← Chapters

အခန်း (၄၀၉-၄၁၀)

Vol. 21 Ch. 409-410

အခန်း (၄၀၉-၄၁၀)

Vol. 21 Ch. 409-410

အပိုင်း(၄၀၉) ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့သို့ မဝင်ရောက်ရသည့် အကြောင်းရင်း

"ငါက ဘယ်သူလဲ ဟုတ်လား... ဟက်ဟက်... ဒီကိစ္စကို မင်း သိစရာ မလိုပါဘူး"

"ကျန်းဟန်လျန်... မင်းတို့ တခြားလူတွေကို သွားရှင်းလိုက်ကြ"

ကျန်းဟန်လျန်က မနေနိုင်ဘဲ ပြောလိုက်သည်။ "ဆရာလင်း သတိထားနော်... သူက တော်တော်လေး ကိုင်တွယ်ရ ခက်တယ်"

လင်းယွမ်က ချက်ချင်း ရယ်မောလိုက်ပြီး "မင်းတို့အတွက် ကိုင်တွယ်ရ ခက်ချင်ခက်မယ်... ငါ့အတွက်ကတော့ လက်တစ်ဖက်တည်းနဲ့ ရှင်းလို့ရတဲ့ ကိစ္စလေးပါ"

"မောက်မာလိုက်တာ"

လီခွန်းမှာ ချက်ချင်း ဒေါသပေါက်ကွဲသွားပြီး သူ၏ တစ်ကိုယ်လုံးရှိ မီးတောက်များက အဆမတန် ပြင်းထန်စွာ တောက်လောင်လာတော့၏။

နောက်တစ်ခဏတွင် သူက မြေပြင်ကို အားကုန် ဆောင့်နင်းလိုက်ရာ နှင်းပြင်တစ်ခုလုံး ချက်ချင်း မည်းတူးသွားလေသည်။

မီးချီလင်း သတ္တဝါကြီး၏ ခန္ဓာကိုယ်က လင်းယွမ်ဆီသို့ ရူးသွပ်စွာ ဝင်တိုက်လာခဲ့သည်။

အကယ်၍သာ ကျန်းဟန်လျန်တို့ လူစုဖြစ်ပါက ဤကဲ့သို့ ဝင်တိုက်မှုကို ရင်ဆိုင်ရချိန်တွင် ရေနဂါးကို အားလုံး ပူးပေါင်းဖန်တီးပြီး ခုခံကာကွယ်ရမည်မှာ အသေအချာပင်။

သို့သော် လင်းယွမ်ကမူ ခပ်ဟဟသာ ရယ်မောလိုက်ပြီး သူ၏ တစ်ကိုယ်လုံးရှိ ရွှေကြေးခွံချပ်ဝတ် များက ချက်ချင်း လင်းလက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူက လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးတောက်နှစ်ခုက တောက်လောင်လာတော့၏။

"ဝုန်း"

လူနှစ်ယောက်က ချက်ချင်းပင် ပြင်းထန်စွာ ဝင်တိုက်မိသွားကြသည်။

ချက်ချင်းဆိုသလိုပင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။

မြေကြီးများ တုန်ခါသွားပြီး မြေပြင်ပေါ်တွင် နင်းထားသော လင်းယွမ်၏ ခြေထောက်နှစ်ဖက်မှာ ထိုဝင်တိုက်မှု အရှိန်ကြောင့် ချက်ချင်းပင် မြေကြီးထဲသို့ ချိုင့်ဝင်သွားသည်ကို မြင်လိုက်ရ၏။

အေးခဲမာကျောနေသော မြေပြင်မှာ အက်ကွဲသွားပြီး ရေခဲစများ အရပ်မျက်နှာအနှံ့ လွင့်စင်သွားတော့သည်။

သို့တိုင်အောင် သူက နောက်သို့ တစ်လှမ်းမျှ မဆုတ်ခဲ့ပေ... တစ်ကိုယ်လုံးရှိ ရွှေချပ်ဝတ်များ တုန်ခါနေပြီး မီးတောက်များ မည်မျှပင် တောက်လောင်နေပါစေ... တိုက်ခိုက်မှု အရှိန်က မည်မျှပင် ပြင်းထန်ပါစေ... လင်းယွမ်၏ ခန္ဓာကိုယ်ကို တစ်လက်မလေးမျှပင် ရွေ့လျားသွားအောင် မလုပ်နိုင်ခဲ့ချေ။

ဧရာမ ရွှေကြေးခွံချပ်ဝတ်ကြီးက အဆက်မပြတ် တုန်ခါမြည်ဟည်းနေပြီး ခလောက်မြွေ၏ အကြေးခွံများကဲ့သို့ ချွင်ချွင်မြည်သံများ ထွက်ပေါ်နေလေသည်။

မီးချီလင်း အသွင်ပြောင်းထားသော လီခွန်းမှာ ခေါင်းကွဲထွက်မတတ် နာကျင်မှုကို ခံစားလိုက်ရပြီး သူ ဝင်တိုက်မိလိုက်သည်မှာ လူတစ်ယောက် မဟုတ်ဘဲ တောင်ကြီးတစ်လုံးကို ဝင်တိုက်မိလိုက်သကဲ့သို့ ခံစားလိုက်ရ၏။

လင်းယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ သွေးသားများက ဆူပွက်နေပြီး မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်နေသည်။

သူက လီခွန်း၏ ချီလင်းချိုကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်လိုက်ပြီးနောက် ကျန်းဟန်လျန်တို့၏ အံ့သြထိတ်လန့်နေသော အကြည့်များအောက်တွင် အားကုန်သုံး၍ အပေါ်သို့ ဆွဲမလိုက်လေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မီးချီလင်းကြီး တစ်ကောင်လုံး၏ ခန္ဓာကိုယ်က လေပေါ်သို့ မြောက်တက်သွားတော့၏။

လင်းယွမ်က မြေပြင်ကို ခြေဖြင့် ဆောင့်ကန်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က လေထဲသို့ ပျံတက်သွားသည်။

မီးတောက်များ လောင်ကျွမ်းနေသော မီးချီလင်းကြီးကို ဆွဲမထားရင်း ကောင်းကင်ယံမှနေ၍ ပခုံးကျော် လွှဲပေါက်ကာ မည်းတူးနေသော မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ရိုက်ချလိုက်လေသည်။

"ဝုန်း"

မီးချီလင်းကြီးမှာ မီးလောင်နေသော ဥက္ကာပျံတစ်လုံးအလား မြေကြီးထဲသို့ ပြင်းထန်စွာ ရိုက်သွင်းခံလိုက်ရတော့၏။

မြေကြီးများ တုန်ခါမြည်ဟည်းသွားပြီး ဧရာမ တွင်းကြီးထဲမှ မီးခိုးလုံးများ လိမ့်တက်လာကာ ညည်းတွားသံများနှင့်အတူ ထိုတွင်းနက်ကြီးထဲမှ ထွက်ပေါ်လာလေသည်။

လင်းယွမ်က လက်ကို ခါလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "မီးနဲ့ ကစားတဲ့နေရာမှာ မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး... ခွန်အားချင်း ယှဉ်မယ်ဆိုရင်လည်း မင်းက ငါ့ပြိုင်ဘက် မဟုတ်သေးဘူး"

"ကျန်းဟန်လျန်... ဘာကြောင်နေတာလဲ... ကြိုးတုပ်လိုက်လေ"

လင်းယွမ်က ကြက်သေသေနေသော ကျန်းဟန်လျန်တို့ကို တစ်ချက် ကြည့်လိုက်ပြီး သတိပေးလိုက်သည်။

ကျန်းဟန်လျန်မှာ ချက်ချင်း လန့်ဖြန့်သွားပြီး သတိပြန်ဝင်လာခဲ့၏။

သူ၏ စိတ်ထဲတွင် လင်းယွမ်၏ စွမ်းအားအပေါ် အဆုံးအစမဲ့ အထင်ကြီးလေးစားသွားပြီး သူ၏ ဝဝဖိုင့်ဖိုင့် မျက်နှာပေါ်တွင် မျက်နှာချိုသွေးသော အပြုံးတစ်ခု ပေါ်လာကာ "ဟုတ်ကဲ့ပါ ဆရာလင်း" ဟု ပြောလိုက်သည်။

ထို့နောက် သူက ခေါင်းလှည့်ကာ "အားလုံး ဝိုင်းလိုက်ကြ" ဟု အော်ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူတို့က ရေစီးကြောင်းများကို ထိန်းချုပ်ကာ ဝှစ်ခနဲ အသံနှင့်အတူ တွင်းနက်ကြီးထဲသို့ ဝင်ရောက်သွားကြတော့၏။

မကြာမီမှာပင် တွင်းနက်ကြီးထဲမှ မီးခိုးများ ငြိမ်းအေးသွားပြီး လီခွန်းမှာလည်း ပြည့်လျှံလာသော ရေများနှင့်အတူ ရေပေါ်သို့ ပေါ်လာခဲ့သည်။

ယခုအချိန်တွင် သူက မီးချီလင်း အသွင်ပြောင်းလဲမှုကို လုံးဝ ထိန်းသိမ်းမထားနိုင်တော့ဘဲ စောစောစီးစီးကတည်းက အဝတ်အစားမဲ့လျက် လူသားအသွင်သို့ ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ကျန်းဟန်လျန်က လီခွန်းကို စွမ်းအင်ချိတ်ပိတ်လက်ထိတ် အမြန် ခတ်လိုက်ရာ ချက်ချင်းပင် လီခွန်းမှာ မည်သည့် ခုခံနိုင်စွမ်းမျှ မရှိတော့ချေ။

လင်းယွမ်က မြေပြင်သို့ ဆင်းသက်လာပြီး လျှောက်လာခဲ့သည်။

စိတ်စွမ်းအင်များကို အသံတိတ် ထုတ်လွှတ်လိုက်ပြီး ကပ်ပါးမျိုးစေ့ တစ်ခုကို တစ်ဖက်လူ၏ စိတ်ပင်လယ်ထဲသို့ ထည့်သွင်းလိုက်လေ၏။

ကျန်းဟန်လျန်က "ဆရာလင်း... ဖမ်းမိပါပြီ" ဟု ပြောလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး "မင်း လူတွေခေါ်ပြီး လီကျန့် ကြေးစားတပ်ဖွဲ့က တခြားလူတွေကို သွားရှင်းလိုက်... ဆယ်မိနစ်လောက်ဆို လောက်လား"

"လောက်ပါတယ်... လောက်ပါတယ်... လီကျန့် ကြေးစားတပ်ဖွဲ့မှာ လီခွန်းကလွဲရင် ကျန်တဲ့သူတွေက ပြောပလောက်စရာ မရှိပါဘူး" ဟု ကျန်းဟန်လျန်က သူ၏ သစ္စာရှိမှုကို အလျင်အမြန် ပြသလိုက်သည်။

လင်းယွမ်က လက်ဝှေ့ယမ်းပြလိုက်ပြီး သူ့ကို အလျင်အမြန် အဆုံးသတ်ရန် ခိုင်းလိုက်၏။

ကြေးစားတပ်ဖွဲ့ကြီး သုံးခု၏ ခေါင်းဆောင်များ အဖမ်းခံလိုက်ရသည်နှင့်အမျှ ကျန်ရှိနေသော ကြေးစားတပ်ဖွဲ့ဝင်များက သင်္ဘောခေါင်းဆောင်များအပေါ် မည်သည့် ခြိမ်းခြောက်မှုမှ မပေးနိုင်တော့သည်မှာ အမှန်ပင် ဖြစ်သည်။

ဤသင်္ဘောခေါင်းဆောင်များ၏ စွမ်းအင်ကလည်း မသေးလှပေ၊ သူတို့က ကုန်းပေါ်တက်ပြီး ကြေးစားတပ်ဖွဲ့ မတည်ထောင်ရသည့် အကြောင်းရင်းမှာ...

