အခန်း (၄၁၇-၄၁၈)
Vol. 21 Ch. 417-418
အပိုင်း(၄၁၇) နှစ်ဖက် အပြင်းအထန် တိုက်ခိုက်ခြင်း
အဆုံးအစမရှိသော နှင်းမုန်တိုင်းကြားတွင် လေထုထဲမှ မြူခိုးများက လွင့်မျောနေပြီး နှင်းပွင့်များက အေးစက်သော လေပြင်းနှင့်အတူ ကောင်းကင်ယံ၌ လှုပ်ခါနေကြ၏။
ရုတ်တရက် မြူခိုးများကြားမှ မီးတောက်မျဉ်းကြောင်းတစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားလေသည်။
အပူချိန်မြင့်မားလှသော မီးတောက်မျဉ်းကြောင်းက ပတ်ဝန်းကျင်ရှိ နှင်းပွင့်များကို လောင်ကျွမ်းသွားစေကာ ထိုနှင်းပွင့်များကို မိုးဖွဲဖွဲလေးများအဖြစ် ချက်ချင်း အရည်ပျော်သွားစေ၏။
မြူခိုးများကလည်း အပူလှိုင်း၏ ပွတ်တိုက်ချဲ့ထွင်မှုကြောင့် အရပ်မျက်နှာအနှံ့သို့ အရှိန်ပြင်းပြင်းဖြင့် လွင့်စင်ထွက်သွားကြသည်။
လင်းယွမ်က လေထဲတွင် အနည်းငယ် ရပ်တန့်လိုက်ပြီး သူ၏ ခြေအစုံရှိ မီးစင်္ကြာများ ငြိမ်းသတ်သွားလေ၏။
သူက မြေပြင်ပေါ်ရှိ နှင်းထုများကို ငုံ့ကြည့်လိုက်သည်။
နှင်းထုများပေါ်တွင် ကျောက်စရစ်ခဲများနှင့် ရေခဲတုံးများ အများအပြား ရှိနေဆဲပင်။
ထိုကျောက်စရစ်ခဲများ ပတ်လည်ရှိ နှင်းပွင့်များမှာ အရည်ပျော်နေပြီဖြစ်ပြီး အပူငွေ့များပင် တထောင်းထောင်း ထွက်နေသေး၏။
သိသာထင်ရှားစွာပင် ဤကျောက်စရစ်ခဲများက လေထုကို ဖြတ်သန်းသွားစဉ် ပွတ်တိုက်မှုကြောင့် အပူချိန်မြင့်တက်လာခဲ့ပြီး မြေပြင်ပေါ်ကျရောက်ပြီးနောက်တွင် ပတ်ဝန်းကျင်ရှိ နှင်းထုများကိုပင် အရည်ပျော်သွားစေခဲ့ခြင်း ဖြစ်သည်။
လင်းယွမ်က လက်တစ်ချက် လှမ်းဆွဲလိုက်ရာ ကျောက်စရစ်ခဲတစ်လုံး လေထဲသို့ မြောက်တက်လာပြီး သူ၏ လက်ထဲသို့ ကျရောက်လာခဲ့၏။
ကျောက်စရစ်ခဲမှ ကျန်ရစ်နေသော အပူငွေ့ကို ခံစားလိုက်ရချိန်တွင် လင်းယွမ်၏ စိတ်ထဲ၌ အနည်းငယ် လှုပ်ရှားသွားရသည်။
"အပူငွေ့တွေ ကျန်နေသေးတယ်ဆိုတော့ ကြည့်ရတာ မီတော့မယ်ထင်တယ်"
သူ၏ မျက်ဝန်းအောက်ခြေတွင် စူးရှသော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားပြီးနောက် သူ၏ ခြေအောက်ရှိ မီးတောက်များက တစ်ဖန် ပြန်လည် လောင်ကျွမ်းလာခဲ့၏။
"ဝှစ်"
မီးစင်္ကြာ၏ ပံ့ပိုးမှုအောက်တွင် လင်းယွမ်က မီးတောက်မျဉ်းကြောင်း တစ်ခုအဖြစ် ထပ်မံပြောင်းလဲသွားကာ မြူပင်လယ်ကြီးထဲ၌ အရှိန်ပြင်းပြင်းဖြင့် ထိုးဖောက် ဝင်ရောက်သွားလေတော့သည်။
မကြာမီမှာပင် သူက တစ်ဖန် ပြန်လည် ရပ်တန့်လိုက်ပြန်၏။
နှင်းမုန်တိုင်းများကြားမှ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာနေသည်။
"တိုက်ပွဲဖြစ်နေတာပဲ"
လင်းယွမ်က ခန္ဓာကိုယ်ကို အလျင်အမြန် နှိမ့်ချလိုက်ပြီး မြူခိုးများကို ဖြတ်သန်းကာ ရှေ့သို့ လှမ်းကြည့်လိုက်၏။
ဤနေရာက ရေခဲနှင်းလွင်ပြင်၏ အတွင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်ကာ ပတ်ဝန်းကျင်တွင် အဆုံးအစမရှိသော နှင်းဖြူဖြူများမှလွဲ၍ မြင့်မားသော သစ်ပင်ကြီးအချို့သာ ရှိနေသည်ကို တွေ့လိုက်ရလေသည်။
ထိုသစ်ပင်ကြီးများကြားတွင် အဖြူရောင် စခန်းချရာ နေရာများက လင်းယွမ်၏ မျက်စိရှေ့၌ ပေါ်ထွက်လာခဲ့၏။
ယခုအချိန်တွင် စခန်းအတွင်းရှိ အဖြူရောင် တဲများမှာ လဲကျပျက်စီးနေပြီဖြစ်ပြီး မီးတောက်များပင် လောင်ကျွမ်းနေသေးသည်။
ကျောက်တုံးအကျိုးအပဲ့များ တစ်နေရာတည်းတွင် စုပုံနေပြီး သိသာထင်ရှားသော ပေါက်ကွဲမှု အရာများလည်း ရှိနေ၏။
လူရိပ်အချို့က တောအုပ်ထဲတွင် အပြင်းအထန် တိုက်ခိုက်နေကြပြီး လူရိပ်များ လှုပ်ရှားသွားလာနေချိန်တွင် သာမန်မျက်စိဖြင့် သူတို့၏ လှုပ်ရှားမှုများကို ဖမ်းယူရန်ပင် ခက်ခဲလှကာ အရိပ်ဝါးဝါးများကိုသာ မြင်တွေ့နိုင်လေသည်။
ရုတ်တရက်...
လူတစ်ယောက်က "မြေတုန်လှိုင်း" ဟု အသံကုန် အော်ဟစ်လိုက်၏။
"ဝုန်း"
မျက်စိတစ်မှိတ်အတွင်းမှာပင် မြေကြီးက ပြင်းထန်စွာ တုန်ခါမြည်ဟည်းလာခဲ့သည်။
မရေမတွက်နိုင်သော နှင်းပွင့်များ တုန်ခါကာ ပြိုကျသွားပြီး မြေပြင်အောက်မှ မြေစူးများနှင့် ထူးဆန်းသော ကျောက်တုံးများ ရူးသွပ်စွာ ထိုးထွက်လာကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တဖျောက်ဖျောက် ထိုးဖောက်သွားတော့မည့်အလား ထင်မှတ်ရ၏။
သစ်ပင်ကြီးများ ပြိုလဲသွားကာ နှင်းပြင်ကြီးမှာ ဆုတ်ဖြဲခံလိုက်ရပြီး ရွှံ့နွံများ လိမ့်ထွက်လာတော့သည်။
လူရိပ်အချို့မှာ ချက်ချင်း ရပ်တန့်သွားကြရ၏။
လူအများအပြားက မြေကြီးကို ဆောင့်ကန်လိုက်ပြီး မြေပြင်ပေါ်ရှိ မြေစူးများနှင့် ပြင်းထန်သော မြေငလျင်ကို ရှောင်ရှားရန်အတွက် လေထဲသို့ ခုန်ပျံတက်သွားကြသည်။
ထိုအထဲမှ အရပ်မောင်း ကောင်းကောင်းနှင့် တစ်ကိုယ်လုံး ရေခဲချပ်ဝတ် ဖုံးလွှမ်းနေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ မျက်လုံးအစုံတွင် ရေခဲပြာရောင် အလင်းတန်းများ တလက်လက် တောက်ပနေခဲ့၏။
သူက လေထဲသို့ လက်နှစ်ဖက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ရာ သူ၏ အနောက်ဘက်တွင် ဧရာမ နှင်းခြင်္သေ့ကြီးတစ်ကောင်၏ အရိပ်ဝါးဝါးတစ်ခု ထွက်ပေါ်လာလေသည်။
ထိုနှင်းခြင်္သေ့ အရိပ်ကြီးကလည်း လက်ဝါးနှစ်ဖက်ကို ဆန့်ထုတ်ကာ မြေကြီးဆီသို့ အားကုန် ဖိချလိုက်၏။
"ရေခဲတောင်... ကျလာစမ်း"
"ဝုန်း... ဝုန်း... ဝုန်း"
လေထဲတွင် ရေခဲပြာရောင် အလင်းတန်းများ ပေါက်ကွဲထွက်သွားပြီး ရေခဲတောင်ကြီးများ တစ်လုံးပြီးတစ်လုံး စုစည်းဖြစ်ပေါ်လာကာ ဥက္ကာခဲများအလား မြေပြင်ပေါ်သို့ ရူးသွပ်စွာ ပြုတ်ကျလာတော့သည်။
ကျယ်လောင်သော အသံကြီးများ ဆက်တိုက် ပေါက်ကွဲထွက်ပေါ်နေပြီး မြေပြင်ပေါ်ရှိ မြေစူးများက ရေခဲတောင်များ၏ ရိုက်ခတ်မှုကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေကုန်လေ၏။
လေထဲတွင် ပုန်းကွယ်နေသော လင်းယွမ်က ဤမြင်ကွင်းကို ကြည့်ရင်း ကျောချမ်းသွားရတော့သည်။
"ဒါတွေက မျိုးရိုးဗီဇမျိုးစေ့အဆင့် နိုးထလာတဲ့သူတွေရဲ့ တိုက်ခိုက်ရေး စွမ်းအားတွေလား"
ယခင်က သာမန် အစွမ်းပိုင်ရှင်များ၏ လက်သီးနှင့် ခြေထောက် အသုံးပြုကာ တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်လျှင် သူ အနည်းငယ် တုန်လှုပ်သွားမိ၏။
မျိုးရိုးဗီဇမျိုးစေ့ကို နိုးထထားနိုင်သည့် ဤအစွမ်းထက်သော အစွမ်းပိုင်ရှင်များက ဧရိယာအလိုက် ထိခိုက်စေနိုင်သည့် စွမ်းရည်များကို အသုံးပြုနိုင်နေကြပြီ ဖြစ်သည်။
ဤတိုက်ခိုက်မှုများကို ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းသော မှော်ပညာရပ်များ တစ်ခုပြီးတစ်ခုနှင့်ပင် တူနေသေး၏။
သာမန် အစွမ်းပိုင်ရှင်များက ဤကဲ့သို့သော တိုက်ခိုက်မှုအောက်တွင် မည်သို့လုပ် ပြန်လည်ခုခံနိုင်စွမ်း ရှိပါတော့မည်နည်း။
မျိုးရိုးဗီဇမျိုးစေ့ နိုးထလာခြင်းနှင့် နိုးထမလာခြင်း ကြားက ကွာဟချက်က ဒီလောက်တောင် ကြီးမားနေတာလား။
ပြီးတော့ ဟို ရေခဲချပ်ဝတ်နှင့် လူလတ်ပိုင်း အမျိုးသားက ဘယ်တပ်မှူး ဟယ်ကျွင်း ဖြစ်လောက်တယ်... သူ ခုနက သုံးလိုက်တဲ့ အကွက်မှာ နောက်ကျောဘက်ကနေ နှင်းခြင်္သေ့ အရိပ်ကြီးတောင် ထွက်လာသေးတယ်။
အဲ့ဒါကရော ဘာကြီးလဲ။
တစ်ခဏအတွင်းမှာပင် လင်းယွမ်၏ စိတ်ထဲ၌ အနည်းငယ် အံ့အားသင့်သွားမိပြီး သူကိုယ်တိုင်ပင်လျှင် ဤမျှပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ဆိုပါက ပေါ့ပေါ့ပါးပါး နေနိုင်မည်မဟုတ်ဟု ခံစားလိုက်ရ၏။
