အခန်း (၄၁၉-၄၂၀)
Vol. 21 Ch. 419-420
အပိုင်း(၄၁၉) အလောင်း
"သူ ထွက်ပြေးလို့ မလွတ်နိုင်ဘူး... ရေကန်အောက်ခြေမှာ သေချာပေါက် ရှိနေသေးတယ်"
"ဆင်းပြီး လိုက်ကြမလား"
"ရေကန်မျက်နှာပြင်ပေါ်မှာလည်း ရှာပြီးသွားပြီ... ဦးနှောက်အမြူတေက ရေကန်မျက်နှာပြင်ပေါ်မှာ သေချာပေါက် မရှိလောက်ဘူး... အောက်ဆင်းပြီး ရှာမှပဲ ရတော့မယ်"
"ကောင်းပြီ... ဆင်းလိုက်ကြစို့"
ကမ်းစပ်ပေါ်ရှိ လူအချို့က လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် အားလုံး ရေကန်ထဲသို့ ခုန်ချကာ လင်းယွမ်နောက်သို့ အလျင်အမြန် လိုက်လံ ဖမ်းဆီးကြတော့သည်။
သို့သော် ဤဦးနှောက်ရေကန်၏ ရေမှာ နို့နှစ်ရောင်ဖြစ်နေပြီး စိတ်စွမ်းအင်ဖြင့်လည်း ပတ်ဝန်းကျင်ကို ထောက်လှမ်း၍ မရနိုင်ပေ။
ဤကျယ်ပြောလှသော ရေကန်ထဲတွင် လူတစ်ယောက်ကို ရှာဖွေရန်မှာ မလွယ်ကူလှချေ။
သို့သော် ရေစီးကြောင်းတွင် လှုပ်ခတ်မှုများ ရှိနေပြီး ဤကဲ့သို့သော အခြေအနေမျိုးတွင် ရေဓာတ် အစွမ်းပိုင်ရှင်များက ရေစီးကြောင်း၏ လှုပ်ခတ်မှုကို လျင်မြန်စွာ ခံစားသိရှိနိုင်ပေသည်။
မြေမိခင်ဂိုဏ်းသားများထဲတွင် မြေဓာတ် အစွမ်းပိုင်ရှင်များသာမက ရေဓာတ် အစွမ်းပိုင်ရှင်များလည်း ရှိနေသေးသည်။
လီချွန်းဟွာသည် ရေဓာတ် အစွမ်းပိုင်ရှင် တစ်ယောက်ဖြစ်ပြီး သူက မြေမိခင်ဂိုဏ်းထဲတွင် လက်ချိုးရေတွက်၍ရသော ရေဓာတ် အစွမ်းပိုင်ရှင်များထဲမှ တစ်ဦးဖြစ်သည်။
သူက မျိုးရိုးဗီဇမျိုးစေ့ကို နိုးထနိုင်ခြင်း မရှိခဲ့သော်လည်း သူ၏ဖခင်မှာ မြေမိခင်ဂိုဏ်း၏ အထက်လူကြီးတစ်ဦး ဖြစ်သောကြောင့် ဂိုဏ်းထဲတွင် နေရာပေးခံရသူ ဖြစ်သည်။
ဤတစ်ကြိမ်တွင်လည်း သူက တရားဟော အဖွဲ့သားများနှင့်အတူ တာဝန်ထမ်းဆောင်ရန် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
အစပိုင်းက သူက ဤလူအုပ်ထဲတွင် အရေးမပါသူ တစ်ယောက်အနေဖြင့်သာ နေပြီး အတွေ့အကြုံ ယူရုံသာဟု ထင်မှတ်ထားခဲ့သည်။
သို့သော် ယခုအချိန်တွင် ဤမျှ အသုံးဝင်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
သူက ဘယ်ဘက် အရှေ့ဘက်ဆီမှ ရေလှုပ်ခတ်မှုကို စူးရှစွာ ခံစားမိလိုက်ပြီး အခြားသူများကို ချက်ချင်း လက်ဟန်ခြေဟန်ဖြင့် ခေါ်ယူလိုက်သည်။
အခြားသူများလည်း ချက်ချင်း သဘောပေါက်သွားကြပြီး လီချွန်းဟွာနောက်သို့ အလျင်အမြန် လိုက်ကာ ရေစီးကြောင်း လှုပ်ခတ်ရာဆီသို့ အရှိန်ပြင်းပြင်းဖြင့် လိုက်သွားကြသည်။
လင်းယွမ်က ရေအောက်တွင် အလျင်အမြန် သွားလာနေသည်။ သူက ရေဓာတ် အစွမ်းပိုင်ရှင် မဟုတ်သော်လည်း မျိုးရိုးဗီဇ အသွင်တစ်ရာ ပင်ကိုယ်အစွမ်းကြောင့် သူ၏ ခန္ဓာကိုယ်က မည်သည့် ပတ်ဝန်းကျင်နှင့်မဆို လျင်မြန်စွာ လိုက်လျောညီထွေ ဖြစ်သွားစေသည်။
ဤကဲ့သို့သော ရေအောက် ပတ်ဝန်းကျင်မျိုးတွင် သူက သာမန် အစွမ်းပိုင်ရှင် တစ်ယောက်ဘဝကတည်းက ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက သူ၏ ခန္ဓာကိုယ်ကို တစ်ကြိမ်မက ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့ပြီး ဖြစ်သည်။
ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်တွင်းရှိ မျိုးရိုးဗီဇများက နက်ရှိုင်းစွာ ပြောင်းလဲသွားပြီး ခြေဖဝါးများတွင် ဘဲခြေကဲ့သို့သော အရာများ လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ခြေနှစ်ဖက်ကို တစ်ချက် ဆောင့်ကန်လိုက်သည်နှင့် ရေအောက်တွင် အားကောင်းသော ပေါက်ကွဲအားကို ချက်ချင်း ဖြစ်ပေါ်စေကာ ရေကန်အောက်ခြေ၌ အလွန် လျင်မြန်စွာ သွားလာနိုင်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပေလေးဆယ်ကျော်အထိ ရောက်ရှိသွားပြီးနောက် လျင်မြန်စွာ ကွေ့ဝိုက်လိုက်ကာ ဦးတည်ရာတစ်ခုကို ရှာဖွေပြီး ဆက်လက် ကူးခတ်သွားလေသည်။
အကွာအဝေး အတန်ငယ် ကွာဟသွားပြီးနောက် သူက ရုတ်တရက် ရပ်တန့်လိုက်ပြီး ရေခဲပြင်ပေါ်သို့ လက်ကို အလျင်အမြန် ဖိချလိုက်သည်။
မီးတောက်များ လောင်ကျွမ်းသွားပြီး ရေခဲလွှာများ အရည်ပျော်သွားသည်။
လင်းယွမ်က စကားပိုမပြောတော့ဘဲ ရေခဲပြင်ပေါ်မှ အလျင်အမြန် ခုန်ထွက်လိုက်သည်။
သူက ရေခဲပြင်ကို အကြမ်းပတမ်း ရိုက်ခွဲခြင်း မပြုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ပါက အလွန် ကြီးမားသော ဆူညံသံများ ထွက်ပေါ်လာမည် ဖြစ်သောကြောင့်ပင်။
ရေခဲပြင်ကို အရည်ဖျော်၍ အပေါက်တစ်ခု ဖန်တီးခြင်းက ပိုမို လျှို့ဝှက်နိုင်သည်မှာ ထင်ရှားလှသည်။
ရေခဲပြင်ပေါ်သို့ ရောက်ရှိလာပြီးနောက် လင်းယွမ်က အလျင်အမြန် အကဲခတ်ကြည့်လိုက်သည်။
အဝေးရှိ ရေခဲပြင်ပေါ်တွင် ရှာဖွေနေကြသော လူများကို ဝိုးတဝါး မြင်တွေ့နေရဆဲပင်။
လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။ တစ်ဖက်လူများက အဖွဲ့နှစ်ဖွဲ့ ခွဲကာ တစ်ဖွဲ့က ရေအောက်တွင် ရှာဖွေနေပြီး နောက်တစ်ဖွဲ့က ရေခဲပြင်ပေါ်တွင် ရှာဖွေနေဆဲ ဖြစ်သည်။
သူက ချက်ချင်းပင် ရေခဲပြင်ပေါ်တွင် အရှိန်အဟုန်ပြင်းပြင်း ပြေးလွှားလိုက်ပြီး ပေရာပေါင်းများစွာဝေးသည့်အထိ ပြေးသွားပြီးနောက် ရေကန်အောက်သို့ နောက်တစ်ကြိမ် ပြန်လည် ငုပ်လျှိုးသွားတော့သည်။
ဤတစ်ကြိမ်တွင်တော့ သူက ဆက်လက် မကူးခတ်တော့ဘဲ ရေအောက်သို့ ဆက်တိုက် ငုပ်ဆင်းသွားကာ ခြေအောက်တွင် အခိုင်အမာ နင်းမိသည်အထိ ရောက်မှသာ ရပ်တန့်လိုက်တော့သည်။
လိပ်ခွံစွမ်းအင်အကာအကွယ်ကို ဖွင့်လိုက်ပြီး ရေရှောင် သင်္ကေတကျောက်တုံးကို အသုံးပြုကာ လင်းယွမ်က ရေအောက်တွင် ယာယီ နေရာလွတ်တစ်ခုကို ဖန်တီးလိုက်သည်။
"ဒီလိုဆိုရင်တော့ အချိန် ခဏလောက် ဆွဲထားနိုင်လောက်တယ်"
လင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ ငြိမ်ငြိမ်လေး နေနေသရွေ့ ရေစီးကြောင်း အပြောင်းအလဲကို ဖြစ်ပေါ်စေမည် မဟုတ်ဘဲ ရန်သူများကလည်း သဘာဝကျကျပင် ခံစားမိနိုင်မည် မဟုတ်ချေ။
ဤအချိန်လေးကို အခွင့်ကောင်းယူကာ သူက ဤလူ့ထံမှ အသေးစိတ် သတင်းအချက်အလက်များကို အမြန်ဆုံး ခြိမ်းခြောက် မေးမြန်းရမည် ဖြစ်သည်။
လင်းယွမ်က လက်ထဲတွင် ဆွဲကိုင်လာသော လူကို အောက်ချပေးလိုက်ရာ တစ်ဖက်လူ၏ မျက်နှာပေါ်တွင် အကြောက်တရားများ ပြည့်နှက်နေသည်။
ရုပ်သေးကြိုးမျှင်၏ ထိန်းချုပ်မှုအောက်တွင် သူက စကားမပြောနိုင်သည့်အပြင် မျက်တောင်ပင် ခတ်၍ မရနိုင်ပေ။
လင်းယွမ်က သူ၏ လည်ပင်းကို အချိန်ပြည့် ညှစ်ထားရသည်။ အဘယ်ကြောင့်ဆိုသော် ဤဦးနှောက်ရေကန်ထဲတွင် စိတ်စွမ်းအင်အပေါ် ဖိနှိပ်မှုက အလွန် ပြင်းထန်သောကြောင့်ပင်။
ခန္ဓာကိုယ်ချင်း ထိတွေ့နေမှသာလျှင် ရုပ်သေးကြိုးမျှင်များက ခန္ဓာကိုယ်ပြင်ပသို့ ထွက်ခွာကာ ပြိုင်ဘက်ကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ"
လင်းယွမ်က ရုပ်သေးကြိုးမျှင် တစ်စိတ်တစ်ပိုင်းကို ဖြေလျှော့ပေးလိုက်ရာ တစ်ဖက်လူက စကားပြောနိုင်သွားသည်။
လွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ထိုလူက ချက်ချင်း အော်ဟစ်တော့သည်။ "မင်းက ဘယ်သူလဲ... ငါ့ကို လွှတ်စမ်း... ငါက ဘယ်သူလဲဆိုတာ မင်း သိလား... ငါက မြေမိခင်ဂိုဏ်းရဲ့ တပ်မှူးကွ"
"မင်းက ငါတို့ မြေမိခင်ဂိုဏ်းကို ဆန့်ကျင်ရဲတယ်ပေါ့... ငါ့ကို လွှတ်စမ်း"
သူက အသည်းအသန် ရုန်းကန်လာပြီး လင်းယွမ်ကိုပင် အဆက်မပြတ် ခြိမ်းခြောက်နေတော့သည်။
လင်းယွမ်ကလည်း သူ့ကို အလိုလိုက်မနေတော့ဘဲ လက်လှမ်းကာ အရိုးဓားတစ်လက်ကို ထုတ်ယူလိုက်ပြီး သူ၏ နားရွက်ဆီသို့ ရုတ်တရက် အားကုန် ခုတ်ချလိုက်သည်။
"ရွှပ်"
"အား..."