ပထမအချက်က သူတို့၏ သင်္ဘောများကို မစွန့်လွှတ်နိုင်၍ ဖြစ်ပြီး၊ ဒုတိယအချက်က ဤကြေးစားတပ်ဖွဲ့ သုံးခု၏ နောက်ကွယ်ရှိ မြူရေခဲမြို့တော်ကို ကြောက်ရွံ့နေသောကြောင့် ဖြစ်လေသည်။

လင်းယွမ်က လီခွန်းကို ကြည့်ကာ မေးလိုက်သည်။ "မြူရေခဲမြို့တော် အကြောင်း ငါ့ကို ပြောပြစမ်း"

"ဟက်ဟက်... မင်း တကယ် အစွမ်းထက်တာကိုတော့ ဝန်ခံပါတယ်... ဒါပေမဲ့ ဒီလောက်နဲ့ ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ကို အနိုင်ယူနိုင်မယ်လို့ မင်း ထင်နေတာလား"

လီခွန်း၏ မျက်နှာအမူအရာက အားနည်းနေသော်လည်း မည်သည့် စိတ်ပျက်အားငယ်သည့် အရိပ်အယောင်မျှ မရှိဘဲ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခုကိုပင် ချိတ်ဆွဲထားသေးသည်။

လင်းယွမ်ကလည်း အလောတကြီး မလုပ်ဘဲ မေးလိုက်၏။ "အော်... ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့က အဲဒီလောက်တောင် အစွမ်းထက်တာလား"

"နွားခြေရာခွက်ထဲက ဖားသူငယ်... ဘယ်ညာ တပ်မှူးနှစ်ယောက်ရဲ့ စွမ်းအားကို မင်း ဘယ်လိုလုပ် သိနိုင်မှာလဲ"

"စောင့်နေလိုက်... ခဏနေရင် ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ ရောက်လာလိမ့်မယ်... အဲဒီအချိန်ကျရင် မင်းတို့ထဲက တစ်ယောက်မှ ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး"

"ဒီနေရာက မြို့တော်သခင်ရဲ့ မြူခိုးမြို့တော်ပဲ... ဘယ်သူလာလာ အသုံးမဝင်ဘူး"

လင်းယွမ်က ခပ်ဟဟ ရယ်မောလိုက်ပြီး ဂရုမစိုက်စွာဖြင့် "မင်းက သူတို့အပေါ် တော်တော် ယုံကြည်မှု ရှိနေတာပဲ... ဟက်ဟက်... ထားလိုက်ပါတော့... ဒီလိုဆိုမှတော့ ငါ မင်းကို ဆက်မမေးတော့ဘူး... ဘာပဲဖြစ်ဖြစ် လူတွေ ဒီလောက် အများကြီး ရှိနေတာ... ဘယ်သူ့ကို မေးမေး အတူတူပါပဲ" ဟု ပြောလိုက်သည်။

လီခွန်းက လင်းယွမ်ကို ဒေါသတကြီး စိုက်ကြည့်ကာ "မင်း ဇာတ်သိမ်း မလှပါဘူးကွာ" ဟု ပြောလိုက်၏။

"ငါ ဇာတ်သိမ်း လှမလှ ဆိုတာက ပြောရခက်ပါတယ်... ဒါပေမဲ့ မင်းက အပိုစကား တစ်ခွန်း ထပ်ပြောကြည့်... လူတိုင်းရှေ့မှာ မင်းရဲ့ သွားတွေကို အရင်ဆုံး ရိုက်ချိုးပစ်မယ်" လင်းယွမ်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

"မင်း..."

လီခွန်းက အလွန်အမင်း ဒေါသထွက်သွားသော်လည်း တကယ်ကို ဆက်ပြီး ပြန်မပြောရဲတော့ချေ။

သူ သေရမှာကို ကြောက်လို့ မဟုတ်ဘဲ ဒီလောက် လူအများကြီးရှေ့မှာ အရှက်ကွဲရမှာကို ကြောက်သောကြောင့် ဖြစ်သည်။

အကယ်၍သာ ဤအရှက်ကို ကွဲသွားပါက ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့က ရောက်လာပြီး သူ့ရှေ့မှ ဤရေမျောက်ဝံများကို အနိုင်ယူပေးခဲ့လျှင်တောင် သူက နောင်တစ်ချိန်တွင် လက်အောက်ငယ်သားများရှေ့၌ မျက်နှာပြရဲတော့မည် မဟုတ်ပေ။

ထို့ကြောင့် သူက ဒေါသထွက်နေသယောင် ဟန်ဆောင်ကာ ဒေါသတကြီးဖြင့် ပါးစပ်ကို ပိတ်ထားလိုက်ပြီး ဤနည်းဖြင့် သူ၏ ကိုယ်ပိုင်ဂုဏ်သိက္ခာကို ခေါင်းမာမာဖြင့် ထိန်းသိမ်းထားလိုက်တော့သည်။

လင်းယွမ်က ဤကဲ့သို့ ကိုယ့်ကိုယ်ကိုယ် လှည့်စားကာ အတ္တကြီးနေသူကို ဂရုစိုက်စရာ အကြောင်းမရှိပေ၊ ခဏအကြာတွင် ဟိုဘက်ရှိ ဟွမ်မင်ခိုင်မှာလည်း လီချုံမင် ပြောင်းလဲထားသော ပြဒါးငွေ့များကြောင့် အဆိပ်သင့်ကာ မြေပြင်ပေါ်သို့ လဲကျသွားလေပြီ။

ဤအချိန်တွင်တော့ ကြေးစားတပ်ဖွဲ့ကြီး သုံးခု၏ ခေါင်းဆောင်များ အားလုံး အဖမ်းခံလိုက်ရပြီး လင်းယွမ်၏ ရှေ့မှောက်သို့ ဖမ်းဆီးခေါ်ဆောင်လာခြင်း ခံလိုက်ရသည်။

ကြေးစားတပ်ဖွဲ့ကြီး သုံးခု၏ တပ်ဖွဲ့ဝင် အများစုမှာလည်း အဖမ်းခံလိုက်ရပြီး အနည်းငယ်ကသာ အခွင့်ကောင်းယူကာ မြူခိုးတောအုပ်ထဲသို့ ထွက်ပြေးလွတ်မြောက်သွားကြသည်။

လင်းယွမ်ကလည်း လူလွှတ်ပြီး လိုက်မဖမ်းတော့ပေ၊ ထွက်ပြေးသွားရင်လည်း ပြေးပါစေတော့။

ထို မြူခိုးတောအုပ်ထဲတွင် အသက်ရှင်ကျန်ရစ်သူ အများအပြား ရှိနေသေးမည်ဟု ခန့်မှန်းရပြီး သူ၏ ပစ်မှတ်က ဤလူများ မဟုတ်ချေ။

ယခုအချိန်တွင် နှင်းပြင်ပေါ်၌ ကြေးစားတပ်ဖွဲ့ကြီး သုံးခု၏ အဖွဲ့ဝင်များက အတန်းလိုက် ဒူးထောက်နေကြသည်။

အရှေ့ဆုံးတွင်တော့ သဘာဝကျစွာပင် ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် သုံးယောက် ဖြစ်ပေသည်။

လူသုံးယောက်လုံး စွမ်းအင်ချိတ်ပိတ်လက်ထိတ်များ ခတ်ခံထားရပြီး ကပ်ပါးမျိုးစေ့များလည်း ထည့်သွင်းခံထားရသည်။

ကျန်းဟန်လျန်က ဖားတတ်သော တပည့်တစ်ယောက်ကဲ့သို့ လင်းယွမ်အတွက် ထိုင်ခုံတစ်လုံးကို သယ်လာပေးလေ၏။

လင်းယွမ်က အားနာမနေတော့ဘဲ ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး လူအများကို မှာကြားလိုက်သည်။ "အားလုံး ဒီနေရာမှာပဲ ခဏ နားကြ... ခဏနေရင် ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ ရောက်လာနိုင်တယ်"

သင်္ဘောခေါင်းဆောင် အများအပြားက ကြေးစားတပ်ဖွဲ့ကြီး သုံးခုကို အနိုင်ရလိုက်သည့် ပျော်ရွှင်မှုထဲတွင် နစ်မြောနေကြဆဲ ဖြစ်သော်လည်း ဤစကားကို ကြားလိုက်ရချိန်တွင် အားလုံး၏ မျက်နှာများက ချက်ချင်း ပြောင်းလဲသွားကြတော့၏။

"ဘာ... ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ ရောက်လာတော့မယ်"

"ဘယ်သူက သတင်းပေါက်ကြားသွားတာလဲ... ဘယ်လိုလုပ် ဒီလောက် မြန်ရတာလဲ"

"ဆရာလင်း... ဒါဆို ဘယ်လိုလုပ်ကြမလဲ"

......

သင်္ဘောခေါင်းဆောင် အတော်များများ၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်နေသော အရိပ်အယောင်များ ပေါ်လာပြီး သူတို့က ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ကို အလွန် ကြောက်ရွံ့နေကြကြောင်း သိသာထင်ရှားလှသည်။

ကျိုးဝမ်ရှီးတို့ လူစုပင်လျှင် လေးနက်တည်ကြည်ကာ စိုးရိမ်ပူပန်နေသော အရိပ်အယောင်များကို ပြသနေကြသည်။

ယခင်က သူတို့ကို မြူခိုးတောအုပ်အား တိုက်ခိုက်ခိုင်းပြီး ကြေးစားတပ်ဖွဲ့ကြီး သုံးခုကို ရင်ဆိုင်ရချိန်ကပင် ဤမျှလောက်အထိ ထိတ်လန့်တုန်လှုပ်ခြင်း မရှိခဲ့ကြပေ။

လင်းယွမ်က စိတ်ထဲတွင် အံ့သြသွားမိသည်... ကြည့်ရသည်မှာ ဤလူများ၏ အမြင်တွင် ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့က တကယ်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေပုံရသည်။

"ကျိုးဝမ်ရှီး... မင်းတို့က ဒီရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ကို အရမ်း ကြောက်ကြတာလား" လင်းယွမ်က မေးလိုက်သည်။

ကျိုးဝမ်ရှီး၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အလျင်အမြန် ပြောလိုက်သည်။ "ဆရာလင်း... ဆရာလင်း မသိလို့ပါ... ဒီရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့က မြူရေခဲမြို့တော်ရဲ့ အင်အားအကြီးဆုံး အဖွဲ့အစည်းပဲ... မြို့တော်သခင်က တိုက်ရိုက် အုပ်ချုပ်ပြီး မြို့တော်သခင်ရဲ့ တိုက်ရိုက် ညွှန်ကြားမှုကို နာခံတာပါ"

"အဓိကက... ကျွန်တော် ကြားထားတာက ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ရဲ့ တပ်မှူးနှစ်ယောက်က မျိုးရိုးဗီဇမျိုးစေ့ကို ကျော်လွန်ပြီး မျိုးရိုးဗီဇမြေပုံကို ပုံဖော်နိုင်ခဲ့ကြပြီတဲ့"

လင်းယွမ်က ဤစကားကို ကြားသောအခါ ချက်ချင်း မျက်ခုံးပင့်လိုက်မိပြီး လေးနက်တည်ကြည်သော အရိပ်အယောင် အနည်းငယ် ပေါ်လာခဲ့သည်။

အကယ်၍ မြူခိုးမြို့တော်ထဲတွင် သူ့ကို အကြောက်တရား ဖြစ်စေနိုင်သူ ရှိသေးသည်ဆိုပါက...

