အဆိပ်ဖြေဆေး
Vol. 10 Ch. 910
ဆေးပေါင်းဖိုများ ပေါက်ကွဲသွားတော့သည်။
လက်တစ်ဆုပ်စာမျှသာ ပေါက်ကွဲသွားသည်မဟုတ်ပဲ အလုံးတစ်ရားလုံး တစ်လုံးပြီးတစ်လုံး ဆက်တိုက် ပေါက်ကွဲသွားခြင်းလည်း ဖြစ်သည်။
ထိုပေါက်ကွဲမှုမှာ အသက်ရှူကြိမ်တစ်ကြိမ်အတွင်း ဖြစ်ပျက်သွားခဲ့သဖြင့် ပိုင်ရှောင်ချန်းမှာ ပြင်ပြင်ဆင်ဆင်ရှိနေခဲ့ပါသော်လည်း ဆေးပေါင်းဖို အလုံးတစ်ရာလုံး တချိန်ထဲတွင် ပေါက်ကွဲသွားသည့် ဒဏ်ကို ထိန်းသိမ်းနိုင်ရန်လောက်အထိ လျင်မြန်မနေခဲ့ပေ။ ထွက်ပေါ်လာသည့် အားကြီးမှာ တုန်လှုပ်ဖွယ်ကောင်းလွန်းလှသည်။ ကံကောင်းသည်မှာ သူ့ထံတွင် နတ်အဆင့်ကျင့်ကြံခြင်းအခြေခံနှင့် အလွန်မာကျောသောအရေပြား ရှိနေခြင်းပင်ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူသည် မသေဆုံးသွားလျှင်တောင် အနည်းဆုံးတော့ ဒဏ်ရာအပြင်းအထန် ရရှိသွားမည်သာ ဖြစ်သည်။
" မဖြစ်ဘူး "
သူသည် ငယ်သံပါအောင် အော်ဟစ်လိုက်တော့သည်။ သူ၏ အင်မော်တယ်ဂူမှာ အပြင်းအထန် တုန်ရီသွားသော်လည်း ထိုအချင်းအရာမှာ ပိုင်ရှောင်ချန်း စိတ်အပူဆုံးဖြစ်နေသည့်အရာ မဟုတ်သေးပေ။ ကြက်သီးမွှေးညှင်း ထစရာအကောင်းဆုံးမှာ အရပ်မျက်နှာအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည့် အနက်ရောင်မီးခိုးလုံးကြီးပင်ဖြစ်သည်။
ထိုမီးခိုး၏ ဆေးစွမ်းမှာ ယခင်ကမီးခိုးထက် များစွာသာလွန်နေသည်။ ပိုင်ရှောင်ချန်းမှာ သူ၏ဘေးပတ်ပတ်လည်တွင် သူကိုယ်တိုင် ဝန်းရံထားသည့် နတ်အဆင့်စွမ်းအားကြောင့် ထိုမီးခိုး၏အစွမ်းမှာ သူ့အား မသက်ရောက်နိုင်ပါသော်လည်း အနီးအနားရှိ အခြားလူများမှာမူ သူကဲ့သို့ ကံကောင်းနိုင်မည် မဟုတ်ပေ။
သူက စိတ်ဆင်းရဲစွာ အော်ဟစ်မြည်တမ်းနေချိန်တွင် မီးခိုးထုကြီးမှာ အပြာရောင်သက်တန့်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ သို့သော် ထိုမျှနှင့် ရပ်မသွားပေ။ ထိုမီးခိုးထုကြီးမှာ အခြားသက်တန့်များဆီသို့ပါ ပျံ့နှံ့သွားပြီး သက်တန့်သုံးခုတိတိ ဖုံးလွှမ်းပြီးသွားသောအချိန်မှသာ ရပ်တန့်သွားတော့သည်။
ပိုင်ရှောင်ချန်း၏ အမြင်အာရုံများ ဝေဝါးသွားပြီး သူ၏အသိစိတ်ထဲတွင် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားနေရ၏။ သူ ပြဿနာအကြီးကြီး ရှာမိလိုက်ပြီဖြစ်ကြောင်း သူသိလိုက်သည်။
