← Chapters

အခန်း (၄၁၁-၄၁၂)

Vol. 21 Ch. 411-412

အခန်း (၄၁၁-၄၁၂)

Vol. 21 Ch. 411-412

အပိုင်း(၄၁၁) မြေမိခင်ဂိုဏ်း ပေါ်ထွက်လာခြင်း

ဖန်လျန်က ကျိန့်ယွင် သဘောတူလိုက်သည်ကို ကြားလိုက်ရချိန်တွင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။

သူက စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်... တပ်မှူးပြောတာ တကယ်မှန်တာပဲ... ခံတပ်ထဲက ပစ္စည်းတွေက ရေခဲချပ်ဝတ်တပ်ဖွဲ့ အထက်လူကြီးတွေအတွက် ဆက်သရမယ့်ဟာတွေလို့ ပြောလိုက်တာနဲ့ ဒီကင်းမှူး ကျိန့်ယွင်က လုံးဝ အချိန်ဆွဲရဲမှာ မဟုတ်ဘူးတဲ့။

ဒီလိုမှန်းသိရင် စောစောက မြို့ရိုးအောက်မှာကတည်းက ပြောခဲ့သင့်တာ။

မဟုတ်သေးဘူး... လူလုံးထွက် ပြောလို့တော့ မဖြစ်ဘူး... မြူခိုးတောအုပ်က ကြေးစားတပ်ဖွဲ့ကြီး သုံးခုဆိုတာက တကယ်တမ်းတော့ မြူရေခဲမြို့တော် ရေခဲချပ်ဝတ်တပ်ဖွဲ့ အထက်လူကြီးတွေရဲ့ လက်ကိုင်တုတ်တွေပဲလေ။

အပြင်ပန်းမှာတော့ ဒီကြေးစားတပ်ဖွဲ့ကြီး သုံးခုက ရေခဲချပ်ဝတ်တပ်ဖွဲ့နဲ့ ပတ်သက်မှုရှိတယ်လို့ ပြလို့ မရဘူးလေ။

မဟုတ်ရင် တခြား ကြေးစားတပ်ဖွဲ့ငယ်လေးတွေရဲ့ အမြင်မှာ ရေခဲချပ်ဝတ်တပ်ဖွဲ့ရဲ့ ဩဇာအာဏာက အကြီးအကျယ် ကျဆင်းသွားလိမ့်မယ်။

မြူရေခဲမြို့တော်ရဲ့ အင်အားအကြီးဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်နေပါလျက်နဲ့ မြူခိုးတောအုပ်ထဲက ကြေးစားတပ်ဖွဲ့ငယ်လေးတွေနဲ့ သွားပြီး တောထဲက ရိက္ခာတွေကို လုနေရတယ်ဆိုရင်...

သတင်းထွက်သွားရင် တကယ်ကို နားခါးစရာပဲ။

သာမန် သန္ဓေပြောင်း အစွမ်းပိုင်ရှင် ကြေးစားတပ်ဖွဲ့တွေက မြူခိုးတောအုပ်ထဲမှာ အသက်စွန့်ပြီး ပစ္စည်းတွေ ရှာဖွေနေကြတာက မြူရေခဲမြို့တော်ကို ဆက်သပြီး မြို့တော်ထဲမှာ နေထိုင်ခွင့် ရဖို့အတွက်ပဲလေ။

အခုတော့ မြူရေခဲမြို့တော်ထဲမှာ နေတဲ့သူတွေက သူတို့နဲ့လာပြီး အရင်းအမြစ်တွေကို လုနေတယ်ဆိုရင် အဲ့ဒီ သာမန် ကြေးစားတပ်ဖွဲ့တွေက ဘယ်လို တွေးကြမလဲ။

ဒီကိစ္စတွေရဲ့ နောက်ကွယ်က ညစ်ပတ်မှုတွေကို ခဏထားလိုက်ပြီး ကျိန့်ယွင်က သူတို့သုံးယောက်ကို ခေါ်ဆောင်ကာ မြို့တွင်းရှိ ရေခဲချပ်ဝတ်တပ်ဖွဲ့ စခန်းဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။

သူတို့ကို လက်ခံတွေ့ဆုံသူမှာ ဘယ်တပ်မှူး ဟယ်ကျွင်း၏ လူယုံ ရွှီယွမ်ပင် ဖြစ်သည်။

သူက ရေခဲချပ်ဝတ်တပ်ဖွဲ့၏ တပ်ခွဲမှူးလည်း ဖြစ်လေသည်။

ရေခဲချပ်ဝတ်စစ်သည် စုစုပေါင်း လေးဆယ့်ကိုးယောက် ရှိပြီး ခုနစ်ယောက် တစ်ဖွဲ့ဖြင့် စုစုပေါင်း တပ်ဖွဲ့ ခုနစ်ဖွဲ့ ရှိသည်။

ထိုအထဲမှ တပ်ဖွဲ့တစ်ဖွဲ့က မြူခိုးမြို့တော်သခင်အတွက် အမြဲတမ်း တာဝန်ထမ်းဆောင်ရသည်။

ကျန်ရှိသော တပ်ဖွဲ့ ခြောက်ဖွဲ့ကိုတော့ ဘယ်နှင့် ညာ တပ်မှူးတို့က ခွဲဝေ အုပ်ချုပ်ကြသည်။

ဘယ်တပ်မှူး ဟယ်ကျွင်းက တပ်ဖွဲ့ တစ်၊ နှစ်၊ သုံးကို အုပ်ချုပ်ပြီး ညာတပ်မှူး ကျိလျန်က တပ်ဖွဲ့ လေး၊ ငါး၊ ခြောက်ကို အုပ်ချုပ်သည်။

ရွှီယွမ်က ပထမတပ်ခွဲ၏ တပ်ခွဲမှူးဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဘယ်တပ်မှူး ဟယ်ကျွင်း၏ လူယုံတစ်ဦးလည်း ဖြစ်သည်။

"ဒေါက်... ဒေါက်... ဒေါက်"

ကျိန့်ယွင်က အခန်းတံခါးကို ခေါက်လိုက်ရာ အထဲမှ လူငယ်တစ်ယောက်၏ အသံ ထွက်ပေါ်လာ၏။

"ဝင်ခဲ့"

ကျိန့်ယွင်က တံခါးကို အလျင်အမြန် တွန်းဖွင့်လိုက်ရာ အခန်းထဲတွင် ရွှီယွမ်က အပေါ်ပိုင်း ဗလာကျင်းနေပြီး မိန်းကလေးတစ်ဦးက သူ၏ ကိုယ်ပေါ်တွင် ဒူးထောက်ထိုင်ကာ နှိပ်နယ်ပေးနေသည်ကို မြင်လိုက်ရသည်။

ကျိန့်ယွင်က ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ခေါင်းမမော့ရဲတော့ဘဲ တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ "တပ်ခွဲမှူး... မြူခိုးတောအုပ်မှာ ပြဿနာ တက်နေပြီ"

ရွှီယွမ်က ခပ်အေးအေးပင် ပြောလိုက်၏။ "မင်း ပြောတဲ့ကိစ္စက အရေးကြီးတဲ့ ကိစ္စပဲ ဖြစ်ပါစေ"

ကျိန့်ယွင်မှာ ချွေးစေးများ ချက်ချင်း ကျဆင်းလာပြီး ကမန်းကတန်း ပြောလိုက်သည်။ "တကယ် အရေးကြီးတဲ့ ကိစ္စပါ... လီကျန့်... ဟုန်ရှင်း နဲ့ ထျန်းဝမ် ကြေးစားတပ်ဖွဲ့ သုံးခုလုံးက လူလွှတ်ပြီး အကူအညီ တောင်းလာကြတာပါ... ကျွန်းအပြင်ဘက်က ရေမျောက်ဝံတွေ ရမ်းကားနေကြပြီတဲ့... သူတို့တွေ ပူးပေါင်းပြီး မြူခိုးတောအုပ်ကို အတင်း ဝင်ရောက်စီးနင်းနေကြတာပါတဲ့"

"အခုဆိုရင် အဲ့ဒီအဖွဲ့သုံးဖွဲ့ရဲ့ ခံတပ်တွေကိုပါ တိုက်ခိုက်နေကြပါပြီ"

"ဒါနဲ့... လီကျန့် ကြေးစားတပ်ဖွဲ့က လီခွန်းကလည်း စကားပါးလိုက်ပါသေးတယ်... သူ့ရဲ့ ခံတပ်ထဲမှာ ဆယ်ရက်စာလောက် ရှိတဲ့ စွမ်းအင်ကျောက်တုံးတွေနဲ့ အသားတွေ ဟင်းသီးဟင်းရွက်တွေ ဒီဘက်ကို ပို့ဖို့ အချိန်မမီလိုက်ဘူးတဲ့"

"တကယ်လို့ အဲ့ဒီ ရေမျောက်ဝံတွေသာ သူတို့ရဲ့ ခံတပ်ကို သိမ်းပိုက်သွားမယ်ဆိုရင်... ပစ္စည်းတွေ အကုန် ဆုံးရှုံးရပါလိမ့်မယ်တဲ့"

ကျိန့်ယွင် စကားပင် မဆုံးသေးခင်မှာပဲ ရွှီယွမ်က ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး ချက်ချင်း ထထိုင်လိုက်သည်။

သူ၏ ကျောပေါ်တွင် ဒူးထောက်ထိုင်နေသော မိန်းကလေးမှာ မထင်မှတ်ထားသဖြင့် ချက်ချင်းပင် မြေပြင်ပေါ်သို့ လိမ့်ကျသွားပြီး စကတ်အောက်မှ ဖြူဖွေးနုဖတ်နေသော အသားအရေများ ပေါ်လာတော့သည်။

ကျိန့်ယွင်က မျက်လုံးထောင့်မှနေ၍ တစ်ချက် ကြည့်လိုက်ရာ ထိုမိန်းကလေး၏ စကတ်တိုအောက်တွင် ဘာမျှ မရှိဘဲ သွယ်လျဖြူဖွေးသော ပေါင်တံ နှစ်ချောင်းသာ ရှိနေသည်ကို တွေ့လိုက်ရသည်။

အတွင်းခံ ဘောင်းဘီပင် မပါပါလား။

သူက တပ်ခွဲမှူးရွှီက တကယ်ကို ဇိမ်ခံတတ်တာပဲဟု စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်မိ၏။

"အသုံးမကျတဲ့ ကောင်တွေ... အသုံးမကျတဲ့ ကောင်တွေချည်းပဲ"

ရွှီယွမ်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး "ကြေးစားတပ်ဖွဲ့ကြီး သုံးခုလုံးက အသုံးမကျတဲ့ ကောင်တွေချည်းပဲလား... ရေမျောက်ဝံ လေးငါးကောင်ကတောင် သူတို့ကို ဝိုင်းထားနိုင်ရလား"

"အဲ့ဒီ လီခွန်း... ဟွမ်မင်ခိုင် နဲ့ လီကျင့်တို့က ငါတို့ ရေခဲချပ်ဝတ်တပ်ဖွဲ့ကနေ ထွက်သွားတဲ့ ကောင်တွေလေကွာ... အခုတော့ ရေမျောက်ဝံ လေးငါးကောင်ကို ကြောက်ပြီး အကူအညီ လာတောင်းရတယ်လို့"

"တကယ့်ကို အသုံးမကျတဲ့ ကောင်တွေပဲ"

ကျိန့်ယွင်က အလျင်အမြန် တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ "အစ်ကိုကြီး... ဒီတစ်ခါတော့ မတူဘူး... အဲ့ဒီ ရေမျောက်ဝံ အရေအတွက်က နည်းနည်း များနေတယ်"

ရွှီယွမ်က ချက်ချင်းပင် အော်ဟစ်လိုက်သည်။ "ဘယ်လောက်တောင် များလို့လဲ... ပျက်နေတဲ့ သင်္ဘောတွေကိုတောင် မစွန့်လွှတ်ရက်တဲ့ အမှိုက်တွေ... ကျွန်းအပြင်ဘက်မှာ အချင်းချင်း အကောက်ကြံနေကြတဲ့ အသုံးမကျတဲ့ကောင်တွေလေ... ဘယ်လောက်ပဲ များများ ဘယ်လောက်ရှိနိုင်မှာမို့လို့လဲ"

"သတင်းလာပို့တဲ့လူ ပြောတာတော့... လူတစ်ထောင်ကျော်လောက် ရှိတယ်တဲ့" ကျိန့်ယွင်က အလျင်အမြန် ပြန်ပြောလိုက်၏။

ရွှီယွမ်၏ ဒေါသထွက်နေသော မျက်နှာက ချက်ချင်း တောင့်တင်းသွားပြီးနောက် သံသယဖြစ်သွားသည့် အမူအရာ ပေါ်လာကာ မေးလိုက်သည်။ "ဘယ်လောက်"