ထိုလူ၏ နားရွက်က ချက်ချင်း ပြတ်ထွက်သွားပြီး သွေးများ ပန်းထွက်လာကာ စူးစူးဝါးဝါး အော်ဟစ် ညည်းတွားတော့သည်။
လင်းယွမ်၏ မျက်နှာက မှောင်မိုက်သွားပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။ "မင်းက လူစကား နားမလည်ဘူးလား"
"နားထောင်... ငါမေးတာကိုပဲ မင်းဖြေ"
"စကားအပိုတွေ ထပ်ပြောနေရင်... ဒီဓားနဲ့ မင်းခေါင်းကို တခါထဲ ခုတ်ပစ်လိုက်မယ်"
ထိုလူ၏ မျက်နှာက ချက်ချင်း သွေးဆုတ်ဖြူရော်သွားတော့သည်။
"မ... မလုပ်ပါနဲ့... မေးပါ... မေးပါ"
ထင်သည့်အတိုင်းပင် အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းထက် ပို၍ ထိရောက်သော ဖိအားပေးသည့် နည်းလမ်းမျိုး မရှိတော့ပေ။
လင်းယွမ်က စိတ်ထဲမှ အေးစက်စက် ရယ်မောလိုက်ပြီး မေးလိုက်သည်။ "နာမည်"
"ချန်ကျဲ့မင် ပါ"
"မင်းတို့ မြေမိခင်ဂိုဏ်းက ဒီကို ဘာလာလုပ်ကြတာလဲ"
"ဒီ ရေပေါ်ကျွန်းကို လုယူဖို့ပါ"
လင်းယွမ်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး ထင်တဲ့အတိုင်းပဲ ဟု စိတ်ထဲမှ ရေရွတ်လိုက်သည်။
ဤမြေမိခင်ဂိုဏ်းက တကယ်ကို ဤနေရာကို သိမ်းပိုက်ရန် လာရောက်ခြင်း ဖြစ်သည်။
"မင်းတို့က ဘယ်လို လုယူမှာလဲ"
လင်းယွမ်က မေးမြန်းလိုက်သည်။
သူ့အမြင်တွင် ကျွန်းတစ်ကျွန်းကို သိမ်းပိုက်ရန်မှာ မလွယ်ကူလှပေ။
ဤနေရာတွင် ကျွန်းသူကျွန်းသားများ ဤမျှ များပြားနေရာ အင်အားသုံး နှိမ်နင်းခြင်းက နည်းလမ်းကောင်းတစ်ခု မဟုတ်ချေ။
လူအားလုံးကို သတ်ပစ်လိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
ဤမြေမိခင်ဂိုဏ်းတွင် ထူးခြားသော နည်းလမ်းတစ်ခုခု ရှိနေမည်မှာ သေချာလှသည်။
ချန်ကျဲ့မင်သည်လည်း မြေမိခင်ဂိုဏ်းတွင် အဆင့်အတန်း နိမ့်ကျသူ မဟုတ်သည်မှာ ထင်ရှားလှသည်။ မည်သို့ပင်ဆိုစေကာမူ သူက မျိုးရိုးဗီဇမျိုးစေ့ကို နိုးထထားပြီးသော အစွမ်းထက်သူ တစ်ဦး ဖြစ်ပေသည်။
စိတ်စွမ်းအင်ပိုင်းတွင် လင်းယွမ်ထက် အနည်းငယ် အားနည်းနေသော်လည်း သာမန် မြေမိခင်ဂိုဏ်းသားများနှင့် ယှဉ်နိုင်မည် မဟုတ်သည်ကတော့ သေချာလှသည်။
သူ သိရှိထားသော သတင်းအချက်အလက်များက သေချာပေါက် မနည်းလှပေ။
"ဆရာကို သတ်ပြီး ရေပေါ်ကျွန်းရဲ့ ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို လုယူဖို့ပါ" ချန်ကျဲ့မင်က ဖြေကြားလိုက်သည်။
လင်းယွမ်၏ မျက်လုံးများက ချက်ချင်း စူးရှသွားပြီး အလျင်အမြန် ထပ်မံ မေးမြန်းလိုက်သည်။ "ဘာ ဦးနှောက်အမြူတေလဲ... နှလုံးအမြူတေ ဆိုတာကရော ဘာလဲ"
ချန်ကျဲ့မင်က ကြောင်အမ်းသွားပြီး လင်းယွမ်ကို အံ့ဩတကြီး မော့ကြည့်ကာ "ဆရာ... ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို မသိဘူးလား"
ချက်ချင်းပင် သူက ထိတ်လန့်သွားသော အမူအရာကို ပြသလိုက်သည်။ "ဆရာက မြူခိုးမြို့တော် သခင် မဟုတ်ဘူးလား"
သူက လင်းယွမ်ကို မြူခိုးမြို့တော် သခင်ဟုပင် ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
စောစောက ပြောခဲ့သော "ဆရာကို သတ်ပြီး" ဆိုသည့် စကား၏ အဓိက ရည်ရွယ်ချက်မှာ မြူခိုးမြို့တော် သခင်ကို သတ်ရန် ဆိုလိုခြင်းပင် ဖြစ်သည်။
လင်းယွမ်၏ မျက်လုံးများထဲတွင် ကြမ်းကြုတ်သော အလင်းရောင်များ ထွက်ပေါ်လာပြီး အရိုးဓားကို မြှောက်ကာ အော်ဟစ်လိုက်သည်။ "ငါ မေးတာကိုပဲ ဖြေစမ်း"
ချန်ကျဲ့မင်၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး အလျင်အမြန် ပြောလိုက်သည်။ "ဆရာ... ဆရာ... ဆရာက မြူခိုးမြို့တော် သခင် မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ သတ်ဖြတ်နေစရာ မလိုတော့ဘူးလေ"
"ကိစ္စတစ်ခုခု ရှိရင်လည်း... ကျွန်တော်တို့ အေးအေးဆေးဆေး ထိုင်ပြီး ဆွေးနွေးလို့ ရတာပဲ"
"ဆရာ ပြောပါ... ဆရာ ဘာလိုချင်လို့လဲ... ကျွန်တော့်ကို လွှတ်ပေးနိုင်မယ်ဆိုရင် သင့်တော်တဲ့ တန်ဖိုးတစ်ခုကို ကျွန်တော် ပေးဆပ်နိုင်ပါတယ်"
"ငါ မေးတာကိုပဲ မင်း ဖြေရမယ်" လင်းယွမ်၏ အကြည့်များက အေးစက်သွားပြီး စကားပိုများ မပြောချင်တော့ဘဲ အရိုးဓားဖြင့် တစ်ဖက်လူ၏ မျက်လုံးထဲသို့ တိုက်ရိုက် ထိုးစိုက်လိုက်သည်။
ဤလုပ်ရပ်ကြောင့် ချန်ကျဲ့မင်က လန့်ဖြန့်သွားကာ အလျင်အမြန် အော်ပြောလိုက်သည်။ "စိတ်မလိုက်ပါနဲ့... ကျွန်တော် ပြောပါ့မယ်... ပြောပါ့မယ်"
"ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေဆိုတာက ရေပေါ်ကျွန်းရဲ့ အဓိက အမြူတေနှစ်ခုပါပဲ"
"ရေပေါ်ကျွန်း တော်တော်များများမှာ... ဒီအရာနှစ်ခုက ရှိနေတတ်ကြပါတယ်"
"အဲဒီ နှစ်ခုလုံးက ရေပေါ်ကျွန်းကို ထိန်းချုပ်ဖို့ သုံးတာပါ... တချို့ ဦးနှောက်အမြူတေတွေက ရေပေါ်ကျွန်းပေါ်က ရာသီဥတုနဲ့ ထင်ယောင်ထင်မှား အခြေအနေတွေကို ထိန်းချုပ်ပေးပါတယ်"
"နှလုံးအမြူတေကတော့ ရေပေါ်ကျွန်းရဲ့ နစ်မြုပ်တာ... ပေါ်လောပေါ်တာ... ရေစီးကြောင်း အမြန်နှုန်းနဲ့... ကျွန်းပေါ်က ပတ်ဝန်းကျင် အခြေအနေတွေကိုပါ ထိန်းချုပ်ပေးတာပါ"
လင်းယွမ်က ထိုစကားကို ကြားသောအခါ အလွန် အံ့အားသင့်သွားသည်။ ဤရေပေါ်ကျွန်းက ထိန်းချုပ်လို့ ရနေတာလား။
ဒါက ရေငုပ်သင်္ဘောလည်း မဟုတ်ဘဲ ကျွန်းတစ်ကျွန်း ဖြစ်နေတာကို ဘယ်လိုများ ထိန်းချုပ်မှာလဲ။
လင်းယွမ်က နားမလည်နိုင်ဘဲ ချက်ချင်း ထပ်မံ မေးမြန်းလိုက်သည်။ "ရေပေါ်ကျွန်းမှာ ဘယ်လိုလုပ်ပြီး ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေက ရှိနေရတာလဲ... ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေ ကနေတစ်ဆင့် ကျွန်းကို ဘယ်လိုများ ထိန်းချုပ်နိုင်မှာလဲ"
ချန်ကျဲ့မင်က လင်းယွမ်ကို မော့ကြည့်ကာ ပြောလိုက်သည်။ "ဆရာ... တကယ် မသိတာလား... ရေပေါ်ကျွန်းဆိုတာ တကယ်တော့ ဧရာမ အလောင်းကြီး တစ်ခုပါပဲ... ဒါကြောင့် ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေ ရှိနေတာပေါ့"
ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းယွမ်၏ ရင်ထဲ၌ ပြင်းထန်စွာ တုန်လှုပ်သွားပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
"မင်း ဘာပြောလိုက်တယ်"
"ဒီ ရေပေါ်ကျွန်းက အလောင်းကြီးတစ်ခု ဟုတ်လား"
ဤပြောဆိုချက်က လင်းယွမ်၏ စိတ်ကူးထက် လုံးဝ ကျော်လွန်နေခဲ့သည်။
ချက်ချင်းပင် သူက ရက်စက်ကြမ်းကြုတ်သော အမူအရာကို ပြသလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ခွေးကောင်... မင်း ငါ့ကို လိမ်နေတာလား"
ထိုသို့ပြောရင်း သူက ဓားကို မြှောက်ကာ ရုတ်တရက် ရိုက်ချလိုက်သည်။
ဖြန်းခနဲ အသံနှင့်အတူ ချန်ကျဲ့မင်၏ မျက်နှာပေါ်သို့ တိုက်ရိုက် ရိုက်ချခံလိုက်ရသည်။
ချန်ကျဲ့မင်က ချက်ချင်း အော်ဟစ်ညည်းတွားလိုက်ပြီး ပါးတစ်ဖက်လုံး ရောင်ကိုင်းသွားတော့သည်။
သူက ကမန်းကတန်း ပြောလိုက်သည်။ "ဆရာ... ကျွန်တော် မလိမ်ပါဘူး... မြေမိခင်ကို တိုင်တည်ပြီး ကျွန်တော် သစ္စာဆိုရဲပါတယ်... ဒါက ကျွန်တော် ပြောတာ မဟုတ်ပါဘူး... ကွမ်ဖူရဲ့ အထက်လူကြီးတွေ အားလုံးက ဒီလျှို့ဝှက်ချက်ကို သိထားကြတာပါ"
"ရေပေါ်ကျွန်းတွေဆိုတာ ဧရာမ အလောင်းကြီးတွေပါပဲ... သူတို့ ဘယ်က ရောက်လာလဲဆိုတာကို ဘယ်သူမှ မသိကြပါဘူး... ဒီအလောင်းကြီးတွေက ရေလွှမ်းမိုးဘေးကြီးနဲ့အတူ ကမ္ဘာ့နေရာ အနှံ့အပြားကို မျောပါသွားတယ်ဆိုတာကိုပဲ သိထားကြတာပါ"
"အလောင်းကြီးတွေပေါ်က မြေကြီးတွေ... သစ်ပင် တောအုပ်တွေဆိုတာ နှစ်ပေါင်းများစွာ ကြာလာလို့ စုပုံလာတာတွေပါ"
"ထူးခြားတဲ့ ပတ်ဝန်းကျင် အခြေအနေတွေ... ဥပမာ ဒီကျွန်းပေါ်က မြူခိုးတွေလိုမျိုး ထူးခြားတဲ့ အခြေအနေတွေက တကယ်တော့ ဒီအလောင်းကြီး ကိုယ်တိုင်ကနေ ဖြစ်ပေါ်လာတာပါ"
"တချို့ အလောင်းကြီးတွေပေါ်မှာ မိုးကြိုးလျှပ်စီးတွေ ပြည့်နှက်နေပြီး... လျှပ်စီး မိုးကြိုး ရေပေါ်ကျွန်းအဖြစ် ဖန်တီးပေးလိုက်တာပါ"
"တချို့ အလောင်းကြီးတွေပေါ်မှာတော့ ချော်ရည်တွေ ပေါက်ကွဲနေပြီး မီးတောက်တွေ ရစ်ပတ်နေလို့ မီးတောက် ရေပေါ်ကျွန်းအဖြစ် ဖြစ်ပေါ်လာတာပါ"
