← Chapters

အခန်း (၄၁၃-၄၁၄)

Vol. 21 Ch. 413-414

အခန်း (၄၁၃-၄၁၄)

Vol. 21 Ch. 413-414

အပိုင်း(၄၁၃) ရေခဲချပ်ဝတ်စစ်သည်ကို ဖမ်းဆီးခြင်း

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။

မျက်စိရှေ့ရှိ ရေခဲနံရံကြီးမှာ လုံးဝ ပေါက်ကွဲထွက်သွားတော့၏။

မြှားတံများက အရှိန်အဟုန်ဖြင့် အထဲသို့ ဝင်ရောက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှီယွမ်တို့အဖွဲ့မှာ ချိတ်ပိတ်မြှားများ၏ တိုက်ရိုက် ပစ်ခတ်ခြင်းကို ခံလိုက်ရသည်။

ချက်ချင်းဆိုသလိုပင် ချိတ်ပိတ်မြှားများ အသက်ဝင်လာပြီး သူတို့၏ သန္ဓေပြောင်းအစွမ်းများ ချက်ချင်း ချိတ်ပိတ်ခံလိုက်ရလေသည်။

ထို့နောက် ရေနဂါးလိမ်များ၏ ရစ်ပတ်မှုကို ခံလိုက်ရကာ ရေခဲတုံးများကြားမှ ဆွဲထုတ်ခြင်း ခံလိုက်ရ၏။

မကြာမီမှာပင် ထောင်ဝေ... ကျန်းဟန်လျန်နှင့် အခြားသူများက အလျင်အမြန် ပြေးဝင်လာကြပြီး ထိုလူများကို ချက်ချင်းပင် လက်ထိတ်ခတ်လိုက်ကြသည်။

အချိန်သိပ်မကြာလိုက်ဘဲ ရွှီယွမ်တို့လူစုကို ကြိုးတုပ်ကာ ကွင်းပြင်ထဲသို့ ခေါ်ဆောင်လာခဲ့ကြသည်။

လင်းယွမ်က လူများကိုခေါ်ဆောင်၍ ဆင်းလာခဲ့ပြီး ခေါင်းဆောင်ဖြစ်သူ ရွှီယွမ်ကို ကြည့်ကာ မေးလိုက်သည်။ "မင်း နာမည် ဘယ်လိုခေါ်လဲ"

ရွှီယွမ်မှာ ခေါင်းထဲတွင် မူးဝေနေပြီး မျက်လုံးများ ပြာဝေနေကာ ပြဒါးဆိပ်သင့်နေပြီ ဖြစ်သည်။

သို့သော်လည်း သူက တံတွေးတစ်ချက် ထွေးထုတ်လိုက်ပြီး လင်းယွမ်ကို ဒေါသတကြီး ဆဲဆိုလိုက်သည်။ "ထွီ... မင်းကများ ငါ့နာမည်ကို မေးဖို့ အရည်အချင်း မီလို့လား"

"ရေထဲက အမှိုက်သရိုက်ကောင်တွေကများ ကုန်းပေါ်တက်ပြီး ရေခဲချပ်ဝတ်စစ်သည်တွေကို ရန်စရဲသေးတယ်ပေါ့"

"ငါ့ကို ဖမ်းမိရုံနဲ့ မင်းတို့က မြူခိုးမြို့တော်ကို တုန်လှုပ်အောင် လုပ်နိုင်ပြီလို့ မထင်နဲ့... အိပ်မက်မက်နေလိုက်"

ရွှီယွမ်က အံကို တင်းတင်းကြိတ်ကာ လင်းယွမ်ကို ဒေါသတကြီး စိုက်ကြည့်နေ၏။

ကြည့်ရသည်မှာ သူက အပြင်ဘက်ရှိ ဤအသက်ရှင်ကျန်ရစ်သူများကို အရိုးထဲကနေကို အထင်သေးနေပုံရသည်။

လင်းယွမ် ဒေါသမထွက်သေးခင်မှာပင် ဘေးနားရှိ သင်္ဘောခေါင်းဆောင်များက အရင် ဒေါသထွက်သွားကြသည်။

ကျန်းဟန်လျန်က ရှေ့တိုးကာ ပါးတစ်ချက် ရိုက်လိုက်ပြီး ဆဲဆိုလိုက်သည်။ "မင်းက ဘာတွေ လာမောက်မာနေတာလဲ... မင်းက ငါတို့ထက် မြူခိုးမြို့တော်ထဲ စောစောရောက်သွားရုံလေးကိုများ ဘာတွေ လာကြွားနေတာလဲ"

"ငါတို့မှာသာ အရင်းအမြစ် လုံလုံလောက်လောက်ရှိရင် မြူခိုးမြို့တော်ထဲ ရောက်နေတာ ကြာလှပြီ... ငါတို့ရဲ့ အစွမ်းအစက မင်းတို့ထက် ညံ့တယ်လို့ တကယ် ထင်နေတာလား"

ကျိုးဝမ်ရှီးနှင့် အခြားသူများကလည်း မျက်နှာထား မည်းမှောင်နေပြီး ဤရေခဲချပ်ဝတ်စစ်သည်များကို အေးစက်စွာ ကြည့်နေကြသည်။

အရင်ကတော့ သူလည်း ဤရေခဲချပ်ဝတ်စစ်သည်များကို အဆင့်အတန်းမြင့်ပြီး လှမ်းမမီနိုင်သူများဟု ထင်မှတ်ထားခဲ့ဖူးသည်။

သို့သော် ဤတစ်ကြိမ် ဝိုင်းဝန်းတိုက်ခိုက်မှုက ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့အပေါ် သူထားရှိခဲ့သော အထင်ကြီးမှုများကို လုံးဝ ရိုက်ချိုးပစ်လိုက်လေပြီ။

တကယ်တော့ ဤကောင်များကလည်း သူတို့နှင့် အတူတူပင်ဖြစ်ပြီး သာမန် အစွမ်းပိုင်ရှင်များသာ ဖြစ်ကြပေသည်။

သို့သော် ဤကောင်များက ကံနည်းနည်းပိုကောင်းပြီး ဤရေပေါ်ကျွန်းထဲသို့ သူတို့ထက် စောစော ရောက်ရှိသွားကာ မြူခိုးမြို့တော်၌ နေထိုင်ခွင့် ရရှိသွားခြင်းသာ ဖြစ်သည်။

တကယ်တမ်းပြောရလျှင် ဤလူများ၏ အစွမ်းအစကလည်း ဒီလောက်ပါပဲ။

ကျိုးဝမ်ရှီးက စကားစလိုက်သည်။ "ရွှီယွမ်... မင်းကို ငါသိတယ်... ဘယ်ဘက်တပ်ဖွဲ့ခေါင်းဆောင် ဟယ်ကျွင်းရဲ့ လူယုံပဲ... ဟက်ဟက်... မင်းတို့ ရေခဲချပ်ဝတ်စစ်သည်တွေက သိပ်ကို အစွမ်းထက်တယ်လို့ ငါထင်နေခဲ့တာ"

"ဒါပေမဲ့ တကယ်တမ်း တိုက်ခိုက်ကြည့်တော့လည်း မင်းတို့က ဒီလောက်ပါပဲလား"

"မင်းလို ရှုံးနိမ့်သွားတဲ့ကောင်ကများ ငါတို့ကို အထင်သေးခွင့် ရှိသေးတယ်ပေါ့"

ကျိုးဝမ်ရှီး၏ စကားကြောင့် အခြားသော သင်္ဘောခေါင်းဆောင်များကလည်း ဝိုင်းဝန်း ရယ်မောလိုက်ကြသည်။

ဤရယ်မောသံများက ချွန်ထက်သော ဓားသွားများအလား မာနထောင်လွှားနေသော ရေခဲချပ်ဝတ်စစ်သည် ခုနစ်ယောက်၏ ရင်ထဲသို့ ထိုးစိုက်သွားတော့သည်။

ရွှီယွမ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ "လူများတာကို အားကိုးပြီး အနိုင်ကျင့်တာ... မင်းတို့က ငါတို့နဲ့ ယှဉ်ဖို့ ထိုက်တန်လို့လား"

"သတ္တိရှိရင် ငါ့ကို လွှတ်ပေးလိုက်စမ်း... တစ်ယောက်ချင်းစီ ချကြမယ်"

ကျိုးဝမ်ရှီးက ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ဟားတိုက် ရယ်မောလိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။ "ဒီလောက် ကလေးဆန်တဲ့ စကားကို မင်းလိုလူမျိုးရဲ့ ပါးစပ်ကနေ ထွက်လာလိမ့်မယ်လို့ မထင်ထားဘူး"

"တစ်ယောက်ချင်း ချမယ် ဟုတ်လား... အခုက ကမ္ဘာပျက်ကပ် မတိုင်ခင်ကလို လက်ဝှေ့စင်ပေါ်မှာ တိုက်နေတယ်လို့ ထင်နေတာလား"

"ငတုံး... အခုက ကမ္ဘာပျက်ကပ် ရောက်နေပြီကွ"

အခြားသူများကလည်း ငတုံးတစ်ယောက်ကို လှောင်ပြောင်နေသကဲ့သို့ ဝိုင်းဝန်း ရယ်မောလိုက်ကြသည်။

ရွှီယွမ် အပါအဝင် ရေခဲချပ်ဝတ်စစ်သည်များမှာ ဒေါသမီးများ တောက်လောင်လာပြီး ရုန်းကန်ထကာ အသေအလဲ တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။

နှမြောစရာကောင်းသည်မှာ ခွန်အားအသားပေး အစွမ်းပိုင်ရှင် အချို့၏ လွယ်ကူစွာ ဖိချုပ်ထားခြင်းကို ခံလိုက်ရလေသည်။