" ငါတော့ ကိစ္စချောပြီ။ သွားပြီ "
ဤသို့ ဖြစ်ပျက်သွားခဲ့ရန် သူ လုံးဝ မျှော်လင့်မထားခဲ့ဘဲ အရာရာတိုင်းမှာ မျှတမှုမရှိဟု ခံစားနေရတော့သည်။ ဆေးတာအိုပညာရပ်တွင် အံ့သြဖွယ်ကောင်းသော အတတ်ပညာများကို တတ်ကျွမ်းထားသည့် သူကဲ့သို့ ထူးကဲသော သမားတော်တစ်ယောက်မှာ အဘယ်ကြောင့် ယခုကဲ့သို့ ထူးဆန်းသောဖြစ်ရပ်များကို အမြဲတမ်း ဖန်တီးနေမိပါသနည်း။
ထိုစဥ် ဒဏ်ခံလိုက်ရသည့် သက်တန့်သုံးခုပေါ်မှ ဂိုဏ်းသားများမှာ တုန်တုန်ရီရီနှင့် ဟိုကြည့်သည်ကြည့် လုပ်နေကြတော့သည်။ အချို့မှာ အနက်ရောင်မီးခိုးထုကြီးနှင့် ရင်ဆိုင်လိုက်ရသောအခါ သွက်သွက်လက်လက်နှင့် ထွက်ပြေးသွားနိုင်ခဲ့ပါသော်လည်း အချို့မှာမူ ၎င်း၏ လွှမ်းခြုံမှုကို ခံလိုက်ရတော့သည်။
" သောက်ကျိုးနည်း၊ ဘာကြီးတုံးဟ "
" မီးခိုးတွေပါလား။ ဘုရားရေ။ ဘာဖြစ်လို့ ဂိုဏ်းထဲမှာ အဆိပ်မီးခိုးငွေ့တွေ ရှိနေရတာလဲ "
" နေပါဦး။ ငါတို့ အတိုက်ခိုက်ခံနေရတာများလား "
သက်တန့်သုံးခုမှာ ချက်ချင်းပင် အုပ်အော်သောင်းနင်း ဖြစ်ကုန်ကြသည်။ လီရှမ်းတောက်၊ ပိုင်ကျိမ်းထျန်နှင့် သံမဏိသွေးကြော ခေါင်းဆောင်ကြီးတို့အားလုံးမှာ အံ့အားသင့်သွားကြပြီး အကူအညီများပေးရန် ပြေးထွက်လာကြသည်။ မီးခိုးများဖုံးလွှမ်းနေသည့် သက်တန့်သုံးခုကို မြင်လိုက်ရသောအခါ သူတို့၏နှလုံးသားများထဲတွင် ဒေါသများဖြင့် ပြည့်နှက်သွားတော့သည်။
ကံကောင်းထောက်မစွာ ထိုမီးခိုးထုကြီးမှာ အလျင်အမြန် ပျောက်ကွယ်သွားသည်။ ထိုဖြစ်ရပ်တစ်ခုလုံး၏ ကြာချိန်မှာ အသက်ရှူကြိမ်ဆယ်ကြိမ်ထက် အနည်းငယ်မျှသာ ပိုသည်။ ထို့နောက် အရာရာတိုင်းမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။
ထိုအခါမှသာ ပေါက်ကွဲသံသည် အပြာရောင် သက်တန့်ဆီမှ ထွက်ပေါ်လာသည်ဖြစ်ကြောင်း လူအများက သိလိုက်ကြသည်။
" အကြီးအကဲပိုင် ဆေးတွေထပ်ဖော်စပ်နေတာ သေချာတယ် "
" ဘုရားရေ။ ဒါဘယ်တော့များမှ ပြီးမှာလဲကွာ။ အကြီးအကဲပိုင်က ဆေးဖော်စပ်နေတာမှ မဟုတ်ပဲ။ တစ်ဂိုဏ်းလုံးကို ဖျက်ဆီးနေတာကွ "
အနည်းငယ်အကြာတွင် ဒေါသထွက်နေသည့် မျက်ဝန်းပေါင်းများစွာမှာ အပြာရောင်သက်တန့်ကို ကြည့်နေကြတော့သည်။
" သူ့ကို ဘယ်သူမှမတားနိုင်တော့ဘူးလား။ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ငါတို့ ဘာဆက်လုပ်ရတော့မှာလဲ "