"တစ်ထောင်ကျော်လောက်ပါ" ကျိန့်ယွင်က ချက်ချင်း အလေးအနက်ထား၍ ထပ်ပြောလိုက်သည်။

"မဖြစ်နိုင်တာ" ရွှီယွမ်က ချက်ချင်း အော်ဟစ်လိုက်ပြီးနောက် အဝတ်အစားများကို လျင်မြန်စွာ ဝတ်ဆင်ရင်း ပြောလိုက်သည်။ "အပြင်မှာ ပိတ်မိနေတဲ့ သင်္ဘောတွေက စုစုပေါင်း ဘယ်နှစီး ရှိလို့လဲ... အဲ့ဒီ ရေမျောက်ဝံတွေ အားလုံးပေါင်းမှ ဘယ်လောက် ရှိလို့လဲ"

"နေဦး... သူတို့က သာမန်လူတွေကိုပါ ထည့်တွက်လိုက်တာလား"

ရွှီယွမ်က တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားကာ အေးစက်သော အသံဖြင့် မေးလိုက်သည်။

ကျိန့်ယွင် ကြောင်အမ်းသွားသည်၊ စောစောက အလောတကြီး လာခဲ့ရသဖြင့် သူလည်း ဤမေးခွန်းကို မေးရန် မေ့သွားခဲ့သည်။

သူက မသိစိတ်မှ ထိုလူတစ်ထောင်ကျော်လုံးသည် သန္ဓေပြောင်း အစွမ်းပိုင်ရှင်များသာ ဖြစ်မည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။

ချက်ချင်းပင် သူက ကမန်းကတန်း ပြောလိုက်သည်။ "တပ်ခွဲမှူး... ကျွန်တော် သတင်းရရချင်း လူတွေကို ဒီကို အမြန်ခေါ်လာခဲ့တာဆိုတော့... သေချာ မမေးလိုက်ရဘူး"

"လူတွေရော"

"အပြင်မှာပါ"

"ခေါ်လိုက်စမ်း"

"ဟုတ်ကဲ့ပါ"

ကျိန့်ယွင်က တံခါးဝသို့ လျင်မြန်စွာ လှမ်းအော်လိုက်သည်။ "မင်းတို့ သုံးယောက် ဝင်ခဲ့"

ဖန်လျန်တို့ သုံးယောက်က ကမန်းကတန်း ဝင်လာကြပြီး ခေါင်းပင် မမော့ရဲကြဘဲ ရိုသေစွာဖြင့် ခေါင်းငုံ့၍ အရိုအသေ ပေးလိုက်ကြသည်။

ရွှီယွမ်က အေးစက်သော အသံဖြင့် မေးလိုက်သည်။ "မင်းတို့က ရေမျောက်ဝံ တစ်ထောင်ကျော် ရှိတယ်လို့ ပြောတာလား"

ဖန်လျန်က အလျင်အမြန် ပြောလိုက်၏။ "ပိုရင်ပိုမယ် လျော့တော့ မလျော့ပါဘူး"

"အဲ့ဒီအထဲမှာ အစွမ်းပိုင်ရှင် ဘယ်နှယောက် ပါလဲ"

"အကုန်လုံးပါပဲ" ဖန်လျန်က အလျင်အမြန် ပြန်ဖြေလိုက်သည်။

ရွှီယွမ်၏ ယခုလေးတင်မှ တည်ငြိမ်သွားသော စိတ်က တစ်ဖန် ပြန်လည် လှုပ်ရှားသွားတော့သည်။

"မင်း နောက်တစ်ခေါက် ပြန်ပြောစမ်း"

ဖန်လျန်မှာ လန့်ဖြန့်သွားပြီး ကမန်းကတန်း ပြောလိုက်သည်။ "တပ်ခွဲမှူး... အကုန်လုံးပါပဲ... ရေမျောက်ဝံ တစ်ထောင်ကျော်လုံးက သန္ဓေပြောင်း အစွမ်းပိုင်ရှင်တွေချည်းပါပဲ... ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းကို မြင်ခဲ့ရတာပါ"

"ပြီးတော့ သူတို့ကို သင်္ဘောခေါင်းဆောင် အသီးသီးက ဦးဆောင်လာကြတာပါ... သူတို့ တိုက်ခိုက်တဲ့ ပုံစံက တော်တော်လေး စနစ်ကျတယ်... အလောတကြီး ရောက်လာတဲ့ ပုံစံမျိုး မဟုတ်ဘူး"

ရွှီယွမ်က ထိုစကားကို ကြားပြီးနောက် သူ၏ မျက်နှာထားက ချက်ချင်း လေးနက်သွားတော့သည်။

သူက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ "ကျွန်းအပြင်ဘက်မှာ သင်္ဘော စုစုပေါင်းမှ ဘယ်နှစီး ရှိလို့လဲ... အစွမ်းရှိတဲ့ ရေမျောက်ဝံတွေကရော အားလုံးပေါင်းမှ ဘယ်လောက် ရှိလို့လဲ"

ကျိန့်ယွင်က ဘေးမှနေ၍ တိုးညှင်းသော အသံဖြင့် ချက်ချင်း ပြောလိုက်သည်။ "အရင်တစ်ခေါက်က အကြမ်းဖျင်း တွက်ကြည့်ထားတာတော့... အစွမ်းရှိတဲ့ ရေမျောက်ဝံ တစ်ထောင်ကျော်လောက်ပဲ ရှိတာပါ"

ရွှီယွမ်၏ မျက်နှာက ပျက်ယွင်းသွားပြီး ပြောလိုက်သည်။ "ဒါဆိုရင်... ဒီတစ်ခေါက် ရေမျောက်ဝံတွေက အကုန်လုံး အုံလုံးကျွတ် ထွက်လာကြတာပေါ့"

"ဒါ မဖြစ်နိုင်ဘူး... ဒီကောင်တွေက တစ်ကိုယ်ကောင်းဆန်ပြီး အချင်းချင်း အကောက်ကြံနေကြတဲ့ ကောင်တွေ... ဘယ်လိုမှ တစ်စည်းတစ်လုံးတည်း ဖြစ်နိုင်စရာ အကြောင်း မရှိဘူး"

"ဘယ်သူကများ ဒီလောက် အရည်အချင်းရှိလို့ ရေမျောက်ဝံတွေ အားလုံးကို စုစည်းပြီး မြူခိုးတောအုပ်က ခံတပ်ကြီး သုံးခုကို လာတိုက်ရဲတာလဲ"

ကျိန့်ယွင်က ထိုစကားကို ကြားသောအခါ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ ပြောလိုက်သည်။ "တလောက ဘုရင်မသင်္ဘော တစ်စီး အပြင်မှာ ပိတ်မိနေတယ်"

"အဲ့ဒီသင်္ဘောပေါ်က ခေါင်းဆောင်က မိန်းမတစ်ယောက်ပဲ... လန်ယွဲ့ဟွာလို့ ခေါ်တယ်... သူက မြူရေခဲမြို့တော်ထဲကို ဝင်ပြီး အကူအညီ လာတောင်းဖူးတယ်"

"ကျွန်တော် မှတ်မိသလောက်ဆိုရင် အဲ့ဒီတုန်းက သူပြောပြဖူးတယ်... အပြင်မှာ ဧရာမ အပျော်စီးသင်္ဘောကြီး တစ်စီး ရောက်နေတယ်တဲ့... အဲ့ဒီ သင်္ဘောခေါင်းဆောင်က တော်တော် အစွမ်းထက်တဲ့ အစွမ်းပိုင်ရှင် တစ်ယောက်ဖြစ်ပြီး သူ့ကို လိုက်လံ သတ်ဖြတ်နေတယ်တဲ့"

"သူက မြို့ထဲကို ဝင်ပြီး အကာအကွယ် ယူချင်တာ... ဒါပေမဲ့ လက်ထဲမှာ ပစ္စည်း အလုံအလောက် မရှိလို့ မြို့ထဲကို ဝင်ခွင့် မရခဲ့ဘူးလေ... ဒါကြောင့် နေရာအနှံ့မှာ အကူအညီ လိုက်ရှာနေတာ... သူများ ဖြစ်နေမလား... ဒါမှမဟုတ် အဲ့ဒီ အပျော်စီးသင်္ဘောပေါ်က ခေါင်းဆောင်များလား"

ရွှီယွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်း မေးလိုက်သည်။ "အပျော်စီးသင်္ဘော ဟုတ်လား... ဘယ်လောက်တောင် ကြီးလို့လဲ"

"ကျွန်တော်လည်း မသိဘူး... လစဉ်လတိုင်း ကျွန်းအပြင်ဘက်မှာ ပိတ်မိနေတဲ့ သင်္ဘောတွေ အများကြီးပဲလေ... ကျွန်တော်တို့လည်း သေချာ မစစ်ဆေးရသေးဘူး... လကုန်ကျမှ တစ်ခါတည်း သွားပြီး စာရင်းသွင်း စစ်ဆေးဖို့ ပြင်ထားတာ"

ရွှီယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ "အဲ့ဒီ အပျော်စီးသင်္ဘောရဲ့ ခေါင်းဆောင်က နာမည် ဘယ်လိုခေါ်လဲ... ဘယ်လို အစွမ်းအစမျိုး ရှိလဲ ဆိုတာရော သိလား"

"လင်ကျန်းဟီ... ဟုတ်တယ် လင်ကျန်းဟီလို့ ခေါ်တယ် ထင်တယ်... သူ့ရဲ့ အစွမ်းကိုတော့ သေချာ မသိရဘူး... ကျွန်တော်လည်း အဲ့ဒီလူကို မမြင်ဖူးဘူး"

"ဒါပေမဲ့ အဲ့ဒီ လန်ယွဲ့ဟွာဆိုတဲ့ မိန်းမရဲ့ အစွမ်းကတော့ မညံ့ဘူး... ခန့်မှန်းရသလောက်ဆိုရင် အခြေခံ အရည်အသွေး လေးမျိုးထဲက တစ်ခုခုကတော့ အမှတ် လေးဆယ်အထက်ကို ရောက်နေလောက်ပြီ"

"ဒါပေမဲ့ ရေခဲဓာတ် အစွမ်းပိုင်ရှင် မဟုတ်တော့ ကျွန်တော်လည်း သိပ်ပြီး ဂရုမစိုက်မိဘူး"

ရွှီယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ "အပြင်ဘက်က သင်္ဘောခေါင်းဆောင်တွေထဲမှာလည်း အရည်အသွေး အမှတ် ၄၀ အထက် ရောက်နေတဲ့သူတွေ အတော်များများ ရှိတယ်... ဒီမိန်းမက အဲ့ဒီ သင်္ဘောခေါင်းဆောင်တွေကို စကားနားထောင်အောင် လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ရွှီယွမ်က အဝတ်အစားများ ဝတ်ဆင်ပြီးစီးသွားကာ ရင်ဘတ်အကာအကွယ်ကိုပါ တပ်ဆင်လိုက်ပြီး ပြောလိုက်သည်။ "ပထမတပ်ခွဲက လူတွေ အကုန်လုံးကို ခေါ်လိုက်... ငါ့နောက် လိုက်ခဲ့ကြ"

"တခြား တပ်ဖွဲ့တွေကိုရော ခေါ်ဖို့ လိုသေးလား" ကျိန့်ယွင်က အလျင်အမြန် မေးလိုက်သည်။

ရွှီယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်းကလဲ တုံးလိုက်တာ... ကြေးစားတပ်ဖွဲ့ကြီး သုံးခုရဲ့ ခံတပ်ထဲက ပစ္စည်းတွေကို သူတို့ကို ခွဲပေးချင်လို့လား"

"အာ... သဘောပေါက်ပါပြီ" ကျိန့်ယွင်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။

ထို့နောက် ဖန်လျန်တို့ လူစုကို ခေါ်ဆောင်ကာ အခန်းထဲမှ လျင်မြန်စွာ ထွက်သွားတော့သည်။

မကြာမီမှာပင် သားရေချပ်ဝတ်များနှင့် ရင်ဘတ်အကာအကွယ်များကို တူညီစွာ ဝတ်ဆင်ထားသော လူခုနစ်ယောက်ပါ တပ်ဖွဲ့တစ်ဖွဲ့က သန္ဓေပြောင်း နှင်းဝံပုလွေများကို ကိုယ်စီ စီးနင်းကာ မြူရေခဲမြို့တော်ထဲမှ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားကြတော့သည်။

......