ယုံမှားသံသယဖြစ်ဖွယ် မရှိ... ဤကဲ့သို့ မျိုးရိုးဗီဇမျိုးစေ့ကို ဖန်တီးနိုင်ပြီး မျိုးရိုးဗီဇမြေပုံ ရေးဆွဲသည့် အဆင့်သို့ ရောက်ရှိနေသော အစွမ်းပိုင်ရှင်များကသာ သူ၏ ပြိုင်ဘက်ကောင်းများ ဖြစ်ပေလိမ့်မည်။

သေချာသည်ကတော့ လင်းယွမ်က သတိထားနေခြင်းသာ ဖြစ်ပြီး လုံးဝ ကြောက်ရွံ့နေမည်တော့ မဟုတ်ချေ။

ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင်လည်း မျိုးရိုးဗီဇမျိုးစေ့ကို ဖန်တီးပြီး မျိုးရိုးဗီဇမြေပုံကို စတင် ရေးဆွဲနေပြီ မဟုတ်ပါလော။

အဓိကကတော့ သူ၏ အခြေခံ အရည်အသွေး လေးမျိုးစလုံးက မျှတစွာ ဖွံ့ဖြိုးတိုးတက်နေပြီး အားနည်းချက် မရှိခြင်းပင်။

သို့သော် အခြား မျိုးရိုးဗီဇမျိုးစေ့ကို ဖန်တီးနိုင်သော အစွမ်းပိုင်ရှင်များကတော့ ထိုသို့ ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။

သူတို့တွင် သိသာထင်ရှားသော အားနည်းချက်များ ရှိနေသရွေ့ မိမိက ပစ်မှတ်ထားပြီး တိုက်ခိုက်နိုင်မည် ဖြစ်သည်။

အစကတည်းက လင်းယွမ်သည် မိမိကိုယ်မိမိ ဘက်စုံစွမ်းရည်ပြည့်ဝသော စစ်သည်တော်တစ်ယောက်အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ စွမ်းအားများ အဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ ဤဘက်စုံစွမ်းရည်ပြည့်ဝသော စစ်သည်တော်၏ အားသာချက်များက စိတ်ကူးထက်ပင် ပိုမို သာလွန်လာခဲ့ပြီ ဖြစ်သည်။

"ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ အကြောင်း ငါ့ကို ပြောပြစမ်း" ဟု လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။

ကျန်းဟန်လျန်က အလျင်အမြန် ပြောလိုက်သည်။ "ဆရာလင်း... ကျွန်တော် သိထားတာလည်း သိပ်မများပါဘူး... အရင်က မြူရေခဲမြို့တော်ထဲ ဝင်ခဲ့ဖူးတုန်းက တခြားလူတွေ ပြောတာ ကြားခဲ့ရုံပါ"

"ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့မှာ တပ်မှူးနှစ်ယောက် ရှိတယ်... ဘယ်တပ်မှူးက ဟယ်ကျွင်း ဖြစ်ပြီး... ညာတပ်မှူးကိုတော့ ကျိလျန်လို့ ခေါ်တယ်"

"ဒီလူနှစ်ယောက်လုံးက မျိုးရိုးဗီဇမျိုးစေ့ကို ဖန်တီးနိုင်တဲ့ ကြောက်စရာကောင်းတဲ့ သူတွေချည်းပဲ"

"ဒါပေမဲ့ တကယ်တမ်း ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ ဆိုတာတော့ ကျွန်တော်လည်း သေချာ မသိဘူး... တခြားလူတွေ ပြောတာ ကြားရသလောက်ဆိုရင် ဒီမြူခိုးတောအုပ်ထဲမှာ သန္ဓေပြောင်း သတ္တဝါတွေ မရေမတွက်နိုင်အောင် ရှိနေပြီး... မြူခိုးတောအုပ်ထဲမှာ ဘယ်သူမှ ညအိပ် မနေရဲကြဘူးတဲ့"

"ဒါပေမဲ့ ဒီတပ်မှူးနှစ်ယောက်ကတော့ မြူခိုးတောအုပ်ထဲမှာ သက်တောင့်သက်သာနဲ့ လမ်းလျှောက်သွားလာနိုင်တယ်"

"တခြားလူတွေအတွက်တော့ မြူခိုးတောအုပ်ထဲက သန္ဓေပြောင်း သတ္တဝါတွေက ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပေမယ့် သူတို့အတွက်ကတော့ သူတို့ရဲ့ မွေးမြူရေးခြံနဲ့တောင် တူနေသေးတယ်"

"သူတို့ ဖြတ်သွားတဲ့ နေရာတိုင်းမှာ သန္ဓေပြောင်း သတ္တဝါတွေက အလွယ်တကူ အနားမကပ်ရဲကြဘူးလို့ ကြားရတယ်"

ထိုအချိန်တွင် ထန်တယ်ချန်ကလည်း ဝင်ပြောသည်။ "ကျွန်တော်လည်း ကြားဖူးတယ်... ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့မှာ ထူးခြားချက်တစ်ခု ရှိတယ်... သူတို့ရဲ့ တပ်ဖွဲ့ဝင် အထက်ပိုင်း အရာရှိတွေ အားလုံးနီးပါးက ရေခဲဓာတ် အစွမ်းပိုင်ရှင်တွေချည်းပဲ... သူတို့က တစ်နှစ်ပတ်လုံး ရေခဲမြေရိုင်းဒေသပေါ်မှာပဲ ကျင့်ကြံကြတာတဲ့"

"အဲ့ဒီ ရေခဲမြေရိုင်းဒေသရဲ့ အပူချိန်က မြူခိုးတောအုပ်ထက်တောင် ပိုအေးသေးတယ်... အပူချိန်က အနှုတ် ၄၀ ဒီဂရီ ဖာရင်ဟိုက် ကျော်လောက်အထိတောင် ရောက်တယ်လို့ ကြားရတယ်... သာမန်လူတွေ လုံးဝ အသက်မရှင်နိုင်ဘူး... အစွမ်းပိုင်ရှင်တွေတောင်မှ အဲဒီမှာ အချိန်အကြာကြီး နေဖို့ ခက်ခဲတယ်"

"ဒါပေမဲ့ အဲဒီ ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ထဲက လူအများစုကတော့ ရေခဲမြေရိုင်းဒေသပေါ်မှာပဲ လေ့ကျင့်ပြီး စခန်းချကြတာ"

"တစ်နှစ်ပတ်လုံး ရေခဲနဲ့ အအေးဒဏ်ကို ခံနိုင်ရည်ရှိအောင် လုပ်နေရတာက သူတို့ရဲ့ အစွမ်းတွေကို အဆမတန် တိုးတက်လာစေပြီး... စွမ်းအားကလည်း အရမ်း ကြောက်ဖို့ကောင်းတယ်"

ရှောင်မင်ထျန်ကလည်း ရုတ်တရက် ဝင်ပြောလိုက်သည်။ "ဆရာလင်း... ကျွန်တော် ကြားဖူးတာက ရေခဲမြေရိုင်းဒေသပေါ်မှာလည်း အလွန်အမင်း အစွမ်းထက်တဲ့ သန္ဓေပြောင်း သတ္တဝါတွေ ရှိနေတယ်တဲ့... မျိုးရိုးဗီဇမျိုးစေ့ကိုတောင် ဖန်တီးထားတဲ့ ကြောက်စရာကောင်းတဲ့ သန္ဓေပြောင်း သတ္တဝါတွေတောင် ရှိနိုင်တယ်လို့ ပြောကြတယ်"

"ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့က ရေခဲမြေရိုင်းဒေသမှာ စခန်းချနေရတဲ့ အကြောင်းရင်းက မျိုးရိုးဗီဇမျိုးစေ့ ဖန်တီးထားတဲ့ သန္ဓေပြောင်း သတ္တဝါတွေကို ကာကွယ်ဖို့အတွက်ပဲ... ဒါကြောင့် သူတို့ရဲ့ စွမ်းအားက တကယ်ကို အစွမ်းထက်လွန်းတာ"

လင်းယွမ်က ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားမိသည်။

တကယ်လို့ အဲ့လိုသာဆိုရင် ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့က မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်တွေကို ရင်ဆိုင်နိုင်တဲ့ စွမ်းအား တကယ်ပဲ ရှိနေတယ်ဆိုတဲ့ သဘော မဟုတ်ဘူးလား။

နောက်ပြီး... သူတို့ရဲ့ မျိုးရိုးဗီဇမျိုးစေ့က မျိုးရိုးဗီဇမျိုးစေ့ ဖန်တီးထားတဲ့ သန္ဓေပြောင်း သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲကနေများ ရလာတာ ဖြစ်နိုင်မလား။

"ဒီလူတွေကို အရင် ဆေးတိုက်လိုက်"

လင်းယွမ်က ပြတ်သားစွာ ဆုံးဖြတ်လိုက်ပြီး ထိုလူများကို "အဆိပ်ဆေး" ချက်ချင်း တိုက်ရန် ခိုင်းလိုက်သည်။

အရေးကြီးသည့် အချိန်တွင် ဤလူများကို အသုံးချကာ ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့၏ အင်အားကို ဖြုန်းတီးပစ်ရမည် ဖြစ်သည်။

ထိုသို့မဟုတ်ပါက မိမိတစ်ယောက်တည်းက ရေခဲချပ်ဝတ်စစ်သည် အများအပြားကို ရင်ဆိုင်ရမည်ဆိုလျှင်၊ အချိန်တန်သောအခါ သူတို့က မိမိကို မျိုးရိုးဗီဇမျိုးစေ့အဆင့် သန္ဓေပြောင်း သတ္တဝါတစ်ကောင်လို သဘောထားပြီး ဝိုင်းဝန်း သတ်ဖြတ်ခြင်း ခံလိုက်ရပါက ရယ်စရာ ဖြစ်သွားပေလိမ့်မည်။

ဤလူများက အချိန်ဆွဲပေးထားမည် ဆိုပါက မိမိအနေဖြင့် ထိုရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့၏ တပ်မှူးနှင့် တစ်ပွဲလောက် ယှဉ်တိုက်ကြည့်လိုက်သည်နှင့် တစ်ဖက်လူ၏ စွမ်းအားကို သိရှိနိုင်မည် ဖြစ်သည်။

လင်းယွမ် ယုံကြည်ထားသည်မှာ အကယ်၍ အနိုင်မရခဲ့လျှင်ပင် အေးအေးဆေးဆေး ထွက်သွားရန်မှာ ပြဿနာ ကြီးကြီးမားမား မရှိနိုင်ကြောင်းပင် ဖြစ်သည်။

သင်္ဘောခေါင်းဆောင်များက အဆိပ်ဆေးဟု ကြားလိုက်ရသောအခါ အားလုံး၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသော်လည်း မည်သူကမျှ အပိုစကား မပြောရဲကြပေ။

သူတို့က လင်းယွမ်ထံမှ အနက်ရောင် ဆေးလုံးငယ် အများအပြားကို အသီးသီး လာရောက်ယူဆောင်သွားကြပြီးနောက် ကြေးစားတပ်ဖွဲ့ကြီး သုံးခုမှ လူများကို အလျင်အမြန် အတင်းအကျပ် တိုက်ကျွေးကြတော့သည်။

ထို့နောက် လင်းယွမ်က လီခွန်း၊ ဟွမ်မင်ခိုင်နှင့် လီကျင်း သုံးယောက်ကို ကြည့်ကာ မေးလိုက်သည်။ "မင်းတို့ သုံးယောက်လုံးက အရင်တုန်းက ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ခဲ့ဖူးတယ်လို့ ငါ ကြားတယ်"

လူသုံးယောက်လုံး ဘာမှ ပြန်မပြောကြပေ။

လင်းယွမ်၏ မျက်လုံးများက အေးစက်သွားပြီး ပြောလိုက်သည်။ "အသုဘ မမြင်ရမချင်း မျက်ရည်မကျဘူးဆိုတာ ဒါမျိုးပဲ... ရေခဲချပ်ဝတ်စစ်သည်တွေ မလာခင်... ငါက မင်းတို့ကို အခါရှစ်ရာလောက် သတ်ဖို့ လုံလောက်တယ်ကွ"

သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သံချောင်းတစ်ချောင်းကို ဆွဲယူလိုက်ပြီးနောက် ဟွမ်မင်ခိုင်၏ ပေါင်ကြားသို့ ချိန်ရွယ်ကာ ပြောလိုက်သည်။ "ငါ မင်းကို မေးနေတယ်... မင်းတို့ ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့မှာ နေခဲ့ဖူးတာလား"

"ငါ တစ်ခေါက်ပဲ မေးမယ်... မပြောရင် မင်းရဲ့ အသက်သွေးကြောကို အရင်ဆုံး ရိုက်ချိုးပစ်မယ်"

"မင်းက တိုက်ကွက်တွေကို စုပ်ယူနိုင်တယ် မဟုတ်လား... ရိုက်ချိုးခံလိုက်ရတဲ့ အရာကိုရော မင်းပြုပြင်နိုင်မလား ဆိုတာ ငါ ကြည့်ချင်သေးတယ်"

ဟွမ်မင်ခိုင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး လင်းယွမ်အား အရှက်မရှိဟု စိတ်ထဲမှ ကျိန်ဆဲလိုက်ကာ မတတ်သာဘဲ ပြောလိုက်ရသည်။ "အားလုံးက လူမိုက်လောကမှာ ကျင်လည်နေကြတာပဲ... ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးစရာ မလိုပါဘူးကွာ"