သို့သော် သူတို့မှာမျက်လုံးများပြူးကာ ကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။ အခြားလူတစ်ယောက်မဆိုထားနှင့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ယခုအခြေအနေမျိုးတွင်ဆိုပါက ဝန်းရံခံလိုက်ရပြီး တိုက်ခိုက်ခံနေရမည်မှာ ဧကန်ပင်။ သို့သော် ဂိုဏ်းထဲတွင် ပိုင်ရှောင်ချန်း၏ ရာထူးအာဏာမှာ မြင့်မားလွန်းနေသည် ။ သူသည် နတ်အဆင့် ကျင့်ကြံသူဖြစ်ပြီး ဂိုဏ်းစောင့်အကြီးအကဲ ခြောက်ယောက်အနက် တစ်ယောက်ဖြစ်နေသည် မဟုတ်ပါလော။ ထိုအချက်ကြောင့် ဂိုဏ်းသားများအားလုံး၏ စိတ်နှလုံးထဲတွင် အကြောက်တရားများသာ ကြီးစိုးနေကြတော့သည်။
လီရှမ်းတောက်မှာ မည်သို့ ပြုမူဆောင်ရွက်ရမည်ကို တွေဝေနေပြီးနောက် အဆုံးတွင် မည်သို့မျှမလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ပိုင်ကျိမ်းထျန်မှာလည်း ထိုနည်းတူပင်။ သို့သော် သံမဏိသွေးကြောခေါင်းဆောင်ကြီးမှာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ပိုင်ရှောင်ချန်းအား
အကျိုးအကြောင်းလှမ်းမေးသည့် သတင်းတစ်ခု ပို့လိုက်လေသည်။
ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင်ပြန်ဖြေလိုက်လေသည်။ " ဒါနောက်ဆုံးအကြိမ်ပါဗျာ။ ကျုပ် အာမခံပါတယ် "
သူသည် စိုးရိမ်ကြီးစွာနှင့် ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်ပြီးနောက် အတွေးများထဲတွင် နစ်မျောသွားတော့သည်။
ယခုအချိန်တွင် အခြားမည်သူမှ မသိကြသေးပါသော်လည်း သူ ကောင်းကောင်း သိထားသည့် အချက်တစ်ချက် ရှိသည်။ ထိုမီးခိုးထုကြီးမှာ တစ်ယောက်တစ်လေကိုပင် ထိခိုက်မှုမရှိစေပဲ ပျောက်ကွယ်သွားသည့် ပုံပေါ်နေပါသော်လည်း အများဆုံး သုံးရက်အတွင်း အကျိုးသက်ရောက်မှုများ ပေါ်လာမည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ထိုအချိန်သို့ရောက်လျှင် ဂိုဏ်းသားထောင်ပေါင်းများစွာက သူတို့၏ တာအိုလက်တွဲဖော်များအား လမ်းခွဲစကားဆိုကြတော့မည်ဖြစ်သည်။
ထိုသို့သော ပြဿနာကြီးမှာ အလွန်ဆိုးရွားမည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သိသည်။