ဤမြင်ကွင်းက မြူရေခဲမြို့တော်၏ မြို့ရိုးပေါ်ရှိ လူအများအပြား၏ အာရုံစိုက်မှုကိုလည်း ရရှိသွားစေခဲ့သည်။

"ဟမ်... ပထမတပ်ခွဲ တစ်ဖွဲ့လုံး ထွက်သွားကြတာပဲ... ပြဿနာ တစ်ခုခုများ တက်လို့လား"

မြို့ထဲတွင် ထိပ်ပြောင်ပြောင်နှင့် လူသန်ကြီးတစ်ယောက်က တစ်ကိုယ်လုံး အမွေးဖြူရှည်များ ဖုံးလွှမ်းနေသော နှင်းဝံပုလွေ တစ်ကောင်ကို အစာကျွေးရင်း သတင်းလာပို့သူကို အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

သတင်းလာပို့သူက အလျင်အမြန် ပြောလိုက်သည်။ "တပ်ခွဲမှူးချွီ... ရွှီယွမ်က တပ်မှူးဟယ်ရဲ့ လူယုံလေ... သူကိုယ်တိုင် ပထမတပ်ခွဲကို ဦးဆောင်ပြီး ထွက်သွားတယ်ဆိုတော့ ကိစ္စက သေးမှာ မဟုတ်ဘူး... ကျွန်တော်တို့ တပ်မှူးကျီကို ချက်ချင်း သတင်းပို့လိုက်ရမလား"

ချွီချုံးကွမ်က ထိုစကားကို ကြားသောအခါ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ "ဘာကိစ္စမှန်းတောင် သေချာ မသိရသေးတာ... ဘယ်လို သတင်းပို့ရမှာလဲ"

"ဒီလိုလုပ်... မင်း ချက်ချင်း လူခေါ်ပြီး နောက်ကနေ လိုက်သွားကြည့်လိုက်... အခြေအနေကို သေချာ စုံစမ်းပြီးမှ သတင်း ပြန်လာပို့"

သတင်းလာပို့သူက ကမန်းကတန်း ခေါင်းညိတ်လိုက်ပြီး ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားသည်။

ချွီချုံးကွမ်က အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက် ရေခဲနှင်းလွင်ပြင်ဘက်သို့ လှမ်းကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ "တပ်မှူးကျီက မြူခိုးမြို့တော်သခင်ရဲ့ ဆင့်ခေါ်ချက်ကြောင့် သွားတာ သုံးရက်တောင် ရှိနေပြီ... အခုထိ ပြန်မလာသေးဘူးဆိုတော့... ပြဿနာ တစ်ခုခုများ တက်နေလို့လား"

ချက်ချင်းပင် သူက မျက်မှောင်ကြုတ်လိုက်မိသည်။ "မဖြစ်နိုင်ပါဘူး... တပ်မှူးကျီက မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်ခဲ့ပြီး နှင်းရေခဲသစ်ပင်လူသား မျိုးရိုးဗီဇမြေပုံကိုတောင် ပုံဖော်နိုင်ခဲ့ပြီပဲ... ဘာအန္တရာယ်များ ရှိနိုင်မှာမို့လို့လဲ"

သူက ခေါင်းယမ်းလိုက်ပြီး ဤကိစ္စများကို ဆက်မတွေးတော့ဘဲ မကြာသေးမီက မြို့ထဲတွင် ဖြစ်ပွားခဲ့သော လိမ်လည်မှုဂိုဏ်းများ ကိစ္စကို ပြန်စဉ်းစားမိသွားရာ သူ၏ မျက်နှာက အလိုအလျောက်ပင် မှိုင်းညို့သွားတော့သည်။

"မြို့ထဲမှာ နေထိုင်ခွင့် ရဖို့အတွက် ဒီလူတွေက တကယ်ကို နည်းလမ်းပေါင်းစုံ သုံးကြတာပဲ"

"ဟမ့်... ရေလွှမ်းမိုးဘေး မတိုင်ခင်တုန်းကလည်း မင်းတို့တွေက နိုင်ငံခြားမှာ ဒီအကွက်တွေကို သုံးခဲ့ကြတာပဲ... အခု ရေလွှမ်းမိုးဘေးကြီး ပြီးသွားတော့လည်း ဒီအကွက်တွေကိုပဲ သုံးနေကြတုန်းလား... တကယ်ကို လူ့အသက်ကို တန်ဖိုးမထားကြတာပဲ"

သူ၏ မျက်ဝန်းအောက်ခြေတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသော်လည်း ချက်ချင်းပင် တစ်စုံတစ်ခုကို တွေးမိသွားကာ သက်ပြင်းတစ်ချက် ချလိုက်မိပြန်သည်။

ဤလိမ်လည်မှုဂိုဏ်းများ၏ နောက်ကွယ်တွင် သာမန် အစွမ်းပိုင်ရှင်များ မဟုတ်ဘဲ ရေခဲချပ်ဝတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အချို့နှင့် ပတ်သက်နေခြင်း ဖြစ်သည်။

ဤမြူရေခဲမြို့တော်ထဲတွင် ရေခဲချပ်ဝတ်တပ်ဖွဲ့ဝင်များ၏ လျှို့ဝှက်ပံ့ပိုးမှုသာ မရှိပါက ဤကဲ့သို့သော အဖွဲ့အစည်းမျိုးကို စောစောကတည်းက ချေမှုန်းပစ်ခဲ့လောက်ပြီ ဖြစ်သည်။

ချွီချုံးကွမ် သက်ပြင်းချရသည့် အကြောင်းရင်းမှာ တပ်မှူးနှစ်ယောက်စလုံးက ဤကိစ္စများကို ရှင်းရှင်းလင်းလင်း သိထားကြသော်လည်း မည်သူကမျှ အရေးတယူ မလုပ်ကြသောကြောင့် ဖြစ်သည်။

သူက ခါးသီးစွာ ပြုံးလိုက်မိသည်... လူတွေက အဆင့်မြင့်တဲ့ နေရာကို ရောက်သွားပြီဆိုရင် လက်အောက်က လူတွေကို လူလို့ မသတ်မှတ်ကြတော့ဘူးလား...

တွေးတောနေစဉ်မှာပင် အနောက်မြောက်ဘက် အရပ်ဆီမှ ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။

ချွီချုံးကွမ်မှာ လန့်ဖြန့်သွားပြီး ချက်ချင်း မတ်တတ်ရပ်ကာ မြို့၏ အနောက်မြောက်ဘက် အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။

ဆက်တိုက်ဆိုသလိုပင် အနောက်မြောက်ဘက် အရပ်ဆီမှ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

မီးတောက်များက ကောင်းကင်ယံသို့ ထိုးတက်လာပြီး သတ်ဖြတ်သံများကိုလည်း ကြားလိုက်ရသည်။

ချွီချုံးကွမ်၏ မျက်နှာပေါ်တွင် အံ့အားသင့်ကာ သံသယဖြစ်သွားသည့် အမူအရာ ပေါ်လာပြီး ချက်ချင်း အော်ဟစ်လိုက်သည်။ "တစ်ယောက်ယောက်... လာကြစမ်း"

အပြင်ဘက်မှ အစွမ်းပိုင်ရှင် တစ်ယောက်က အလျင်အမြန် ပြေးလာသည်။

"တပ်ခွဲမှူးချွီ"

"ဟိုဘက်မှာ ဘာတွေ ဖြစ်နေတာလဲ" ချွီချုံးကွမ်က ချက်ချင်း အော်မေးလိုက်သည်။

ထိုသူကလည်း သံသယများ ပြည့်နှက်နေသည့် မျက်နှာဖြင့် ခေါင်းယမ်းလိုက်ကာ "ကျွန်တော်လည်း မသိပါဘူး"

"အခုချက်ချင်း သွားစုံစမ်း"

"ဟုတ်ကဲ့ပါ"

ထိုလူက လျင်မြန်စွာ ထွက်ခွာသွားပြီး ချွီချုံးကွမ်ကလည်း သံချပ်ကာကို လျင်မြန်စွာ စတင် ဝတ်ဆင်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ဦးနှောက်ထဲတွင် ဟိုဘက်က ဘယ်နေရာ ဖြစ်နိုင်မလဲ ဆိုတာကို လျင်မြန်စွာ တွက်ဆနေမိသည်။

မြို့၏ အနောက်မြောက်ဘက် အရပ်ဆိုလျှင်... အဲ့ဒီ လိမ်လည်မှုဂိုဏ်းတွေ ရှိတဲ့ နေရာဘက်ပဲ။

ဤအချက်ကို တွေးမိသွားသောအခါ ချွီချုံးကွမ်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး မကောင်းသည့် နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

"တစ်ယောက်ယောက်... လာစမ်းး"

သူက ခြံဝင်းထဲရှိ အရိုးတုတ်တစ်ချောင်းကို ချက်ချင်း ဆွဲယူလိုက်ပြီး နှင်းဝံပုလွေကို လျင်မြန်စွာ ကြိုးဖြည်ပေးလိုက်ကာ တစ်ချိန်တည်းမှာပင် အပြင်ဘက်သို့ အော်ဟစ်လိုက်သည်။

အပြင်ဘက်မှ နောက်ထပ် အစွမ်းပိုင်ရှင် တစ်ယောက် ရောက်လာပြန်သည်။ "တပ်ခွဲမှူး"

"ဒီနေ့ မြို့တွင်းမှာ တာဝန်ကျတာ ဘယ်တပ်ဖွဲ့လဲ"

"တပ်ခွဲမှူးဝူ နဲ့ တပ်ခွဲမှူးယန် တို့ရဲ့ တပ်ဖွဲ့ နှစ်ဖွဲ့ပါ"

ချွီချုံးကွမ်က ထိုစကားကို ကြားသောအခါ နှင်းဝံပုလွေပေါ်သို့ ခုန်တက်လိုက်ပြီး ပြောလိုက်သည်။ "ချက်ချင်း လူတွေ စုလိုက်... ငါနဲ့အတူ ပေါက်ကွဲတဲ့ နေရာကို သွားကြည့်မယ်"

"ဟုတ်ကဲ့ပါ"

ချွီချုံးကွမ်က ဝံပုလွေခေါင်းကို တစ်ချက် ပုတ်လိုက်သည်နှင့် နှင်းဝံပုလွေက ချက်ချင်း ခုန်ထွက်သွားကာ ဝှစ်ခနဲ အသံနှင့်အတူ ခြံဝင်းထဲမှ ပျောက်ကွယ်သွားတော့သည်။

လေနှင်းမုန်တိုင်းများ တိုက်ခတ်နေသော်လည်း ချွီချုံးကွမ်က ပေါက်ကွဲမှုဖြစ်ပွားရာ အရပ်ဆီသို့ အရှိန်အဟုန်ဖြင့် သွားရောက်နေခဲ့သည်။

မကြာမီမှာပင် ပေါက်ကွဲမှုဖြစ်ပွားရာ ဧရိယာအနီးသို့ ရောက်ရှိသွားခဲ့သည်။

ယခုအခါ ထိုနေရာ တစ်ဝိုက်တွင် မီးတောက်များ ကောင်းကင်ယံသို့ ထိုးတက်နေပြီး သတ်ဖြတ်သံများကိုလည်း ကြားနေရသည်။

မီးတောက်များကြားတွင် လူအချို့က အော်ဟစ်နေကြသည်။ "မြေမိခင် ဆင်းသက်လာပြီ... မိစ္ဆာကောင်တွေ ဖယ်ရှားပေးကြ"

မီးနဂါးများကို ထိန်းချုပ်နေသူ အချို့ကလည်း ခေါင်းမော့ကာ အော်ဟစ်နေကြသည်။ "ရေလွှမ်းမိုးဘေး ကျရောက်လာပြီ... မြေမိခင် ပြန်လည်မွေးဖွားလာပြီ... မြေမိခင်ကို ယုံကြည်သူတွေက ရေဘေးအန္တရာယ်ကနေ ကင်းဝေးစေရမယ်... ငါ့နောက်ကနေ လိုက်သတ်ကြဟေ့"

"မြေမိခင် ရှိနေသရွေ့... ကမ္ဘာမြေကြီး တစ်ခုလုံးကို မြေမိခင်က အုပ်စိုးထားတာပဲ... ဒီရေပေါ်ကျွန်းကို သိမ်းပိုက်ထားတဲ့ မိစ္ဆာကောင်တွေကို သတ်ပစ်ကြ"

......

ချွီချုံးကွမ်မှာ မျက်လုံးများ ပြူးကျယ်သွားပြီး ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

"မြေမိခင်... ဘာတွေလဲဟ"

ထိုစဉ် အခြား နှင်းဝံပုလွေ တစ်ကောင်က အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး ချွီချုံးကွမ်ကို မြင်လိုက်သည်နှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "တပ်ခွဲမှူးချွီ... ငေးမနေနဲ့တော့... မြန်မြန် လာကူပါဦး... မြေမိခင်ဂိုဏ်းက မြို့ထဲက လူတွေကို သွေးထိုးပြီး ပုန်ကန်အောင် လုပ်နေပြီ"

မြေမိခင်ဂိုဏ်း...

မိစ္ဆာဂိုဏ်းလား...

မြို့ထဲမှာ ဘယ်က မိစ္ဆာဂိုဏ်း ရောက်လာတာလဲ...