နောက်နေတာလား... သူက အခု စွမ်းအင်ချိတ်ပိတ်လက်ထိတ်နဲ့ အခတ်ခံထားရလို့ အစွမ်းတွေကို အသက်သွင်းလို့မှ မရတော့တာ... ထိခိုက်ဒဏ်ရာတွေကို လုံးဝ စုပ်ယူလို့ မရတော့ဘူးလေ။

အောက်ပိုင်း ရိုက်ချိုးခံလိုက်ရပြီးတဲ့နောက်... သူက ဒဏ်ရာကို စုပ်ယူချင်ရင်တောင် ပြန်ကောင်းလာဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။

ဒါကြောင့် သူ အရမ်း ကြောက်နေမိသည်။

လင်းယွမ်က ချက်ချင်း ရယ်မောလိုက်သည်။ "မင်းလို လူမိုက်တစ်ယောက်က ငါ့ကို အောက်တန်းကျတဲ့အကြောင်း လာပြောနေတာလား"

"ဟွမ်မင်ခိုင်... မင်းရဲ့ ဟုန်ရှင်း ကြေးစားတပ်ဖွဲ့ရဲ့ နာမည်ဆိုးကို ငါလည်း စောစောကတည်းက ကြားဖူးပြီးသားပါ... အခုမှ ငါ့ကို အောက်တန်းကျတယ်လို့ လာပြောနေတာ... မင်း နည်းနည်း မျက်နှာပြောင်တိုက်လွန်းတယ်လို့ မထင်ဘူးလား"

"စကား မများနဲ့... ငါ မင်းကို နောက်ဆုံး အခွင့်အရေး ပေးမယ်... ငါ့မေးတာဖြေစမ်း"

ပြောရင်းဆိုရင်း လင်းယွမ်က လက်ထဲရှိ သံချောင်းကို အားကုန် ထိုးစိုက်လိုက်ရာ ဟွမ်မင်ခိုင်မှာ အောက်ပိုင်းမှ ပြင်းထန်သော နာကျင်မှုကို ချက်ချင်း ခံစားလိုက်ရသည်။

သူ ချက်ချင်း ပြာယာခတ်သွားပြီး သူ၏ ခံတပ်ထဲရှိ အထပ်တစ်ထပ်လုံး အပြည့်ရှိနေသော အလှလေးများနှင့် အမျိုးသမီးများကို တွေးမိကာ အလျင်အမြန် အော်ပြောလိုက်သည်။ "နေဦး... နေဦး... ငါ ပြောမယ်... ငါ ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ထဲ ဝင်ဖို့ ရွေးချယ်ခံခဲ့ရတာ အမှန်ပဲ... ဒါပေမဲ့ နောက်ပိုင်းကျတော့ ငါ နုတ်ထွက်ခဲ့တယ်"

"ဘာလို့ နုတ်ထွက်တာလဲ" လင်းယွမ်က မေးလိုက်သည်။

ဟွမ်မင်ခိုင်က ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး "တခြား နေရာပြောင်းပြီး ပြောလို့ ရမလား" ဟု မေးလိုက်သည်။

လင်းယွမ်က အေးစက်စွာဖြင့် "မင်း ဘယ်လို ထင်လဲ" ဟု ပြောလိုက်သည်။

ဟွမ်မင်ခိုင်မှာ မတတ်သာတော့ဘဲ တိုးညှင်းသော အသံဖြင့် ပြောလိုက်ရသည်။ "ဒီကိစ္စက မျိုးရိုးဗီဇမျိုးစေ့ရဲ့ လျှို့ဝှက်ချက်နဲ့ သက်ဆိုင်နေလို့... လူတွေ အများကြီးရှေ့မှာ ပြောဖို့ အဆင်မပြေလို့ပါ"

လင်းယွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်း မျက်ခုံးပင့်လိုက်မိပြီး ခဏမျှ စဉ်းစားကာ လိပ်ခွံစွမ်းအင်အကာအကွယ် ကို တိုက်ရိုက် ထုတ်လွှတ်လိုက်သည်။

ချက်ချင်းပင် လိပ်ခွံစွမ်းအင်အကာအကွယ်က သူတို့နှစ်ယောက်ကို လွှမ်းခြုံသွားပြီး အပြင်ဘက်မှ အသံများကို ကာကွယ်ပေးလိုက်သည်။

"ပြောတော့... ဒီအထဲမှာ အသံ အပြင်မထွက်နိုင်သလို စိတ်စွမ်းအင်နဲ့လည်း စူးစမ်းလို့ မရဘူး"

"ဒီသံချောင်းကို အရင် ဖယ်ပေးလို့ ရမလား"

လင်းယွမ်က အားကို အနည်းငယ် လျှော့ပေးလိုက်သည်။

ထိုအခါမှ ဟွမ်မင်ခိုင်က သက်ပြင်းတစ်ချက် ချနိုင်သွားပြီး ပြောလိုက်သည်။ "အစတုန်းက ငါ ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ထဲ ဝင်ဖို့ ရွေးချယ်ခံရပြီးတော့မှ သိလိုက်ရတာက... ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ထဲမှာ တကယ်တမ်း အထက်ပိုင်းကို ရောက်နိုင်တာက ရေခဲဓာတ် အစွမ်းပိုင်ရှင်တွေပဲ ဆိုတာကိုပဲ"

"တခြား အမျိုးအစား အစွမ်းပိုင်ရှင်တွေက ဘယ်လောက်ပဲ အစွမ်းထက်ထက်... ဘယ်လောက်ပဲ ပါရမီပါပါ... အပေါ်ကို တက်လှမ်းဖို့ ဆိုတာ မဖြစ်နိုင်သလို... ဒုတိယတပ်မှူးလို အထက်ပိုင်း ခေါင်းဆောင်မျိုး ဖြစ်လာဖို့ဆိုတာ ပိုပြီး မဖြစ်နိုင်ဘူး"

လင်းယွမ်က ထိုစကားကို ကြားသောအခါ "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။

"မျိုးရိုးဗီဇမျိုးစေ့ ကြောင့်ပဲ"

"မျိုးရိုးဗီဇမျိုးစေ့ ဟုတ်လား... ဘာအဓိပ္ပာယ်လဲ"

ဟွမ်မင်ခိုင်၏ မျက်နှာပေါ်တွင် သက်ပြင်းချသည့် အရိပ်အယောင်များ ပေါ်လာပြီး ပြောလိုက်သည်။ "ရေခဲမြေရိုင်းဒေသပေါ်မှာ မျိုးရိုးဗီဇမျိုးစေ့ကို ဖန်တီးနိုင်ပြီးသား သန္ဓေပြောင်း သတ္တဝါတွေ တကယ် ရှိနေတယ်"

"ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့က ဒီသန္ဓေပြောင်း သတ္တဝါတွေကို သတ်ဖြတ်ပြီး သူတို့ ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇမျိုးစေ့တွေကို ရယူကြတာ"

"ဒါပေမဲ့ ရေခဲမြေရိုင်းဒေသက သန္ဓေပြောင်း သတ္တဝါတွေက အရမ်း ထူးခြားတယ်... သူတို့ ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇမျိုးစေ့တွေက အမြဲလိုလို ရေခဲဓာတ် အစွမ်းနဲ့ ပတ်သက်နေတတ်တယ်"

"တခြား အမျိုးအစား အစွမ်းပိုင်ရှင်တွေက ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို ဖန်တီးဖို့ အရမ်း ခက်ခဲတယ်"

"တကယ်လို့ အတင်းအကျပ် ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို ဖန်တီးမယ်ဆိုရင် အချိန်ကုန် လူပန်းဖြစ်ရုံတင် မကဘူး... နောက်ပိုင်းမှာ ကိုယ်တိုင် နိုးထလာတဲ့ အစွမ်းနဲ့ ကိုက်ညီမှု မရှိတော့ဘဲ... အလားအလာ အရမ်း ညံ့ဖျင်းသွားပြီး ပြီးပြည့်စုံတဲ့ မျိုးရိုးဗီဇမြေပုံကို ရေးဆွဲဖို့ဆိုတာ အခြေခံအားဖြင့် အရမ်း ခက်ခဲသွားလိမ့်မယ်"

"ဒါကြောင့် ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့က ရေခဲဓာတ် အစွမ်းပိုင်ရှင်တွေကလွဲရင်... တခြားသူတွေကို အထက်ပိုင်း ခေါင်းဆောင်အဖြစ် အခြေခံအားဖြင့် လက်ခံလေ့ မရှိဘူး"

"တကယ်တမ်း ပြောရရင်... ငါပဲဖြစ်ဖြစ်... လီကျင်းပဲဖြစ်ဖြစ်... ဒါမှမဟုတ် လီခွန်းပဲဖြစ်ဖြစ်... အားလုံးက ဒါကြောင့်ပဲ ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ကနေ နုတ်ထွက်ခဲ့ကြတာ"

လင်းယွမ်က ထိုစကားကို ကြားသောအခါ... သူ့ရှေ့ရှိ ဤလူသုံးယောက်က စွမ်းအားမသေးဘဲနှင့် အဘယ်ကြောင့် ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့သို့ မဝင်ရောက်ခဲ့သနည်း ဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ... အကြောင်းရင်းက ဤနေရာတွင် ရှိနေသည်ကိုး။

ဆက်ရန်...

အပိုင်း(၄၁၀) ဟွမ်မင်ခိုင်အား စစ်ဆေးမေးမြန်းခြင်းနှင့် ရေခဲချပ်ဝတ်စစ်သည် ကျိန့်ယွင်

လင်းယွမ် မျက်မှောင်ကြုတ်သွား၏။

သတင်းကောင်းကတော့ ဤမြူခိုးမြို့တော် ရေပေါ်ကျွန်းပေါ်တွင် မျိုးရိုးဗီဇမျိုးစေ့များ တကယ်ရှိနေခြင်းပင်။

ထို့အပြင် နည်းလမ်းကလည်း ရိုးရှင်းပုံရကာ မျိုးရိုးဗီဇမျိုးစေ့ ပိုင်ဆိုင်ထားသော သန္ဓေပြောင်းသတ္တဝါများကို တိုက်ရိုက်သတ်ဖြတ်လိုက်ရုံဖြင့် ရနိုင်ပေသည်။

သို့သော် သတင်းဆိုးကမူ ဤမျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်းသတ္တဝါများအားလုံးမှာ ရေခဲဓာတ် သဘာဝများ ဖြစ်နေခြင်းပင်တည်း။

ရရှိလာမည့် မျိုးရိုးဗီဇမျိုးစေ့များကိုလည်း ရေခဲဓာတ် အစွမ်းပိုင်ရှင်များကသာ အသုံးပြုနိုင်မည် ဖြစ်သည်။

သူ အနည်းငယ် တိတ်ဆိတ်သွားမိပြီး ထိုက်ယန်တောင် တစ်တောင်လုံးတွင် ကျောက်ခိုင်တစ်ယောက်သာ ရေခဲဓာတ် အစွမ်းပိုင်ရှင် ရှိသည်ဟု တွေးမိလိုက်သည်။

ဪ... မဟုတ်သေးဘူး... ရန်မေကလည်း ရေခဲဓာတ် အစွမ်းပိုင်ရှင် စာရင်းဝင်တာပဲ။

ထို့အပြင် ရန်မေ၏ ရေခဲဓာတ်မှာ အနည်းငယ် ကွဲပြားပြီး ရေခဲနှင်းခဲ အစွမ်းများကို ထုတ်လွှတ်နိုင်ရုံသာမက သူမ၏ စိတ်စွမ်းအင်ကပင် ရေခဲနှင်းခဲ သဘာဝကို ဆောင်နေသေးသည်။

ကြည့်ရသည်မှာ ကျောက်ခိုင်၏ ရေခဲအစွမ်းထက် တစ်ဆင့်ပိုမြင့်နေပုံရ၏။

ထို့နောက် ရန်မေ၏ ခန္ဓာကိုယ်ထဲတွင် သူမကို လွှမ်းမိုးနေသော အခြား အသိစိတ်တစ်ခု ရှိနေသေးပုံပေါ်သည်။

လင်းယွမ်က အရင်က အိပ်ခန်းတွင်း သာယာမှုများမှတစ်ဆင့် ထိုအသိစိတ်ကို အကြိမ်ကြိမ် ဖိအားပေးခဲ့ဖူးသည်။