ရွှီယွမ်က ချက်ချင်းပင် ကြမ်းတမ်းစွာ ဆဲဆိုလိုက်သည်။ "မင်းအမေလင်တွေ... ငါ့ကို လွှတ်စမ်း... သတ္တိရှိရင် ငါ့ကို လွှတ်ပေးလိုက်... မင်းတို့ အမှိုက်သရိုက်ကောင်တွေ... အသုံးမကျတဲ့ကောင်တွေ"

"မင်းတို့က ညှီစော်နံနေတဲ့ သင်္ဘောပျက်ကြီးတွေပေါ်မှာ နေဖို့ပဲ ထိုက်တန်တာ... မင်းတို့ကများ ရေပေါ်ကျွန်းပေါ် တက်ဖို့ အရည်အချင်း ရှိလို့လား"

"ဖယ်ကြစမ်း"

သူ၏ ပါးစပ်မှ အဆက်မပြတ် ဆဲရေးတိုင်းထွာနေမှုကြောင့် သင်္ဘောခေါင်းဆောင်များ၏ မျက်နှာများမှာ အလွန်တရာ အကျည်းတန်သွားကြသည်။

လင်းယွမ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ မြေကြီးပေါ်ရှိ အရိုးဓားတစ်လက်က ချက်ချင်း လေပေါ်မြောက်တက်လာပြီး လင်းယွမ်၏ လက်ထဲသို့ အလိုအလျောက် ရောက်ရှိသွားသည်။

"သူတို့က မင်းတို့ကို ဒီလောက်တောင် ဆဲနေတာတောင် မင်းတို့က သည်းခံနိုင်သေးတာလား"

"လာ... ဘယ်သူက ဒီဓားကိုယူပြီး သူ့လျှာကို ဖြတ်ပစ်ချင်လဲ"

ဤစကားကို ကြားလိုက်ရသည်နှင့် အဆက်မပြတ် ဆဲဆိုနေကြသော ရေခဲချပ်ဝတ်စစ်သည်များမှာ ချက်ချင်းပင် ဆွံ့အသွားကြတော့သည်။

တစ်ယောက်ချင်းစီတိုင်းက လင်းယွမ်ကို အံ့သြဒေါသထွက်စွာဖြင့် ကြည့်လိုက်ကြ၏။

ရေခဲချပ်ဝတ်စစ်သည် ခေါင်းဆောင် ရွှီယွမ်ပင်လျှင် ကြောက်လန့်သွားသည့် အရိပ်အယောင် ပေါ်လာသည်။

သူက ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်လိုက်ပြီး ဤအချိန်ကျမှ ဤလူကို သေချာ အကဲခတ်ရန် သတိရသွားပုံပေါ်သည်။

"မင်းက ဘယ်သူလဲ"

သူက လင်းယွမ်ကို ပထမဆုံးအကြိမ် မေးမြန်းလိုက်ခြင်းဖြစ်ပြီး ဤရေမျောက်ဝံများ အားလုံးက ဤလူအပေါ် အလွန် ရိုသေလေးစားနေကြသည်ကိုလည်း သတိထားမိသွားသည်။

ဤရေမျောက်ဝံများက အမြဲတမ်း ဖရိုဖရဲဖြစ်နေတတ်ပြီး ဤမျှလောက် စည်းလုံးညီညွတ်ရန်မှာ လုံးဝ မဖြစ်နိုင်ကြောင်းကို သူ တွေးမိသွားသည်။

ယခုအခါ ဤလူတစ်ယောက်တည်း၏ အမိန့်ကို အားလုံးက နာခံနေကြသည်မှာ တကယ်ကို သူ့အတွက် စဉ်းစား၍မရနိုင်အောင် ဖြစ်နေစေသည်။

ရုတ်တရက် လင်းယွမ် ပြန်ဖြေသည်ကိုပင် မစောင့်တော့ဘဲ သူက အံ့သြတကြီး အော်ဟစ်လိုက်သည်။ "မင်းက ဟို လင်ကျန်းဟီ ဆိုတဲ့လူလား"

လင်းယွမ် အံ့အားသင့်သွားပြီး ရေခဲချပ်ဝတ်စစ်သည် တစ်ယောက်၏ ပါးစပ်မှ လင်ကျန်းဟီ ဆိုသည့် နာမည်ကို ကြားရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

"ဟက်ဟက်... ကြည့်ရတာ လင်ကျန်းဟီ လုပ်ခဲ့တဲ့ ကိစ္စတွေက သေးပုံမရဘူး... မင်းတို့ ရေခဲချပ်ဝတ်စစ်သည်တွေတောင် သူ့အကြောင်းကို ကြားထားကြတယ်ပေါ့" လင်းယွမ်က ရယ်မောလိုက်သည်။

"မင်း မဟုတ်ဘူးလား... ဒါဆို မင်းက ဘယ်သူလဲ" ရွှီယွမ်က သံသယဖြစ်စွာ မေးလိုက်သည်။

ဘေးနားရှိ ကျိုးဝမ်ရှီးက ရှင်းပြလိုက်သည်။ "ဆရာလင်းယွမ်... အရင်တုန်းက ဘုရင်မသင်္ဘောရဲ့ ခေါင်းဆောင် လန်ယွဲ့ဟွာက လင်ကျန်းဟီ လိုက်သတ်တာကို ခံရလို့ဆိုပြီး ကျွန်တော်တို့ဆီ အကူအညီ လာတောင်းဖူးပါတယ်"

"ဒါပေမဲ့ ကျွန်တော်တို့က ကူညီဖို့ ငြင်းလိုက်တော့ သူက မြူခိုးမြို့တော်ထဲကို သွားခဲ့ပုံရတယ်... သူကပဲ လင်ကျန်းဟီရဲ့ နာမည်ကို သတင်းဖြန့်လိုက်တာ ဖြစ်နိုင်တယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်း သဘောပေါက်သွားပြီး လန်ယွဲ့ဟွာ ဆိုသည့် ထိုအမျိုးသမီးအပေါ် အထင်သေးသွားမိသည်။

ထိုမိန်းမက ယောက်ျားများကို အလွန်အမင်း မုန်းတီးရွံရှာသော်လည်း တကယ်တမ်း ဖြေရှင်းမရနိုင်သည့် အကျပ်အတည်းနှင့် ကြုံတွေ့ရချိန်တွင် ယောက်ျားများကို ရှာဖွေပြီး ပူးပေါင်းအကူအညီ တောင်းခံနေသေးသည် မဟုတ်ပါလော။

ပါးစပ်ကသာ ငြင်းဆန်နေပြီး လက်တွေ့လုပ်ရပ်က ဆန့်ကျင်ဘက် ဖြစ်နေသော မိန်းမမျိုးမို့ လန်ယွဲ့ဟွာက တကယ်ပဲ ယောက်ျားများကို မုန်းတီးနေတာလား သို့မဟုတ် သူမ၏ ပုံမှန်မဟုတ်သော လိင်စိတ်တိမ်းညွတ်မှုအတွက် အကြောင်းပြချက် ရှာနေခြင်း သက်သက်လား ဆိုသည်ကို လင်းယွမ်က တိုက်ရိုက်ပင် သံသယ ဝင်သွားမိသည်။

ကျန်းဟန်လျန်ကလည်း ဘေးမှနေ၍ ဟစ်အော်လိုက်သည်။ "သေချာ နားထောင်ထား... ဒီပုဂ္ဂိုလ်က ဆရာလင်းယွမ်ပဲ... ငါတို့ သင်္ဘောခေါင်းဆောင်တွေ အားလုံးက ရိုသေလေးစားရတဲ့ အကြီးအကဲပဲ"

"ရွှီယွမ်... မင်း အခြေအနေကို နားလည်ရင် လိမ်လိမ်မာမာနဲ့ စကားနားထောင်တာ အကောင်းဆုံးပဲ... မဟုတ်ရင် ဆရာလင်းယွမ်မှာ မင်းကို ပညာပေးမယ့် နည်းလမ်းတွေ အများကြီး ရှိတယ်"

ရွှီယွမ်က မျက်မှောင်ကြုတ်သွားပြီး သူ၏ ဦးနှောက်ထဲတွင် "လင်းယွမ်" ဆိုသည့် နာမည်နှစ်လုံးကို သေချာစွာ ပြန်လည် စဉ်းစားကြည့်သော်လည်း မည်သည့် မှတ်ဉာဏ်မျှ မရှိခဲ့ပေ။

သူက ရင်ထဲမှ ဒေါသမီးကို မြိုသိပ်ထားလိုက်ပြီး မေးလိုက်သည်။ "မင်း ဘာလိုချင်တာလဲ... ငါတို့ ဆွေးနွေးလို့ ရပါတယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ရယ်မောလိုက်သည်။

"အော်... ကြည့်ရတာ မင်း တကယ်ပဲ တည်ငြိမ်သွားပြီ ထင်တယ်"

ရွှီယွမ်က နှုတ်ခမ်းကို စေ့ထားပြီး စကားမပြောတော့ဘဲ လင်းယွမ်ကိုသာ အေးစက်စွာ ကြည့်နေသည်။

လင်းယွမ်က ပြုံးလျက် ပြောလိုက်သည်။ "ရှင်းပါတယ်... ငါ မျိုးရိုးဗီဇမျိုးစေ့ကို လိုချင်တယ်"

ရွှီယွမ်၏ မျက်လုံးအိမ်များ ချက်ချင်း ကျုံ့ဝင်သွားသည်။ "မင်းက မျိုးရိုးဗီဇမျိုးစေ့အတွက် ရောက်လာတာကိုး"

"အမှန်ပဲ"

"မင်း ငါ့ကို လွှတ်ပေးလိုက်... တပ်ဖွဲ့ခေါင်းဆောင်ဆီမှာ မင်းအတွက် မျိုးရိုးဗီဇမျိုးစေ့ကို သွားတောင်းပေးလို့ ရတယ်" ရွှီယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