တစ်ခဏတာအတွင်း ချွီချုံးကွမ်ပင်လျှင် တုံ့ပြန်နိုင်စွမ်း မရှိသလို ဖြစ်သွားရသည်။

သူက ဤမြေမိခင်ဂိုဏ်း ဆိုသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

အကယ်၍ လင်းယွမ်သာ ဤနေရာတွင် ရှိနေမည်ဆိုပါက သေချာပေါက် အံ့အားသင့်သွားမည် ဖြစ်သည်။

မြေမိခင်ဂိုဏ်း ဆိုသည်မှာ ကွမ်ဖူ၏ ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှ တစ်ခုဖြစ်ပြီး ဝိညာဉ်စွမ်းအင်ဂိုဏ်း၊ ရေနတ်ဘုရားဂိုဏ်း တို့နှင့် နာမည်တူ ကျော်ကြားသော ဂိုဏ်းဖြစ်သည်။

ကွမ်ဖူ စစ်တပ်ပင်လျှင် သူတို့ကို အမြစ်ပြတ် ချေမှုန်းနိုင်ခြင်း မရှိခဲ့ပေ။

ဂိုဏ်းကြီးသုံးဂိုဏ်း ပူးပေါင်းလိုက်သောအခါ စစ်တပ်ကိုယ်တိုင်ပင် ပြင်းထန်သော အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော် အလွန်ဝေးကွာသော ကွမ်ဖူရှိ မြေမိခင်ဂိုဏ်းမှ လူများက ဤနေရာတွင် မည်သို့ ရောက်ရှိလာသနည်း ဆိုသည်ကိုတော့ မည်သူမျှ မသိကြပေ။

ထို့အပြင် တိုက်ဆိုင်စွာပင် လင်းယွမ်နှင့် တစ်ရက်တည်းတွင် တစ်ပြိုင်နက် တိုက်ခိုက်မှုများကို စတင်ခဲ့ကြသည်။

တစ်ဖက်က မြူခိုးတောအုပ်ကို ဝင်ရောက် တိုက်ခိုက်ပြီး အခြားတစ်ဖက်က မြို့ထဲတွင် တိုက်ရိုက် အုံကြွမှုများ ဖန်တီးခဲ့ကြသည်။

ချွီချုံးကွမ်မှာ အများကြီး တွေးတောနေရန် အချိန်မရှိတော့ဘဲ တိုက်ပွဲထဲသို့ ချက်ချင်း ဝင်ရောက်သွားတော့သည်။

သူက အရိုးတုတ်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော ရေခဲချွန်များက လေပေါ်သို့ ထိုးတက်သွားပြီး အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြသည်။

ချက်ချင်းဆိုသလိုပင် အရှေ့ဘက်ရှိ လူအများအပြားက ရေခဲချွန်များ၏ ထိုးဖောက်မှုကို ခံလိုက်ရပြီး နာကျင်စွာ အော်ဟစ်ညည်းတွားရင်း လူအုပ်ကြီး လဲကျသွားတော့သည်။

"အသုံးမကျတဲ့ ကောင်တွေ"

ချွီချုံးကွမ်က ရက်စက်စွာ ပြုံးလိုက်ပြီး နှင်းဝံပုလွေကို တစ်ချက် ရိုက်လိုက်ကာ ရွှတ်ခနဲ အသံနှင့်အတူ လူအုပ်ထဲသို့ ပြေးဝင် တိုက်ခိုက်တော့သည်။

ထိုအချိန်မှာပင် ကောင်းကင်ယံမှ အလင်းတန်းတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

"ဝုန်း"

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ထက်၌ အနီရောင် သင်္ကေတ အလင်းတန်းများ အမြောက်အမြား ပေါ်ထွက်လာသည်။

ထိုအလင်းတန်းများ၏ လွှမ်းခြုံမှုအောက်တွင် အစွမ်းပိုင်ရှင် အားလုံးက သူတို့၏ အစွမ်းများ ဖိနှိပ်ခံလိုက်ရကြောင်း ချက်ချင်း ခံစားလိုက်ကြရသည်။

ချွီချုံးကွမ်ပင်လျှင် ချက်ချင်း မျက်နှာ ပျက်သွားတော့သည်။

သူကိုယ်တိုင်လည်း ခန္ဓာကိုယ်ထဲရှိ အစွမ်းများ ဖိနှိပ်ခံလိုက်ရပြီး လုံးဝ အသုံးပြု၍ မရတော့ကြောင်း ခံစားလိုက်ရသည်။

ချွီချုံးကွမ်က ကောင်းကင်ယံရှိ ထူးဆန်းသော သင်္ကေတများကို အလျင်အမြန် ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို ချက်ချင်း သတိထားမိသွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "မြန်မြန် ဆုတ်ကြ... သင်္ကေတရဲ့ အကွာအဝေးထဲကနေ ထွက်ကြ"

ဒေါသတကြီး အော်ဟစ်ပြီးနောက် သူက နှင်းဝံပုလွေ၏ လည်ပင်းရှိ ကြိုးကို အရင်ဆုံး ဆွဲလိုက်သည်။

နှင်းဝံပုလွေက အလျင်အမြန် ခေါင်းလှည့်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် လူအုပ်ထဲမှ လူသန်ကြီးတစ်ယောက်က ပြေးထွက်လာသည်။

သူ၏ တစ်ကိုယ်လုံးတွင် သွေးသားခွန်အားများ ပေါက်ကွဲနေပြီး ကြွက်သားများက ဖုထစ်နေကာ ထင်ရှားသော ခွန်အားအသားပေး အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်သည်။

သူက ရက်စက်စွာ ပြုံးလိုက်ပြီး နှင်းဝံပုလွေ၏ နောက်ခြေကို အားကုန် ဖမ်းဆွဲလိုက်ကာ "ဆင်းခဲ့စမ်း" ဟု အော်လိုက်သည်။

"ဝုန်း"

နွားသငယ် အရွယ်အစားခန့်ရှိသော နှင်းဝံပုလွေကြီးမှာ သူ၏ လက်တစ်ဖက်တည်းဖြင့် ဖမ်းဆွဲခြင်းခံလိုက်ရပြီး အပေါ်သို့ မြောက်တက်သွားကာ ခန္ဓာကိုယ်ကို တစ်ချက် လှည့်၍ ရက်ရက်စက်စက် လွှဲပေါက်ခံလိုက်ရသည်။

နှင်းဝံပုလွေပေါ်မှ ချွီချုံးကွမ်မှာ မထင်မှတ်ထားသဖြင့် ချက်ချင်းပင် လွင့်စင်သွားတော့သည်။

ဘုန်းခနဲ မြည်သံနှင့်အတူ နှင်းဝံပုလွေမှာ နှင်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ချက်ချင်းပင် သွေးများ ပန်းထွက်လာပြီး အူသံရှည်ကြီးဖြင့် ညည်းတွား အော်ဟစ်လိုက်သည်။

ချွီချုံးကွမ်က မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် လိမ့်သွားပြီးနောက် နံရံတစ်ခုနှင့် ဝင်ဆောင့်မိသွားမှသာ ရပ်တန့်သွားတော့သည်။

သူ၏ လက်မောင်းနှင့် နဖူးတို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိသွားပြီး သွေးများ အများအပြား ထွက်လာသည်။

ယခုအခါ သူ၏ မျက်နှာက ပြာနှမ်းနေပြီး သူ ဤမျှလောက် အရှက်ကွဲခဲ့ရသည်မှာ ဘယ်လောက်ကြာပြီလဲ ဆိုတာကိုပင် မမှတ်မိတော့ချေ။

သူက ရေခဲချပ်ဝတ် စတုတ္ထတပ်ခွဲ၏ တပ်ခွဲမှူး ဖြစ်သည်၊ စိတ်စွမ်းအင် အမှတ်က လေးဆယ့်ငါးမှတ် အထက်ကို ရောက်ရှိနေပြီဖြစ်သော ထိပ်တန်း အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်သည်။

သို့သော်၊ သို့သော်လည်း ခွန်အားအသားပေး အစွမ်းပိုင်ရှင် တစ်ယောက်၏ တိုက်ရိုက် လွှဲပေါက်ခြင်းကို ခံလိုက်ရသည်တဲ့လား။

"မင်းက... သေချင်နေတာပဲ"

ချွီချုံးကွမ်၏ အကြည့်များက ရက်စက်ကြမ်းကြုတ်နေပြီး မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ အပြည့်ဖြစ်နေကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဖုန်း"

သူ အော်ဟစ်ပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ ကျောပြင်ကို ရုတ်တရက် တုတ်တစ်ချောင်းဖြင့် ရိုက်ချခြင်း ခံလိုက်ရသည်။

သူက ချက်ချင်းပင် ဒယိမ်းဒယိုင်ဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် ထိုးကျသွားပြီး ပခုံးမှာ ပြင်းထန်စွာ နာကျင်သွားသည်။

သို့သော် သူက ခန္ဓာကိုယ်ထဲရှိ မည်သည့် အစွမ်းကိုမျှ အသုံးပြု၍ မရနိုင်ဖြစ်နေသည်။

"တောက်"

ဤတစ်ကြိမ်တွင်တော့ ချွီချုံးကွမ်က လုံးဝ ငြိမ်ကျသွားပြီး မြေပြင်ပေါ်တွင် လူးလှိမ့်ကာ ဆက်တိုက် ဝင်ရောက်လာသော တိုက်ခိုက်မှုများကို ကမန်းကတန်း ရှောင်တိမ်းလိုက်ရသည်။

ပတ်ဝန်းကျင်တွင် မြေမိခင်ဂိုဏ်းမှ လူများ အလွန်များပြားလွန်းသဖြင့် သူက လုံးဝ မကာကွယ်နိုင်တော့ချေ။

သူက ကောင်းကင်ယံရှိ ထူးဆန်းသော သင်္ကေတများကို တစ်ဖန် ပြန်ကြည့်လိုက်သည်။

"အဲ့ဒီဟာက ငါ့ရဲ့ အစွမ်းတွေကို ဖိနှိပ်ထားတာပဲ... ဒီနေရာကနေ အမြန်ဆုံး ထွက်သွားမှ ရမယ်"

"ဒါက ဘယ်လိုသင်္ကေတလဲ... ဘယ်လိုလုပ် အစွမ်းတွေကို ဖိနှိပ်နိုင်ရတာလဲ"

သူ၏ ရင်ထဲတွင် အံ့အားသင့်မှုနှင့် ဒေါသများ ရောထွေးနေသော်လည်း ယခုအချိန်တွင် အများကြီး ဂရုမစိုက်နိုင်တော့ဘဲ ခေါင်းကိုပိုက်ကာ သင်္ကေတ ဧရိယာအပြင်ဘက်သို့ ရူးသွပ်စွာ ပြေးထွက်သွားတော့သည်။

ပတ်ဝန်းကျင်တွင် သတ်ဖြတ်သံများ အဆက်မပြတ် ထွက်ပေါ်နေပြီး အနီးနား တစ်ဝိုက်တွင် လုံးဝ ဖရိုဖရဲ ဖြစ်နေတော့သည်။

မီးတောက်များ လောင်ကျွမ်းမှုအောက်တွင် ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသော နေရာဖြစ်လင့်ကစား တောက်လောင်နေသော မီးတောက်များကြောင့် အရည်ပျော်သွားခဲ့ရသည်။

မရေမတွက်နိုင်သော လူများကြားတွင် သားရေအင်္ကျီ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက လက်နှင့် ခြေထောက်များ ချည်နှောင်ခံထားရလျက် ရှုပ်ထွေးနေသော အခြေအနေကို အခွင့်ကောင်းယူကာ အခန်းတစ်ခန်းထဲမှ ပြေးထွက်လာခဲ့သည်။

သူမ၏ မျက်လုံးများထဲတွင် သေဘေးမှ လွတ်မြောက်လာသည့် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်နေပြီး ယခု ဤအဆောက်အအုံထဲမှ ပြေးထွက်လာချိန်တွင် ပတ်ဝန်းကျင်၌ တိုက်ခိုက်မှုများ ပြည့်နှက်နေသဖြင့် သူမကို အနည်းငယ် ထိတ်လန့်သွားစေသည်။

ခန္ဓာကိုယ်တွင်းရှိ အစွမ်းများကို အသုံးပြုရန် ကြိုးစားကြည့်သော်လည်း အနည်းငယ်မျှပင် အသုံးပြု၍ မရနိုင်ခဲ့ပေ။

ဤကဲ့သို့သော အခြေအနေမျိုးကို သူမ အရင်က ကြုံတွေ့ဖူးသည်။ ထိုရွှေချပ်ဝတ်စစ်သင်္ဘောပေါ်တွင် သူမက လည်ပတ် တပ်ဆင်ခံခဲ့ရပြီး ထိုလည်ပတ်က အစွမ်းများကို ချိတ်ပိတ်နိုင်သည့် အာနိသင် ရှိသည်။

"မြေမိခင်ဂိုဏ်းမှာလည်း စွမ်းအင်ချိတ်ပိတ် သင်္ကေတတွေ ရှိနေတာလား" သားရေအင်္ကျီနှင့် အမျိုးသမီးက မျက်နှာအမူအရာ မပြောင်းလဲဘဲ နံရံထောင့်တစ်လျှောက် အပြင်းအထန် ပြေးလွှားကာ သင်္ကေတ ဧရိယာထဲမှ လွတ်မြောက်ရန် ကြိုးစားနေသည်။