"စစ်တပ်နဲ့ ဂိုဏ်းကြီး သုံးဂိုဏ်းက အထက်လူကြီးတွေ အားလုံးက သုတေသန လုပ်ကြည့်ပြီးပါပြီ... ဒီလို ဖြစ်စဉ်မျိုးက အလောင်းကြီးတွေထဲက စွမ်းအင်တွေ ပျံ့နှံ့ထွက်ပေါ်လာလို့ ဖြစ်နိုင်တယ်လို့ ပြောကြတယ်"
"ဒါက ဒီအလောင်းကြီးတွေ အသက်ရှင်နေချိန်တုန်းက ဒီလို ဓာတ်သဘာဝရှိတဲ့ သက်ရှိတွေ ဖြစ်နိုင်ပြီး... သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အကြွင်းအကျန်စွမ်းအင်တွေ အမြောက်အမြား ပါဝင်နေတယ်ဆိုတာကို ပြသနေတာပါ"
"ဆရာ... ကျွန်တော် တကယ် မလိမ်ပါဘူး... စိတ်မလှုပ်ရှားပါနဲ့... တကယ် စိတ်မလှုပ်ရှားပါနဲ့"
ချန်ကျဲ့မင်က ကမန်းကတန်း ရှင်းပြလိုက်သည်။ လင်းယွမ်က စကားမတည့်သည်နှင့် တိုက်ရိုက် ဓားဖြင့် ခုတ်သတ်လိုက်မည်ကို သူက အလွန် ကြောက်ရွံ့နေခဲ့သည်။
လင်းယွမ်မှာ ယခုအချိန်တွင် လုံးဝ အံ့အားသင့် မှင်သက်သွားခဲ့သည်။
ရေပေါ်ကျွန်း ဆိုသည့် ဤမျှ ကြီးမားသော ကျွန်းကြီးက ရေပေါ်တွင် မျောပါနေသော အလောင်းကြီးတစ်ခုမှ ဖြစ်ပေါ်လာခြင်းတဲ့လား။
ဤသည်က သူ၏ သိနားလည်နိုင်စွမ်းကို တကယ်ပင် ချိုးဖျက်သွားခဲ့သည်။
သူက မနေနိုင်ဘဲ မေးလိုက်သည်။ "ဘယ်လို သက်ရှိမျိုးကများ ဒီလောက် ကြီးမားတဲ့ အလောင်းကြီး ဖြစ်နေနိုင်မှာလဲ"
ချန်ကျဲ့မင်က အထိတ်တလန့်ဖြင့် ပြန်ပြောလိုက်သည်။ "ကျွန်တော် မသိပါဘူး... ဒါက အထက်လူကြီးတွေ သုတေသန လုပ်ပြီး ရလာတဲ့ သတင်းပါ"
"ဒါပေမယ့် အခု အစွမ်းတွေတောင် ပေါ်လာနေပြီပဲ... ဒီသက်ရှိတွေက သမိုင်းမတင်မီခေတ်က သက်ရှိတွေများ ဖြစ်နေမလား... ဂြိုဟ်သား မျိုးနွယ်တွေများ ဖြစ်နေမလား"
"ဆရာ... ဒီမေးခွန်းကိုတော့ ကျွန်တော် တကယ် မသိပါဘူး... ဆရာ ကျွန်တော့်ကို သတ်ရင်လည်း ကျွန်တော် သိမှာ မဟုတ်ပါဘူး"
လင်းယွမ်က မနေနိုင်ဘဲ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်မိပြီး စိတ်လှုပ်ရှားနေသဖြင့် တည်ငြိမ်ရန် ခက်ခဲနေခဲ့သည်။
တစ်ဖက်လူ ပြောသည်မှာ အဓိပ္ပာယ်ရှိကြောင်း သူ သိသည်။
ဤကမ္ဘာကြီးသည် သူ အရင်က သိကျွမ်းခဲ့သော ကမ္ဘာကြီး မဟုတ်တော့သည်မှာ ကြာပြီ ဖြစ်သည်။
အစွမ်းတွေတောင် ပေါ်ပေါက်လာပြီဖြစ်ရာ မည်မျှပင် ထူးဆန်းသော ကိစ္စများဖြစ်နေပါစေ သူက လက်ခံရန် သင်ယူရမည်သာ ဖြစ်သည်။
"ဒီကျွန်းကြီးက ရေပေါ်မှာ ပေါလောပေါ်နေနိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး... တကယ့် ကုန်းမြေကြီး မဟုတ်ဘဲ အလောင်းကြီးတစ်ခု ဖြစ်နေတာကိုး"
လင်းယွမ်က ဤသတင်းအချက်အလက်ကို လျင်မြန်စွာ နားလည်သဘောပေါက်အောင် လုပ်ယူလိုက်ပြီးနောက် ချက်ချင်း မေးလိုက်သည်။ "စောစောက မင်းပြောတာ... ဦးနှောက်အမြူတေက ကျွန်းပေါ်က ရာသီဥတုကို ထိန်းချုပ်နိုင်ပြီး... နှလုံးအမြူတေက ကျွန်းရဲ့ ပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်တယ်ဆို"
ချန်ကျဲ့မင်က ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်... ကျွန်တော်တို့ ဂိုဏ်းထဲက ထွက်လာတဲ့ သတင်းတွေအရ... ရေပေါ်ကျွန်းမှာ အရေးအကြီးဆုံးက ဒီအရာနှစ်ခုပါပဲ"
"ဒါပေမယ့် ရေပေါ်ကျွန်းက အလောင်းကြီးကနေ ဖြစ်ပေါ်လာတာဆိုတော့... ဦးနှောက်အမြူတေဆီ သွားဖို့က လွယ်ကူပါတယ်... အလောင်းကြီးရဲ့ နှာခေါင်းပေါက်ကို ရှာတွေ့ဖို့ပဲ လိုတာပါ... နှာခေါင်းပေါက်ကနေတစ်ဆင့် ဦးနှောက်ထဲကို တိုက်ရိုက် ဝင်ရောက်ပြီး ဦးနှောက်အမြူတေကို ရှာဖွေနိုင်ပါတယ်"
"မင်း ဆိုလိုတာက အခု ငါတို့ ရောက်နေတဲ့ နေရာက ဒီကျွန်းအလောင်းကြီးရဲ့ ဦးနှောက်ထဲမှာပေါ့" လင်းယွမ်က အံ့ဩတကြီး မေးလိုက်သည်။
"ဟုတ်ပါတယ် ဆရာ... ဆရာ သတိမထားမိဘူးလား... ဒီရေကန်ထဲက ရေတွေက ရေနဲ့ လုံးဝ မတူဘူးလေ... ဒါက ဦးနှောက်ပျော့ဖတ်တွေပါ"
"ပြီးတော့ ကောင်းကင်ယံက ငွေရောင် မျက်နှာကြက်က... အဲဒါက ဦးခေါင်းခွံပါ"
လင်းယွမ်မှာ တုန်လှုပ်သွားခဲ့သည်။ ချန်ကျဲ့မင်၏ စကားများက သူ့ကို တကယ်ပင် အလွန် အံ့အားသင့်သွားစေခဲ့သည်။
လမ်းတစ်လျှောက်လုံး ဖြတ်သန်းလာခဲ့သော အသားနံရံများကဲ့သို့ ဥမင်လှိုဏ်ခေါင်းကို သူက သေချာစွာ ပြန်လည် စဉ်းစားကြည့်လိုက်သည်။
တကယ်တော့ ၎င်းက ဤအလောင်းကျွန်းကြီး၏ နှာခေါင်းပေါက် ဖြစ်နေတာလား။
ထိုအဖြူရောင် ကောင်းကင်ယံက တကယ်တော့ ဦးခေါင်းခွံ ဖြစ်နေခဲ့သည်။
အပေါ်တွင် သွေးရောင် မျဉ်းကြောင်းများ ရှိနေခြင်းက အံ့သြစရာ မဟုတ်တော့ပေ။ ၎င်းတို့က သွေးကြောများများ ဖြစ်နေမလား။
လင်းယွမ်က ရုတ်တရက် မေးလိုက်သည်။ "ဒီအလောင်းကြီးက တကယ် အလောင်းကြီးပဲလား... သူ တကယ် သေသွားပြီလား"
"သေချာပေါက် သေသွားပြီပေါ့... မဟုတ်ရင် ဒီလို အစွမ်းထက်တဲ့ သက်ရှိကို ကျွန်တော်တို့က ဘယ်လိုလုပ် အနားကပ်နိုင်မှာလဲ"
"ပြီးတော့ သူ့ခန္ဓာကိုယ်ကနေ စွမ်းအင်တွေ ပျံ့နှံ့ထွက်ပေါ်နေတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတာက... သူ သေဆုံးသွားပြီဆိုတဲ့ လက္ခဏာရပ် အထင်အရှားပါပဲ"
"စွမ်းအင် ပျံ့နှံ့ထွက်ပေါ်တာ ဟုတ်လား" လင်းယွမ်က သံသယဖြစ်နေသော အရိပ်အယောင်ကို ပြသလိုက်သည်။
ချန်ကျဲ့မင်က ရှင်းပြလိုက်သည်။ "ဒီနေရာရဲ့ ပတ်ဝန်းကျင်ကို ပြောတာပါ... ကျွန်တော်တို့ အပြင်ဘက်မှာ မိုးသည်းထန်စွာ ရွာသွန်းနေပေမယ့် ဒီနေရာမှာကျတော့ နှင်းတွေ အဆက်မပြတ် ကျနေတယ်လေ"
"ဒီနေရာရဲ့ ထူးခြားတဲ့ ရာသီဥတုက... ဒီအလောင်းကြီး ကိုယ်တိုင်က ရေခဲဓာတ်ရှိတဲ့ အစွမ်းထက် သက်ရှိတစ်ကောင် ဖြစ်နေလို့ပါ... သူ့ခန္ဓာကိုယ်ထဲက ရေခဲဓာတ် စွမ်းအင်တွေ ပျံ့နှံ့ထွက်ပေါ်လာလို့ တစ်ကျွန်းလုံးရဲ့ အပူချိန်က အရမ်း ကျဆင်းနေတာပါ"
"ဒီအလောင်းကြီးရဲ့ စွမ်းအင်တွေ အားလုံး ကုန်ခမ်းသွားတဲ့အချိန်ကျရင်... ဒီကျွန်းကြီးက သာမန် ရေပေါ်ကျွန်းလေး တစ်ခု ဖြစ်သွားမှာပါ... ဒီလို ထူးခြားတဲ့ အခြေအနေတွေလည်း ထပ်ပေါ်လာတော့မှာ မဟုတ်ပါဘူး"
လင်းယွမ်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး ချက်ချင်း ထပ်မေးလိုက်သည်။ "ဒီအလောင်းကြီးက ပုပ်သိုးမသွားဘူးလား"
ချန်ကျဲ့မင်က ခေါင်းခါပြလိုက်ပြီး ပြောလိုက်သည်။ "မပုပ်သိုးပါဘူး... ဆရာ လာတုန်းက အသားနံရံလိုမျိုး ဥမင်လှိုဏ်ခေါင်းကို မြင်ခဲ့မှာပဲ"
"အဲ့ဒီ အသားနံရံရဲ့ ကြွက်သား ကြံ့ခိုင်မှုကိုလည်း ဆရာ မြင်တွေ့ခဲ့ပြီးပြီမလား... ကျွန်တော်တို့ အားကုန်သုံးပြီး တိုက်ခိုက်ရင်တောင် ချိုးဖျက်ဖို့ အရမ်း ခက်ခဲပါတယ်"
"ဒီသက်ရှိ သေဆုံးသွားရင်တောင်... သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုအရ ကျွန်တော်တို့ ဖျက်ဆီးလို့ ရနိုင်မှာ မဟုတ်ပါဘူး"
"ဒါဆိုရင် ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ပေါ်က ဘက်တီးရီးယားတွေနဲ့ အဏုဇီဝပိုးမွှားတွေအကြောင်း ပြောစရာတောင် မလိုတော့ပါဘူး... သူတို့ရဲ့ အလောင်းကို ပုပ်သိုးသွားအောင် လုပ်နိုင်တဲ့ သက်ရှိဆိုတာ အခြေခံအားဖြင့် မဖြစ်နိုင်သလောက်ပါပဲ"
"နေဦး... အဲဒီလိုဆိုရင် မင်းတို့က ဒီကျွန်းရဲ့ နှလုံးသားဆီ သွားပြီး နှလုံးအမြူတေကို ဘယ်လိုလုပ် ရှာနိုင်မှာလဲ"
လင်းယွမ်က ရုတ်တရက် ဤမေးခွန်းကို တွေးမိသွားသည်။
အကယ်၍ တစ်ဖက်လူ၏ ကြွက်သားက ဤမျှအထိ ကြံ့ခိုင်နေပြီး ကမ္ဘာမြေပေါ်ရှိ လူသားများက လုံးဝ ဖျက်ဆီး၍ မရနိုင်ဘူးဆိုလျှင် နှလုံးသား အနက်ရှိုင်းဆုံး နေရာတွင် မြှုပ်နှံထားသော နှလုံးအမြူတေကို မည်သို့ ရယူနိုင်မည်နည်း။
ချန်ကျဲ့မင်က ရှင်းပြလိုက်သည်။ "နှလုံးသားဆိုတာ ကျောက်တုံးကြီးတစ်ခု မဟုတ်ပါဘူး... သွေးကြောတွေ ဖြတ်သန်းသွားလာလို့ ရပါတယ်"
"ပုံမှန်အားဖြင့် နှလုံးအမြူတေကို ရှာဖွေချင်တယ်ဆိုရင် သွေးကြောလမ်းကြောင်းကို အရင် ရှာရပါတယ်... သွေးကြောလမ်းကြောင်းအတိုင်း သူ့ရဲ့ နှလုံးသားထဲကို ဝင်ရောက်ပြီး နှလုံးအမြူတေကို ရှာဖွေရတာပါ"
"သွေးကြောလမ်းကြောင်း..."