ရန်မေတစ်ယောက် သူ၏ ပြင်းထန်သော ထိုးစစ်များကို မခံနိုင်တော့သည့် အချိန်တိုင်း ထိုအသိစိတ်ကို ကိုယ်စားဝင်ခံပေးရန် အလိုအလျောက် ခွင့်ပြုပေးလေ့ရှိသည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုအသိစိတ်မှာ ထွက်ပေါ်လာရန် မဝံ့မရဲဖြစ်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

၎င်းမှာ မျိုးရိုးဗီဇ၏ မသိစိတ် သို့မဟုတ် ရန်မေ၏ ကိုယ်ရည်ကိုယ်သွေး အကွဲအပြားများ ဖြစ်နိုင်သည်ဟု လင်းယွမ်က သံသယရှိခဲ့ဖူး၏။

ထိုအသိစိတ် ထပ်မံ ပေါ်ထွက်မလာတော့သည့် နောက်ပိုင်းတွင်တော့ သူလည်း ဤကိစ္စကို မေ့မေ့ပျောက်ပျောက်ပင် ထားလိုက်တော့သည်။

ယခု ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ ကိစ္စနှင့် ပတ်သက်လာသောအခါ သူမနှင့် ကျောက်ခိုင်တို့ နှစ်ယောက်စလုံး အသုံးတည့်နိုင်မည်ဟု လင်းယွမ် တွေးမိသွားသည်။

"အမမေနဲ့ ကျောက်ခိုင်တို့က ငါ့လူယုံတွေပဲ... သူတို့ အရင်ဆုံး မျိုးရိုးဗီဇမျိုးစေ့ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်တာကလည်း ကောင်းပါတယ်... ဒီလိုဆိုရင် ထိုက်ယန်တောင်မှာ မျိုးရိုးဗီဇမျိုးစေ့အဆင့် ပညာရှင် အသစ်တွေ အထိုင်ချပြီးသား ဖြစ်သွားမှာပေါ့"

လင်းယွမ်၏ စိတ်ထဲတွင် အတွေးများ ဖြတ်ပြေးသွားပြီးနောက် ချက်ချင်းပင် မေးလိုက်သည်။ "အဲဒီ သန္ဓေပြောင်းသတ္တဝါတွေရဲ့ မျိုးရိုးဗီဇမျိုးစေ့က ဘယ်ကနေ ရလာတာလဲ"

ထိုစကားကို ကြားသောအခါ ဟွမ်မင်ခိုင် ကြောင်အမ်းသွားပြီး သူကိုယ်တိုင်လည်း ဤပြဿနာကို တစ်ခါမှ မစဉ်းစားဖူးသည့်ပုံ ပေါက်နေသည်။

"ကျွန်တော်... ကျွန်တော် မသိဘူးဗျ... သန္ဓေပြောင်းသတ္တဝါတွေက စောစောစီးစီးကတည်းက ရှိနေခဲ့တာလေ... ရေလွှမ်းမိုးဘေးကြီး စဖြစ်ကတည်းက ရေထဲမှာ သန္ဓေပြောင်းသတ္တဝါတွေ ရှိနေခဲ့တာပဲ"

"သူတို့ဆီကနေ ဘာလို့ မျိုးရိုးဗီဇမျိုးစေ့တွေ ထွက်ပေါ်လာနိုင်တာလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး"

လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ သန္ဓေပြောင်းသတ္တဝါများက လူသားများထက် ပို၍စောစွာ ဆင့်ကဲပြောင်းလဲခဲ့သည်မှာ အမှန်ပင်။

ယခုအချိန်အထိ ဆင့်ကဲပြောင်းလဲခြင်း၏ အရင်းအမြစ်က အတိအကျ ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ထို့ကြောင့် သန္ဓေပြောင်းသတ္တဝါများက မျိုးရိုးဗီဇမျိုးစေ့ကို အဘယ်ကြောင့် စုစည်းဖန်တီးနိုင်ပြီး လူသားများကမူ တိုက်ရိုက် မစုစည်းနိုင်ရသနည်း ဆိုသည်ကို လင်းယွမ်လည်း နားမလည်နိုင်ချေ။

လူသားတွေက မျိုးရိုးဗီဇမျိုးစေ့ကို တခြားနည်းလမ်းတွေကနေတစ်ဆင့် ရှာဖွေရယူနိုင်ရုံသာမကဘဲ ကိုယ်တိုင်လည်း မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းဖန်တီးနိုင်စွမ်း ရှိနေတာများလား။

လင်းယွမ်က လေးနက်စွာ စဉ်းစားခန်း ဝင်သွားပြီး ဖြစ်နိုင်ချေရှိသည်ဟု ယူဆလိုက်သည်။

သို့သော် အတိအကျ မည်သို့ နိုးထရမည် ဆိုသည်မှာမူ သီးသန့် နည်းလမ်းလျှို့ဝှက်ချက် ရှိပေလိမ့်မည်။

မျိုးရိုးဗီဇ နိုးထစေသည့် နည်းလမ်းများကဲ့သို့ပင် ဤအရာတွင်လည်း ပိုမို နက်ရှိုင်းသော မျိုးရိုးဗီဇ သတင်းအချက်အလက်များ ပါဝင်ပတ်သက်နေနိုင်ပေသည်။

"အစွမ်းတွေနဲ့ မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲတဲ့အပေါ် နားလည်ထားတာ အရမ်း နည်းလွန်းသေးတယ်... သုတေသနပြုဖို့ နမူနာတွေ အလုံအလောက်ရှိပြီး သီးသန့် သုတေသနဌာနတစ်ခု ဖွဲ့စည်းနိုင်မယ်ဆိုရင်တော့ ဒီအကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိလာနိုင်မှာပါ"

သူက ဟွမ်မင်ခိုင်ဘက်သို့ လှည့်ကြည့်ကာ ပြန်မေးလိုက်သည်။ "မျိုးရိုးဗီဇမျိုးစေ့ နိုးထထားတဲ့ သန္ဓေပြောင်းသတ္တဝါ တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ မျိုးရိုးဗီဇမျိုးစေ့ ဘယ်နှစေ့လောက် ရှိနိုင်လဲ"

ဟွမ်မင်ခိုင်က ထပ်မံ ကြောင်အမ်းသွားပြီး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "တစ်စေ့တည်း ရှိတာ မဟုတ်ဘူးလားဗျ"

"တစ်စေ့တည်းပဲ ရှိတယ်ဆိုတာ မင်းက ဘယ်လိုလုပ် သိတာလဲ... မင်း မြင်ဖူးလို့လား" လင်းယွမ်က ချက်ချင်း မေးလိုက်သည်။

ဟွမ်မင်ခိုင်က အလျင်အမြန် ခေါင်းယမ်းပြလိုက်သည်။ "ဟင့်အင်း... ကျွန်တော် မမြင်ဖူးပါဘူး... ကျွန်တော့်ဘာသာ ထင်လိုက်တာပါ"

"နေပါဦး... မျိုးရိုးဗီဇမျိုးစေ့ဆိုတဲ့ အရာက သန္ဓေပြောင်းသတ္တဝါ တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ အများကြီး ရှိနေနိုင်လို့လား"

လင်းယွမ်က ပြန်မဖြေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း မသိသောကြောင့်ပင်။

သူက အလွတ်သဘော မေးကြည့်ရုံသာ ဖြစ်သည်။

အကယ်၍ သန္ဓေပြောင်းသတ္တဝါ တစ်ကောင်၏ ခန္ဓာကိုယ်ထဲတွင် မျိုးရိုးဗီဇမျိုးစေ့ တစ်စေ့သာ ရှိမည်ဆိုပါက... လူသားများ မျိုးရိုးဗီဇမျိုးစေ့ နိုးထချင်လျှင် မျိုးရိုးဗီဇမျိုးစေ့ ပိုင်ဆိုင်ထားသော သန္ဓေပြောင်းသတ္တဝါ တစ်ကောင်ကို အရင်သတ်ရမည် ဆိုသည့် အဓိပ္ပာယ် သက်ရောက်မနေဘူးလား။

"ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ရဲ့ တပ်မှူးနှစ်ယောက်အကြောင်း ပြောပြစမ်း" သူက ရေခဲချပ်ဝတ်စစ်သည် တပ်မှူးများ အကြောင်းသို့ စကားပြောင်းကာ မေးမြန်းလိုက်သည်။

ဟွမ်မင်ခိုင်က သက်ပြင်းချရင်း ဆိုလိုက်သည်။ "ဆရာလင်းရာ... ဆရာလင်း အရမ်း အစွမ်းထက်တယ် ဆိုတာကို ကျွန်တော် ဝန်ခံပါတယ်... ကျွန်တော်က ဆရာလင်းရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး"

"ဒါပေမဲ့ ကျွန်တော် တကယ်ပဲ သတိပေးချင်တာက ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ဆိုတာ ဆရာလင်း ထင်ထားသလို ရိုးရှင်းတဲ့ အဖွဲ့မျိုး မဟုတ်ဘူးနော်"

"မျိုးရိုးဗီဇမျိုးစေ့ နိုးထထားတဲ့ တပ်မှူးနှစ်ယောက်ကို အသာထားဦး... ရေခဲချပ်ဝတ်စစ်သည်တွေထဲက ဘယ်သူပဲလာလာ သူတို့ရဲ့ စွမ်းရည်က ကျွန်တော့်ထက် ညံ့မှာ မဟုတ်ဘူး"

"ကျွန်တော့်လို အဆင့်မျိုးက ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ရဲ့ အခြေခံ ဝင်ခွင့်သတ်မှတ်ချက်ကိုပဲ ပြည့်မီတာဗျ"

"ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ တစ်ခုလုံးမှာ လူပေါင်း လေးဆယ့်ကိုးယောက်တောင် ရှိတာ... ဆရာလင်းက သူတို့ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"

"မြန်မြန် ထွက်ပြေးပါတော့ဗျာ... ခဏနေလို့ သူတို့ ရောက်လာရင် ဆရာလင်း သွားချင်ရင်တောင် တကယ် သွားလို့ရတော့မှာ မဟုတ်ဘူး"

ဟွမ်မင်ခိုင်က စေတနာရှေ့ထား၍ အကြံပေးနေသည့် အမူအရာမျိုးကို ဖော်ပြလိုက်သည်။

သို့သော် လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်ပြီး "အချိန်ဆွဲနေတာလား... ဘယ်လိုလဲ... မင်းကရော ရေခဲချပ်ဝတ်စစ်သည်တွေကို အကြောင်းကြားဖို့ လူလွှတ်လိုက်ပြီလား"

ဟွမ်မင်ခိုင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး လက်မြှောက်အရှုံးပေးသည့်ဟန်ဖြင့် ပြောလိုက်သည်။ "ဆရာလင်းကလည်းဗျာ..."