မကြာမီမှာပင် သူမ၏ အရှေ့တွင် ထိပ်ပြောင်ပြောင် အမျိုးသားတစ်ဦးကို မြေမိခင်ဂိုဏ်းမှ လူအချို့က ဝိုင်းဝန်း သတ်ဖြတ်နေသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူမက အများကြီး တွေးတောနေရန် အချိန်မရှိတော့ဘဲ ရှေ့သို့ ပြေးသွားကာ မြေမိခင်ဂိုဏ်းဝင် တစ်ယောက်၏ ပေါင်ကြားကို အားကုန် ကန်ကျောက်လိုက်သည်။

ထိုမြေမိခင်ဂိုဏ်းဝင်မှာ ချက်ချင်းပင် နာကျင်စွာ အော်ဟစ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အခြားသော မြေမိခင်ဂိုဏ်းဝင်များက သူမထံသို့ ချက်ချင်း အာရုံစိုက်လာကြသည်။

ထိပ်ပြောင်ပြောင် အမျိုးသားက ထိုအခွင့်အရေးကို အရယူကာ အရိုးဓားတစ်လက်ကို ဆွဲယူပြီး ပြင်းထန်စွာ ခုတ်ပိုင်းလိုက်ရာ ပတ်ဝန်းကျင်ရှိ လူများကို နောက်ဆုတ်သွားစေခဲ့သည်။

ချွီချုံးကွမ်က သားရေအင်္ကျီနှင့် အမျိုးသမီးကို လှည့်ကြည့်ကာ "မြန်မြန် ပြေး" ဟု အော်ဟစ်လိုက်သည်။

သားရေအင်္ကျီနှင့် အမျိုးသမီးက စကားတစ်ခွန်းမျှ မဆိုဘဲ အလျင်အမြန် လိုက်ပါသွားခဲ့သည်။

သူတို့နှစ်ယောက်က ပတ်ဝန်းကျင်ရှိ လူများကို တွန်းတိုက်ကာ သင်္ကေတ အပြင်ဘက်သို့ အသက်လု၍ ပြေးလွှားသွားကြသည်။

ပြေးနေရင်းဖြင့် ချွီချုံးကွမ်က လက်ထဲရှိ အရိုးဓားကို ဝှေ့ယမ်းလိုက်သည်။

သူက ချိုးရင်ယွဲ့ လက်ပေါ်ရှိ လက်ထိတ်ကို တိုက်ရိုက် ခုတ်ဖြတ်ပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် မေးလိုက်သည်။ "ငါ့နာမည်က ချွီချုံးကွမ်ပါ... မင်းနာမည် ဘယ်လိုခေါ်လဲ"

သားရေအင်္ကျီနှင့် အမျိုးသမီး၏ မျက်နှာအမူအရာက အနည်းငယ် တုံ့ဆိုင်းသွားပြီး ပျံသန်းလာသော အရိုးတူတစ်လက်ကို ခေါင်းငုံ့၍ ရှောင်တိမ်းလိုက်ကာ ချက်ချင်းပင် ပြောလိုက်သည်။ "ချိုးရင်ယွဲ့"

"ကျွန်မနာမည် ချိုးရင်ယွဲ့ပါ"

ဆက်ရန်...

အပိုင်း(၄၁၂) ထောင်ချောက်

"မြန်မြန်... ဒီထက်ပိုမြန်မြန် သွားကြ"

ရှေ့ဘက် မြူခိုးတောအုပ်ဆီမှ မီးခိုးလုံးကြီးများ လိမ့်တက်နေပြီး တစ်စုံတစ်ယောက်က မီးရှို့ထားကြောင်း သိသာထင်ရှားလှ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှီယွမ်၏ မျက်နှာထားမှာ ဆိုးရွားသွားပြီး လူအများကို အဆက်မပြတ် အလျင်လိုအောင် တိုက်တွန်းနေတော့သည်။

သူစီးနင်းလာသော နှင်းဝံပုလွေမှာလည်း မှုန်ဝါးဝါး အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်အထိ အရှိန်ပြင်းပြင်းဖြင့် ပြေးလွှားနေသည်။

ကျန့်ယွင်၊ ဖန်းလျန် နှင့် အခြားသူများက အလျင်အမြန် လိုက်ပါလာကြသော်လည်း နှင်းဝံပုလွေ၏ အလျင်က အလွန်မြန်ဆန်လွန်းလှရာ မကြာမီမှာပင် ဖန်းလျန်တို့ လူစုမှာ အနောက်တွင် ပြတ်ကျန်ရစ်ခဲ့လေသည်။

ရွှီယွမ် ဦးဆောင်သော ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ကြီးကမူ သူတို့ကို စောင့်ဆိုင်းမနေတော့ဘဲ အရှိန်အကုန်တင်ကာ မြူခိုးတောအုပ်ဆီသို့သာ တရကြမ်း ဒုန်းစိုင်းသွားကြသည်။

ဤလူအုပ်ကြီး၏ အရှိန်အဝါက အလွန် ပြင်းထန်လှသည့်အပြင် နှင်းဝံပုလွေများကိုလည်း စီးနင်းထားကြရာ မြူခိုးတောအုပ်ထဲရှိ သန္ဓေပြောင်း သတ္တဝါများပင် အလွယ်တကူ ဝင်ရောက် မတိုက်ခိုက်ရဲကြတော့ဘဲ လမ်းဖယ်ပေးကာ သူတို့ကို ဖြတ်သန်းသွားခွင့် ပြုလိုက်ကြရ၏။

အချိန်သိပ်မကြာလိုက်ပေ... ရှေ့ဘက် ရေပေါ်ကျွန်း အစွန်းနှင့် နီးကပ်နေသော ကွင်းပြင်ကျယ်ကြီးထံမှ မီးခိုးလုံးကြီးများ ထွက်ပေါ်နေသည်ကို ရွှီယွမ်တို့ မြင်တွေ့လိုက်ရပြီး ဆိပ်ကမ်းဘက်တွင်လည်း သင်္ဘောများ ဖရိုဖရဲ ရပ်နားထားကာ မြေပြင်ပေါ်၌ အလောင်းများစွာ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။

မြေပြင်တစ်ခုလုံး သွေးအိုင်များ ဖြစ်နေပြီး ပတ်ဝန်းကျင် တစ်ခွင်လုံး မည်းတူးကာ စုတ်ပြတ်သတ်နေလေသည်။

လူတချို့က ငိုယိုအော်ဟစ်နေကြပြီး တချို့က ညည်းတွားနေကြကာ ခြေပြတ်လက်ပြတ် ဖြစ်နေသူများကလည်း မြေကြီးပေါ်တွင် လူးလိမ့်နေကြသည်။

ထို့ပြင် ရေမျောက်ဝံများကဲ့သို့ ဝတ်ဆင်ထားသော လူတစ်စုကလည်း ရက်စက်စွာ ရယ်မောရင်း ခံတပ်အတွင်းသို့ ဝင်ထွက်ကာ မိန်းမလှလေးများနှင့် ပစ္စည်းကိရိယာများကို သယ်ဆောင်နေကြသည်ကို မြင်တွေ့လိုက်ရ၏။

ထိုမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့လိုက်ရသောအခါ ရွှီယွမ်က ဘာမျှ ထပ်မတွေးတော့ဘဲ ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အားလုံးပဲ ငါ့အမိန့်ကို နားထောင်... တွေ့တဲ့ကောင် အကုန်သတ်... သွားကြ"

"သတ်ဟေ့"

တပ်ဖွဲ့ဝင် အားလုံးက သန္ဓေပြောင်းစွမ်းအင် လက်နက်များကို မြှောက်ကိုင်လိုက်ကြပြီး ရက်စက်ကြမ်းကြုတ်သော မျက်နှာထားများဖြင့် နှင်းဝံပုလွေများကို စီးနင်းကာ အရှိန်ဖြင့် ပြေးဝင်သွားကြတော့သည်။

သူတို့က လူခုနစ်ယောက်တည်း သာရှိသော်လည်း ယခုကဲ့သို့ စုပေါင်း၍ ဝင်ရောက် တိုက်ခိုက်လိုက်သည့် အခါတွင်မူ စစ်သည်သိန်းသောင်းချီ ပါဝင်သော စစ်တပ်ကြီးတစ်ခု၏ အရှိန်အဝါမျိုး ထွက်ပေါ်နေလေ၏။

"ဝူး... ဝူး"

ဝံပုလွေအုပ်၏ အူသံများ ထွက်ပေါ်လာပြီးနောက် ဖြူဖွေးနေသော နှင်းဝံပုလွေများက နှင်းပြင်ပေါ်တွင် အလွန်မြန်ဆန်သော အလျင်ဖြင့် ပြေးလွှားသွားကြရာ သာမန်လူများအဖို့ မှုန်ဝါးဝါး အရိပ်များကိုသာ မြင်တွေ့နိုင်စွမ်း ရှိတော့သည်။

မြန်လွန်းလှသည်။

အလွန် မြန်ဆန်လွန်းလှပေသည်။

နှင်းဝံပုလွေ ခုနစ်ကောင်က သူတို့၏ သခင်များကို သယ်ဆောင်လျက် မြေပြင်ပေါ်တွင် လဲကျနေသူများကို လျင်မြန်စွာ ဖြတ်ကျော်သွားကြသည်။

မြေပြင်ပေါ်တွင် ညည်းတွားနေကြသော ဒဏ်ရာရသူများကို သူတို့က အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ကြချေ။

အချို့ဆိုလျှင် ဒဏ်ရာရသူများအပေါ် နှင်းဝံပုလွေများအား တမင်တကာ နင်းဖြတ်သွားစေရန်ပင် ခွင့်ပြုထားလိုက်ကြသေးသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုလူခုနစ်ယောက်သည် ရှေ့ဘက်ရှိ လီကျန့် ကြေးစားတပ်ဖွဲ့၏ ခံတပ်ရှေ့သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။

သူတို့၏ ဝင်ရောက် တိုက်ခိုက်မှုကြောင့် ခံတပ်တံခါးဝရှိ ရေမျောက်ဝံများမှာ ချက်ချင်းပင် အထိတ်တလန့် အော်ဟစ်လိုက်ကြ၏။

"ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ကြီးပါလား"

"နှင်းဝံပုလွေတွေ... ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့မှာပဲ ရှိတဲ့ နှင်းဝံပုလွေတွေပဲ"

"ဒုက္ခပါပဲ... ရေခဲချပ်ဝတ်စစ်သည်တွေ ရောက်လာပြီ"

"မြန်မြန် ပြေးကြဟေ့"

ရွှီယွမ်က ထိုရေမျောက်ဝံများ အလွယ်တကူပင် မိန်းမများနှင့် ပစ္စည်းများကို ပစ်ချကာ အသက်လု၍ ထွက်ပြေးနေကြသည်ကို မြင်တွေ့လိုက်ရသည်။

သူ၏ စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်မိပြီး ဆဲရေးလိုက်၏။ "အသုံးမကျတဲ့ ခွေးသူတောင်းစား အမှိုက်ကောင်တွေကများ ခံတပ်ကိုတောင် လာတိုက်ရဲသေးတယ်... မင်းတို့ရဲ့ စုတ်ပြတ်နေတဲ့ သင်္ဘောပေါ် ပြန်သွားလိုက်ကြစမ်း"

သူက လက်ထဲရှိ အရိုးဓားတစ်လက်ကို မြှောက်ကာ အားကုန်သုံး၍ ခုတ်ချလိုက်သည်။

"ရွှပ်"

မျက်စိတစ်မှိတ် အတွင်းမှာပင် အရိုးဓားပေါ်၌ ရေခဲများ အဆက်မပြတ် ဖုံးလွှမ်းသွားပြီး ဧရာမ ရေခဲဓားကြီး တစ်လက်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ဝုန်း"

ခံတပ်တံခါးဝရှိ ရေမျောက်ဝံများစွာမှာ ကြောက်လန့်တကြားဖြင့် ဘေးတစ်ဖက်တစ်ချက်ဆီသို့ ခုန်၍ ရှောင်တိမ်းသွားကြသည်။

ကျယ်လောင်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာပြီးနောက် မြေပြင်ပေါ်တွင် ဤဓားချက်ကြောင့် ဧရာမ တွင်းနက်ကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်သွားခဲ့၏။

ထိုအချိန်တွင် နှင်းဝံပုလွေ ခုနစ်ကောင်စလုံးမှာ ခံတပ်အတွင်းသို့ အပြည့်အဝ ဝင်ရောက်သွားကြပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကျန့်ယွင်ကလည်း ဓားကို ဆွဲထုတ်ကာ အော်ဟစ်လိုက်သည်။ "သေလိုက်စမ်း"

သူက ဓားဖြင့် ကန့်လန့်ဖြတ် ခုတ်ပိုင်းလိုက်၏။

"ရွှပ်"

ရေခဲဓားသွား အမြောက်အမြား ချက်ချင်း ပေါက်ကွဲထွက်သွားပြီး အရပ်လေးမျက်နှာသို့ လွင့်စင်ပျံသန်းသွားတော့သည်။

ကျန့်ယွင်၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူ၏ ဤဓားချက်ထဲတွင် ရေခဲဓာတ် ဓားလေပြင်း ပါဝင်ပြီး ဓားခုတ်ခံရသူမှာ ချက်ချင်းပင် အေးခဲတောင့်တင်းသွားမည် ဖြစ်၏။