"ဟယ်ကျွင်း... ကျိလျန်... မင်းတို့ ပြေးလို့မလွတ်တော့ဘူး... မြူခိုးမြို့တော်သခင် ဘယ်မှာလဲ"
ကျောက်လူသားက ဘယ်နေရာမှန်းမသိသော နေရာမှ ထွက်ပေါ်လာပြီး လက်သီးတစ်ချက် ထိုးချလိုက်ရာ လက်သီးနှင့်အတူ ဥက္ကာခဲများ ထွက်ပေါ်လာကာ ကျယ်လောင်စွာ ပေါက်ကွဲသွားလေသည်။
အရှေ့ဘက်ရှိ ရေခဲချပ်ဝတ်စစ်သည် အချို့မှာ ချက်ချင်းပင် အဝေးသို့ လွင့်စင်သွားကြ၏။
ဤလူများက မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်များ မဟုတ်ကြောင်း သိသာထင်ရှားလှပြီး သာမန် အစွမ်းပိုင်ရှင်များသာ ဖြစ်လောက်ပေသည်။
နှင်းပုံများကြားမှ ရေခဲနဂါးတစ်ကောင်က "ဂျစ် ဂျစ် ဂျစ်" မြည်သံများနှင့်အတူ ရုတ်တရက် စုစည်းထွက်ပေါ်လာပြီး ထိုဥက္ကာခဲ တိုက်ခိုက်မှုကို ပြင်းထန်စွာ ဝင်တိုက်လိုက်ရာ နှစ်ခုစလုံးက ထပ်မံ ပေါက်ကွဲထွက်သွားတော့၏။
ကျိလျန်၏ ခြေအောက်တွင် ကြီးမားသော ရေခဲလွှာကြီးတစ်ခု စုစည်းဖြစ်ပေါ်လာပြီး နှင်းပြင်ပေါ်၌ တည်ငြိမ်စွာ ရပ်တည်နေလေသည်။
သူ၏ မျက်နှာထားက အေးစက်နေပြီး မျက်နှာချင်းဆိုင်ရှိ ကျောက်လူသားကို မှိုင်းညို့စွာ စိုက်ကြည့်နေ၏။
"မင်းတို့လောက် အဆင့်နဲ့များ မြူခိုးမြို့တော်သခင်ကို တွေ့ချင်နေတာလား... မင်းတို့က ထိုက်တန်လို့လား"
ထိုစဉ် တောအုပ်ထဲမှ မြေဝါရောင် သံချပ်ကာကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူ၏အရပ်က မမြင့်လှဘဲ ၅ ပေခွဲကျော်ကျော်ခန့်သာ ရှိသော်လည်း တစ်ကိုယ်လုံးတွင် ကြွက်သားများက ဖုထစ်နေပြီး အလွန် တောင့်တင်းခိုင်မာလှ၏။
သူက "မြေတုန်လှိုင်း" ကို ထုတ်ဖော်ခဲ့သော မြေမိခင်ဂိုဏ်းမှ အစွမ်းပိုင်ရှင်ပင် ဖြစ်သည်။
ယခု သူ ထွက်လာပြီးနောက် ကျောက်လူသားက သူနှင့် အလျင်အမြန် သွားရောက် ပူးပေါင်းလိုက်၏။
"တပ်မှူးဝမ်"
အရပ်ပုပုနှင့် အမျိုးသားက ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး "တပ်မှူးဝူ... မြို့ထဲမှာ အခြေအနေ ဘယ်လိုရှိလဲ" ဟု မေးလိုက်သည်။
ကျောက်လူသားက ရက်စက်စွာ ပြုံးလိုက်ပြီး "ဘာပြဿနာမှ မရှိဘူး... ဒီ ရေခဲချပ်ဝတ်စစ်သည်တွေက တစ်ချက်လေးတောင် အတိုက်မခံနိုင်ဘူး... မြို့ထဲက အစွမ်းပိုင်ရှင်တွေဆို ပိုတောင် ဆိုးသေးတယ်... ချိတ်ပိတ် သင်္ကေတကိုတောင် မမြင်ဖူးတဲ့ တောသားတွေပဲ... ဘာမှ အရာမရောက်ပါဘူး" ဟု ဖြေလိုက်၏။
အရပ်ပုပုနှင့် တပ်မှူးဝမ်က ခေါင်းညိတ်လိုက်ပြီး မျက်နှာချင်းဆိုင်ရှိ ဟယ်ကျွင်းနှင့် ကျိလျန်တို့ကို ကြည့်ကာ မျက်လုံးထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်များ ပြသလျက် ပြောလိုက်သည်။ "မိတ်ဆွေတို့... ခင်ဗျားတို့ကို ကြည့်ရတာလည်း မျိုးရိုးဗီဇမျိုးစေ့ကို နိုးထနိုင်ခဲ့ပြီး မျိုးရိုးဗီဇမြေပုံကို ရေးဆွဲနိုင်ခဲ့ပြီပဲ"
"ခင်ဗျားတို့နှစ်ယောက်ရဲ့ စွမ်းအားက ကျွန်တော်တို့ ကွမ်ဖူမှာဆိုရင်တောင် ထိပ်တန်းအဆင့်မှာ ရှိတဲ့ ပုဂ္ဂိုလ်တွေပါ... မြေမိခင်က အထက်မှာ ရှိနေတယ်... ကျုပ် ဝမ်က အလဟဿ သတ်ဖြတ်တာမျိုး မလုပ်ချင်ဘူး... ဘာပဲဖြစ်ဖြစ် အားလုံးက လူသားတွေချည်းပဲလေ... ကျွန်တော်တို့ရဲ့ တကယ့် ရန်သူက ရေလွှမ်းမိုးဘေးကြီးထဲက ဘီလူးကောင်တွေပဲ"
"ကျုပ် ခင်ဗျားတို့ကို အသက်ရှင်ဖို့ လမ်းစတစ်ခု ပေးမယ်... ကျွန်တော်တို့ မြေမိခင်ဂိုဏ်းထဲကို ဝင်ပြီး မြေမိခင်ကို ကိုးကွယ်ပါ... ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်နောက်ကို လိုက်ပြီး ဒီရေပေါ်ကျွန်းကြီးကို ဆက်သလိုက်ပါ... ခင်ဗျားတို့က ကျွန်တော်တို့ ဂိုဏ်းထဲမှာ တပ်မှူးအဆင့် ရာထူးတွေကို ရနိုင်တယ်"
"နောင်ကျရင် ဂိုဏ်းထဲက ခံစားခွင့် မျိုးစုံကို ရနိုင်ရုံသာမကဘူး... ဒီနေရာကို ကျွန်တော်တို့ မြေမိခင်ဂိုဏ်းရဲ့ ဌာနခွဲအဖြစ် သတ်မှတ်ပြီး ခင်ဗျားတို့ကို ဆက်လက် အုပ်ချုပ်ခွင့် ပေးမယ်... ဘယ်လိုလဲ"
ဤတပ်မှူးဝမ်က သူ၏ ရှေ့မှောက်ရှိ လူနှစ်ယောက်အား ဖြောင်းဖျရန် စတင် ပြင်ဆင်နေပြီ ဖြစ်၏။
သို့သော် ဟယ်ကျွင်းနှင့် ကျိလျန်တို့ နှစ်ဦးစလုံးက အေးစက်သော အပြုံးများကိုသာ ပြသလိုက်ကြသည်။
ဟယ်ကျွင်းက ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။ "မင်းကများ ငါတို့နဲ့ လာပြီး စည်းကမ်းချက်တွေ သတ်မှတ်ဖို့ ထိုက်တန်လို့လား... တောသားတစ်သိုက်က မြူခိုးမြို့တော်သခင်ရဲ့ စွမ်းအားကို လုံးဝ မသိကြဘူးပဲ"
ကျိလျန်က ထပ်မံ၍ "အစ်ကိုဟယ်... သူတို့နဲ့ ဘာတွေ အပိုစကားများနေတာလဲ... အမြန်တိုက် အမြန်ဖြတ်ပြီး သူတို့ကို သတ်ပစ်လိုက်... ငါတို့က မြို့ထဲက အခြေအနေကို ထိန်းချုပ်ဖို့ သွားရဦးမယ်" ဟု ပြောလိုက်သည်။
ဟယ်ကျွင်းက ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး "ချကြ" ဟု တိုက်ရိုက်ပင် အမိန့်ပေးလိုက်၏။
"ဝှစ်"
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးက တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြလေသည်။
လေထု အပူချိန်က ရုတ်တရက် ထိုးကျသွားပြီး ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော ရေခဲချွန်များ စုစည်းကာ လေထဲ၌ ဝဲပျံနေကြပြီး ရေခဲချွန် မုန်တိုင်းကြီး တစ်ခုအလား ပြောင်းလဲသွားတော့သည်။
သို့သော်လည်း ဤအချိန်၌ပင် ကျောက်လူသား တပ်မှူးဝူနှင့် အရပ်ပုပု တပ်မှူးဝမ်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရုတ်တရက် ထူးဆန်းသော အပြုံးတစ်ခုကို ပြသလိုက်ကြ၏။
ထို့နောက် သူတို့နှစ်ဦးစလုံး၏ တစ်ကိုယ်လုံးမှ မြေဝါရောင် အလင်းဝန်းများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်ကို တွေ့လိုက်ရပြီး နောက်တစ်ခဏတွင် မြေကြီးကို ပြင်းထန်စွာ ဆောင့်ကန်လိုက်ကြလေသည်။
"ဝုန်း"
နှစ်ဦးစလုံးက မြေပြင်အောက်သို့ တစ်ပြိုင်နက်တည်း ဝင်ရောက် ပျောက်ကွယ်သွားကြ၏။
ရေခဲချွန် မုန်တိုင်းကြီးက ဟိန်းဟောက် လည်ပတ်နေပြီး မြေပြင်ပေါ်ရှိ နှင်းထုများကိုပါ ထိုအထဲသို့ ဆွဲသွင်းလိုက်ရာ ချက်ချင်းပင် ကောင်းကင်ယံအနှံ့ နှင်းမုန်တိုင်းများ လွင့်စင်တက်လာကာ တဖျောက်ဖျောက် ပေါက်ကွဲထွက်သွားတော့သည်။
မြေကြီးပင်လျှင် မျက်စိတစ်မှိတ်အတွင်း ဧရာမ ချိုင့်ခွက်ကြီးတစ်ခုအဖြစ် မွှေနှောက်ခံလိုက်ရလေသည်။
ဤရေခဲချွန် မုန်တိုင်းကြီးက တကယ့်ကို အသားကြိတ်စက်ကြီး တစ်ခုအလား ကြောက်မက်ဖွယ် ကောင်းလှပြီး လွန်သွားတစ်ခုအလား ထက်မြက်လှပေသည်။
ဖြတ်သန်းသွားသော နေရာတိုင်းတွင် မည်သည့်အရာမျှ အကောင်းပကတိ ကျန်ရစ်နေခြင်း မရှိတော့ချေ။
သို့သော် ထိုမြေမိခင်ဂိုဏ်းမှ မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင် နှစ်ဦးက မြေအောက်သို့ ဝင်ရောက်သွားပြီးနောက် ပြန်လည် ထွက်ပေါ်လာခြင်း မရှိသေးပေ။
ရေခဲပြင်ပေါ်ရှိ ကျိလျန်နှင့် ဟယ်ကျွင်းတို့ နှစ်ဦးစလုံးမှာ မျက်မှောင်ကြုတ်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အခြေအနေမဟန်ဟု ခံစားလိုက်ရ၏။
ကျိလျန်က "အလစ်တိုက်ခံရမယ် သတိထား" ဟု အလျင်အမြန် ပြောလိုက်သည်။
"မြေကြွက်နှစ်ကောင်... မြေအောက်ထဲဝင်ပြီး ယုတ်မာဖို့ပဲ တတ်တာ... လေပေါ် တက်မယ်" ဟယ်ကျွင်းက ချက်ချင်းပင် အော်ဟစ်လိုက်၏။
သူတို့နှစ်ဦးက ချက်ချင်း လေထဲသို့ ခုန်တက်လိုက်ကြပြီး ခြေအောက်တွင် ရေခဲနဂါးတစ်ကောင် ဟိန်းဟောက် စုစည်းဖြစ်ပေါ်လာကာ သူတို့ကို အမြင့်သို့ ပင့်တင်ပေးလိုက်ပြီး မြေမိခင်ဂိုဏ်းမှ အစွမ်းပိုင်ရှင်များ၏ အလစ်တိုက်ခိုက်ခြင်းကို ကာကွယ်ရန် မြေပြင်နှင့် ဝေးရာသို့ ခေါ်ဆောင်သွားလေသည်။