သို့သော် လင်းယွမ်က ရယ်မောလိုက်ပြီး ခေါင်းငုံ့ကာ ရွှီယွမ်ကို စိုက်ကြည့်လိုက်သည်။ "မင်းက ငါ့ကို လာလိမ်နေတာလား"

ရွှီယွမ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ "ဘာပြောတာလဲ"

လင်းယွမ်က အေးစက်စက် ပြုံးလိုက်သည်။ "ငါက ဘယ်လိုအမျိုးအစား အစွမ်းပိုင်ရှင်လဲ ဆိုတာတောင် မပြောရသေးဘဲနဲ့... မင်းက ဒီလောက် လွယ်လွယ်ကူကူကြီး သဘောတူလိုက်တာလား"

ရွှီယွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်း ပြောလိုက်သည်။ "ငါတို့ဆီမှာ ဓာတ်သဘာဝ တစ်မျိုးတည်းရှိတဲ့ မျိုးရိုးဗီဇမျိုးစေ့ပဲ ရှိတယ်... တခြား အမျိုးအစား မရှိဘူး... မင်းက ဘယ်လိုအမျိုးအစား အစွမ်းပိုင်ရှင်ပဲဖြစ်ဖြစ် ငါက ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ တစ်မျိုးကိုပဲ မင်းအတွက် တောင်းပေးနိုင်မယ်"

"အော်... မင်း တကယ် တောင်းပေးနိုင်တယ်ပေါ့"

"ဟုတ်တယ်"

"မင်းကိုယ်တိုင်အတွက်ကျတော့ ဘာလို့ မတောင်းတာလဲ" လင်းယွမ်က အဓိကကျသော မေးခွန်းတစ်ခုကို တိုက်ရိုက် မေးလိုက်သည်။

ရွှီယွမ်က မျက်နှာအမူအရာ မပြောင်းလဲဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ့ရဲ့ အခြေခံ အရည်အသွေး လေးမျိုးလုံးက အမြင့်ဆုံး ကန့်သတ်ချက်ကို မရောက်သေးဘူး... အခုအချိန် မျိုးရိုးဗီဇမျိုးစေ့ကို ဖွဲ့စည်းမယ်ဆိုရင် ကျရှုံးနိုင်ခြေ အရမ်းများတယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါ ရင်ထဲ၌ ချက်ချင်း လှုပ်ရှားသွားပြီး အလျင်အမြန် မေးလိုက်သည်။ "ဘာအဓိပ္ပာယ်လဲ... မျိုးရိုးဗီဇမျိုးစေ့ ဖွဲ့စည်း အောင်မြင်နိုင်မှုက အရည်အသွေးမှတ်တွေနဲ့လည်း သက်ဆိုင်နေတာလား"

"သေချာတာပေါ့... အခြေခံ အရည်အသွေး လေးမျိုးက အမြင့်ဆုံး ကန့်သတ်ချက်ဖြစ်တဲ့ ၅၀ မှတ်နဲ့ နီးကပ်လေလေ... မျိုးရိုးဗီဇမျိုးစေ့ ဖွဲ့စည်းနိုင်ခြေ ပိုများလေလေပဲ"

"ယေဘုယျအားဖြင့်တော့ ၄၅ မှတ် အထက်ဆိုရင် ဖွဲ့စည်းအောင်မြင်နိုင်ခြေ ငါးဆယ် ရာခိုင်နှုန်း ရှိတယ်"

"ဒါပေမဲ့ ငါတို့ ရေခဲချပ်ဝတ်စစ်သည်တွေကတော့ မျိုးရိုးဗီဇမျိုးစေ့ကို ရာခိုင်နှုန်းပြည့် ဖွဲ့စည်းနိုင်ဖို့အတွက်... အရည်အသွေး တစ်ခုခုက အမြင့်ဆုံး ကန့်သတ်ချက် ၅၀ မှတ်ကို အပြည့်အဝ ရောက်ရှိသွားတဲ့ အချိန်အထိ စောင့်ပြီးမှသာ မျိုးရိုးဗီဇမျိုးစေ့ကို ဖွဲ့စည်းလေ့ ရှိကြတယ်"

လင်းယွမ်၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး ဤအထဲတွင် လျှို့ဝှက်ချက်များ ရှိနေဦးမည်ဟု မထင်မှတ်ထားခဲ့ပေ။

သူက မေးမြန်းလိုက်သည်။ "မင်းတို့ရဲ့ မျိုးရိုးဗီဇမျိုးစေ့တွေက ဘယ်ကနေ ရလာတာလဲ"

"မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲကနေ စစ်ထုတ် ယူထားတာပဲ"

"စစ်ထုတ်ယူတယ်" လင်းယွမ်က ဤစကားလုံးကို ထက်မြက်စွာ သတိထားမိလိုက်သည်။

ဤအရာက သူ စိတ်ကူးထားသည်နှင့် သိပ်မတူညီပုံ ပေါ်နေသည်။

မျိုးရိုးဗီဇမျိုးစေ့ နိုးထလာသော သန္ဓေပြောင်း သတ္တဝါတိုင်း၏ ခန္ဓာကိုယ်ထဲတွင် မျိုးရိုးဗီဇမျိုးစေ့ တစ်စေ့သာ ရှိမည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ကိုယ်တွင်းအင်္ဂါ တစ်ခုကဲ့သို့ ခန္ဓာကိုယ်၏ တစ်နေရာရာတွင် ရှိနေမည်ဟု တွေးထင်ထားခဲ့သည်။

တစ်ဖက်လူ၏ စကားအရဆိုလျှင် ဘာကြောင့် စစ်ထုတ်ယူရန် လိုအပ်နေရသနည်း။

"မျိုးရိုးဗီဇမျိုးစေ့ နိုးထထားတဲ့ သန္ဓေပြောင်း သတ္တဝါတစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲကနေ မျိုးရိုးဗီဇမျိုးစေ့ ဘယ်နှစေ့လောက် စစ်ထုတ်ယူလို့ ရလဲ"

ရွှီယွမ်က လင်းယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "အဲဒီ သန္ဓေပြောင်း သတ္တဝါရဲ့ နိုးထမှု အဆင့်အပေါ် မူတည်တယ်... ယေဘုယျအားဖြင့်တော့ အခြေခံအဆင့် မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကနေ တစ်စေ့ ကနေ သုံးစေ့လောက်အထိပဲ စစ်ထုတ်ယူလို့ ရတယ်"

"အလယ်အလတ်အဆင့် မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သတ္တဝါဆိုရင်တော့... အနည်းဆုံး သုံးစေ့ ကနေ ခြောက်စေ့အထိ စစ်ထုတ်ယူလို့ ရတယ်"

"အဆင့်မြင့် မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သတ္တဝါဆိုရင်... ခြောက်စေ့ ကနေ ကိုးစေ့အထိ စစ်ထုတ်ယူလို့ ရနိုင်တယ်"

လင်းယွမ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ "သန္ဓေပြောင်း သတ္တဝါတစ်ကောင်က အခြေခံအဆင့်လား... အဆင့်မြင့်လား ဆိုတာကို ဘယ်လို ခွဲခြားရမလဲ"

"ဒီသန္ဓေပြောင်း သတ္တဝါရဲ့ မျိုးရိုးဗီဇမြေပုံ ပြည့်စုံတဲ့ ပမာဏကို ကြည့်ရတယ်... ပြည့်စုံမှု ပိုများလေလေ အဆင့် ပိုမြင့်လေလေပဲ"

"မြူခိုးမြို့တော်မှာ မျိုးရိုးဗီဇမျိုးစေ့ အဆင့်ကို ကျော်လွန်သွားတဲ့ သန္ဓေပြောင်း သတ္တဝါတွေက ရေခဲလွင်ပြင်မှာပဲ ရှိတယ်... အကောင်တိုင်းက ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်ကြပြီး... အဲဒီလို အဆင့်မျိုးရှိတဲ့ သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို ငါတို့ သတ်ချင်ရင်တောင် ကြီးမားတဲ့ ပေးဆပ်မှုတွေ လုပ်ရတယ်"

"မင်း တစ်ယောက်တည်း အင်အားနဲ့ကတော့... မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို အနိုင်ယူဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"

"ဘယ်လိုလဲ... ငါတို့ကို လွှတ်ပေးလိုက်... တပ်ဖွဲ့ခေါင်းဆောင်ဆီမှာ မင်းအတွက် တစ်စေ့ တောင်းပေးမယ်လို့ ငါ အာမခံနိုင်တယ်"

ရွှီယွမ်က လင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။

လင်းယွမ်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး မေးလိုက်သည်။ "မင်းက အဲဒီလောက်တောင် သဘောကောင်းနေတာလား"

"ငါ သဘောကောင်းတာ မဟုတ်ဘူး... အသက်ရှင်ချင်လို့ပဲ"

ရွှီယွမ်က သူ၏ စိတ်ကူးကို ပွင့်ပွင့်လင်းလင်းပင် ထုတ်ပြောလိုက်သည်။

သူ၏ စိတ်စွမ်းအင် အရည်အသွေးက ၅၀ မှတ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီဖြစ်ရာ နောက်ဆုံး ခြေတစ်လှမ်းသာ လိုတော့ပြီး ၎င်းကို ရရှိပါက မျိုးရိုးဗီဇမျိုးစေ့ကို ဖွဲ့စည်းနိုင်ကာ မျိုးရိုးဗီဇမြေပုံကို စတင် ရေးဆွဲနိုင်တော့မည် ဖြစ်သည်။