"မင်းတို့ ခံတပ်သုံးခုကနေ လူလွှတ်လိုက်တာကို ငါ မြင်လိုက်တယ်... တစ်ယောက်က ပျံနိုင်တယ်၊ တစ်ယောက်က မြေလျှိုးနိုင်တယ်၊ နောက်တစ်ယောက်က အရိပ်အစွမ်းပိုင်ရှင်ပဲ"

ဟွမ်မင်ခိုင်၏ သူငယ်အိမ်များ ချက်ချင်း ကျုံ့ဝင်သွားပြီး သူ လုံးဝ စကားဆွံ့အသွားကာ မနေနိုင်ဘဲ မေးလိုက်သည်။ "ခင်ဗျား... ခင်ဗျား မြင်လိုက်တယ်ပေါ့... သူတို့ကို ခင်ဗျား တားလိုက်တာလား"

လင်းယွမ်က တည်ငြိမ်စွာပင် ပြောလိုက်သည်။ "တားရမယ်... ဘာလုပ်ဖို့ သူတို့ကို တားရမှာလဲ... နာမည်ကြီးနေတဲ့ ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ဆိုတာနဲ့ ငါက ရင်ဆိုင်ကြည့်ချင်နေတာ"

"ကောလာဟလတွေထဲကလို သူတို့က တကယ်ပဲ အစွမ်းထက်နေသလားဆိုတာ ကြည့်ရသေးတာပေါ့"

ဟွမ်မင်ခိုင်က စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းသာသွားပြီး ဤလူမှာ သေရမှာကို မကြောက်သည့်သူဟု တွေးလိုက်မိသည်။

ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့သာ ရောက်လာလျှင် ဤလူမှာ သေချာပေါက် သေရမည်ဖြစ်ပြီး ထိုအချိန်ကျပါက မိမိကိုယ်တိုင် သူ့ကို လက်စားချေ သတ်ဖြတ်ပစ်မည်။

သူက ခေါင်းငုံ့ထားလိုက်ပြီး စိတ်ထဲတွင် ယုတ်မာရက်စက်သော အတွေးပေါင်းစုံ ဖြတ်ပြေးနေတော့သည်။

လင်းယွမ်က သူ၏ စိတ်တွင်းမှ အတွေးများကို မခန့်မှန်းနိုင်သော်လည်း သူက ကောင်းသည့်အကြံ အစည် ရှိမည်မဟုတ်ကြောင်းကိုတော့ ခန့်မှန်းနိုင်ပေသည်။

ထို့ကြောင့် တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။ "မြန်မြန်ပြောစမ်း... ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ရဲ့ ဘယ်၊ ညာ တပ်မှူးနှစ်ယောက်က ဘယ်လို စွမ်းရည်မျိုး ရှိကြတာလဲ"

ဟွမ်မင်ခိုင်က ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့၏ ကယ်ဆယ်ရေးကို စောင့်ဆိုင်းရင်း အချိန်ဆွဲရန်အတွက် ရေခဲချပ်ဝတ် တပ်မှူးနှစ်ယောက်၏ အခြေအနေကို အရှိအတိုင်း စတင် ပြောပြလေတော့သည်။

"ရေခဲချပ်ဝတ်စစ်သည် လေးဆယ့်ကိုးယောက်မှာ အစက တပ်မှူးတစ်ယောက်ပဲ ရှိတာဗျ... အဲဒါကတော့ ဘယ်တပ်မှူး ဟယ်ကျွင်း ပဲ"

"လွန်ခဲ့တဲ့ တစ်လလောက်က ရေခဲချပ်ဝတ်စစ်သည် ကျိလျန် က မျိုးရိုးဗီဇမျိုးစေ့ကို အောင်အောင်မြင်မြင် စုစည်းနိုင်ခဲ့ပြီး မြူခိုးမြို့တော်သခင်ရဲ့ ဆင့်ခေါ်တွေ့ဆုံမှုကို ခံခဲ့ရတယ်... အဲဒီနောက်ပိုင်းကစပြီး ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့မှာ ညာာတပ်မှူး တစ်ယောက် တိုးလာတာပဲ"

"သူတို့နှစ်ယောက်က တစ်ယောက်က ဘယ် တစ်ယောက်က ညာနဲ့ အခုဆိုရင် မြူခိုးမြို့တော်သခင်ရဲ့ ဘယ်ညာလက်ရုံးတွေ ဖြစ်နေကြပြီ"

"ဘယ်တပ်မှူး ဟယ်ကျွင်းက ရေခဲချပ်ဝတ်စစ်သည်တွေရဲ့ လေ့ကျင့်ရေးနဲ့ ကင်းလှည့်စောင့်ကြပ်ရေး ကိစ္စတွေကို တာဝန်ယူရပြီး ညာတပ်မှူး ကျိလျန်ကတော့ မြူရေခဲမြို့တော်ရဲ့ တည်ဆောက်ရေးနဲ့ စီမံအုပ်ချုပ်ရေးကို တာဝန်ယူရတယ်"

"အဲဒီအထဲမှာ ဘယ်တပ်မှူး ဟယ်ကျွင်းက မျိုးရိုးဗီဇမျိုးစေ့ကို ပိုစောစော စုစည်းနိုင်ခဲ့တာမို့... ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ အတွင်းမှာတော့... ဟယ်ကျွင်းရဲ့ တိုက်ရည်ခိုက်ရည်က ပထမလို့ အများက အသိအမှတ်ပြုထားကြတယ်"

လင်းယွမ်က တိုက်ရိုက်ပင် မေးလိုက်သည်။ "ဟယ်ကျွင်းမှာ ဘယ်လိုအစွမ်း ရှိတာလဲ"

ဟွမ်မင်ခိုင်က ဖြေသည်။ "တပ်မှူးဟယ်ကျွင်းက ရေခဲဓာတ် အစွမ်းပိုင်ရှင်ပါ... သူ လက်စွမ်းပြတာကိုတော့ ကျွန်တော် မမြင်ဖူးပါဘူး"

လင်းယွမ်က ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး အေးစက်ခက်ထန်သော အမူအရာကို ပြသလိုက်သည်။

ဤအဖြေတွင် အသုံးဝင်သော သတင်းအချက်အလက် တစ်ခုမှ မပါဝင်သဖြင့် သူက အလွန် မကျေမနပ် ဖြစ်သွားသည်။

ဟွမ်မင်ခိုင်မှာ အောက်ပိုင်းတစ်ဝိုက်တွင် ကျဉ်တက်သွားသလို ခံစားလိုက်ရပြီး ထိုသံချောင်းက သူ့ဆီသို့ နောက်တစ်ကြိမ် ချိန်ရွယ်လာပြန်သည်။

သူက လန့်ဖျပ်သွားပြီး အလျင်အမြန် ရှင်းပြလိုက်သည်။ "နေ... နေပါဦး... ကျွန်တော် တခြားသူတွေဆီက ကြားဖူးတာကတော့ တပ်မှူးဟယ်ကျွင်းရဲ့ ခွန်အားက အရမ်းကြီးတယ်တဲ့... ရေခဲဓာတ် အစွမ်းကို အသုံးမပြုရင်တောင် ခွန်အားအသားပေး အစွမ်းပိုင်ရှင်တွေကို အလွယ်တကူ အနိုင်ယူနိုင်တယ်လို့ ပြောကြတယ်"

"နောက်ပြီး မျိုးရိုးဗီဇမျိုးစေ့ နိုးထပြီးတဲ့နောက် သူတို့ဆီမှာ လုံးဝ မတူညီတဲ့ တိုက်ခိုက်ရေးနည်းစနစ် တစ်မျိုး ရှိပုံရတယ်... အသွင်ပြောင်းတဲ့ အစွမ်းပိုင်ရှင်တွေနဲ့ ခပ်ဆင်ဆင်ပဲတဲ့... အတိအကျကိုတော့ ကျွန်တော် မမြင်ဖူးပါဘူး... ဒါတွေ အကုန်လုံးက ကျွန်တော် ကြားဖူးထားတာတွေပါ"

လင်းယွမ်က ထိုစကားကို ကြားပြီးနောက် စိတ်ထဲတွင် လှုပ်ရှားသွားမိသည်။

မျိုးရိုးဗီဇမျိုးစေ့ နိုးထပြီးနောက် တိုက်ခိုက်ရေးနည်းစနစ်က သာမန် အစွမ်းပိုင်ရှင်တွေနဲ့ လုံးဝ မတူဘူး ဟုတ်လား။

မိမိကိုယ်တိုင်မှာတော့ သိသာထင်ရှားတဲ့ ခံစားချက်မျိုး မရှိသလိုပဲ။

"အသွင်ပြောင်းတဲ့ အစွမ်းပိုင်ရှင်တွေနဲ့ ဆင်တူတယ်ပေါ့"

လင်းယွမ်က မိမိ၏ ပင်ကိုယ်အစွမ်းဖြစ်သော မျိုးရိုးဗီဇ အသွင်တစ်ရာ ကို အလိုအလျောက် တွေးမိသွားပြီး အသွင်ပြောင်းသည့် ပုံစံမျိုးနှင့် ခပ်ဆင်ဆင် တူနေသည်ဟု ခံစားလိုက်ရသည်။

မိမိ၏ မျိုးရိုးဗီဇ ပြောင်းလဲသွားပြီးနောက် ကွဲပြားခြားနားသော ဓာတ်သဘာဝ အစွမ်းများကို စိတ်ကြိုက် ထုတ်သုံးနိုင်စွမ်း ရှိသည်။

ခန္ဓာကိုယ်ကပင် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေမည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်သည်။

သို့သော် ရေခဲဓာတ် အစွမ်းပိုင်ရှင်များကတော့ မိမိကဲ့သို့ အရာရာကို စိတ်ကြိုက် ပြောင်းလဲနိုင်မည် မဟုတ်လောက်ပေ။

အကယ်၍ ထိုသို့သာဆိုလျှင် မိမိက အမှတ်တစ်သန်း အကုန်ခံပြီး လဲလှယ်ထားသော အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇမျိုးစေ့က ဟာသတစ်ခု ဖြစ်သွားမည် မဟုတ်ပါလော။

တစ်ခဏမျှ လင်းယွမ်သည် အခြား မျိုးရိုးဗီဇမျိုးစေ့အဆင့် ပညာရှင်များ မည်သို့ တိုက်ခိုက်ကြသနည်း၊ မည်သို့သော ပင်ကိုယ်စွမ်းရည်များ ရှိကြသနည်း ဆိုသည်ကို မခန့်မှန်းနိုင်အောင် ဖြစ်နေမိသည်။

လင်းယွမ်က ခေတ္တမျှ စဉ်းစားခန်း ဝင်သွားပြီးနောက် ညာတပ်မှူး ကျိလျန်၏ အခြေအနေကို ထပ်မံ မေးမြန်းလိုက်သည်။

ဟွမ်မင်ခိုင်က အသုံးမဝင်သော သတင်းအချက်အလက် အစုအပုံကြီးကို ထပ်မံ ပြောဆိုလာပြန်သည်။

သိသာထင်ရှားစွာပင် ဟွမ်မင်ခိုင်သည် ဤညာတပ်မှူး ကျိလျန် အကြောင်းကိုလည်း များများစားစား မသိထားချေ။

ထို့ကြောင့် လင်းယွမ်က မြူခိုးမြို့တော်သခင်၏ အခြေအနေကို ထပ်မံ မေးမြန်းလိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ ဟွမ်မင်ခိုင်က မြူခိုးမြို့တော်သခင်၏ နာမည်ကိုပင် မသိရုံသာမက တစ်ခါမှလည်း မမြင်ဖူးခဲ့ကြောင်း ဆိုလာသည်။

"မင်းက ဒီမြူခိုးမြို့တော်သခင်ကို တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောချင်တာလား"

"ဟုတ်ပါတယ်"

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူက မြူရေခဲမြို့တော်မှာ တစ်ခါမှ လူလုံးထွက်မပြဖူးဘူးလား" လင်းယွမ်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

ဟွမ်မင်ခိုင်က ခေါင်းညိတ်ပြကာ ဖြေသည်။ "မြူခိုးမြို့တော်သခင်က အရမ်း လျှို့ဝှက်ဆန်းကြယ်တယ်... ကျွန်တော်တို့ ဘယ်သူမှ မမြင်ဖူးကြဘူး"

"မြူရေခဲမြို့တော်က ကိစ္စတွေကို အမြဲတမ်း ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ကပဲ တာဝန်ယူ ဖြေရှင်းပေးတာပါ"

"မြူခိုးမြို့တော် တစ်ခုလုံးမှာ မြူခိုးမြို့တော်သခင်ကို မြင်ဖူးတဲ့သူဆိုလို့ ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့က တပ်မှူးနှစ်ယောက်ပဲ ရှိလောက်တယ်"

လင်းယွမ်၏ ပထမဆုံး တုံ့ပြန်မှုမှာ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရခြင်းပင်။

ဒီမြူရေခဲမြို့တော်ရဲ့ အရှင်သခင်က ဘာဖြစ်လို့ ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ်စွာ နေရတာလဲ။

မြူရေခဲမြို့တော်က နေထိုင်သူတွေတောင် သူ့ကို မမြင်ဖူးကြဘူးလား။

သာမန် ရေခဲချပ်ဝတ်စစ်သည်တွေတောင် မမြင်ဖူးကြဘူးတဲ့လား။

ခေါင်းဆောင်တစ်ယောက်အနေဖြင့် လူများရှေ့ မကြာခဏ ထွက်ပေါ်လာခြင်း၏ အရေးပါမှုကို လင်းယွမ်က နက်နက်ရှိုင်းရှိုင်း သိရှိထားသည်။