ဓားသွား ရာပေါင်းများစွာ ပါဝင်သော ဤဓားချက်က လူအများအပြားကို သေချာပေါက် သတ်ဖြတ်နိုင်မည် ဖြစ်သည်။

သို့သော် ဆက်လက် ဖြစ်ပေါ်လာသော မြင်ကွင်းက သူ၏ မျက်နှာထားကို ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။

တံခါးဝမှ ထွက်ပြေးသွားကြသော အစွမ်းပိုင်ရှင် အချို့က ရုတ်တရက် အားလုံး ခြေလှမ်း ရပ်တန့်သွားကြသည်ကို သူ တွေ့လိုက်ရ၏။

ချက်ချင်းဆိုသလိုပင် သူတို့အားလုံးက နောက်သို့ တစ်ပြိုင်နက် လှည့်လာကြပြီး ထူးဆန်းသော အပြုံးများကို ပြသလိုက်ကြသည်။

လူအချို့က လက်ဝါးများကို တစ်ပြိုင်နက်တည်း ရိုက်ထုတ်လိုက်သည်ကို မြင်တွေ့လိုက်ရပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် လေထုထဲ၌ ရေစီးကြောင်းများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

ရေနဂါးများ၊ ရေဘောလုံးများနှင့် ရေနံရံများက ဘေးပတ်ပတ်လည်တွင် ပေါ်ပေါက်လာကြ၏။

"ဘုန်း... ဘုန်း... ဘုန်း"

ကျန့်ယွင် ခုတ်ပိုင်းလိုက်သော ရေခဲဓားသွားများမှာ ထိုရေနံရံများနှင့် ရေဘောလုံးများ၏ ကာကွယ်တားဆီးမှုကို ချက်ချင်းဆိုသလို ခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်၌ အစိမ်းရောင် အပင်များ အမြောက်အမြား ထွက်ပေါ်လာခဲ့၏။

မြေကြီးများကလည်း ရုတ်တရက် ပျော့အိလာသည့် လက္ခဏာများ ပြသလာပြီး ရွှံ့နွံတော တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

လူအုပ်ထဲရှိ ထန်တယ်ချန်းက မြေကြီးပေါ်သို့ လက်နှစ်ဖက်ဖြင့် ဖိနှိပ်ထားသည်ကို မြင်လိုက်ရပြီး ရွှံ့နွံတောထဲမှ ဧရာမ နွယ်ပင်ကြီးများ ရူးသွပ်စွာ ကြီးထွားလာကာ နှင်းဝံပုလွေများဆီသို့ လျင်မြန်စွာ ရစ်ပတ်တိုးဝင်သွားကြသည်။

နှင်းဝံပုလွေများက ဒေါသတကြီး ဟိန်းဟောက်လိုက်ကြပြီး ခုန်ပျံရှောင်တိမ်းရန် အစွမ်းကုန် ကြိုးစားကြ၏။

သို့သော် ခံတပ်အတွင်းပိုင်း နေရာက အကန့်အသတ် ရှိနေသည့်အပြင် ပတ်ဝန်းကျင်၌လည်း ရေဘောလုံးများနှင့် ရေနံရံ အများအပြားက ပိတ်ဆို့ထားသဖြင့် လုံးဝ ထွက်ပြေး၍ မရနိုင်တော့ပေ။

မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် ရွှံ့နွံတောထဲသို့ ချက်ချင်း နစ်မြုပ်သွားမည်ဖြစ်ပြီး ထူထပ်လှသော နွယ်ပင်များ၏ ရစ်ပတ်ခြင်းကို ခံရတော့မည် ဖြစ်သည်။

ကျန့်ယွင် တစ်ယောက် သတိလက်လွတ် ဖြစ်သွားချိန်တွင် သူစီးနင်းထားသော နှင်းဝံပုလွေမှာ ရွှံ့နွံထဲသို့ နက်ရှိုင်းစွာ နစ်မြုပ်သွားလေ၏။

နှင်းဝံပုလွေက အလျင်အမြန် ရုန်းကန်လိုက်သော်လည်း ရုန်းကန်လေလေ ပိုမို နစ်မြုပ်သွားလေလေ ဖြစ်နေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ နွယ်ပင်များက ဖုံးလွှမ်းမျိုချသွားတော့သည်။

ခံတပ် အပေါ်ပိုင်းတွင်လည်း လေးသမားများက ကြိုတင် ပုန်းအောင်းပြင်ဆင်ထားကြပြီး လေးကြိုးကို တင်ကာ ပိတ်မိနေသော နှင်းဝံပုလွေများကို တိုက်ရိုက် ပစ်ခတ်သတ်ဖြတ်လိုက်ကြသည်။

"စွပ်"

မြှားတစ်စင်းက ကျန့်ယွင်၏ နှင်းဝံပုလွေ ခေါင်းကို ချက်ချင်း ထိုးဖောက်သွားခဲ့၏။

နှင်းဝံပုလွေက မကျေမနပ်ဖြစ်သော အူသံတစ်ချက် ထွက်ပေါ်လာပြီးနောက် နွယ်ပင်များကြားသို့ လဲကျသွားတော့သည်။

မိမိ၏ စီးတော်ယာဉ် သေဆုံးသွားသည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ ကျန့်ယွင်၏ မျက်လုံးများထဲတွင် သွေးကြောများ ယှက်သန်းသွားပြီး အော်ဟစ်လိုက်မိသည်။ "ရှောင်ပိုင်"

"ဒုက္ခပဲ... ဒါ ထောင်ချောက်"

အခြေအနေက ဤအဆင့်သို့ ရောက်ရှိလာပြီဖြစ်ရာ ဤကျိန်စာသင့်နေသော ခံတပ်ကြီးကို ရေမျောက်ဝံများက စောစောစီးစီးကတည်းက သိမ်းပိုက်ထားခဲ့ကြောင်း ရွှီယွမ်တို့ လူစုက မသိဘဲ နေမည်မဟုတ်ပေ။

ထို့အပြင် ဤရေမျောက်ဝံများက ထွက်ပြေးသွားခြင်း မရှိဘဲ ဤနေရာတွင် ထောင်ချောက်ဆင်ကာ သူတို့ကို အကွက်ဆင် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

သူတို့ သတိဝင်လာချိန်တွင်မူ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။

ကျန်းဟန်လျန်တို့ လူစုက ရေဓာတ် အစွမ်းပိုင်ရှင်များကို ခေါ်ဆောင်လာပြီး အထွက်ပေါက် အားလုံးကို ကြိုတင် ဝိုင်းရံထားခဲ့ကြသည်။

မြေပြင်ကိုလည်း မြေဓာတ် အစွမ်းပိုင်ရှင်များက ရွှံ့နွံတောအဖြစ် ပြောင်းလဲထားခဲ့ပြီး ထန်တယ်ချန်းက ထိုအထဲတွင် သန္ဓေပြောင်း အပင်မျိုးစေ့များ အမြောက်အမြား ကြဲချထားကာ ကောင်းကင်ယံအပြည့် နွယ်ပင်များအဖြစ် ပြောင်းလဲ၍ ဤရေခဲချပ်ဝတ်စစ်သည်များကို တိုက်ခိုက်စေခဲ့သည်။

ဒြပ်စင်ပြောင်းလဲနိုင်သော အစွမ်းပိုင်ရှင် အချို့ကလည်း အသီးသီး ဝင်ရောက်လာကြပြီး စစ်မြေပြင်ထဲသို့ တိုးဝင်ကာ ရွှီယွမ်၊ ကျန့်ယွင်တို့ လူစုကို မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ကြသည်။

ခံတပ်၏ ထိပ်ဆုံးတွင် လင်းယွမ်က ရပ်နေပြီး သူ၏ ဘေးနားတွင် လေးနှင့်မြှား ကိုင်ဆောင်ထားသော ရှောင်မင်ထင်း၊ ကျိုးဝမ်ရှီး၊ လီချုံမင် နှင့် အခြားသူများ ရှိနေကြသည်။

ရွှယ်ကောဟွာ နှင့် ကျိုက်ကော်ဖုန်း တို့က အောက်ဘက် မြေကြီးထဲတွင် ပုန်းအောင်းနေကြပြီး အချိန်မရွေး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် ပြင်ဆင်နေကြ၏။

သူတို့၏ ဘေးနားတွင်တော့ စွမ်းအင်ချိတ်ပိတ် လက်ထိတ် ခတ်ခံထားရသော လီခွန်း၊ ဟွမ်မင်ခိုင် နှင့် လီကျင်း ဟူသော ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်သုံးဦး ရှိနေသည်။

ယခုအချိန်တွင် ထိုသုံးဦးမှာ ပါးစပ်ပိတ်ခံထားရပြီး ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ဝင် ခုနစ်ဦး ထောင်ချောက်ထဲသို့ အရူးအမူး ဝင်ရောက်သွားသည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရရာ တစ်ခဏတာမျှ သုံးဦးစလုံး စိုးရိမ်ပူပန်သွားကြသည်။

သူတို့၏ စိတ်ထဲတွင် ရွှီယွမ်အား ငတုံး ဟု အဆက်မပြတ် ကျိန်ဆဲနေမိပြီး ဤမျှ လွယ်ကူစွာ အလှည့်စားခံလိုက်ရသည်ဟု တွေးတောနေမိကြ၏။

သို့သော် သူတို့က လုံးဝ လက်လျှော့လိုက်ခြင်းတော့ မရှိသေးပေ။

အဘယ်ကြောင့်ဆိုသော် ရေခဲချပ်ဝတ်စစ်သည်များ၏ အစွမ်းအစက ကြီးမားလှကြောင်းကို သူတို့ သိထားကြပြီး ဝိုင်းရံခံထားရလျှင်ပင် ဤမျှ လွယ်ကူစွာ ရှုံးနိမ့်သွားမည် မဟုတ်ကြောင်းကို ယုံကြည်နေကြသောကြောင့် ဖြစ်သည်။

သူတို့ မျှော်လင့်ထားသည့်အတိုင်းပင် ရွှီယွမ်တို့ လူစုက ထောင်ချောက်ထဲ ရောက်နေကြောင်းကို သိလိုက်ရသောအခါ အားလုံး၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားကြသည်။

သို့သော် အလွန်အမင်း ထိတ်လန့်သွားခြင်းမျိုးတော့ မရှိခဲ့ပေ။

ရွှီယွမ်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး ခန္ဓာကိုယ်ကို လွှင့်ကာ နှင်းဝံပုလွေ ပေါ်မှ ခုန်ဆင်းလိုက်သည်။

လက်တစ်ဖက်ဖြင့် ရွှံ့နွံကို ပြင်းထန်စွာ ရိုက်ချလိုက်၏။

"ဂျစ်... ဂျစ်... ဂျစ်"

ချက်ချင်းပင် ရေခဲလွှာများက အလျင်အမြန် ပျံ့နှံ့သွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ရွှံ့နွံတောကြီး တစ်ခုလုံးကို အလုံးစုံ အေးခဲသွားစေခဲ့သည်။

ရွှံ့နွံထဲတွင် ပုန်းအောင်းနေသော မြေဓာတ် အစွမ်းပိုင်ရှင် နှစ်ဦးဖြစ်သည့် ရွှယ်ကောဟွာ နှင့် ကျိုက်ကော်ဖုန်း တို့ပင်လျှင် မတတ်သာဘဲ ဤရေခဲမြေပြင်မှ အလျင်အမြန် ထွက်ပြေးခဲ့ကြရ၏။

အေးခဲနေသော မြေကြီးအောက်တွင် သူတို့က မြေလျှိုးအစွမ်းကို အသုံးမပြုနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ထွက်လာရန် လုံးဝ မဖြစ်နိုင်တော့သောကြောင့် ဖြစ်သည်။

"အစီအရင် ဖွဲ့စည်းကြ"

ရွှီယွမ်က ကျယ်လောင်စွာ ဟစ်အော်လိုက်ရာ ဘေးနားရှိ တပ်ဖွဲ့ဝင် ခုနစ်ဦးက အလျင်အမြန် ချဉ်းကပ်လာကြပြီး အသီးသီး လက်ဝါးများကို မြေပြင်ပေါ်သို့ ဖိနှိပ်ကာ ထူးဆန်းသော နေရာတစ်ခုစီကို နေရာယူလိုက်ကြသည်။

သူတို့၏ လက်ဝါးများ မြေပြင်ကို ဖိနှိပ်လိုက်သည်နှင့် ရေခဲ မျဉ်းကြောင်းများက အလျင်အမြန် ပျံ့နှံ့သွားတော့၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် မြေပြင်ပေါ်၌ နှင်းပွင့်ကဲ့သို့ ဧရာမ သင်္ကေတကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤသင်္ကေတ ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ အပူချိန်က ရုတ်တရက် ကျဆင်းသွားသည်။

ကောင်းကင်ယံရှိ နှင်းပွင့်များကလည်း အလျင်အမြန် အေးခဲခဲမာလာကြ၏။

ဘေးပတ်ပတ်လည်တွင် ရေဓာတ် အစွမ်းပိုင်ရှင်များ ဖန်တီးထားသော ရေနံရံများ၊ ရေဘောလုံးများကလည်း အချိန်တိုအတွင်း အေးခဲသွားကြပြီး ရေခဲနံရံ၊ ရေခဲဘောလုံးများအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျလာကြတော့သည်။

တစ်ချိန်တည်းမှာပင် ရွှီယွမ်က မတ်တတ်ရပ်လိုက်ပြီး ရေပြာရောင် သင်္ကေတကျောက်တုံး တစ်တုံးကို ကောင်းကင်သို့ ပြင်းထန်စွာ ပစ်တင်လိုက်ကာ ရက်စက်စွာ ရယ်မောလိုက်သည်။ "ရေခဲရဲ့ စွမ်းအားကို ခံစားကြည့်ကြစမ်း... ရေခဲဓား ဥက္ကာပျံ"

"ဝုန်း..."