သူက ဤနေရာတွင် မသေချင်သေးပေ။

အထူးသဖြင့် သူ့ကိုယ်သူနှင့် မျက်စိရှေ့ရှိ ဤလူကြားတွင် မည်သည့် နက်ရှိုင်းသော ရန်ငြိုးရန်စမျှ မရှိသောကြောင့် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အကျိုးစီးပွားအရ အနည်းငယ် ပဋိပက္ခ ဖြစ်ရုံသာ ဖြစ်သည်။

ကြေးစားတပ်ဖွဲ့ကြီး သုံးခုကလည်း သူ့အတွက် ပစ္စည်းများ စုဆောင်းပေးသည့် ကိရိယာလေးများသာ ဖြစ်ပြီး သူတို့အတွက် ရှေ့ထွက်ကာ မိမိ၏ အသက်ကို စတေးခံရလောက်သည်အထိ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

ထို့ကြောင့် သူက အလွန် လျင်မြန်စွာ အရှုံးပေးလိုက်ခြင်း ဖြစ်သည်။

သေချာသည်ကတော့ သူ၏ စိတ်ထဲတွင် မည်သို့သော နက်ရှိုင်းသည့် အတွေးများ ရှိနေသေးသနည်း ဆိုသည်ကို လင်းယွမ် မသိနိုင်ပေ။

ထိုကဲ့သို့သော လူမျိုးက လွယ်လွယ်ကူကူနှင့် အရှုံးပေးလိမ့်မည်ဟု လင်းယွမ်က လုံးဝ မယုံကြည်ပေ။

ထိုခဏ၌ သူ၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားပြီး ဤရေခဲချပ်ဝတ်စစ်သည် ခုနစ်ယောက်၏ ခန္ဓာကိုယ်အတွင်းသို့ ကပ်ပါးမျိုးစေ့များကို တိုက်ရိုက်ပင် ထည့်သွင်းလိုက်လေသည်။

တစ်ချိန်တည်းမှာပင် "အဆိပ်ဆေး" ကို တိုက်ကျွေးလိုက်ပြီး သတိပေးလိုက်သည်။ "ငါက မင်းတို့ကို အပြည့်အဝ မယုံကြည်နိုင်ဘူး... ဒါပေမဲ့ ကိစ္စမရှိပါဘူး... ဒီအဆိပ်ဆေးတွေကို စားလိုက်ရင် မင်းတို့ရဲ့ အသက်တွေက ငါ့လက်ထဲ ရောက်သွားပြီပဲ"

"အခု မင်းနဲ့ မင်းရဲ့ လူတွေကို ငါ လွှတ်ပေးလိုက်မယ်... ငါ့ကို မြူခိုးမြို့တော်သခင် ဆီ ခေါ်သွားပေး"

ရွှီယွမ်က မျက်စိရှေ့ရှိ အဆိပ်ဆေးကို ကြည့်လိုက်ပြီး သူ၏ စိတ်ထဲတွင် ကောင်းစွာ သိရှိနေသည်မှာ သူ့အတွက် အခြား ရွေးချယ်စရာ မရှိတော့ကြောင်းပင်။

ယခုအချိန်တွင် ခေါင်းမာမာဖြင့် ဤ "အဆိပ်ဆေး" ကို စားလိုက်ရန်သာ ရှိတော့သည်။

အခြားသူများကလည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မတတ်သာဘဲ အတင်းအကျပ် "အဆိပ်ဆေး" ကို စားလိုက်ကြရလေသည်။

သို့သော် အဆိပ်ဆေး ဆိုသည်မှာ ဟန်ပြသက်သက်သာ ဖြစ်ကြောင်းကို မည်သူကမျှ မသိကြပေ။

သူတို့၏ အသက်ကို တကယ် ယူနိုင်သည့်အရာမှာ လင်းယွမ်က သူတို့၏ ခန္ဓာကိုယ်ထဲသို့ စောစီးစွာကတည်းက ထည့်သွင်းထားခဲ့သော ကပ်ပါးမျိုးစေ့များပင် ဖြစ်လေသည်။

ဆက်ရန်...

အပိုင်း(၄၁၄) မျိုးရိုးဗီဇမျိုးစေ့၏ အရင်းအမြစ်

"အဆိပ်ဆေး" ကို အတင်းအကျပ် စားခိုင်းခံရပြီးနောက် ရွှီယွမ်၊ ကျန့်ယွင်နှင့် အခြားသူများ၏ လက်ထိတ်များကို ဖြုတ်ပေးလိုက်သည်။

လင်းယွမ်က အဝေးမှ မီးခိုးငွေ့များ ထွက်ပေါ်နေသော မြူရေခဲမြို့တော်ကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။ "ဟိုမှာ ဘာတွေဖြစ်နေတာလဲ"

ရွှီယွမ်က ခေါင်းခါလိုက်သည်။ "မသိဘူး... ကျွန်တော် ထွက်လာပြီးတာနဲ့ မြူရေခဲမြို့တော်မှာ ပြဿနာတက်တာပဲ... လာတုန်းက ရေခဲချပ်ဝတ်စစ်သည်တွေရဲ့ အကူအညီတောင်းတဲ့ အချက်ပြသင်္ကေတကို မြင်ခဲ့တယ်"

လင်းယွမ် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး စိတ်ထဲတွင်လည်း သံသယများ ဖြစ်ပေါ်လာ၏။

ဒီ မြူရေခဲမြို့တော် အထဲမှာတောင် စစ်မီးတွေ တောက်လောင်နေတာပဲ။

သူ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ "အားလုံးပဲ... ငါ့နောက်ကို လိုက်ခဲ့... မြူရေခဲမြို့တော်ကို သွားကြည့်ကြမယ်"

သင်္ဘောခေါင်းဆောင်များ အားလုံးက ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

မြူရေခဲမြို့တော် ဆိုသည်မှာ သူတို့ အမြဲတမ်း ခြေချ ဝင်ရောက်နေထိုင်ချင်ခဲ့သော နေရာတစ်ခု ဖြစ်ပေသည်။

ယခုတော့ လင်းယွမ်၏ ဦးဆောင်မှုအောက်တွင် နောက်ဆုံး၌ အထဲသို့ ဝင်ရောက်နိုင်တော့မည် ဖြစ်သည်။

ရေခဲချပ်ဝတ်စစ်သည် ခုနစ်ဦးနှင့် ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် သုံးဦးတို့၏ မျက်နှာအမူအရာများမှာမူ ယခုအချိန်တွင် ရှုပ်ထွေးနေကြ၏။

ရပ်တည်ချက်အရ ပြောရမည်ဆိုလျှင် ဤသင်္ဘောခေါင်းဆောင်များနှင့် သူတို့ သဘာဝကျကျပင် ပူးပေါင်းလိုခြင်း မရှိပေ။

သို့သော် သူတို့၏ အသက်အိုးအိမ်စည်းစိမ်က သူတစ်ပါးလက်ထဲ ရောက်နေသဖြင့် ယခုအချိန်တွင် မဖြစ်မနေ ပူးပေါင်းနေကြရသည်။

လင်းယွမ်က ဤလူများ၏ အတွေးများကို ဂရုမစိုက်သလို အရေးလည်း မလုပ်ပေ။

ဤလူများက သူ့ကို သစ္စာဖောက်ရန် ရဲမည်ဆိုပါက သူတို့ကို စောင့်ကြိုနေသည်မှာ ကပ်ပါးမျိုးစေ့များ ထိန်းချုပ်မှုလွတ်သွားပြီး သူတို့၏ ခန္ဓာကိုယ်ကို ဖောက်ထွက်လာမည့် အရာသာ ဖြစ်သည်။

လူအုပ်ကြီးသည် သစ်တောထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားလာရင်း မြူရေခဲမြို့တော်ဆီသို့ အလျင်အမြန် သွားရောက်ကြသည်။

ရှေ့သို့ ဆက်သွားနေရင်း လင်းယွမ်က ရွှီယွမ်ကို မေးမြန်းလိုက်သည်။ "မြူခိုးမြို့တော်သခင်က ဘယ်လို လူမျိုးလဲ"

ရွှီယွမ်သည် ရေခဲချပ်ဝတ်စစ်သည်များ၏ ခေါင်းဆောင် တစ်ယောက်ဖြစ်ရာ အခြားသူများက ဤလျှို့ဝှက်ဆန်းကြယ်သော မြူခိုးမြို့တော်သခင်ကို မမြင်ဖူးလျှင်တောင် သူကတော့ သေချာပေါက် မြင်ဖူးပေလိမ့်မည်။

ဤစကားကို ကြားသောအခါ ရွှီယွမ်က ပြန်ဖြေသည်။ "မြူခိုးမြို့တော်သခင်ရဲ့ နာမည်အရင်းက ချန်ယွင်တောက် လို့ခေါ်တယ်... သူ့ရဲ့ သွားလာလှုပ်ရှားမှုတွေက လျှို့ဝှက်ဆန်းကြယ်ပြီး အသက်ကတော့ သုံးဆယ်တောင် မပြည့်သေးတဲ့ ပုံစံပဲ"

"သူ့ရဲ့ ရုပ်ရည်ကိုတော့ ကျွန်တော် မမြင်ဖူးဘူး... သူက ကျွန်တော်တို့နဲ့ တွေ့တဲ့အခါတိုင်း သူ့ရဲ့ အမှတ်အသားဖြစ်တဲ့ မျက်နှာမပါတဲ့ မျက်နှာဖုံးကို တပ်ထားတတ်တယ်"

"ဒါဆို သူ့အသက် သုံးဆယ်လောက် ရှိပြီဆိုတာ မင်း ဘယ်လိုလုပ် သိတာလဲ"

"သူ့အသံကို နားထောင်ပြီး ခန့်မှန်းရတာပါ... နောက်ပြီး ကျွန်တော်တို့ရဲ့ တပ်မှူးက သူ့ရဲ့ မျက်နှာအစစ်ကို မြင်ဖူးတယ်လေ... အရင်တုန်းက တပ်မှူး ပြောပြတာကို ကြားဖူးတယ်"

