့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး... မင်းကိုလည်း ငါမသိဘူး... မင်းက ဘာလို့ ငါ့ကို လာတိုက်ခိုက်ရတာလဲ" လီကျင်းက မျက်လုံးများ နီရဲလျက် လင်းယွမ်ကို ဒေါသတကြီး စိုက်ကြည့်ကာ မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး ဆေးလုံးတစ်လုံးကို အလွယ်တကူ ထုတ်ယူလိုက်ကာ ပြောလိုက်သည်။ "သူ့ပါးစပ်ကို ဖြဲလိုက်"
ရှောင်မင်ထင်းက ဆေးလုံးကို တစ်ချက် ကြည့်လိုက်ပြီး အလျင်အမြန် ခေါင်းငုံ့ကာ လီကျင်း၏ မေးရိုးကို ညှစ်လိုက်သည်။
လီကျင်းမှာ အတင်းအကျပ် ပါးစပ် ဟသွားရပြီးနောက် လင်းယွမ်က ဤဆေးလုံးကို အထဲသို့ ပစ်ထည့်လိုက်သည်။
သူ့ကို အတင်းအကျပ် ဆေးလုံးမျိုချစေပြီးနောက်မှ လင်းယွမ်က ပြောလိုက်သည်။ "ဘာမတော်တဆမှ မဖြစ်အောင်... ကျန်တဲ့ ခေါင်းဆောင်နှစ်ယောက်ကို ဖမ်းမိတဲ့အထိ စောင့်ဦး... အဲဒီအခါကျမှ ငါ မင်းတို့ကို တစ်ပေါင်းတည်း ရှင်းပြမယ်"
"လောလောဆယ်တော့... မင်းက ငါ့ရဲ့ အဆိပ်ဆေးကို စားလိုက်ရပြီ... ဖြေဆေးမရှိရင် သုံးရက်အတွင်း သေချာပေါက် သေလိမ့်မယ်... ပြန်ခုခံဖို့ မကြိုးစားနဲ့... မဟုတ်ရင် ဇာတ်သိမ်းက အရမ်း ဆိုးရွားသွားလိမ့်မယ်"
ထိုသို့ပြောရင်း လင်းယွမ်က လီချုံမင်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။ "မင်းက ကျိုးဝမ်ရှီး နဲ့ ထန်တယ်ချန် ကို သွားကူလိုက်... ဟွမ်မင်ခိုင် ရဲ့ အစွမ်းက ထူးဆန်းတယ်... သူက သူ့လူတွေရဲ့ တိုက်ခိုက်မှုကနေတစ်ဆင့် သူ့ကို တိုက်ခိုက်စေပြီး ထိခိုက်မှု ပမာဏကို သိုလှောင်ထားနိုင်သေးတယ်"
"မင်း အဲဒီရောက်သွားရင် ဓာတ်ငွေ့ အခြေအနေကို တိုက်ရိုက် ဝင်ရောက်ပြီး သူ့ကို ပြဒါးဆိပ်သင့်အောင် လုပ်လိုက်... ဒီလို ထိခိုက်မှုကို စုပ်ယူတာက အဆိပ်အတောက်ကို စုပ်ယူနိုင်ချင်မှ စုပ်ယူနိုင်မှာ"
လင်းယွမ်၏ စကားတစ်ခွန်းက လီချုံမင်ကို ချက်ချင်း ကြောင်အမ်းသွားစေပြီးနောက် မျက်လုံးများ အရောင်လင်းလက်လာကာ အလျင်အမြန် ပြောလိုက်သည်။ "ဆရာလင်း ပြောတာ အဓိပ္ပာယ်ရှိတယ်... ကျွန်တော် အခုပဲ သွားလိုက်မယ်"
ပြောပြီးသည်နှင့် လီချုံမင်က ဟွမ်မင်ခိုင် ရှိရာ စစ်မြေပြင်ဆီသို့ အလျင်အမြန် ထွက်ခွာသွားတော့သည်။
"ရှောင်မင်ထင်း... မင်းက ဒီလူတွေကို ဒီမှာ စောင့်ကြည့်ထား... ငါ လီကျန့် ကြေးစားတပ်ဖွဲ့ ဘက်ကို တစ်ခေါက် သွားကြည့်လိုက်ဦးမယ်"
ရှောင်မင်ထင်းက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "ဆရာလင်း စိတ်ချပါ... ဒီဘက်မှာ ကျွန်တော် ရှိပါတယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး လီကျန့် ကြေးစားတပ်ဖွဲ့ ရှိရာဘက်သို့ အလျင်အမြန် ထွက်ခွာသွားတော့သည်။
ယခုအချိန်တွင် တိုက်ပွဲ အခြေအနေက ပြင်းထန်နေဆဲ ဖြစ်ပြီး လီကျန့် ကြေးစားတပ်ဖွဲ့၏ လူဦးရေမှာလည်း မနည်းလှသလို ကျန်းဟန်လျန် ခေါ်သွားသော သင်္ဘောခေါင်းဆောင် အသီးသီး၏ လူဦးရေမှာလည်း မနည်းလှပေ။
နှစ်ဖက်စလုံးက အင်အားချင်း မျှတနေသည်။
သို့သော် ကျန်းဟန်လျန်တို့ အဓိက အင်အားစု အချို့က လီခွန်း ကို ဝိုင်းဝန်းတိုက်ခိုက်နေသဖြင့် ရုတ်တရက် အဓိက တိုက်ခိုက်ရေးစွမ်းအား အချို့ကို ဆုံးရှုံးသွားရာ ကျန်းဟန်လျန်တို့ လက်အောက်ရှိ လူများ၏ ဖိအားက ကြီးမားစွာ တိုးလာခဲ့သည်။