သို့သော် ဤအချိန်၌ပင် မြေပြင်ပေါ်မှ "ဝီ" ခနဲ မြည်သံနှင့်အတူ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့၏။
ထို့နောက် အနီရောင် အလင်းတန်းများက အရပ်လေးမျက်နှာကို လျှပ်တစ်ပြက်အတွင်း လွှမ်းခြုံသွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျိလျန်နှင့် ဟယ်ကျွင်းတို့၏ ခန္ဓာကိုယ်များ တစ်ပြိုင်နက် ယိမ်းယိုင်သွားကြသည်။
နှစ်ဦးစလုံးက သူတို့၏ ခန္ဓာကိုယ်တွင်းရှိ အစွမ်းများ ပြင်းထန်စွာ ဖိနှိပ်ခံလိုက်ရကြောင်းကို ခံစားလိုက်ရ၏။
ရေခဲချွန် မုန်တိုင်းကြီးလည်း ချက်ချင်း ပြိုကွဲသွားပြီး ရေခဲချွန်များက နှင်းပြင်ထဲသို့ ဖျောက်ဖျောက်ဖျပ်ဖျပ် ပြုတ်ကျ စိုက်ဝင်သွားကြတော့သည်။
"ဘာ"
"ဘယ်လိုဖြစ်တာလဲ... ငါ့ရဲ့ သန္ဓေပြောင်းစွမ်းအင်ကို သုံးလို့ မရတော့ဘူး" ကျိလျန်က ချက်ချင်း ထိတ်လန့်ဒေါသထွက်သွားလေ၏။
ဟယ်ကျွင်းလည်း အလားတူ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဤကဲ့သို့သော အခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။
လေထဲတွင် ပုန်းကွယ်နေသော လင်းယွမ်က ထိုအလင်းရောင် တောက်ပလာသည့် အခိုက်အတန့်ကို မြင်လိုက်ရချိန်တွင် ယင်းက ဘာဖြစ်ကြောင်းကို ချက်ချင်း နားလည်သွားခဲ့၏။
"စွမ်းအင်ချိတ်ပိတ် အစီအရင်"
ဤအနီရောင် အလင်းတန်းများဖြင့် ဖွဲ့စည်းထားသော သင်္ကေတနယ်မြေက ရှင်းလင်းစွာပင် စွမ်းအင်ချိတ်ပိတ် အစီအရင် တစ်ခုဖြစ်ကြောင်းကို သူ အလွန် ရင်းနှီးကျွမ်းဝင်နေပေသည်။
ထို့ပြင် သူက မြေမိခင်ဂိုဏ်းမှ ထိုတပ်မှူးနှစ်ဦး၏ လှည့်ကွက်ကိုလည်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ဤလူနှစ်ဦးက မြေလျှိုးအစွမ်းကို အသုံးပြုကာ မြေအောက်သို့ ဝင်ရောက်သွားပြီး ရေခဲချွန် မုန်တိုင်းကြီးကို ရှောင်ရှားနေသည့်ပုံစံ ပြသခဲ့သည်။
တကယ်တမ်းတွင်မူ ရေခဲချွန် မုန်တိုင်းကြီးကို ရှောင်ရှားနေသည့် ဟန်ဆောင်မှုနောက်ကွယ်တွင် မြေအောက်မှနေ၍ ဟယ်ကျွင်းနှင့် ကျိလျန်တို့၏ ခြေအောက်သို့ အလျင်အမြန် ခိုးဝင်သွားပြီး ၎င်းတို့၏ ခြေအောက်တွင် စွမ်းအင်ချိတ်ပိတ် အစီအရင်ကို စီရင်ခဲ့ခြင်း ဖြစ်၏။
ဟယ်ကျွင်းနှင့် ကျိလျန်တို့က စွမ်းအင်ချိတ်ပိတ် အစီအရင်ကို မမြင်ဖူးခဲ့ကြောင်း သိသာထင်ရှားလှပြီး ချက်ချင်းပင် အကြီးအကျယ် နစ်နာသွားခဲ့ရသည်။
ယခုအခါ စွမ်းအင်ချိတ်ပိတ် အစီအရင်၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်များ လျင်မြန်စွာ ဖိနှိပ်ခံလိုက်ရလေပြီ။
လင်းယွမ်က ဤမြေမိခင်ဂိုဏ်းမှ အစွမ်းပိုင်ရှင်များ၏ ကောက်ကျစ်စဉ်းလဲမှုကို စိတ်ထဲမှ ချီးကျူးလိုက်မိပြီး တစ်ချိန်တည်းမှာပင် သတိထားလာမိ၏။
စွမ်းအင်ချိတ်ပိတ် အစီအရင်၏ အသုံးပြုပုံများက မနည်းလှပေ။ မူလက လေထုထဲတွင်သာ စီရင်နိုင်သည် မဟုတ်ဘဲ မြေအောက်တွင်လည်း စီရင်နိုင်သည်ပဲ။
သူက အလျင်စလို ထွက်မလာခဲ့ဘဲ တိမ်တိုက်မြူခိုးများ အတွင်း၌သာ ဆက်လက် ပုန်းကွယ်နေရင်း ဤမြင်ကွင်းကို ကြည့်ရှုနေလိုက်သည်။
"ဒီအနီရောင် အလင်းတန်းက ထူးဆန်းတယ်... ဒီကနေ မြန်မြန် ထွက်သွားကြမယ်" ကျိလျန်က စွမ်းအင်ချိတ်ပိတ် အစီအရင်၏ ပြဿနာကို ချက်ချင်း ရိပ်မိသွားပြီး တုံ့ဆိုင်းမနေဘဲ ရေခဲနဂါးပေါ်မှ အောက်သို့ ချက်ချင်း ခုန်ချလိုက်၏။
ယခုအချိန်တွင် သူ၏ အစွမ်းများ ဖိနှိပ်ခံထားရပြီး သန္ဓေပြောင်းစွမ်းအင်ကို အသုံးမပြုနိုင်သော်လည်း ပေ ၃၀ ကျော် မြင့်သော ရေခဲနဂါးပေါ်မှ မဆိုင်းမတွ ခုန်ချလာခြင်းက တကယ်ကို ပြတ်သားခိုင်မာလှပေသည်။
ဟယ်ကျွင်းက ထိုစကားကို ကြားသောအခါ ချက်ချင်း သဘောပေါက်သွားပြီး တစ်ပြိုင်နက်တည်း သူ၏ အပေါ်ဝတ်ရုံကြီးကို ဝှေ့ယမ်းကာ လင်းနို့တစ်ကောင်အလား အောက်သို့ ခုန်ချလိုက်လေသည်။
သို့သော် ဤအချိန်၌ပင် ကောင်းကင်ယံတွင် မြေဝါရောင် အလင်းတန်းများ ရုတ်တရက် တောက်ပလာခဲ့၏။
တစ်ချိန်တည်းမှာပင် စွမ်းအင်ချိတ်ပိတ် သင်္ကေတ၏ အပြင်ဘက်၌ မြေအောက်မှ လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျောက်လူသား တပ်မှူးဝူက ရက်စက်စွာ ပြုံးလိုက်ပြီး "ငတုံးတွေ... စွမ်းအင်ချိတ်ပိတ် အစီအရင်ထဲ ရောက်သွားမှတော့ မင်းတို့ကို အပြေးခံပါ့မလား" ဟု ပြောလိုက်သည်ကို တွေ့လိုက်ရ၏။
"ဥက္ကာခဲ ကြယ်ကြွေမိုး... ကျလာစမ်း"
"ဝုန်း... ဝုန်း... ဝုန်း"
မြင့်မားသော ကောင်းကင်ယံထက်တွင် မျက်စိတစ်မှိတ်အတွင်း၌ မရေမတွက်နိုင်သော မြေဝါရောင် ဥက္ကာခဲများ ပေါ်ထွက်လာပြီး ကောင်းကင်ယံမှ အရှိန်အဟုန်ဖြင့် အဆက်မပြတ် ပြုတ်ကျလာတော့သည်။
မြေပြင်ပေါ်တွင် ပြေးလွှားနေသော ဟယ်ကျွင်းနှင့် ကျိလျန်တို့ နှစ်ဦးစလုံး၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားပြီး ဥက္ကာခဲများကို ရှောင်ရှားရန် ခန္ဓာကိုယ်ကို အလျင်အမြန် ရွှေ့ပြောင်းတိမ်းရှောင်လိုက်ကြ၏။
သို့သော် ဥက္ကာခဲများက အလွန် ပြည့်ကျပ်နေလွန်းသဖြင့် လုံးဝ ရှောင်တိမ်းနိုင်စွမ်း မရှိတော့ချေ။
နှစ်ဦးသားမှာ ကိုယ်ပေါ်ရှိ သံချပ်ကာကို အားကိုး၍သာ ခုခံကာကွယ်နိုင်တော့ပြီး တစ်ချိန်တည်းမှာပင် ခေါင်းကို ကာကွယ်ရန် လက်မောင်းများကို မြှောက်ထားလိုက်ကြသည်။
တစ်ခဏအတွင်းမှာပင် သူတို့နှစ်ဦး၏ ခန္ဓာကိုယ် နေရာအနှံ့အပြားတွင် အတိုက်ခံရပြီး သံခမောက်အတွင်းမှပင် သွေးများ စီးကျလာတော့၏။
"ဟားဟားဟား... ပြေးလေ... မင်းတို့ ဘယ်ကို ပြေးမလဲ"
တပ်မှူးဝူက ရူးသွပ်စွာ အဆက်မပြတ် ရယ်မောနေပြီး သူ၏ အနောက်တွင် ကျောက်လူသား အရိပ်ဝါးဝါးတစ်ခုပင် လှုပ်ရှားနေသည်ကို တွေ့ရသည်။
ကောင်းကင်ယံမှ ဥက္ကာခဲများက တဖျောက်ဖျောက် ပြုတ်ကျလာပြီး ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေ၏။
အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ကို မြင်သောအခါ ကျိလျန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အစ်ကိုဟယ်... မြန်မြန် နည်းလမ်းရှာပါဦး... နည်းလမ်းမရှာနိုင်ရင် ငါတို့ အကုန်လုံး ဒီမှာပဲ သေကုန်ကြတော့မယ်"
ဟယ်ကျွင်းက ထိုစကားကို ကြားသောအခါ အံကို တင်းတင်းကြိတ်ကာ "ငါ နှင်းခြင်္သေ့ မျိုးရိုးဗီဇမြေပုံကို ဖွင့်လိုက်မယ်" ဟု အော်ဟစ်လိုက်လေသည်။
ထိုသို့ပြောပြီးနောက် သူ၏ တစ်ကိုယ်လုံးရှိ ကြွက်သားများ ပြင်းထန်စွာ တုန်ခါလာပြီး နောက်တစ်ခဏတွင် တစ်ကိုယ်လုံးရှိ သံချပ်ကာများက "ချွတ် ချွတ်" ဟု အသံမြည်လာ၏။
သူ၏ မျက်နှာပေါ်တွင် နှင်းကဲ့သို့ ဖြူဖွေးသော အမွေးအမျှင်များပင် ပေါက်လာခဲ့သည်။
မျက်ခုံးများက တွန့်ကွေးသွားပြီး မျက်လုံးအစုံတွင် အရိုင်းဆန်သော အငွေ့အသက်များ ပေါ်လွင်လာ၏။
ထို့အပြင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် မှိန်ဖျော့သော နှင်းဖြူရောင် အလင်းတန်း တစ်လွှာ တောက်ပလာခဲ့သည်။
နောက်ကျောဘက်ရှိ လေထုက အနည်းငယ် တွန့်လိမ်သွားပြီး ထိုအဖြူရောင် နှင်းခြင်္သေ့ အရိပ်ဝါးဝါး ထွက်ပေါ်လာသည်ကို ဝိုးတဝါး မြင်တွေ့လိုက်ရလေသည်။
ထိုနှင်းခြင်္သေ့ အရိပ်ဝါးဝါး လင်းလက်လာသည်နှင့်အမျှ ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ အနီရောင် အလင်းတန်းများက ပြင်းထန်စွာ အပြင်သို့ တွန်းထုတ်ခံလိုက်ရ၏။
"ဝေါင်း..."