"သူက ဘာလို့ မျက်နှာဖုံး တပ်ထားရတာလဲ... ဘာလို့ ဒီလောက်တောင် လျှို့ဝှက်နေရတာလဲ"

ရွှီယွမ်က ခေါင်းခါလိုက်သည်။ "မသိဘူး... မြူခိုးမြို့တော်ထဲကို ကျွန်တော် မဝင်ခင်ကတည်းက ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့က ရှိနေပြီးသားပဲ"

"ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့တင် မကဘူး... မြူရေခဲမြို့တော်ကြီးကလည်း စောစောစီးစီးကတည်းက ရှိနေခဲ့တာ"

"ဒီ မြူခိုးမြို့တော်နဲ့ မြူရေခဲမြို့တော်အကြောင်းကို ကျွန်တော်တို့ သိထားတာ သိပ်မများလှဘူး"

"ဒီနေရာရဲ့ ပိုင်ရှင်က ချန်ယွင်တောက် ဆိုတာလောက်ပဲ သိတယ်... အရာအားလုံးကို သူပဲ တည်ဆောက်ခဲ့တာ"

လင်းယွမ် မျက်မှောင်ကြုတ်သွားပြီး ဘေးနားရှိ ကျိုးဝမ်ရှီးက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "ဒီလောက် ကြီးမားတဲ့ မြို့ကြီးတစ်မြို့လုံးကို သူတစ်ယောက်တည်း တည်ဆောက်ခဲ့တာတော့ မဖြစ်နိုင်ပါဘူး"

ရွှီယွမ်က ခေါင်းခါလိုက်သည်။ "ကျွန်တော် မသိဘူး... တကယ်တော့ မြို့ထဲက လူတော်တော်များများကိုလည်း ကျွန်တော် မေးကြည့်ဖူးပါတယ်... သူတို့လည်း သေချာ မသိကြဘူး"

"လူတိုင်းက ဒီကျွန်းပေါ် ရောက်လာပြီးကတည်းက မြူရေခဲမြို့တော်ကြီးက ရှိနေပြီးသားလို့ ပြောကြတာပဲ"

"ကျွန်းပေါ်ကို ပထမဆုံး ရောက်လာတဲ့သူတော့ ရှိမှာပေါ့" ကျန်းဟန်လျန်က မနေနိုင်ဘဲ ဝင်မေးလိုက်သည်။

ရွှီယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောသည်။ "ရှိတယ်... ကျွန်းပေါ်ကို ပထမဆုံးရောက်လာပြီး မြူခိုးမြို့တော်သခင်နဲ့ တွေ့ခဲ့တဲ့သူက ကျွန်တော်တို့ရဲ့ ဘယ်တပ်မှူး ဟယ်ကျွင်း ပဲ"

"သူက မင်းတို့ကို ဘာမှ မပြောပြဘူးလား" ကျန်းဟန်လျန်က ထပ်မေးလိုက်သည်။

ရွှီယွမ်က ခေါင်းခါလိုက်သည်။ "မပြောပြဘူး... တပ်မှူးဟယ် ကိုလည်း လူတိုင်း တွေ့ခွင့်ရတာ မဟုတ်ဘူးလေ... ကျွန်တော်တောင်မှ ပုံမှန်ဆိုရင် သူ့ကို တွေ့ရတဲ့ အကြိမ်အရေအတွက်က လက်ချိုးရေတွက်လို့ ရတယ်"

"နောက်ထပ် လျှို့ဝှက်တဲ့သူ တစ်ယောက်ပါလား... သူတို့တွေ ဘာတွေများ အလုပ်ရှုပ်နေကြတာလဲ" ကျန်းဟန်လျန်က ထပ်မံ မေးခွန်းထုတ်လိုက်သည်။

"မသိဘူး... အချိန်အများစုမှာတော့ ဘယ်တပ်မှူးနဲ့ မြူခိုးမြို့တော်သခင်တို့က ရေခဲမြေရိုင်းဒေသ ရဲ့ အနက်ရှိုင်းဆုံး နေရာတွေမှာပဲ ရှိနေကြတာ"

"ရေခဲမြေရိုင်းဒေသက အရမ်း အန္တရာယ်များတယ်... သန္ဓေပြောင်း သတ္တဝါတွေ အများကြီး သွားလာလှုပ်ရှားနေကြတာ... ရေခဲမြေရိုင်းဒေသရဲ့ အတွင်းပိုင်းမှာဆိုရင် မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေတောင် ရှိနေသေးတယ်"

"ရေခဲချပ်ဝတ်စစ်သည်တွေ ဆိုရင်တောင်မှ ရေခဲမြေရိုင်းဒေသရဲ့ အတွင်းပိုင်းကို သွားလေ့သိပ်မရှိကြဘူး... အချိန်အများစုကတော့ အပြင်ဘက်မှာပဲ ကိုယ့်ရဲ့ အစွမ်းတွေကို လေ့ကျင့်နေကြတာ"

ဤသို့ စကားပြောဆိုပြီးနောက် လူတိုင်းက ဤမြူခိုးမြို့တော်သခင်မှာ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လွန်းသည်ဟု ခံစားလိုက်ကြရသည်။

ဤ မြူခိုးမြို့တော်ကြီးကဲ့သို့ပင် မြူခိုးများ ဖုံးလွှမ်းနေသည့်အလား ပဟေဠိဆန်နေပေသည်။

သူက ဘယ်လို လူမျိုးလဲ... ဘယ်ကနေ ရောက်လာတာလဲ... ဒီ မြူရေခဲမြို့တော်ရဲ့ သခင် ဘယ်လိုလုပ်ပြီး ဖြစ်လာခဲ့တာလဲ။

ဒီ မြူခိုးမြို့တော်ကြီးကို သူ ပထမဆုံး ရှာတွေ့ခဲ့တာလား။

မည်သူကမျှ အဖြေမပေးနိုင်ကြဘဲ လင်းယွမ်၏ စိတ်ထဲတွင်လည်း သံသယမျိုးစုံ ဖြတ်ပြေးသွားခဲ့သည်။

ဒီ မြူခိုးမြို့တော်သခင်နဲ့ တကယ် တွေ့ဆုံရမှသာ ဒါတွေအားလုံးကို ရှင်းရှင်းလင်းလင်း သိနိုင်ပေလိမ့်မည်။

"စောစောက မင်းပြောသွားတာ... မျိုးရိုးဗီဇမျိုးစေ့ကို သန္ဓေပြောင်း သတ္တဝါတွေဆီကနေ သန့်စင်ထုတ်ယူရတာဆို... အဲ့ဒီ သန့်စင်ထုတ်ယူတယ် ဆိုတာက ဘာသဘောလဲ"

မြူခိုးမြို့တော်သခင်အကြောင်း စူးစမ်းလိုစိတ်ကို ဘေးဖယ်ထားလိုက်ပြီး လင်းယွမ်က သူ အများဆုံး စိတ်ဝင်စားနေသည့် မျိုးရိုးဗီဇမျိုးစေ့ ကိစ္စကို မေးမြန်းလိုက်သည်။

အကယ်၍ မျိုးရိုးဗီဇမျိုးစေ့ကို ဘယ်လို သန့်စင်ထုတ်ယူရမလဲဆိုတာကိုသာ ရှင်းရှင်းလင်းလင်း သိသွားမည်ဆိုပါက သူ ကိုယ်တိုင် မျိုးရိုးဗီဇမျိုးစေ့အဆင့် သန္ဓေပြောင်း သတ္တဝါတွေကို ဖမ်းဆီးပြီး ကိုယ်တိုင် သန့်စင်ထုတ်ယူနိုင်ကောင်း ထုတ်ယူနိုင်ပေလိမ့်မည်။

သို့သော် ရွှီယွမ်၏ စကားများကြောင့် လင်းယွမ်မှာ ချက်ချင်းပင် မျက်မှောင် အကြီးအကျယ် ကြုတ်သွားရလေသည်။

"မျိုးရိုးဗီဇမျိုးစေ့ ဆိုတာက မျိုးရိုးဗီဇတွေ အဆင့်မြင့်မြင့် ပုံဆောင်ခဲ ဖြစ်သွားတာကနေ ရလာတာပါ... မျိုးရိုးဗီဇတွေက သာမန်အားဖြင့် ကျွန်တော်တို့ရဲ့ သွေးကြောတွေ အနက်ရှိုင်းဆုံး နေရာမှာ ကိန်းအောင်းနေတတ်တယ်... အဲ့ဒီလို မျိုးရိုးဗီဇ ပုံဆောင်ခဲလေးတွေ ဖြစ်လာဖို့အတွက် အထူးနည်းလမ်းတွေနဲ့ သန့်စင်ထုတ်ယူဖို့ လိုအပ်ပါတယ်"

"ပုံမှန်အားဖြင့်တော့ အခြေခံအဆင့် မျိုးရိုးဗီဇမျိုးစေ့ သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇမြေပုံက အကြမ်းဖျင်း ပုံစံလောက်ပဲ ရှိသေးတာ... သူတို့ရဲ့ ဆင့်ကဲပြောင်းလဲမယ့် ဦးတည်ချက်က ပုံသေဖြစ်သွားပြီ ဆိုပေမယ့် အဲ့ဒီအထဲမှာ မလိုအပ်တဲ့ တခြားမျိုးရိုးဗီဇတွေ အများကြီး ရောနှောပါဝင်နေသေးတယ်"