ထို ရေပြာရောင် သင်္ကေတကျောက်တုံးက လေထဲတွင် ပြင်းထန်စွာ ပေါက်ကွဲထွက်သွား၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် တိမ်မည်းများ စုဝေးလာပြီး မရေမတွက်နိုင်သော ရေဓားသွားများ ထွက်ပေါ်လာကာ တဝှီးဝှီး မြည်လျက် ကျဆင်းလာတော့သည်။

ထိုရေဓားများ ကျဆင်းလာသည့် တစ်ခဏမှာပင် မြေပြင်ပေါ်ရှိ ရေခဲ သင်္ကေတအစီအရင်ကြောင့် အေးခဲသွားပြီး ချွန်ထက်သော ရေခဲဓားများအဖြစ် ပုံဖော်သွားကြလေသည်။

"ဝှီး... ဝှီး"

လေထဲတွင် ကြောက်မက်ဖွယ်ကောင်းသော လေခွဲသံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ရေခဲဓားများက ကောင်းကင်ယံမှ ပြည့်သိပ်နေအောင် ကျဆင်းလာကြ၏။

တကယ့် ဥက္ကာပျံ ရေခဲဓားမိုး ရွာကျနေသည့်အလား ထင်မှတ်ရသည်။

"စွပ်... စွပ်... စွပ်"

အစွမ်းပိုင်ရှင် အချို့မှာ ရှောင်တိမ်းချိန် မရလိုက်ဘဲ ရေခဲဓားများ၏ ခေါင်းကို ထိုးဖောက်ခြင်း ခံလိုက်ရပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် သွေးအိုင်ထဲသို့ လဲကျသွားကြတော့သည်။

အချို့ အစွမ်းပိုင်ရှင်များက ခေါင်းကို ကံကောင်းထောက်မစွာ ရှောင်တိမ်းနိုင်ခဲ့သော်လည်း လက်မောင်းများက ရေခဲဓားများ၏ တိုက်ရိုက် ခုတ်ပိုင်းခြင်းကို ခံလိုက်ရ၏။

တစ်ခဏချင်းမှာပင် ထိုနေရာ၌ ညည်းတွားသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

ကာကွယ်ရေး အမျိုးအစားနှင့် ဒြပ်စင်ပြောင်းလဲနိုင်သော အမျိုးအစား အစွမ်းပိုင်ရှင်များသာလျှင် ရှောင်လွှဲနိုင်ခဲ့ကြသည်။

ဒိုင်းလွှားများကို ကိုင်ဆောင်ထားသော ခွန်အားအသားပေး အစွမ်းပိုင်ရှင် အချို့ကမူ ကမန်းကတန်း ဒိုင်းလွှားများဖြင့် ခေါင်းပေါ်တွင် ကာကွယ်ထားရသည်။

ရေခဲဓားများ ပြင်းထန်စွာ ရိုက်ခတ်သည့် ဒေါင်ဒေါင်ဒင်ဒင် အသံများကြားတွင် ကြောက်လန့်တကြားဖြင့် ခံတပ်အပြင်ဘက်သို့ အလျင်အမြန် ထွက်ပြေးကြရ၏။

ခံတပ်အပေါ်တွင် ရပ်နေသော လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း မျက်နှာထား အနည်းငယ် ပြောင်းလဲသွားမိသည်။

"သင်္ကေတအစီအရင်ပဲ"

ဤသည်က ရွှေချပ်ဝတ်စစ်သင်္ဘော အပြင်ဘက်တွင် သူ နောက်ထပ် မြင်တွေ့လိုက်ရသော သင်္ကေတအစီအရင် တစ်မျိုး ဖြစ်ပေသည်။

ထို့အပြင် ဤအရာက ရေခဲဓာတ် သင်္ကေတအစီအရင် တိုက်ခိုက်မှု ဖြစ်သည်။

လင်းယွမ်၏ အသိပညာဖြင့် ဤအစီအရင်၏ အကြမ်းဖျင်း သဘောတရားကို ချက်ချင်းနီးပါး သဘောပေါက်သွားခဲ့၏။

"မြေပြင်ပေါ်က သင်္ကေတအစီအရင်က... အေးခဲစေတဲ့ ဓာတ်သဘာဝ အစီအရင်ဖြစ်ပြီး အလွန်အေးခဲတဲ့ နယ်မြေတစ်ခုကို အလျင်အမြန် ဖန်တီးနိုင်တာပဲ"

"ကောင်းကင်မှာ ပေါက်ကွဲသွားတဲ့ သင်္ကေတကျောက်တုံးက ရေဓားသွားလိုမျိုး သင်္ကေတအစီအရင် ဖြစ်လောက်တယ်... ရေဓား တိုက်ခိုက်မှုတွေကို တိုက်ရိုက် ပြုလုပ်နိုင်တယ်"

"ဒီနှစ်ခုကို ပေါင်းစပ်လိုက်ပြီး အလွန်အေးခဲတဲ့ နယ်မြေက ရေဓားတွေကို အေးခဲစေပြီး ပိုစွမ်းအားကြီးတဲ့ လက်နက်တွေအဖြစ် တိုက်ရိုက် ပြောင်းလဲသွားစေတာပဲ"

ဤအစီအရင်ကို ဖန်တီးခဲ့သူသည် ပါရမီရှင်တစ်ဦး ဖြစ်ကြောင်းကို လင်းယွမ် ဝန်မခံဘဲ မနေနိုင်တော့ချေ။

အစီအရင်များကို အလွန် နားလည်ရုံသာမက ကွဲပြားသော ဓာတ်သဘာဝရှိသည့် အစီအရင် နှစ်ခုကို ပြီးပြည့်စုံစွာ ပေါင်းစပ်လိုက်ပြီး ဤမျှ စွမ်းအားကြီးမားသော ဧရိယာအလိုက် တိုက်ခိုက်ရေး အစီအရင်တစ်ခုကို ဖန်တီးနိုင်ခဲ့သည် မဟုတ်ပါလော။

အလွန် အစွမ်းထက်လှပေသည်။

ဘေးနားရှိ လီချုံမင်၊ ကျိုးဝမ်ရှီး နှင့် အခြားသူများလည်း လေးနက်ပြီး ကြောက်ရွံ့သော အမူအရာများ ပေါ်လွင်လာကြ၏။

"ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့က တကယ်ကို အစွမ်းထက်တာပဲ... ဒီလို နည်းလမ်းမျိုးတောင် ရှိနေသေးတယ်" ကျိုးဝမ်ရှီးက မျက်နှာကို မှိုင်းညို့ကာ ပြောလိုက်သည်။

"သင်္ကေတအစီအရင်တဲ့လား... တကယ်ကို တစ်ခါမှ မကြားဖူးခဲ့ဘူး" လီချုံမင်က အံ့အားသင့်စွာ ပြောလိုက်၏။

ရှောင်မင်ထင်းကလည်း အံကိုကြိတ်ကာ "ဆရာလင်းယွမ်... ဒီအတိုင်း ဆက်သွားနေလို့တော့ မဖြစ်ဘူး... ညီအစ်ကိုတွေ တောင့်မခံနိုင်တော့ဘူး" ဟု ပြောလိုက်သည်။

ဘေးနားတွင် ပါးစပ်ပိတ်ခံထားရသော လီခွန်း၊ ဟွမ်မင်ခိုင် နှင့် လီကျင်း သုံးဦးစလုံးမှာမူ မနေနိုင်တော့ဘဲ စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်လွင်လာကြသည်။

ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့၏ ဤအစွမ်းထက်သော အစီအရင်ကြောင့် သူတို့ အားတက်သွားကြသည်မှာ ထင်ရှားလှ၏။

ရွှီယွမ်တို့ လူစုက ရှုံးနိမ့်နေရာမှ အနိုင်ရရှိလာမည်ဖြစ်ပြီး စစ်မြေပြင် အခြေအနေကို ပြောင်းပြန်လှန်ကာ ဤရေမျောက်ဝံများကို အပြတ်အသတ် ချေမှုန်းနိုင်လိမ့်မည်ဟု သူတို့ အားလုံးက ထင်မှတ်နေကြသည်။

လင်းယွမ်က ထိုသုံးဦး၏ မျက်နှာထားကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူတို့ ဘာတွေးနေသည်ကိုလည်း သိရှိလိုက်၏။

ထို့ကြောင့် သူက ခပ်ဟဟ ရယ်မောလိုက်ပြီး ရှောင်မင်ထင်းကို "မီးတောက်တပ်ဖွဲ့... စတင်လိုက်တော့" ဟု ပြောလိုက်သည်။

ရှောင်မင်ထင်းက ထိုစကားကို ကြားသည်နှင့် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့"

သူက ရင်ဘတ်ထဲမှ မီးရောင်ကဲ့သို့ နီရဲနေသော သင်္ကေတကျောက်တုံး တစ်တုံးကို လျင်မြန်စွာ ထုတ်ယူလိုက်ပြီး အားကုန်သုံး၍ ပစ်ပေါက်လိုက်တော့သည်။

မီးရောင်ကဲ့သို့ နီရဲနေသော သင်္ကေတကျောက်တုံးကို ထိုတိမ်မည်းများထဲသို့ တိုက်ရိုက် ပစ်ပေါက်လိုက်ခြင်း ဖြစ်၏။

"ဝုန်း"

သင်္ကေတကျောက်တုံးက တိမ်မည်းများအတွင်းသို့ ဝင်တိုက်မိသွားပြီး ချက်ချင်းပင် တိုက်ရိုက် ပေါက်ကွဲထွက်သွားသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ပြင်းထန်သော မီးတောက်များ ကောင်းကင်သို့ လိမ့်တက်သွားပြီး ကျယ်လောင်စွာ ပေါက်ကွဲသွားတော့၏။

အချက်ပြမှုကို လက်ခံရရှိလိုက်သည့်အလား ခံတပ်၏ ဒုတိယထပ်နှင့် တတိယထပ်တို့တွင် ပုန်းအောင်းနေကြသော မီးဓာတ် ရေမျောက်ဝံများက အသီးသီး စတင် လှုပ်ရှားလာကြသည်။

မီးတောက် တိုက်ခိုက်မှုများ အမြောက်အမြားက အပေါ်ထပ်မှနေ၍ အရှိန်ပြင်းပြင်းဖြင့် ထွက်ပေါ်လာကြ၏။

မီးနဂါး၊ မီးကျည်ဆန်၊ မီးတိမ်တိုက် အစရှိသော အမျိုးမျိုးသော မီးဓာတ် အစွမ်းများက ဒလဟော ထွက်ပေါ်လာပြီး ကောင်းကင်ယံရှိ ထိုတိမ်မည်းလွှာဆီသို့ တိုက်ရိုက် ပစ်ခတ်သွားကြတော့သည်။

"အုန်း... အုန်း"

တိမ်မည်းများ အတွင်း၌ မီးတောက်များနှင့် ရေစီးကြောင်းများ ပြင်းထန်စွာ ဝင်တိုက်မိကြပြီး ချက်ချင်းပင် ပေါက်ကွဲမှုကြီးများ ထွက်ပေါ်လာခဲ့၏။

ရေနှင့် မီး တိုက်မိမှုအောက်တွင် ရေခိုးရေငွေ့များ အငွေ့ပျံသွားပြီး ရေဓားသွားများ ထပ်မံ ဖြစ်ပေါ်နိုင်ခြင်း မရှိတော့ပေ။

ထိုရေခိုးရေငွေ့များ ကျဆင်းလာသော အခါတွင်လည်း မြေပြင်ပေါ်ရှိ ရေခဲဓာတ် အစီအရင်ကြောင့် ဧရာမ ရေခဲမြူများအဖြစ် အေးခဲသွားပြီး သေးငယ်သော နှင်းပွင့်များအဖြစ် ပြောင်းလဲကာ ကျဆင်းလာကြပြန်သည်။

တစ်ခဏအတွင်းမှာပင် မြေပြင်ပေါ်ရှိ ရေခဲချပ်ဝတ်စစ်သည် ခုနစ်ဦးစလုံး၏ မျက်နှာထားများ ဆိုးရွားသွားကြတော့၏။