ဟယ်ကျွင်းက ပြင်းထန်စွာ အော်ဟစ်လိုက်သော်လည်း ဤအသံက လူသံနှင့် မတူတော့ဘဲ နှင်းခြင်္သေ့၏ ဟိန်းဟောက်သံနှင့် ပို၍ တူနေလေသည်။
နောက်ကျောဘက်ရှိ ထိုနှင်းခြင်္သေ့ အရိပ်ဝါးဝါးကလည်း ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်နေသည့် ဟန်ပန်ကို ပြသနေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် အနီရောင် အလင်းတန်းများက ခန္ဓာကိုယ်ပြင်ပသို့ လုံးဝ တွန်းထုတ်ခံလိုက်ရပြီး ဟယ်ကျွင်း၏ တစ်ကိုယ်လုံးရှိ အစွမ်းများက ချက်ချင်းပင် ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
သူက နှင်းခြင်္သေ့၏ အကြည့်ဖြင့် ဒေါသတကြီး စူးစိုက်ကြည့်လိုက်ပြီး ဘေးနားရှိ ကျိလျန်ကို ဆွဲကိုင်ကာ အားကုန် လွှဲပစ်လိုက်လေ၏။
"ဝှီး"
ဧရာမ ခွန်အား၏ ပံ့ပိုးမှုအောက်တွင် ကျိလျန်က ချက်ချင်းပင် အနီရောင် အလင်းတန်းများ၏ အပြင်ဘက်သို့ ပြင်းထန်စွာ လွင့်စင်သွားတော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ အခြား လက်တစ်ဖက်က ဟင်းလင်းပြင်ဆီသို့ ပြင်းထန်စွာ ဖိချလိုက်ရာ ချက်ချင်းပင် ထူထဲသော ရေခဲလွှာများ တစ်ထပ်ပြီးတစ်ထပ် စုစည်းဖြစ်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင်၌ ရေခဲတောင်တစ်လုံး ဖြစ်တည်လာကာ မိမိကိုယ်ကို ထိုအထဲတွင် ဖုံးအုပ်ထားလိုက်၏။
ပတ်ဝန်းကျင်ရှိ ဥက္ကာခဲများက မည်သို့ပင် ပြုတ်ကျလာပါစေ ဤရေခဲတောင်ကို လုံးဝ မဖြိုခွဲနိုင်တော့ပေ။
ဤကဲ့သို့သော တုံ့ပြန်မှုက မြေမိခင်ဂိုဏ်းမှ မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင် နှစ်ဦးကိုလည်း အလွန် အံ့အားသင့်သွားစေကြောင်း သိသာထင်ရှားလှ၏။
"သူက မျိုးရိုးဗီဇမြေပုံကို ဖွင့်ပြီး စွမ်းအင်ချိတ်ပိတ် သင်္ကေတရဲ့ အပိတ်အဆို့ကို အချိန်တိုအတွင်း ရုန်းထွက်နိုင်ခဲ့တာလား" တပ်မှူးဝူ၏ ကျောက်တုံး မျက်နှာပေါ်တွင် အံ့အားသင့်မှုများ အပြည့်ဖြစ်နေလေသည်။
တပ်မှူးဝမ်၏ အသံကလည်း မြေအောက်မှ ထွက်ပေါ်လာပြီး "သူ့ကို ထားလိုက်... ကျန်တဲ့တစ်ယောက်ကို အရင် သတ်မယ်" ဟု အော်ဟစ်လိုက်၏။
ဤစကားကို ကြားလိုက်သည်နှင့် တပ်မှူးဝူလည်း ချက်ချင်း သတိဝင်လာပြီး စွမ်းအင်ချိတ်ပိတ် သင်္ကေတ အစီအရင် အပြင်ဘက်သို့ လွင့်စင်သွားသော ကျိလျန်ကို လှမ်းကြည့်လိုက်သည်။
ကျိလျန်မှာ ဥက္ကာခဲ ကြယ်ကျောက်တုံးများ၏ ရိုက်ခတ်မှုကြောင့် ခေါင်းကွဲကာ သွေးများ ထွက်နေပြီး ယခုအချိန်တွင် ဒဏ်ရာရနေပြီ ဖြစ်၏။
လူနှစ်ယောက် ပေါင်း၍ ဝိုင်းဝန်းတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် သူက မယှဉ်နိုင်မှန်း သိသောကြောင့် ဘာမှမပြောတော့ဘဲ ချက်ချင်း လှည့်ပြေးတော့သည်။
"လိုက်"
တပ်မှူးဝမ်က မြေအောက်မှ ထွက်ပေါ်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်ကာ အလျင်အမြန် လိုက်လံ ဖမ်းဆီးတော့၏။
ကျောက်လူသား တပ်မှူးဝူကလည်း စွမ်းအင်ချိတ်ပိတ် အစီအရင် အတွင်းရှိ ဟယ်ကျွင်းကို လှည့်ကြည့်လိုက်ပြီး နောက်ဆုံးတွင် မျက်မှောင်ကြုတ်ကာ ကျိလျန်နောက်သို့ လိုက်ရန်သာ ရွေးချယ်လိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် သူ အလွန် ရှင်းလင်းစွာ သိထားသည်မှာ စွမ်းအင်ချိတ်ပိတ် အစီအရင် အတွင်း၌ သူ ဝင်ရောက်သွားလျှင်ပင် သူ၏ အစွမ်းများ ဖိနှိပ်ခံရမည် ဖြစ်သောကြောင့်တည်း။
ထို့ကြောင့် ဤဟယ်ကျွင်းက ရေခဲတောင်ဖြင့် မိမိကိုယ်ကို ဖုံးအုပ်ကာ ဥက္ကာခဲများကို ကာကွယ်ထားသဖြင့် အချိန်တိုအတွင်း တစ်ဖက်လူကို ရင်ဆိုင်ရန် သူ၌ မည်သည့် နည်းလမ်းကောင်းမှ မရှိပေ။
တပ်မှူးဝူက ရေခဲတောင်အတွင်းရှိ ဟယ်ကျွင်းကို တိုက်ခိုက်ရန် လုံးဝ လက်လျှော့လိုက်ပြီး ကျိလျန်နောက်သို့ အလျင်အမြန် လိုက်လံ သတ်ဖြတ်ရန်သာ ရွေးချယ်လိုက်၏။
သူတို့ သုံးဦး ပြေးလွှားနေကြရင်းဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနေရာမှ ပျောက်ကွယ်သွားကြလေသည်။
တိမ်တိုက်မြူခိုးများ အတွင်း၌ ဟင်းလင်းပြင်တွင် ရပ်နေသော လင်းယွမ်က ဤမြင်ကွင်းကို ကြည့်ရင်း ယခုအချိန်တွင် စိတ်ထဲ၌ အလွန် ရှုပ်ထွေးနေမိ၏။
မျိုးရိုးဗီဇမျိုးစေ့ နိုးထပြီးသော အစွမ်းပိုင်ရှင်များ၏ တိုက်ပွဲက ဒီလောက်တောင် ပြင်းထန်ရက်စက်တာလား။
သူ၏ ရင်ထဲတွင် လုံခြုံမှုမရှိသော ခံစားချက်များက နက်ရှိုင်းစွာ ပေါ်ထွက်လာတော့သည်။
သူကိုယ်တိုင်လည်း မျိုးရိုးဗီဇမျိုးစေ့ကို နိုးထထားနိုင်ခဲ့သော်လည်း သူ၏ မျိုးရိုးဗီဇမျိုးစေ့က တိုက်ခိုက်ရေးဘက်သို့ အားသန်သည် မဟုတ်ဘဲ အထောက်အကူပြုဘက်သို့ အားသန်နေခြင်း ဖြစ်၏။
ဤကဲ့သို့သော အဆင့်သို့ ရောက်ရှိရန်အတွက် သူက အစွမ်းထက်သော တိုက်ခိုက်ရေး အစွမ်း အများအပြားကို လုံလောက်စွာ ကျွမ်းကျင်ပိုင်နိုင်ထားရန် လိုအပ်ပေသည်။
သို့သော် သာမန် အဖြူရောင်အဆင့် အစွမ်းများနှင့် မလုံလောက်ဘဲ အစိမ်းရောင်အဆင့် အစွမ်းများ ဖြစ်မှသာ ဤကဲ့သို့သော စွမ်းအားမျိုး ရှိနိုင်မည် ဖြစ်၏။
သို့သော်လည်း မိမိ၏ ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင်အဆင့် အစွမ်းများကို အလုံးစုံ ပြန်လည် ဆန်းစစ်ကြည့်ရာ ယခုအချိန်အထိ တိုက်ခိုက်ရေး အမျိုးအစား တစ်ခုမှ မရှိသေးပေ။
"တိုက်ခိုက်ရေး အမျိုးအစား အစိမ်းရောင်အဆင့် အရည်အသွေးရှိတဲ့ အစွမ်းတစ်ခုကို... အမြန်ဆုံး ကျွမ်းကျင်အောင် လုပ်ရမယ်"
လင်းယွမ်၏ စိတ်ထဲတွင် ချက်ချင်းပင် ဆုံးဖြတ်ချက် ခိုင်မာစွာ ချလိုက်လေ၏။
ထို့နောက် စွမ်းအင်ချိတ်ပိတ် အစီအရင် အတွင်းရှိ ရေခဲတောင်ကို ပြန်လည် ကြည့်ရှုလိုက်ရာ သူ၏ စိတ်ထဲ၌ အနည်းငယ် လှုပ်ရှားသွားရသည်။
"ထူးဆန်းတယ်... ဘာလို့ ဟိုတပ်မှူးဝူရဲ့ ဥက္ကာခဲ အစွမ်းက... စွမ်းအင်ချိတ်ပိတ် အစီအရင်ထဲမှာ သုံးလို့ရနေတာလဲ"
"တပ်မှူးဝူ ကိုယ်တိုင်က စွမ်းအင်ချိတ်ပိတ် အစီအရင် အပြင်ဘက်မှာ ရှိနေလို့... ဥက္ကာခဲ အစွမ်းကို အစီအရင်ထဲ ကျရောက်အောင် လုပ်နိုင်တာလား"
"ဒါက မဖြစ်နိုင်ဘူး... စွမ်းအင်ချိတ်ပိတ် အစီအရင် အတွင်းမှာ သန္ဓေပြောင်းစွမ်းအင်တွေ လုံးဝ လှည့်ပတ်လို့ မရဘူးလေ... ဒီဥက္ကာခဲက အစီအရင်အတွင်းမှာ သေချာပေါက် စုစည်းပြီး ဖြစ်တည်လာနိုင်မှာ မဟုတ်ဘူး"
လင်းယွမ်က ချက်ချင်း တွေးတောဆင်ခြင်လိုက်ပြီး စောစောက ကျောက်လူသား တပ်မှူးဝူ ဥက္ကာခဲများကို ခေါ်ယူစဉ်က ၎င်း၏ အမြင့်မှာ ပေ ၃၀၀ ကျော် မြင့်မားခဲ့ကြောင်းကို အလျင်အမြန် ပြန်လည် သတိရသွား၏။
ဤအမြင့်က စွမ်းအင်ချိတ်ပိတ် အစီအရင်၏ နယ်ပယ်ကို အများကြီး ကျော်လွန်နေပြီ ဖြစ်သည်။
မှန်ပေသည်... စွမ်းအင်ချိတ်ပိတ် အစီအရင်၏ နယ်ပယ်က အလျားလိုက် သာမက ဒေါင်လိုက် အမြင့်လည်း ရှိလေသည်။
အခြေခံအားဖြင့် ၎င်းက ထုထည်ရှိသော ဟင်းလင်းပြင် နယ်ပယ်တစ်ခု ဖြစ်၏။
ဥပမာအားဖြင့် ၎င်း၏ နယ်ပယ်အချင်းက ပေ ၃၀၀ ကျော် ရှိမည်ဆိုပါက ၎င်း၏ ဟင်းလင်းပြင် အမြင့်ကလည်း ပေ ၃၀၀ ကျော် ရှိမည် ဖြစ်သည်။
လက်ရှိ ဤစွမ်းအင်ချိတ်ပိတ် အစီအရင်က မြေမိခင်ဂိုဏ်းမှ အစွမ်းပိုင်ရှင် နှစ်ဦးက အလျင်စလို စီရင်ထားခဲ့ခြင်းဖြစ်ရာ ၎င်း၏ အနီရောင် အလင်းတန်း နယ်ပယ်မှာ မျက်မြင်ခန့်မှန်းချက်အရ အချင်း ပေ ၁၅၀ ကျော် ၂၀၀ နီးပါးခန့်သာ ရှိပေမည်။
ထို့ကြောင့် ပေ ၃၀၀ ကျော် အမြင့်တွင် ဥက္ကာခဲ စုစည်းခြင်းက သဘာဝကျစွာပင် သက်ရောက်မှု မရှိနိုင်တော့ချေ။
ရေခဲချပ်ဝတ်စစ်သည် တပ်မှူးနှစ်ဦးကမူ အစီအရင် နယ်ပယ်အတွင်း ရှိနေသဖြင့် သန္ဓေပြောင်းစွမ်းအင်များကိုပင် အသုံးမပြုနိုင်ရာ ပေ ၃၀၀ ကျော် အကွာအဝေး၌ ရေခဲဓာတ် စွမ်းရည်ကို စုစည်းပြီး ဥက္ကာခဲများကို ကာကွယ်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။
တစ်ခုတည်းသော နည်းလမ်းမှာ တိုက်ရိုက်ပင် အစွမ်းကုန် ထုတ်သုံးရန်သာ ရှိပုံရ၏။
ထိုအစွမ်းကုန် ထုတ်သုံးခြင်း ဆိုသည်မှာ မျိုးရိုးဗီဇမြေပုံကို ဖွင့်ကာ စွမ်းအင်ချိတ်ပိတ် အစီအရင်၏ အပိတ်အဆို့ကို အတင်းအကျပ် ဖောက်ထွက်ခြင်းပင် ဖြစ်သည်။
သို့သော် ဤသို့ လုပ်ဆောင်ရန်အတွက် အလွန် အစွမ်းထက်သော စွမ်းအား လိုအပ်ကြောင်း သိသာထင်ရှားလှပေသည်။
ဟယ်ကျွင်းကဲ့သို့ အစွမ်းထက်သူပင်လျှင် အနီရောင် အလင်းတန်း လွှမ်းခြုံမှုကို အချိန်တိုလေးသာ ဖောက်ထွက်နိုင်ခဲ့ပြီး ရေခဲတောင်ဖြင့် မိမိကိုယ်ကို ဖုံးအုပ်ကာ ဥက္ကာခဲများကို ကာကွယ်ရန်သာ တတ်နိုင်ခဲ့၏။
မျိုးရိုးဗီဇမြေပုံကို ဖွင့်ရန်ဆိုသည်မှာလည်း မည်သူမဆို လုပ်နိုင်သည့် ကိစ္စ မဟုတ်ပေ။
အနည်းဆုံးတော့ လင်းယွမ်က သူကိုယ်တိုင် ယခုအချိန်တွင် ထိုသို့ မလုပ်နိုင်သေးကြောင်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ရုံဖြင့် သိရှိနေလေသည်။
ဆက်ရန်...