"မျိုးရိုးဗီဇမြေပုံအတွက် လိုအပ်တဲ့ မျိုးရိုးဗီဇကို သန့်စင်ထုတ်ယူနိုင်မှသာ မျိုးရိုးဗီဇမျိုးစေ့ကို ပုံဆောင်ခဲအဖြစ် ဖန်တီးနိုင်မှာပါ... ရောနှောနေတဲ့ မျိုးရိုးဗီဇတွေဆိုရင်တော့ အဆင်မပြေဘူး"

"ရောနှောနေတဲ့ မျိုးရိုးဗီဇတွေကို ဖယ်ရှားပြီး မျိုးရိုးဗီဇမြေပုံအတွက် လိုအပ်တဲ့ မျိုးရိုးဗီဇတွေကိုပဲ ချန်ထားတဲ့ လုပ်ငန်းစဉ်ကို သန့်စင်ထုတ်ယူခြင်းလို့ ခေါ်တာပါ"

"သာမန် အခြေခံအဆင့် မျိုးရိုးဗီဇမျိုးစေ့ သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇမြေပုံမှာ ပါဝင်တဲ့ မျိုးရိုးဗီဇ သိပ်သည်းဆက... မျိုးရိုးဗီဇမျိုးစေ့ တစ်စေ့ကနေ သုံးစေ့လောက်အထိပဲ သန့်စင်ထုတ်ယူနိုင်ပါတယ်"

"အတိအကျ ဘယ်နှစေ့လောက် သန့်စင်ထုတ်ယူနိုင်မလဲ ဆိုတာကတော့... အဲ့ဒီ သန္ဓေပြောင်း သတ္တဝါရဲ့ မျိုးရိုးဗီဇ သိပ်သည်းဆနဲ့ သန့်စင်ထုတ်ယူတဲ့ နည်းလမ်းအပေါ်မှာ မူတည်တယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါမှ မျိုးရိုးဗီဇမျိုးစေ့ ဆိုသည်မှာ တကယ်တမ်း မည်သို့သော အရာဖြစ်ကြောင်းကို နားလည်သွားတော့သည်။

တကယ်တော့ ဤ မျိုးရိုးဗီဇမျိုးစေ့ ဆိုသည်မှာ မျိုးရိုးဗီဇမြေပုံ တစ်ခုခုအတွက် လိုအပ်သော ဗီဇ ပုံဆောင်ခဲလေးများပင် ဖြစ်နေတော့သည်။

သူက ချက်ချင်း ထပ်မေးလိုက်သည်။ "သန့်စင်ထုတ်ယူတဲ့ နည်းလမ်းက ဘာလဲ"

ရွှီယွမ်က ချက်ချင်း ခေါင်းခါလိုက်သည်။ "ကျွန်တော် မသိဘူး... ဒီလို လျှို့ဝှက်ချက်မျိုးကို မြူခိုးမြို့တော်သခင် တစ်ယောက်တည်းပဲ သိတာ... ကျွန်တော်တို့ရဲ့ တပ်မှူးတောင် သေချာ မသိဘူး"

လင်းယွမ်က မျက်လုံးများကို အလိုအလျောက် မှေးကျဉ်းလိုက်မိသည်၊ ကြည့်ရသည်မှာ ဤမြူခိုးမြို့တော်သခင်ကို သူကိုယ်တိုင် လူကိုယ်တိုင် မေးမြန်းရပေလိမ့်မည်။

သို့သော် ဤကဲ့သို့သော လျှို့ဝှက်ချက်မျိုးကို တစ်ဖက်လူက လွယ်လွယ်ကူကူ ပြောပြချင်မှ ပြောပြမည် ဖြစ်သည်။ အကယ်၍... တစ်ဖက်လူကို ဖမ်းဆီးပြီး အသက်အန္တရာယ်နဲ့ ခြိမ်းခြောက်နိုင်မှလွဲလို့ပေါ့။

သို့သော်လည်း ယခုအခါ ပိုသိလာရလေလေ လင်းယွမ်အနေဖြင့် ဤမြူခိုးမြို့တော်သခင် ချန်ယွင်တောက်၏ စွမ်းအားကို ပို၍ စိုးရိမ်လာရလေလေ ဖြစ်သည်။

တစ်ဖက်လူမှာ မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိသော အဆင့်မြင့် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ထို့အပြင် တစ်ဖက်လူက မျိုးရိုးဗီဇမြေပုံကို ပုံဖော်နိုင်ခဲ့သည်မှာ တစ်ရက်နှစ်ရက် မဟုတ်တော့ဘဲ လပေါင်းများစွာတောင် ကြာမြင့်နေလောက်ပြီ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤရေခဲချပ်ဝတ်စစ်သည်များပင် ဤနေရာသို့ ရောက်ရှိနေသည်မှာ တစ်လကျော် ကြာမြင့်နေပြီ မဟုတ်ပါလော။

ရေလွှမ်းမိုးဘေးကြီး ဖြစ်ပေါ်လာချိန်မှစ၍ ယခုအထိ တစ်နှစ်ပင် မပြည့်သေးသည့် အချိန်အတွင်း ဤမျှ လျင်မြန်စွာ မျိုးရိုးဗီဇမြေပုံကို ပုံဖော်နိုင်သူ ရှိနေလိမ့်မည်ဟု တွေးကြည့်ရန်ပင် ခက်ခဲလှပေသည်။

လင်းယွမ်၏ စိတ်ထဲတွင် တိတ်ဆိတ် အံ့အားသင့်သွားမိသည်။ သူ့မှာ စနစ် ပါလာသည့်တိုင်အောင် ဤမျှလောက် အမြန်နှုန်းမျိုး မရှိခဲ့ပေ။

ဒီ ချန်ယွင်တောက်က ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ။

ရုတ်တရက် လင်းယွမ်က ဤအံ့သြဖွယ်ကောင်းသော ရေပေါ်ကျွန်းကြီးကို သတိရသွားသည်။

"ဒီကျွန်းကြောင့်များလား... ဒီကျွန်းပေါ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေများ ရှိနေလို့လဲ"

သူ၏ စိတ်ထဲတွင် အတွေးများ ဗြောင်းဆန်နေပြီး ခန့်မှန်းချက် အမျိုးမျိုး ဖြတ်ပြေးသွားခဲ့သည်။

လူအုပ်ကြီးက မြူခိုးသစ်တောထဲမှ လျင်မြန်စွာ ထွက်ခွာလာခဲ့ကြပြီး မြူရေခဲမြို့တော်ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

ပတ်ဝန်းကျင် တစ်ခွင်လုံးတွင် မြူခိုးများ ဖုံးလွှမ်းနေဆဲ ဖြစ်သော်လည်း ဤနေရာ၏ အပူချိန်က မြူခိုးသစ်တောထဲထက် အနည်းငယ် ပိုမြင့်မားနေပြီး ထိုမျှလောက် မအေးခဲတော့ပေ။

"ကယ်ကြပါဦး... ကယ်ကြပါဦး"

"လူတွေ... ဟိုဘက်မှာ လူတွေ ရှိတယ်"

"တပ်မှူးရွှီယွမ် ပဲ... တပ်မှူးရွှီ"

"တပ်မှူးကျန့်ယွင်"

...

ရုတ်တရက် အရှေ့ဘက်ရှိ နှင်းပြင်ထဲတွင် လူရိပ် ဆယ်ဂဏန်းခန့် ထွက်ပေါ်လာပြီး အဆက်မပြတ် အော်ဟစ်နေကြသည်။

သူတို့၏ ဖရိုဖရဲ ဖြစ်နေသော ပုံစံကို ကြည့်ခြင်းအားဖြင့် မြို့ထဲမှ ထွက်ပြေးလာကြသူများ ဖြစ်ကြောင်း သိသာလှသည်။

အချို့လူများ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများပင် ရှိနေကြသေးသည်။

ရွှီယွမ်က အလိုအလျောက် သွားကြည့်ရန် ပြင်လိုက်သော်လည်း ချက်ချင်းပင် တစ်စုံတစ်ခုကို သတိပြုမိသွားကာ လင်းယွမ်ထံသို့ ခေါင်းလှည့်ကြည့်လိုက်သည်။

လင်းယွမ်က တိုးညှင်းသော အသံဖြင့် "မြို့ထဲမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို သူတို့ကို သေချာ မေးကြည့်လိုက်" ဟု ပြောလိုက်သည်။

ရွှီယွမ်က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး လူအုပ်ထဲမှ ထွက်ကာ ထိုလူစုကို အော်မေးလိုက်သည်။ "မြို့ထဲမှာ ဘာတွေ ဖြစ်နေတာလဲ... မင်းတို့ ဘာလို့ ဒီလောက်တောင် ပြာယာခတ်နေကြတာလဲ"

လူတစ်ယောက်က ချက်ချင်း အော်ပြောလိုက်သည်။ "တပ်မှူးရွှီယွမ်... ပြဿနာ တက်နေပြီ... မြေမိခင်ဂိုဏ်းက သောင်းကျန်းနေပြီး နေရာအနှံ့ လူတွေ လိုက်သတ်နေကြတယ်"

"ဟုတ်တယ်... တပ်မှူးရွှီ တပ်မှူးကျန်း... ခင်ဗျားတို့ အမြန် ပြန်သွားကြည့်ကြပါဦး"

ကျန့်ယွင်က မနေနိုင်တော့ဘဲ အော်မေးလိုက်သည်။ "ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ရဲ့ တခြား အဖွဲ့တွေရော... သူတို့ သွားမနှိမ်နင်းကြဘူးလား"

"သွားကြတာပေါ့... ဒါပေမဲ့ မြေမိခင်ဂိုဏ်းမှာလည်း အစွမ်းထက်တဲ့သူတွေ ပါတယ်လေ... သူတို့ဆီမှာ အစွမ်းတွေကို ချိတ်ပိတ်နိုင်တဲ့ ထူးဆန်းတဲ့ သင်္ကေတ တစ်မျိုးလည်း ရှိသေးတယ်... ရေခဲချပ်ဝတ်စစ်သည် ကြီးတွေလည်း မခံနိုင်ကြတော့ဘဲ ရေခဲမြေရိုင်းဒေသဘက်ကို စတင် ဆုတ်ခွာနေကြပြီ"