"သွေးကြောကို ပြောတာပါ"
လင်းယွမ်က အလွန် ဆန်းသစ်သည်ဟုသာ ခံစားလိုက်ရသည်။ ဤကျွန်းက သူ့အား စိတ်ကူးထက် ကျော်လွန်သော အံ့ဩဝမ်းသာမှုများကို တကယ်ပင် ပေးစွမ်းနေခဲ့သည်။
သူက ခဏမျှ စဉ်းစားလိုက်ပြီး ချက်ချင်း မေးလိုက်သည်။ "စောစောက မင်းပြောတာ နှလုံးအမြူတေက ကျွန်းရဲ့ နစ်မြုပ်မှုနဲ့ ပေါ်လောပေါ်မှုကို ထိန်းချုပ်နိုင်တယ်ဆို"
ချန်ကျဲ့မင်က ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။ "ဒီအလောင်းကြီးက အသက်မရှိတော့ဘဲ သွေးကြောထဲက သွေးတွေတောင် ခန်းခြောက်သွားပြီ ဆိုပေမယ့်... နှလုံးသား နေရာမှာတော့ သွေးခဲတွေ ကျန်နေသေးတယ်"
"နှလုံးအမြူတေက အဲဒီအထဲမှာ ပြုစုပျိုးထောင်ခံထားရပြီး... သွေးကြော အာရုံကြောတွေကနေတစ်ဆင့် ကြွက်သား ပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်နိုင်ပါတယ်"
"တကယ်လို့ နှလုံးအမြူတေကိုသာ ထိန်းချုပ်နိုင်ပြီး... ကျွန်တော်တို့ရဲ့ စိတ်ပင်လယ်ထဲကို ထည့်သွင်းပေါင်းစပ်နိုင်မယ်ဆိုရင်... ဒီအလောင်းကြီးထဲကို ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ် အသိစိတ်ကို ထည့်သွင်းပေးလိုက်တာနဲ့ အတူတူပါပဲ... အလိုအလျောက်ပဲ ဒီကျွန်းကြီးကို ထိန်းချုပ်နိုင်မှာပါ"
လင်းယွမ်က ကြားရသည်နှင့် ရင်ခုန်သွားခဲ့သည်။ အကယ်၍ သူသာ ဤကျွန်းကြီးကို ထိန်းချုပ်နိုင်မည် ဆိုပါက ထိုက်ယန်တောင်မှ လူများအားလုံးကို ဤနေရာသို့ ပြောင်းရွှေ့ခေါ်ဆောင်လာနိုင်မည် မဟုတ်ပါလော။
သူကိုယ်တိုင်ကလည်း ရွေ့လျားနိုင်သော ခံတပ်ကြီး တစ်ခုကို ပိုင်ဆိုင်သွားသည်နှင့် အတူတူပင် ဖြစ်မည်မဟုတ်လော။
ထိုက်ယန်တောင်က ကောင်းမွန်သော်လည်း ထိုက်ယန်တောင်မှာ အစစ်အမှန် တောင်တစ်လုံး ဖြစ်သည်။ အမြင့်က ဤမျှသာ ရှိပြီး ရေကြီးရေလျှံမှုက ဆက်လက် မြင့်တက်လာပါက အနှေးနှင့်အမြန် တစ်နေ့တွင် ရေလွှမ်းမိုးခံရမည်သာ ဖြစ်သည်။
နောက်တစ်ချက်မှာ ထိုက်ယန်တောင်ကို ရွှေ့လျား၍ မရနိုင်ပေ။ အကယ်၍ ဂိုဏ်းကြီး သုံးဂိုဏ်းကသာ ထိုက်ယန်တောင်၏ အရင်းအမြစ်များကို မျက်စိကျလာပါက သူနှင့် အနှေးနှင့်အမြန် ပဋိပက္ခများ ဖြစ်ပွားလာမည်သာ ဖြစ်သည်။
ထိုအချိန်ကျလျှင် သူက ထိုက်ယန်တောင်ကို အသေခံ ကာကွယ်နေရုံသာ ရှိတော့မည် ဖြစ်သည်။
သို့သော် ကာကွယ်၍ မရနိုင်တော့လျှင်ကော။
ထိုသို့ဆိုလျှင် ထိုက်ယန်တောင်ကို စွန့်လွှတ်ကာ ထွက်ပြေးရမည် ဆိုသည့် တစ်ခုတည်းသော နည်းလမ်းသာ ရှိတော့မည် မဟုတ်လော။
သို့သော် ခက်ခက်ခဲခဲ တည်ဆောက်ထားခဲ့သော ခိုလှုံရေးစခန်း၊ လူအင်အားနှင့် ပစ္စည်းအင်အား အများအပြား အကုန်အကျခံကာ တည်ဆောက်ထားခဲ့သော ခိုလှုံရေးစခန်းကို ဤအတိုင်း စွန့်လွှတ်လိုက်ရတော့မည်လား။
လင်းယွမ်က သဘာဝကျကျပင် လက်မလျှော့ချင်ပေ။ အကယ်၍ မြူခိုးမြို့တော်ကဲ့သို့သော ရေပေါ်ကျွန်းကိုသာ ပိုင်ဆိုင်ထားမည် ဆိုပါက ကျွန်းကြီးနှင့်အတူ တိုက်ရိုက် ရွှေ့ပြောင်း ထွက်ပြေးနိုင်မည် မဟုတ်ပါလော။
တစ်ခဏချင်းအတွင်းမှာပင် လင်းယွမ်က ဤကျွန်း၏ နှလုံးအမြူတေအပေါ် အလွန် ကြီးမားသော စိတ်ဝင်စားမှု ဖြစ်ပေါ်လာခဲ့သည်။
သူက ချက်ချင်းပင် နှလုံးအမြူတေ၏ အသေးစိတ် အချက်အလက်များကို မေးမြန်းလိုက်သည်။
ချန်ကျဲ့မင်က အလွန် ပူးပေါင်းပါဝင်ပြီး သူသိထားသမျှကို အကုန်အစင် ပြောပြလေသည်။
သူ လိုချင်သည်မှာ လင်းယွမ်က သူ့အား အသက်ချမ်းသာပေးရန် တစ်ခုတည်းသာ ဖြစ်သည်။
ဆက်ရန်...