အပိုင်း(၄၁၈) ဦးနှောက်ရေကန်
"ဒီမျိုးရိုးဗီဇမြေပုံကို အသက်သွင်းဖို့ဆိုရင် သတ်မှတ်ထားတဲ့ မျိုးရိုးဗီဇ ကြံ့ခိုင်မှုတစ်ခု လိုအပ်တယ်"
"ငါ့ရဲ့ လက်ရှိ မျိုးရိုးဗီဇမြေပုံ အခြေခံအဆင့်နဲ့ဆိုရင်... အသွင်တစ်ရာ မျောက်ဝံမိစ္ဆာရဲ့ အပြင်ပန်း ပုံပန်းသဏ္ဍာန်ကိုတောင် ဖော်ဆောင်လို့ မရသေးဘူး... အသက်သွင်းဖို့ဆိုတာ ဝေးရောပေါ့"
"ဒီ ဟယ်ကျွင်း ရဲ့ မျိုးရိုးဗီဇမြေပုံ ဆင့်ကဲပြောင်းလဲမှု အတိုင်းအတာက... သိသိသာသာကို ငါ့ထက် သာလွန်နေခဲ့ပြီပဲ"
လင်းယွမ်က စိတ်ထဲတွင် တိတ်တဆိတ် အံ့အားသင့်သွားမိသည်။
ဟယ်ကျွင်း၏ မျိုးရိုးဗီဇမြေပုံ ဆင့်ကဲပြောင်းလဲမှု အတိုင်းအတာပင်လျှင် သူ့ထက် သာလွန်နေခဲ့ပြီဆိုလျှင်၊ ထို မြူခိုးမြို့တော်သခင် ချန်ယွင်တောက် ကရော မည်မျှအထိ စွမ်းအားကြီးမားနေမည်နည်း။
ထိုခဏတွင် ရွှီယွမ် အပါအဝင် ထိုရေခဲချပ်ဝတ်စစ်သည် အနည်းငယ်က အဘယ်ကြောင့် ဤမျှလွယ်လွယ်ကူကူ သစ္စာဖောက်သွားခဲ့ကြသနည်းဆိုသည်ကို သူ ရုတ်တရက် သတိရသွားသည်။
သူတို့၏ စိတ်နှလုံး နက်ရှိုင်းရာ တစ်နေရာတွင် သူကိုယ်တိုင် ထိုမြူခိုးမြို့တော်သခင်ကို သွားရောက် ရှာဖွေရန် မျှော်လင့်နေခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။
ထို့နောက် မြူခိုးမြို့တော်သခင်၏ လက်ကို ငှားရမ်းကာ သူ့ကို ပြန်လည် ဖမ်းဆီးစေရန်ပင်။
ဤသို့ဆိုလျှင် သူတို့ ခန္ဓာကိုယ်ထဲရှိ အဆိပ်များကိုလည်း အလိုအလျောက် ဖြေရှင်းနိုင်သွားမည် ဖြစ်သည်။
လင်းယွမ်၏ မျက်လုံးအိမ်၌ အေးစက်သော အရိပ်အညောင်တစ်ခု ဖြတ်ပြေးသွားခဲ့ကာ ဤလူများက အကြံအစည် ကြီးမားလှကြောင်း တွေးလိုက်မိသည်။
သိသာထင်ရှားစွာပင် သူတို့က မြူခိုးမြို့တော်သခင်အပေါ် လုံးဝ ယုံကြည်မှု အပြည့်အဝ ရှိနေကြခြင်း ဖြစ်သည်။
လင်းယွမ်က အတွေးများ လည်ပတ်သွားသော်လည်း စိတ်ထဲတွင်မူ အနည်းငယ် ထူးဆန်းနေမိသည်။
"မြူရေခဲမြို့တော်မှာ ဒီလောက်တောင် လှုပ်လှုပ်ရွရွ ဖြစ်နေတာကို... ဘာဖြစ်လို့ ဒီ မြူခိုးမြို့တော်သခင်က ထွက်မလာသေးတာလဲ"
"ပြီးတော့ ဒီ မြေမိခင်ဂိုဏ်း က လူတွေ... ဒီ မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင် နှစ်ယောက်တည်းနဲ့တင် ဒီ ရေပေါ်ကျွန်း ကို သိမ်းပိုက်နိုင်ဖို့ ယုံကြည်ချက် ရှိနေကြတာလား"
"သူတို့မှာ နောက်ကွယ်က အစီအစဉ်တွေများ ရှိနေသေးတာလား"
လင်းယွမ်၏ မျက်လုံးများက တလက်လက် တောက်ပသွားပြီး သူ၏ ရင်ထဲရှိ အန္တရာယ် အငွေ့အသက်များက ပိုမို ကြီးမားလာခဲ့သည်။
ထိုက်ယန်တောင်ကို အလုံးစုံ လွှမ်းမိုးထိန်းချုပ်နိုင်ခဲ့ပြီး ကတည်းက ဤကဲ့သို့သော အန္တရာယ် ခံစားချက်မျိုး မရရှိခဲ့သည်မှာ အလွန် ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။
လမ်းတစ်လျှောက်လုံးတွင် သူက ထိုက်ယန်တောင်ရှိ အစွမ်းပိုင်ရှင် အားလုံး၏ ရှေ့မှ ပြေးနေခဲ့ပြီး အငြင်းပွားဖွယ်ရာ မရှိသော ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။
စွမ်းအားပိုင်းဆိုင်ရာတွင်လည်း လူတိုင်းကို အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့ရာ အချိန်ကြာလာသည်နှင့်အမျှ သူက သတိဝီရိယကို အနည်းငယ် လျှော့ချထားခဲ့မိသည်။
သို့သော် ပြင်ပလောကတွင် ဤမျှများပြားလှသော အစွမ်းထက်သူများ ရှိနေလိမ့်မည်ဟု သူမသိခဲ့ချေ၊ အချို့ဆိုလျှင် သူ၏ အဆင့်ထက်ပင် များစွာ သာလွန်သည့်အထိ ဆင့်ကဲပြောင်းလဲနေခဲ့ကြပြီ ဖြစ်သည်။
ငါ့ရဲ့ စွမ်းအားက မလုံလောက်သေးပါလား...
ဂိုဏ်းကြီးသုံးဂိုဏ်း၏ လုပ်ဟန်ကို တွေးမိလိုက်ချိန်တွင် အနှေးနှင့်အမြန်ဆိုသလို ဝိညာဉ်စွမ်းအင် အင်အားကို ခြေရာခံကာ ထိုက်ယန်တောင်ကို ရှာတွေ့သွားမည်ကို စိုးရိမ်ရသဖြင့် လင်းယွမ်၏ ရင်ထဲတွင် အလောတကြီး ဖြစ်သွားရသည်။
ထိုက်ယန်တောင်ရှိ စွမ်းအင်ကျောက်တုံး သတ္တုကြော သိုလှောင်ထားမှုအရဆိုလျှင် ထိုက်ယန်တောင်၏ ဝိညာဉ်စွမ်းအင် အင်အားမှာ ရေပေါ်ကျွန်းထက် လုံးဝ လျော့နည်းနေမည် မဟုတ်ပေ။
ထို့အပြင် ထိုက်ယန်တောင်က ကွမ်ဖူ နှင့် သိပ်မဝေးလှသလို တည်နေရာကလည်း အသေဖြစ်ပြီး ရေပေါ်ကျွန်းကဲ့သို့ အချိန်မရွေး ပြောင်းလဲသွားလာနေနိုင်ခြင်း မရှိရာ ကွမ်ဖူရှိ ဂိုဏ်းကြီးသုံးဂိုဏ်းက သေချာပေါက် ရှာတွေ့နိုင်မည် ဖြစ်သည်။
ဂိုဏ်းကြီးသုံးဂိုဏ်းက လူများ ထိုက်ယန်တောင်ကို ရှာတွေ့သွားသည်နှင့် တစ်ပြိုင်နက် မျိုးရိုးဗီဇမျိုးစေ့အဆင့်ရှိ အစွမ်းထက်သော အစွမ်းပိုင်ရှင်များကို စေလွှတ်ကာ လာရောက် တိုက်ခိုက်သိမ်းပိုက်ကြမည်မှာ အသေအချာပင် ဖြစ်သည်။
ဤသည်မှာ သံသယဖြစ်ဖွယ်မရှိသော အချက်ဖြစ်ပြီး လင်းယွမ်က ကမ္ဘာပျက်ကပ်လောကကြီး၏ စည်းမျဉ်းများကို အလွန် ရှင်းလင်းစွာ သိနားလည်ထားသည်။
အင်အားကြီးသူကသာ အနိုင်ရပြီး အားနည်းသူများအနေဖြင့် မိမိ၏ ပိုင်ဆိုင်မှုများကို မည်သို့လုပ် ကာကွယ်နိုင်မည်နည်း။
ထို့ကြောင့် သူ၏ လက်ရှိ အန္တရာယ် ခံစားချက်များက အမှန်တကယ်ပင် အကြောင်းမဲ့ ဖြစ်ပေါ်နေခြင်း မဟုတ်ပေ။
သူ စိုးရိမ်နေရသော ကိစ္စရပ်များမှာ သေချာပေါက် ဖြစ်လာနိုင်ချေရှိပြီး ဖြစ်တန်စွမ်းမှာလည်း အလွန် မြင့်မားနေသည်။
လင်းယွမ်၏ အကြည့်များက နက်ရှိုင်းသွားပြီး စွမ်းအင်ချိတ်ပိတ် အစီအရင်ထဲရှိ ဟယ်ကျွင်းကို ထပ်မံ ကြည့်လိုက်သည်။
ယခုအချိန်တွင် ဤသူက ရေခဲတောင်ထဲ၌ သူ့ကိုယ်သူ ပိတ်လှောင်ထားရာ မိမိအတွက် လှုပ်ရှားရန် အကောင်းဆုံး အချိန်အခါ ဖြစ်နိုင်ပေသည်။
ဤလူ၏ ခန္ဓာကိုယ်ထဲသို့ ကပ်ပါးမျိုးစေ့ စိုက်ပျိုးလိုက်မည်ဆိုလျှင် သူ၏လက်အောက်တွင် စကားနားထောင်သော မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်တစ်ယောက် အလွယ်တကူ ထပ်တိုးလာမည်နှင့် အတူတူပင် ဖြစ်သည်။
သို့သော်...