"ဘာ" ကျန့်ယွင်မှာ ထိတ်လန့်တုန်လှုပ်သွားတော့သည်။

အစွမ်းများကို ချိတ်ပိတ်နိုင်သော သင်္ကေတ အကြောင်းကို ကြားလိုက်ရချိန်တွင် သူက အထိတ်တလန့်ဖြင့် ခေါင်းလှည့်ကာ လင်းယွမ်ကို ကြည့်လိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည်လည်း စောစောက ထိုထူးဆန်းသော လက်ထိတ်များဖြင့် ခတ်ခံထားရပြီး ခန္ဓာကိုယ်အတွင်းရှိ အစွမ်းများကို လုံးဝ အသုံးပြု၍ မရတော့သောကြောင့်ပင်။

ရွှီယွမ်က ထိုစကားများကို ကြားသောအခါ လင်းယွမ်အပေါ် ချက်ချင်း သံသယ ဝင်သွားတော့သည်။

ဒီလင်းယွမ်နဲ့ ဟို မြေမိခင်ဂိုဏ်းက လူတွေက တစ်ဖွဲ့တည်းများလား။

သူတို့တင်မကဘဲ လင်းယွမ် ကိုယ်တိုင်လည်း အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။

ထို့နောက် စိတ်ထဲတွင် လှုပ်ရှားသွားပြီး သူ၏ဘေးတွင်ရှိသော မန်ချင်၊ ချူရှန်နှင့် အခြား ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ လူများကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

သူက လက်ယပ်ခေါ်လိုက်ရာ မန်ချင်နှင့် ချူရှန်တို့က သဘောပေါက်သွားပြီး သူ၏ အနားသို့ အလျင်အမြန် ရောက်လာကြသည်။

လင်းယွမ်က လျင်မြန်စွာ မေးလိုက်သည်။ "သူတို့ပြောနေတဲ့ မြေမိခင်ဂိုဏ်းဆိုတာ... ကွမ်ဖူ ရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းထဲက မြေမိခင်ဂိုဏ်းကို ပြောတာလား"

မန်ချင်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "မှားစရာ အကြောင်းမရှိဘူး... စွမ်းအင်ချိတ်ပိတ် သင်္ကေတကို ကွမ်ဖူက ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ စစ်တပ်ကပဲ ပိုင်ဆိုင်ထားတာ... ကွမ်ဖူဘက်မှာတော့ ပြန့်နှံ့နေပြီ ဆိုပေမယ့် သာမန်လူတွေအနေနဲ့ စွမ်းအင်ချိတ်ပိတ် သင်္ကေတကို ဖန်တီးနိုင်တဲ့ အခြေအနေ မရှိဘူးလေ"

"ဟုတ်တယ်... ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ စစ်တပ်မှာပဲ စွမ်းအင်ချိတ်ပိတ် သင်္ကေတတွေကို အများအပြား ဖန်တီးနိုင်တဲ့ အခြေအနေ ရှိတာပါ"

"မြေမိခင်ဂိုဏ်းက လူတွေက ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေရတာလဲ" လင်းယွမ်က မနေနိုင်ဘဲ မေးလိုက်သည်။

မန်ချင်က အလျင်အမြန် ပြန်ဖြေသည်။ "ဒီနေရာက ဝိညာဉ်စွမ်းအင် ပြင်းအားက သိသိသာသာ မြင့်မားနေလို့ မြေမိခင်ဂိုဏ်းရဲ့ စုံစမ်းထောက်လှမ်းရေး အဖွဲ့တွေက ဒီနေရာကို တွေ့သွားတာ ဖြစ်နိုင်တယ်... ဒါကြောင့် ဒီမှာ တိတ်တဆိတ် ဝင်ရောက်ပြီး တရားဟောဖို့ ရောက်လာတာ နေမှာပါ"

ချူရှန်ကလည်း ဝင်ပြောလိုက်သည်။ "ဟုတ်တယ်... မြေမိခင်ဂိုဏ်းရဲ့ သင်္ကေတ နည်းပညာ အဆင့်အတန်းက ကျွန်တော်တို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းထက် မညံ့ဘူး... သူတို့ဆီမှာဆို ကျွမ်းကျင် ရေငုပ်နိုင်တဲ့ သန္ဓေပြောင်းစွမ်းအင်သုံး ကိရိယာတွေတောင် ရှိတယ်"

"ပြီးတော့ သူတို့ရဲ့ အပြင်လောကကို စူးစမ်းရှာဖွေတဲ့ အတိုင်းအတာကလည်း ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှာ အကျယ်ပြန့်ဆုံးပဲ"

"ဒါ့အပြင် မြေမိခင်ဂိုဏ်းရဲ့ အဓိက ရည်ရွယ်ချက်က ကုန်းမြေအားလုံးဟာ မြေမိခင်ကြီး ပိုင်ဆိုင်တယ်ဆိုတဲ့ အယူအဆပဲ... သူတို့က ကျွန်းအမျိုးမျိုးကို စူးစမ်းရှာဖွေရတာကို အရမ်း ဝါသနာပါကြတယ်"

"ဒီရေပေါ်ကျွန်းကြီးကိုလည်း သူတို့ စောစောစီးစီးကတည်းက သတိထားမိမှာ သေချာတယ်... လူတွေကိုလည်း အမြဲတမ်း တိတ်တဆိတ် စေလွှတ်ပြီး လျှို့ဝှက် တရားဟော စည်းရုံးနေခဲ့တာ ဖြစ်မယ်"

လင်းယွမ်က ထိုစကားများကို ကြားသောအခါ စိတ်ထဲတွင် တိတ်တဆိတ် အံ့အားသင့်သွားမိသည်။

ဂိုဏ်းကြီးသုံးဂိုဏ်းက နေရာအနှံ့ အပေါက်ရှာ ဝင်ရောက်နိုင်ကြသည်ပဲ၊ သူတို့၏ အဓိက ဌာနချုပ်က ကွမ်ဖူမှာ ရှိနေတာတောင် လင်ကျောင်းတက္ကသိုလ် အနီးအနားအထိ ဝင်ရောက်စိမ့်ဝင်နေကြပြီ။

သို့သော်လည်း ပြန်တွေးကြည့်မည်ဆိုလျှင် ဝိညာဉ်စွမ်းအင်ဂိုဏ်းကပင် ဤနေရာကို စူးစမ်းရှာဖွေရန် စစ်သင်္ဘောများ စေလွှတ်နိုင်သေးသည်ပဲ၊ မြေမိခင်ဂိုဏ်းက ဤနေရာတွင် ထပ်မံ ပေါ်လာခြင်းကလည်း သူ့ကို အများကြီး အံ့သြသွားစေခြင်း မရှိတော့ပေ။

သို့သော် ယခု လင်းယွမ် သံသယဖြစ်နေရသည်မှာ မြေမိခင်ဂိုဏ်းက ဘာကြောင့် ရုတ်တရက် သောင်းကျန်းရသနည်း ဆိုသည်ကိုပင်။

"မြေမိခင်ဂိုဏ်းက ဒီမှာ လာပြီး တရားဟော သောင်းကျန်းနေတာ... ဒီကျွန်းကို လုယူဖို့အတွက်လား" လင်းယွမ်က မန်ချင်ကို ကြည့်ကာ မေးလိုက်သည်။

မန်ချင်က အလျင်အမြန် ဖြေလိုက်သည်။ "မြေမိခင်ဂိုဏ်းရဲ့ တရားဟော အယူအဆက... ကုန်းမြေပေါ်က သက်ရှိအားလုံးဟာ မြေမိခင်ကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတယ်ဆိုတာပဲ"

"ရေလွှမ်းမိုးဘေးကြီး ပေါ်ပေါက်လာတာဟာ... မြေမိခင်ကြီးက လူသားတွေကို စွန့်ပစ်လိုက်တဲ့ ရလဒ်လို့ သူတို့ ယုံကြည်ထားကြတယ်"

"မြေမိခင်ကြီးကို ပြန်လည် ကိုးကွယ်ယုံကြည်မှသာ ရေတွေ ကျဆင်းသွားပြီး မြေမိခင်ကြီးက လူသားတွေကို ပြန်လည် ထွေးပွေ့ကာ ကုန်းမြေတွေ ပြန်လည် ပေါ်ထွက်လာမယ်လို့ ယုံကြည်ကြတာ"

"တိုက်ဆိုင်စွာနဲ့ပဲ ဒီရေပေါ်ကျွန်းတွေရဲ့ ဇာစ်မြစ်ကလည်း ခန့်မှန်းရခက်ပြီး ဘယ်ကနေ ရောက်လာလဲဆိုတာ ဘယ်သူမှ မသိကြဘူးလေ"

"အဲဒါနဲ့ မြေမိခင်ဂိုဏ်းက လူတွေက အပြင်မှာ ဝါဒဖြန့်ကြတော့တာပဲ... ရေပေါ်ကျွန်း အားလုံးက လူသားတွေကို မြေမိခင်ကြီးကို ကိုးကွယ်ဖို့ သူတို့ တိုက်တွန်းခဲ့တာကြောင့်... မြေမိခင်ကြီးက သနားကြင်နာပြီး သူမရဲ့ သားသမီးတွေကို ရှင်သန်ရပ်တည်ဖို့ နေရာ ပေးသနားတာပါ ဆိုပြီးတော့ပေါ့"