" အခြားလူတွေရဲ့ ချစ်ခြင်းတရားကို ဖျက်ဆီးအောင်လုပ်တဲ့လူတွေက အသက်တိုတတ်တယ်လို့ လူတွေက ဆိုစမှတ်ပြုထားကြတာ။ ဘုရားရေ။ ငါတော့ ထောင်သောင်းမကတဲ့ ဂိုဏ်းသားတွေရဲ့ ဆက်ဆံရေးတွေကို ပျက်ပြားအောင်လုပ်မိပြီနဲ့ တူပါရဲ့။ ဒါကို အချိန်မီ မပြုပြင်နိုင်ရင် ရှင်းကုံကျစ်တာအိုဂိုဏ်းထဲက ဘယ်သူမှ တာအိုလက်တွဲဖော် ရမှာမဟုတ်တော့ဘူး။ ကျင့်ကြံခြင်းလောကရဲ့ လက်ရှိမျိုးဆက်က တော်တော်ကို အထိနာသွားတော့မှာပဲ။ ပြီးတော့ အဲဒါတွေအားလုံးက ငါ့အပြစ် ဖြစ်သွားလိမ့်မယ် "
ထိုအတွေးကြောင့် ပိုင်ရှောင်ချန်း၏ ဦးခေါင်းမှာ ပေါက်ကွဲလုမတတ် ဖြစ်ရ၏။ သူသည်ငိုမဲ့မဲ့ဖြင့် ရှုံ့မဲ့နေကာ အံကြိတ်၍ ရေရွတ်လိုက်သည်။
" မဖြစ်ဘူး။ အဲဒီလိုဖြစ်သွားခွင့် မပေးနိုင်ဘူး။ ငါဖြေဆေးတစ်ခု ဖော်စပ်မှရမယ် "
သူသည် အကြိမ်အနည်းငယ်ခန့် အသက်ပြင်းပြင်းရှူလိုက်ပြီး စိုးရိမ်ထိတ်လန့်စွာနှင့် ဆေးပင်အချို့ကို ထပ်၍ထုတ်ယူလိုက်သည်။ သူ၏ ရည်ရွယ်ချက်မှာ ဂရုမစိုက်ခြင်းအသီး၏ အကျိုးသက်ရောက်မှုကို ပြန်လည်ခုခံတွန်းလှန်နိုင်မည့် ဆေးလုံးတစ်လုံးကို ဖန်တီးနိုင်ရန် ဖြစ်သည်။
" ငါလည်း ဒီလိုဖြစ်သွားစေချင်တာမှ မဟုတ်ပဲ "
သူက အပြစ်ရှိသလိုခံစားနေရသည့်လေသံဖြင့် ငြီးတွားလိုက်သည်။
“ ကာမငြိမ်သက်ဆေးကိုပဲ ဖော်စပ်ဖို့ ငါကြိုးစားနေတာပါကွာ "
ရုတ်တရက် သူ၏အနားတွင် မည်သို့ဆောင်ရွက်ရမည်နှင့်ပတ်သက်၍ ပြောဆိုဆူဆဲတတ်သည့် လူတစ်ယောက် ရှိမနေခြင်းမှာ သူ ထင်ထားသလောက် မကောင်းမွန်ကြောင်း သိလိုက်ရသည်။
ဂိုဏ်းတွင်ရှိသော သူ၏ရာထူးအာဏာကြောင့် မည်သည့်ဂိုဏ်းသားကမှ သူ့အား မကျိန်ဆဲသလို၊ တိုက်ခိုက်မည်မဟုတ်ပါသော်လည်း သူသည် စိတ်မကောင်းဖြစ်နေဆဲပင်။ သူ့အား အပြစ်တင်ပြီး ရန်ရှာသည့် လူများရှိလျှင် ပို၍ပင် ကောင်းသေးသည်ဟု ခံစားနေရတော့သည်။
ထို့အပြင် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးသာ ယခုပြန်ရောက်လာပါက မည်သို့ဖြစ်ပျက်သွားနိုင်သည်ကို သူစိတ်ထဲမှာပင် မတွေးတောလိုပေ။ သူသည်တုန်တုန်ရီရီနှင့် သူ၏ ကိုယ်ပိုင်အခန်းထဲသို့ ပြန်သွားပြီး ဖော်စပ်နည်းအသစ်တစ်ခုကို ကြိုးစားဖန်တီးလိုက်တော့သည်။
တစ်ရက်၊နှစ်ရက်၊ သုံးရက်တိုင် ကုန်ဆုံးသွားသည်။ တတိယမြောက်နေ့၏ နေ့ခင်း၊ ဂရုမစိုက်ခြင်းသစ်သီး၏ အစွမ်းများ ပေါ်ထွက်လာရန် ခြောက်နာရီခန့်အလိုတွင် ပိုင်ရှောင်ချန်းမှာ ရှုပ်ပွနေသည့် ဆံပင်၊ ရူးသွပ်မှုများ လင်းလက်နေသည့် မျက်ဝန်းများဖြင့် ခုန်ထလာတော့သည်။ သူ၏လက်ထဲတွင် ကိုင်ထားသည့် ကျောက်စိမ်းပေလွှာအားကြည့်ကာ ဟစ်ကြွေးလိုက်တော့သည်။