"ဒီ ဟယ်ကျွင်း ရဲ့ စိတ်စွမ်းအင် အရည်အသွေးက... ဘယ်လောက်တောင် မြင့်မားနေမလဲ ဆိုတာကို မသိရသေးဘူး"
ဤသည်ကပင် လင်းယွမ် အစိုးရိမ်ဆုံးသော ကိစ္စရပ် ဖြစ်သည်။
အကယ်၍ ဤလူ၏ စိတ်စွမ်းအင်က သူ့ထက် သာလွန်နေမည်ဆိုပါက တစ်ဖက်လူ၏ စိတ်ပင်လယ်ထဲသို့ ကပ်ပါးမျိုးစေ့ ထည့်သွင်းလိုက်လျှင်တောင် အသုံးဝင်မည် မဟုတ်ဘဲ အချိန်မရွေး ဖျက်ဆီးခံလိုက်ရနိုင်ပေသည်။
စိတ်စွမ်းအင် ရိုက်ခတ်မှု ပြန်ကန်လာမည့် အန္တရာယ်ပင် ရှိနေသေးသည်။
လင်းယွမ်က သူ၏ လက်ရှိ စိတ်စွမ်းအင်ကို အလျင်အမြန် တစ်ချက် ကြည့်လိုက်သည်။
၅၄ မှတ်။
"ဘုံအရည်အသွေးမှတ် ၃ ဒသမ ၅ မှတ် ရှိသေးတာပဲ... အကုန်လုံးကို စိတ်စွမ်းအင် အရည်အသွေးမှတ်မှာ ထည့်လိုက်မယ်"
လင်းယွမ်က စိတ်ထဲမှ ညွှန်ကြားလိုက်ပြီး ဤဘုံအရည်အသွေးမှတ်များကို စိတ်စွမ်းအင် အရည်အသွေးမှတ်ပေါ်သို့ တွေဝေခြင်းမရှိဘဲ ချက်ချင်း ထည့်သွင်းလိုက်သည်။
"ဝှစ်"
မျက်တောင်တစ်ခတ်အတွင်းမှာပင် လင်းယွမ်က သူ၏ စိတ်စွမ်းအင် အင်အားများ ချက်ချင်း တိုးပွားလာကြောင်း ခံစားလိုက်ရသည်။
သူ၏ စိတ်စွမ်းအင်က ၅၇ ဒသမ ၅ မှတ်သို့ တိုက်ရိုက် ခုန်တက်သွားခဲ့သည်။
"ဒီလောက် အတိုင်းအတာရှိတဲ့ စိတ်စွမ်းအင်နဲ့ စုစည်းထားတဲ့ ကပ်ပါးမျိုးစေ့က... တစ်ဖက်လူကို ထိန်းချုပ်ထားနိုင်မလား မသိသေးဘူး"
လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး လက်စွမ်းပြရန် ပြင်ဆင်လိုက်သည်။
ရုတ်တရက် စွမ်းအင်ချိတ်ပိတ် အစီအရင်အတွင်း၌ အနီရောင် အလင်းတန်းများက ဝုန်းကနဲ တုန်ခါသွားသည်။
ထို့နောက် ထိုရေခဲတောင်ကြီးက ဂျွတ်ခနဲ အသံများနှင့်အတူ အက်ကွဲကြောင်းများ နေရာအနှံ့ ထွက်ပေါ်လာသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ရေခဲတောင်ကြီး တစ်ခုလုံးက ဘုန်းခနဲ မြည်ဟည်းသွားပြီး အလုံးစုံ ပျက်စီးကြေမွသွားတော့သည်။
ဆက်တိုက်ဆိုသလိုပင် ဟယ်ကျွင်းက ကိုယ်ကို တစ်ချက်လွှင့်ကာ ရေခဲတောင်ထဲမှနေ၍ အလျင်အမြန် ထွက်ပြေးသွားသည်ကို မြင်တွေ့လိုက်ရသည်။
နောက်တစ်ခဏတွင် သူက အနီရောင် အလင်းတန်း နယ်ပယ်ထဲမှ အရှိန်ဖြင့် ပြေးထွက်သွားကာ သစ်တောအုပ်ထဲသို့ တရစပ် ဝင်ရောက်သွားလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်မှာ မနေနိုင်ဘဲ ရင်ထဲ တုန်လှုပ်သွားရသည်။
"သူ့ဆီမှာ စွမ်းအားတွေ ကျန်နေသေးတာလား"
လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားပြီး ဤဟယ်ကျွင်းမှာ စွမ်းအားများ ကျန်ရှိနေသေးပါလျက် အဘယ်ကြောင့် ခုနက ရေခဲတောင် နယ်ပယ်ထဲမှ အတင်းအကျပ် ထွက်ပြေးကာ သူ၏အပေါင်းအဖော် ကျိလျန် နှင့် သွားရောက် ပူးပေါင်းပြီး မြေမိခင်ဂိုဏ်းမှ အစွမ်းထက်သူများကို အတူတကွ မရင်ဆိုင်ခဲ့သနည်း။
သူက တမင် အားနည်းချင်ညောင်ဆောင်ပြီး ကျိလျန် ကို အာရုံလွှဲခိုင်းကာ သူကိုယ်တိုင် အခွင့်ကောင်းယူပြီး ထွက်ပြေးဖို့များလား။
လင်းယွမ်က တစ်ဖက်လူ၏ စိတ်ကူးကို လျင်မြန်စွာ ရိပ်မိသွားပြီး ချက်ချင်းပင် သူ၏ ကိုယ်ဟန်က မြူခိုးများကြားထဲသို့ ခြေရာခံ လိုက်ပါသွားတော့သည်။
"ဝှီး"
စိတ်အဝေးထိန်း အစွမ်းဖြင့် ပျံသန်းကာ သူက ဟယ်ကျွင်း၏ အနောက်သို့ လမ်းတစ်လျှောက်လုံး ကပ်ပါလာခဲ့သည်။
မကြာမီမှာပင် သစ်တောအုပ်ကို ဖြတ်ကျော်သွားခဲ့ပြီး ဤနေရာ၏ အပူချိန်ကလည်း ပို၍ ပို၍ အေးခဲလာခဲ့သည်။
လင်းယွမ်က မျိုးရိုးဗီဇမျိုးစေ့ကို နိုးထထားပြီးဖြစ်လင့်ကစား ဤနေရာရှိ ကြောက်မက်ဖွယ်ကောင်းသော အအေးဒဏ်ကို ခံစားနေရဆဲ ဖြစ်သည်။
"အနှုတ် ခုနစ်ဆယ်၊ ရှစ်ဆယ် ဒီဂရီလောက်အထိတောင် ရောက်နေပြီ ထင်တယ်"
လင်းယွမ်က စိတ်ထဲတွင် တိတ်တဆိတ် အံ့သြသွားပြီး ဤရေပေါ်ကျွန်းက တကယ်တမ်း ဘာတွေဖြစ်နေသနည်း၊ ဤကဲ့သို့ ပြင်းထန်ဆိုးရွားသော ရာသီဥတုမျိုးက အဘယ်ကြောင့် ရှိနေရသနည်း။
ရုတ်တရက် သူ၏ ကိုယ်ဟန်က ရပ်တန့်သွားပြီး အောက်ဘက်သို့ အကြည့်ဝေ့ဘယ်လိုက်ရာ စောစောက ရှိနေသေးသော ဟယ်ကျွင်း၏ ကိုယ်ဟန်က ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
ဤမြင်ကွင်းကြောင့် လင်းယွမ်မှာ လန့်ဖြန့်သွားရသည်။
သူက စိတ်စွမ်းအင်များကို အလျင်အမြန် ထုတ်လွှတ်လိုက်ပြီး အောက်ဘက် နှင်းပြင်ထဲတွင် ရှာဖွေလိုက်သည်။
ငါးမိနစ် ခြောက်မိနစ်ခန့် ကြာပြီးနောက် လင်းယွမ်၏ အကြည့်က မြေပြင်ပေါ်ရှိ နှင်းကျင်းတစ်ခုဆီသို့ ရောက်ရှိသွားသည်။
"မြေအောက်ထဲ ဝင်သွားတာလား"
လင်းယွမ်၏ မျက်နှာပေါ်တွင် သံသယဖြစ်ဖွယ် အရိပ်အညောင်များ ပေါ်လွင်နေပြီး ဤဟယ်ကျွင်းက ရေခဲဓာတ် အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်ကာ မြေဓာတ် အစွမ်းပိုင်ရှင် မဟုတ်ဘဲနှင့် မြေအောက်ထဲသို့ သွားပြီး ဘာလုပ်မည်နည်း။
ထိုသို့ တွေးမိပြီးနောက် လင်းယွမ်က ကိုယ်ကို တစ်ချက်လွှင့်ကာ ဤနှင်းကျင်းထဲသို့ တိုက်ရိုက် ခုန်ဆင်းလိုက်သည်။
"ဖုန်း"
နှင်းကျင်းထဲတွင် ပါးလွှာသော နှင်းလွှာတစ်ခုသာ ရှိပြီး သူ ခုန်ဆင်းလိုက်သည်နှင့် နှင်းလွှာများက ဖိသိပ်ခံရကာ ပြိုကျသွားပြီးနောက် သူ၏ မြင်ကွင်းရှေ့တွင် ဥမင်လှိုဏ်ခေါင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
လင်းယွမ်က ဤဥမင်လှိုဏ်ခေါင်းကို အကဲခတ်ကြည့်လိုက်ရာ အလွန် အံ့သြဖွယ်ကောင်းသည်မှာ ဥမင်လှိုဏ်ခေါင်း အတွင်းပိုင်းက ကျောက်တုံး ကျောက်စရစ်များ၊ မြေကြီးများနှင့် မတူဘဲ အနီရောင် သွေးသားနံရံများကဲ့သို့ ဖြစ်နေခြင်းပင်။
"တကယ်ပဲ လျှို့ဝှက်ချက်တွေ ရှိနေတာပဲ... ဒါက ဘယ်လို နေရာမျိုးလဲ"
သူက လက်လှမ်းကာ ဤသွေးသားနံရံများကို စမ်းသပ် စမ်းသပ် ကြည့်လိုက်သည်။
ထိတွေ့လိုက်သည်နှင့် အေးစက်စက် ခံစားချက်ကို ရရှိသွားပြီး အေးခဲနေသော အသားတုံးကြီးကဲ့သို့ မာကျောကာ အလွန်တရာ အေးစက်လှသည်။
လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီး ဆန့်တန်းထားသော လက်ဖဝါးပေါ်မှ မှေးမှိန်သော မြေဝါရောင် အလင်းကွင်းတစ်ခု ပျံ့နှံ့လာခဲ့သည်။
မြေလျှိုးအစွမ်း ကို အသက်သွင်းလိုက်သည်။
သို့သော် သူ၏ လက်ဖဝါးက သူထင်ထားသကဲ့သို့ "နံရံ" ထဲသို့ ထိုးဖောက် ဝင်ရောက်သွားခြင်း မရှိဘဲ အပြင်ဘက်သို့ တိုက်ရိုက် တွန်းထုတ်ခံလိုက်ရသည်။
လင်းယွမ်က ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ "ဒါက မြေကြီးလည်း မဟုတ်သလို... ကျောက်တုံးလည်း မဟုတ်ဘူး... မဟုတ်ရင် ငါ့ရဲ့ မြေလျှိုးအစွမ်းက ထိုးဖောက်ဝင်ရောက်လို့ မရစရာ အကြောင်းမရှိဘူး"
"ဒါက ဘာနဲ့ လုပ်ထားတာလဲ"
လင်းယွမ်၏ ရင်ထဲတွင် တိတ်တဆိတ် အံ့သြသွားပြီး မနေနိုင်ဘဲ ချွန်ထက်သော ဓားတစ်လက်ကို ထုတ်ယူကာ သွေးသားနံရံပေါ်သို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
"ဒေါင်"
ဓားရိုးက တုန်ခါသွားပြီး ဓားသွားမှာ တွန့်လိမ်သွားသော်လည်း ဤသွေးသားနံရံက အနည်းငယ်မျှပင် ပွန်းပဲ့သွားခြင်း မရှိချေ။
"ဒီလောက်တောင် မာတာလား"
လင်းယွမ်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး ပို၍ပင် မယုံကြည်နိုင်အောင် ဖြစ်သွားမိသည်။
"ဟယ်ကျွင်းက ဒီထဲကို ဘာဝင်လုပ်တာလဲ"
သူက မှောင်မိုက်နေသော ဥမင်လှိုဏ်ခေါင်းကို ကြည့်လိုက်ပြီး ခဏမျှ စဉ်းစားကာ ခြေလှမ်းကျဲကြီးများဖြင့် အနောက်သို့ လိုက်သွားတော့သည်။
မြေကြီးပေါ်တွင် ထင်ရှားသော နှင်းပွင့် ခြေရာများ ရှိနေပြီး ဤနေရာသို့ ရောက်ချိန်တွင် ဟယ်ကျွင်းက သူ၏ ခြေရာများကို ဆက်လက် ဖုံးကွယ်မထားတော့ဘဲ စိတ်အေးလက်အေးဖြင့် ခြေရာများကိုပင် ချန်ရစ်ထားခဲ့ကြောင်း သိသာလှသည်။
ခြေရာများအတိုင်း လမ်းတစ်လျှောက်လုံး နောက်ယောင်ခံ လိုက်သွားပြီးနောက် မကြာမီမှာပင် လင်းယွမ်က ဤရှည်လျားသော ဥမင်လှိုဏ်ခေါင်းကို ဖြတ်သန်းသွားခဲ့သည်။
အရှေ့ဘက်တွင် အောက်ခြေ မမြင်ရလောက်အောင် နက်ရှိုင်းသော တွင်းပေါက်ကြီးတစ်ခု ပေါ်ထွက်လာပြီး တွင်းပေါက်ထဲတွင် အအေးဓာတ်များ လွှမ်းမိုးနေသော်လည်း လေပြင်းများ တိုက်ခတ်နေခြင်းမျိုး မရှိရာ လမ်းပိတ်နေသည့် နေရာတစ်ခု ဖြစ်ပုံရသည်။
လင်းယွမ်က ဤမြေအောက် လှိုဏ်ဂူထဲသို့ အရမ်းကာရော မဝင်ရောက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လှိုဏ်ဂူအနီးတွင် ကွေ့ပတ်သွားသော ခြေရာများကို သူ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ဟယ်ကျွင်းက ဤတွင်းပေါက်ကြီးကို ကွေ့ပတ်ကာ ဆက်လက် အတွင်းပိုင်းသို့ ဝင်ရောက်သွားကြောင်း အလွန် သိသာထင်ရှားနေသည်။
လင်းယွမ်က တွေဝေမနေဘဲ ခြေရာများနောက်သို့ လိုက်ကာ တွင်းပေါက်ကြီးကို အလျင်အမြန် ကွေ့ပတ်သွားပြီး ရှေ့သို့ ဆက်လက် ချီတက်သွားသည်။
မကြာမီမှာပင် မျက်စိရှေ့တွင် ဟင်းလင်းပြင်ကြီးတစ်ခု ပေါ်ထွက်လာပြီး ချိုင့်ဝင်နေသော ဧရာမ ရေကန်ကြီး တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ရေကန်ပြင်ကြီးက အဆုံးအစမရှိ ကျယ်ပြောလှပြီး အဝေးတစ်နေရာတွင် အမည်းရောင် မျဉ်းကြောင်းတစ်ခုကို ဝိုးတဝါး မြင်တွေ့နေရရာ တစ်ဖက်ကမ်းခြေ ဖြစ်ဟန်တူသည်။
ရေကန်ပြင်ထက်တွင် ရေခဲပြင်ကြီးက ထူထပ်နေပြီး ကန်ရေက ကြည်လင်နေခြင်း မရှိဘဲ နို့နှစ်ရောင် ဖြစ်နေသည်။
ယခုအချိန်တွင် အရှေ့ဘက် ရေခဲပြင်ပေါ်၌ လူရိပ်တစ်ခုက အရှိန်ဖြင့် ပြေးလွှားနေသည်။
ဤသူက အခြားသူမဟုတ်ဘဲ ရေခဲချပ်ဝတ်စစ်သည် ဘယ်တပ်ဖွဲ့မှူး ဟယ်ကျွင်းပင် ဖြစ်သည်။
လင်းယွမ်က ဤဧရာမ ရေကန်ကြီးကို ကြည့်ရင်း ရင်ထဲတွင် တုန်လှုပ်သွားကာ မနေနိုင်ဘဲ အလွန်တရာ အံ့အားသင့်သွားမိသည်။
ဤမြေအောက်တွင် ဤမျှ ကြီးမားသော ရေခဲကန်ကြီး ရှိနေသေးတာလား...