အရေးကြီးသော အခမ်းအနားများတွင် မကြာခဏ လူလုံးထွက်ပြမှသာ လူထု၏ ထောက်ခံမှုနှင့် သြဇာအာဏာကို စုဆောင်းနိုင်မည် ဖြစ်သည်။

အကယ်၍ ခိုလှုံရေးစခန်းတစ်ခုမှ နေထိုင်သူများက မိမိ၏ ရုပ်သွင်ကိုပင် မသိကြပါက ထိုခေါင်းဆောင်မှာ တစ်နေ့နေ့တွင် အာဏာသိမ်းခံရလျှင်ပင် သိလိုက်မည် မဟုတ်ချေ။

ဤမြူရေခဲမြို့တော်၏ အရှင်သခင်က အတိအကျ ဘယ်လို တွေးတောနေသလဲ ဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်ရသည်။

"ဒီလောက် လျှို့ဝှက်ဆန်းကြယ်အောင် လုပ်နေတာ... သေချာပေါက် အကြောင်းရင်း တစ်ခုခု ရှိရမယ်"

လင်းယွမ်က စဉ်းစားခန်း ဝင်နေမိသည်။

ထို့နောက် သူက လီခွန်းနှင့် လီကျင်း တို့နှစ်ယောက်ကိုလည်း လိပ်ခွံစွမ်းအင်အကာအကွယ် အတွင်းသို့ သီးခြားစီ ခေါ်ဆောင်ကာ အလားတူ မေးခွန်းများကို မေးမြန်းလိုက်သည်။

ဤနည်းဖြင့် ဟွမ်မင်ခိုင် လိမ်ညာနေခြင်း ရှိမရှိကို ပိုင်းခြားသိမြင်နိုင်ရန် ဖြစ်သည်။

တစ်ကျော့မျှ စစ်ဆေးမေးမြန်းပြီးနောက် ဟွမ်မင်ခိုင် ပြောပြခဲ့သည်များမှာ အခြေခံအားဖြင့် မှန်ကန်ကြောင်းကို လင်းယွမ်က အကြမ်းဖျင်း အတည်ပြုနိုင်ခဲ့သည်။

ဤလူတစ်စုမှာ ရေခဲချပ်ဝတ် တပ်မှူးနှစ်ယောက်အကြောင်းကို အလွန် နည်းပါးစွာ သိထားကြပြီး ထိုမြူခိုးမြို့တော်သခင်နှင့် ပတ်သက်၍မူ ဘာတစ်ခုမျှ ရှင်းရှင်းလင်းလင်း မသိကြချေ။

မြူခိုးမြို့တော်သခင်သည် ယောက်ျားလား မိန်းမလား၊ အသက်ကြီးသလား ငယ်သလား ဆိုသည်ကိုပင် မသိကြ။

လင်းယွမ်တို့ လူစုက ကြေးစားတပ်ဖွဲ့ကြီး သုံးခုကို တိုက်ခိုက်နေစဉ်မှာပင် ဖန်လျန်တို့ လူစုက မြူရေခဲမြို့တော် အတွင်းသို့ အလောတကြီး ဝင်ရောက်သွားကြပြီ ဖြစ်သည်။

မြူရေခဲမြို့တော်သည် ရေပေါ်ကျွန်းကြီး တစ်ခုလုံး၏ အလယ်ဗဟို ဧရိယာတွင် တည်ရှိပြီး အပူချိန်မှာ မြူခိုးသစ်တောထက် အနည်းငယ် ပိုမြင့်မားသော်လည်း ရေခဲမှတ်အောက်တွင်ပင် ရှိနေဆဲ ဖြစ်သည်။

မြူရေခဲမြို့တော် တစ်ခုလုံးသည်လည်း ခပ်ပါးပါး မြူခိုးလွှာတစ်ခုဖြင့် ဖုံးလွှမ်းလျက် ရှိ၏။

မြူခိုးများက ပါးလွှာလှပြီး မြို့တော်အထက်တွင် အဖြူရောင် ပိတ်ပါးလွှာတစ်ခု ဖုံးလွှမ်းထားသကဲ့သို့ ရှိနေသည်။

ဧရာမ ရေခဲနှင်း မြို့တော်ကြီး တစ်ခုက ကမ္ဘာမြေပြင်အထက်တွင် မားမတ်စွာ တည်ရှိနေသည်။

ဆီးနှင်းများ ဖြူဖွေးနေသော မြေပြင်က မြို့ရိုးနံရံများအပေါ်တွင် ဖုံးလွှမ်းနေပြီး ၎င်းကို မြေကြီးပေါ်တွင် မှောက်လျက် ဆောင်းခိုနေသော ဝင်ရိုးစွန်း ဝက်ဝံကြီး တစ်ကောင်နှင့် တူနေစေသည်။

ဤသည်ကတော့ မြူခိုးမြို့တော်၏ အချက်အချာအကျဆုံး ခိုလှုံရေးစခန်း ဖြစ်သော မြူရေခဲမြို့တော်ပင် ဖြစ်တော့သည်။

ယခုအချိန်တွင် ဖန်လျန်သည် ပုစဉ်းရင်ကွဲအသွင် ပြောင်းလဲမှုအောက်၌ အတောင်ပံနှစ်ဖက်ကို လျင်မြန်စွာ ခတ်လျက် မြို့တံခါးဝသို့ အလျင်အမြန် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

မြို့တံခါးဝ၌ အဝင်အထွက် ပြုလုပ်နေသူများ တသီတတန်းကြီး ရှိနေသည်။

အဝင်အထွက် ပြုလုပ်နေသော လူအုပ်ကြီးထဲတွင် သန္ဓေပြောင်းငါး သို့မဟုတ် သန္ဓေပြောင်းသတ္တဝါများကို ကျောပိုးလာသူများပင် မနည်းမနော ရှိနေသည်။

မြို့တံခါးဝ တစ်ဖက်တစ်ချက်စီတွင် ကင်းလှည့်တပ်ဖွဲ့များက စောင့်ကြပ် စစ်ဆေးနေကြသည်။

ဦးဆောင်သူက အဖြူရောင် သားရေချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် ရင်အုပ်ကာ တစ်ခု ပါရှိသည်။

ဤသည်က ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့၏ စံသတ်မှတ်ချက် တိုက်ပွဲဝင်ဝတ်စုံ ဖြစ်သည်။

ကင်းလှည့်တပ်ဖွဲ့ တစ်ခုလုံးတွင် ဤတစ်ယောက်တည်းသာ ထိုသို့ ဝတ်ဆင်ထားခြင်း ဖြစ်သည်။

ကင်းလှည့်တပ်ဖွဲ့မှ အခြားသူများကတော့ ရိုးရှင်းသော သားရေအင်္ကျီများကိုသာ ဝတ်ဆင်ထားကြပြီး ပုံစံများကလည်း မတူညီကြပေ။

ဤလူများက ရေခဲချပ်ဝတ်စစ်သည်များ မဟုတ်ဘဲ သာမန် ကင်းလှည့်တပ်ဖွဲ့ဝင်များသာ ဖြစ်ကြသည်။

ရေခဲချပ်ဝတ်စစ်သည် တစ်ဦးစီတိုင်းသည် အဖွဲ့ဝင်များကို ကိုယ်တိုင် ခေါ်ယူစုဆောင်းကာ အဖွဲ့တစ်ခု ဖွဲ့စည်းနိုင်စွမ်း ရှိကြသည်။

သို့သော် ရေခဲချပ်ဝတ်စစ်သည်များ ကိုယ်တိုင် ဖွဲ့စည်းထားသော အဖွဲ့များမှာ ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့စာရင်းတွင် မပါဝင်ဘဲ ထောက်ပံ့မှု အသုံးစရိတ်များ အားလုံးကို အခြေခံအားဖြင့် ရေခဲချပ်ဝတ်စစ်သည် ကိုယ်တိုင်ကသာ တာဝန်ယူ ဖြေရှင်းရသည်။

သို့ရာတွင် ရေခဲချပ်ဝတ်စစ်သည်များသည် မြူရေခဲမြို့တော်၏ အချက်အချာအကျဆုံး တိုက်ခိုက်ရေး ယူနစ်များ ဖြစ်ကြရာ သူတို့၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေအနေများက မြူရေခဲမြို့တော်ရှိ သာမန်လူများထက် သဘာဝကျစွာပင် များစွာ မြင့်မားနေပေသည်။

ထို့ကြောင့် သူတို့တွင် အစွမ်းပိုင်ရှင်များကို စည်းရုံး သိမ်းသွင်းရန်နှင့် ကိုယ်ပိုင်အဖွဲ့ ဖွဲ့စည်းရန်အတွက် လုံလောက်သော ရိက္ခာပစ္စည်းများ ရှိနေခြင်း ဖြစ်သည်။

"ခေါင်းဆောင်ကျိန့်"

ဖန်လျန်က ဤရေခဲချပ်ဝတ်စစ်သည်ကို မှတ်မိနေပြီး ထိုသူ့ကို မြင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း အော်ခေါ်လိုက်သည်။

ကျိန့်ယွင်က အော်ခေါ်သံကို ကြားလိုက်ရသဖြင့် မြို့ရိုးပေါ်မှနေ၍ အလိုအလျောက် ငုံ့ကြည့်လိုက်မိသည်။

လာသူကို မြင်လိုက်ရသောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး မေးလိုက်သည်။ "မင်းက ဘယ်သူလဲ"

ဖန်လျန်က အလျင်အမြန် အော်ပြောလိုက်သည်။ "ခေါင်းဆောင်ကျိန့်... ကျွန်တော်က လီကျန့် ကြေးစားတပ်ဖွဲ့က ဖန်လျန်ပါ... ပြီးခဲ့တဲ့ တစ်ခေါက်က ကျွန်တော်တို့ တပ်မှူးလီ ခင်ဗျားကို ထမင်းကျွေးတုန်းက ကျွန်တော်လည်း ဘေးမှာ ရှိနေခဲ့တာပါ"

ကျိန့်ယွင်က ပြန်လည် စဉ်းစားကြည့်လိုက်ရာ အနည်းငယ် မှတ်မိသွားသလို ဖြစ်သွားသဖြင့် တင်းကြပ်နေသော မျက်မှောင်များကို ဖြေလျော့လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "အော် မင်းကိုး... လီခွန်း အဲဒီကောင် ခုတလော မြို့ထဲ ဘာလို့ မဝင်လာတာလဲ"

ဖန်လျန်က အလျင်အမြန် အော်ပြောလိုက်သည်။ "ခေါင်းဆောင်ကျိန့်... ကျွန်တော် တပ်မှူးကြီး ရွှီယွမ်ကို အရေးကြီး သတင်းပို့စရာ ရှိလို့ပါ... တကယ့်ကို အရေးပေါ်မို့လို့ ခေါင်းဆောင်ကျိန့် ကျွန်တော့်ကို အထဲဝင်ခွင့် ပြုပါဦးဗျာ"

ဖန်လျန်က မြူရေခဲမြို့တော်တွင် အမြဲတမ်း နေထိုင်ခွင့် မရှိသဖြင့် မြူရေခဲမြို့တော် အတွင်းသို့ ဝင်ရောက်ရန် တင်းကျပ်သော လုပ်ထုံးလုပ်နည်းများ လိုအပ်ပေသည်။

သို့သော် ယခုအချိန်တွင် သူက လုပ်ထုံးလုပ်နည်းများအတိုင်း အဆင့်ဆင့် စာရင်းသွင်းနေရန် အချိန်မရှိတော့ရာ အခြားကိစ္စများကို ဂရုမစိုက်နိုင်တော့ဘဲ မြို့ထဲသို့သာ အမြန်ဆုံး ဝင်ရောက်ချင်နေသည်။

ကျိန့်ယွင်က ထိုစကားကို ကြားသောအခါ အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး အပြုံးများလည်း ပျောက်ကွယ်သွားကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "တပ်မှူးကြီး ရွှီယွမ်ကို ရှာမလို့လား... အဲဒါဆိုလည်း စည်းကမ်းနဲ့အညီပဲ လုပ်ရမှာပေါ့"

"မင်း အရင် စာရင်းသွင်းလိုက်... စာရင်းသွင်းပြီးမှ ဆက်ပြောကြတာပေါ့"