ရွှီယွမ်၏ မျက်နှာက ပို၍ပင် မှိုင်းညို့သွားပြီး ချက်ချင်း အော်ဟစ်လိုက်သည်။ "ခံတပ်ထဲကနေ ဆုတ်ကြ"

ခံတပ်ထဲတွင် ဆက်နေပါက လုံးဝ အကျိုးဆက် ကောင်းမည် မဟုတ်ကြောင်းကို သူ ကောင်းကောင်း သိထားလေသည်။

ဤနေရာက တစ်ဖက်လူ သေချာ ပြင်ဆင်ထားသော ထောင်ချောက်ဖြစ်ပြီး မိမိတို့ ဤနေရာတွင် ဆက်နေပါက အားသာချက် မရှိနိုင်ပေ။

သူတို့၏ နှင်းဝံပုလွေများကလည်း ဤကျဉ်းမြောင်းသော နေရာတွင် အလျင် အားသာချက်ကို အသုံးမပြုနိုင်ကြပေ။

"သွားမယ်"

ကျန့်ယွင်ကလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သေဆုံးသွားသော နှင်းဝံပုလွေကို ဂရုမစိုက်နိုင်တော့ဘဲ နာကြည်း ဝမ်းနည်းသော စိတ်ဖြင့် ခံတပ် တံခါးဝဆီသို့ အလျင်အမြန် ပြေးလွှားသွားတော့၏။

သို့သော် ခံတပ် တံခါးဝတွင်မူ ရွှယ်ကောဟွာ၊ ကျိုက်ကော်ဖုန်း အစရှိသော မြေဓာတ် အစွမ်းပိုင်ရှင် အချို့က မြေနံရံများဖြင့် စောစောစီးစီးကတည်းက ပိတ်ဆို့ထားခဲ့ပြီ ဖြစ်သည်။

သူတို့ လူစုက မြေနံရံကို တိုက်ရိုက် ဖြိုခွဲချင်သော်လည်း သိပ်မလွယ်ကူလှပေ။

အဘယ်ကြောင့်ဆိုသော် ဘေးတစ်ဖက်တစ်ချက်စီမှ အစွမ်းပိုင်ရှင် အများအပြားကလည်း ထွက်ပေါ်လာပြီး ဝင်ရောက် တိုက်ခိုက်လာကြသောကြောင့် ဖြစ်၏။

တစ်ချိန်တည်းမှာပင် ကျိုးဝမ်ရှီး၊ လီချုံမင် နှင့် အခြားသူများကလည်း အပေါ်ထပ်မှနေ၍ ခုန်ဆင်းလာကြသည်။

သိသာထင်ရှားစွာပင် သူတို့လည်း လင်းယွမ်၏ ညွှန်ကြားချက်ကို ရရှိခဲ့ပြီး သူတို့ကို ဝင်ရောက် တိုက်ခိုက်ခိုင်းလိုက်ခြင်း ဖြစ်သည်။

ဤ သင်္ဘောခေါင်းဆောင်များသည် သာမန် အစွမ်းပိုင်ရှင်များ မဟုတ်ကြဘဲ တစ်ယောက်ချင်းစီ၏ အထင်ရှားဆုံးသော အရည်အသွေးများမှာ အမှတ် ၄၀ အထက်တွင် ရှိနေကြပြီ ဖြစ်၏။

သူတို့နှင့် ကျန့်ယွင်တို့ လူစု၏ စွမ်းအားက အများကြီး ကွာခြားမှု မရှိကြပေ။

ဤလူများ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် အခြေအနေက ချက်ချင်းပင် တစ်ဖက်သတ် ဖြစ်သွားတော့သည်။

ရေခဲချပ်ဝတ်စစ်သည် ခုနစ်ဦးမှာ လုံးဝ တောင့်မခံနိုင်တော့ဘဲ တစ်ဖက်က တိုက်ခိုက်ရင်း တစ်ဖက်က ထွက်ပြေးနေကြရ၏။

သို့သော် သူတို့ ပြေးလွှားနေရင်းနှင့်ပင် ပြဒါးငွေ့ အမြောက်အမြားကို ရှူရှိုက်မိသွားကြသည်။

လီချုံမင်က ဓာတ်ငွေ့အသွင် ပြဒါးများကို တိုက်ရိုက် အသုံးပြုကာ အသံတိတ် အဆိပ်ခတ်လိုက်ခြင်း ဖြစ်သည်။

ချက်ချင်းပင် လူအချို့မှာ ခေါင်းမူးဝေလာပြီး ခြေလှမ်းများ ယိမ်းယိုင်လာကြတော့၏။

ကျန့်ယွင်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ "ခေါင်းဆောင်... မြန်မြန် အကူအညီ တောင်းလိုက်ပါတော့"

အခြားသူများကလည်း အသီးသီး တိုက်တွန်းလာကြသည်။ "ခေါင်းဆောင်... အကူအညီ မတောင်းရင် ကျွန်တော်တို့ တောင့်မခံနိုင်တော့ဘူး"

"ခေါင်းဆောင်ရွှီ... မြန်မြန် လူခေါ်လိုက်ပါတော့"

ရွှီယွမ်၏ မျက်နှာမှာ မည်းမှောင်နေပြီး တစ်ကိုယ်လုံးတွင် ရေခဲများ လှည့်ပတ်နေကာ ရန်သူများ၏ တိုက်ခိုက်မှုကို ကာကွယ်နေရ၏။

သို့သော် ထိုပြဒါးငွေ့များက တကယ်ကို နေရာလပ်မကျန် ဝင်ရောက်နိုင်လွန်းသဖြင့် သူပင်လျှင် အနည်းငယ် ရှူရှိုက်မိသွားခဲ့သည်။

သူက ပါးစပ်နှင့် နှာခေါင်းကို ချက်ချင်း ပိတ်ထားခဲ့သော်လည်း လုံးဝ အသုံးမဝင်ခဲ့ပေ။

သူက အမြဲတမ်း အသက်မရှူဘဲ နေနိုင်မည် မဟုတ်ပါလော။

ထို့ကြောင့် သူက ခေါင်းညိတ်လိုက်ပြီး "တောက်... ဒီတစ်ခေါက်တော့ ဒီရေမျောက်ဝံတွေကို အကုန် သတ်ပစ်ရမယ်" ဟု ပြောလိုက်သည်။

သူက ဒူးလေးမြှား တစ်စင်းကို ထုတ်ယူလိုက်ပြီး ကောင်းကင်သို့ ပစ်လွှတ်ရန် ပြင်လိုက်၏။

ရုတ်တရက် စူးရှသော လေခွဲသံ တစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ထို့နောက် ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ်လာတော့၏။

မြူရေခဲမြို့တော် ကောင်းကင်ယံရှိ မြူခိုးများ ချက်ချင်းပင် ပြင်းထန်စွာ လှိမ့်တက်လာကြသည်။

တိမ်မည်းများ လွင့်စင်သွားပြီး မီးပွားများက ကောင်းကင်တွင် လင်းလက်သွားကာ ရေခဲပွင့်များအဖြစ် လျင်မြန်စွာ အေးခဲသွားကြ၏။

ရွှီယွမ်က ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး ထိုဘက်ရှိ ကောင်းကင်ယံကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

"သေစမ်း... အဲ့ဒါ အကူအညီတောင်း အချက်ပြမြှားပဲ"

ကျန့်ယွင်လည်း မနေနိုင်တော့ဘဲ အံ့သြတကြီး အော်ဟစ်လိုက်မိ၏။

ထိုမီးရှူးမီးပန်းက ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့၏ အကူအညီတောင်း အချက်ပြမြှားမှ ထွက်ပေါ်လာသော အချက်ပြမှုပင် ဖြစ်နေသည်။

ဤကဲ့သို့သော အချက်ပြမြှားများကို သူတို့ တပ်ဖွဲ့ခေါင်းဆောင်တိုင်းတွင် ရှိကြသည်။

ရွှီယွမ်၏ လက်ထဲတွင် ရှိနေသည်ကလည်း ဤကဲ့သို့သော အချက်ပြမြှား တစ်ခုပင် ဖြစ်၏။

သို့သော် သူက ယခုအချိန်ထိ ပစ်မလွှတ်ရသေးဘဲ မြို့တော်ဘက်မှ မည်သို့လုပ် အကူအညီတောင်း အချက်ပြမှု ထွက်ပေါ်လာရသနည်း။

"တောက်... ဘာတွေ ဖြစ်ကုန်တာလဲ"

"မြူရေခဲမြို့တော်မှာ ဘယ်လိုလုပ် အကူအညီ တောင်းတဲ့လူ ရှိနေရတာလဲ"

"တခြား တပ်ဖွဲ့တွေက ဘာတွေ လုပ်နေကြတာလဲ"

ရွှီယွမ်၏ ဘေးနားရှိ တပ်ဖွဲ့ဝင်များကလည်း ချက်ချင်းပင် တစ်ယောက်ပြီးတစ်ယောက် အံ့သြဒေါသထွက်ကာ ဆဲရေးလိုက်ကြတော့၏။

ယခုအချိန်တွင် သူတို့၏ စိတ်ထဲ၌ ပထမဆုံး အကြိမ်အဖြစ် မျှော်လင့်ချက် ကင်းမဲ့သွားသည့် ခံစားချက်မျိုး ဖြစ်ပေါ်လာခဲ့သည်။

ပြဒါးဆိပ်သင့်သည့် အခြေအနေက ပိုမို ဆိုးရွားလာပြီး သူတို့မှာ ခေါင်းကိုက်လွန်း၍ ကွဲထွက်တော့မတတ် ဖြစ်နေကာ တောင့်မခံနိုင်တော့ပေ။

ပတ်ဝန်းကျင်မှ တိုက်ခိုက်မှုများကလည်း ပိုမို မကြာခဏ ဖြစ်ပေါ်လာပြီး ထိုမီးဓာတ် ရေမျောက်ဝံများက ခုန်ဆင်းလာကြကာ သူတို့ကို စတင် ဝိုင်းရံ တိုက်ခိုက်နေကြပြီ ဖြစ်၏။

သူတို့က ရေခဲနံရံများ တည်ဆောက်ထားလျှင်ပင် ယခုအချိန်၌ အလျင်အမြန် အရည်ပျော်နေပြီ ဖြစ်သည်။

ထို့အပြင် ကျိုးဝမ်ရှီးကလည်း ဘေးနားမှနေ၍ စိတ်စွမ်းအင်ဖြင့် သူတို့၏ တွေးခေါ်မှုများကို အဆက်မပြတ် နှောင့်ယှက်နေသေး၏။

လင်းယွမ်က ထိပ်ဆုံးထပ်တွင် ရပ်နေကာ ဤမြင်ကွင်းကို ကြည့်ရင်း ရယ်မောလိုက်သည်။ "လူများရင် ခွန်အားပိုကြီးတာပေါ့... နာမည်ကြီးနေတဲ့ ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ဆိုရင်တောင် ဒီလောက်ပါပဲ"

သူက ထရပ်လိုက်ပြီး ဘေးနားရှိ လီခွန်းတို့ သုံးဦးကို ကြည့်ကာ ခပ်ဟဟ ရယ်မောလိုက်၏။ "ဒါက မင်းတို့ မျှော်လင့်ချက် အကြီးကြီး ထားထားတဲ့ ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့လား"

"ကြည့်ရတာ မင်းတို့ရဲ့ နောက်ဆုံး ကောက်ရိုးတစ်မျှင်လည်း ပျောက်ကွယ်သွားပြီ ထင်တယ်"

လီခွန်း၊ ဟွမ်မင်ခိုင် နှင့် လီကျင်း သုံးဦးစလုံး၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ကင်းမဲ့သွားသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။

ဤတစ်ကြိမ်တွင် သူတို့ တကယ်ကို ကယ်တင်၍ မရနိုင်တော့ကြောင်းကို သူတို့လည်း သိရှိသွားပြီ ဖြစ်သည်မှာ ထင်ရှားလှ၏။

လင်းယွမ်က အောက်ဘက်တွင် အသည်းအသန် ခုခံနေကြသော ရေခဲချပ်ဝတ်စစ်သည်များကို ဆက်လက် ဂရုမစိုက်တော့ဘဲ မြူရေခဲမြို့တော် ဘက်သို့ အဝေးမှ လှမ်းကြည့်လိုက်သည်။

"မြူရေခဲမြို့တော်မှာ ဘာတွေ ဖြစ်နေတာလဲ"

သူ၏ မျက်လုံးများထဲတွင် သံသယ အရိပ်အယောင်တစ်ခု ပေါ်လာ၏။

စောစောက ရွှီယွမ်တို့ လူစု၏ စကားများကို သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

မြူရေခဲမြို့တော်မှာ အကူအညီ တောင်းနေတဲ့ လူ ရှိတယ်ဟုတ်လား။

ဟိုဘက်က ရေခဲချပ်ဝတ်စစ်သည်တွေရဲ့ ဌာနချုပ် မဟုတ်ဘူးလား။

ဆက်ရန်...

All Chapters