သူက ရုတ်တရက် တစ်ခုခုကို သတိရသွားကာ ခေါင်းမော့၍ အထက်ဘက်သို့ ကြည့်လိုက်သည်။
ထိုအခါ ပေထောင်ချီမြင့်သော ကောင်းကင်ယံထက်တွင် နှင်းကဲ့သို့ ဖြူဖွေးနေသော အမိုးခုံးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
ဤနေရာတွင် နှင်းပွင့်များ ကျဆင်းနေခြင်း မရှိသလို မိုးရေများ ကျဆင်းနေခြင်းလည်း မရှိပေ၊ မည်းမှောင်သော တိမ်တိုက်များနှင့် လေပြင်းများဆိုလျှင် ပို၍ပင် မရှိသေးသည်။
ထိုအမိုးခုံးကြီးက နှင်းကဲ့သို့ ဖြူဖွေးနေပြီး မှန်တစ်ချပ်ကဲ့သို့ ချောမွေ့နေကာ တစ်ခါတစ်ရံတွင် အနီရောင် မျဉ်းရေးရေးလေးများက အနီရောင် နဂါးကြီးများ လူးလွန့်နေသည့်အလား ပေါ်လာတတ်သည်။
ထိုအနီရောင် နဂါးကြီးများက မှေးမှိန်သော အနီရောင် အလင်းတန်းများကို ဖြာထွက်နေပြီး အဖြူရောင် အမိုးခုံးကြီးနှင့် ရောယှက်ကာ ဤမြေအောက် နေရာတစ်ခုလုံးကို လင်းထိန်သွားစေသည်။
လင်းယွမ်၏ ရင်ထဲတွင် အံ့အားသင့်သွားသည်။ "ဒါက တကယ်တမ်း ဘယ်လို နေရာမျိုးလဲဟ"
သူက ပို၍ ပို၍ သေးငယ်သွားသော ဟယ်ကျွင်း၏ ကိုယ်ဟန်ကို လှမ်းကြည့်လိုက်ရာ တစ်ဖက်လူက အဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လင်းယွမ်က ချက်ချင်းပင် ရေခဲပြင်ပေါ်သို့ ခြေချလိုက်ပြီး နောက်သို့ လိုက်ရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင် အနောက်ဘက် ဥမင်လှိုဏ်ခေါင်းထဲမှ စကားပြောသံများကို ရုတ်တရက် ကြားလိုက်ရသည်။
သူ၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။
"ဒီနေရာလား"
"သေချာပေါက် ဟုတ်မှာပါ... ဝိညာဉ်စွမ်းအင် လှိုင်းတွေက ပိုပိုပြီး ပြင်းထန်လာနေပြီ"
"မြူခိုးမြို့တော်သခင်က တကယ်ပဲ ဒီမှာ ရှိနေမှာလား"
"တပ်မှူးက အရင်ဆုံး ဝင်သွားပြီဆိုတော့ မှားစရာ အကြောင်း မရှိပါဘူး"
"အားလုံး လိုက်ခဲ့ကြ"
ထိုအသံများက ပို၍ ပို၍ နီးကပ်လာပြီး လင်းယွမ်က ဘေးပတ်လည်ကို အလျင်အမြန် ဝေ့ကြည့်လိုက်သော်လည်း ပုန်းကွယ်ရန် နေရာတစ်ခုမျှ မရှိပေ။
အခြား ရွေးချယ်စရာ မရှိသဖြင့် သူက ချက်ချင်းပင် ရေခဲပြင်ပေါ်သို့ လက်ဖိချလိုက်သည်။
လက်ဖဝါးပြင်ထက်တွင် မီးတောက်များ ချက်ချင်း လောင်ကျွမ်းလာပြီး ရေခဲပြင်က အလျင်အမြန် အရည်ပျော်ကာ တွင်းပေါက်တစ်ခု ဖြစ်လာသည်။
တွင်းပေါက်ထဲမှ နို့နှစ်ရောင် အရည်များ ထွက်ပေါ်လာပြီး လင်းယွမ်၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် စိတ်စွမ်းအင် လိပ်ခွံအကာအကွယ် တစ်ခု လင်းလက်လာကာ တစ်ချိန်တည်းမှာပင် ရွှေရောင် ချပ်ဝတ်အလင်းတစ်ခုလည်း ရှိနေသေးပြီး နောက်ဆုံးတွင် ရေစီးကြောင်းများ စုစည်းထားသော ရေလုံးကြီး တစ်ခုပါ ရှိနေသေးသည်။
ဤအရာများ အားလုံးကို လုပ်ဆောင်ပြီးနောက် တွေဝေမနေတော့ဘဲ ဤနို့နှစ်ရောင် အရည်များထဲသို့ အလျင်အမြန် ခုန်ဆင်းသွားတော့သည်။
သူ ထိုအထဲသို့ ဝင်ရောက်သွားပြီးနောက် မကြာမီမှာပင် သူလာခဲ့သော လမ်းကြောင်းအတွင်းမှ လူရိပ်အချို့ ထွက်ပေါ်လာခဲ့သည်။
ဤလူရိပ်များ အားလုံးက ချွင်းချက်မရှိ မြေဝါရောင် ယူနီဖောင်းများကို ဝတ်ဆင်ထားကြပြီး အဖွဲ့အစည်းတစ်ခုခုမှ အဖွဲ့ဝင်များ ဖြစ်ပုံရသည်။
"မြန်မြန်ကြည့်... ရောက်ပြီဟေ့"
"ဒါက ဒီရေပေါ်ကျွန်းရဲ့ ဦးနှောက်ရေကန် ဆိုတာလား"
"ဒီအကျယ်အဝန်းကို ကြည့်ရတာ တော်တော့်ကိုကြီးတာပဲ"
"ညီအစ်ကိုတို့... ငါတို့ရဲ့ တရားဟောအဖွဲ့ က ဒီတစ်ခေါက် အင်အားအပြည့် သုံးလာတာဆိုတော့ ဒီရေပေါ်ကျွန်းကို သေချာပေါက် သိမ်းပိုက်ရမယ်... သွား... ခွဲပြီးတော့ ဦးနှောက်အမြူတေကို သွားရှာကြ... အဲဒါက ဒီကျွန်းကို ထိန်းချုပ်နိုင်မယ့် သော့ချက်ပဲ"
"နားလည်ပါပြီ"
...