မိမိခေါင်းဆောင်၏ မျက်နှာက အရာမထင်မည်ကို ဖန်လျန် မထင်မှတ်ထားခဲ့ပေ။ ထိုစကားကို ကြားလိုက်ရသဖြင့် သူမှာ ခြေဆောင့်မတတ် စိုးရိမ်ပူပန်သွားပြီး ပြောလိုက်သည်။ "ခေါင်းဆောင်ကျိန့်ရယ်... တကယ့်ကို အရေးပေါ် ကိစ္စမို့လို့ပါဗျာ... အချိန်ဆွဲနေလို့ မဖြစ်တော့လို့ပါ"

"ဟက်ဟက်... အရေးပေါ် ဟုတ်လား... ဘယ်လောက်တောင် အရေးကြီးနေလို့လဲ... ဒီမြို့ထဲမှာတော့ ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ရဲ့ စည်းကမ်းကသာ အကြီးမားဆုံးပဲ... မင်း ဘယ်လောက်ပဲ အရေးကြီးကြီး ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ရဲ့ စည်းကမ်းကိုတော့ ဖောက်ဖျက်လို့ မရဘူး"

ကျိန့်ယွင်က ဖန်လျန်ကို အနည်းငယ်မျှပင် မျက်နှာသာ မပေးခဲ့ချေ။

အကယ်၍ လီခွန်း ကိုယ်တိုင် ရောက်လာမည်ဆိုလျှင်တော့ သူက မျက်နှာသာ နည်းနည်းပေးချင် ပေးမည် ဖြစ်သည်။

သို့သော် ဖန်လျန်ကဲ့သို့သော အောက်ခြေလူတန်းစား တစ်ယောက်အတွက် မြူရေခဲမြို့တော်၏ စည်းကမ်းများကို ချိုးဖောက်ပေးရန် သူ မတန်ဟု ယူဆထားသည်။

မြို့တံခါးမှ ဝင်ရောက်လာသူတိုင်းကို စာရင်းသွင်းရခြင်းမှာ အချို့သော လူများက မြို့ထဲသို့ ခိုးဝင်ပြီးနောက် ပြန်မထွက်တော့ဘဲ တရားမဝင် နေထိုင်သူများ ဖြစ်လာမည်ကို ကာကွယ်ရန် ဖြစ်သည်။

ထို့ကြောင့် စာရင်းသွင်းပြီးနောက် ညဘက် သတ်မှတ်ချိန်ရောက်သည့်တိုင် ပြန်မထွက်လာပါက မြို့တွင်း တည်းခိုခန်းများတွင် တည်းခိုသူများမှလွဲ၍ ကျန်သူများကို ချက်ချင်း နှင်ထုတ်လေ့ ရှိသည်။

တမင်တကာ အချိန်ဆွဲပြီး မထွက်ခွာသူများဆိုလျှင် ပြင်းထန်သော အပြစ်ပေးမှုများကိုပင် ခံရလေ့ ရှိသည်။

ဤလုပ်ရပ်က မြူရေခဲမြို့တော်၏ လုံခြုံရေးကို ကာကွယ်ရန်နှင့် မြူရေခဲမြို့တော် အတွင်း နေထိုင်သူများ၏ မြင့်မြတ်သော အဆင့်အတန်းကို ထိန်းသိမ်းထားရန်အတွက်လည်း ဖြစ်ပေသည်။

ဖန်လျန်မှာ ဘာမှမတတ်နိုင်တော့သဖြင့် ခြေဆောင့်မတတ် စိုးရိမ်နေသော်လည်း မြို့တွင်း ဝင်ရောက်ရန် စာရင်းသွင်းသည့် နေရာသို့သာ ပြေးသွားရတော့သည်။

သို့သော် ထိုအချိန်မှာပင် မြေအောက်မှ အလင်းရောင်များ ရုတ်တရက် တောက်ပလာသည်။

ကင်းလှည့်တပ်ဖွဲ့ဝင်များက ထိုမြင်ကွင်းကို ချက်ချင်း သတိထားမိသွားကြပြီး "သတ္တိကောင်းလှချည်လား... ဘယ်သူက မြို့ထဲကို ခိုးဝင်ချင်နေတာလဲ" ဟု ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

ချက်ချင်းပင် ကင်းလှည့်တပ်ဖွဲ့ဝင် တစ်ဦးက မြေပြင်ကို အားကုန် ဖိချလိုက်သည်။

မြေပြင်က ချက်ချင်းဆိုသလို အလျင်အမြန် မာကျောသွားပြီး မြေကြီး မမာကျောသွားခင်မှာပင် မြေအောက်မှ အစွမ်းပိုင်ရှင် တစ်ဦး လျင်မြန်စွာ ထွက်ပေါ်လာကာ "မလုပ်ကြပါနဲ့... မလုပ်ကြပါနဲ့... ကျွန်တော်က ဟုန်ရှင်း ကြေးစားတပ်ဖွဲ့က ခေါင်းဆောင်ဟွမ် ရဲ့လူပါ... ဘယ်တပ်မှူးကို အရေးကြီး သတင်းပို့စရာ ရှိလို့ပါဗျာ" ဟု အသံကုန် အော်ဟစ်လိုက်သည်။

မြို့ရိုးထက်တွင် ရှိနေသော ကျိန့်ယွင် မျက်မှောင်ကြုတ်သွားသည်။ ဟုန်ရှင်း ကြေးစားတပ်ဖွဲ့မှ လူများလည်း ရောက်လာကြပြီလား။

မြူခိုးသစ်တောမှာ တကယ်ပဲ ပြဿနာ တစ်ခုခု ဖြစ်နေတာများလား။

သူ၏ စိတ်ထဲတွင် သံသယ ဝင်သွားပြီး မတ်တတ်ထကာ မေးမြန်းရန် ပြင်လိုက်သည်။

ရုတ်တရက် မြို့ရိုးအောက်ရှိ အရိပ်တစ်ခုထဲမှ လူတစ်ယောက် ဖြတ်ခနဲ ထွက်ပေါ်လာပြန်ပြီး "ခေါင်းဆောင်ကျိန့်... ကျွန်တော်က ထျန်ဝမ် တပ်ဖွဲ့က ဟူအန်းပါ... ကျွန်တော့်မှာလည်း အရမ်းကို အရေးကြီးတဲ့ သတင်းပို့စရာ ရှိလို့ပါဗျာ" ဟု အလျင်စလို အော်ဟစ်လိုက်သည်။

ဤတစ်ကြိမ်တွင်တော့ ကျိန့်ယွင်၏ မျက်နှာအမူအရာက တကယ် ပြောင်းလဲသွားတော့သည်။

မြူခိုးသစ်တောမှ ကြေးစားတပ်ဖွဲ့ သုံးခုလုံးက လူများ သတင်းလာပို့ကြသည်ဆိုတော့ သေချာပေါက် အသေးအဖွဲ ကိစ္စတော့ မဖြစ်နိုင်တော့ပေ။

သူက ချက်ချင်းပင် "မင်းတို့သုံးယောက်... အခုချက်ချင်း အထဲဝင်ခဲ့ကြ" ဟု အော်ပြောလိုက်သည်။

ထိုသုံးယောက်မှာ စာရင်းသွင်းရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ မြို့ရိုးထက်သို့ အလျင်အမြန် တက်လာခဲ့ကြသည်။

မြို့ရိုးထက်တွင်လည်း ရေခဲနှင်းများ ဖုံးလွှမ်းနေပြီး ကျိန့်ယွင်က မြို့ရိုးပေါ်ရှိ အခန်းထဲတွင် သူတို့ကို စောစောစီးစီးကတည်းက စောင့်ဆိုင်းနေခဲ့သည်။

သူတို့ တွေ့ဆုံသည်နှင့် ကျိန့်ယွင် မေးရန်ပင် အချိန်မရလိုက်ဘဲ ဖန်လျန်က အလျင်အမြန် ပြောလိုက်သည်။ "ခေါင်းဆောင်ကျိန့်... ကျွန်းအပြင်ဘက်က ရေမျောက်ဝံတွေ ရူးကုန်ပြီဗျ... သူတို့က အချင်းချင်း ပူးပေါင်းပြီး ကုန်းပေါ်ကို တက်တိုက်နေကြတာ... အခုဆို ကြေးစားတပ်ဖွဲ့ကြီး သုံးခုရဲ့ ခံတပ်တွေကိုပါ ဝိုင်းထားကြပြီ"

ထို မြေလျှိုးအစွမ်းပိုင်ရှင်ကလည်း အလျင်စလို ဝင်ပြောသည်။ "ဟုတ်တယ်... ဟုတ်တယ်... ခေါင်းဆောင်ကျိန့်... ဒီတစ်ခေါက်က တကယ့်ကို အရေးပေါ် အခြေအနေပါ... အဲဒီ ရေမျောက်ဝံတွေ ရူးကုန်ပြီ... လူအင်အား ထောင်ဂဏန်းလောက်တောင် ရှိတယ်... ကျွန်တော်တို့ တပ်မှူးက ရေခဲချပ်ဝတ်စစ်သည်တွေရဲ့ အကူအညီတောင်းဖို့ ကျွန်တော့်ကို အမြန်ဆုံး လွှတ်လိုက်တာပါ"

ဤစကားကို ကြားလိုက်ရသည်နှင့် ကျိန့်ယွင်၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအရာက ချက်ချင်း ပေါ်လာပြီး "မင်း... ရေမျောက်ဝံ ဘယ်လောက်လို့ ပြောလိုက်တာလဲ" ဟု မေးလိုက်သည်။

ဟူအန်းက ချက်ချင်းပင် ထပ်မံ အတည်ပြုပေးလိုက်သည်။ "ထောင်ဂဏန်းလောက် ရှိပါတယ်... အဲဒီထက် ပိုရင်ပိုမယ် မနည်းနိုင်ပါဘူး... ကျွန်တော်တို့ လာတုန်းက လီကျန့် ကြေးစားတပ်ဖွဲ့ရဲ့ ခံတပ်တံခါးတောင် ပွင့်သွားပြီလို့ သဲ့သဲ့လေး ကြားခဲ့ရတယ်"

"အခုဆို တပ်မှူးသုံးယောက်က မဟာမိတ်ဖွဲ့ပြီး အချင်းချင်း အကာအကွယ်ပေးထားကြပေမယ့် ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ် ဆိုတာတော့ မသိရသေးဘူး"

"ခေါင်းဆောင်ကျိန့်... ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ရဲ့ တပ်မှူးနှစ်ယောက်ကို အမြန်ဆုံး အကြောင်းကြားပေးပါဗျာ... နောက်ကျသွားရင် အချိန်မီမှာ မဟုတ်တော့ဘူး"

ဟူအန်း ပြောပြီးသည်နှင့် ဖန်လျန်က ပို၍ စိုးရိမ်တကြီးဖြင့် ဝင်ပြောလိုက်သည်။ "ခေါင်းဆောင်ကျိန့်... ကျွန်တော်တို့ တပ်မှူးက ပြောလိုက်တယ်... ခံတပ်ထဲမှာ မပို့ရသေးတဲ့ ဆယ်ရက်စာလောက် ရိက္ခာပစ္စည်းတွေ ရှိနေသေးတယ်တဲ့... အဲဒါတွေ အကုန်လုံးက ဘယ်တပ်မှူးဆီကို ပို့ပေးရမယ့် ပစ္စည်းတွေပါ"

ကျိန့်ယွင်က ထိုစကားကို ကြားသောအခါ စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။

အကယ်၍ သူ အချိန်ဆွဲနေမှုကြောင့် ကြေးစားတပ်ဖွဲ့ကြီး သုံးခုက ရေခဲချပ်ဝတ်စစ်သည် အထက်လူကြီးများကို ဆက်သရမည့် ပစ္စည်းများ ရေမျောက်ဝံများ၏ လုယူခြင်းကို ခံလိုက်ရပါက သူ တကယ် ဒုက္ခရောက်တော့မည် ဆိုတာကို သူ သိနေသည်။

ထို့ကြောင့် သူက ချက်ချင်းပင် တွန့်ဆုတ်မနေဘဲ "မင်းတို့ ငါ့နောက်ကို အခုချက်ချင်း လိုက်ခဲ့... မင်းတို့ကို ဒုတပ်မှူး ရွှီယွမ်ဆီ ငါကိုယ်တိုင် ခေါ်သွားပေးမယ်" ဟု ပြောလိုက်တော့သည်။

ဆက်ရန်...

All Chapters