" အောင်မြင်ပြီကွ။ ဖြေဆေးအတွက် ဖော်စပ်နည်းကို ဖန်တီးနိုင်ခဲ့ပြီ "
သူသည် ခေါင်းကို နောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။
" မပူပါနဲ့။ ရှင်းကုံကျစ်တာအိုဂိုဏ်းက တာအိုရောင်းရင်းတို့ရေ။ မင်းတို့ကို ကယ်ဖို့ ကျုပိရောက်လာပြီ "
ထိုသို့ ဆိုကာ သူ၏မောပန်းနွမ်းနယ်မှုများကို လျစ်လျူရှုလိုက်ပြီး ဆေးဖော်စပ်ရန် ပြင်လိုက်တော့သည်။
အောင်မြင်နိုင်ခြေ အများဆုံးဖြစ်နေစေရန်အတွက် သူသည် ဆေးပေါင်းဖို အလုံးသုံးရာတိတိ အသုံးပြုလိုက်သည်။ တစ်လုံးတစ်လေပင် ပေါက်ကွဲမည့် အရိပ်အယောင် မပြပဲ အနည်းငယ်မူမှန်သည့် ပုံစံတစ်ခုသာ ပေါ်လာပါက သူသည် ချက်ချင်းပင် ထိန်းညှိမှုများ ပြုလုပ်ဆောင်ရွက်နေတော့သည်။ အဆုံးတွင် ဂရုမစိုက်ခြင်းသစ်သီး၏အကျိုးသက်ရောက်မှုများ ထွက်ပေါ်လာရန် တစ်နာရီမျှသာ လိုတော့သည့် အချိန်သို့ရောက်သွားသောအခါ ထိုဆေးပေါင်းဖို အလုံးသုံးရာ နီမြန်းလာကြပြီး စူးရှသောအနံ့တစ်မျိုးကို အရပ်မျက်နှာအားလုံးသို့ ထုတ်လွှတ်လိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ ထိုရနံ့ကိုရသွားသောအခါမှ အနည်းငယ် စိတ်အေးသွားရတော့သည်။
" သိပ်ကောင်းကွာ။ ဂရုမစိုက်ခြင်းသစ်သီးရဲ့ အကျိုးသက်ရောက်မှုကို တွန်းလှန်ခုခံဖို့အတွက် လူသားတွေရဲ့ စိတ်ခံစားချက်တွေနဲ့ အလိုဆန္ဒအမျိုးအစား အားလုံးအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ အနက်ရောင် တောင်ဝှေးသီးကို ငါထည့်ထားတာ။ အဲဒီဆေးစွမ်းကို အခြားအပင်၊အသီးအရွက်တွေနဲ့ ပေါင်းလိုက်မယ်ဆိုရင် ဂရုမစိုက်ခြင်းသစ်သီးအစွမ်းကို သေချာပေါက်တွန်းလှန်နိုင်ပြီ။ "
သူသည် စိတ်လှုပ်ရှားနေပါသော်လည်း ခေတ္တမျှ တွေဝေနေသေးသည်။ သူ၏တွက်ချက်မှုအရဆိုလျှင် ဂရုမစိုက်ခြင်းသစ်သီး၏ အကျိုးသက်ရောက်မှုများမှာ အချိန်မရွေး ပေါ်ထွက်လာတော့မည်ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးအကြိမ်အဖြစ် သူ၏နတ်ဘုရားအာရုံကို ဂိုဏ်းတစ်ခွင်သို့ စေလွှတ်လိုက်သောအခါ သူတို့၏ တာအိုလက်တွဲဖော်များဆီသို့ မှိုင်းညှို့နေသည့်မျက်နှာအမူအရာများဖြင့် လျှောက်လှမ်းသွားနေကြသည့် ဂိုဏ်းသားအချို့ကို သူ မြင်လိုက်ရတော့သည်။