လူတစ်စုက ရေခဲကန်ထဲသို့ အလျင်အမြန် ပြေးဝင်သွားကြပြီးနောက် နေရာအနှံ့သို့ လျင်မြန်စွာ လူစုခွဲသွားကြသည်။
ရေကန် အောက်ခြေတွင် လင်းယွမ်က အသက်အောင့်ကာ အာရုံစိုက်ပြီး အပြင်ဘက်မှ လှုပ်ရှားမှုများကို နားထောင်နေသည်။
အသံ တစ်စက်လေးမျှ မကြားရတော့သည့် အချိန်ရောက်မှသာ သူက အပေါ်သို့ အလျင်အမြန် တက်လာခဲ့သည်။
ရေကန်မျက်နှာပြင်သို့ ရောက်ရှိလာချိန်တွင် ခုနက အရည်ပျော်သွားသော ရေခဲလွှာက နောက်တစ်ကြိမ် ပြန်လည် အေးခဲနေပြီ ဖြစ်သည်။
လင်းယွမ်က လက်ကို ဆန့်ထုတ်ကာ ရေခဲလွှာပေါ်သို့ ဖိချလိုက်ရာ မီးတောက်များ လောင်ကျွမ်းလာပြီး ရေခဲလွှာက အလျင်အမြန် အရည်ပျော်သွားသည်။
ဘေးပတ်လည်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး လူမရှိကြောင်း သေချာသွားမှသာ သူက ကိုယ်ကို တစ်ချက်လွှင့်ကာ ရေကန်ထဲမှ အပြင်သို့ ခုန်ထွက်လိုက်သည်။
သူ ရေကန်ထဲမှ ခုန်ထွက်လာသည်နှင့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရေလုံးကြီးက ဝုန်းခနဲ အသံနှင့်အတူ ချက်ချင်း ပြိုကွဲသွားတော့သည်။
ရေစက်များ မြေကြီးပေါ်သို့ ကျဆင်းသွားပြီး စေးကပ်နေသော နို့နှစ်ရောင် ကန်ရေများပါ မြေကြီးပေါ်သို့ အတူတကွ ကျဆင်းသွားသည်။
လင်းယွမ်က ခုနက ထိုလူများ ပြောခဲ့သော စကားများကို ပြန်လည် စဉ်းစားလိုက်သည်။
"ဦးနှောက်ရေကန်"
သူက ဤဧရာမ ရေကန်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူ၏ ရင်ထဲတွင် အကြောင်းပြချက် မရှိဘဲ ထူးဆန်းနေသလို ခံစားလိုက်ရသည်။
ဒါကို ဘာလို့များ ဦးနှောက်ရေကန် လို့ ခေါ်ရတာလဲ။
ပြီးတော့... ဒီလူစုက ဦးနှောက်အမြူတေ ကို ရှာချင်နေတာလား။
ဦးနှောက်အမြူတေ ဆိုတာကရော ဘာကြီးလဲ။
စဉ်းစားနေရင်းဖြင့် လင်းယွမ်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဘေးပတ်လည်တွင် ကျဆင်းနေသော နို့နှစ်ရောင် ကန်ရေများကို ကြည့်လိုက်သည်။
"ဒါက... ကန်ရေ မဟုတ်ဘဲ ဦးနှောက်အရည်များလား"
ဤအတွေး ထွက်ပေါ်လာသောအခါ လင်းယွမ်မှာ ချက်ချင်း လန့်ဖြန့်သွားပြီး အနည်းငယ် မယုံကြည်နိုင်အောင် ဖြစ်သွားသည်။
အကယ်၍ ဒါကသာ ဦးနှောက်အရည် ဖြစ်နေမယ်ဆိုရင်၊ ဒီရေခဲပြင် မြေအောက်မှာ ဧရာမ အလောင်းကြီး တစ်လောင်းကို မြှုပ်နှံထားတာလား။
ဘယ်လို အလောင်းမျိုးကများ ဒီလောက်တောင် ကြီးမားနေရတာလဲ။
ဒါက ဖြစ်နိုင်ပါ့မလား။
လင်းယွမ်၏ ရင်ခုန်သံများ မြန်ဆန်လာပြီး တစ်စုံတစ်ရာသော ကြီးမားလှသည့် အမှန်တရား တစ်ခုကို သူ ထိတွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူက လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး သူ့ကိုယ်သူ အတင်း တည်ငြိမ်အောင် ထားလိုက်သည်။
လက်ရှိ အရေးအကြီးဆုံးက အကဲဖြတ် ဆုံးဖြတ်နိုင်ရန်အတွက် သတင်းအချက်အလက် ပိုမို သိရှိရန် လိုအပ်နေသည်။
ထိုသို့ တွေးမိပြီးနောက် သူက စကားများမနေတော့ဘဲ ရေခဲပြင်ပေါ်တွင် ထိုလူများနောက်သို့ အလျင်အမြန် စတင် လိုက်ပါသွားတော့သည်။
သူ မသိသော်လည်း ဤလူများက တစ်ခုခုတော့ သေချာပေါက် သိထားပေလိမ့်မည်။
သူတို့ထဲမှ တစ်ယောက်ယောက်ကို ဖမ်းမိလိုက်သည်နှင့် တစ်စုံတစ်ရာကို အတင်းအကျပ် မေးမြန်းနိုင်မည် ဖြစ်သည်။
ပြီးတော့... ဒီလူတွေက မြေမိခင်ဂိုဏ်း က လူတွေလား။
တရားဟောအဖွဲ့ ဆိုတာကရော ဘာကြီးလဲ၊ မြေမိခင်ဂိုဏ်း ရဲ့ အဖွဲ့ခွဲတစ်ခုလား။
ဒီလူစုက ခုနက ဟယ်ကျွင်း နဲ့ ကျိလျန် တို့ကို လိုက်လံ သတ်ဖြတ်နေတဲ့ မြေမိခင်ဂိုဏ်း က အုပ်ချုပ်ရေးမှူး နှစ်ယောက်နဲ့ တစ်ဖွဲ့တည်းပဲလား။
သံသယပေါင်းများစွာက သူ၏ ရင်ထဲတွင် လည်ပတ်နေပြီး လင်းယွမ်က ခြေလှမ်းများကို ရပ်တန့်မနေဘဲ ရေခဲပြင်ပေါ်တွင် အရှိန်ဖြင့် ပြေးလွှားနေခဲ့သည်။
ဤနေရာတွင် မြူခိုးများ မရှိဘဲ အဆုံးအစမရှိ ကျယ်ပြောလှရာ မကြာမီမှာပင် အရှေ့ဘက်၌ လူစုခွဲသွားသော လူရိပ်များကို သူ မြင်တွေ့လိုက်ရသည်။
လင်းယွမ်က သေချာစွာ အကဲခတ်ကြည့်လိုက်ပြီး ထိုအထဲမှ လူရိပ်တစ်ခုကို ရွေးချယ်ကာ အလျင်အမြန် လိုက်သွားတော့သည်။
သို့သော် သူက အရမ်း နီးကပ်စွာ မသွားရဲပေ။ ဤရေခဲပြင်ထက်တွင် ဘာတစ်ခုမှ မရှိဘဲ ကိုယ်ဟန်ကို ဖုံးကွယ်စရာ ပစ္စည်းပင် မရှိရာ အကယ်၍ နီးကပ်သွားပါက သေချာပေါက် တွေ့ရှိသွားမည် ဖြစ်သည်။
လင်းယွမ်က အတွေးများကို အလျင်အမြန် လည်ပတ်လိုက်ပြီး နောက်ဆုံးတွင် မျက်လုံးများ အရောင်လက်သွားကာ နည်းလမ်းတစ်ခုကို စဉ်းစားမိသွားသည်။
"ရေခဲပြင်ပေါ်မှာက အရမ်း သိသာလွန်းတယ်... ရေခဲပြင်အောက်ကနေ ချုံခိုတိုက်ခိုက်ရင် ရနိုင်လောက်တယ်"
ထိုသို့ တွေးမိပြီးနောက် သူက စကားများမနေတော့ဘဲ ရေခဲပြင်ကို တိုက်ရိုက် ခွဲထုတ်လိုက်ပြီး ရေခဲလွှာထဲသို့ အလျင်အမြန် တိုးဝင်သွားတော့သည်။
ထို့နောက် သူက ရေခဲပြင်အောက်တွင် အလျင်အမြန် ရေကူးသွားကာ တစ်ဖက်လူဆီသို့ လျင်မြန်စွာ လိုက်သွားတော့သည်။
လင်းယွမ်က စိတ်စွမ်းအင်များကို ထုတ်လွှတ်ကာ ရေခဲလွှာအထက်ရှိ အခြေအနေများကို အာရုံခံနိုင်ရန် ကြိုးစားကြည့်လိုက်သည်။
သို့သော် သူ့ကို အလွန် အံ့အားသင့်သွားစေသည်မှာ ဤကန်ရေထဲတွင် စိတ်စွမ်းအင်များကို ထုတ်လွှတ်၍ မရနိုင်ခြင်းပင် ဖြစ်သည်။
ဤကန်ရေက စိတ်စွမ်းအင်ကို ဖိနှိပ်ထားနိုင်သည့်ပုံပင်။
"ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ"
လင်းယွမ်က အခြေအနေမဟန်ကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။ သူ၏ မျိုးရိုးဗီဇ အရည်အသွေး လေးမျိုးထဲတွင် စိတ်စွမ်းအင်က အစွမ်းအထက်ဆုံး ဖြစ်သည်။
ဤနေရာ၏ ပတ်ဝန်းကျင်က စိတ်စွမ်းအင်အပေါ် ဖိနှိပ်နိုင်သည့် အာနိသင် ရှိနေသည်လား။
သူ မျက်မှောင်အကြီးအကျယ် ကြုတ်သွားပြီး အခြား ရွေးချယ်စရာ မရှိသဖြင့် အချိန် အနည်းငယ် ကြာတိုင်း ရေပေါ်သို့ အသံတိတ် တက်လာကာ ရန်သူ၏ ခြေရာများကို ရှာဖွေရုံသာ တတ်နိုင်တော့သည်။
မကြာမီမှာပင် ရန်သူက သူနှင့် ၃၃၀ ပေခန့် အကွာအဝေးတွင် ရှိနေကြောင်းကို သူ ခန့်မှန်းမိလိုက်သည်။
ချက်ချင်းပင် သူက အကွာအဝေးကို တိတ်တဆိတ် တွက်ချက်လိုက်ပြီးနောက် ဦးနှောက်ရေကန် ထဲသို့ နောက်တစ်ကြိမ် ငုပ်ဆင်းသွားပြန်သည်။
ကန်ရေများက စေးကပ်နေပြီး လင်းယွမ်၏ ကိုယ်ဟန်က အလျင်အမြန် ရေကူးသွားသည်။
မကြာမီမှာပင် ၃၃၀ ပေ အကွာအဝေးရှိ နေရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ပါးလွှာသော ရေခဲလွှာမှတစ်ဆင့် အပေါ်ဘက်တွင် လူရိပ်တစ်ခု လမ်းလျှောက်နေသည်ကို လင်းယွမ်က ဝိုးတဝါး မြင်တွေ့လိုက်ရသည်။
သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်ထွက်လာပြီး နောက်တစ်ခဏတွင် သူ၏ လက်သီးနှစ်ဖက်ထက်၌ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
"ဝုန်း"
လက်သီးတစ်ချက် ထိုးချလိုက်သည်နှင့် မီးနဂါးက ဟိန်းဟောက် ပေါက်ကွဲသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်း ရေခဲပြင်က ချက်ချင်း ပေါက်ကွဲသွားပြီး အလွန် လျင်မြန်စွာ အရည်ပျော်သွားသည်။
ရေခဲပြင်ပေါ်ရှိ လူက ဤကဲ့သို့သော အခြေအနေမျိုးကို လုံးဝ မျှော်လင့်မထားခဲ့သည်မှာ သိသာထင်ရှားလှသည်။
ချက်ချင်းပင် သတိလက်လွတ် ဖြစ်သွားကာ ထိုလူ တစ်ကိုယ်လုံးက ဝုန်းခနဲ အသံနှင့်အတူ ဦးနှောက်ရေကန် ထဲသို့ တိုက်ရိုက် ပြုတ်ကျသွားတော့သည်။
အကူအညီတောင်းရန်ပင် အချိန်မရလိုက်ပေ။
"ဗွမ်း"
ကန်ရေများ လွင့်စင်လာပြီး လင်းယွမ်၏ လက်ဖဝါးက ဤလူ၏ ဂုတ်ပိုးကို ဖမ်းဆွဲလိုက်သည်။
စိတ်စွမ်းအင်များက မရေမတွက်နိုင်သော ရေဘဘယ်လက်တံများအဖြစ် ပြောင်းလဲသွားကာ တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ တိုးဝင်သွားတော့သည်။
ထိုလူ၏ တုံ့ပြန်မှုက အလွန် လျင်မြန်လှပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "ဘယ်သူလဲ"
သို့သော် ပါးစပ်ဟလိုက်သည်နှင့် ဦးနှောက်ရေကန် ၏ ကန်ရေများက ပါးစပ်နှင့် နှာခေါင်းထဲသို့ ဝင်ရောက်သွားကာ သီးသွားစေသည်။
သူက မြေဝါရောင် အလင်းဒိုင်းတစ်ခုကို အလျင်အမြန် ဖွင့်လိုက်ပြီး သူ့ကိုယ်သူ ဖုံးလွှမ်းလိုက်သည့် တစ်ချိန်တည်းမှာပင် ခေါင်းလှည့်ကာ လက်သီးကို ကမန်းကတန်း ဝှေ့ယမ်းလိုက်သည်။
သို့သော် လက်သီးက လင်းယွမ်ဆီသို့ မရောက်လာခင်မှာပင် ဦးနှောက်က ထိုင်းမှိုင်းလာကြောင်း ချက်ချင်း ခံစားလိုက်ရပြီး ခြေလက်များကလည်း အနည်းငယ် ထိန်းချုပ်၍ မရတော့သကဲ့သို့ ဖြစ်သွားသည်။
ရုပ်သေးကြိုးမျှင် အစွမ်းက အာနိသင် ပြသွားခဲ့ပြီ ဖြစ်သည်။
လင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ဤလူ၏ ဂုတ်ပိုးကို ညှစ်ထားကာ အောက်ဘက်သို့ အလျင်အမြန် ငုပ်ဆင်းသွားပြီး ဤနေရာမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
"ဝှစ်... ဝှစ်... ဝှစ်"
လူရိပ်အချို့က အလျင်အမြန် ရောက်ရှိလာသော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်ကာ လင်းယွမ်မှာ ရေကန် အောက်ခြေ နက်ရှိုင်းရာသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ကမ်းစပ်ရှိ မြေဝါရောင် ယူနီဖောင်း ဝတ်ဆင်ထားသော လူအချို့မှာ မျက်နှာတွင် အံ့ဩဒေါသထွက်မှုများ ပြည့်နှက်နေကြသည်။
"တောက်... ချုံခိုတိုက်ခိုက်တဲ့လူ ရှိနေတယ်"
"ဦးနှောက်ရေကန် ထဲမှာ လူတစ်ယောက် ပုန်းနေတယ်"
"ဘယ်သူလဲ"
"သေချာပေါက် ရေခဲချပ်ဝတ်စစ်သည် ပဲ ဖြစ်ရမယ်"
"မြူခိုးမြို့တော်သခင် ရဲ့ လူတွေ ဖြစ်တာ သေချာတယ်"
"သူက အရံ အစီအစဉ်တွေတောင် ချန်ထားသေးတာလား"
"ချန်ကျဲ့မင် တော့ အန္တရာယ်ရှိနေပြီ"
...
ဆက်ရန်...