"မြေမိခင်ဂိုဏ်းဝင်တွေရဲ့ စိတ်ထဲမှာတော့... ဒီရေပေါ်ကျွန်းတွေက မြေမိခင်ကြီးက သူတို့ကို ပေးသနားထားတာဖြစ်လို့ မြေမိခင်ဂိုဏ်းကပဲ ပိုင်ဆိုင်သင့်တယ်လို့ ခံယူထားကြတယ်"

"သူတို့က ရေပေါ်ကျွန်း အားလုံးကို ပြန်လုယူချင်နေကြတာလည်း သဘာဝပါပဲ"

"အခု သောင်းကျန်းနေတဲ့ မြေမိခင်ဂိုဏ်းဝင်တွေကလည်း အဲ့ဒီလို ရည်ရွယ်ချက်မျိုး ရှိနေတာ ဖြစ်နိုင်တယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်"

မန်ချင် စကားပြောပြီးသွားသောအခါ ပတ်ဝန်းကျင်ရှိ လူတိုင်းက အနည်းငယ် စကားဆွံ့အသွားကြသည်။

လင်းယွမ်က ပို၍ပင် ခေါင်းခါယမ်းလိုက်ကာ "ဒါကိုတောင် ယုံတဲ့သူ ရှိသေးတာလား" ဟု ပြောလိုက်သည်။

ချူရှန်က မနေနိုင်ဘဲ ဝင်ပြောသည်။ "အဲ့ဒီလို မပြောပါနဲ့ ဆရာလင်း... ဒီအယူအဆကို ယုံတဲ့သူက တကယ်ကို မနည်းဘူး... အစွမ်းပိုင်ရှင် တော်တော်များများတောင် ဒီအချက်ကို အခိုင်အမာ ယုံကြည်ထားကြတာ"

"ဘာပဲဖြစ်ဖြစ် ဒီရေပေါ်ကျွန်းရဲ့ ဇာစ်မြစ်ကို ဘယ်သူမှ မရှင်းပြနိုင်ကြဘူးလေ"

ကမ္ဘာကြီးက ဤမျှသာ ကျယ်ဝန်းပြီး ကုန်းမြေကျွန်းများကလည်း လက်ချိုးရေတွက်၍ ရနိုင်သည် မဟုတ်ပါလော၊ အထူးသဖြင့် ဤ လင်ကျောင်းမြို့ တစ်ဝိုက်တွင်ပင်။

လူတိုင်းက ဤနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြရာ လင်ကျောင်းမြို့၏ မည်သည့်နေရာတွင် ကျွန်းရှိပြီး မည်သည့်နေရာတွင် တောင်ရှိသည်ကို အားလုံး အသေအချာ သိရှိထားကြပြီး ဖြစ်သည်။

ယခု ရေပေါ်တွင် မျောပါနိုင်သော ကျွန်းကြီးတစ်ကျွန်း ရုတ်တရက် ပေါ်ထွက်လာခြင်းက ကောင်းကင်ဘုံက မျက်နှာသာပေးခြင်း မဟုတ်လျှင် ဘာများ ဖြစ်နိုင်ဦးမည်နည်း။

မျှော်လင့်ချက်မဲ့နေရသော ကမ္ဘာပျက်ကပ် ကာလဖြစ်လေလေ၊ ယုံကြည်ကိုးကွယ်မှုများက ပိုမို လျင်မြန်စွာ ပြန့်နှံ့လာလေလေ ဖြစ်သည်။

သူတို့က အလွန်တရာ တုံးအလွန်း၍ မဟုတ်ဘဲ မျှော်လင့်ချက်မဲ့နေသော ပတ်ဝန်းကျင်တွင် သူတို့က ကောက်ရိုးတစ်မျှင်ကို ဆွဲမိသည်နှင့် အသက်ကယ်ပေးမည့် မျှော်လင့်ချက်တစ်ခုအဖြစ် ထင်မှတ်သွားကြခြင်း ဖြစ်သည်။

ဤသည်က သက်ကြီးရွယ်အိုများသည် ကျန်းမာရေး ထုတ်ကုန်များ၏ လှည့်စားခြင်းကို အဘယ်ကြောင့် လွယ်ကူစွာ ခံရသနည်း၊ တရုတ်ဆေးအပ်ကုစက်များ၊ စွမ်းအင်ပြွန်များ၊ သက်ရှည်တိုင်းရင်းဆေးများ စသည့် အရာများကို အဘယ်ကြောင့် ဝယ်ယူကြသနည်း ဆိုသည်နှင့် အတူတူပင် ဖြစ်သည်။

လိမ်လည်သူများ၏ ဦးနှောက်ဆေးသည့် လှည့်ကွက်များအပြင် သက်ကြီးရွယ်အိုများ ကိုယ်တိုင်၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့်လည်း ပါဝင်သည်။

သူတို့၏ ခန္ဓာကိုယ်တွင် အဆစ်အမြစ်ရောင်ရမ်းခြင်း၊ အရိုးအဆစ်ရောင်ခြင်း၊ ဆီးချိုရောဂါ၊ ဦးနှောက်သွေးကြောပိတ်ခြင်း စသည့် ရောဂါများ ရှိနေကြပြီး ခေတ်သစ်ဆေးပညာဖြင့် အမြစ်ပြတ် မကုသနိုင်သောအခါ ထိုသို့သော တိုင်းရင်းဆေးနည်းများကိုသာ အားကိုးကြရတော့သည်။

နာကျင်မှု ဝေဒနာများကို သက်သာစေနိုင်မည့် မည်သည့် နည်းလမ်းကိုမဆို သူတို့က စမ်းသပ်ကြည့်ချင်ကြသည်။

တကယ်လို့များ... တကယ်လို့များ ပျောက်ကင်းသွားခဲ့ရင်ရော။

ဂိုဏ်းကြီးသုံးဂိုဏ်း၏ လုပ်ရပ်များက တကယ်တော့ ဤကျန်းမာရေး ထုတ်ကုန်များကို ကွန်ယက်ချဲ့ထွင် ရောင်းချသည့် နည်းလမ်းများနှင့် အတူတူပင် ဖြစ်သည်။

ရှင်းပြ၍ မရနိုင်သော မည်သည့် ကောင်းမွန်သည့် အဖြစ်အပျက်လေးကိုမဆို သူတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ဆက်စပ်ပေးနိုင်ပြီး သူတို့၏ ယုံကြည်မှုအပေါ် ရွှေချပေးလေ့ ရှိကြသည်။

ရေပေါ်ကျွန်း အကြောင်းမဲ့ ပေါ်ထွက်လာချိန်တွင် မြေမိခင်ဂိုဏ်းက ချက်ချင်း ထွက်လာပြီး ဤသည်မှာ မြေမိခင်ကြီးက လူသားများကို အသက်ရှင်သန်ခွင့် ပေးသနားခြင်း ဖြစ်သည်ဟု ဆိုကြသည်။

အစွမ်းများ ပေါ်ထွက်လာခြင်းကလည်း မြေမိခင်ကြီးက လူသားများကို သန္ဓေပြောင်း သတ္တဝါများရန်မှ ကာကွယ်နိုင်ရန် ပေးသနားထားသော တန်ခိုးစွမ်းအင်များ ဖြစ်သည်ဟု ဆိုကြသည်။

စွမ်းအင်ကျောက်တုံးများ ပေါ်ထွက်လာခြင်းက ပို၍ပင် မြေမိခင်ကြီးက မွေးဖွားပေးလိုက်သော ပုံဆောင်ခဲများ ဖြစ်ပြီး သူမ၏ သားသမီးများကို ကာကွယ်ရန် ပေးသနားထားသော ကျောက်မျက်များ ဖြစ်သည်ဟု ဆိုကြပြန်သည်။

အခြားသော ဂိုဏ်းများတွင်လည်း သူတို့၏ ကိုယ်ပိုင် အဆိုအမိန့်များ သေချာပေါက် ရှိနေမည် ဖြစ်ပြီး မည်သို့ပင်ဖြစ်စေ ကိုယ့်ဂိုဏ်းအတွက် ကောင်းမည့်နည်းလမ်းဖြင့် ဝါဒဖြန့်ကြမည်သာ ဖြစ်သည်။

ယုံကြည်ကိုးကွယ်သူများက ဤကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ကာ အပေါ်သို့ အသေအလဲ တက်လှမ်းကြရင်း စိတ်နှလုံးတွင် မှီခိုရာတစ်ခု ရရှိသွားပြီး ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှု ရရှိသွားသောအခါ မြေမိခင်ကြီးက သူ့ကို တကယ်ပင် စောင့်ရှောက်ပေးနေသည်ဟု ထင်မှတ်သွားကြတော့သည်။

တကယ်တမ်းတွင် မည်သည့် ဂိုဏ်းကို ယုံကြည်ကိုးကွယ်သည်ဖြစ်စေ မိမိ၏ အောင်မြင်မှု အားလုံးကို ဘုရားသခင်၊ နတ်ဘုရားများ၏ ဖန်ဆင်းစောင့်ရှောက်မှုဟု သတ်မှတ်လိုက်ပြီး မိမိကိုယ်တိုင် ကြိုးစားအားထုတ်ခဲ့ရသည့် ဖြစ်စဉ်ကို လျစ်လျူရှုလိုက်သည်နှင့်...

ဤသည်က ဦးနှောက်မရှိသော အစွန်းရောက် ယုံကြည်ကိုးကွယ်သူများ ဖြစ်သွားပြီမှာ သံသယဖြစ်ဖွယ် မရှိပေ။

လင်းယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ရွှီယွမ်... ဒီလူတွေကို ဂရုစိုက်မနေနဲ့တော့... ငါ့ကို မင်းတို့ ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ရဲ့ ဘယ်ညာ တပ်မှူးတွေဆီ ခေါ်သွားပေး"

"မျိုးရိုးဗီဇမျိုးစေ့ကို သွားရှာကြမယ်"

ဆက်ရန်...

All Chapters