အပိုင်း (၄၂၀) မြေအောက်လှိုဏ်ခေါင်း
"နေဦး... အဲဒီမြူခိုးမြို့တော်သခင်က ဒီကျွန်းကို သိမ်းပိုက်ထားတာ ဒီလောက်တောင် ကြာနေပြီကို... သူက ဒီကျွန်းရဲ့ ဦးနှောက်အမြုတေနဲ့ နှလုံးအမြုတေကို အခုထိ မသန့်စင်ရသေးဘူးလား"
အကြောင်းစုံကို မေးမြန်းပြီးနောက် လင်းယွမ်က ဦးနှောက်အမြုတေနှင့် နှလုံးအမြုတေကို သွားရောက်ရှာဖွေရန် ပြင်လိုက်စဉ် ရုတ်တရက် ဤအချက်ကို သတိရသွားကာ ချန်ကျဲ့မင်ကို ချက်ချင်း လှမ်းကြည့်လိုက်သည်။
ချန်ကျဲ့မင်က ထိုစကားကို ကြားသောအခါ အလျင်အမြန် ပြန်ဖြေလိုက်သည်။ "ဦးနှောက်အမြုတေကို သူ သန့်စင်ပြီးပြီလား မပြီးသေးဘူးလားဆိုတာတော့ ကျွန်တော်လည်း သေချာမသိဘူး... ဒါပေမဲ့ နှလုံးအမြုတေကိုတော့ သူ သေချာပေါက် သန့်စင်ရသေးမှာ မဟုတ်ဘူး"
"ဘာဖြစ်လို့လဲ"
"နှလုံးအမြုတေက ကျွန်းကြီး မျောပါတဲ့ လမ်းကြောင်းကို ထိန်းချုပ်နိုင်တယ်... ကျွန်တော်တို့ရဲ့ စုံစမ်းထောက်လှမ်းမှုတွေအရဆိုရင် ဒီကျွန်းကြီးက အခုအချိန်အထိ သမုဒ္ဒရာရေစီးကြောင်းအတိုင်း လမ်းကြောင်းတစ်ခုတည်းမှာပဲ အထပ်ထပ်အခါခါ မျောပါနေတုန်းပဲ"
"ဒါက ဒီကျွန်းကြီး လမ်းကြောင်း မပြောင်းလဲသေးဘူးဆိုတာကို လုံလုံလောက်လောက် သက်သေပြနေတာပဲ... မြူခိုးမြို့တော်သခင်က ရေပေါ်ကျွန်းကို မသန့်စင်ရသေးတဲ့ အကြောင်းရင်း ဖြစ်ဖို့က ရာခိုင်နှုန်း တော်တော်လေး များတယ်"
"ပြီးတော့ ဒီနှလုံးအမြုတေက ဦးနှောက်အမြုတေနဲ့ မတူဘူး... နှလုံးထဲကို ဝင်ရောက်ပြီး နှလုံးအမြုတေကို ရှာတွေ့ချင်ရင် ဒီရေပေါ်ကျွန်းရဲ့ အတွင်းပိုင်းမှာ မှန်ကန်တဲ့ သွေးကြောလမ်းကြောင်းကို ရှာဖွေဖို့ လိုအပ်တယ်"
"ဒီလောက် ကြီးမားတဲ့ အလောင်းကြီးတစ်ခုမှာဆိုရင် ခန္ဓာကိုယ်ထဲက သွေးကြောတွေက အရမ်းကို များပြားပြီး နေရာအနှံ့ကို ဖြာထွက်နေတာ... နှလုံးဆီကို သွားတဲ့ သွေးကြောလမ်းကြောင်းကို ရှာတွေ့ဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး"
"ကျွန်တော်တို့ ဒီကာလအတွင်း စုံစမ်းသိရှိရသလောက်ဆိုရင်... ဒီမြူခိုးမြို့တော်သခင်က တစ်နှစ်ပတ်လုံး လူလုံးထွက်မပြဘူး... သူ့ရဲ့ လက်အောက်ငယ်သားတွေနဲ့ မြူရေခဲမြို့တော်အပေါ်မှာလည်း လုံလောက်တဲ့ ဂရုစိုက်မှု မရှိဘူးလို့ ထင်ရတယ်"
"ဒီလူက တစ်နှစ်ပတ်လုံး မြေအောက်မှာ သွေးကြောလမ်းကြောင်းကို လိုက်ရှာနေပြီး... အပြင်ဘက်က ကိစ္စတွေကို စီမံခန့်ခွဲဖို့ စိတ်မဝင်စားတာ ဖြစ်နိုင်ခြေ အရမ်းများတယ်လို့... ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးမှူးက ခန့်မှန်းထားတယ်"
"ပြီးတော့ ဒီလို သွေးကြောလမ်းကြောင်းက နှလုံးအမြုတေ ကိစ္စနဲ့ ဆက်စပ်နေတော့... သူက သေချာပေါက် တခြားလူတွေကို အားကိုးမှာ မဟုတ်ဘူး... ကိုယ်တိုင်ကိုယ်ကျ သွားရှာမှာ အသေအချာပဲ... ဒါကြောင့်မို့လို့ သူက အချိန်မပေးနိုင်ဘဲ မကြာခဏ လူလုံးထွက်မပြနိုင်တာ ဖြစ်မယ်"
လင်းယွမ်က သူ၏ ခွဲခြမ်းစိတ်ဖြာချက်များကို နားထောင်ရင်း စိတ်ထဲတွင် ချက်ချင်း ရှင်းလင်းသွားကာ အတော်လေး ယုတ္တိတန်သည်ဟု ခံစားလိုက်ရသည်။
"ဒါဆို ဦးနှောက်အမြုတေကရော... သူ ရှာတွေ့သွားလောက်ပြီလို့ ထင်လား"
ချန်ကျဲ့မင်က ခေါင်းခါပြလိုက်သည်။ "ဒါကတော့ ပြောရခက်တယ်... ကျွန်တော်တို့လို တရားဟော အဖွဲ့က တပ်မှူးတွေက ဦးနှောက်အမြုတေကို ရှာဖွေဖို့ပဲ တာဝန်ယူရတာ... နှလုံးအမြုတေဘက်ကိုတော့ မြေမိခင်အထွတ်အမြတ်ဝိညာဉ်တွေက တာဝန်ယူကြတာပါ"
လင်းယွမ်က ချန်ကျဲ့မင်ကို ချက်ချင်း လှမ်းကြည့်လိုက်ပြီး မေးလိုက်သည်။ "မင်းတို့ရဲ့ မြေမိခင်ဂိုဏ်းအကြောင်းကို ငါ့ကို ပြောပြစမ်း... တရားဟော အဖွဲ့ဆိုတာက ဘာလဲ... မြေမိခင်အထွတ်အမြတ်ဝိညာဉ် ဆိုတာကရော ဘာလဲ"
ချန်ကျဲ့မင်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် အနည်းငယ် ငြင်းဆန်ချင်သွားပြီး သူ၏ မျက်နှာပေါ်တွင်လည်း တွေဝေနေသော အရိပ်အယောင်များ ပေါ်လာသည်။
စောစောက ရေပေါ်ကျွန်း ကိစ္စများကို ပြောစဉ်က သူသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ တရစပ် ပြောဆိုခဲ့သည်။
ယခု လင်းယွမ်က မြေမိခင်ဂိုဏ်းနှင့် ပတ်သက်သည့် ကိစ္စများကို မေးမြန်းလိုက်ချိန်တွင်တော့ သူက ထူးဆန်းစွာ တွေဝေနေခဲ့သည်။
သူ၏ အသက်က လင်းယွမ်၏ လက်ထဲတွင် ရှိနေသည်ကို သိထားရမည်။
အရင်က သေရမှာကို အလွန် ကြောက်ရွံ့နေခဲ့သော်လည်း ယခုအခါတွင် ထူးဆန်းစွာ တွေဝေနေခဲ့သည်။
ကြည့်ရသည်မှာ ဤမြေမိခင်ဂိုဏ်း၏ ဦးနှောက်ဆေးသည့် စွမ်းရည်က တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။
မျိုးရိုးဗီဇမျိုးစေ့ကို နိုးထထားနိုင်သည့် အစွမ်းထက်သူ တစ်ယောက်ပင်လျှင် သူတို့အပေါ် ဤမျှအထိ သစ္စာရှိနေသေးသည်။
လင်းယွမ်၏ မျက်နှာက ချက်ချင်း မှောင်မိုက်သွားပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။ "မင်းက တကယ်ပဲ သေရမှာ မကြောက်ဘူးလား... အသုံးမကျတဲ့ ဂိုဏ်းတစ်ခုကိုများ... မင်းက မျိုးရိုးဗီဇမျိုးစေ့တောင် နိုးထထားနိုင်ပြီကို... မြေမိခင်ဆိုတာကို တကယ်ပဲ ယုံကြည်နေတာလား"
ချန်ကျဲ့မင်၏ မျက်နှာက ပြောင်းလဲသွားပြီး ချက်ချင်း အော်ပြောလိုက်သည်။ "ခင်ဗျားက မြေမိခင်ကို စော်ကားရဲတယ်ပေါ့"
"ဟမ်..." လင်းယွမ်က ချက်ချင်းပင် သတ်ဖြတ်လိုသော အငွေ့အသက်များကို ထုတ်ဖော်လိုက်သည်။
ချန်ကျဲ့မင်မှာ ချက်ချင်းပင် တုန်တက်သွားသည်။ သူက မြေမိခင်၏ နာမည်ကို အသုံးပြုကာ လူများကို ခြောက်လှန့်လေ့ရှိသည်မှာ အကျင့်ပါနေခဲ့ပြီ ဖြစ်သည်။
ခုနက စကားထွက်သွားချိန်တွင် သူ လက်ရှိ ရောက်နေသည့် အခြေအနေကို မေ့လျော့သွားခဲ့ခြင်း ဖြစ်သည်။
လင်းယွမ်က ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့် ကြည့်လာသည်ကို မြင်သောအခါ သူက အလျင်အမြန် ရှင်းပြလိုက်သည်။ "ဆရာ... ဆရာ... တချို့ကိစ္စတွေက မရှိဘူးလို့ ယုံကြည်တာထက်စာရင် ရှိတယ်လို့ ယုံကြည်တာက ပိုကောင်းပါတယ်... ကျွန်တော်တို့ မြေမိခင်ဂိုဏ်းမှာ တကယ်ပဲ ရှင်းပြလို့မရတဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်"
"ဆရာက မယုံကြည်လို့ ရပေမယ့်... ကျွန်တော့်ရဲ့ ယုံကြည်ကိုးကွယ်မှုကိုတော့ လာပြီး တားဆီးလို့ မရဘူးလေ"
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် မှေးကျဉ်းသွားသည်။ ကြည့်ရသည်မှာ ဤကောင်က မြေမိခင်ဂိုဏ်းအပေါ် တကယ်ပဲ ရင်ထဲကနေ နက်နက်ရှိုင်းရှိုင်း ယုံကြည်သက်ဝင်နေပုံ ရသည်။
ဤမြေမိခင်ဂိုဏ်းတွင် တကယ်တမ်း မည်သို့သော ထူးဆန်းအံ့သြဖွယ်ရာများ ရှိနေသဖြင့် ဤလူကို ဤမျှလောက်အထိ အသေအလဲ ယုံကြည်သွားစေခဲ့သည်ကို သူမသိချေ။
ထို့ကြောင့် လင်းယွမ်က နည်းလမ်းပြောင်းကာ မေးမြန်းလိုက်သည်။ "မင်းက ငါ့ကို ဂိုဏ်းထဲ ဝင်ခိုင်းချင်နေတာဆိုရင်... မင်းတို့ရဲ့ မြေမိခင်ဂိုဏ်းအကြောင်းကို ငါ့ကို မိတ်ဆက်မပေးရင်... ငါက ဘယ်လိုလုပ်ပြီး ဂိုဏ်းထဲ ဝင်ရမှာလဲ"
"ဒါက..." ချန်ကျဲ့မင်က ထိုစကားကို ကြားသောအခါ အနည်းငယ် တွေဝေသွားပြီးနောက် ပြောလိုက်သည်။ "ဆရာ... ဒါဆိုရင်လည်း ကျွန်တော်တို့ မြေမိခင်ဂိုဏ်းရဲ့ ကြီးမြတ်မှုအကြောင်းကို ကျွန်တော် အကြမ်းဖျင်းလေး ပြောပြမယ်"
"ကျွန်တော်တို့ မြေမိခင်ဂိုဏ်းက မြေမိခင်ကို ယုံကြည်ကိုးကွယ်ကြတယ်... 'ခပ်သိမ်းသောအရာတို့သည် မြေကြီးထဲသို့ ပြန်လည်ဝင်ရောက်ပြီး သတ္တဝါအပေါင်းတို့သည် မြစ်ဖျားခံရာ တစ်ခုတည်း ဖြစ်သည်' ဆိုတဲ့ အယူအဆကို ဟောပြောတယ်... ဂေဟစနစ် ညီမျှမှုနဲ့ သက်ရှိတွေရဲ့ သံသရာလည်မှုတွေကို အဓိကထား ယုံကြည်လက်ခံထားကြတာ"
"မြေမိခင်က ကျွန်တော်တို့ကို ပေးတဲ့ ဗျာဒိတ်တော်တွေအရဆိုရင်... အခု လက်ရှိဖြစ်နေတဲ့ ဒီရေလွှမ်းမိုးဘေးကြီးက တကယ်တော့ ကောင်းကင်ဘုံက ပေးတဲ့ ပြစ်ဒဏ်ပဲ... ဒါပေမဲ့ အခွင့်အရေး တစ်ရပ်လည်း ဖြစ်တယ်"
"မြေမိခင်ကို ယုံကြည်ကိုးကွယ်နေသရွေ့... ဒီရေတွေက နောက်ဆုံးမှာတော့ ပြန်လည် ကျဆင်းသွားမှာပါ"
"ဒီရေပေါ်ကျွန်းတွေကို ဆရာ ကြည့်လိုက်လေ... တကယ်တော့ ဒါတွေ အကုန်လုံးက မြေမိခင်က ကမ္ဘာမြေရဲ့ အနက်ရှိုင်းဆုံး နေရာကနေ ကျွန်တော်တို့ကို ပေးသနားထားတာတွေပဲ... ဒီရှေးဟောင်း အလောင်းကောင်ကြီးတွေကို ရေပေါ် ပေါလောပေါ်လာစေပြီး ရေပေါ်ကျွန်းတွေအဖြစ် ပြောင်းလဲပြီး လူသားတွေကို ကယ်တင်ပေးနေတာ"
ချန်ကျဲ့မင်က ပါးစပ်ဟလိုက်သည်နှင့် တရစပ် ပြောဆိုနေတော့သည်။ အရင်က ဤအလောင်းကောင်ကြီးများ ဘယ်ကရောက်လာမှန်း မသိဘူးဟု ပြောခဲ့သော်လည်း ယခုအခါတွင်မူ မြေမိခင်က ကမ္ဘာမြေအောက်မှနေ၍ လူသားများကို ဤရေပေါ်ကျွန်းများ ပေးသနားထားခြင်း ဖြစ်သည်ဟု ပြောဆိုနေပြန်သည်။
ဤကောင်သည် ဘာသာရေးတရား ဟောပြောသည့် လုပ်ငန်းစဉ်များတွင် ဤကဲ့သို့သော စကားလုံးများကို ပြောရသည်မှာ အကျင့်ပါနေပြီး ရှေ့နောက် မညီတော့ခြင်း ဖြစ်မည်ဟု လင်းယွမ်က ခန့်မှန်းမိလိုက်သည်။
သူက တစ်ဖက်လူ၏ စကားကို တိုက်ရိုက် ဖြတ်ပြောလိုက်ပြီး မေးလိုက်သည်။ "မင်းတို့ မြေမိခင်ဂိုဏ်းထဲ ဝင်ရင် ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကို ငါ့ကို ပြောပြစမ်း"
ချန်ကျဲ့မင်က အလျင်အမြန် ပြောလိုက်သည်။ "ဆရာ... အကျိုးကျေးဇူးချည်းပဲ လိုက်တွေးနေလို့ မရဘူးလေ... မြေမိခင်အပေါ်မှာ ထားရှိတဲ့ လေးစားမှုနဲ့ ယုံကြည်မှုဆိုတာ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာရမှာ..."