ယခုအချိန်တွင် အနိုင်ရနိုင်ချေက လီကျန့် ကြေးစားတပ်ဖွဲ့ ဘက်သို့ တဖြည်းဖြည်း ရွေ့လျားသွားခဲ့ပြီ ဖြစ်သည်။
ဝိုင်းရံခံထားရသော မီးချီလင်း လီခွန်းက လူစကားကို ပြောဆိုကာ ရက်စက်စွာ ရယ်မောလိုက်သည်။ "ကျန်းဟန်လျန်... ငါ မင်းကို မှတ်မိတယ်... ဟန်လျန် သင်္ဘောရဲ့ ခေါင်းဆောင် မဟုတ်လား"
"ဟားဟားဟား... မင်းတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်ဦးမလဲ... စောင့်နေလိုက်... ငါ မြူရေခဲမြို့တော်ကို အကြောင်းကြားပြီးပြီ... ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ကိုလည်း အကြောင်းကြားပြီးပြီ"
"ခဏနေရင် ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့က လူတွေ ရောက်လာတော့မယ်... မင်းတို့လို အမှိုက်ကောင်တွေ၊ အောက်တန်းကျတဲ့ ရေမျောက်ဝံတွေ... အဲဒီအချိန်ကျရင် ငါက မင်းတို့ကို အရှင်လတ်လတ် မီးရှို့သတ်ပစ်မယ်"
ကျန်းဟန်လျန်တို့ အဖွဲ့က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် တစ်ယောက်ပြီးတစ်ယောက် မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။
ကျန်းဟန်လျန်က ရေလူသား တစ်ယောက်အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး လူစကားကို ပြောဆိုလိုက်သည်။ "ဟားဟားဟား... လီခွန်း... မင်းက စောင့်နိုင်မယ်လို့ ထင်နေတာလား"
"ထျန်းဝမ် ခံတပ်ထဲက မီးတောက်ကြီးကို ငါ မြင်ပြီးပြီ... မကြာခင် အဲဒီဘက်က အရှုံးအနိုင် ပေါ်တော့မယ်... အဲဒီအချိန်ကျရင် ငါ့ရဲ့ စစ်ကူတွေ ရောက်လာတာနဲ့ မင်းကသာ သေချာပေါက် သေရမယ့်လူ ဖြစ်သွားလိမ့်မယ်"
"ငတုံး... အဲဒီဘက်က မီးက အစစ်လို့ မင်းက ထင်နေတာလား... လီကျင်းရဲ့ အထူးပြုလုပ်ချက် ပုံရိပ်ယောင်နယ်မြေကို ငါတောင် မခွဲခြားနိုင်တာ... မင်းက ဘာလို့ ခွဲခြားနိုင်ရမှာလဲ"
"ကိုယ့်ကိုယ်ကိုယ် လှည့်စားမနေပါနဲ့တော့ ကျန်းဟန်လျန်... လက်နက်ချ အရှုံးပေးလိုက်ပါ... ငါ မင်းကို မသတ်ဘဲ ချမ်းသာပေးနိုင်တယ်"
ကျန်းဟန်လျန်၏ စိတ်ထဲတွင်လည်း ထိုနည်းတူ စိုးရိမ်နေမိသည်၊ လီခွန်း ပြောသကဲ့သို့ပင် ထျန်းဝမ် ခံတပ်အတွင်းရှိ အခြေအနေက တကယ်တမ်း မည်သို့ ဖြစ်နေသည်ကို သူလည်း မခွဲခြားနိုင်ပေ။
ထိုရုတ်တရက် ပေါ်လာသော မီးတောက်ကြီးက တကယ်ပဲ လီချုံမင်တို့ ရှို့ထားခြင်းလား၊ သို့မဟုတ် လီကျင်း၏ အထူးပြုလုပ်ချက် ပုံရိပ်ယောင်နယ်မြေလား ဆိုသည်ကို မသိနိုင်ပေ။
သို့သော် သူ ကောင်းကောင်း သိထားသည့် အချက်တစ်ချက် ရှိသည်၊ သူသာ ဤလီခွန်းကို အချိန်ဆွဲမထားနိုင်ပါက ဆရာလင်းက သူ့ကို သေချာပေါက် ခွင့်လွှတ်မည် မဟုတ်ပေ။
သူ၏ အသက်လေးက အစောကြီးကတည်းက ထိုဆရာလင်း၏ လက်ထဲတွင် ရှိနေခဲ့ပြီ ဖြစ်သည်။
သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့ပေ။
ထိုအချက်ကို တွေးမိသွားပြီးနောက် ကျန်းဟန်လျန်က လေးနက်သော အသံဖြင့် အော်ဟစ်လိုက်သည်။ "အားလုံးပဲ... တောင့်ခံထားကြ... မမေ့ကြနဲ့... ဆရာလင်း ဝင်မပါသေးဘူးဆိုတာကို"