သူ အချိန်ဖြုန်းနေ၍ မရတော့သလို တစ်ယောက်ချင်းဆီသို့ လိုက်၍ ဆေးလုံးတစ်လုံးချင်းစီ လိုက်ဝေနေရန်လည်း အချိန်မရှိတော့ပေ။ သူသည် ပြတ်သားမှုများ တောက်ပနေသည့် မျက်ဝန်းများဖြင့် လက်ကိုဝှေ့ယမ်းလိုက်တော့သည်။
ထိုအခါ ပြင်းထန်သော အားတစ်ခု ပေါ်ထွက်လာပြီး ဆေးပေါင်းဖိုအလုံးသုံးရာအပေါ်သို့ ကျရောက်သွားသည်။ ထိုအခါ ၎င်းတို့မှာ ပေါက်ကွဲသွားကြသဖြင့် အခြားယခင်က ပေါက်ကွဲမှုများထက် များစွာပို၍ကျယ်လောင်သည့် မိုးခြိမ်းသံနှင့်တူသော အုန်းခနဲ အသံကြီးတစ်သံ မြည်ဟည်းလာတော့သည်။ တချိန်ထဲမှာပင် ဧရာမ တုန်ခါလှိုင်းကြီးတစ်ခုမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
နားစည်များပင် ကွဲအက်သွားစေနိုင်သည့် ထိုမြည်ဟည်းသံကြီးကို ရှင်းကုံကျစ်တာအိုဂိုဏ်းရှိ လူတိုင်း ကြားလိုက်ရပြီး လူများစွာမှာ မိမိတို့၏ ကျင့်ကြံခြင်းအခြေခံများ မတည်မငြိမ်ဖြစ်သွားကြသည့်အလား ခံစားလိုက်ရသည်။ လူအနည်းငယ်ဆိုလျှင် အသိစိတ်များပင် ပျောက်သွားကြတော့သည်။
" ဘုရားရေ။ မဟုတ်မှလွဲရော အကြီးအကဲပိုင် ထပ်ပြီးဆေးဖော်စပ်နေပြန်ပြီလား "
" ငါဘာမှ မကြားရတော့ဘူး။ မင်း ဘာပြောလိုက်တာလဲ "
" ငါတော့ ရူးတော့မှာပဲဟေ့ "
ထိတ်လန့်အံ့သြနေကြသည့် အော်ဟစ်သံများ ပေါ်ထွက်လာစဥ် အပြာရောင်သက်တန့်ကြီးမှာ အပြင်းအထန် တုန်ရီသွားသည်။ ပို၍ဆိုးသည်မှာ ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူထဲမှ ဧရာမ အနက်ရောင်မီးခိုးလှိုင်းကြီးတစ်လှိုင်း ပြေးထွက်လာခြင်းပင်။
ယခုအကြိမ်တွင် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီး နေထိုင်သည့် ခရမ်းရောင်သက်တန့်အထိပင် ရောက်သွားတော့သည်။ အရာရာတိုင်းကို အနက်ရောင်မီးခိုးများက ဖုံးအုပ်သွားတော့သည်။
ရှင်းကုံကျစ်တာအိုဂိုဏ်းတစ်ဂိုဏ်းလုံးမှာ အမှောင်ဖုံးသွားပြီး လူတိုင်း၏ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားမှုများ ကြီးစိုးသွားကြတော့သည်။
" ဘုရားရေ၊ ဘယ်...ဘယ်လို မီးခိုးကြီးလဲ "
" မင်းတို့တွေ ဘယ်ရောက်ကုန်ကြတာလဲ။ ငါဘာမှ မမြင်ရတော့ဘူး "
" ပြေးကြဟေ့။ ဒီမီးခိုးကြီးက ညှော်နံ့ အရမ်းနံတာပဲ။ အဆိပ်ရှိလောက်တယ်၊ အားးးးး "