"မြေမိခင်က ဆရာ့ရဲ့ ရိုးသားဖြူစင်တဲ့ စိတ်နှလုံးကို ခံစားမိမှသာ... ဆရာ့ကို ဆုလာဘ်တွေ ပေးသနားမှာပေါ့"
"အော်... ဘာဆုလာဘ်တွေများ ပေးသနားမှာလဲ"
"ဆုလာဘ်တွေကတော့ အများကြီးပါပဲ... ဆရာက ဂိုဏ်းအပေါ် ဘယ်လောက်အထိ အကျိုးပြုနိုင်သလဲ ဆိုတာအပေါ် မူတည်တယ်"
"တကယ်လို့ လုံလောက်တဲ့ အကျိုးပြုမှုတွေ လုပ်နိုင်မယ်ဆိုရင်... ဥပမာ ဒီလို ရေပေါ်ကျွန်းမျိုးကို ရှာတွေ့တာဆိုရင်... အဲဒါက ကြီးမားတဲ့ ကုသိုလ်ကြီး တစ်ခုပဲ... ဂိုဏ်းထဲကနေ ဆရာ့ကို မျိုးရိုးဗီဇမျိုးစေ့တွေတောင် ထောက်ပံ့ပေးပြီး... မြေဓာတ် မျိုးရိုးဗီဇမြေပုံကို ပုံဖော်နိုင်အောင် လုပ်ပေးနိုင်တယ်"
"မျိုးရိုးဗီဇမြေပုံကို ပုံဖော်နိုင်ပြီဆိုရင်... ဆရာလည်း အစစ်အမှန် ဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်ပေါ်ကို လျှောက်လှမ်းနိုင်ပြီပေါ့"
လင်းယွမ်က ချက်ချင်း မေးလိုက်သည်။ "ငါက မြေဓာတ် အစွမ်းပိုင်ရှင်မှ မဟုတ်တာ... မြေဓာတ် မျိုးရိုးဗီဇမြေပုံကိုတော့ ပုံဖော်လို့ ရမှာမဟုတ်ဘူးလေ"
ချန်ကျဲ့မင်က ထိုစကားကို ကြားသောအခါ ချက်ချင်း ရယ်မောလိုက်သည်။ "ဒါကလည်း ပြဿနာ မရှိပါဘူး... ကျွန်တော်တို့ မြေမိခင်ဂိုဏ်းမှာ မျိုးရိုးဗီဇမျိုးစေ့ အမျိုးအစား တစ်မျိုးတည်း ရှိတာမှ မဟုတ်တာ... ခန္ဓာကိုယ် အမျိုးအစား၊ မြေဓာတ် အမျိုးအစား၊ သစ်ပင်ဓာတ် အမျိုးအစား အကုန်လုံး ရှိပါတယ်"
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားပြီး သူ၏ စိတ်ထဲတွင် အတော်လေး လေးနက်သွားသည်။
ဤမြေမိခင်ဂိုဏ်း၏ အင်အားက သူထင်မှတ်ထားသည်ထက် များစွာ ကျော်လွန်နေသည်။
မျိုးရိုးဗီဇမျိုးစေ့ တစ်ခုတည်းကိုပင် ဤမျှလောက် အမျိုးအစား များပြားစွာ ရှိနေသည်လား။
ဤနောက်ခံအင်အားက တကယ်ကို နက်ရှိုင်းလွန်းလှသည်။
ကွမ်ဖူဘက်တွင် တကယ်တမ်း မည်သို့သော အခြေအနေမျိုး ဖြစ်နေပြီလဲ မသိချေ။ ဟိုဘက်နှင့် ယှဉ်လိုက်ပါက ထိုက်ယန်တောင်ဘက်သည် ဝေးလံခေါင်ဖျားသော တောရွာလေးတစ်ခုနှင့် တူနေပြီး အစွမ်းများနှင့် ပတ်သက်၍ လုံးဝ နားမလည်သေးသကဲ့သို့ ခံစားနေရသည်။
လင်းယွမ်က ချန်ကျဲ့မင်ထံမှ မြေမိခင်ဂိုဏ်း၏ အကြောင်းအရာ အသီးသီးကို ဆက်လက် စုံစမ်းမေးမြန်းနေခဲ့သည်။
ချန်ကျဲ့မင်က အလွန် သတိထားနေပြီး စကားလမ်းကြောင်းလွှဲကာ စကားကို အဆက်မပြတ် လှည့်ပတ် ပြောဆိုနေသည်။
လင်းယွမ်လည်း အားနာမနေတော့ဘဲ နည်းလမ်းအချို့ကို တိုက်ရိုက် အသုံးပြုလိုက်သည်။
ခြိမ်းခြောက်ဖြားယောင်းမှု အချို့ ပြုလုပ်ပြီးနောက်တွင်တော့ နောက်ဆုံး၌ သတင်းအချို့ကို မေးမြန်းသိရှိသွားခဲ့သည်။
မြေမိခင်ဂိုဏ်းသည် ကွမ်ဖူ၏ ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှ တစ်ခုဖြစ်ပြီး အမြင့်ဆုံးခေါင်းဆောင်မှာ ဂိုဏ်းချုပ် မဟုတ်ဘဲ နတ်သမီး ဖြစ်သည်။
နတ်သမီးက သူမကိုယ်သူမ မြေမိခင်၏ သမီးတော်ဖြစ်သည်ဟု ဆိုကာ မြေမိခင်ကိုယ်စား လူ့လောကတွင် လှည့်လည်သွားလာနေခြင်း ဖြစ်သည်။
သူမသည် မြေမိခင်ဂိုဏ်း၏ အမြင့်ဆုံး ခေါင်းဆောင်ဖြစ်ပြီး ဝိညာဉ်ရေးရာ ပြယုဂ်တစ်ခု ဖြစ်သည်။
နတ်သမီး၏ အောက်တွင် ယဇ်ပုရောဟိတ်အဖွဲ့ ရှိပြီး ယဇ်ပုရောဟိတ်ကြီး လေးပါးက မြေမိခင်ဂိုဏ်း၏ အာဏာကို ချုပ်ကိုင်ထားကြသည်။
ယဇ်ပုရောဟိတ်ကြီး လေးပါးအပြင် မြေသြဇာဌာန၊ အမြစ်အာရုံကျောင်းတော်နှင့် ကြွယ်ဝမှုအသင်း ဆိုသည့် မြင့်မြတ်သော ဌာနကြီးသုံးခုလည်း ရှိသေးသည်။
ဤသူများက အထက်ပိုင်း ခေါင်းဆောင်များ ဖြစ်ကြပြီး အလယ်အလတ်အဆင့်တွင် သစ်တောဂိုဏ်းအုပ်၊ တရားဟော အဖွဲ့၊ မြစ်ဝှမ်းသဘာပတိနှင့် မြေရိုင်းစောင့်ကြည့်သူ ဆိုသည့် အဖွဲ့အစည်း လေးမျိုး ရှိသေးသည်။
ဤတစ်ကြိမ် မြူခိုးမြို့တော်ကို ရှာဖွေတွေ့ရှိခဲ့သော အဖွဲ့မှာ တရားဟော အဖွဲ့မှ လူများပင် ဖြစ်သည်။
သူတို့က အခြားဌာနများကို အကြောင်းကြားခြင်း မရှိဘဲ တရားဟော အုပ်ချုပ်ရေးမှူး တစ်ယောက်က တပ်မှူးများစွာကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ကာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
တရားဟော အဖွဲ့ထဲတွင် တရားဟော အုပ်ချုပ်ရေးမှူးမှာ အထက်ပိုင်းအဆင့် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
သူ၏ လက်အောက်ရှိ တပ်မှူးများထဲတွင် မျိုးရိုးဗီဇမျိုးစေ့ အဆင့်သို့ ထိုးဖောက်ရောက်ရှိသွားသော အစွမ်းထက်သူများမှသာ တပ်မှူးတာဝန်ကို ထမ်းဆောင်နိုင်ခြင်း ဖြစ်သည်။
ချန်ကျဲ့မင်မှာ ထိုတပ်မှူးများစွာထဲမှ တစ်ယောက်အပါအဝင် ဖြစ်သည်။
လင်းယွမ်က သေလုမျောပါး ဖြစ်နေသော ချန်ကျဲ့မင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာက အနည်းငယ် လေးနက်သွားသည်။
"ဒီမြေမိခင်ဂိုဏ်းရဲ့ ဖွဲ့စည်းပုံ အတိုင်းအတာက ဒီလောက်တောင် ကြီးမားနေတာကိုး... စစ်တပ်ကတောင် သူတို့ကို အမြစ်ပြတ် မချေမှုန်းနိုင်တာ အံ့သြစရာတော့ မဟုတ်ဘူး"
"တပ်မှူးတစ်ယောက်ဖြစ်တဲ့ ချန်ကျဲ့မင်လို အလယ်အလတ်အဆင့် အဖွဲ့အစည်းထဲက အဓိက လူတစ်ယောက်တောင်မှ... မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းထက်သူ ဖြစ်နေပြီဆိုတော့... သူ့အထက်က လူတွေဆိုရင် ဘယ်လို စွမ်းအားမျိုးတွေများ ရှိနေမလဲ"
လင်းယွမ်က ကြီးမားသော အန္တရာယ်ရှိသည့် ခံစားချက်ကို ပြင်းထန်စွာ ခံစားလိုက်ရသည်။
ထိုက်ယန်တောင်တွင် လက်ရှိအချိန်အထိ မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းထက်သူဟူ၍ သူတစ်ယောက်တည်းသာ ရှိသေးသည်။
အခြားသူများအားလုံးက သာမန် အစွမ်းပိုင်ရှင်များသာ ဖြစ်ကြရာ ဂိုဏ်းကြီးသုံးဂိုဏ်းလို ဧရာမ အင်အားစုကြီးများနှင့် တကယ်တမ်း ဆုံတွေ့ရမည်ဆိုလျှင် ဘာကိုအားကိုးပြီး ခုခံကြမည်နည်း။
"မျိုးရိုးဗီဇမျိုးစေ့ကို အလုံအလောက်ရအောင် မဖြစ်မနေ ရှာဖွေရမယ်... ဒါမှသာ မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းထက်သူတွေကို ပိုပြီး ပြုစုပျိုးထောင်ပေးနိုင်မှာ"
ထိုသို့တွေးမိပြီးနောက် လင်းယွမ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဖွပ်ခနဲ အသံနှင့်အတူ ချန်ကျဲ့မင်၏ ခေါင်း ပြတ်ကျသွားတော့သည်။
ဤလူမှာ သူ၏ ပြင်းထန်သော နှိပ်စက်မေးမြန်းမှုများကြောင့် အသက်ရှင်နိုင်စွမ်း သိပ်မကျန်တော့ပေ။
သူ့ကို အတူတူ ခေါ်သွားမည်ဆိုပါက ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံသာ ရှိမည်ဖြစ်သည်။
[ဒင်... သင် မျိုးရိုးဗီဇမျိုးစေ့အဆင့် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၁၀၀၀၀ ရရှိပါသည်]
ရုတ်တရက် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသဖြင့် လင်းယွမ်မှာ ချက်ချင်းပင် အနည်းငယ် ကြောင်အမ်းသွားသည်။
မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းထက်သူ တစ်ယောက်၏ အသက်က အမှတ် တစ်သောင်းအထိ ရရှိစေသည်လား။
ဤသည်မှာ သူ ယခုအချိန်အထိ သတ်ဖြတ်ခဲ့ဖူးသမျှ သတ္တဝါများထဲတွင် အမှတ်အများဆုံး ရရှိသည့် အကြိမ်ပင် ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ စေးပျစ်နေသော ရေကန်ကြီးကို ကြည့်ရင်း လင်းယွမ်၏ စိတ်ထဲတွင် ရှုပ်ထွေးသွားသည်။
ဤအရာက ဦးနှောက်ပျော့ဖတ်များ ဖြစ်မှန်း သိသွားပြီးနောက်တွင်တော့ မည်သူမျှ ဤနေရာ၌ ဆက်လက် မနေချင်ကြတော့ပေ။
သူက ချက်ချင်းပင် အပေါ်သို့ လျင်မြန်စွာ တက်လာခဲ့ပြီး ဦးနှောက်ရေကန်၏ ရေမျက်နှာပြင်ပေါ်သို့ ကူးခတ်သွားလေသည်။
ဦးနှောက်ရေကန်၏ ရေခဲပြင်ကို ခွဲထွက်ကာ လင်းယွမ်က ကုန်းပေါ်သို့ လျင်မြန်စွာ တက်လာခဲ့သည်။
"ချန်ကျဲ့မင် ပြောစကားအရဆိုရင်... လာခဲ့တဲ့လမ်းမှာရှိတဲ့ အဲဒီ ဧရာမ တွင်းပေါက်ကြီးက တကယ်တော့ ဒီရေပေါ်ကျွန်း အလောင်းကောင်ကြီးရဲ့ ခံတွင်းထဲကို သွားတဲ့ လမ်းကြောင်းပဲ"
"ကြည့်ရတာ အောက်ခြေကို မမြင်ရလောက်အောင် နက်ရှိုင်းနေတာ အံ့သြစရာတော့ မဟုတ်ဘူး"
လင်းယွမ်၏ ခြေဖဝါးအောက်တွင် မီးစင်္ကြာ နှစ်ခု လောင်ကျွမ်းလာပြီး သူ တစ်ကိုယ်လုံးက မီးတောက်မျဉ်းကြောင်း အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ လာခဲ့စဉ်က လမ်းကြောင်းဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွားတော့သည်။
သူ၏ ဤလှုပ်ရှားမှုက ကုန်းပေါ်ရှိ မြေမိခင်ဂိုဏ်းမှ အစွမ်းထက်သူများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားစေသည်။
"တောက်... သူ ဟိုဘက်မှာ ရှိတယ်"
"သူ ထွက်ပေါက်ဘက်ကို သွားနေပြီ"
"နောက်ကလိုက်ကြ"
...