လူအားလုံးက ထိုစကားကို ကြားသောအခါ အသီးသီး သဘောတူလိုက်ကြပြီး မူလက အားနည်းသွားသော တိုက်ခိုက်မှုများက ချက်ချင်းပင် အတင်းအကျပ် တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။
လီခွန်း၏ စိတ်ထဲတွင် ချက်ချင်း အံ့အားသင့်သွားသော်လည်း မျက်နှာအမူအရာတွင်မူ လှောင်ပြောင်သည့် အရိပ်အယောင်များ အပြည့်ဖြစ်နေသည်။
"ငတုံးတွေ... တကယ့် ငတုံး တစ်အုပ်ပဲ... မင်းတို့တွေ ရေဓာတ် အစွမ်းကို ဆုံးဖြတ်ချက်ချပြီး ယူလိုက်တာက... ဦးနှောက်ထဲကိုပါ ရေတွေ ဝင်သွားပြီ ထင်တယ်"
"ဘယ်က ခွေးချေး ဆရာလင်း လဲ... မင်းတို့က ဒါ ဘယ်သူ့ရဲ့ နယ်မြေလဲ ဆိုတာကို မကြည့်ကြဘူးလား"
"မင်းတို့ ငါ့ကို အနိုင်ရပြီး ဖမ်းမိသွားရင်တောင်... ဘာလုပ်နိုင်မှာလဲ"
"ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့သာ ရောက်လာရင်... မင်းတို့ရဲ့ ဆရာလင်းပဲ ဖြစ်ဖြစ်၊ ဆရာမှောင်ပဲ ဖြစ်ဖြစ်... အသက်ရှင်ဖို့ လမ်းရှိဦးမယ် ထင်နေလား"
"ဒီနေရာက... မြူခိုးမြို့တော်သခင်ရဲ့ မြူခိုးမြို့တော်ပဲ... ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ရဲ့ ကမ္ဘာပဲ... မင်းတို့က တကယ်ကို တုံးအလွန်းတဲ့ ငတုံး တစ်အုပ်ပဲ"
"လက်လျှော့လိုက်စမ်းပါ... လက်နက်ချ အရှုံးပေးလိုက်... ငါက ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ရှေ့မှာ မင်းတို့အတွက် တောင်းပန်ပေးပြီး... အသက်ရှင်ခွင့် ပေးခိုင်းမယ်"
"ငါတို့ လီကျန့် ကြေးစားတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို မင်းတို့ သိသင့်တယ်... ငါက ခေါင်းဆောင်ပဲ... ကတိတည်တယ်... ဘယ်လိုလဲ"
ကျန်းဟန်လျန်တို့ အဖွဲ့ကမူ စိတ်ထဲတွင် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။ သူတို့က စိတ်မဝင်စား၍ မဟုတ်ဘဲ သူတို့တွင် တကယ်ကို ဆုတ်လမ်း မရှိတော့သောကြောင့် ဖြစ်သည်။
ထိုအချိန်မှာပင် လူရိပ်တစ်ခုက မြေအောက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဟက်ဟက်... ငါ ကြည့်ရသလောက်တော့ စဉ်းစားကြည့်လို့ ရပါတယ်"
လင်းယွမ်က ခပ်ဟဟ ပြုံးရင်း လူအများရှေ့တွင် ပေါ်လာခဲ့သည်။
"ဆရာလင်း"
"ဆရာလင်း ရောက်လာပြီ"
ကျန်းဟန်လျန်တို့ အဖွဲ့က ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။
လင်းယွမ်က သူတို့ကို ဂရုမစိုက်ဘဲ တစ်ကိုယ်လုံး မီးတောက်များ လောင်ကျွမ်းနေသော မီးချီလင်းကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။ "လီခွန်း... မင်းပြောတဲ့ ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့က... ဘယ်လောက်ကြာမှ ရောက်လာမှာလဲ"
"မင်းက ဒီငတုံး တစ်အုပ်ရဲ့ ခေါင်းဆောင်လား"
မီးချီလင်းက ရေနဂါး၏ ပိတ်ဆို့မှုကို ဆက်လက် ဖောက်ထွက်ခြင်း မပြုတော့ဘဲ လင်းယွမ်ကို လှည့်ကြည့်လိုက်ရာ မျက်လုံးများထဲတွင် အံ့သြသံသယဖြစ်သည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
ဤလူကို သူ မသိပေ။
လင်းယွမ်က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။ "ခေါင်းဆောင်လား... အင်း... ဒီလိုပြောလို့လည်း ရတာပါပဲ"
"လင်းယွမ်... မင်းလို လူမျိုးကို ငါ တစ်ခါမှ မကြားဖူးဘူး... မင်းက ဘယ်သူလဲ"
ဆက်ရန်...