မြေမိခင်ဂိုဏ်းမှ တပ်မှူးအချို့ကလည်း ချက်ချင်းပင် လျင်မြန်စွာ လိုက်ပါသွားကြသည်။
နှမြောစရာကောင်းသည်မှာ သူတို့က အလျင်အမျိုးအစား အစွမ်းပိုင်ရှင်များ မဟုတ်ကြဘဲ အများစုမှာ မြေဓာတ် အစွမ်းပိုင်ရှင်များသာ ဖြစ်ကြရာ လင်းယွမ်ကို မှီအောင်လိုက်ရန်မှာ သဘာဝကျစွာပင် မဖြစ်နိုင်ချေ။
စက္ကန့်အနည်းငယ်မျှပင် မကြာလိုက်ဘဲ လင်းယွမ်က အသားနံရံ လမ်းကြောင်းထဲတွင် ပြန်လည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
အရှေ့တွင်မူ အရင်က လာခဲ့စဉ်က တွေ့ခဲ့ရသော ဧရာမ တွင်းပေါက်ကြီး ရှိနေသည်။
လင်းယွမ်က အောက်သို့ ငုံ့ကြည့်လိုက်ရာ အောက်ဘက်တွင် အမည်းရောင် အမှောင်ထုကြီးသာ ဖုံးလွှမ်းနေပြီး မြင်ကွင်းကို သဲသဲကွဲကွဲ မမြင်ရပေ။
သို့သော် သူက အနည်းငယ်မျှ တွေဝေမနေဘဲ အောက်သို့ တိုက်ရိုက် ခုန်ဆင်းလိုက်သည်။
"ဝှီး"
နားထဲတွင် လေတိုက်ခတ်သံများ ဆူညံစွာ ထွက်ပေါ်နေပြီး လင်းယွမ်က သူ၏ ခန္ဓာကိုယ်မှာ အလွန် လျင်မြန်သောအရှိန်ဖြင့် အောက်သို့ ပြုတ်ကျနေကြောင်း ခံစားလိုက်ရသည်။
သူက စိတ်စွမ်းအင်များကို ခြေဖဝါးအောက်တွင် လျင်မြန်စွာ စုစည်းလိုက်ရာ ဗုန်းခနဲ အသံနှင့်အတူ လေထဲတွင် ရပ်တန့်သွားတော့သည်။
ထို့နောက် သူ၏ ကိုယ်ဟန်က အောက်သို့ တဖြည်းဖြည်း မျောဆင်းသွားပြီး စိတ်စွမ်းအင်ဖြင့် စုစည်းထားသော အကာအကွယ်တံတိုင်းကို အသုံးပြုကာ အရှိန်ကို တဖြည်းဖြည်း လျှော့ချလိုက်သည်။
ပေရာချီခန့် အကွာအဝေးသို့ ရောက်ပြီးနောက် ရုတ်တရက် လင်းယွမ်၏ ခြေလှမ်းက ရပ်တန့်သွားကာ ဖုန်းခနဲ မြည်သံနှင့်အတူ မာကျောသော မြေပြင်ပေါ်သို့ ခြေချမိသွားပြီ ဖြစ်သည်။
ပတ်ဝန်းကျင်တွင် အမည်းရောင် အမှောင်ထု ဖုံးလွှမ်းနေခြင်းမျိုး မဟုတ်ဘဲ အရပ်လေးမျက်နှာလုံးတွင် မြက်ပင်များနှင့် အပင်များ စိမ်းလန်းစိုပြေနေပြီး သစ်ပင်များပင် ပေါက်ရောက်နေသေးသည်။
ဤအပင်များက အစိမ်းရောင် မဟုတ်ဘဲ နှင်းပွင့်များကဲ့သို့ ဖြူဖွေးသော ရေခဲအရောင်များ ပေါ်လွင်နေသည်ကို လင်းယွမ် မြင်တွေ့လိုက်ရသည်။
တစ်ခုလုံးကို ရေခဲလွှာ တစ်ထပ် ဖုံးလွှမ်းထားပြီး မြက်ပင်ငယ်လေးများပေါ်တွင်ပင် ရေခဲပွင့်များ တွဲခိုနေကြသည်။
အပင်များပေါ်တွင် မှိုနှင့်တူသော အပင်အချို့ ပေါက်ရောက်နေပြီး ၎င်းတို့၏ မျက်နှာပြင်ပေါ်တွင် ဖြူဖွေးတောက်ပသော အလင်းရောင်များ ထွက်ပေါ်နေကာ ပတ်ဝန်းကျင်ကို အနည်းငယ် လင်းထိန်စေသည်။
မှိုတစ်ပွင့်၏ အလင်းရောင်က သဘာဝအားဖြင့် များများစားစား မဟုတ်သော်လည်း ဤမှိုများက အစုလိုက်အပြုံလိုက် ပေါက်ရောက်နေကြသဖြင့် ဤနေရာတစ်ခုလုံးကို ဖြူဖွေးသော ကမ္ဘာငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။
"ဒီနေရာမှာတောင် အပင်တွေ ရှိနေသေးတယ်လား"
လင်းယွမ်က အနည်းငယ် ထူးဆန်းနေမိသည်။ ချန်ကျဲ့မင် ပြောခဲ့သည်မှာ ဤရေပေါ်ကျွန်းက အလောင်းကောင်ကြီး ဖြစ်လင့်ကစား ၎င်း၏ သွေးသား မာကျောမှု အတိုင်းအတာကို လူသားများက ဖျက်ဆီးနိုင်စွမ်း မရှိဘူးဆို၏။
ဒါဆိုဘာကြောင့် အပင်တွေ ပေါက်ရောက်နိုင်ရတာလဲ။
လင်းယွမ်က မနေနိုင်တော့ဘဲ ခေါင်းငုံ့ကာ ရေခဲပွင့်များ တွဲခိုနေသော ထိုမြက်ခင်းများကို လက်ဖြင့် အလွယ်တကူ ဖယ်ရှားကြည့်လိုက်သည်။
ထိုမြက်ခင်းများ၏ အောက်ခြေတွင် အသားနံရံများ၏ အရောင်အသွေးမျိုး မဟုတ်ဘဲ အေးခဲနေသော မြေကြီးလွှာ တစ်ထပ် ရှိနေသည်။
လင်းယွမ်က အနည်းငယ် မှင်သက်သွားပြီး သေချာ စဉ်းစားကြည့်လိုက်သည်။ "အပေါ်က တွင်းပေါက်ကြီးက အပြင်ဘက်ကို တိုက်ရိုက် ပွင့်နေတော့ ရွှံ့နွံတွေ ဝင်လာပြီး မူလ အသားနံရံတွေကို ဖုံးအုပ်သွားလို့ မြေကြီးတွေ ဖြစ်သွားတာများလား"
ထိုသို့ တွေးမိပြီးနောက် လင်းယွမ်က သူ၏ အစွမ်းများကို ချက်ချင်း လည်ပတ်စေလိုက်ရာ နောက်တစ်စက္ကန့်တွင် သူ၏ တစ်ကိုယ်လုံး၌ မြေဝါရောင် အလင်းဝန်းများ ပြည့်နှက်သွားတော့သည်။
"ရွှီး"
နောက်တစ်ခဏတွင် သူ တစ်ကိုယ်လုံးက မြက်ခင်းပြင်ထဲသို့ မြုပ်ဝင်သွားတော့သည်။
ထင်ထားသည့်အတိုင်းပင် ဤအောက်ခြေတွင် မြေကြီးများသာ ဖြစ်သည်။
လင်းယွမ်က မြေအောက်တွင် မြေလျှိုးအစွမ်းကို အသုံးပြုကာ ဆက်လက် ငုပ်ဆင်းသွားသည်။
အနက် ပေနှစ်ဆယ်ခန့်သို့ ရောက်သောအခါ ဆက်လက် ငုပ်ဆင်း၍ မရနိုင်တော့ပေ။
သူ၏ ခြေအောက်ရှိ နေရာက မြေကြီးများ မဟုတ်တော့ဘဲ မာကျောခိုင်ခံ့သော အသားနံရံများ ဖြစ်နေပြီဖြစ်ကြောင်း သူ ခံစားသိရှိသွားသည်။
"တကယ် ငါ ခန့်မှန်းထားတဲ့အတိုင်းပဲ... ဒီနေရာက မြေကြီးတွေနဲ့ ဖုံးအုပ်ခံထားရတာကိုး"
လင်းယွမ်က ထိုသို့ တွေးမိနေစဉ် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။
"ယုတ္တိကျကျ ပြောရရင်... ငါက အခု ဒီရေပေါ်ကျွန်း သတ္တဝါကြီးရဲ့ နှာခေါင်းပေါက်ကနေ ဝင်လာတာဆိုတော့... နှာခေါင်းပေါက်ကနေ ခံတွင်းထဲကို ဆက်သွားရမှာပဲ"
"ငါ အခု ရောက်နေတဲ့ နေရာက သူ့ရဲ့ ခံတွင်းထဲမှာပဲ"
"ဒီမြေကြီးတွေက လေတိုက်လို့ ရေတိုက်လို့ သူ့ရဲ့ ခံတွင်းထဲကို ပြုတ်ကျလာတာ ဖြစ်နိုင်ပေမယ့်... အစာရေမျို ဒါမှမဟုတ် လေပြွန်လို နေရာမျိုးတွေထဲကိုတော့ ဝင်သွားမှာ မဟုတ်ဘူး"
"ငါက မြေကြီး ပါးလွှာတဲ့ နေရာတွေအတိုင်း လိုက်သွားရုံနဲ့ ဒီရေပေါ်ကျွန်း သတ္တဝါကြီးရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်တဲ့ နေရာကို သေချာပေါက် ရှာတွေ့နိုင်မှာပဲ"
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားသော်လည်း ချက်ချင်းပင် မျက်မှောင် ပြန်ကုတ်သွားသည်။
အစာရေမျိုပဲ ဖြစ်ဖြစ်၊ လေပြွန်ပဲ ဖြစ်ဖြစ် ဒါတွေက သွေးကြောလမ်းကြောင်းတွေမှ မဟုတ်တာ။
နှလုံးကို ရှာဖွေချင်ရင် သွေးကြောလမ်းကြောင်းအတိုင်း လိုက်သွားမှသာ နှလုံးထဲကို ဝင်ရောက်နိုင်မှာလေ။
လင်းယွမ် သိထားဖူးသည့် ဇီဝဗေဒဆိုင်ရာ အသိပညာများအရ ဆိုလျှင် တကယ်တော့ အစာရေမျို သို့မဟုတ် လေပြွန်ထဲသို့ ဝင်ရောက်ကာ အထဲသို့ ဆက်သွားပါက အဆုတ်ရှိရာ နေရာကို ရှာတွေ့ကောင်း ရှာတွေ့နိုင်ပေမည်။
နှလုံးနှင့် အဆုတ်က တစ်ဆက်တည်း ဖြစ်ရာ ထိုနှစ်ခုကြား အကွာအဝေးက သိပ်မဝေးနိုင်ပေ။
သို့သော် ပြဿနာမှာ ချန်ကျဲ့မင် ပြောခဲ့သလိုပင် ဤရေပေါ်ကျွန်း သတ္တဝါကြီးက အသက်ရှင်စဉ်က ပြိုင်ဘက်ကင်းလောက်အောင် စွမ်းအားကြီးမားပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း အလွန် ကြောက်မက်ဖွယ်ကောင်းလှရာ လူသားများအနေဖြင့် ၎င်း၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းရန် အလွန် ခက်ခဲလှသည်။
မိမိအနေဖြင့် အဆုတ် ဧရိယာမှတစ်ဆင့် နှလုံး ဧရိယာထဲသို့ ဝင်ရောက်ချင်ပါက လမ်းကြောင်းတစ်ခု တူးဖော်ရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။
"နေဦး... တခြားလူတွေ မလုပ်နိုင်တာနဲ့ ငါလည်း မလုပ်နိုင်ဘူးလို့ မဆိုနိုင်ဘူးလေ"
လင်းယွမ်၏ မျက်လုံးများက ရုတ်တရက် အရောင်လက်သွားပြီး သူ၏ စိတ်ထဲတွင် နည်းလမ်းတစ်ခုကို စဉ်းစားမိသွားသည်။
သူက ချက်ချင်းပင် လမ်းတစ်လျှောက် မြေလျှိုးအစွမ်းကို အသုံးပြုကာ မြေကြီးလွှာ ပါးလွှာသော နေရာများဆီသို့ လျင်မြန်စွာ ရွေ့လျားသွားတော့သည်။
တစ်မိုင်ကျော်ခန့် မြေလျှိုးသွားပြီးနောက် အရှေ့ဘက်ရှိ မြေကြီးလွှာက တဖြည်းဖြည်း ပါးလွှာလာခဲ့သည်။
လင်းယွမ်က စိတ်ထဲတွင် တိတ်တဆိတ် အံ့အားသင့်သွားသည်။
"တစ်မိုင်ကျော်လောက် ရောက်မှ ပါးလွှာသွားတာဆိုတော့... ဒီရေပေါ်ကျွန်း မိစ္ဆာကောင်ကြီး အသက်ရှင်နေတုန်းက ပါးစပ်တစ်ချက် ဟလိုက်ရင် အနည်းဆုံး တစ်မိုင်ကျော်လောက် ကျယ်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား"
ဤကဲ့သို့သော ဧရာမ သန္ဓေပြောင်း သတ္တဝါကြီးကို တကယ်တမ်း မည်သို့သော စွမ်းအားမျိုးက သတ်ဖြတ်နိုင်ခဲ့သလဲဆိုတာကို လင်းယွမ် တွေးတောင် မတွေးရဲပေ။
သူ၏ ခေါင်းထဲတွင် လင်ကျောင်း တက္ကသိုလ်၏ ကျောင်းတံခါးဝ၌ မှောက်လျက်နေသော ထိုဧရာမ ရေဘဝဲကြီးကို အလိုအလျောက် သတိရသွားစေသည်။
အရင်က ထိုဧရာမ ရေဘဝဲကြီးကို မြင်တွေ့ခဲ့ရစဉ်က သူက အလွန်အမင်း ထိတ်လန့်တုန်လှုပ်ခဲ့ရပြီး ဖြစ်သည်။
သို့သော် ယခု ဤရေပေါ်ကျွန်း မိစ္ဆာကောင်ကြီး၏ အလောင်းထဲသို့ ရောက်ရှိနေချိန်တွင်မှသာ အလွန်အမင်း ကြီးမားလှသည်ဆိုသည်ကို တကယ်တမ်း ခံစားသိရှိသွားရသည်။
အကယ်၍ ဤရေပေါ်ကျွန်း မိစ္ဆာကောင်ကြီးသာ အသက်ရှင်နေသေးမည်ဆိုလျှင် လင်ကျောင်း တက္ကသိုလ် ကျောင်းတံခါးဝရှိ အဆောက်အအုံပေါ်တွင် တွားသွားနေသော ရေဘဝဲကြီးမှာ ၎င်းအတွက် သွားကြားညှပ်ရန်ပင် လောက်မည်မထင်ပေ။
လင်းယွမ်က လူသားများ၏ သေးငယ်လှမှုကို မနေနိုင်ဘဲ သက်ပြင်းချမိလိုက်ပြီး တစ်ချိန်တည်းမှာပင် ရေလွှမ်းမိုးဘေးကြီး၏ သန္ဓေပြောင်း သတ္တဝါများအပေါ် ပိုမို သတိဝီရိယ ရှိလာတော့သည်။
စွမ်းအားများ မြှင့်တင်ရန် လိုလားမှုကလည်း ပိုမို ပြင်းထန်လာခဲ့သည်။
တစ်ချိန်က ထိုက်ယန်တောင်ကို သိမ်းပိုက်ပြီးနောက် ဖြစ်ပေါ်လာခဲ့သော ကျေနပ်ဂုဏ်ယူမှုများမှာ ယခုအချိန်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူက ရေလွှမ်းမိုးဘေးကြီးကို စတင် ကြုံတွေ့ရစဉ်က အဆောက်အအုံထဲတွင် ပိတ်မိနေခဲ့ရသော ထိုအားနည်းပြီး ကူကယ်ရာမဲ့နေသည့် ခံစားချက်မျိုးက သူ့ကို နောက်တစ်ကြိမ် ပြန်လည် ရစ်ပတ်လာသကဲ့သို့ ခံစားလိုက်ရသည်။
ထိုစိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများက သူ့ကို လေ့ကျင့်ခန်း လုပ်ခြင်းများကို တစ်ခဏမျှပင် မရပ်တန့်ရဲအောင် ဖြစ်စေခဲ့ပြီး သူ၏ စွမ်းအားများကို အလျင်စလို မြှင့်တင်ချင်နေမိသည်။
နောက်ထပ် မိုင်ဝက်ခန့် အကြာတွင် မြေကြီးလွှာမှာ လင်းယွမ်၏ ကိုယ်ဟန်ကို ဖုံးကွယ်ထား၍ မရနိုင်လောက်အောင် ပါးလွှာသွားခဲ့ပြီး ခန့်မှန်းခြေအားဖြင့် အနက် ငါးပေခန့်သာ ရှိတော့သည်။
လင်းယွမ်က မြေကြီးလွှာထဲမှ တိုက်ရိုက် ထွက်လာခဲ့ပြီး အရှေ့သို့ ဆက်လက် ထွက်ခွာလာခဲ့သည်။
မြေကြီးလွှာများ ပါးလွှာလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ အပင်များကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ထိုအလင်းရောင်ပေးသော မှိုများ မရှိတော့သဖြင့် ဤနေရာက အလွန်တရာ နက်ရှိုင်းပြီး မှောင်မည်းနေတော့သည်။
လင်းယွမ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ နောက်ထပ် ပေရာချီခန့် ဆက်သွားလိုက်ရာ အရှေ့ဘက်တွင် ရေခဲပြာရောင် အလင်းတန်းကြီးများ ထွက်ပေါ်လာသည်။
လင်းယွမ်က ချက်ချင်း အရှိန်မြှင့်ကာ ရှေ့သို့ သွားလိုက်ရာ မကြာမီမှာပင် သဲသဲကွဲကွဲ မြင်တွေ့လိုက်ရသည်။
အရှေ့ဘက်ရှိ မြေကြီးလွှာများ လုံးဝ ပျောက်ကွယ်သွားပြီး ရေခဲပြာရောင် မြေပြင်နှင့် နံရံကြီးများ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသည်။
ထိုရေခဲပြာရောင် နံရံများနှင့် မြေပြင်ပေါ်တွင် ရေခဲပွင့်များ အမြောက်အမြား ဖုံးလွှမ်းနေသည်။
လင်းယွမ်က မြေပြင်ပေါ်ရှိ ရေခဲပွင့်များဆီသို့ ချက်ချင်း လက်ဆန့်ကာ ဖိနှိပ်လိုက်သည်။
သူ၏ လက်ဝါးထဲမှ မီးတောက်တစ်ခု ထွက်ပေါ်လာသည်။
"ဝုန်း"
မီးတောက်များ လောင်ကျွမ်းသွားပြီး မျက်နှာပြင်ပေါ်ရှိ ရေခဲပွင့်များကို လျင်မြန်စွာ အရည်ပျော်သွားစေသည်။
ရေခဲပွင့်များ အရည်ပျော်သွားသည်နှင့်အမျှ ပေနှစ်ဆယ်ကျော်ခန့် အထူရှိသော နေရာတွင် ကျောက်တုံးကဲ့သို့ မာကျောသော အသားတုံးကြီးများ ထွက်ပေါ်လာတော့သည်။
ဤအရာများက ရေပေါ်ကျွန်း အလောင်းကောင်ကြီး၏ မူလ သွေးသားများပင် ဖြစ်ပေတော့သည်။
ဆက်ရန်...
နောက်တစ်အုပ်မှာတော့ လင်းယွမ်က မြူခိုးမြို့တော်သခင်နဲ့ရင်ဆိုင်တွေ့ရမလား၊ ဘယ်လိုတိုက်ပွဲတွေ အထူးအဆန်းတွေရော ကြုံရမလဲ၊ ဦးနှောင်အမြူတေနဲ့ နှလုံးအမြူတေကိုရော ဘယ်သူတွေရသွားကြမလဲ၊ မြူခိုးကျွန်းမှာ ပျောက်သွားတဲ့ ချိုးရင်ယွဲ့ရဲ့အဖေကရော တကယ်တမ်း ဘာဖြစ်နေတာလဲ၊ ဒီရေခဲသတ္တဝါအလောင်းကြီးရဲ့ ကိုယ်ထဲမှာ ဘာတွေရှိနေလဲ စတာတွေကို ဆက်လက်စောင့်မျှော်ဖတ်ရှုကြပါဦးနော်။